Thursday, March 30, 2023

နု ( ၅ )


 နု အမေ တော်တော် နေဆိုး နေသည် ။ အိပ်ရာ ထဲ က မထနိုင်အောင် အဖျား တက် ၍ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင် နေသည် ။ နု သည် သူ့ အမေ ကို ဂရုတစိုက် ကြိုးကြိုးစားစား ပြုစုနေသည် ။ ပြုစုသည် ဆိုရာ၌ ဆေးဝါး တွေ အပြည့်အစုံ နှင့် ကျကျနန ကုသ ပြုစုသည် မဟုတ် ။ ခြေဆုပ် လက်နယ် ပြုရင်း ရေနွေး နှင့် ထုံးဆနွင်း ကိုသာ ဖျော် ၍ တိုက်ရသည် ။ သည်လောက် ဆေးကလေးများ ရောဂါ က ဖြုံ တောင် မဖြုံ ၊ ခုမှ ဖြစ်သည့် ရောဂါ မဟုတ် ။ လပေါင်း နှစ်ပေါင်း ကြာမြင့်လှပြီ ။ ရောဂါ ရင့်လှပြီ ။ ဆရာ ကောင်း ၊ သမား ကောင်း ၊ ဆေးကောင်း ဝါးကောင်း တွေ နှင့် ထိထိရောက်ရောက် ကုသ မှ ခက်ခက်ခဲခဲ ပျောက်မည့် ရောဂါ ဖြစ် သည် ။


သည်ရောဂါ ပျောက်ချင် ပါသည် ။ သည်လို ကုသမှ လည်း ပျောက်ကင်းမည် ဟု သိ ပါသည် ။ သို့ပေမဲ့ သည်လို ကုသဖို့ က ငွေ ကို အများကြီး ရှိ မှ ဖြစ်ပါမည် ။ အစစ အရာရာ ကုန်တွေ ရှားပါး ၊ ကုန်ဈေးတွေ တက် နေရာ တွင် ဆရာ သမား ၊ ဆေးဝါးဈေး မှာ လည်း အလွန်တရာ ကို ကြီးမြင့် နေပါသည် ။ နု တို့ လို ဆင်းရဲသားတွေ နေထိုင် မကောင်း ဖြစ် လျှင် ဖြင့် ဆရာသမား ပင့်၍ ဆေးဝါး မကုသနိုင် ၊ ရောဂါငယ် ငယ် ဆိုလျှင် ကြီး ပေရော ။ ရောဂါကြီးကြီး ဆိုလျှင်လည်း သေ ဖို့ သာ ပြင်ရော့ ။


နု သည် အတော် ဝမ်းနည်း အားငယ် နေသည် ။ ပုလဲ ဥ သဖွယ် မျက်ရည်စု တို့သည် ပါးပြင်နုနု ပေါ် သို့ တအိအိ လိမ့်ဆင်း လာတော့သည် ။ သူ့ ဘဝ အဖြစ်မှာ ဆိုးဝါး လွန်း လှသည် ။ လောကတရားကြီး သည် တကယ် ဆိုတော့ နု လို စိတ်ကောင်း နှလုံးကောင်း ရှိသူ ၊ အလုပ်ကောင်း လုပ်သူ ၊ ကျေးဇူး သိတတ်သူ ၊ နုနယ်ပျိုမြစ် ချစ်စရာကောင်း သူ က လေး တစ်ယောက် ကို တော့ သနားဖို့ ၊ သက်ညှာဖို့ ကောင်း ပါသည် ။ ခုတော့ နု မှာဖြင့် မသေရုံ စား ၊ မအားအောင် လုပ် နှင့် အဟုတ် ကို ဆင်းရဲ လှပါပေသည် ။ သေလုမြောပါး နေ ထိုင် မကောင်း ဖြစ်လျက်နှင့် ဆရာသမား မပင့်နိုင် ၊ ဆေးဝါး မကုသနိုင် ။


“ နု ရေ ” 


ခေါ်သံ နှင့် မရှေးမနှောင်းပင် တဲ အတွင်း သို့ အသက် ၄၀ ကျော် မိန်းမကြီး တစ်ယောက် ဝင် လာလေသည် ။


“ ဪ ဒေါ်သက် ထိုင်ပါ ထိုင်ပါ ”  


နု သည် ခုတင်ခြေရင်း ဘက် သို့ ရွှေ့ထိုင်ရင်း ဒေါ်သက် အား နေရာထိုင်ခင်း ပေး လေသည် ။ ဒေါ်သက် သည် ခေါင်းမြီး ခြုံ လျက် အိပ် နေသော နု အမေ ကို ကြည့်ရင်း ထိုင် လိုက် ကာ  ...    ။


“ နု အမေ နေမကောင်းပြန်ဘူး ဟုတ်လား ” ဟု ကြင် နာစွာ မေးမြန်းသည် ။


“ ဟုတ်တယ် ဒေါ်သက် ရယ် ၊ အမေ့ ရောဂါ နဲ့တော့ စိတ် ကို မကောင်းပါဘူး ၊ ကနေ့လည်း အလုပ် မသွားနိုင်ဘူး ၊ ခွင့် သွား ပြောထားရတယ် ။ စားဖို့သောက်ဖို့ ကလည်း မပြည့်စုံ နဲ့ ဒုက္ခပါပဲ ”  


နု အသံ မှာ တုန်တုန်ယင်ယင် ဖြစ် နေ လေသည် ။


“ ဘာ ဆေးများသော တိုက် တုံးအေ့ ။ ဆရာ မပင့်ဘူး လား ။ ပေါ့ပေါ့ဆဆနေလို့ ဖြစ်တာ မဟုတ်ဘူး ။ သူ့ ရောဂါ က တာရှည်လှပြီ ” 


“ ဆရာ ပင့်ဖို့ ကလည်း ခက်သားပဲ ဒေါ်သက် ရယ် ။ ဆရာ တစ်ခါ ပင့်ရင် အနည်းဆုံး ခြေကြွခ ငါးဆယ် ခြောက်ဆယ် ။ ဘယ့်နှယ် လုပ်မလဲ ။ ဆရာတွေ မှာ လည်း ရှားရှား ပါးပါး အဖိုးတန် ဖော်စပ် ထားရတာမို့ အလကား မကုနိုင်ဘူး ” 


စကား အဆုံး တွင် နု မှာ မျက်ရည် လည်လာ၍ မငိုမိ အောင် အား တင်းကာ ရင် ထဲ မှာ ဆို့တက်လာ သည့် အပူ လုံးကြီး ကို ကြိတ်မှိတ် ချ လိုက် ရသည် ။ ဒေါ်သက် လည်း မချမ်းမြေ့သော အမူအရာဖြင့် တွေးတော ငေး မောနေသည် ။


“ နု ”  


ဒေါ်သက်က ကြင်ကြင်နာနာ ဖြင့် ယုယုယယ ခေါ် လေသည် ။


“ ရှင် ... ဒေါ်သက် ” 


နု သည် ခွန်းတုံ့ရင်း မျက်နှာ ကို ငုံ့ ထားရာမှ ဒေါ် သက် အား အားကိုးသော အမူအရာ ဖြင့် မော်၍ ကြည့် လေ သည် ။


“ နု ကို သိပ်ပြီး ကူညီချင်တာပဲ အေ ၊ ဒါပေမဲ့ ငါတို့ မှာ လည်း သိတဲ့ အတိုင်းပဲ လောက်ရုံ ဆိုတော့ ခက်တာဘဲ ။ တစ်ခုတော့ ရှိတယ် ၊ နု ငွေ ရအောင် လေ ” 


“ ဟုတ်ကဲ့ ပြောပါဦး ရှင် ” 


နု သည် ငွေ ရအောင်လေ ဟူသော စကားလုံး ကြောင့် အားတက် ထက်သန်စွာ မေး လိုက်သည် ။  


“ ကနေ့ ည ငါတို့ နဲ့ လိုက်ပြီးတော့ ရေနံ ထမ်း ပါလား ဟင် ။ ချက်ချင်း ငွေ ရအောင် ငါ ရောင်းပေးမယ် ။ ရေနံ တစ်ထမ်း ဆိုရင် တစ်ရာ ၊ တစ်ရာ့နှစ်ဆယ် လောက် ရတယ် အေ့ ” 


နု မှာ ငိုင် ကျသွားသည် ။ ရာဇဝတ်မှု မကင်းသည့် သူခိုး အလုပ် ။ အလွန်လျှင် စက်ဆုပ်ဖွယ် ကောင်းသည့် သူခိုး အလုပ် ။ တမလွန် ဘဝ တိုင်အောင် ကောင်းကျိုး မပေး မည့် သူခိုး အလုပ် ။ နုလို ပျိုမြစ်နုနယ် ချစ်စဖွယ် ကညာစင် ကလေး နှင့် များ လားလား မှ မလျှော် ။ ထို့ကြောင့်ပင် မလုပ်ချင် ။ ဒါပေမဲ့ နု အမေကြီး မှာ အိပ်ရာ ထက် ဝယ် အကြီး အကျယ် ရောဂါ ဖိစီး နှိပ်စက် နေသည် မဟုတ်ပါလော ။ ရာသီဥတုဒဏ် ကာကွယ်ရန် လုံလုံလောက်လောက် မရှိ ၊ အာဟာရဓာတ် ဖြည့်စွမ်းရန် သင့်တင့်လျောက်ပတ်သော အစားအစာ မရှိ ။ ဆရာသမား ပင့် ၍မှ ဆေးဝါး မကုသနိုင် ။


မတော်တဆများ ဆုံးပါး သွားရင် ဖြင့် နေ့စေ့ကံကုန် ဟုတ်မည် မထင် ။ အာဟာရ ချို့တဲ့မှု ၊ ဥတု ဖောက်ပြန်မှု တို့ကြောင့် စိတ်ဓာတ် ပျက်ပြား ကံ နည်းပါး၍ သေသည် သာ ဖြစ်လိမ့်မည် ။ ဤသို့ ဖြစ်ရသည်မှာ သေသေချာချာ စဉ်းစား ကြည့် လိုက်တော့ ငွေ မရှိလို့ ။ ငွေ မရှိရသည့် အကြောင်း ကို

တော့ အဘယ့်ကြောင့် ဟု နု မသိတော့ ။ အမှန်အားဖြင့် ငွေ မရှိသည် မှာ  ... ။  


“ ဘယ့်နှယ်တုန်း ...” 


ဒေါ်သက် သည် တွေးတောမှု လောက အတွင်းဝယ် သတိ  ကင်းစင်နေသည့် နု အား မေးလိုက်သည် ။


“ ဟုတ်တော့ ဟုတ်ပါရဲ့ ဒေါ်သက် ရယ် ။ ဒါပေမဲ့ သူ တစ်ပါး ပစ္စည်း ကို ပြစ်မှားရမယ် ဆိုတော့  ...” 


နု စကား မှာ မဆုံးခင် မှာ ပင် ရပ် သွားသည် ။


“ အေးပေါ့ နု ရယ် ။ တို့ ဘာသာတရား နဲ့ မကင်းတာ တော့ အသိသားပဲ ။ ဒါပေမဲ့ နု စဉ်းစားကြည့်လေ ။ ဘယ် သူ မစားဘဲ ၊ မဝတ်ဘဲ နေနိုင်မလဲ ။ ရိုးရိုးမှတ်မှတ် လုပ်ကိုင် လို့ မစားလောက် ၊ မဝတ်လောက် တော့လည်း မကောင်း မှန်း သိရက်နဲ့ လုပ် ရတော့တာပေါ့ ။ ငရဲ နဲ့ ဝမ်းစာ နီးရာ ကို လှမ်း ရတော့မှာပေါ့အေ ။ ဘယ်တတ်နိုင်မလဲ ” 


ဒေါ်သက် စကားမှာ အကြွင်းမဲ့ မှန်ကန်လေသည် ။ လူတိုင်း မှာ စားသောက် နေထိုင်မှု အတွက် ပထမဆုံး အရေး ကြီးသည် ။ လူတွေ ချမ်းမြေ့ကြည်ရွှင်ရန် ပန်းချီ ၊ ပန်းပု ၊ ကဗျာ ၊ ဂီတ အစ ရှိသော သုခုမ အနုပညာရပ် တွေ စွမ်းစွမ်း တမံ လူ့လောက တိုးတက်မှု ဖြစ်ထွန်းစေမည့် လောက

ဓာတ်ပညာ အရပ်ရပ်တွေ ပေါင်းသင်း ဆက်ဆံမှု ၊ ယဉ်ကျေးမှု ဘာသာတရားတွေ နှင့် ကျန်းမာရေး ၊ ပညာရေး ၊ ကြီးပွားရေး တွေ ကို လိုက်စား လေ့လာ ဆည်းပူးနိုင်ရေး မှာ ( စားသောက် နေထိုင်မှု စီးပွားရေး ) အခြေခံ အုတ်မြစ် ပေါ် ၌ တည်သည် ။ စားသောက် နေထိုင်မှု အခြေခံ အောက်ပိုင်း မတောင့်တင်း မခိုင်မာလျှင် လူ့ လောက ကျက်သရေဆောင် အထက် ဖော်ပြခဲ့သော တိုးတက်မှုတွေ မထွန်းကား မဖွံ့ဖြိုး နိုင် ။


“ သိပ် ခက်တာပဲ ဒေါ်သက် ရယ် ။ မရှိဆင်းရဲတော့ ကောင်းကောင်းမွန်မွန် နေချင်လို့ လည်း မရဘူးနော် ။ အကျင့်စာရိတ္တတွေ ပျက်စီး ကုန်ရတာပဲ ” 


နု သည် မျက်ရည် လယ်လယ် အားငယ်ငယ် နှင့် ဝမ်းနည်း ကြေကွဲစွာ တစ်လုံး ချင်း ငြိမ့်လေးစွာ ပြောသည် ။


“ ကံအကြောင်း မသင့်တော့ ဒီလိုပေါ့ နု ရယ် ၊ အား မ ငယ်ပါနဲ့ ၊ ကဲ ငါ ပြန်ဦးမယ် ၊ ည ကျတော့ ဝင် ခေါ်မယ်နော် နု အသင့် ပြင်ထား ကြားလား ” 


တစ်လှမ်းချင်း ထွက်သွားသော ဒေါ်သက် ၏ ကျော ပြင် ကို အဓိပ္ပာယ် ကင်းမဲ့စွာ စိုက်ကြည့်ရင်း နု ကျန်ရစ် ခဲ့သည် ။


       •••   •••   •••   •••  


နု သည် သူ ၏ ဘဝ ကို စိတ် နာသည် ။ ထိုမျှမက အလွန်တရာ မှ လည်း စက်ဆုပ် ရွံရှာမိသည် ။ အပြစ် ကင်းစင်သော ချစ်ချင်စဖွယ် လုံမပျိုကလေး တစ်ဦး အဖြစ်မှ ကြီး လေးသည့် ရာဇဝတ်မှုကြီး ၊ ဆိုးဝါးသည့် ဒုစရိုက်မှုကြီး ကို ကျူးလွန် ထားသော မသူတော်မကလေး သို့မဟုတ် သူခိုးမကလေ ဘဝ သို့ ရောက်ခဲ့ပြီ ။ သူမ ၏ ပခုံး ထက် မှ ထမ်းပိုး ( တပိုး ) ၏ ဟိုဘက် သည်ဘက် အစွန်းများ တွင် ရေနံစိမ်း အပြည့် နှင့် လေးဂါလံဝင်ပုံး တစ်ပုံး စီ ဟီးလေး ခိုလျက် ဟို ဘက် သည်ဘက် ယိမ်းနွဲ့ လှုပ်ရှား ကစားမြူးထူးရင်း လိုက် ပါလာသည် ။ ရေနံစိမ်း မှာ တော်တော် ကို နှစ်နှစ်ကာကာ လေးလံသည် ။ နု ပခုံးတွေ မှာ ကျိန်းလှ နာလှပြီ ။ နာလျက် ကျိန်းလျက် နှင့်ပင် တစ်ဖက်မှ တစ်ဖက်သို့ ပြောင်းကာ လဲကာ ထမ်း ရသည် ။ လမင်း မှာ ထိန်ထိန်ဝါဝါကြီး သာ ယာလျက် ဖြစ်သည် ။ ထို့ကြောင့်ပင် လောကဓာတ်ကြီး တစ်ခုလုံး မှာ နှစ်လိုဖွယ်ရာ ချမ်းမြေ့စွာ တည်ရှိလေသည် ။ လေအေး သည် လရောင်ဝါ ၏ ချမ်းမြေ့မှု ကို ဖြည့်တင်း ပေး လေသည် ။ အမှန်ဆိုတော့ သဘာဝ ဖန်တီးမှုကြောင့် သည် ည ဟာ ဖြင့် အလွန် ကို သာယာသည် ၊ အေးချမ်းသည် ၊ ရွှင် လန်းစရာ ကောင်းလှသည် ။


နုနဖူးပြင် မှာ ဆီးကင်းကလေးတွေ လို ချွေးစို့ နေသည် ။ သည်ဘေး မှာ လူ ပင်ပန်းခြင်း သက်သက်ကြောင့် ထွက်လာ သည် မဟုတ် ။ စိတ်ဆင်းရဲမှု လည်း ရောနှော ပါဝင်လျက် ဖြစ်သည် ။ နု မှာ တော်တော်လည်း ထိတ်လန့် တုန်လှုပ် နေသည် ။ သူမ ထိတ်လန့် တုန်လှုပ်ခြင်း မှာ လောလောဆယ် ရာဇဝတ်ဘေး အတွက်သာ မဟုတ် ။ ရေနံ တည်း ဟူသော ဓမိယလဒ္ဒ မစင်ကြယ်သော ဝတ္ထုပစ္စည်း အတွက်ပင် အပြစ် ကင်းစင်သော ဖြူဖြူလွင်လွင် ဘဝကလေး တွင် ဧရာမ အစွန်းအထင်း အမည်းကွက်ကြီး ငြိတွယ် စွန်းထင်း လေပြီ မဟုတ်ပါလော ။ ဤသည် အတွက် နု သည် ကိုယ့် လိပ်ပြာ ကို မလုံ ၊ ရှက်ကြောက်သည် ။ စိုးရွံ့ တုန်လှုပ်တော့သည် ။


“ နု ရေ ခပ်သုတ်သုတ်ကလေး လာ ဟေ့ ။ ရေနံမြေ ထဲ က လွတ် မှ စိတ်ချ ရတာ ”  


ဒေါ်သက် သည် သူ့ နောက် ဝါး တစ်ပြန် လောက် မှ တုန်တုန်ချိချိ နှင့် လာနေသော နု ကို လေ သံ ခပ်အုပ်အုပ် နှင့် ပြောလေသည် ။


“ ဟုတ်ကဲ့ ဒေါ်သက် သွားသာ သွားပါ ။ လမ်း တွေ က လည်း ဆိုး လိုက်တာ လွန်ရော ” 


နု က လည်း ဒေါ်သက် လို ပင် အသံအုပ် ၍ ပြောသည် ။


နု ပြောသည် မှာ ဟုတ်သည် ။ လမ်းတွေ မှာ အလွန် တရာ ကို ဆိုး လွန်းသည် ။ ချိုင့်ဝှမ်းတွေ ၊ ချောင်းမြောင်းတွေ ၊ တောင်စောင်း ကမ္ဘာရံတွေ မှာ ဆင်းလိုက် တက်လိုက် သွားရသည် ။ ခလုတ်ကန်သင်း ချိုင့်တွေ ခွက်တွေ ပေါ လှ သည် ။ စစ် မဖြစ်ခင်က ဖောက်လုပ် ထားသော လမ်းများ မှာ ပင် အပြုအပြင် မရှိ၍ ပျက်စီး ချွတ်ယွင်း အသွားအလာ ခက်ခဲနေရာ နု တို့ လမ်းမှာ ရေနံ သယ် ယူသူတွေ သတ်မှတ် ထားသည့် လျှို့ဝှက်လမ်း ဖြစ်သည်မို့ မည်မျှ ဆိုးဝါးမည် ကို ခန့်မှန်းနိုင်ပေမည် ။


နု မှာ အလုပ်ကြမ်း လုပ်သူ ဆိုပေမဲ့ သည်လောက် အထိတော့ အဆင်းရဲ အပင်ပန်း မခံနိုင် ၊ ရေနံစိမ်း အပြည့် ပါ သော သံပုံး နှစ်လုံးကို ထမ်း ၍ အဆင်း အတက် လမ်းဆိုး လမ်းကြမ်း တွင် မနားမနေ နှစ်ဖာလုံ ကျော်ကျော် လောက် လာ ခဲ့ရပြီး သည် နေရာ က နေပြီး အိမ် ရောက်ဖို့ ဆိုရင် တစ်မိုင်

ကျော်ကျော် လောက် လိုသေးသည် ။ ရေနံမြေ နယ်နိမိတ် က လွတ် မှ စိတ်ချရသည် ၊ နား ရမည် ဟု ဒေါ်သက် ပြောပြထား သည် ။ သည်လို ဆိုလျှင် သုံးဖာလုံ လောက် မနားဘဲ ဆက် သွား ရဦးမည် ။ သုံးဖာလုံ ဟိုဘက် ရောက်မှ ရေနံမြေ အပြင် ရောက်မည် ။ နု မှာ ပခုံးများ တွင် ပင် မက ခြေထောက်များ ပါ တိုက်မိခိုက်မိ ပဲ့ရွဲ့ ကာ နာကျင် ကိုက်ခဲလာသည် ။ တစ်ကိုယ်လုံး လည်း ဘေးတွေ နံတွေ အောင့် လာသည် ။ ပြင်း ပြင်းထန်ထန် အရိုက် ခံထားရသူ ဝေဒနာမျိုး နှင့် တူသည် ။ ကြိတ်လို့ သာ ခဲ ရသည် နည်းနည်း မှ မဟန်ချင် ၊ ခြေပစ် လက်ပစ် ထိုင်ပြီး ဟစ်၍သာ ငို လိုက်ချင်သည် ။


“ ဟေ့ မပြေးကြနဲ့ အကုန်လုံး ချလိုက် ”  


ကျားဟိန်း သံတမျှ ဆိုးဝါးလှသော အသံနှင့် မရှေးမနှောင်း ဓားလှံ ကိုယ်စီ ဆွဲကိုင်ထားသည့် လူ ၆ ယောက် နု တို့ ၏ ရှေ့ မှ လည်းကောင်း ၊ ဘေး တစ်ဖက် တစ်ချက် မှ လည်းကောင်း ဘွားခနဲ ပေါ်ပေါက် လာကြသည် ။ နု တို့ မှာ တချို့က ရေနံ အထမ်းတွေ ကို လန့်ဖျပ်၍ လွှတ်ချ ပစ်ကြလျက် တချို့က ယောင်ယမ်း ကာ ကြောင်တက်တက် နှင့် မှင်တက် မိနေ ကြသည် ။ ရေနံမြေပုလိပ်များ က တစ်ဟုန်တည်း ချဉ်းကပ် လာကာ နီးရာနီးရာလူတွေ ကို ထိုးကြိတ်ရိုက်ပုတ် ကန်ကြောက် ပြုတော့သည် ။ နု တို့ လူစု မှာ ယောက်ျားကြီး သုံးယောက် ၊ မိန်းမကြီး သုံးယောက် နှင့် နု တစ်ယောက် အားလုံးပေါင်း ခုနစ်ယောက် ဖြစ်လေသည် ။


“ ချမ်းသာပေးပါ လူလေးတို့ ရယ် ၊ အဒေါ်တို့ စားစရာ မရှိလို့ လုပ် ရတာပါ ။ နောက် မလုပ်ပါဘူး ” 


မိန်းမကြီး တွေ က တုန်တုန်ယင်ယင် ကြောက်ကြောက်လန့်လန့် နှင့် ပုဆစ်တုပ် ထိုင်ကာ လက်ယှက် တောင်းပန် လေသည် ။


“ အောင်မာ ၊ ကမြင်းမကြီးတွေ ခိုးတုန်း က ခိုး ပြီးတော့ ဘာခုမှ ကြောက် နေရတာတုန်း ဟင် ”  


ကိုရွှေရေနံမြေပုလိပ် စကား အဆုံးတွင် “ အွတ် ” ခနဲ ကျောပြင် ပေါ် သို့ ဖနောင့် တင် လိုက်သည့် အသံ ထွက် လာ ပေသည် ။  


“ အမယ်လေး .. သေပါပြီ ရှိကြီးခိုးပါ ရဲ့  ၊ လူကလေး ရယ် ။ ဒီတစ်ခါ ချမ်းသာပေးပါ ” 


“ ဟေ့ကောင်တွေ လက်ချင်း ပူးပြီး အကုန်လုံး ကြိုးနဲ့ ချည်ပေါ့ ။ ရုံး ကို ပို့မယ် ”   


အာနာရှာနာသံတွေ ၊ ငိုသံယိုသံတွေ ၊ ဆွဲသံရုန်းသံ တွေ ၊ ရိုက်သံနှက်သံ ၊ ထိုးသံကြိတ်သံ ၊ ကန်သံကြောက်သံတွေ သံစုံကြူး ၍ ထွက် လာသည် ။ သာယာချမ်းမြေ့သော သဘာဝတရား ကို ပြက်ရယ် ပြုသည် နှင့် အရွဲ့တိုက်သည် နှင့် တူသည် ။ ရေနံမြေပုလိပ်တွေ မှာ ဘီလူး ကဲ့သို့ ကြမ်း ကြုတ်ရက် စက်သော အသွင် ကို ဆောင်ကြလေသည် ။ အမှန်ကတော့ သူတို့ တာဝန် မှာ သူခိုး တွေ့လျှင် ဖမ်းဆီးဖို့ ဆောင်ရုံ ဖြစ်သည် ။ သို့ပေမင့် သူတို့ က ဤမျှ နှင့် မရောင့်ရဲ မတင်းတိမ် ရက်ရက်စက်စက် ရိုက်နှက်ညှင်းဆဲချင်ကြ သည် ။ အမျိုးသား အချင်းချင်း ရိုင်းပင်းမှု နားမလည် ။


“ အမယ် ဒီ သူငယ်မကလေး က လှ က လှပါ ဘိသနဲ့ ။ သနားစရာကလေးပါလား ” 


တစ်ယောက်စီ လက်ချင်း ပူး၍ ကြိုး နှင့် တုပ်နေသော ရေနံမြေပုလိပ် တစ်ယောက် က သရော်သံ နှင့် အကျယ် ကျယ် ပြော လိုက်လေသည် ။ အခြား ရေနံမြေပုလိပ်များ သည် အညှီ နံ့ ရသော ယင်ကောင်တွေ လို နု ဆီ သို့ ဝိုင်းအုံ သွားကြသည် ။


“ ဟာ .. ဟုတ်ပါရဲ့ သနားစရာကလေးပါ ကွာ ၊ ကြိုး နဲ့ မတုပ်ပါနဲ့ ” 


“ သူ့ တော့ သနားပါတယ်ကွာ ၊ ဂျပန် ဆီ မပို့ပါနဲ့  ။ ထားခဲ့ပါ ၊ ဟဲ  ... ဟဲ ... ဟဲ ” 


သူတို့ အသံတွေ မှာ နားကြားပြင်း ကပ်စရာ ကောင်း လှသည် ။ အမင်္ဂလာ အသံများ နှင့် တူသည် ။ အဘယ့် ကြောင့် ဆိုသော် သူတို့ အသံ ကြား ရသူများ မှာ အလိုအ လျောက်ပင် စိတ် မချမ်းမြေ့ကြ ။ နု မှာ သူတို့ အလယ်တွင် မျက်လုံးကလေး ကလယ်လယ် နှင့် ဟို လူ ကြည့် ၊ သည် လူ ကြည့် လူ မိသည့် ငှက်ငယ် လို ရင်ဖို နေသည် ။ ကြောက် နေ သည် ။ ဘယ့်နှယ် ရင်မဖိုဘဲ မကြောက်ဘဲ နေပါ့မလား ၊ သူတို့ ကြည့်လိုက်တဲ့ မျက်လုံးတွေ က လူ ထဲ ပဲ ဖောက်ထွင်း သွားတော့ မလောက် စူးရှသည် ။ အရောင် လက်၍ အခိုး ထွက် နေသည် ။  


“ ချမ်းသာပေးကြပါ အစ်ကိုကြီးတို့ ရယ် ။ ကျွန်မ တစ်ခါမှ မလိုက်ဖူးပါဘူး ၊ ခုတစ်ခါ သာ အမေ က နေ မကောင်း ၊ ဆေးဝါး ကုစရာ မရှိမို့ လိုက်မိတာပါ ။ ချမ်းသာ ပေးပါ ” 


“ ဟဲ .. ဟဲ မကြောက်ပါနဲ့ ကွယ် ၊ ဂျပန် ဆီ မပို့ပါဘူး ၊ အစ်ကိုကြီးတို့ က ချမ်းသာပေးရုံတောင် မကပါဘူး ဟီး .. ” 


အကြီးအကဲ နှင့် တူသူက စပ်ဖြဲဖြဲ ပြောင်ချော်ချော် မျက်နှာ နှင့် ပြန် ပြောသည် ။ သူ့ စကား မှာ နု ကို ပိဿာလေး နှင့် ဘေး ထု သလို ဖြစ်သည် ။


“ ဟေ့ .. မင်းတို့ သုံးယောက် အဲဒီ လူတွေ ကို ရုံး သွား ပို့ချေတော့ ။ ငါတို့ ဒီ နေရာ က စောင့်နေမယ် ။ မာစတာ က မေး ရင် ကင်းလှည့်နေတယ်လို့ ပြောလိုက် ။ ဟုတ်လား ” 


အကြီးအကဲ လုပ်သူ က စီမံခန့်ခွဲ ခိုင်းစေလေသည် ။


“ ဟာ ... ဆရာ ကျွန်တော်တို့ ခု သွား ပို့ရမှာလား ၊ နောက်ပြီးမှ သွားပို့ရင် မကောင်းဘူးလား .. အဟီး ” 


တပည့် လုပ် သူ က နု ကို သရေကျ ကြည့်ရင်း ပြန် ပြောသည် ။


“ အိုကွာ.. သွားသာ ပို့ချေပါဦး ။ ဘယ်လောက် ကြာ တာ မှတ်လို့ ။ တစ်ညလုံး အချိန်တွေ အများကြီး ရှိပါသေး တယ်ကွ ။ ကုန်သွားမယ့် ပစ္စည်း မဟုတ်ပါဘူး ”  


ဘယ်သူ့ မှ ရှက်ရကြောက်ရ အားနာရမှန်း မသိ သူတို့ မင်း ၊ သူတို့ ချင်း ပြော ချင် ပြော လုပ် ချင်ရာ လုပ် အရမ်းမဲ့ ဖြစ်ချင်တိုင်း ဖြစ် နေ လေသည် ။ ရေနံမြေပုလိပ် သုံးယောက် က ကြိုးတန်း လန်း နှင့် လူခြောက်ဦး ကို နွားအုပ် နှင် သလို မောင်း နှင် ခေါ် ဆောင် သွားသည် ။  


“ လာဟေ့ ... သူငယ်မ အလကား အချိန်တွေ ကုန် သွားမယ် ”  


ခေါင်းဆောင် လုပ်သူ က ပြောပြောဆိုဆို နု လက် ကို ဆွဲသည် ။  


“  အို ” 


နု သည် ထိတ်လန့်တကြား အော် လိုက်ရင်း ဆောင့် ရုန်းလိုက်သည် ။ နု တော်တော် ကို ရှက်သည် ။ မကြားဝံ့ မနာသာတွေ ပြော ၍ မတော်တရော် လုပ်ခံရသည် မှာ သူလို နုနုနယ်နယ် အပျိုအရွယ်ကလေး အတွက် အဘယ်မျှ ဆိုး ရွားသနည်း ။


“ ဟဲ .. ဟဲ အလကား ပင်ပန်းအောင် ရုန်း မနေပါနဲ့ ကွာ ။ အေးအေး လိုက်ခဲ့စမ်းပါ ” 


“ အို ... လွှတ် ... လွှတ် ရှင်တို့ ခွေးလို မလုပ်နဲ့ ။ သတ် ချင် သတ်ပစ်လိုက် ” 


နု သည် ကြောက်ကြောက်လန့်လန့် နှင့် ခါးခါးသီး ငြင်းဆန် ရုန်းကန်၍ ရေနံမြေပုလိပ် ကလည်း ဇွတ်အတင်းပင် ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်နေလေရာ နှစ်ယောက်သား ဆွဲလား ရုန်းလား ဝရုန်းသုန်းကား ဖြစ်နေသည် ။ အခြား နှစ်ယောက် ကား နု တို့ အဖြစ် ကို ကြည့်လျက် ကျေနပ်စွာ သွားဖြီး ရယ်မောနေသည် ။ နောက်ဆုံးတွင် ရေနံမြေပုလိပ် က နု ကို အတင်း ပွေ့၍ ချုံကွယ် တစ်ဘက် သို့ ယူဆောင် သွားသည် ။


“ ရှင် ခွေးကျင့်ခွေးကြံ မလုပ်နဲ့ ။ အို  ... ဘယ်လိုလူလဲ ” 


“ ဟဲ .. ဟဲ .. ချစ်လွန်းလို့ပါကွာ ၊ မရုန်းပါနဲ့ ၊ လိမ္မာ သားနဲ့ အဟီး ” 


ဆွဲသံ ၊ ရုန်းသံ ၊ လှုပ်ရှားသံ တွေ နောက်တွင် နု ၏ ငိုရှိုက်သံ သည် ‘ တဟင့်  ... ဟင့် ’ ထွက်ပေါ် လာသည် ။ နား စွင့်လျက် စောင့်နေသူ နှစ်ဦး မှာ ဂနာမငြိမ် ၊ အူမြူး လှုပ်ရှား နေသည် ။


ကောင်းကင် မှ တာရာကလေးများ သည် နု ၏ ကြေ ကွဲဖွယ် ဇာတ်လမ်း ကို မျက်တောင် ပုတ်ခတ်ပုတ်ခတ် နှင့် ဆွေးမြေ့စွာ ကြည့် နေကြသည် ။ ပုစဉ်းရင်ကွဲ နှင့် ပုရစ် က လေးတွေ ကလည်း တကျီကျီ အော်မြည်လျက် ငို နေကြပါ သည် ။ ရေနံတွင်းကြီးတွေ က လည်း ထီးထီးကျန်ကျန် မား မားမတ်မတ် ရပ်လျက် နေသည် ။ လေရူး သည် ခပ် ကြမ်းကြမ်း ပြေးလွှားနေသည် ။ သူ ပြေးရင်း လွှားရင်း ကပင် လျှင် နု တို့ ချုံကွယ် ဘက် မှ အဝတ် တစ်ထည် ကို လှိမ့်၍ လှိမ့်၍ ဆွဲကာငင်ကာ ခေါ်ဆောင် လာသည် ။ သေသေချာချာ ကြည့် လျှင် ဒီ အဝတ် ကား အခြား မဟုတ် ၊ နု ဝတ်သည့် ချည်လုံချည်ကလေး  ...  


တော်တော် ကို ကြာမှ ရေနံမြေပုလိပ်တော်မင်း ချုံ ကွယ် မှ ထွက် လာသည် ။ သူ့ မျက်နှာ မှာ သားရေဖိနပ် ကို ရသည့် ခွေးကြီး ထက်ပင် ကျေနပ် ရွှင်လန်း နေ သေးသည် ။


“ ဘယ့်နှယ်လဲ ဆရာ ” 


တပည့် နှစ်ယောက် က ပြိုင်တူ မေး လေသည် ။


“ ဒီ မြာမျိုးများ တွေ့ရရင် သေပျော်ပါတယ် ကွာ ။ အဟီး ”  


လုံချည် ကို ပြင် ဝတ်ရင်း အားရပါးရ ပြော လေ သည် ။ စောင့် နေသူ နှစ်ယောက် မှ တစ်ယောက် သည် နု ရှိရာ ချုံကွယ် ဘက် သို့ သွက်သွက်လက်လက် ထ ပြေးသည် ။


ရက်ရက်စက်စက် လုပ်ရက်လေသည် တကား ။ နှမ ချင်း မှ မစာနာ မညှာတာ မသနား ။ နွား လို ကျင့် ရက်သည် ။ သင်းတို့တတွေ တဒင်္ဂပဟန် စည်းစိမ် ခံစားမှုကလေး အ တွက် တစ်ဖက်သား ခမျာမှာ အဘယ်မျှ နစ်နာလေသနည်း ။ တကယ် ဆိုတော့ နု မှာ တကယ့် နုနုထွတ်ထွတ် အပျိုအရွယ်ကလေး ။ အမိ ကျေးဇူး ကို သယ်ပိုး ဆောင်ရွက် နေသည့် မိန်းမမြတ်ကလေး ။ အခက်အခဲ အသွယ်သွယ် ဒုက္ခ အမျိုးမျိုး ပတ်ချာ ဝိုင်း နေသူကလေး တစ်ယောက် ပါ တကား ။ ဤမျှ ထောက်ထား ညှာတာစရာ ကောင်းသော နု အဖြစ် ကို သိလျှင် အတီမျှ ရင်ထုမနာ ဖြစ်ရှာကြမည်နည်း ။ အခြားသူတွေ ကရုဏာမိုး ဆွေကြပေမဲ့ သူတို့ တတွေ ကတော့  စွေ ကြမှာ မဟုတ်ပါ ။ စားနေကျ ကြောင်ပါးတွေ ဖြစ်ပါသည် ။ ရေနံမြေ က ဆင်းရဲသား အလုပ်သမား တိုင်း ရိုးရိုး မှတ်မှတ် လုပ်ကိုင် ၍ မစားလောက် မသောက်လောက် ဖြစ် နေသည် ကို လူတိုင်း အသိ ။ ဒီ အထဲမှာပဲ မသူတော် လူယုတ် မာတွေ က နူရာ ဝဲစွဲ လဲရာ သူခိုးထောင်း အဖြစ်မျိုး ရောက် အောင် ဖန်တီး ပေးသေးသည် ။  


အချိန်အတော်ကလေး ကုန် သွားပြီ ။ 


“ ဟေ့ကောင်တွေ ပြန်လာကြပလား ဟေ့ .. တယ် မြန် လှပါကလား ”  


ခေါင်းဆောင်မာစတာ သည် ပြန်လာသည့် တပည့် သုံးယောက် ကို ဆီး၍ မေး လိုက်သည် ။


“ ဟုတ်ကဲ့ ဆရာ ပြန်လာကြပြီ ”  


“ မာစတာ က ဘာ မေးသေးလဲ ဟေ့ ...”  


“ ဘာမှ ထူးထူးထွေထွေ မမေးပါဘူး ဆရာ ... သတိနဲ့ ကောင်းကောင်း စောင့်ကြလို့ မှာ လိုက်တာပဲ ” 


“ အေးအေး .. အဲ ဟိုမယ်ဟေ့ မင်းတို့ အလှည့်ပဲ ။ မင်းတို့ တော့ သေသေချာချာ ဆွေမျိုး မေ့ကြရောပေါ့ကွာ ” 


နု ကို မေးထိုး ပြရင်း ရက်ရက်ရောရောကြီး ထိုး အပ် နေသည် ။ ကျောက်ကျော ရေ ပက်ထားသလို ပြောင်ချော် နော် အမူအရာ နှင့် သုံးယောက် သား တစ်ဦး ကို တစ်ဦး ကြည့်ကြသည် ။ နောက်တွင် တိုင်ပင် ထားသလို နု အနား သို့ ဝိုင်းအုံ ချဉ်းကပ်ကာ ခွေးသေကောင် လင်းတ ထိုး သလို ဆွဲကြ ရမ်းကြသည် ။ နု အဖို့ကား ငို၍ လည်း အပို ၊ တောင်း ပန် ၍ လည်းမရ ၊ ဟစ်အော် ၍ လည်း အချည်းနှီး ၊ သူတို့ စော် ကားသမျှ နု ရတော့သည် ။ မြင် မကောင်း ၊ ရှု မကောင်းသည့် နု နှင့် သူတို့တတွေ သည် ချုံကွယ် ၌ တိမ်မြုပ် သွားကြသည် ။ နု ၏ ငိုသံ အော်သံ သည် လည်းကောင်း ၊ ရေနံမြေပုလိပ် သုံး ယောက် ၏ သဘောကျ နှစ်ခြိုက်စွာ ညာ၍ ရယ်မောသံများ သည် လည်းကောင်း တစ်လှည့်စီ ပေါ်လာသည် ။


နု ကား ရေတိမ် တွင် နစ်ချေပြီ ။ မိန်းမ တကာ တို့ ၏ အဖိုးတန် အမွန်မြတ်ဆုံး ဖြစ်သည့် အပျို့ဂုဏ် ကို မစွန့်လွှတ် ချင်ဘဲ နှင့် ပစ်ပစ်ခါခါ စွန့်လွှတ် လိုက် ရသည် ။


( နောက် တစ်ပိုင်း ဆက်ရန် )


◾ဌေးမောင်


📖 ရှုမဝ မဂ္ဂဇင်း

      အတွဲ - ၁ ၊ အမှတ် - ၁၂ 

      ၁၉၄၈ ၊ မေ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment