Wednesday, March 29, 2023

နု ( ၄ )


 

ည သည် သာယာ အေးချမ်းသော အသွင် ဖြင့် ဣန္ဒြေ ရရ တည်ရှိသည် ။ လမင်း ကား လောကဓာတ် တစ်ခုလုံး ကို အကြွင်းမဲ့ ရောင်ဝါတွေ ဖြန့်ချိထားသည် ။ မြေနိမ့်မြေပြင် တောင်ကုန်းတောင်ထွတ် မလွတ် ၊ ချောင်းမြောင်း ၊ မြေ ပြင် ၊ ပင်လယ်သမုဒ္ဒရာ မကျန် ဥယျာဉ်ပန်းမန် ၊ ခင်တန်း တောကွေ့ ၊ မြက်ခင်းကိုင်းတော ၊ သစ်တောကြီးတွေ အပြည့် လရောင်ဝါ ရှိသည် ။ လမင်း သည် မျက်နှာ မလိုက် ။ အဂတိ တရား ကင်းစင် ဘိသည် ။ ဒီနေရာ နိမ့်၍ ဟိုနေရာ မလှပ၍ ဟု ချန် မထား ။ ညီညီမျှမျှ အေးချမ်းမှု သုခ ကို ပြည့်ဝ အောင် ဖန်တီးပေးသည် ။

နု သည် တဲရှေ့ ကွပ်ပျစ်၌ လဲလျောင်းရင်း မျက်နှာ ချင်းဆိုင် မှ တလက်လက် ဖြိုးပြက်တောက်ပ ၊ မျက်တောင် ခတ်နေသည့် တာရာကလေးတွေ ကို ကြည့်နေသည် ။ ၂၄ နာရီ အတွင်း မှာ ဒီ အချိန်ဟာ ဖြင့် နု ဖို့ အလွတ်လပ်ဆုံး ၊ အအေးချမ်း အကြည်လင်ဆုံး ၊ စည်းစိမ် အရှိဆုံး ပေါ့ ။

နု စိတ်သုခ ခံစားမှု အတွက် အဘယ်သူ တစ်ဦး တစ်ယောက် က မှ ဖန်တီး မပေး ။ သဘာဝတရားကြီး ကသာ လျစ်လျူ မရှု ၊ သက်သက်ညှာညှာ နု ခမျာ ကို အခါအခွင့် ရ တိုင်း ဖန်တီး ပေးသည် ။ ပျော်ဘုံ ဆောက်တည် ပေးသည် ။ ပစ္စည်းရှင် လူချမ်းသာတွေ ကတော့ သဘာဝတရား ကို အရေး မထားပါဘူး ။ အချိန်အခါ မရွေး ၊ ရာသီဥတု မရွေး စည်းစိမ်ခံစားမှု အသွယ်သွယ် ကို ဓန နှင့် ဖန်တီးပြီး လွန်လွန် ကြူးကြူး ယစ်မူး နေသည်ကော ။

“ ဪ .. နု အိပ်နေပလား ”

နု သည် ရုတ်တရက် ထိုင် လိုက်သော အခါ၌ အသက် ၂၀ ကျော် ရွယ် ၊ ထွားထွားကျိုင်းကျိုင်း အလုပ်ကြမ်းသမား တစ်ယောက် အသွင် ဖြင့် ညီညွတ်သော ယောက်ျားပျို တစ်ဦး ကို ကွပ်ပျစ် နှင့် ဆယ့်ကိုးပေ ကွာ လောက် ၌ ရပ်လျက် တွေ့ ရသည် ။

“ ဪ ... ကိုကျော်မောင် ၊ မအိပ်သေးပါဘူး ။ လာ လေ ထိုင်ပါဦး ”

နု သည် ကွပ်ပျစ်တစ်ဖက်စွန်း သို့ ရွှေ့ပေးလေသည် ။ ကိုကျော်မောင် ခေါ် ယောက်ျားပျို သည် အခြား အစွန်းဘက် တွင် ထိုင် လိုက်သည် ။

“ ကိုကျော်မောင် မပေါ်လာတာ ကြာ သွားပြီ ၊ ဘယ် သွား နေလို့တုန်း ”

“ ဘယ်မှ မသွားပါဘူး နု အလုပ်ချိန် က နေ့လည် ၂ နာရီ ဝင် ၊ ည ၁၀ ထွက် ဖြစ်နေလို့ပါ ။ နေ့ ကျတော့ နု မအား ၊ ည မှာ လည်း ကျုပ် က မအားနဲ့ အလည် မရောက် တာပါ ။ ဒါထက် အဒေါ်တို့ ကော အိပ်ကြပလား ” 

ကျော်မောင် သည် စကား အဆုံး ၌ အမေ ကို သတိရ မေးမြန်း လိုက်သည် ။

“ အိပ်ပြီ ကိုကျော်မောင် ၊ ခုတလော နည်းနည်း နေ ကောင်းတာ နဲ့ အိပ်ပျော် နေပျော် ရှိနေတယ် ” 

နု အသံ မှာ အတော်ပဲ ကြည်လင်သည် ။ အေးချမ်း ကြည်နူးစွာ မှ လှပသော အကြောင်း တစ်ခု ကို ပြောရ သည့် အသံ မှာ အသို့လျှင် မကြည်လင်ဘဲ နေမည်နည်း ။

“ လက်ဖက်ခြောက် ကုန် နေတာနဲ့ ကိုကျော်မောင် တောင် လက်ဖက်ရည်ကြမ်း မတိုက်ရဘူး ”

“ ကိစ္စမရှိပါဘူး နု ”

