Monday, March 27, 2023

နု ( ၂ )


 သူရိယ သည် ရေနံတွင်း ကြို ၊ ရေနံတွင်း ကြား မှ ကြိုးကြိုးစားစား ထိုး ထွက် လာရသည့် ပမာ တဝင့်ဝင့် မြင့်တက် လာ လေတော့သည် ။ သို့သော် သူ ၏ အဝန်းကုန် မကျွတ် လွတ်သေး ။ တစ်ပိုင်း တစ်စ ကြွလုလု မျှ သာ ရှိသေးသည် ။


အလုပ် ဝင် ရန် ဥသြသံ သည် မှန်မှန်ပင် ခါတိုင်း လို ဟစ်ကြွေး လိုက်သည် ။


“ ဟော .. ဥဩ တောင် မှုတ်ပြီ ။ လာကြဟေ့ ၊ မြန်မြန် တော်ကြာ နောက်ကျ နေ လို့ ကူလီခေါင်း ဆူ နေ ဦးမယ် ” 


အေးသက် သည် လောဆော်ရင်း သူ ကိုယ်တိုင် လည်း ယခင် က ထက် ပိုလျက် ခပ်သွက်သွက်ကလေး

လျှောက်လေသည် ။ သို့သော် အလုပ်ခွင် ရောက်ရန် မှာ တစ်ခေါ် လောက် သာ လို ပါတော့သည် ။ ထို့ကြောင့်ပင် တလှုပ်လှုပ် တရွရွ နှင့် အလုပ် စ နေ သည့် ကူလီ ၊ ကူလီမ တွေ ကို သူတို့ မြင်နေ ရသည် ။


“ မကြောက်ပါနဲ့ အေ ၊ နု တစ်ယောက် လုံး ပါ သေး တာပဲ ”  


ဖွားခင် သည် နု ကို မေးထိုး ပြရင်း ပြောသည် ။


“ အို .. ဖွားခင် ကလဲ ငါ နဲ့ဘာ ဆိုင်တာလိုက်လို့ ငါ ကော ဘာမို့လဲ ” 


နု သည် ဤသို့ ချေပ လိုက်ရသည့် တိုင်အောင် စိတ်ထဲ ၌ တစ်မျိုး ဖြစ် လေသည် ။ အဘယ့်ကြောင့် ဆိုသော် ကူလီခေါင်း သည် နု အား အစဉ် မျက်နှာသာ ပေးလျက် အလွန် သက်သာသော နေရာများ ၌ အလုပ် ချ ပေးသည် ။ ရံဖန်ရံခါ နောက်ကျသည်များ ကို လည်း အရေး မထား ၊ စကား ပြော ရာ၌ လည်း အခြား အလုပ်သမားများ အပေါ်၌ တင်းမာရိုင်းပျ သလောက် နု အပေါ် မှာ ပျားသကာလောင်း သလို ချို လှ သည် ။ ဤသည်တွေ ကို နု ကောင်းစွာ သိ ပါသည် ။ ကူလီ ခေါင်း ကိုယ်တိုင် က လည်း နု အား ဘာလို ညာလို စကား ချို ပြောဖူး လှပြီ ။ ထို့ကြောင့်ပင် အကြောင်း သိ လုပ်ဖော်ကိုင်ဖက် တွေ က နု အား ကွယ်ရာတွင် ဆရာကတော် ၊ ဆရာကတော် ဟု ပြောင်ချော်ချော် ခေါ် တတ်သည် ။ သည်လို ခေါ်ကြသည် ကို နု က မကြိုက် ၊ နု တားမြစ်ခဲ့ပါသည် ။


သို့သော် တားမရသည့် အဆုံး၌ ခပ်မဆိတ်ပင် နေ ရတော့ သည် ။ စိတ် ထဲ တွင် ကူလီခေါင်း အား ကြိုက်ရမည် မှာ ဝေး ပါသေးသည် ။ တကယ် ဆို တော့ သူ့ ကို ညှာတာမှု အ တွက် ကျေးဇူး တင်သည် ဆိုရုံ ကျေးဇူး တင်ခြင်း သက်သက် သာ ဖြစ်ပါသည် ။ 


“ ဪ နုတို့ လာကြပေါ့ ကို ” 


ကူလီခေါင်း က ချိုချိုပြုံးသော မျက်နှာ နှင့် ဆီးကြို နှုတ်ဆက်ခြင်း ဖြစ်သည် ။


“ ဟုတ်ကဲ့ အစ်ကိုကြီး ဒီနေ့ နည်းနည်း နောက်ကျ သွားတယ် ။ ည က အမေ အနေ ဆိုး တာနဲ့ ” 


နု သည် နောက်ပိုင်း ကူလီခေါင်းကြီး အား “ အစ်ကို ကြီး ၊ အစ်ကိုကြီး ”  ဟု ခေါ်သည် ။ နု စိတ် က လှိုက်လှိုက်လှဲ လှဲ အစ်ကိုကြီး လို သဘော မထားမိသည် မှာ အမှန် ဖြစ် သော်လည်း တစ်နည်း တစ်လမ်း အားဖြင့် သူ့ အား အကာ အကွယ် ရရန် အတွက် နု သည် နှစ်နှစ်ခြိုက်ခြိုက်ကြီး မဟုတ် ဘဲ လျက် ခေါ် နေရ ရှာသည် ။


“ ကိစ္စမရှိပါဘူး ကွယ် ၊ တစ်ခါတလေ ဒီလိုပဲ နောက်ကျ ကြတာပဲ ” 


ကူလီခေါင်း သည် အဆင်မသင့် သဖြင့် တစ်ခါတရံ နောက်ကျ သူ တိုင်း ကို သည်လို စကား မျိုး ချည်း ပြောသည် ဆိုလျှင် အလွန် စေတနာ ကောင်းသူ တစ်ဦး ဟု အများ က အသိအမှတ် ပြုမည် ဖြစ်သော် လည်း နု တစ်ယောက် တည်း ကို သာ သည်လို စကား ကောင်း ပြော သဖြင့် သူ့ အား မျက်နှာ လိုက်သည့် သူ ဟု အပြစ် ဆိုကြသည် ။ အတင်း ပြောကြ သည် ။


နု တို့ သည် ပါ လာသော ထမင်းချိုင့်ကလေးတွေ ကို ထား နေကျ အနီး ရှိ တမာပင် တစ်ပင် တွင် ချိတ်ဆွဲ ထားလိုက် ကြ၍ အလုပ်ခွင် သို့ ဝင် ကြလေသည် ။ နု တို့ လုပ် ရသော လုပ်ငန်း မှာ ဂါလံ တစ်သောင်း ( ၁ဝဝဝဝ ) ဝင် ရေနံသံခံ ( TANK ) ကို ဘေးပတ်ပတ်လည် မှ ထရံ ၂ လွှာ ကာ ၍ တစ်လွှာ နှင့် တစ်လွှာ၂ ပေ ကျော်ကျော် ကွာသော ၎င်း ထရံ ၂ လွှာ အကြား သဲများ လောင်း ထည့် ရခြင်း ဖြစ်လေသည် ။ ထရံ အမြင့် မှာ ရေနံသံခံ နှင့် ညီတူ ဖြစ်သဖြင့် လေကြောင်း ရန် အတွက် အတော်အတန် စိတ် ချရသည် ။ အတော်အတန် ကွာလှမ်းသော နေရာ မှာ ကျသော ဗုံး ၊ အတော်အတန် ပစ်သော စက်သေနတ် ရန် ကို စိတ်ချလက်ချ ကာကွယ် နိုင်သည် ။


နု လုပ်ခဲ့သော ရက်ပေါင်း ၂၀၀ ကျော် အချိန်ကာလ အတွင်း မှာ နု သည် ဤ အလုပ် မျိုး ချည်း နေ့စဉ် ရက်ဆက် လုပ် ခဲ့ ရသည် ။ နု လုပ်ခဲ့သော အချိန် အတွင်း မှာပင် ဤလို သံခံ ကြီး ပေါင်း ၇ လုံး ပြီးစီး၍ ယခု ၈ လုံး က လုပ် နေဆဲ ဖြစ် သည် ။ သံခံကြီး နှင့် ပေ ၁၀၀ ကျော် လောက် မှာရှိသည့် မြေကမူကလေး ကို ပေါက်ချွန်း ကိုယ်စီ နှင့် ယောက်ျား ၆ ယောက် က တူးဆွ ကာ ဂေါ် ၂ လက် နှင့် အခြားလူ ၂ ယောက် က ကူလီမများ ၏ သံဒယ် ထဲ သို့ အလောတော် ထည့် ၍ ပေးရသည် ။ ထို မိန်းမများ က မှ ရွက်သယ် သွား လျက် ငြမ်းပေါ် တွင် ခါးတောင်းကျိုက် တကြားကြား နှင့် စောင့်စား နေသည့် ယောက်ျား အလုပ်သမားများ ကို ပေး ရ၍ ထိုသူများ က မှ တစ်ဆင့် ထရံ ၂ လွှာကြား လောင်း ထည့် ရ လေသည် ။


ယခုသော် နေမင်း သည် မှိုင်းမှုန်မှုန်နှင်းထု ကို အပြတ်အသတ် တိုက်ဖျက် ဖောက်ထွင်း ကာ ထင်းထင်းကြီး မင်းမှု လျက် ရေနံတွင်းများ ထိပ်ဖျား တွင် ကြွားကြွားခန့်ခန့်ကြီး စမ္ပယ် နေတော့သည် ။ တက်သစ်စ နေမင်း ၏ ရောင်ခြည် သည် အလုပ်သမားတွေ ကို လုပ်အား ရှိအောင် အားသစ် ဖြည့်တင်း ပေသည် ။ နေမင်း သည် ကမ္ဘာသူ ကမ္ဘာသားများ အတွက် အသက် ရှင် နေ စေရန် အလင်းရောင် ကို ဖြန့်ဖြူး နေ သလို အလုပ်သမားတွေ လည်း ထို အသက် ရှင် နေသော ကမ္ဘာလူထု အတွက် မရှိမဖြစ်သော ထွက်ကုန် ကို ရရှိအောင် ၊ အသုံးပြုနိုင်အောင် ၊ တည်မြဲအောင် အားထုတ် ကြိုးစားနေ သည် ။ အစွမ်းကုန် လုပ်ဆောင် နေကြသည် ။


သို့သော် အချို့ ကမ္ဘာသူ ၊ ကမ္ဘာသား တွေ မှာ နေမင်း ကျေးဇူးတော် ကို မသိ ၊ အလိုမကျ သည့်အခါ ဆဲရေးတိုင်း ထွာ ကြသလို ၊ ကမ္ဘာ့ကျေးဇူးရှင် အလုပ်သမား တန်ဖိုး ကို မသိဘဲ နေမင်း လို အမြင့် က မဟုတ်သော အလုပ်သမား များ အား ဆဲရေးတိုင်းထွာ ရုံပင် မကဘဲ ကာယကံမြောက် ဖိနှိပ်ချုပ်ချယ် သွေးစုတ်ဖွယ် သတ္တဝါတွေ ဟု ရိုင်းရိုင်းပျပျ စော်ကားကြပါသေးသည် ။  ။


“ လ တပေါင်း .. ရွက်ဟောင်းငယ် တဲ့ ကြွေခဲ့ပြီ ... ရိုးတံ မှာ ရွှေရည် လူးတယ် ကွယ် ... ဖူးတန် က ချီ ”


ငြမ်း ပေါ် မှ အလုပ်သမား တစ်ဦး ၏ ရွှင်မြူးသံ ဖြစ်ပါ သည် ။ သူ ကား ကမ္ဘာ့ အကြောင်း လည်း မသိ ၊ ဗမာ့ အကြောင်းလည်း မကြည့် ၊ မစင် ထဲ မှ လောက် နှင့် တူသော သူ့ အဖြစ် ကို လည်း သတိ မထားမိ ။  


“ အောင်မာ ... ဘခင် က အသံ ကောင်းပါလား ကွ ၊ ဒါနဲ့များ ကူလီ လုပ်နေရသေးတယ် ကွာ ဇာတ် ထဲ လိုက် မင်းသမီး ထဘီဖာ ထမ်း ရောပေါ့ ”  


ဘခင် အနီး မှ ကူလီလုပ်သား တစ်ဦး က ပြော လိုက် ရာ စကား ကောင်း မှတ်၍ နားထောင် နေသူများ မှာ “ ဝါး ” ခနဲ ပွဲ ကျ သွားလေသည် ။ ဆက် ဆိုရန် ဟန် ပြင်ထားသော ဘခင် မှာ လည်း ဆွံ့ အ သွားလေသည် ။ အဘယ့်ကြောင့် ဆိုသော် သူ အတော် ရှက်သွားသည် ။ အခြား လူတွေ ကို တော့ မရှက်ပါ ။ နု တစ်ယောက် တည်း ကိုသာ ရှက်ခြင်း ဖြစ် ပါသည် ။ တခြားလူတွေ အကုန်လုံး က ကဲ့ရဲ့ သည့် တိုင် နု တစ်ယောက် တည်း က ချီးကျူးမည် ဆိုလျှင် သူ အတော် ဝမ်းသာမည် ဖြစ်ပါသည် ။ သို့ရာတွင် လည်း သဘော ကျ ကျေနပ်စွာ တခြားလူတွေနှင့် ရောနှော ရယ်မောသောကြောင့် သူ့ ခမျာ မှာ ရှက်၍ ဝမ်းနည်းခြင်း ဖြစ်ရလေတော့ သည် ။


“ ဟေ့ .. ဘခင် ဆက် ဆို စမ်းပါဦး ကွဲ့ ” 


ဂေါ် ကိုင်လျက် သဲ ထည့် ပေး နေသော အလုပ်သမား တစ်ဦး က လှမ်း၍ အားပေးခြင်း ဖြစ်သည် ။ သို့သော် ဘခင် မှာ ဆက် မဆိုသည့် အပြင် စကားတောင် မှ ပြန်ဖော် မရ ။


“ ဟေ့ကောင်တွေ လုပ်ကြ လုပ်ကြ မာစတာ လာနေ ပြီ ။ စကား ပေါ မနေကြနဲ့ ” 


ကူလီခေါင်း က လောဆော် သည် ။ ကူလီခေါင်း လောဆော်မှု မှာ ပြေးနေသော မြင်း ကို ရထား ပေါ် မှ ကြိမ်တံဖျာ နှင့် ခပ်ခြင်းဖြင့် ပမာ တူသည် ။ မပျင်းမရိ မခိုမကပ် အားတိုက် အင်တိုက် လုပ်နေသူများ ကို တကယ် ဆိုတော့ သက်ညှာ ဖို့သာ ရှိ ပါသည် ။ အလုပ်သမားတွေ ဦးနှောက် ထဲ စွဲ နေသော အကြောင်းအချက် ရှိပါသည် ။ ထို စွဲမြဲနေသည့် တစ်ချက်တည်း သော အကြောင်း မှာ တစ်ခါတုံး က ဂျပန် ဝါဒ ဖြန့်ချိရေး အရာရှိကြီး အလုပ် ထဲ လာရောက် တရားဟော သွားခြင်း ဖြစ်ပါသည် ။  


အလုပ် ကို တတ်နိုင်သမျှ ကြိုးစား လုပ်ကြပါ ၊ အခု ဖြစ်ပွားနေတဲ့ အရှေ့အာရှတိုက် စစ်ပွဲကြီး အောင်မြင်နိုင်ဖို့ အရေး မှာ ရေနံ ဟာ အရေး အကြီးဆုံး နေရာ လောက် က ပါ ပါတယ် ။ ရေနံ မရှိလျှင် လက်နက် ၊ ရိက္ခာ ၊ စစ်သားတွေ သယ်ယူပို့ဆောင်မှု မလုပ်နိုင် တဲ့ အပြင် တကယ် အရေးအ ကြီးဆုံး ဖြစ်တဲ့ လေကြောင်းတိုက်ပွဲ ကို ဆင်နွှဲနိုင်မှာ မဟုတ် တော့ဘူး ။ ဒါကြောင့် “ ရေနံ တစ်စက် ဟာ သွေး တစ်စက် လောက်ပဲ အဖိုး တန်ပါတယ် ။ နောက်ပြီးတော့ ခင်ဗျားတို့ ကြိုးစား လုပ်ကိုင်မှုတွေ ဟာ ကျုပ် တို့ နိပွန်များ အကျိုး ခံစား ဖို့ မဟုတ်ပါဘူး ။ ခင်ဗျားတို့ အတွက် ပဲ ဖြစ်ပါတယ် ။ အခု မြန်မာပြည်ကြီး ကို ဒိုက်နိပွန်တွေ က လွတ်လပ်ရေး ပေးတော့ မလို့ပါ ၊ လွတ်လပ်တဲ့ စစ်ပြီး ဗမာနိုင်ငံ ဟာ ကမ္ဘာ့ ထိပ်တန်း နိုင်ငံ ဖြစ်တဲ့ ဒိုက်နိပွန်တွေ နဲ့ အတူတူ ရင်ပေါင်တန်း လှမ်း နိုင်အောင် အလုပ်သမားတွေ ကြိုးစားကြပါ ။ ကိုယ့် တာဝန် ကို ကျေပွန် မှ ကိုယ့် လူမျိုး ဟာ အထက်တန်း ရောက် မယ် ဆိုတာ ကို နားလည် ထားကြပါ ၊ နောက်ဆုံး ပြောချင် တာ က တော့ ခင်ဗျားတို့ အလုပ် ကို နိပွန်တွေ အစိုးရ ဖို့ လို့ သဘော ထား ပြီး မလုပ်ကြပါနဲ့ ။ ငါတို့ ဆွေမျိုးတွေ ဖို့ ၊ ငါတို့ တိုင်းရင်းသားတွေ ဖို့ ၊ ငါတို့ နိုင်ငံ အတွက် လို့ သဘော ထားပြီး လုပ်ကြပါ ” 


ထိုစကားတွေကို သူတို့ တော်တော် သဘော ကျ သည် ။


“ ဂျပန်တွေ ဟာ အလွန် ကောင်းကြတာပဲ ၊ ကြည့်စမ်း ပါဦး ၊ ငါတို့ မေ့လျော့နေတာ ၊ နားမလည်တာတွေ ကို စေတနာကောင်း နဲ့ အဆင်းရဲ ၊ အပင်ပန်းခံ ပြီးတော့ သတိပေး နှိုးဆော် ရှာတယ် ။ ငါတို့ တိုင်းပြည် ငါတို့ ရ တော့မှာပဲ ။ စစ် အတွင်း မို့ လို့သာ ရေနံမြေ နဲ့ တခြား လုပ်ငန်းတွေ ကို ဂျပန်တွေ က စောင့်ရှောက် ထိန်းသိမ်း ထားတာ ။ နောက်ကျ ရင် မြန်မာတွေ ကို ပြန် ပေးမှာလို့ လဲ ငါတို့ မာစတာ ပြောဖူး သားပဲ ။ အရေးကြီး တာ က တော့ စစ်ပြီးဖို့ပဲ ။ စစ် အပြီးသတ် အနိုင် တိုက် ဖို့ က လည်း ရေနံ က အရေး အကြီးဆုံးပဲ ။ ဟုတ် တယ်လေ ၊ ရေနံ မရှိရင် အင်္ဂလိပ်တွေ ကို ဘယ့်နှယ် လုပ်ပြီး စက်သေနတ်ပစ် ၊ ဗုံးကြဲ လုပ်နိုင်မလဲ ။ အောင်မယ် လက်စ သတ်တော့ မြန်မာ ကောင်းစားရေး အတွက် ထိပ်ဆုံး က ပါလား ” 


ဤသို့လည်း အတွေး ရောက် ကာ သူတို့ သွေးကြီး ကြ သေးသည် ။ ထို့ကြောင့်ပင် အရင် နှင့် မတူ အလုပ် ကြိုး စား လုပ်ကြသည် ။ အမှန်ဆိုတော့ သူတို့ မှာ တကယ့် ရင့်မာ တဲ့ မျိုးချစ်စိတ်ဓာတ် ကိန်းအောင်း မနေပေမဲ့ ၊ နိုင်ငံရေး သဘောတရား ကို နားမလည်ကြပေမဲ့ ၊ တင်းပြည့်ကျပ်ပြည့် အကျင့်စာရိတ္တ မကောင်းကြပေမဲ့ မြန်မာလူမျိုး တွေ ဖြစ်ကြ လို့ မြန်မာတွေ အပေါ် မှာ တော့ စေတနာ ကောင်း အရှိသား ။


“ မာစတာ မာစတာ ”  ကူလီတွေ လေးလေးစားစား ရိုရိုသေသေ ခေါ်ကြသည် ရှိမုရဆန်း သည် လက် တစ်ဖက် က သားရေအိတ်ကြီး ကို တရမ်းရမ်း ဆွဲရင်း ရောက် လာ သည် ။ ကူလီခေါင်း အမှူးပြု၍ အလုပ်သမား အကုန်လုံး သည် အလုပ် လက်နက်များ ကို ချ ထား လျက် ဝိုင်းဝန်း အလေး ပြု ကြသည် ။ အချို့က ကိုယ် အထက်ပိုင်း ညွှတ် ၍ လည်းကောင်း ၊ အချို့က နဖူးပေါ် လက် တင် ၍ လည်းကောင်း ၊ အချို့က ကိုယ် လည်း ညွှတ် ၊ လက် လည်း တင် ၍ လည်း အမျိုးမျိုး အဖုံဖုံ အလေး ပြုကြသည် ။


ရှိမုရဆန်း သည် ယိုးရှိ ဟု ကျေကျေနပ်နပ်ကြီး ကောင်းချီးသြဘာ ပေး၍ တစ်ဦး မှ မမှန်ကန်သော အလေး ပြုမှု ကို အားရပါးရ ခံယူသည် ။ အဘယ်လျှင် အားမရဘဲ နေပါမည်နည်း ။ သူ့ မှာ အတီ မျှ “ နေနတ်သမီးအမိ ” ၏ အကျိုး ကို ဆောင်ရွက် နိုင်ခဲ့သည် မသိ ။ “ အမိနေနတ်သမီး ”  ကိုယ်စား “ တင်နိုဟေကာ ” က ချီးမြှင့်ထားသည် မှာ ကြယ် တစ်ပွင့် သာ ရှိပါသေးသည် ။


သူတို့ တပ် တွင် သူ့ ထက် အဆင့်အတန်း နိမ့်သူ မရှိ ၊ သူ နှင့် တန်းတူသာ နည်းနည်းပါးပါး ရှိသည် ။ ထို့ကြောင့် ပင် သူ့ မှာ ဘယ်သူ အလေးပြု မျှ မခံရ ။ ဘယ်သူ ကို မျှ မခိုင်း စေရဘဲ သူ က သာ အလေး ပြု ရသည် ။ သူ ကသာ အခိုင်းစေ ခံရသည် ။ ထိုမျှ တန်ခိုးတေဇော် အာနုဘော် နှင့် ပြည့်စုံတော် မမူရှာသည့် ရှိမုရဆန်း သည် အဘယ်လျှင် မြန်မာ့အလုပ် သမား လူမွဲများ ၏ အလေးပြုမှု ကို မကျေနပ်ဘဲ ၊ မနှစ် သက်ဘဲ ၊ မကြည်နူး မသာယာဘဲ ရှိအံ့နည်း ။ အလေးပြုမှု ကို မလိုလားဘဲ ရှိအံ့နည်း ။


အလုပ်သမားများ သည် သက်ဆိုင်ရာ လုပ်ငန်း အရပ်ရပ် ကို ဆက်လက် လုပ်ကိုင် ကြသည် ။ ကူလီခေါင်း ကား လာသော အလုပ်သမားများ စာရင်း ကို သူ့ မာစတာ အား တင်ပြ ပေးအပ် လျက် ရှိသည် ။ မာစတာ ကား သူ့ စာအုပ် တွင်း မှ အလုပ်သမားများ ၏ နာမည် ကို တစ်ခု စီ တစ်ခု စီ မေး၍ နေသည် ။ ကူလီခေါင်း က လာသည် မလာသည် ကို တစ်ယောက် စီ တစ်ယောက် စီ ပြော ပြနေသည် ။ ကူလီခေါင်း သည် အလုပ်သမား ၄ ယောက် မလာသည် ကို တစ် ယောက် မလာ ဟု စာရင်း ပေးသည် ။ ကျန် ၃ ယောက် ၏ နေ့တွက် တို့ ကို ငွေ ထုတ်သော အခါ ကူလီခေါင်း က ဖြတ် ယူ လိမ့်မည် ။


မာစတာ မှာ တခြား တခြားသော အလုပ်ဆိုင်းတွေ ဆို လျှင် အလုပ်သမား အကုန် တန်းစီ ၍ နာမည် စစ် သော် လည်း ဤ အလုပ်ဆိုင်း ကိုမူ လစ်လျူ ရှုသည် ။ ကူလီခေါင်း အစီရင်ခံသမျှ ကို ခြွင်းချက် မရှိ ယုံကြည် လက်ခံသည် ။ လက်ခံသည့် အကြောင်း မှာ လည်း အခြား ကြောင့် မဟုတ် ၊ ကူလီခေါင်း က သူ့ အား ကြက်ဥ တို့ ၊ အရက် တို့ ၊ ဆေးလိပ် တို့ အစဉ်မပြတ် ဆက်သ သော ကြောင့် ဖြစ်သည် ။ ဤသည် ကြောင့်ပင် လျှင် မာစတာ က ကူလီခေါင်း ကို အထူး အခွင့် အရေး ပေး၍ သူ့ မှာ အထူး ပါဝါ ရှိသည် ။ အလုပ် ဖြုတ်ရန် ၊ အလုပ် ခန့်ရန် ၊ လခတိုးရန် ၊ လခလျှော့ရန် မှာ သူ့သဘော ကျ ဖန်တီး တိုင်း လောက် ဖြစ်မြောက် ပါသည် ။


တစ်ဖန်တုံ ကူလီခေါင်း အား လည်း အလုပ်သမား များ က အနည်းနည်း အဖုံဖုံ ပူဇော် ပသကြရသည် ။ မာစတာ သည် စာရင်းစာအုပ်များ ၊ ခဲတံများ သိမ်းဆည်းပြီးသော အခါ သားရေအိတ် ကို လက် တစ်ဖက် မှ ဆွဲကိုင်လျက် ရေနံ သံခံ ဆီ သို့ လျှောက် လာသည် ။ ကူလီခေါင်း လည်း နောက် ပါး မှ ခစား ရင်း ပါ လာသည် ။ မာစတာ သည် ငြမ်း ပေါ် သို့ ဆွဲတက်ကာ သဲများ မည်မျှ ထည့် ပြီး၍ ၊ မည်မျှလောက် ကြာအောင် လုပ် ရဦးမည် ကို ခန့်မှန်းရန် စေ့စေ့ငုငု ကြည့် လေ သည် ။ တစ်ဖက် မှ အလုပ်သမား တစ်ဦး လောင်း ထည့် လိုက်သော မြေကြီးများ ကို လေ ပင့် လိုက် သဖြင့် မာစတာ ကိုယ် အထက်ပိုင်း ကို သဲများ ဖုံး လွှမ်း သွားသည် ။


“ ဗားဂါးနား ”  မာစတာ သည် သာယာနာပျော်ဖွယ် ကောင်းသော အသံ ဖြင့် ရေရွတ် ရင်း ငြမ်း ပေါ် မှ ခုန် ဆင်း လိုက်သည် ။


ထိုစဉ်မှာပင် နု သည် မာစတာ နှင့် လေးငါးခြောက်ပေ လောက် အကွာ ငြမ်း အောက် သို့ ရောက်လာ ကာ သူ ၏ သဲ ဒယ်အိုး ကို ငြမ်းပေါ် မှ အလုပ်သမား သို့ လက် နှစ်ဖက် ဖြင့် မြှောက် ပေး လေသည် ။ မာစတာ မျက်လုံး အစုံ သည် လက် နှစ်ဖက် ကို အထက် သို့ မြှောက် ၍ ထား သဖြင့် အပေါ် အင်္ကျီ ပင့် တက် နေသော နု ၏ ကိုယ် အထက်ပိုင်း ဆီ သို့ စူးစူးစိုက် စိုက် ကြည့် နေသည် ။ “ မစွမ်းရင်း က လည်း ရှိ ၊ ကဇွန်းခင်း က လည်း ညိ ” ဆိုသလို နဂို က မှ အင်္ကျီ ခပ်တိုတို တွင် ယခုလို အထက် ကို လက် မြှောက် ရတော့ မောက်ကြွားစွာ ချီ၍ နေသော ရင် ကို လုံလုံခြုံခြုံ မဖြစ်နိုင်ပါ ။ ချွေးခံ အင်္ကျီ တွင် ထင်ထင်ရှားရှား ကွဲကွဲပြားပြား ပကတိ မူအတိုင်း သိသာ စွာ မြင်နိုင်ပါသည် ။  


ဒယ်အိုးလွတ် ကို ညာလက် ဖြင့် ဆွဲရင်း သဲပုံ ဆီ သို့ ခပ်မှန်မှန် လျှောက်သွားသော နု ကို မာစတာ သည် ကာမ ရမ္မက် ငမ်းငမ်း တက် သော မျက်လုံးအစုံ ဖြင့် ကြည့် နေ သည် ။ ကူလီခေါင်း သည် ကြောင်ချင်း မို့ အမှောင် တွင်း ပေ မဲ့ မြင်ပါသည် ။ ထို့ကြောင့်ပင် စိတ် ထဲ ၌ ထင့်ခနဲ ဖြစ် သွား သည် ။ ကူလီခေါင်း စိတ် ထင့် ပုံ မှာ မြန်မာအမျိုးသမီး တစ်ဦး ကို လူမျိုးခြား တစ်ယောက် က အနိုင် ကျင့်မည် ၊ စော်ကား မည် အတွက် ကြောင့် ထင့် ပုံမျိုး မဟုတ် ၊ အငွေ့ ထောင်းထောင်း နှင့် ဟင်းကောင်း ဟင်းလျာ စားချင်ဖွယ်ရာ ဘောဇနာ အတိ ပြီးသော ထမင်းပွဲ ကို သူ မစားရ ခင် လူများ ဦး သွားမည် ကို စိုးရိမ် သလို ထင့် ပုံမျိုးဖြစ်သည် ။ ရှင်းရှင်း ဆို လျှင် နု ကို သူ အနိုင်မကျင့် ရ ခင် ၊ မစော်ကား ရ ခင် မှာ သူ့ မာစတာ အနိုင် ကျင့် မည် ၊ စော်ကားမည်ကို ကြောက်ခြင်း သာ ဖြစ်သည် ။


“ ခိုမိဆု ... ” 


ကိုမြစ် ဟူသော ကူလီခေါင်း နာမည် ကို ရှိမုရဆန်း က မပီမသ ခေါ်ခြင်း ဖြစ်သည် ။


“ ဟိုက် ... မာစတာ ” 


ကူလီခေါင်း သည် အလိုတော်ရိ လမ်းစဉ် ကို ကျကျ နနကြီး လိုက်နာ ကျင့်ဆောင် တတ် သူ ပီပီ ပျာပျာသလဲ ထူး ရင်း မာစတာ အပါးသို့ ခစား ရန် ချဉ်းကပ် လေသည် ။ မာစတာ သည် ကူလီခေါင်း ၏ လက် ကို ဆွဲကိုင် ၍ ခပ်လှမ်း လှမ်းရှိ ၁၀ လက်မ ပိုက်လုံးကြီး ပေါ် သို့ သွားရောက်ကာ အတူ ထိုင် လိုက်သည် ။ ကူလီခေါင်း စိတ် ထဲမှာ မာစတာ ပြောမည့် စကားတွေ ကို တင်ကြို သိပြီး သား ဖြစ်လေသည် ။ မာစတာ လည်း ဗမာ စကား မတတ် ၊ ကူလီခေါင်း လည်း ဂျပန် စကား မတတ်လှပေ ။ သို့သော် သူတို့ ဆက်ဆံလာ သည်မှာ ကာလ အတော် ကြာခဲ့ပြီ ။ ထို့ကြောင့်ပင် သူတို့ နှစ်ယောက် သာ နားလည်သော စကားဆန်း တစ်ခု ပေါက်ဖွား လာခဲ့သည် ။ ထို စကားဖြင့် သူတို့ နှစ်ဦး ကောင်းကောင်း ကြီး ဆက်ဆံ နိုင်ကြသည် ။


“ နာမည် ဘယ်လို ခေါ်တယ် .. က ” 


မာစတာ သည် နု ကို မေးထိုး ပြရင်း မေး လေသည် ။


ကူလီခေါင်း သည် မေးထိုး ပြ ရာသို့ ကြည့် လိုက်၍ -


“ မနု ခေါ်တယ် မာစတာ ” 


ဟု လေးလေးတွဲ့တွဲ့ ဖြေ လေသည် ။


“ မနု .. မနု .. နာမည် ကောင်းတယ် ... က ”  


“ မကောင်းဘူး မာစတာ မနု နာမည် မကောင်းဘူး ” 


မာစတာ က ဝါးလုံး ကို ဝါးခြမ်း ဟု ပြောလျှင်ပင် “ ဟိုက် ” ဟု အလိုက်သင့် ပြောကြားခဲ့သော ကူလီခေါင်း သည် ဤ အကြိမ် ပထမဆုံး တော်လှန်လိုက်ခြင်း ဖြစ်ပေ သည် ။ သို့သော် သူ့ တော်လှန်မှု မထိရောက်ပုံ မှာ မာစတာ စကားများ က ထင်ရှား စေပါသည် ။


“ နာမည် ကိစ္စမရှိဘူး ၊ လူ အများကြီး ကောင်းတယ် ၊ မာစတာ ကြိုက်တယ် ၊ ခင်ဗျား ပြောပါ ” 


ကူလီခေါင်း က တစ်စုံတရာ မပြော ငေး နေသည် ။ 


“ ခင်ဗျား ပြောမယ် .. က ”   


မာစတာ က စိတ်အား ထက်သန်စွာ ဖြင့် ထပ် ပြော သည် ။ မာစတာ ကို ကူလီခေါင်း ရှာ ပေးထားသည့် မိန်းမ တစ်ယောက် ရှိသည် ။ လွန်ခဲ့သည့် သုံးလ ကျော် ကပင် မာစတာ အိမ်ထောင် ကျခဲ့သည် မည်၏ ။


ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသည် မှာ ပိုးထိုးတိုင်တွေ ကြောင့် အခြေမခိုင် ယိမ်းယိုင်ယိုင် ဖြစ်နေသည့် မြန်မာပြည် အိမ်တော်ကြီး ကို အားရပါးရ တွန်းချလှဲဖြို ပစ်လိုက်သည် နှင့် တူသည် ။ အစား မဲ့ မြန်မာ လူထုကြီး ကို ပို၍ ငတ် စေသည် ။ အဝတ်မဲ့ မြန်မာ လူထုကြီး ကို ပို၍ ကိုယ်တုံးလုံး ဖြစ်စေသည် ။ ကြွက်သိုက် ၊ ဝက်သိုက် တမျှ တဲပုတ် တဲစုတ်ကလေး တွေ နှင့် နေခဲ့ရသည့် မြန်မာ လူထုကြီး ကို မီးလောင် ပြင် ပြာပုံ ပေါ် သို့ တွန်း တင် လိုက်သည် ။ ကံဆိုး မိုးမှောင် ကျသော မြန်မာ လူထု ၏ အဖြစ် မှာ ဒယ်ပြား ထဲ မှ ပူ ၍ ခုန်ချသော ငါး သည် ရဲရဲ ညီး သည့် မီးကျီး ထဲ ကျ သွားခြင်းနှင့် တူ လှပါသည် ။


စီးပွား ပျက် ဝဲသြဃ အလယ် တွင် အတွယ်အတာ မဲ့ နုံ ချာချာ နှင့် ကြုံရာ သို့ မျောပါ နေကြသည့် မောင်ဗမာ ၊ မယ်ဗမာ တွေ မှာ ပတ်ဝန်းကျင် ဒဏ် မခံနိုင် ရှာ သဖြင့် အကျင့် သိက္ခာတွေ ပျက် ရသည် ။ စားစရာ အာဟာရ မရှိ ၍ ၊ ဝတ်စရာ အထည် မရှိ ၍ ၊ နေစရာ အိမ် မရှိ ၍ အချင်းချင်း လိမ် ကြသည် ၊ အချင်းချင်း ခိုး ကြသည် ၊ အချင်းချင်း တိုက်ကြ သတ်ကြသည် ။ အမျိုးသမီး နုနုထွတ်ထွတ်ကလေးတွေ လည်း ပြည့်တန်ဆာ ဖြစ် ကုန်ကြသည် ။ အချစ်စစ် ၊ အချစ်မှန် တွေ တိမ်မြုပ် မလောက် ဖြစ်ရသည် ။ ငွေ .. ငွေ ... ငွေ ပေး လျှင် ဘာမဆို ရမည် ။ ကုန်ကုန် ပြော ရလျှင် အပျိုချောချောကလေးတွေ ပါ ရနိုင်သည် ။ 


ဂျပန်ခေတ် မှာ ရိုးရိုးသားသား စီးပွား မဖြစ် ။ ကလိမ် ကျ နိုင်မှ ကောင်းသည် ၊ ငွေ ရသည် ။ ထို့ကြောင့်ပင် စိတ် ကောင်း ရှိသည့် လူကောင်းတွေ မှာ ငွေ မရှိ ။ ငွေ မရှိသောကြောင့် ပင် ဘာတစ်ခု မှ အဆင် မပြေ ၊ အချစ်ရေး မှာလည်း မကောင်း ၊ အိမ်ထောင်ရေး မှာလည်း မပြေပြစ် ။ အရစ်ရစ် အပတ်ပတ် အနိဋ္ဌာရုံ တရားတွေ သာ ထပ် နေတော့သည် ။


လူလိမ် ၊ လူဆိုး ၊ ကြမ်းပိုးတွေ စန်း ပွင့်သည် ။ “ ဘယ်သူ သေသေ ငတေမာ ပြီးရော သူတို့ တစ်ကိုယ် ကောင်း ၊ တစ်ကွက် ကောင်း သာ ကြည့် လုပ်သည် ။ ထို့ကြောင့်ပင် သူတို့ လက်ဖျား မှာ ငွေ သီး နေသည် ။ ငွေသီး နေသောကြောင့် လည်း သူတို့ ဆန္ဒ အဝဝ ပြည့်စုံသည် ။ ကြက် ဆို ကြက် ၊ အရက် ဆို အရက် ၊ ကညာ ဆို ကညာ ဘာမှ လိုလေသေး မရှိ ၊ စည်းစိမ် ခံစားမှု အဖုံဖုံ ပြည့်စုံ နိုင်သည် ။ တကယ်ဆိုတော့ လူ့လော က ဖြစ်စဉ် ကို ငွေ က သာလျှင် ဖန်တီးပါသည် ။


“ ဟိုက် ... မာစတာ ကျွန်တော် ပြောမယ် ” 


မာစတာ သည် ကျွန်ယုံတော်ကြီး ၏ ကျောပြင် ကို အားရပါးရ သုံးသပ်ရင်း ကျေကျေနပ်နပ်ကြီး ပြုံးတော် မူ သည် ။


“ ခင်ဗျား မြန်မြန် ပြောပါ မာစတာ သွားမယ် ” 


ကူလီခေါင်း သည် ခြေလှမ်းသွက်သွက် နှင့် ထွက် သွားသည့် သူ့ မာစတာ ကို တွေ ကြည့်နေသည် ။ ပြောပေး ရန် “ ဟိုက် ” ဟု သာ ဝန်ခံ လိုက်ရသည် ။ ပြော ရန်ကား စိတ် မကူး ။ ပြောသည့် တိုင်အောင်လည်း နု က ကြိုက်ဖို့ ရန် ဝေး ပါသေး ။ မျက်စေ့ပေါက် ကျဉ်းကျဉ်း ၊ ပါးစပ် ပြဲ ၊ သွား ခေါခေါ တွင် ရွှေသွား ငွေသွား တွေ ရောင်စုံကွန့်မြူးလျက် ခါးကိုင်းကိုင်း ၊ ပုကွကွ နှင့် ဘု အလွန် ကျသည့် ရှိမုရဆန်း ကို နု က ဖြင့် သေတောင် ယူချင်လိမ့်မည် မဟုတ် ။ နု က ရှိမုရဆန်း ကို မယူချင် သလို အခြား ဗမာလုံမတွေ လည်း အခြား ဂျပန်တွေ ကို ယူချင်ကြမည် မဟုတ် ။ သို့ပေမဲ့ ဂျပန်ကတော်တွေ မနည်း ၊ များပါသည် ။ အမှန်အားဖြင့် စီးပွား ပျက် ကပ်ဆိုက် မှုကြောင့် မြန်မာ လုံမတွေ မှောင်ထု အတွင်း ဆင်း ရပါသည် ။ စားစရာ ၊ ဝတ်စရာ ၊ နေစရာ မရှိသောကြောင့် ပြိတ္တာကောင်တွေ ကို လင် လုပ်ရပါသည် ။ အမျိုးဂုဏ် ဖျက် ရပါသည် ။

( နောက်တစ်ပိုင်း ဆက်ရန် )

◾ဌေးမောင်


📖 ရှုမဝ မဂ္ဂဇင်း

      အတွဲ - ၁ ၊ အမှတ် - ၁၂ 

      ၁၉၄၈ ၊ မေ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment