Wednesday, December 31, 2025

ဖူးစာတမန်


 ❝ ဖူးစာတမန် ❞

( ကြပ်ကလေး )


တောရွာကလေး တစ်ရွာတွင်နေထိုင်ကြသော မချောလှ နှင့် ရုပ်ဆိုးမ ဟု အမည်ရှိသော မိန်းကလေး နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် အလွန်ချစ်ကြသည် ။

 

ကျောင်းသွား အတူတူ ၊ မုန့်စား အတူတူဖြစ်ကြ၏ ။


တစ်နေ့သ၌ မချောလှသည် လမ်းဘေးမြောင်းစပ်မှ ငွေလက်ကောက်အဟောင်းကလေး တစ်ဖက်ကို ကောက် ရ၏ ။ ရေဖြင့် စင်ကြယ်အောင် ဆေးကြောကာ လက်တွင် ဝတ်ဆင်လာသည် ။


ရုပ်ဆိုးမသည် ထိုလက်ကောက်ကလေးကို မြင်သောအခါ သူ ဝတ်ဆင်လိုကြောင်းနှင့် ပူဆာသည် ။ မချောလှသည် လက်ကောက်ကလေးကို ရုပ်ဆိုးမ အား ပေးရန် ချွတ်၏ ။ သို့သော် ဝတ်လိုက်စဉ်အခါက ရေများ ဆပ်ပြာများကြောင့် ချောမောစွာ ဝတ်၍ ရခဲ့၏ ။ ယခု ချွတ် သောအခါတွင်ကား ချွတ်၍ မရချေ ။


မချောလှသည် တံစဉ်းတစ်ခု ယူ၍ လက်ကောက်၏ တစ်နေရာ၌ ရုပ်ဆိုးမကို တိုက်ခိုင်း၏ ။ တံစဉ်းဖြင့် တိုက်သဖြင့် လက်ကောက်ကွင်းမှာ ပြတ်သွား၏ ။ သို့သော် မချောလှ၏ လက်ကို ပွတ်တိုက်မိသွားရာ သွေးများ ထွက်လာသည် ။


“ နာသွားသလား မချောလှ ”


ရုပ်ဆိုးမက ကြင်နာစွာ မေးလိုက်၏ ။ 


“ ကိစ္စမရှိပါဘူး ရုပ်ဆိုးမရယ် ၊ သွေးဆေး သိပ်လိုက်ပါ့မယ်လေ ”


သူတို့နှစ်ယောက်သည် ဤမျှပင် ချစ်ခင်ကြလေသည် ။


သို့ဖြင့် တဖြည်းဖြည်း သူတို့သည် ကြီးပြင်းလာကြလေ၏ ။ မချောလှသည် ကြီးလာလေလေ လှပလာလေ လေဖြစ်သည် ။ တစ်ရွာလုံးတွင် နာမည်နှင့် လိုက်အောင် အချောဆုံး အလှဆုံးဖြစ်လာ၏ ။


ရုပ်ဆိုးမကား ကြီးလာလေလေ အရုပ်ဆိုးလာလေလေဖြစ်၏ ။ တစ်ရွာလုံးတွင် အရုပ်အဆိုးဆုံး ဖြစ်လာလေသည် ။


ထိုသို့ဖြစ်လာသောအခါ ရုပ်ဆိုးမသည် မချောလှကို ငယ်စဉ်က ကဲ့သို့ မချစ်တော့ ။ စိတ်ထဲတွင် ကျိတ်၍ မနာလို ဝန်တို လာလေတော့သည် ။ ငယ်စဉ်က သူငယ်ချင်းစိတ်တွေ ပျောက်ကုန်၏ ။ အပြင်ပန်းက မသိသာသော်လည်း ဝမ်းထဲကမူ ရန်သူသဖွယ် သဘောထားလာလေတော့သည် ။


မချောလှ ကတော့ ဘာမျှမသိ ။ ရုပ်ဆိုးမကို ငယ်စဉ်က ကဲ့သို့ပင် ချစ်ခင်မြဲ ချစ်ခင်နေသည် ။


မချောလှသည် အားလပ်သည့်အချိန်များတွင် ရွာထိပ် လှည်းလမ်းဘေးရှိ ညောင်ပင်ကြီး အောက်တွင် တံမြက်စည်းလှဲခြင်း ၊ မြက်အမှိုက်များ ရှင်းလင်းခြင်းကို ပြုလုပ်၏ ။ ပင်ပန်းလာသူ ခရီးသည်များ အဖို့ ညောင်ပင်ရိပ်တွင် သန့်သန့်ရှင်းရှင်း ခိုနားနေနိုင်ရန် ရှင်းလင်း သုတ်သင်ပေးတတ်လေသည် ။


တစ်နေ့သောအခါတွင် ညနေစောင်း တစ်ခု၌ မချောလှသည် ခါတိုင်းကဲ့သို့ပင် ညောင်ပင်ရင်း တစ်ဝိုက် အမှိုက် သုတ်သင် ရှင်းလင်းရန် ရောက်လာခဲ့သည် ။


သို့သော် ... ယနေ့အဖို့ကား ထူးခြားပါပေသည် ။ 


ညောင်ပင်ရင်း မရောက်မီ ခပ်လှမ်းလှမ်းကပင် မြင်ရ၏ ။


လူတစ်ယောက်သည် တောင်ရှည်ပုဆိုးကို ခါးတွင် လုံခြုံစွာ ပတ်ထားပြီး ရှည်လျားသော အစ တစ်ဖက်ကို ညောင်ကိုင်း တစ်ခုတွင် ချည်နှောင်ထား၏ ။ ထို့နောက် ညောင်ကိုင်းက တွဲလွဲကြီး လုပ်ကာ ဟိုလွှဲ သည်လွှဲနှင့် တိုးလို့တွဲလောင်းကြီး ဒန်းစီးသလို လုပ်နေသည် ။


မချောလှသည် အံ့သြစွာနှင့်ပင် ချဉ်းကပ်လာ၏ ။


တွဲလောင်းကြီး လွှဲနေသော လူသည် ခြေသံ ကြားသဖြင့် လှည့်ကြည့်ရာ မချောလှကို မြင်သဖြင့် ကပျာကယာ သစ်ကိုင်းမှ လုံချည်စကို ဖြေ၍ မြေကြီးပေါ်သို့ ခုန်ချလိုက်လေသည် ။


ကလေးလိုလို မျောက်လွှဲကျော်လိုလိုနှင့် ဆော့နေသော လူမှာ အသက် မငယ်လှချေ ။ နှုတ်ခမ်းမွေး ကားကား ၊ ဗိုက်ရွှဲရွှဲနှင့် ဖြစ်၏ ။


“ အို ဦးကြီးကလည်း ကလေးမဟုတ် သူငယ် မဟုတ်နဲ့ တယ်ဆော့တာကိုး ”


လူကြီးသည် မချောလှ၏ စကားကို ကြားသောအခါ ရှက်ရှက်နှင့် ပြုံးဖြီးဖြီးကြီး လုပ်ရင်း ...


“ ဟဲ့ .. ငါလည်း ပျင်းတာကိုးဟဲ့ ၊ ငါ့အသက်ကို မှန်းကြည့်ပါဦး ၊ ငါ မဆော့ရတာ ဘယ်လောက် ကြာပြီလဲ ၊ အခု လူမမြင်ဘူး မှတ်လို့ ငါ ဆော့ချင်လာတာနဲ့ ပြန် ဆော့ကြည့်တာ ”


“ ဦးကြီးက ဘယ်ကတုံး ”


“ အို ငါဟာ ဒီညောင်ပင်ကို စောင့်တဲ့ ရုက္ခစိုးလေ ” 


လူကြီးက သူ့ကိုယ်သူ ညောင်ပင်စောင့်နတ် ဟု ပြောသည် ။ မချောလှက မယုံနိုင်ပါ ။


“ ဟာ .. ကြံကြံဖန်ဖန် ၊ ဟုတ်ပဲနဲ့ ”


“ ဟဲ့ .. ဟုတ်ပါတယ် ဟဲ့ .. ငါရုက္ခစိုးပါ ” 


“ ယုံပါဘူး … ဦးကြီးရယ် ”


“ ဪ .. ခက်တော့တာပဲ ၊ ရုက္ခစိုးမှ ရုက္ခစိုးအစစ် ၊ ဘာနဲ့မှ ရောမထားဘူး ”


“ ရုက္ခစိုး ဆိုရင် ကိုယ်ရောင်ကိုယ်ဝါ ပြောင်လက် နေရမှာပေါ့ ၊ အခုတော့ ဦးကြီးက အမှိုက်ကျုံးတဲ့ လူကြီး လိုပဲ ”


ရုက္ခစိုးမှာ သူ့ကို အမှိုက်ကျုံးသည့် လူကြီးနှင့် တူသည်ဟု ပြောသဖြင့် မျက်နှာကြီး မဲ့လိုက်၏ ။


“ ငါ ရုက္ခစိုးအစစ်ပါဟဲ့ ၊ ကိုယ်ရောင်ကိုယ်ဝါတွေကို ဝှက်ပြီး သိမ်းထားလို့ပါ ”


“ ဘာဖြစ်လို့ ကိုယ်ရောင်ကိုယ်ဝါကို သိမ်းထားရတာလဲ ”


“ ဟာ .. ပိုးစုန်းကြူးနဲ့ တူလွန်းလို့ပါ ၊ နင်ပဲ စဉ်းစား ကြည့်စမ်း ၊ ငါ မှောင်ထဲမှာ လမ်းလျှောက်ရင် လက်လက် လက်လက်နဲ့ ၊ အဝေးက ကြည့်ရင် ဘယ်လောက် ပိုးစုန်းကြူးနဲ့ တူသလဲ ၊ ကဲ နင်မယုံလည်း ပြရသေးတာပေါ့ ၊ လာလေ့ … ”


ရုက္ခစိုးနတ်ကြီးသည် ပြောပြောဆိုဆိုနှင့် မြေပြင်ကို ဖနောင့်နှင့် တစ်ချက်ပေါက်လိုက်ရာ သစ်ငုတ်တစ်ခုကို ပေါက်မိ၍ “ အလယ်လယ် နာသွားပြီ ” ဟု အော်ကာ ခြေ တစ်ဖက် မြှောက်ကိုင်ပြီး ခုန်ဆွခုန်ဆွ ဖြစ်သွားလေသည် ။ 


နာသွားသည့် နေရာကို သူ့လက်ကလေးနှင့် သူ နှိပ်နယ်ပြီး သက်သာသွားမှ နေရာရွှေ့ပြီး “ ကိုင်း .. လာလေ့ ” ဟု ဖနောင့်နှင့် တစ်ချက်ထပ်ပေါက်ပြန်၏ ။ ဤတစ်ကြိမ်တွင်ကား သက်သက်သာသာပင် ဖနောင့် ပေါက်သည် ။


အံ့သြဖွယ် ကောင်းပါသည် ။


ရုက္ခစိုးအစစ် တစ်ခါတည်း ဖြစ်သွား၏ ။ ကိုယ်ရောင် ကိုယ်ဝါများလည်း တပြောင်ပြောင် တလက်လက် ဖြစ်လာ၏ ။


မချောလှသည် ရုက္ခစိုးကြီးကို ထိုင် ရှိခိုး၏ ။


“ ထ,ပါ ကလေးမရယ် ၊ ရှိခိုးမနေပါနဲ့ ၊ ငါက လူမိုက် နဲ့ လူပျင်းတွေ ရှိခိုးတာသာကြိုက်တာ ၊ မင်းတို့လို လိမ္မာပြီး အလုပ်ကြိုးစားတဲ့ လူတွေ ဆိုရင် လေးစားတယ် ၊ ဒီအပင်အောက်မှာ လာပြီး လှဲကျင်းတဲ့ အတွက် ငါဆုပေးချင်တာ ကြာပြီ ၊ ဘာဆု ပေးရမလဲ ”


မချောလှလည်း မတ်တတ်ရပ်လိုက်၏ ။


“ ဦးကြီး ကြိုက်တဲ့ဆု ပေးပါရှင် ”


“ ကိုင်း ကောင်းပြီ ၊ ကောင်းကောင်း နားထောင် ၊ ရှင် ဘုရင်ဖြစ်မယ့် မင်းသားလေး တစ်ယောက်နဲ့ မင်း တွေ့ပြီး မိဖုရားလောင်း အဖြစ်အကောက်ခံရမယ် ။ ဒါပေမဲ့ နန်းတော် ရောက်လို့ သုံးရက်မြောက်တဲ့ နေ့မှာ ငါ့ဆီ လာပြီး ပန်းပွင့်နဲ့ ပူဇော်ရမယ် ၊ မပူဇော်ရင် မင်းသားလေးဟာ မင်းကို မမှတ်မိတော့ဘဲ မေ့နေလိမ့်မယ် ဒါပဲ ”


မချောလှသည်လည်း ဝမ်းသာလွန်း၍ ရွာသို့ ပြန်ပြေးလာလေတော့သည် ။ ရုက္ခစိုးကြီးလည်း “ ပလို့ဂျိ ” ဟု ပါးစပ်ဆိုင်းတီး၍ ကခုန်ရင်း ပျောက်ကွယ်သွားလေသည် ။


ရွာသို့ မချောလှ ပြန်ရောက်သောအခါ ဤအကြောင်းများကို သူ့အချစ်ဆုံး ဖြစ်သော ရုပ်ဆိုးမ ကို ပြောပြ၏ ။ ရုပ်ဆိုးမသည် မချောလှ ကို မနာလို ဖြစ်သဖြင့် တစ်ညလုံး အိပ်မပျော်ပေ ။


နောက်တစ်နေ့ လူလစ်သော အချိန်တွင် ရုပ်ဆိုးမ သည် စောစောစီးစီပင် ထ၍ ညောင်ပင်၌ တံမြက်စည်း လှဲ၏ ။


ရုက္ခစိုးနှင့်ကား မတွေ့  ။


တစ်ရက် .. နှစ်ရက် .. သုံးရက်လေးရက် … ငါးရက် ။


ရုပ်ဆိုးမသည် စိတ်မရှည်တော့သဖြင့် ခြောက်ရက် မြောက်သောနေ့ တံမြက်စည်း လှဲပြီးသောအခါ ...


“ ရုက္ခစိုးနတ်မင်း ရုက္ခစိုးနတ်မင်း ” ဟု အော်ခေါ်ပြီးလျှင် သစ်ပင်ကို ဝိုင်းပတ်၍ ရှာဖွေ၏ ။


ရုက္ခစိုးကြီးလည်း အူယားဖားယားနှင့် “ ဟေ … ဘာတုန်းဟေ့ ” ဟု ထူးကာ ပေါ်လာ၏ ။ သို့သော် ရုက္ခစိုး နတ်ဟာ သစ်ပင်အရှေ့ဘက်တွင် ပေါ်လာခြင်း ဖြစ်ပြီး ရုပ်ဆိုးမက သစ်ပင် အနောက်ဘက်တွင် ရောက်နေခိုက် ဖြစ်သဖြင့် တစ်ယောက်ကို တစ်ယောက် မတွေ့ ကြချေ ။


“ ရုက္ခစိုးနတ်မင်း ... ”


“ ဟေ ဘာတုံး ၊ ခေါ်လှချည်လားဟ ”


ရုက္ခစိုးနတ်က ရုပ်ဆိုးမ၏ အသံလာရာဘက်ကို လိုက်လျှောက်သွား၏ ။ ရုပ်ဆိုးမကလည်း ရုက္ခစိုးကြီး၏ အသံလာရာဘက်သို့ တစ်ဖက်က ပတ်၍ လျှောက်လာ၏ ။


ဤသို့ဖြင့် သူတို့ နှစ်ယောက်သည် အော်ခေါ်ရင်း ထူးရင်းနှင့်ပင် သစ်ပင်၏ ပင်စည်ကို ချာလပတ် လှည့်နေလေကြရာ ကြာတော့ ရုက္ခစိုးနတ်ကြီးမှာ “ ဟယ် မူးလိုက်တာဟယ် ” ဟု ပြောပြီး သစ်ပင်ရင်းတွင် ထိုင်ချလိုက်လေ၏ ။


ထိုအခါမှ တစ်ပတ်လည်၍ ရောက်လာသော ရုပ်ဆိုးမ နှင့် တွေ့ရတော့၏ ။ ဤတွင် ရုက္ခစိုးကြီးက အပြစ်တင်သည် ။


“ နင့်ဥစ္စာက ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ကစားတာ ကျနေတာပဲ ။ နောက်နှစ်ပတ်လောက်ပတ် မိရင် ငါတော့ အန်မိတော့မှာ ။ ကဲ ဘာကိစ္စ ငါ့ကို တကြော်ကြော် ခေါ်တာလဲ ”


“ ကျွန်မ ဒီမှာ တံမြက်စည်း လာလာလှဲတာ ခြောက်ရက် ရှိပြီ ။ ဆုလေး ဘာလေးပေးပါဦး ”


“ ဪ … ဒါအတွက် ငါ့ကို ခေါ်တာလား ၊ နင်က မလှဘူး ”


“ မလှရင် ဆုမပေးဘူးလား ”


“ ရုပ်လှတာ မလှတာ အရေး မကြီးပါဘူး ၊ စိတ်လှတာ မလှတာက အရေးကြီးတယ် ။ စိတ်လှတယ် ဆိုတာက သဘောကောင်းပြီး သူတစ်ပါးအကျိုးကို ဆောင်ရွက်တတ်တဲ့ လူကို စိတ်လှတဲ့လူလို့ ခေါ်တယ် ၊ နင်က စိတ်မလှတော့ ငါ့ကို ရှိခိုး ၊ ဒါမှ ဆုပေးနိုင်မယ် ”


ရုပ်ဆိုးမသည် ထိုင်၍ ကန်တော့ရသည် ။ ထိုအခါ တွင်မှ ရုက္ခစိုးကြီးလည်း မချောလှ ကို ပေးသည့် ဆု အတိုင်း ပေးလိုက်လေသည် ။


ရုပ်ဆိုးမလည်း ဝမ်းသာရွှင်မြူးစွာ ရွာသို့ ပြန်ပြေးလာခဲ့လေ၏ ။


သို့သော် ဤအကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောပြချေ ။


ဤသို့ နေကြ၍ တစ်နေ့သော အခါတွင် သူတို့ နေသော ရွာကလေးသို့ မြင်းစီး ခရီးသည် တစ်ဦး ရောက်ရှိလာလေသည် ။


ခရီးသည်နှင့် ပထမဆုံး တွေ့ရသူကား ညောင်ပင် အောက်တွင် တံမြက်စည်း လှဲလျက်ရှိသော မချောလှပင် ဖြစ်ပေ၏ ။


ခရီးသည် ယောက်ျားပျိုသည် နေပူဒဏ်မှ အကာအကွယ် ရရန် ညောင်ပင်၏ အရိပ်သို့ ဝင်ရောက် လာလေသည် ။ ထို့နောက် ညောင်ပင်အောက်တွင် တွေ့ရသော မချောလှနှင့် စကားလက်ဆုံကျသည် ။


ခရီးသည်က သူသည် တိုင်းပြည်တစ်ပြည်မှ မင်း သားလေး ဖြစ်ကြောင်း ၊ ခမည်းတော် နတ်ရွာစံ၍ နန်း တက်ရတော့မည် ဖြစ်ကြောင်း ၊ ယခု ကြင်ရာတော် ရှာဖွေရန်လာကြောင်းနှင့် ပြောပြသည် ။


ထိုသို့ ပြောပြပြီးလျှင် မချောလှ၏ လက်ကလေးကို ကိုင်၍ မိမိ၏ မေတ္တာကို လက်ခံပြီး နေပြည်တော်သို့ လိုက်ခဲ့ရန် ပြောလေသည် ။


မချောလှသည်လည်း မင်းသားလေးကို မေတ္တာရှိ သဖြင့် မိဘများထံ ခွင့်ပန်ကာ မင်းသားလေးနှင့် လိုက်သွားလေတော့သည် ။


နန်းတော်သို့ ရောက်၍ နှစ်ရက်မြောက်သောနေ့ နံနက်တွင် ရုပ်ဆိုးမသည် မချောလှ ရှိသော နန်းတော်သို့ ရောက်လာလေ၏ ။ မချောလှသည်လည်း သူငယ်ချင်း ချစ်ကို တွေ့ရသဖြင့် အလွန်ပျော်ရွှင်လျက်ရှိသည် ။ နောက် ငါးရက်မြောက်သောနေ့၌ လက်ထပ်ပွဲကြီး ကျင်းပမည့် အကြောင်းကိုလည်း ပြောပြ၏ ။ ရုပ်ဆိုးမနှင့် မင်းသားလေး ကိုလည်း အသိဖွဲ့ပေးလေသည် ။


ရုပ်ဆိုးမသည် မချောလှ အပေါ်တွင် မနာလိုနေသည် ဖြစ်သဖြင့် မင်းသားလေး နှင့် မချောလှတို့ ကွဲကွာရေးကို တွေးနေသည် ။ တစ်ချိန်တွင် မချောလှ လက်ထပ်မည့်နေ့တွင် ဝတ်မည့် အဝတ်များကို ပြရန်သွားယူ၏ ။ ထိုအခါတွင် နှစ်ယောက်ထဲ ရှိသဖြင့် ရုပ်ဆိုးမကား နက်ဖြန်တွင် လက်ထပ်ပွဲအကြို ပျော်ပွဲကြီး ဆင်ယင်သင့်ကြောင်း ၊ မချောလှ၏ မိဘများကိုပါ ခေါ်သင့်ကြောင်း အကြံပေးရာ မင်းသားလေးက လက်ခံလိုက်မိလေသည် ။ ရုပ်ဆိုးမလည်း မချောလှ၏ မိဘများကို အကြောင်းကြားပေးမည်ဟု ပြောကာ ရွာသို့ ပြန်သွားလေ၏ ။


နောက်နေ့သည်ကား မချောလှ နန်းတော် ရောက်၍ သုံးရက်မြောက်သော နေ့ပင် ဖြစ်သည် ။


သို့သော် နန်းတော်ကြီး တစ်ခုလုံးတွင် ပျော်ပွဲရွှင်ပွဲကြီး ဖြစ်၍ ဆူညံသံတို့ဖြင့် ဖုံးလွှမ်းနေ၏ ။ မချောလှ သည်လည်း ရုက္ခစိုးကြီးထံ သွားရန် မေ့လျော့သွားရှာလေ တော့သည် ။


ညနေ စောစောပိုင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက်ပင် မင်းသားလေးသည် မချောလှကို လုံးဝ မမှတ်မိတော့ချေ ။ သူစိမ်းတစ်ယောက်ဟု ထင်မှတ်ရုံမျှ မက မေတ္တာလည်း မရှိတော့ချေ ။


မည်သူ ပြော၍မှ မရ ။ ဦးခေါင်းကိုသာ တွင်တွင် ခါရမ်း၍ မချောလှ ကို သူ မသိဖူးကြောင်းနှင့် ငြင်းဆန်လျက်ရှိလေသည် ။ မင်းသားလေးက မမှတ်မိသဖြင့် မချောလှကို နန်းတော်မှ ထွက်ခွာသွားရန် နှင်ထုတ်လိုက်လေသည် ။


သနားဖွယ်ကောင်းသော မချောလှလေး ခမျာမှာ မသွားတတ် မလာတတ်နှင့် ခြေဦးတည့်ရာ လျှောက်ခဲ့လေရာ တောနက်ကြီး ထဲသို့ ရောက်လာလေတော့သည် ။ 


တောကြီး၏ တစ်နေရာတွင် ကွက်လပ်ကြီး၌ မြက်ကလေးများ ပေါက်၍ စိမ်းလန်းသော မြက်ခင်းပြင်ကို တွေ့ရလေသည် ။ မြက်ခင်းပြင်၏ ဘေးပတ်လည် နှုတ်ခမ်းစပ်နေရာများတွင် ပေါက်နေသော ပန်းပင်များ၌ လှပရောင်စုံပန်းပွင့်ကလေးများကို နေရာအနှံ့အပြား တွေ့မြင်ရသည် ။ ပန်းမျိုးစုံတို့မှ မွှေးကြိုင်သော ပန်းရနံ့ကလေး များကို ရှူရှိုက်ရသည်မှာ အမောပြေရတော့၏ ။


မြက်ခင်းပြင်၏ အလယ်ကောင်လောက်တွင် ဝင်ခါနီးနေရောင် ကျရောက်နေ၏ ။


ထိုနေရောင်ခြည်နွေးနွေးကလေးတွင် များပြားလှစွာ သော ပန်းဝတ်မှုန် နတ်သမီးနတ်သားလေးများသည် လက်ချင်းဆက်ကာ ဝိုင်းဖွဲ့၍ ပျော်ရွှင်စွာ ကခုန်နေကြသည် ။ အကဝိုင်းများမှာ လေးဝိုင်း ငါးဝိုင်းခန့်ရှိ၏ ။ သေးငယ်သာယာသော အသံကလေးများနှင့် တေးသီချင်းများကို ဟစ်ကြွေးသီဆိုရင်း ပတ်ချာလည် ဝိုင်း၍ ကခုန်ကြသည် ။


ပန်းဝတ်မှုန်နတ်ကလေးများသည် မချောလှ ကို မြင် သောအခါ ကခုန်ခြင်းကို ရပ်လိုက်ကြပြီး မချောလှ နားသို့ ဝိုင်းဝန်းလာကြလေ၏ ။ သူတို့၏ အရပ်ကလေးများသည် တံတောင်လောက်သာ ရှိကြသည် ။


“ အို .. မိန်းကလေး ဘာကြောင့် မျက်နှာမသာယာ ပါသလဲ ”


“ ပန်းဝတ်မှုန် နတ်ကလေးတွေလားကွယ် ၊ မချောလှ ထမင်းဆာလာပါပြီ ”


ဤတွင် ပန်းဝတ်မှုန် နတ်ဘုရင်မက …


“ သနားစရာ ကောင်းပါတယ် ၊ ဒါပေမဲ့ ကျွန်မတို့မှာ ကျွေးစရာ မရှိဘူး ၊ ကျွန်မတို့က ပန်းဝတ်ရည် ပန်းဝတ်မှုန်တွေကိုသာ စားသောက်ကြတာမို့ ကျွေးစရာ မရှိပါဘူး ၊ ဒါပေမဲ့ ရှေ့ကို ဆက်သွားရင် တောင်ပို့ကြီးတစ်ခု တွေ့ပါလိမ့်မယ် ။ အဲဒါ အမှန်က မြေဘုတ်ဘီလူးကြီးပဲ ၊ သူက သဘောကောင်းပါတယ် ။ သူက အသားလည်း စားတယ် ၊ ထမင်းလည်း စားတယ် ။ ဒီတော့ မချောလှ အတွက် စားစရာ ပေးနိုင်ပါလိမ့်မယ် ”


“ ကျေးဇူးတင်ပါတယ် ပန်းဝတ်မှုန် နတ်သမီးလေးရယ် ”


မချောလှသည် ရှေ့သို့ဆက်လက်၍ ခရီးထွက်လာခဲ့၏ ။


မှောင်လု မှောင်ခင် အချိန်တွင် တောင်ပို့ကြီးကို မြင်ရတော့၏ ။


“ မြေဘုတ်ဘီလူးကြီး မြေဘုတ်ဘီလူးကြီး ”


မချောလှက ခပ်ကျယ်ကျယ်လေး ခေါ်လိုက်သည် ။ မြေဖုတ်ဘီလူးကြီးသည် ကိုယ်ကို ခါလိုက်ရာ မြေကြီးမြေမှုန့်များ ကြွေကျကုန်ပြီး ဘီလူးကြီး ကိုယ်ခန္ဓာမှာ ပေါ်ပေါက်လာလေ၏ ။


မြေဖုတ်ဘီလူးကြီးသည် မချောလှကို မြင်သောအခါ ထိတ်လန့် တုန်လှုပ်သွားသည် ။


“ မင်း .. မင်း ဘာသတ္တဝါလဲ ”


“ ကျွန်မ လူပါ ”


“ ဟင် လူတွေဟာ အရုပ်ဆိုးလှချည်လား ကရို့ ၊ ကဲ .. ဆိုပါဦး ၊ ဘာကိစ္စ ”


မချောလှသည် မြေဖုတ်ဘီလူးကြီးကို အကျိုးအကြောင်း အကုန်ပြောပြ၏ ။ မချောလှ၏ အကြောင်းကို ကြားရသောအခါ မြေဖုတ်ဘီလူးကြီးမှာ မချောလှကို သနားသွားလေသည် ။


“ ဖြစ်မှဖြစ်ရလေ မချောလှရယ် ၊ ကဲ ကောင်းပြီလေ ၊ ကျုပ်ကလည်း မြေဖုတ်ဘီးလူး ရှင်ဘုရင် ဆိုပေမယ့် လူပျိုကြီး ဆိုတော့ ထမင်းကောင်းကောင်းချက်တာ မစားရပါဘူး ။ ဒီတော့ မင်းက ကျုပ်ဆီမှာ ထမင်းဟင်း ချက်ပေါ့ ၊ ကျုပ် ကြိုက်အောင် ချက်ပြုတ်ကျွေးနိုင်ရင် ပျော် သလောက်နေပါ ။ ကဲ .. အခုလည်း ထမင်းစားပါဦး ”


မြေဖုတ်ဘီလူးကြီးသည် မြေကြီးကို ဖနောင့်နှင့် ပေါက်လိုက်ရာ မြေကြီးထဲမှ နန်းတော်ကြီးသည် မြေပေါ်သို့ ပေါ်ထွက်လာလေတော့သည် ။


ကျောက်မျက်ရတနာ မျိုးစုံဖြင့် အရောင်စုံ တလက်လက်ထွက်ကာ လှပသည် ။ ကျောက်မျက်ရတနာတို့၏ အရောင်ကြောင့် လင်းထိန်နေ၏ ။ နန်းတော်ကြီး ထဲတွင် သွားလာလုပ်ကိုင်နေကြသူများကား လိပ်ပြာနတ်ကလေးများ ဖြစ်ကြသည် ။


သူတို့သည် ခြောက်လက်မခန့် ရှိသော လူငယ်လေးများ ပုံသဏ္ဌာန် ရှိကြ၏ ။ အသားအရေ အလွန်နူးညံ့ သည် ။ သူတို့၏ ကျောတွင် နူးညံ့ပါးလွှာပြီး လှပသော အဆင်အသွေး အမျိုးမျိုးရှိသည့် တောင်ပံကလေးများ ပါရှိလေသည် ။ ထို့ကြောင့် သူတို့သည် မြေပေါ်တွင်လည်း လမ်းလျှောက်နိုင်ကြ၏ ။ လေထဲတွင်လည်း လူးလာပျံသန်းနိုင်ကြလေသည် ။


မချောလှသည် မြေဖုတ်ဘီလူးကြီး၏ နန်းတော်တွင် နေထိုင်ရသည့် အတွက် ကျေးဇူးတင်လှ၏ ။ သို့သော် ရက်စက်စိမ်းကားသော မင်းသားလေးကြောင့် စိတ်မပျော်ရွှင်ချေ ။


မြေဖုတ်ဘီးလူးကြီးသည်လည်း မချောလှ၏ အချက်အပြုတ် ကောင်းမွန်မှုကြောင့် ကျေးဇူးတင်၏ ။ သို့သော် မှိုင်တွေနေတတ်သော မချောလှ အတွက် စိတ်မကောင်းချေ ။


“ မချောလှ ၊ မလှတဲ့ အထဲ မဲ့ပြသလို ဖြစ်နေပါပြီ ။ မင်းမျက်နှာကို အဲဒီလို မှိုင်နေရင် ငါကြောက်ကြောက်လာတယ် ၊ ငါ ဘာလုပ်ပေးရမလဲ ပြောပါ ” 


“ မင်းသားလေး သတိရအောင် လုပ်ပေးနိုင်ရင် လုပ်ပေးပါ ”


“ ကောင်းပြီ ၊ ငါကြံစည်ဦးမယ် ”


မြေဖုတ်ဘီလူးကြီးသည် တစ်ယောက်တည်း ထိုင် စဉ်းစား၏ ။ စဉ်စား၍ မရချေ ။ ထို့ကြောင့် မြေဖုတ် အမတ်ကြီး တစ်ယောက်ကို ခေါ်၍ တိုင်ပင်သည် ။


“ အမတ်ကြီး ၊ မေ့တဲ့ လူကို သတိရအောင် ဘယ်လို လုပ်ရသလဲ ”


“ နှာနှပ် ပေးရပါတယ် ဘုရား ”


“ အင်း … ကောင်းလေစွ ၊ ဒါကြောင့်လည်း ပညာရှိ အမတ်ကြီး ဖြစ်ပေတာပဲ ”


မြေဖုတ်ဘီလူးမင်းကြီးသည် နှာဘူးကလေး ယူကာ မြေလျှိုး၍ သွားလေတော့သည် ။


မင်းသားလေးသည် နန်းတော်ထဲရှိ သလွန်ပေါ်၌ ထိုင်နေရာမှ ကြေးမုံပြင်ဟု ခေါ်သည့် မှန်ကို ကြည့်ရန် ထသွားလေ၏ ။ ထိုခဏတွင် သူ၏ နောက်ကျောဘက်မှ မြေဖုတ်ဘီလူးကြီးသည် မြေထဲမှ ထွက်ပေါ်လာလေ၏ ။ သို့သော် မင်းသားလေး၏ ကျောဘက်က ဖြစ်နေသဖြင့် မင်းသားလေးက မမြင်ဘဲ ဆက်၍ လျှောက်သွား၏ ။


“ ဟာ .. မဖြစ်သေးပါဘူး ။ သူ့ရှေ့က ပေါ်မှ ဖြစ်မယ် ” 


ဤသို့ပြော၍ မြေဖုတ်ဘီလူးကြီးသည် မြေကြီးထဲသို့ ပြန်ဝင်သွားပြန်လေ၏ ။


မင်းသားလေးသည် ဘောင်နှင့်တကွ ထောင်ထားသော ကြေးမုံပြင်ကြီး ရှေ့တွင် ရပ်၍ အလှပြင်လိုက်သည် ။


ထိုအချိန်တွင် မြေဖုတ်ဘီလူးကြီးသည် မင်းသားလေး၏ အရှေ့ဘက်ဆီမှ ဘွားခနဲ ထိုးထွက်လာလေ၏ ။ သို့သော် သူနှင့် မင်းသားလေး အကြားတွင် ထောင်နေသော ကြေးမုံပြင်ကြီး ခံနေသဖြင့် မင်းသားလေးက သူ့ကို မတွေ့မြင်ရပြန်ချေ ။


“ ဟယ် .. ဒုက္ခပါပဲနော် ”


မြေဖုတ်ဘီလူးကြီးသည် မြေထဲ ပြန်ဝင်သွားရပြန်လေ၏ ။ ထို့နောက်တွင်မှ မင်းသားလေး၏ ကျောဘက် နားဆီမှ ပြန်ပေါ်လာလေသည် ။ မင်းသားလေးသည် ကြေးမုံပြင်ထဲတွင် မြင်သဖြင့် ချာခနဲနောက်သို့ လှည့်ကြည့်လိုက်လေ၏ ။


“ အသင်က ဘယ်တုန်းက နောက်က လာပြီး ထိုင်နေတာလဲ ၊ အခု မတ်တတ်ရပ်လိုက်မှ ကျွန်တော် မြင်တယ် ”


“ ဟာ .. လာထိုင်နေတာ မဟုတ်ဘူး ၊ မြေကြီးထဲက ထွက်လာတာ ”


“ မြေကြီးထဲက ထွက်လာတာ ဆိုရင်လည်း တစ်ကိုယ်လုံး ဖုန်တွေ ပေနေရမှာပေါ့ ၊ မယုံပါဘူးဗျာ ”


“ ဟာ .. ဒုက္ခပါပဲ ၊ ယုံချင်ယုံ မယုံချင်နေ ၊ စကား မများနဲ့ ၊ ဒါကိုရှူ … ဒါကိုရှူ ”


ပြောပြောဆိုဆိုနှင့် မြေဖုတ်ဘီလူးကြီးသည် နှာဘူးကို ဖွင့်၍ မင်းသားလေး၏ နှာခေါင်းနားသို့ အတင်း ကပ်ပေး၏ ။ မင်းသားလေးက ကိုယ်ကို နောက်သို့ ယို့သည် ။ ဘီလူးကြီးက အတင်းပင် ဘူးကို နှာခေါင်းဝ နားသို့ နင်းကန်လိုက်ကပ်၏ ။


“ ဘာလဲဗျ ...ဘယ်လိုလဲဗျ .. ဘယ့်နှယ်ဟာ ... ဘာ ဟတ် .. ချိုး ... ဟတ်ချိုး ၊ အို ဒုက္ခ .. ဟတ် .. ဟတ်ချိုး .. ဟာ .. ဗျာ ... ဟတ်ချူး ...”


မင်းသားလေး တချေထဲ ချေနေမှ မြေဖုတ်ဘီလူးကြီးသည် လက်ကို ပြန်ရုပ် လိုက်သည် ။


နှာချေ ရပ်သွားမှ မင်းသားလေးသည် နှာရည်များ ၊ ချွေးများကို သုတ်ပစ်ရလေသည် ။ မြေဖုတ်ဘီလူးကြီး ရွှင်ပြုံးစွာ မေးလိုက်၏ ။


“ ဘယ့်နှယ် … တော်တော် ပေါ့သွားသလား ”


“ ဘယ်သူက ဇက်ကြောတက်တယ် ပြောလို့တုန်းဗျ ”


“ အို … ယောင်လို့ပါ ၊ သတိရပြီလား ” 


“ ကျွန်တော် သတိမေ့နေတာမှ မဟုတ်တာ ” 


“ မဟုတ်ပါဘူးလေ ၊ မချောလှ မချောလှ ” 


“ ဘယ်က မချောလှလဲ ”


“ မင်းရဲ့ချစ်သူ မချောလှလေ ”


“ ဘယ်သူက ချစ်တာလဲ .. ၊ ဘာကို ခြစ်သလဲ ၊ အုန်းသီးကို ခြစ်သလား ”


“ ဟာ .. ဘယ်က အုန်းသီးခြစ်ရမှာလဲ ၊ တယ် မင်းမျက်နှာကြီးကို ငါ လက်နဲ့ ကုတ်ခြစ်လိုက်ပြန်တော့ မယ် ”


ဘီလူးကြီးက စိတ်မရှည်တော့ ။ မင်းသားလေး ကလည်း သတိမရ ။ နောက်ဆုံးတွင် ဘီလူးကြီးသည် လက်လျှော့ကာ မြေထဲသို့ ပြန်၍ လျှိုးဝင်ခဲ့ရလေတော့သည် ။


“ မချောလှရေ … မရဘူး ၊ နှာနှပ်တာတောင် သတိမရဘူး ” 


မြေဖုတ်ဘီလူးကြီးက မချောလှဆီ ပြန်ရောက်သောအခါ ပြောပြလိုက်လေ၏ ။


“ အို .. သတိလစ်ပြီး မေ့မျောနေတာမှ မဟုတ်တာ ၊ နှာနှပ်လို့ ရပါ့မလား ”


“ ဒါနဲ့များ ဟိုအမတ်စုတ်က ငါ့ကို အရူးလုပ်တယ် ” 


“ ထားပါဦးလေ ၊ ဒီပုလဲပုတီးလေးကို ပြကြည့်ပါဦး ၊ သူ သတိရချင် ရလာမှာပါ ”


မချောလှက သူ့ လည်တိုင်တွင် ဆွဲထားသော မင်းသားလေး ပေးထားသည့် ပုလဲပုတီးကို ဖြုတ်၍ ပေးလိုက်သည် ။


“ ကောင်းပြီ ၊ ငါ သွားကြည့်ဦးမယ် ”


မြေဖုတ်ဘီလူးကြီးသည် မြေလျှိုးသွားပြီးလျှင် မင်း သားလေး၏ အရှေ့နားသို့ ရည်မှန်းပြီး ထွက်လိုက်လေ၏ ။


မင်းသားလေးမှာ လေသာဆောင်သို့ အသွားတွင် သူ့ရှေ့နားက ကပ်၍ မြေဖုတ်ဘီလူးကြီး ထွက်လာရာ ဘီလူးကြီး၏ ဦးခေါင်းကို ခြေထောက်ဖြင့် ခလုတ်တိုက်၍ မင်းသားလေး လဲကျလေသည် ။


မြေဖုတ်ဘီလူးကြီးလည်း ကမန်းကတန်း မတ်တတ်ရပ်၍ နောက်စေ့ကို လက်နှင့် ပွတ်နေသည် ။ မင်း သားလေးလည်း လဲကျရာက ပြန်ထလိုက်လေသည် ။


“ လာပြန်ပြီလား ၊ ခင်ဗျား ခဏခဏ ဒုက္ခလာပေးတာပဲ ”


ဘီလူးကြီးသည် မင်းသားလေး၏ မျက်နှာရှေ့တွင် ပုလဲပုတီးလေးကို တွဲလောင်းကိုင်၍ လှုပ်ပြလိုက်၏ ။


“ မင်း .. ဒါလေးကို မှတ်မိသလား ” 


“ ဒါကို ခင်ဗျား ဘယ်က ကောက်ရသလဲ ” 


“ ဖွတ် .. ဒါ ကောက်ရတာ မဟုတ်ဘူး ”


“ ဒါဖြင့် ခင်ဗျား ခိုးလာတာ ”


“ အလယ်လယ် မလုပ်ပါနဲ့လေ ၊ ဒါကို ဘယ်သူ ဆွဲထားသလဲ စဉ်းစားစမ်းပါ ”


မင်းသားလေးလည်း စဉ်းစားနေပြီးမှ ဝမ်းသာအားရ ပြန်ပြောလေသည် ။


“ ဟာ သတိရပြီ ၊ ဒါကို ပန်းသည်ကြီး ဒေါ်ဘုမ ဆွဲထားတာပဲ ဟုတ်တာပေါ့ ”


“ ဟုတ်မယ် ဟုတ်မယ် အားကြီးဟုတ်မယ် ၊ တော် ကွာ ၊ ငါ ပြန်လိုက်ဦးမယ် ၊ မင်း သတိမရသေးဘူး ”


မြေဖုတ်ဘီလူးကြီးသည် ပြန်သွားပြီးလျှင် နောက်ထပ် နည်းလမ်းတစ်ခု ရှာရန် မချောလှကို တိုက်တွန်းလေ၏ ။


မင်းသားလေးမှာလည်း ကြင်ရာတော်ရှာရန် အရေးက ရှိသေးသဖြင့် ခရီးထွက်ရာ ရုပ်ဆိုးမနှင့် တွေ့သွားလေ၏ ။ မင်းသားလေးသည် ရုပ်ဆိုးမကို ယခင်က မြင်ခဲ့ဖူးကြောင်း မမှတ်မိချေ ။ ရုပ်ဆိုးမကို မြင်လျှင် မြင်ချင်း သဘောကျသွားသဖြင့် မိဘများထံ ခွင့်ပန်ကာ နန်းတော်သို့ ခေါ်ဆောင်ခဲ့လေ၏ ။


ရုပ်ဆိုးမသည် သူ့အလှည့်တွင် သုံးရက်မြောက်နေ့ကို သတိမမေ့အောင် အထူးဂရုစိုက်၏ ။


မချောလှမှာ နေ့စဉ်ပင် မင်းသားလေးကို အောက်မေ့လွမ်းဆွတ်နေသည် ။ တစ်နေ့တွင် အကြံတစ်ခု ရသဖြင့် မြေဖုတ်ဘီလူးမင်းသားထံ ဝင်ရောက်တွေ့ဆုံ၏ ။


မြေဖုတ်ဘီလူးမင်းသားကြီးသည် လိပ်ပြာနတ်သမီးကလေးများ ယိမ်းထွက် နေသည်ကို ကြည့်ရှုနေ၏ ။ 


“ ဆိုစမ်း မချောလှ ၊ ဘာကိစ္စလဲ ”


“ ကျွန်မရဲ့ ဟောဒီ လက်ကလေးကို ဖြတ်ယူသွားပြီး မင်းသားလေးကို ပြပါ ။ ဒီလက်ဟာ သူနဲ့ တွေ့တဲ့ နေ့က သူ ဆွဲကိုင်ခဲ့တာမို့ သတိရကောင်းရပါလိမ့်မယ် ”


ပထမသော် ဘီလူးကြီး သဘောမတူချေ ။ သို့သော် မင်းသားလေး သတိရကောင်းရမည်ဟု ယုံကြည်သဖြင့် မချောလှ၏ လက်ကလေးကို လက်ကောက်ဝက် အောက်ဘက် လက်တစ်ဝါးခန့် ဆီမှ ဖြတ်ယူလိုက်၏ ။ သူ့တန်ခိုးဖြင့် ဖြတ်သဖြင့် နာကျင်လှခြင်းတော့ မရှိချေ ။


ဘီလူးမင်းသားကြီးခမျာ စေတမန် အလုပ်ဖြင့် မြေလျှိုးရပြန်လေတော့သည် ။


ရုပ်ဆိုးမသည် တတိယမြောက်နေ့ ဖြစ်၍ မင်းသားလေးထံ အခစားဝင်သည် ။ လက်ထပ်ပွဲ မလုပ်ရသေး သဖြင့် မင်းသားလေးက သလွန်ပေါ်၌ ထိုင်၏ ။ ရုပ်ဆိုးမက ကြမ်းပြင်ပေါ်တွင် ထိုင်ရသည် ။ ရုက္ခစိုးထံ သွားလိုကြောင်း ခွင့်ပန်ရန် ခစားခြင်းဖြစ်၏ ။


ထိုခဏတွင် မြေဖုတ်ဘီလူးကြီးသည် မြေထဲမှ ထွက်လိုက်၏ ။ ခါတိုင်းကဲ့သို့ပင် အေးအေးသက်သာပင် ထွက်၏ ။


သို့သော် ... အပေါ်မှ ရုပ်ဆိုးမဝဝကြီးက ထိုင်နေသဖြင့် သူ့ဦးခေါင်းမှာ ရုပ်ဆိုးမ၏ တင်ပါးကြီးနှင့် ဒုန်ခနဲ တိုက်ပြီး ပြန်နစ်သွား၏ ။ နောက်တစ်ချီတွင် ခပ်ပြင်းပြင်းကလေး ထွက်လိုက်၏ ။


မရပါ ။ ဒုန်ခနဲ မြည်၍ ပြန်နစ်သွားပြန်၏ ။ စိတ်တိုချင်လာပေပြီ ။ မြေအောက်နက်နက်သို့ ဆင်း၍ အရှိန်ယူ၏ ။ ထို့နောက် အားရပါးရ အရှိန်နှင့် ပစ်ထွက်လိုက်လေရာ ရုပ်ဆိုးမမှာ သူ့ကုပ်ပေါ်မှ ခွလျက်ကြီးပါသွားလေ၏ ။


ရုပ်ဆိုးမက လိမ့်ကျမှာ ကြောက်၍ သူ့ဆံပင်တွေကို ဆုပ်ဆွဲ၏ ။


“ အာ .. နာတယ်လေ ၊ နာတယ်ဟ .. ”


“ နာရင် ပြန်ချပေး ”


မြေဖုတ်ဘီလူးကြီးက ထိုင်ပေးလိုက်မှ ရုပ်ဆိုးမ လည်း မြေပေါ် ပြန်ဆင်းနိုင်လေသည် ။ ဘီလူးကြီးသည် ဒေါပွပွနှင့် ရန်တွေ့ ရန် လှည့်ကြည့်လိုက်၏ ။ ရုပ်ဆိုးမကို မြင်သောအခါ အံ့အားသင့်သွားတော့သည် ။


“ အလို .. မင်း ဘာသတ္တဝါလဲ ”


“ လူပေါ့ရှင့် ”


“ အောင်မယ်လေး .. လူထဲမှာလည်း လှတာတွေ ရှိပါလား ”


ဘီလူးကြီးမှာ သူ့လို အရုပ်ဆိုးသူကို တွေ့သော် လှပသည်ဟု ထင်မိလေသည် ။


ဤတွင် မင်းသားလေးက မေးလိုက်၏ ။


“ ခင်ဗျား ဘာလာရှုပ်ပြန်သလဲ ”


“ ဪ … ဒါလေး ကြည့်ပါဦး ၊ ဘယ်သူ့ လက်လဲ ” 


မင်းသားလေးက မမှတ်မိချေ ။


သို့သော် ရုပ်ဆိုးမသည် လက်ကောက်ဝတ်ဆီမှ အနာရွတ်ကလေးကို မြင်သောအခါ ချက်ချင်းမှတ်မိ၏ ။ မိမိ အပေါ် စေတနာ အပြည့်အဝနှင့် လက်ကို အနာခံ၍ လက်ကောက် ဖြတ်ပေးခဲ့သော မချောလှ ။ မိမိက ယုတ်မာစွာနှင့် ဒုက္ခဖြစ်အောင် အလုပ်ခံရသော မချောလှ ။


မချောလှ၏ လက်ကလေးသည် သူ့ကို သနားစဖွယ် ကြည့်နေသည်ဟု ထင်မိသည် ။


ရုပ်ဆိုးမသည် လက်ကလေးကို ဆွဲယူ၍ ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားလိုက်လေ၏ ။ ထို့နောက် ငိုကြွေးလိုက်လေ တော့သည် ။


မိမိ၏ အမှားကို သတိရသည် ဖြစ်သောကြောင့် အားလုံးကို ဖွင့်၍ ပြောလိုက်၏ ။ မင်းသားလေးကမူ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေသည် ။


နောက်ဆုံးတွင် မြေဖုတ်ဘီလူးကြီးက မချောလှကို ပြန်ခေါ်ခဲ့ပြီး သူ့တန်ခိုးနှင့် လက်ကို ပြန်ဆက်ပေးပြီးလျှင် သူတို့ လေးယောက်သားသည် ရုက္ခစိုးရှိရာ ညောင်ပင်သို့ ထွက်လာခဲ့ကြလေ၏ ။


“ ရုက္ခစိုးကြီး .. ရုက္ခစိုးကြီး ”


ညောင်ပင်အောက် ရောက်သောအခါ မြေဖုတ်ဘီလူးကြီးက အော်ခေါ်လိုက်၏ ။


ဘာသံမှ ပြန်မကြားရချေ ။


“ တယ်လေ .. ဒီရုက္ခစိုးကလည်း ဘယ်သွားသေနေမှန်း မသိဘူး ”


မြေဖုတ်ဘီလူးကြီးက စိတ်တိုတိုနှင့် ပြောလိုက်၏ ။ 


“ မင့်အဖေက ဒီမှာလေကွာ ”


အားလုံးမှာ နောက်သို့ လှည့်ကြည့်ကြရ၏ ။


ရုက္ခစိုးကြီးသည် သူတို့ နောက်က ကမူလေးပေါ် တွင် ထိုင်နေသည် ။ ထို့ကြောင့် အားလုံး ပြန်လှည့်လိုက်ကြရသည် ။


“ ခင်ဗျားကို ဒီဘက်က ခေါ်တာ ၊ ဘာဖြစ်လို့ နောက်က ပေါ်လာရတာလဲဗျ ”


“ ဟ ငါ့ဘာသာ ငါ ဘယ်ကပေါ်ပေါ် မင့် အလုပ်လားကွ ၊ လိုရင်းကိစ္စကိုသာ ပြောကွာ ၊ ပြောပြီး မြန်မြန် ပြန်ကြ ၊ ငါ ဒန်းစီးရဦးမယ် ၊ မင်းတို့ ရှိရင် ရှက်တယ်ကွ ”


မြေဖုတ်ဘီလူးမင်းသားက အကျိုးအကြောင်း အားလုံး ပြောပြလိုက်လေသည် ။ ဤတွင် ရုက္ခစိုးနတ်က ပြန်၍ လက်ဝါးနှင့် သပ်ပြီး ဖြေလိုက်သဖြင့် မင်းသားလေးသည် သတိပြန်ရလာတော့၏ ။


မချောလှ နှင့် ရုပ်ဆိုးမတို့သည် အနီးအနားမှ ပန်းများဖြင့် ရုက္ခစိုးနတ်ကို ပူဇော်ကြသည် ။ ထို့နောက် မချောလှသည် လူမင်းသားကလေးနှင့် လိုက်ပါသွား၏ ။ ရုပ်ဆိုးမသည် ဘီလူးမင်းသားနှင့် လိုက်ပါသွားသည် ။


ရုက္ခစိုးကြီးကား အားရပါးရ ဒန်းစီး ၏နေလေတော့သတည်း ။


〇 ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များပေါင်းချုပ် ( ပထမတွဲ ) 

Tuesday, December 30, 2025

အရောင်မဲ့ ... လိပ်ပြာ


 

❝ အရောင်မဲ့ ... လိပ်ပြာ ❞ 
         ( သွန်းသစ္စာ )

ညနေခင်း လေညင်းကလေးက ဝေ့ဝေ့ဝဲဝဲ တိုက်ခတ်လျက်ရှိသည် ။

ကျွန်တော်သည် တစ်ယောက်တည်း လမ်းလျှောက်ရင်း ပြုံးနေမိသည် ။ မန်နေဂျာက ဒီနေ့မှ စိတ်ကောင်း ဝင်နေ၍ ရုံးကို စောစီးစွာ ပေးဆင်းလေသည် ။ ထို့ကြောင့် ကျောင်းလာကြိုရန် ခဏခဏ ပူဆာနေသော သား၏ ဆန္ဒကို သည်နေ့တွင် ဖြည့်ဆည်းပေးရမည် ။ သား အကြောင်း တွေးမိသည်နှင့် အလိုလို တက်ကြွ၍ ခြေလှမ်း များ ပေါ့ပါးသွက်လက်လာသည် ။

မထင်မှတ်ဘဲ ကျွန်တော့်ကို မြင်လျှင် တအံ့တသြ ဖြစ်သွားပြီး သွားကျိုးကလေးများ ပေါ်သည်အထိ အရယ် မရပ်နိုင်ဘဲ ပျော်နေမည်မှာ မလွဲ ။

“ တစ်ရက်တလေလောက် ရှင် စောစောပြန်လာပါ လား ။ သားကို ကျောင်းသွားကြိုတဲ့အချိန် အဖေတစ်ယောက်တည်းကို အိမ်မှာ ထားခဲ့ရတာ ကျွန်မ စိတ်မချဘူး ”

မနက် အလုပ်သွားခါနီး ပြောလိုက်သော သား အမေ၏ စကားကြောင့် ဒုတိယမြောက် ကျွန်တော် ပြုံးမိပြန်သည် ။ အိမ်အပြန်နောက်ကျတတ်သည့် ကျွန်တော့်ကို ချော့တစ်ခါ ၊ ခြောက်တစ်လှည့် သားအမေက စည်းရုံးလျှင် သားက သူ့အမေဘက်က စစ်ကူဝင်တိုက်ပေးသည် ။

“ ဟုတ်တယ် ... ဖေဖေရ ။ ဂျစ်တူးတို့ အဖေနဲ့ ပြန်တဲ့နေ့ကဆို ဆရာမက ဒါ သားအဖေလားလို့တောင် မေးတယ် ။ သားကို ဖေဖေ လာကြိုပါလားဟင် ”

ကျွန်တော့် ပေါင်ပေါ်တွင် ထိုင်ပြီး နှုတ်ခမ်းစူကာ ပြောခဲ့သော သား၏ စကားကြောင့် ကျွန်တော်တို့ လင်မယားနှစ်ယောက် အတောမသတ် ရယ်ရသေးသည် ။ အိမ်မှုကိစ္စများသာမက မကျန်းမာသော ကျွန်တော့် ယောက္ခထီး၏ ဝေယျာဝစ္စများနှင့်ပါ လုံးချာလည်လိုက်နေသော သား၏ အမေသည် သားအနား အချိန်ပြည့် ကပ်မနေနိုင်ချေ ။ ထို့ကြောင့် အလုပ်မှ လွဲ၍ အိမ်၌ အမြဲ ရှိသော ကျွန်တော့်ကိုပင် သားက ပို၍ ခင်တွယ်သည်ဟု ထင်သည် ။ ည အိပ်ရာဝင်ပြီ ဆိုလျှင်လည်း ကျွန်တော် မှ ကျွန်တော်ပင် ။

“ ဖေကြီးရေ ... ရှင့်သားက ကျွန်မ ပြောတဲ့ ပုံပြင် နားမထောင်ချင်ဘူး .. တဲ့ ။ ရှင်ပြောပြမှတဲ့ ။ ကဲ ... ကြွတော် မူပါဦး ”

သားက အခြားကလေးတွေလို အမေချော့တေးတွေကို မကြိုက် ။ ကျွန်တော်ပြောပြသည့် ပုံပြင်များနှင့်သာ အိပ်တတ်သည် ။ ထို့ကြောင့် သားအား ညတိုင်းလိုလို ပုံပြင်ပြောပြရသည် ။

“ သူများကလေးတွေ ဆိုရင် မအေမှ မအေ ၊ သူ့ကျမှ ဖအေကို ခင်တွယ်နေလိုက်တာ မပြောချင်ဘူး ။ သားအဖ နှစ်ယောက်စလုံး အမြင်ကိုကတ်တယ် ”

ချစ်စဖွယ်မျက်စောင်းကလေး ထိုးကာ ပြောလာသော သူ့အမေ၏ စကားကြောင့် ပုံပြင်နားထောင်နေသည့် သားက ကျွန်တော့် ရင်ခွင်ထဲတိုးကာ တခစ်ခစ်ရယ်နေလေသည် ။

ကျွန်တော့်မျက်လုံးထဲတွင် သွားကျိုးကလေးနှင့် စပ်ဖြဲဖြဲလုပ်နေတတ်သည့် သား၏မျက်နှာကို မြင်ယောင်လာသည် ။ သားထံသို့ ရောက်ချင်သည့်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည် ။ ထို့ကြောင့် ခြေလှမ်းများကို မှတ်တိုင်ဆီသို့ ဦးတည်၍ ခပ်သွက်သွက်လှမ်းလိုက်မိသည် ။

••••• ••••• •••••

ရုံးဆင်းချိန်မို့ ကားထဲ၌ ခရီးသည်များ ကျပ်ညပ်နေသည် ။

“ ဘုန်းကြီးလမ်း ပါလား ။ ဆင်းမယ့်လူတွေ ထွက်ထားနော် မှတ်တိုင်ကျော်သွားရင် တာဝန်မယူဘူး ”

စပယ်ယာ၏ ချဉ်တူးတူး စကားသံအဆုံး၌ ကျပ်ညပ်နေသော လူအုပ်ထဲမှ ခရီးသည်တချို့ အလုအယက် တိုးထွက်လာသောကြောင့် အပေါက်ဝတွင် လူများ စုပြုံနေသည် ။

“ အမယ်လေး ဒုက္ခပါပဲ ။ ခါးပိုက်နှိုက်ခံလိုက်ရပြီ ”

အမျိုးသမီးတစ်ဦး၏ ထိတ်ထိတ်ပျာပျာ စကား ကြောင့် “ ဟာ ” ၊ “ ဟင် ”  ၊ “ ဟယ် ” “ ခါးပိုက်နှိုက်ခံရလို့တဲ့ ”  ၊ “ ဒုက္ခပါပဲ ” ။ ကားပေါ်မှ လူအကုန်လုံး စိုးရိမ်တကြီးဖြင့် လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည် ။ ကျွန်တော်လည်း ပတ်ဝန်းကျင်ကို ကြည့်ရင်း သက်မကို အသာချလိုက်ရသည် ။

“ ဟုတ်လို့လားဗျာ ၊ သေသေချာချာလည်း ကြည့်ပါဦး ”

စပယ်ယာ၏ စကားကြောင့် ခရီးသည်အားလုံး၏ အကြည့်များက ထိုအမျိုးသမီးထံသို့ စုပြုံရောက်ရှိသွားကြသည် ။

“ ဟုတ်တယ်ရှင် ၊ ဒီမှာကြည့် ။ ဓားနဲ့ခွဲသွားတာ ။ ဒုက္ခပါပဲရှင် ” ဟုဆိုကာ အိတ်ကိုငုံ့ကြည့်ရင်း ပြောနေသည့် အမျိုးသမီး၏ အသံသည် ငိုသံ ရောစွက်နေသည် ။

“ ဟယ် သနားပါတယ် ”

“ ကောင်မလေးတော့ ဒုက္ခပါပဲ ”

ကားပေါ်ရှိလူများ၏ ကရုဏာသက်ဖွယ်စကားများကလည်း တီးတိုးတီးတိုးဖြင့် နေရာပေါင်းစုံမှ ကားစက်သံနှင့် ရော၍ ထွက်လာသည် ။

“ ကျွန်မပိုက်ဆံအိတ် ပြန်မရရင်တော့ ရဲစခန်းကိုသာ မောင်းပေး ”

ရုတ်တရက် ပြောလိုက်သော အမျိုးသမီး၏ စကား ကြောင့် ကျွန်တော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားသည် ။

“ ဟဲ့ ရဲစခန်းမောင်းပေးတဲ့ ”

“ ဟာ ... ရဲစခန်းတော့ မသွားချင်ပါဘူး ”

“ အရေးထဲ ငါတို့တော့ နောက်ကျတော့မှာပဲ ”

ကားထဲ၌ ညည်းညူသံများ ပွက်လောရိုက်ကုန်သည် ။ လက်မှနာရီက ကျောင်းဆင်းရန် ဆယ့်ငါးမိနစ်သာ လိုတော့သည်ဟု ညွှန်ပြနေသည် ။ ရင်တွေပူ၍ ဇောချွေး များပင် ပြန်လာသည် ။ ပိုက်ဆံအိတ်ပျောက်သည့် အမျိုးသမီး၏မျက်နှာသည် ပြိုတော့မည့်မိုးလို အုံ့မှိုင်းကာ မည်းညိုလာသည် ။

“ ယူထားရင်လည်း ပြန်ပေးလိုက်ပါဗျာ ။ ရဲစခန်းကို မောင်းရင် ကျွန်တော်တို့လည်း အလုပ်ပျက်မယ် ၊ ခင်ဗျားတို့လည်း ကသီလင်တ ဖြစ်မယ် ”

စပယ်ယာက တောင်းဆိုသော်လည်း မည်သည့် အသံမျှ ထွက်မလာ ။ ထို့ကြောင့် စပယ်ယာက ...

“ ရဲစခန်းသာ မောင်းဆရာ ”

ဟူသော ယတိပြတ်စကားက ကျွန်တော့်ခေါင်းကို မိုးကြိုးပစ်လိုက်သလိုပင် ။ ကားပေါ်ရှိ လူအားလုံးလည်း စိတ်မသက်မသာ ဖြစ်သွားကြသည် ။ ကားသည် မှတ်တိုင် တွေတွင်လည်း မရပ် ၊ ခရီးသည်လည်း ဆက်မတင် ၊ တစ်ယောက်မှလည်း အဆင်းမခံတော့ဘဲ တံခါးကို ပိတ်ကာ သွားလိုသည့်အရပ်ကိုသာ ဦးတည်၍ မောင်းနှင်နေတော့သည် ။

••••• ••••• •••••  

လူမမာတစ်ယောက်ကဲ့သို့ ချည့်နဲ့စွာ သွားနေသော ကားသည် ခေမာသီလမ်းဘက်သို့ ချိုးကွေ့ မောင်းဝင်သွားသည် ။

“ ဘယ်တုန်းက ပျောက်တာလဲ ၊ ကြာပြီလား ။ အများကြီး ပါသွားလား ”

စပယ်ယာနှင့် အမျိုးသမီးတို့ ပြောနေကြသည့် စကားသံများ မှလွဲ၍ ကျန်လူများက ကိုယ့်အာရုံနှင့်ကိုယ် တိတ်ဆိတ်နေကြသည် ။ ကျွန်တော်သည်လည်း အနားရှိ ခရီးသည်များကို လှည့်ပတ်ကြည့်ရင်း စိတ်ထဲတွင် မွန်းကျပ်လာသည် ။

ကားမှန်ပြတင်းကို ကျော်၍ အပြင်လောကဆီသို့ အကြည့်ကို ပို့လွှတ်လိုက်မိသည် ။ သို့သော် လွတ်မြောက် မသွားဘဲ စိတ်က ချည်တိုင်၌ မိနေသော နွားတစ်ကောင် ကဲ့သို့ အတွေးတွေက ကားထဲတွင် ဥဒဟိုပြေးလွှားနေသည် ။ ဤကားပေါ်၌ ခါးပိုက်နှိုက်ပါနေသည် ။ ကားထဲရှိ ခရီးသည်တွေက တစ်ယောက်ကို တစ်ယောက် သံသယ မျက်လုံးများနှင့် ကြည့်နေကြသည် ။ မယုံကြည်ကြတော့ ။

တစ်ဝမ်းတစ်ခါးအတွက် ဖြစ်စေ ၊ မိသားစုအတွက် ဖြစ်စေ စာရိတ္တနှင့် လဲလှယ်ပြီးမှရသော ထိုငွေအတွက် ရဲစခန်း ရောက်လျှင် မည်သို့ ပြုလုပ်မည်နည်း ။ မည်မျှ အချိန်တွေ ကြာဦးမည်နည်း ။ ကျောင်းဆင်းလာသော သားငယ်က ကြိုမည့်သူကို မတွေ့လျှင် မည်မျှ စိတ်ထိခိုက်ရှာမည်နည်း ။ “ ဟူး .. ” ကျွန်တော် တွေးရင်း စိတ် လေးလာမိသည် ။ ထို့နောက် အိပ်ရာဝင်ပုံပြင်အဖြစ် သားလေးအား ပြောခဲ့ဖူးသော ပုံဝတ္ထုတစ်ပုဒ်က မှတ်ဉာဏ် ထဲသို့ လှစ်ခနဲဝင်ရောက်လာခဲ့သည် ။

••••• ••••• •••••  

တက္ကသိုလ်ပြည်ရှိ ဒိသာပါမောက္ခဆရာကြီး၏ တပည့်များသည် အလွန်တရာ ချောမောလှပသော ဆရာကြီး၏ သမီးတော်လေးအား နှစ်သက်သဘောကျကြသည် ။ ဤသည်ကို ရိပ်မိပြီး ပညာဉာဏ်ကြီးသော ဆရာကြီးက တပည့်များအား မိမိတို့အိမ်မှ တစ်စုံတစ်ရာသော ပစ္စည်းများအား မည်သူမျှမသိအောင် ယူဆောင်လာရမည် ။ ထိုပစ္စည်းများထဲမှ အဖိုးအထိုက်တန်ဆုံး ယူဆောင်လာနိုင်သူအား သမီးတော်လေးနှင့် လက်ဆက်ပေးမည် ဟု ကြေညာလိုက်သည် ။

နောက်တစ်နေ့ မိုးသောက်သောအခါတွင် တပည့် အသီးသီးက ခိုးယူလာကြသော ပစ္စည်းအသီးသီးကို ဆရာကြီးထံ အပ်နှံကြသည် ။ သို့သော် တစ်ယောက်သော တပည့်က အပ်နှံခြင်းမပြုသောကြောင့် ဆရာကြီးက “ သမီးတော်ကလေးအား မစုံမက်၍ မခိုးယူသလော ။ သို့မဟုတ် ခိုးယူစရာ ပစ္စည်းမရှိ၍ မခိုးယူခဲ့သလော ” ဟု မေးမြန်းသောအခါ တပည့်ဖြစ်သူက ..

“ ဆရာကြီး၏ သမီးတော်ကလေးအား အလွန်အမင်း စုံမက်မြတ်နိုးပါသည် ။ သို့သော် သမီးတော်ကလေးအား နှစ်သက်ခြင်းကြောင့် ခိုးယူခြင်းဟူသော မကောင်းမှုကိုတော့ဖြင့် မကျူးလွန်နိုင်ပါ ”

ဟု ပြန်လည်ဖြေကြားခဲ့ပါသည် ။ ဆရာကြီးက ရိုးသားသော တပည့်ကလေးအား သဘောကျနှစ်ခြိုက်၍ သမီးတော်ကလေးနှင့် ထိမ်းမြားလက်ဆက်ပေးလိုက်သည် ။

••••• ••••• •••••  

ပုံပြင်ထဲတွင် ရိုးသားခြင်းကြောင့် တပည့်ကလေး က သမီးတော်ကို ပိုင်ဆိုင်ပြီး ကောင်းကျိုးချမ်းသာကို ခံစားခဲ့ရသည် ။ ယခုတော့ စာရိတ္တမကောင်းသည့် လူတစ်ယောက်ကြောင့် မစည်ကားအပ်သည့်အရပ်သို့ ရောက်ရပေဦးတော့မည် ၊ ထို့ကြောင့် သက်ပြင်းကို ခပ်လေးလေး ချလိုက်မိသည် ။

“ ဟင်း ... ”

ကားက ရုံးမှတ်တိုင်ကို ကျော်လာလေပြီ ။ နာရီကို ငုံ့ကြည့်ပြီး သားလေး ကျောင်းဆင်းတော့မည်ဟူသော အသိက ကျွန်တော့် ရင်အစုံကို လှုပ်ရှားရုန်းကန်စေသည် ။

“ ကျွီ ... ”

အမှတ်မထင် ကားဘရိတ်ကို ဆောင့်အုပ်လိုက်သောကြောင့် ခရီးသည်များ ဟန်ချက်ပျက်ကာ အရှေ့ဘက် သို့ ယိုင်လဲကုန်ကြသည် ။

“ ကားမမောင်းတတ်ဘူးလားကွ ၊ မင်းနားမလည်ဘူးလား ။ ငါ ... ”

ကားစပယ်ယာ၏ ဖရုဿဝါစာ စကားများနောက်တွင် ..

“ ကံကောင်းလို့နော် ၊ ဒရိုင်ဘာ အရှောင်မြန်လိုက်လို့ ”

“ လန့်လိုက်တာ ၊ ရင်တွေတောင် တုန်သွားတာပဲ ”

“ ဟုတ်ပါ့ ၊ ကျွန်မလည်း နံကို အောင့်သွားတာပဲ ၊ မမောင်းတတ်ဘဲနဲ့ လမ်းပေါ်တက်လာတာ ၊ သေချင်လို့နေမယ် ”

ကားပေါ်ရှိ ခရီးသည်များ အထိတ်တလန့်နှင့် တစ်ဖက်ကားသမားအား တစ်ယောက်တစ်ခွန်း မေတ္တာပို့သသံများ ဆူညံသွားသည် ။ ကျွန်တော်လည်း သက်မကို အသာချရင်း အပြင်သို့ လှမ်းကြည့်မိသည် ။ ကားဘီးများ က ရဲစခန်းရှိရာသို့ ပြန်လည်ဦးတည်၍ ထွက်ခွာစပြုပြီ ။

ထိုစဉ် ... ။

“ ဟယ် ..  ဟိုမှာ ပိုက်ဆံအိတ်မဟုတ်လား ”

“ ဟုတ်တယ် ဟုတ်တယ် ”

“ ပိုက်ဆံအိတ် ပြန်တွေ့ပြီဟေ့ ”

အတက်အဆင်းတံခါးနားတွင် ရုတ်တရက် တွေ့လိုက်ရသော ပိုက်ဆံအိတ်ကြောင့် ကားပေါ်မှ လူအများ၏ ဝမ်းသာအယ်လဲအသံများက ကားတစ်စီးလုံး လျှံထွက်သွားတော့သည် ။ ပိုက်ဆံအိတ်ပျောက်သည့် အမျိုးသမီးကလည်း သူ့အိတ်ပြန်ရသွားသဖြင့် အတုန်တုန် အယင်ယင် ဖြစ်ကာ အထဲတွင် ပါသမျှကို စစ်ဆေးနေသည် ။ မျက်ရည်များပင် ဝဲနေသေးသည် ။

“ ကဲ... ခင်ဗျားအိတ်လည်း ပြန်ရပြီဆိုတော့ ရဲစခန်း မသွားတော့ဘူး ။ ခရီးဖင့်တယ် ။ ကားပြန်လှည့်ဆရာရေ ”

စပယ်ယာ၏ စကားကြောင့် ခရီးသည်အားလုံး သက်မကိုယ်စီ ချလိုက်ကြသလို ထင်ရသည် ။

••••• ••••• •••••

နီးစပ်ရာမှတ်တိုင်၌ မှတ်တိုင်ကျော်သူများနှင့် ရော၍ ဆင်းလိုက်ရသည် ။ ကျွန်တော် ရှေ့မှ မြင်နေရသော ဆိုင်ကယ်ကယ်ရီကို ဈေးပင်မဆစ်နိုင်တော့ဘဲ ငှားလိုက် ရသည် ။ ဆိုင်ကယ်၏ အရှိန်က ကျောင်းရှိရာ ဦးတည်နေသော်လည်း ကျွန်တော့်စိတ်က ပို၍ မြန်နေသယောင် ထင်ရသည် ။

ပတ်ဝန်းကျင်ရှိ အရာဝတ္ထုတွေက ရိပ်ခနဲ ရိပ်ခနဲ ကျန်ရစ်ခဲ့သည် ။ သားလေး ကျောင်းလွှတ်နေပြီလား ။ ကြိုနေကျ သူ့အမေကို မတွေ့လျှင် သားလေး စိတ်မချမ်းသာ ဖြစ်တော့မည် ။

“ ညီလေးရယ်... ဒီ့ထက်မြန်မြန်မောင်းလို့ မရတော့ဘူးလား ”

ရှေ့မှ လေတိုးသံများကို ဆန့်ကျင်ပြီး ဆိုင်ကယ်သမား၏ နားကိုကပ်ကာ အသံမြှင့်ပြောလိုက်သော ကြောင့် ဆိုင်ကယ်မောင်းသမားလေးက ...

“ ဟာ ... အစ်ကိုကလည်း ဒီ့ထက်မြန်မြန်မောင်းရင် တိုက်ကုန်တော့မှာပေါ့ ။ အရေးထဲ ရှေ့မှာ ကားချင်းငြိနေပြီထင်တယ် ။ ကားတွေ ပိတ်နေတယ် ”

ပိတ်နေသော ကားတန်းဘေးမှ ဆိုင်ကယ်ကို ရှောင်တိမ်း၍ ဖြည်းဖြည်းမောင်းရင်း ကျောင်းကို မြန်မြန် ရောက်ဖို့ စိတ်စောနေမိသည် ။ ဘေး၌လည်း ဈေးသည်များ ၊ ဆိုင်ကယ် ၊ ဆိုက်ကားများနှင့် လူသွားလူလာများ ရှုပ်ယှက်ခတ်ပြီး အော်ဟစ်ဆူညံနေသည် ။ အနံ့အသက် ကလည်း မကောင်းလှ ။ ရှေ့ဘက် မျက်နှာချင်းဆိုင်လမ်း ၌ ဈေးသည်များ စွန့်ပစ်ပစ္စည်းများဖြင့် အလျှံပယ်ဖြစ်နေသော အမှိုက်ပုံကြီးက လမ်းနံဘေးတွင် မေးတင်နေသည် ။ ထိုအမှိုက်ပုံကြီးဘေးတွင် ညစ်ထေးစုတ်ပြတ်နေသော အဝတ်အစား ခပ်နွမ်းနွမ်းဖြင့် ကလေးနှစ်ယောက်က ပခုံးထက်ဆီတွင် ဆာလာအိတ်တစ်လုံးစီ ကျောပိုးထားလျက် အယုတ္တအနတ္တစကားလုံးများကိုသုံးကာ မိုးမွှန်အောင် ဆဲဆိုနေကြသည် ။ လက်တွေကလည်း မြန်မာတံဆိပ်ကပ် ဘီယာပုလင်းခွံတစ်လုံးကို တစ်ယောက်တစ်ဖက်စီ ဆုပ်ကိုင်ပြီး သူ့ဘက် ကိုယ့်ဘက် အပြိုင်လုဆွဲနေကြသည် ။ တစ်ယောက်က အမှတ်မထင် ဆောင့်တွန်းလိုက် ရာ ကျန်ကလေးက နောက်ပြန်လဲကျသွားသည် ။ ဘီယာ ပုလင်းခွံကို ရရှိထားသော ကောင်လေးက သူ့ကျောပေါ်က ဆာလာအိတ်ထဲသို့ နောက်ပြန်ပစ်ထည့်ပြီး အောင်နိုင်သူပီပီ ကျောခိုင်းထွက်ခွာသွားသည် ။

လဲကျသွားသော ကလေးက ကြိုးစားကုန်းထပြီး အနိုင်ပိုင်းလုသွားသော ကောင်လေး၏ နောက်ကျောကို လှမ်းကြည့်ရင်း ဖရုဿဝါစာပြောရင်း ကျန်ရစ်ခဲ့သည် ။ ထိုမြင်ကွင်းကို ကြည့်ရင်း ကျွန်တော့် ရင်ထဲ၌ သားလေး ကို သတိရလိုက်မိပြန်သည် ။

••••• ••••• •••••

ဆိုင်ကယ်က ကျောင်းရှေ့တွင် ထိုးရပ်လိုက်တော့ ကျောင်းလွှတ်ပြီး၍ ကျောင်းထဲမှ ထွက်လာသောကလေး တွေပင် လျော့ပါးနေပြီ ။ လက်မှနာရီကို ငုံ့ကြည့်လိုက်တော့ ၅ နာရီ ထိုးပြီး၍ ဆယ်မိနစ်ဖြစ်နေပြီ ။ ဆိုင်ကယ်သမားကို ပိုက်ဆံအမြန်ရှင်းပေးပြီး ကျန်နေသေးသော ကျောင်းသားများ ကြားထဲမှ သားကို အသည်းအသန် လိုက်ရှာရသည် ။ သစ်ပင်တစ်ပင်အောက်တွင် ငါးနှစ်သားအရွယ် ကျွန်တော့်သားလေးသည် မျက်လုံးပြူးကလေးဖြင့် တောင်ကြည့်လိုက် ၊ မြောက်ကြည့်လိုက်ဖြင့် အမျိုးသမီးများ ရှိနေသော နေရာများကို လိုက်ကြည့်နေသည် ။ ကျွန်တော်သည် သားဆီသို့ အမြန်ပြေးသွားကာ ရှေ့တည့်တည့်မှာရပ်ပြီး “ သား .. ” ဟု ညင်ညင်သာသာ ခေါ်လိုက်သည် ။ မျှော်လင့်မထားသောကြောင့် မျက်လုံးပြူးကလေးက ကျွန်တော့်ကို ဇဝေဇဝါနှင့် မော့ကြည့် လိုက်သည် ။ ပြီးမှ “ ဖေဖေ ” ဟုဆိုကာ ပြေးဖက်လေသည် ။

“ မသိပါဘူးကွာ ၊ ဖေဖေ့ကိုများ မသိတော့ဘူးလားလို့ ။ ပေး .. ပေး ... ဖေဖေ့ကို ကျောပိုးအိတ် ”

ကျွန်တော့်စကားကြောင့် သားက ကျောပိုးအိတ်ကို ချွတ်ပေးရင်း သွားကျိုးကလေးများပေါ်သည်အထိ ရယ်နေတော့သည် ။ သားက ကျွန်တော့်လက်ညှိုးကို သူ့ လက်ချောင်းလေးများနှင့် ဆုပ်၍ လွှဲကာလွှဲကာ လျှောက်နေသည် ။ ထုံးစံအတိုင်း တစ်လမ်းလုံးမြင်နေသမျှကို လက်ညှိုးတထိုးထိုးနှင့် မေးမြန်းနေသေးသည် ။ လမ်းထိပ် သို့အရောက်တွင် လက်ဖက်ရည်ဆိုင်မှ ပျံ့လွင့်လာသော ပူတင်းနံ့လေးကြောင့် သားကို ငုံ့ကြည့်လိုက်တော့ ကျွန်တော့်ကို မော့ကြည့်နေတဲ့ သား၏ မျက်ဝန်းတစ်စုံနှင့် တိုးနေသည် ။ သို့နှင့် ကျွန်တော်တို့ သားအဖနှစ်ယောက် လက်ဖက်ရည်ဆိုင်ထဲသို့ ခြေဦးလှည့်လိုက်မိကြသည် ။

••••• ••••• •••••

ပူတင်း စားနေသော သားကို စောင့်ရင်း ကျွန်တော် လည်း လက်ဖက်ရည်တစ်ခွက်ကို ဇိမ်ဆွဲ၍ သောက်နေမိသည် ။ ဆိုင်အပြင်ဘက်ရှိ လမ်းမပေါ်တွင် ဥဒဟိုပြေး လွှားနေသော ကားများကို ငေးနေစဉ် အတွေးတချို့က ကစဉ့်ကလျား ဝင်ရောက်လာခဲ့သည် ။

ကားပေါ်တွင် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်နှင့် အမှိုက်ပုံဘေး၌ မြင်ခဲ့ရသည့် ကလေးနှစ်ယောက်တို့၏ ပုံရိပ်များသည် ကျွန်တော်၏ အာရုံထဲတွင် လာငြိနေသည် ။ ထိုအချိန်တွင် ကျွန်တော့် မြင်ကွင်းထဲသို့ ကယ်ရီသမားတစ်ယောက်နှင့် မိန်းမကြီးတစ်ယောက်တို့၏ လှုပ်ရှားမှုတွေက တိုးဝင်လာခဲ့သည် ။ မျက်နှာအဆီတဝင်းဝင်း နှင့် ရုပ်ရည်အားဖြင့် အနည်းငယ်ကြမ်းသော ထိုမိန်းမကြီးသည် ဈေးခြင်းတောင်းတစ်ခုနှင့် ကားမှတ်တိုင်အနီးရှိ ကယ်ရီဂိတ်တွင် ကယ်ရီငှားနေပုံရသည် ။ ဈေးစကား ပြောနေကြသော်လည်း အဆင်ပြေပုံ မရသည်ကို ခန့်မှန်းမိသည် ။ အနားတွင်လည်း အခြားဆိုင်ကယ် မရှိ ။ ထို တစ်စီးတည်းသာ ။ ထိုအမျိုးသမီးကြီးက ဆိုင်ကယ်သမား နှင့် စကားပြောနေရင်း ကားလမ်းမ၏ ဘယ်ဘက်အခြမ်း သို့လည်း မကြာခဏ မျှော်ကြည့်တတ်သေးသည် ။ ထိုအချိန်တွင် မိန်းမကြီးသည် လက်ထဲမှ ဆွဲခြင်းကို ဆိုင်ကယ်နောက်မြီးပေါ် တင်လိုက်ပြီး ဟိုလျှောက်လိုက် ၊ သည်လျှောက်လိုက်ဖြင့် ဖုန်းပြော နေပြန်သေးသည် ။

ဖုန်းပြောနေရင်း အသံတဖြည်းဖြည်း မြင့်လာပြီး ကျွန်တော် ထိုင်နေသည့် လက်ဖက်ရည်ဆိုင်ထဲသို့ပင် တစ်ချက်တစ်ချက် အသံတွေ လွင့်စဉ်လာသေးသည် ။ ထို့နောက် အမျိုးသမီးကြီးက ချိုင်းကြားထဲမှ အိတ်မည်းမည်းကြီးကို ဆိုင်ကယ်ပေါ်တင်ပြီး ဒေါနှင့်မောနှင့် ဆက်ပြောနေသေးသည် ။ ထိုအချိန်တွင် အဲကွန်းကားတစ်စီး က မှတ်တိုင်မရောက်မီလေးမှာပင် ရုတ်တရက် ရပ်လိုက်သည် ။ နောက်ကား ပါလာပုံရသဖြင့် အသည်းအသန် လူတင်နေသော စပယ်ယာကြောင့် မိန်းမကြီးသည် ဖုန်းပြောနေရာမှ ဆိုင်ကယ်ပေါ် တင်ထားသော ဆွဲခြင်းကို ဆွဲကာ ကားပေါ်သို့ အပြေးအလွှား တက်သွားတော့သည် ။

အဲကွန်းကားကြီးသည် လေကို ခွင်းလိုက်သည့် မြားတစ်စင်းလို အရှိန်ပြင်းပြင်း မောင်းထွက်သွားသည် ။ ထို မြင်ကွင်းကို ကြည့်နေရင်း ကျွန်တော် အံ့သြနေမိသည် ။ ဆိုင်ကယ်ဘေးနားတွင် ရပ်နေသော ကယ်ရီသမားနှင့် ဆိုင်ကယ်နောက်ခုံပေါ်တွင် ဣန္ဒြေရရရှိနေသော အမျိုး သမီးကြီး ကျန်ခဲ့သည့် အမည်းရောင်အိတ်ကလေး ။ ကျွန်တော် ကြည့်နေတုန်း ဆိုင်ကယ်သမားက လျှပ်တစ်ပြက် လှုပ်ရှားလာသည် ။ ဆိုင်ကယ်ပေါ်ရှိ ပိုက်ဆံအိတ်ကလေးကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သေးသည် ။ ပြီးနောက် လမ်း၏ တစ် ဖက်ခြမ်းသို့ ထွက်သွားသည် ။ မိန်းမကြီးကို ပိုက်ဆံအိတ် လိုက်ပေးတော့မည်ဟု ကျွန်တော် ထင်လိုက်သေးသည် ။ သို့သော် သူ လိုက်ပေးမည် ဆိုလျှင် ဆိုင်ကယ်နှင့် လိုက်ရမည် ။ ယခု လမ်းကူးသွားပုံထောက်တော့ .. ။ ကျွန်တော် ဆက်မတွေးချင်တော့ ။ မြင်ကွင်းထဲတွင်တော့ ထိုဆိုင်ကယ်သမား၏ လှုပ်ရှားမှုတို့က ရှိနေတုန်းပင် ဖြစ်သည် ။

ခဏအကြာတွင် ကျွန်တော် မြင်လိုက်ရသည်က လေထဲသို့ မြောက်တက်လာသော အိတ်ကလေးသည် တံတားကို ကျော်ကာ ခပ်လှမ်းလှမ်းရှိ ချောင်းကလေးထဲသို့ ဦး စိုက်၍ ဆင်းသွားရှာလေသည် ။ ဆိုင်ကယ်သမားကလည်း သည်ဘက်သို့ ပြန်လည်လမ်းကူးလာပြီး သူ့ဆိုင်ကယ် ပေါ်တက်ကာ တစ်ရှိန်ထိုး မောင်းထွက်သွားသည် ။ သို့ သော် မိန်းမကြီး ပါသွားသော အဲကွန်းကားကြီးနှင့် ဆန့်ကျင်ဘက်အရပ်သို့ မောင်းထွက်သွားခြင်းသာ ဖြစ်ပါသည် ။ ကျွန်တော့် မြင်ကွင်းထဲတွင် ထိုဆိုင်ကယ်သမား ၏ ပုံရိပ်မှာ တဖြည်းဖြည်း သေးငယ်မှုန်မွှား သွားသည် ။ စိတ်ထဲ မတင်မကျ ရှိလာသည်နှင့် လက်ဖက်ရည်ဖိုး ရှင်းပေးပြီး သားကို လက်ဆွဲ၍ ထပြန်လာခဲ့သည် ။ ခေါင်းထဲတွင် ကားပေါ်၌ ကြုံခဲ့ရသည့်ဖြစ်ရပ်နှင့် ဆိုင်ကယ်သမားတို့၏ ပုံရိပ်များသည် ရွှေစွန်ညိုကဲ့သို့ တဝဲလည်လည် ဖြစ်နေတော့သည် ။ ထိုအကြောင်းတွေကို လွယ်လွယ်နှင့် မေ့ဖျောက်ပစ်၍ ရနိုင်မည် မဟုတ် ။ ထိုကဲ့သို့ စာရိတ္တ ချို့တဲ့သူများအကြောင်းကို အိပ်ရာဝင်ပုံပြင်များ အဖြစ် သားလေးအား ပြောပြချင်ပါသေးသည် ။

သို့သော် ရဲစခန်းသို့အသွားတွင် ကားဘရိတ် အုပ်လိုက်ချိန်၌ ကျွန်တော် ပစ်ချလိုက်သည့် ပိုက်ဆံအိတ်ကလေးကို မည်သူမျှ မမြင်လိုက်သည့် အကြောင်းကိုတော့ ပုံပြင်ထဲတွင် သားအား ထည့်ပြောနိုင်ရန် အလွန်အမင်း အားမွေးရပေဦးမည် ။

▢  သွန်းသစ္စာ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၁၇

Monday, December 29, 2025

ဒီလုံးလေး

 

❝ ဒီလုံးလေး ❞
     ( ပုံပြင် )

ရှေးသရောအခါ တောင်ခြေ တစ်ခုရှိ ရွာတစ်ရွာ၌ ဇနီးမောင်နှံ နှစ်ယောက်ရှိ၏ ။ သူတို့သည် ကလေး ရလိုလှသဖြင့် “ ဒီလုံးလေးလောက် သေးချင် သေးပါစေ ၊ တို့များမှာ ကလေး တစ်ယောက်လောက်များ ရှိမယ်ဆိုရင် သိပ်ပျော်မှာပဲ ” ဟု ပြောလေ့ရှိ၏ ။ နောက်များ မကြာမီ မယား သည် သားကလေး တစ်ယောက်မွေး၏ ။ ကလေးမှာ ဒီလုံး ထက် မကြီးချေ ။ အမှန်တကယ်ပင် ဒီလုံးထက် မကြီးပေ ။ လင်မယား နှစ်ယောက်စလုံးပင် အလွန် ပျော်ရွှင်ကြ၏ ။ ကလေး ကိုလည်း ဒီလုံး ဟူ၍ပင် နာမည် မှည့်ကြသည် ။

တစ်နှစ် ၊ နှစ်နှစ် ၊ ထို့နောက် နှစ်အတန် ကြာသည့်တိုင် ကလေး မှာကား လုံးဝ ကြီးထွား မလာပေ ။ တစ်နေ့တွင် အဖေသည် “ ဒီလုံး အဖေဖြင့် ပျော်နိုင်စရာ အကြောင်းကို မရှိဘူး ၊ မင်းလို ကလေးကို ကြီးထွားလာအောင် ဘယ်လိုနည်းကောင်းနဲ့ ကြိုးစားရပါ့မလဲ ” ဟု ပြော၏ ။ အမေ ကလည်း “ သားရယ် ၊ မင်းမှာ နည်းနည်းလေးမှ ထွားမလာဘူး ၊ အမေလည်း မင်းအတွက် စိတ်မကောင်းပါဘူး ” ဟု ပြော၏ ။

“ အဖေနဲ့ အမေ လုံးဝ စိတ်မကောင်း မဖြစ်ကြပါနဲ့ ၊ ကျွန်တော့် ပုံပန်းကို ကြည့်ပြီး ကျွန်တော့်ကို မဆုံးဖြတ်ပါနဲ့ ၊ တခြား လူတွေ လုပ်နိုင်သလို ကျွန်တော်လည်း လုပ်မယ် ” ဟု ဒီလုံး က ပြန်ပြော၏ ။

ဒီလုံးသည် နေ့စဉ် အလွန် ပင်ပန်းခံ၍ ဂရုတစိုက် အလုပ်လုပ်၏ ။ သူ၏ သေးငယ်သော ခန္ဓာကိုယ်သည် အလွန် သန်စွမ်းကျန်းမာလေသည် ။ သူသည် အလုပ်မျိုးစုံ လုပ်တတ်အောင် သင်၏ ။ မြည်းကို ဘယ်လို မောင်း၍ လယ်ကို ဘယ်လို ထွန်ရမည်ကို သိ၏ ။ ထင်းခွေရာတွင် အခြား မည်သူ့ထက် မဆို ပိုရအောင် ခွေနိုင်သည် ။ အကြောင်းမှာ ဒီလုံးသည် အိမ်ခေါင်မိုးလောက် မြင့်အောင် ခုန်နိုင်စွမ်း ရှိသည့်အပြင် အခြားလူများ မတက်ရဲသည့် အမြင့် ကိုလည်း တက်ဝံ့၏ ။ အိမ်နီးချင်း အားလုံးကပင် သူ့ကို ချီးမွမ်းကြသည် ။

“ ဒီလုံးလောက် သေးတာလည်း ဒီလုံးပဲ ရှိတယ် ၊ အလုပ်တော်တဲ့ နေရာမှာလည်း သူ့လောက် တော်တာ ဘယ်သူမှ မရှိဘူး ၊ မင်းတို့ မရှက်ဘူးလား ” ဟု ပြော၍ မကြာခဏ သူတို့ သားသမီးများကို ဆူပူ ဆုံးမတတ်၏ ။

သို့အတွက် ဒီလုံး၏ အဖေနှင့်အမေမှာ ပိုမို ဝမ်းသာလာရသည် ။

ဒီလုံးသည် အလုပ် ကြိုးစားရုံသာမက ပါးလည်းပါးနပ်လှ၏ ။ တစ်နှစ်တွင် ဆိုးဆိုးဝါးဝါး မိုးခေါင်သဖြင့် တစ်ရွာလုံး စပါးတစ်စေ့မျှ မရကြချေ ။ ရွာသားများ အတွက် စားစရာမရှိ ဖြစ်နေသော်လည်း မြို့တော်မှ အရာရှိကြီးများသည် ခါတိုင်းကဲ့သို့ပင် သီးနှံဖြင့် ပေးရသည့် အခွန် အကောက်များ ကောက်ရန် လာကြလေသည် ။

သို့ရာတွင် ရွာသားများသည် အခွန် မပေးဆောင်နိုင်သဖြင့် တရားသူကြီးက အမိန့်ထုတ်ပြန်၍ သူတို့၏ နွားနှင့် မြည်းများကို ဘုရင့်ဘဏ္ဍာ အဖြစ် သိမ်းလေသည် ။ အသိမ်းခံရသော တိရစ္ဆာန်များ မရှိလျှင် လယ်သမားများသည် လာမည့် မိုးကျတွင် လယ်လုပ်နိုင်တော့မည် မဟုတ်ချေ ။ အားလုံး အလွန် စိတ်ပျက်ကြ၏ ။ သို့ရာတွင် ဒီလုံးက “ စိတ်မပျက်ကြပါနဲ့ ၊ ကျွန်တော် အကြံ တစ်ခုရပြီ ” ဟု ပြောလေသည် ။ သူ့ကို မယုံကြည်သော ရွာသား အချို့က “ အကောင်သေးသေး လေမထွားနဲ့ ” ဟု လှမ်းဟောက်ကြသည် ။ ဒီလုံးသည် သူတို့နှင့် ဖက်ပြိုင် ငြင်းခုံ မနေတော့ဘဲ “ ကောင်းပြီ ၊ ခင်ဗျားတို့ စောင့်သာ ကြည့်နေကြ ” ဟူ၍ ပြန်ပြော၏ ။

ထိုညနေတွင် “ ဒီလုံး ” သည် တရားသူကြီး သိမ်းထားသည့် မြင်းဇောင်းသို့ ပြေးသွားလေသည် ။ တစ်ချက်တည်း ခုန်ကာ ခြံစည်းရိုးကို ကျော်လိုက်၏ ။ ထို့နောက် အစောင့်များ အိပ်မောကျသည့် တိုင်အောင် ပုန်းအောင်းကာ စောင့်နေ၏ ။ အစောင့်များ အိပ်ပျော်သောအခါ သူသည် မြည်းတစ်ကောင်ကို ကြိုးဖြေလွှတ်ပြီး မြည်း၏ နားရွက်ထဲ ခုန်ဝင်လိုက်ကာ အော်လေ တော့၏ ။ အော်သံကြောင့် အစောင့်များ နိုးလာပြီးလျှင် အလန့်တကြားပင် “ မြည်းသူခိုးဗျို့ မြည်းသူခိုး ” ဟု ဟစ်ကြသည် ။ လျင်မြန်စွာ ဓားလှံများကို ကောက်ကိုင်ကာ နေရာအနှံ့ ရှာဖွေကြ၏ ။ ထပ်ခါထပ်ခါ ရှာဖွေသော်လည်း သူခိုး တစ်ယောက်ကိုမျှ မတွေ့နိုင်ဘဲ ရှိကြ၏ ။ သူတို့ ပြန်အိပ်ကြသည်နှင့် တစ်ပြိုင်နက် အော်သံသည် ထပ်မံပေါ်လာပြန်လေသည် ။ ခုန်ထကြပြီး အနီးတဝိုက်တွင် တဖန် ရှာဖွေပြန်သော်လည်း သူခိုးကို မတွေ့ရ ။ အချည်းအနှီးသာ ဖြစ်၏ ။ သန်းခေါင် မကျော်မချင်း ဤသို့ အော်သံ ပေါ်လာလိုက် ၊ ထရှာလိုက်နှင့် အစောင့်များမှာ အတော်မော နေကြတော့၏ ။ အစောင့်များ၏ ဗိုလ်လုပ်သူက ...

“ ကဲ ... တစ်ခုခုတော့ ဖြစ်နေပြီ ၊ ဒါကို ဂရုစိုက် မနေကြနဲ့တော့ ၊ အိပ်သာ အိပ်ကြစို့ရဲ့ ” ဟု ပြောပြီး ပြန်လှဲအိပ်လိုက်ကြ၏ ။ အလွန် မောပန်းနေသည့် အတွက် မကြာမီ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည် ။ ဤတွင်မှ ဒီလုံးသည် မြည်းနားရွက် ထဲမှ ခုန်ဆင်းလိုက်၏ ။ နောက် တံခါးကို ဖွင့်ပြီး တိရစ္ဆာန် အားလုံးကို ရွာသို့ ပြန်မောင်းယူသွားလေသည် ။

တိရစ္ဆာန်များကား လွတ်သွားပေပြီ ။ သို့သော် တရားသူကြီးမှာ အလွယ်တကူ အလျှော့ပေးမည့်သူ မဟုတ်ပေ ။ ထို့ကြောင့် မိုးလင်းသည်နှင့် တစ်ပြိုင်နက် အစောင့်များနှင့် အတူ လယ်သမားများကို ဖမ်းရန် ရွာသို့ သွားလေသည် ။ ရွာသားများ စုရုံးမိသော အခါ ဒီလုံး သည် ပရိသတ် ရှေ့သို့ ခုန်ဝင်လိုက်ပြီး ...

“ တိရစ္ဆာန်တွေကို ကျုပ် ပြန်မောင်းလာတယ် ၊ ဒါကို ခင်ဗျားက ဘာလုပ်ချင်သလဲ ” ဟု ပြောလိုက်၏ ။

တရားသူကြီးသည် “ ကြိုးနဲ့ တုပ်လိုက်စမ်း ၊ ကြိုးနဲ့ တုပ်လိုက်စမ်း ” ဟု အော်ဟစ်လေသည် ။

အစောင့်များသည် သံကြိုးများကို ထုတ်လိုက်ပြီး “ ဒီလုံး ” ကို တုပ်နှောင်ရန် ကြိုးစားကြ၏ ။ သို့ရာတွင် ဒီလုံး သည် အလွန်သေးငယ်သောကြောင့် သံကြိုးများ ကြားမှ ခုန်ထွက်လိုက်နိုင်၏ ။ ထိုနေရာတွင် မတ်တတ်ရပ်လိုက်ကာ အစောင့်များကို ရယ်မောပြောင်လှောင်လေသည် ။

ဘာလုပ်ရမှန်း မသိသဖြင့် အစောင့်များသည် သူ့ကို ဝိုင်းကြီးပတ်ပတ် လှည့်ကာ ပြေးနေကြ၏ ။ သို့သော် တရားသူကြီးမှာ ဉာဏ်ပါးသူဖြစ်၏ ။

“ ဒီလုံးကို ပိုက်ဆံအိတ်ထဲ ထည့်ပြီး ဌာနချုပ်ကို ခေါ်ခဲ့ ” ဟု ပြောလေသည် ။ ခန်းမထဲတွင် ဟန်ကျပန်ကျ ထိုင်ချလိုက် ပြီးသောအခါ တရားသူကြီးသည် စားပွဲ စောင်းကို လက်သီးနှင့် ထုပြီး ...

“ ဒီကောင်လေးကို နာနာရိုက်စမ်း ” ဟု အော်၍ အမိန့်ပေးလေသည် ။

ဒီလုံးသည် ဟိုဘက် ခုန်လိုက် ဒီဘက် ခုန်လိုက်ဖြင့် ရှောင်တိမ်းလေရာ အင်မတန် ဖျတ်လတ်လွန်းသဖြင့် အစောင့်များသည် သူ့ကို ရိုက်ဖို့ ကြိုးစားကြ သော်လည်း ရိုက်မရပေ ။ တရားသူကြီးမှာ ဆွေ့ဆွေ့ခုန် အမျက်ဒေါသ ထွက်စွာဖြင့် ...

“ နောက်ထပ် တုတ်နဲ့ အစောင့်တွေ ထွက်ခဲ့စမ်း ” ဟု အော်ဟစ်လေသည် ။

ဤအမိန့်ပေးသံကို ကြားသောကြောင့် “ ဒီလုံး ” သည် ဟိုဟိုဒီဒီ ခုန်လွှားရှောင်တိမ်း ခြင်းကို ရပ်လိုက်၏ ။ တရားသူကြီး၏ မုတ်ဆိတ် ပေါ်သို့ တစ်ချက်တည်း ခုန်တက်လိုက်၏ ။ ထို့နောက် မုတ်ဆိတ်မွေးကို မြဲမြံစွာ ဖမ်းကိုင်လိုက်ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အဆက် မပြတ် ရှေ့တိုးနောက်ငင် ယီးလေးခို စီးလေတော့သည် ။ တရားသူကြီးသည် နာကျင်သဖြင့် ကျယ်လောင်စွာ ညည်းတွားနေရင်းမှ “ သူ့ကို လွင့်စဉ်သွားအောင် ထိုးလိုက်ကြစမ်း ၊ လွင့်သွား အောင်ထိုးကြစမ်း ” ဟု အော်ဟစ် အမိန့်ပေးလေသည် ။

အစောင့်များလည်း ပြေးဝင်လာပြီး လက်သီးနှင့် ဝိုင်းထိုးကြ၏ ။ ဒီလုံး ကိုကား မထိ ။ တရားသူကြီး ကိုသာ ထိုးမိကြသဖြင့် တရားသူကြီး၏ သွားအားလုံး ကျွတ်ထွက်ကုန်လေတော့သည် ။ ခန်းမ အတွင်းရှိ လူအားလုံး ထိတ်လန့်တကြားဖြင့် တရားသူကြီးကို ပြုစုရန် ပြေးလာကြ၏ ။ ဒီလုံးသည် ပျော်ရွှင်စွာပင် အေးအေးဆေးဆေး လျှောက်ကာ ထွက်သွားလေတော့သတည်း ။

( ဘာသာပြန် )

〇 မောင်မင်းဝေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၈ ၊ ဒီဇင်ဘာ

အတောင်ပါတိုင်း ငှက်ဆိုလျှင်


 

❝ အတောင်ပါတိုင်း ငှက်ဆိုလျှင် ❞
             ( ဖော်ဝေး )

တွေ့ကြသေးတာပေါ့လေ ။

မိန်းမလှတို့ မုန်းပြီ ဆိုမှဖြင့် တေး၍ မှတ်၍ပင် မဆုံးနိုင် ။ ခုလည်း ကြည့်လေ ၊ အေးအေးမာ တစ်ယောက် မျက်နှာက တင်းနေသည် ။ မာနေသည် ။ စဉ်းစားရင်းကပင် သည်လောက် ဖြစ်နေသည် ဆိုတော့ ရင်ဆိုင်တွေ့ကြပြီဆို တွေးရန်ပင် မဝံ့ ။ အေးအေးမာ အဖို့တော့ ဒါက ဘဝက ပေးအပ်လာသည့် ပြဿနာ ။ တစ်သက်လုံး လူတကာ အပေါ် အနိုင်ယူခဲ့သမျှ အထိနာခဲ့ရသော သည်အစိုင်အခဲကို အေးအေးမာ မွေးမြူထားသည်မှာ ကြာပြီဟုတော့ ဆိုနိုင်သည် ။ ဆိုကြပါစို့ သုံးနှစ် ။ တကယ်တော့လည်း သုံးနှစ် ဆိုသည့် အချိန်သည် လုပ်ရင်းကိုင်ရင်း သွားရင်း လာရင်း ၊ ကုန်လွယ်မြန်လွယ်သည် ဟုလည်း ပြောနိုင်ပါသည် ။ သို့ပေမဲ့ သည်သုံးနှစ် အတွင်း သည်အစိုင်အခဲ ကတော့ အေးအေးမာ ရင်ထဲ ဘယ်တော့မှ ကျေပျက်သွားသည် မရှိ ၊ မတွေးမိရင်တော့လည်း အကောင်းသား ။ တိုက်တိုက်ဆိုင်ဆိုင် တွေးမိ စဉ်းစားမိလျှင်ဖြင့် အခံရ ခက်လို့ပင် မဆုံးနိုင် ။ အမှန်လည်း သည်လို သာမန်ကိစ္စရပ်ကလေးများ ကိုသာ ကြီးကြီးကျယ်ကျယ် လုပ်နိုင်ရှာသည့် သည်လိုပတ်ဝန်းကျင်မျိုးက မိန်းကလေးမို့ သည်လိုသာ ဖြစ်ရမှာပဲ ။ အေးအေးမာ တစ်ယောက်တည်း ကိုသာ ကွက်၍ အဖြစ်ဆိုးလျှင်တော့လည်း မတရားပါ ။ ပြောကြစတမ်း ဆိုလျှင် ဒါက ရာဇဝင်လာ ထုံးစံ ။

ဦးမြသောင်း နှင့် လက်ထပ်ပြီးကတည်းက သည်မြေမှ အေးအေးမာ ခွာခဲ့ချေသည် ။ သည်အချိန်တုန်းကတော့ သည်မြေက ခွာခဲ့ရသည့်အတွက် အေးအေးမာ တစ်စက် ကယ်မှ ဝမ်းမနည်း ၊ မကြေကွဲ ။ အမေ့ကို ခွဲခဲ့သည့် အတွက်မူ စိတ်မကောင်းဖြစ်မိရသေးသည် ။ ဒါပေမဲ့ အမေက အေးအေးမာ တို့ဆီ တစ်လှည့် သူ့အိမ် တစ်လှည့် ပြန်နေသည်မို့သာ ဖြေသာပါသည် ။ ဦးမြသောင်း နှင့် လက်မထပ်ခင်ကတော့ သည်မြေ သည်ရေကို အေးအေးမာ အချစ်ဆုံး ။ အခင်တွယ်ဆုံး ။ သည်မြေကို မုန်းခဲ့ရသည်က လက်မထပ်ခင် လပိုင်းလေး အလိုကမှ ။

အဓိကတရားခံကတော့ မောင် ။ ဟုတ်သည် ။ မောင် ကြောင့် ။ မောင် သာ မရက်စက်လျှင် အေးအေးမာ တစ်ယောက် သည်အရပ်သူသာ ဖြစ်ရမည် ။ သည်လိုသာ အေးအေးမာ စွဲယူသည် ။ တကယ်တော့ အေးအေးမာ မှာ သည်အရပ်ကို တကယ်ချစ်သည် ။ ခင်တွယ်သည် ။ သို့မို့ကြောင့်လည်း ပြန်လည်း ပြန်ချင်သည် ။ မပြန်လည်း မပြန်ချင် ။ ပြန်ချင်သည်ကလည်း ‘ မောင် ’ ကြောင့် ။ မပြန် ချင် သည်ကလည်း ‘ မောင် ’ ကြောင့် ။ မပြန်ချင်တာကလည်း မုန်းသူ နာသူ မျက်နှာကို မကြည့်လို၍ ၊ ပြန်ချင် တာကလည်း မုန်းသူ နာသူကို လက်စားချေလို၍သာ ဖြစ်သည် ။ သည် ချင်ခြင်းက အေးအေးမာ ရင်ထဲ စွဲဝင်သည်မှာလည်း ကြာပြီ ။ ယခုတော့မူ အေးအေးမာ အလို ပြည့်ပေတော့မည် ။

မနေ့ကမူ မေမေ အသည်းအသန်ဖြစ်ကြောင်း ကြေးနန်း ရောက်လာသည် ။ သည်တော့ အေးအေးမာ မပြန်၍ မဖြစ် ။ ဦးမြသောင်း ကလည်း ခွင့်ယူနိုင်သည်မို့ အေးအေးမာ ကို လိုက်ပို့ပေးမည့်သူ ရှိသည် ။ သည်တော့ သုံးနှစ်ကြာ ခွဲခွာခဲ့ရသော မြေကို အေးအေးမာ ပြန်ဖြစ်ရတော့သည် ။

ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာလာကတည်း က အေးအေးမာ အသိထဲ အသည်းအသန် ဖြစ်နေသော မိခင် ကွယ်ပျောက်သွားသည် ။ သည်မြေတွင် ‘ မောင် ’ က ရှိသည်မို့ ရင်တော့ နည်းနည်းတုန်မိသား ။ သို့ပေမဲ့ အနိုင်ယူနိုင်သည့် အချက်တွေက ကိုယ့်ဘက်က တစ်လှေကြီး မို့ အေးအေးမာ ကျေနပ်သည် ။ ရင်ကို ကော့၍ မော့လိုက် မည်ဟု ရင်ထဲက ကျူးရင့်သည် ။ သည်တစ်ခါတော့ အေးအေးမာ ဘက်က အနိုင်ပဲ ။

ရထားက တရိပ်ရိပ် ပြေးနေသည် ။ သည်လမ်း ၊ သည်ခရီးကို တစ်ချိန်ကတော့ အေးအေးမာ အခေါက်ခေါက် အခါခါ သွားလာခဲ့ဖူးသည် ။ အေးအေးမာ တို့ ရန်ကုန် ဆရာအတတ်သင်သိပ္ပံသို့ လာတက်စဉ် ကျောင်းပိတ်တိုင်း သည်လမ်းက ရထားနှင့်ပဲပြန်သည် ။ ကျောင်းဆင်းပြီး ဆရာမ ဖြစ်တော့လည်း ရန်ကုန်ကို မကြာမကြာ ရောက်သည်မို့ သည်လမ်းကတော့ ကိုယ့်ဆွေကိုယ့်မျိုးလမ်း ။ ခုတော့လည်း သုံးနှစ်ကျော် ခွဲခွာခဲ့ရသည်မို့ နည်းနည်းတော့ သစ်ဆန်းနေသား ။

“ အဝေးကြီးကျန်သေးတာပဲ မာ ၊ မေမေ့အတွက် သည်လောက်လည်း စိတ်ပူမနေစမ်းပါနဲ့ ၊ လူကြီးရောဂါဟာ သည်လိုပဲပေါ့ မာရယ် ၊ ကဲ ... နည်းနည်း မှိန်းလိုက်ပါဦး အားရှိသွားအောင် ”

“ နေပါစေ ကိုကို ၊ မာ မအိပ်ချင်ပါဘူး ၊ ကိုကိုသာ အိပ်ပါဦး ၊ ညက ကိုကို အိပ်ပျက်ထားတာ ”

အေးအေးမာသည် ခင်ပွန်းသည်ကို တစ်ချက်မျှသာ လှည့်ကြည့်၍ ငြိမ်သွားပြန်သည် ။ ရထားမှန်ပြတင်းပေါက်မှ ကျော်၍ အဝေးရှုခင်းကိုသာ ငေးကြည့်နေသည် ။ ရင်တွင်းမှာတော့ စောစောက အတွေးတွေ လှိုင်းထဆဲ ။

သည်အချိန်မှာပဲ မိုးတွေက ညိုလာသည် ။ ကောင်းကင်တစ်ပြင်လုံး ညိုမှိုင်းနေသည် ။ ဟိုအဝေး တောင်ခြေ ဆီမှာတော့ မိုးရွာနေပေပြီ ။ မကြာခင် သည်မိုးက ကူးလာတော့မည် ။ အေးအေးမာသည် တောင်ခြေဆီမှ ပြေးလာသော မိုးဖွဲတွေကို ကြည့်ရင်း ငိုင်နေမိသည် ။

သည်လို အချိန်မျိုးပေပဲ ။ ‘ မောင့် ’ မျက်နှာကို စေ့စေ့ ကြည့်ပြီး မောင့်အပါးမှ ငိုပြေးခဲ့ရသည့်အဖြစ် ။ အေးအေးမာ သည် မသိမသာ အသက်အောင့်ထားလိုက်မိသည် ။ ကြေကွဲသလို ဖြစ်မိရာမှ အေးအေးမာ အသိပြန်ဝင်လာသည် ။ သည်တော့ အေးအေးမာ မျက်နှာက အလိုလို ပြန်တင်းလာပြန်သည် ။ ဒင်းကြောင့် ဟုတ်သည် ။ ဒင်းကြောင့် ။

ဟိုတုန်းကလည်း

“ ချေးထဲက လောက် ချေးထဲပဲ ပျော်နေတာပေါ့ ”

သည်လိုသာ အေးအေးမာ ဆိုခဲ့ဖူးသည် မဟုတ်လား ။

“ မဟုတ်ဘူးမောင် ၊ မဟုတ်ဘူး ၊ အေး ကို မောင် သက်သက် အထင်လွဲနေတာ ၊ အေး ဂုဏ်မမက်ဘူး ဆိုတာ မောင် သိပါတယ် မောင်ရယ် ၊ ခုဟာက အားလုံးအတွက် မောင် ဒီလောက်တော့ လိုက်လျောသင့်ပါ တယ် ”

အေးအေးမာ ၏ မျက်နှာသည် ပြောရင်းက ညိုလာသည် ။ ငိုတော့မလို ။ ကိုကျော်မောင် ကတော့ အေးအေးမာ ကို တစ်ချက်သာ လှည့်ကြည့်ရင်း ငါးစာ ပြန်တပ်နေသည် ။ ပြီးမှ ရေလယ်သို့ ငါးမျှားချိပ်ကို ပစ်ချလိုက်သည် ။

“ အေး ဂုဏ်မမက်ဘူး ဆိုတာ မောင် ယုံပါတယ်အေး ၊ ဒါပေမဲ့ ခုဟာက မောင့်ကို အေးတို့ အသိုင်းအဝိုင်းက အထင်ကြီးလှတဲ့ ဂုဏ်မျိုး ရှာခိုင်းနေတာ မဟုတ်လား ၊ စဉ်းစားကြည့်ပါ အေး ၊ မောင့်ပညာအရည်အချင်းနဲ့က ရလှမှ မူလတန်းကျောင်းဆရာလောက် ၊ အောက်တန်းစာရေးလောက် ဖြစ်မှာပေါ့ ။ ဒါတွေလည်း မောင် မလုပ်ချင် ဘူးဆိုတာ အေး သိပါတယ် ။ အရင်ကတော့ အေး ဘာမှ မပြောခဲ့ဘဲနဲ့ ခုမှ ဒါကို အတင်း လုပ်ခိုင်းတာကတော့ကော ဘာကြောင့်လဲ အေး ၊ မောင့်ကို ဒီလို အကျပ်မကိုင် သင့်ပါဘူး အေးရယ် ”

ကိုကျော်မောင် အသံက တုန်နေသလို ရှိသော်လည်း ပီသပြတ်သားသည် ။ အေးအေးမာ မျက်နှာကတော့ ညိုမှိုင်းဆဲ ။ သည်တော့ ကိုကျော်မောင် သည် တည်တည် ငြိမ်ငြိမ်ပင် မတ်တတ်ရပ်သည် ။

“ ကဲ ... အေး ၊ မောင်တို့ ဟိုလယ်တဲလေးထဲ သွားရအောင်လား ၊ ဒီမှာက စိုစိုစွတ်စွတ်နဲ့လာ ”

ချစ်သူနှစ်ဦးသည် တစ်လှမ်းချင်း တဲငယ်ဆီသို့ ထွက်ခွာသွားနေကြသည် ။ နှစ်ဦးစလုံးပင် ခေါင်းတွေက စိုက်စိုက် ။

အမှန်တော့ သည်ပြဿနာကို သယ်ဆောင်လာသူက အေးအေးမာ ။

မနေ့ညက အေးအေးမာတို့ အိမ်တွင်းတိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့သည် ။ အေးအေးမာ ၏ အမေသည် အေးအေးမာ ကို သူသဘောတူသည့် သူနှင့် သည်တစ်ခါတော့ အကျပ်ကိုင်လာသည် ။ ဟိုအစောပိုင်းကတည်းက သည်ပြဿနာ ရှိနေသည် ။ သည်တုန်းကတော့ တစ်မြို့လုံး သိနေသည် ။ ကိုကျော်မောင် နှင့် မိမိအကြောင်းကို ဖွင့်ပြောလိုက်သည် ။ အမေ သည် သည်သတင်းကို ကြားထားပြီး ဖြစ်သဖြင့် ထူးထူးခြားခြားတော့ မဖြစ် ။

“ အမေ သိပါတယ် သမီး ၊ အမေနဲ့ သမီး ဒီနှစ်ယောက်တည်း ရှိတဲ့ အိမ်ထောင်မှာ အမေ့သမီးက အမေ့ ကို ရှိတယ်လို့တောင် မထင်ဘဲ ထင်ရာစိုင်းခဲ့ပေမဲ့ အမေ မပြောခဲ့ပါဘူး ၊ ဒီတစ်ခါတော့ အမေ ပြောရမယ်သမီး ၊ သမီး ငယ်ငယ်ကတည်းက သမီးအဖေ ဆုံးခဲ့တာ အမေ ဟာ နောက်အိမ်ထောင် မပြုဘဲနဲ့ သမီးလေးမျက်နှာငယ်မှာစိုးလို့ ဘယ်လောက် ထိန်းသိမ်းခဲ့တယ်ဆိုတာ သမီး သိပါတယ် ။ အမေ သမီးကို ဒီလောက်ချစ်တယ်လို့ တိုင်းတာပြတာ မဟုတ်ပါဘူး ။ စကားနဲ့ ပြောလို့မရတဲ့ အထိ သမီးကို အမေ ချစ်တယ်ဆိုတာ သမီးယုံပါ ။ သမီး လုပ်ချင်တာ လိုချင်တာတွေ အားလုံးအတွက် အမေ လိုက်လျောခဲ့ပြီးပြီ ။ ဒီတစ်ခါတော့ အမေ့သဘောကို သမီး လိုက်လျောလိမ့်မယ်လို့ အမေ ယုံထားတယ် သမီးရယ် ”

အမေ့ ဆီက ဒီလို တုံ့ပြန်လာတော့လည်း အေးအေးမာ တစ်ယောက် ငိုင်ချက်သား ကောင်းနေသည် ။ သည်တစ်ခါတော့ သည်လိုနှင့်ပင် သည်ပြဿနာ လိပ်ခဲ တည်းလည်း ဖြစ်ခဲ့သည် ။ ဒါပေမဲ့ အမေ သဘောတူသူ ကလည်း ဆိုင်းမနေချင်တော့ ။ သည်အမေ သဘောတူသူ ဆိုသူကလည်း အေးအေးမာ နှင့် ကျွမ်းဝင်ပြီးသား ။ အမေနှင့် ညီအစ်မ လို ခင်ကြသည့် ဒေါ်မြနှစ် ၏ သား ကိုမြသောင်း ၊ အေးအေးမာ တစ်ယောက် ဆရာအတတ်သင် လာတက် ကတည်းက ကိုမြသောင်း တစ်ယောက် အေးအေးမာ ထံမှောက် အခစား ရောက်ရသည် ။ အမေသည် ကိုယ်တိုင် လိုက်၍ အေးအေးမာ ကို ကိုမြသောင်း လက်ထဲ အပ်သည် ။ သည်တုန်းကတော့ သည်လောက် အထိ ဖြစ်လာလိမ့်မည်ဟု အေးအေးမာ မတွေးမိခဲ့ပါ ။ အေးအေးမာ ရင်ထဲ မောင် က လွဲလို့ ဘယ်သူမှ မရှိ ။ ယောင်လို့မှလည်း စိတ်မလှုပ်ရှားမိ ၊ တဖြည်းဖြည်းနှင့် ကိုမြသောင်း တစ်ယောက် အကဲမလှတော့ပြီကို အေးအေးမာ သိခဲ့ပါသည် ။ ဒါကြောင့်လည်း အေးအေးမာ ရှောင်ခဲ့ သည် ။ ကိုမြသောင်း ကတော့ ဝတ္တရားကြီးစွာ ကျောင်းသို့ လာမြဲ ၊ သည်တော့လည်း သုံးလေးခါလောက် လာမှဖြင့် တစ်ခါလောက်မျှ ဆင်းမတွေ့လျှင် မဖြစ်သည်မို့ ဆင်းတွေ့ဖြစ်ရသည် ။ တကယ်တော့ ကိုမြသောင်း လည်း ချစ်ကြောင်းဖွင့်ဟ ပြောလာသည် မဟုတ်တော့ အေးအေးမာ က မောင် နဲ့ သူတို့ အကြောင်း ပြောမပြဖြစ်ခဲ့ ။ ကိုမြသောင်း ကတော့လည်း သူမသိ ငါပိုး ။

ကိုမြသောင်း တစ်ယောက် ကိုင်မယ့် ကိုင်တော့လည်း အညှာ ကိုမှ ကိုင်ခဲ့သည် ။ အမေ ကိုယ်တိုင်က အစကတည်းက သဘောကျပြီးသားမို့ ကိုမြသောင်း ၏ ကမ်းလှမ်းချက်ကို တပြုံးပြုံး ဖြစ်နေသည် ။

သည်အချိန်တုန်းကလည်း မောင် က

“ ဒါက အေး အပေါ် မူတည်တာပေါ့ အေးရယ် ၊ မောင့် ဘက်ကတော့ အေး မြင်တဲ့အတိုင်းပေါ့ ။ မောင် ဘာမှ ထင်မြင်ချက် မပေးလိုဘူး ၊ အေး သတ္တိရှိတဲ့နေ့ မောင့်ဆီ လာခဲ့ပါ ။ မောင် နေသလိုတော့ နေရမယ် အေး ၊ အမေ ကတော့ မောင့်ကို လုံးလုံးသဘောမတူနိုင်ဘူး ဆိုတာ မောင် နားလည်ပါတယ် ၊ အေးပဲ ဆုံးဖြတ်ပါ အေး ”

ဒီလိုသာ ပြောခဲ့သည် ။ သည်တော့လည်း အေးအေးမာ ...

“ စိတ်ချပါမောင် နောက်ဆုံး အမေက အတင်းအကျပ် လုပ်လာရင် မောင့်ဆီ အေးပြေးခဲ့မှာပါ ၊ အေး ကို ယုံပါ မောင် ၊ အေး ဘဝမှာ မောင် ပဲ အေးရဲ့ အရှင်သခင် ဖြစ်ရမယ် ”

ဒီလို ပြောခဲ့သေးသည် ။

သည်ည ကျမှ အမေက အဆုံးစွန်သော စကားကို ဆိုလာသည် ။

“ အမေ့လည်း အသက်ကြီးပြီ သမီး ၊ သမီး စိတ်ထဲ ဘယ်လိုဖြစ်နေတယ် ဆိုတာ အမေ သိပါတယ် ။ ဒါပေမဲ့ သမီး သိပ်ပြီး စိတ်ကူးယဉ်နေတယ် သမီးလေး ၊ သမီးရဲ့ မောင်ကျော်မောင် ကိုတော့ အမေ လုံးလုံး သဘောမတူနိုင်ဘူး သမီး ၊ ခုထက်ထိ ဒီအသက်အရွယ်နဲ့ ကလေကချေ လုပ်နေတုန်းပဲ ။ သူ့ပညာလောက်နဲ့လည်း တို့ မြို့လေးလိုမှာ ဂုဏ်မငယ်လှပါဘူး ။ အလုပ် တစ်ခုခုလောက်တော့ လုပ်သင့်ပါတယ် ။ အမေ နောက်ဆုံး ပြောမယ် သမီး ၊ မောင်ကျော်မောင် ဒီအချိုးကို ပြင်ပြီး အလုပ် တစ်ခုခုကို လုပ်ပြီ ဆိုရင် အမေ သမီးတို့ ချစ်ခြင်းကို မကန့်ကွက်တော့ဘူး ။ သမီးတို့ သဘောပဲ ”

အမေ့ သဘောကလည်း မဆိုးလှပါဘူး ။ သည်လိုသာ အေးအေးမာ စိတ်ထဲ မှတ်ယူခဲ့သည် ။ အေးအေးမာ တစ်ယောက် မျှော်လင့်ချက်ရောင်ခြည် လက်ခနဲ တွေ့လိုက်ရသည်မို့ ပျော်တပြုံးပြုံး ဖြစ်သွားရသည် ။ အေး ကို ချစ်လွန်းသည့် မောင်မို့ အေးပြောလျှင် မောင် သည် လောက်တော့ အေးရော မောင့်အတွက် ဝမ်းပန်းတသာ ဆောင်ရွက်ပေလိမ့်မည်ဟု အေးအေးမာ ထင်သည် ။

မေမေ က ပြောလည်း ပြောချင်စရာ ။ အေးအေးမာ တစ်ယောက် အတွေးများက ဟိုသည် လူးလာခတ်နေသည် ။ မောင့်ကို အလုပ်လုပ်ဖို့ အေးအေးမာ ကိုယ်တိုင် ကတော့ တစ်ခါမှ မတိုက်တွန်းစဖူး ။ တစ်ခါကတော့ သူငယ်ချင်းတွေက နောက်ပြောင်ကြသဖြင့် အေးအေးမာ က ကိုကျော်မောင် ကို ပြန်ပြောဖူးသည် ။

“ သူတို့ အမြင်ကျတော့ သည်လိုပဲ ဖြစ်မှာပေါ့ အေး ၊ ဒီအတိုင်းလည်း မောင်တို့ မြို့ကလေးမှာက ရှိခဲ့ဖြစ်ခဲ့တာကိုး ။ ကိုးတန်း ၊ ဆယ်တန်းလောက် အောင် , အောင် သင် ၊ တက္ကသိုလ် မတက်နိုင်ရင် ကျောင်းဆရာလေး ၊ စာရေးလေး ဝင်လုပ် ၊ ဒါပဲပေါ့ ။ လူကြီးတွေကလည်း သူတို့ သားသမီးတွေကို ဒီလိုမှ မမြင်ရင် ဂုဏ်ငယ်တယ် ထင်ကြတာပဲ ။ လူငယ်တွေကလည်း ဘာအစွမ်းအစမှ ကြိုးစား မထုတ်ချင်တော့ ချော်လဲ ရောထိုင်ကုန်ကြတာပေါ့ အေး ၊ မောင် ကတော့ ဒါမျိုး ဝါသနာမပါဘူး ။ မောင် မီးရထားဘူတာနဲ့ ကားဆိပ်မှာ စာအုပ်တွေ လက်ပွေ့ ရောင်းနေတုန်းက တချို့ မိန်းကလေးသူငယ်ချင်းတွေများ မောင့်ကို မြင်တာတောင် မခေါ်ကြတော့ဘူး ။ သူတို့က ဆရာမကြီး စာရေးမကြီးတွေ ဖြစ်နေပြီကိုး ။ ဂုဏ်ငယ်သွားကြမယ်လို့ ထင်တယ် ထင်ပါရဲ့ ။ ခု စာအုပ်ဆိုင်လေး ဖွင့်နိုင်မှပဲ နည်းနည်း အပြောအဆို အဆက်အဆံ လုပ်လာကြတယ် ။ တကယ်တော့ ရယ်စရာကောင်း လှသပေါ့ ။ မောင် မရယ်ရက်ပါဘူး ။ ဒါတွေက သူတို့ အပြစ်တွေချည်းပဲ မဟုတ်ဘူး ၊ ဒီမြို့လေးရဲ့ ဘိုးဘေး အစဉ်အဆက်ကကို သင်ပေးထားတာပါ ။ ခု မောင် စာအုပ်ဆိုင် ဖွင့်တယ် ၊ စာအုပ် ရောင်းတယ် ၊ သတင်းစာ ပို့တယ် ၊ ဒါကို မောင့်ကို အစိုးရအလုပ် မလုပ်လို့ ဆိုပြီး အလုပ် မလုပ်တဲ့ လူလို့ ပြောကြတယ် မဟုတ်လား အေး ၊ အေး ကကော ဒီလိုပဲ ထင်သလား ၊ ဒါတွေကမှ တကယ့် ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ လုပ်တာ အေး ၊ မောင်ပြောထားသားပဲ အေးရယ် ၊ မောင့် ဝါသနာက စာရေးချင်တာ ၊ ခုဆို မောင့် မှာ စာရေးဖို့ အချိန်တွေ ရတယ် ။ ဒီတော့ ရေးလည်း ရေးဖြစ်တယ် ။ မအောင်မြင်သေးဘူးပေါ့ ။ မအောင်မြင်သေး ခင်တော့ အေးတို့ လည်း မောင့်ကို ဒီလိုပဲ အထင်သေးနေမှာပဲ ”

ကိုကျော်မောင် က သည်လို ရှည်ရှည်လျားလျား ပြန်ပြောဖူးသည် ။ သည်တော့လည်း အေးအေးမာ ဘာမှ ပြန်မပြောသာ ။ ပြောလည်း မပြောနိုင် ။ အမှန်ကတော့ ဒါတွေ အေးအေးမာ သိပြီးသား ။ မောင်က ပြောတော့လည်း အေးအေးမာ ခေါင်းညိတ်ရသည်သာ ။ သူငယ်ချင်းတွေ နှင့် လူကြီးတွေ အလယ်ကျတော့လည်း “ မောင့်မှာ တကယ့် လူတေလေကြီး ” ၊ သည်အခါလည်း အေးအေးမာ မောင့်ဘက်က ရပ်နိုင်ခဲ့သည် မဟုတ် ။ အမှန်တော့ အေးအေးမာ ကိုယ်တိုင်ကလည်း သည်လို စတိုင် နှင့် ပါဝါ နဲ့ သွားလာ ဝတ်စားလုပ်ကိုင်ရသည်ကိုမှ သည်မြို့ က အရေးတယူ ပြုသည်ကို ကြုံခဲ့ ၊ သိခဲ့ ၊ ကျွမ်းခဲ့ပြီးသူမို့ ဘာသားနဲ့ ထုထားတာမို့လည်း ၊ ဒီတော့ အေးအေးမာ ကိုယ်တိုင်ကလည်း သည်အတိုင်းပါပဲ ။ အဲ .. ကိုကျော်မောင်နဲ့ တွေ့ကြပြန်တော့လည်း ငေးရ ၊ ငိုင်ရ ၊ တွေဝေရစမြဲ ။

“ ကဲ ... ထိုင်ပါဦး ၊ ဖြည်းဖြည်းပြောကြတာပေါ့ ”

ကိုကျော်မောင် က တဲငယ် ထဲသို့ အရင် ဝင်ပြီး အေးအေးမာ ထိုင်သာအောင် နေရာ ပြင်ပေးသည် ။ အေးအေးမာ ကလည်း ငူငူငိုင်ငိုင်နှင့် ထိုင်လိုက်သည် ။

“ မောင်တို့မှာ သည်လို ပြဿနာမျိုး ပေါ်လာလိမ့်မယ်လို့ မောင် အစောကတည်းက ခန့်မှန်းမိတယ် အေး ၊ အေး ကိုယ်တိုင်ကကို မောင့် အပေါ် မပြတ်သားခဲ့ဘူး ။ မောင် အလုပ် မဝင်ခဲ့လို့ အေး ကလည်း တစ်မျိုး မြင်ထား တာပဲ ။ ရှေးရှေးကတော့ မောင့် ကို အေး က ကြိုးရှည်ရှည်နဲ့ လှန်ကြည့်ထားတဲ့ သဘောပဲ ။ သည်စကားမျိုးတွေ မပြော ချင်ပေမဲ့ ခုတော့လည်း ပြောရတော့မယ် အေး ၊ အေး မေမေ ကိုယ်တိုင်က အကွက်ရိုက်ပြီး စီစဉ်တဲ့အတိုင်း အေး က ဝမ်းပန်းတသာ ကခဲ့တာပဲမဟုတ်လား ။ အေး မောင့်ကို ချစ်တယ်ဆို ။ မောင် ဟာ သားမယားကို မလုပ်ကျွေးဘဲ မယားလုပ်စာ ထိုင်စားချင်တဲ့ အရှက်မဲ့ လူမျိုး မဟုတ်ဘူး အေး ။ မောင် လုပ်နေတဲ့ အလုပ်ကလည်း ခါး သာ မရှိလှမယ် ဝမ်းဝအောင်တော့ မောင် တတ်နိုင်ပါတယ် ။ ဘာလို့ သည်လောက်ကြောက်နေရတာလဲ သတ္တိရှိစမ်းပါ အေးရယ် ”

ကိုကျော်မောင် မျက်နှာကတော့ တည်ငြိမ်လှသည် ။ အထုအထောင်း အနှိပ်စက်ခံရလွန်းသည့်အခါ သည်မျက်နှာမျိုးတွေကို လူတွေ ပိုင်ဆိုင်လာတတ်စမြဲ ။ အေးအေးမာ သည် မျက်ရည်ရွှဲနေသော မျက်နှာဖြင့် မော်ကြည့်သည် ။

“ အေး ကို သနားပါဦး မောင် ၊ အေး တော့ ရူးမလို ဖြစ်နေပြီ ။ အမေက တစ်မျိုး ၊ မောင်က တစ်မျိုး ။ အမေကတော့ ညက အပြတ် ပြောတယ် မောင် ၊ မောင် အလုပ် တစ်ခုခု ဝင်မလုပ်ရင် လုံးလုံး သဘောမတူနိုင်ဘူးတဲ့ ၊ သည်တစ်ခါတော့ အေး အလိုကို လိုက်လျောပါဦး မောင် ရယ် ၊ အစိုးရအလုပ် လုပ်ရင်လည်း မောင် စာရေးလို့ရတာ  ၊ ဥစ္စာ ၊ စဉ်းစားပါဦး မောင်ရယ် ”

“ မောင် မညာချင်ဘူး အေး ၊ မောင် အေးကို ဘယ်လောက် ချစ်တယ်ဆိုတာ အေး သိတယ် ၊ မောင် အေးကို စောင့်ခဲ့ရတာ ကြာလှပါပြီ အေးရယ် ၊ အေး သတ္တိ နည်းနေ လို့သာ မောင် သည်လောက်ကြာ စောင့်နေခဲ့ရတာ ၊ မောင် ဆယ်တန်းအောင်ကတည်းက ဆုံးဖြတ်ထားတာ အေး ၊ ကိုယ်စွမ်းကိုယ်စ နည်းတဲ့ သတ္တိနည်းလှတဲ့ လူငယ်တွေကိုလည်း မောင် နမူနာပြမယ်လို့ကို မောင် အဓိဋ္ဌာန်ချထားတာ ။ အေးတို့ ပြောတဲ့ အလုပ်မျိုးတော့ မောင် တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး ။ မောင် တောင်းပန်ပါတယ် အေး ရယ် ၊ မောင့် ဝါသနာအတိုင်းသာ ဘယ်သူ့ မျက်နှာကိုမှ ကြည့်မနေရ ၊ ဘာကိုမှ ထောက်မနေရတဲ့ ဘဝနဲ့ပဲ မောင် စာအေးအေး ရေးချင်တယ် ”

အေးအေးမာ သည် အသံထွက်၍ပင် ရှိုက်လာသည် ။ ဝမ်းနည်းလွန်းသည်မို့ မျက်ရည်ကလည်း မစဲ ။ တစ်ကိုယ်လုံးလည်း ဆတ်ဆတ်တုန်နေသည် ။

“ ဒီတစ်ခါတော့ ခက်ပြီ မောင် ။ မောင် မှ မလိုက်လျောရင် မေမေ ကတော့ သူသဘောကျ အတင်းစီစဉ်တော့မယ် ။ ဒါကို မောင် ပဲ တတ်နိုင်ပါတယ် ၊ အေး ကို ပစ်မထားပါနဲ့ ၊ အေး ကို ကယ်ပါဦး မောင်ရယ် ”

ရှိုက်သံက ရောလာသည်မို့ အေးအေးမာ ၏ အသံ မှာ မပီသတော့ ။ ကိုကျော်မောင် မှာ မျက်မှောင်ကိုကြုတ်၍ အေးအေးမာ ကို စိုက်ကြည့်လိုက်သည် ။

“ ဘယ်လိုလဲ အေး ၊ ဒီလိုဆိုတော့ အေး အရှုံးပေးတော့မယ့် သဘောပေါ့ ၊ ကောင်းလှပါတယ် အေး ၊ နှစ်ပေါင်းများ စွာ ဟန်ဆောင်ထားခဲ့သမျှ အေးရဲ့ မျက်နှာဖုံး ကွာကျခဲ့ပြီ အေး ၊ တကယ်တော့ ဒီပြဿနာကို ဖြေရှင်းနိုင်တာ မောင် မဟုတ်ဘူး အေးပဲ ။ အေးပဲ ဆုံးဖြတ်ပါလို့ မောင် ခဏခဏ ပြောခဲ့တယ် ။ အခုတော့ အေး အဆုံးအဖြတ်ကို မောင် သိပါပြီ ၊ ဝမ်းသာပါတယ် အေး ၊ မောင် ကြားပါတယ် ၊ အေး အမေ သဘောကျတဲ့ အေး နဲ့ လက်ဆက်ရမယ့် သူဟာ အရာရှိတစ်ယောက် ဆိုတာလေ ။ အေး ... မင်းတို့ တစ်တွေ သံယောဇဉ်ကြီးလှတဲ့ ဒီဂုဏ်မျိုးကိုတော့ မောင် မပေးနိုင်ဘူး ၊ မင်းတို့ ဘာသာ ရှာယူကြ ပါတော့ ၊ ဒါနောက်ဆုံးပါပဲ အေး ”

အေးအေးမာ သည် ကိုကျော်မောင် ၏ မျက်နှာကို ငိုင်၍ ကြည့်နေမိသည် ။ မျက်ရည်က မစဲ ၊ မျက်တောင်က မခတ် ၊ ကိုကျော်မောင် သည် အေးအေးမာ ကို နောက်ဆုံး ကြည့်ခြင်းဖြင့် စိုက်ကြည့်လိုက်သည် ။ အေးအေးမာ ၏ မျက်လုံးမှာ ပြူးကြောင်ကြောင် ဖြစ်နေသည် ။

“ ဟင် အေး အေး ”

ကိုကျော်မောင်က အေး၏ ပခုံးကို လှုပ်၍ ခေါ်သည် ။

“ ဟင် ”

အေးအေးမာ သည် အသံတစ်ချက် ထွက်ကာ တစ်ချက် ရှိုက်လိုက်သည် ။ နောက်မျက်နှာကို အုပ်၍ ကိုကျော်မောင် အပါးမှ ထွက်ပြေးသွားသည် ။

“ ဟေ့ ... အေး နေဦး ”

ကိုကျော်မောင် က ပြေးလိုက်သည် ။ အေးအေးမာ သည် ငိုရှိုက်ရင်း မြို့တွင်းဆီသို့ တစ်ရှိန်ထိုး ပြေးသွားသည် ။ တစ်ချက်မှ မရပ်မနား ၊ ကိုကျော်မောင် တစ်ယောက်ကတော့ ငိုင်လျက်သား ။

••••• ••••• •••••

“ ဟင် ”

မိုးဖွဲများက မျက်နှာကို လာစင်မှ အေးအေးမာ တစ်ယောက် သူ့ကိုယ်သူ ပြန်လည်တွေ့ရှိသွားသည် ။ သည်အခါမှ မျက်နှာပေါ်မှာ မျက်ရည်ကြောင်းတွေ ထင်နေမှန်း သတိထားလိုက်မိသည် ။ သည်တော့ မျက်နှာကို လက်ကိုင်ပဝါဖြင့် ကမန်းကတန်းသုတ်၍ ဘေးသို့ လှည့်ကြည့် မိသည် ။

ခင်ပွန်းသည် ဦးမြသောင်း ကတော့ အိပ်ပျော်နေဆဲ ။

အေးအေးမာ စိတ်သက်သာရာ ရသွားသည် ။ သည်တော့ စောစောက သတိလက်လွတ် ဖြစ်သွားရသည်ကို မကျေမနပ် ဖြစ်ရပြန်သည် ။ မကျေမနပ်စိတ်က သည်တော့မှ ဝင်ရောက်လာသည် ။ မွေးရပ်မြေ မှ မာနကြီးလွန်းသူကို အေးအေးမာ သည်လို စိတ်ပျော့စိတ်ညံ့ဖြင့် ရင်မဆိုင်ချင် ။ ကော့၍ မော့၍ တွေ့ချင်သည် ။ ခုတော့ လည်း အေးအေးမာ ဘက်က နိုင်စရာတွေက အများကြီး ။ ကိုကျော်မောင် က လွတ်လွတ်လပ်လပ် စာရေးချင်လို့ ဒီအလုပ်မျိုး မလုပ်တာတဲ့ ။ အေးအေးမာ အဖို့ ဒီစကားကို ခုတော့ ရယ်မောစရာသာ ဖြစ်ချေပြီ ။ ကြည့်လေ ခုလည်း အေးအေးမာ ကိုယ်တိုင်က စာရေးဆရာကြီးကတော် တစ်ဦး မဟုတ်လား ။ စာရေးဆရာ ကမှ ပါချီပါချက် မဟုတ် ။ ဒါကို အေးအေးမာ သေသေချာချာ သိသည် ။ ခင်ပွန်းသည် ဦးမြသောင်း ၏ စာရေးခ ကပင် အေးအေးမာတို့ အတွက် စားသောက်ရုံမက ပိုများ တောင် ပိုသေးသည် ။ ဘာကြောင့်ဆို တက္ကသိုလ်ကျော်ဟိုး အမည်ခံ ဦးမြသောင်း၏ စာအုပ်များ ဆိုင်ပေါ် တင်လျှင် သုံးရက်ထက် ပိုမကြာ ၊ ဒုတိယအကြိမ် ပြန်မရိုက် ရသည့် စာအုပ် မရှိသလောက် ။ ဒီကြားထဲ သတင်း ဂျာနယ်တို့တွင် သုံးရက်ခြား လေးရက်ခြား ဝင်ရေး၍ ရသည့် ဆောင်းပါးခ ကပင် မုန့်ပဲသရေစာဖိုး ရသေးသည် ။ ထုတ်ဝေသူတွေ ကိုယ်တိုင် အေးအေးမာ တို့ အိမ်သို့ ရက်ဆက် ဆိုသလို လာရောက် တွေ့ဆဲ ၊ တောင်းပန် နေကြသည့် အဖြစ်မျိုးကတော့ မဆန်းလှတော့ ။

ရယ်စရာတောင် ကောင်းလှသေး ။ ကိုကျော်မောင် ကျတော့ မဂ္ဂဇင်း ၊ ဂျာနယ်ထဲ သူ့ဆောင်းပါးလေး တစ်ပုဒ်လောက် ပါဖို့ပင် နှစ်နှင့်ချီ စောင့်ရသည် ။ လုံးချင်းဝတ္ထု ကော အေးအေးမာ သိသလောက် တစ်ခါမှ မထုတ်ဝေဖူးသေး ။ အေးအေးမာ ကိုယ်တိုင်က ကိုကျော်မောင့် ကို အလုပ် ဝင်လုပ်ပါ ။ နောင် ရေးချင်တာ ရေးပါဟု တောင်းပန်ခယလိုက်သည်မှာ မောရော ။ ကိုကျော်မောင် ကတော့ မာနက အလွန်ကြီးသည် ။ သူကိုယ်တိုင်က အောင်မြင် နေသည် ဆိုလျှင် ထားဦး ။ ခုတော့ ရုံးလုပ်ငန်း တစ်ဖက် ၊ စည်းဝေးပွဲတွေ တစ်ဖက်နှင့် ကြားက ခင်ပွန်းသည်မှာ သည်လို နာမည်ကျော် စာအုပ်တွေကို ရေးထုတ်နိုင်သေးသည် ။ အင်မတန် မာနကြီးလွန်းသူက စာရေးရန် ဆိုပြီး အလုပ် မလုပ် ၊ ခုတော့ ဘယ်မှာ နာမည် ထွက်လို့လဲ ။ စာအုပ်ဘယ်နှအုပ် ရေးနိုင်လို့လဲ ၊ အေးလေ အရည်အချင်းက သိပ်ကွာနေတာ ရှိမှာပေါ့ ။ နောက်ဆုံးတော့ အေးအေးမာ သည်လိုသာ မှတ်ယူထားလိုက်သည် ။ စာရေးဖို့ အစိုးရ အလုပ် ဝင်မလုပ်ဘဲ ချစ်သူကို စွန့်ခွာ လိုက်သူကို ကျကျနနကြီး ပြလိုက်ဦးမည်ဟု အေးအေးမာ ကြုံးဝါးနိုင်အောင်လည်း တက္ကသိုလ်ကျော်ဟိုးက နာမည်ကြီးလှသည် ။ ဒါကြောင့် အေးအေးမာ ဂုဏ်ယူနိုင်ပြီ ၊ ဝင့်ဝါနိုင်ပြီ ။

သည်လို စဉ်းစားတော့လည်း သည်မြေကို ပြန်ရကျိုး နပ်သည်ပေါ့ ။

••••• ••••• •••••

ရထား ထိုးဆိုက်လိုက်သည်နှင့် အေးအေးမာ သည် ခေါင်းပြု၍ အပြင်သို့ ထွက်ကြည့်သည် ။ လာကြိုသူတော့ ရှိမထင် ။ အကြောင်းကြားထားသည်လည်း မဟုတ်တော့ မည်သူမှ သိမည် မဟုတ် ။

အထုပ်အပိုးတွေကို အလုပ်သမားနှင့် သယ်တုန်း မြင်းလှည်းသမား ရောက်လာသည် ။ သည်လူတွေက အေးအေးမာ၏ အသိအကျွမ်းများပင် ။ ငယ်သူငယ်ချင်းတွေ ချည်းသာ ။

“ လာဟေ့ အေးအေး ၊ နင်လည်း ကျွဲပွဲက ခွာသွား တည်းက တစ်ခါမှ ပေါ်မလာတော့ဘူး ၊ လာ အထုပ်တွေကို အလုပ်သမားတွေ သယ်လာပါလိမ့်မယ် တက် ”

အေးအေးမာ သည် ဦးမြသောင်း ကို အရင် တက်ခိုင်း သည် ။ ဦးမြသောင်း က မြင်းလှည်းစီးသည့် အတွေ့အကြုံ နည်းသည်မဟုတ်လား ။

အိမ်ရောက်တော့လည်း အမေသည် ထင်ထား သလောက်ကြီး မဟုတ် ။ နည်းနည်းပြန်သက်သာလာသည်ဟု ဆိုသည် ။ သမီးကို တွေ့ချင်လွန်း၍ လွမ်းဖျား ဖျားတာလည်း ပါပေမည် ။ ခုတော့လည်း အမေ့မျက်နှာက တပြုံးပြုံး ။

“ လမ်းလျှောက်ရအောင် မာရေ ... အိမ်ထဲချည်း ထိုင်နေ ငြီးလှတယ် ၊ စာအုပ်ဆိုင်လေး ဘာလေး ကြည့်ရင်းပေါ့ ”

သည်စကားကို ခင်ပွန်းသည် ထံမှ စောင့်နေသည်မှာ ကြာပြီ ။ ရောက်ကတည်းက အေးအေးမာ သွားချင်နေသည် ။ စာအုပ်ဆိုင် ကိုပါပဲ ။ ဒါက အေးအေးမာ ၏ အပြင်းပြဆုံးသော ဆန္ဒ ။ သည်ကို လာဖို့ ရှိကတည်းက ဒီအတွေးက ဝင်ပြီးသား ။ စာရေးဆရာ ဖြစ်ချင်လွန်း၍ မိမိကို စွန့်ခွာခဲ့သော သူကို အေးအေးမာ ကိုယ်တိုင် စာရေး ဆရာ ဆိုတာ ဘယ်လိုဟု ပြလိုက်ချင်သည် ။ အေးအေးမာ အဖို့ ကိုကျော်မောင် ၏မျက်နှာတွင် နောင်တရိပ် မြင်ရလျှင် ကျေနပ်ပြီ ။

“ ဟော ... ဟိုမှာ စာအုပ်ဆိုင်ပဲ ကိုကို ။ ကျွဲပွဲမှာတော့ စာအုပ်ဆိုင်က ဒီတစ်ဆိုင်ပဲ ရှိတယ် ၊ စာအုပ်တော့ စုံမလား မသိဘူး ၊ ကိုကို ဝင်ကြည့်ရင် ကြည့်လေ ၊ နောက်ပြီး မိတ်လေး ဘာလေးလည်း ဆက်ရတာပေါ့ ။ စာရေးဆရာ တစ်ယောက် ရောက်နေမှန်း သိရင် သူတို့ သိပ်ဝမ်းသာကြမှာပေါ့ ”

“ ဟုတ်တယ် မာ ၊ ကိုကိုတို့ စာမရေးခင်တုန်းကလည်း စာရေးဆရာတွေကို သိပ်မြင်ချင်တွေ့ ချင်တာပဲ ။ တွေ့လို့ စကားပြောရရင်လည်း သိပ်ဝမ်းသာတာပဲ ။ ခုလည်း ရောက်တုန်းပေါက်တုန်း စာအုပ်ဆိုင် ဝင်ပြီး စကားလေး ဘာလေး ပြောကြည့်တာပေါ့ ။ နောက်ပြီး ကိုယ့်စာအုပ် ဘယ်လို အခြေအနေရှိတယ် ဆိုတာ အကဲခတ်ရတာပေါ့ ”

ပြောပြောဆိုဆို ဆိုင်ပေါက်ဝသို့ ရောက်လာသည် ။

     နေဝန်းနီနီ စာအုပ်ဆိုင်

သက်ငယ်မိုး ၊ ထရံကာနှင့် အဆောက်အဦ ။ ဒါပေမဲ့ သပ်သပ်ရပ်ရပ်တော့ ရှိသည် ။ စာအုပ်တွေကို စနစ်တကျ စီထားသည် ။ အလယ်တွင်လည်း စာအုပ်တွေကို ဘေးက လှည့်ပတ် ကြည့်ရှုနိုင်အောင် စင်ရှည်ကြီးဖြင့် တင်ထားသည် ။ ဆိုင်၏ အလယ်ပိုင်းတွင်တော့ စားပွဲတစ်လုံး ရှေ့ချ၍ စာထိုင်ရေးနေသော လူရွယ်တစ်ယောက် ။

အေးအေးမာ တို့ ဆိုင်တွင်း ဝင်လာသည်အထိ ထိုလူရွယ်သည် ခေါင်းမဖော်သေး ။ စာကို ငုံ့၍ ရေးနေဆဲ ။ အေးအေးမာ ရင်ထဲတွင်မတော့ တုန်လာသည် ။ အသက် ရှူလည်း မြန်လာသည် ။ မခံချင်လွန်း၍သာ စွန့်၍ လာရပေမဲ့ ချစ်ခဲ့ လေးစားခဲ့ သူတစ်ဦး၏ ပိုင်နက်တွင်းသို့ ရောက်လာပြီမ ဟုတ်လား ။

“ ဪ ... စာအုပ် ကြည့်ကြမလို့လားခင်ဗျား ၊ ကြည့်ပါ ကြည့်ပါ ”

ထိုလူရွယ်သည် ခြေသံကြောင့် ခေါင်းမော် ကြည့်ရင်း ရပ်နေသူများကို မြင်သဖြင့်နှုတ်ဆက်လိုက်ရသည် ။

အေးအေးမာသည် အံကိုကြိတ်၍ ထားလိုက်သည် ။

တစ်ချိန်တုန်းက “ မောင် ” ကိုကျော်မောင် ။ ဘာဆို ဘာမျှ မပြောင်းလဲ ။ ပိန်သွားသည်ပဲ ပြောစရာ ရှိသည် ။ ကိုကျော်မောင် မျက်လုံးများ ဒေါသရောင်ထသွားသည်ကို အေးအေးမာ မြင်လိုက်ရသည် ။ သို့သော် အေးအေးမာ ပမာမခန့် ။

တွေ့ကြလေပြီပဲ ။

“ ဆိုင်ရှင်က ဒီကပဲ ထင်ပါရဲ့ ”

ဦးမြသောင်း က ကိုကျော်မောင် ဘက် လှည့်၍ ပြောသည် ။

“ ဟုတ်ပါတယ်ခင်ဗျား ၊ လူကြီးမင်းတို့ လိုရာကို အမိန့်ရှိပါ ”

ကိုကျော်မောင်သည် ပြောပြောဆိုဆို ထလာသည် ။ ဦးမြသောင်း ကတော့ စာအုပ်စင်ပေါ်သို့ မျက်နှာပြန် ရောက်သွားပြန်သည် ။ အေးအေးမာ သည် ဦးမြသောင်း ဘေးမှ ကပ်၍ လိုက်သည် ။ ကိုကျော်မောင့် မျက်နှာကို မကြည့် ။ မျက်နှာကိုတော့ တင်းမာထားသည် ။ ဘာကိုမှ ဂရုမစိုက်သည့် ပုံ ။

“ ဪ .... ဒါနဲ့ ခင်ဗျား ဟိုတက္ကသိုလ်ကျော်ဟိုးရဲ့ ဒီလထုတ် စာအုပ်တစ်အုပ်မှ မတွေ့လို့ပါ ၊ မရောက်သေးလို့ပါလား ခင်ဗျာ ”

“ ဪ မဟုတ်ပါဘူးခင်ဗျား ၊ မမှာတာပါ ။ လူကြီးမင်းအနေနဲ့ တက္ကသိုလ်ကျော်ဟိုးရဲ့ စာအုပ်တွေ ရှာတာ ဆိုရင်တော့ ကျွန်တော်တို့ ဆိုင်မှာ မရနိုင်ပါဘူးခင်ဗျာ ”

ကိုကျော်မောင်က လေးလေးစားစား ရှင်းပြသည် ။ ဦးမြသောင်း တစ်ယောက် မျက်နှာ နည်းနည်း နီလာသည် ။

“ တစ်ဆိတ်ပေါ့ ခင်ဗျာ ၊ ဟိုလေ တက္ကသိုလ်ကျော်ဟိုး ရဲ့ စာအုပ်ကို ဒီဆိုင်မှာ ဘယ်လိုကြောင့် မတင်ဖြစ်သလဲဆိုတာ သိခွင့်ရှိရင်ပေါ့ ခင်ဗျာ ”

“ ဟုတ်ကဲ့ သိရပါတယ် ။ ဒါကတော့ ကျွန်တော့်ဆန္ဒ အလျောက်ပါပဲ ။ ဒါနဲ့ မတ်တတ်ကြီးဗျာ ။ ဝင်ထိုင်ပါဦး ။ လူကြီးမင်း အနေနဲ့ ဆန္ဒရှိရင်တော့ ကျွန်တော် ရှင်းပြပါမယ် ”

သည်တော့လည်း ကိုကျော်မောင် ကော ဦးမြသောင်းပါ ကုလားထိုင်များပေါ် ထိုင်ဖြစ်သည် ။ အေးအေးမာ မျက်နှာကတော့ နည်းနည်း တည်ငြိမ်နေသည် ။ မထိုင်ဘဲ စာအုပ်တွေ လှန်ကြည့်နေသည် ။

“ ကျွန်တော်တို့ နေဝန်းနီစာအုပ်ဆိုင်က သူငယ်ချင်း သုံးယောက် စုပြီး ထောင်ထားတာပါ ။ ကျွန်တော်တို့ စာအုပ်ဆိုင် ထောင်ကတည်းက ရည်ရွယ်ချက်လည်း ရှိပါ တယ် ။ ကျွန်တော်တို့ အတွက် အမြတ်အစွန်းချည်းပဲ မကြည့်ဘဲ လူငယ်တွေ အတွက် အဆိပ်ကျွေးသလို ဖြစ်မယ့် စာအုပ်မျိုးတွေကို ဆိုင်မှာ မတင်ဖို့လည်း ဆုံးဖြတ်ထားကြပါတယ် ။ ဒီအတိုင်းပါပဲ ။ တက္ကသိုလ်ကျော်ဟိုး ရဲ့ ဝတ္ထု ဆိုရင် အဆိပ်မှ အင်မတန် ဆိုးရွားတဲ့ အဆိပ်လို့ ကျွန်တော်တို့ ဆုံးဖြတ်မှတ်ယူထားကြပါတယ် ခင်ဗျား ။ ရုတ်တရက် ကြည့်ရင်တော့ ဒီစာရေးဆရာရဲ့ စာတွေဟာ ဘာမှ ဘေးဥပဒ် မရှိသလိုဘဲ ရေရှည်ကျတော့ အင်မတန် ဆိုးလွန်းလှပါတယ် ။ လူငယ်တွေရဲ့ တက်ကြွတဲ့ အားမာန်တွေကို အညွန့်တုံးအောင် ဘာမဟုတ်တဲ့ ကိစ္စတွေထဲ တစ်သက်လုံး နစ်နေအောင် လုပ်ထားတာလို့ ကျွန်တော်တို့ မြင်ပါတယ် ။ ခုထိတော့ တက္ကသိုလ်ကျော်ဟိုး ရဲ့ ဝတ္ထုဟာ စိတ်ကူးယဉ်တဲ့ အရွယ်ကို အသုံးချပြီး လူငယ်လေးတွေကို ဖျက်ဆီးနေတဲ့ အထိပဲ ရှိသေးတယ် ”

ကိုကျော်မောင် ကတော့ ဒါမျိုး ဆွေးနွေးရလျှင် ထမင်းမှန်း ဟင်းမှန်း သိသူမဟုတ်လေတော့ ဆွေးနွေးခွင့်ရသည်နှင့် စိတ်ထဲ ရှိတာ ပြောချလိုက်သည် ။ သူ့ ရှေ့မှ ပုဂ္ဂိုလ်သည် မည်သူမည်ဝါ ဟူ၍လည်း သိပုံ မရ ။ ဦးမြသောင်း တစ်ယောက် မျက်စိမျက်နှာ ပျက်နေသည်ကိုလည်း အကဲမခတ်မိ ။ ဒါတောင် ကိုကျော်မောင်၏ စကားမှာ မဆုံးသေး ။

“ နောက်ကို ပြင်လာရင်တော့ မသိဘူးပေါ့ဗျာ ။ ခုနေလို စာမျိုးတော့ ကျွန်တော်တို့ဆိုင် တင်ဖို့ ဝေးလို့ ဝယ်ဖတ်ချင်တဲ့ လူငယ်တွေ ရှိတောင် မဖတ်ဖြစ်အောင် ကျွန်တော်တို့နဲ့ လက်လှမ်းမီသမျှ စည်းရုံးတာပဲ ၊ လူကြီးမင်းတော့ ဘယ်လို ယူဆတယ် မသိပါဘူး ၊ ကျွန်တော်တို့ကတော့ တက္ကသိုလ်ကျော်ဟိုး ကို စာရေးဆရာလို့ကို အသိအမှတ် မပြုပါဘူး ။ ခပ်ရိုင်းရိုင်း ဆိုရရင် ကလေးတွေကို လူညွန့်တုံးအောင် ၊ လမ်းလွဲလမ်းမှားကို ပြပြီး ဖျက်ဆီးသူမို့ ယုတ်မာတဲ့ လူသ,တ်သမားလို့ပဲ ပြောချင်တယ် ”

“ ဟင် ”

အေးအေးမာ ၏ နှုတ်အစုံမှ တစ်လုံးတည်းသော အသံသာ ထွက်လာသည် ။ အေးအေးမာ မျက်နှာမှာ ညို ညစ်မည်းပုပ်နေသည် ။ နှုတ်ခမ်းအစုံကလည်း တဆတ်ဆတ်တုန်နေသည် ။

“ ရှင် ... ရှင် လူယုတ်မာ ၊ ဒါ သက်သက် အရှက်ခွဲဖို့ ရှင် ကြံစည်ထားတာ မဟုတ်လား ၊ ကျွန်မ ယောက်ျားဟာ တက္ကသိုလ်ကျော်ဟိုး မှန်း ရှင် အစောကြီးကတည်းက သိထားလို့ ဒီလို ပြောတာမဟုတ်လား ။ ရှင်သာ မတောက်တခေါက်လေး ရေးပြီး ဘဝမြင့်နေ ။ ရှင် တစ်သက်လုံး စာ ရေးလို့ ရတာ ကျွန်မတို့ စာအုပ်တစ်အုပ်ထုတ်စာ တောင် မရှိဘူး ။ စာတစ်အုပ်တောင် မထုတ်ဖူးသေးတဲ့ သူက စာရေးဆရာကို စော်ကားလိုက်သေးတယ် ။ ရှင် လူယုတ်မာပဲ ”

အေးအေးမာ မထိန်းသိမ်းနိုင်တော့ ။ မျက်ရည်ကလည်း ထွက်လွယ်လိုက်ပါဘိ ။ စိတ်ဆိုးလွန်းသဖြင့် အသံက ထစ်ငေါ့နေသည် ။

“ ကဲ ... သွားမယ် ကိုကို ၊ ဒီလို လူမျိုးတွေဆီ ကိုကို့ကို မာ ခေါ်လာမိတာ မှားတာပဲ ”

အေးအေးမာ က လက်မောင်းကို အတင်းဆွဲ၍ ခေါ်သဖြင့် ဦးမြသောင်း တစ်ယောက် ကောက်ကောက်ပါအောင် ထလိုက်သွားရသည် ။ ဒရောသောပါး ဆိုင်ထဲမှ ထွက်ခွာသွားကြသူ နှစ်ယောက်ကို ကြည့်၍ ကိုကျော်မောင် တစ်ယောက်ကတော့ ပါးစပ်အဟောင်းသား ။

နောက်ဆုံးတော့ ကိုကျော်မောင် သည် ဇာတ်ရည်လည်သွားသည်မို့ ညင်သာစွာ ပြုံး၍ ရေရွတ်လိုက်သည် ။

“ ဪ ... အေးရယ် ၊ အတောင် ပါတိုင်းလည်း ငှက် မဟုတ်ဘူး ဆိုတာ မင်း မသိရော့လား ”

▢  ဖော်ဝေး
📖 မိုးဝေ မဂ္ဂဇင်း
      မေ ၊ ၁၉၇၁

Sunday, December 28, 2025

ဆားကို ချစ်သလို

 

❝ ဆားကို ချစ်သလို ❞
          ( ပုံပြင် )

တစ်ခါတုန်းက သား သုံးယောက်နှင့် ဘုရင်ကြီး တစ်ပါး ရှိခဲ့၏ ။ တစ်နေ့တွင် ဘုရင်ကြီးသည် သားမင်းသားများကို ခေါ်ကာ ဖခင်အား မည်မျှချစ်ကြောင်း တစ်လှည့်စီ ပြောစေလေ၏ ။ သားကြီး ဖြစ်သူသည် ဘုရင်ကြီးအား “ ရွှေများ ၊ ကျောက်မျက်ရတနာများနှင့် ကမ္ဘာပေါ်ရှိ ရတနာတို့ကို ချစ်သည်ထက် ပိုပြီးချစ်ပါသည် ” ဟု ပြောဆိုလေ၏ ။ သားလတ် ဖြစ်သူကလည်း သူ့ဖခင်အား “ ကောင်းမွန်သည့် သစ်သီးများနှင့် ချိုမြိန်သော မုန့်များကို ချစ်သကဲ့သို့ ဖခင်အား ချစ်ပါသည် ” ဟု လျှောက်တင်လေ၏ ။

ထို့နောက် အငယ်ဆုံးသော မင်းသားကလေး၏ အလှည့်သို့ ရောက်လာလေ၏ ။ ထို မင်းသားကလေးသည် ငယ်ရွယ်သူတို့၏ သဘာဝအတိုင်း သူ၏ လက်ကလေးများနှင့် ဖခင်ကြီး၏ လည်ပင်းကို သိုင်း၍ ဖက်ကာ ...

“ ဖခင်အား သားက ဆားလောက်ချစ်ပါသည် ”

အငယ်ဆုံးသား၏ ဤမမျှော်လင့်သော အဖြေကို ကြားရသည်တွင် ဘုရင်ကြီးသည် အမျက်ကြီးစွာ ထွက်ကာ အစောင့်စစ်သားများကို ခေါ်၍ ဤမင်းသားငယ်ကလေးအား တောင်များ အကြားသို့ ပို့ပြီး သ,တ်ပစ်ရန် အမိန့်ပေးလိုက်လေ၏ ။ အစောင့်စစ်သားများသည် ရုပ်ရည် ရူပကာအားဖြင့် သူတော်ကောင်းတို့၏ အသွင်ရှိသော နှစ်လိုဖွယ် ကောင်းသည့် မင်းသားကလေးကို မသ,တ်လိုကြပေ ။ သို့ရာတွင် ဘုရင်၏ အမိန့်ကို နာခံရသူများ ဖြစ်၍ ဓားမြှောင်များကို ယူဆောင်ကာ မင်းသားကလေးအား ဘုရင်ကြီး စေခိုင်းသည့်အတိုင်း ခေါ်ဆောင်၍ သွားကြလေ၏ ။

မင်းသားကလေးနှင့် အစောင့်တပ်သားတို့သည် တောင်များအကြားသို့ ရောက်သောအခါ တစ်ဦးကို တစ်ဦး ကြင်နာစွာ ကြည့်မိကြလေ၏ ။ ထိုသို့ကြည့်ကာ အစောင့်စစ်သား တို့သည် မင်းသားကလေးအားမသ,တ်ရက်အောင်ရှိလေတော့၏ ။

“ မင်းသားကလေးရယ် ၊ ငါတို့ သင့်ကို မသတ်ရက်အောင်ဘဲ ချစ်ပါတယ်ကွယ် ၊ သင့်ရဲ့အဝတ်အစားများကို ချွတ်၍ ပေးပါ ၊ငါတို့ တိရစ္ဆာန် တစ်ကောင်ကောင်ကို ဖမ်းသ,တ်ပြီး ထိုသွေးဖြင့် အဝတ်အစားများကို ဆွတ်ကာ ဘုရင်ကြီးအား မင်းသားကလေးကို သ,တ်ခဲ့ကြောင်း ၊ ယုံကြည်အောင် လျှောက်တင်ပါ့မယ် ၊ ဒါပေမယ့် သင့်ဖခင်နှင့် တွေ့နိုင်သည့် နေရာတော့ မင်းသား ကလေး မလာခဲ့ပါနဲ့ကွယ် ”

စစ်သားများက သူ့အသက်ကို ချမ်းသာပေးမည်ဟု ပြောသည်ကို ကြားရ၍ မင်းသားကလေးသည် အထူးဝမ်းသာရှာလေ၏ ။ မင်းသားကလေးသည် အစောင့်စစ်သားတို့အား အဝတ်များကို ချွတ်ပေးပြီး ဘုရင်ကြီးနှင့် လွတ်ကင်းရာသို့ ထွက်၍ သွားလာခဲ့လေ၏ ။

မင်းသားကလေးသည် များစွာသော တောင်နှင့် လျှိုမြောင်များကို ဖြတ်ကျော်၍ လာခဲ့ရာ နောက်ဆုံးတွင် အခြား တိုင်းပြည် တစ်ခုသို့ ရောက်လေတော့၏ ။ ထိုအချိန်တွင် အဆိုပါ တိုင်းပြည်မှ ဘုရင်သည် နတ်ရွာစံသွားခဲ့၍ နောက်သုံးရက် အကြာတွင် ဘုရင်သစ် ရွေးပွဲကို ကျင်းပမည် ဖြစ်၏ ။

နောက်ဆုံး ဖြတ်ကျော်ရသည့် တောင်ပေါ်မှ ဆင်းလာခဲ့ပြီး မင်းသားကလေးသည် မြို့အစွန်မှ အစဆုံး တွေ့ရသော အိမ်တစ်အိမ်၏ တံခါးကို ခေါက်လေ၏ ။ ထိုအိမ်မှာ မိန်းမအိုကြီး တစ်ဦးတည်း နေသော အိမ်ဖြစ်၏ ။ မင်းသားကလေးသည် ထိုမိန်းမအိုကြီးအား သူသည် ခရီးဝေးကြီးမှ လာခဲ့ရကြောင်းနှင့် မိဘများ သေဆုံးခဲ့ရကြောင်းတို့ကို ပြောပြလေ၏ ။ ထို့ပြင် မိန်းမ အိုကြီးအား သူ့ကိုလည်း ထိုအိမ်တွင် နေထိုင်ခွင့် ပြုရန် တောင်းပန်ပြောဆိုလေ၏ ။ သူမတွင် သားသမီး မရှိ၍ မိန်းမအိုကြီး ကလည်း မင်းသားအား သားအဖြစ် သဘောထားမည်ဟု ပြောဆိုလေ၏ ။

မင်းသားကလေး ရောက်လာပြီး နောက်သုံးရက် အကြာတွင် ထိုအရပ်ဒေသမှ လူအများသည် ဘုရင်သစ်ကို ရွေးချယ်တင်မြှောက်ရန် မြို့၏ အပြင်ဘက်တွင် စုဝေးကြလေ၏ ။ အမယ်အိုကြီးနှင့် မင်းသားကလေး တို့သည်လည်း အဆိုပါ လူအုပ်နှင့်အတူ ရော၍ လိုက်ပါသွားကြလေ၏ ။

မင်းလောင်း ရွေးချယ်ရာတွင် ထိုတိုင်းပြည်၏ ထုံးစံမှာ ငှက်တစ်ကောင်ကို လှောင်အိမ်မှ လွှတ်၍ ပေးရ၏ ။ သူတို့သည် ထိုငှက် အနားခံရသော သူအား ဘုရင်သစ်အဖြစ် တင် မြှောက်ကြလေ၏ ။ အဆိုပါအတိုင်း ငှက်ကို လှောင်အိမ်မှ လွှတ်သည်တွင် ထိုငှက်ကလေးသည် ကောင်းကင်တွင် အတန်ကြာ ဝဲပျံနေပြီး ပြန်၍ ဆင်းလာကာ အသစ် ရောက်လာသော မင်းသားကလေး၏ ခေါင်းပေါ်သို့ သွား၍ နားလေ၏ ။

သို့ရာတွင် တိုင်းသူပြည်သားတို့သည် သူတို့တိုင်းပြည်မှမဟုတ်ဘဲ အခြားတိုင်းပြည် က လူတစ်ယောက်ကို ဘုရင်မြှောက်ရန် သဘော မတူကြသဖြင့် ဤသို့ ဟစ်အော်၍ ကန့်ကွက်ကြလေ၏ ။

“ သူသည် တောင်များ ပေါ်မှ ဆင်းလာသူ ဖြစ်ပါသည် ၊ သူ့အား တောင်များပေါ်သို့ ပြန်လွှတ်လိုက်ပါ ၊ ငါတို့သည် သူ့အား ဘုရင်အဖြစ် အသိအမှတ် မပြုနိုင်ပါ ထို့ကြောင့် ဘုရင်ရွေးပွဲကို နောက်တစ်နေ့ ထပ်၍ ကျင်းပကြရလေ၏ ။ ထိုနေ့တွင်မူ မင်းသားကလေးသည် ဘုရင်ရွေးသည့် လူအများနှင့် ရော၍ မနေတော့ဘဲ သုဿန်ထဲသို့ သွား၍ နေထိုင်လေ၏ ။ ထိုနေ့တွင်မူ လှောင်အိမ်မှ ငှက်ကလေးကို လွှတ်လိုက်သော အခါတွင် လူအများသည် လှုပ်လှုပ်ရွရွဖြစ်ကာ “ အို ... ငှက်ကလေး ၊ သင် ဘယ်သူ့ ခေါင်းပေါ်သို့ သွား၍ နားမလို့လဲ ” ဟု အော်၍ မေးသူက မေးပြီး တချို့ကလည်း “ အို ... ငှက်ကလေးရယ် ၊ ကျွန်တော့်ခေါင်းပေါ်သို့ လာ၍နားပါ ” ဟု တိုက်တွန်းသူကလည်း ခေါင်းကို ဆန့်တန်း၍ ပေးကာ တိုက်တွန်းကြလေ၏ ။ သို့ရာတွင် ငှက်ကလေးသည် လှည့်ပတ် ပျံဝဲပြီး သုဿန်ထဲသို့ ထိုးဆင်း၍ သွားလေ၏ ။ ထိုငှက်သည် အသစ် ရောက်လာသော မင်းသားကလေး၏ ခေါင်းပေါ်သို့ တဖန်ထပ်၍ နား ပြန်သောကြောင့် လူအများသည် မကျေမနပ်ဖြစ်ကာ ဤသို့အော်ဟစ် တောင်းဆိုကြလေ၏ ။

“ ဤတိုင်းပြည်တွင် တိုင်းသူပြည်သားတို့ မကျေနပ်က မင်းသစ် ရွေးပွဲကို သုံးကြိမ် ကျင်းပပေးရသည့် ထုံးစံရှိပါသည် ၊ ဘုရင်သစ်ရွေးပွဲကို နောက်တစ်နေ့ ထပ်၍ ကျင်းပပေးပါ ”

တိုင်းသူပြည်သားတို့ တောင်းဆိုသည့် အတိုင်း ဘုရင်သစ်ရွေးပွဲကို နောက်တစ်နေ့ ထပ်၍ ကျင်းပပေးရလေ၏ ။ ထိုနေ့ မင်းသစ်ရွေးပွဲကို တိုင်းသူပြည်သားတို့သည် အထူးစိတ်ဝင် စားနေကြ၍ ခါတိုင်းနေ့များထက် ပိုမိုစည်ကားမြိုင်ဆိုင်လေ၏ ။ လှောင်အိမ်မှ ငှက်ကလေးကို လွှတ်လိုက်သည်တွင် သူတို့သည် မည်သူ့ ခေါင်းပေါ်တွင် နားကြောင်း သိလိုစိတ် ပြင်းပြနေကြ၍ တစ်နေရာမှ တစ်နေရာသို့ သူ့ထက်ငါ တိုးဝှေ့ ပြေးလွှားကာ ကြည့်ရှုကြလေ၏ ။ ငှက်ကလေး သည် မည်သူ့ ခေါင်းပေါ်မှ မနားသေးဘဲ အတန်ကြာ ပျံဝဲနေသဖြင့် ကြည့်ရှုနေသောပရိသတ်မှာ အားမရနိုင်အောင် ရှိရလေ၏ ။

မည်သို့ပင်ဖြစ်စေ ငှက်ကလေးသည် ယခုအကြိမ်တွင်လည်း မင်းသားကလေး၏ ခေါင်းပေါ်သို့ပင် သွား၍ နားလေ၏ ။ တိုင်းပြည်ပြည်သားတို့သည်လည်း သုံးကြိမ်မြောက် ဆက် ကာဆက်ကာ အရွေးခံရသဖြင့် ကန့်ကွက်ခြင်း မပြုကြတော့ဘဲ မင်းသားကလေးအား သူတို့၏ ဘုရင်သစ် အဖြစ် တင်မြှောက်ကြလေ၏ ။

သို့ဖြင့် မင်းသားကလေးသည် အဆိုပါ တိုင်းပြည်၏ ဘုရင်နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင် ဖြစ်ခဲ့ရ၏ ။ နှစ်ကြာလာသည်တွင် တိုင်းသူပြည်သားတို့သည်မင်းသားကလေး၏ ဉာဏ် ပညာနှင့် ကောင်းမွန်သော အကျင့်စာရိတ္တကို သိရှိလာကြလေ၏ ။ ထို့ကြောင့် မင်းသားကလေးသည် တိုင်းသူပြည်သားတို့၏ ကြည်ညိုမှုကို ရခဲ့လေ၏ ။

ထို့နောက် မင်းသားကလေးသည် သူ့ဖခင် ဘုရင်ကြီး ထံသို့ တမန်တော် လွှတ်ကာ ချစ်ကြည်ရေး တိုးတက်ရန် ဧည့်ဝတ်ပြုလိုပါကြောင်း ၊ သဝန်လွှာ ပို့စေလေ၏ ။ မင်းသားကလေးသည် သူ၏ စားတော်ဆက်များကို ခေါ်ကာ ကြွရောက်လာမည့် ဧည့်သည်တော်များအတွက် အစားအသောက်များကို အထူးကောင်းမွန်အောင် စီမံရန်နှင့် ထိုအစားအစာတို့ ထဲတွင် ဆား တစ်ပွင့်မှ မထည့်ရန်ကိုလည်း ပြောကြားထားလေ၏ ။ ထို့နောက် သူ့ဖခင် ဘုရင်ကြီးသည် ကိုယ်ရံတော်စစ်သားများ ခြံရံကာ ကြွရောက်လာလေ၏ ။ သို့ရာတွင် ကွဲကွာနေသည်မှာ ကြာပြီ ဖြစ်သည့်ပြင် ဘုရင်၏ ဝတ်စားတန်ဆာများနှင့် ဖြစ်နေ၍ ခရီးဦးကြို ပြုသော သားငယ် ဘုရင်အား ဖခင် ဘုရင်ကြီးသည် မှတ်မိနိုင်ခြင်း မရှိခဲ့ပေ ။

ဘုရင်နှစ်ပါးတို့သည် တွေ့ဆုံကြသည်တွင် ယခင်က သိခဲ့သော မိတ်ဟောင်းဆွေ ဟောင်းများကဲ့သို့ပင် ရင်းနှီးခင်မင်စွာ ဆက်ဆံပြောသည် ၊ အစားအသောက်တို့မှာ အထူး ကောင်းမွန် သော်လည်း စား၍ အရသာ မတွေ့နိုင်အောင် ဖြစ်ရလေ၏ ။ နှစ်ရက်မျှ ကြာလာသည်တွင် ဘုရင်ကြီးသည် ဆား လုံးဝ မပါသော အစားအစာတို့ကို စားနေရ၍ စိတ်လက် မအီမသာ ဖြစ်ကာ မအောင့်နိုင်တော့သဖြင့် သူ့ကိုယ်ရံတော် စစ်သားတို့အား အကျိုးအကြောင်းကို မေး လေ၏ ။

“ ဘယ်လို နေကြသလဲ ၊ အားလုံးကောင်းမွန်ကြရဲ့လား သားတို့ ”

“ အဆင်ပြေကြပါတယ် အရှင် ၊ စားသောက်ရတဲ့ အစာတွေကလည်း အထူးကောင်း မွန်ပါတယ် ၊ ဒါပေမယ့် မည်သည့် အစာတွင်မှ ဆားပါသည်ကို မတွေ့ရပါ ”

စစ်သားများ၏ စကားတို့ကို ကြားရသည်တွင် ဘုရင်ကြီးက ...

“ ဟုတ်တယ် ၊ သားတို့မှာ လိုပဲ ဖခင်ရဲ့ အစားအစာတွေ ထဲမှာလည်း ဆား လုံးဝမပါဘူး ၊ ညစာ အချိန်ကျရင်တော့ အကြောင်းစုံကို မေးကြည့်ရဦးမယ် ”

ထိုသို့ပြောဆိုပြီး ညနေဘက် ပွဲတော်တည်သည့် အခါတွင် ဧည့်သည် ဘုရင်ကြီးက ဆား အကြောင်းကို စတင် မေးမြန်းလေ၏ ။

“ အဆွေတော်ရယ် ၊ အသင့် တိုင်းပြည်မှာ ဆား လုံးဝ မရှိလို့လား ”

“ ကျွန်တော်မျိုးတို့မှာ ဆား ရှိပါတယ် ၊ ကျွန်တော် အုပ်ချုပ်နေတဲ့ နိုင်ငံဟာ ဆားသိပ် ထွက်လို့ ကမ္ဘာ့နိုင်ငံပေါင်း များစွာသို့ပင် တင်ပို့ရောင်းချ နေပါတယ် ”

“ ခုလို ဆားရှိလျက်နဲ့ အစားအစာတွေ ထဲမှာတော့ ဘာကြောင့် ဆားမထည့်သလဲ ”

“ အရှင်မြတ်၏ အစားအစာ ထဲသို့ ဆားကို မထည့်ရန် ကျွန်တော်မျိုး ကိုယ်တိုင် အမိန့် ပေးထားခြင်း ဖြစ်ပါသည် ၊ ခုလို အမိန့်ပေးရခြင်းမှာ အရှင်မင်းမြတ်သည် ဆားကို မနှစ်သက်၍ စားသုံးခြင်းပြုမည် မထင်၍ ဖြစ်ပါသည် ”

“ အဆွေတော်ရယ် ၊ ဘယ်လို ဒီအတိုင်း ဖြစ်နိုင်ပါ့မလဲ ၊ ကျွန်တော်တို့ဟာ ဆားနှင့် ကင်းပြီး နေလို့ မရကြပါဘူး ၊ ကျွန်တော်ဟာ ဆားကို အထူးနှစ်သက်ကြောင်းလည်းအဆွေတော်ကို အလေးအနက် ပြောလိုပါတယ် ”

ဖခင်ဘုရင်ကြီး၏ စကားအဆုံးတွင် မင်းသားကလေးသည် အဖြစ်မှန်ကို အောက်ပါ အတိုင်း ပြောပြလေ၏ ။

“ အရှင်သခင် ၊ အရှင်၏ သားငယ်ကလေးက ဖခင်အား ဆားလောက် ချစ်ပါသည်ဟု လျှောက်ထားစဉ်က သားငယ်၏ စကားကို နားဝင်မချို၍ အစောင့်စစ်သားတို့အား သားငယ်ကို သ,တ်စေခဲ့ပါသည် ”

အထက်ပါ မင်းသားကလေး၏ စကားတို့ကို ကြားရသည်တွင် ဧည့်သည် ဘုရင်ကြီးသည် သူနှင့် စကားပြောနေသူအား မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိသွားလေ၏ ။ ထို့ပြင် သူ၏ အငယ်ဆုံးသား ဖြစ်ကြောင်းလည်း ကောင်းစွာ မှတ်မိသွားတော့၏ ။ ထို့ပြင် ဘုရင်ကြီးသည် မိမိ ပြုခဲ့သော အမှားကို တွေးကာ စိတ်မကောင်းခြင်း ကြီးစွာလည်း ဖြစ်ရရှာလေ၏ ။

ထို့နောက် ဘုရင်နှစ်ပါးတို့သည် တစ်ဦး လည်ပင်းကို တစ်ဦးဖက်ကာ လောကကြီးအား သတိမရနိုင်အောင်ပင် ကြင်နာ၍လည်း သွားကြ၏ ။ ထို့နောက် ဖခင် ဘုရင်ကြီးသည် သူ ပြုလုပ်မိခဲ့သော အမှားကို ခွင့်လွှတ်ရန် သားငယ် ဘုရင်အား တောင်းပန်စကား ဆိုလေ၏ ။

( ဘာသာပြန် )

〇 ပုသိမ်မြင့်ဝေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၈ ၊ နိုဝင်ဘာ

ကျွန်တော့်မိန်းမ ဆွဲကြိုးပျောက်တဲ့ကိစ္စ


 

❝ ကျွန်တော့်မိန်းမ ဆွဲကြိုးပျောက်တဲ့ကိစ္စ ❞
         ( တိုးနှောင်မိုး )

တကယ်တော့ ဘာမှ မဟုတ်ဘူး ။ ဟုတ်လား ဆိုတော့လည်း ဟုတ်တယ် ။ ဘယ်လို ပြောရမလဲ ။ တကယ်တော့ ဆီးပင် ပင်စည်က ဆီးပင်ကို ကိုင်လှုပ် သလိုပေါ့ ။ ဆီးသီး သီးနေတဲ့ အပင် ဆီးသီးတွေ ကြွေကျသလို တဝေါဝေါ တဖြုတ်ဖြုတ် ကြွေကျခဲ့ပါတယ် ။ အဲဒီအချိန် ၊ အဲဒီကာလ တစ်ခုမှာပေါ့ ။ ကြေကွဲခြင်း ၊ ဝမ်းနည်းခြင်း ၊ ဝမ်းသာခြင်း ၊ ကြည်နူးခြင်း ဆိုတာတွေဟာ နေ့နဲ့ ညလောက်တောင် မကြာရှည်ဘူး ။ စက္ကန့် အပိုင်းအစလေးများ အတွင်းမှာပဲ ပြောင်းလဲ ဖြစ်ပျက်သွားပါတယ် ။ ဖြစ်ပုံက ဒီလို ။

••••• ••••• •••••

ကျွန်တော့်မိန်းမက မနက် ဈေးထွက်တိုင်း ဆွဲကြိုး ဆွဲနေကျ ။ အမြဲ ဆွဲတာတော့ မဟုတ်ဘူး ။ ချွတ်ထားလိုက် ၊ ဆွဲထားလိုက် ။ သူ့စိတ်ကူးရရင် ရသလို ဆွဲလိုက် ၊ မဆွဲလိုက်ပါပဲ ။ ပြီးတော့ ကျွန်တော်တို့ လင်မယားနှစ်ယောက် ပိုင်ဆိုင်မှုက အဲဒီ ဆွဲကြိုးလေး တစ်ကုံးပဲ ရှိတာကိုး ။ သားမယား ဝတ်စားထားရင် လင်ဂုဏ်ရှိတယ် ဆိုပြီး ကျွန်တော်က ထုတ်ဝတ်ခိုင်းရင်းက ဝတ်ဖြစ်တာ ။ အဲဒီလိုနဲ့ မိန်းမလည်း ဝတ်ဖြစ်တယ် ဆိုပါတော့ ။

အခု အဖြစ်အပျက် ဖြစ်နေတုန်း အဲဒီတုန်းက ကျွန်တော့်သူငယ်ချင်း ဧည့်သည်တစ်ယောက် အိမ်မှာ ရောက်နေတယ် ။ ဧည့်သည် ရောက်နေတော့ ညဆို ကျွန်တော်တို့ သောက်ဖြစ်ကြတယ် ။ မနက် ဈေးခင်းရတော့ မနက်ဆို မနည်းထ,ယူရတယ် ။

အရက်သောက်တာကို ဘယ်မအေ ၊ ဘယ်ဇနီးမယား ၊ ဘယ်သားသမီးမှ မကြိုက်ဘူး ။ အဲဒီတော့ ဧည့်သည်သူငယ်ချင်းနဲ့ အရက်သောက်တာကို ကျွန်တော့်အိမ်သူ သက်ထားက မကြိုက်ဘူး ။ ဖွင့်တော့ မပြောဘူး ။ အမူအရာက သိသာတယ် ။ တစ်ခါတလေဆိုတဲ့ အတွက်ကြောင့်သာ ။ ဒီမနက် ဈေးခင်းတော့ လင်မယား နှစ်ယောက် သိပ်အဆင်ပြေလှတယ် မဟုတ်ဘူး ။ ဒီလိုနဲ့ ဈေးခင်းပြီးတိုင်း ကျွန်တော်တို့လင်မယား ဈေးထဲမှာပဲ မနက်စာ ထမင်းကြမ်း စားလေ့ရှိတယ် ။ အမြဲတမ်း ဈေး ထွက်ဖြစ်တိုင်း အဲလိုပဲ ။ မနက်စာကို ဈေးထဲမှာပဲ စားတာ ။ ပြီးတော့မှ သမီးလေး သွားခေါ် ၊ အမြဲတမ်း အဲလိုပဲ ။

ခု ဧည့်သည် ရောက်နေတော့ မနက်စာ ထမင်းကြမ်း စားပြီး ဧည့်သည် သူငယ်ချင်း အတွက် မနက်စာကျွေးဖို့ အိမ်ပြန်တယ် ။ ပြီးတော့ သမီး ပြန်ခေါ် ၊ ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်ပေါ့ ။ လက်ဖက်ရည်ဆိုင်က အပြန် ဈေးဝင်ပြီး ဟင်းချက်စရာယူ ၊ ပြန်ချက်ပြုတ်ပြီး ဈေးသိမ်းခါနီးမှ ဈေးပြန်သွားပြီး ဆိုင်သိမ်းပေါ့ ။ လင်မယားနှစ်ယောက် ဆိုင်သိမ်းပြီးမှ အိမ်ပြန်ပေါ့ ။ တစ်နေ့တာ ဈေးတစ်မနက်က အဲဒီလို ။

အိမ်ရောက်တော့ ကျွန်တော်တို့ ထမင်းစားကြတယ် ။ ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော် ထမင်းစား နေတာ ။ ကျွန်တော့်မိန်းမက ကလေးကို ထမင်းကျွေး ၊ ကျွေးပြီး ရေချိုးပေးနေတယ် ။ ကျွန်တော်တို့ ထမင်းဝ ပြီးတော့ မှပဲ ကလေး ရေချိုးပေးနေတဲ့ မိန်းမဆီက အာမေဍိတ်သံ ထွက်လာတယ် ။

အဲဒီအချိန်မှာ ကျွန်တော့် ယောက္ခမကြီးက အိပ်နေတယ် ။ ကျွန်တော်တို့ အိမ်မှာ အတူနေ မိန်းမရဲ့ ဦးကြီးနဲ့ အဒေါ်လည်း ရှိတယ် ။ ခုဖြစ်သွားတာ လူစုံတုန်းကာလလို့ ပြောရင်ရတယ် ။

အဲဒီအချိန်မှာပဲ မိန်းမဆီ က သူ့လည်ပင်း စမ်းပြီး -

“ အဲ ... ဆု ဆွဲကြိုး ဘယ်မှာ ကျပျောက်သွားပါလိမ့် ”

ထိုစကားကို ကြားတော့ နားထင် မိုးကြိုးပစ်လိုက်သလိုပဲ ။

ကျွန်တော်တို့ လင်မယား ချမ်းသာသရွေ့ ဒါပဲ ရှိတာ ။ မိန်းမဆီက သွားပြီ မရှိတော့ဘူး ဆိုတာ တစ်ခွန်းတည်းရယ်ပါ ။ ကျွန်တော့် ရင်ထဲက အဲခိုးလ်သံက မရပ်တော့ဘူး ။ သေရောပဲ ။ နှစ်ကျပ်သားလောက် ရှိတဲ့ ဆွဲကြိုး ။ ဆွဲသီး တင်တစ်မတ်သားလောက် ရှိတယ် ။

မိန်းမက ကျပျောက်ပြီ ဆိုတာနဲ့ ရှာတွေ့ဖို့က မလွယ်တော့ဘူး ။ လမ်းမှာ ထွက်ကျလည်း မလွယ်တော့ဘူး ၊ ပြန်ရဖို့က ။ လမ်းပေါ်က လူသွားလူလာက မနက် ၃ နာရီ ကတည်းကလေ ။ ရေအဆုံး ကုန်းအဆုံးပဲ တွက်ဆရမှာပဲ ။ ပြန်တွေ့ဖို့က ဝေးဝေးဝေး ။

ပြီးတော့ ကျွန်တော့် မိန်းမအကြောင်း ပြောရဦး မယ် ။ သူကလည်း ခေသူ မဟုတ် ။ ခေသူ မဟုတ်ဘူး ဆိုတာ ကျန်တာ မဟုတ်ဘူး ၊ ရွှေဖျောက်တာ ။ အပျိုတုန်း ကလည်း သူ့အမေလက်စွပ် ယူဝတ်တာ ပျောက်ပြီးပြီ ။

ပြီးတော့ နားတောင်းက ယမ်းယမ်းလေးလည်း ကျွန်တော်နဲ့ အိမ်ထောင်ကျပြီးမှ ပျောက်တာ နှစ်ခါရှိပြီ ။ ပြန်တွေ့လို့ပေါ့ ။ ပထမတစ်ခါက ကျွန်တော့် သူငယ်ချင်း ပြည် က ကျူရှင်ဆရာ ငဇော့် အိမ်မှာ ။ တော်သေးတာ ရေချိုးခန်းထဲ ပြန်တွေ့လို့ ။

နောက်တစ်ခါက ပုတီးကုန်း အိမ်မှာ ။ နောက်ဖေးအိမ်သာမှာ ပြန်တွေ့လို့ ။ အဲဒီလို ပစ္စည်းပျောက် ထူးချွန်တဲ့ မိန်းမ ။

ခုလည်း ဆွဲကြိုး ပျောက်ပြန်ပြီ ။ အိမ်ရောက် နေတဲ့ ဧည့်သည် သူငယ်ချင်း လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ် ။ အဲဒီကောင့် နေရာမှာ ကျွန်တော်ဆို ပြတင်းပေါက်က ထွက်ပြေးမိမှာ ။ သူလည်း အဲဒီလို ထွက်ပြေးချင်စိတ် ပေါက်နေလောက်ပြီ ။

ကျွန်တော့်မိန်းမ တော်တော်လေးကို ပျာယာခတ်နေတယ် ။ အိမ်မှာလည်း နှံ့နေအောင် မွှေနှောက်ရှာနေတယ် ။ ဒီမှာ ချွတ်ထားပြီး ဒီကနေ့ မနက်က ဝတ်လိုက်တယ် ဆိုတာချည်းပဲ ။

ကျွန်တော်လည်း ပူလောင်နေတာကနေ ခေါင်းအေးအေးထား စဉ်းစားမိတော့ ကျွန်တော်တို့ လင်မယား မနက် ထမင်းကြမ်းစားကတည်းက အမှတ်တမဲ့ မိန်းမလည်ပင်းမှာ ဆွဲကြိုး မတွေ့မိဘူး ။ ကျွန်တော်က ချွတ်ထားတယ်ပဲ ထင်တာပေါ့ ။ အဲဒီကတည်းက ဆွဲကြိုးဟာ ကျပျောက်နေပြီ ။ အဲဒါ မိန်းမကို ပြောတော့ မိန်းမက မနက် စောစောကတည်းက ကျပျောက်တာပေါ့တဲ့ ။ သွားပြီ ။ အဲဒါဆို မလွယ်တော့ဘူး ။ ဈေးထဲမှာ ၊ လမ်းမှာ ကျပျောက်ရင် ကိစ္စက ပြီးပြီ ။ မိန်းမလည်း အဲဒါကို တွေးမိသား ဖြစ်နေတော့ ရူးမတတ် ဖြစ်သွားတယ် ။ အိမ်ထဲမှာ ကျပျောက်ရင် ပြန်ရတတ်သေးတာပေါ့ ။

ဈေးထဲမှာ ၊ လမ်းပေါ်မှာ ကျပျောက်ရင် တစ်ဦးဦးက တွေ့သွားမှာ အသေချာပဲ ။ ပြန်ရစရာကိန်းကို မရှိတော့ဘူး ။ ရတဲ့သူက ပွတာပဲ ။ အဟောင်းဈေးနဲ့ ရောင်းတောင် ၁၅ သိန်းလောက် စိုပြည်သွားမှာ ။ ကျွန်တော့် မိန်းမဦးကြီးက ဆူတယ် ။ ယောက္ခမလည်း နိုးလာပြီး သွေးတိုးလာလို့ ဆေးရုံပြေး လိုက်ရသေးတယ် ။

ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ ဈေးထဲ ပြန်ရှာပြီးပြီ ။ ဘယ်လိုမှ မတွေ့ဘူး ။ မိန်းမလည်း ငိုတစ်လှည့် ၊ ရယ်တစ်လှည့် ရင်ဘတ်စည်တီး ငိုပါလေရော ။ ဟုတ်တယ် ။ မိန်းမ ဆိုတာ ကျိုက်ထီးရိုးက ဝယ်တဲ့ သေနတ်လိုပဲတဲ့ ။ အသား မနာပေမဲ့ နားငြီးတယ် ဆိုတဲ့ စကားမှန်ပေါ့ ။ ကျွန်တော် ကတော့ နှမြောတာပဲ ရှိတယ် ။ သိပ်ပြီး စိတ်ဒုက္ခ မပေးတော့ဘူး ။ ဆုံးပြီလို့ပဲ သတ်မှတ်ထားတယ် ။ အိမ်အနှံ့ ရှာတာတောင် တွေ့မှ မတွေ့ရတာကိုး ။

သူငယ်ချင်း ဧည့်သည်လည်း ဘာလုပ်ရမှန်း မသိဘူး ။ ငူငူကြီး ထိုင်နေတယ် ။ ထိုင်မရ ၊ ထ,မရ အနေအထား ။ ထိုင်ရမလို ၊ ထ,ရမလို အဖြစ် ။ သူ့ကို မယုံသင်္ကာ ဖြစ်စရာ မရှိပေမဲ့ ကျပျောက်တာ မဟုတ်ဘဲ သူများ ယူရင် ဆိုတဲ့ အမြင်ပွားစရာတွေ ဖြစ်လာနိုင်တယ် ။ ဒီအိမ်မှာ သူစိမ်းဆိုလို့ သူပဲ ရှိတာကိုး ။

ပြီးတော့ ချဲရှုံးနေတဲ့ ဦးလေးကြီး အပေါ်ကိုလည်း ကျွန်တော့် မိန်းမက တစ်မျိုး ထင်နေသေးတယ် ။

ကျွန်တော် ကတော့ ဥစ္စာပျောက် ငရဲရ ဆိုသလို ဘယ်သူကိုမှ ယိုးစွပ်ဖို့ မစဉ်းစားတော့ဘူး ။ ညနေစောင်းတာနဲ့ ရေမိုးချိုးပြီး သူငယ်ချင်း ဧည့်သည်ကို ခေါ်ပြီး အရက်ဆိုင် ခေါ်လာခဲ့တယ် ။ သူငယ်ချင်း ကလည်း စိတ်မကောင်းဖြစ်နေတယ် ။ အိမ်က လူတွေက ကိုယ့်အပူ ကိုယ်စီနဲ့ပေါ့ ။

ကျွန်တော်နဲ့ သူငယ်ချင်း အရက်ဆိုင်ကနေ အိမ်ကို ပြန်တော့ ညခုနစ်နာရီ ထိုးနေပြီ ။ လူကလည်း ထွေနေပြီကိုး ။ မိန်းမကတော့ အိပ်ခန်းထဲမှာ အိပ်နေတယ် ။ ယောက္ခမနဲ့ အဒေါ်က TV ရှေ့မှာ တုံးလုံးကြီး ။ ဦးလေးက ညစောင့်မို့ အလုပ် သွားပြီ ။ အိမ်ဟာ TV ဖွင့်ထားတာက လွဲပြီး တိတ်ဆိတ်နေတယ် ။ တကယ်တော့ တိတ်ဆိတ်နေတယ် ဆိုတာထက် ခြောက်ကပ်နေတယ် ။

ဒါနဲ့ ကျွန်တော်က သူငယ်ချင်းကို အယောင်ပြပြီး ထမင်းစားဖို့ မျက်စပစ် လိုက်တယ် ။ စားပွဲပေါ်မှာ ထမင်း ၊ ဟင်း အဆင်သင့် ။ ကျွန်တော်က သူငယ်ချင်းနဲ့ ထမင်းစားနေရင်း အမေ ထမင်းစားပြီးပြီလားလို ယောက္ခမကို လှမ်းမေးလိုက်တော့ ယောက္ခမက မစားရသေးဘူးတဲ့ ။ မိန်းမကို လှမ်းမေးလိုက်တော့ ဘာအသံမှ မကြားရဘူး ။ နှစ်ခါ ၊ သုံးခါလောက် မေးမိမှ မစားရသေးဘူး ဆိုတဲ့ စကားပြန်ရတယ် ။

အိမ်မှာ ဥစ္စာပျောက်နေတာ စိတ်တွေ ငရဲကျနေပြီ ။ အဲ့အတိုင်း ၊ တစ်အိမ်လုံး ငရဲ ကျနေတဲ့အတိုင်း ခြောက်ကပ်နေတယ် ။

ကျွန်တော်နဲ့ သူငယ် ချင်း ထမင်းစားနေကြပါတယ် ။ ကျွန်တော်တို့ နှစ်ယောက်လည်း တိတ်ဆိတ်စွာ ထမင်းစားနေပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် စကား မပြောဖြစ်ဘူး ။ အဲဒီအချိန် ထမင်းစားနေတုန်း ဖုန်းဝင်လာလို့ ဖုန်းသံက အတော်ကျယ်လောင်စွာ ထွက်လာတယ် ။ ကျွန်တော်က ဖုန်းစကားပြောရင်း ထမင်းစား နေတယ် ။ အဲဒီအချိန်မှာ အိပ်ခန်းထဲက မိန်းမရဲ့ သက်ပြင်းသံတွေ အခန်းအပြင် လျှံကျလာမလား ထင်ရတယ် ။ ပူလောင်သော မီးတွေ လောင်နေတာ ။

ကျွန်တော်လည်း ဖုန်းပြောပြီး ထမင်း ဆက်စားနေတယ် ။

ထိုစဉ်မှာပဲ သူငယ်ချင်းက ဟိုမှာ ဆိုပြီး လက်ညှိုးထိုး ပြတယ် ။ သူညွှန်တဲ့ နေရာ ကျွန်တော် ကြည့်လိုက်တယ် ။ ပြီးတော့ သူ့ကို ပြန်ကြည့်ပြီး နှစ်ယောက်သား အံ့အားသင့်နေတယ် ။

ကျွန်တော် ဖုန်းပြောရင် နိုးတတ်တဲ့ သမီးလေးက အိပ်ရာက နိုးလာပြီး သနပ်ခါးခုံ နားမှာ သူ့ဟာသူ ဆော့နေတာ ။ ထမင်းဝိုင်းနဲ့ သိပ်ဝေးတာ မဟုတ်ဘူး ။ အဲဒီမှာ သမီးလေး ပန်ပန် ဆော့နေတာ ။

သမီးလေး ပန်ပန် ဆော့နေတဲ့ အရာကို မြင်မိပြီး အံ့အားသင့်နေတယ် ။ စိတ်ထဲလည်း တစ်မျိုးကြီး ။ သမီးလေး ပန်ပန် ဆော့နေတဲ့ အရာက ကျွန်တော့်မိန်းမ ဆွဲကြိုး ၊ ပျောက်သွားတဲ့ ဆွဲကြိုး ။

ပါးစပ်က ဘာပြောရမှန်း မသိဘူး ။

သမီးလေးက ဆွဲကြိုးကို စိတ်ဝင်တစားနဲ့ ဆော့နေတယ် ။

အဲဒီမှာ ကျွန်တော်ကပဲ မိန်းမရေ ... ဆုရေ ဆိုပြီး လှမ်းခေါ်လိုက်တယ် ။ အခန်းထဲက မိန်းမအသံက မီးယပ်ပိန်မီးယပ်ခြောက်အသံနဲ့ ချည့်နဲ့ နေတယ် ။

နင့်သမီး ဘာနဲ့ ဆော့နေသလဲ ကြည့်လိုက်စမ်း ဆိုပြီး ထပ်ပြောလိုက်တယ် ။ အဲဒီမှာ မိန်းမက ဝုန်းဆို ထထွက်လာတယ် ။ အိပ်ရာထဲက ထွက်လာတာ ဆံပင်စုတ်ဖွားနဲ့ပေါ့ ။ ယောက္ခမနဲ့ ဒေါ်လေးလည်း TV ရှေ့ကနေ ရောက်လာကြတယ် ။

သမီးလေး ပန်ပန် ဆီမှာ သူတို့ အကြည့်တွေ ။

သမီးလေးက အေးချမ်းစွာ ကစားနေတာ ။ အပြစ် ကင်းစင်တဲ့ အရိပ်အငွေ့တွေ နဲ့ ။ သူ ဘာမှ မသိဘူး ။ အဲဒီမှာ လူကြီးတွေက သူ့ဆီ ဝိုင်းအုံ ရောက်လာတော့ နည်းနည်း တစ်မျိုးတော့ ဖြစ်သွားတယ် ။ ပြုံးပြပြီး သူ့ဟာသူ ဆက်ဆော့ နေပါတယ် ။

ဟုတ်တယ် ။ အခု သမီးလေး ပန်ပန် ဆော့နေတာ ကျွန်တော့်မိန်းမ ဆွဲကြိုး ။ တကယ့် ကျွန်တော့်မိန်းမ ဆွဲကြိုး ။ အခုမှ အားလုံး စိတ်တွေ တုံးတုံးချတော့တယ် ။

မိန်းမက ဆွဲကြိုးကို တစ်နေရာမှာ တင်ထားလိမ့်မယ် ။ အဲဒါကို သမီးလေးက ယူဆော့တာ ဖြစ်လိမ့်မယ် ။ သူ့ ကစားစရာတွေနဲ့ အတူ ယူထားတော့ ဘယ်သူမှ မသိဘူး ဖြစ်နေတာ ။ သမီးလေး ကစားစရာတွေ ထည့်ထားတဲ့ ခြင်းကလေးက အနားမှာ ။ သမီးက ဆွဲကြိုးကို ကစားစရာ ထင်ပြီး ဆော့နေခြင်းသာဖြစ်တယ် ။

ကျွန်တော်တို့ သက်ပြင်းချမိ ။ တော်သေးတယ် ။

ခုချိန်မှာတော့ ပစ္စည်း တွေ့သွားပြီ ။ အရာရာ အားလုံး ပြီးသွားပါပြီ ။ ဒါပေမဲ့ ယောက္ခမကြီး ကတော့ ဝမ်းသာအားရ ဖြစ်ပြီး သွေးပြန် တိုးလာလို့ သွေးကျဆေး သောက်လိုက်ရသေးတယ် ။ ထိုနေ့ည တိမ်ကင်းစင် သွားတယ် ။ လမင်းကို ဝင်းဝင်းပပမြင်လိုက်ရသလို ခံစားမိတယ် ။ သမီးလေးက မိသားစု ပျော်ရွှင်မှုကို ပြန်ခေါ်လာတယ်လို့ ဆိုရမလား ။ သေချာတာကတော့ အိမ်ထဲက ငရဲအပူအငွေ့တွေ အပြင်ကို ရွေ့ထွက်သွားတာတော့ အမှန် ။

••••• ••••• •••••

နောက် နှစ်ရက်လောက် ကြာတော့ သူငယ်ချင်း ဧည့်သည် ပြန်သွားတယ် ။ သူ ပြောသွားတဲ့ စကားက မှတ်သားစရာပါ ။ ခင်ဗျားတို့ အိမ်က ဆွဲကြိုးပျောက်တာကလည်း တစ်ခန်းရပ်ပြဇာတ် ကျနေတာပဲတဲ့ ။ ရထား မထွက်ခင် ပြောသွားတာ ။

ကျွန်တော်က ထပ်တွေးပါတယ် ။

အဲလိုပဲ တစ်ခန်းရပ် ပြဇာတ်ဖြစ်တာ ကောင်း ကောင်းလို့ ။ အိမ်ထောင်ရေး ဆိုတာ စာအုပ်တွေထဲကလို မဟုတ်သလို တစ်ဦး အိမ်ထောင်ရေးနဲ့ တစ်ဦး တူမှ မတူတာကိုလို့ ။

▢  တိုးနှောင်မိုး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၇

တစ်ခုသော ဆောင်းတစ်ညပုံပြင်


 

❝ တစ်ခုသော ဆောင်းတစ်ညပုံပြင် ❞
      ( ဆွေမင်း - ဓနုဖြူ )

( ၁ )

အစကတော့ ညနေခင်း စားသောက်ဆိုင် တစ်ဆိုင်တွင် စားကြ သောက်ကြရုံသာဖြစ်၏ ။

မိမိတို့ အလုပ်က စားပွဲနှင့် မျက်နှာ အပ်နေရသည့် အလုပ် ။ အချိန်မီအောင် တက်သုတ်ရိုက် ဆောင်ရွက်ကြရသော အလုပ် ၊ အချိန်မှန် အလုပ်မို့ ရုံးချိန်အတိုင်း မိမိတို့ ရုံးခန်းသို့ ရောက်ရသည် ။ လူ ကိုယ်စီပင် အိမ်မှ ထမင်းချိုင့်ကိုယ်စီ ယူခဲ့ကြရ၏ ။

ဟင်းပေါင်းစုံကို စားရခြင်းကိုက အရသာ ၊ ကျေနပ်မှု တစ်မျိုးပင် ။ မွန်းကြပ်သော အလုပ်ချိန်များမှ အနားရရာ ညနေခင်းများတွင် မိမိတို့ အပန်းဖြေ ဂေဟာများသို့ ရောက်တတ်၏ ။

ကန်တော်ကြီး ရေပြင်ထဲ ဆင်းဆောက်ထားသော စားသောက်ဆိုင် တစ်ဆိုင်တွင် မိမိတို့ ညနေခင်း ထိုင်ဖြစ်ကြသည် ။ မိမိ အပါအဝင် ကာတွန်းဆရာ နှစ်ဦး ၊ တာဝန်ခံအယ်ဒီတာ တစ်ဦး ၊ ဒီဇိုင်းဆရာ တစ်ဦး ၊ ထုတ်ဝေသူ နှစ်ဦး နှင့် ပုံနှိပ်လုပ်ငန်းရှင် တစ်ဦး ပေါင်း ( ၇ ) ဦး ဖြစ်၏ ။

သောက်တတ်သူ တစ်ဝက်က ဘီယောက် သောက်ကြပြီး တစ်ဝက်ကတော့ အချိုရည် သောက်ကြ၏ ။

••••• ••••• •••••

( ၂ )

စင်မြင့်ပေါ်မှ အဆိုတော်များ၏ သီချင်း အစီအစဉ် စသောအခါ ဆိုင်က ပိုစည်လာသည် ။ ခေတ်ပေါ် သီချင်းများနှင့် ရောင်စုံခြယ်သထားသော မိန်းကလေးများမှာ ခန္ဓာကိုယ်ကို လှုပ်ခါ နွဲ့ခါဖြင့် စည်းချက် ကျကျ ဟစ်ကြွေးနေကြသည် ။

ပန်းကုံးစွပ်သူ ၊ လက်ခုပ်သံ ၊ ဆောင်းဘောက်များမှ ဂီတသံစဉ်များ ၊ ပုလင်းသံ ၊ ခွက်သံ ၊ စကားပြောသံတို့ဖြင့် ညချမ်းသည် အရှိန်မြင့်လာလေ ဆူညံလာလေ ။

“ စားကြသောက်ကြပါ ခင်ဗျ ”

ဒကာခံသူက တိုက်တွန်း၏ ။ သူ ဘယ်လို တိုက်တွန်း မိမိတို့ ကတော့ မတတ်နိုင်ကြတော့ ။ စားထားတာကလည်း ဗိုက်တင်း နေချေ ပြီ ။ သောက်ထားကြသူများကလည်း ရီဝေ နေကြချေပြီ ။

“ ဒါဖြင့်ရင် နေရာပြောင်းကြရအောင် ကလပ်သွားကြမယ် ... ဘယ့်နှယ်လဲ ...”

ကလပ် ဆိုသဖြင့် မိမိတို့ စိတ်ဝင်စား သွားရသည် ။ ကလပ်သို့ မိမိတို့ တစ်ခါမျှ မရောက်ဘူး ။ ရောက်စရာကလည်း အကြောင်း မရှိ ။ ယင်း ကလပ် ဟူသည် မိမိတို့နှင့် အပ်စပ်မှု မရှိ ။

မိမိတို့ တစ်ခါတစ်ရံ အပန်းဖြေပုံက ညနေခင်း စည်ဘီယာဆိုင်တွင် ထိုင်ခါ ဘီယာသောက်သူက ဘီယာလေး မော့လိုက် ၊ အချိုရည်သောက်ပြီး အစားမြုံ့ရုံလောက်သာ ။

ကလပ် ဆိုသည်ကို မိမိတို့ စူးစမ်းလေ့လာချင်စိတ်ဖြင့် နေရာ ဆက် ပြောင်းဖြစ်ခဲ့သည် ။

ကန်တော်ကြီးစောင်းမှ ကားကိုယ်စီဖြင့် ချီတက်ခဲ့ကြသည် ။ ကန်တော်ကြီး၏ ညှင်းသက်နွေးထွေးသော ပြည်လမ်းမပေါ်မှ လေပူနွေးနွေး၏ ထွေးပွေ့ကျီစယ်မှုကို ခံယူခဲ့ကြသည် ။

ပြည်လမ်းမသည် အမှောင်လွှမ်းလာသဖြင့် ကားအသွားအလာ ရှင်းနေချေပြီ ။

ပြည်လမ်းမမှ မာကျူရီမီး တို့ဖြင့် ထိန်လင်းနေသော အဆောက်အဦးကြီး တစ်ခုထဲသို့ မိမိတို့ ဝင်ခဲ့ကြသည် ။

အပေါ်ထပ် တက်ခဲ့ကြ၏ ။ ကျောက်လှေခါး အဆုံးတွင် စားပွဲလေး တစ်လုံးကို တွေ့ရသည် ။

လက်မှတ် ဝယ်ရသည် ။ အဝေးမှ လာသော ဂီတသံစဉ်များကို သဲ့သဲ့ ကြားရ၏ ။ စားပွဲရှေ့မှ တံခါးချပ်ကို ဖွင့်ပေးလိုက်ပြီး မိမိတို့ ဝင်လိုက်ကြတော့ မျက်လုံးများ ပြာသွားသည် ။ မှောင်နေ၏ ။ အလင်းထဲမှ အမှောင်ထဲသို့ ရုတ်တရက် ဝင်လိုက်သဖြင့် မျက်လုံးတို့က ကျင့်သားမရ ။

ဆူညံပေါက်ကွဲနေသော ဂီတသံ တို့ကြောင့် ရုတ်ချည်း ကမ္ဘာသစ် တစ်ခုသို့ ရောက်သွားသလို ထင်ရသည် ။ စောစောက အဝေးက သဲ့သဲ့သာ ကြားနေရသည် ထင်သော ဂီတသံသည် အလုံပိတ်ထားသော ဤအခန်းထဲမှပါတကား ။

တဖြည်းဖြည်း မျက်လုံးများ ကျင့်သားရလာသောအခါ အလင်းရောင်ပျပျ အောက်ဝယ် ကမ္ဘာသစ်လေး တစ်ခုကို တွေ့ရ၏ ။

သိပ်မကျယ်လှသော အခန်းကလေး ထဲတွင် ကခုန်နေကြခြင်းပင် ။ အက က အနောက်တိုင်း အက ။ ယင်း အကကို မိမိ ရုပ်ရှင်ဗီဒီယိုတွေ ထဲမှာသာ မြင်ဖူးသည် ။ ခုမှ နဖူးတွေ့ ဒူးတွေ့ ။

ကခုန်ခန်း၏ နောက်ဘက်တွင် နားနေခန်း ။ မိမိတို့လည်း ကနေသူများ ကြားမှ တိုးဝှေ့ ဖြတ်သန်းခဲ့ကြခါ နားနေခန်းသို့ လာခဲ့ကြ၏ ။

ထိုင်ခုံ အလွတ်များတွင် ထိုင်ကြသည် ။ မှိန်ပျပျ အလင်းရောင်အောက်ဝယ် မိမိတို့ အဖွဲ့က ရယ်စရာ ဖြစ်နေသည် ။ အကြောင်းမူ ယင်းအခန်းကလေး၏ မှိန်ပျပျ အလင်းရောင်က မည်သည့်ဓာတ် ပါသည် မသိ ။ အဖြူရောင်ကို အနုမြူမီးစုန်းရောင်တွေ ထွက်စေသည် ။ အနီးစပ်ဆုံး ပြောရလျှင် ရုပ်ရှင်ဗီဒီယိုကားတွေ ထဲမှာ ကြည့်ရဖူးသည့် ဂြိုဟ်သားဝတ်စုံများနှယ် ။

လာနေကျ လူများကား အဖြူရောင် ဝတ်လာသူ အလွန်နည်း ပုံရ၏ ။ သူတို့က မီးစုန်းရောင် မတောက်ပ ။ မိမိတို့ တစ်တွေသာ အင်္ကျီဖြူ ဆင်တူ ၊ အဖြူများသော အစင်းကျား ဝတ်သူတို့ ဖြစ်နေကြရာ မိမိတို့သာ ထိုအခန်းကလေးထဲဝယ် အလွန်တရာ လင်းလက်တောက်ပ နေကြ၏ ။

တစ်ယောက်နှင့် တစ်ယောက် မျက်နှာကို မှုန်ဝါးဝါးသာ မြင်ရသော်ငြား ၊ အင်္ကျီဖြူ ဝတ်ထားသည့် ခန္ဓာကိုယ်ကြီးက မီးစုန်းဓာတ်ဖြင့် ထင်းထင်းကြီး တောက်ပနေ၏ ။ ကောင်မလေးများကား အချို့က ထိုင်နေကြသည် ။ အချို့က လမ်းသလားနေ၏ ။ အချို့က ဒွိယံ ဒွိယံ ကခုန်လျက် ။

ကလပ်လာသူများကား အသက် လေးဆယ်ကျော်များသာ များနေကြောင်း တွေ့ရသည် ။ စီးပွားရေးသမားများ ဖြစ်ကြပေမည် ။ တစ်နေ့တာလုံး စီးပွားရေးဖြင့် မွန်းကြပ်နေရာမှ ညချမ်းများတွင် လာရောက် အပမ်းဖြေကြခြင်း ဖြစ်ပေမည် ။

မိမိတို့ကား အချိုရည် သောက်ရင်း အခြားသူများကိုသာ ကျီးကြည့်ကြောင်ကြည့် ကြည့်နေမိ၏ ။ စားပွဲတွင် လာထိုင်သော မိန်းကလေးများကိုလည်း ဟုတ္တိပတ္တိ စကားမပြောတတ်ကြသဖြင့် သင်းတို့ မိမိတို့ အဖွဲ့ကို စိတ်မဝင်စားကြ ။ ခဏပဲ ထိုင်ပြီး ထသွားကြသည် ။ တကယ်ပဲ မိမိတို့ အဖွဲ့က မိန်းကလေးများနှင့် စကားပြောရာကျ အဖြစ် မရှိကြ ။ မိမိတို့က စကားပြောပုံ လူကြီးဆန်နေသည် ။ ရယ်ရွှန်းဖတ်ရွှန်း
ပေါက်ကရ ရယ်စရာဟာသတွေ ပြောမှ မိန်းကလေးများက သဘောကျသည် ။

မိမိတို့အဖွဲ့မှ အတန်ငယ် ရဲရင့်သူ တချို့ကတော့ ထိုင်ရာမှ ထပြီး ကခုန်ခန်းသို့ ထွက်သွားကြ၏ ။ အတန်ကြာတော့ ကိုယ့်လူတွေတော့ မိန်းကလေး တစ်ယောက်ယောက်နှင့် တွဲပြီး ဒွိယံဒွိယံ ကခုန်နေပြီဟု မိမိတို့က အထင်ကြီး နေသည် ။ ပြန်လာလို့ မေးကြည့်လိုက်တော့ ဘေးက ထိုင်ကြည့်နေတာတဲ့ ။ အာဂလူတွေ ။ အခြားသူများကား သွားကဲလိုက် ပြန်လာလိုက် ၊ မိန်းကလေးများနှင့် ရယ်ရယ်မောမော စကားပြောလိုက် ၊ အချိုရည် သောက်လိုက်ဖြင့် အံဝင်ခွင်ကျ ဖြစ်နေကြ၏။

မိမိတို့ အဖွဲ့မှာသာ ခြောက်ကပ်ကပ်ဖြင့် ကိုယ့်အချင်းချင်း စကားစမြည် ပြောဆိုနေကြခါ အချိန်တို့ ကုန်လွန်ခဲ့၏ ။

၁၂ နာရီကျ ကလပ်ပိတ်ကာ နီးပြီ ။ အားလုံး လူစုံတက်စုံ ကခုန်ခန်းတွင် ဝင်နွှဲကြ၏ ။ မိမိတို့ အဖွဲ့လည်း ကခုန်ခန်းထဲ ရောက်သွားကြသည် ။ ယနေ့ညအဖို့ ယင်းစုပေါင်းအကကား နောက်ဆုံးပင် ။

လေးဆယ်ကျော် ဘူတာကြီးများကား လူပျိုလေးများပမာ လက်မြှောက်ခြေမြှောက် စိတ်လွတ်လက်လွတ် ကကြ၏ ။ လက်တွေ ခေါင်းတွေ မြှောက်ပြီး ကိုယ်တစ်ပတ်ပင် လှည့်လိုက်ပါသေး ။

အတွဲညီညီ ကခုန်နေကြ၏ ။ ဂီတသံများကား ရင်ကွဲထွက်မတတ် ပေါက်ကွဲ ဆူညံမြည်ဟီးနေ၏ ။

မိမိတို့အဖွဲ့ကား ထိုင်ကြည့်အဖွဲ့သာ ပါဝင်၏ ။ ထိုင်ကြည့်အဖွဲ့ ၊ လက်နှစ်ဖက်စာသာ ရေတွက်၍ ရမည့် အထဲတွင် မိမိတို့ လူကုန် ခုနှစ်ယောက် ပါနေ၏ ။

တစ်ယောက်မှ မကရဲ ။ တစ်ယောက်မှ မတွဲရဲ ။ ပြူးကျယ်သော မျက်လုံး ၊ ပြုံးဖြဲဖြဲ ပါးစပ်များဖြင့်သာ ကနေသူများကို ကြည့်နေမိကြ၏ ။

မိမိတို့နှင့် လက်တစ်ကမ်း အကွာလောက်မှာ သူတို့ ကနေကြပါ သည် ။ ကပွဲ လာသူ အားလုံးကား ပျော်နေကြ၏ ။ မိမိတို့ကား အပျော် မျက်နှာဖုံးများ တပ်ထားကြခါ တငုတ်တုတ်တုတ် ထိုင်နေရင်းဖြင့် မလှုပ်မယှက် ။

ည ပြန်ကြတော့ ( ၁ ) နာရီဝန်းကျင် ရှိနေပြီ ။ ကလပ် ရှေ့မှာပင် မိမိတို့ ကားသုံးစင်း လမ်းခွဲကြပေမည် ။ နေထိုင်ရာ နယ်မြေချင်း မတူကြ ။ တစ်ယောက်က ခုနှစ်မိုင် ပြန်မည် ။ တစ်ယောက်က ရှစ်မိုင် ။ တစ်ယောက်က မြောက်ဥက္ကလာ ။ မိမိက တောင်ဥက္ကလာ ။

ကားပေါ်မှ ထမင်းချိုင့်များကို ကိုယ်စီ ယူပြီး ကိုယ့်အိမ်နှင့် နီးစပ်ရာ ကားပေါ် ပြောင်းတင်ကြ၏ ။

ကလပ်ရှေ့တွင် ထမင်းချိုင့် ကိုယ်စီဖြင့် ကလပ် လာကြသော မိမိတို့ကို ကားစောင့် ဝန်ထမ်းက အထူးအဆန်းသဖွယ် ကြည့်နေ၏ ။ မတတ်နိုင် ။ မရည်ရွယ်ဘဲ ရောက်သကိုး ။

ထိုဝန်ထမ်း၏ ဤ ကလပ်စောင့် သက်တမ်း တစ်လျှောက်တွင် ဤကဲ့သို့ အလုပ်သွား ထမင်းချိုင့် ကိုယ်စီဖြင့် ကလပ် လာသူ အမျိုးသားများကို တွေ့ဖူးဟန် မတူ ။

ရပ်ကွက်လေးထဲ မိမိတို့ မော်တော်ကား ဝင်လာတော့ ရပ်ကွက်လေးက တိတ်ဆိတ်စွာ အိပ်မောကျနေချေပြီ ။ လမ်းသွယ်တစ်ခု ရှေ့ကျ ရပ်၏ ။

သူငယ်ချင်း ကာတွန်းဆရာက ထမင်းချိုင့် ဆွဲပြီး အမှောင်ထု ထဲသို့ တိုးလျှိုးဝင်ရောက်သွားသည် ။ သိပ်မကြာခင် ခွေးတို့၏ စူးစူးဝါး ဝါး ထိုးဟောင်သံ ကြားရ၏ ။ သူငယ်ချင်း၏ “ ဟဲ့ခွေး ဟဲ့ခွေး ” ဟု မောင်းသံကြားရသည် ။

မိမိတို့ကား စိတ်ပူရမည့် အစား တဟားဟား အော်ရယ်မိကြတော့သည် ။ မဆင်းကြတော့ ။ သူ့အရပ် နှင့် သူ့ခွေး အဆင်ပြေပါချိမ့်မည် ။

ကလပ် တက်ပြီး ညဉ့်နက်သန်းကောင်အချိန် ထမင်းချိုင့်လေး ဆွဲပြီး ပြန်လာသော လူ ဟူ၍ မိမိတို့ အဖွဲ့သာ ရှိချိမ့်မည်ဟု ပြောပြီး မိမိတို့ ဟားကြရသည် ။ စောစောက လွတ်လွတ်လပ်လပ် မရယ်မောခဲ့ကြရသမျှ ယခုကျမှ မိုးပြိုမခန်း ရယ်မောမိကြတော့သည် တကား ။

••••• ••••• •••••

( ၃ )

တစ်ခုသော ဆောင်းတစ်ညတွင် ထိုနေရာသို့ မိမိတို့ ရောက်သွားခဲ့ကြဖူးသည် ။ သို့သော် ထိုနေရာကား မိမိတို့လို စိတ်လွတ်ကိုယ်လွတ် မပျော်တတ်ကြသူများနှင့် မအပ်စပ်ချေ ။ နောက်တစ်ခေါက် ထပ်ရောက်တော့မည် မဟုတ်သည်ကတော့ အမှန်ပင် သေချာနေပါတော့သည် ။

▢  ဆွေမင်း ( ဓနုဖြူ )
📖 သောကြာ မဂ္ဂဇင်း
       ၂ဝဝဝ ပြည့်နှစ် ၊ ဩဂုတ်လ