ကျော်မောင် က အဝေးသို့ မျှော် ငေးကြည့်ရင်း အေးဆေးစွာ ဖြေ လေသည် ။

“ ကုန်ဈေးတွေ ကလည်း ခေါင် ခိုက် နေတာပဲ ။ လက်ဖက်ခြောက် တစ်ပိဿာ ကို ၂ဝိ တဲ့ ။ ရတဲ့ ပိုက်ဆံ က တစ် နေ့ သုံးမတ် ရတာ ဘယ့်နှယ် လုပ်မလဲ ။ ဒီအတိုင်းသာ ဆိုရင်တော့ ရေနံမြေ က လူတွေ ငတ် သေမှာပဲ ” 

နု က ပြော လေ သည် ။

“ ဟုတ်တယ် နု ... တစ်နေကုန် တစ်နေခန်း အသက် စွန့် လုပ် ရပြီးတော့ ရတဲ့ ပိုက်ဆံ က ဖြင့် မုန့်ဖိုး တောင် မရှိ ဘူး ။ အရင်တလော က ကြည့်စမ်းပါဦး ။ စက်သေနတ် ပစ် သွားလို့ အလုပ် ထဲမှာ သေ သွားတဲ့ လူ တစ်ယောက် အ တွက် လျော်ကြေးငွေ ၁၂ဝိ ပေး သတဲ့ ။ ခု ခေတ်ကြီး ထဲ မှာ ငွေ ၁၂ဝိ  ဘာ လုပ်မလဲ ။ သင်္ဂြိုဟ် စရိတ် တောင် မရှိဘူး ။ အလကားပဲ ရေနံမြေ မှာ လူ ဖြစ်တာ ဘာမှ မကောင်းဘူး ။ သူများ အတွက် ငဝက်ကျွန် ဖြစ် နေရတာပဲ ”

ကျော်မောင် သည် နု စကား နှင့် ဆက်၍ ဘဝဆိုး အ ကြောင်း ကို စိတ်နာနာ နှင့် ပြောသည် ။

“ လှေထိုး လိုက် ရတာကမှ ကောင်း သေးတယ် ။ တစ်ခေါက်ပြန် ဆိုရင် ၅ဝဝိ ၊ ၆ဝဝိ ၊ ဆန် တစ်အိတ် ၊ နှစ်အိတ် ရ တယ် ။ တစ်ခေါက် တစ်ခေါက်ဆို ဘာ ကြာသလဲ ။ အလွန်ဆုံး ၂ လ ပေါ့  ။ ကျုပ် လည်း လိုက်မလို့ပဲ အမေ က အစိုးရိမ် ကြီးပြီး ဖျက် လွန်းလို့ ၊ အသေအပျောက် ခေတ်ကြီး မှာ တကွဲတပြား မနေနိုင်ဘူး တဲ့ ။ ထမင်းရည် သောက် နေရ နေရ သားအမိ တစ်စု အတူတူ နေ ရရင် စိတ်ချမ်းသာ သတဲ့ ။ အမေ စိတ်ချမ်းသာပေမဲ့ ကျုပ်က စိတ် မချမ်းသာဘူး ၊ လုပ်နိုင် ကိုင်နိုင် တဲ့ ယောက်ျား ရင့်မကြီး အဖြစ် နဲ့ ဆင်းရဲ နေရတာ ” 

ကျော်မောင် မှာ စိတ် မကောင်းသံ ပါ နေလေသည် ။

ကျော်မောင် တို့ နု တို့ မှာ အလွန် ရင်းနှီးသော သူငယ်ချင်း ဖြစ်သည် ။ အိမ်ချင်း မဝေးကွာလှ ၊ ရပ်ကွက် တစ်ခု တည်း ဖြစ်သည် ။ ကျော်မောင် မှာ လည်း မိခင်ကြီး နှင့် ၊ ညီကလေး တစ်ယောက် မှီခိုသူ ရှိလေသည် ။ ကျော်မောင် မှာ လုပ်နိုင်ကိုင်နိုင် သည့် အရွယ် ၊ ကျန်းမာရေး နှင့် ဒင်ပြည့် ကျပ်ပြည့် ညီညွတ်သူ ဖြစ်၍ သူ့ အား ကို သူ အားကိုးသည် ။ သူ့ စွမ်းအား ထုတ် သလောက် အကျိုး ခံစားရသည့် အလုပ် ကို လုပ် ချင်သည် ။ ဒါမှလည်း သူ့ တာဝန် သူ ကျေပွန်သည် ဟု ယူဆ နိုင်မည် ။ သူ့ မှီခိုသူတွေ လူချင်း တူတူ သူချင်း မျှမျှ နေထိုင်စားသောက်ကြရမည် ။ သို့ပေမင့် ကျော်မောင် ၏ မိခင်ကြီး က သားအား အနား က တစ်ဖဝါး မှ မခွာစေချင် မခွာစေရ ။ ရေနံ အလုပ် ကို လုပ် ရသည်မှာ မလောက်ငှ ဆင်းရဲကျပ်တည်း မှန်း သိနားလည် သော်လည်း တခြားအ ရပ်ဒေသ သို့ သွားရောက် မလုပ်ကိုင်စေလို ... ခုမြင် ခုပျောက် ခေတ်ကြီး မို့ မတော်တဆ များ ။ 

ရေနံကုမ္ပဏီ အလုပ် က တော့ မလောက်မင ။ မလှစုတ် မွဲ ၊ ဆင်းရဲကျပ်တည်း ၊ လစာနည်း ပေမဲ့ အလုပ်ချိန် က လွဲ ရင် သားအမိ တစ်စု အတူတူ နေရသည် ။ တစ်ဦး ကို တစ်ဦး မစိုးရိမ်ရ ။ သေအတူ ရှင်အမျှ ။ ဒါကြောင့် ကျော်မောင့် မိခင်ကြီး က ဆင်းဆင်းရဲရဲ ကျော်မောင် နဲ့ မခွဲဘဲ နေသည် ။

“ ဒီလို ပေါ့ ကိုကျော်မောင် ရယ် ။ အခါကြီး က မကောင်းသေးတော့ ဆင်းဆင်းရဲရဲ ကြိတ်မှိတ် နေဦးပေါ့ ။ ဒီလိုချည်းပဲ တစ်သက်လုံး နေသွား မှာ မဟုတ်သေးပါဘူး ”

နုသည် ကျော်မောင် နှစ်သိမ့်စေရန် အားပေး စကား ပြောသည် ။ ကျော်မောင် စိတ်ချမ်းသာမှု ကို လိုလား သည် ။ ကျော်မောင် ကို နု က ခင်သည် ။ ကျော်မောင် မှာ ယောက်ျား ပီသသော ကိုယ်လုံး ကိုယ်ထည် ရှိသည် ။ တည် ကြည် မြင့်မြတ်သော စိတ်ဓာတ် ရှိသည် ။ အသောက်အစား အပျော်အပါး အကစား ကင်းရှင်းသည် ။ အားနည်းသူတိုင်း ကို ကူညီချင်သည့် ဝါသနာ ရှိသည် ။ ထို့ကြောင့်ပင် သူတို့ လောက ၊ သူတို့ အပေါင်းအဖွဲ့ က ကျော်မောင့် ကို ချစ်ခင် ကြသည် ။ လေးစား ရိုသေ ကြသည် ။ အားလည်း ကိုးကြပါ သည် ။ ဒီအထဲမှာ နု ဟာဖြင့် အပိုဆုံးပေါ့ ။ သူများတွေ အကုန်လုံး က ကျော်မောင် ကို ချစ်ခင်လေးစား အားကိုးတဲ့ စိတ်ဓာတ် အစိုင်အခဲ ကို ချိန်ခွင် ထက် မှာ များ တင်ပြီး စက် ကြည့် လိုက်ရရင် နု ဘက် ကပဲ အလေး သာ လိမ့်မည် ထင် သည် ။

“ ဟ ကျော်မောင်ကြီး လည်း ဒီ ရောက်နေသကိုး ” 

အင်္ကျီမပါ ၊ ဗလာကိုယ်ထည် နှင့် လုံချည်တိုတို ဝတ်ကာ အပို လုံချည် တစ်ထည် ကို ခေါင်းပေါင်း ထားသည့် ကျော်မောင် နှင့် ရွယ်တူ လောက် ယောက်ျားပျို တစ်ဦး ရောက် လာ နှုတ်ဆက်ခြင်း ဖြစ်ပေသည် ။

“ ဪ .. ဘထူး ထိုင်ဦးလေ ၊ ဘယ် သွား မလို့တုန်း ”

“ ကိုဘထူးကြီး ထိုင်ပါဦးလေ ။ ဘာများ အရေး ကောင်း နေ သလဲ ”

ကျော်မောင် နှင့် နု က တစ်ပြိုင်တည်း လို ဘထူး အား နှုတ်ဆက် ပြောဆို ကြသည် ။ သို့ပေမဲ့ ဘထူး က မထိုင် ။

“ မထိုင်ဘူးကွ ငါတို့ ဟိုကို သွားမလို့ အဖော်တွေ စောင့်နေတာ ”

“ ဟိုကို ”  ဆိုသည် ကို နု နှင့် ကျော်မောင် ကောင်း ကောင်း နားလည်သည် ။ အင်္ဂလိပ် ထွက်ပြေး စဉ် က ရေနံ တွင်းတွေ ၊ အလုပ်ရုံတွေ ကို မီးသင်္ဂြိုဟ်ခဲ့သည် ၊ ဖျက်ဆီး ပစ်ခဲ့သည် ။ ဒိုက်နိပွန်တွေ က ပြန်လည် ထူထောင်နေသည် ။ ရေနံမြေ ၏ ရောဂါဆိုးကြီး ကို ဓာတ်ကြမ်း ကု နေသည် ။ တချို့အလုပ်ရုံတွေ တော်အိရော်အိ ထူထောင် ဆောက်တည် ပြီးပြီ ။ တချို့ ရေနံတွင်းတွေ ခုတ်မောင်း နေပြီ ။ ရေနံ ထုတ်ယူ နေပြီ ။ တချို့ ရေနံတွင်းတွေ ကလည်း အလိုအလျောက် အရမ်းမဲ့ ရေနံတွေ ထွက် နေသည် ။ ချောင်းမြောင်း အသွယ်သွယ် မှ စီးဆင်း၍ မြေနိမ့် ချိုင့်ဝှမ်းတွေ မှာ ရေနံတွေ အိုင် ထွန်းနေသည် ။ ရေနံကန်ကြီးများ နှင့် တူသည် ။ ဤ သည့် ရေနံတွေ ကို ဆင်းရဲသား လူတွေ က ညအခါ တိတ် တဆိတ် သွားရောက် ခပ်ယူ သယ်ဆောင် ကြသည် ။ သို့မဟုတ် ခိုး သည်လည်း မည်၏ ။

ရေနံစိမ်း က ဈေးကောင်း သည် ။ တစ်ထမ်း ကို တစ်ရာ ကျော် ရသည် ။ တစ်ည ၃ ထမ်း ဆိုလျှင် ငွေ ၃ဝဝိ ကျော် ၄ဝဝိ လောက် ရတာပဲ ။ ဒါပေမင့် လူမွဲတွေ ( ဝါ ) သူခိုးတွေ မှာ အတော် ဘေးရန် ကြီးသည် ။ ရေနံမြေ မှာ “ ရေနံမြေပုလိပ် ”  ဟူသည့် လူတန်းစား တစ်မျိုး ရှိသည် ။ သူတို့ တာဝန်မှာ ရေနံမြေ ( Oil Field ) အတွင်း က ပျဉ်တို ပျဉ်စကလေး တစ်ခုတလေ ၊ သွပ်တိုသွပ်စကလေး တစ်ခုတလေ နှင့် သံတိုသံစကလေး တစ်ခုတလေ အပြင် ရေနံ တစ်စက်တလေ မှ မပျောက်ပျက် ရအောင် စောင့်ထိန်း ကာကွယ်ရသည် ။ ရေနံမြေ အတွင်း လာလာသမျှ လူ အပေါင်း ကို စစ်ဆေး မေးမြန်းကြသည် ။ ရေနံမြေ အလုပ်သမား လက်မှတ် မပါ လျှင် ဖမ်းချင် ဖမ်း ၍ ရိုက်ချင် က ရိုက် နိုင်သည် ။ ရေနံမြေ အတွင်း မှာ ဆိုရင် ရေနံမြေပုလိပ် ကို အသေအချာ ကြောက်ရသပေါ့ ။

တစ်ခါတစ်ရံ ရေနံမြေ အတွင်း မှ ပစ္စည်းများ ပါလာ သူ ၊ ခိုးလာသူများ ကို တွေ့လျှင် ဖမ်းဆီးရိုက်နှက် ငါးဖယ် တေ သလို တေပြီး မှ နိပွန်ရေနံမြေရုံး ကို ပို့ဆောင်သည် ။ ရေနံ မြေပုလိပ် က သူခိုး ဆိုလျှင် ပြီးရော ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် နားမလည် ။ ထွက် မပြေးနိုင်အောင် ကြိုးတုပ်၍ ၇ ရက် လောက် နည်းမျိုး အဖုံဖုံ စုံအောင် ညှင်းတော့သည် ။ လူ ၁၀ ယောက် အဖမ်း ခံရလျှင် ၃ ယောက် လောက် သေ ၍ ၄ ယောက်လောက် လူချင်း မတူ ၊ လူစဉ် မမီအောင် ကျိုးကန်း ကြလျက် ၃ ယောက် လောက် သာ အနိုင်နိုင် ကျန်တော့ သည် ။ ထို့ကြောင့် ရေနံမြေပုလိပ် အဖမ်း ခံရသည် ဆိုလျှင် တော့ မသက်သာ အနည်းဆုံး ဆွေမျိုး တော့ မေ့လေရော့ ။

တချို့ ရေနံမြေပုလိပ်တွေ ကတော့ သူခိုးကလေးတွေ ကို နှိမ်နင်း ပြီးတော့ သူတို့ ကိုယ်တိုင် သူခိုးဈေးကြီး တွေ ဖွင့် ထားသည် ။ ဗမာ-ကုလား-တရုတ် လူမျိုးစုံ ပိုက်ဆံ ရှိ သူတွေ နှင့်ပေါင်း၍ ပေပျဉ်တွေ ၊ ကြေးနီ ၊ ကြေးဝါတွေ ၊ သံ အမျိုးမျိုး အစားစားတွေ ကို တန်ပေါင်း များ စွာ ရေနံစိမ်း ၊
ရေနံဆီ ၊ ဓာတ်ဆီတွေ ကို ဂါလံပေါင်း မြောက်မြားစွာ ခိုး ထုတ် ကြသည် ။ တစ်ခါတစ်ခါ ခိုးထုတ် လိုက်လျှင် ငွေတွေ ကို ထမ်းလို့ မနိုင် သလောက် တောင် များ လွန်းသည် ။ သူတို့ တတွေ လောဘ ကြီးလွန်း လို့ အဝေ မညီ မသင့်မမြတ် ဖြစ် ပြီး ခိုးထုတ် ခိုးထည် ပေါ်ရင် ၊ မာစတာတွေ သိ သွားရင် လည်း မသက်သာ ။ အများအားဖြင့် သေရွာ ကို သွားရသကော ။ ဒါပေမဲ့ တချို့နေရာတွေ မှာတော့ မာစတာတွေ ကိုယ်တိုင် လည်း ခိုး ထုတ်ကြသည် ။ အကြံပေး ဖြစ်သည် ။

ဘထူး ပြောသည့် “ ဟိုကို ”  ဆိုသည်မှာ ချောင်း မြောင်း အသွယ်သွယ် မှ စီးဆင်း အိုင်ထွန်း နေသည့် ရေနံကန် ကို ရည်ရွယ်သည် ။ ဘထူး တို့ လူမွဲတွေ ( ဝါ ) သူခိုးကလေး တွေ သည် ထို ရေနံအိုင် မှ ရေနံစိမ်းများ ကို ကိုယ့် အစု နှင့် ကိုယ့် အဖွဲ့ နှင့် သွားရောက် ယူငင်ကြသည် ။ သို့မဟုတ် ခိုး ကြသည် ။ ယခုလည်း ဘထူး တို့ ထိုသို့ သွားရောက်ရန် ဖြစ်ပါသည် ။

သံပုံးထမ်း ကိုယ်စီ နှင့် လူ ဆယ့်ကိုးယောက် အသံ အုပ် ၍ ခပ်တိုးတိုး စကား ပြောရင်း နု တို့ တဲကလေး နှင့် ပေ တစ်ရာ လောက် အကွာ က လမ်းဘေး မှာ လျှောက် လာကြ သည်ကို နု ကျော်မောင် နှင့် ဘထူး တို့ သုံးဦး သား မြင် ကြ ရလေသည် ။

“ လာကြပြီ ဟေ့ ... ငါ သွားဦးမယ် ”

