Monday, June 12, 2023

တုတ်ကွေး ဖူးစာ ( ၂ )


 

“ အောင်ဒင်ကြီး တော့ မနေ့ က မိုး မိ လို့ တုပ်ကွေး ဖြစ်နေပြီဟေ့ ” 

နောက် တစ်နေ့ ရုံး အတက် တွင် ပေါတာ သန်းထွန်းကြီး သည် သူ ၏ ဝသီ အတိုင်း ဟောင်ဖွာ ဟောင်ဖွာ နှင့် ချိုချို ကြား အောင် ပြောရင်း ရုံးခန်း တွင်း သို့ ဝင်ရောက် လာ လေသည် ။

ချိုချို သည် ထို စကားသံ ကြောင့် ရင်ထဲ တွင် ဒိုင်း ခနဲ ( သေနတ်ပစ် သံ မဟုတ်ပါ ၊ ရင်ခုန်သံ ဖြစ်ပါသည် )  ဖြစ်၍ သွားမိပြီး နောက် အောင်ဒင် အတွက် အနည်းငယ် စိတ် မကောင်း ဖြစ်သွားမိလေသည် ။

ချိုချို သည် ယခုကဲ့သို့ အောင်ဒင် တစ်ယောက် တုပ်ကွေး ဖြစ်ရသည် မှာ မနေ့ ညနေ က သူမ အတွက် မိုးရေ အမိ ခံ လိုက်ရ၍ သာ ဖြစ်မည် ဟု တထစ်ချ တွေး လိုက် မိလေသည် ။

ထိုသို့ တွေးပြီး နောက် ချိုချို သည် အောင်ဒင် အား သနား ၍ သွား မိ လေသည် ။ ထို့နောက် သူမသည် အောင်ဒင် ၏ မနေ့ ညနေ ထီး ကို လိုက်ပေး စဉ်က မျက်နှာကလေး ကို တရေးရေး ဖြင့် ပြန်လည် ၍ မြင်ယောင် နေလေ သည် ။ ယခင်က ဆို လျှင် အောင်ဒင် ၏ မျက်နှာ သည် သူမ အဖို့ မသတီစရာ တွေ ဖြစ်၍ နေသော်လည်း ယခု မူ ချစ်ချင်စရာ ဖြစ်ပေါ် လာလေသည် ။

“ ဟယ် ... ငါ့ စိတ်တွေ ဘာဖြစ် နေရတာလဲ ၊ ဘာဖြစ်လို့ ငါ ဟာ သူ့ ကို သတိ ရ နေရတာလဲ ။ မရဘူး ဘူး မေ့ပစ်လိုက်မယ် ... ”

ချိုချို သည် ထိုသို့ စိတ်ထဲ မှ တစ်ကိုယ်တည်း ပြောပြီး နောက် အောင်ဒင် အား မေ့ ပစ်ရန် ကြိုးစား နေလေသည် ။ သို့သော် ထိုကဲ့သို့ မေ့ပစ်ရန် ကြီးစားကာ မှ ပိုမို၍ အောင်ဒင် အား သတိရ မိနေလေသည် ။

“ ငါ ညနေ ကို သူ့ အိမ် သွားပြီး မေးဦး မှ ထင်တယ် ။ နို့မို့ရင် ငါ ဟာ သိပ်ပြီး ရိုင်းစိုင်းရာ ကျ မှာပဲ ။ မနေ့က သူ ချော်လဲ တုန်း က လ ည်း ငါ သွား ပြီး အားရပါးရ ရယ် နေ မိတယ် ။ ပြီးတော့ သူ့ ကို ဘယ်နာ သွားလဲလို့ တောင် ငါ မမေးဘဲ ထွက် လာ ခဲ့တယ် ။ အခုလည်း ငါ ဟာ သွားပြီး မမေးရင် ငါ့ လောက် ရိုင်းစိုင်း ကျေးဇူး မသိတတ်တဲ့ လူ ဒီ ကမ္ဘာ မှာ ရှိတော့မယ် မထင် ဘူး ”

ချိုချို သည် အလုပ် ထဲ တွင် စိတ် မဝင်စားနိုင်ဘဲ သူမ တစ်ကိုယ်တည်း အောင်ဒင် ၏ အကြောင်း ကို အနုလုံပဋိလုံ တွေးပြီး နေ လေသည် ။ နောက်ဆုံး တွင်တော့ သူမ သည် အောင်ဒင် ၏ ထံသို့ ညနေ ရုံး အဆင်း တွင် သွားရောက် ရန် ဆုံးဖြတ်လိုက် လေသည် ။

ထို့ကြောင့် ညနေ ရုံး အဆင်း တွင် ချိုချိုသည် အောင်ဒင် ၏ အိမ် သို့ ပေါတာသန်းထွန်းကြီး အား မေး ၍ သွား ခဲ့လေသည် ။

ချိုချို တစ်ယောက် သူ ၏ ထံသို့ ရောက်ရှိလာသည် ကို တွေ့မြင် လိုက် ရသော အောင်ဒင် အဖို့ ဝန်ကြီးချုပ်ဦးနု က သင်ပုန်းချေ ငြိမ်းချမ်းရေးမူ ကို ခြွင်းချက်မရှိ သဘော တူ လိုက်ပြီ ဟူသော သတင်း ထက်ပင် မယုံကြည်နိုင် လောက်အောင် ထူးဆန်း အံ့သြဖွယ် ဖြစ်နေ လေသည် ။

“ ကိုအောင်ဒင်  ...  တုပ်ကွေး ဖြစ်နေလို့ ဆို ၊ အခု တော်တော် သက်သာ သွားပလား ဟင် .. ”

ချိုချို သည် အောင်ဒင် ၏ ခုတင် ဘေးတွင် ရှိ ကြိမ်ကုလားထိုင် ပေါ် ၌ ဝင် ထိုင်ရင်း မေး လိုက်လေသည် ။

“ ဪ ...  ဟုတ်  ...  ဟုတ်ကဲ့  ... သက်သာသွားပါပြီ  ... ”

နှုတ်လျှာ သွက်လက် လှသော အောင်ဒင် သည် ယခု အချိန်တွင်မူ သူ ၏ လျှာ ကို အနုမြူဗုံးကြီး ဆွဲထားခြင်း ခံရ သလို လေးလံ ၍ နေ လေတော့ သည် ။ ယခုကဲ့သို့ ချိုချို တည်း ဟူသော ယမင်းကညာကလေး ၏ အရေးတယူ သတင်း လာ မေး ခြင်း ကို ခံ လိုက်ရသော အောင်ဒင် သည် ဝန်ကြီး ရာထူး ကို ရရှိ သွားသည့် ဖဆပလ အမတ် ထက် ပင် ပိုမို၍ ဝမ်းမြောက် ကြည်နူး နေမိ လေသည် ။

“ ကိုအောင်ဒင် ... ကျွန်မ ကို စိတ် ဆိုးနေသလား ဟင် .. ”

“ အာ ... မဆိုးပါဘူး ၊ ကျွန်တော် ဟာ မချိုချို ကို ဒီ ဘဝ မပြော နဲ့ ဟို ဘဝ ရောက် တောင် စိတ်မဆိုးဘူး ၊ ခင် မြဲ ခင် ၊ ချစ် မြဲ ချစ် နေမှာပဲ ...”

အောင်ဒင် သည် ချိုချို ၏ အမေး ကို စိတ်ရော ကိုယ်ရော ထိုသို့ ပြန် ပြော လိုက်ပြီး နောက် သူ ၏ စကား မှာ အနှောင့်အသွား မလွတ် ဖြစ်သွားသည် ကို သတိ ထား  မိလေသည် ။ ထို့ကြောင့် သူသည် “ ဟယ် ... ငါ့ စကားတွေ လွန် သွားပြီ ထင်တယ် ၊ ချိုချို များ စိတ်ဆိုးသွားဦးမှာလား ..”  ဟူ၍ သူ သည် ထိတ်လန့် စွာ ဖြင့် ချိုချို ၏ မျက်နှာ ကို ကြည့် လိုက်လေသည် ။ သို့သော် ချိုချို သည် သူ့ အား ယခင်က ကဲ့သို့ စိတ်ဆိုး ဟန် မပေါ်ပေ ။ သူ ၏ စကား ကြောင့် အနည်းငယ် ရှက်သွားဟန် ဖြင့် မျက်နှာ ကို အောက်ချ ကာ ထားသည် ကို မြင်ရ မှ အောင်ဒင် မှာ ရင် ထဲ တွင် သက်သာရာ ရ သွားလေသည် ။ အား လည်း တက် သွား မိလေသည် ။

ထိုအချိန်၌ အောင်ဒ င်၏ အိမ် တွင် အောင်ဒင် နှင့် အိမ်ဖော် ဆယ့်သုံးနှစ် ရွယ် ကောင်လေး တစ်ယောက် မှ လွဲ၍ မည်သူ မျှ မရှိကြပေ ။ အောင်ဒင် ၏ ဦးလေး မှာ ရုံး မှ ပြန် မလာခဲ့သေး ။ အဒေါ် ဖြစ်သူ မှာ လည်း ဈေးဝယ် ထွက် သွား လေသည် ။

ထို့ကြောင့် အောင်ဒ င်အတွက် ချိုချို အား ချစ်ရေး ဆိုရန် အခွင့် သာ ၍ နေလေသည် ။

“ ငါ သူ့ ကို ဒီ အချိန် မှာ ချစ်စကား ကြိုက်စကား ပြောလို့ သင့်တော်ပါ့ မလား ငါ့ ကို များ စိတ်ဆိုး သွားမှာလား ”

အောင်ဒင် သည် ချိုချို အား ချစ်ကြိုက် စကား ပြောရန် ကြံစည် ပြီးနောက် အထက်ပါအတိုင်း တွေး လိုက် လေသည် ။

“ ဟယ် ... ဒီလို အခွင့်အခါမျိုး ကြုံခဲလေခြင်းပဲ ၊ သူ စိတ်ဆိုး လည်း ဆိုးပေါ့ ။ ဘယ် တတ်နိုင်မလဲ ”  ဟူ၍ တွေးကာ ဆုံးဖြတ် လိုက်ပြီး နောက် အောင်ဒင် သည် ချိုချို အား စူးစိုက်စွာ ကြည့်လိုက်ပြီးလျှင် ...

“ ချို ” ဟူ၍ တစ်လုံး တည်း ခေါ် လိုက်လေသည် ။ အောင်ဒင် ၏ ခေါ်သံ ကြောင့် ချိုချို သည် ဖျတ်ခနဲ လန့် ကာ သွားပြီး နောက် အောင်ဒင်အား ငေး မောကာ ကြည့်ရှု နေလေသည် ။

“ တစ်ခါတုန်း က ချို့ ကို ပေးခဲ့တဲ့ ကိုအောင်ဒင် ရဲ့ ချစ်စာလွှာကလေး နဲ့ ပတ်သက် ပြီး တော့ ချို့ ရဲ့ သဘောထား ကို မသိရဘူးလား ဟင် ” 

အောင်ဒင် သည် ရုပ်ရှင်မင်းသား ၏ လေသံ ဖြင့် တစ်လုံးချင်း ချိုချို အား ပြောကာ မေး လိုက်လေသည် ။

ချိုချို ကမူ မည်သို့မျှ ပြန် မပြောသေးပေ ။

“ ပြောစမ်းပါ ချိုရယ် ... ကိုအောင်ဒင့် ကို ပြောစမ်းပါ ... ချစ်ရင် ချစ်တယ် ၊ မုန်းရင် မုန်းတယ်ပေါ့ ။ တအုံတနွေးကြီး လုပ် မထားစမ်းပါနဲ့ အချစ်ရယ် ၊ အဖြေ မှန်ကို အမြန်ဆုံး သိရအောင် ပြောသွားစမ်းပါ ကိုအောင် ဝမ်းသာချင်လွန်းလို့ပါ ၊ ချစ်တယ် မဟုတ်လား လို့ ”

အလဲ့ ကျွန်တော် တို့ ၏ ဂေါ်မစွံ ဇာတ်လိုက်ကြီး ဖိုးအောင်ဒင် သည် ဤ တစ်ချီတော့ အစွမ်းကုန် အရမ်း ပစ်ကာ ကြဲ နေလေတော့၏  ။

( တောက် ရေးရင်း  ...  ရေးရင်း  ... အားကျပြီး သွားရေတွေတောင် ကျမိတယ် ဗျာ ... )

“ အို  ... ကိုအောင်ဒင် က လည်း လူမမာ လာ မေးတဲ့ လူ ကို ဘယ်နှယ့် လာပြီး လူပျိုစကား ပြော နေတာလဲ လို့ ဒီ စကား ဟာ ကျန်းမာ မှ ပြောပေါ့ ရှင် ” 

“ အောင်မယ်လေး  ... ။ ကျန်းမာအောင် စောင့်ပြီး မနေနိုင်လို့ ပေါ့ ချို ရဲ့ .. ပြောစမ်းပါဗျာ ... ကိုအောင်ဒင် မသေခင် ကြား သွားစမ်း ပါရစေ ”

ဘယ်တုန်းက မှ မစွံခဲ့ သော အောင်ဒင်ကြီး မှာ ယခုအခါ တွင် အရမ်း ပစ်ကာ ချွဲကာ သဲနေလေတော့သည် ။

“ အောင်မလေး ဟဲ့ ကိုတရော် ရယ် ... ချွဲ လှချည်လား ၊ ရှင့် ရောဂါ ဟာ လည်း မသေနိုင်ပါဘူးရှင် ဒီလောက်တောင် သဲ မနေစမ်းပါ နဲ့ ”

“ အာ ... မသေနိုင်ဘူးလို့ ပြောနိုင်မလား ချို ရဲ့  ... မနီလာ တို့ ဘယ်တို့ မှာ တောင် တုပ်ကွေး ကြောင့် လူတွေ ဘယ်လောက် သေတယ် မှတ်သလဲ ” 

“ ရှင့် တုပ်ကွေး က ရန်ကုန် တုပ်ကွေး ပဲ ။ မနီလာ တုပ်ကွေး မှ မဟုတ် တာ ၊ မသေနိုင်ပါဘူး ၊ စိတ်ချပါ ရှင် ”

“ ဟင့်အင်းဗျာ ... သေ သေ မသေ သေ ... အခု ချက်ချင်း သိချင်တယ် ပြောပါ ချိုရယ် ... ပြောစမ်းပါ ”

အောင်ဒင်သည် ထိုသို့ ပြောပြီးနောက် အိပ်နေရာ မှ ထ ထိုင် လိုက်လေသည် ။

“ ကိုင်း ပါရှင် ... ဒီလောက်တောင် သေမင်း ငင် နေရင်လည်း ပြော ရ တာပေါ့ ။ ချို့ မှာ ဖအေ တစ်ခု သမီး တစ်ခု မို့ ချို့ အနေ နဲ့ ရှင့် ကို ဘယ်လောက်ပဲ ချစ်ချစ် ဖေဖေ သဘော တူ မှ ဖြစ်မှာ မို့ ကိုအောင်ဒင် ဟာ ပထမဆုံး ဖေဖေ ရဲ့ သဘော တူ ချက် ကို ယူရလိမ့်မယ် သိလား .. ”

ချိုချို သည် ပြုံးရွှင်သော မျက်နှာ ဖြင့် အောင်ဒင် အား ရှင်း ကာ ပြောပြ လိုက်လေသည် ။

“ အို ... ဒီလိုလား ၊ စိန်လိုက်ပေါ့ ချို ရယ် ... စိန်လိုက်ပါ ။ ယောက္ခမကြီး သဘော တူအောင် ကိုအောင်ဒင် ကြိုးစား ပြမယ် ။ နောက်ကျတော့ သာ ချို့ က ကြေး မများနဲ့နော် ”

အောင်ဒင်သည် ဝမ်းမြောက်လွန်း သဖြင့် အသံတွေ ပင် တုန်၍ နေ လေသည် ။

“ ဖေဖေ သဘောတူ တဲ့ နောက် တော့ ချို က ဘာများ ငြင်းနေတော့မှာ လဲ ကိုအောင် ရယ် ၊ ခုကတည်း က ကိုအောင်ဒင့် မေတ္တာ ကို လက်ခံ လိုက်ပြီ .. အဲ  ... ဒါပေမဲ့ တစ်ခုတော့ ရှိတယ်နော် ...  ဖေဖေ က သာ ကိုအောင်ဒင် ကို သဘော မတူနိုင်ဘူး ဆိုရင် ချို ဟာ လည်း အခု ထားရှိခဲ့တဲ့ မေတ္တာ ကို ပြန်ပြီး ရုပ်သိမ်းရမှာပဲ ”

“ ကောင်းပြီလေ ... ဒါထက် ချို့ ဖေဖေ နဲ့ ဘယ်နေ့ မှာ တွေ့ရမှာလဲ ”

“ ဒါတော့ ကိုအောင်ဒင် နေကောင်းပြီး ကျန်းမာလာတဲ့ အခါကျတော့ ချို ပြောပြပါ့မယ် ။ ကဲ  ...  မိုးလည်း ချုပ်တော့မှာ မို့ ချို ပြန်တော့မယ် ” 

ချိုချို သည် ပြောပြောဆိုဆို ဖြင့် နေရာမှ ထ ရပ် လိုက်လေသည် ။ ထို့ကြောင့် အောင်ဒင် လည်း ခုတင် ပေါ် မှ ဆင်း ကာ ချိုချို အား တံခါးဝ အထိ လိုက်ပို့ခဲ့ပြီး နောက် အူအမြူး ကြီး မြူး ကာ နေလေသည် ။

   •••••   •••••   •••••

ရက်သတ္တပတ် နှစ်ပတ် ခန့် ကြာခဲ့ လေပြီ ။ တစ်နေ့သော တနင်္ဂနွေနေ့ နေ့လယ်ပိုင်း တွင် ချိုချို သည် အောင်ဒင် အား သူမ ၏ ဖခင်နှင့် တွေ့ဆုံရန် အတွက် ချိန်းဆို လိုက် လေသည် ။

ထို့ကြောင့် အောင်ဒင် သည် ချိုချို တို့ သားအဖ ( စကား ရှိ လို့သာ ရေး လိုက်ရတယ် ၊ အမှန်ကတော့ သမီး အဖ လို့ ရေး ရင် ပို မှန်မယ်ဗျ ) နေထိုင် ရာ အိမ်ဂေဟာ သို့ ရောက်ရှိ လာ လေသည် ။

ချိုချို သည် အောင်ဒင် အား တံခါး ဝ မှ ဆီးကြို ၍ အိမ်တွင်း သို့ ခေါ် ဆောင် သွား လေသည် ။ အိမ်ခန်း တွင်း သို့ ရောက် လျှင် အောင်ဒင် အား ကု,လားထိုင် တစ်ခု ပေါ် တွင် အထိုင် ခိုင်း လိုက်လေသည် ။

“ ဖေဖေ နဲ့ မတွေ့ ခင် ဖေဖေ ဟာ ဘယ်လို လူစားမျိုး ဆိုတာ ကို ကိုအောင်ဒင် ပထမ သိထားဖို့ လို လိမ့်မယ် ။ ဒါမှ ဖေဖေ နဲ့ ဆက်ဆံတဲ့ အခါ မှာ ကိုအောင်ဒင် အဖို့ ချောမော ပြေပြစ်နိုင်မယ် ”

ချိုချို သည် ဤသို့ နိဒါန်းစကား ကို ပျိုး ၍ အောင်ဒင် အား ပြောကြား လိုက် လေသည် ။ ထို့နောက် ဆက်၍ “ ဖေဖေ ဟာ အရင် က တော့ တရားသူကြီး ပဲ ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ် လောက် စပြီး ပင်စင် ယူခဲ့တယ် ။ အဲဒီ ပင်စင် ယူတဲ့ အချိန် အတွင်း ဖေဖေ ဟာ စိတ်ရော လူပါ အပြောင်းလဲကြီး ပြောင်းလဲ လာ ခဲ့တယ် ။ နား လည်း နည်းနည်း လေး နေပြီး စိတ် တွေ ဟာ ဆိုရင် လည်း သူငယ်ပြန်ချင် သလို ရူးသွပ်ချင် သလို လို ဖြစ် နေတယ် ။ ချို့ ကို တော င်မှ ဖေဖေ ဟာ တစ်ခါတလေ ကောင်းကောင်း မမှတ်မိချင်ဘူး ။ အခု ကိုအောင်ဒင် သွား ရင်လည်း ဘာကိစ္စ ရှိလို့လဲ ဆိုပြီး မေးလိမ့်မယ် ။ ဒီလို မေးတဲ့ အခါမှာ ကိုအောင်ဒင် က အမှန် အတိုင်း ကို ရှက်ကြောက် မနေဘဲ တစ်ခါတည်း ဖွင့် ပြော ခဲ့ပေတော့ ။ ဖေဖေ ဟာ  ညာတဲ့ လူ ဆိုရင် မကြိုက်ဘူး ။ ဘွင်းဘွင်းသမား မှ သူ က  သဘော ကျတာ ။ ကိုအောင်ဒင် အဖို့မတော့ ဖေဖေ သဘော ကျအောင် လုပ်ဖို့ ဆိုတာ မလွယ်လှဘူး ။ ဒါပေမဲ့ ကြိုးစား ကြည့် ပေါ့လေ ။ ချို့ ကို တကယ် ချစ်တယ် ဆိုရင် ချို့ ဖေဖေ သဘော ကျ အောင် လုပ်ပြ နိုင်ရမှာပေါ့ ။ သွားပေတော့ ၊ အပေါ် ထပ် ဘယ်ဘက်ခန်း ဟာ ဖေဖေ နေတဲ့ အခန်းပဲ ”

ချိုချို သည် ထိုသို့ ပြော ပြီး နောက် အောင်ဒင် အား သူမ ၏ ဖခင် နေသော အခန်း သို့ ညွှန်ပြလိုက်လေသည် ။

“ စိတ်သာချ နေပါ ချို ရယ် ... အဘိုးကြီး သဘော ကျ အောင် ကိုအောင်ဒင် အစွမ်းကုန် ကြိုးစားပါ့မယ် ”

အောင်ဒင် သည် ချိုချို အား ရင် ကော့ ကာ ပြောကြား လိုက်လေသည် ။ ပြီးလျှင် သူ သည် အပေါ်ထပ် သို့ တစ်လှမ်းချင်း တက် လာ လေသည် ။ အချစ် ရေး မို့ သာလျှင် အဘိုးကြီး နှင့် ရင်ဆိုင်ရန် လာခဲ့ ရ သော်လည်း သူ ၏ ရင်ထဲ တွင် မူ သမဝါယမဟီးနိုးကားကြီး ကို စီး နေရ သလို တင်းကျပ်ကျပ်ကြီး ဖြစ် နေလေသည် ။

အပေါ်ထပ် သို့ ရောက် လျှင် ချိုချို ပြော လိုက်သည့် အတိုင်း ဘယ်ဘက် အခန်းတံခါး ကို တွန်း ဖွင့် ၍ အောင်ဒင် သည် ဝင်ရောက် ခဲ့လေသည် ။ အခန်းတွင်း ၌ အသက် ငါးဆယ်ကျော်ခန့် ရှိ ဖြူဖြူဝဝ အဘိုးကြီး တစ်ဦး သည် ကော်ကိုင်း မျက်မှန်ကြီး ကို တပ်၍ ကြိမ်ပက်လက်ကုလားထိုင် ပေါ် တွင် ဂွမ်းစောင်ကြီး ကို ကိုယ်တစ်ပိုင်း ခြုံ ကာ ထား ရင်း သတင်းစာ ကို ဖတ်ရှု နေလေသည် ။

“ အဟမ်း ”

အောင်ဒင် သည် အဘိုးကြီး အား ချောင်းသံ ပေး လိုက်လေသည် ။ ထို အသံကြောင့် အဘိုးကြီး သည် အောင်ဒင် အား လှမ်း မော့ကာ ကြည့် လိုက်ပြီး နောက် တစ်ဆက်တည်း မေး လိုက်လေသည် ။

“ ဟေ့ ... မင်း ဘယ်သူလဲ ”

“ ကျွန်တော် အောင်ဒင် ပါ ခင်ဗျာ ”

“ ဘယ်သူကွ ... ဗိုလ်အောင်ဒင် ... ဟုတ်လား ၊ ငါ့ အခန်း ထဲ ဘာ လာ လုပ်တာလဲ ... မမြဝင်း ကို လာ ရှာတာလား ... ”

အဘိုးကြီး သည် ဗိုလ်အောင်ဒင် ဇာတ်ကား ကို ကြည့်ဖူး သူ ဖြစ်၍ အောင်ဒင်အား လှမ်းကာ မေးလိုက်လေသည် ။

“ မ ... မ ... မဟုတ်ပါဘူး ခင်ဗျာ ... ကျွန်တော် ချိုချို လိုချင်လို့ပါ ”

အောင်ဒင် က ထစ်ငေါ့စွာ ဖြင့် ခပ်ကျယ်ကျယ် ပြန် ဖြေ လိုက်သည် ။ သို့ရာတွင် အောင်ဒင် ပြောလိုက်သည့် ချိုချို ကို ဟို ... ကလေးတွေ စို့သည့် ချိုချို ဟု မှတ်ထင်သွား သဖြင့်  ...

“ ဘာကွ  ... ချိုချို လိုချင်လို့ ဟုတ်လား ”

အဘိုးကြီး က အံ့ဩစွာဖြင့် မေး လိုက်လေသည် ။

“ ဟုတ်ပါတယ် ခင်ဗျာ  ... ချိုချို လိုချင်လို့ပါ ”

“ နေစမ်းပါဦး မင့် အသက်အရွယ်ကြီး နဲ့ များ ချိုချို ကို ဘာ လုပ်ဖို့တုံး ”

“ ကျွန်တော် ကြိုက်လို့ပါ ခင်ဗျာ ”

အောင်ဒင် က ရှက်သွေး ဖြာသော မျက်နှာကလေး ဖြင့် ဖြေလိုက်၏  ။

“ ဟေ ... ကြိုက်လို့ ဟုတ်လား ”

ပိုမို အံ့ဩစွာ ဖြင့် အဘိုးကြီး မေး ပြန်သည် ။

“ ဟုတ် .. ဟုတ်ကဲ့ ဦး  ...  ကျွန်တော် မရရင် သေမလောက် ကို ကြိုက်ပါတယ် ဦးရယ် ၊ ဒါကြောင့် ကျွန်တော့် ကို ချိုချို ပေးပါ ”

ကဲ ... စာရှုသူ  ...  ဘုန်းကြီးရူး နဲ့ လှေလူး နှစ်ဦး တော့ ဖြင့် တွေ့ နေကြ လေပြီ ။ တစ်ဦး နှင့် တစ်ဦး သင်္ဂါယနာ အမေးအအဖြေ တွေ သာ လုပ် နေကြ သည် ။ တစ်ဦး ပြောသည့် အဓိပ္ပာယ် ကို တစ်ဦး က နားမလည်ကြပေ ။

“ ဟား ... ဟား ... ဟား ...  မင်း ဒီလောက် တောင် ချိုချို ကို ကြိုက်နေ ရင် လည်း ချိုချို ပေးနိုင်တဲ့ ကလေး အမေ တွေ ဆီ သွား တောင်း မှ ပေါ့ကွ ။ ငါ့ ဆီ မှာ ဆိုရင် ချိုချို တော့ ရမှာ မဟုတ်ဘူး ။ ရှူရှူ ပဲ ရမယ်ကွ ။ ဟား ...  ဟား .. ဟား ... ”

အဘိုးကြီး သည် ထိုသို့ ပြောပြီး နောက် အားပါးတရ ရယ်မော နေ လေ သည် ။ ထိုအခါကျ မှ အောင်ဒင် မှာ လည်း အဘိုးကြီး ၏ ချိုချို နှင့် သူ ၏ ချိုချို မှာ သံတူ ကြောင်းကွဲ ဖြစ်ကာ အဓိပ္ပာယ် လွဲ နေမှန်း သိရလေသည် ။

ထို့ကြောင့် သူ သည် နဖူးကို လက်ဝါး ဖြင့် ဖြန်းခနဲ နေ အောင် ရိုက် ကာ “ သေလိုက်ပါတော့ လောကဓာတ်ဆရာတွေ ရယ် ” ဟူ၍ ညည်း လိုက်လေ သည် ။ ပြီးမှ သူ သည် အဘိုးကြီး အား ချိုချို ၏ အဓိပ္ပာယ် ကို ရှင်းလင်း လိုက်လေသည် ။

“ ထပ်သရီး ... ကျွန်တော် ပြောတဲ့ ချိုချို ဆိုတာ လူ ကို ပြောတာပါ ဦးရဲ့ ... ၊ ဦးတို့ ကျွန်တော် တို့ ငယ်ငယ်က စို့ ခဲ့တဲ့ ချိုမိုင်မိုင် ... ချိုမိုင်မိုင် ဆိုတဲ့ ချိုချို ကို ပြောတာ မဟုတ်ပါဘူး ”

အောင်ဒင် က ရေလည်စွာ ဖြင့် ရှင်းပြ ရင်း လက် မှ လည်း ကလေးတွေ လုပ် သလို လက်သီး ကို ဆုပ်လိုက် ဖြန့်လိုက် လုပ် ပြ ကာ နေ လေသည် ။ ထိုသို့ ရှင်းပြလိုက် မှ အဘိုးကြီး မှာ နားလည် သွားကာ ဒုတိယမ္ပိ ထပ်မံ ၍ ရယ်မော ပြန် လေသည် ။

“ နို့ .. နေပါဦး ... မင်း ပြောတဲ့ ချိုချို ဆိုတာ ဘယ်သူလဲ ” 

“ ဦး ရဲ့ ... သမီးချောလေး ”

ဤသို့ အောင်ဒင် က သမီးချော ဟူ၍ ပြောလိုက်သည်ကို အဘိုးကြီး ၏ နားတွင် ဇနီးချော ဟူ၍ ကြားသွား သဖြင့် ...

“ ဟော့ ငါ့ ဇနီးကို ဟုတ်လား ... နေစမ်းပါဦး ... ဗိုလ်စိန်ဓားမြှောင် အဲလေ ... ဗိုလ်အောင်ဒင်ရဲ့ ငါ့ ဆီ မှာ လာပြီး ဇနီး ကို အလှူ ခံရအောင် မြမ္မာအေး ဦးအေးမောင် မှတ်နေ လို့ လား ။ ငါ့ ဇနီး ကို လှူမယ် လို့ သတင်းစာ ထဲ မှာ မကြေညာမိပါဘူး ကွ ”

ဟူ၍ အဘိုးကြီးသည် မျက်ခုံးကို တစ်ဖက်ချီရင်း ပြောလိုက်လေသည် ။

“ အာ ... အာ ... ကျွန်တော် ပြောတာ ဦး ရဲ့ ဇနီး ကို ပြောတာ မဟုတ် ပါဘူး ... ဦး ရဲ့ သမီး ချိုချို ကို ပြောတာပါ ”

အောင်ဒင် သည် ခြေကားယား ၊ လက်ကား ဖြင့် အဘိုးကြီး ကို ခပ်ကျယ် ကျယ် ပြော ၍ ရှင်းပြလိုက်လေသည် ။

“ ဪ ... ဒီလိုလား ”

ထို အခါ ကျ မှ အဘိုးကြီး မှာ နားရှင်း သွားဟန် ဖြင့် ပြုံး ၍ ပြောလိုက်လေသည် ။

“ ဟုတ်ကဲ့ ... ဪ  ... ဒီလိုပါပဲ ”

“ ကောင်းပြီ ... ငါ့ သမီး ကို လိုချင်ရင် ပထမဆုံး ငါ သဘောကျ အောင် လုပ်ရ လိမ့်မယ် ။ ဒါထက် မင်း တုပ်ကွေးရောဂါ ကု တတ်လား ” 

အဘိုးကြီး က လက်ဝါး နှစ်ဖက် ကို ပွတ် ၍ မေး လိုက်လေသည် ။

“ ဟုတ် ... ဟုတ်ကဲ့ ...  ကောင်းကောင်းကြီး ကုပေး တတ်တာပေါ့ ဦး ရဲ့ ၊ ကျွန်တော် က တုပ်ကွေး စပယ်ရှယ်လစ် ပဲ ”

အောင်ဒင် သည် အဘိုးကြီး အား ဖြီး လိုက်လေသည် ။

“ အေး ... ဒီလိုဆိုရင် နေရာ ကျပြီ ။ အခု ငါ တုပ်ကွေး ဖြစ် နေလို့ကွ တစ်ကိုယ်လုံး ဟာ ကိုက်ခဲနေတယ် ။ အဲဒါ ကို မင်း ပျောက်အောင် ကုပေးစမ်း ”

အဘိုးကြီး ၏ စကား ကြောင့် အောင်ဒင် မှာ အခက် တွေ့ နေ ရတော့ သည် ။ “ ဘာဖြစ်လို့ ငါ ဟာ မကုတတ်ဘဲ နဲ့ ကုတတ်တယ် လို့ ပြောရတာလဲ ” ဟူ၍ သူ့ ကိုယ် သူ အပြစ် တင် နေလေသည် ။ သို့သော် ဒိုင်လူကြီး ဖြစ်မှ တော့ ပရိသတ် အဆဲ ခံ ရမှာ ကို ကြောက် နေ၍ မဖြစ်တော့ သလို အောင်ဒင် မှာ လည်း ကု ပင် မကုတတ် သော်လည်း သူ တုပ်ကွေး ဖြစ်စဉ် က မြန်မာဆေးမြီးတိုနည်း ဖြင့် အကု ခံ ခဲ့ ရသည့် နည်း အတိုင်း အဘိုးကြီး ကို ကု ပေးရန် ဆုံးဖြတ်လိုက်လေသည် ။

“ ဟေ့ ... ဘာ ငိုင်နေတာလဲကွ ၊ မကုနိုင်လို့လား ”

အောင်ဒင် အား အဘိုးကြီး က လှမ်း ၍ မေး လိုက်လေသည် ။

“ မ .. မဟုတ်ရပါဘူး ခင်ဗျာ ၊ ကု နိုင်ပါတယ် ။ ဒါပေမဲ့ အဲဒီ ကုသရမယ့် နည်း ဟာ ဦး အနေ နဲ့ လက်သင့်ခံနိုင်ပါ့မလားလို့ စဉ်းစားနေတာပါ ” 

“ ဘာမှ စဉ်းစား မနေနဲ့ ။ ကု မှာ သာ ကု ၊ ငါ့ ရောဂါ ပျောက်မယ် ဆိုရင် ငါ လက်ခံမယ် ”

ထို့ကြောင့် အောင်ဒင် သည် ကုရန် ပြင်ဆင်လေတော့သည် ။

“ ဦး ရဲ့ အကိုက်အခဲ လုံးဝ ပျောက် သွားအောင် ကုဖို့ အတွက် ဦး ... စီးတဲ့ ဖိနပ် တစ်ဖက် ကျွန်တော့် ကို ပေးပါ ”

အောင်ဒင် ၏ စကား ကြောင့် အဘိုးကြီး သည် ဆတ်ခနဲ အောင်ဒင် အား မော့ကြည့် လိုက်ပြီးတဲ့နောက် ...

“ ဟေ့ .. ဖိနပ် ဘာ လုပ်ဖို့လဲ ကွ ၊ ငါ့ ကို များ ပြုတ်ပြီး တိုက်ဦး မလို့လား ထွီ ... ရွံ စရာကွာ ” 

“ မဟုတ်ပါဘူး ဦး ရဲ့ ၊ အဲဒီ ဖိနပ် နဲ့ ကိုက်ခဲတဲ့ နေရာ ကို အသက် ခုနစ်ချက် အောင့် ပြီး ရိုက် ကု မလို့ပါ ”

အောင်ဒင် က ၎င်း အား ပြောပြ လိုက် လေသည် ။

“ ဟကောင် ရ မင်း ဟာ က ဖိနပ် နဲ့ ရိုက် ကုရတယ် လို့ ကြားပဲ ကြားဖူးပေါင် ကွာ ၊ တော်ကြာ ရောဂါ မပျောက်ဘဲ ငါ့ မှာ ဖိနပ် နဲ့ အရိုက် ခံ ရ တာ သာ အဖတ်တင် နေပါဦးမယ် ” 

အဘိုးကြီး က မယုံသင်္ကာ ဖြင့် ပြော နေလေသည် ။

“ တကယ် ပြောနေတာပါ ဦး ရဲ့ ၊ ဘုရားစူးရပါစေရဲ့”

အောင်ဒင် က ကျိန်တွယ် ၍ ပြော လိုက်သည် ။

“ အံမာ ... ဒီ ဘုရားစူး ကျိန်ရုံလေးနဲ့ ငါ က ယုံရမှာလား ကွ ၊ ဒီထက် ခေတ်မီပြီး ကြောက်စရာကောင်းတဲ့ ဟာ ကို ကျိန်စမ်းကွာ ”

အဘိုးကြီး ၏ စကား ကြောင့် အောင်ဒင် မှာ ခေတ်အမီဆုံး ကျိန်စာ ကို စဉ်းစားကာ နေ လိုက်ပြီးနောက် ရရှိသွားဟန် ဖြင့် ...

“ ကဲ ... သွားလေရာ မှာ ပျူစောထီး သတ်လို့ သေရစေရဲ့ ဗျာ ၊ ကိုင်း ... ကျေနပ်ပလား ” ဟူ၍ အောင်ဒင်သည် ကျိန်ဆိုကာ မေးလိုက် လေသည် ။

“ အမယ် မင်း ကျိန် လိုက်ဘာဟာ ငါတောင် ကြက်သီး ထ သွား တယ် ၊ အေး .. အေး ခုမှ ယုံပါပြီကွာ ၊ ကုပေတော့ ”

အဘိုးကြီး က ထိုအခါ ကျ မှ ကျေနပ်စွာ ဖြင့် ကုရန် ခွင့်ပြု လိုက် လေ သည် ။ ထို့ကြောင့် အောင်ဒင် သည် အဘိုးကြီး ၏ ဖိနပ် တစ်ဖက် ကို ယူ လိုက် ပြီး နောက် သူ တုပ်ကွေး ဖြစ်စဉ် က သူ ကုသပေးခဲ့သော အနှိပ်သည် အဒေါ်ကြီး ၏ နည်းစနစ် အတိုင်း ကု လေ တော့သည် ။

ကု ပုံကား .. အဘိုးကြီးအား ခြေနှစ်ချောင်း ဆန့် ကာ ထား ခိုင်းပြီး နောက် သူသည် အဘိုးကြီး စီးသည့် သားရေဖိနပ်စောင်း ဖြင့် အသက် ခုနစ် ချက် အောင့်ကာ ခြေရိုး တစ်လျှောက် တဒေါက်ဒေါက်နှင့် အုပ် နေလေတော့၏ ။

သူ က ဒေါက်ခနဲ ခပ်ပြင်းပြင်း တစ်ချက် ရိုက် လိုက် လျှင် အဘိုးကြီး က “ အမယ်လေး ” ဟူ၍ တစ်ချက် အော် လိုက်သည် ။ ဤသို့ဖြင့် ဒေါက်ခနဲ အုပ်၍ အဘိုးကြီး က “ အမယ်လေး ” အော်ကာ ဖြင့် ကုသ ပြီးစီး သွားခဲ့လေ သည် ။

“ ကဲ .. ပြီးပြီ ၊ ဦး ... ဒီပြင် ဘာခိုင်းဦးမလဲ ”

အောင်ဒင် သည် သူ ၏ နဖူး မှ ချွေး ကို လက် ဖြင့် သုတ်ရင်း မေး လိုက် လေသည် ။

“ ဒီနေ့ အဖို့ တော့ တော်ပါပြီ ၊ မင်း လည်း ပြန် နိုင်ပြီ ၊ အေး  ... ဒါပေမဲ့ နက်ဖြန် တစ်ခေါက် ဒီလို အချိန် လာခဲ့ဦး ၊ မင်း ကုပေးတဲ့ ရောဂါ ပျောက် ရင် ငါ့ သမီး နဲ့ မင်း ကို အိုကေ .. လိုက်မယ် ၊ မပျောက်ရင်တော့ ဂက်ဒေါက် ပဲ ”

အဘိုးကြီးသည် ထိုသို့ ပြောပြီး နောက် အောင်ဒင် အား လွှတ်လိုက် လေသည် ။

ထို့ကြောင့် အောင်ဒင် သည် အခန်းတွင်း မှ ထွက်ကာ အောက်ထပ် သို့ သွက်လက်စွာ ဖြင့် ဆင်းကာ လာ လေသည် ။

“ ဘယ်နှယ့်လဲ ဖေဖေ နဲ့ လေပေး ဖြောင့် ရဲ့လား ”

အောင်ဒင် အား မျှော်လင့်ကြီးစွာ ဖြင့် စောင့်မျှော် နေသော ချိုချို က ခရီး ရောက် မဆိုက် မေးလိုက်သည် ။

“ အင်း ... ဒီနေ့ အဖို့တော့ အိုကေ ပါပဲ ။ ဒါပေမဲ့ နက်ဖြန် တစ်ခါ လာခဲ့ ရဦးမတဲ့ ... ”

အောင်ဒင် သည် ပြန်လည် ကာ ဖြေ လိုက်ပြီး နောက် အဘိုးကြီး နှင့် စတင် တွေ့ဆုံခဲ့သည် မှ ယခု ဆင်းလာခဲ့ သည် အထိ အစအဆုံး တစ်လုံး မကျန် ဇာတ်လှန် ကာ ချိုချို အား ပြောပြ လိုက်လေသည် ။ အောင်ဒင် ပြော သမျှ ကို ချိုချို သည် တခစ်ခစ် ဖြင့် ရယ်မော က နားထောင် ၍ နေလေသည် ။

“ ဒါပဲနော် ... ကိုအောင်ဒင် ... ဖေဖေ က သဘော ကျ မှ ချို နဲ့ ပေါင်းရ မှာ ၊ နို့မို့ရင်တော့ ပေါင်းကြရမှာ မဟုတ်ဘူး ”

“ အို ... ဒီအတွက်တော့ စိတ်ချပါ ချိုရယ် ၊ ကိုအောင်ဒင် အစွမ်း ကုန် ကြိုးစားပါ့မယ် ...  ဒါထက် ချို့ ဖေဖေ ကို အခု ဆေးကုပေးရတဲ့ အတွက် တော့ စရန်ကလေး ပေး လိုက်ပါဦး ”

အောင်ဒင်သည် မချိုမချဉ်ဖြင့် ချိုချိုအား ကြည့်၍ ပြောလိုက်လေသည် ။

“ ဘာ စရံ လဲ ကိုအောင်ဒင် ရဲ့ ၊ ရှင်းအောင် ပြောစမ်းပါ ”

“ ချို့ ... ဖေဖေ ကို ဆေး ကုပေးရတဲ့ အတွက်လို့ ပြောမှပဲ .. ခုထက် ထိ မရိပ်မိသေးဘူးလား ”

အောင်ဒင် သည် ချိုချို နှင့် ပိုမို၍ နီးကပ် သွားရန် ရှေ့ တစ်လှမ်း တိုး ကာ ကပ် လိုက်လေသည် ။ ချိုချို က နောက် တစ်လှမ်း ဆုတ် ကာ နေ လိုက်၏ ။

“ စရန် ဆိုတာ ဘယ်လိုဟာ ကို ပြောတာလဲ .. ပိုက်ဆံလား ... ”

“ ပိုက်ဆံ လောက် များ အရေး လုပ်ပြီး ပြော နေပါ့လား ချို ရဲ့ ကိုအောင်ဒင် ပြောတဲ့ စရံ ဆိုတာက ဟို .. ဟို .. ဟိုဒင်းလေ ...  မွှေးမွှေး ပေး ဖို့ ပြောတာပါ ”

အောင်ဒင် သည် ရှေ့ တစ်လှမ်း တိုး ကာ ကပ် လိုက် ပြန်သည် ။ ချိုချို က လည်း နောက် တစ်လှမ်း ဆုတ်ကာ နေ လိုက် ပြန်၏ ။

“ အံမာ ... သူ က ကဲ လိုက်တာ ။ ဒီက ဘာများလဲ လို့ မရဘူး ဆရာ ၊ လက်ထပ်ဖို့ သေချာကြမှ ပေးနိုင်မယ်  ၊ ခုတော့ ဒါမျိုး ခွင့်မပြုနိုင်သေးဘူး ”

ချိုချို က ငြင်းဆန် လိုက် လေသည် ။

“ ချို ကလည်း ကွယ် ...  တို စရာ မဟုတ်တာ တို နေ ပြန်ပါပြီ  ... ဒီလောက်ကလေး တော့ ကိုယ့် ကို ဖေဗာ (Favour) ပေးသင့်ပါတယ် ကွယ် ၊ အရာယွင်းတာလိုက်လို့ပဲ .. နော် .. နော် .. ”

အောင်ဒင် သည် ပြောရင်း ရှေ့သို့ တစ်လှမ်း တိုး လိုက်ပြန်သည် ။

“ ဟင့်အင်း ... ဟင့်အင်း ... မရဘူးဆို မရဘူးဘဲ ၊ အရာ ယွင်းယွင်း မယွင်းယွင်း ”

ချိုချို သည် ပြန် ပြောရင်း နောက် တစ်လမ်း ဆုတ် လိုက်ပြန်သည် ။ ဤ သို့ဖြင့် ရှေ့ သို့ တိုးသူက တိုး နောက်သို့ ဆုတ်သူ က ဆုတ် နှင့် လုပ်နေကြ ရာ မှာ ချိုချို သည် စွတ်ခနဲ နောက်ဖေးဘက် သို့ ဝင် ပြေး သွား လေသည် ။

ထို့ကြောင့် အောင်ဒင် မှာ တောက် , တစ်ချက် ကို မကျေမရမ်း ဖြင့် ခေါက် လိုက်ပြီး နောက် သူ ၏ အိမ် သို့ ပြန်ခဲ့လေသည် ။

◾ကြူမွှေး

( တတိယပိုင်း - ဇာတ်သိမ်း ဆက်ရန် )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment