Friday, June 30, 2023

အနုဝင်္ကဘာ ( ၁ )


 

     ❝ အနုဝင်္ကဘာ ❞

              ( ၁ )

စင်စစ် အထက်ပါ ခေါင်းစဉ် သည်  အတိုကောက် ဖြစ်လျက် အနုပညာ နှင့် ပတ်သက်သမျှသော ရှုပ်ထွေးလှသည့် ( ဝါ ) လမ်းမှား တတ်သည့် ဝင်္ကပါ ၊ မျက်စိ လည်တတ်သည့် ဝင်္ကပါ ။

အနုပညာရှင်တို့ မည်သည် သီဆိုခွင့် ၊ ကပြခွင့် ၊ ရုပ်ရှင် ထဲ တွင် သရုပ်ဆောင်ခွင့် ရနေသည့် အခါ ကာလ ထက် ထိုထို အခွင့်အရေး ရရန် ပညာ ဆည်းပူး ကြိုးပမ်းနေရစဉ် အခိုက်အတန့် သည် အလွန့်အလွန် အရေး ကြီးလှသည် ။

အနုပညာ ။

အမည်ကလေး နု သလောက် ခရီး ကား ကြမ်းတမ်းလှသည် ။ ရှုပ်ထွေး ကွေ့ကောက် လမ်းစ ပါ ပျောက် သွား တတ်သည် ။ 

သတိကြီးကြီး ထားရမည့် စပ်ကူး မတ်ကူး အချိန် ကာလ ။ 

ယခုအခါ အဆိုသင်တန်း ၊ အက သင်တန်း ၊ ရုပ်ရှင်သရုပ်ဆောင် သင်တန်း စသည့် သင်တန်း များ တွင် တက်ရောက်လေ့လာ ဆည်းပူး နေကြသည် မှာ အတော်ကလေး အားရစရာ ကောင်းနေ သည် ။ အချို့သင်တန်းများ ကို ဆိုင်ရာ အနုပညာ အဖွဲ့အစည်းများ က ဖွင့် လှစ်သင်ကြားလျက် ၊ အချို့ အရပ်သား ဝါသနာရှင် ချင်း စုဝေးကာ သင်တန်းအမည် အမျိုးမျိုး တပ်၍ ဖွင့်ကြသည် ။ အနုပညာ သည် အဖွဲ့အစည်းချင်း ၊ ဝင်ပြိုင်တူ သည် ဟု ကန့်ကွက်ကြသည် လည်း ရှိသည် ။ ဆက်လက် လှုပ်ရှား နေကြ သည် လည်း ရှိသည် ။ ပြဿနာကား ရှုပ်ထွေးလှသည် ။

ထားတော့ ။

အရေးကြီးသည် မှာ ဝါသနာအိုး  များ သာ ဖြစ်ချေသည် ။ 

တစ်ခါက စာပေဟောပြောပွဲ တွင်  ဟောဖူး သလော သို့မဟုတ် ဆောင်းပါး အဖြစ် ရေးမိဖူး သလော  မမှတ်မိ ယခု ထပ်၍ ဖော်ပြလိုသေး  သည် မှာ ...

ရုပ်ရှင် ၊ သဘင် ၊ ဂီတ မည်သည့် ဘက် တွင် ဝါသနာ ထုံသည် ဖြစ်စေ ၊ မိမိ ကိုယ် ကို အထပ်ထပ် ဆန်းစစ်ရန် လိုသည်  ။  ဥပမာ - အကဝါသနာ ပါ ခြင်း ၌ အမှန်တကယ် ဝါသနာ ပါခြင်း လော သို့မဟုတ် အခြားသော ဇာတ် ၊ အငြိမ့်မင်းသမီး ၊ မင်းသား က သည် ကို အားကျခြင်းလော ဆိုသည် ကို တိတိ ကျကျ ဆန်းစစ်ရန် လိုသည် ။

သူ တစ်ထူး ကျော်ကြား နေ သဖြင့် လိုက် ၍ ကျော်ကြား လိုခြင်းသည် စစ် မှန်သော ဝါသနာ မဟုတ် ။ ဆိုကြပါစို့ ရုပ်ရှင်မင်းသား ၊ မင်းသမီး ရွေးရာတွင် ဝါသနာပါ ခြင်း ၌ နာမည်ကြီးများ ကဲ့သို့ ကျော်ကြားလိုခြင်း ၊ မင်းသမီး ၊ မင်းသား သာ ဖြစ်လိုခြင်း ဟူသည့် ဝါသနာ လော ။ ကျရာအခန်း မှ သရုပ်ဆောင် လိုသည့် ဝါသနာ လော ဆိုသည် ကို ပထမ ဆန်းစစ် ရပေချိမ့် မည် ။

လူ့သဘာဝ ကို သာဓု မလွန်ဆန် ချင်ပါ ။ ကလောင် ကိုင်ခါစ စာရေးဆရာ တိုင်း လိုလို နိုင်ငံကျော် စာရေးဆရာကြီး ဖြစ်ချင် သကဲ့သို့ ရုပ်ရှင်ဝါသနာအိုး တိုင်း လည်း မင်းသား ၊ မင်းသမီး သာ ဖြစ်လိုကြ ပေမည် ။

သို့တိုင်အောင် မိမိတို့ ကိုယ်တိုင် ( မင်းသား ၊ မင်းသမီး ) ဖြစ်နိုင် ၊ မဖြစ် နိုင် မိမိတို့ ၏ ပင်ကို အရည်အသွေး ကို မထောက်မညှာ မျက်နှာ မလိုက် ဘဲ ဆန်းစစ် ရပေလိမ့်မည် ။ 

မိမိ ရုပ်ရည် က အံ့ကျော် နှင့် တူ နေပါလျက် ညွန့်ဝင်း ဖြစ်ချင်၍ မရနိုင် သကဲ့သို့ နဖူး မောက်မောက်နှင့် ပုကွကွ မိန်းကလေး က လည်း သီတာဝင်း တို့ ခိုင်ခင်ဦး တို့ ဖြစ် မလာနိုင် ။ သူတို့ လို လှ မလာနိုင် ။

လွန်ခဲ့သော ဆယ်နှစ် ကျော်ကျော်  က မိတ္ထီလာ မှ မိတ်ဆွေ တစ်ယောက် သူ့ သမီးကလေး နှင့် အတူ သာဓု ထံ ရောက်လာသည် ။ အကြောင်းကား ကောင်မလေး က အဆိုတော် ဖြစ်ချင်သည် ဆို၍ ။

“ ကဲ ၊ ပြောစမ်းပါဦး ၊ ငါ့ တူမ က ဘယ်လို အဆိုတော်မျိုး ဖြစ်ချင်တာလဲ ”

“ အဆိုတော် အမျိုးသမီး တစ်ဦး တို့ ၊ မမတင်တင်မြ တို့ လို ”

“ ဪ ၊ ဪ ”

သာဓု စဉ်းစားနေစဉ် သူ့ ဖခင် က ...

“ ဆရာရယ် ၊ အဲဒါလေးတော့ ဆောင်ရွက်ပေးပါနော် ၊ ခုဆို သမီးက စာမေးပွဲ လဲ တဖုတ်ဖုတ် ကျ ၊ အားအားရှိ သီချင်း ပဲ ဆို နေတော့တာပဲ ။ ဒီပြင် ကိစ္စ ဆို ဘာမှ ခိုင်းလို့ မရဘူး ”

“ ဟုတ်ပါပြီလေ ၊ ကဲ ... တူမ ၊ အဆိုတော် အမျိုးသမီး တစ်ဦး ဆိုတဲ့ သီချင်း တစ်ပုဒ်လောက် ဆိုပြစမ်းပါ ”

အာသွက်လျှာသွက် နှင့် မရှက်မကြောက် ကောက်ကာငင်ကာ တစ်ချိန်က အလွန် ကျော်ကြား ခဲ့သော  '  နက်ဖြန် မှ ဆက်ငိုမယ် ' ဟူသည့် အဆိုတော် အမျိုးသမီး တစ်ဦး သီချင်း ကို ထို အဆိုတော် ၏ လေယူလေသိမ်း အတိုင်း အသံ ကို ပါ တူအောင် တု ၍ ဆိုပြ ရှာသည်  ။  အပြတ်အသတ် ကွာသည်  ။ သူ့ ခမျာ အဆိုတော် အမျိုးသမီး တစ်ဦး  နှင့် မတူ တူအောင် တု ၍ ဆို နေရ သောကြောင့် အတော်ကြီး ပင်ပန်း နေ ရှာသည် ။ တူ သလော ၊ လုံးဝ မတူ ။ ကောင်း သလော ၊ အတော်ကလေး ညံ့ နေသည်  ။

သူ ပင်ကို ရှိရင်း မိမွေးတိုင်း ဖမွေးတိုင်း အသံ နှင့် သီ ဆို လျှင် သင့်လေ ဦးမည် ။

သင့်လေ ဦးမည် ဆိုသည့် တိုင်အောင် အဆိုကျော် တစ်ယောက် ဖြစ် လာရန် အလားအလာ မရှိ ။ “ကျော် ” မဆိုထားဘိ ။ ' တော် ' ပင် မ ဖြစ်နိုင် ။ အဘယ်ကြောင့် ဆိုသော် ထို ကလေးမ အသံနေ အသံထား မမှန် ( ကြောင် နေသည် ) သို့နှင့် အမျှ စည်း  ဝါး လည်း ချက် ညီ ကျအောင် မဆို  နိုင် ။

“ အဲဒါ ဆရာတို့ ကတော့ ဒီဘက် က အသိမိတ်ဆွေ ပေါ ပါတယ် နော် ။ သမီးလေး ဝါသနာ ကို အောင်မြင် အောင် တစ်ယောက် ယောက် ဆီ မှာ ”

“ မလုပ်နဲ့ ၊ မလုပ်နဲ့ ၊ ခင်ဗျား သမီး ကို ပြန် ခေါ်သွား ၊ ဖြစ်မှာ မဟုတ်ဘူး ”

သာဓုက အသံ နှင့် စည်းဝါး သဘောတရား ကို ရှင်းပြ လိုက်ပြီး ...

“ ကဲ ၊ သမီး ကလဲ စိတ်ကူး မလွဲနဲ့  ၊ ကျောင်းပညာ ဖြစ်ဖြစ် ၊ စက်ချုပ် ပညာ ၊ လက်နှိပ်စက် စသည် ဖြင့် ပေါ့ကွာ ၊ ဘယ်ဟာ ဝါသနာ ပါသလဲ ၊ အဲ ဒါပဲ လေ့လာပေါ့ ၊ ဟုတ်လား ”

ကောင်မလေး မကျေမနပ် စူအောင့်အောင့် ဖြစ် နေသည်  ။

“ ဥပမာ ဆိုပါတော့ ကွယ် ၊ ကျောင်းသား တစ်ယောက် က ကျောင်း ပြေးပွဲ မှာ သူများ တွေ နိုင် တာ တံဆိပ် ရတာ ကို အား ကျပြီး ဝင် ပြေး ချင်တယ် ဆိုပါတော့ ၊ အဲဒါ သူ က ခြေတစ်ဖက် က ထော့နဲ့ ထော့နဲ့ ဖြစ် နေတယ် ၊ ကဲ သူ ဝင်ပြေး လို့ ဖြစ်ပါ့မလား ”

ကောင်မလေး တွေ သွားသည်  ။

“ ဒါဖြင့် သမီး အသံ လဲ ထော့နဲ့ ထော့နဲ့ ဖြစ် နေတယ် ပေါ့ ၊ ဟုတ်လား ဘဘ ”

သာဓု ရယ် လိုက် မိသည်  ။

“ အေး ၊ သဘောက ဒီ အတိုင်း ဖြစ်  နေတယ် ကွ ၊ သမီး ဟာ အသံ လဲ သိပ်  မရဘူး ၊ အဆို လဲ ဋ္ဌာန်ကရိုဏ်း မကျဘူး ၊ စည်းဝါး လဲ မိတဲ့ အခါ မိ ၊ မမိ တဲ့ အခါ မမိ ဖြစ်နေတော့ ”

“ အဲဒါ ဘဘ ရယ် ၊ လေ့ကျင့် သင်ယူ ရင်ကော မရဘူးလား ”

“ မလွယ်ဘူး သမီး ၊ အနုပညာ ဆို တာ သင်ယူ တိုင်း ရတာ မဟုတ်ဘူး ၊ ပါရမီ က လို သေးတယ် ၊ ပါရမီ မရှိရင် ဘယ်လို ကြိုးစားပေမဲ့ ၊ အလကားပဲ ။ မအောင်မြင် နိုင်ဘူး ၊ ခုပဲ ကြည့်လေ ၊ သမီး ထင်ထင် ရှားရှား အဆိုကျော် ဆို လို့ သမီး သိသလောက် ဘယ်နှယောက် ရှိသလဲ ၊ ဝါသနာရှင်တွေ ကတော့ ထောင်သောင်း မကဘူး ၊ သမီး အပါအဝင် ပေါ့ ”

ကောင်မလေး စဉ်းစားစ ပြုလာ သည် ။ သာဓု စကား ကို လက်ခံ လိုသ ည့် အသွင် ဆောင်လာ သော်လည်း အတိအလင်း လက်ခံချင်ပုံ မပေါ် သေး ။

“ ကောင်းပြီ ၊ ဘဘ တစ်ခု မေးမယ် ။ သမီးတို့ မြို့ မှာ ကော အဆိုတော် တို့ တီးဝိုင်း တို့ ရှိတယ် မဟုတ်လား ၊ အဲ တစ်ခါ ဆို ရင် အဆိုတော် အတွက် ဘယ်လောက် ရသလဲ ”

“ အာ ဘဘ ကလဲ ၊ အပျော်တမ်း ပေါ့ ၊ ပိုက်ဆံ ဘယ် ရမှာ တုံး ”

သာဓု စကား ကို သူ့ ဖခင် အတော် စိတ်ဝင်စား သွားပုံ ရ၏ ။ သူ့ သမီး အဖြေ ကို လည်း ကျေနပ် နေ၏ ။

“ ခု သမီး ဖေဖေ က ဘာ အလုပ် လုပ် သလဲ ။ ဝင်ငွေ တစ်လ ဘယ်လောက် ရှိသလဲ ”

“ သမဝါယမ မှာ လုပ်ပါတယ် ။ တစ် လ ခုနှစ်ရာ ရှစ်ရာ ကျပ် လောက် ဝင် မယ် ထင်ပါရဲ့ “  

“ အဲ ၊ အဲဒီ ဝင်ငွေ နဲ့ သမီး တို့ မိသားစု ရှစ်ယောက် စားရ သောက်ရ တာရယ် ၊ ကျောင်းစရိတ် ရယ် ။ စသည် ဖြင့်ပေါ့ ၊ ခြစ်ခြစ်ဖြုတ်ဖြုတ် သုံး နေရတယ် ဆိုတာ သမီး သိမှာ ပေါ့ ”

“ ဟုတ်ကဲ့ သိပါတယ် ”

“ ဘဘ လဲ သိတယ် ။ သမီး ဖေဖေ သိပ် မချောင်လည်ဘူး ။ ဒါ ထားပါလေ ၊ ကဲ သမီး က အဆိုတော် ဖြစ်ချင် တယ် ။ အဆိုကျော် မဖြစ်ခင် စပ်ကြား မှာ ဟို အလှူ လိုက် ဆိုရ အလကား ၊ ဒီ မင်္ဂလာ ဆောင် သွား ဆိုပေးရ အလကား ၊ ပွဲလမ်းသဘင် က နေ စင် ပေါ် တက် ဆိုရ အလကား ၊ တစ်ပြား မှ မရ ”

သူ ခေါင်း ငုံ့ ပြုံး ၏ ။

“ အေး ၊ အဲသလို အလကား ဆို ပေး ရတာ ၊ စေတနာ့ဝန်ထမ်း မို့ ကုသိုလ် ရ တယ်ပဲ ထား ၊ အဝတ်အစားဖိုး က ကုသိုလ် မရဘူး ”

သူ ဆတ်ခနဲ မော် ကြည့်သည် ။

“ ဒီ ရှင်ပြုပွဲ မှာ ဝတ် တဲ့ အဝတ်အစား ကို တောင်သူလယ်သမားနေ့ သီချင်း ဆို ရင်ကော ဒါပဲ ပြန် ဝတ်မလား ”

သူ တွေ နေ သည် ။ မဖြေ ။

“ ဘဘ သိတယ် ၊ သာမန်ရိုးရိုး အရပ်သူ ၊ ကျောင်းသူ အနေနဲ့ တောင် ဒီ ဘုရားပွဲ ဒီ အဝတ်အစား ဝတ် ပြီး ရင် နောက် မွေးနေ့ပွဲ ကျတော့ အသစ် ချုပ်ချင်တာပဲ မဟုတ်လား ၊ အေး  ၊ အဆိုတော်တို့ ဘာတို့ ဖြစ်လာ ရင် ပို ဆိုးမယ် ၊ အပြိုင်အဆိုင်ကလေး တွေလဲ ရှိ လာမယ် ”

ကောင်မလေး စဉ်းစားစ ပြုလာ သည် ။

“ ဒါပဲကွ ၊ ပိုက်ဆံ မရတဲ့ အပြင် အိမ် က မိဘ က အဝတ်အစားဖိုး ကုန် ရဦး မယ် ၊ တွက် ကြည့်စမ်း ၊ မိတ်ကပ် နဲ့ ဆံပင် ပြင်တာ အနည်းဆုံး ၂၅ ကျပ် ထား ၊ အဝတ်အစား က တစ်စုံ ဆိုရင် ခပ်ညံ့ညံ့ တောင် နှစ်ရာ အောက် မှာ မ ရှိဘူး မဟုတ်လား ”

ယခုမှ သူ့ အဖေ သာဓု မိတ်ဆွေ ပါ မျက်လုံး ဝိုင်း သွားသည် ။

“ ဟုတ်ပါတယ် သမီး ရယ် ၊ ဒီ လောက်ငွေ ဖေဖေ တို့ လဲ အမြဲ မတတ်နိုင်ဘူး ၊ ဒီ ဝါသနာ ကို သမီး ... ”

ဤတွင် သာဓု က ကြား ဝင်၍

“ အေးလေ ၊ ကောင်းသော ဝါသနာ  ဆိုတာ ကို မတားမြစ်သင့်ဘူး လို့ ဘဘ နားလည်တယ် ၊ ဒါပေမဲ့ သမီး စဉ်းစား ၊ သမီး ဟာ အဆိုအတီး ဝါသနာ ပါ တာ လား ၊ အဆိုကျော် ဖြစ် ချင် တာလား ၊ နာမည် ကြီး ချင် တာ လား ဆိုတာတွေ ရယ် ၊ ခုန ဘဘ ပြော တဲ့ ကုန်ကျမယ့် စရိတ်တွေ ရယ် သေသေချာချာ စဉ်းစား ၊ သမီး က ခေတ်ကျောင်းသူ ပဲ လေ ၊ အဓိပ္ပာယ် မရှိတဲ့ အလုပ်မျိုး လုပ်မှာ မဟုတ်ပါဘူး နော် ”

သူတို့ သမီး အဖ နောက် နေ့ မှာ ပင် ပြန် သွားကြသည် ။ နောက် ကောင်မလေး တက္ကသိုလ် မှ ဘွဲ့ ရ သည်  ။ ယခု သူ့ ဖခင် နှင့် ဆက်နွယ် နေသော သမဝါယမ တွင် ပင် အလုပ် လုပ် နေချေပြီ ။

      •••   •••   •••   •••

တစ်ကြိမ် ကလည်း ( မကြာလှ သေး ) သာဓု တို့ ရပ်ကွက် မှ ကောင်စီ လူကြီး တစ်ဦး ရောက်လာ ကာ မော်လမြိုင်မြို့ နေ သူ ၏ မြေး ထံ မှ စာ တစ် စောင် ထုတ် ပြသည် ။ အတိုချုပ် မှာ ထို လူငယ် စာရေး ဆက်သွယ် ထားသော ရန်ကုန် ရှိ ရုပ်ရှင် ဝါသနာအိုး အဖွဲ့အစည်း မှ သူ့ အား သရုပ်ဆောင်နိုင်ခွင့် ( အဆင့် ) သို့ ရွေးချယ် လိုက်ပြီ ဖြစ်၍ စီစဉ် ဆောင်ရွက်ရေး ကုန်ကျစရိတ် ဇာတ်ကား ( ၅ ) ထုပ် အတွက် ငွေတစ်ထောင် ပေးပို့ရန် မှာ ကြား သော စာ ဖြစ်၏ ။

“ ငွေ ပို့ပြီးပြီလား ”

သာဓု စိုးရိမ်တကြီး မေး လိုက် ရ၏ ။

“ ဟင့်အင်း ၊ ဘိုးဘိုး က စိုက် ပို့ပေး ပါ ဆိုပြီး စာ ထဲပါတဲ့ အတိုင်းပေါ့ ၊ ဒါ မှ မဟုတ် သူ လိုက်လာမယ်တဲ့ ။ တယ်လီဖုန်း လဲ ဆက် တယ်ဗျာ ”

“ မပို့နဲ့ ၊ တစ်ပြား မှ မပို့နဲ့ ၊ ခင်ဗျား မြေး ကို လဲ အကြောင်း ပြန်လိုက် ၊ ဒီ ကောင်တွေ ငွေ လိမ်စားမယ့် အကောင်တွေ လို့  ”

သာဓု က တိုတိုနှင့် ပင် တိခနဲ ဖျက် လိုက်ရ၏ ။ ထိုထိုသော ( ရုပ်ရှင်လောက ထဲ မှ မဟုတ်သေး ) ရုပ်ရှင်သရုပ်ဆောင် အသိုင်းအဝန်း ၊ အဖွဲ့အစည်း ၊ အင်အားစု စသည် ဖြင့် လိမ်စား နေသူ အတော်များ များ ရှိ နေသည် ။

ယင်း မထင်မရှား အဖွဲ့အစည်း မဆို ထားဘိ ၊ ထင်ထင်ရှားရှား ရုပ်ရှင် ဒါရိုက်တာ တို့ ပင် လျှင် ။

“ မင်းသား တင် ရိုက်ပေးမယ် ။ မင်းသမီး ဒုတိယခေါင်းဆောင် ဖြစ် စေရမယ် ၊ ငွေ ဘယ်လောက် ထည့် ပါ ”

စသည် ဖြင့် ငွေတစ်သောင်း မှ ငါးသောင်း အထိ လိမ် စား ထား သောကြောင့် ရုပ်ရှင်ကောင်စီ မှ ကြားဝင် ဖြေရှင်း ပေး နေရသည့် ပြဿနာများ လည်း ရှိနေသည် ။ မင်းသမီးသစ် တစ်ယောက် ငွေ သုံးသောင်း ပေးရ ပြီး ဖလင် တစ်ပေ မျှ မရိုက် လိုက်ရဘဲ ဇာတ်ကား ပြီးစီး သွားသည့် အဖြစ် လည်း ရှိနေ သည် ။

အချို့လည်း ရှိသေးသည်  ။ အနုပညာစာစောင် ထုတ်ရန် ဟု အကြောင်း ပြလျက် ဝါသနာရှင် တို့  ထံ မှ တစ်ဦး လျှင် ၅၀ ကျပ် ၊ ၁၀၀ ကျပ် စသည် ဖြင့် ငွေများ ကောက်ခံ သည် ။ ငွေ လေးငါးထောင် ရသည်  ။ တစ်နှစ် လည်း စာစောင် ပေါ် မလာ ၊ နောက် တစ်နှစ် လည်း ပေါ်မလာ သုံးလေးငါးနှစ် သာ ကြာ ညောင်း သွားသည် ။ စာစောင် လည်း ပျောက် ၊ ငွေလည်း ပျောက်သွား ချေ လေ တော့သည် ။ 

အနုပညာဝင်္ကပါ ထဲ ဝင် မိ လျက် ထိုနည်း နှင်နှင် လမ်းစ ပျောက် တတ်သည် ။ ငွေ ပျောက်သည် မှာ  အကြောင်း မဟုတ် ။ 

အနုပညာ အဖွဲ့အစည်း အမည် ခံလျက် ယုတ်မာ နေသူ အတော်များများ ရှိ နေသည် ။ အနုပညာသင်တန်းသား များ ထံ မှ ငွေ ယူသည် ။ အဝတ်အစား ဝယ် ခိုင်းသည် ။ ဟိုတယ် တွင် စားပွဲသောက်ပွဲ လုပ် ခိုင်းသည် ။ ကျွေးမွေး ခိုင်းသည် ။ တစ်နေ့ တွင် ထိပ်တန်းသို့ ရောက်စေရမည် ဟု မျှော်လင့်ချက် တစ်ထမ်းကြီး ပေး ထားသည် ။

ပို၍ ကဲ၍ ယုတ်မာသည် ကား ။

သင်တန်းသူ ဝါသနာရှင် အမျိုးသမီးကလေးများ အား ခြေတော် တင် သည့် ကိစ္စ ဖြစ်သည် ။

နေ့ချင်း ညချင်း ထိပ်သီး အဆိုကျော် ၊ အကထိပ်ခေါင်ထင် ၊ ပွဲဦးထွက် ခေါင်းဆောင် မင်းသမီး ဖြစ်တော့ မလောက် အပင့်အမြှောက် အာမခံချက်များ ၊ ဗန်း ပြကာ နှမချင်း မစာနာသည့် အပြုအမူများ ဖြင့် ယုတ်မာ နေကြသည် လည်း ရှိသည်  ။ သင်တန်းသူ သင်တန်းသားများ ချင်း တွင် သတင်း မွှေး နေ ခဲ့ပြီး ဖြစ်၍ အထူး ပြောစရာ မလို ။ ဆိုင်ရာ အဖွဲ့အစည်း တို့ ပါးစပ် တွင် ပျံ့နှံ့နေပြီး ဖြစ်၍ တထူးတထွေ သက်သေ ထူရန် မလို ။

အထက်တွင် သာဓု ရေးခဲ့သော မိတ္ထီလာ မှ ကောင်မလေး သည် သာ အတွေးအခေါ် အမြော် အမြင် သဘော မပေါက်ခဲ့သော် ... ယခုလောက် ရှိလျှင် အဆိုကျော် လည်း မ ဖြစ် ။ တက္ကသိုလ် ပညာ လည်း မတတ် ။ လမ်းခုလတ် တွင် အဘယ် ထိ ဒုက္ခ ရောက် နေမည်ကို တွေးချင့်ကြ စေချင်၏ ။

အနုပညာ နှင့် ပတ်သက်၍ ဝါသနာ ပါခြင်းကို သာဓု အား ပေး သည် ။ တတ်နိုင်သမျှ မြေတောင်မြှောက် ပေးသည် ။ သို့သော် ... ပါရမီ ရှိ မရှိ ၊ ဗီဇ ပါ မပါ ၊ သာဓု ပထမ လေ့လာသည် ။ ဖြစ်နိုင် ရန် လုံးဝ အကြောင်း မရှိလျှင်ကား ... ။

“ အေး ၊ ဒီ တစ်သက် မင်းသား မင်းသမီး ဝေး လို့ ဇာတ်ရံကောင်း တောင် မဖြစ်နိုင်ဘူး ၊ ပြန်တော့ ”

သို့လျှင် ဘွင်းဘွင်း ရှင်းရှင်း ပြောချ တတ်သည်  ၊ အားနာ ပါးနာ ရေလိုက် ငါးလိုက် ပြောလျှင် မျှော်လ င့်ချက် ပေးထားရာ ရောက်မည် ။ ဤ လို ကိစ္စ ၌ ဤလို မပြတ်သားသော အလုပ် သာဓု မလုပ် တတ် ။ အချို့ ငွေထုပ် ပိုက်လျက် ရောက် လာတတ်ကြ သေးသည်  ။

“ ငွေ လေး ငါးသောင်း ရှုံး ချင် ရှုံးပါ စေတော့ ဆရာ ၊ ပိတ်ကား ပေါ် ပါ ရ ရင် တော်ပါပြီ ”

“ အေး ၊ မင်းတို့ လေး ငါးသောင်း အရှုံး ခံနိုင်ပေမဲ့ ဆရာ့ နာမည် တော့ အဆုံး မခံနိုင်ဘူးကွ ၊ ဒီ ပိုက်ဆံ နဲ့ အလုပ် တစ်ခု ခုလုပ် ၊ ဆယ်နှစ် စားမ ကုန်ဘူး ၊ မဖြစ်နိုင်တာ ကို မလုပ် ချင် ကြနဲ့ ကွာ ၊ အဲ သူများ ဆီ လဲ မသွားနဲ့  ၊ မင်းတို့ လို လူစားတွေ ကို ရုပ်ရှင် သမားတွေ မျှော် နေကြတယ် နော ၊ အပိုင် စီးကြ မလို့  ၊ ဒါပဲ ၊ သွားကြတော့ ”

ထိုထိုဤဤ အနှီနှီ သော အနုပညာ ဝါသနာအိုး တို့ သည် ငွေ နှင့် ပေးအပ် လျှင် ( ဝါ ) ဖန်တီး ယူတတ် လျှင် သူတို့ လိုချင် သော ၊ တတ်ချင် သော ၊ တောင့်တ သော အနုပညာရှင် တစ်ယောက် ဖြစ် လာလိမ့်မည်ဟု ထင် နေကြသည်  ။ သို့သော် အနုပညာသည် တစ်ဦး ဖြစ် လာရန် မှာ မူ သေမတတ် ကြိုးစားသည် ပင် ဖြစ်စေ ၊ ထွန်းပေါက် လာရန် မလွယ်ကူ ... ။ 

ရုပ်ရှင်လောက တွင် ရှုပါ ။

ခေါင်းဆောင် အဖြစ် ရုပ်ရှင် တစ်ကား ရိုက် ပြီးနောက် ကြက်ပျောက် ငှက်ပျောက် ပျောက် သွားသူ အမြောက်အမြား ရှိနေသည် ကို သတိ ထားမိလျှင် သိကြ ချိမ့်မည် ။

အဘယ်ကြောင့် မအောင်မြင် သနည်း ။ သရုပ်ဆောင် ပီပြင်ခြင်း ၊ သဘာဝကျခြင်း မရှိသော ကြောင့် ။ အဘယ်ကြောင့် သဘာဝ မကျ မပီပြင် ပါသနည်း ။ ပါရမီ မရှိသောကြောင့်  ။

ဤတွင် အနုပညာ သည် ငွေ နှင့် စက် ၍ မရနိုင်သည် ထက် ပါရမီ ကို မည်သို့မျှ ဖန်တီး၍ မရနိုင် ။ ပို၍ ခက်ခဲလှသည်  ။ 

ဤကိစ္စ ရှင်း ပြလျှင် တော်ရုံ နှင့် ပြီးမည် မဟုတ် ။ စာမျက်နှာ အများ အပြား လို လိမ့်မည် ။ နောင် အလျဉ်း သင့် က ရေး ပါဦးအံ့ ။

လောလော၌ စောစော က စကား စ ပြတ်သွားသည် ကို ဆက်ရသော် ... ။

( ၁ ) အနုပညာ သင်တန်းဆရာ ဆို သူ တို့ က တစ်ယောက် ချင်း ၊ နှစ်ယောက် ချင်း ဟို ခေါ် သည် ခေါ် ချိန်းဆို ကောင်း ၊ ချိန်းဆို လာလိမ့် မည် ။ သတိ ကြီးကြီး ထား ။

( ၂ ) အမျိုးသား ဆိုလျှင် ငွေ  အန္တရာယ် ရှိပြီး အမျိုးသမီး ဆို က လူ ပါ အန္တရာယ် ရှိသည်  ။

( ၃ ) ထိုအကြောင်း ၊ ဤ အကြောင်း ပြ၍ ဥပမာ ၊ စာစောင် ထုတ်ရန် ဟူ၍ လည်းကောင်း ၊ စုပေါင်း အလုပ် လုပ်ရန် ဟူ၍ လည်းကောင်း ငွေများ အပုံ ကျ ထည့် ပါ ဟု ဆွယ်ကောင်း ဆွယ်ကြ လိမ့် မည် ။ သတိ ကြီးကြီး ထား ။

ဤလို လူစားများ သည် လိမ်ညာ စားတတ် သည် က လွဲ၍ ပြောင်မြောက် သော အနုပညာရှင် များ ဖြစ်အောင် ဆောင်ရွက်ပေးနိုင် သူများ မဟုတ် ။ 

စေတနာရိုး ဖြင့် သင်ကြား ပေးသူ  တို့ သည် လည်း ဤ လို လိမ်ညာ မစား တတ် ၊ မညစ်ပတ် ၊ မယုတ်မာ ။

    ( ၃ - ၈ - ၈၄ )
   
◾သာဓု

📖 ချယ်ရီ မဂ္ဂဇင်း
      စက်တင်ဘာ ၊ ၁၉၈၄

📖 အနုဝင်္ကဘာ

#ကိုအောင်နိုင်ဦး

.

ပေါစိန် ဆိုတဲ့ သူငယ်ချင်း တစ်ယောက်


 ❝ ပေါစိန် ဆိုတဲ့ သူငယ်ချင်း တစ်ယောက် ❞ 


ကျွန်ုပ် နှင့် သူငယ်ချင်း ခြောက်ယောက် သည် ကံဘဲ့ ရှိ နန်းကြာညို အရက်ဆိုင် တွင် ညနေ ( ၆ ) နာရီ အရောက် ချိန်းဆို ထားကြလေ၏ ။


သူငယ်ချင်း ငါးယောက် မှာ ရန်ကုန် တစ်မြို့တည်း တွင် နေကြသောကြောင့် မကြာခဏ တွေ့ဆုံ ဖြစ်ကြ လေ၏ ။ “ ပေါစိန် ”  ဆိုသော သူငယ်ချ င်း တစ်ဦး သာ လျှင် နယ် သို့ ရောက် နေ သောကြောင့် နှစ်ပေါင်း အတန် ကြာ မတွေ့ဖြစ်ဘဲ ရှိ လေ၏ ။


' ပေါစိန့် ' မှာ အမည်ရင်း မဟုတ် ပေ ။ သူ ၏ အမည် မှာ ‘ မြမောင် ’ ဖြစ်၏ ။ သူ သည် ဆယ်တန်း ကို စိန်ပေါလ်ကျောင်း မှ အောင် လာ သူ ဖြစ်၏ ။ ကျွန်ုပ်တို့ ငါးဦး မှာ မူ အစိုးရ အထက်တန်းကျောင်း မှ အောင်လာကြသူများ ဖြစ်၏ ။ ထို့ကြောင့် “ စိန်ပေါလ် ... စိန်ပေါ လ် ” ဟု ခေါ်ရာ မှ အစ ‘ ပေါ စိန် ’ ဖြစ်သွားလေ တော့၏ ။


သူငယ်ချင်း ငါးဦး စလုံး ဘွဲ့ ရကြ၏ ။ ကျွန်ုပ် တစ်ဦး တည်း သာ လျှင် ဆယ်တန်း မအောင်ဘဲ ကျန်ခဲ့ သူ ဖြစ်၏ ။ ကျွန်ုပ် သည် စာရေးဆရာ ဖြစ် လာ၏ ။ ‘ တာမွေ မှ လျှာရှည် ’ သည် ရဲ အရာရှိ ဖြစ် လာ၏ ။ ‘ ကျောက်မြောင်း မှ ခြောက်စောင်း ’ သည် တိရစ္ဆာန်ရုံ  တွင် လူကြီး တစ်ဦး ဖြစ်လာ၏ ။ စိန်ပေါ မှ ‘ ပေါစိန် ’ သည် စေတုတ္တရာမြို့ ၏ မြို့ပိုင် ဖြစ်လာ၏ ။ ‘ တိုက်ကြီး မှ ဗိုက်ကြီး ’ မှာ ကောက်ပဲသီးနှံရုံး မှ အရာရှိကလေး  ဖြစ် လာ၏ ။ ‘ တောင်ကြီး မှ မောင်ဖြီး ’ မှာ မှောင်ခိုကုန်သည်ကြီး ဖြစ် လာ၏ ။


ပေါစိန် မှ အပ ကျွန်ုပ် တို့ ငါးယောက် စလုံး သည် ရန်ကုန်မြို့ တွင် ရှိ နေသော ကြောင့် မကြာခဏ ဆုံတွေ့ ကြ လေ၏ ။ သုံး ရက် ခန့် က ပေါစိန် တစ်ယောက် ရန်ကုန် သို့ ရုံး ကိစ္စ ဖြင့် ရောက် လာ၏ ။ ထို့ကြောင့် ကျွန်ုပ် တို့ သူငယ်ချင်း ခြောက်ဦး သည် ပြန်လည် တွေ့ဆုံသော အထိမ်းအမှတ် အဖြစ် ‘ နန်းကြာ ညို ’ တွင် သူရမေရိယ သိက္ခာပုဒ် ကို ကျူးလွန် ရန် ချိန်းဆို ထားကြ လေ၏ ။


ကျွန်ုပ် နှင့် လျှာရှည် သည် ဆိုင် သို့ အရင် ရောက်ကြ သဖြင့် စားပွဲ ခုနှစ်လုံး ကို ဆက်ကာ ကုလားထိုင် ( ၆)  လုံး ပတ်ဝိုင်း ထား လိုက် လေ၏ ။ ထို့နောက် လျှာရှည် က ဘီယာများ ၊ ဆော်ဒါများ ၊ ဝီစကီများ ၊ ရေခွက်များ ၊ ဆေးလိပ်ဘူးများ အသင့် မှာ ယူ ၍ စောင့်စား နေကြ လေ၏ ။


ထိုအချိန် မှာ ပင် လျှာရှည် က ကျွန်ုပ် အား ...


“ တို့ အားလုံး က အရက် သောက် ကြ မှာ ၊ မင်း က အရက် မသောက်တဲ့ သူ ဆိုတော့ ဘယ်လို လုပ်မလဲ ” ဟု မေး လေ၏ ။ 


“ မခက်ပါဘူး .... လျှာရှည် ရာ ၊ မင်း တို့ က အရက် သောက်ကြ ၊ ငါ က လိမ္မော်ရည် သောက် မယ် ၊ သူငယ်ချင်းတွေ တွေ့ ဖို့ က အဓိက မဟုတ်လား ကွ ၊ အရက် သောက်ခြင်း ၊ မသောက်ခြင်း က အဓိကမဟုတ်ပါဘူး ” ဟု ကျွန်ုပ် က ပြော လိုက် လျှင် လျှာရှည် က မခိုးမခန့် ပြုံး လေ၏ ။ သူငယ်ချင်း ခြောက်ယောက် ထဲ တွင် ကျွန်ုပ် သည် အရက် မသောက်သူ ဖြစ်၏ ။


အဘယ့်ကြောင့် ဆိုသော် ကျွန်ုပ် သည် စာရေးဆရာ တစ်ဦး ဖြစ် သည့် အပြင် အထက် ဂိုဏ်းဆရာ တစ်ဦး လည်း ဖြစ်သော ကြောင့် အရက် ကို သစ္စာ ဆို၍ ရှောင်ထား ရ၏ ။ ဤသည် အကြောင်း ပြု ၍ သူငယ်ချင်းများ က ကျွန်ုပ် အား ဘိုးဘိုးအောင် ပြီး လျှင် ထွက်ရပ်ပေါက်မည့် ‘ ဘိုးဘိုး လောင် ’ ဟု ခေါ်ကြ လေ၏ ။ တစ်ခါတစ်ရံ တွင် ‘ ကိုလောင် ကြီး ’ ဟု ခေါ်ကြ၏ ။


နေမှာ အတော် စောင်း လာပြီ ဖြစ် သဖြင့် နန်းကြာညို အရက်ဆိုင် ထဲ တွင် အနည်းငယ် မှောင် ၍ လာပြီ ဖြစ်၏ ။ ထို့ကြောင့် ဆိုင် မှ စားပွဲထိုးများ သည် မီးချောင်းများ ကို လျှောက် ၍ ဖွင့် နေ ကြ၏ ။ 


ထိုအချိန်မှာ ပင် ဘောင်းဘီ ပွပွကြီး ကို ဝတ်လျက် ဖိနပ်ရှည်ကြီး ကို စီး ထား ကာ အရပ် မြင့် လျက် ခါး ကိုင်း သော နှာခေါင်း ချွန်ချွန် ၊ ဆံပင် နီနီ ဖြင့် အင်္ဂလိပ်ကပြား ပုံ ပေါက်သော အသက် ( ၆၀ )ခန့် ရှိ အဘိုးကြီး တစ်ဦး သည် ဆိုင် အတွင်း သို့ ဝင် လာ လေ၏ ။ ထို့နောက် ကျွန်ုပ် ၏ စားပွဲ နှင့် အနီးကပ်ဆုံး စားပွဲ တွင် ဝင် ၍ ထိုင်ကာ ရေငတ်ပြေ သောက်သော ‘ လက်ရုံးတံဆိပ် ’ ပေးလ်အေး ဘီယာ တစ်လုံး ကို မှာ လိုက်လေ၏ ။


အဘိုးကြီး နှင့် ကျွန်ုပ် သည် မျက်နှာချင်း ဆိုင် မိ သွား၏ ။ အဘိုးကြီး က သူ ၏ ဘီယာခွက် ကို ကိုင်မြှောက် ၍ ပြရင်း ‘ သောက်ပါဦးလား ’ ဟူသော သဘော ဖြင့် လောကွတ် ပြု လေ၏ ။


ထို့ကြောင့် ကျွန်ုပ် က လက် ကို ကာ ၍ ပြ ရင်း ...


“ နိုးသင့်ခခ် ... ” ဟု ပြန်၍ ပြောလိုက် လေ၏ ။ 


ထိုအခါ အဘိုးကြီး က ...


“ အောင်မယ်လေး ... အင်္ဂလိပ် ယောက်ဖ နဲ့ လာပြီး တွေ့နေရ သေး တယ် ၊ မြန်မာ လို ပြောစမ်း ပါ ငါ့ လူ ရာ ၊ ကပြားတွေ လည်း မြန်မာပြည် မှာ မရှိတော့ပါဘူး ။ အင်္ဂလိပ် လို ဟိုညှပ် ၊ ဒီ ညှပ် ပြော တဲ့ အကျင့်တွေ ပြင်ကြပါစို့ လား ၊ ကျုပ်တို့ တိုင်းပြည် က လည်း လွတ်လပ်ရေး ရတာ ကြာမင့်ပဲ ၊ ကာလံဒေသံ ... အဂ္ဂဓနံ ... တဲ့ တူမောင် ရဲ့ ၊ အချိန်ကာလ နဲ့ မကိုက်ညီတာတွေ လည်း မလုပ် သင့်ဘူးကွယ့် ” ဟု ပြော လေ၏ ။ 


ကျွန်ုပ် လည်း အံ့အား သင့် ၍ သွား၏ ။ မြန်မာစကား ကို ပီပီသသ ၊ နှိုက်နှိုက်ချွတ်ချွတ် ပြော နေ သော အင်္ဂလိပ် မျက်နှာ နှင့် လူကြီး အား ကြည့် ၍  ...


“ အန်ကယ် က ကပြား နော် ” ဟု မေး လိုက်လေ၏ ။


“ လုပ်ပြန်ပြီ ... လုပ်ပြန်ပြီ ၊ ဘယ်ကသာ အန်ကယ် ရ မှာ လဲ ၊ ကျုပ် ... အန် လည်း မအန် သေး ဘူး ၊ ငါ့ လူ က လည်း မကယ်ရ သေးပါဘူး ၊ ဦးလေး လို့ အားရပါးရ ခေါ်လိုက်စမ်းပါ ကွယ် ၊ ပြီးတော့ ... ကပြား ဟုတ်လား .... က လည်း မကဘူး ၊ ပြား လည်း မပြားဘူး ကိုယ့်လူ ရေ ၊ ကျုပ် အဖေ လည်း အင်္ဂလိပ် ပဲ ၊ ကျုပ် ရဲ့ မွေးသမိခင် လည်း အင်္ဂလိပ်မကြီး ပါ ပဲ ၊ ဘယ်နှယ့် ကပြား ဖြစ်ရမှာလဲ ... ဒါပေမဲ့ မွေးတာ က တော့ မြန်မာပြည် ၊ ချောက်မြို့ ၊ ဘီအိုစီဆေးရုံ မှာ မွေး တာ ဗျို့ ၊ အဲဒီတော့ မြန်မာပြည် သား ပေါ့ ၊ အဲဒီ မြန်မာပြည်သား အကျွန်ုပ် သတို့သား ကို မည်တွင် သညာ ခေါ်စရာ ကား ‘ ပီဟင်နရီ ’ ၊ အာယု တစ်ရာ့နှစ်ဆယ် ရှည် စေသော်ဝ်တဲ့ ငါ့ လူ ရေ ” ဟု ရယ်ရွှန်းဖတ်ရွှန်း ဖြင့် မြန်မာဓလေ့ထုံးတမ်း ဇာတာ အခေါ် ကို ပါ ပြောပြ လိုက်ရာ လွန်စွာ ရယ်ဖွယ် ကောင်း လေ တော့၏ ။ သို့ရာတွင် ကျွန်ုပ် က ဣန္ဒြေ ဆောင်နိုင် သေး၏ ။ တာမွေ က လျှာရှည် မှာ မူ တခစ်ခစ် ရယ် နေ လေ၏ ။


“ တူမောင် ကို ပြောရဦးမယ် ၊ ကျုပ် ရဲ့ အမည် က ‘ ပီဟင်နရီ ’ ဒါပေမဲ့ ဟောဒီ နဖူး က ကြက်ခြေခတ် ဒဏ်ရာကြီး ကို အကြောင်း ပြု ပြီး ‘ မစ္စတာခရော့ စ် ’ လို့ ခေါ်ကြတယ် ။ အဲဒါကတော့ ‘ အနွတ္တသညာ ’ ပေါ့ ငါ့လူ ရာ ” ဟု ထို အဘိုးကြီး က ပြော လိုက်လျှင် ...


ကျွန်ုပ်တို့ နှစ်ဦး သည် ထို အဘိုးကြီး ၏ နဖူး ကို ဝင်လာ စဉ် က ပင် ဂရု မထား မိ သော်လည်း ယခု အခါ ၌ ပို၍ စူးစူးစိုက်စိုက် ဂရုထား မိလေ၏ ။


၎င်း ၏ နဖူး ပေါ် တွင် ကြောက်မက်ဖွယ်ရာ နက်ရှိုင်း ကြီးမား သော ကြက်ခြေခတ် အမာရွတ် ကို တွေ့ရ လေ တော့၏ ။ 


ထိုအခါ လျှာရှည် က ... 


“ ဟုတ်ပါ ရဲ့ ၊ အဲဒီ ကြက်ခြေခတ် ဒဏ်ရာကြီး က ... ဘယ်လို ဖြစ်တာတုန်း ” ဟု မေး လေ တော့၏ ။


“ အိုင်အေတန်း ရောက်တဲ့ အခါ မှာ ‘ သိန်းမောင် ’ ဆိုတဲ့ သူငယ်ချင်း နဲ့ လောင်းကြေး စားကြေး အရက် ပြိုင် ပြီး သောက်ကြတာ ... ဆက်ပြီး မသောက်နိုင် တဲ့ လူ ရဲ့ နဖူး ကို မောင်းချဓား နဲ့ လှီးဖြတ် ကြေး လို့ လုပ်ကြတာ ... ကျုပ် က ရှုံးသွားတယ် ။ အဲဒီမှာ သိန်းမောင် က တိုက်မောင်းချ ဓားကြီး ထုတ် ပြီး ကျုပ် နဖူး ကို လှီး ခဲ့တာ ... ဆေးရုံ တောင် တက် ရတယ် ။ သူရသတ္တိ အရင်း ပြုပြီး ရ ခဲ့တဲ့ အမှတ်အသား ပေါ့ ၊ မှန်ကြည့် လို့ ဒီ အမာရွတ် ကို တွေ့တိုင်း ၊ ‘ ငါ ဟာ ယောက်ျား ပီသတယ် ’  စိတ်ကြီး ဝင် ခွင့် ရခဲ့တယ် မောင်တို့ ရေ ” ဟု မစ္စတာ ခရော့စ်ကြီး က ပြောလိုက်

ရာ ...


လျှာရှည် နှင့် ကျွန်ုပ် မှာ သဘောကျ လွန်း ၍ လက်ခုပ် တဖြောင်းဖြောင်း တီး လိုက် လေ၏ ။


ထိုအချိန် မှာ ပင် မော်တော်ကား တစ်စီး ဆိုင်ရှေ့ တွင် လာ၍ ရပ် ပြီး လျှင် ကား ပေါ် မှ ကျွန်ုပ် ၏ သူငယ်ချင်း လေးယောက် ဆင်း ကာ ဆိုင်တွင်း သို့ ဝင် လာချိန် နှင့် တိုက်ဆိုင်လျက် ရှိလေ တော့၏ ။ 


ထို့ကြောင့် ခြောက်စောင်း က ... “ လူ မစုံသေးဘဲ နှစ်ယောက် ထဲ အခမ်းအနား စ နေပြီလား ” ဟုပြော လိုက်လေ၏ ။


ထို့ကြောင့် ကျွန်ုပ် က ..


“ မစသေးပါဘူး ခြောက်စောင်း ရယ် ။ ဟောဒီ အန်ကယ်ကြီး ပြောတာ ကို သဘောကျ လို့ လက်ခုပ် တီးတာပါ ” ဟု ပြော လိုက်လေ၏ ။ သူငယ်ချင်း အသီးသီး လည်း ကု,လားထိုင် အသီးသီး တွင် ဝင်၍ ထိုင်ကြ လေ၏ ။ ထိုအခါ ကျွန်ုပ် က သူငယ်ချင်းများ နှင့် မစ္စတာ ခရော့စ်ကြီး အား မိတ်ဆက် ပေး လိုက်လေ၏ ။ ထိုသို့ မိတ်ဆက် ပေးပြီး လျှင် မစ္စတာခရော့စ် ၏ နဖူး ကို ဝိုင်း ကြည့်ကြ လေ၏ ။ ပေါစိန် မှာ မူ မျက်တောင် မခတ်ဘဲ စိုက် ၍ ကြည့်နေ လေ၏ ။


ထိုသို့ ကြည့်ပြီး နောက် ...


“ ကျောင်းသား ဘဝ ကတည်း က နဖူး မှာ ဒဏ်ရာ ရကြေး လောင်း ပြီး အရက် သောက်တယ် ဆိုတော့ တော်တော် သောက်နိုင်လို့ ပေါ့ ” ဟု တီးခေါက် သကဲ့သို့ မေး လိုက်လေ၏ ။


ထိုအခါ မစ္စတာခရော့စ် က ..


“ ဒီလိုပါ ငါ့ တူ ရယ် ၊ အရက် သောက်ခြင်း ဟာ မကောင်းဘူး လို့ အတိုင်းတိုင်း ၊ အပြည်ပြည် က

ပညာရှိတွေ က ဆုံးဖြတ်ကြ ပါ တယ် ။ အဲဒီလို မကောင်းတဲ့ အလုပ် ကို လုပ်မိတဲ့ နောက် မှာ တော့ မစို့မပို့ မလုပ်တော့ဘူး ။ နည်းနည်း လေး ဖိဖိစီးစီး ထိထိရောက်ရောက် လုပ်တဲ့ သဘောပါပဲ ။ တစ်တက်စား လည်း ကြက်သွန် ၊ နှစ်တက်စား လည်း ကြက်သွန် မဟုတ်လား ... မောင်ရင်တို့ ရေ

” ဟု ပြော လိုက်ရာ ...


ပေါစိန် က မခိုးမခန့် ပြုံး လျှက် ... 


“ အန်ကယ် ... ရမ် နှစ်ပုလင်း သောက်နိုင်သလား ” ဟု မေး လိုက် လျှင် ...


မစ္စတာခရော့စ်ကြီး က ...


“ လူ ကို ရေနံဆီသံပုံး ကို မေးသလို မမေးစမ်းပါနဲ့  ၊ ရေနံဆီ သံပုံး ဆို ရင်တော့ ဘယ်နှပုလင်း ဆန့်သလဲ လို့ မေးခွင့် ရှိပါတယ် ... လူ ကျတော့ ဒီလို မမေးသင့် ဘူးလေ ... ကိုယ် ကြိုက်တဲ့ ပစ္စည်း များ ဆိုရင် အများကြီး သောက်နိုင် တာ ပေါ့ ။ လောင်းကြေးစားကြေး ဆိုရင် တော့ သောက်နိုင်တာ ထက် ပိုပြီး နည်းနည်းလေး ကြိုးစားပြီး သောက် မှာ ပေါ့ ။ အပို စကား တွေ ပြောတာ နား ကလော ဖို့ ကောင်းပါတယ် ... တူမောင် ရယ် ။ တူမောင် နဲ့ ဦး နဲ့ မြင်မြင် ချင်း ဆောက် နဲ့ ထွင်း ဆိုသလို မဖြစ်ရ လေအောင် ပြိုင်ပွဲလေး လုပ် လိုက်ကြရအောင် ” ဟု မထိတထိလေး စိန်ခေါ် လိုက်ရာ ပေါစိန် မှာ လွန်စွာ မခံချင်စိတ် ကြီးမားသူ ဖြစ်သည့် အလျောက် ... 


“ စိန်ခေါ် ရင်တော့ ... တိမ် ပေါ် အထိပဲ လူကြီးမင်း ရေ ၊ ကျွန်တော် က လည်း အတော် သောက် နိုင်တာနော် ။ ဘာကြေး လောင်းမလဲ ၊ လုပ် လိုက် လေ ” ဟု ပြော လိုက်လေတော့၏ ။


ထိုအခါ အဘိုးကြီး က ...


“ရှုံးတဲ့ လူ ရဲ့ နဖူး ပေါ် မှာ ဓားမြှောင် နဲ့ ကြက်ခြေခတ် ထွင်း ကြေး မကောင်းဘူးလား ။ ကျုပ် ရှုံး ရင် ကျုပ် နဖူးပေါ် မှာ ဒပ်ဘယ်လ် ခရော့စ် ဖြစ်သွားမယ် ။ ဘယ်လောက် ကြည့်ရ ဆိုး သွား မလဲ ၊ ဟဲ ... ဟဲ  ၊ ဒါပေမဲ့ ကျုပ် က မောင်ရင့် ရဲ့ စိန်ခေါ်မှု ကို လက်ခံပါတယ် ” ဟု ပြောလိုက် ရာ  ...


ပေါစိန်ကြီး သည် ရှူးရှူးရှားရှား ဖြစ်သွား လေ တော့၏  ။ သို့ရာတွင် ကျွန်ုပ် တို့ သူငယ်ချင်းများ က နှစ်ဖက်စလုံး ကို တောင်းပန် ၍ ထို ပြိုင်ပွဲ မပြုလုပ်ရန် ပြောကြ လေ၏ ။


သို့ရာတွင် အဘိုးကြီး က .... 


“ ရပါတယ် ၊ ရပါတယ် ... ကျေနပ် မှ လောင်းတာပေါ့ ။ ဒါပေမဲ့ မောင်ရင် တို့ ရဲ့ သူငယ်ချင်း ကို မရဲဘဲ နဲ့ ကျွဲပြဲ မစီး ဖို့ တော့ ကြိုပြီး ပြောပေးပါ ။ ပြီး တော့ ကိုယ့် ကိုယ် ကိုယ် လည်း ပြန် ကြည့်ဦး ။ ခတ်ကျွဲ မှန်ရင် ချိုရာ ရှိ ရတယ် ။ ချို ရာ မရှိဘဲ ခတ်ကျွဲ လို့ တော့ မကြွားနဲ့ ။ ပြီးတော့ ပြော လိုက်ဦးမယ် ။ အသည်း မကောင်းဘဲ နဲ့ ပွဲ မတောင်းရဘူး ” ဟု ပြော လိုက်လျှင် ပေါစိန် သည် မခံချင်စိတ်များ ငယ်ထိတ် သို့ ရောက်လာသော ကြောင့် ‘ ဝုန်း ’ ခနဲ ထ လိုက်လေ၏ ။ ထို့နောက် ကျွန်ုပ် တို့ ဘက် လှည့်ကာ ... 


“ သူငယ်ချင်းတို့ မတားကြနဲ့ ကွာ ။ ဒီ အဘိုးကြီး ပြော တာ ငါ မခံနိုင်ဘူး ။ လောင်းမယ် ” ဟု ပြောရာ ...


အဘိုးကြီး က ပြုံး လျက် ...


“ မင်းတို့ အထဲ မှာ ဒီကောင် ဟာ မြန်မာ အစစ်ကွ ။ သွေး ကောင်းတယ် ။ ဒီလို သွေး ကောင်း တဲ့ ယောက်ျား နဲ့ ငါ့ သမီး နဲ့ တောင် ပေးစား လိုက်ချင်တယ် ” ဟု ပြော ၍ ရမ် တစ်လုံး စီ မှာ ပြီး လျှင် မိမိ ဖန်ခွက် အတွင်း သို့ မိမိ ငှဲ့ ကာ တစ်ခွက် ပြီး တစ်ခွက် မော့ကြလေ၏ ။


ပေါစိန်ကြီး သည် ရမ်တစ်လုံး  ကုန်ခါ နီး တွင် အတော် မူး နေပြီ ဖြစ်၏ ။ မစ္စတာ ခရော့စ်ကြီး မှာ မူ ရမ် တစ်လုံး ကုန် ၍ နောက် တစ်လုံးမှာ သည့် အချိန် အထိ မူး သည့် အရိပ်အယောင် မတွေ့ရ သေးပေ ။


ပေါစိန် သည် ပုလင်း အတွင်း မှ လက်ကျန် အရက်များ ကို ဖန်ခွက် အတွင်း သို့ ငှဲ့ ၍ ထည့်လိုက် လေ၏ ။


ထိုအခါ အဘိုးကြီး က ...


“ ဟုတ်ပြီ မောင်ပေါစိန် ၊ ကြိုးစားလိုက် ၊ ကြိုးစား လိုက် ” ဟု အားပေး လေ၏ ။


ပေါစိန် လည်း ဖန်ခွက် ကို ကောက်၍ မော့ချ လိုက်၏ ။


ထိုအခါ မစ္စတာခရော့စ်ကြီး က လက်ခုပ် တီး ပေး၏ ။ ပြီးလျှင် ၎င်း သည် အသစ် ရောက် လာသော ပုလင်း ကို ဖွင့် ၍ ဖန်ခွက် အတွင်း သို့ အရက် အပြည့် လောင်း ထည့် လိုက် လေ၏ ။


ထိုအချိန် မှာ ပင် ဆိုင် တွင်း သို့ လူ ငါးဦး ခန့် ပြေးဝင် လာ၏ ။ ထို ငါးဦး ထဲ တွင် ရဲအရာရှိ တစ်ဦး လည်း ပါ လာ၏ ။ ကျွန်ုပ်တို့ နှင့် ရွယ်တူ သော မိန်းကလေး တစ်ဦး လည်း ပါ လာ၏ ။ မိန်းကလေး က သူ ၏ အနီး မှ လူ အား ... 


“ ဒေါက်တာ ... ဟိုမှာ ဟိုမှာ လူနာ ကို တွေ့ပြီ ” ဟု ပြော လေ၏ ။


လူငယ် တစ်ဦး က လည်း ပြေးလာ ပြီး လျှင် အဘိုးကြီး ရှေ့ မှ အရက် ဖန်ခွက် ကို ယူ၍ နံရံဘက် သို့ လှမ်း ၍ သွန်ပစ် လိုက် လေ၏ ။ ပြီးနောက် ကျွန်ုပ်တို့ ကို တောင်းပန် လေ၏ ။


“ စိတ် မရှိပါနဲ့ ဗျာ ။ ဒါ  ကျွန်တော့် အဖေ ပါ ။ အရက် သောက် လွန်း လို့ စိတ်ရောဂါ ဆေးခန်း ရောက် နေတာပါ ။ ဟောဒါက ကျွန်တော့် ဦးလေး စိတ်ရောဂါကု ဆရာဝန်ကြီး ပါ ။ သူ့ ဆေးခန်း မှာ တင် ထားတာပါ ။ ဒီ အစ်မ က သူ့ ကို စောင့်ရှောက် ရတဲ့ နာ့စ် ပါ ။ 


အဖေ ဟာ အရက် သောက်ရင် သွေး ဆိုးတယ် ။ ကောင်းကောင်း မသောက်ဘူး ၊ တွေ့ တဲ့ လူ နဲ့ ပြိုင်ပြီး သောက်တယ် ။ သူ့ လောက် မသောက်နိုင်ဘူး ဆို ရင် အဲဒီ လူ ရဲ့ နဖူး ကို ဓားမြှောင် နဲ့ ကြက်ခြေခတ်ကြီး ခတ် ပစ် လေ့ ရှိတယ် ။ သူ့ မှာ လည်း ဓားမြောင် အမြဲတမ်း ပါတယ် ” ဟု ပြောလိုက် ပြီး လျှင် အဘိုးကြီး ၏ အိတ် အတွင်း မှ ဓားမြှောင် ကို နှိုက် ၍ စားပွဲ ပေါ် သို့ ပစ်တင် ကာ အားလုံး ကို ပြ လိုက် လေ၏ ။


ဓားမြှောင် မှာ အသွား ( ၆ ) လက်မ ခန့် ရှိ၏ ။ ကျွန်ုပ် လည်း ကောက်ယူ ၍ ကြည့် လိုက်ရာ လွန်စွာ ချွန်၍ လွန်စွာ ထက် ကြောင်း တွေ့ ရ လေ၏ ။ အဘိုးကြီး သည် သူ ၏ သား က အတင်း ဆွဲနေ သဖြင့် ထိုင်ရာ မှ ထ လိုက် သော်လည်း စားပွဲ ပေါ် မှ အရက် ပုလင်း ကို လှမ်း ၍ ယူ ပြီး လျှင် တရမန်းကြမ်း မော့ ချ လိုက် လေ၏ ။ ထို ပုလင်း မှာ အရက် တစ်ဝက် ကျော် ခန့် ကျန် သေး၏ ။ ပြီးလျှင် ပုလင်း ကို ပြန်ချ ၍ နှုတ်ခမ်း ကို သုတ် ကာ ကျွန်ုပ်တို့ ဘက် လှည့်ပြီး လျှင် ... 


“ ဂွတ်ဒ်အီးဗီးနင်း ၊ အဆုံးမသတ် နိုင်တဲ့ ယမကာ ညနေခင်း ပဲ မောင်တို့ ရေ ... ” ဟု နှုတ်ဆက် လက်ပြ ကာ လိုက်ပါ သွား ရ ရှာလေ၏ ။


အဘိုးကြီး ထွက်သွားသည် နှင့် ပေါစိန်ကြီး အား ကြည့် လိုက်ရာ စားပွဲ ပေါ် တွင် မှောက် လျက် မူးယစ် မေ့မျော သွားပြီ ဖြစ်၏ ။ 


ထို့ကြောင့် လျှာရှည် က


“ ဟိုဘက် က အချိန်မီ ရောက် လာ လို့ ပေါ့ကွာ ။ ရောက် မလာရင်  ပေါစိန် ရှုံးပြီ ။ ဟို အဘိုးကြီး က နောက်ထပ် တစ်ပုလင်း နီးနီး မော့ ချ သွား သေးတယ် ။ ဘာမှ မဖြစ်ဘူး ။ ဒီမှာ ပေါစိန် က  မသောက်နိုင်ဘူး ။ ဘာမှ လည်း မသိတော့ဘူး ။ ရှုံးပြီ ... ရှုံးပြီ ... ရှုံး ရင် နဖူး မှာ ကြက်ခြေခတ် ဖြစ်သွားမှာ နော် ၊ ကံသီ ပေ လို့ပေါ့ ” ဟု ပြောဆို လိုက်ချိန် ၌ ပင် ကျွန်ုပ်တို့ သည် ပေါစိန်ကြီး ၏ ခန္ဓာကိုယ် အတ္တဘော ကို ဝိုင်းဝန်း ၍ မ ကာ ကား ပေါ် သို့ တက်ကြရ လေတော့၏ ။


ထိုနေ့ ညနေက ကျွန်ုပ် အားလုံး အရက် မသောက်ဖြစ်ကြပါ  ။


သဗ်ဗသေတ်တာ ကမ်မဿကာ 


◾မင်းသိင်္ခ


📖 ဖတ်စရာ ဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.

Thursday, June 29, 2023

ကြီးလာ‌လေ‌ ကြောက်တတ်လာ‌လေ


 

❝ ကြီးလာ‌လေ‌ ကြောက်တတ်လာ‌လေ ❞
‌ 
တစ်‌နေ့ ကျွန်‌တော် ၊ ပဲ‌ကြော် ပြောင်ကြီး ၊ အရက်‌ ရွှေနား‌ပေ ၊ ပါ‌လေရာ ဦးနား‌ဝေး တို့ သည် လက်ဖက်ရည်ဆိုင် တွင် လူ စု မိကြ‌လေ၏ ။

“ ကျုပ် က‌ တော့ ကြီးလာ‌ လေ‌လေ ‌ကြောက်‌ လေ‌လေပဲ ”

အရက်ချက်စက်ရုံ ပိုင်ရှင် ‌ရွှေနား‌ပေ က ‌ကောက်ကာငင်ကာ  စကား စ‌ လေ၏ ။

“ မဟုတ်မှ လွဲ‌ရော ၊ မင်း အရက် ထဲ မဟုတ်က ဟုတ်က‌ တွေ ထည့်‌ ချက်ပြီ နဲ့ တူတယ် ”

“ မဟုတ်ရပါဘူးကွာ ”

“ ‌အေး ...  မင်း ဘက် က  ‌နောက်‌ကြောင်း ရှင်း ရင် ဘာမှ‌ ကြောက်စရာ မလိုပါဘူး ကွာ ၊ မသမာတာ လုပ်မိရင် ‌နောက်‌ကြောင်း ရှုပ်ခဲ့ ရင် သာ ‌ကြောက်စရာ လိုတာပါ ကွာ ”

ကျွန်‌တော် က လူတတ်ကြီး လုပ်ပြီး တရား ချ‌ လေ၏ ။

“ ငါ လည်း ‌ရွှေနား‌ပေ လို ပဲကွ ၊ ကြီး လာ‌ လေ ‌ကြောက်‌ လေ ပဲ ”

“ ဟ ... ဘယ်လိုများလဲ ကွာ ၊ ပြောင်ကြီး ”

ဦးနား‌ဝေး က ဝင်‌ ထောက်၏ ။ ပဲ‌ကြော်ပြောင်ကြီး က လည်း ကြီး လာလို့ ‌ကြောက် သတဲ့ဗျာ ။ လာပြန်ပြီ တစ်‌ယောက် ၊ သူ က ပဲ‌ကြော်သမား ၊ ဆီ မဟုတ်တာ‌တွေ နဲ့ ‌ဆော်ခဲ့မိပြီ ထင်တယ် ။ အရက်ချက်သမား က လည်း ‌ကြောက် ၊ ပဲ‌ကြော်သမား က လည်း ‌ကြောက် ၊ ‌နောက်ဆုံး ကျွန်‌တော့် အလှည့် ‌ရောက် လာ‌လေ၏ ။ မင်း သ‌ဘော က ဘယ်လိုလဲ ဟူ‌သော အကြည့် ဖြင့် ကျွန်‌တော့် ကို ဝိုင်း ကြည့် ကြ‌လေ၏ ။

“ ဟီး ဟီး  ငါ လည်း ‌ကျော ထဲ စိမ့် သလိုလိုပါပဲ ကွာ ”

သူတို့ စကား‌ နောက် သံ‌ယောင် လိုက် လိုက်၏ ။ သူတို့ သ‌ဘော ကို သိလို ‌သော‌ ကြောင့် ။

“ ဟဲ ... ဟဲ ... ချမ်းသာ နင် လည်း အနူနူပဲ မဟုတ်လား ”

ကျွန်‌တော့် ကို ဝိုင်း နွှာ ကြ‌လေ၏ ။

“ စကား ကို ရှင်း‌အောင် ‌ပြော ကြကွာ ၊ ဘာ ကို‌ ကြောက် တာလဲ ”

“ ‌ဟေ့‌ကောင် ချမ်းသာ မင်း လည်း သိသားပဲ ၊ ငါ ဆို ပဲကြီး တစ်တင်း ၆၅ ကျပ် ကတည်း က အ‌ကြော်‌ လောက ထဲ  ‌ရောက် လာတာ ၊ အခု ပဲကြီး တစ်တင်း ၈၅၀ဝ ကျပ် ၊ မင်း စဉ်းစား ကြည့် ”

“ ဟ ... ဒါ‌တော့ ‌ရေမြင့် ကြာမြင့်‌ ပေါ့ကွ ၊ ပြောင်ကြီး ရ ”

“ အဲဒါ အ‌ပြောပါ ကွာ ၊ တကယ် လက်‌တွေ့ မှာ အဲဒီလို သိပ် မဟုတ်‌တော့ဘူး ကွ ၊ မင်း အ‌ကြော်ကုန်း လာ ကြည့်စမ်း ၊ မီးခိုး တိတ်‌ နေပြီ ”

အ‌ကြော်ကုန်း ဆိုသည် မှာ ပဲ‌ကြော် ပဲ‌လှော်သမားများ ကြော်ကြ‌ လှော်ကြ မီးခိုး တလူလူ ညှော်နံ တသင်းသင်း ၊ ခွေး တစ်စီစီ ၊ က‌လေး တဆူဆူ နေ‌သော တောင်ကုန်းက‌လေး ခင်ဗျာ့ ၊ ‌အောင်လံမြို့ အ‌ရှေ့‌မြောက်ဖျား က ကုန်းက‌လေး ။

“ နို့ မင်း အ‌ကြော်ဖို က‌ ကော ”

သိချင် သဖြင့် ကျွန်‌တော် က စကား‌ ထောက် ။

“ ငါ အထိပ်ထိပ် အပျာပျာ ဖြစ်‌ နေတာ အဲဒါပဲ ကွ ၊ မင်းတို့ သိတဲ့ အတိုင်းပဲ ၊ ငါ့ လုပ်ငန်း မှာ အလုပ်သမား‌တွေ အများကြီးပဲ ၊ ဆီ ၊ ပဲကြီး ကုန်ကြမ်း‌တွေ က ‌ဈေးမြင့် ၊ ကုန်‌ချော ကျ‌ တော မြှင့်ချင် တိုင်း မြှင့် မရ ၊ ရပ်ထား ပြန် ရင် လည်း အိတ် ထဲ က ပါ ဦးမယ် ၊ ဘယ်‌လောက် ကြာရှည် အပါ ခံနိုင် မှာလဲ ကွာ ၊ ‌မောင်ချမ်းသာ  မင်း စဉ်းစား ကြည့် ”

“ ‌ဟေ့‌ကောင် ‌ရွှေနား‌ပေ ၊ မင်း အရက်ဖို‌ ကော အ‌ခြေအ‌နေ ဘယ်လို ”

“ ဘာ ထူးမှာလည်း ကွာ ၊ ပြောင်ကြီး လို‌ ပေါ့ ”

ကျွန်‌တော် သည် လက်ဖက်ရည်ဆိုင် က မသဒ္ဓါ‌ရေစာ လာ ချ‌ ပေး‌သော ရေ‌နွေးကြမ်း ကို အလိုက်ကမ်းဆိုး မသိ တစ်ခွက် ပြီး တစ်ခွက် ငှဲ့ ငှဲ့‌ သောက်ရင်း အ‌တွေးနယ် ချဲ့မိ‌ လေ၏ ။ 

မြေပဲဆား‌လှော် လုပ်ငန်း က   ၁၉၈၉  ခုနှစ် ဖေ‌ဖော်ဝါရီလ ၁၉ ရက်‌ နေ့ က စတင် လုပ်ခဲ့ပါ၏ ။  ငါးပိရည် ကျို‌သော ဒန်ဒယ်အိုးက‌လေး ဖြင့်  စတင်‌ လှော် ခဲ့ပါ၏ ။ တစ်‌နေ့ မှ နို့ဆီဘူး နှစ်ဘူး သာ လှော် နိုင်ခဲ့ပါ၏ ။ လက်ထွင်‌ မြေပဲဆန် တစ်ပြည် ၃ဝ ကျပ် ၊ တစ်တင်း ၄၆ဝ ကျပ် ။ ဆား တစ်ပိဿာ တစ်ကျပ် ၅ဝ ပြား ၊ နှစ်ကျပ် ။ ထင်း တစ်ကျပ်ဖိုး ဆို ပုတ်‌ တောင်းကြီး တစ်လုံး မထမ်းနိုင်‌အောင် ရတာဗျာ ၊ အလုပ်သမား မရှိ ၊ မိသားစု လုပ်ငန်းက‌လေး ၊ ‌လှော် ၊ ဝိုင်းထုပ် ၊ လိုက်‌ရောင်း ။

‌ဟော အခု ဗျာ ၊ ဆား တစ်ပိသာ ၉ဝ ကျပ် ၊ မြေပဲခွံ ကား တစ်စီး ၁၅၀၀ဝ ( တစ်‌သောင်းငါး‌ထောင် ) ၊ မြေပဲ လက်ထွင် လုံးဆန် တစ်တင်း ၁၈၀၀၀ ( တစ်‌သောင်းရှစ်‌ထောင် ) တဲ့ ဗျာ ။ လုပ်ငန်း‌ သေး တုန်း က အလုပ်သမား မရှိ ၊ ကိုယ့် မိသားစု ချည်း သိပ် ကိစ္စ မရှိ ။ အခု ကိစ္စ ရှိတယ် ဗျာ့ ၊ လုပ်ငန်း နည်းနည်း ကြီး လာ‌တော့ အလုပ်သမား ဆိုတာ ရှိ လာတယ် ၊ သူတို့ ရဲ့ စားဝတ်‌နေ‌ရေး ဆိုတာ ရှိ လာတယ် ။ ရပ် ထားရ မလား ၊ ဆက် သွားရ မလား ၊ အခြား လုပ်ငန်း တစ်ခု ခု ကိုပြောင်းရ မလား ၊ အမျိုးမျိုး စဉ်းစားရ တာ ဗျာ ။

ပြောင်ကြီး အ‌ကြော်ဖို ဆို ဗျာ နည်းတဲ့ လူ‌တွေ မှ မဟုတ်တာ ။ ပဲ‌ဆေး ၊  ပဲ‌ကြော့ ၊ ပဲ‌ရွေး ၊ ပဲထွတ် ၊ (‌ ရေစိမ် ထားတဲ့ ပဲကြီး‌စေ့ ကို လက်ညှိး လက်မညှပ် ၍ အခွံ ချွတ်သည် ကို ပဲထွတ်သည် ဟု‌ ခေါ်သည် ။ လက်ထွက် သည် အ‌ကြော် မှာ အလှဆုံး ) ၊ အ‌လှော်သမား ၊ အ‌ကြော်သမား ၊ ထုပ်ပိုး ထည့်သွင်း ၊ ထမ်းတင် ထမ်းချ ၊ အလုပ်သမား‌တွေ အားကြီး ဗျာ ၊ သူတို့ အ‌ရေး ဟာ ကိုယ့် အ‌ရေး‌ ပေါ့‌ နော် ၊ တကယ်တမ်း ကျ‌တော့ ... ။

‌ရွှေနား‌ပေ ရဲ့ အရက်ဖို ( အရက်ချက်စက်ရုံ ) မှာ လည်း လူ‌တွေ အများကြီး‌ ပေါ့ ဗျာ ။ လုပ်ကိုင်လှုပ်ရှား မှီခို အားထား‌ နေကြတာ ။ ကြီး လာ‌လေ ‌ကြောက်တတ် လာ‌လေ ဆိုတာ အမှန်‌ပေါ့ ဗျာ ၊ လုပ်ငန်းကြီး ကြီး လာပြီ ဆို သည် လုပ်ငန်း  လည်ပတ် နိုင်‌အောင် ကို  မနည်း ရုန်းကန် လှုပ်ရှား ကြရတာကလား ဗျာ ၊ လုပ်ငန်း ကြီးလာ‌လေ ပိုင်ရှင်‌ ခေါင်းကြီး လာ‌လေပဲ ဗျို့ ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

ခေတ်သစ် မိဘ မေတ္တာ


 

❝ ခေတ်သစ် မိဘ မေတ္တာ ❞

တစ်မနက်ခင်း ( ၁၀ ) နာရီ အချိန် ခန့် သာသာ တွင် အိမ်နီးချင်း စာရေးကြီး ကိုလှကြည် ကျွန်တော့် ထံ ပေါက် လာပြီး “ ခင်ဗျား တော့ ဒုက္ခ ရှာရဦးမှာပဲ ဗျာ ။ ကျွန်တော့် မိန်းမ ဆေးရုံ က ပြန်ခေါ် ချင် လို့ တစ်ဆိတ် ကားကလေး မောင်း ပေး နိုင် ရင် လိုက် မောင်း ပေးစမ်းပါ ဗျာ ” ဟု အလောတကြီး လာ ပြော ပါသည် ။ သူ့ မိန်းမ ဘယ်တုန်း က ဆေးရုံ တက် ရပြီး ၊ ဘာ့ကြောင့် တက် ရကြောင်း စသည်တို့ ကို ဘာ တစ်ခု မှ အကြောင်းစုံ မသိရသေး သည့် ကျွန်တော့် မှာ ခပ်ကြောင်ကြောင် ပင် ဖြစ်နေ မိ၏ ။

“ နေပါဦး ကိုလှကြည် ရ ၊ အလန့်တကြား ... ခင်ဗျား မိန်းမ ဘာဖြစ်လို့ ဆေးရုံ တက် ရတာလဲ ”

“ အို ကိုယ်ဝန် ပျက်ကျ လို့ သားဖွားခန်း သွား တင်ရတာပါ ဗျာ ၊ အခု ကိစ္စ ပြီးစီး သွား လို့ အိမ်ပြန် ခေါ်ချင် လို့ပါ ။ ကား ကတော့ ဟိုဘက် အိမ် က ကား ပြောပြီး ပါပြီ ။ တက်စီ ငှား ရရင် တော်တော် ကျမှာမို့ အိမ်နီးချင်းတွေ ဒုက္ခ ရှာ ရတော့ တာပါပဲ ဗျာ ။ အခုပဲ သားဖွားခန်း သုံးလေး ရက် တင် ထားတာ ငွေ တော်တော် ထွက်သွားပြီ ”

ထိုအခါ ကျမှပင် အကျိုးအကြောင်း စုံ သိ ရ သလောက် ရှိသွား ပါသည် ။ ကိုလှကြည် မှာ မြန်မာပြည် မီးရထားရုံး မှ စာရေးကြီး တစ်ဦး ဖြစ်၍ လခ နှစ်ရာ ခန့် ရသူ ဖြစ်၏ ။ သူ့ တွင် အခါလည်ကျော် နီးပါးခန့် သားယောက်ျားကလေး တစ်ယောက် ရှိ၍ ယခု ပျက်ကျရသည့် ကိုယ်ဝန် မှာ ဒုတိယမြောက် ကလေး ပင် ဖြစ်ပေ လိမ့်မည် ။ မော်တော်ကား ငှားရမ်း သည့် သူ မှာ လည်း ကျွန်တော်တို့ နှင့် အိမ်နီးချင်းများ ပင် ဖြစ်၍ ယောက်ျား ရော မိန်းမ ပါ အစိုးရ အမှုထမ်းများ ဖြစ်ကာ အိမ်ပိုင် ၊ ကားပိုင် စသည်တို့ နှင့် တင့်တင့်တယ်တယ် နေနိုင်သူများ ဖြစ်လေသည် ။ ခင်ပွန်း သည် ကိုခင်အုန်း မှာ ကောက်ပဲသီးနှံ ရောင်းဝယ်ရေး ဘုတ်အဖွဲ့ မှ အမှုဆောင် အရာရှိကလေး ဖြစ်၍ ၊ ဇနီးသည် မတင်လှလှ မှာ အတွင်းဝန်များရုံး မှ ရုံးဝန်ထောက် ဖြစ်၏ ။

မကြာမီပင် ကျွန်တော် သည် အဝတ်အစား ကောက်ကာ ငင်ကာ လဲ ပြီး၍ ကား ငှားမည့် အိမ်ဘက် နှစ်ယောက် သား ထွက် ခဲ့ ကြပါသည် ။ ထို နေ့ က အိမ်ရှင်မ မတင်လှလှ မှာ ရုံး သွားဟန် မတူပါ ။ ခြောက်လသား ရွယ် နို့စို့ကလေးငယ် ကို ပွေ့ချီရင်း -

“ ကဲ … ကဲ ကား မှာ သော့ တပ်လျက်ပဲ ။ ယူ သာ ယူ သွားကြပါ ။ ဒီ ကနေ့ ဒရိုင်ဘာ က ရုတ်တရက် နေ မကောင်းလို့ မောင့် ကို ရုံးလိုက် ပို့ပြီး ခွင့်ယူ ပြန် သွားတယ် ။ နို့မို့ရင် ဒီ က ကိုမင်းရှင် ကို ဒုက္ခ ရှာဖို့ လို မှာ မဟုတ်ဘူး ။ ဒီလိုပေါ့ ရှင် ၊ အိမ်နီးနားချင်းတွေ ဆိုတာ တစ်ဦး ကို တစ်ဦး ကိုယ် တတ် နိုင်တဲ့ ဘက် က ကူညီ စောင်မ ကြရစမြဲပေါ့ ” ဟု ထွက် ၍ ပြောပါသည် ။ ကိုလှကြည် က လည်း ကျေးဇူးတင် စကားများ ပြောကြား ပြီး နောက် ကျွန်တော်တို့ နှစ်ယောက် ကိုခင်အုန်း ၏ လင်းရိုဗာ ကားအဖြူကလေး ဖြင့် သားဖွားခန်း ရှိရာ သို့ မောင်းနှင် ထွက်ခဲ့ကြပါသည် ။ စ ထွက်စ အချိန် ၌ ကိုလှကြည် မှာ စကား တစ်ခွန်း မှ မပြောဘဲ တစ်စုံတစ်ခု ကို တွေးတော နေပုံ ရ ပါသည် ။ ကျွန်တော် က စ၍ -

“ ကလေး က ဘယ်နှလ နဲ့ ပျက်ကျ ရတာလဲ ကိုလှကြည် ရ ” ဟု တိတ်ဆိတ်မှု ကို ဖြိုခွင်း မေး လိုက်ပါသည် ။ ကိုလှကြည် က ချက်ချင်း ပြန် မဖြေပါ ။ သူ့စိတ်၌ တစ်စုံ တစ်ခု ကို ထုတ်ပြောသင့် ၊ မပြောသင့် စဉ်းစားနေဟန် တူ၏ ။ နောက်မှ -

“ ကိုမင်းရှင် ကို တော့ ဖုံးကွယ် ထားရမယ့် လူ လည်း မဟုတ်ပါဘူး ဗျာ ။ ကျွန်တော် လည်း ကိုယ့် အဖြစ် ကိုယ် ညာ မနေချင်တော့ပါဘူး ။ အမှန်က မကျင်ရီ ကလေး ပျက်ကျ ရတာ မဟုတ်ပါဘူး ။ တမင်တကာ ကို ဖျက်ချ ပစ် လိုက်တာပါ ။ ကိုယ်ဝန် က နှစ်လ နီးပါးတောင် ရှိပြီ ” ဟု စကား နှင့် သက်ပြင်း ရောထွေး ၍ ပြောချ လိုက်သည် ။

ကျွန်တော့် မှာ ရုတ်တရက် ယောင်၍ ပင် စုတ်သပ် လိုက် မိပြီး မှ အားတုံ့ အားနာ ဖြစ်သွား မိ၏ ။ ဤခေတ် ဤအခါကြီးတွင် လူ တကာ ကလေး တားဆီးနည်း ၊ ကလေး ဖျက်ချနည်း မျိုးစုံ တို့ ဖြင့် ကလေး မရရန် ကြိုးပမ်း နေချိန်မျိုး ၌ ကိုလှကြည် တို့ အဖြစ်အပျက် မှာ မဆန်းလှသည် မှန် သော်လည်း ၊ ကျွန်တော် ၏ စိတ်ရင်း ၌ ဤ ကိစ္စမျိုး ကို စက်ဆုပ် ရွံရှာဖွယ်ရာ အကောင်းဆုံး ဟု နှလုံးပိုက် ထား မိသည် ဖြစ်သော ကြောင့် ဟန် မဆောင် နိုင်တော့ဘဲ စုတ် သပ် လိုက်မိခြင်း ဖြစ်ပါသည် ။ ဤ အဖြစ်အပျက်မျိုး တို့ ကား ယခုတလော ရိုး မတတ် ပင် ရှိခဲ့ပါပြီ ။ ဘယ် အိမ်ထောင်စု နှင့် တွေ့ လိုက် တွေ့လိုက် ကိုယ်ဝန် ဆောင် ပြီးသား ကလေး ကို ဖျောက်ဖျက် လိုသူများ အတွက် နိုင်ငံခြား ဆေးဝါးမျိုးစုံ တို့ဖြင့် ဖျက်ချနည်း ၊ ဆရာဝန် ထံ သွားရောက် ဖျက်ချစေနည်း တို့ ကို လည်းကောင်း ၊ ကလေး ဆို ၍ လေသံ မျှ ပင် မကြား လိုသူများ အတွက်လည်း ယောက်ျား များ အနေ နှင့် အကြော ဖြတ်၍ တားဆီးနည်း ၊ မိန်းမများ သားအိမ် ထုံး ၍ တားဆီးနည်း ၊ ဓမ္မတာ ရာသီလာချိန် ကို ဂဏန်းသင်္ချာ အားဖြင့် တွက်ချက် ၍ တားဆီးနည်း စသည့် ကိုယ်ဝန် တားဆီးနည်း ပေါင်းစုံ ကို လည်းကောင်း ကြားရ ၊ သိရ ပါသည် ။

တစ်အိမ်ထောင် နှင့် တစ်အိမ်ထောင် ဆုံတွေ့ ကြ လျှင်လည်း ကလေး ပေါများသူ ချင်း ဖြစ်ပါက “ ဘယ့်နှယ် ၊ ဆေးရုံကြီး သွား လုပ် လိုက်ရင် တစ်ည ပဲ ငြိမ်ငြိမ် နေရ သတဲ့ ။ သိပ် လွယ်ကူဆိုပဲ ” စသည်ဖြင့် အကြံပေး ဉာဏ်ပေး သလိုလို ၊ အဖော် ညှိ သလိုလို နှင့် ပြောဆို တတ်ကြ သေးသည် ။

ထို တလော တွင် ကျွန်တော်တို့ စာရေးဆရာ တစ်စု တွေ့ ဆုံမိကြလျှင် ပင် ဤကဲ့သို့ ကိုယ်ဝန် တားဆီးနည်းများ နှင့် ပတ်သက်၍ ဇာတ်လမ်း ဖန်တီး ရေးသားကြရန် တိုင်ပင် နှီးနှောမိကြ သေး၏ ။ ထိုကဲ့သို့ စကား စပ်မိ ကြရင်း က ကျွန်တော့် တွင် ဇာတ်လမ်းကလေး တစ်ခုပင် ရမိ သေး၏ ။ လင်ယောက်ျား တစ်ယောက် ၊ ကလေး မလိုချင် လွန်း၍ အကြောဖြတ် တားဆီးမှု ပြုလုပ် ပြီး နောက် မှ မိမိ ဇနီးသည် တွင် မမျှော်လင့်ဘဲ ကိုယ်ဝန် ဖြစ်ပေါ် လာ ရာ ထို လင်ယောက်ျား မှာ ဇနီး ဖြစ်သူ မိမိ အပြင် နောက်မီး ပွင့် မျောက်မ ထားသည် အထင် နှင့် လင်မယား ကွဲကြရ ပုံ ။ အမှန်အားဖြင့် ဆရာဝန် တို့ နှင့် တိုင်ပင် နှီးနှော ကြည့်သော အခါ တွင် မှ ဤကဲ့သို့ အကြောဖြတ် တားဆီးနည်း မျိုး မှာ လုံးဝ စိတ်ချနိုင်သည် မဟုတ်ကြောင်း ၊ တစ်ခါတစ်ရံ မမျှော်လင့်ဘဲ ကိုယ်ဝန် ဖြစ်ပေါ် လာ တတ်ကြောင်း နှင့် သိရတော့ မှ မိမိ အမှား မိမိ နောင်တ ရရှိ ပြီး ဇနီးသည် အား တောင်းပန် ဝန်ချပုံ ၊ သို့ရာတွင် သစ္စာ ကြီးမားခဲ့သော ဇနီးသည် မှာ မိမိ အပေါ် အထင် လွဲရ ကောင်းလား ဟူ၍ လင်ယောက်ျား အား လက်မခံ တော့ဘဲ ငြင်းဆိုလိုက်ပုံ ... စသည်ဖြင့် ဝတ္ထုဇာတ်လမ်း ဆင် ၍ ရေးသားရန် ကြံမိ ပြီးမှ ယခု အထိ မရေးဖြစ်ဘဲ ရှိခဲ့ခြင်း ဖြစ်ပါသည် ။

သို့ ဖြစ်လေရာ ဤခေတ် ဤသမယ တွင် ၊ ဤရွေ့ ဤမျှ ခေတ်စား လျက် ရှိသော အဖြစ်သနစ်မျိုး တို့ တွင် ကိုလှကြည် တို့ လင်မယား ရော ပါသွားရခြင်း မှာ အကယ်စင်စစ် အပြစ်တင် စုတ်သပ်ဖွယ် မရှိပါတကား ဟု တွေးမိ ရာ က ၊ ကိုလှကြည် အပေါ် တွင် အားတုံ့အားနာ ဖြစ်သွားမိခြင်း ဖြစ်ပါသည် ။

“ အပြစ် တင်မယ် ဆိုလည်း တင်သင့်ပါတယ် ကိုမင်းရှင် ရာ ၊ ဒီ ကလေး ကို ဖျက်ချမိတာ ဘာမှ အဓိပ္ပာယ် မရှိပါဘူး ။ အခုခေတ်ကြီး ကို က ဘာတွေ ဖြစ် နေသလဲ မသိပါဘူး ။ ကျွန်တော်တို့ တစ်တွေ ဟာ ကိုယ် ဆုံးဖြတ် ပြုမူမိတဲ့ အလုပ် ကို ဘာ့ကြောင့် ၊ ဘာရည်ရွယ်ချက် နဲ့ ပြုလုပ်မိတယ် ဆိုတာ ကို ပြတ်ပြတ်သားသား နား မလည်နိုင်ကြဘူး ။ အခု ကြည့် ပါလား ၊ ဒီ ကလေး ဖျက်ချဖို့ စိတ်ကူးကြ တုန်း က ကျွန်တော် ရော ၊ မကျင်ရီ ပါ နှစ်ဦး သဘောတူပဲ ။ ဒါပေမဲ့ အခုတော့ ကျွန်တော့် စိတ် ထဲ မှာ အမှားကြီး မှားပြီ လို့ နားလည် လာ မိတယ် ” ဟု ကားဘီးသံ တဝီဝီ ကြား မှ ကိုလှကြည် က ပြောလိုက် ပြန်၏ ။

ကျွန်တော် လည်း ရင် ထဲ က ယားကျိကျိ ဖြစ်လွန်းလာ မိရာ က လူ တစ်ဖက်သား အပေါ် အားနာမှု ၊ ငဲ့ညှာမှုမျိုး လုံးဝ မရှိတော့ပါ ။ ဤ ပြဿနာ သည် ကိုလှကြည် လင်မယား အတွက်သာ မဟုတ် ။ မြန်မာ တစ်နိုင်ငံ လုံး ရှိ လင်မယားတွေ နှင့် ပတ်သက် နေရာ ၊ ကျွန်တော့် ရင် ထဲ မှာ မေးချင် မြန်းချင် စိတ် တွေကို တားဆီး ထားခြင်းငှာ မသင့်ဟု ဆုံးဖြတ်ချက် ချလိုက် မိ ပါသည် ။

“ နေပါဦး ကိုလှကြည် ၊ အခုလို မှားမှန်း သိရင် အစကတော့ ဒီကလေး ကို ဖျက်ချဖို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့ မိတာတုံး ” ဟု မေးလိုက် မိ၏ ။

ကိုလှကြည် မှာ အဖြေရ ခက်နေပုံ ရသည် ။ သူ့ ဟာ သူ လည်း အစက ဘာ့ကြောင့် ဆုံးဖြတ်ချက် ချခဲ့မိသည် ကို သဘော ပေါက် ပုံ မရ ။ အတော်ကလေး ကြာ မှ အကြောင်းရင်း ကို သူ သတိရ မိ ဟန် ဖြင့် -

“ အကြောင်းရယ် လို့ မည်မည်ရရ မရှိပါဘူးဗျာ ။ အပေါင်းအသင်း မှား လို့ ဖြစ်ရ တာပါ ။ ကိုယ့် အပြစ် ကို သူများ လွှဲချတာ တော့ မဟုတ်ပါဘူး ။ ကျွန်တော် တို့ အပြစ် လည်း မကင်းတာ အမှန်ပါပဲ ။ ဒါပေမဲ့ တကယ်လို့ အစ ကတည်း က မကျင်ရီ သာ နားမယောင်ခဲ့ ရင် ဒီ အဖြစ်မျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး ။ ဒီလို ကိုမင်းရှင် ရ ၊ မကျင်ရီ က အစစ အရာရာ အိမ်နီးချင်း မတင်လှလှ တို့ အိမ်ထောင် ကို အတု ခိုး ချင်တယ် ။ သူ့ အပြစ် လည်း မဟုတ်ပါဘူး ။ ကိုမင်းရှင် သိတဲ့ အတိုင်း ဟို လင်မယား ကလည်း တစ်ယောက် က အီးအို ၊ တစ်လ ရှစ်ရာ စား ။ တစ်ယောက် က လည်း ဆူပရီတင်းဒင့် ၊ တစ်လ လေးရာ စား ။ အိမ်ပိုင် ကားပိုင်တွေ နဲ့ ဆိုတော့ အားကျ ချင် စရာ ၊ အထင်ကြီး စရာ ၊ အတုခိုးချင် စရာ ပေါ့ ဗျာ ။ ကျွန်တော်တို့ ဆိုတာက တစ်လ မှ လခလေး ၂ ရာ နီးပါးနဲ့ ။ ကြွေးတင် ၊ ပစ္စည်း ပေါင်ရ ၊ တစ်လ နဲ့ တစ်လ အလျဉ် မီတယ် မှ မရှိဘဲ ။ ကိုယ့် ထက် ၆ ဆ လောက် သာတဲ့ အိမ်ထောင်ကို အားကျ မိတော့ တာပေါ့ ။ ဟို ... မင်းကတော် ကလည်း အမျိုးမျိုး သင် ပေးတယ် ။ တစ်ဖက် က ခုလို အခြေအနေ နဲ့ ယှဉ်ပြီး သုံးနည်း ဖြုန်းနည်း အမျိုးစုံ သင်ပေး သလို တစ်ဖက် က လည်း ကျွန်တော်တို့ ရ တဲ့ ငွေ ၂ ရာ လောက် နဲ့ လူ့ လောက မှာ နေလို့ မှ မဖြစ်တော့အောင် သူတို့ လခတွေ နဲ့ နှိုင်းပြီး ခြောက်လှန့် တော့ တာပဲ ။ မကျင်ရီ က လည်း ဒါတွေ နားထောင် ၊ နားယောင် လာပြီး အမြဲတမ်း စိုးရိမ် ထိတ်လန့် နေတော့တာပဲ ။ တစ်နေ့ တခြား ငွေ ကို မက်မော လာတယ် ။ ငွေမရှိ မှာ ကို ပဲ ကြောက် နေတော့တယ် ။ သူ့ ခေါင်း ထဲ ငွေကိစ္စတစ်ခု ပဲ တွေး နေတော့တာ ပါပဲ ။ နောက်ဆုံးတော့ မတင်လှလှ က ကလေး အကြီး ၂ နှစ် မှ မပြည့်သေး ခင် နောက်ထပ် တစ်ယောက် မယူချင် ဖို့ ၊ ဒီ  လခ ဒီ အခြေ နဲ့ ကလေး နှစ်ယောက် ဆိုရင် ဒီ့ထက် ပိုပြီး စိတ်ဒုက္ခ ရောက်စရာ ပဲ ရှိတဲ့ အကြောင်း ၊ သူတို့ နှစ်ယောက်ပေါင်း တစ်ထောင် ကျော် ရတာ တောင် မှ ကလေး နှစ်ယောက် မယူချင် လို့ အခု ဒုတိယ ကလေး တုန်း က အမျိုးမျိုး ဖျက်ချဖို့ ကြိုးစား ခဲ့ကြောင်း ၊ ဘယ်လို ဖျက် လို့ မှ မရတော့ လို့ သာ အခု မွေးလာရတဲ့ အကြောင်းတွေ နဲ့ နှိုင်းနှိုင်း ပြောတော့တာ ကိုး ။ ကျွန်တော့် မိန်းမ ဦးနှောက်ကလေး ၊ ဉာဏ်ကလေး နဲ့ ဘယ် ခံနိုင်ပါတော့မလဲ ကိုမင်းရှင် ရာ ။ ဟို က ဘီအေ ၊ ပညာတတ် ၊ လခစား ။ ဒီ က ၅ တန်း ၆ တန်း ၊ အလုပ်အကိုင် မရှိ ၊ အိမ် ထဲ နေရတဲ့ သူ ၊ ဟိုက ပြောလေ သမျှ အဟုတ်ကြီး ထင်တော့တာပေါ့ ” စသည် ဖြင့် မချိတင်ကဲ ဝမ်းနည်းစွာ ဖြင့် ပြောနေ လေ တော့၏ ။

“ ခင်ဗျား မိန်းမ က ပညာမဲ့ လို့ နားယောင် မိဦး ၊ ဟို လင်မယား ဟာ ငွေ မရှိလို့ ၊ မချမ်းသာ လို့ မှ မဟုတ်ဘဲ ။ သက်သက်မဲ့ သူတို့ နေထိုင် စားသောက် နေရတဲ့ လက်ရှိ စည်းစိမ်တွေ ယုတ်လျော့ သွားမှာ စိုးလို့ ၊ ကလေး တစ်ယောက် တာဝန် ကို မလိုချင်ဘူး ဆိုတာ သူတို့ အမှား ကို ခင်ဗျားတို့ ပါ လိုက် မှား အောင် အဖော် ညှိတယ် ဆိုတာ ခင်ဗျား က နားလည် သင့်ပါတယ် ဗျာ ။ ခင်ဗျာ့း မိန်းမ နားယောင်တိုင်း ခင်ဗျား လို လူ က ဘာကြောင့်များ ... ”

ကျွန်တော့် မှာ စကား ကို ဆုံးအောင်ပင် မပြောနိုင်ပါ ။ ကိုလှကြည် ၏ အကြောင်းပြချက် များ ကို လက်မခံ နိုင်ဘဲ အပြစ် တင်လို ဇော ဖြင့် သာ မောနေ မိ တော့၏ ။

“ မေးသင့်ပါတယ် ၊ မေးသင့်ပါတယ် ။ မကျင်ရီ ဘယ်လိုပဲ မိုက်မိုက် ၊ ကျွန်တော် က မမိုက်သင့်ပါဘူး ။ အမှန် ကို ဝန်ခံရဲပါတယ်ဗျာ ။ တကယ် က တော့ ကျွန်တော် ကိုယ်တိုင် လည်း နားယောင် သွားမိတယ် ။ ကျွန်တော့် မျက်စိ ထဲ မကျင်ရီ အခါလည်ကျော်ကျော် ကလေး တစ်ဖက် ၊ ဗိုက်ကြီး တစ်လုံး နဲ့ ဖတ်သီ ဖတ်သီ ဈေး သွား ရမှာ တွေ ၊ ကိုယ်ဝန် ဆောင် ရတာ က ဒုက္ခ တစ်ဖက် နဲ့ အကြီးကောင် ကို နို့ဖျော် တိုက်ရ ၊ ချေးတယ်ရ ။ ညကြီးမင်းကြီး ထ အနှီးလဲရ ၊ တစ်ခါ မနက် အစောကြီး ထ ပြီး လင် ကို ပြုစုရ ၊ ထမင်း ချက်ရ ပြုတ်ရ နဲ့ ပင်ပန်းမှာ တွေ ၊ လခလေး ၂ ရာ ကို အလျဉ် မီအောင် မှ မသုံးနိုင် တဲ့ ဘဝ မှာ နောက်ထပ် ကလေး တစ်ယောက် မွေးဖွား စရိတ် ၊ နို့မှုန့်ဖိုး ၊ အို .… ဒါတွေကို တွေးလိုက်မိ ပါတယ် ကိုမင်းရှင် ရာ ။ ကျွန်တော် ကိုယ်တိုင်က မကျင်ရီ ဆီ က တစ်ဆင့် မတင်လှလှ ရဲ့ ဆုံးမ သြဝါဒတွေ ကို နားယောင် မိပြီး အလိုတူ အလိုပါ ဖြစ်မိ သွားတာပါပဲဗျာ ” ဟု ကိုလှကြည် က ခေါင်းကြီးငုံ့ ၍ သူ့ အပြစ် သူ ဝန်ခံ လိုက်သော အခါတွင်မူ ကား သနားကရုဏာ သက်သွား မိ တော့၏ ။ သူ့ စကားများ ကို နားထောင်မိရင်း ကလည်း မကြာသေး မီ က ကိုလှကြည် ပြောခဲ့ သလိုပင် “ ကိုယ့် ဆုံးဖြတ်ပြုမူမိတဲ့ အလုပ် ကို ဘာကြောင့် ၊ ဘာရည်ရွယ်ချက် နဲ့ ပြုလုပ်မိတယ် ဆိုတာ ကို ပင် ပြတ်ပြတ်သားသား နားမလည် နိုင်တဲ့ ခေတ်ကြီးပါ တကား ” ဟု ခေတ် ကို ပင် အပြစ် ပုံချ လိုက်မိပါသည် ။

သို့ရာတွင် ဤ ခေတ်ဆိုး ခေတ်ကျပ်ကြီး ထဲ မှာ ပင် မျှော်ကိုးချက် အလင်းရောင်ကလေး များ ကို တွေ့ နိုင်သေးကြောင်း ကို လည်း အမှတ်ရ လိုက်မိသည် ။ တလောကပင် ယခု ကျွန်တော် မောင်းနှင် လျက် ရှိသော ကိုခင်အုန်း ၏ လင်းရိုဘာ ကား ကို မောင်းသူ ဒရိုင်ဘာ ကိုသော် ဆိုသူ နှင့် စကား စပ်မိကြရင်း က ကြားသိ ခဲ့ရသော စကားများကို ပြန်လည် ကြားယောင် မိတော့၏ ။

တစ်နေ့သ၌ ဒရိုင်ဘာ ကိုသော် မှာ မိမိ ကား ကို ရေဆေး တိုက်ချွတ် နေစဉ် ၊ ကျွန်တော် လည်း ပျင်းပျင်း ရှိသည် နှင့် သူ့ အနီးအနား သွား၍ သလ္လာပ အာလာပ စကား ပြောမိကြရင်း က ကျွန်တော် က -

“ ကိုသော် တို့ အခု ရတဲ့ လခ တစ်ရာ နဲ့ စားလောက် သောက်လောက် ရှိရဲ့လား ” ဟု စပ်စု မေးမြန်း မိပါသည် ။

“ ဘယ် လောက်ပါ့မလဲ ဆရာ ရယ် ၊ ကျွန်တော် က လင်ကိုယ် မယား နှစ်ယောက် ထဲ မှ မဟုတ်ဘဲ ။ သားသမီး ပေါင်း ( ၇ ) ယောက် ရှိတယ် ။ အခု ဗိုက်ထဲ က ပါ နဲ့ ဆိုရင် ( ၇ ) ယောက်ခွဲ ပေါ့ ”

“ ဟင် ကလေး ( ၇ ) ယောက် ၊ များလှချည်လား ကိုသော် ရယ် ။ ဒီ ကလေးတွေရဲ့ တာဝန် ကို ကျေပွန်နိုင်ရဲ့လား ၊ ကျောင်း ကော ထားရဲ့လား ”

“ ဒါတော့ စိတ်ချ ဆရာ ၊ ကျွန်တော် သာ ဒရိုင်ဘာ လုပ်မယ် ။ ကိုယ့် သားသမီးတွေ တော့ စာရေး လောက် တော့ ဖြစ်စေရမယ် လို့ ဆုံးဖြတ် ထားတယ် ။ ကျွန်တော်တို့ လင်မယား က ငတ် နေရရင် နေရ ပစေ ၊ သားသမီးတွေ ကို တော့ ပညာ တတ်အောင် သင်ပေး မှာပဲ ။ ရတဲ့ လခကလေး နဲ့ ကတော့ ဘယ် လွယ်ပါ့မလဲ ဆရာ ရယ် ။ ကျွန်တော့် မိန်းမ လည်း စက်ချုပ် ရ ၊ ဈေးရောင်း ရ လုပ်ရသေး တာပေါ့ ။ ကျွန်တော် လည်း ဒရိုင်ဘာ အလုပ် ပြီးလို့ အိမ်ပြန် ရောက် ရင် အဖေ သင် ပေး ထားတဲ့ လက်သမား အတတ်ကလေး နဲ့ ရွာ ထဲ လိုက်ပြီး အလုပ်ကလေးတွေ လုပ် ပေးရင်း ရနိုင် သမျှကလေး ရှာ ရတာပဲ ။ ဒီလို ဒီလိုနဲ့ပဲ တစ်လ တစ်လ ဖြစ် ဖြစ် သွားတာပဲ ဆရာ ရေ ”

ထိုအချိန် ၌ ကလေး ဖျက် ချခြင်း ၊ ကိုယ်ဝန် တားဆီးခြင်း စသည် တို့ ကို အမုန်းကြီး မုန်း ၊ အစက်ဆုပ်ကြီး စက်ဆုပ်ပါသည် ဆိုသော ကျွန်တော် က

“ ကိုသော် ၊ အခု ခေတ်စား နေတဲ့ ကလေး မရအောင် လုပ်တဲ့နည်းတွေ ကြားဖူးရဲ့လား ” ဟု မေးလိုက် မိ ပါသည် ။

“ ကြားဖူးပါသော် ကော ဆရာ ရယ် ၊ ဟိုဟာ ဖြတ် တာတို့ ၊ ဟိုဟာ ထုံး တာတို့ မဟုတ်လား ။ အဲဒါ ဘာဖြစ်လို့လဲ ဆရာ ”

“ ခင်ဗျား မှာ ကလေး ( ၇ ) ယောက် ဆိုတော့ အဲသလို လုပ်ချင်စိတ်များ မပေါက်ဖူးလား လို့ ပါ ”

“ ဟာ ... တစ်ခါတလေ တော့ ပေါက်မိသား ဆရာ ။ ကျွန်တော် နားလည်တဲ့ လူတွေ မေးတောင် ကြည့်မိသေးတယ် ။ တလောက ကျွန်တော် တို့ ဆရာ့ ရုံး က စာရေးကြီး တစ်ယောက် က အဖော် ညှိလို့ တောင် လိုက် လုပ် မလို့ စိတ်ကူး လိုက် မိ သေးတယ် ။ ဒါပေမဲ့ ကျွန်တော့် မိန်းမ တိုင်ပင် ကြည့်တော့ သူ က အတင်း တားပါရော ဆရာ ။ ဒီလို ပါနာတိပါတာ အကုသိုလ်တရားတွေ မလုပ်ချင် ဖို့ ၊ ကလေး တစ်ယောက် သ,တ်ပစ်မယ့် အစား ကလေး တစ်ယောက် မလိုချင်မယ့် အစား နှစ်ယောက် အတူတူ မအိပ်ကြတာ က မှ ကောင်းသေးတယ် လို့ သူ က ပြောတော့ ကျွန်တော် တောင် ရှက်သွားမိတယ် ဆရာ ။ သူ ပြောတာ မှန်တာပဲ ။ ကလေး မွေးအောင် ဖန်တီးတဲ့ အလုပ် ကျ တော့ မရှောင်နိုင်ကြဘဲ သဘာဝ အလျောက် ပေါက်ဖွားလာမယ့် ကလေး ကို တော့ တားဆီးဖို့ ၊ သ,တ်ပစ်ဖို့ ကြံစည်ကြတယ် ဆိုတာ တော်တော် ဆိုးတဲ့ အလုပ်ပဲ ဆရာ ။ ကျွန်တော်တို့ အဖို့ တော့ မထူးပါဘူး ။ ကုသိုလ်ကံ ကြောင့် ရလေ သမျှ ကလေးတွေ ကို တော့ ဘယ်လောက် အထိ ရရ ၊ ကိုယ် ငတ် မသေမချင်း တာဝန် ရှိ သလောက် ပြုစု စောင့်ရှောက် သွားမှာပဲ ။ ဒီ ဒရိုင်ဘာ အလုပ် နဲ့ မလုံလောက် ရင် ဘာလုပ်ရ လုပ်ရ ၊ အဆုံးစွန် သူခိုး လုပ်ရ လုပ်ရပေါ့ ဆရာ ။ ဒီတော့လည်း ဘာ တတ်နိုင်ပါ့မလဲ ” ဟု ကိုသော် က ကရားရေလွှတ် ပြန်ပြော လိုက်သည့် အခါတွင် မူ ကား ဤခေတ် ဤသမယကြီး ကို မျှော်လင့်ချက် ကုန်ဆုံးပြီ ဟု စိတ်ပျက် လက်လျှော့ ထား မိသော ကျွန်တော့် စိတ်မိုက် ၊ စိတ်မှားတွေ ကို ပြန်လည် ဖျောက်ဖျက် ပစ်နိုင်ပြီး မှောင်မိုက်သော ကမ္ဘာ လောကကြီး တစ်ဖက် ဆီ မှ အားကိုး အားထား အလင်းရောင်ကလေး များ သည် ကွန့်မြူး လျက် ပင် ရှိပါသေးတကား ဟု စိတ်အား တက်ကြွ သွားခဲ့မိပါသည် ။

“ ကိုမင်းရှင် ဘာတွေများ တွေးနေ သလဲ ။ ကျွန်တော်တို့ ကို အပြစ်တင် လို့ မဆုံး ဖြစ်နေတယ် ထင်တယ် ။ အပြစ်တင် ထိုက်ပါတယ်ဗျာ ” ဟု ကိုလှကြည် က ပြော လိုက်တော့ မှ ဒရိုင်ဘာ ကိုသော့် အကြောင်း တွေး နေမိခြင်း ကို ဖြတ်ပစ် လိုက်ပြီး -

“ ဪ … ဪ အပြစ် မတင်တော့ပါဘူး ကိုလှကြည် ရာ ၊ ဒီလိုပဲ ပေါ့ ။ ခေတ်ကြီး ကို က ဆင်းရဲ ကျပ်တည်း အခက်အခဲတွေ ဒီလောက် များ နေတော့ လူတွေ လည်း မှားယွင်းကြရတာပေါ့ ။ ဒါပေမဲ့ နောက် တစ်ခါ မမှား ဖို့ သာ ဆင်ခြင် ကြဖို့ လိုတာပဲ ။ သားသမီး များတိုင်း လည်း လူ့ လောက မှာ နေလို့ မဖြစ်တာ မဟုတ်ကြောင်း နားလည် ထားဖို့ နဲ့ ကိုယ့် လောက် မှ မချမ်းသာကြ ဘဲ သားသမီးတွေ တစ်ပုံကြီး နဲ့ တစ်ဝမ်းတစ်ခါး ကျောင်း ကြရတဲ့ မရှိဆင်းရဲ တွေ ကို ပြန် ကြည့်ပြီး သင်ခန်းစာ ယူ ရမှာပေါ့ ” ဟု ခပ်တိုတို မျှ သာ အကြံဉာဏ် ပေးလိုက် မိ တော့၏ ။ ကိုသော် တို့ အကြောင်း ကို ကား အကိုးအကား မပြလိုတော့ပါ ။ ကိုလှကြည် အဖို့ မိမိ တို့ အမှား မိမိ ထပ်ပြန်တလဲ ပြန် တွေးရင်း ယူကျုံးမရ ဖြစ် သထက် ဖြစ်ခါ မိမိတို့ ကိုယ် မိမိ ခွင့်မလွှတ်နိုင် သည် အထိ စိတ် ထိခိုက်သွားမည် ကို လည်း စိုးရိမ်မိပါသေးသည် ။

သို့နှင့်ပင် ကျွန်တော်တို့ မော်တော်ကား သည် မကျင်ရီ တက်ရောက် နေသော သားဖွားခန်း သို့ ဆိုက်ရောက် လာ၏ ။ သားဖွားခန်း ရှေ့ ကားဆိုက် လိုက်သည် နှင့် တစ်ပြိုင်နက် ပင် ကျွန်တော် က -

“ ကဲ ... ကိုလှကြည် ရေ ၊ ဒီ အကြောင်း နဲ့ ပတ်သက်ပြီး မှားတာ မှန်တာ ဘာ တစ်ခု မှ ထပ် မပြောကြတာ အကောင်းဆုံးပဲ ဗျာ ၊ မကျင်ရီ ကို စိတ် မထိခိုက် စေပါနဲ့ တော့ ။ မသိလိုက် မသိဘာသာ နေ သွားပါတော့ ဗျာ ၊ ဟုတ်လား ” ဟု သတိ ပေး လိုက်ရာ ကိုလှကြည် က ပြုံးမဲ့မဲ့ နှင့် ခေါင်း တစ်ချက် ညိတ်ပြ လိုက်လေသည် ။ နောက် ၁၅ မိနစ် ခန့် အကြာ တွင် ကျွန်တော် ၊ ကိုလှကြည် နှင့် မကျင်ရီ တို့ သုံးယောက်သား အိမ်ဘက် သို့ ပြန် မောင်းခဲ့ကြပါသည် ။ မကျင်ရီ ကား တစ်စုံတစ်ရာ ဘာမျှ စိတ် မကောင်း ဟန် ၊ ယူကျုံးမရ ဖြစ်ဟန် မရှိပါ ။ ပြုံးပြုံးရယ်ရယ် နှင့် ပင် သူ့ ခင်ပွန်း သူ အိမ်ကြောင်း ရာကြောင်း ၊ သားကြီးကလေး အကြောင်းတွေ တစ်လမ်း လုံး ပြောလာ လေသည် ။ ကိုလှကြည် က လည်း ဟန်လုပ် ကောင်း ပေသည် ။ သူ့ ဇနီး သူ ပြုံးရွှင်စွာ ပင် ပြန်လှန် ပြောဆို လာ၏ ။

မကြာမီ မော်တော်ကား သည် ကျွန်တော် တို့ လမ်း ထဲ မောင်းဝင် ခဲ့ပြီး ၊ ကိုလှကြည် တို့ အိမ်ရှေ့ ဆိုက်လိုက် ကာ မကျင်ရီ ကို အိမ် ပေါ်  တွဲမ ၍ တင် လိုက်ကြပါသည် ။ ထို့နောက် ကျွန်တော် နှင့် ကိုလှကြည် တို့ သည် မတင်လှလှ တို့ အိမ် ဘက် ကား ပြန် အပ်ရန် ဆက် ထွက်ခဲ့ ရာ အိမ်ဝရန်တာ ပေါ် မှ မတင်လှလှ က -

“ ဘယ့်နှယ့် ကိုလှကြည် ၊ မကျင်ရီ တစ်ယောက် ကောင်းကောင်းမွန်မွန် ပဲ နော် ။ ကိစ္စရော ချောချောမွေ့ မွေ့ ပဲ မဟုတ်လား ” ဟု ဆီးကြို မေးမြန်း လိုက်သဖြင့် ကိုလှကြည် က -

“ ဟုတ်ကဲ့ ၊ အားလုံး ချောချောမောမောပါပဲ ခင်ဗျာ ၊ ကားကလေး ရ တာလည်း အင်မတန် အဆင်သင့် သွား ပါတယ် ။ သိပ် ကျေးဇူး တင်တာပဲ ခင်ဗျာ ” ဟု ကျေးဇူး တင် လိုက်ပါသည် ။

မတင်လှလှ က မူ ကျေးဇူးတင် စကား ကို အာရုံ စိုက်မိဟန် မတူ ပါ ။ တစ်စုံတစ်ရာ ကို မျက်မှောင်ကလေး ကုတ်၍ စဉ်းစား နေရာ က -

“ ဒီ ဆရာဝန်တွေ များ တော်တော် ထူးဆန်းတာပဲ ရှင် ၊ မကျင်ရီ ကျ တော့ လည်း လွယ်လွယ်ကူကူ လုပ်ပေး လိုက်ကြတာပဲ ။ ကျွန်မ ဟောဒီ ကလေး တုန်း က များ ခါးခါးသီးသီး ငြင်း လိုက်တာ ၊ ဒီ အလုပ်မျိုး မလုပ်သင့်ဘူးလေး ၊ ဆရာဝန် ထုံးစံ မှာ မရှိဘူးလေး ၊ မကောင်းဘူးလေး နဲ့ ။ ငွေ ဘယ်လောက် ဖြစ်ဖြစ် ပေး ပါ့မယ် ဆိုတာ တောင် မရခဲ့ဘူး ။ အခု သူတို့ လုပ်ပေးချင် တဲ့ လူ ကျတော့ လည်း လွယ် လိုက်တာ ။ ကျွန်မ အကုသိုလ် ပဲ ထင်ပါရဲ့လေ ။ ဒီ ဆရာဝန် မကျင်ရီ ကို မျက်နှာ လိုက်တယ်လို့များ ထင် ရမလား မသိဘူး ”

ကျွန်တော့် မှာ ခေါင်းနားပန်း ကြီး ၍ နား တွေ ၊ မျက်စိ တွေ ပူထူ သွားမိတော့၏ ။ မတင်လှလှ ဘာတွေ ဆက် ပြောနေသည် ကို ပင် မကြား မိ တော့ ။ ကျွန်တော့် ပတ်ဝန်းကျင် တစ်ခု လုံး ချားရဟတ် ကဲ့သို့ လည်ပတ် သွားကာ မိုက်ခနဲ ပင် ဖြစ်သွား မိ တော့သည် ။

အဆိုးဝါးဆုံး အချက် ကား ပြာဝေ နေသော ကျွန်တော့် မျက်လုံး များ ရှေ့ တွင် မတင်လှလှ ပါးစပ် တွေ တလှုပ်လှုပ် တရွရွ နှင့် ပြောဆို နေသည် ကို လည်းကောင်း ၊ သူမ ၏ ရင်ခွင်ထဲ တွင် ရှင့်မီးအင်္ကျီ လှန်တင်ထား သော နို့ တစ်ဖက် ကို တပြွတ်ပြွတ် စုပ်စို့ နေရှာသည့် ၆ လသား အရွယ် ကလေးငယ် ကလေး ကို လည်းကောင်း မျက်ဝါး ထင်ထင် မြင် လိုက်ရခြင်း ပင် ဖြစ်ပါ တော့သည် ။

မှောင်မိုက်သော ကမ္ဘာလောကကြီး တစ်ဖက် ဆီ မှ အားကိုး အားထား ပေါ်ရန် ကြိုးစားရှာမည့် အလင်းရောင်ကလေးများ သည် ကျွန်တော့် စိတ် ထဲ ၌ ပြန်လည် ကွယ်ပျောက် ကာ မှောင် အတိ လွှမ်း သွားတော့သတည်း ။  ။

◾မင်းရှင်

📖 ရှုမဝ မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၅၇

#ကိုအောင်နိုင်ဦး

.

Wednesday, June 28, 2023

မိဘ ပေးသော အမွေ


 

❝ မိဘ ပေးသော အမွေ ❞

အမှန် ပြော ရလျှင် “ ဟို ခေါင်းစဉ် နှင့် ရေးပေးပါ ၊ သည် ခေါင်းစဉ်နှင့် ရေးပေးပါ ” ဆိုတာမျိုးတွေကို ကျွန်တော် မရေးချင် ။ အထူးသဖြင့် စာရေးဆရာ အများ ကို ရေး စေ ၍ စုပေါင်း ထုတ်ဝေ သည် တို့ ကို ပို လို့ပင် မရေး ချင် ။ ထို့ထက် ပို၍ အထူးသဖြင့် ဤ ခေါင်းစဉ်မျိုး ကို မရေး ချင် ။ အကြောင်း ရှိ ပါသည် ။ ကျွန်တော့် အသက် ကိုးနှစ် ဆယ်နှစ်သား လောက် အထိ ကျွန်တော် တို့ မိသားစု မှာ ပျော်စရာ ကောင်း လှသည် ။ ယခု ပြန် တွေး လိုက် လျှင် အခုပင် ပြန်လည် လွမ်းမိပါသေးသည် ။

ကျွန်တော့် အသက် ( ၁၁ ) နှစ် အရွယ် တွင် ကျွန်တော့် မိခင် ဆုံးပါး သွား ခဲ့သည် ။ ကျွန်တော့် ဖခင် မှာ ကျွန်တော် တို့ မောင်နှမ သုံးယောက် နှင့် ကျန်ရစ် ခဲ့သည် ။ နောက်ပိုင်း တွင် သူ လည်း အတော်လေး စိတ် လေ ဟန် ရှိ ပါသည် ။ သုံးလေးနှစ် လောက် ရှိတော့ ကျွန်တော့် ဖခင် နောက် အိမ်ထောင် ထူ ပါသည် ။ နောက် ပိုင်း တွင် ကျွန်တော် လည်း အိမ် မှာ မပျော်တော့သည် နှင့် စစ်ကြီး ဖြစ် လို့ ဂျပန်ခေတ် အစ ပိုင်း တွင် အိမ် က ထွက် လာ ခဲ့ပြီး မိခင် ၏ ညီမ ဖြစ်သူ အဒေါ်တို့ မောင်နှံ နှင့် သွား နေ ခဲ့သည် ။ အဒေါ် ဆို သော် လည်း ကျွန်တော့် အဖို့ ဒုတိယ မိခင် ဖြစ်ခဲ့ပါလေသည် ။ ထိုကဲ့သို့ အိမ် က ဆင်း လာခဲ့ပြီးသည့် နောက် ဆယ့်လေးနှစ် တိုင် တိုင် ကျွန်တော့် ဖခင်နှင့် မတွေ့အောင် ရှောင် ခဲ့သည် ။ ထို ဆယ့်လေးနှစ် ကာလ အတွင်း သုံးကြိမ် လောက် မလွှဲသာမရှောင် သာ တွေ့ ဖူးသည် ။ သူ က စကား ပြော ချင်သည် ။ ကျွန်တော် က တိုတို ဖြတ်ပြီး ထွက် လာ ခဲ့သည်ချည်း ဖြစ်သည် ။ ( လူငယ်တွေ မမှားသင့် သော ကိစ္စ တစ်ခုကို ပြော လိုက် ရပါဦးမည် ) ကျွန်တော့် စိတ် ထဲ တွင် အဖေ ကို အမွေ ဖြတ်လိုက်ပြီ ဟု သဘောထား ခဲ့ပါ လေသည် ။

ကျွန်တော် ဆယ်တန်း အောင်သည့် နှစ် တွင် ကျွန်တော့် ဖခင် မှာ စီးပွားရေး အလွန် ကောင်း နေချိန် ဖြစ်သည် ။ သူ့ ညီတော်မောင် တစ်ယောက် အား ကျွန်တော့် ကို လိုက် အရှာ ခိုင်းသည် ။ ကျွန်တော် က လည်း အပေါင်းအသင်း အလည်အပတ် များ သူ မို့ နံနက် ၈ နာရီ လောက် မြင်းလှည်းတစ်စီး နှင့် ဟိုမေး ဒီမေး ခြေရာခံ လိုက်ရသည် မှာ နေ့လည် ၁ နာရီ လောက် ကျ မှ တွေ့သည် ။ ကျွန်တော့် ကို မြင်းလှည်း နှင့် တင် ခေါ် သွားပြီး ဖခင် နှင့် တွေ့ပေး ပါသည် ။ ဖခင် က ကျွန်တော့် ကို စကား ကမ်းလှမ်း သည် က “ တက္ကသိုလ် ကို ဆက် တက်ပါ ၊ စရိတ် အားလုံး ကို ထောက်မည် ။ သို့သော် သူ့ ဇနီး ကို လည်း အသိ ပေးရမည် ဖြစ် သောကြောင့် အိမ် ကို ဝင်ပါ ထွက်ပါ ၊ သူ့ ဇနီး နှင့် ရင်းရင်းနှီးနှီး စကား ပြောပါဆိုပါ ” ဟူ၍ ဖြစ်သည် ။

ကျွန်တော် က -

“ ဖေဖေ - ကျွန်တော့် ကို ဘွဲ့ ရစေချင်တာ မဟုတ်လား ၊ ရပါစေ့မယ် ။ ဒါပေမယ့် ဖေဖေတို့ မိသားစု ထူထောင်ထားတဲ့ အစီးအပွား နဲ့ ထောက် ပံ့လို့ ဘွဲ့ ရတာမျိုး ကို မလိုချင်ပါဘူး ” ဟု အပြတ်ပြော ခဲ့သည် ။

၁၄ နှစ် တိုင်တိုင် စကား မပြောဘဲ ရှောင်နေခဲ့သည် ဟု အထက် တွင် ဆိုခဲ့ ပါသည် ။ ရယ်စရာ ကောင်းတာ က ဖြစ် လာ ပြန် သေးသည် ။ မင်္ဂလာ ဆောင်မယ် လုပ်တော့ တစ်ဘက် သမီး ရှင် မိဘများ က မိဘစုံညီ လာ တောင်းပါ ဆိုတော့ သူ့ ကို ချန်ထား လို့ မရတော့ ။ ဒီ အချိန် မှာ ကျွန်တော် က အလယ်တန်း ဆရာ သုံးနှစ် လောက် လုပ်ပြီးသည် သာ မက အလုပ် ထွက်ပြီး တက္ကသိုလ် ပင် တက် နေပါပြီ ။ သည်တော့ သူ့ ဆီ သွားပြီး ရယ်ကာ မောကာ ပင် မိန်းမ လိုက် တောင်း ပေးဖို့ ပြော ရသည် ။ သူတို့ မောင်နှံ က လည်း စိတ်အား ထက်သန်စွာ လိုက်ပါ ခဲ့ ပါသည် ။ ကျွန်တာ့် အဒေါ် မောင်နှံ က တော့ လက်ရင်း မိဘ ဖြစ်နေပါ လေပြီ ။ ကျွန်တော့်အ ဖေ အရင်း က အရံ မိဘ သဘောမျိုး ပင် သက်ရောက် နေ ပါသည် ။

ကျွန်တော် ဆယ်တန်း အောင် သော နေ့ က ပေး လိုက်သည့် မုန့်ဖိုးငွေ ၂ဝိ မှ အပ ဖခင် ထံ မှ ဘာ တစ်ပြားကို မျှ မယူခဲ့ပါ ချေ ။ ကုန်ကုန် ပြော လိုက်လျှင် ယခု တောင်တွင်းကြီးမြို့ တွင် ကျွန်တော့် မိရင်း ဖရင်း ပို င် မြေ တစ်ကွက် ရှိ နေ သေးသည် ။ ကျွန်တော့် တစ်ဦးတည်းသော ညီ အား “ မင်း ဘာသာ နေ ချင် နေ ၊ ရောင်း ချင် ရောင်း ၊ ငါ ကတော့ နေ မှာ လဲ မဟုတ်ဘူး ၊ တစ်ပြား မှ လဲ မလိုချင်ဘူး ” ဟု ပြောခဲ့သည် ။

ထို့ကြောင့် မိဘ ပေးသော အမွေ ကျွန်တော့် မှာ တစ်ပြား တစ်ချပ် မှ မရှိပါ ။

သို့လင့်ကစား မကြာခဏ ပြန်လည် သတိရ မိသည် တို့ ကို ပြောလိုက်ချင် ပါ သေးသည် ။

   •••••   •••••   •••••

ကျွန်တော် က သားဦးကြီး ဖြစ် သောကြာင့် ဖေဖေ က ကျွန်တော့် ကို အလွန် ချစ်သည် ။ အလွန် လည်း အထင် ကြီးသည် ။ ကျွန်တော် ကလေး ဘဝ က အသုံးအဆောင်များ မှာ ရိုးကုမ္ပဏီ ထွက် ပစ္စည်းတွေ သာ များသည် ကို နောင်အခါ မှ သိ လာ ရသည် ။ ဒါတွေ အရေး မကြီးလှပါ ။ ကျွန်တော့် အဖေ က ဘုန်းကြီးကျောင်း ထွက် ဖြစ်သည် ။ အလီပေါင်း ကို ပင် ရပါရဲ့ လား ၊ ‘ နော ဧက နော ၊ နဝ ဒွေး အဋ္ဌာရသ ’ ဟူသော ကိုးကြောင်းလင်္ကာ နှင့် စခန်း သွားခဲ့လေသလား ဟု တွေး နေမိသည် ။ သို့သာ် လည်း စာကြီး ပေကြီးတွေ ကို တော့ ဖတ်ပုံ ရသည် ။ အိမ် တွင် ငါးရာ့ငါးဆယ် နိပါတ်တွေ ၊ သံဝေဂဒီပနီ ၊ ဓမ္မပဒဝတ္ထုတော်ကြီး စတာ တွေ ကို တွေ့ ရသည် ။ ကျွန်တာ် စာဖတ်တတ် စ သုံးတန်း လောက် က ပင် ဒီ စာတွေ ကို ဖတ်နေခဲ့ လေပြီ ။ ထို့ပြင် ကျွန်တော့် ဖခင် က ပုံပြော ကောင်းသူ တစ်ဦး ဖြစ်သည် ။ “ ဃောသက သူဌေးသား ” ဝတ္ထု အကြောင်း ကို သူ က ပြော ပြရာ တွင် စိတ်ဝင်စား လှသောကြောင့် ထို ဝတ္ထုကြီး ကို ရှာ ဖတ်သည် ။ ဇာတ်လမ်းရှည်ဝတ္ထုကြီး တစ်ပုဒ် ဖြစ်သည် ။ ကျွန်တော် အခေါက်ခေါက် ဖတ်မိခဲ့ဖူးသည် ကို မှတ်မိ နေ သေးသည် ။

ကျွန်တော် သုံးတန်း အောင် သော နှစ် တွင် တောင်တွင်းကြီး ရွှေအင်းတောင် ဘုရားပွဲတော်ဈေး စာအုပ်ဆိုင် မှ ဇာတ်ကြီး ဆယ်ဘွဲ့ စာအုပ်တွေ ကို ဆု အဖြစ် ဝယ်ပေး ခဲ့သည် ။ ဇာတ်ကြီး ဆယ်ဘွဲ့ တွင် တေမိဇာတ် ( ထင်သည် ) မှ အပ အကုန်ဝ ယ်လို့ ရခဲ့သည် ။

ဘုရားပွဲဈေး က ဝယ်သည် ဟု ဆိုလိုက်သည် ကို ယခု ခေတ် လူငယ်များ နားလည်နိုင်မည် မဟုတ် ။ ထို့ကြောင့် ရှင်းပြ လိုက်ရပါ ဦးမည် ။

ကျွန်တော် တို့ ငယ်စဉ် က စာအုပ်ဆိုင် အလွန် ရှားပါး သည် ။ ကျောင်းသုံး နှင့် ခေတ်ပေါ် မဂ္ဂဇင်း ၊ ဝတ္ထုတွေ လောက် ကို သာ တင်သော စာအုပ်ဆိုင်များ သာ ဖြစ် ချေသည် ။ ဇာတ်တော် ၊ နိပါတ်တော် တို့ လို စာကြီးပေကြီးတွေ ကို ရောင်းသော စာအုပ် ဆိုင် ဆိုသည် မှာ ရန်ကုန် လို ၊ မန္တလေး လို မြို့ကြီး တွေ မှာ သာ ရှိ သည် ။ ဆယ့်နှစ်ပွဲတော်ဈေးသည်များ တွင် စာအုပ်ဈေးသည် လည်း ပါသည် ။ သူတို့ သည် နာမည်ကြီး ဘုရားပွဲတော်များ သို့ လှည့်လည် ရောင်းချ လေ့ ရှိသည် ။ ထို့ကြောင့် ဘုရားပွဲတော် ရောက် မှ ထို စာအုပ်မျိုး ကို ဝယ်ယူ ရရှိ နိုင်ပါသည် ။

ဤသို့အားဖြင့် ကျွန်တော် သည် ငယ်ငယ်ရွယ်ရွယ် နှင့် ပင် စာဖတ် ဝါသနာ ထူထောင် မိခဲ့သည် သာ မက မြန်မာ စာကြီး ပေကြီး နှင့် ရင်းနှီးခွင့် ရခဲ့ပါသည် ။

နောက် တစ်ခု ရှိ သေးသည် ။

တောင်တွင်းကြီးမြို့ တွင် တို့ဗမာအစည်းအရုံး စတင် တည်ထောင်သူ မှာ သခင် ခင်မောင်ဦး နှင့် ကျွန်တော့် ဖခင် သခင် ညီမောင် တို့ နှစ်ယောက် ဖြစ်ကြောင်း စာပေဟောပြောပွဲ စင်မြင့် တွင် ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ ဖူး ပါသည် ။ ကျွန်တော့် ဖခင် က ဥက္ကဌ ၊ သခင်ခင်မောင်ဦး က အတွင်းရေးမှူး ။ သို့သော် စင်စစ် အားဖြင့် သခင်ခင်မောင်ဦး က ခေါင်းဆောင် ၊ သခင် ညီမောင် က နောက်လိုက် မျှ သာ ဖြစ်ပါသည် ။ သခင်ခင်မောင်ဦး က ထို ခေတ် က ဆယ်တန်း အောင် သည့် ပြင် သူ့ ဖခင် က အင်္ဂလိပ် အစစ် မို့ အင်္ဂလိပ် လို အပြော ရော အရေး ပါ အလွန် ကျွမ်း သည် ။ ထို့ပြင် ထို ခေတ် က အင်္ဂလိပ်မြန်မာ သတင်းစာ ဆယ်စောင် လောက် ၏ တောင်တွင်းကြီး သတင်းထောက် လည်း ဖြစ်နေ သေး သည် ။ ထို့ကြောင့် ဗဟုသုတ လည်း ရှိသည် ။

( သခင် ခင်မောင်ဦး မှာ အလွန် ထူးခြား သူ ဖြစ်သော ကြောင့် ကျွန်တော် မှတ်မိသမျှ သူ့ အကြောင်း ကို ရေးဦးမည် ဟု ရည်ရွယ် ထား ပါသည် ။ )

သည်လို သခင်ညီမာင် ဖြစ် လာတော့ တို့ဗမာအစည်းအရုံး ဝင် သခင်တွေ က စည်းရုံးရေး ဆင်းလာ လိုက်ပြီ ဆိုလျှင် ကျွန်တော် တို့ အိမ် မှာ တည်း တတ် ကြသည် ။ ကြာကြာ တော့ မဟုတ် ၊ အလွန်ဆုံး နှစ်ညအိပ် ပါပဲ ။ ကျွန်တော့် ဖခင် က တရားပွဲ အတွက် ဖိတ်ကြား ဆော်ဩ ပေး ရပါသည် ။ တစ်ခါမှာ တော့ ဖြင့် ( ကျွန်တော် မှတ်မိ သလောက် ) သခင်ရှိန် ၊ သခင်ထွန်းတင် နှင့် သခင်ခကြီး တို့ ရောက်လာသည် ။ သခင်ခကြီး ကို ကု,လားကြီး ဟု ကျွန်တော် မှတ်မိ နေသည် ။ ကျွန်တော့် မိခင် ဒေါ်ရွှေကြင် က လည်း ထိုကဲ့သို့ ပင် ထင်ပုံ ရသည် ။ သခင်တွေ ကို ထမင်း ကျွေး ရတော့မည် ဆိုတော့ သူ က လည်း ထမင်းတွေ ဘာတွေ ကို ချက် နှင့် ပြုတ် နှင့် ထား ပြီပေါ့ ။ ခက် နေသည်က သခင်ခ နှင့် ဝက်သား ဟင်း ။ ဒီအခါ မှာ ကျွန်တော် က သခင်တွေ စကား ပြော နေသည် ကို ငုတ်တုပ်ကလေး နားထောင် နေသော အောင်သင်း ပေါက်စ ။

ကျွန်တော့် မိခင် က မီးဖိုခန်း မှ လှမ်း ၍ “ ကိုညီမောင် ရေ - ခဏ ” ခေါ် လိုက်တော့ ကျွန်တော့် ဖခင် မီးဖိုခန်း ဆီ သို့ ထ သွား ရသည် ။ ခဏ ရှိတော့ ကျွန်တော့် ဖခင် က မရွံ့မရဲ အားတုံ့အားနာ သခင်ခကြီး အနား ကပ် သွားပြီး ဘာ ပြောလိုက်သည် မသိ ၊ သခင် ခကြီး က ကျွန်တော့် ဖခင် ကို ဘာမျှ မပြောတော့ ဘဲ အသံဩကြီး နှင့် မီးဖိုခန်း ဘက် သို့ လှမ်း ၍ -

“ ဆရာကတော် ရေ - အဆီ နဲ့ အခေါက်ကလေး များများ ထည့် လိုက်စမ်းပါ ” ဟု အော် ပြော လိုက်သောကြောင့် မီးဖို ထဲ က လူတွေ ရော ၊ အပြင် က လူတွေ ပါ အုံးခနဲ ပွဲကျ သွားသည် ကို တော့ ဖြင့် ခုထက် ထိ မှတ်မိ နေ ပါ သေးသည် ။

ထိုကဲ့သို့ သခင်ညီမောင် ဖြစ် လာလေတော့ အိမ် မှာ ‘ ကြွေးကြော်သံမဂ္ဂဇင်း ’ တို့ ‘ စနေနဂါးနီ ’ တို့ ‘ ဆယ်သန်း ’ တို့  ‘ တိုးတက်ရေး ’ တို့ ၊  ‘ ဒီးဒုတ်ဂျာနယ် ’ တို့ စသည့် စာစောင်တွေ က မျက်စိ အောက် ရောက်လာ နေ ပြန် တော့သည် ။ ကျွန်တော် က လေးငါးတန်း လောက် သာ ရှိသေး သော်လည်း ထို စာတွေ ထဲ က ကိုယ် ကြိုက်တဲ့ အရုပ်တွေ ၊ ကာတွန်းတွေ ကို ကြည့် ၊ ကိုယ် နားလည် တာ တွေ ကို ဖတ် ။ ဤသို့ အားဖြင့် ခေတ်ရှေ့ ပြေး နေသော စာတွေ နှင့် ရင်းနှီးခွင့် ရမှန်း မသိ  ရလာ ခဲ့ပြန်ပါသည် ။

   •••••   •••••   •••••

ကျွန်တော့် ဖခင် ၏ စရိုက်သဘာဝ ကို ယခု ကျွန်တော် ပြန်ပြီး သုံးသပ် ကြည့် နေ မိပါသည် ။

သူ သည် အလွန် ရိုးသားသည် ။ သူ ထင်ရာ ၊ ယုံကြည်ရာ ကို လုပ်မိပြီ ဆိုလျှင် ပတ်ဝန်းကျင် က ဘာတွေ ပြော နေနေ ၊ ဘယ်လို ထင် နေနေ လုပ်နေ တတ် သည် ။ ဖဆပလ လွှမ်းမိုး ဩဇာ ကြီး နေ ချိန် တွင် သူ က ပမညတ အမတ်လောင်း အဖြစ် အရွေး ခံသည် ။ အရွေး ခံ ရသော ကြောင့် အမတ် ဖြစ် လိုက်သေး သည် ။ ( စကား စပ် မိ လာသောကြောင့် ပြောလိုက်ရပါ ဦးမည် ။ ထိုရွေးကောက်ပွဲ တွင် သူ က တောင်တွင်း မဲဆန္ဒနယ် မြောက်ပိုင်း က အရွေး ခံခြင်း ဖြစ်သည် ။ ကျွန်တော့် ကို တောင်ပိုင်း မဲဆန္ဒ နယ် က အရွေး ခံဖို့ ပမညတတွေ က လာ ပြောကြ သေးသည် ။ ကျွန်တော် ဝင် ပြိုင်လျှင် အရွေးရ ခံမည် မှာ သေချာသည် ။ သို့သော် ကျွန်တော် က နိုင်ငံရေး ကို ‘ နံပြတ် ’ နေပြီ မို့ လုံးဝ ငြင်း လိုက်သည် ။ အကယ်၍ များ လက်ခံ လိုက်လျှင် သားအဖ နှစ်ယောက် ပမညတ အမတ်နှစ်ပါး အဖြစ် ပါလီမန် တက် နေရမည် ထင်သည် ။ )

နောက် တစ်ခု က ကျွန်တော့် ဖခင် သည် အလွန် ယုံလွယ် သည် ။ မှတ်မိတာ တစ်ခု ရှိ သေးသည် ။ အာမခံကြွေး ဆပ်ရခြင်း ဖြစ်သည် ။ ၂၅ဝိ/ - ဟု ပြောသံ ကြား ခဲ့ ရသည် ။ ရွှေ တစ်ကျပ်သား ၂၇ ကျပ် လောက် ခေတ် က ၂၅ဝိ ဆိုသော ငွေ ကို မှန်းဆ နိုင်ပါ သည် ။ အတိုး ပါ လစဉ် ခွဲ ဆပ်ရသည် ဖြစ်သောကြာင့် ငွေရေး ကြေးရေး မပြေလည်သည့် လများ တွင် ကျွန်တော့် မိခင် နှင့် ပူပင်စွာ ပြောဆို နေခဲ့သည် တို့ ကို နားမလည် ပါးမလည် နှင့် ဘေး က စိတ်မကောင်း ဖြစ်နေမိခဲ့သေးသည် ကို ကျွန်တော် ပါ ခုတိုင် သတိ ရ နေ မိ သေးသည် ။

ကိုယ် နှင့် စိတ် မကပ်ဘဲ ကိုယ် စိတ်ဝင်စားရာ ကိုသာ အာရုံပြု တတ်သည့် စိတ် ၊ တစ်နည်းအားဖြင့် နမော်နမဲ့ နိုင်တတ် သော ကြောင့် သူ့ မိတ်တွေ လုပ်ဖော်ကိုင်ဘက်တွေ ကလိမ် ကျ သည် ကို ခံ ရ ၍ ရွှေ တစ်ဆယ်သား လောက် ဆုံးခဲ့ရဖူးသည် ကို လည်း ကလေး ဘဝ က ပင် သူတို့ လူကြီးတွေ ပြောသည် ဆိုသည် ကို ကြားခဲ့ မှတ်ခဲ့ မိပါသေးသည် ။

   •••••   •••••   •••••

ယခု ပြန်ပြီး စဉ်းစား ကြည့် လိုက်တော့ မိခင် ကို တော့ ကောင်းကောင်း မမှတ်မိတော့ ပါ ။ ဖခင် ကြောင့် ပထမ စာပေ ဝါသနာ ထူထောင်လာ ခဲ့ မိသည် ။ ဒုတိယ မြန်မာ့ရိုးရာ စာကြီး ပေကြီးတွေ နှင့် ရင်းနှီးခဲ့ရသည် ။ တတိယ ထိုအချိန် က ခေတ်ရှေ့ ပြေး နေခဲ့သည့် တို့ဗမာအစည်းအရုံး စာပေတွေ ကို ထိတွေ့ ခွင့် ရ ခဲ့သည် ။

နောက် တစ်ပိုင်း က - ကိုယ် ရပိုင်ခွင့် မရှိတာ ကို မယူ ၊ ကလိမ် မကျ ။ ကိုယ် မယုံကြည် လျှင် ဘာကို မျှ မလုပ် ။ ကိုယ် ယုံကြည်ရာ ကို ဘယ်သူက ဘာ ပြောပြော လုပ်ချင်သည့် စိတ် ပါ လာ ခဲ့သည် ။ ( ကျမ်း လေးအံ့ စိုးသော ကြောင့် ချန်ခဲ့ပါသည် )

သူ့ လို ပင် ယုံလွယ်တတ်သည် ။ တစ်နည်း အ , တီး အ , တ နိုင်သည် ။ ( ကျမ်း လေးအံ့ စိုးသောကြောင့် )

   •••••   •••••   •••••

ကျွန်တော် မိဘ အမွေ ကို တစ်ပြားတစ်ချပ် မျှ မခံစားခဲ့ရပါ ။

သို့သော် တစ်သက်လုံး သုံး မကုန်သော ၊ ရွှေ ထက် ၊ မြေ ထက် အဖိုး တန် သော အမွေ ကို ရခဲ့ ပါသည် ။

ကျေးဇူးတင်ပါတယ် ဖေဖေ နဲ့ မေမေ ။

◾အောင်သင်း

📖 သူတို့ အလွမ်း ကျွန်တော်တို့ အလှ

#ကိုအောင်နိုင်ဦး

.

လင်ရယ် မယားရယ်


 

❝ လင်ရယ် မယားရယ် ❞

( ၁ )

“ လင် ရယ် ၊ မယား ရယ် လို့ ဖြစ် လာရင် ကိုယ် က အရင် ဦး အောင် လေ့ကျင့် ပေးရတယ် ကွ ”

ကိုရင်မောင် သည် သူ ၏ တရား ကို ဤသို့ နိဒါန်း ချီ ပြီး စတင် လိုက်သည် ။

ယနေ့ ကိုရင်မောင် ၏ လက်ဖက်ရည်ဆိုင် တရားပွဲကလေး တွင် တရားနာ ပရိသတ် မှာ လွန်းကြွယ် တစ်ဦး တည်း သာ ရှိလေသည် ။

သို့သော် တရားဟောဆရာ က မူ ခါတိုင်း ဟောခဲ့ ပြောခဲ့ ပြီးသော တရားများ ထက် ပို၍ အာ တွေ့ ဟန် ရှိသည် ။ သူ့ ရှေ့ ရှိ လက်ဖက်ရည်ခါးခါး တစ်ခွက် အေးစက် နေသည့် တိုင်အောင် သူ့ တရား မှာ မပြတ်သေး ။ စိတ်ပါ လက်ပါ ရှိလှ၏ ။

ကိုရင်မောင်  အာ တွေ့မည် ဆိုလျှင် လည်း ဖြစ်နိုင် ကောင်းသည် ။ ယခု ဟော နေသော တရားကိုယ် အကြောင်းအရာ မှာ ကိုရင်မောင် အတွက် အပိုင် ဆုံး ဘာသာရပ် ဖြစ်သည် ။

အများ ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းများ က ဤသို့ပင် ယုံကြည်ရင်း ရှိကြသည် ။ လင်ခန်း မယားခန်း ပိုင်ပုံ နိုင်ပုံများ မှာ တော့ ကိုရင်မောင် ကို မီ သူ မရှိ ဟု သူငယ်ချင်း အသိုက်အဝန်း အားလုံး က ကန့်ကွက်သူ မရှိ အတည် ပြု ခဲ့ကြ၏ ။

ကိုရင်မောင် က သူ့ ဇနီးမယား ကို ချုပ်ကိုင်မှု ၊ စည်းရုံးမှု ကောင်းလေ သောကြောင့် သာ မိတ်ဆွေ သူငယ်ချင်း တွေ တရုံးရုံး နှင့် ဧည့် မစဲ ၊ မိတ် မစဲ ကိုရင်မောင့် အိမ် ၌ ဝင်နိုင် ထွက်နိုင် စားနိုင် သောက်နိုင် ကြခြင်းဖြစ်လေရာ အများ က ဤသို့ ယုံကြည်ယူဆချက် တို့သည် လက်တွေ့ အားဖြင့် မှန်နိုင်ကောင်းပေသည် ။

ထိုကြောင့် လည်း မကြာတော့မည့် သီတင်းတစ်ပတ် အတွင်း မင်္ဂလာ ဆောင် တော့မည်  သူငယ်ချင်း လူပျိုကြီး လွန်းကြွယ် ခမျာ မယား မီးသေအောင် လေ့ကျင့်နည်း တွေ ကို အသေအချာ ဆည်းပူးရန် ယနေ့ ရောက် လာခြင်း ဖြစ်၏ ။

အိမ် မှာ ဇနီးလောင်း ကို ကိုရင်မောင့် ဇနီး မမယ်မ ထံ ထား ခဲ့ပြီး နှစ်ယောက်သား လွတ်လွတ်လပ်လပ် လက်ဖက်ရည်ဆိုင် ထွက်ခဲ့ကြခြင်း မှာ ဤ ရည်ရွယ်ချက် ကြောင့် ပင် ဖြစ်ပေသည် ။

လွန်းကြွယ် အဖို့တော့ ကိုရင်မောင် နှင့် သူငယ်ချင်း ဖြစ်ရသည်ကြောင့် ပင် ဧရာမ အကျိုးစီးပွား ဖြစ်ခဲ့သည် ဆိုလျှင် မမှားပေ ။

“ ဒီ တစ်သက် လွန်းကြွယ် တစ်ယောက် စွံတော့မှာ မဟုတ်ဘူးဟေ့ ” ဆိုသော စကားသံ တို့ သည် ယနေ့ တွင် တရားမဝင်တော့သည် မှာ ကိုရင်မောင် ကျေးဇူး ဆိုလျှင် မမှားပေ ။

ကိုရင်မောင် တို့ အိမ် သို့ တံခါး မရှိ ၊ ဓား မရှိ ဝင်နိုင် ထွက်နိုင် ၊ စားနိုင် အိပ်နိုင် ခဲ့ သောကြောင့် ကိုရင်မောင့် ဇနီး မမယ်မ ၏ ညီမ ဝမ်းကွဲ တော်သူ မခင်အိ နှင့် ဆုံစည်း ရခြင်း ဖြစ်ပြီး မကြာမီ ရက်ပိုင်း အတွင်း တွင်  အကျအန မင်္ဂလာ ဆောင် ကာ လင် ရယ် ၊ မယား ရယ် လို့ အိမ်ထောင်သည် ဖြစ်ရချေတော့မည် မဟုတ်ပါလော ။

“ အိမ်ထောင်ဦး ကတည်း က ကျင့် မထားနိုင်ရင် မောင်ရင် ရဲ့ လွတ်လပ်မှု နဲ့ ပျော်ရွှင် ချမ်းမြေ့မူ ဟာ ဆုံးခန်းတိုင် ရောက်သွားပြီ လို့ သာ မှတ်လိုက်ပေတော့ ”

လွန်းကြွယ် ခမျာ ကိုရင်မောင် ၏ နည်းလမ်းတွေ ကို ကြားချင်ဇော ဖြင့် သောက်လက်စ ဆေးလိပ်တို ပင် ဆက် မဖွာတော့ ဘဲ လွှင့်ပစ် လိုက်၏ ။

“ အထူးသဖြင့် မင်း တို့ လို လူပျိုကြီးတွေ အတွက် ပို အရေးကြီးတယ် ”

“ ဘာဖြစ်လိုလဲ ဗျ ”

“ အို ... ဘာဖြစ်ရမှာလဲကွ ၊ မောင်ရင် တို့ က မိန်းမ တစ်ယောက် ကို အချိန်အခါ နဲ့ အညီ ရတာမျိုး မှ မဟုတ်ဘဲ ။ အခါ လွန် မှ ရတဲ့ လူတွေ ဆိုတော့ ထိပ်ပေါ်  တင် ခေါင်းပေါ် ရွက် ထား တတ်ကြလို့ ပေါ့ ကွ ”

“ ဒါလောက်လည်း မဟုတ်သေးပါဘူး ဗျာ ။ ချစ်တာ ချစ်တာ တစ်ခြားပေါ့ ”

လွန်းကြွယ် က မခံချင်စိတ် နှင့် ငြင်းချက် ထုတ် လိုက်ရာ ကိုရင်မောင် သည် လှောင်ရယ်ကလေး ရယ် လိုက် ရင်း ..

“ ကြည့်ကြသေးတာပေါ့လေ ။ ကြည့်သေးတာပေါ့ ။ ပြီးတော့ လည်း ဒီမှာ လွန်းကြွယ် ရဲ့ ၊ မောင်ရင် တို့ အတွက် မယား မီးသေ ဖို့ ပို အရေးကြီးတယ် ဆိုတာ နောက် တစ်ကြောင်း ရှိသေးတယ် ကွ ”

“ လင်းစမ်းပါဦး ”

“ လူပျိုကြီး ဆိုတာ အရွယ် လွန် တဲ့ တိုင်အောင် လွတ်လွတ်လပ်လပ် နေလာတာ မဟုတ်လား ။ ရောက်ရာ မှာ ပျော် ၊ ထင်ရာ ကို သွား ၊ တွေ့ ရာ မှာ စား လာတာမျိုး ။ ကိုယ်လွတ် လူလွတ် နေ လာတာ ဆိုတော့ လွတ်လပ်မှု ရဲ့အရသာ ကို တင်းပြည် ကျပ်ပြည့် ခံစား ခဲ့ရတဲ့ လူတွေ ၊ မိန်းမ ဆိုတာ က ကိုယ့်လင် ကိုယ့်သား ကို စည်းကမ်း ကလနား နဲ့ ထိန်းသိမ်း ထားချင်တဲ့ သတ္တဝါ အမျိုးအစား တွေ ဆိုတော့ အဲဒီ မှာ ကျား နဲ့ ဆင် ပဲ မောင် ၊ ကိုယ် ညံ့ရင် ကိုယ် ခံစတမ်း ပဲ ”

ဒီ တစ်ချက် တော့ ကိုရင်မောင် ၏ စကား သည် မှန်လှသည် ။ လွန်းကြွယ် တို့ လို လူပျိုကြီးများ အဖို့ လွတ်လပ်မှု သည် ဧရာမ အရသာကြီး ပင် ဖြစ်၏ ။

ကြုံရာ မှာ အိပ်လိုက် စားလိုက် ပျော်လိုက် နေထိုင်သူ များ ဖြစ်၏ ။

အခြား သူများ ကဲ့သို့ နောက်ဆံတင်း စရာ မလို ၊ ယခုလို လက်ဖက်ရည်ဆိုင် များ တွင် ဝိုင်းဖွဲ့ စကား ပြော နိုင်၏ ။ ရုံး က အဆင်း အိမ် ကို အရောက် ပြေးစရာ မလို ။ ထမင်းဆိုင် စားပြီး ရုပ်ရှင်ရုံ တန်း ၍ ဝင် နိုင်၏ ။

“ အဲဒါကတော့ မှန်တယ်ဗျ ။ မိန်းမ တစ်ယောက် ရဖို့ ဒီ မြတ်နိုးစရာ ကောင်းတဲ့ လွတ်လပ်မှု ကို မစွန့်နိုင်ဘူးဗျာ ။ ဒါပေမယ့် မိန်းမ တော့ လည်း လိုချင်သေးတာပဲဗျ ”

“ အဲဒါကြောင့်ပေါ့ ကွ ၊ ကိုယ် ယူမယ့် မိန်းမ ကို ကျင့် ပေးရမယ် ဆိုတာ ”

“ ကဲ ... ဆိုဗျာ ။ ဘယ်လိုက စပြီး ကျင့်ရမလဲ ”

လွန်းကြွယ် က စိတ် မရှည်နိုင် တော့ သဖြင့်  သူ လို ချင်သော နည်းလမ်းများ ကို တိုက်ရိုက် မေး လိုက်သည် တွင် ကိုရင်မောင် အဖို့ သူ ဆင်သော တရားကွက် တော့ ဝင်ပြီ ဟု ကျေနပ်စွာ ပြုံး ရင်း အေးစက် နေသော လက်ဖက်ရည် ကို တစ်ကျိုက် နှစ်ကျိုက် သောက် ကာ အရှိန် ယူ လိုက်လေသည် ။

“ ပထမနည်း ကတော့ ကိုယ် ချစ်တာ ကို သိပ် မပြ နဲ့ ။ ပြီးတော့ ဦးမကျိုးစေ နဲ့ ဟေ့ ။ ဒါပဲ ”

“ ဘယ်လိုလဲ ဗျ ”

“ သူ နဲ့ ကိုယ် နဲ့ နှစ်ယောက် အတူ နေတဲ့ နေရာ မှာ နေထိုင်ပုံ စနစ် ဟာ သူ ကြိုက် မဖြစ်စေနဲ့ ၊ ကိုယ် ကြိုက် ဖြစ်ပေစေ ”

လွန်းကြွယ် ထံ မှ တရား ထောက် သံ မကြားရ သဖြင့် ကိုရင်မောင် အဖို့ ထပ်မံ ရှင်းပြရန် လိုသေး ကြောင်း သိနားလည် ကာ သူ့ စကား ကို ဆက်လိုက်သည် ။

“ ရှင်းရှင်း ပြောမယ်ကွယ် ၊ ဘယ် မိန်းမ မဆို ကိုယ့် လင်သား ရုံးပြန် မှန်တာ ၊ ထမင်းစား မှန်တာ ၊ အအိပ် မှန်တာ ကို လိုချင် တာ ပဲ ။ အချိန်တန် လို့ ရုံး က ပြန် မရောက် ရင် ဆူချင် ဆောင့်ချင် စိတ်ကောက် ချင်တယ် ။ သူငယ်ချင်းတွေ နဲ့ မိုးချုပ်တလွဲ လျှောက် လည်တာ ကို မကြိုက်ဘူး ။ အချိန် ရှိသရွေ့ သူတို့ မျက်စိ တစ်ကမ်း မှာ ရှိစေ ချင်တယ် ။ ဟော မင်းတို့ ငါတို့ ကျ တော့ အပေါင်း နဲ့ အသင်း နဲ့ နေလာကြ တာ မဟုတ်လား ။ အမြဲတမ်း တော့ ရုံး က အိမ် ကို တန်းတန်းမတ်မတ် ပြန် မလာ နိုင်ဘူး ။ စာအုပ်ဆိုင် တော့ ဖြစ်ဖြစ် ဝင် ပြီး မွှေလိုက်ချင် သေးတယ် ။ သူငယ်ချင်း တွေ နဲ့ လက်ဖက်ရည်ဆိုင် ထိုင် စကားဝိုင်း ဖွဲ့ လိုက် ချင် သေးတယ် ။ ကြုံရင် ကြုံသလို စားလိုက် ချင်တယ် ။ ည ကိုးနာရီပွဲကလေး တော့ အမြဲတမ်း မဟုတ်တောင် အဖော် ကောင်းရင် ကြည့် လိုက် ချင် သေးတယ် ”

“ တစ်ခါတစ်လေ ကျောင်း နေဖက် မိတ်ဆွေဟောင်းတွေ ဆုံ မိရင် မအိပ်တမ်း စကား ပြောလိုက် ချင်တယ် ”

“ ဒီတော့ မိန်းမ နဲ့ ယောက်ျား အလို ဆန္ဒချင်း ဆန့်ကျင် မနေဘူးလား ”

“ အမှန်ပဲ ဗျို့ ၊ ဒါကိုတော့ အပေးအယူ မျှ ဖို့ လိုတယ် ”

“ အောင်မယ် ကိုယ့်လူ ၊ အပေးအယူတွေ သွား လုပ် မနေနဲ့ ။ ကွဲ သွားမယ် နားလည် လား ။ ပထမ ဦးဆုံး ကိုယ့် အကျင့် ကိုယ့် စရိုက် မှာ သူ က ယဉ်ပါး လာအောင် ကျင့်သား ရ လာအောင် လုပ်ထား လိုက်ရင် ပြီးတာပဲ ”

“ မိန်းမ က ဘယ် ကျေနပ် မလဲဗျ ”

“ ကဲ ... သူငယ်ချင်း ရ ၊ ဘယ် ဆင် က သစ်တုံး ဆွဲချင်မလဲ ကွ ။ နောက် ယဉ်ပါး လာတဲ့ အခါ သစ်တုံး ဆွဲ ရတာ ကို သူ့ အတွက် လုပ် နေကျ အလုပ် ဖြစ် သွားတဲ့ အခါ သူ့ ဟာ သူ ကျေနပ် နေတာပဲ မဟုတ်လား ”

“ မိန်းမ ဆိုတဲ့ သတ္တဝါတွေ ကလည်း ပထမ တော့ အစွယ် ပြ ကြသေးတာပဲ ။ မာယာ ပေါင်း တစ်ထောင် နဲ့ လင်ယောက်ျား ကို ပုံသွင်း တာ ပဲ ၊ ကိုယ် က ကျုံး မဝင်မိ ဖို့ အရေးကြီးတယ် ”

“ ဟော … ရုံး က ကိုယ် ပြန် မလာမချင်း ထမင်း မစားဘူး ”

“ ထမင်းပွဲ ယပ်ခတ် စောင့် နေ တတ်တယ် ၊ အဲဒီတော့ ယောက်ျား လုပ်တဲ့ သူတွေ က ”

“ ဪ ... သူ့ ခမျာ ငါ မပြန်ရင် ထမင်း ဆာနေတော့မယ် ဆိုပြီး ထောက်ထား လာရော ၊ အိမ် ကို အချိန် မှန် ပြန်အောင်ပေါ့ ကွာ ။ ဒီ နေရာ မှာ ကိုယ် က မလိုက်လျော လိုက် နဲ့ ၊ ရုံး က တမင် နောက်ကျ မှ ပြန် ။ သွားစရာ မရှိရင် လမ်းထိပ် လက်ဖက်ရည်ဆိုင် မှာ ဖြစ်ဖြစ် ထိုင် နေလိုက် ”

“ ကိုယ် ကိုယ်တိုင် က ထမင်း ဆာလာရင်ရော ဗျာ ”

“ အို ... ဘာခက်တာ မှတ်လို လမ်း ဝယ်စား လိုက်ပေါ့ ။ အိမ် ရောက် တော့ သူ က ထမင်း စားဖို့ ပြောရင် လမ်း မှာ စား ခဲ့ပြီ လို့ ပြောလိုက် ။ အဲဒီတော့ သူ က ပြော လိမ့်မယ် ။ အိမ် က မိန်းမကတော့ အဆာ ခံပြီး စောင့် နေလိုက် ရတာ ဘာညာ နဲ့ ပေါ့ကွာ ချွဲ မှာ ပဲ ။ ကိုယ် က ပျော့ မသွား နဲ့ ”

“ အဲဒီလို သာ ရက်ပေါင်း များစွာ ကျင့် ပေး လိုက်ရင် နောက်တော့ သူ မစောင့်တော့ ဘူး ။ ဒီ တစ်ပွဲ တော့ ကိုယ် အောင် လိုက်ပြီ သာ အောက်မေ့ လိုက် ”

ကိုရင်မောင် သည် ပုစ္ဆာ တစ်ပုဒ် ကို တွက်ချက် ဖြေဆို ပြ လိုက်ပြီး သော ကျောင်းဆရာ ကဲ့သို့ ဟန် ဝင်၍ နောက် ပုစ္ဆာ တစ်ပုဒ်ကို စ ပြန်သည် ။

“ နောက် တစ်ခု က မိန်းမများ မျက်ရည် အင်မတန် လွယ် တယ်ကွ ။ ဘာ မဟုတ်တာလေး နဲ့ ပေမယ့် ငို ပြ တတ်တယ် ။ တစ်ခါတစ်လေ လင်ယောက်ျား မသိအောင် အိပ်ရာ ထဲ ကျိတ် ငိုသလိုလို နဲ့ အသံ ကြား အောင် ငိုတယ် ။ ဒါမျိုးများ သွား မချော့လိုက် နဲ့ မောင် ။ နောက်ကျွမ်း ပစ် ပြီသာ မှတ် လိုက်ပေတော့ ”

“ ဟော ... တို့ ကျတော့ ရှင်းတယ် ။ မမယ်မ တို့ ဗြောင် ငိုပြီ ဆိုရင် စိတ်ညစ်တယ်ကွာ ဆိုပြီး ထွက်သွား လိုက်တာပဲ ။ ကိုယ် ကြည့် ချင်တဲ့ ရုပ်ရှင် ကို စတိုင်ကလေး နဲ့ သွား ကြည့် နေလိုက်တယ် ။ အိပ်ရာ ထဲ ကိုယ် မကြား ကြားအောင် ကျိတ်ငိုတဲ့ ဟန်မျိုးများ လုပ် ရင်တော့ မကြားချင် ယောင် ဆောင်ပြီး ဟိုဘက်လှည့် အိပ်လိုက်တာပဲ ။ ခုများတော့ ငိုပါဦး ဆိုတာတောင် မမယ်မ တို့ မျက်ရည် မကျတော့ဘူး ။ ဒါဟာ မိန်းမ တို့ ရဲ့ အထက်မြက်ဆုံး လက်နက် ကို ရိုက်ချိုး ပစ် လိုက်တာပဲ ”

“ ဟုတ်တယ်ဗျ ။ ခင်ဗျား ဇနီးချောကလေး မ ကတော့ အမြဲတမ်း ပြုံး နေတာပဲ ။ ကျုပ်တို့ တတွေ ဘယ်လောက် ပဲ ခင်ဗျား တို့ အိမ် မှာ လာပြီး ညှဉ်းညှဉ်း ဘယ်တော့ မှ မျက်နှာ ပျက် တာ မတွေ့ရဘူး ”

“ ဒီပုံ ဒီစခန်း ရောက်အောင် အလေ့အကျင့် ပေးခဲ့ရတဲ့ လူ ကို လည်း ကြည့်ဦးလေကွာ ၊ ဟား ဟား ”

ကိုရင်မောင် သည် ရင် ကိုကော့ ၍ နောက် သလိုလို နှင့် တကယ် ဂုဏ်ယူ ကာ ကြွားပြ လိုက်ရ သဖြင့် တော်တော် ကျေနပ် သွားလေသည် ။

ထိုကြောင့်လည်း သူ ၏ မယား လေ့ကျင့်ပုံ နောက်ဆုံး နည်း ကို ဆက် လိုက် ပြန်သည် ။

“ အဲ …. ကိုယ် က သူ့ ဆီ က အခွင့်အရေး တစ်ခုခု လိုချင် ရင် သူ လိုချင်တာလေး တစ်ခု ခု ကို ဦးအောင် ရှာကြံ ပြီး ပေး လိုက် ။ ဒီလို ဆိုရင် ကိုယ့် အတွက် လည်း သူ မငြင်းတော့ဘူး ”

“ ဟုတ်တယ် ၊ ဟုတ်တယ် ။ ဒါ သတိ ထားဖို့ လိုတယ် ။ ဒါတွေကို ကြိုတင်ပြီး ခင်ဗျား ဆီ က သိထား ရတာ ကောင်းတယ် ဗျာ ။ ကျုပ် အတွက် ကိုယ်ခံ ကောင်း သွားတာပေါ့ ”

ကိုရင်မောင် က မူ ပြုံးပြုံးကြီး ခေါင်းညိတ် လိုက် လေသည် ။

( ၂ )

ကိုရင်မောင် တို့ လက်ဖက်ရည်ဆိုင် တွင် မယားနိုင်နည်း တွေ နှီးနှော ဖလှယ် နေချိန်၌ မမယ်မ က လည်း သူ့ ညီမ မခင်အိ ကို အချိန် ရှိ တုန်းကလေး သွန်သင် ဆုံးမ နေ လေသည် ။

“ ညည်း နော် ဒါပဲ ၊ ငါ အခု ကတည်း က ပြော ထားမယ် ။ ငါ့ ညီမ လုပ် နေပြီး ကိုလွန်းကြွယ် လို လူပျိုကြီး ကို မှ ဇက်ကြိုး နိုင်အောင် မကိုင်နိုင် ရင် အသိပဲ ”

“ ဘာလဲ မမ ရဲ့ ၊ ယူကြမယ် မှ မကြံသေးဘူး ။ ဘယ်လို ဇက်ကြိုး ကိုင် ရမှာလဲ ”

“ ဒီမှာ မရွှေအိ ရဲ့ ။ ကိုလွန်းကြွယ် တို့ လို လူပျိုကြီးတွေ ဟာ ကိုယ် က ကိုင် နိုင် ရင် အကောင်းဆုံး လင်ယောက်ျား ဖြစ်မှာပဲ ။ ကိုယ် မနိုင် ရင်တော့ မျက်ရည် နဲ့ ဒူး နဲ့ သာ သုတ် နေပေတော့ ”

မခင်အိ သည် သူ့ အစ်မ စကား ကို ကြားသော အခါ လင် ယူ ရမည် ကို ပင် ကြောက် သလိုလို ဖြစ်သွား မိ၏ ။

မမယ်မ က မူ သူ့ ညီမ ထုံနနကလေး ကို ကိုယ်တွေ့ နည်းကလေး ပေးလိုက် မှ ကိုယ်ခံ ကောင်းတော့မည် ကို ရိပ်မိလိုက် သဖြင့် တွတ်ထိုး ၍ ပြောနေလေ တော့သည် ။

“ အရွယ် လွန် အောင် ကလေကလွင့် စည်းလွတ် ဓားလွတ် နေ လာတဲ့ လူမျိုး ကို စဟေ့ ဆို ကတည်း က စည်းကလေး ကမ်းကလေး နဲ့ နေလာ သွားလာအောင် ထိန်းပေး ရတယ် ။ ရုံး က ပြန် ရင် အိမ် ကို တန်းတန်းမတ်မတ် ပြန်ပြီး မယား ချက် တဲ့ ထမင်း အငွေ့ မသေခင် စား တတ်အောင် ကိုယ် ကိုယ်တိုင် က သူ လာ မှ စားမယ့် ဟန်မျိုး လုပ်ပြီး စောင့်နေ ပြ ရတယ် ”

“ ဟင် မမ က လည်း သူ က မိုးချုပ် မှ ပြန် လာရင် အူ လိပ်ပြီး သေရောပေါ့ ”

“ မိရွှေအိ ရယ်... အ ရန်ကော ၊ ဘယ် ဒီလို ဟုတ်မလဲ ကွယ် ။ ကိုယ် တကယ် စားပြီး မပြီး သူ မြင်တာ ၊ သူ သိတာ မှတ်လို့ ။ စောစော ကတည်း က အဆာပြေလေး ကို ကိုယ် စားထား ရတာပေါ့ ဟဲ့ ။ သူ ပြန် လာတော့ မစားရသေးဘူး ပေါ့ ။ သူ နဲ့ မှ လက်ဆုံ စားချင်တဲ့ ဟန်မျိုး ပေါ့ ”

“ အင့်  အင်း ”

ဒီ တစ်ချက် တော့ မခင်အိ သဘော ကျ သွား၏ ။

“ ပြီးတော့ ကိုယ့် ယောက်ျား လုပ်တဲ့ သူ ဟာ အငို မှာ ပျော့တတ်သလား ၊ အရယ် မှာ ပျော့ လာသလား မျှော့ သွေး စမ်း သလို စမ်းသပ်ပြီး လေ့လာ ရတယ် ”

“ အချို့ ယောက်ျားတွေ က မိန်းမ မျက်ရည် မြင်ရင် ဒါမှ မဟုတ် မိန်းမ ရှိုက်သံ ကြားရင် တစ်ခါတည်း အရည်ပျော် ကျ လာ တတ်တယ် ။ တောင့် မခံနိုင်ဘူး ။ ဒီလို ယောက်ျား မျိုး ကျတော့ ဗြောင် ငိုတဲ့ နည်း နဲ့ တစ်မျိုး ၊ ကျိတ်ပြီး ရှိုက်သံ ပေးတဲ့ နည်း နဲ့ က တစ်မျိုး ၊ ကိုယ့် ရင်ခွင် ထဲ ခေါင်း ငိုက်ကျ လာအောင် လုပ် ရတယ် ”

“ ဟော အချို့ အမျိုးသားတွေ ဆိုရင် ငိုသံ ကို မကြားချင်ဘူး ။ မိန်းမ ငို ရင် ရှောင် တတ်တယ် ”

“ ဒါမျိုးကျ တော့ မကြိုက်တာ ပေမယ့် အငိုလေး နဲ့ သွား မလုပ်နဲ့ ၊ မကြိုက်  ပေ မယ့် အလို လိုက် ပုံ မျိုး နဲ့ ပြုံးပြုံးကလေး နေ လိုက် ၊ ကိုယ်တော်ချောတွေ သူတို့ ဘာသာ အလိုက် သိပြီး ငါ့ မိန်းမ ဘာ မကြိုက်ဘူးလဲ ဆိုတာ ရှာကြံ ဆင်ခြင် လာ တတ်တယ် ။ ကိုယ် က အကင်းပါး ပေါ့ ကွယ် ”

မမယ်မ သည် ချုပ်လက်စ အဝတ် ကို ဘေး ချပြီး မခင်အိ ပေါင် ကို ပုတ် လိုက်ရင်း ...

“ ဒီမှာ ရွှေအိ ၊ ငါ ပြောတာ တစ်ခု တော့ မြဲမြဲ မှတ်ထား ။ ဘယ် ယောက်ျား မဆို မိန်းမ ရဲ့ တီတီတာတာ ပလီပလာ ကို ကြိုက်တတ် ကြ တာပဲ ။ လင် နဲ့မယား လူ မမြင်တဲ့ နေရာ မှာ ကိုယ့် လင် ကို ကလက် ချင် ကလက် ပါစေ ၊ နှဲ့ ပေး ရတယ် ၊ ခရာတာတာကလေး ပြော ပေးရတယ် ”

“ အို ... မမ က လည်း ရှက် ပါတယ် ”

မယ်အိ က ပခုံးလေး တွန့် ခေါင်းကလေး ငုံ့ ပြီး ပြုံး၍ ပြန်လည် ပြောသည် ကို မမယ်မ က မေးငေါ့ ၍ မဲ့ပြ လိုက် လေသည် ။

( ၃ )

ကိုရင်မောင် နှင့် မမယ်မ တို့ သည် သဘောတရား အပြော စကား တွင် သာ မဟုတ် သူ တို့ ၏ ကိုယ်စီ လင်ရယ် မယားရယ် လေ့ကျင့်သည့် နည်းလမ်းများ ကို ကိုယ်တိုင် လက်တွေ့ ကျင့်သုံးကြသူများ ဖြစ်ကြ၏ ။

ကိုလွန်းကြွယ် တို့ ဇနီးမောင်နှံလောင်း စုံတွဲ ပြန် သွားကြသည့် ည တွင် ကိုရင်မောင် က သူ လိုချင် သော အခွင့်အရေး တစ်ခု နှင့် ချဉ်းကပ် လာသည် ကို မမယ်မ က လည်း သူ လိုချင်သော အခွင့်အရေး တစ်ရပ် ဖြင့် ခရီးဦးကြို ပြုလိုက်သည် ။

“ မောင် ဒါပဲ နော် ၊ မခင်အိ တို့ လက်ထပ်ပွဲ မှာ ဝတ်ဖို့ ပဝါ နဲ့ အင်္ကျီ ဆင်တူ ဖြစ် အောင် ဟိုဘက် အိမ် က အညွန့် တို့ လာ ပြ ထားတဲ့ “ ခရိစ ” ဝယ် လိုက်တော့မယ် ”

မမယ်မ ၏စကား ကို ကြား ကတည်း က ပင် ကိုရင်မောင် အဖို့ ပိုင်ပြီ ဟု ဝမ်း ထဲ က ကျေနပ် လိုက်သည် ။ ဇနီးချော လိုချင်တာလေး ကြိုတင်ပြီး အလို လိုက်ပါ က သူ့ အတွက် အကွက်ကောင်း ဆိုက်ပြီ ဆိုတာ သေချာပြီ ။

“ အမလေး မ , ရယ် ၊ ဒါများ ရေးကြီးခွင်ကျယ် လုပ်ပြီး ခွင့်တောင်း နေရသေးလား ။ ကိုယ့် ဘာ ကိုယ် ဝယ် ဝတ်တဲ့ ဥစ္စာ ၊ မ , လှအောင် ဆင်တာ မောင့် အကြိုက်ကြီး ပဲ ပေါ့ ”

မမယ်မ က ကိုရင်မောင် ၏ ရင်ခွင် တွင်း သို့ ခေါင်း ထိုး ၍ ဝင်ကာ ရင်ဘတ်ကြီး ပေါ် တွင် မျက်နှာ ဝှက် ရင်း ..

“ ဟင်း ဟင်း .. မောင် မသိဘဲ နဲ့ မ , ဘာမှ မလုပ်တတ်ဘူး ဆိုတာ သိသား နဲ့ ” ဟု ချွဲ လိုက်၏ ။

ကိုရင်မောင် သည် တဟဲဟဲ ရယ်ရင်း မမယ်မ ၏ ဆံပင်များ ကို တယုတယ သပ်ပေး လိုက်၏ ။ ထို့နောက် မှ ...

“ မောင့် မ လည်း ဒုက္ခ ပဲ မ , ရယ် ၊ ကိုရွေလွန်းကြွယ် က လက် မထပ်မီ ည မှာ ဒီ အိမ် သူငယ်ချင်းတွေ စုပြီး လူပျိုည ကျင်းပကြ မလို့ တဲ့ ။ သောက်ကြ ၊ စားကြမယ် ပေါ့ ကွာ ၊ ခွင့် မပေးလည်း အခက် ”

“ အို .. မောင် ကလည်း လုပ်ပါစေ ၊ ကိုယ့် သူငယ်ချင်း ရဲ့ ပွဲ ပဲ မဟုတ်လား ၊ ငြင်းလို့ ဘယ် ကောင်းမလဲ ”

ကိုရင်မောင် အဖို့ တော့ သူ့ နည်း သည် အမှန်ပင် အောင်မြင်ကြောင်း တွေ့ရ သဖြင့် ကျေနပ်ကြီး ကျေနပ် ၍ မဆုံးမီ ပင် အိပ်ခန်း တွင်း မှ သားကြီး မောင်မောင် ၏ တရေးနိုး ငိုသံ ကြား လိုက် ရ၏ ။

“ မောင်ရယ် … သားတော်မောင် နိုးလာ ပြန်ပြီ ။ ကိုယ့် သားကြီး ဆီ သွားလိုက်ပါဦး နော် ” ဟု မမယ်မ က ဆို လိုက်ရာ ကိုရင်မောင် သည် ယဉ်ပါးပြီး ဆင်ကြီး တစ်ကောင် က ချွန်း မပေါက်ရ ဘဲ သစ်တုံး ဆွဲ ရန် မြစ်ခြေ ကမ်းစပ် သို့ တရွေ့ရွေ့ ဆင်းသွား သကဲ့သို့ သားတော်မောင် ရှိရာ အိပ်ခန်း ဆီ ရှေ့ရှု ၍ ရွေ့လျား သွားလေ တော့သည် ။

◾မောင်ကိုယု

📖 ရှုမဝ မဂ္ဂဇင်း
      အတွဲ ၂၂  ၊ အမှတ် ၂၅၅
      ၁၉၆၈ ခုနှစ် ၊ သြဂုတ်လ

#ကိုအောင်နိုင်ဦး

.

Tuesday, June 27, 2023

လူပါး သံပုံး ထိ


 ❝ လူပါး သံပုံး ထိ ❞


ဦးဘိုးစိန် ၏ ဇာတ်ပွဲ မှာ မြို့တိုင်း ၊ ရွာတိုင်း သို့ ခါတိုင်း မရောက် သဖြင့် တစ်ခေါက် တစ်ခေါက် ရောက် သော မြို့ရွာ ၌ မြို့သူမြို့သားများ မှာ ငါးပါး သော ဒုလ္လဘ ထက် ကြုံရ ဆုံရခဲ လှသော အဘိဒုလ္လဘ တရားကြီး ကို ရသည် ဟု သဘော ထား ကာ အလုပ်အကိုင် အကြံအစည် ၌ နဂို က မျှ ကောင်းစွာ အလေးမမူ ခဲ့သော စိတ်များ မှာ ထိုအခါ အတွင်း ၌ အလျဉ်း မေ့လျော ၍ နေကြလေ သဖြင့် ၊ ပွဲဈေး ရောင်းသူများ မှ တစ်ပါး စီးပွားရေးတို့ အရေး၌ အလေးမူသော စိတ်များ ကို စွန့်ခွာ ပယ်ရှားပြီး ကာ ၊ ခြေဖျား တထောက်ထောက် နှင့် တမြောက်မြောက် နေကြမြဲ မှာ ဓမ္မတာတရား ပင် ဖြစ်လေ၏ ။


ငယ်ရွယ်သူများ ၏ စိတ် ကို ဘုရားသံ ၊ တရားသံ တို့ က တစ်စုံတစ်ရာ တုန်လှုပ် ပြောင်းလဲအောင် မပြုလုပ်နိုင် သော် လည်း ဦးဘိုးစိန် ၏ ဇာတ် ထဲ မှ ပတ်မကြီး တစ်ချက် ပုတ် လိုက်လျှင် မိန်းမပျိုကလေး ရော ၊ ယောက်ျားပျို ကလေး တို့ ပါ တလှုပ်လှုပ် တရွရွ ၊ တသသ တပြင်ပြင် နှင့် တရွှင်ရွှင် ဖြစ်နေ ၍ နေကြလေ၏ ။


ထိုကဲ့သို့ ဦးဘိုးစိန် ၏ ဇာတ်ပွဲကြီး ကို ကနွဲ လျက် သော နေရာမှာ မအူပင် ဒီစတြိက်မြို့ကလေး တစ်မြို့ တွင် ဖြစ်လေသဖြင့် ၊ ထို မြို့ကလေး က မြေ ပိုင်ရှင်သူဌေး ဦးဘ မှာ မိမိ ၏ မယားကြီး သေဆုံး နေပြီး နောက် ရကာ စ နှစ် မကူး သေးသော မယားကလေး အား ပွဲ သွားမည် စိုးသဖြင့် အမျိုးမျိုး တရား ချ လျက် ရှိရာ ...


ဦးဘ ။  ။ မငွေရင် ရယ် ... မင်း တို့ ပွဲသွားကြည့် လို့ ကုန်မယ့် ပိုက်ဆံ ကို မနက်ဖြန် ဝက်သား ၊ ကြက်သား ဝယ် စား လိုက်ရတာ က အရသာ ခံစား လိုက်ရသေးတယ် ။ အလကား မဟုတ်တာ နဲ့ ကိုယ့် ကိုယ် ကိုယ် အရူး လုပ်ပြီး ငွေကုန် မခံပါနဲ့ ။


မငွေရင် ။  ။ ဒါတော့ ကိုယ် ကြိုက်တာ ကိုယ် လုပ်ပေါ့ ။ ထမင်း ကောင်းကောင်း စား တာ ၊ လျှာ အရသာ ၊ ပွဲ ကြည့်တာက မျက်စိ နှင့် နား အရသာ ဆိုတော့ ပွဲကြည့်တာ က အရသာ တောင် တစ်ခု ပိုသေးတယ် ။ ဒီတော့ တစ်ခါတလေ နား ရော ၊ မျက်စိ ရော အရသာ ခံစားချင်တော့ ဘိုးစိန် ပဲ ကြိုက်မိ တာပဲ ။ ပိုက်ဆံလေး တစ်ကျပ် ၊ နှစ်ကျပ် ကို လည်း ၊ ဒီလောက်တောင် ကပ်စေး နှဲ နေရင် လည်း မကြည့်တော့ ပါဘူး ။


ဦးဘ ။  ။ ကဲလေ .. ပွဲ ဟာ ညဦး မှာ လည်း ပွဲ မကောင်းပါဘူး ၊ လင်းခါနီး ဦးဘိုးစိန် ထွက်တဲ့ အချိန် မှ ပဲ သွား တာပေါ့ ၊ ည ၁၂ နာရီ လောက် တောင် စာရင်းရှင်း ဖို့ အလုပ် ရှိနေသေးတယ် ။


ဤသို့ ပြောလိုက်ရာ ဒေါ်ငွေရင် သည် မိမိ ၏ စစ်စီစဉ်းလဲသော ခင်ပွန်းသည် မှာ စကား တစ်ခွန်း ကို ပြောဆို မိ လျှင် ၊ ပြန်၍ မရုတ်သိမ်းတတ်သည့် သဘောထား ကိုလည်း သိရှိပြီး ဖြစ် သဖြင့် မိန်းမ လိမ္မာ ပီသစွာ ဦးဘ ၏ အလို အတိုင်း ရုံဖွင့်ချိန် မှ ပွဲသို့ သွားကြည့်ရန် သဘောတူ လိုက်ရ ပြီး လျှင် ၊ ဒေါ်ငွေရင် မှာ ၎င်း နေ့ တွင် ညစာ စောစော ချက် ဖို့ ဈေးဝယ်ရန် အတွက် အစေခံမကလေး မခွေး ကို ခေါ်ကာ ဈေးသို့ ထွက်သွား လေ၏ ။


     •••••   •••••   •••••   •••••


ဦးဘ ၏ အိမ်ကြီး မှာ ကျယ်ဝန်းလှသော အိမ်ကြီး ဖြစ် သဖြင့် ထို အိမ်ကြီး ၏ နောက်ဖေး ဘက် မှာ လည်း ဇာတ်ထွက် သကဲ့သို့ တစ်စုံတွဲ ထွက်၍ နေကြရာ ...


မောင်တင်  ။  ။ နု ကလည်း ဒီလိုနဲ့ အချိန် ဆွဲပြီး ဒီက အသည်း ကြွေ ရအောင် လုပ် လုပ်နေတာပဲ ။ ဘယ်တော့ သေသေချာချာ စကား ပြော ရ မှာလဲ  ။  


နု ။  ။ အသာ နေစမ်းပါဦး ဒေါ်ဒေါ်လေး မြင်လို့ အထင်လွဲ နေပါဦးမယ် ။


ဤသို့ ပြောလိုက်ကာ နုနု မှာ အမူအရာ ဣန္ဒြေ တစ်စုံတစ်ရာ မပျက်ပဲ တစ်စုံတစ်ခု မျှ မဖြစ်ပွားသော အနေဖြင့်  ၊ အိမ်ရှေ့ခန်းဘက် သို့ ထွက် လာရာ နောက်ပိုး မောင်မောင်တင် မှာ နုနု ၏ ခံချိမခံသာ ပြုလုပ်နေ ပုံကို အခံရ ခက် သလို အားမလို အားမရ ရှိသလိုဖြင့် ၊ တက် ခေါက်၍ ကျန်ရစ်ခဲ့လေ၏ ။


နုနု မှာ ဧည့်ခန်း တွင် ထားသော ပီယာနို ကို တစ်ချက် ၊ နှစ်ချက် မျှ နှိပ်ပြီး နောက် ၊ တောင်ကြည့် မြောက်ကြည့် ကြည့် ပြီး လျှင် နောက်ဖေးဆောင် ဖက် သို့ တစ်ဖန် ပြန်လျှောက် လာ ခါ စိတ်ပျက်သော အမူအရာ ဖြင့် ခေါင်း ကုပ် ကာ နေသော မောင်မောင်တင် ကို ပြုံးစိစိ နှင့် မထိတထိ ကြည့်ပြီး လျှင် “ ဘယ်နှယ့်လဲ ဆရာ စိတ်ပျက် နေတာလား ” ဟု မေးပြီး လျှင် မောင်မောင်တင် ၏ အဖြေ စကား ကို မစောင့်ဘဲ လမ်း လျှောက်မြဲ ဆက်လက် ၍ လျှောက်သွား ပြန် ရာ မောင်မောင်တင် မှာ “ ဘာ စိတ်ပျက်တယ် ဆိုတာ နု မသိဘူးလား ” ဟု လှမ်း၍ ပြောလိုက် သော်လည်း နုနု မှာ မောင်မောင်တင် ၏ ဖြေဆိုရန် ပြော သော စကား ကို တစ်စုံတစ်ရာ မျှ အရေး မစိုက်သော အနေနှင့် ဣန္ဒြေရစွာ မီးဖိုခန်း ဘက် သို့ ထွက်သွား ၍ ထမင်း ချက် သော ဘိုးစ အား လက်ဖက်ရည်ပွဲ ပြင်ရန် အမိန့် ပေး လိုက် ပြီး လျှင် အိမ်ရှေ့ခန်း သို့ တစ်ဖန် ပြန်၍ ထွက် သွား ကာ ကု,လားထိုင် ပေါ် မှ ထိုင်ပြီး လျှင် စာအုပ် တစ်အုပ် ကို ဖတ် ကာ နေ၏ ။


ဦးဘ မှာ မူကား မိမိ ၏ မယား ပါ သမီး နုနု နှင့် မိမိ ၏ သား ၊ မောင်မောင်တင် ကို မည်သို့မည်ပုံ ဖြစ်ပျက်၍ နေသည် ဟု အရိပ်အမြွက် မသိကြား ၊ ဂရုလည်း မထားပဲ စပါးဈေး ကျသည့် အတွက် နှင့် စိတ် အပျက်ကြီး ပျက်ကာ ၊ မိမိ ၏ အခန်းတွင်း မှာ သာ စဉ်းစားရင်း တံခါး ပိတ်ပြီး တိတ်ဆိတ်စွာ နေလေ

၏ ။


အစေခံ ဘိုးခ မှာ ၊ သခင်မ နုနု ၏ အမိန့် အတိုင်း လက်ဖက်ရည်ပွဲ ကို ကောင်းစွာ ပြင်ပြီး ၊ ယွန်းလင်ပန်းကလေး နှင့် နုနု ၏ အနီးသို့ ယူ လာပြီးလျှင် မုန့် ကို မစားဘဲ လက်ဖက်ရည်ပွဲ ကို မောင်မောင်တင် ထံ ပေး လိုက်ရန် ပြော သ ဖြင့် ဘိုးစ မှာ ထမင်းစားခန်း က စားပွဲ တွင် ထိုင်၍ မှိုင် နေသော မောင်မောင်တင် ထံ လက်ဖက်ရည်ပွဲ ကို သွား၍ ပို့ ပြီး နုနု က ပို့ခိုင်းကြောင်းကို ပြော ရာ ၊ မောင်မောင်တင် မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတော့ မလို ဖြစ်လေ၏ ။


သို့သော် နုနု ၏ မထိတထိ နှင့် ၊ ရိတိတိ ပြုမူ ပုံမှာ ရာမမင်း ကို သွေး ဆောင် ၍ ခေါ်သော ရွှေသမင် ၏ အလား ကဲ့ သို့ မိတော့ မလို ၊ ရတော့ မလို နှင့် အနားကပ် မှ မခံဘဲ ။ အသည်းယား စရာ ဖြစ်နေ သဖြင့် တေ့တေ့ဆိုင်ဆိုင် သေသေချာချာ စကား အပြော လည်း မခံဘဲ ၊ နုနု မှာ ရှောင်ရှား ၍ သွားပြီး အသည်းယား စရာ လုပ်၍ နေသည်မှာ ဤအခါတွင် မကဘဲ အခါပေါင်း များ လှပြီ ဖြစ်၍ အသည်း ယားသည် ထက် အသည်းယား ကာ ဘာပဲဖြစ်ဖြစ် နုနု အား ဇွတ်အတင်း နှစ်၍ မရ အရ  ပြော တော့မည် ဟု မောင်မောင်တင် သည် စိတ် ကို ဆုံးဖြတ် လိုက်လေ၏ ။


ဤကဲ့သို့ ဆုံးဖြတ်ချက် နှင့် ( ဖမ်း လိုက်ရင် မိတော့မယ် ၊ မိ လိုက်ရင် ဖမ်းတော့မယ် ) ဟု တိုးတိုးကလေး ရေရွတ် ပြောဆို ကာ မောင်မောင်တင် မှာ တစ်ချက် တစ်ချက် တစ်ယောက် တည်း ပြုံး လို ပြုံး တစ်ချက် တစ်ချက် တစ်ယောက် တည်း အံ ကြိတ် လို ကြိတ် နှင့် ဖြစ်ကာ နုနု အား အားရပါးရ နှင့် ဝဝကြီး တွေ့ဆုံ ပြောဆိုရန် အခါအခွင့် ကို သာ စောင့်စားလျက် နေလေ၏ ။


     •••••   •••••   •••••   •••••


“ နဝရတ်ကယ် ရောင်စုံ ၊ ခင်းပြန့်တုံ ၊ ပျော်လည်း ခု ပျော်တော် ရုံ ၊ ဖူးရွှေငုံ ငယ်လေ ၊ မလုံပါပဲ ပူဗျာပါ ပွားဆင့်ဆင့်ကဲ ခေါ် သံလိုပဲ ရွှေသည်း မှာ ပန်းအောင် ၊ ဖြေလည်းခု ဖြေနိုင်ပေါင် ၊ နန်းဆောင်မြင့် စက်ရာပျော်လည်း ပျော် မပြေ ။ ဆွေးစေအောင် ခုသား ၊ ရွှေကိုယ်တော် ဘုန်း မြတ်ဖျား သနားလေမညှာ ၊ သစ္စာ သွေလွဲ ၊ မကြင် ဘယ်တွက်လဲ နည်းစေနာ ကံညွှန်း လို့ ကျွမ်း ကြွေလုဖွယ် ၊ ကြုံလာတယ် တစ်ကိုယ်တည်း ထက်နန်းဣန္ဒာ က ရွာလာ တဖွဲဖွဲ ပူရရုံကန် ၊ ဘုန်းခင်ကြောင့်ပဲ ၊ လာလာ ချိန်မြဲငယ်မို့ ဖဲစက်ရာပေါ်  ၊ ညဉ့်သုံးယံ ဆော်လေညှင်းတယ် သွင်းပြန်ပေါ့ နော် ၊ ညှိုးလျော်ဆို ငိုရက်ကယ် ။ ဘုန်းမေ့ သက် မှူး ၊ ဆန်းမာယာ ပိုဖွဲ့တယ် မုန်းလှဲ့သင့်ဘူး ”


အထက်ပါ အနောက်နန်းတော် မမြကလေး ရေး သော ပတ်ပျိုး ကို ဆိုကာ စန္ဒရားကြီး ကို တီး ၍ နေသော နုနု မှာ မိမိ သီဆိုသော သီချင်း သည် မိမိ ၏ စိတ် ကို ပြန်၍ ထိခိုက် သလို လှိုက်လှိုက်လှဲလှဲ စိတ် ထဲ က ပါကြောင်း လက္ခဏာ သည် မျက်နှာ တွင် ပေါ် ၍ နေသည် ဟု ထင်ရ၏ ။


ထိုသို့ ထင်ရသူ မှာ စာရေးသူ ၊ စာဖတ်သူ မဟုတ် ၊ မနီးမဝေး ဖြစ်သော မိမိ ၏ အခန်းတွင်း မှ စာအုပ် ကို ကိုင်ရင်း စာ ကို အာရုံ မထားပဲ ၊ နုနု ၏ သီချင်းသံ နှင့် နုနု ကို သာ အာရုံစူးစိုက်၍ နေသူ မောင်မောင်တင် ဖြစ်လေ၏ ။


ထိုအချိန် မှာ ညနေစောင်း အချိန် ဖြစ်၍ ဦးဘ နှင့် ဒေါ်လှရွှေ မှာ နောင် ဘဝတိုင်း ရေစက် ပါစေရန် ဘုရားသွား ကျောင်းတက် ပါရမီဖြည့်ဖို့ အတွက် မိမိ တို့ ဆောက်လုပ် ထားသော ဘုရားတန်ဆောင်း သို့ သွား၍ နေသော အခါ ဖြစ်ရကား အိမ် ၌ ကျန်သူ နုနု အဒေါ် ဒေါ်စု မှာ လည်း နောက်ဖေး မီးခိုချောင် တွင် စီမံ လုပ်ကိုင်လျက် နေဆဲ ဖြစ်ရာ အခါအခွင့် ကို စောင့်စား လျက် နေသူ မောင်မောင်တင် မှာ ဒီ တစ်ခါ တော့ ဘာပဲဖြစ်ဖြစ် ဇွတ် နှစ်တော့ မည် အကြံ ပြုမိ လေ၏ ။


ဤသို့ အကြံပြုပြီး လျှင် “ ဒီ တစ်ခါ သိရောပေါ့ နုနု ရယ် ” ဟု တိုးတိုး ဖြစ်သော်လည်း အံကြိတ် ကာ ပြောဆို ပြီးလျှင် မောင်မောင်တင် သည် တစ်စုံ တစ်ခု ကို အတင်း ပြု တော့မည့် လက္ခဏာ ဖြင့် မိမိ ၏ အခန်းတွင်း မှ နုနု ရှိရာ ဧည့်ခန်းဘက် သို့ ထွက်၍ လာခဲ့လေ၏ ။


နုနု မှာ သီချင်း က လည်း မဆုံး တစ်ဆုံး မျက်နှာ က လည်း မပြုံး တစ်ပြုံး နှင့် မောင်မောင်တင် အား လည်း လုံးလုံးကြီး ဂရုမစိုက်လှ သလို မျက်နှာထား နှင့် ရှိနေ သဖြင့် ၊


တင် ။  ။ နု ရဲ့ ဘယ့်နှယ့် သောင်မတင် ရေမကျ နဲ့ အနေရ ခက် အောင် လုပ် နေတာလဲ ။


နု ။  ။ ဘာပြုလို့လဲ ၊ နု ကုန်းပေါ် မှာ နေတာပဲ ၊ ရေ ထဲ တစ်ခါ မှ လိမ့်မကျဘူး ၊ ဘာဖြစ်လို့လဲ ။

 

တင် ။  ။ အဲဒီလို မသိချင် ယောင် ဆောင် မနေစမ်းပါနဲ့ နု ရယ် ၊ ဒီမှာ မအိပ်နိုင် မစားနိုင် ဖြစ်နေတာ မသနားဘူးလား ။


နု ။  ။ ဘယ့်နှယ် ကိုကိုတင် က မေး ရတာလဲ ၊ ဒီလောက် စိတ် မရိုင်းပါဘူး ၊ လူ ကို သနား တတ် ပါတယ် ။


တင်  ။  ။ ( အားတက်လာ သဖြင့် ) ကဲ ... ဒါဖြင့် ကိုကိုတင် မစားနိုင် မအိပ်နိုင် ဖြစ်နေတာ ကို မညှာတာ ဘဲ အဲဒါလောက် တောင် ရက်စက် နေရသလား ။


နု ။  ။ ကိုကိုတင် ဒီလို မစားနိုင် ၊ မအိပ်နိုင် ဖြစ်နေတာ နု မှ မသိ ပဲ ။ သိရင် အစော ကြီးက ဆရာဝန် ခေါ်ပေးဖို့ မေမေ နဲ့ ဖေဖေကြီး ကို ပြော မှာ ပေါ့  ။


တင် ။  ။ ဒါ ဆရာဝန် ကု လို့ ပျောက်မှာ မဟုတ်ပါဘူး ။ နု ... ကု မှ ။


နု ။  ။ အို မဟုတ်နိုင်တာပဲ ၊ နု က ဆေးဆရာဝန် မဟုတ်ဘဲ ၊ နု ကု ရင် ကိုကိုတင် ကို ဘယ် သနားရာ ရောက်မလဲ ၊ မေမေ ပြန် ရင် ဒေါက်တာ ဘခင် ကို ခေါ်ပေးမယ် လေ ။ ဒါပေမဲ့ မနေ့က နု မြင် တော့ ကိုကိုတင် ထမင်း စားတာ အများကြီးပဲ ။


ထိုသို့ ပြောဆို နေသော စကား မှာ မောင်မောင်တင် ပြော နေသော နောက်ပိုး စကား ၏ အဓိပ္ပာယ် ကို မရောက် ၊ အပေါက် ကို မထိဘဲ ရှိနေရာ ၊ မောင်မောင်တင် မှာ များစွာ စိတ်ပျက်သော အမူအရာ နှင့် ခေါင်း ကို လက်ယာ လက် ဖြင့် ကုပ်ပြီး ဉာဏ် ထုတ်လျက် နေရာ ၊ ဦးဘ နှင့် ဒေါ်လှရွှေ တို့ ဘုရား မှ ပြန်လာကြသဖြင့် ဟန်အမူအရာ မပျက်စေဘဲ မောင်မောင်တင် မှာ မိမိ ၏ အခန်းအတွင်း သို့ ဝင်ကာ စာ ဖတ်လျက် ရှိနေလေ၏ ။


နေ ဝင်၍ ဦးဘိုးစိန် ၏ ပွဲ မှ ပတ်မကြီး ကို ပုတ်လိုက်သော အခါ ၊ သေးငယ်သော မြို့ကလေး မှာ ဆူဆူညံညံ တုန်လှုပ်ပြီး တလှုပ်လှုပ် တရွရွ ဖြစ် ကာ ၊ ဝတ်စားတန်ဆာ ကို ဆင်သူ က ဆင် ၊ ရုံအဝင် နောက် မကျအောင် အပေါက်ဝ က စောင့် သူ စောင့် ၊ ပွဲ ကို မသွားရ သဖြင့် လူကြီးမိဘ ကို ဆောင့် သူ က ဆောင့် နှင့် ဖြစ်၍ နေကာ ရှိနေကြသည့် အတွင်း တွင် ၊ သူဌေးကြီး ဦးဘ ၏ အိမ် မှာ လည်း အလျဉ်း လွတ်သည် မဟုတ်ပေ ။ ဦးဘ ၏ အိမ် မှာ ဇာတ်ရုံ နှင့် မဝေးလှဘဲ ၊ ဆိုင်းသံ ကို ဦးဘ အိမ် မှ ကြား၍ ဒေါ်လှရွှေ ၏ စိတ် ကို လည်း ဆိုင်းသံ က ဖိတ်ကြားနှိုးဆော် လျက် ရှိရာ ၊ ဒေါ်လှရွှေ မှာ လူငယ် မဟုတ် သဖြင့် ဆူထား အောင့်ထား မလုပ်သော်လည်း မျက်နှာတ်ပုပ် နှင့် ခေါင်းကုပ် ပြီး နေလေရာ ဦးဘ မှာ လူပါးလူနပ် တစ်ယောက် ဖြစ်သည့် အတိုင်း ဒေါ်လှရွှေ ၏ အမူအရာ ကို မသိယောင် ဆောင်ကာ စာဖတ် ၍ နေလေ၏ ။


ဤသို့ ဦးဘ သည် စာဖတ် သဖြင့် အတော် ညဉ့်နက်သော အခါ ဒေါ်လှရွှေ နှင့် လည်းကောင်း ၊ ညီမ အပျိုကြီး ဒေါ်စု တို့ မှာ တိုင်ပင်စ ပြုကြလေ၏ ။


စု ။  ။ မမ ရယ် မမ တို့ အိမ်ထောင် ပြု ရတာ ဒါတွေ ဒုက္ခများ တာပဲ ။ အိမ်နား ကပ် နေတဲ့ ပွဲ ဟာ အင်မတန် ကြုံခဲတာတောင် မကြည့်ရဘူး ၊ နုနု တော့ စိတ်ကောက်ပြီး အစောကြီး အိပ် နေပြီ ၊ ရုံ ဖွင့်တော့ မှ လိုက် မကြည့် ချင်ဘူး ၊ ရှက်တယ် တဲ့  ။


ရွှေ ။  ။ ကိုဘ သဘော ကို သည်း အသိသားပဲ စုစု ရယ် ၊ သူ့ စကား ကို နားထောင်မှ ကြိုက်တာ ၊ နုနု လည်း မလိုက်တာပဲ ကောင်းပါ တယ်လေ ၊ တို့ ညီမ ရုံဖွင့် မှ ပဲ သွားတာပေါ့ ။ နုနု ကို မနှိုး နဲ့ သူ မသိအောင် သွားမယ် ၊ ကိုဘ လည်း မလိုက်ဘူး ။ ခေါင်းရင်း အိမ် က မမှိန် နဲ့ ကိုကြွက် တို့ လဲ လိုက်ကြ လိမ့်မယ် ။ သူတို့ နှင့် အတူတူ သွားတာပေါ့ ။


လောကကြီး ၌ ဆိပ်ကွယ်ရာ အရပ် မရှိ ဟု ဆိုသော စကား မှာ နေရာ တိုင်း နှင့် သက်ဆိုင် ရ ကား ၊ လျှို့ဝှက်ရန် များစွာ အရေးကြီး သော ဒေါ်လှရွှေ တို့ ညီအစ်မ ပြောဆိုသော စကား ကို မူ ကား ကြားသူ ရှိသည် မဟုတ်ချေ ။


မောင်မောင်တင် မှာ အချက်အလက် နှင့် အကွက် ကို ချောင်းမြောင်း ၍ နေသူ ဖြစ်သဖြင့် ၎င်း၏ အကွက်အချက် ဖြစ်သော စကား ကို အဘယ်မှာ နားမထောင် ဘဲ နေ အံ့နည်း ။


စကား ပြောဆို ၍ နေကြသော ဒေါ်လှရွှေ တို့ ညီအစ်မ မှာ မိမိ တို့ ပြောဆို သော စကား သည် များစွာ အရေးကြီးသည် ဟု မထင်မြင် ဂရုမထား မိ သော် လည်း မိမိ ၏ အခန်း တွင်း မှ နား စွင့်၍ နေသော မောင်မောင်တင် ၏ အတွက် မှာ များစွာ အရေးကြီး သဖြင့် ထို စကား ကို ကြားလျှင် ကြားချင်း မောင်မောင် တင် ၏ စိတ်နှလုံး မှာ များစွာ လှုပ်ရှားလျက် ရှိလေ၏ ။


 •••••   •••••   •••••  


ထိုနေ့ ညဉ့် တွင် ဦးဘ ၏ အိမ် ၌ အခြား အိမ်သားများမှာ အိပ်ပျော် လျက် ရှိကြစဉ် မအိပ်နိုင် ဘဲ ဒုက္ခခံ နေရသူ တစ်ဦး ရှိ လေ၏ ။ ထိုသို့ မအိပ်နိုင်ဘဲ ရှိနေသူ မှာ ၊ အိပ်ရာ ထဲ တွင် ဘယ်လှည့် ညာပြန် ဖြင့် အတန်တန် လူးလိမ့်လျက် ရှိနေ ၍ တစ်ခါ တစ်ခါ သက်မကြီး ချပြီး အသက် ကို ရှူ ၊ ရင်ထဲ က ပူ သဖြင့် လူး လို လူး နှင့် နေ သော်လည်း မိမိ ၏ ရင်ထဲ ၌ မချိမဆန့် နေကြောင်း ကိုကား မည်သူ့ ကို မျှ ဖွင့်ဟ ၍ မပြောနိုင်ဘဲ ရှိလေ၏ ။


ထိုသူ မှာ ထိုသို့ ရင်ထဲ က ပူရုံမျှ မကဘဲ ချွေးစီးကြီးများ ပင် ကျလျက် လာ ကာ ရေ မှာ လည်း မကြာမကြာ ငတ်လျက် ပါးစပ် မှ လည်း ကယောင် ကတန်း ပြော သကဲ့သို့ တစ်ချက်တစ်ချက် “ အမယ်လေး ဒုက္ခပဲ နုနု ရေ ဒုက္ခ ၊ ဒုက္ခ ” ဟု တိုးတိုးကလေး မြည်တွန် တောက်တီး လျက် ရှိသော မောင်မောင်တင် ပင် ဖြစ် လေ၏ ။


မောင်မောင်တင် မှာ ဤသို့ အိပ်မပျော်ခြင်း မှာ နုနု ၏ အပေါ် ၌ ချစ်ခင် သော စိတ် ၊ စွဲလမ်းသော စိတ် ၊ နုနု ၏ မထိမခိုက် နှင့် ၊ မတင်မကျ ပြောဆိုပြုမူပုံ တို့ ကို မခံနိုင်သော စိတ် တို့ ဖြင့် ယနေ့ ည ၌ ဇွတ် မှိတ်၍ စွန့်စား ပြီး လျှင် ၊ နုနု အား မရလျှင် အရ ကြံမည် ဟု စိတ်မာန် ကို ရဲအောင် တင်း ပြီးလျှင် ရဲစိတ် ကို သွင်း၍ နေသော်လည်း ၊ ရဲစိတ် ထဲ တွင် ကြောက်စိတ် က တစ်ချက် တစ်ချက် ဝင်၍ ဖောက် ကာ နောက်သို့ ဆွဲ၍ ထား သဖြင့် မောင်မောင်တင် မှာ ကြောက်စိတ် နှင့် ရဲစိတ် တို့ ၏ လွန်ဆွဲခြင်း အတွက် စိတ် မှာ အလွန်တရာ ပင်ပန်းကာ တစ်ညလုံး မအိပ်နိုင်ဘဲ ရှိ လေ၏ ။


မောင်မောင်တင် ပြုလုပ် ကြံစည်ထားသော အကြံအစည် မှာ ၊ သေးငယ် သော အကြံအစည် မဟုတ်ရ ကား ၊ ဤကဲ့သို့ အကြံအစည်မျိုး ကို ကြံစည် စိတ်ကူး မိ သဖြင့် အိပ်၍ မပျော်ခြင်း အတွက် မောင်မောင်တင် အား ယောက်ျား မပီသဘူး ဟု ပြောဆို ရန် မရှိချေ ။


ထိုကဲ့သို့ မောင်မောင်တင် မှာ တလူးလူး တလိမ့်လိမ့် နေရင်း အချိန် သည် တဖြည်းဖြည်း ရွှေ့၍ လာခဲ့ရာ နံနက် လေးနာရီ ထိုးသော အခါ ဦးဘ ၏ အခန်း မှ နာရီ နှိုးစက်သံ သည် ဆူဆူညံညံ ထွက်ပေါ်၍ လာလေ၏ ။ ဤသို့ နာရီ နှိုးစက်သံ ကြား ပြီး မကြာမီ အတွင်း တွင် ပင် ၊ မောင်မောင်တင် ၏ တံခါး ကို အပြင်ဘက် မှ နေ၍ လက်သီး နှင့် ထုပြီးလျှင် “ ဟ မောင်မောင်တင် ထ ... ထ ... ထစမ်း ” ဟု အော်ဟစ်၍ ခေါ် လိုက်သော မိမိ ၏ ဖခင် ဦးဘ ၏ အသံ ကို ကြား သဖြင့် မောင်မောင်တင် မှာ တံခါး ကို ဖွင့်၍ အပြင် သို့ ထွက် လာရာ ၊ အဝတ် လဲ လျက် ရှိကြသော ဒေါ်လှရွှေ တို့ ညီအစ်မ ကို တွေ့ရ လေသည် ။


ရွှေ ။  ။ ဟေ့ ... မောင်မောင်တင် ပွဲ လိုက် မလား  ။

 

တင် ။  ။ ကျွန်တော် မကြည့်ချင်ဘူး ။


ရွှေ ။  ။ ဒါဖြင့် တို့ ကို ရုံဝ ထိ အောင်ပဲ လိုက်ပြီး ပို့ပေးစမ်းပါ ဟယ် ။ ပြီးတော့ ပြန် လာ တာပေါ့ ၊ ဖြည်းဖြည်းလည်း လုပ်မနေ နဲ့ ၊ နုနု နိုး လျှင် လိုက်ချင် နေ ဦးမယ် ၊ သူ မသိအောင် သွား ရမယ် ။ 


ဤသို့ ပြောပြီး နောက် ပွဲသို့ သွား ကြရာ အခြား လူများ မှာ စကား တပြောပြော နှင့် ရယ်ကာ မောကာ သွားကြလေ သော်လည်း လိုက်၍ ပို့သော မောင်မောင်တင် မှာ ရယ်ရွှင်ခြင်း လည်း မရှိ ၊ စကား လည်း မပြောဘဲ မိမိ ၏ သန္နိဋ္ဌာန် ချ ထားသာ အမှု ကို ပြုလုပ်ရန် စိတ်ကူး ဖြင့် သာ အောက် သို့ မျက်နှာ ကို ခပ်စိုက်စိုက် ထား ကာ ၊ လမ်းလျှောက် လျက် ပါ လာသည် ကို အတူ ပွဲ သို့ လာသူများ သည် သတိ မထားမိကြချေ ။


မောင်မောင်တင် မှာ ဒေါ်လှရွှေ တို့ လူစုအား ရုံ အဝင်ဝ သို့ ပို့ပြီးလျှင် ပြီးချင်း လှည့်၍ ပြန်ခဲ့လေ၏ ။


မောင်မောင်တင် ၏ သန္နိဋ္ဌာန် ချထား ချက် ကို ပြုလုပ်ရန် အချိန် မှာ ပွဲ သို့ လိုက်၍ ပို့ သော အချိန် ထက် ၊ အိမ် သို့ ပြန်သော အချိန် မှာ သာ၍ နီးကပ် လာ ရာ ကား ၊ မိမိ၏ အခန်း သို့ ရောက်သော အခါ ၊ မောင်မောင်တင် ၏ နှလုံး သာ လျှင် တုန်လှုပ်လျက် ရှိသည် မဟုတ် ။ မောင်မောင်တင် ၏ ဒူး နှစ်ဖက် မှာ လည်း ခြေ တစ်လှမ်း လှမ်း ထက် တစ်လှမ်း တိုး ၍ တုန်လှုပ်ကာ လာလေ၏ ။


မောင်မောင်တင် မှာ နုနု နှင့် အတူ တစ်ခန်းတည်း အိပ်သူ နုနု ၏ အဒေါ် ဒေါ်စု သည် နုနု အား မနှိုးဘဲ ပွဲ သို့ တိတ်တဆိတ် သွားကြောင်း ကို ကြားသိ ရပြီး ဖြစ်၍ မိမိ အား မခံချိမခံသာ နှင့် အခါတိုင်း မထိတထိ နှင့် ရိတိတိ လုပ် နေသော နုနု အား ၊ ဤ အကြိမ် တွင် မထိတထိ မလုပ်နိုင်အောင် ပိုင်ပိုင်ကြီး မေးခွန်း ထုတ်ပြီး “ အဟုတ် ကို ချစ်ပါတယ် ” ဟု မသွယ်မဝိုက် တိုက်ရိုက် စကား အပြန် ရစေမည် ဟု သံန္နိဋ္ဌာန် ချကာ နုနု အိပ်ပျော် နေ သဖြင့် အတွင်း မှ ကလန့် မချ ပဲ ထားသော နုနု ၏ အခန်း တံခါး မှ ခြေသံ မကြား ရ အောင် ဝင် ကာ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ၏ ပိုင်းလုံးမျိုး လုပ်ရန် အကြံအစည် ဖြစ် လေ၏ ။


ဤသို့သော အကြံ ဖြင့် ခြေသံ မကြားအောင် ခြေဖျား ထောက် ကာ မောင်မောင်တင် မှာ သူခိုး ပမာ ခြေဖျား ထောက်ခါ တက်၍ လာရာ ၊ ရေနံဆီဖိုး နှမြောသော ဦးဘ မှာ မီးအိမ် ကို ငြိမ်းပြီး လျှင် အိပ်၍ နေ သဖြင့် တစ်အိမ်လုံး တိတ်ဆိတ် မှောင်မည်း ပြီး လျှင် မောင်မောင်တင် တစ်ယောက် တည်း မှာ သာ အလုပ် ရှုပ် ၍ နေလေ၏ ။


ဤကဲ့သို့ တထိတ်ထိတ် နှင့် နုနု ၏ အိပ်ရာ ဆီ သို့ သွား နေသော မောင်မောင်တင် မှာ မိမိ ၏ တဆတ်ဆတ် တုန်လျက် ရှိသော ဒူးများ ကို အား စိုက်ကာ ထိန်းအုပ် ပြီး လျှင် နုနု ၏ တံခါးဝ ဆီ သို့ သွား၍ တံခါးဝ သို့ ရောက် သဖြင့် အသာအယာ တံခါး ကို ဆွဲဖွင့်လိုက်ရာ အတွင်း က ကန့်လန့် မထိုး ထားသော တံခါး မှာ မောင်မောင်တင် ၏ အလိုသို့ လိုက်ကာ အသာအယာ ပွင့် ၍ လာလေ၏ ။


ဤသို့ တံခါး ပွင့်၍ သွားသော အခါ မောင်မောင်တင် မှာ ကြက်သီးများ ထ ၍ လာကာ နုနု နိုး လျှင် ထ၍ များ အော်လိုက်မည်လား ဟု စဉ်းစားပြီး လျှင် ကြောက်အား ပိုသည် ထက် ပို၍ လာလေ၏ ။


သို့သော် မောင်မောင်တင် မှာ ထိုသို့သော အခြေအနေ ကို ရောက်ပြီး မှ နောက်သို့ ပြန် ဆုတ်ရန် မရှိသည့် အတိုင်း ရှေ့သို့ ဇွတ်မှိတ် ၍ တိုး သွား ပြီး လျှင် မောင်မောင်တင် မှာ တုန်လှုပ်အေးစက် လျက် ရှိသော လက် တစ်ဖက် ဖြင့် နုနု ၏ ခုတင်ပေါင် ကို ကိုင်လျှက် အခြား လက် တစ်ဖက်ဖြင့် နုနု ၏ အိပ်ရာ ပေါ် သို့ စမ်း လိုက်ရာ နုနု မှာ အိပ်ရာ ပေါ် ၌ မရှိတော့သည် ကို တွေ့ ရ သဖြင့် နဂို က တုန်လှုပ်လျက် ရှိသော မောင်မောင်တင် ၏ စိတ် မှာ နောက်ထပ် ပိုမို၍ တုန်လှုပ်လာ ပြီး လျှင် ၎င်း ၏ ဦးခေါင်း မှာ ချာရာလည် သကဲ့သို့ ဖြစ်၍ သွားလေ၏ ။


ဤသို့ ဖြစ် သွားပြီး နောက် ပထမ နုနု ကို ကြောက် သဖြင့် တုန်လှုပ်ခဲ့သော စိတ် တို့ သည် ပျောက်ပြယ်၍ သွားကာ နုနု ပျောက် သဖြင့် တုန်လှုပ် ပူပန် ၊ စိုးရိမ်ကြောင့်ကြ ၊ လွမ်းဆွတ်ကြေကွဲ သော စိတ် တို့ မှာ မောင် မောင်တင် ၏ ဝမ်း ထဲ တွင် တစ်ပြိုင်နက် တည်း ဖြစ်ပေါ်လာလေ၏ ။


နုနု သည် အဘယ်ကို ပျောက် ၍ သွား သနည်း ၊ အဘယ် ကို ရောက် ၍ သွား သနည်း ။ နုနု မှာ မောင်မောင်တင် ကို ချစ်ယောင် ကြိုက်ယောင် မျှ ဆောင် ပြီး လျှင် တကယ် အစစ် နု ချစ်သော ရည်းစား နောက် လိုက်၍ ပြေးပြီ လော ။ အိမ် သို့ မကြာ မကြာ လာ ပြီးလျှင် နုနု ကို ပိုး နေသော စက်သူဌေးသား မောင်တင်ညွန့် သည် ညဉ့်ဦး က အိမ်ရှေ့ ၌ ယောင်လည် ယောင်လည် နှင့် လာပြီး လျှင် မသင်္ကာစရာ ကောင်းအောင် မှောင်ရိပ် ၌ ကပ်ပြီး မတ်တတ် ရပ်လျက် အိမ် ဘက် သို့ စူးစိက်ကာ ကြည့်နေခြင်း သည် မည်သည့် အတွက်ပါနည်း စသည့် ဖြင့် မောင်မောင်တင် ၏ စိတ် မှာ အမျိုးမျိုး အဖုံဖုံ စဉ်းစားကာ များစွာ မသက်မသာ ဖြစ်ရလေ၏  ။


ထိုသို့ စဉ်းစားပြီး နောက် မောင်မောင်တင် မှာ နုနု သည် ပုန်း၍ ပင် နေသလား ဟု တစ်မျိုး စဉ်းစားမိပြီး လျှင် ခုတင် ၏ အောက် တွင် လက် နှင့် စမ်း ပြန်ရာ နုနု ကို မတွေ့သဖြင့် နောက်သို့ ပြန်၍ လှည့်ပြီး စမ်း လိုက်ရာ တွင် နုနု ၏ အိပ်ရာ ဘေး က စားပွဲ ပေါ် တွင် တင်၍ ထားသော မုန့်သေတ္တာ အလွတ် တစ်ခု ကို လက် နှင့် ခိုက်မိ ပြီးလျှင် အောက် သို့ ကျ၍ သွားရာ ၊ မောင်မောင်တင် မှာ မိမိ ၏ ဖခင် ဦးဘ ကြားမည် ကို များစွာ ကြောက်ရွံ့ ပြီး လျှင် အခန်း ထဲ မှ ပြန်၍ ထွက်ရန် ပျားယိပျာယာ နှင့် ရုတ်တရက် အလှည့် တွင် ယခင် စားပွဲ ပေါ် မှ ကျ၍ နေသော သံပုံး ကို ခလုတ် တိုက်မိ ပြန်၍ ထိုသို့ တိုက်မိသော အသံ မှာ ဆိတ်ငြိမ်မှောင်မိုက် လျက် ရှိသော အိမ်ကြီး ကို ဆူညံ၍ သွားရာ အိပ်ရာ ထဲ တွင် တစ်မှေးမှေး ဖြင့် အိပ် ပျော် စ ဖြစ်သော ဦးဘ ကြား သဖြင့် ( ဟဲ့ .... ဘာဖြစ်လဲ ။ နုနု အခန်း ထဲ က အသံပါ လား ၊ နုနု ... နုနု ) ဟု ခေါ်လိုက်ရာ ၊ “ ဟုတ်တယ် ဘဘ နု အခု ဖွားဖွား အခန်း ထဲ မှာ ပြောင်း အိပ် နေတယ် ။ ဒေါ်ဒေါ်လေး ပွဲ သွားတာ နဲ့ တစ်ယောက် တည်း မအိပ်ဝံ့ လို့  ၊ ဘာဖြစ်တာလဲ ” 


ဘ ။  ။ ဟင် နုနု နိုးနေသလား ၊ နုနု အခန်း ထဲ က သံပုံးသံ ဟာ ဘာဖြစ်တာလဲ ။

 

နု ။  ။ ကြောင် ပေါ့ ဘဘ ကြောင် ၊ ဒီ ကြောင် ဟာ အင်မတန် ငြိမ်ငြိမ် မနေနိုင်တဲ့ ကြောင် ။


ဘ ။  ။ ဟဲ့ ... ဒါဖြင့် ဒီ ကြောင် ဟာ ငါးကင် ကို ရှာနေတယ် ထင်တယ် ၊ နေ့လယ် က ငါးသလောက်ကင်ကြီး သိမ်းထားရဲ့လား ။


နု ။  ။ သိမ်းထားတယ် ဘဘ ၊ သူ ဒီလို ရှာလို့ ဘာရမလဲ ၊ သံပုံး နဲ့ တွေ့ မှာပေါ့ ။ ဒီ ကြောင် တော့ မိုးလင်း မှ မှတ် အောင် လုပ်လိုက်ရဦးမယ် 


ဟု ပြောဆို လိုက်ရာ မောင်မောင်တင် မှာ နုနု အား အရှုံး ပေးသော အနေဖြင့် သက်မကြီး ချပြီး ကြောင် နှင့် တူအောင် ( ညောင် ... ညောင် .. ) ဟု ခပ်တိုးတိုး အော် လိုက်လေ၏ ။


◾ရေးသူ ?


📖 ခေတ်ဟောင်း ဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.