ဘထူး သည် နှုတ် ဆက်ရင်း ခပ်သွက်သွက်ကလေး ထွက် သွားလေသည် ။ ကျော်မောင် နှင့် နု တို့ မှာ ထို လူတစ်စု အား ကြည့်ရင်း ကျန်ရစ်ခဲ့သည် ။ 

“ မွဲတော့ ၊ ငတ်တော့ ကောင်းကောင်း နေချင်လို့ မနေရဘူး ၊ ဘဝသံသရာ နှစ်ခု လုံး မကောင်းတဲ့ ဒုစရိုက်မှု တွေ ကို လုပ် ရတာပဲ ” 

ဆိတ်ငြိမ်မှု ကို ကျော်မောင် က ဖြိုခွင်း လိုက်သည် ။

“ ဟုတ်တယ် ကိုကျော်မောင် ။ ငရဲ နဲ့ ဝမ်းစာ နီးရာ ကို လိုက် ရတာပဲ ။ လက်ငင်း ဒုက္ခဘေး က ကင်းအေးမယ့် အလုပ် ဆိုတော့ မကောင်းမှန်း သိကြပေမဲ့ လုပ်ရတာပေါ့ ။ အရင် ဟိုဘက်နား က ဒေါ်သက် တို့ ဆိုရင် အတော် ကြိုးစားနေ ရတာ ။ ခုဆိုရင် အဲဒီ ရေနံ အလုပ် လုပ်ခါမှ ဟန်ကျလာတယ် အဝတ်အစား ဆိုလည်း တစ်ပုံကြီးပဲ ” 

နု သည် ကျော်မောင် စကား ကို လေးလေးစားစား ထောက်ခံ လေသည် ။

“ မြန်မာပြည် လွတ်လပ်ရင် ကောင်းစားမယ် ၊ ကောင်းစားမယ် နဲ့ ဘယ်လို ကောင်းစား မှာလဲ နု တို့ အလုပ်သမား တွေ ဖြင့် အရင်လို အရင်လို ပါ ပဲ ”

နု သည် တစ်ခါတုန်း က ဖွားခင် ၊ အေးသက် တို့ နှင့် မြိန်မြိန်ယှက်ယှက်ကြီး ပြောခဲ့ဖူးသည့် လွတ်လပ်ရေး အကြောင်း ကို အမှတ် ရသဖြင့် ကျော်မောင် ကို ပြော လိုက် သည် ။

“ လွတ်လပ်ရေး မ က လို့ ဘာကြီး ရ နေနေ ကျုပ်တို့ ရေနံမြေ က ရေနံ အလုပ်သမားတွေ ဟာ ဒီ အလုပ် ကို လုပ် ရင်း လူချင်း မတူ သူချင်း မတူ သေ ရမှာပဲ နု ” 

ကျော်မောင် အသံ မှာ မာမာပြတ်ပြတ် ဖြစ်လေသည် ။ 

“ အမှန်က ကျုပ်တို့ ဟာ ဝဋ် ခံနေရတာပဲ ။ ရေနံမြေ က အလုပ်သမားတွေ ဟာ ဘယ်တုန်း က မှ မကောင်းစားခဲ့ဘူး ၊ တစ်ခုတော့ ရှိတာပေါ့လေ ၊ အထက်တန်းစား အရာရှိကြီး တွေ ကတော့ ကောင်းစား ကြတာပေါ့ ။ တကယ်တမ်း ထိထိရောက်ရောက် ဆင်းဆင်းရဲရဲ လုပ်ရတဲ့ ကျုပ် တို့ အတန်းအစား အလုပ်သမားတွေ ကို ပြောတာ မကောင်း စားဘူး ဆိုတာ ။ အထူးသဖြင့် ခု ဂျပန်ခေတ် ဟာ အဆိုးဆုံး ပဲ ။ ကြည့်လေ အလုပ်သမားတွေ ကို တကယ် မသေရုံတ မယ်ကလေး ကျွေး ထားပြီးတော့ တရားမဲ့ ရက်ရက်စက်စက် ဘယ်လောက် ခိုင်းသလဲ ၊ ခြိမ်းခြောက် ထားလိုက်သေး တယ် ။ အလုပ် ပျက်ရင် ချွေးတပ် ပို့မယ် ၊ စစ်တပ် ပို့မယ် နဲ့ ပြီးတော့ မဆံ့ရင်ကာ အလုပ်ကြီးတွေ ကို ထုနဲ့ထည်နဲ့ အင်အား နဲ့ မျှ မမျှ ညီ မညီ မကြည့်ဘူး ၊ ဇွတ်အတင်း ခိုင်းတာ ပဲ ။ မလုပ်နိုင်ရင် ပါး ရိုက်တယ် ။ စည်းမဲ့ကမ်းမဲ့ ဘယ်လောက် လုပ်နေနေ ဘာမှ ပြန် ပြောခွင့် ၊ ဖြေရှင်းခွင့် မရှိဘူး ။ ဒီ အလုပ်သမားတွေ ဟာ ရာဇဝတ်သားတွေ နဲ့ ဘာ ထူးသေး သလဲ ။ မဆံ့ရင်ကာ အလုပ်ကြီးတွေ ကို ဇွတ် လုပ်ရလို့ ထိမိခိုက်မိ တိုက်မိပြီး သေ တဲ့ လူလည်း သေ ကုန်တယ် ၊ ကျိုး ကန်း လူစဉ် မမီ လည်း ဖြစ် ကုန်တယ် ။ အလုပ်ဒဏ် နေထိုင် မကောင်း ဖြစ်ပြီး အသက် တို ကြရတယ် ။ ကျုပ်တို့ ဒီ ဘဝဆိုး က လွတ်ဖို့ နည်းလမ်း ကတော့ ကံဆိုးမိုးမှောင်ကျ နေတဲ့ ကျုပ် တို့ အလုပ်သမားတွေ ရင်လည်း သေ ကုန်မှ ၊ ဒါမှ မဟုတ်ရင် သူတို့ အလုပ်ရှင်တွေ မရှိမှ ပဲ ဖြစ်မယ် ”  

ကျော်မောင် သည် တသီတတန်းကြီး လေလျှောက် ပြော နေရာမှပင် သူ့ စကား အတွင်း စိတ်ဝင်စား ကာ မိန်းမော တွေးတော သွားသည် ။ နု ကား လရောင်ဝါ ပက်ဖျန်းထား သည့် ဣန္ဒြေရရ ရင့်ကျက်သော အမူအရာ နှင့် မမှိတ်မသုန် ဖြစ်နေသည့် ကျော်မောင် ၏ မျက်နှာ ကို ရွှန်းရွှန်းစားစား ကြည့် နေ လေသည် ။

လေညှင်း သည် တသင်းသင်း ပင် လှုပ်ရှား နေသည် ။ အကယ်၍ သာ နု တစ်ယောက် သည် သူဌေးကြီး တစ်ဦး သမီး ဖြစ်လျှင် ၊ ကန်ထရိုက်တာကြီး တစ်ဦး သမီး ဖြစ်ခဲ့ပါ လျှင် သို့မဟုတ် “ ကော်လာဖြူ ၊ အလုပ်သမား ”  အရာရှိကြီး တစ်ဦးဦး ၏ သမီး သာ ဖြစ်မည် ဆိုလျှင် နု ထံ မှ ကြိုင်ကြိုင် လျှမ်းသော ဂန္ဓာရုံ သည် ကျော်မောင့် နှာခေါင်းတွင်း သို့ အတင်း ဝင်၍ ကြူကြူမွှေးမည် ဖြစ်လေသည် ။ အကယ်၍ ကျော်မောင် ၏ အချစ် စိတ် သာ အိပ်ပျော် နေခဲ့ပါ လျှင် လည်း အတင်းပင် တပ်လှန့်၍ နှိုး ပေးလိမ့်မည် ။

သို့ပေတမင့် နု ဟာ ဖြင့် အလွန် ဆင်းရဲလှသည့် အလုပ်သမားကလေး ၊ ပစ္စည်းမဲ့ အလုပ်သယ်ကလေး တစ်ဦး မျှ ဖြစ်သည် ။ အပိုအမို အလှအပတွေ မွန်းမံ ခြယ်လှယ်ဖို့ စည်းစိမ် ခံစားဖို့ နေနေသာသာ စားဖို့ ဝတ်ဖို့ နေဖို့ မှ အနိုင်နိုင် ။

ကျော်မောင် သည် အဝေးသို့ မျှော်ကြည့် နေရာမှ အတွေး ရပ် လှုပ်ရှား လာ ကာ နု အား ကြည့်လိုက်သည် ။ နု သည် ကျော်မောင် နှင့် မျက်လုံးချင်း ဆိုင် မိသောအခါ၌ တာရှည် မခံနိုင် မျက်လွှာ ချလိုက်သည် ။ နု ၏ မျက်လုံး ကြည် ၍ အရည် လဲ့ နေသလို ကျော်မောင့် မျက်လုံးများ မှာ လည်း ရွှန်းရွှန်းစားစား နှင့် ထက်မြက် စူးရှသည် ။ ထို့ကြောင့်ပင် နု မျက်လွှာ ချ လိုက်ခြင်း ဖြစ်သည် ။ ကျော်မောင့် မျက်လုံး ဒဏ် ကို နု မခံနိုင်ပေ ။

ကျော်မောင် သည် အရင် က နု ကို အခုလောက် သေသေချာချာ မကြည့်ခဲ့မိဘူး ။ ပန်းမန်နံ့သာ ခြယ်လှယ် မထားပေမဲ့ ၊ အလှအပ ဝတ်စားတန်ဆာ ဆင်ယင် မထားပေ မဲ့ နု ဟာ ဖြင့် လှသည် ။ ကျော်မောင့် စိတ် အာရုံဝယ် ယခု နု သည် ရှုမဝ ။ အရင့် အရင်တုန်းက ကျော်မောင် နု ကို ခင်မင် ခဲ့သည် ။ ကြင်နာခဲ့သည် ။ ယခုသော် ... ထို အသေးအဖွဲ က လေးတွေ က မေတ္တာတုံး ၊ မေတ္တာခဲ ၊ အချစ်တုံး ၊ အချစ်ခဲ ၊ ထုထည် အစိုင်အခဲကြီး ဖြစ်မြောက်လာအောင် လှပသော သဘာဝတရားကြီး က ဖန်တီး ပေးလိုက်သည် ။ ပြောင်းလဲ ပေးလိုက်သည် ။

“  နု ”

ယခင့် ယခင် က အကြိမ့် အကြိမ်ပေါင်း များစွာ ဤ တစ်လုံး တည်း သော နာမည်ကလေး ကို ကျော်မောင် ခေါ်ဖူး လှပါပြီ ။ သို့ပေမင့် သည်တစ်ခါ အသံ နှင့် တစ်ခါ မှ မတူ စ ဖူး ။ သည်တစ်ခါ အသံ ကတော့ စိတ်ဓာတ်ခံ ကို က ပြောင်း လဲနေလို့ အသံ ပါ ထူးခြား နေပါသည် ။ ကျော်မောင် ခေါ်သံ ကြား ရ ကတည်း က နု သိသည် ။ ကျော်မောင် စိတ်ဓာတ် သည် နု ၏ ဟဒယ အိမ် ကို ဂယက် ရိုက်လိုက်သည် ။ ထို့ကြောင့်ပင် နု ကလည်း မမှန်သော အသံကလေး ဖြင့် ပင် ခွန်း တုံ့သည် ။

“ ကိုကျော်မောင် ” 

“ ကျုပ် တော့ ခုဖြင့် နု ကို သိပ် ချစ်နေပြီ နု ”

ကျော်မောင် ရိုးရိုး ပြော လိုက်သည့် အတိုင်းပင် သူ့ အချစ် မှာ နု အပေါ်ဝယ် အတော် ထုထည် ကြီးမားသည် ။ နု ကို သိပ်ချစ်သည် ။ တကယ်လို့ သာ နု သည် အပိုအမို လော ကွတ်တွေ ၊ ပရိယာယ် ပကာသနတွေ ဗာရာဏသီ ချဲ့မှုတွေ ကို နှစ်သက်သူ လိုလားသူ တစ်ယောက် ဆိုလျှင် ကျော်မောင် ပြောလိုက်ပုံ ကို အကြီးအကျယ် အားမလို အားမရ ဖြစ်လိမ့်မည် ။

“ သိပ်ချစ်တယ် ”  ဟု အမှန် ကို တုံးတိတိ ပြောလိုက် ခြင်းထက် ချစ်သမျှ ကို မြင့်မိုရ်ရွှေတောင်လုံးသာပလေ တို့ ၊ သမုဒ်မင်ရေဖျော် လို့ ချစ်တာတွေ စာစီလို့ ကုံးရ ရင် ဆုံးဆမတိုင် တို့ ၊ ဟန်တစ်ခါပြင် ရွှေစင်ဆယ်တင်း ဆက်သွင်းပုံသေ သိန်းတန်မေ အစ ရှိသည်တို့ နှင့် ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ချစ်ရေး ဆိုစေချင်ပေ လိမ့်မည် ။ ပရိယာယ်ဝေဝုစ် စကား မာယာ ကြွယ်သလောက် သုံးနှုန်းဖွဲ့နွဲ့လျက် မေတ္တာနှောင်ကြိုး သွယ်စေလို ပေလိမ့်မည် ။

ဒါပေမဲ့ ကျော်မောင် ကလည်း ခေတ်ပညာတတ် လူ ချမ်းသာ လူရည်လယ်တွေ လို သည်လို ဖွဲ့ ဖွဲ့နွဲ့နွဲ့ ချစ်ရေး မဆိုတတ် ၊ မပြောတတ် ၍ လည်း တော် တော့သည် ။ ပြော တတ်၍ ပြောမည် ဆိုလျှင်လည်း နု နားလည်မည် မဟုတ် ။ အမှန်ပင် ငြီးငွေ့ ပျင်းရိ လိမ့်မည် ။ ကျော်မောင် ပြောလိုက်တဲ့ ချစ်စကား ဟာဖြင့် ဂုဏ်ကြီးရှင် အမျိုးသမီးတွေ အဖို့ မကောင်းပေမဲ့ နု တစ်ယောက် နဲ့ ဖြင့် သေသေချာချာ ကို ပဏာ စားတာပေါ့ ။ အဆင် ပြေ တာပေါ့ ။

နု မျက်နှာမှာ ရှက်သွေးရောင် ဖြန်း၍ နှင်းဆီရောင် လျှမ်း နေတော့သည် ။ ခေါင်း ငုံ့ထားလျက် ကွပ်ပျစ် မှ ဝါဖန့်ဖန့် ဝါး အကြောကလေးတွေ ကို လက်မ ဖြင့် ပွတ်၍ တိုက်၍ သပ် နေသည် ။

“ ဘယ့်နှယ်လဲ နု ၊ ကျုပ် ချစ်သလို နု က လည်း ပြန် ချစ် နိုင်မယ် မဟုတ်လား ”

ကျော်မောင့် အသံ မှာ စိတ်အား တက်ကြွသော အရိပ် အယောင်များ ပြည့်လျက် ... 

“ သေသေချာချာ စဉ်းစားပါဦး ကိုကျော်မောင် ၊ ချစ်တယ် ကြိုက်တယ် ဆိုတာက အလွယ်ကလေးပါ ။ နေထိုင် စားသောက်ရေးတွေ က ခက်တယ် ။ အိမ်ထောင် တစ်ခု ရဲ့ တာဝန်ဟာ ဘယ်လောက် တောင် ကြီးမားသလဲ ဆိုတာလဲ ကိုကျော်မောင် အသိပဲ ။ ကိုကျော်မောင့် အခြေအနေ ၊ နု တို့ အခြေအနေ ကို ပြန် ကြည့်စမ်းပါ ။ ဘယ်လောက် ဆိုးဝါးနေ သလဲ ။ ဒါကြောင့် အခုအချိန် မှာတော့ အိမ်ထောင်ရေး ကို မတွေးသင့်သေးဘူး ထင်တယ် ကိုကျော်မောင် ” 

နု သည် ဖြည်းညင်းစွာ နှင့် ပင် အတော် ကြိုးစား၍ ပြော ရလေသည် ။

စီးပွားရေး ကျပ်တည်းမှုကြီး သည် နု ကို ဒုက္ခ ပေး နှောင်ဖွဲ့ထားသည် ကို ကိုယ်တွေ့ ခံစားရလျက် ကျော်မောင့် အခြေအနေ ကို လည်း ကောင်းစွာ သိသည် ။ သည်လို အခြေအနေတိုင်း နှင့်များ အိမ်ထောင် ပြုရမည် ဆိုရင်တော့ ကိုယ့် ဒုက္ခ ကိုယ် ရှာ ရာ ရောက်ခြင်း အမှန် ဖြစ်သည် ။

“ မဟုတ်သေးဘူးလေ နု ၊ ချစ် တာ က တစ်ခြား ၊ အိမ်ထောင်ပြု တာ က တခြား ပဲ ။ အခု ကျုပ် ဆိုလိုတာက နု ကျုပ် ကို ချစ်သလား ၊ မချစ်ဘူးလား ဆိုတာပဲ ။ တကယ်လို့ ချစ်တယ် ဆိုရင် အိမ်ထောင် ပြုတာ က တော့ နောင် ဖြည်း ဖြည်းပေါ့ ။ စီးပွားရေး ချောင်လည်တဲ့ အချိန်အခါ ကောင်းတဲ့ အချိန် မှာ စီစဉ် နိုင်တာပေါ့ ”

နု သည် စကား ပြန် မပေး ၊ ခေါင်း လည်း မဖော် ၊ နေမြဲ တိုင်းသာ နေ လေသည် ။ ဆိတ်ငြိမ်ခြင်း နှင့် အေးချမ်းကြည်လင်ခြင်း သည် ကျော်မောင် ၏ အချစ်စိတ်ဓာတ် ကို မြှောက် ပေးနေ သည် ။ မထိန်းချုပ် နိုင်အောင် လှုံ့ဆွ ပေး နေသည် ။

ကျော်မောင် သည် နု အနီးသို့ ရောက်အောင် တိုးရွှေ့ သွား သည် ။ နု မှာ အစွန်ဆုံး ရောက် နေပြီး ဖြစ်၍ နောက် ဆုတ် မ ဖြစ် ။ မလှုပ်မရှား နေမြဲတိုင်းပင် ။ ကျော်မောင် သည် ပျော့ ပြောင်းနူးညံ့သော နု ၏ လက်ဖမိုးကလေး ကို ညင်သာစွာ ဆုပ်ကိုင် လိုက်သည် ။ နု က မရုန်း ။ သို့ပေမဲ့ မျက်နှာတော့ တစ်ဖက် လွှဲ သွားသည် ။

“  နု ... နု ကျုပ် ကို ချစ်တယ် မဟုတ်လားဟင် ”

ကျော် မောင်သည် မချင့်မရဲ မေးရင်း နု ၏ မေးကလေး ကို လက် တစ်ဖက် က ကိုင်၍ မျက်နှာချင်းဆိုင် ဖြစ်အောင် ဆွဲ လှည့် လိုက်သည် ။

“ နု ... နု ကျုပ်ကို ချစ်တယ် မဟုတ်လား ဟင် ”

နု သည် ရှက်စနိုး အမူအရာ ဖြင့် ဦးခေါင်း ကို ညင်ညင် သာသာ ညိတ် လိုက်သည် ။ အတိုင်းမသိ ဝမ်းမြောက်သော ကျော်မောင် သည် နု ၏ ပြည့်ဖြိုး ကျစ်လျစ်သော ကိုယ် ကလေး ကို အားပါးတရ ပိုက်ထွေးကာ ပါးပြင်နုနုကလေး နှစ် ဖက်အား အငမ်းမရ ဘယ်ပြန် ညာပြန် နမ်း လေသည် ။ နု မှာ အရုပ် လို ကျော်မောင် ပြုသမျှ နု ရတော့မည် ။

“ ချစ်တုန်းခင်တုန်းတော့ ပျော်စရာပဲ ကိုကျော်မောင် ၊ နောင်ခါများ မှာ အိမ်ထောင် တာဝန်တွေကြောင့် စိတ်ပျက် စရာတွေ တွေ့လာမယ် ”  

နု ၏ ရည်းစား စကား မှာ ဆန်းသည် ။ တခြား လုံမ တွေလို အသစ် တွေ့ရင် အချစ် ကို မမေ့ပါနှင့် ဟု ကျော်မောင် ကို မမှာ ။ ကျော်မောင် လို အတွင်းသိ အစင်းသိ မနော ဖြူ အူစင်း ယောက်ျား ကောင်း တစ်ယောက် ကို မှာကြားရန် မလို ။ နု ယုံကြည်သည် ။ ထို့ကြောင့်ပင် အချစ်ရေး ဖောက် ပြန်မှု ကို မစိုးရိမ် ၊ အိမ်ထောင်ရေး သာယာမှု အတွက် သာ တွေးပူသည် ။ ဟုတ်သည် ။ နု ယုံကြည်ချက် အတိုင်း လည်း ကျော်မောင် ကို စိတ်ချရသည် ။ လူချမ်းသာကြီး မဟုတ်ပေမဲ့ ၊ ပညာတတ်ကြီး မဟုတ်ပေမဲ့ ကျော်မောင် ဟာဖြင့် သစ္စာ ရှိ သည် ၊ ကတိ တည်သည် ။ သေသော်တည့်မှ နု ကို စွန့်လွှတ် မည်ဖြစ်သည် ။

“ နု မပျော်ဘူးလား ဟင် ၊ ကျုပ် တော့ ဝမ်း လည်း သာ ၊ ပျော် လည်း ပျော် ”

ပီတိတွေ အပြည့်လျှမ်းသော အသံ ဖြင့် ကျော်မောင် က နု ကို မေးလေသည် ။ နု သည် လက်ဖနောင့် ဖြင့် ကျော်မောင် ၏ ရင်ဘတ် ကို ထု ရင်း တွန်း ပစ် လိုက်ကာ ရှက်စနိုး အသံကလေး ရောနှော ပါဝင်သည့် ဆည်းလည်း လှုပ်သံ လို သာယာစွာ ပြန်ပြောသည် ။

“ နု လည်း ကိုကျော်မောင် လိုပေါ့  ...လို့ ”

( နောက်တစ်ပိုင်း ဆက်ရန် )

◾ဌေးမောင်

📖 ရှုမဝ မဂ္ဂဇင်း
      အတွဲ - ၁ ၊ အမှတ် - ၁၂
      ၁၉၄၈ ၊ မေ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment