Sunday, October 19, 2025

မြို့ဂျပိုး ( ၁၅ )


 

သွားပေဦးတော့ တင်မြရီရေလို့ မချိတင်ကဲ နှုတ်ဆက်ပြီး ထွက်ခွာသွားတဲ့ အချုပ်ကားကြီးကို မျက်စိတစ်ဆုံး ကြည့်နေမိပါတယ် ။ စီမံချက်ကာလ ဆိုတော့ အဖမ်းခံရပြီး ခုနစ်ရက်မြောက်နေ့မှာ စီရင်ချက် ချလိုက်ပြီ ။ ထောင်ဒဏ် တစ်နှစ် ကျခံရမယ် ။ ငိုတယ်ဗျို့ ၊ မရှက်နိုင် ၊ မကြောက်နိုင်ကို ရှိုက်ကြီးတငင် ငိုသွားပါတယ် ။ အဖမ်းခံရတဲ့ နေ့က ကျွန်တော် ရဲစခန်းကို လိုက်သွားသေးတယ် ။ ရဲဝန်ထမ်းကို ကျွန်တော် ဘယ်လို လုပ်ပေးနိုင်မလဲ ၊ လွတ်အောင်ဘာတွေ လုပ်ရမလဲဆိုတော့ ...

“ ညီလေး ဥပဒေ ဆိုတာ ကျောသားရင်သား မခွဲခြားဘူး ၊ သူတစ်ယောက်တည်း အဖမ်းခံရတာ မဟုတ်ဘူး  ၊ စီမံချက်နဲ့ ဖမ်းတာ ၊ တရားဥပဒေ အတိုင်း သဘောထားရမှာပဲ ” တဲ့ ။

တင်မြရီ ခမျာမှာတော့ ယဲ့ယဲ့လေးတောင် မပြုံးနိုင်ဘူး ။

“ ငါ့ကို ကူညီပါဟာ ၊ ငါ့ကိုကူညီပါ ၊ ငါ့ကို လွတ်အောင် လုပ်ပေးပါဟယ် ၊ နင့်ကျေးဇူးတွေကို မမေ့ပါဘူး ၊ လုပ်ပေးပါနော် ”

“ အေးပါဟာ ၊ ငါကြိုးစားနေပါတယ် ”

“ လုပ်ပေးပါ မိုးအောင်ရယ် ၊ ငါ နင့်ကို ကတိပေးပါတယ် ။ ဒါတွေ ငါ မလုပ်တော့ပါဘူး ၊ ငါ့ကို ကူညီ ပါဟယ် ၊ ဟင့် .. ဟင့် ”

ငိုပြန်ရောဗျို့ ။ သူ ငိုတော့ ကျန်တဲ့ မချောတွေလည်း လိုက်ငိုတယ် ။ ဘာတတ်နိုင်မှာ လဲဗျာ ၊ ဒီပုဒ်မမျိုးက လိုက်လုပ်ပေးရ သိပ်မျက်နှာငယ်တယ် ။ လူတကာ အထင်သေးတဲ့ ပြည့်တန်ဆာပုဒ်မ ဖြစ်နေတာရယ် ၊ အာမခံပေးလို့ မရတဲ့ စီမံချက်ကာလရယ် ၊ လက်ပူးလက်ကြပ်မိတာရယ် ပေါင်းလိုက်ရင် ထောင်ကျဖို့က များတယ် ။ ကျွန်တော် ကြိုသိနေပေမယ့် သူ့ကို အားပေးခဲ့ပါတယ် ။ ကိုယ့်သူငယ်ချင်းလို ဖြစ်နေတဲ့ အပြင် ပြောမနာ ဆိုမနာ ရင်းနှီးခင်မင် နေကြသူတွေမို့ အချုပ်ခန်းထဲမှာ လာတွေ့ ရတာ ဘယ် စိတ်ကောင်းနိုင်ပါ့မလဲ ။ နဂိုကမှ သနားတတ်တဲ့သူမို့ ကျွန်တော် သူ့ကို တွေးတွေးပြီး ပို ကူညီချင်မိတယ် ။ ဘာမှ မတတ်နိုင်မှန်း သိလျက် နီးစပ်ရာ လူကို အကူအညီ ရလိုရငြား မေးမြန်းပြောဆိုရင်း ကျွန်တော်လည်း လူကဲ့ရဲ့စရာ ဖြစ်မှန်း မသိဖြစ်ခဲ့ပါလေရော ။

“ လမ်းဘေးက ကောင်မအတွက်များကွာ ” တဲ့ ။

“ ဒီကောင်အရူးပဲ ” တဲ့ ။

“ ဘာလဲ ၊ သူမွေးထားတာလား ” တဲ့  ။

ကျွန်တော် စိတ်မကောင်းတာက ဒီစကားတွေကြောင့် အဓိက မဟုတ်ပါဘူး ။ တင်မြရီ နဲ့ နီလာ နှစ်ယောက်ပေါင်းပြီး ခေါင်းလျှော်ဆိုင်လေး ဖွင့်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းရင်း အခုလို ဖြစ်သွားရတာ စိတ်မကောင်းဘူးဗျာ ။ သူ ကျွန်တော့်ကို တစ်ခွန်းမှ တောင် အပြစ်မတင်ဘူး ။ သူတို့ဟာ သူတို့ ကြိတ်ပြီး ကြိုးစားနေတယ် ဆိုတာ သူများ ပြောမှ ကျွန်တော် သိရတာ ။ ကျွန်တော်သာ ငွေထည့်ပေးခဲ့ရင် ဒီလို ဘယ်ဖြစ်မလဲ ။ ဒါတွေ တွေးမိတိုင်း ကျွန်တော် သိပ်စိတ်ထိခိုက်တယ်ဗျာ ။ ပြီးခဲ့သမျှ နောင်တရလို့ နေပါတော့တယ် ။ ပြစ်ဒဏ်ကျခံဖို့ စီရင်ပြီးတော့ တင်မြရီ ဘာပြောတယ် မှတ်လဲ ။

“ မိုးအောင် ... ငါ ပြန်လွတ်ရင် ခေါင်းလျှော်ဆိုင် ရအောင်ဖွင့်မယ် ၊ နီလာ့ကို ဂရုစိုက် လိုက်ပါနော် ၊ ငါ့အခန်းမှာ ဆက်နေပါစေ ၊ အခန်းခက နောက်ရှစ်လစာ ပေးထားပြီးသား ၊ နောက်ထပ် စာချပ်ရင် နင် ချုပ်ပေးနော် ၊ ငါ့ ပိုက်ဆံထဲက ချုပ်ပါ ၊ နီလာ့ဆီက မတောင်းပါနဲ့  ၊ သူ့မှာ ကလေးနဲ့ဟာ ... ” 

“ ဒါတွေ ငါ့တာဝန်ထားပါ ၊ ငါ လုပ်ပေးပါ့မယ် ”

“ နင်တကယ် ကူညီပါနော် ၊ ငါ ပြန်လွတ်လာရင် နေစရာမရှိဘူး ဖြစ်နေမယ် ၊ ငါစိတ်ချပါရစေဟယ် ၊ နော် ... မိုးအောင် ၊ နင့်ကျေးဇူးတွေ မမေ့ပါဘူး ”

“ အေးပါဟာ ၊ နင် ငါ့ကြောင့် .. ”

“ တော်တော့ဟာ ၊ ဒါတွေ နင်ဘာမှ ပြန်မပြောနဲ့  ၊ နင့်ကို ငါ နားလည်ပါတယ် ၊ နှင့်စေတနာတွေ ငါ့အပေါ်အများကြီးပါ ။ နီလာ့ ကို ဂရုစိုက်ပါနော်  ၊ ငါ့ကို ကတိပေးဟာနော် ... ”

မချိမဆံပဲ ၊ ကျွန်တော် သူ့ စိတ်ဓာတ်ကို လေးစားမိတယ် ။ နီလာ က နယ်ခဏပြန်နေတော့ တင်မြရီ အဖမ်းခံရတာ မသိသေးဘူး ။ ပြန်လာလို့ သိသွားရင် သူ ကျွန်တော့်ကို အပြစ်တင်ဦးမှာ ။ သူတို့ နှစ်ယောက် အတူ လုပ်ကိုင်စားသောက်ကြတော့မယ့် အချိန် မတိုင်ခင်လေး အခုလို ဖြစ်ရတော့ နဂိုကမှ အားငယ်တတ်တဲ့ နီလာ တစ်ယောက် စိတ်ထိခိုက်မှာ မြင်ယောင်မိပါတယ် ။ ကျွန်တော် ညဘက်တွေမှာ တင်မြရီ အခန်းကို သွား စောင့်ပေးရင်း တစ်ညခြား တစ်ခါ အိပ်ဖြစ်ပါတယ် ။ အိမ်ရှင် ဦးလေးကြီးကလည်း ခွင့်ပြုပါတယ် ။ သူလည်း စိတ်မကောင်းရှာဘူး ။ နီလာ လာနေ မယ် ဆိုတာလည်း ခွင့်ပြုပြီးသားမို့ နီလာ ရောက်လာတဲ့ အခါ ဝိုင်းဝန်း စောင့်ရှောက်မယ့်အကြောင်း ပြောပါတယ် ။ ဆင်းရဲသားရပ်ကွက်လေးမှာ အိပ်ခန်းငှား စားနေပေမယ့် ကျွန်တော့် ထက် စိတ်ဓာတ်သတ္တိ ရှိတယ်ဗျ ။ တင်မြရီ ကိုယ်တိုင် ရပ်ကွက်ထဲမှာ အနေတည်လို့ သူ သဘောကျကြောင်း ၊ လူ ဆိုတာဘဝ ကံအကျိုးပေး မကောင်းလို့ ကျရာဘဝမှာ ကျင်လည်ကြရကြောင်း ၊ စိတ်ဓာတ် မယုတ်ညံ့ရင် မည်သူမဆို လေးစားကြောင်းတွေ ပြောပြပါတယ် ။

ကျွန်တော်တို့ အထိတ်တလန့် ဖြစ်ရတဲ့ လူကဲ့ရဲ့စရာကိစ္စကို သူတို့ ကျတော့ ဥပေက္ခာ ပြုထားနိုင်တယ် ။ ဆင်းရဲသားချင်း ရိုင်းပင်းစိတ်ပေါ့ဗျာ ။ ကျွန်တော်နဲ့ တင်မြရီ ရင်းနှီးခဲ့တော့ ကျွန်တော့် ပတ်ဝန်းကျင်က လူတွေ ပြောကွက် ရှာပြီး ပြောလိုက်ကြတာ ရစရာကို မရှိဘူး ။ ကိုယ့်ထက် နိမ့်ကျတဲ့ လူကို နှိပ်ကွပ် ပြောဆိုဖို့များ သင်ပေးစရာတောင် မလိုဘူး ။ ပြောလွန်းတော့ ကျွန်တော်လည်း အပြောခံရတာကို လန့်လာတယ် ။ လန့်တော့ တင်မြရီတို့ ကို ခပ်ရှောင်ရှောင် လုပ်လာမိတယ် ။ တဖြည်းဖြည်းနဲ့ လူလတ်တန်းစား ဉာဉ်လေးကြောင့် ခွာလိုက် ၊ တိုးလိုက် ၊ ဆုတ်လိုက်နဲ့ ဆံပင်ညှပ်ဆိုင် ဖွင့်မယ့်ကိစ္စက စပြီး အခွာကြီး ခွာရပ်နေလိုက်မိပါတယ် ။ ကျွန်တော် ပြောခဲ့သလိုပေါ့ ၊ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်ရပါတယ် ။ တကယ်တော့ ကျွန်တော့်မှာ လူလတ်တန်းစားဉာဉ်က ရှိပြီးသားပါ ။ ဒါကို ပစ္စည်းမဲ့တော်လှန်ရေးသမား လိုလို ၊ ဓနရှင်ဆန့်ကျင်တဲ့ လူလိုလို ၊ အခြေခံလူတန်းစား ဘက်တော်သား လိုလို ဟန်ကြီးခဲ့မိတာပါ ။ အရေးကြုံလာတော့ မဟုတ်ချင်တော့ဘူး ။ ကိုယ့်ကိုယ်ကိုယ် သူတို့ မာယာကြောမှာ မျောခဲ့မိသူလို အသာလေး ပြန်ကုပ်နေခဲ့မိတယ် ။

သူရဲဘောကြောင်တယ် ဆိုတာ ဒါမျိုး နေမှာပါ ။

လူအမျိုးမျိုး ရှိတဲ့ အထဲမှာ သူရဲဘောကြောင်တာဟာ တော်တော်ရုပ်ဆိုးမှန်း ဒီတစ်ခါတော့ ကျွန်တော် တွေးမိပါပြီ ။ ဆိုးတဲ့သူက သူ့ဟာသူ ဆိုးတဲ့ ပြယုဂ် ရှိတယ် ။ ယုတ်မာတဲ့ သူမှာ လည်း သူ့ပြယုဂ်နဲ့ သူ ရှိတယ် ။ သူရဲဘောကြောင်တာ ကျတော့ လူဖမ်းရ ခက်တယ်ဗျ ။ လှေနံ နှစ်ဖက်နင်း သလိုပေါ့ ။ ဒီလှေ မှောက်မယ် ထင်ရင် ဟိုဘက်ကို ပြေးကပ်မယ် ၊ ဟိုဘက်က လှိုင်းကြွလာရင် ဒီဘက် လှေပေါ် တက်လိုက်မယ် ။ ကိုယ်တော့ အထိခိုက်မခံဘူး ။ ဘယ်လှေ နစ်နှစ် ကိုယ်မပါဖို့ အရေးကြီးတယ် ။ ဒီအကျင့်က ယောက်ျားတော်တော်များများ ရှိတတ်ပါတယ် ။ မလုပ်နဲ့ ဆိုရင် လုပ်တယ် ၊ တကယ်လုပ်ဟေ့ ဆိုရင် မလုပ်ချင်တော့ဘူး ။ အကြောင်းပြချက် အမျိုးမျိုး ၊ ဆင်ခြေဆင်လက် အမျိုးမျိုး ပေးပါလေရော ။

အခုလည်း တင်မြရီ အဖမ်းခံရတဲ့ ကိစ္စကို ကျွန်တော် ဆင်ခြေ ပေးရပါတော့မယ် ။

“ နင်ဘာလို့ ငါ့ကို လာမပြောတာလဲ နီလာ ၊ နင်တို့ တကယ် လုပ်ချင်ရင် ငါ့ကို လာတိုင်ပင်ပါလား ၊ အခု ကြည့်စမ်း ၊ စီမံချက်ရှိမှန်း သိလျက် ထွက်တယ် ၊ ကဲ ... ဘာတတ်နိုင်သေးလဲ ။ တကယ်ဆို နင် ငါ့ကို လာပြောပါ လား ၊ နင်တို့ ဟာ ...”

သုံးခွန်းလောက် ငေါက်လိုက်တာ နီလာ ငိုပါလေရော ။ အစ်ကိုလေး က အဆက်အသွယ်မှ မလုပ်တဲ့ဟာ ၊ အစ်မ ကလည်း အစ်ကိုလေး ကို သွားမပြောနဲ့တဲ့ ဆိုပြီး ရင်ဖွင့်ပါတယ် ။

ကျွန်တော် ကတော့ သူ့ကိုပဲ ဆက်ပြီး အပြစ်တင်တယ် ။

“ သူ မပြောခိုင်းလည်း နင် လာပြောရင် ရတာပဲ ၊ နင်က ငါ့ကိုတောင် မဆက်သွယ်ချင်တော့တာ ဘာသဘောလဲ ”

“ ဟင့်အင်း ၊ မဟုတ်ဘူး ... မဟုတ်ဘူး ၊ နီလာ အဲဒီလို မဟုတ်ဘူး ၊ ဟို ... ”

“ တော်တော့ဟာ ၊ ကဲ ... အခု နင် ဒီမှာ နေမယ် မဟုတ်လား ၊ အခန်းမှာ လူ မရှိရင် ပစ္စည်းတွေ ပျောက်မယ် ၊ လစာလည်း ပေးပြီးသား ၊ နင်အလုပ်က ပြန်ရင် လာရဲတယ် မဟုတ်လား ”

“ ဟုတ် ”

“ ပြီးရော ၊ ကိစ္စရှိရင် ငါ့ဆီ ဖုန်းဆက် ၊ ဟေ့ .... ဒီကို ဧည့်သည် ခေါ်လို့ မရဘူနော် ကြားလား ”

“ ဟုတ် ”

ဒီလို ဆူလိုက် ငေါက်လိုက်မှ ရင်ထဲမှာ ပေါ့သွားတယ် ။ ကိုယ် နိုင်တဲ့ လူကို ဖိဟောက်ရင်း ကိုယ့်အပြစ်ကို ဖုံးပစ်တဲ့ ဗြူရိုကရက် စရိုက်ပေါ့ဗျာ ။ ဆူလို့ ငေါက်လို့ ဝပြီ ဆိုတော့မှ ဈေးဖိုး ငါးထောင် ထုတ်ပေးပြီး ပြန်လစ်လာခဲ့တယ် ။ နီလာ့ ကို ကူညီစောင့်ရှောက်မယ်လို့ ကတိ ပေးခဲ့တယ်လေ ။ နီလာ က အခု စတိုးဆိုင် တစ်ဆိုင်မှာ အလုပ် ဝင်လုပ်နေပြီ ။ ကာရာအိုကေက ထွက်လိုက်တာ သုံးလလောက် ရှိပြီတဲ့  ။ ဒါကြောင့် ငွေရေးကြေးရေးမှာ မချောင်လည်ရှာဘူး ။ ကလေးစရိတ် ကလည်း ယောက္ခမ ကို လှမ်းပို့ရသေးတယ် ။ ကျွန်တော် ဝင်မကူညီရင် သူလည်း စိတ်ညစ်ညစ်နဲ့ လမ်းဘေး ရောက်သွားနိုင်တယ် ။ ဒါတော့ အဖြစ် မခံနိုင်တော့ဘူး ။ တင်မြရီ ကို ပေးထားတဲ့ ကတိအတိုင်း ကူညီရဦးမယ် ။ ငွေလေး ငါးထောင် တစ်သောင်း တော့ ကျွန်တော့် အဖို့ မခက်လှပါဘူး ။ မနက်မနက် သောက်တဲ့ ကော်ဖီနဲ့ မုန့်ပဲသရေစာ နည်းနည်း လျှော့လိုက်ရင် ရတာပဲ ။

အံမယ် .... ဒီလို ထောက်ပံ့ရပေးကမ်းရတော့ ကိုယ့်ဟာကိုယ် တောင် ဘဝင် ခပ်မြင့်မြင့် ဖြစ်လာတယ် ။ လူကြားထဲ ရောက်တာနဲ့ အကြောင်းရှာပြီး ဒီကိစ္စကို ပြောလိုက်ရတာ မောကို မမောနိုင်တော့ဘူး ။ ချာတိတ်မလေး တစ်ယောက်ကို ငွေကြေး ထောက်ပံ့နေတယ် ။ သန့်ရှင်းသော စေတနာ ဆိုတာလေး ရောကြိတ်လိုက်ရင် ကိုယ့်ဟာကိုယ် တယ်ဟုတ်ပါလားပေါ့ ။ ဆရာကြီး “ အထာ ” ပေါ့လေ ။ ကယ်တင်ရှင်ကြီးဂိုက် ဖမ်းလို့ ပေါ့ ။ ဘဝင် မြင့်လိုက်ပုံကတော့ ဘုရားဆုတောင် ပန်ရကောင်းနိုးနိုး ထင်မိတယ် ။

ကောင်မလေး တစ်ယောက်ကို ငွေကြေးထောက်ပံ့တယ် ဆိုလို့ မြို့ပြမှာ ခေတ်စားနေတဲ့ ဝေါဟာရကို ပြောရဦးမယ် ။ လူကြီး တစ်ယောက်ကို ကိုယ့်ထက် ငယ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ် ၊ သွားဟယ်လာဟယ်လုပ်နေတယ် ဆိုရင် အရင်ခေတ်က အမြှောင် ထားတယ် ၊ အပျော် ထားတယ်လို့ ပြောကြတယ် ။ အခုတော့ မဟုတ်တော့ဘူး ၊ ဝေါဟာရ ပြောင်းသွားပြီ ၊ “ ခေတ်ဆန်နေတယ် ” တဲ့ ဗျား ။

“ ဟေ့ ... ရှင့်လူကြီး ခေတ်ဆန်နေတယ် ကြားတယ် ၊ ဘယ်လိုလဲ ” 

“ ထုံးစံပေါ့ဟယ် ၊ သူတို့က ခေတ်ဆန်မှ လူရာဝင်တယ် ထင်တာကိုး ၊ မပြောချင်တော့ပါဘူး ”

“ အိမ်ကလူလည်း ဒီလိုပါပဲ ၊ ခေတ်ဆန်လိုက်တာမှ ပြောမနေနဲ့တော့ ”

ဒါမျိုးတွေ ပြောကုန်ကြပြီ ။ ဒီတော့ ကျွန်တော်လည်း ခေတ်ဆန်သလိုလို ဘာလိုလို ရောရောင် ရှူးရတာပေါ့ ။ ရောင်တော်ပြန်နဲ့ ရောလွှတ်တာမျိုးပေါ့ ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာကို ဒီလို လာပြီး ခေတ်ဆန် နေကြတဲ့ ကောင်မလေးတွေ အိမ်ခန်းငှားပြီး လာနေကြတာ တော်တော်များပြီ ။ လှလိုက်တာများ ဒီကနေ့ ခေတ်မှာ လှပါတယ် ဆိုသူတွေရဲ့ ထိပ်ဆုံးနားမှာ ရှိတယ် ။ အဝတ်အစား ၊ အသုံးအဆောင် ၊ အနေအထိုင်က အစ မိုးကျမယ်လေးတွေ လားပဲ ။ ဒါပေမဲ့ နှလုံးသားကတော့ မလတ်ဆတ်တော့ဘူး ။ ကြည့်လိုက်တာနဲ့ အချစ်အကြောင်း နားထောင်မယ့် ရုပ်လက်အင်္ဂါမျိုး မဟုတ်ကြတော့ဘူး ။ အသက်သွင်းထားတဲ့ ကော်ပတ်ရုပ်လေးတွေလိုပဲ ၊ နုနုရွရွလေး လှပေမယ့် အိမ်ရာထူထောင် လူတို့ဘောင် အတွက် အသုံး မဝင်တော့ဘူး ။ သူတို့ကလည်း ပတ်ဝန်းကျင်က လူတွေနဲ့ ကင်းအောင် နေကြပါတယ် ။ ကလက်တက်တက် ရောရောနှောနှော မလုပ်ကြပါဘူး ။ ရပ်ကွက် လူနေမှုစနစ်ကို သိတာလည်း ပါမယ် ။ မြန်မာအိမ်ရှင်မတွေရဲ့ ပါးစပ်ကို ကြောက်တာလည်း ပါမယ် ။ သူတို့ဟာ သူတို့ လှလှပပလေး နေပြီး သွားစရာရှိ သွားတယ် ၊ နေတတ်ကြပါတယ် ။ ခက်တာက ရပ်ကွက်ထဲက မလိမ်မိုးမလိမ်မာ ဆယ်ကျော်သက် မိန်းကလေးတွေပါ ။ တချို့ အားကျကုန်တယ်ဗျ ။ အဲဒါ မဟာ ပြဿနာကြီးပဲ ။ ခေတ်ဆန်တဲ့ ကောင်မလေးတွေ လှလှပပ ဝတ်တာ မြင်တော့ ဝတ်ချင်စားချင်ကြမှာပေါ့ ။ အဲဒီလိုသာ လှဖို့ ဆိုရင် ကျန်တာ မစဉ်းစားချင်ဘူး ။ အတုမြင် အတတ်သင်ပေါ့ဗျာ ။

နောက်ပိုင်းကျတော့ အိမ်ခန်းငှားမယ် ဆိုရင် ဒါမျိုးတွေ ရှောင်ဖို့ လူကြီးမိဘတွေ နားလည်လာကြပါတယ် ။ ပိုက်ဆံရတာ တစ်ခုတည်း ကြည့်လို့ မဖြစ်တော့ဘူးလေ ။ ကိုယ့်မှာ သမီးပျို ရှိရင် ဒါတွေ အားကျသွားလို့ ဒုက္ခလှလှကြီး တွေ့သွားမှာပေါ့ ။

တိုင်းပြည်တစ်ပြည် တိုးတက်ပြီ ၊ ပြောင်းလဲပြီ ၊ လူနေမှုစနစ်တွေ အသွင်ပြောင်းပြီ ဆိုရင် ဒါတွေဟာ ကြုံရမှာပဲ ။ ကျွန်တော် ပြည်ပ သွားစဉ်က အိမ်နီးချင်းနိုင်ငံမှာ ရော ၊ စင်ကာပူ မှာပါ ဒါမျိုးတွေ မြင်ဖူးကြားဖူးတယ် ။ သူတို့ မှာတော့ ဒီလို လူတန်းစားက သီးသန့် ကွဲနေပြီးသား ။ အလှအပနဲ့ ဘဝကို ဖလှယ်ကြတဲ့ ကုန်သွယ်မှုစနစ်ပေါ့လေ ။ ဒါဟာ ဖွံ့ဖြိုးတိုးတက်ဖို့ ခြေလှမ်းပြင်တဲ့ နိုင်ငံတိုင်း မလွဲမသွေ ကြုံရတဲ့ ကိစ္စပါ ။ အချိန်တန်တော့ ဒီလူတန်းစားဟာ တစ်သီးတခြား ဖြစ်သွားမှာပဲ ။ အဲ ... တစ်သီးတခြား မဖြစ်ခင်လေးမှာတော့ ကျွန်တော်တို့လည်း အံတကြိတ်ကြိတ်ပဲ ။ ဒီလို အလှပဂေးတွေ ကိုယ့် ရှေ့မှာ မြင်လာကြုံလာတိုင်း သက်ပြင်းရှည်ကြီး တွေချမိတယ် ။ ဝယ်စားရမှာ ဈေးကြီးတဲ့ သစ်သီးဝလံလိုမျိုး လျှာတသပ်သပ်ပေါ့ဗျာ ။ တစ်ကိုက်လောက် ဖြစ်ဖြစ် ကိုက်ကြည့်ချင်တယ် ။ လူ မဟုတ်လား ၊ လှတာမြင်ရင် လိုချင်တာပဲ ။ သူတို့ ရဲ့ ကုန်ဖလှယ်မှုဟာ ငွေကြေးဓန ပေါ်မှာ မူတည်နေတော့ ချစ်လို့ပါ ၊ ကြိုက်လို့ပါလို့ သွား ပြောလည်း အပိုပဲ ။ “ သိပ်ကြောင်တာပဲ ” လို့ အပြောခံရရုံပဲ ရှိမယ် ။

သူတို့ ကလည်း ခပ်မာမာပဲ ။ ကိုယ်တွေ ကြည့်တဲ့ အာဟာရ မျက်လုံးတွေကို သိတယ် ။ သိပေမယ့် ရှင် ဘယ်လောက် ချစ်သလဲ ဆိုတာ ခဏထားပြီး ၊ ရှင်ဘယ်လောက်ဖိုးချစ်မလဲ ဆိုတာပဲ နားထောင်ချင်ပုံ ရတယ် ။ ရိုးရိုးချစ်တာတော့ လာ မပြောနဲ့တော့ ၊ ပျင်းတယ်ရှင့်လို့ ဟားထုတ်လိုက်ကြမှာပါ ။ အချစ်အကြောင်း မပြောကြေးပေါ့ဗျာ ။ ဘူဇွာ အကြိုက်တွေ ပေါ့ဗျာ ။ လူလတ်တန်းစားသုံး မဟုတ်ဘူး ၊ ခေတ်စနစ် အလှည့်အပြောင်းမှာ ဝုန်းကန် ပေါ်လာတဲ့ လူတန်းစား တစ်ရပ်ပဲ ဆိုပါစို့ ။

ရှောင်ရတယ် ကိုယ့်လူရေ ... အံကြိတ်ပြီး သက်ပြင်းချရုံက လွဲလို့ လိုက်ခေတ်မဆန်နိုင်ဘူး ။ ကျွန်တော် ပြောပြီးပြီလေ ၊ ဒါတွေဟာ ဘူဇွာတွေ သုံးတာပါလို့ ။ ကဲ ... ကိုယ်သုံးခွင့် မရှိတဲ့ ပစ္စည်းမျိုးဆို “ အလကားပါကွာ ၊ ဒါတွေကြောင့် တိုင်းပြည်နာတယ် ” “ အရေးမပါတာတွေ ” ၊ “ ဟွန်း ... ရွံ လွန်းလို့ ” ဆိုတာတွေ ၊ ကိုယ်တွေချင်း တွေ့ရင် ရင်ဖွင့်ကြရတယ် ။ ဒီလိုမှ နေသာထိုင်သာ ရှိသွားတာဗျ ။ မစားရတဲ့ အမဲ သဲနဲ့ ပက်တယ်လို့ ပြောချင်လည်း ပြောပေါ့ ။ အကောင်းတော့ မပြောဖြစ်တာသေချာတယ် ။ တကယ်လို့ ကိုယ်လည်း ဘူဇာကြီး ဖြစ်မယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ ။ “ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာလားကွာ ”  ၊ “ လူတွေဟာ ကိုယ်နဲ့ မဆိုင်တာ ပြောချင်ကြတယ် ။ ဂရုမစိုက်ပါနဲ့ ကလေးရယ် ” ဘာညာဆိုပြီး မချော တွေကို နှစ်သိမ့် ပေးနေမိမလားပဲ ။ ဘာပဲပြောပြော ဘူဇွာ ဖြစ်ရတာကို တစ်ခါတလေတော့ အားကျမိတာ အမှန်ပဲဗျို့ ။ ကိုယ်တွေမှာ တစ်နေ့တစ်နေ့ ပေတရာပေါ် နာရီပေါင်းများစွာ သွားလာ လှုပ်ရှားပြီး ခရီးသည် ကို ရှာရဖွေရ မျက်စိ ၊ နား ၊ ပါးစပ် ၊ ကိုယ်လက်ခြေ အင်္ဂါအစုံ လှုပ်ရှားပြီး အန္တရာယ် အကြားမှာ အသပြာ ရှာနေရတော့ ဘဝအမော တက်လာတဲ့ အခါ ဘူဇွာတွေ မြင်ရင် အားကျမိသလို ဖြစ်ဖြစ်သွားတယ် ။ ဘေးနားမှာ စက္ကထရီ နှစ်ယောက်နဲ့ ဟုတ်လား ။ ထောင်ကျော်တန် ကားကြီး စီးပြီး လက်ကိုင်ဖုန်းလေးနဲ့ အလုပ်လုပ်နေတာတွေ မြင်ရတော့ ကိုယ့်ဟာကိုယ် အောက်တန်းကျသလို ခံစားရတယ် ။

ဒါကို စီးပွားရေး ပညာရှင်တွေက တိုးတက်ပြောင်းလဲလာတဲ့ ဈေးကွက်စီးပွားရေး တိုင်းပြည် တစ်ပြည်မှာ လူတန်းစား ကွာဟမှုလှိုင်း ရိုက်ခတ်တာဓမ္မတာပါတဲ့  ။ လှိုင်းအခြေ ငြိမ်သွားတဲ့ အခါ ဘယ်သူမဆို လူတန်းစေ့ နေနိုင်လာကြမယ် ၊ ကိုယ်ရပ်တည်တဲ့ ဘဝကို ကိုယ်ပျော်ရွှင်လာကြမယ်တဲ့ ။ ဘုရား ... ဘုရား ... ကိုယ် အသက် ကြီးလာတာတောင် ရင်ပူလာမိတယ် ။ မီချင်တယ်လေဗျာ ၊ လှိုင်းအခြေ ငြိမ်သွားတဲ့ ကာလကို ရောက်ချင်လွန်းလှပြီ ။

ကဲ ... လှိုင်းအခြေ မငြိမ်ခင်လေး တင်မြရီ ကို ထောင်ဝင်စာ သွားတွေ့ လိုက်ဦးမယ် ။ ကျွန်တော် ဆောင်ရွက်ထားတဲ့ ကိစ္စတွေ သွားကြွားရဦးမယ် ။ နီလာ ကို ထောက်ပံ့ထားတာတွေ ၊ အိမ်ရှင်အဘိုးကြီးနဲ့ ပြေလည်ခဲ့တာတွေ ၊ သူ ပြန်ထွက်လာတဲ့ အခါ ခေါင်းလျှော် ၊ ဆံပင်ညှပ်ဆိုင် ဖွင့်ဖို့ သေချာပေါက် ကူညီမှာတွေ ။ ကြည့်စမ်း ၊ ဒီလို ဆိုတော့လည်း ကျွန်တော်က “ ဟော့ရှော့ ” ဖြစ်လို့ ။ အပယ်ခံတွေရဲ့ ကရုဏာရှင် ဖြစ်နေပါရော့လား ။

မမ တော့ ဘာများ ပြောမလဲမသိ ။ မတတ်နိုင်ဘူး ၊ သူလည်း ဘူဇွာ ခပ်ဆန်ဆန်ဆိုတော့ ဒါတွေ နားလည်မှာ မဟုတ်ပါဘူး ။ နေပေါ့ဗျာ ၊ ကျွန်တော်လည်း ကျွန်တော် ကျင်လည်တဲ့ အသိုင်းအဝိုင်းမှာ ဟီးရိုး ဖြစ်တာလေးတော့ ဂုဏ်ယူချင်တာပဲ ။ ဒါကို အောက်တန်းစားတွေနဲ့ ရောတယ်လို့ ဘူဇွာတွေး တွေးရင်တော့ ကျွန်တော် မတုံ့ပြန်ချင်ပါဘူး ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အောက်မှာ ကိုယ့်ကို လေးစား ယုံကြည်တဲ့ လူတွေ ရှိတယ် ဆိုတာလေးတော့ သူသူကိုယ်ကိုယ် လိုချင်မှာပဲ ။ သူတောင်းစား တောင်မှ သူ ငေါက်လို့ ရမယ့် မယားတော့ ပိုင်ချင်ရှာမယ် မဟုတ်လား ။ အရွယ် ရောက်လာတဲ့ ပုရိသ မှန်ရင် ရှင်ဘုရင် ပဲဖြစ်ဖြစ် ၊ လယ်သမား ပဲဖြစ်ဖြစ် ကိုယ့်အောက်မှာ လူနိုင်တော့ ရှိချင်ကြတယ် ။ ဒါဟာ ပုရိသတို့ ရဲ့ “ အား ” ( စိတ်စွမ်းအား ) ဖြစ်ပါတယ် ။ လောကမှာ လူဖြစ်လာရင် ကိုယ့်ကို နာခံတဲ့ လူ ၊ ကိုယ် လွှမ်းမိုးနိုင်တဲ့ လူ ၊ ကိုယ် ပြောတာကို လိုက်နာဆောင်ရွက်ပေးတဲ့ လူ ဘယ်နှယောက် ရှိသလဲဆိုတာ ပုရိသတို့ ရဲ့ ခွန်အား ( စိတ်စွမ်းအား ) အစစ်ပဲ ။

ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ စာအုပ်ထဲမှာ ခရစ်ယာန်တရားဟောဓ မ္မကထိက ဆရာတစ်ဦးနဲ့ သူ့လက်ရုံးကပ္ပိယကြီး ဝတ္ထုလေးကို ကျွန်တော် သက်သေထားပါမယ် ။ ဓမ္မကထိကရဲ့ ငယ်ဘဝ တစ်လျှောက်လုံးကနေ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလာတဲ့ အချိန်အထိ သူ ရနေတဲ့ ခွန်အား ( စိတ်စွမ်းအား ) တွေဟာ သူ့ကို ဘဝတစ်လျှောက်လုံး လိုက်ကူညီအားပေးနေတဲ့ ကပ္ပိယကြီး ကြောင့် ဆိုတာ နောက်ဆုံး သူ သိသွားခဲ့တယ် ။ သူ့ကို အထင်ကြီး လေးစားတဲ့ ကပ္ပိယကြီးရဲ့ မျက်လုံးတွေ ကင်းမဲ့တဲ့ တရားပွဲကနေ စပြီး တရားဟောလို့ မရတော့ဘူး ။

ကျွန်တော် ပြောချင်တာက “ ယောက်ျားတံခွန် လူရည်ချွန် ” “ ကိုယ်ထူး ကိုယ်ချွန် ” ဆိုတဲ့ စကားတွေကို ဆန့်ကျင်ပြောတာ မဟုတ်ပါဘူး ။ ပုရိသတို့ရဲ့ သဘောသဘာဝ ကိုက လွှမ်းမိုးလိုစိတ် ရှိကြတာကို ပြောချင်တာပါ ။ စာပေ ၊ ဂီတ ၊ အနုပညာ ၊ ရုပ်ရှင် ၊ ဗီဒီယိုနယ်ပယ်တွေမှာ ကျွန်တော် ပြောတာ ပိုအကျုံးဝင်ပါမယ် ။ အနုပညာရှင်တွေရဲ့ အနုပညာ သက်တမ်းဟာ ပရိသတ်ကို လွှမ်းမိုးနိုင်မှု စွမ်းပကားပါ ။ လွှမ်းမိုးနိုင်စွမ်း ရှိနေသရွေ့ လူသေပေမယ့် နာမည် မသေတော့ဘူး ။ အနုပညာသမား တိုင်းဟာ နာမည် မသေချင်ကြဘူး ။ တချို့ အနုပညာသမားတွေက အနုပညာနဲ့ နာမည် မသေအောင် လုပ်တယ် ။ တချို့ကျတော့ အနုပညာနဲ့ တိုးလို့ မပေါက်တဲ့အခါ တခြား လူမှုရေးရာတွေ ကြိုးပမ်း ဆောင်ရွက်ရင်း နာမည် မသေအောင်လုပ်တယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ။ အနုပညာသမားမှန်ရင် နာမည်သေမှာကို ကြောက်ကြတာချည်းပဲ ။

ထားပါတော့လေ ။

လူကို ဘာအရေးကြီးလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဘာသာရေးအပိုင်းကို ခဏထား ၊ လူဆိုမှ လူဖြစ်ဖို့ အရေးကြီးဆုံးဟာ ဘာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆရာဦးအောင်သင်း ပြောဖူးတာက ဒီလိုပါ ။ လူမှာ ဩဇာ က အရေးကြီးတယ်တဲ့ ။ ရှင်ဘုရင် ပဲ ဖြစ်ဖြစ် ၊ သူဌေးသူကြွယ် ပဲ ဖြစ်ဖြစ် ၊ ပညာရှင် ပဲ ဖြစ်ဖြစ် ၊ ဆင်းရဲသား ပဲ ဖြစ်ဖြစ် ၊ သူတောင်းစား ပဲ ဖြစ်ဖြစ် ကိုယ့်မှာ ဘယ်လောက် သြဇာ ရှိသလဲဆိုတာ သိပ်အရေးကြီးကြောင်း ပြောပြခဲ့ဖူးပါတယ် ။ သြဇာ ကင်းမဲ့ပြီ ဆိုရင် ရှင်ဘုရင်တွေ လည်း နန်းကျ ခဲ့ရတယ် ။ သူဌေးသူကြွယ်တွေ လည်း ပျက်စီးဆုံးရှုံးရတယ် ။ အနုပညာသမားတွေလည်း တိမ်မြုပ်ပျောက်ကွယ် ရတယ် ။ အိမ်ထောင်ရှင်တွေလည်း ပြိုကွဲပျက်စီးရယ် ။ အမျိုးမျိုးပါပဲလေ ။ ဘယ်သူမဆို ကိုယ်ရပ်တည်တဲ့ ဘဝမှာ သြဇာ မရှိရင် အသုံး မဝင်တော့ဘူး ။

ကဲ ... ကျွန်တော်လေ ဖင်ခေါင်းကျယ်တာ များသွားပြီ ။ တင်မြရီ နဲ့ ပတ်သက်ပြီး ကျွန်တော် နဲ့ မမ ၊ ကျွန်တော် နဲ့ အဖေ ၊ ကျွန်တော် နဲ့ ကျွန်တော် ဘာတွေ ဆက်ဖြစ်ကြတယ်ဆိုတာ ပြောပြချင်ပါသေးတယ် ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

ပင်လယ်လက်ဆောင်

 

❝ ပင်လယ်လက်ဆောင် ❞
            ( ပုံပြင် )

ဟိုတစ်ခါတုန်းက တရုတ်ပြွေရှည်ကြီးကို ကျင်ကျင်လည်လည် မှုတ်တတ်တဲ့ အဘိုးအို တစ်ယောက် ရှိခဲ့တယ် ။ သူ့ကို လူအများက ပြွေမှုတ်တဲ့ ဘိုးဘိုးရယ် လို့ ခေါ်ကြတယ်တဲ့ ... ။ ဒီဘိုးဘိုးဟာ တောထဲ သွားပြီး ပြွေမှုတ်တာကို နှစ်သက်သတဲ့ ။ ကလေးတွေဟာ မကြာခဏ ဆိုသလို သူ့နောက်ကို လိုက်ပြီး ပြွေသံ နားထောင်ကြတယ် ။ သူက ပြွေကို ပိုင်ပိုင်နိုင်နိုင် ကျင်ကျင်လည်လည်နဲ့ သာယာညင်းပျောင်းစွာ မှုတ်လိုက်ပြီလားဆိုရင် ငှက်များနဲ့ တိရစ္ဆာန်ကလေးများဟာ အဝေးကြီးကနေ သူ့ဆီကို ပြွေသံ နားထောင်ရအောင် ရောက်လာ တတ်သတဲ့ကွယ် ... ။

တစ်နေ့တော့ ပြွေဆရာ ဘိုးဘိုးကြီးဟာ ဖျားပါလေရော ။ ပိန်ချောင်ပြီး ဂုတ်များ တောင် ကျိုးနေသတဲ့ ။ ဒါကို ဟန်ခိုလန် ဆိုတဲ့ သူငယ်လေးက သွားရောက်ပြီး အခြေအနေ ကြည့်မေးသတဲ့ ။

“ ဘာမှ စားလို့ အရသာ မတွေ့ဘူးကွယ် ။ အရသာရှိတဲ့ အစာ တစ်ခုခုကို စားချင်တာပဲ ”

ဘိုးဘိုးက လူမမာမေး ရောက်လာတဲ့ ဟန်ခိုလန် ကို အဲဒီလို ပြောလိုက်တယ် ။ ဒီတော့ ... ။ “ မေမေ ငယ်ငယ်တုန်း ကလည်း ဒီလိုပဲ ဖျားနာဖူးတယ်လို့ ပြောတာပဲ ။ အဲဒီတုန်းက ဘဘရယ် အရှေ့ပင်လယ် သွားပြီး အဖြူမှုန့်လေး တစ်မျိုးကို ယူလာသတဲ့ အဲဒါလေးတွေ စားလိုက်တဲ့ အခါ မေမေ့ လျှာမှာ အရသာ တွေ့သွားတယ် ဆိုပဲ ။ ပြီးတော့လည်း ပြန်ပြီး နေကောင်းလာတယ်တဲ့ ... ”

ရောဂါနဲ့ ပတ်သက်လို့ ဟန်ခိုလန်က ဘိုးဘိုးကို ပြောပြပြီး အိမ်ကို ပြန်ခဲ့တယ် ။ အိမ် ရောက်တော့လည်း သူ့မေမေကို ပြောပြတယ် ။

“ မေမေရယ် ... ဟိုပြွေ မှုတ်တဲ့ ဘိုးဘိုးကြီးလေ ဖျားနေတယ် ။ သူက ရသာခဲ တစ်ခုခုကို စားချင်သတဲ့ ။ အဲဒါ အရှေ့ပင်လယ်ကို ကျွန်တော် သွားပြီး အကူအညီ တောင်းဦးမယ်နော် ”

ဟန်ခိုလန် ဟာ နောက်တစ်နေ့ အရုဏ်တက်တော့ သူ့မေမေကို ကန်တော့ပြီး ခရီးထွက်ခဲ့တယ် ။ နေဝန်းနီနီကြီးဟာ အရှေ့ဆီက ထွက်ပြူစ ရှိသေးသတဲ့ ... ။ ဒီအခါမှ ဟန်ခိုလန် က “ ငါသိတယ် ... နေဟာ အမြဲတစေ အရှေ့က စထွက်တာပဲ ... ငါ လုပ်ရမယ့် ဥစ္စာ အားလုံးဟာ ဒီ အရှေ့တည့်တည့်ပဲ ရှိတယ် ” လို့ ရေရွတ် လျှောက်ခဲ့သတဲ့ကွယ် ... ။

နှစ်ရက် ကုန်သွားတဲ့ အခါမှာ သူဟာ တောကြီး မျက်မည်းတစ်ခုထဲကို ရောက်သွားတယ် ။ ဒီတောကို မလွန်မချင်း လှည့်လည်သွားရမှာပေါ့ ။ တောက နက်အားကြီးလို့ နေကိုမြင် ဖို့တောင် အတော် ခဲယဉ်းသတဲ့ ။ ဒါကြောင့် ဟန်ခိုလန်ဟာ လက်ဝဲလက်ယာ သိတဲ့တိုင် အရှေ့ ဆိုတာ ဘယ်မှာ ရှိတယ်ရယ်လို့ မမှန်းဆတတ်တော့ဘူးတဲ့ ။ ဒီတော့ သူက “ ဘယ်လမ်းဟာ အရှေ့ကို သွားတဲ့လမ်းပါလိမ့် ... အရှေ့အနောက် တောင်မြောက် ” လို့ အံ့အားတသင့် တွက်ဆနေမိသတဲ့ ။ အဲဒီလို တွက်ဆနေသံကို တောမျောက်တစ်ကောင်ကကြားတော့ ... ။

“ ဟေ့ ... မောင်သတ္တိကလေး အရှေ့ဟာ ဟိုမှာကွဲ့ ။ ဒါထက်မောင်က ဘာဖြစ်လို့ အရှေ့ ပင်လယ်ကို သွားရတာလဲ ... ”

“ ပြွေမှုတ်တဲ့ ဘိုးဘိုးလေ ဖျားနေတယ် ။ သူက အရသာရှိတဲ့ အာဟာရ တစ်ခုခုကို မှီဝဲချင်သတဲ့ ။ ဒါကြောင့် အရှေ့ပင်လယ်ကြီးကို သွားပြီး အကူအညီ တောင်းမလို့ဘဲ ။ ဒါပေမယ့်ဗျာ ကျွန်တော်က လမ်းမသိဘူးဗျ ”

“ ဒါဖြင့် ဒီမှာ ဟောဒီ သစ်ငုတ်ကြီးကို ကြည့်စမ်းပါ ။ သစ်ပင်တစ်ပင်ရဲ့ နှစ်ဖက်ကို ပြတဲ့ ဒီအရစ်တွေကို မြင်တယ် မဟုတ်လား ။ တောင်ဘက်က အရစ်တွေဟာ စိပ်တယ် ။ တစ်ရစ်နဲ့ တစ်ရပ် ကပ်နေတယ် ။ မြောက်ဘက်ကတော့ ကျဲတယ်လေ ... အဲ ... မှတ်ပြီးတောင်နဲ့ မြောက်ကို သိရောပေါ့ ။ ဒီကနေ အရှေ့ ကိုလည်း သိနိုင်ပါပြီနော် ”

ဟန်ခိုလန် ဟာ သစ်ပင်ရဲ့ နှစ်ဘက်တွေကို ပြတဲ့ အရစ်တွေကို ကြည့်ပြီး အရှေ့အရပ်ကို သိမြင်သွားတယ် ။ ဒါကြောင့် မျောက်ကို ကျေးဇူးတင်စကားပြောပြီး ခရီးဆက်ခဲ့ရတယ်တဲ့ကွယ် ။ နောက်တစ်နေ့တာ သူလျှောက်မိတဲ့ အခါမှာ ကျယ်နေတဲ့ မြစ်ရှည်ကြီး တစ်မြစ်ကို တွေ့ရပြန်သတဲ့ ။ မြစ်ကို သူ ဖြတ်မကူးနိုင်ဘူး ။ ဖြတ်ကူးသာတဲ့ မြစ်ကျဉ်းရာ အထိသာ လျှောက်ခဲ့ရတယ် ။ ဒီနောက် ရော်ဘာခံ ဖိနပ်ကို ထုတ်စီးပြီး ရေထဲ ဖြတ်လျှောက်လာခဲ့ရတယ် ။ ဒါပေမယ့် အရပ် လေးမျက်နှာကို သူ မသိတော့ဘူးကွယ့် ။ ဒါကြောင့် “ ဘယ်လမ်းဟာ အရှေ့ပင်လယ်ကို သွားတဲ့လမ်းပါလိမ့် ... အရှေ့ ၊ အနောက်တောင် ၊မြောက် ” လို့ဆိုပြီး တွက်ဆရပြန်တယ်လေ ။ ဒီအခါမှာ ဖြတ်သန်း ပြေးလွှားနေတဲ့ ဒရယ်လေးဟာ သူ ညည်းညူတွက်ဆ နေသံကို ကြားသွားသတဲ့ ။ ဒါကြောင့် ...

“ အလို ... မောင်သတ္တိလေး ပါလား မောင်က ဘာဖြစ်လို့ အရှေ့ ပင်လယ်ကို သွားရတာလဲ ” လို့မေးတော့ .. ။

“ ပြွေမှုတ်တဲ့ ဘိုးဘိုးလေ ... ဖျားနေတယ် ... သူက အရသာရှိတဲ့ အာဟာရ တစ်ခုခုကို မှီဝဲချင်သတဲ့ ။ ဒါကြောင့် အရှေ့ပင်လယ်ကြီး ဆီကို သွားပြီးအကူအညီ တောင်းမလို့ဘဲ ၊ ဒါပေမယ့်ဗျာ ကျွန်တော်က လမ်းမသိဘူးဗျ ”

“ ဒီလိုဆို လာ ... လာ ... ဟောဒီမှာ ကျောက်တုံး ပေါ်က ရေညှိကို ကြည့်စမ်း ... ရေညှိပင် ဆိုတာ မြောက်ဘက် ကျရာမှာ ပိုပေါက်တယ် ။ ထူထပ်တယ် ။ တောင်ဘက်က ပါးတယ် ။ အဲ ... မြောက်နဲ့ တောင်ကို သိရင် အရှေ့ကိုလည်း သိနိုင်ရောပေါ့ ... ”

ဟန်ခိုလန် ဟာ ဒရယ်လေး ပြောစကားအရ ကျောက်တုံးပေါ်က ရေညှိပင်ကို ကြည့်ပြီး အရပ်ကို သိမြင်သွားလို့ ဒရယ်လေးကို ကျေးဇူးတင်ကြောင်း ပြောရတယ် ။ ပြီးတော့မှ ခရီး ဆက်ထွက်ခဲ့ပြန်တယ်တဲ့ ။ ဒီလိုနဲ့ပဲ သူ့လမ်းမှာ ပိတ်ဆီးနေတဲ့ တောင်ကြီးတွေကို ရောက်အောင် နှစ်ရက်တိုင်တိုင် လျှောက်ခဲ့ရသတဲ့ကွယ် ။ တောင်ကြီးပေါ် တက်ရတာ တစ်နေ့တောင် ကုန်သွားသတဲ့ ။ တောင်ထိပ် မြေပြန့်ပေါ် ရောက်တော့ မှောင်နေပြီး ကောင်းကင်မှာ ဆိုရင် မှိတ်တုတ် မှိတ်တုတ်နဲ့ လင်းနေတဲ့ ကြယ်ကလေးများနဲ့ ပြည့်နှက်နေသတဲ့ ။ ဒါပေမယ့် သူ အရပ်လေးမျက်နှာကို မသိပြန်ဘူးတဲ့ကွယ် ။ ဒါကြောင့် ညည်းတွားရပြန်သတဲ့ ။

“ အရှေ့ပင်လယ်ကို သွားတဲ့လမ်းဟာ ဘယ်လမ်းပါလိမ့် ။ အရှေ့ ၊ အနောက် ၊ တောင် ၊မြောက် ”

တေးဆိုတော့မယ်လို့ လုပ်နေတဲ့ ညငှက်ကလေး တစ်ကောင်ဟာ ဟန်ခိုလန် ရဲ့ ညည်းညူသံကို ကြားသွားပြန်တယ် ။ ဒီတော့ ညငှက်ကလေးက အော်ပြီး “ အလို ... မောင်သတ္တိကလေးပါလား ... မောင်က ဘာဖြစ်လို့ အရှေ့ပင်လယ်ကို သွားရတာလဲ ” လို့ ပြောပြန်တယ်တဲ့ ။

“ ပြွေမှုတ်တဲ့ ဘိုးဘိုးလေ ... ဖျားနေတယ် ။ သူက အရသာရှိတဲ့ အာဟာရ တစ်ခုခုကို မှီဝဲချင်သတဲ့ ။ ဒါကြောင့် အရှေ့ပင်လယ်ကြီးဆီ သွားပြီး အကူအညီ တောင်းမလို့ဘဲ ဒါပေမယ့် ဗျာ ကျွန်တော်က လမ်းမသိဘူးဗျ ”

“ ဒီလိုလား ... ဒါဖြင့် ကောင်းကင်က ကြယ်လေးတွေကို ကြည့်စမ်းပါ ။ အိမ်မြှောင်နဲ့ တူတဲ့ကြယ် ခုနစ်လုံး စဉ်နေတာ တွေ့တယ် မဟုတ်လား ။ အဲဒါ ခုနစ်စင်ကြယ်ပဲ ။ သိပ်တောက် နေတဲ့ အဖျားက ကြယ်ကတော့ ပိုလာကြယ်လို့ခေါ်တဲ့ အမြီးပဲ ။ ဒီအမြီးဟာ အမြဲ မြောက်ဘက် မှာရှိတယ် ။ အဲဒါကို မျက်နှာ မူလိုက်ရင် ကျောနောက်ကဟာ တောင်ဘက်ပေါ့ ။ အရှေ့အရပ်က ညာဘက် မှာလေ ။ ဒီတော့ ညာဘက်ကို သွားရုံပေါ့ ။

ခဏ ဟန်ခိုလန် က ညငှက်ကလေးကို ကျေးဇူးတင်စကား ပြောပြီး မြက်ခင်းပေါ်မှာ ခေတ္တ မှေး အိပ်လိုက်တယ် ။ ပြီးတော့ ညလုံးပေါက် သုတ်ခြေတင်ပြီး ခရီးနှင်ခဲ့သတဲ့ ။ မြက်ခင်း ပြင်ကြီးကို လွန်သွားတော့ ရေနဲ့ နီးရာမှာ ပေါက်တတ်တဲ့ ပေါင်းတောကြီးကို တွေ့ရပြန်တယ် ။ ဒီ ပေါင်းတောကြီးကို လေထန်တဲ့ လမ်းကလေးကပဲ တိုးဖြတ် လာခဲ့ရတာပေါ့ ... ။ ဒီလို ဖြတ်ခဲ့ရတဲ့ အချိန်မှာတော့ သူဟာ အရပ်လေးမျက်နှာကို မသိပြန်တော့ဘူးတဲ့ကွယ် ။ ဒါကြောင့် “ ဘယ်လမ်းဟာ အရှေ့ပင်လယ်ကို သွားတဲ့ လမ်းပါလိမ့် ။ အရှေ့ ၊ အနောက် ၊တောင် ၊ မြောက် ” လို့ မှန်းဆ တွက်ချက်ရပြန်တယ်ကွဲ့ ။ ဒီအခါမှာ ရှဉ့်လေးညိုတိုတို က သူ့အသံကို ကြားလို့ ...

“ အလို ... မောင်သတ္တိကလေးပါလား ... မောင်က ဘာဖြစ်လို့ အရှေ့ပင်လယ်ကို သွားရတာလဲ ”

“ ပြွေမှုတ်တဲ့ ဘိုးဘိုးလေ ... ဖျားနေတယ် ။ သူက အရသာရှိတဲ့ အာဟာရ တစ်ခုခုကို မှီဝဲချင်သတဲ့ ။ ဒါကြောင့် အရှေ့ပင်လယ်ကြီးဆီ သွားပြီး အကူအညီ တောင်းမလို့ဘဲ ဒါပေမယ့် ဗျာ ... ကျွန်တော်က လမ်းမသိဘူးဗျ ”

“ ဒါဖြင့် ဒီမှာ ဟောဒီ ပုရွက်ဆိတ်အုံကို လာကြည့်စမ်းပါ ။ ပုရွက်ဆိတ်အုံ ဆိုတာ သစ်ပင်ရဲ့ တောင်ဘက်မှာ လုပ်တတ်တယ် ။ ဒီတော့ တောင်ဘက်ကို သိပြီ မဟုတ်လား ။ တောင်ဘက်ကို သိရင် အရှေ့ဘက်ကို သိနိုင်ပါပြီ ”

ဟန်ခိုလန်ဟာ ရှဉ့်ကလေး ပြောတဲ့ အတိုင်းပဲ ။ ရက်ပေါင်းများစွာ လျှောက်လာလိုက်တာ သူ့မျက်နှာကို ပင်လယ်လေညင်းလေးများ သုတ်ဖြူးလာတဲ့ အထိ ရောက် လာတော့တယ် ။ ဇင်ယော်ငှက်ကလေးများ ခေါင်းပေါ်ကို မကြာခဏ ပျံဝဲလာတာကို တွေ့ရတော့တယ် ။ ဒီတော့ သူဟာ အံ့ဩဝမ်းသာလာပြီး “ ငါ့ရှေ့ကဟာ အရှေ့ပင်လယ်ကြီးဆိုတာ ဖြစ်မှာပဲ ” ဟု ပြောလိုက် သတဲ့ကွယ် ။

သူဟာ ဝမ်းသာစွာနဲ့ ရှေ့ကို တိုးလာခဲ့သတဲ့ ။ ဒီလိုနဲ့ပဲ သမုဒ္ဒရာ ပြင်ကျယ်ကြီးကို တွေ့ရတော့ အလွန် ဝမ်းမြောက်ကြည်နူးသွားတယ်ကွဲ့ ၊ ကမ်းစပ်ရောက်တော့လည်း ဝမ်းသာအားရနဲ့ အော်လိုက်မိသတဲ့ ။

“ အရှေ့ပင်လယ်ကြီး .. အရှေ့ပင်လယ်ကြီး ... ပြွေမှုတ်တဲ့ ဘိုးဘိုးကြီး ဖျားနေပါတယ် ။ သူ့မှာ ဘာမှ စားလို့ အရသာ မတွေ့ရှာဘူးခင်ဗျ ။ သူ့ကို ကုစားဖို့ အရသာရှိတဲ့ အာဟာရ လိုနေပါတယ် ။ ကျွန်တော်ဟာ ဟန်ခိုလန်ပါ ။ ခင်ဗျားဆီက အရသာရှိတဲ့ အာဟာရကို တောင်းဖို့ ဒုက္ခ ကြီးစွာခံပြီး လာပါတယ် ။ အို အရှေ့ပင်လယ်ကြီး အရှေ့ပင်လယ်ကြီးရေ ... ကျွန်တော့်ကို ကရုဏာ ထားပြီး ကူမပါခင်ဗျာ ... ”

“ ဟန်ခိုလန် ငါ ပြောမယ် ။ အာဟာရလို့ မင်းပြောတာဟာ အဖိုးတန်တဲ့ ဆားပဲ ။ ဆား ဆိုတာ လူတို့အတွက် ပင်လယ်က လက်ဆောင်ပဲ ။ ငါ မင်းကို ပေးမယ် ။ ဘယ်လို ရယူရမယ် ဆိုတာလည်း ငါပြောမယ် ”

အရှေ့ပင်လယ်ကြီး ပြောပြချက် အတိုင်းပဲ ဟန်ခိုလန်က လိုက်နာလုပ်ဆောင်ခဲ့တယ် ။

ပင်လယ်ကြီးရဲ့ ဘေးမှာ မြောင်းငယ်လေး ဖောက်ပြီး ပင်လယ်ရေတွေ ဖြည့်သွင်းခဲ့တယ် ။ လေကလည်း တိုက် ၊ နေကလည်း ပူလို့တဲ့ကွယ် ။ ဒီလိုနဲ့ပဲ မြောင်းငယ်လေးထဲက ရေတွေဟာ ခန်းခြောက်လာပြီးပျစ်လာသတဲ့ ။မိုးတိမ်ရောင် ဖြူလာသတဲ့ ။ အဲဒီ မြောင်းကလေးရဲ့ နောက် မှာတော့ လယ်ကွင်းလေးလို ရေတိမ်အိုင်ငယ် တစ်ခု တူးထားသတဲ့လေ ။ ဖြူပြစ်ပြစ်ဖြစ်လာတဲ့ ပင်လယ်ရေတွေကို အဲဒီ အိုင်လေးထဲ သွင်းပေးရသတဲ့ကွယ် ။ လေကလည်း တိုက်ပြီး နေကလည်း ပူမြဲပဲပေါ့ ။ ဒီလေနဲ့ နေရဲ့အကူအညီနဲ့ ဖြူပျစ်လာတဲ့ အိုင်ထဲက ပင်လယ်ရေတွေဟာ ခန်းခြောက်ပြီး ဖြူလွင်တဲ့ ဆားပွင့်လေးတွေ အဖြစ် အထပ်လိုက် အလွှာလိုက် တင်ကျန်ရစ်ခဲ့ သတဲ့ကွယ် ။

ဟန်ခိုလန် ဟာ အာဟာရ ရတနာစုကို ရလို့ သိပ်ဝမ်းသာသွားသတဲ့ ။ ဝမ်းသာအားရနဲ့ ဆားတွေကို အိတ်ထဲ ထည့်ပြီး ပခုံးပေါ် ပိုးတဲ့ အခါ အရှေ့ပင်လယ်ကြီး ကျေးဇူးကြီးမားလှကြောင်း ပြောဆို နှုတ်ဆက်ခဲ့တယ် ။ အိမ်အပြန် ခရီးကို စတင် ထွက်ခဲ့တယ် ။

ခုတော့ သူ့မှာ ခရီးသွားရတာ လွယ်ပြီလေ ။ နေတို့ ၊ ပုရွက်ဆိတ်အုံတို့ ၊ ခုနှစ်စဉ်ကြယ်တို့ ၊ ရေညှိပင်တို့ ၊ သစ်ငုတ်တိုတို့ ကို ကြည့်ပြီး အနောက်အရပ် ဘယ်မှာရှိတယ်ဆိုတာကို သိနေပြီကိုး ။ သူဟာ ပေါင်းပင်တို့ ၊ မြက်ခင်းတို့ကို ဖြတ်ခဲ့ပြီးနောက် တစ်တောဝင် တစ်တောင်တက်နဲ့ ခရီးဆက်ခဲ့တယ် ။ မြစ်ကြီးနဲ့ တောကြီးမျက်မည်းကို ဖြတ်ကျော်လာခဲ့တယ် ။ ဒီလိုနဲ့ပဲ သူ့ အိမ်ကို သူ ပြန်ရောက်ခဲ့တာပေါ့ ။

“ အား ... အဖိုးတန်တဲ့ ရသာခဲတွေပါလား ”

ပြွေမှုတ်တဲ့ ဘိုးဘိုးကြီးဟာ ဆားပွင့်လေးတွေကို တွေ့ရင်တွေ့ချင်း ဝမ်းသာအားရနဲ့ ထ အော်တော့တာပဲ ။ ဆားမှုန့်လေး တချို့ကို လက်ဝါးပေါ်တင်ပြီး နှစ်နှစ်ခြိုက်ခြိုက် လျက်တော့တာပဲလေ ။ ဒီနောက်တော့ သူဟာ ကျန်းမာလာတော့သတဲ့ ။ ဒီအခါမှာ ရွာသူရွာသား အပေါင်းကလည်း ဟန်ခိုလန် ကို ဝိုင်းဝန်း ချီးကျူးလို့ ထောပနာပြုတော့တာပဲကွဲ့ ။

“ ဟန်ခိုလန်က သိပ်သတ္တိ ကောင်းတာပဲ ။ ဒါလောက် ဘေးဥပါဒ်များတဲ့ ခရီးရှည်ကြီးကို သူပဲ သွားပြီး အရှေ့ပင်လယ်မှာ အကူအညီ တောင်းတယ် ။ တန်ဖိုးရှိတဲ့ ဆားကို သူပဲ ယူလာနိုင်တယ် ။

( ဘာသာပြန် )

〇 ပုသိမ် - ချစ်ခိုင် 
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၉ ၊နိုဝင်ဘာ

တစ်ညချမ်းဝယ်


 

❝ တစ်ညချမ်းဝယ် ❞
          ( ဇဝန )

ညနေစောင်းကတည်းကပင် မိုးတစိမ့်စိမ့် ရွာသွန်းလျက်ရှိကာ ပိန်းမှောင်နေသော အာကာသကို ဖောက်ထွင်း ဝင်းလက်လိုက်သည့် လျှပ်စစ်နှင့်အတူ မြည်ဟိန်းသွားသော မိုးချုန်းသံမှာ ကောင်းကင် အပေါ်ထပ်က သံတလိမ့်လုံးကြီးကို လှိမ့်ဆွဲလိုက်သလို ရှိပေ၏ ။

ဒေါက်တာ သင်းကြည် သည် အိမ်ရှေ့ခန်းတွင် ထိုင်၍ စာဖတ်နေရာက အဆက်မပြတ် မိုးရေပက်နေသည့် မှန်ပြတင်းများကို တစ်ချက်တစ်ချက် လှမ်း၍ ကြည့်မိရင်း ဒီညအဖို့တော့ဖြင့် ဘယ်ကမျှ အရေးတကြီးကိစ္စဖြင့် လာရောက်ခေါ်ငင်ခြင်း မရှိပါစေနှင့်ဟု စိတ်ထဲက ကျိတ်၍ ဆုတောင်းမိလေသည် ။

၉ နာရီအချိန်လောက်သို့ ရောက်လာခဲ့ပေပြီ ။ ထိုအချိန် အထိ ဘယ်ကမျှ အခေါ်ရောက် မလာသဖြင့် ထိုညအဖို့ အပြင်ထွက်ရန် အကြောင်း မပေါ်တော့ဘဲ နွေးနွေးထွေးထွေး အိပ်ရပေတော့မည်ဟု စိတ်ချမ်းသာ သွားလေသည် ။

ထိုအခိုက်မှာပင် တယ်လီဖုန်းခေါ်သည့် ခေါင်းလောင်းသံ ကြားရသဖြင့် စာအုပ်ချပြီး ထိုင်ရာမှ ထကာ တယ်လီဖုန်း ရှိရာသို့ သွား၍ စကားပြောခွက်ကလေးကို ကောက်ယူ နားထောင်ရလေသည် ။

တယ်လီဖုန်းထဲမှ ပြောနေသည့် အသံမှာ မိမိ အသိထဲက မဟုတ်သော ယောက်ျား တစ်ယောက်၏ အသံ ဖြစ်ပြီးလျှင် တုန်တုန်ယင်ယင်နှင့် မပြတ်မသား ရှိသောကြောင့် ဂရုစိုက်၍ နားထောင်နေရလေ၏ ။

“ ဒေါက်တာ ဒေါက်တာ ... ကျွန်တော် ပြောနေတာ ကြားရဲ့ မဟုတ်လား ၊ ကျေးဇူးပြုပြီးတော့ အမြန်ဆုံး ဆက်ဆက်လာပါ ဒေါက်တာရယ် အသက်တစ်ချောင်းကို ကယ်ပါ ဒေါက်တာ ”

စကားပြောနေသူ၏ အသံမှာ တည်ငြိမ်ခြင်း မရှိဘဲ စိတ်ထဲ၌ အလွန် လှုပ်ရှားနေခြင်းကို ဖော်ပြနေလေသည် ။ ထိုသို့ ပြောရင်းက တစ်ချက်တစ်ချက် အမောဖြေ သကဲ့သို့ ရပ်ဆိုင်း ရပ်ဆိုင်းသွားသည် ။ ထိုသူ၏ အသနားခံနေသည့် စကားအရ အလောသုံးဆယ် အရေးတကြီး ဖြစ်နေပုံရလေသည် ။

ဤအချိန် ဤအခါမျိုးတွင် ရိုးရိုး ကိစ္စနှင့်ပင် အပြင်သို့ ထွက်ရန် မကောင်းလှပေ ။ ယခု သွားရမည့် နေရာမှာ လူသူ အသွားအလာ ပြတ်သော ကန်တော်ကြီးစောင်းရှိ ပတ်လမ်းမှ ဝင်ရသော ဖိုးစိန်လမ်း ခေါ်သည့် တာမွေလမ်းရှိ အိမ်တစ်အိမ် ဖြစ်နေပြန်လေရာ သာ၍ပင် သွားရန် မတော် ၊ စိတ်ကူးထဲ၌ပင် မထည့်စကောင်းပေ ။

ထိုလမ်းထဲရှိ ကွယ်လွန်သူ စစ်ကဲကြီး ဦးဖေသော် နေထိုင်သွားသည့် အိမ်ကြီးမှာ အလွန် တစ္ဆေခြောက်သည်ဟု သတင်းကြီးလေရာ ဒေါက်တာသင်းကြည်သည် တစ္ဆေသူရဲကို ယုံကြည်သူတစ်ယောက် မဟုတ်သော်လည်း ထိုအိမ်ကြီး အနီးသို့ ရောက်သည့် အခါတိုင်း စိတ်ထဲတွင် မသိုးမသန့် ဖြစ်ခဲ့ရဖူးလေသည် ။

ထိုအိမ်ကြီးမှာ နှစ်ဆောင်ပြိုင် တိုက်ခံပျဉ်ထောင် အိမ်ဖြစ်၍ ရှည်ရှည်လျားလျား နေသောကြောင့် အိမ်ကြီးကိုကပင် ကြောက်စရာ ကောင်းနေသည် ။ အိမ်မျက်နှာစာ အထက်ပိုင်းရှိ ဘဲဥပုံမှန် ပြတင်းပေါက် နှစ်ဖက်မှာ လူ့ မျက်လုံးများနှင့် တူလျက် နှစ် ဆောင်ပြိုင် အလယ်တည့်တည့်မှ ဆင်ဝင်နှင့် အိမ်ရှေ့ခန်းမှာ လူ့နှာခေါင်းကြီး ကဲ့သို့ ရှိသည် ။ ယခု ဒေါက်တာ သင်းကြည်သည် တနင်္ဂနွေ တစ်ပတ် ၊ နှစ်ပတ် ထက် ပို၍ နေထိုင်သူ မမြဲသော ထိုအိမ်ကြီး ရှိသည့် လမ်းထဲသို့ သွားရမည်ဖြစ်၍ စိတ်လေးမိသည် ။

“ ခေါ်တဲ့ လူကလည်း ငါ့ပဲ ခေါ်စရာရှိသလား ”

ဒေါက်တာ သင်းကြည်သည် ထိုသို့ စိတ်ထဲက မေးခွန်းထုတ်လိုက်ရာမှ အမှန်ပင် အနီးအပါး တစ်ဝိုက်တွင် ဆရာဝန်ဆို၍ မိမိ တစ်ယောက်သာ ရှိသည်ကို အဖြေထွက်၍ လာလေသည် ။

ဆရာဝန် ဆိုသည်မှာ အချိန် တော်သည် ၊ မတော်သည်ကို ရွေး၍ နေခွင့် မရ ၊ အရေးတကြီး အကြောင်းရှိ၍ ခေါ်လျှင် သွားရစမြဲပင် ဖြစ်၏ ။ ဒေါက်တာ သင်းကြည်သည် သူ၏ မွန်မြတ်သော အလုပ်ကို အလွန် နှစ်သက်မြတ်နိုးသည်  ။ ကျောင်းမှ ထွက်စဉ်က သူပန်ဆင်ခဲ့ရသော သစ္စာအဓိဋ္ဌာန်ကို သူအမြဲ စောင့်ထိန်းခဲ့သည် ။ ကျောင်းမှ ထွက်၍ ဆေးရုံကြီး၌ ဝင်ရောက် လုပ်ကိုင်ခဲ့ရပြီး နောက် နှစ်စေ့၍ ဆေးရုံကြီးမှ ထွက်ကာ ကိုယ့်လုပ်ငန်းကိုယ် လုပ်ကိုင်ရသည့် အခါတွင် လွတ်လပ်မှု၏ အရသာကို ခံယူခဲ့ရသည် ။ သို့သော် ယခုကဲ့သို့ အချိန်မတော် သွားရလာရမည့် အလုပ်ပေါ်သည့် အခါ ဆေးရုံကြီးသို့ ပြန်၍ အလုပ်လုပ် နေချင်မိတော့သည် ။

ယခုမူကား မိမိ အား ခေါ်ငင်သည့် နေရာကို မသွားလျှင် မဖြစ် သကဲ့သို့ ရှိနေသည် ။ ထိုကိစ္စမှာ အသက်နှင့် နီးစပ်သည့် ကိစ္စဖြစ်နေရာ အသက်တစ်ချောင်းကို တတ်စွမ်းသမျှ ကယ်ဆယ်ရန်မှာ မိမိ၏ ဝတ္တရား တစ်ခု ဖြစ်နေပေသည် ။

သို့ဖြစ်၍ ဒေါက်တာ သင်းကြည်သည် လက်ဆွဲသားရေအိတ်ထဲတွင် ဆေးပစ္စည်းများကို ထည့်ကာ မိုးကာ အင်္ကျီအပျော့ကလေးကို ကမန်းကတန်းဆွဲငင်ဝတ်လျက် ညနေကပင် ကားဒရိုင်ဘာကို ပြန်၍ လွှတ်လိုက်ပြီ ဖြစ်သောကြောင့် ကိုယ်တိုင် ကားမောင်းပြီး ထွက်ခဲ့ရလေသည်  ။

လမ်းတွင်ကား လူသွားလူလာ ကင်းလျက် လူခြေတိတ်နေပြီ ဖြစ်သည့်အပြင် အိမ်များမှာ တံခါးပိတ်ထားကြပြီ ဖြစ်သောကြောင့် အင်းအားချည့်နဲ့သော လမ်းဓာတ်မီးအလင်းရောင်ရှိသည့် နေရာမှ တစ်ပါး မှောင်မည်း၍ နေတော့၏ ။ ဖိုးစိန်လမ်းထဲသို့ ကားကလေး ချိုး၍ဝင်လိုက်သည့် အခါ၌ကား သစ်ပင်များ အုပ်နေသည့် အတွက် သာ၍ပင် မှောင်မိုက်နေလေသည် ။

တယ်လီဖုန်းထဲမှ ပေးလိုက်သည့် အိမ်နံပါတ်မှာ ဖိုးစိန်လမ်းနှင့် တာမွေလမ်း ဆက်နေသည့် နေရာလောက်တွင် ရှိမည်ဟု ဒေါက်တာသင်းကြည် ခန့်မှန်းမိသည့် အလျောက် စစ်ကဲကြီး ဦးဖေသော်၏ အိမ်ရှေ့က ဖြတ်၍ သွားရမည်ကို တွေးမိလေသည် ။ သို့သော် မိမိမှာ ကားမောင်း၍ လာခြင်းကြောင့် ဘာမှ ကြောက်စရာ မလို ။ အကယ်၍ ကားရှေ့က ကိုးရိုးကားရား ရပ်၍ ပြကာ ခြောက်လှန့်ပါမူ ကားကို တစ်ရှိန်ထိုး မောင်း၍ တိုက်ခိုက် ထိုးဖောက်သွားမည်ဟု နှလုံးပြုကာ သီချင်းဆို၍ စိတ်တင်းလာခဲ့ရသည် ။

ဒေါက်တာ သင်းကြည်သည် ကားပေါ်မှ နေ၍ အိမ်နံပါတ်များကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ရလေရာ ကားကို မြန်မြန် မမောင်းနိုင်ဘဲ ဖြည်းဖြည်းမောင်း နေရလေ၏ ။

၂၃ ... ၂၅ ... ၂၇ ။

ပေးထားသည့် အိမ်နံပါတ်နှင့် တဖြည်းဖြည်း နီး၍ လာပြီဖြစ်ရာ မိမိ သွားရမည့် အိမ်မှာ စစ်ကဲကြီးအိမ်နှင့် ကပ်နေလိမ့်မည်ဟု တွက်ကြည့် လိုက်မိသေးသည် သို့သော် အိမ်နံပါတ်ကိုတွေ့၍ ကားရပ်ပြီး ကြည့်လိုက်ရာတွင် တစ္ဆေ ခြောက်သည်ဟု နာမည်ကြီးနေသော စစ်ကဲကြီး ဦးဖေသော်၏ အိမ်ပင် ဖြစ်နေသည်ကို တွေ့ရလေတော့သည် ။ ဒေါက်တာ သင်းကြည်သည် ကားပေါ်တွင် မလှုပ်မရှားဘဲ မျက်လုံးများ ပြူး၍ အိမ်ကြီးကို ကြည့်နေမိသည် ။ ရင်ထဲကလည်း ခုန်၍ နေတော့သည် ။ အိမ်ခေါင်မိုး တံစက်မြိတ်အောက်၌ ကပ်နေသော မျက်လုံးကြီးများနှင့် တူသ ည့် ဘဲဥပုံ ပြတင်းပေါက် နှစ်ခုထဲမှ မှေးမှိန်သော အလင်းရောင်ကို မြင်နေရသည်မှာ မျက်လုံးမှိတ်တုတ် မှိတ်တုတ် လုပ်ပြနေသလားဟု ထင်ရသည် ။ ထိုအိမ်တွင် ကြာကြာ လူနေလေ့ မရှိ ။ တစ်ခါတစ်ရံ နေထိုင်သူ ရောက်လာသော်လည်း မည်သူမည်ဝါ ဖြစ်သည်ဟု မသိရ ။ နေ့ခင်းတွင် တံခါးများ အမြဲပိတ်ထားလေ့ရှိပြီး ညဘက်မှာမှ မီးရောင် တွေ့ရ၍ လူရှိမှန်း သိကြရ လေသည် ။

မသင်းကြည် သည် မိမိအား တစ်စုံတစ်ယောက်သော သူက နောက်ပြောင်ပြီး ထိုအိမ်ကြီးသို့ ရက်ရက်စက်စက် ပို့လိုက်ခြင်းပေလောဟု တွေးကာ မဝင်ဘဲ ပြန်ရလျှင် ကောင်းမည်လားဟူ၍ စိတ်၌ ဖြစ်လိုက်မိသည် ။ သို့သော် အိမ်ထဲသို့ လှမ်း၍ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်လိုက်ရာ ဆင်ဝင်အောက်တွင် မော်တော်ကားတစ်စင်း ဆိုက်ထားသည်ကို တွေ့ရသောကြောင့် အနည်းဆုံး အပြင်က လာသူ တစ်ဦးတစ်ယောက်တော့ ရှိနေရမည် ဖြစ်၍ မဝင်ရဲစရာ မရှိဟု ယူဆရလေ၏ ။ ဆရာဝန် တစ်ယောက် ဖြစ်ခြင်းကြောင့်လည်း သတ္တိ ရှိရပေမည် ။

မသင်းကြည်၌ ဆရာဝန်၏ သတ္တိ ရှိသော်လည်း မိန်းမသား၏ နူးညံ့ထိတ်လန့်တတ်သော စိတ်နှင့် ယှဉ်၍ နေလေသည် ။ သို့ဖြစ်၍ အိမ်ထဲသို့ ဝင်ဝံ့သော သတ္တိကို ရုတ်တရက် ဖော်ထုတ်၍ မရသေးပေ ။ သဘာဝ လောကဓာတ်ကြီး ကလည်း ကြောက်ရွံ့စိတ် ပိုလာအောင် မိုးချုန်းသံပေး၍ လျှပ်ပန်း လျှပ်နွယ်များ ပြိုးပြက်နေလေသည် ။ သစ်ပင်သစ်ရွက်များ အကြားမှ တိုးဝှေ့၍ တဟဲဟဲမြည်သည့် လေသံကလည်း ကြက်သီး ထချင်လာအောင် လုပ်နေသေးသည် ။

ထိုအခိုက်မှာပင် အိမ်ထဲက စူးရှသော မိန်းမသံ တစ်သံ ထွက်လာလေရာ မသင်းကြည်မှာ ခေါင်းနားပန်းကြီး သွားသည် ။ ပြီးမှ မနည်းစိတ်ကို တင်းလိုက်ရသည် ။ ထိုသို့ စိတ်ကို တင်းလိုက်သည် နှင့် အမျှ ဆရာဝန်စိတ် ပေါ်၍ လာလေ၏ ။ အိမ်ကြီးထဲ တွင် ပြင်းပြစွာ ဝေဒနာ ခံစားနေရသူ တစ်ဦး ရှိနေရာ ဒေါက်တာသင်းကြည်မှာ ထိုဝေဒနာကို သက်သာအောင် လုပ်ပေးရမည့် တာဝန်ဝတ္တရားရှိသူ ဖြစ်သည့် အလျောက် သူရဲဘောကြောင်စွာဖြင့် နောက်ဆုတ်သွားခြင်းကို မပြုအပ်ပေ ။

ထိုစိတ်ဓာတ်ပေါ်ပေါက် တက်ကြွလာသည်နှင့် တစ်ပြိုင်နက် မသင်းကြည်သည် ကားကို ဆက်၍ မောင်းပြီး အိမ်ဝင်းထဲသို့ ချိုးဝင် လိုက်လေ၏ ။ အိမ်ရှေ့တံခါးမှာ ဖွင့်၍ ထားရာ လေတိုက်သဖြင့် တံခါးရွက်များ စေ့လိုက် ပွင့်လိုက်နှင့် လူမျက်နှာနှင့် တူသော အိမ်ကြီးက ပါးစပ်ပိတ်လိုက် ၊ ဟလိုက် လုပ်နေသည်ဟု ထင်ရပေ၏ ။

အိမ်ထဲသို့ ကြည့်လိုက်ရာ အောက်ထပ်တွင် မှောင်၍ နေသဖြင့် လက်နှိပ်ဓာတ်မီး ပါလာစေကာမူ အရမ်းစွတ်၍ ဝင်မသွားဘဲ တံခါးကို တဒုံးဒုံး ပုတ်၍ လူခေါ် လိုက်ရလေ၏ ။

သို့သော် အပြင်က မိုးသံလေသံများကြောင့် တံခါးပုတ်သံကို မည်သူမျှ ကြားရဟန်မတူ ။ တစ်ဦးတစ်ယောက်မျှ ထွက်ပေါ်၍ မလာချေ ။

လူနာကား အိမ်ပေါ်ထပ်တွင် ရှိနေမည် မှန်ပေသည် ။ သို့သော် စွတ်၍ တက်သွားလျှင် ဘာကို တွေ့ ရမည် မသိနိုင်သဖြင့် တက်သွား၍ မဖြစ် ။ တစ်ကြောင်းမှာလည်း မိမိ မှာ မိန်းမသားတစ်ဦး ဖြစ်နေပြန်သည့်အတွက် အတင့် မရဲသင့် ဟူ၍လည်း တွေးမိသည် ။

ဆေးရုံကြီးတွင် လုပ်ရစဉ်က မသင်းကြည်အား ဆရာဝန်ကြီးဒေါက်တာ ဘင်းနက်က ‘ မင်းဟာ လူကတော့ ဖယောင်း ၊ စိတ်ကတော့ သံချောင်း ' ဟု ချီးကျူးခဲ့ဖူးလေသည် ။ ယခုမူ မသင်းကြည်၏ စိတ်မှာ သံချောင်းကဲ့သို့ ခိုင်မာခြင်း မရှိတော့ဘဲ သိုးမွှေးချည် အပြတ်ကဲ့သို့ ပျော့ဖပ်ဖပ် ဖြစ်၍ နေတော့သည် ။

တံခါးကို ပုတ်၍ ခေါ် သော်လည်း မရသဖြင့် မသင်းကြည်မှာ အော်၍ ခေါ်လိုက်ရလေ၏ ။

“ ဘယ်သူမှ မရှိကြဘူးလား ”

ဤအသံမှာပင် ငိုသံနှင့် ငယ်သံပါ၍ နေလေသည် ။

သို့သော် ထိုအသံကြောင့် အိမ်ပေါ်ထပ်မှ ခြေနင်းသံ ပေါ်လာကာ လူတစ်ယောက် ဖယောင်းတိုင်ကို ကိုင်လျက် အိမ်ပေါ်မှ ဆင်း၍ လာလေ၏ ။ ထိုသူ၏ လက်ထဲက ဖယောင်းတိုင် မီးရောင်အားဖြင့် အသက်အရွယ် မတိမ်းမယိမ်းလောက်ပင် ရှိမည့် ပျိုပျိုရွယ်ရွယ် လူတစ်ယောက် ဖြစ်သည်ကို တွေ့ရသည့်ပြင် စိုးရိမ် ထိတ်လန့် ရလောက်သော ရောဂါဝေဒနာ တစ်ခုခု ခံစားနေရသူ တစ်ယောက် ဖြစ်သည်ကို ဆရာဝန်၏ အမြင်ဖြင့် အကဲခတ်လိုက်မိလေသည် ။

“ ဒေါက်တာ သင်းကြည်လား ”

သူမေးလိုက်သည့် စကားသည် ဒေါက်တာသင်းကြည်မှာ ယောက်ျားဆရာဝန် မဟုတ်ဘဲ မိန်းမတစ်ဦး ဖြစ်နေသည်ကို တွေ့၍ အံ့အားသင့်သည့် လေသံ ပါ၍နေပေသည် ။ သူ၏ စကားများမှာ ကြီးလှစွာသော ဝေဒနာထဲ မှ ထွက်လာရသည့် စကားများ ကဲ့သို့ ရှိသည် ။ သူ၏ မျက်လုံးများတွင် သူ၌ ကာယိက ဒုက္ခ ခံစားနေရသည် တစ်ခုတည်းသာ မဟုတ်ဘဲ စိတ္တဒုက္ခပါ ခံစား နေရခြင်းကို ဖော်ပြနေလေသည် ။

“ လူမမာဟာ ရှင်ပဲလား ”

“ မဟုတ်ပါဘူး ၊ မိန်းကလေး တစ်ယောက်ပါ ၊ အပေါ်မှာ ပါ ”

“ ရှင့် ကြည့်ရတာလည်း အတော့် ကို မမာနေပုံရတယ် ”

“ ကျွန်တော်က ကိစ္စ မရှိပါဘူး ။ အပေါ်က မိန်းကလေးကိုသာ မြန်မြန် လာပြီး ကြည့်စေချင်ပါ တယ် ... လိုက်ခဲ့ပါ ”

သူသည် လက်တစ်ဖက်ဖြင့် လှေကားလက်ရန်းကို မှီတွယ် အားပြုကာ ရှေ့က တက်သွား၍ ဒေါက်တာသင်းကြည် က နောက်က လိုက်သွားရလေ၏ ။ သူကား အပေါ် ရောက်အောင် မနည်း ကြိုးစား၍ တက်နေရလေသည် ။

အပေါ်ထပ်သို့ ရောက်သည် နှင့် တံခါးပွင့်နေသော အခန်းတစ်ခုကို လက်ညှိုးညွှန်ကာ‘ ဟိုထဲမှာ ’ ဟု လေသံဖြင့် ပြောလေသည် ။

အခန်းထဲမှ ဝေဒနာ ခံစားနေ ရသဖြင့် ညည်းညူနေသော မိန်းမ တစ်ယောက်၏ အသံကို မသင်းကြည် ကြားရ လေ၏ ။ သို့ ကြားလိုက်ရသည်တွင် ကြောက်စိတ်များ အားလုံး မေ့ပျောက်သွားကာ အခန်းထဲသို့ တောက်လျှောက် ဝင်သွားလေ၏ ။ အထဲသို့ ရောက်သည့် အခါ ခုတင် တစ်လုံးပေါ်တွင် ခွေ၍ လဲနေသော မိန်းမငယ်တစ်ဦးကို တွေ့ရသဖြင့် ရပ်ပြီး ငုံ့ကြည့်နေမိသည် ။

အခန်းထဲတွင် ဖယောင်းတိုင် နှစ်တိုင်၏ အလင်းရောင်သာ ရှိပေ၏ ။ မိန်းမပျိုမှာ အတော်ပင် ငယ်လေသေးသည် ။ သူ၏ မျက်နှာမှာ ဝေဒနာကြောင့် ရှုံ့မဲ့နေ သော်လည်း မိန်းမချောကလေး တစ်ယောက် ဖြစ်သည်ကိုကား သိသာလေသည် ။

အခန်းတွင်း၌ ကမန်းကတန်း ရှင်းလင်းထားသည့် လက်စ ခြေစများ နှင့် ကြမ်းပေါ်တွင် သွေးများ စွန်းပေနေသော အဝတ်တစ်ခု ပုံထားသည်ကို တွေ့ရ၏ ။

မိန်းမပျိုကလေးသည် မျက်လုံးများကို ဖွင့်၍ ဒေါက်တာသင်းကြည် အား ကြည့်လေသည် ။ သူ့ မျက်လုံးများမှာ ဝေဒနာ၏ ဒဏ်ကြောင့် ပြူးနေလေသည် ။ သူ၏ လက်ဝါးနှစ်ဖက်ကို ရင်ဘတ် အထက်တွင် ဖိထားသည် ။

ဒေါက်တာ သင်းကြည်က ထိုလက်နှစ်ဖက်ကို အသာအယာ ဆွဲ၍ ရင်ဘတ်မှ ခွာလိုက်ရာ ဒဏ်ရာတစ်ခု ရ၍ အဝတ်ဖြင့် မတတ်တတတ် ပတ်တီး စည်းပေးထားသည်ကို တွေ့ရလေ၏ ။

“ ဒါ ... သေနတ်မှန်တာနဲ့ တူတယ် ” ဟု မသင်းကြည်၏ ပါးစပ်မှ အသံကျယ်ကျယ် ထွက်သွားသည် ။

ယောက်ျားပျိုသည် ခေါင်းညိတ်၍ ဝန်ခံကာ စကားကို မပြောဘဲ ကုလားထိုင် တစ်လုံးရှိ ရာသို့ ဒယီးဒယိုင် လျှောက်၍ သွားလေ၏ ။

ကုလားထိုင်ပေါ်တွင် ထိုင်မိပြီးမှ ယောက်ျားပျိုက ‘ ကျေးဇူးပြုပြီး ကုပေးပါ ဒေါက်တာ ’ ဟု ခြောက်ကပ်ကပ် အသံဖြင့် တောင်းပန်လေ၏ ။

“ မဖြစ်ဘူး..မဖြစ်ဘူး ၊ သူ့ကို ကျွန်မ မကုနိုင်ဘူး ။ ဆေးရုံကို ချက်ချင်းပို့မှ ဖြစ်မယ် ”

“ ဆေးရုံ မသွားပါရစေနဲ့ ရှင် ... ဆေးရုံ သွားမယ့် အစား ကျွန်မ သေလိုက်ပါရစေတော့ ” ဟု မိန်းမပျိုက အသံ သဲ့သဲ့ဖြင့် ပြောလေ၏ ။

“ ဟုတ်တယ် ဒေါက်တာ ၊ သူ့ကို ဆေးရုံပို့လို့ တော့ မဖြစ်ဘူး ။ ဒီအကြောင်း ဘယ်သူမှ မသိစေချင်ပါဘူး ။ ဒေါက်တာ တတ်နိုင်သမျှ ကြိုးစားပြီးတော့သာ ပြုစုပေးပါ ”

“ ဒီလို ဖြစ်တဲ့ ဒဏ်ရာမျိုးကို တိတ်တိတ်ကျိတ်ပြီး ကုလို့ မဖြစ်ဘူး ။ ဒီအမှု ပေါ်သွားရင် ဘယ့်နှယ် လုပ်မလဲ ။ ဆရာဝန်မှာ အပြစ်ကြီးတယ် ။ နောက်ပြီး လူနာ သေသွား ရင် မခက်ဘူးလား ။ သေနတ် ကျည်ဆန် ဝင်နေရင် ခွဲထုတ်ရလိမ့်မယ် ။ ဆေးရုံသွားမှ ကုနိုင်မယ် ” ဟု မသင်းကြည်က ခပ်တင်းတင်း ပြောရလေ၏ ။

“ ကျည်ဆန်ကို ကျွန်တော် တွေ့ပြီးပါပြီ ။ မရှိတော့ပါဘူး ။ အမှုလည်း မဖြစ်ပါဘူး ၊ ဘယ်သူမှလည်း မသိစေ ရပါဘူး ။ ဒဏ်ရာကလည်း မကြီးလှဘူးလို့ ထင်ပါတယ် ဒေါက်တာရယ် ကျကျနန ဆေးထည့်ပေးပြီး အနာသက်သာအောင် အိပ်ဆေးကလေးသာ ပေးပါ ”

“ အတော်ခက်တယ် ၊ ဒါဟာ ကုပေးလို့ မဖြစ်ဘူး ။ ဆေးရုံကိုသွားပါ ”

“ တောင်းပန်ပါရစေ ဒေါက်တာရယ် ဆေးရုံ သွားရရင် ပုလိပ်မှု ဖြစ်နေပါလိမ့်မယ် ။ ကျွန်တော်တို့ အဖြစ်ကို ဘယ်သူမှ မသိစေချင်လို့ပါ ၊ သူကလည်း ဆေးရုံတော့ မသွားဘူး သေလိုက်မှာပဲ ”

ယောက်ျားပျိုမှာ စကားပြောရင်း မောလာသကဲ့သို့ ရှိကာ မနည်းအားယူ၍ ပြောနေရ၏ ။

ဒေါက်တာ သင်းကြည်ကား တွေပြီး နေလေသည် ။

“ ကျွန်တော်တို့ ကို သနားတဲ့ စိတ်နဲ့ ကျေးဇူးပြုပြီး ကူညီမစပါ ဒေါက်တာရယ် ”

“ နေပါဦး အခုဟာ ဘာဖြစ်ကြ တာတုံး ၊ ဒီမိန်းကလေးကို ဘာပြုလို့ ဒီအိမ်ကြီးပေါ် ခေါ်လာတာလဲ”

“ ဒီအကြောင်းကို မပြောပါရစေနဲ့ ဒေါက်တာရယ် ၊ တစ်ခုမှ ပြောလို့ မဖြစ်ပါဘူး ၊ ဆေးသာ ထည့်ပေးပါ ။ မနက်ကျရင် ကျွန်တော်တို့ ဒီအိမ်ကြီးမှာ ရှိနေကြမှာလည်း မဟုတ်တော့ပါဘူး ။ အခု တွေ့ရတဲ့ အဖြစ်အပျက်ကိုလည်း ဒေါက်တာ ဆေးကု ပေးလိုက်ပြီးတဲ့ နောက် တစ်ခါတည်း မေ့လိုက်မယ် ဆိုရင် ကျွန်တော့် တစ်သက်လုံး ကျေးဇူးတင်လို့ မဆုံးပါဘူး ”

ဒေါက်တာ သင်းကြည်မှာ ဘာမျှ မစဉ်းစားတတ်အောင် ဖြစ်၍ သွားလေတော့၏ ။ သူ မြင်တွေ့ရသည့် အခင်းမှာ ဆန်းပြားသလောက် ကြားရသည့် စကားများကလည်း ထူးခြားလှလေသည် ။

“ ရောက်လာလို့ ရှိမှ တော့ဖြင့် ကုပေးပါ ဒေါက်တာရယ် ”

မသင်းကြည်၏ စိတ်ထဲတွင် သနားကရုဏာ ဝင်၍ လာလေသည် ။ သို့ဖြစ်၍ သူ၏ ဆေးအိတ်ကို ဖွင့်ရင်း “ အင်း ... တတ်နိုင် သလောက်တော့ ကျွန်မ လုပ်ပေး သွားမယ် ” ဟု ပြောလိုက်လေ၏ ။

သို့နှင့် ဒေါက်တာ သင်းကြည်သည် သတ္တုခွက်ကလေး တစ်ခုတွင် ရေထည့်၍ အရက်ပြန်မီးခွက်ကလေး တစ်ခုဖြင့် ဆူအောင်လုပ်ပြီး ပတ်တီးများကို ထုတ်လေ၏ ။ ထိုသို့ လုပ်နေစဉ် မိန်းမပျိုကလေးသည် အသံ တိုးတိုးဖြင့် ကြောင်ညည်းသလို ညည်း၍ နေရှာလေသည် ။ ယောက်ျားပျိုကား ထိုင်ရာမှ ထ,ကာ ဝေဒနာ ခံစားနေရသော မိန်းကလေးကို မကြည့်ရက် သကဲ့သို့ အနိုင်နိုင် သယ်ရသော ခြေလှမ်းများ ဖြင့် အခန်းထဲမှ ထွက်၍ သွားလေ၏ ။

ထို့နောက် ဒေါက်တာ သင်းကြည်သည် မိန်းမပျို၏ ဒဏ်ရာစည်းထားသည့် အဝတ်များကို ဖြေလိုက်ရာ ဒဏ်ရာမှာ မနက်လှသည်ကို တွေ့ရသောကြောင့် စိုးရိမ်မှု အနည်းငယ် ပြေ၍ သွားလေသည် ။ ထိုဒဏ်ရာကို ဆေးဝါး ထည့်၍ ပတ်တီးစည်းပေးပြီးသည့် နောက်တွင် အနာ သက်သာစေရန် အိပ်ချင်လာစေသော ဆေးခဲ အဖြူကလေးများကို မိန်းကလေးအား စားစေပြီးလျှင် သူ၏ နံဘေးတွင် ချထားသည့် မိန်းမဝတ် ကုတ်အင်္ကျီကလေးကို ယူ၍ ခြုံပေးလိုက်သည် ။

ထိုသို့ လုပ်ကိုင်ပေး ပြီးသည့်နောက် ယောက်ျားပျိုကိုလည်း ကြည့်ရှုရန် လိုသေးသည်ကို သိ၍ ထိုအခန်းထဲမှ ထွက်ခဲ့ရ၏ ။ သူ့ထံသို့ ရောက်သည့်အခါ ထိုသူမှာ အိပ်ရာခင်း မရှိသော ခုတင်နှင့် မွေ့ရာပေါ်တွင် ကန့်လန့်ဖြတ် လှဲချကာ ပက်လက် ဖြစ်နေသည် ကို တွေ့ရလေ၏ ။ ထိုအခန်းမှာ ပင့်ကူမျှင်များ ယှက်သန်းလျက် ဖုန်များ မလှည်းမကျင်းဘဲ ထားသောကြောင့် မှိုတက်သည့် အနံ့ ထွက်နေလေသည် ။ သို့ဖြစ်၍ ပြတင်းပေါက် တစ်ခုကို ဖွင့်ကာ မိုးရေဆွတ်ဖျန်းသည့် ညချမ်းလေအေးကို ဝင်စေလျက် လေကောင်းလေသန့် ရအောင် လုပ်လိုက်ရလေသည် ။ ထို့နောက်တွင် ယောက်ျားပျိုထံသို့ သွားပြီး ငုံ့ကြည့်လိုက်ရာတွင် သူ၏ ရှပ်အင်္ကျီ၌ သွေးများ စွန်းထင်းနေသည်ကို တွေ့ရ၍ အသည်းထဲတွင် ထိတ်ခနဲ ဖြစ်သွားလေ၏ ။

“ ဟင် ... ရှင့်မှာ လည်း ဒဏ်ရာနဲ့ပါကလား ”

သူသည် သူ၏ နံဘေးကို လက်နှင့် တင်းကျပ်စွာ ဖိထား လျက် “ ကျွန်တော့် ဒဏ်ရာက ဘာမှ မဖြစ်လောက်ပါဘူး ။ သူ့ကိုသာ ကြည့်ပါ ၊ သူ ဘယ့်နှယ်နေသလဲ ၊ မသေနိုင်ဘူး မဟုတ်လား ” ဟု ပြောဆို မေးမြန်းလေ၏ ။

“ သူ ခဏကြာရင် အိပ်ပျော်သွားမှာ ပါပဲ ၊ ဒဏ်ရာလည်း မကြီးလှပါဘူး ။ ရှင်က အရေးကြီးပုံရတယ် ၊ ရှင့်ဒဏ်ရာကို ကြည့်စမ်းပါရစေဦး ”

“ အို ... မလိုပါဘူး ... မလိုပါဘူး ။ သူ့ကိုသာ ဂရုစိုက်ပါ ၊ သူ စိတ်ချရပြီ ဆိုတော့မှ ကျွန်တော့်ကို ကြည့်တာပေါ့ ။ သူ့ အသက်ဘေးအတွက် မစိုးရိမ်ရတော့ဘူး ဆိုတာ အမှန်ပဲလား ။ ဒီအတိုင်းဆိုရင် မနက်ကျရင် ထနိုင်မလား ”

“ သူ့ကိုတော့ စိတ်ချရပါပြီ ၊ ဒါထက် အခု ဖြစ်ရပုံကလေးကို ပြောနိုင်ဘူးလား ၊ ပြောစမ်းပါ ”

“ ကျွန်တော် ဘာမှ မပြောပါရစေနဲ့ ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှလည်း ပြောမပြဖို့ ကျွန်တော် တောင်းပန်ပါရစေ ၊ သူ ဒါကို လူမသိစေချင်ဘူး ။ သိရင်လည်း သ,တ်သေလိမ့်မယ် ၊ ကျွန်တော့်လည်း ဒီအတိုင်းပဲ ”

မသင်းကြည်သည် ဖြူဖပ်ဖြူရော် ဖြစ်လျက် နွမ်းနယ်နေသော ယောက်ျားပျို၏ မျက်နှာကို ကြည့်ကာ သူ၏ ကရုဏာနှလုံးသားကို ကရုဏာ စိတ်များက ဆောင့်၍ ဆောင့်၍ ဆွဲနေ သကဲ့သို့ ရှိလေသည် ။

“ ကဲ .. ဒါဖြင့် ရှင့်ဒဏ်ရာကို ဆေးထည့်မယ် ၊ အဲဒါ လုပ်မှ ဒါတွေကို မေ့ပစ်ပါ့မယ်လို့ ကတိပေးနိုင်မယ် ”

ထိုအခါမှ ယောက်ျားပျိုသည် သူ၏ ဒဏ်ရာကို ပြလေတော့၏ ။ သူ့မှာလည်း သေနတ်မှန်၍ ဒဏ်ရာရနေခြင်း ဖြစ်လေသည် ။ သူ့ဒဏ်ရာမှာ အကြည့်ရဆိုးသည့်ပြင် အနည်းငယ် ပို၍ နက်သဖြင့် အတော်ပင် မချိမဆံ့ ခံရပေလိမ့်မည် ။

သို့ဖြစ်၍ ဒေါက်တာသင်းကြည်သည် ရေနွေးနှင့် အနာစည်းသည့် ပတ်တီးကို ယူရန် တစ်ဖက်ခန်းသို ခပ်သွက်သွက်ကလေး ပြေးသွားလေ၏ ။ မိန်းကလေးမှာ အိပ်ပျော်နေ ပုံရ၍ စိတ်အေးရသည် ။ ရေနွေးနှင့် ပတ်တီးများ ယူ၍ လာသည့်အခါ ယောက်ျားပျိုမှာ ညည်းညူသံ မထွက်ရအောင် လက်သီးများ ဆုပ်လျက်  နှုတ်ခမ်းများ စေ့ပြီး ကိုက်ထားသည် ကို တွေ့ရလေ၏ ။ သင်းကြည်သည် မိမိ၌ ပါလာသည့် ဆေးဝါးပစ္စည်းဖြင့် အစွမ်းကုန် ပြုစုပေးပြီးနောက် နဖူးကို လက်ဝါးဖြင့် စမ်းကြည့်လေသည် ။

“ အိပ်ဆေး သောက်လိုက်ရင် ကောင်းမယ် ”

“ ဟာ ... ဒါတော့ မသောက်ပါရစေနဲ့ ကျွန်တော် အိပ်လို့ မဖြစ်သေးဘူး ၊ သွားစရာ ရှိသေးတယ် ”

“ မိုးထဲလေထဲမှာ ဒီအနာကြီးနဲ့ သွားလို့ မတော်ဘူး ၊ သေသွားလိမ့်မယ် ”

“ သေရင်လည်း ကောင်းတာပါပဲလေ ” ဟု သူက သူ့ဘဝကို နာကြည်းစွာဖြင့် ပြောလိုက်ပြီးမှ “ ဟိုဘက်ကို သွားကြည့်လိုက်ပါဦး ၊ ကျွန်တော့် အတွက်ကတော့ ကောင်းသွားမှာပါပဲ ” ဟု ပြောလေသည်  ။

ထိုသို့ ပြောရင်း ဝေဒနာ ပြည့်လျှမ်းနေသည့် သူ၏ မျက်လုံးများက ဒေါက်တာ သင်းကြည်အား စူးစိုက်လျက် ရှိကြသည် ။ ထိုအခါမှပင် ဒေါက်တာ သင်းကြည်ကို သူ သေသေချာချာ ကြည့်မိပုံရလေ၏ ။

“ အို ”

“ ဘာဖြစ်တာလဲ ”

“ ကျွန်တော် ဒေါက်တာ့ကို ဒီ အရွယ်လောက်ပဲ ရှိသေးမှန်း မသိ လို့ ခေါ်လိုက်မိတာပါ ။ ဒီလို အချိန်မဲ့ကြီးမှာ ဆရာဝန်မိန်းမသား ပျိုပျိုရွယ်ရွယ် တစ်ယောက်ကို ဒီနေရာမျိုး ခေါ်မိတာ အပြစ်လွှတ်ပါ ၊ တယ်လီဖုန်းစာအုပ်ထဲ ကြည့်လိုက်တော့ အနီးဆုံး ဆရာဝန်ဟာ ဒေါက်တာပဲ ရှိနေပါတယ် ”

ယောက်ျားပျို၏ မျက်နှာတွင် အားနာခြင်းကို ပြလျက်ရှိရာ ဒေါက်တာ သင်းကြည်သည် မချိဘဲ ပြုံးနေရှာသော မျက်နှာကို ကြည့်၍ ရင်ထဲ၌ ဆွေးမိလေသည် ။

“ ကိစ္စ မရှိပါဘူး ၊ ကျွန်မ ဒီကိုလာမိလို့ ဒီလို အကူအညီ ပေးနိုင်တာကိုပဲ ဝမ်းသာနေပါတယ် ။ ရှင်တို့ နှစ်ဦးစလုံးရဲ့ ဒုက္ခဟာ အတော်ပဲ ဆိုးနေပုံရတယ် ”

“ ဆိုးပါတယ် ၊ သိပ်ဆိုးတာပါပဲ ” ဟု ဆို၍ သူသည် အစွပ် မရှိဘဲ မှိုတက်နေသော ခေါင်းအုံးပေါ်တွင် သူ၏ မျက်နှာကို မြှုပ်နှံလိုက်ပြီး “ သူ့ဆီ သွားပါဦး ၊ တစ်ယောက်တည်းမို့ ကြောက်နေပါဦးမယ် ” ဟု ပြောပြန်လေသည် ။

မသင်းကြည် အဖို့မှာ နှစ်ယောက်စလုံးကို ဆေးထည့် စည်းကျပ်ပေးပြီးပြီ ဖြစ်၍ ပြန်ရန်သာ ရှိလေသည် ။ သို့သော် အမည် မခေါ်တတ် ၊ အကောင်အထည် မဖော်ပြတတ်သော အရာတစ်ခုက ဆွဲငင် ညှို့ဖမ်းထားသကဲ့သို့ ရှိနေသဖြင့် ပြန်ဖို့ရန် သတိမေ့သည့်ပြင် ယောက်ျားပျို အတွက် စိုးရိမ်သဖြင့် အနားမှ မခွာချင်သလို ရှိလေ၏ ။

သို့နှင့် စိတ်မပါ့တပါဖြင့် သူ၏ အခန်းထဲမှ ထွက်ခဲ့ပြီးလျှင် မိန်းကလေး၏ အခန်းကို ကူးခဲ့ရပြန်လေသည် ။ မိန်းကလေးမှာ ငြိမ်သက်၍ နေသဖြင့် မနိုးစေလိုသောကြောင့် ကုလားထိုင် တစ်လုံးကို ပြတင်းပေါက် အနီးသို့ သယ်ယူကာ အပြင်ဘက်ရှိ မိုးရေဖြင့် ဖျန်းပက်စိုရွှဲနေသော လမ်းကို ထိုင်၍ ကြည့်နေလိုက်လေသည် ။ စောစောက ကြောက်စိတ်များ လုံးဝ ပျောက်သွားခဲ့လေပြီ ။

ယောက်ျားပျိုသည် အဘယ် အချိန်က အောက်သို့ တိတ်တဆိတ် ဆင်းသွားသည် မသိ ။ အောက်ထပ်က မော်တော်ကားစက်နှိုးသံ ကြားလိုက်ရပြီး ကားထွက်နေသည်ကို တွေ့ရ၍ သူ သွားလိုသည်ကို မတားစေလိုသောကြောင့် မိမိအား သည်ဘက် အခန်းကို ခဏခဏ ပြန်လွှတ်နေခြင်းကို စဉ်းစား မိလေတော့သည် ။

ကားမှာ ထွက်သွားပြီ ဖြစ်၍ ဘယ်လိုမျှ တားဆီး မရနိုင်တော့ပေ ။ သူ့၌ ဒဏ်ရာကြီး ရှိနေသည့် အပြင် အနာရှိန်ဖြင့် အဖျားတက်လျက် ရှိသည်ကို တွေးမိ၍ ဒေါက်တာသင်းကြည်၏ နှလုံးသားထဲ၌ မိန်းမသား တစ်ယောက်အနေဖြင့် ငိုချင် ပက်ကျိ ဖြစ်မိခြင်းနှင့် ဆရာဝန် အနေဖြင့် စိတ်ခိုင်ခြင်းတို့သည် အပြန်အလှန် လုံးသတ်နေကြလေတော့သည် ။ ဤမျှ ပြင်းပြသော ဒဏ်ရာကို ရနေပါလျက် အရေးတကြီး ကိစ္စရှိ၍ ထွက်သွားခြင်းသည် သူတို့ နှစ်ဦး၏ ကြီးလှစွာသော အဖြစ်ဆိုးကို သိသာစေနိုင်သလောက် သူ၏ ကိုယ်ပေါ်က အနာမှာ အသည်းထဲက ဒဏ်ရာ၏ အစိတ်အပိုင်းကလေး မျှလောက်သာ ရှိမည်ဟု တွေးမိပေ၏ ။

ထိုခဏမှာပင် မသင်းကြည်သည် စိတ်ထဲ၌ မသိုးမသန့် ဖြစ်လာကာ မိန်းကလေး ထံသို့ ထသွားပြီး ကြည့်လိုက် ပြန်လေ၏ ။ ယင်းသို့ ကြည့်မိသည်နှင့် တစ်ပြိုင်နက် မသင်းကြည်၏ ပါးစပ်မှ လန့်ထိတ်၍ အော်လိုက်သော အာမေဍိတ်သံ ထွက်သွားလေသည် ။

မိန်းကလေးသည် မသင်းကြည်၏ အလစ်တွင် ဆေးအိတ်ထဲမှ လွန်လျှင် ဘေးဖြစ်တတ်သော ဆေးခဲများကို ယူ၍ စားကာ ကိုယ့်ကိုယ်ကို သ,တ်ပြီး သေနေသည် ကို မိန်းကလေး၏ လက်ထဲရှိ ဆေးပုလင်းက သက်သေခံနေလေ၏ ။

မသင်းကြည်သည် ချက်ချင်း အနီးဆုံး ရဲဌာနသို့ တိုင်ကြားရန် ဝတ္တရားရှိသည်ကို သိသည် ။ သို့သော် ယောက်ျားပျို၏ ဒုက္ခဝေဒနာနှင့် အသနားခံထားချက်တို့က မတိုင်ရက်အောင် ဖြစ်ရလေသည် ။ သို့ဖြစ်၍ သူ ပြန်လာအောင် စောင့်ဦးမည်ဟု ဆုံးဖြတ် လိုက်ရလေ၏ ။

မသင်းကြည်သည် ပြတင်းပေါက်သို့ ပြန်၍ သွားကာ ယောက်ျားပျိုကို မျှော်လေ၏ ။ ဤသို့ ရပ်မျှော်နေစဉ် ရုတ်တရက် ကြီးလှစွာသော ကြောက်ရွံ့ တုန်လှုပ်ခြင်း ဖြစ်ပေါ် လာလေ၏ ။ မိမိ ရောက်နေသည့်နေရာမှာ တစ္ဆေ ခြောက်သည်ဟု နာမည်ကြီးသော စစ်ကဲကြီး ဦးဖေသော်၏ အိမ်ဖြစ်သည် ။ သေနေသော မိန်းကလေး တစ်ယောက်၏ အလောင်းမှာ မိမိ အနီး၌ပင် ရှိနေပါကလားဟု တွေးလိုက်မိခြင်းဖြင့် ထိုအိမ်ကြီးနှင့် စပ်လျဉ်း၌ လူအများ ပြောဆိုဖူးသည့် ကြောက်လန့်စရာ အဖြစ်အပျက်မျိုးစုံ သူ၏ အသိဉာဏ်ထဲတွင် ပြန်၍ ပေါ်လာ ကာ မျက်လုံး ပြူးနေတော့၏ ။

ယခု မိမိ တွေ့ကြုံရသည့် အဖြစ်မှာ တစ္ဆေသူရဲ ခြောက်ခံနေရခြင်းလော ၊ သို့မဟုတ် ကြောက်စရာကောင်းလှသော ရာဇဝတ်မှုကြီး တစ်ခု၏ အလယ်တွင် ကျရောက် နေခြင်းလော ၊ သို့မဟုတ် အချစ်မီးတောက် လောင်နေသူနှစ်ဦး၏ အဖြစ် ဆိုးလှသော ဇာတ်လမ်းကို ကိုယ်တွေ့မျက်မြင် တွေ့ကြုံရခြင်းလောဟု မဝေခွဲနိုင်အောင် ဖြစ်ရ လေသည် ။

တိတ်ဆိတ်နေခဲ့သော အိမ်ကြီး မှာ စောစောက ကဲ့သို့ မဟုတ် တော့ဘဲ သူရဲတစ္ဆေ ခြောက်လှန့် သကဲ့သို့ ညည်းတွားသော အသံများသည် လည်းကောင်း ၊ ရှပ်တိုက်သော ခြေသံများ သည် လည်းကောင်း ဟိုက - ဒီက ပေါ်လာသည် ကို မသင်းကြည်၏ နားထဲတွင် ကြားလာရလေသည် ။ တစ်ချက် တစ်ချက် တဗြုန်းဗြုန်း ပြေးသည့် ခြေသံများ လည်း ကြားလိုက်ရသည် ။ လူလျှောက်ပြေးသည့် ခြေသံများလော ၊ တိတ်ဆိတ်နေသဖြင့် ကြွက်များ ပြေးလွှားသည့် ခြေသံကိုပင် လူ ပြေးသည် ထင်ရလောက်အောင် ဖြစ်ခြင်းလော ။

မသင်းကြည်မှာ ကြောက်မက် ထိတ်လန့်ကာ မဟစ်အော်လိုက်မိအောင် မိမိ၏ ပါးစပ်ကို မနည်း ပိတ်ထား ရလေသည် ။ သူ့ခမျာ ထိုအိမ်ထဲတွင် နောက်ထပ် အနည်းငယ်မျှ ကြာမြင့်စွာ မနေရဲတော့ပေ ။ သို့နှင့် အခန်းထဲမှ ပြေးထွက်၍ လှေကားပေါ်မှ သုတ်သီးသုတ်ပျာ ဆင်းခဲ့ရာ ထိုသို့ ပြေးဆင်းသည့် ခြေသံများမှာ အိမ်ကြီးကို ပဲ့တင်ထပ်ကာ နောက်မှ ပြေးလိုက်လာကြ သလားဟု ထင်ရပေတော့သည် ။ မသင်းကြည်သည် ကားမောင်း၍ ထွက်လာပြီးခါမှ အိမ်ပေါ်တွင် မိမိ၏ ဆေးအိတ် မေ့ကျန်ရစ်ခဲ့သည်ကို သတိရလေ၏ ။ သို့သော် သူ၏ နားထဲတွင် လိုက်ဟ ပြေးဟ ဟူသော အသံများ နောက်မှ ကပ်၍ လိုက်ပါလာ သကဲသို့ ကြားနေရသောကြောင့် အိမ်ကြီးဘက်သို့ ပြန်၍ မလှည့်ရဲဘဲ လမ်းထဲက ထွက်ခဲ့မိသည့် တိုင်အောင် ကားကို အမြန်ဆုံး မောင်းခဲ့ရလေသည် ။

အိမ်သို့ ပြန်၍ ရောက်သည့် တိုင်အောင် မသင်းကြည် မှာ အကြောက် မပြေသေးချေ ။ ထို့ထက် မိမိ ထွက်သွား ပြန်လာသည်ကို ဂရုပြုနေသူများ ရှိလေမည်လားဟု စိုးရိမ် လိုက်ရပြန်သေးသည် ။ အိမ်ရှိ အဒေါ်ကြီး တစ်ယောက်နှင့် အခြား အစေအပါးများမှာကား ထိုသို့အချိန်မတော်မှာပင် အလုပ်ကိစ္စဖြင့် သွားတတ်လာတတ်ခြင်းကို တွေ့နေကျဖြစ်၍ သူတို့ အတွက် ကိုယ်ကား စိုးရိမ်ရန် မရှိပေ ။

အနီးအပါးတွင် နေထိုင်သော အခြားသူများ တွေ့မြင်မိကြမည်ကိုသာ စိုးရိမ် လေသည် ။ အကယ်၍ ထိုအိမ်ကြီးတွင် ဆေးအိတ် မကျန်ရစ်ခဲ့ပါမူ ဘာကိုမျှ စိုးရိမ်စရာ မရှိချေ ။ သေနေသော မိန်းကလေး၏ အလောင်းနှင့် ဆေးအိတ်ကို ညကင်း လှည့်သည့် စက်ဘီး ပတ်တရောင် သို့မဟုတ် ဝိုင်ယာလက် ရဲအဖွဲ့က ထိုအိမ်ကြီးကို မသင်္ကာ၍ တက်ရောက်ရှာဖွေ တွေ့ရှိသွားခဲ့သော် မိမိမှာ ထိုအမှုကြီးတွင် ပါဝင်ပတ်သက်နေတော့မည်ကို တွေးမိသဖြင့် ထိတ်လန့်နေရခြင်းပင် ဖြစ်ပေသည် ။

မသင်းကြည်မှာ အိပ်ဖို့ ကို သတိ မရနိုင် ၊ အငြိမ် နေ၍လည်း မရ ၊ အိမ်ကြီးပေါ်က ဆင်းပြေးမလာမီ ကြားနေရသည့် အသံများကို နားထဲတွင် ကြားလျက်ပင် ရှိလေသည် ။ ထိုအခါမှ မိမိ၏ ဦးနှောက် ချောက်ချား၍  ထင်ယောင်ထင်မှား ဖြစ်ခဲ့ခြင်းကို သိလေသည် ။ သို့ဖြစ်၍ မိမိ၏ သူရဲဘော နည်းခဲ့ခြင်းကို တွေးပြီး တစ်ယောက်တည်း ဒေါသ ဖြစ်နေမိသည် ။ ယခုအချိန် ရောက်မှ ပြန်ပြီးသွားဖို့ရန် လုံးဝ မသင့်တော် တော့ချေ ။ စောစောက ယောက်ျားပျို ပြန်၍ ရောက်လာသည့် တိုင်အောင် စောင့်၍ မနေခြင်းကို အပြစ်တင်ချင်လေတော့သည် ။ သူ၏ မျက်စိထဲတွင် တစ်ကိုယ်လုံး မိုးရေရွှဲလျက် အဖျားတက် ပြီး တုန်တုန်ယင်ယင်နှင့် ပြန်လာသော ယောက်ျားပျို၏ သဏ္ဌာန်ကို မြင်ယောင်မိလေသည် ။

လောလောဆယ်အားဖြင့် ဒေါက်တာ သင်းကြည်အဖို့ အရေးအကြီးဆုံး အရာမှာ မိမိ၏ ဆေးအိတ်ကို ပြန်၍ ရဖို့ ရန်ဖြစ်လေသည် ။ သို့သော် ယခုညတော့ဖြင့် ပြန်၍ မသွားတော့ဘဲ မနက် စောစော လူများ အိပ်ရာ မနိုးမီ ထ၍ သွားရန် စိတ်ပိုင်း ဖြတ် လိုက်ရလေတော့၏ ။

နံနက်ဘက်တွင် မိုးမှာ ရပ်စဲသွားသော်လည်း ကောင်းကင်တစ်ပြင်လုံးမှာ ရီဝေအုံ့မှိုင်းလျက်ပင် ရှိနေသေးသည် ။ အိမ်ကြီးလမ်းထဲ၌ နေထိုင်ကြသူများမှာ မိုးအေးအေးနှင့် ကွေး၍ ကောင်းတုန်း ဖြစ်နေကြသဖြင့် လမ်းထဲတွင် အသွားအလာ မရှိသေးသောကြောင့် မသင်းကြည် မှာ အတော်ကလေး စိတ်သက်သာမှု ရရှိလေ၏ ။

အိမ်ကြီးမှာ တံခါး ပွင့်မြဲ ပွင့်နေသော်လည်း အိမ်ရှေ့တွင် မော်တော်ကားကို မမြင်ရပေ ။ပြန်ပြီး မလာဘဲရှိနေသေးသလော ၊ လာပြီး ပြန်သွားလေပြီလောဟု တွေးရင်းပင် မသင်းကြည်သည် အိမ်ရှေ့တွင် ကားဆိုက်ကာ အိမ်ပေါ်သို့ တက်သွားလေ၏ ။

အိမ်ပေါ်တွင် ဘာကိုမျှ မတွေ့ရ ၊ အခန်းများမှာ ရှင်းလင်းနေလျက် မိန်းကလေး၏ အလောင်းလည်း ပျောက် ၊ ဆေးအိတ်လည်း မရှိတော့ချေ ။ ဒေါက်တာ သင်းကြည် မှာ မစဉ်းစားတတ်အောင် ဖြစ်သွားလေ၏ ။ ယမန်နေ့ ညက တွေ့ရ ၊ ကြုံရသည်တို့ မှာ တကယ်မှ ဟုတ်ပါလေစဟု သံသယရှိ၏ ။ တစ္ဆေခြောက်ခြင်းမျှ ဖြစ်သည် ဆို လျှင်လည်း ဆေးအိတ်က အဘယ်ကြောင့် ပျောက်နေရသနည်း ။ မိန်းကလေး၏ အလောင်းနှင့် ဆေးအိတ်ကို ပုလိပ်ဘက်က တွေ့၍ ဆေးရုံများ ပို့လိုက်လေရော့လား ။

မသင်းကြည်သည် ထိုသို့ မေးမိတွေးမိလျှင်ပင် ထိုအိမ်ပေါ်တွင် ကြာကြာနေရန် မသင့်တော်ကြောင်းကို စဉ်းစားမိကာ ချက်ချင်းပင် ပြန်၍ ဆင်းခဲ့လေ၏ ။

မသင်းကြည်သည် အိမ်သို့ ပြန်ရောက်လာသည့် အခါတွင် စိတ်သက်သာရာ တစ်ချက်ကိုတွေးလိုက်မိသည်  ။ စစ်ကဲကြီးအိမ်တွင် ယောက်ျားပျိုနှင့် သေသူ မိန်းကလေးတို့၏ ခြေရာလက်ရာ ပျောက်သွားခြင်းသည် မိမိအား ကြီးလေးသော အမှုအခင်းကြီး တစ်ခုမှ ရှင်းလင်း ကင်းလွတ် သွားစေလေပြီဟု စိတ်အေးရလေသည် ။

သို့သော် မနက် သတင်းစာများရောက်၍ လာသည့်အခါ သတင်းစာ တစ်စောင်တည်းတွင် စက်ရပ်သတင်း အဖြစ် စာလုံးမည်းကလေးများ ဖြင့် ပါလာသော သတင်း အတိုကလေး တစ်ပုဒ်ကို တွေ့ရသည့် အခါ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားတော့၏ ။ ထိုသတင်းမှာ ဘောင်ဒရီလမ်းပေါ်တွင် မိန်းကလေး တစ်ယောက်ကို သ,တ်၍ ကားထဲတွင် ပစ်ထားခဲ့ခြင်းနှင့် မိန်းကလေး၏ ကိုယ်တွင် သေနတ်ဒဏ်ရာ တွေ့ရ၍ ပတ်တီးစည်းထားပြီး ကားမှာ နံပါတ် ဖြုတ်ထားကြောင်း ဖော်ပြပါရှိလေရာ မသင်းကြည် သည် ထို အမည်မသိ မိန်းကလေးမှာ မည်သူဖြစ်သည်ကို စဉ်းစားမိလေ၏ ။

ဒေါက်တာသင်းကြည် မှာ ဝတ္တရားရှိသည့် အတိုင်း ဆိုင်ရာသို့ တိုင်ကြားရမည်လော ၊ ယောက်ျားပျို၏ စကားကို လိုက်နာရမည်လော ဟု စိတ်ထဲ တွင် အချေအတင်ဖြစ်လျက် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိလေ၏ ။

ထိုအခိုက်တွင် အိမ်၌ စေပါးသည့် မိန်းကလေး တစ်ယောက် ဆေးအိတ်ကြီးကို ပိုက်၍ ယူလာကာ “ မမ ... စောစောက အပြင် ထွက်သွားတုန်း ဆိုက်ကားသမား တစ်ယောက် လာပေးသွားတယ် ” ဟု ပြောပြရာ မသင်းကြည် မှာ များစွာ အံ့အားသင့်သွားတော့သည် ။ ဆေးအိတ်မှာ အိမ်ကြီးပေါ်တွင် ကျန်ရစ်ခဲ့သော မိမိ၏ ဆေးအိတ် ဖြစ်နေလေသည် ။

“ ဆိုက်ကားသမား မှတ်မိလိုက်သလား ”

“ ကျွန်မလည်း သူ့ကို ဂရုစိုက် မကြည့်လိုက်မိဘူး ၊ ပေးလိုက်ပါလို့ ပြောပြီး ထွက်သွားတာနဲ့ ကျွန်မလည်း ယူထားလိုက်တာပဲ ၊ ဟောဒီ စာပါ ပေးသွားတယ် ”

မသင်းကြည်သည် ဆေးအိတ်နှင့် စာကို ယူထားပြီး ကလေးမ ထွက်သွားမှ စာကို ဖွင့်ဖတ်ကြည့်လေသည် ။

စာထဲတွင်

“ ဒေါက်တာ လက်လွန်သွားသည်ဟု ယူဆပါသည် ။ ကျွန်တော့် လျှို့ဝှက်ချက်ကို နှုတ်လုံပါ ၊ ဒေါက်တာ့ အတွက်လည်း ကျွန်တော် ဖုံးဖိထားပါမည် ” ဟူ၍ ပါလာလေ၏ ။

သူကား မိန်းကလေး သေရခြင်းမှာ ကိုယ့်ကိုယ်ကို သ,တ်သွားခြင်းကို မသိရှာ၍ ရေးလိုက်ခြင်း ဖြစ်ပေမည်ဟု မသင်းကြည် တွေးလိုက်မိသည် ။ သူ့စိတ်ထဲကတော့ ငါ့ကို အတုံ့အလှည့် ကာကွယ်ပေးလိုက်ရတယ်လို့ ထင်နေမှာပဲ ၊ မိန်းကလေး အလောင်းကိုပဲ သူ ဖျောက်ဖို့ ကြိုးစားသေးဟန် တူတယ် ။ ဒါပေမဲ့ သူ့ဝေဒနာက ဖိစီးလာလို့ သူ့ကိုယ် သူတောင် အနိုင်နိုင် သယ်ရတဲ့ အဖြစ် ရောက်ပြီး ကားရော မိန်းကလေး အလောင်းပါ ပစ်ပြေးရတာ ဖြစ်လိမ့်မည်ဟု စဉ်းစား လိုက်ပြန်သည့် အခါ တိုင်ကြားရန် သင့်တော်သည့် အချိန်မှာ လွန်နေပြီ ဖြစ်ပြီး မိမိ ပင်လျှင် ထိုမိန်းကလေးကို အဆိပ် ကျွေး၍ သ,တ်မှုဖြင့် အမှု ပတ်လာဦးမည်ကို စိုးရိမ်စရာဖြစ်လာရလေသည် ။ ယခုအတိုင်းမူကား ထိုအိမ်ကြီးသို့ သွားခြင်း လာခြင်းနှင့် ထိုအကြောင်းအရာများ မိမိသိရှိခြင်းကို ထိုယောက်ျားပျို က လွဲပြီး မည်သူမျှ မသိ ၊ သူ ကလည်း မိမိနှင့် ပတ်သက်သမျှ လျှို့ဝှက်ဖုံးဖိထားမည် ဖြစ်လေရာ မိမိ ကလည်း နှုတ်ပိတ် နေလိုက်ခြင်းသာလျှင် အကောင်းဆုံး ဖြစ်မည်ဟု ဆုံးဖြတ် လိုက်ရလေ၏ ။ ဒေါက်တာသင်းကြည်သည် ဤအမှုမှာ ဤသို့နှင့် သဲလွန်စ မပေါ်ဘဲ ပြီးပျောက်သွားလိမ့်မည်ဟု ယူဆလိုက်သည် ။ သို့သော် သူ ထင်သည့်အတိုင်း မဟုတ်ဘဲ နောက်နေ့ သတင်းစာ အားလုံးတွင် ထိုမိန်းကလေးအား သ,တ်မှုကို အကျယ်တဝင့် ပါရှိရုံမျှမက ဒဏ်ရာနှင့် လူတစ်ယောက် ဆေးရုံသို့ ရောက်လာပြီး သတိမရတစ်ချက် ရတစ်ချက်ဖြင့် ကယောင်ကတမ်း ပြောဆိုနေသည့် စကားများအရ ထိုသူမှာ မိန်းကလေးသ,တ်မှုနှင့် ပတ်သက် လိမ့်မည်ဟု ယူဆကြခြင်းကို ဖော်ပြ ပါရှိလာတော့၏ ။

ထိုသတင်းကို တွေ့ရသဖြင့် ဒေါက်တာသင်းကြည်မှာ ခေါင်းရှုပ်သွားလေသည် ။ သူ၏ စိတ်ထဲတွင် ပထမဆုံး ဖြစ်ပေါ်လာသည့် ဆန္ဒမှာ ဆေးရုံရောက်နေသည် ဆိုသော သူသည် ထိုအိမ်ကြီးတွင် မိမိ တွေ့ခဲ့သူ ဟုတ်မဟုတ် သိရအောင် စုံစမ်းပြီးမှ ဟုတ်ခဲ့လျှင် သူနှင့် ပြောဆိုတိုင်ပင်ရန် အကြံတစ်ခုလည်း ပေါ်လာလေသည် ။

မသင်းကြည် မှာ အခြား ဘာကိုမျှ မစဉ်းစားနိုင် ၊ အခုအခါမှာ သူ ဟာ ငါ့ဆီက အကူအညီကို ပိုပြီး လိုနေရှာတော့မယ် ။ သူ့မှာ ဘာမျှ အပြစ်မရှိခြင်းကို ငါသာလျှင် သက်သေခံနိုင်မယ် ။ သူ့ကိုတော့ ငါ ကယ်ရမှာပဲ ဟု ကရုဏာစိတ်များ သာလျှင် ဖြစ်ပေါ်၍ နေတော့၏ ။ သို့သော် သူ့အဖို့ ဆေးရုံသို့ သွား၍ ကြည့်ရန် မလွယ်လှပေ ။

အသိအကျွမ်း တစ်ယောက် သို့မဟုတ် မိမိ ကုသခဲ့ရသော လူနာတစ်ယောက် မဟုတ်ဘဲ ဆေးရုံသို့ လာ၍ ကြည့်သည် ဆိုခြင်းမှာ ဘာမှ အဓိပ္ပာယ် မရှိသည်ထက် မိမိအား မသင်္ကာစရာပင် ဖြစ်နိုင်လေသည် ။ သို့ဖြစ်၍ ဆရာဝန်ကြီးထံ အလည်လာသည့် အနေမျိုးဖြင့် လူနာများကို ဆရာဝန်ကြီး လှည့်၍ ကြည့်ရှုတတ်သည့် အချိန်တွင် ဆေးရုံသို့ သွားရောက် ရလေသည် ။ ဆရာဝန်ကြီးသည် တပည့်ဟောင်းနှင့် မတွေ့ ရသည်မှာ ကြာပြီဖြစ်၍ ဝမ်းသာအားရ စကားတပြောပြော နှင့်ပင် လူနာများကို လိုက်ကြည့်လေရာ မသင်းကြည် လည်း စကား မဆုံးနိုင်ဘဲ ဆရာဝန်ကြီးနှင့် ကပ်၍ လိုက်ခဲ့လေသည် ။

“ ဟောဒီ လူနာဟာ မနက်က သတင်းစာထဲ ပါလာတဲ့ လူပဲ ”

မသင်းကြည်သည် မိမိ တွေ့လိုသူ ဖြစ်နေသည်ကို သိရလေ၏ ။ သို့ဖြစ်၍ ဆရာဝန်ကြီးက အခြား လူနာများကို လှည့်ကြည့်နေခိုက် မသင်းကြည်က မိမိ၏ လူနာကို ကြည့်လိုက်ရာ သူက ပြန်၍ မျက်စိ ဖွင့်ကြည့်နေသည်ကို တွေ့ရတော့၏ ။

‘ ဒေါက်တာ ’ ဟု သူက တိုးတိုး ခေါ်လိုက်ပြီး ‘ ဆေးပေးတာ လွန်သွားသလား ဒေါက်တာရယ် ’ ဟု မေးလေသည် ။

“ မဟုတ်ဘူး ၊ အလစ်မှာ သူ့ဟာ သူ ယူပြီး သောက်လိုက်တာ ”

“ အင်း .. သိပ်မိုက်ပါကလား ” ဆရာဝန်ကြီးမှာ ခပ်လှမ်းလှမ်းတွင် ရှိနေ၍ သူတို့၏ စကားများကို မကြားရချေ ။ ထို့ပြင် မသင်းကြည် မှာ ဆေးရုံကြီးတွင် လုပ်ဖူး သဖြင့် ယခင်က အလေ့အကျင့် ရှိနေ၍ လူနာအား မေးမြန်းနေသည်ဟု ယူဆနေလိုက်၏ ။

“ ဘယ်လို ဖြစ်ကြတာလဲ ပြောစမ်းပါ ။ မပြောရင် ရှင့်ကို ကျွန်မ မကူညီနိုင်ဘူး ”

“ မပြောပါရစေနဲ့  ၊ ကျွန်တော် သူ့ကို သ,တ်တယ်လို့ စွပ်စွဲခံနေရပါဦးမယ် ”

“ မပြောချင်လို့ မဖြစ်ဘူး ၊ ရှင် မပြောရင် ကျွန်မ သိတာတွေ ဖွင့်ပြောလိုက်ရလိမ့်မယ် ”

လူနာသည် သက်ပြင်း ချလိုက်လေ၏ ။

“ ကဲ ပြောပါတော့မယ်လေ ၊ သူဟာ ကျွန်တော့် ဇနီးကလေးပါ ၊ သို့ပေမဲ့ သစ္စာ မရှိဘူး ။ လူတစ်ယောက်နဲ့ ပြေးမယ်လုပ်လို့ ကျွန်တော်က လိုက်ပြီး တားတာမှာ သူက ကျွန်တော့်ကို သ,တ်ဖို့ ကြံတာပဲ ။ သူ့အကြံ မအောင်တော့ သူ့ကိုယ်သူ ပြန်သ,တ်ဖို့ ကြိုးစား ပြန်တယ် ။ ကျွန်တော်ကလည်း သူ့အသက်ကို လုရအောင် ဒေါက်တာကို ခေါ်ရတာပဲ ”

“ ဪ ... သူ့အပေါ်မှာ ရှင် ဒါလောက်ပဲ ချစ်သကိုး ”

“ အခုတော့ ကျွန်တော့်မှာ တွယ်တာစရာ မရှိလို့ သေသွားလည်း မထူးတော့ပါဘူး ။ ဒါပေမဲ့ ဒီအကြောင်းတွေကိုတော့ ဘယ်သူမှ မသိပါစေနဲ့ ၊ ကတိပေးပါ ဒေါက်တာရယ် ”

ဒေါက်တာ သင်းကြည်သည် ခေါင်းကလေးကို ညိတ်လိုက်ပြီးနောက် “ သူ့ကို ဘာပြုလို့ ဟိုအိမ်ကြီးကို ခေါ်သွားရတာတုံး ”

“ ဒါ ကျွန်တော် ပိုင်တဲ့ အိမ်ကြီးပဲ ၊ ဒီမှာ ဘယ်သူမှ မရှိမှန်း သိလို့ သူ့ကို ခေါ်ခဲ့ရတာ ၊ ကျွန်တော်က ဦးဖေသော်ရဲ့ တစ်ဦးတည်းသောသား မောင်အောင်သော်ပါ ”

ထိုအချိန်တွင် ဆရာဝန်ကြီးက လှမ်းကြည့်နေသဖြင့် သွားရန် ခေါ်သည့် သဘောဖြင့် ရပ်စောင့်နေခြင်းကို ရိပ်မိကာ ဒေါက်တာသင်းကြည် လည်း အောင်သော် ၏ အနားမှ ခွာခဲ့ရလေတော့သည် ။

စစ်ကဲကြီး ဦးဖေသော်၌ တစ်ဦးတည်းသောသား မောင်အောင်သော် ရှိသည်ကို ထိုလမ်းထဲ၌ နေသူများ သိကြသော်လည်း ခပ်ငယ်ငယ် ကသာ မြင်ဖူးကြ၍ ဦးဖေသော် သေပြီးနောက်မှ တစ်ခါမျှ မတွေ့ကြတော့ပေ ။ အောင်သော်လည်း ထိုအိမ်ကြီးသို့ ဖခင် ဆုံးပြီးမှ ယခု ပထမအကြိမ် ပြန်၍ ရောက်လာခြင်း ဖြစ်သည် ။

အောင်သော်သည် မိမိ၏ အကြောင်း လူအများ သိသွားမည်ကို မပူ ၊ သူ၏ ဇနီးသည် ကလေး အကြောင်း ဘယ်သူမျှ မသိလျှင် စိတ်ချမ်းသာနိုင်ပေပြီ ။ သို့နှင့် အောင်သော်သည် အခြေအနေကို ထုတ်ဖော်ပြောကာ အထူးခန်းသို့ ပြောင်း၍ ကုသရာက ရောဂါလည်း သက်သာလာလေသည် ။

မိန်းကလေး၏ အမှုမှာ ကိုယ့်ကိုယ်ကို သေနတ်နှင့် ပစ် ၊ အဆိပ်ပါသော ဆေးသောက်၍ သ,တ်သေခြင်း ဖြစ်သည်ဟု ဆရာဝန်များ ၏ အစီရင်ခံစာအရ အမှုပိတ်လိုက်လေတော့သည် ။ အောင်သော်၏ အမှုမှာလည်း အချိန်မတော် သွားလာခိုက် မတော်တဆ သေနတ်ပစ်ခံရခြင်း ဖြစ်၍ စုံထောက်၍ မရသော အမှု အဖြစ် ပိတ်လိုက်ရလေသည် ။

အောင်သော်သည် ဆေးရုံမှ ဆင်းခဲ့ပြီး တစ်ပတ်ခန့် အကြာတွင် မသင်းကြည် ထံသို့ ရောက်၍ လာလေ၏ ။

“ ဒေါက်တာ ကျွန်တော့်ကို မှတ်မိသေးလား ”

“ ကျွန်မ အမြဲ သတိရနေပါတယ် ရှင် ၊ အခု ကျန်းမာလာလို့ ဝတောင် လာတယ် ”

“ ဒါပေမဲ့ ကိုယ်ခန္ဓာက ဝေဒနာသာ ပျောက်တယ် ။ အသည်းထဲက ဝေဒနာက ပိုဆိုးနေတယ် ။ ဒီ ဝေဒနာကို ဒေါက်တာ ကုနိုင်မလား ”

ဒေါက်တာ သင်းကြည်မှာ အနည်းငယ် ရှက်အမ်းအမ်း ဖြစ်သွားရာက ပြုံးရွှင်လာလေသည် ။

“ ရောဂါဝေဒနာသည် တစ်ဦးကို ကုသဖို့ ဆိုတာ ဆရာဝန်ရဲ့ ဝတ္တရားပါပဲလေ ”

ဒေါက်တာသင်းကြည်သည် သွေးတစိမ့်စိမ့် ယိုစီး ပေါက်ကွဲနေသော အောင်သော်၏ အသည်းနှလုံးကို မေတ္တာ ဂါထာဖြင့် မန်းမှုတ်ပေး လိုက်လေတော့သည် ။

သို့သော် အောင်သော်၏ အတိတ်နှင့် တစ်ညချမ်း က အဖြစ် ကို မေ့ပျောက်ပစ်နိုင်ကြရန် ဖိုးစိန်လမ်းထဲမှ အိမ်ကြီးကို ပြင်ဆင် မွမ်းမံ၍ သံရုံးတစ်ခုသို့ ရောင်းချပစ် လိုက်ရလေတော့သည် ။

▢  ဇဝန

📖 မြဝတီ မဂ္ဂဇင်း
      သြဂုတ်လ ၊ ၁၉၅၃

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     အောက်တိုဘာလ ၊ ၂ဝဝ၃

Saturday, October 18, 2025

မြို့ဂျပိုး ( ၁၄ )


 

မြို့ကြီးသား ဆိုတာ ဖြီးတတ်ရတယ်လို့ ကျွန်တော် ပြောဖူးပါတယ် ။ ကျန်တာ ဘာမှ မတော်ချင်နေ ကိစ္စမရှိဘူး ။ ဖြီးဖို့ ဖြန်းဖို့တော့ အလိုလို တတ်နေမှ မြို့ကြီးသား ပီသမှာပေါ့ ။ ကျွန်တော့်ကို နယ်က ခရီးသည် ကားလာငှားတယ် ဆိုပါတော့ ၊ သူက တာမွေဈေး ကနေ ယုဇနပလာဇာ သွားဖို့ ကားငှားတယ်ပဲထား ၊ “ ဟာ ... နည်းနည်းတော့ ဝေးတယ် ၊ ရှစ်မိုင်လမ်းဆုံက ပတ်ရမှာ ” လို့ ပြောရတာပဲ ။ ဘူတာကြီး ကနေ တောင်ဥက္ကလာ ၁၆ ကွေ့ သွားမယ့် နယ်ကခရီးသည် ကို “ အင်း ... ရပါတယ် ၊ တောင်ဥက္ကလာ ဂေါက်ကွင်းဘက်က သွားရမှာ ၊ လမ်းတွေ ပြင်နေတယ် ၊ နည်းနည်းတော့ ပိုဝေးမယ် ” လို့ ပြောရတာပဲ ။ ဒါ တက္ကစီယဉ်ကျေးမှုပဲလေ ။

စကားပြောတဲ့ နေရာမှာ မန္တလေးသားတွေက တဲ့တိုးပြောတယ် ။ ရိုးတယ် ၊ ဘွင်းဘွင်း ပြောတယ်ပဲထား ဘာဖြစ်လဲ ။ ဒါက သူတို့ ကိစ္စလေ ။ မန္တလေးသားမှ မဟုတ်ပါဘူး ၊ ဘယ်နယ်သားပဲ ဖြစ်ဖြစ် ဖြီးတဲ့ ဖြန်းတဲ့ နေရာမှာတော့ ကျွန်တော်တို့ကို ဘယ်တော့မှ မီမှာ မဟုတ်ဘူး ။ ဖြီးဖြန်းတယ် ဆိုတာလည်း နေရာကျမှ ဖြစ်တာဗျ ။ ဟန်ပန် အမူအရာက လိုသေးတယ် မဟုတ်လား ။

“ အေးဗျာ ၊ အင်္ဂလန်ဗီဇာ ကလည်း ကျနေပြီ ၊ နယူးယောက်ကို ဝင်ဖို့ကလည်း ရှိသေးတယ် ”

“ ( MARK II ) ကားတော့ ကြိုက်ပါတယ် ။ ဒါပေမဲ့ မန်ချက်စတာကားလောက် မခန့်ဘူး ”  

“ မနေ့ကတောင် ရာဇာနေဝင်းနဲ့ တွေ့သေးတယ် ။ ရိုက်ကွင်း လိုက်ခဲ့ပါတဲ့ကွာ ”

ကဲ ... ဒါမျိုးတွေ ဖြီးတော့မယ် ဆိုရင် နယ်မှာ ဘယ်ဖြစ်မလဲ ။ အဓိက ကတော့ အကြားအမြင်နဲ့ ဆိုင်ပါတယ် ။ မြို့ကြီးသားတွေဟာ အခုမှ ဖြီးတတ်တာ မဟုတ်ဘူး  ။ ရန်ကုန်မြို့တော်လို့ စ သမုတ်ကတည်းက ဖြီး လာကြတာ စာဟောင်းပေဟောင်းတွေ သက်သေရှိတယ် ။ ရန်ကုန်မှာ အနေကြာရင် ဘယ်သူ မဆို ဖြီးတတ်သွားရောတဲ့ ။ ဒီလိုမှ မဖြီးတတ်ရင် လူညံ့ ဖြစ်သွားရော ။ မြို့ကြီးပြကြီးမှာ ကျင်လည်တော့မယ် ဆိုရင် ကျောင်း ၊ ရုံး ၊ ဆေးရုံ ၊ ရုပ်ရှင်ရုံ ၊ ပွဲလမ်းသဘင် ၊ အလှူအတန်း ၊ ဘုရား ဘယ်နေရာပဲ သွားသွား သူ့အထာလေးနဲ့ သူ ကြည့်လုပ်ရတယ် ။ အဲဒီ နေရာတွေမှာ စာတွေတော့ အမျိုးမျိုး ရေးထားတာပေါ့လေ ။ ဒါပေမဲ့ လက်တွေ့ ဆက်ဆံတဲ့အခါ “ အထာ ”  လေးတွေ ရှိတယ်ဗျ ။ ပါးနပ်မှုပေါ့ဗျာ ။ ပါးနပ်မှုတာ သက်သေပြရရင် မြန်မာ့သမိုင်းစာအုပ်တွေ ပြန်လှန်ကြည့်ပါလား ။ အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေး ၊ ရေနံမြေသပိတ် ၊ ၁၃၀၀ ပြည့် အရေးတော်ပုံ ၊ ဆရာစံ ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး ၊ ပြည်တွင်း သောင်းကျန်းဆူပူတဲ့ ရောင်စုံသူပုန် ကာလတွေမှာ မြို့ကြီးသားတွေ ဘယ်နှယောက် သေလို့တုံး ။ မသေတာ မသေပေမယ့် တော်လှန်ရေးအကြောင်း ပါးစပ်က မချတာ မြို့ကြီးသားတွေပဲ မဟုတ်လား ။ ဒါ “ အထာ ” ပဲဗျ ။ ဒုတိယကမ္ဘာစစ် တုန်းက ရန်ကုန်ကို ဗုံးချလို့ သေခဲ့တာတော့ ရှိတယ် ။ ဒါပေမဲ့ သူရဲကောင်းသေနည်းမျိုးတော့ မဟုတ်ဘူး ။ ကျွန်တော် ပြောချင်တာက မြို့ကြီးသား ဆိုတာ ပါးစပ်ကလေးနဲ့ အလုပ် လုပ်ကြတာဗျ ။

ပါးစပ် ... ပါးစပ်ဆိုတာ မြို့ပြနေသူတွေ အတွက် လက်နက်ပဲ ။ သော့ချက် ဆိုလည်း မမှားဘူး ။ ဆေးရုံတစ်ရုံကို သွားတယ် ဆိုပါစို့ ။ ဆေးရုံက ဆရာဝန်ကြီး တစ်ယောက်ယောက်ရဲ့ နာမည်ကို သိထားရင် ဧည့်တွေ့ချိန် မဟုတ်စေဦး ၊ အပေါက်ဝမှာ “ ဆရာကြီး ဦးဘယ်သူဘယ်ဝါ ၊ ဘယ်အချိန်လောက် ရောက်မလဲဟင် ” လို့ စလိုက်တာနဲ့ တံခါးတစ်ဝက် ပွင့်သွားပြီ ။ ဒီလိုမှ မပြောချင်ရင် လက်လေး တစ်ဖက် ဆုပ်ပြီးအသာလေး ကပ်သွား ၊ ဂျောင်းကနဲ တံခါးပွင့်သွားတဲ့ အပြင် ပါလာတဲ့ ခြင်းကိုပါ ကူဆွဲပြီး လိုက်ပို့ပေးလိမ့်မယ် ။ “ ဘယ်အချိန် ဂျူတီပြီးမှာ လဲ ၊ နေ့တိုင်း ဒီအချိန်ရှိသ လား ” လို့ မေးလိုက် ၊ အိုကေ သွားရော ။

ကျွန်တော်လည်း အရင်ကတော့ မြို့ပြ “ အထာ ” တွေကို ခပ်ချဉ်ချဉ်ရယ် ။ ချဉ်လွန်းလို့ ပြဿနာ ဖြစ်ခဲ့ရတာလေး ပြောရဦးမယ် ။ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ဖြစ်ခဲ့တာပါ ။ သူငယ်ချင်း တစ်ယောက်ရဲ့ မိန်းမ ကလေးမွေးလို့ သွားကြည့်တုန်းကပေါ့ ။ စင်ကာပူက ပြန်လာကာစ ဆိုတော့ ဓာတ်လှေကားထဲ ဝင်ပြီးတာနဲ့ လက်က ဓာတ်လှေကား ခလုတ်ကို နှိပ်မိသွားတယ် ။ အဲဒီမှာ ဓာတ်လှေကားဝန်ထမ်းက ခလုတ်ကို ကျွန်တော် နှိပ်တဲ့ အတွက် ဒေါနဲ့ မောနဲ့ လုပ်ပါလေရော ။ ပျက်သွားရင် ဘယ်လို လုပ်မလဲတဲ့ ။ မင်းက ဘာကောင်မို့လို့ နှိပ်ရတာလဲတဲ့ ။ ကျွန်တော် တာဝန်ရှိတဲ့ လူကို သွားတိုင်တာပေါ့ ။ အဲဒီမှာ အခြား ဝန်ထမ်းက လိုက်တောင်းပန်တယ် ။ ဒီလူ မိုက်ရိုင်းတာ ကြာပြီတဲ့ ။ သူ့မှာ သားမယားတွေနဲ့ ဒီအလုပ် ပြုတ်ရင် ဒုက္ခရောက်မှာ တဲ့  ။ ဟိုအရင်ကလည်း လာတိုင်ထားလို့ ဝမ်နင် ပေးထားပြီးပြီတဲ့ ။ ဆေးရုံ ဆိုတာ လူတွေ အပူတစ်မျိုးနဲ့ လာကြတာပါ ။ ဒီလို မိုက်ရိုင်းတဲ့ ဝန်ထမ်းတွေ ရှိနေရင် လာတဲ့ ပြည်သူတွေ စိတ်ညစ်ညူးရတာပေါ့ ။ အခုတော့ မကြုံဖြစ်တော့ဘူး ။ “ အထာ ” လေးတွေ သိသွားပြီကိုး ။ ဆေးရုံကြီးမှာ ရှိတဲ့ သူငယ်ချင်းမုန့်ဆိုင်ကို သွားသွားလည်ရင်း “ ဆေးရုံကြီး ” ရဲ့ “ အထာ ” လေးတွေ သိလာတယ် ။ ဂိတ်ပေါက် စောင့်နေတဲ့ ကု,လားတွေကို ချဉ်းကပ်နည်း ၊ နပ်စ်မတွေကို ချဉ်းကပ်နည်း ၊ သွေးဌာနက ဝန်ထမ်းတွေကို ဆက်ဆံနည်း ၊ နောက်ဆုံး ရေခဲတိုက်က လူတွေက အစ နည်းလမ်းတွေ သိထားရင် ချောမွေ့သွားရော ။

ကိုယ့်လူရေ ... သူတို့ ခမျာလည်း အပေါက် စောင့်ရဖို့ အတွက် အတော်လေး ပူဇော် ပသရသေးတာကိုး ။ ကိုယ်ကျတဲ့ အလှည့်ဟာ ဧည့်သည် များများ လာချိန် ၊ ရုံးပိတ်ရက် ဆိုတာမျိုးတွေ တိုက်ဆိုင်ပါမှ ရသမျှ အချိန်လေးမှာ တာဝန်ကျေကျေကြီး ထမ်းဆောင်ရတာကိုး ။

တာဝန်ကျ နပ်စ်မတွေ ဆိုလည်း ဒီလိုပဲ ။ ဆေးရုံပေါ်မှာ ရှိသမျှ လူနာ ကို အတော် ဂရုစိုက်ရတာဗျ ။ ဘယ်လူနာရဲ့ အခြေအနေက ဘယ်လို ၊ လာတွေ့တဲ့ ဧည့်သည်ရဲ့ ပုံပန်းသဏ္ဌာန် ၊ လူနာရဲ့ သုံးစွဲမှုပမာဏ ၊ ဆေးရုံမှာ ကြာကြာနေမှာလား ၊ သဒ္ဓါတရား ထက်သန်ရဲ့လား ၊ ပြောလို့ ဆိုလို့ ကောင်းရဲ့လား ၊ “ အထာ ” သိရဲ့လား ။ ဒါတွေ အမြဲ စဉ်းစားနေရတယ် ။ တချို့ကျတော့ ပြောရဆိုရ သိပ်နားဝေးတယ် ။ ဝေးလိုက်သမှ ရေဝေး သွားနေဖို့တောင် ကောင်းတယ် ။ ဒါမျိုး လူနာတွေနဲ့ ကျတော့ မောပါလေရော ။

ကုန်ကုန် ပြောမယ်ဗျာ ။ ကိုယ့် လူနာဟာ သေမင်းဆီ ဆိုက်ရောက်သွားလို့ ရေခဲတိုက်ကို ပို့လိုက်ရပြီပဲထား ၊ တွေ့ချင်တိုင်း တွေ့လို့ မရတော့ဘူး ။ “ အထာ ” ပေါ့ဗျာ ။ ရေခဲတိုက်မှာလည်း သူ့ “ အထာ ” နဲ့ သူ ရှိတယ် ။ “ အထာ ” မသိရင်တော့ လုပ်လိုက်ရမယ့် လက်မှတ် ၊ သွားလိုက်ရတဲ့ ရုံး ၊ တွေ့လိုက်ရတဲ့ ဝန်ထမ်းတွေ ၊ ကိုယ့်မသာ ကိုယ် တွေ့ရဖို့ အရေး ဖတ်ဖတ်မောသွားမယ် ။ ရေခဲတိုက် မှာလည်း သူ့စည်းမျဉ်းစည်းကမ်းနဲ့ သူ ရှိနေတာကိုး ။ နောက်ဆုံး ရုပ်ကလာပ် ထုတ်တဲ့ နေ့မှာတောင် ညင်သာချင်ရင် တစ်မျိုး ၊ မညင်မသာ ထုတ်ပေးစေချင်ရင် တစ်မျိုး ၊ ကိုယ့်မသာ အထဲမှာ နေစဉ်တုန်းကလို ချောင်ချောင်ချိချိ ဖြစ်ဖို့ “ အထာ ” လေးတွေ သိထားမှ ဖြစ်တာ ။ တကယ်ပါဗျာ ။ “ အထာ ” မြို့တော်ကြီးမှာ တော်ရုံတန်ရုံ အမှုမဲ့အမှတ်မဲ့ သွားလုပ်လို့ ကတော့ မောရုံပဲ ရှိမယ် ၊ အငေါက်ခံရရုံပဲ ရှိမယ် ။ ငေါက်တဲ့ လူတွေကို ကြည့်တော့ ဘာမှ မဟုတ်တဲ့ သူတွေ ၊ အငေါက် ခံနေရတာက “ အထာ ” မသိတဲ့ သူတွေ ။ ရင်နာစရာ အတိနဲ့ ပေမယ့် ဘာတတ်နိုင်မှာလဲ ကိုယ့်လူ ။

ဒါတွေဟာ ခဏခဏ ပြောပေါင်းများပြီ ။ တိုင်တာလည်း တိုင်ရုံပဲ ရှိမယ် ။ ကိုယ်တို့ ဆေးရုံအုပ်ကြီးတွေမှာလည်း ကိုယ်ပိုင်ဆေးခန်းကို သွားရတာက တစ်ဖက် ၊ အထူးကုဆေးခန်းကြီးတွေ ကြီးကြပ်ရတာက တစ်ဖက်နဲ့ ဆိုတော့ အချိန်ရှားပါးတယ် ။

ကိုယ်ပိုင်ဆေးခန်း ဆိုလို့ “ ကိုကာလာ ” ကို သတိရမိသေးတယ် ။ မန္တလေးမှာ ကျွန်တော့် ဘကြီး ရှိတယ်လို့ ပြောဖူးပါရောလား ။ ကိုကာလာ က ဘကြီးရဲ့ သား ဒုတိယမြောက် ။ လူက လူပျိုကြီးဗျ ။ ကွမ်းသိပ်ကြိုက်တာ ။ ဆေးလိပ်လည်း သောက်တယ် ၊ သူက မန္တလေးမှာ ဇာတ်သီချင်းတွေ ၊ အငြိမ့်သီချင်းတွေ ရေးတယ် ။ သဘော ကောင်းသလောက် ရိုးတယ်ဗျာ ။ သူ့ ပုံကို မြင်တာနဲ့ ခပ်ထူထူ အညာသား မှန်း သိသာပါတယ် ။ ရန်ကုန် ရောက်ရင် ကျွန်တော်နဲ့ အဖွဲ့ကျပြီး ဟိုသွားဒီသွား လုပ်တတ်ပါတယ် ။ တစ်ခါမှာတော့ ဝါးတန်းလမ်းက အထူးကုဆေးခန်းကြီးကို ကျွန်တော်နဲ့ လူနာ မေးဖို့ သွားခဲ့ကြတယ် ။ ကံကောင်းလို့ အချုပ်ထဲ မရောက်ကြတာဗျ ။

ဆေးခန်းက ဟီးထနေတဲ့ အပြင် နံရံမှာ ကပ်ထားတဲ့ သမားတော် ၊ ပါရဂူ ၊ အထူးကုတွေရဲ့ စာရင်းဟာ တစ်ရာ ကျော်မလားပဲ ။ ဘာရောဂါ ဖြစ်ချင်သလဲ လာခဲ့ ၊ ပျောက်အောင် ကုပြမယ်လို့ ကြွေးကြော်နေသလိုပေါ့ ။ ကိုကာလာ ကို လိုက်ပို့လိုက်တာ ဆေးခန်းကြီးရဲ့ ခမ်းနားမှုကို ကြည့်ပြီး အဝင်ဝမှာတင် ကိုယ့်လူ မှင်တက်မောနေရှာတယ် ။ သူ အထဲကို ရုတ်တရက် မဝင်သေးဘဲ ဆေးခန်းကြီးကို မော့ကြည့်နေတယ်ဗျ ။ တပ်ထားတဲ့ အဲယားကွန်းတွေများ လိုက် ရေတွက် နေသလားပဲ ။ ကျွန်တော်က သူ့ကို လွတ်လွတ်လပ်လပ် လေ့လာနိုင်အောင် ဓာတ်လှေကားနားက သွားစောင့်နေလိုက်ပါတယ် ။

အတော်လေးကြာတော့ ( RECT ) ကောင်တာမှာ ဆူသံပူသံကြားလို့ ကြည့်လိုက်တော့ ကိုကာလာ ကို မချော တစ်ယောက် ခါးထောက်ပြီး ရန်တွေ့ နေပါရော ။ ဘာများ ပါလိမ့်ပေါ့ ။

“ ဘာဖြစ်လို့လဲ ခင်ဗျာ ၊ အစ်ကို ဘာဖြစ်နေတာလဲ ”

ကျွန်တော် ဝင်မေးတော့ ကောင်တာက မချောက “ ရှင့်လူ ရူးများနေသလား ” တဲ့ ။

“ ဟ ... ငါမရူးဘူး ၊ ဒါမေးတာ ဘာဖြစ်လဲ ၊ မရှိရင် မရှိဘူးပေါ့ ၊ ဘာဖြစ်လဲ ”

“ ရှင်ဒီမှာ လာမေးစရာ မလိုဘူး ၊ ပုံစံကိုက အူကြောင်ကြောင်နဲ့ ” 

“ ဘာဖြစ်တာလဲ ၊ ဘာလို့လဲ ”

“ လာကွာ ၊ သွားရအောင် ၊ ငါဆွဲထိုးမိလိမ့်မယ် ”

“ အောင်မာ ... ရှင်ထိုးရဲ ထိုးကြည့်ပါလား ”

မချောက ကောင်တာ ထဲကနေ ကုန်းအော်ပါတယ် ။ ဝန်ထမ်း နှစ်ယောက်သုံးယောက် ဝိုင်းလာတာနဲ့ ကျွန်တော်လည်း အပေါ် မတက်တော့ဘဲ ကိုကာလာ ကို ပြန် ခေါ်လာရတော့တယ် ။ အဖြစ်ကဒီလိုဗျ ... ။

“ ငါမေးတယ်ကွာ ၊ ဆေးခန်းကြီး ဒီလောက် ကြီးနေတာမြင်တော့ လူနာတွေလည်း လာကြတာ နည်းမှာ မဟုတ်ဘူးလို့ ထင်တယ် ၊ ဝင်နေထွက်နေကြတာလည်း မင်းမြင်တဲ့ အတိုင်းပဲ ၊ ငါ သိချင်တာက တကယ်လို့ ဆေးခန်းမှာ လာ ကုရင်း သေတာပြုတာ ရှိမှာပဲ ။ အဲဒီတော့ ငါ သူ့ကို မေးကြည့်တယ် ၊ ညီမ ... လူသေတွေ ဘယ်မှာ ထားလဲလို့ ၊ အဲဒါ သူက ကောင်းကောင်း မဖြေဘူး ၊ ကျွန်မတို့ က လူသေတွေကို ကုတဲ့ ဆေးခန်း မဟုတ်ဘူး  ၊ လူရှင်တွေပဲ ကုတာတဲ့ ၊ လူသေ တွေ့ချင်ရင် ရေဝေး သွားမေးတဲ့  ၊ ကဲ ... ။ ငါက ထပ်မေးတယ် ။ ကဲ .. ခင်ဗျားတို့ ဆေးခန်းက တစ်ခါမှ လူမ သေဖူးဘူးလား ဆိုတော့ ရှင် ဘာလာ စော်ကားတာလဲတဲ့ ၊ ရူး နေလားတဲ့ ၊ ကျန်တာတွေ မင်းမြင်တဲ့ အတိုင်းပဲ ”

ကိုကာလာ ဆိုတာ အဲဒီလို ကြံကြံဖန်ဖန် လူဗျ ။ အထူးကုဆေးခန်းကြီးတွေရဲ့ “ အထာ ” ကို သူ မသိဘူး ။ အထူးကုဆေးခန်း ဆိုတာ “ သေ ” ဆိုတဲ့ စကားလုံး သိပ်မုန်းကြတာ မဟုတ်လား ။ “ သေ ” ကို မုန်းတာမှ ပြောရတာတောင် ခပ်ခက်ခက်ရယ် ။ မတော်တဆ ဆေးလာကုရင်း ဆေးခန်းမှာ သေဆုံးသွားရင် အဲဒီ အလောင်းကို မြန်မြန် ထုတ်သွားဖို့ ဝရုန်းသုန်းကားပဲ ၊ “ သေ ” ဆိုတဲ့ ဝေါဟာရကို အဲဒီလောက်ထိ မုန်းကြတယ် ။ လာဘ်ပိတ်တယ်ပေါ့ဗျာ ။ နိမိတ် မကောင်းဘူး ၊ လူနာတွေ အထင်သေးမယ် ၊ သေချင်ရင် အပြင်မှာ သေကြ ၊ အထူးကုမှာ မသေကြနဲ့ပေါ့ဗျာ ။ သူတို့ မှာ ရှင်လူတွေ ပြပြီး ဝမ်းမီးငြိမ်းကြရမင့်ကိုး ။ စကားပုံ အသစ် တိုးတာပေါ့ ။

“ မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား ၊ လူသေလက်မခံသော အထူးကုဆေးခန်း ” လို့ ပြောရမလို ဖြစ်နေပြီ ။ ကျွန်တော်တို့မှာ နောက် ဘုန်းကြီးက နှစ်ခါခေါက်တဲ့ ကိန်း ဆိုက်နေပါတယ် ။ အရင်က ဆေးရုံတွေ ၊ ဒေသန္တရဆေးခန်းတွေ ဆက်ဆံရေး မပြေပြစ်လို့ ခါးစည်းခံခဲ့ကြရတာ ဘာဟုတ်သေးလဲ ။ အခု တချို့ အထူးကုဆေးခန်းက ဝန်ထမ်းတွေ ငွေမျက်နှာ လိုက်ပုံက ပိုဆိုးပါရောလား ။ ခေါင်းကိုက်လို့ပဲ လာပြပြ ၊ ဖင်နာလိုပဲ လာပြပြ ဓာတ်မှန် ရိုက်ခိုင်းမယ် ၊ သွေးစစ်ခိုင်းမယ် ၊ စမ်းသပ်ခ နင့်နေအောင် တောင်းမယ် ။ ဒါ ပုံမှန်ပဲ ။ ကိုယ် ဘာဖြစ်လို့ ဖြစ်မှန်း မသိရဘဲ ငွေကတော့ လျှောကနဲ ထွက်သွားပါတယ် ။ ဝန်ထမ်းတွေက များသောအားဖြင့် ဆရာဝန် မဟုတ်တဲ့ သူတွေ များတယ် ။ ဒါကြောင့်လည်း သူတို့မှာ လူနာရဲ့ ပရိဒေဝကို ဘယ်မှာ နားလည်ပါ့မလဲ ။ လူနာတွေကို ပြောဆို ဆက်ဆံရာမှာ နွေးထွေးမှု ရှိရမယ် ၊ ကြင်နာဖေးမမှု ရှိရမယ် ၊ ကရုဏာ ထားရမယ် ဆိုတာတွေ ဝေးပါလေရော ။ သူတို့ စိတ်ထဲမှာ လာသမျှ လူနာကို ကုန်ပစ္စည်း ရောင်းဝယ်သလို သဘောထားကြသလားမသိဘူး ။

လူနာများများ လာရင် စမ်းသပ်ခ များများရမယ် ၊ ဆေးများများ ရောင်းရမယ် ၊ ဝန်ဆောင်ခများများ ရမယ် ။ ခြေချော်လက်ချော် ဆုံးပါးသွားရင်လည်း ရောင်းမှားဝယ်မှား ရှိတတ်တာပဲလို့ ယူဆကြဟန် တူပါတယ် ။ သူတို့မှာ ဘာတာဝန်မှ မရှိဘူး ။ လူနာ သေဆုံးသွားတာတောင် သူတို့ ရောဂါနာမည် တပ်မပေးနိုင်တာတွေ မကြာခဏပဲ ။ ကံပေါ့လေ ဟုတ်လား ။ သူတို့က ကံလို့ သဘောထား ခိုင်းပါတယ် ။ ငွေလည်း ကုန် ၊ အသက်လည်း ဆုံးသွားရပေမယ့် အထူးကုဆေးရုံရဲ့ ချို့ယွင်းချက် လုံးဝ မရှိဘူး ။ လူဆိုတာ သေတတ်တာပဲတဲ့  ၊ သေနေ့စေ့လို့ သေတာပဲတဲ့  ။ ဆေးခန်းကို နာမည် မဖျက်ပါနဲ့တဲ့ ၊ အသေရေဖျက်မှုနဲ့ တရားစွဲလိုက်မယ်တဲ့ ၊ ဟန်ကို ကျလို့ပေါ့ဗျာ ။

သမားတော် တချို့ဆို နာရင်းအုပ်ပစ်ဖို့တောင် ကောင်းပါတယ် ။ လာပြတဲ့ လူနာက ကင်ဆာ ဖြစ်နေတယ် ။ ဒါကို ငွေတတ်နိုင်လား ၊ သိန်း တော်တော်များများ ကုန်မယ် ၊ အကုန် ခံနိုင်လား ၊ သူ စမ်းသပ်ကုပေးမယ် ဆိုပြီး ရောဂါကို မပြောပြဘူး ။ ဝယ်ခိုင်းတဲ့ ဆေးတွေကို သူ့ဆေးခန်း ကောင်တာက ဆေးရောင်းတဲ့ လူတွေသာ သိနားလည်တဲ့ သင်္ကေတတွေနဲ့ ရေးပြလိုက်တယ် ။ လူနာမှာ အားကိုးတကြီးနဲ့ ဆေးတွေ သိန်းတော်တော်များများ အကုန်ခံပြီး ဝယ်သောက်ပါတယ် ။ နယ်က လာရတာဆိုတော့ တည်းခိုစရိတ်ကလည်း မသေးလှဘူး ။ နောက်ဆုံး သေတာပဲလေ ။ နယ်ရောက်တော့မှ သောက်တဲ့ ဆေးတွေကို နားလည်တဲ့ ဆရာဝန်က ယူကြည့်ပြီး ကင်ဆာဆေးတွေမှန်း သိကြတာ ။ ဒါ လူ့အသက်ကို ကယ်တဲ့ သမားတော်တဲ့ လားဗျာ ။ ပေါင်းတည် တစ်မြို့လုံး ဒီကိစ္စကို သိသွားလို့ တော်တော်လေး မကျေမနပ် ဖြစ်ကြပေမယ့် သမားတော်ကြီး ကတော့ ဟန်မပျက်ဘူး ။ သူ ဘာမှ မလုပ်ခဲ့သလိုပဲ ။ သူ့ ဆေးခန်းမှာ ပစ္စည်းကိရိယာတွေ ဘယ်လို အဆင့်မြင့်ကြောင်း ၊ အကောင်းဆုံး ဆေးဝါးတွေကို ဘယ်လို သုံးစွဲကြောင်း ကြုံတိုင်းပြောနေလျက်ပဲ ။

ကဲ .. မြို့ကြီးပြကြီးတွေမှာ လူတွေ ဖြီးကြတယ် ဆိုတာ ယုံပြီလား ။

ဒီအဖြီး အဖြန်းတွေကို နေ့တိုင်း ကားမောင်းရင်း ကြားနေရတယ် ။ ခရီးသည် မျိုးစုံဆီက ပြန်ထွက်လာတဲ့ အသံတွေပေါ့ ။ ကျွန်တော် စဉ်းစားကြည့်တယ် ။ စာအုပ်တွေထဲမှာ ဘာ ငရဲက ဘာလုပ်ခဲ့လို့ ခံရတယ် ၊ ဘာ ငရဲက ဘာကျူးလွန်ခဲ့လို့ ခံရတယ် ၊ ဒါမျိုးတွေ တော်တော်များများ ဖတ်ဖူးပါတယ် ။ သဘောလည်း ကျပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ မြို့သစ်တွေ ၊ ကွက်သစ်တွေ တည်ဆောက်သလို ငရဲပြည် မှာလည်း တိုးချဲ့ချင် ချဲ့နေမလားပဲ ။ ဒီလို မသမာတဲ့ ဆရာဝန်တွေ ၊ လူတွေရဲ့ လုပ်ရပ်မျိုး မကြုံဘူး မကြားဘူးလို့ ဒီလူတွေ သေရင် ငရဲပြည်မှာ ကွက်သစ်တွေ တိုးချဲ့ပြီး ဒဏ်ခတ်ခံရမှ သင့်တော်မယ် ထင်တယ် ။ ပုံမှန် ငရဲတွေက သူတို့ အတွက် နည်းနည်း ပျော့နေသလားလို့ ။ ယမမင်းကို စာလေးဘာလေး ရေးပြီး အတို့အထောင် လုပ်လိုက်မလား စိတ်ကူးတယ် ။ စာပို့ဖို့ကတော့ သိပ်မခက်ပါဘူး ။ ဒီလို ဆရာဝန် တစ်ယောက် သေရင် သူတို့ အိတ်ကပ်ထဲမှာ စာလေးတစ်ခေါက် ထည့်ပေးလိုက်ရုံနဲ့ ယမမင်းဆီ စာရောက်မှာ သေချာတယ် ။ ကျွန်တော် ကိုယ်တိုင်တော့ သွားမပို့ဝံ့ဘူး ။ အလိုလေး ... ကိုယ် ဖြီးထားတာလည်း နည်းတာမှ မဟုတ်တာ ။ တော်ကြာ ပြန်မလွှတ်ရင် ဒုက္ခ ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

စင်ဒရဲလား

 

❝ စင်ဒရဲလား ❞
      ( ပုံပြင် )

တစ်ရံရောအခါ သူဌေးကြီး နှင့် သူဌေးကြီးကတော် တို့တွင် သမီးပျိုကလေး တစ်ယောက် ရှိလေ၏ ။ တစ်နေ့သ၌ သူဌေးကတော်သည် နာမကျန်းဖြစ်လာလေ၏ ။ ထို့ကြောင့် သူ၏ သမီးကလေးကို စိတ်မချသဖြင့် အနားသို့ ခေါ်ပြီးလျှင် “ မိန်းကလေး အမေ မသေမီ မှာခဲ့မယ် ။ အမေ မရှိတဲ့ နောက်မှာ လိမ်လိမ်မာမာ နေပါ ။ ဘုရားကို ကြည်ညိုပြီး ဝတ်ပြုဖို့လည်း မမေ့ပါနှင့် ။ ဘုရားသခင်က သမီးကို စောင့်ရှောက်ပါလိမ့်မယ်ကွယ် ” ဟု မှာကြားလေ၏ ။ ထို့နောက် များမကြာမီ၌ သူဌေးကတော်ကြီး ကွယ်လွန်လေ၏ ။ မိန်းကလေးသည် သူ၏ မိခင် ကွယ်လွန်ပြီး နောက် နေ့စဉ်ပင် မိခင်၏ ဂူသို့ ထွက်သွားပြီးလျှင် ဝမ်းနည်းစွာ ငိုကြွေးလေ့ ရှိလေ၏ ။ သူသည် မိခင်ကြီး မှာထားခဲ့သည့် အတိုင်း နေ့စဉ် ဘုရားကို ဝတ်ပြုလေ၏ ။ သူ့ကိုယ်ကိုလည်း မကောင်းမှု မဖြစ်ရအောင် လိမ်လိမ်မာမာ နေထိုင်လျက် ရှိလေ၏ ။

ဤသို့ဖြင့် ဆောင်းပေါက် ပြီး၍ နွေဦးအချိန်သို့ ရောက်သောအခါ မိန်းကလေး၏ ဖခင်သည် နောက်အိမ်ထောင် ပြုလေ၏ ။ မိန်းကလေး၏ မိထွေး၌ ဆူလာ နှင့် ရီကာ ဆိုသော ရုပ်ရည်လှပသော သမီးနှစ်ယောက် ရှိလေ၏ ။ သူတို့သည် ရုပ်ရည်လှသလောက် အတွင်း စိတ်သဘောက ယုတ်မာဆိုးဝါးကြ၏ ။ တစ်နေ့သ၌ မိထွေးသည် သူ၏ သမီးနှစ်ယောက်ကို အိမ်သို့ ခေါ်လာပြီးလျှင် မိန်းကလေးနှင့်အတူ ထားလေ၏ ။ ဆူလာ နှင့် ရီကာတို့သည် စိတ်သဘောဆိုးကြသည့်အလျောက် မိန်းကလေးနှင့် သင့်မြတ်အောင် မနေကြပေ ။ သူတို့သည် မိန်းကလေးကို မနာလိုကြဘဲ အမြဲ ရန်စကြသည် ။ မိန်းကလေး၏ လှပသော အဖိုးတန် အဝတ်များကို ချွတ်ယူကြပြီးလျှင် သူတို့ ဝတ်ဆင်ကြသည် ။ မိန်းကလေး ကိုမူ ဟောင်းသော ညဝတ်အင်္ကျီရှည်ကြီး ကိုသာ ဝတ်ဆင်၍ သစ်သားဖိနပ်ကို စီးစေသည် ။ သူတို့သည် မိန်းကလေးကို အိမ်ရှေ့တွင် မနေစေဘဲ မီးဖိုချောင် ထဲတွင်သာ နေ၍ အိမ်အလုပ်များကို မနားမနေ လုပ်ကိုင်စေသည် ။ ဆူလာ နှင့် ရီကာ တို့ ညီအစ်မ ရောက်လာသည့် နေ့မှ စ၍ မိန်း ကလေးသည် ကံကြမ္မာဆိုး ဝင်ရောက်လာခြင်းကို ခံနေရလေသည် ။ ဆူလာ နှင့် ရီကာ တို့သည် သူတို့၏ အမေနှင့် တိုင်ပင်ကြပြီးလျှင် မိန်းကလေးကို အလုပ်များစေရန် ပြာထဲတွင် ပဲရိုင်းစေ့များ ရောနှောပြီးလျှင် တစ်နေ့လုံး မနားမနေ ရွေးထုတ်စေသည် ။ ဤသို့ တစ်နေ့လုံး မနားမနေ အလုပ်များကို လုပ်စေပြီးလျှင် ညအချိန် ရောက်သောအခါ မိန်းကလေးအဖို့ အိပ်စရာ နေရာကို မပေးကြဘဲ မီးဖိုထဲရှိ ပြာများကို ခင်းကာ အိပ်ရာ ပြုလုပ်စေသည် ။ ထို့နောက် မိန်းကလေးသည် မီးဖိုထဲတွင် ပြာအလူးလူး အိပ်စက်ရလေသည် ။ ဤသို့ဖြင့် မိန်းကလေးသည် သူတို့ကို နေ့စဉ် ကျွန်ခံကာ သူ့ကိုယ်မှာ ပြာအလူးလူးနှင့် ညစ်ပတ်သော ရုပ်ရည် ဖြစ်နေသောကြောင့် သူ့ကို မိထွေးနှင့် သမီးများက “ စင်ဒရဲလား ” ဟု ပြောင်လှောင်ခေါ်ကြလေသည် ။

ဤသို့ ဆင်းရဲပင်ပန်းစွာ နေ့ထိုင်ရသောအခါ မိန်းကလေးသည် ဝမ်းနည်းလာသည့် အလျောက် သူ့မိခင်၏ အုတ်ဂူသို့ သွားပြီးလျှင် နေ့စဉ် ငိုကြွေးလေ့ရှိ၏ ။ သူသည် စိတ်ဆင်းရဲလာသည့် အခါများ၌ သူ့မိခင် မှာကြားခဲ့သည့်အတိုင်း ဘုရားကို အမြဲ ဝတ်ပြုလေ၏ ။ သည်းခံစိတ်လည်း ပိုမို၍ ထားလေ၏ ။ ဤသို့ဖြင့် မိန်းကလေးသည် မိထွေးနှင့် သမီး နှစ်ယောက်တို့ကို သည်းခံကာ နေလာရာ နေ့ရက်များစွာ ကြာညောင်းခဲ့လေ၏ ။

တစ်နေ့သ၌ မိန်းကလေး၏ ဖခင်သည် မြို့ဈေးသို့ သွားမည် ပြုစဉ် သမီးများကို ခေါ်၍ “ ဆူလာ နှင့် ရီကာ တို့ အဖေ ဈေးကို သွားမလို့ မှာချင်တာ မှာလိုက်ကြ ” ဟု ပြောရာ ဆူလာ နှင့် ရီကာ တို့က “ ကျွန်မတို့ဖို့ အင်္ကျီနှင့် ပုလဲပုတီး ဝယ်ခဲ့ပါအဖေ ” ဟု မှာကြားလေ၏ ။ “ ကဲ … စင်ဒရဲလား ကကော ဘာများ မှာလိုက်မလဲ ” ဟု မေးရာ မိန်းကလေးက “ ကျွန်မ အတွက်တော့ တခြားဟာ မဟုတ်ပါဘူး ။ အဖေ ပြန်လာလို့ရှိရင် လမ်းမှာ အဖေခေါင်းနှင့် ခိုက်မိတဲ့ သစ်ကိုင်း တစ်ခုကို ယူခဲ့ပါ ” ဟု မှာလိုက်လေ၏ ။

ဖခင်သည် ဈေးမှ ပြန်လာသောအခါ ဆူလာ နှင့် ရီကာ တို့အတွက် အင်္ကျီနှင့် ပုလဲပုတီးကို ဝယ်လာခဲ့လေသည် ။ မိန်းကလေး အတွက်မူကား သူ့ခေါင်းနှင့် ခိုက်မိသော သစ်အယ်ကိုင်း တစ်ကိုင်းကို ချိုးယူလာခဲ့လေ၏ ။ မိန်းကလေးသည် ဖခင်ယူလာခဲ့သော သစ်အယ်ကိုင်းကို ယူကာ သူ၏ မိခင်အုတ်ဂူ ပေါ်တွင် စိုက်ထားလိုက်လေ၏ ။ သူသည် နေ့စဉ် ထိုသစ်အယ်ပင်ကလေး ကို သွား၍ ကြည့်ရင်း ငိုကြွေးလေရာ မျက်ရည်များကြောင့် သစ်အယ်ပင်ကလေး ကြီးပြင်းလာလေ၏ ။ မိန်းကလေးသည် တစ်နေ့လျှင် သုံးကြိမ် ထို သစ်အယ်ပင်သို့ သွားကာ ငိုကြွေးရင်း ဆုတောင်းရလေ၏ ။ ထိုသို့ ဆုတောင်းစဉ် သစ်အယ်ပင် ပေါ်မှ ခိုကလေးနှင့် ချိုးကလေးများက ဆီး၍ နှုတ်ဆက်ကြသည် ။ မိန်းကလေး လိုချင်သော အရာများကို သစ်ပင်ပေါ်မှ ပစ်ချပေးကြသည် ။

တစ်နေ့သ၌ ရှင်ဘုရင်ကြီးသည် သူ၏ သားတော် မင်းသားကလေး အတွက် သတို့ သမီးရွေးရန် ကပွဲကျင်းပလေ၏ ။ ထိုကပွဲသို့ မိန်းမပျို မှန်သမျှ မည်သူမဆို တက်ရောက်ကြရန် ဘုရင်က ဖိတ်ခေါ် ကြေညာလေ၏ ။ ထိုသို့ ကြေညာသည်ကို ဆူလာ နှင့် ရီကာ တို့ ကြားသောအခါ ကပွဲသို့ သွားရန် ပြင်ဆင်ကြလေ၏ ။ သူတို့သည် စင်ဒရဲလား ကို ခေါ်၍ ဆံပင် အဖြီးခိုင်းသည် ။ ဖိနပ် အစီးခိုင်းသည် ။ အင်္ကျီ အဝတ်ခိုင်းသည် ။ ကပွဲသို့ သွားမည်ဟု ပျော်ရွှင်နေသော မိထွေး၏ သမီးနှစ်ယောက် ကို ကြည့်ကာ မိန်းကလေးလည်း လိုက်ချင်လာလေ၏ ။ ထိုအခါ ဆူလာ နှင့် ရီကာ တို့က “ နင့်လို ကျွန်မက လိုက်လို့ ဖြစ်နိုင်ပါ့မလားဟဲ့ ” ဟု ရန်တွေ့ကြသည် ။ ထိုအခါ မိန်းကလေးက သူ၏ မိထွေးအား “ ကျွန်မလည်း လိုက်ပါရစေ အမေရယ် ” ဟု တောင်းပန်လေ၏ ။ မိထွေး ကလည်း သူ၏ သမီးများကဲ့သို့ပင် “ ညည်းမလိုက်ပါနဲ့အေ ။ ညည်းလို ကျွန်မကို ဘယ်သူကမှ အဖက် မလုပ်ပါဘူး ” ဟု ပြောလေ၏ ။ ထို့ကြောင့် မိန်းကလေးသည် ဝမ်းနည်းကာ ငိုကြွေးနေလေ၏ ။ ထိုအခါမိထွေးက “ ကဲ ... ဒါလောက် လိုက်ချင်တာဖြင့် ဟောဒီ ပဲရိုင်းစေ့ တစ်ဘူးကို တစ်နာရီနှင့် အပြီး ရွေးထုတ်ပေတော့ ” ဟု ပြောကာ ပဲရိုင်းစေ့များကို ပြာထဲ တွင် ရောနှောက်၍ ချပေးလိုက်လေ၏ ။

မိန်းကလေးလည်း မင်းသား၏ ကပွဲသို့ လိုက်ချင်အားကြီးစွာဖြင့် ပဲရိုင်းစေ့များကို ယူပြီးလျှင် သစ်အယ်ပင် အောက်သို့ သွားကာ ...

“ ပဲရိုင်းစေ့လေးပိစိကွေး
ပြာမှုန်ထဲမှာ ရောလို့ပေး
ကောက်ပါ့ ... ကောက်ပါငှက်ဆွေလေး ”

ဟု ဆိုလိုက်လေ၏ ။ ထိုအခါသစ်အယ်ပင် ပေါ်မှ ချိုးကလေးနှင့် ခိုကလေးတို့က သူတို့၏ ငှက်အဖော်များစွာကို ခေါ်ပြီးလျှင် ပြာမှုန့်ထဲမှ ပဲရိုင်းစေ့များကို တစ်ပြိုင်နက် ရွေးကောက် ပေးလိုက်ကြလေ၏ ။ ပဲစေ့များ ရွေးပြီးသောအခါ မိန်းကလေးသည် ဝမ်းသာအားရဖြင့် မိထွေး ဆီသို့ သွား၍ ပြလေ၏ ။ ထိုအခါ မိထွေးက လိုက်ခွင့် မပေးသေးဘဲ “ အောင်မာ ... ဒါလောက်နှင့် ဘယ်ပြီးနိုင်ပါ့မလဲ ... ရော့ ... ဟောဒီ ပဲစေ့တွေကို ရွေးလိုက်ဦး ” ဟု ဆိုကာ ပဲစေ့နှစ်ဘူးကို ပြာမှုန့်များနှင့် ရောနှောက်ကာ ပေးလိုက်ပြန်လေ၏ ။

ထိုအခါ မိန်းကလေးသည် သစ်ပင်အောက်သို့ ပြေးသွားကာ ...

“ ပဲရိုင်းစေ့လေးပိစိကွေး
ပြာမှုန့်တွေနှင့် ရောလို့ပေး
ကောက်ပါ ... ကောက်ပါငှက်ဆွေလေး ”

ဟု ဆိုလိုက်ပြန်လေ၏ ။ ချိုးကလေးနှင့် ခိုကလေးတို့လည်း ငှက်အဖော်များကို ခေါ်ပြီးလျှင် ပြာထဲမှ ပဲစေ့များကို တစ်ပြိုင်နက် ရွေးထုတ်ပေးလိုက်လေ၏ ။ ထိုအချိန်၌ မိထွေး နှင့် သူ၏ သမီး နှစ်ယောက်တို့သည် မိန်းကလေးကို မခေါ်ဘဲ သတို့သမီးရွေးပွဲသို့ ထွက်သွားနှင့် ကြလေပြီ ။ ထိုအခါ မိန်းကလေးသည် ဝမ်းနည်းစွာဖြင့် သစ်အယ်ပင် အောက်သို့ သွားကာ ...

“ ယိမ်းနွဲ့သစ်ပင်
အိုသစ်ပင်
ရွှေစင်ငွေရေးအင်္ကျီလေး
ပေးပါ့ခုမနှေး ”

ဟု သီဆိုကာ တောင်းလိုက်လေ၏ ။ သစ်အယ်ပင် ပေါ်မှ ငှက်ကလေး နှစ်ကောင် ကလည်း မိန်းကလေး အတွက် ရွှေမျှင် ငွေမျှင်များဖြင့် ယက်လုပ်ထားသော အင်္ကျီလှလှကလေး နှင့် ပိုးဖိနပ်ကလေးတစ်ရံကို ပစ်ချပေးလိုက်ကြလေ၏ ။ မိန်းကလေးလည်း အင်္ကျီကလေးကို ဝတ်၍ ဖိနပ်ကလေးကို စီးကာ ကပွဲသို့ ထွက်သွားလေ၏ ။ ကပွဲတွင် မင်းသားကလေးသည် သူနှင့် တွဲ၍ ကရမည့် သတို့သမီးကို လိုက်၍ ရှာနေလေ၏ ။ စင်ဒရဲလား ရောက်သွားသောအခါ မင်းသားသည် ချစ်ခင်နှစ်သက်စွာဖြင့် လက်တွဲ၍ ကလေ၏ ။ မိန်းကလေးကို မိထွေး၏ သမီးများက မမှတ်မိကြပေ ။ ဤလှပသော မိန်းမပျိုသည် တခြား တိုင်းပြည်က မင်းသမီး တစ်ပါးပင် ဖြစ်ပေမည်ဟု မှတ်ထင်ကြလေ၏ ။ မင်းသားသည် ကပွဲတစ်ချိန်လုံး၌ မည်သူ့ကိုမျှ လက်မခံဘဲ နှင့် စင်ဒရဲလား နှင့်သာ တွဲ၍ ကလျက် ရှိလေ၏ ။ ဤသို့ဖြင့် ကပွဲ ပြီးဆုံးသွားလေ၏ ။ စင်ဒရဲလား သည် ပြန်မည်ပြုစဉ် မင်းသားက လိုက်ပို့မည်ဟု ပြောကာ နောက်မှ လိုက်လာခဲ့လေ၏ ။ မင်းသား လိုက်လာမှန်းကို သိသော မိန်းကလေးသည် သူ့အိမ်ကို သိရှိသွားမည် စိုး၍ ရှေ့မှ ခပ်သုတ်သုတ် ထွက်သွားကာ အိမ်အနီးသို့ ရောက်သောအခါ ဥယျာဉ် ထဲရှိ ခိုအိမ်တွင်းသို့ ခုန်ဝင်သွားလေ၏ ။ မိန်းကလေးကို မျက်ခြေပြတ်သွားသော မင်းသားသည် အိမ်ရှေ့သို့ သွားပြီး လျှင် ပျောက်သွားသော မိန်းကလေးကို လိုက်၍ ရှာလေ၏ ။ ထိုအခိုက် မိန်းကလေး၏ ဖခင်နှင့် တွေ့၍ အကြောင်းကို ပြောပြရာ စင်ဒရဲလား တော့ မဖြစ်နိုင်ရာဟု တွေးပြီးလျှင် မင်းသား ကျေနပ်စေရန် ခိုအိမ်ကို ဖွင့်၍ ပြလိုက်ရလေ၏ ။ ခိုအိမ် ထဲတွင် မိန်းကလေးကို မတွေ့ရသောအခါ မင်းသားလည်း ပြန်လှည့်သွားလေ၏ ။

မိန်းကလေးမူကား ခိုအိမ်တွင်းမှ နေ၍ သူ့မိခင် အုတ်ဂူရှိ သစ်အယ်ပင် အောက်သို့ သွားပြီးလျှင် ငှက်ကလေး နှစ်ကောင်ကို အင်္ကျီနှင့် ဖိနပ် ပြန်အပ်ခဲ့ကာ သူ့နေရာ မီးဖိုဆောင်သို့ တိတ်တဆိတ် ပြန်လာခဲ့ရလေ၏ ။ မိန်းကလေး၏ ဖခင်နှင့် မိထွေးတို့သည် မိန်းကလေးကို သူ့နေရာ၌ ခါတိုင်းကဲ့သို့ တွေ့ရသောအခါ ကပွဲသို့ ထွက်သွားသည်ဟု မည်သူမျှ မသိ လိုက်ကြပေ ။

နောက်တစ်နေ့မနက် ကပွဲအသစ် ဆက်လက်၍ ကျင်းပသောအခါ ဆူလာနှင့် ရီကာ တို့လည်း မနေ့က ကဲ့သို့ သူတို့ကိုယ်ကို အလှပြင်ကာ ထွက်သွားကြ ပြန်လေ၏ ။ မိန်းကလေး သည်လည်း ကပွဲသို့ သွားမည်ဟု သူ့မိခင်၏ ဂူရှိ သစ်အယ်ပင် အောက်သို့ ထွက်သွားပြီးလျှင်

“ ယိမ်းနွဲ့သစ်ပင်
အိုသစ်ပင် ၊
ရွှေစင်ငွေရေးအင်္ကျီလေး
ပေးပါ့ခုမနှေး ”

ဟု တောင်းဆို လိုက်ပြန်လေ၏ ။ ထိုအခါ သစ်အယ်ပင်ပေါ်က ငှက်ကလေးများက ကြား၍ မနေ့ကထက် ကောင်းမွန်လှပသော အင်္ကျီနှင့် ဖိနပ်ကလေးကို ပစ်ချပေးလိုက်ကြလေ၏ ။ မိန်းကလေးလည်း အင်္ကျီနှင့် ဖိနပ်ကလေးကို ဝတ်ဆင်ပြီးလျှင် ကပွဲသို့ ထွက်သွားလေ၏ ။ ကပွဲတွင် မိန်းကလေးကို မည်သူကမျှ မမှတ်မိကြပေ ။ မင်းသား ကလည်း မည်သူ့ကိုမျှ လက်မခံ ဘဲ မိန်းကလေးနှင့်ပင် လက်တွဲ ကလေ၏ ။ ကပွဲ ပြီးဆုံးသောအခါ မိန်းကလေးက ပြန်မည်ပြု၍ မင်းသားက နောက်မှ လိုက်လာခဲ့လေ၏ ။ မင်းသား လိုက်လာနေမှန်းကို သိသော မိန်းကလေးသည် သူ့အိမ်ကို သိသွားမည် စိုး၍ ဥယျာဉ်ထဲရှိ သစ်တော်ပင် ပေါ်သို့ အမှတ်မဲ့ ပြေးတက်သွား လေ၏ ။ မိန်းကလေးကို မျက်ခြေပြတ်သွားသော မင်းသားလည်း အိမ်ရှေ့သို့ သွားကာ ပျောက်သွားသော မိန်းကလေးကို ရှာလေ၏ ။ ထိုအခါ မိန်းကလေး၏ ဖခင်နှင့် တွေ့၍ အကြောင်းကို ပြောပြလိုက်သောအခါ သူတို့က စင်ဒရဲလား တော့ မဟုတ်နိုင်ဟု တွေးကာ မင်းသား ကျေနပ် စေရန် သစ်တော်ပင်ကို ခုတ်လှဲ၍ ရှာပေးကြရလေ၏ ။ ထိုသို့ ရှာသော်လည်း သစ်တော်ပင် ပေါ်၌ မိန်းကလေးကို မတွေ့ကြရပေ ။ မိန်းကလေးက မူကား သစ်တော်ပင် ပေါ်မှ ခုန်ချလိုက်ပြီးလျှင် သစ်အယ်ပင် အောက်သို့ ထွက်သွားကာ သူ့အင်္ကျီနှင့် ဖိနပ်ကလေးကို ငှက်ကလေးများထံ ပြန်အပ်ကာ သူ့နေရာ မီးဖိုဆောင်သို့ အနေမပျက် ပြန်သွားရလေ၏ ။ ထို့ကြောင့် သူ၏ ဖခင်နှင့် မိထွေး တို့က မသိလိုက်ကြပေ ။

နောက်တစ်နေ့တွင်လည်း ကပွဲအသစ် ကျင်းပပြန်၍ ဆူလာနှင့် ရီကာ တို့ ထွက်သွားကြ ပြန်လေ၏ ။ မိန်းကလေးလည်း သစ်အယ်ပင် အောက်သို့ သွားပြီးလျှင် ...

“ ယိမ်းနွဲ့သစ်ပင်
အိုသစ်ပင် ၊
ရွှေစင်ငွေရေးအင်္ကျီလေး
ပေးပါ့ ခုမနှေး ”

ဟု တောင်းဆို လိုက်ပြန်လေ၏ ။ ထိုအခါ သစ်ပင်ပေါ်မှ ငှက်ကလေးများက အလှဆုံး အင်္ကျီနှင့် ရွှေဖိနပ်ကလေးကို ပစ်ချပေးလိုက်ကြလေ၏ ။ မိန်းကလေးလည်း ထိုအင်္ကျီနှင့် ရွှေဖိနပ်ကလေးကို ဝတ်ဆင်လိုက်သောအခါ အလှဆုံး မိန်းမပျို တစ်ယောက် ဖြစ်နေလေ၏ ။ ထို့နောက် ကပွဲသို့ ထွက်သွားသောအခါ မင်းသားကတွဲ၍ ကလေ၏ ။ စင်ဒရဲလား ကိုမည်သူကမျှ မမှတ်မိကြပေ ။ ဤသို့ ကကြ၍ အတန်ငယ် ကြာသောအခါ မိန်းကလေးသည် အိမ်သို့ ပြန်မည် ပြုလေ၏ ။ ထိုနေ့တွင် မင်းသားက မိန်းကလေး မသိအောင် လှေကားတွင် ကတ္တရာစေးများဖြင့် သုတ်ထားလျက် ရှိလေ၏ ။ မိန်းကလေးလည်း ပြန်ရန် ထွက်သွားသောအခါ မင်းသားက နောက်မှ အပြေးလိုက်သွားရလေ၏ ။ ထိုခဏ၌ မိန်းကလေး စီးလာသော ရွှေဖိနပ်ကလေးသည် ကတ္တရာစေးများကပ်၍ လှေကားမှာ ကျွတ်ကျ နေခဲ့လေ၏ ။ မင်းသားလည်း ရွှေဖိနပ်ကလေးကို ကောက်ယူကာ မိန်းကလေး နောက်သို့ အပြေး လိုက်သွားသောအခါ မမီလိုက်ပေ ။ နောက်တစ်နေ့ မနက်တွင် မင်းသားသည် သူ ကောက်ရသော ဖိနပ်ကလေးကို ယူကာ မိန်းကလေး နေသော အိမ်ရှေ့သို့ သွားလေ၏ ။ အိမ်ရှေ့တွင် မိန်းကလေး၏ မိထွေးနှင့် ဖခင်ကို တွေ့ရ၍ ဤဖိနပ်ကို စီးနိုင်မည့်သူသာလျှင် သူ၏ ဖူးစာရှင် ဖြစ်မည် ဟု ပြောပြကာ လိုက်၍ ရှာခိုင်းလေ၏ ။ ထိုအခါ သူတို့၏ သမီးများကို ခေါ်၍ “ ဆူလာ နှင့် ရီကာ တို့ ညည်းတို့ ဤလှပသော ဖိနပ်ကလေးကို စီးကြည့်ကြပါ ။ စီးနိုင်မည့် သူသည် မင်းသား၏ ကြင်ရာတော် ဖြစ်ရမည် ” ဟုပြောကာစီးခိုင်းလေ ၏ ။ ဆူလာလည်း မင်းသား၏ ကြင်ရာတော် ဖြစ်ချင်လွန်း၍ ဖိနပ်ကို စီးကြည့်လိုက်သောအခါ ခြေမကြီးမှာ ကြီးလွန်းနေ၍ စီး၍ မဖြစ်နိုင်ပေ ။ ထိုအခါ သူ၏ မိခင်က “ အိုအေ ... ညည်းဟာ မိဖုရားဖြစ်ရင် ခြေထောက်နှင့် သွားရမှာမှ မဟုတ်ဘဲ ညည်းခြေမကြီးကို ဖြတ်ပစ်လိုက်ပါ ” ဟု ပြောကာ ဓားဖြင့် ဖြတ်ပစ်လိုက်လေ၏ ။ ထို့နောက် ခြေထောက်ကို သေးငယ်သော ဖိနပ်ကလေး ထဲသို့ အတင်း စီးသွင်းကာ မင်းသား ရှေ့တွင် ပြသောအခါ မင်းသားက တကယ်ပင် ယုံကြည်၍ ဆူလာ ကို မြင်းနှင့် တင်၍ ခေါ်သွားလေ၏ ။ သူတို့သည် စင်ဒရဲလား ၏ သစ်အယ်ပင်ကလေး အနီးသို့ ရောက်သောအခါ အပင်ပေါ်မှာ ရှိသော ငှက်ကလေးများက မြင်ကြ၍

“ သခင် ... သခင် ...
ကြည့်စေချင်
သွေးရှင်ရဲရဲ ဖိနပ်ထဲ
သတို့သမီး ဟုတ်ပါဘဲ ”

ဟု အော်မြည် လိုက်ကြလေ၏ ။ ထိုအခါ မင်းသားက ဆူလာ၏ ခြေထောက်ကို ငုံ့ ကြည့်လိုက်သောအခါ ခြေထောက်မှာ ဓားဒဏ်ရာဖြင့် သွေးများ နီရဲနေသည်ကို တွေ့မြင်ရလေ၏ ။ ထို့ကြောင့် မင်းသားက သတို့သမီး အစစ်ကို လိုက်ရှာခိုင်းလေ၏ ။ ထိုအခါ ရီကာ လည်း မင်းသား၏ ကြင်ရာတော် ဖြစ်ချင်လွန်း၍ လှပသော ရွှေဖိနပ်ကလေးကို စီး၍ ကြည့်လေ၏ ။ ရီကာ မှာလည်း ဆူလာ ကဲ့သို့ပင် ခြေဖနောင့်ကြီး ရှည်ထွက်နေ၍ စီး၍ မဖြစ်နိုင်ပေ ။ သို့ရာတွင် သူတို့ မိခင်က မလျှော့သေးဘဲ ၊ “ အိုအေ ညည်းဟာ မိဖုရား ဖြစ်ရင် ခြေထောက်နဲ့ သွားရမှာမှ မဟုတ်ဘဲ ဓားနဲ့ ဖြတ်ပစ်လိုက်ပါ ” ဟု ပြောကာ ဓားဖြင့် ဖြတ်ပစ်လိုက်လေ၏ ။ ထို့နောက် လှပသေးငယ်သော ဖိနပ်ကလေး ထဲတွင် အတင်း စီးပြီးလျှင် မင်းသားရှေ့၌ ပြလိုက်လေ၏ ။ မင်းသားလည်း တကယ်ပင် ယုံကြည်ကာ ရီကာကို မြင်းနှင့် တင်၍ ခေါ်သွားလေ၏ ။ သူတို့သည် စင်ဒရဲလား၏ သစ်အယ်ပင် အောက်သို့ ရောက်ကြသောအခါ သစ်ပင်ပေါ်မှာ ရှိသော ငှက်ကလေးများက မြင်၍ ...

“ သခင် ... သခင် ...
ကြည့်စေချင်
သွေးရှင်ရဲရဲ ဖိနပ်ထဲ
သတို့သမီး ဟုတ်ပါဘဲ ...”

ဟု အော်မြည် လိုက်ကြလေ၏ ။ ထိုအခါ မင်းသားက ရီကာ၏ ခြေထောက်ကို ငုံ့၍ ကြည့် လိုက်သောအခါ ခြေဖနောင့်ပြတ်ကာ သွေးများ နီရဲနေသည်ကို တွေ့မြင်ရလေ၏ ။ ထို့ကြောင့် သတို့သမီး အစစ်ကို လိုက်၍ ရှာခိုင်း ပြန်လေ၏ ။ စင်ဒရဲလား၏ ဖခင် ကလည်း သူတို့တွင် သမီးနှစ်ယောက်သာ ရှိပါသည် ။ သို့ရာတွင် အရင် အိမ်ထောင်မှ မွေးခဲ့သော စင်ဒရဲလား ဆိုသည့် မိန်းကလေး တစ်ယောက်တော့ ရှိပါသည် ။ ဘယ်နည်းနှင့်မျှ သတို့သမီး မဖြစ်နိုင်ပါကြောင်းကို ပြောပြလေ၏ ။ မိထွေး ကလည်း ထိုမိန်းကလေးသည် အလွန်ညစ်ပတ် ပေရေနေ၍ မင်းသား ရှေ့သို့ပင် မခေါ်သင့်ပါကြောင်းကို ပြောပြလိုက်လေ၏ ။ သို့သော်လည်း မင်းသားက မယုံကြည်ဘဲ စင်ဒရဲလား ကို သူ့ရှေ့သို့ ခေါ်ခဲ့စေ ပြီးလျှင် ရွှေဖိနပ်ကလေးကို စီးခိုင်းကြည့်လေ၏ ။ ထိုအခါ လှပသော စင်ဒရဲလား ၏ ခြေထောက်နှင့် ရွှေဖိနပ်ကလေးမှာ စီး၍ အတော် ဖြစ်နေလေ၏ ။ မင်းသားလည်း စင်ဒရဲလား ၏ မျက်နှာကို ငုံ့၍ ကြည့်လိုက်သောအခါ ကပွဲတွင် သူနှင့် တွဲ၍ ကခဲ့ရသော မိန်းမပျို ဖြစ်နေသည်ကိုတွေ့ရှိရလေ၏ ။ မင်းသားလည်း များစွာ ဝမ်းသာလျက် စင်ဒရဲလား ကို မြင်းနှင့် တင်၍ ခေါ်သွားလေ၏ ။ သူတို့သည် သစ်အယ်ပင် အောက်သို့ ရောက်ကြသောအခါ အပင်ပေါ်မှာ ရှိသော ချိုးလည်ပြောက်ကလေးနှင့် ခိုကလေးတို့က ဝမ်းသာအားရဖြင့်

“ သခင် ... သခင် ...
ကြည့်စေချင် ၊
သွေးရှင်မရဲ ဖိနပ်ထဲ ၊
သတို့သမီး လှရွှေခဲ... ”

ဟု တေးဆို လိုက်ကြလေ၏ ။

ထိုသို့ စင်ဒရဲလားနှင့် မင်းသားတို့ ပျော်ရွှင်စွာ ထွက်သွားကြသောအခါ ဆူလာ နှင့် ရီကာ တို့လည်း ငေး၍ ကြည့်နေစဉ် ငှက်ဆိုးကြီး နှစ်ကောင် ရောက်လာ ပြီးလျှင် သူတို့ ညီအစ်မ၏ မျက်လုံး နှစ်ဖက်ကို နှုတ်သီးဖြင့် ထိုးဖောက်လိုက်ကြလေ၏ ။ ထိုနေ့မှစ၍ ဆူလာ နှင့် ရီကာ တို့သည် မကောင်းမှုများကြောင့် တစ်သက်ပတ်လုံး မျက်ကန်းဘဝဖြင့် နေထိုင်လျက် ရှိကြလေသည် ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၉ ၊ အောက်တိုဘာ

မသိခြင်း အညွန်းကိန်းများ


 

❝ မသိခြင်း အညွန်းကိန်းများ ❞
( သူထူးအိမ် )

“ ညီမ မေဦးခင် မလာတာကြာပြီနော် ”

“ ဟုတ် ဒီမြို့ကိုတော့ ဈေးလာ ဝယ်ပါတယ် ။ အစ်မဆိုင်ကို မဝင်ဖြစ်တာပါ ”

“ ဪ ဟုတ်လား ။ အခု ရော ဘာလုပ်ဦးမလဲ ညီမ ”

“ အပေါင်ဆုံး ပစ္စည်းလေးတွေ ယူလာတာ အစ်မရေ ။ ဈေးသင့်ရင် ရောင်းမလို့ ”

မေဦး ပြောပြောဆိုဆိုနဲ့ ပိုက်ဆံအိတ် ထဲက ရွှေထည်ပစ္စည်းလေးတွေကို ထုတ်ယူပြီး ရွှေဆိုင်က မှန်ဗီရိုပေါ်ကို တင်ပေးလိုက်တယ် ။ ဆိုင်ရှင် အစ်မကြီးက မေဦး ပေးလိုက်တဲ့ ရွှေထည်ပစ္စည်းတွေကို မှတ်ကျောက် တိုက်ပြီး နှစ်ပုံ ခွဲထားလိုက်တာ တွေ့တယ် ။

“ ညီမ ခဏစောင့်ပေးနော် ။ အစ်မ အမျိုးသား အပြင်ခဏ သွားနေလို့ ဖုန်းဆက်ထားတယ် ။ တော်ကြာဆို ပြန်ရောက်တော့မှာ ။ သူပြန်လာမှ ဈေးစကား ပြောပေးလိမ့်မယ် ”

“ ဟုတ် ၊ ရပါတယ် အစ်မ ”

မေဦး ဆိုင်ရှေ့မှာ ချထားတဲ့ ထိုင်ခုံမှာပြန် ထိုင်ရင်းနဲ့ ဆိုင်ထဲကို မသိမသာ ဝေ့ကြည့်လိုက်တယ် ။ ရွှေဆိုင်သာ ပြောတာ ။ ရွှေပေါင်ခံတဲ့ လုပ်ငန်းပါ တွဲလုပ်ထားတော့ ပေါင်တဲ့သူ ရွေးတဲ့သူ ရောင်းပြီးသားရွှေ ပြန်ရောင်းတဲ့ သူတွေနဲ့ ဆိုင်ရှင်အစ်မကြီး ဆိုတာ မအားလပ်အောင်ဘဲ အလုပ်များနေတယ် ။ ဆိုင်မှာ လူရှင်းသွားတော့

“ အစ်မ ရွှေပေါင်နဲ့ များများ ယူမယ် ဆိုရင်ကော အတိုး ဘယ်လောက် ရှိလဲ ”

“ နှစ်ကျပ်တိုးပဲ ညီမ ”

“ ဟုတ် ၊ အစ်မ ဆိုင်က လူရှုပ်တယ်နော် ။ ရွှေ‌‌ဈေးသာ မြင့်နေတာ အစ်မဆိုင် လူမပြတ်ဘူးပဲ ”

“ ညီမရေ အစ်မတို့ ရွှေဆိုင်တွေ ဆိုတာ ညီမတို့ လူမျိုးတွေ ရှိနေသရွေ့ အလုပ်ဖြစ် နေဦးမှာပါပဲ ။ ညီမတို့ လူမျိုးတွေကလေ လက်ထဲ ပိုက်ဆံ နည်းနည်း ရှိလာပြီဆိုရင် ရင်းဖို့နှီးဖို့ မစဉ်းစားကြဘူး ။ ရွှေဆိုင်ကိုသာ ပြေးလာပြီး ရွှေလာလုပ်ကြတာ ။ သူတို့ စိတ်ထဲ တစ်ရက်ပဲ ဝတ်ရ ဝတ်ရ ၊ တစ်လလောက်ပဲ ဝတ်ရဝတ်ရ ဝတ်ချင်ကြတာ ၊ တချို့ ဆိုရင် လယ်ဘဏ် ကိုင်းဘဏ်တွေ ထုတ်ပြီး လာလုပ်တဲ့ သူတွေတောင် ရှိကြတယ် ။ ဟော ဆပ်ချိန်လည်း ရောက်ရော ပေးစရာ မရှိတော့ လုပ်ထားတာလေးတွေကို ပေါင်ချင်ပေါင် ၊ မပေါင်လည်း ပြန်ရောင်းကြရော ။ ပြန်ရောင်းတော့ ရှုံးတာပေါ့ ။ အရော့တွက် ၊ အခွန် ၊ လက်ခ အကုန်နှုတ်တဲ့ အပြင် ဈေးနှုန်းပါ ကွာတော့ ရှုံးတာပေါ့ ။ ဒါလည်း အမှတ် မရှိဘူးပဲ ။ လက်ထဲ နောက်ထပ် ပိုက်ဆံလေး ရလာပြန် လုပ်ပြန်တာပဲ ။ သူတို့ အပြောက လက်ထဲ ပိုက်ဆံရှိရင် ပဲ့သွားမှာ စိုးလို့တဲ့လေ ။ အဲဒါကြောင့် အဲဒီလို လူမျိုးတွေ ရှိနေလို့ အစ်မတို့ ရွှေဆိုင်တွေ အပေါင်ဆိုင်တွေက မရောင်းရမှာ အလုပ် မကောင်းမှာ မပူပါဘူး ညီမရယ် ”

ရင်းနှီးမှုနဲ့ ပြုံးရယ်ပြီး ဘာရယ်မဟုတ် ဒိုးဒိုးဒေါက်ဒေါက် ပြောချလိုက်တဲ့ အသားဖြူဖြူ မျက်လုံးပိတ်ပိတ်အစ်မကြီးကို မေဦး ငေးကြောင်ပြီး ကြည့်နေမိတယ် ။ ကိုယ့်လူမျိုးတွေ အကြောင်း နောကျေနေအောင် သိနေတဲ့ သူတို့တွေ အတွက် သူပြောတဲ့ စကားတွေက မှန်နေမယ် ဆိုတာလည်း မေဦး သိနေတယ် ။ ကိုယ့်လူမျိုးရဲ့ အားနည်းချက်က သူတို့ အတွက်တော့ အားသာချက်ပဲ မဟုတ်လား ။ မေဦး ရင်ထဲ နင့်ကနဲ ဖြစ်မိရင်းက လှချင်ပချင်စိတ် များပြီး အကြွားသန်လွန်းတဲ့ ကိုယ့်လူမျိုးတွေ ကိုပဲ စိတ်ထဲကနေ ကရုဏာ ဒေါသ ဖြစ်နေမိတယ် ။ အဲဒါကြောင့် အဖေက ပြောတာ ။

“ သမီး လူမျိုးခြားတွေ ဆိုတာ ဘယ်ခေတ် စနစ်မှာပဲ ရောက်ရောက် ကြီးပွားတိုးတက်အောင် လုပ်နိုင်ကြတယ် ။ ခေတ်စနစ်ဆိုးလို့ သူတို့ အလုပ် မကောင်းဘူး မချမ်းသာဘူး ဆိုတာ မရှိဘူး ။ လှိုင်းပေါ်က ဗေဒါပင်လို လှိုင်းနိမ့်ရာ မြင့်ရာကို အလိုက်သင့် စီးမျောတတ်ကြတယ် ” တဲ့ ။ ဟုတ်မှာပါလေ ။

“ ညီမ ရွှေရောင်းမလို့လား ”

မေဦး ငေးငေးငူငူနဲ့ အတွေးကောင်းနေတုန်း ဆိုင်ရှင် အမျိုးသား ရောက်လာတယ် ။

“ ဟုတ် အစ်ကိုရေ ၊ ဈေးသင့်ရင် ရောင်းပြီး အရင်းအနှီးထဲ ပြန်ထည့်မလို့ပါ ”

ဆိုင်ရှင် အစ်ကိုကြီးက ၁၅ ပဲရည်က တစ်ဈေး ၁၄ ပဲ ၂ ပြားရည်က တစ်ဈေး အပုံလေးတွေကို ဈေးခွဲပြီး ပြောပါတယ် ။ သူပေးတဲ့ ဈေးက ပေါက်ဈေးထက် တစ်သိန်းခွဲကျော် ကွာနေတယ် ။ ဈေးတိုး တောင်းပေမယ့် ခုရက်က အဝယ်ထက် အရောင်းက များနေလို့ ဒီလောက်ပဲ ပေးနိုင်တယ် ပြောတာကြောင့် နောက်မှပဲ အခြေအနေကြည့် ရောင်းမယ်လို့ ပြောပြီး မေဦး မရောင်းခဲ့တော့ဘဲ နှုတ်ဆက်ကာ ထွက်လာခဲ့တယ် ။

••••• ••••• •••••

“ ဟာ သမီး မေဦးပါလား ။ ဘယ်က လှည့်လာတာလဲ ။ သမီးအဖေရော နေကောင်းလား ”

“ ဟုတ် ကောင်းတယ် ဦးရေ ။ ဦး ဆီပဲ သက်သက်လာတာ ။ ငွေလိုနေလို့ ပစ္စည်းလေးတွေ ပေါင်မလို့ပါ ”

ပြောပြောဆိုဆိုနဲ့ စောစောက ရွှေဆိုင် ကနေ ပြန်ယူလာတဲ့ ပစ္စည်းတွေကို ထုတ်ပြီး ဦးစိန်ဝင်း ကို ပေးလိုက်တယ် ။

“ သမီး သိန်းတစ်ရာ ယူမယ် ဦးရေ ရမလား ”

“ အင်း ယူလေ ခုရက်ထဲ ပိုက်ဆံက လွယ်ပါတယ် ”

ဦးစိန်ဝင်းက မေဦး ပေးလိုက်တဲ့ ပစ္စည်းတွေကို အမယ် ရေတွက်ပြီး ပလပ်စတစ် အိတ်ထဲထည့် ချိတ်ကာ ဗီရိုအံဆွဲထဲ ထည့်ပြီး သိမ်းလိုက်တယ် ။ ပြီးတော့ ဘောင်ချာ ရေးပြီး စားပွဲပေါ်ကို သိန်းတစ်ရာ ချပေးတယ် ။ မေဦး လည်း သူချပေးတဲ့ သိန်းတစ်ရာကို အုပ်ရေစစ်ပြီး အိတ်ထဲထည့် နှုတ်ဆက်ကာ ထွက်လာခဲ့တယ် ။ ဦးစိန်ဝင်းက လူမျိုးခြား ဆိုပေမယ့် မေဦး ငယ်ငယ်လေးထဲက အဖေတို့နဲ့ မိတ်ဆွေရင်းချာတွေ ။ ရန်ကုန်ဘုရင့်နောင်မှာ ကိုယ်ပိုင်ကုန်စည် ဂိတ်ရှိသလို ကုန်ကားတွေ အများကြီးလည်း ပိုင်တယ် ။ ဈေးထဲမှာ ကုန်စုံဆိုင် ရှိသလို အိမ်မှာလည်း ရွှေပေါင်ခံ တယ် ။ အဖေတို့ နဲ့တော့ ယုံကြည်မှုနဲ့ ဆက်ဆံခဲ့ကြတဲ့ မိတ်ဆွေတွေ ။ ရွှေပေါင်ရင် ငွေကို လိုသလောက် ပြောရင် ပြောသလောက် ထုတ်ပေးတယ် ။ ပေးလိုက်တဲ့ ရွှေကိုလည်း ဘယ်တော့မှ မချိန်ဘူး ။ အဖေ ကလည်း ပေါင်ထားတဲ့ ပစ္စည်းကို နှစ်လ ၊ သုံးလပဲ ထားပြီး တစ်ခုမကျန် ပြန်ရွေးတယ် ။ ရွှေဆိုင်မှာ ရောင်းရင် သိန်း ကိုးဆယ်လောက်ပဲ ရမယ့် ရွှေက ပေါင်တော့ သိန်းတစ်ရာ ရတယ် ။ ယုံကြည်မှုကို ဘယ်တော့မ အလွဲသုံးစား မလုပ်ခဲ့တဲ့ မေဦး မိဘရဲ့ လက်ဆင့်ကမ်း အမွေ တစ်ခုကို မေဦး ဆက်ခံရတာပါပဲ ။ တကယ်တော့ မေဦး မိဘတွေက အရင်တုန်းကတော့ လယ်သမား ကိုင်းသမားတွေပါ ။ ပဲမျိုးစုံ သီးနှံပေါ်ချိန် ရောက်ရင် ဝယ်လှောင်ပြီး ဈေးတက် ချိန်ဆိုရင်တော့ ရန်ကုန်အထိ ဆင်းရောင်းပါတယ် ။ စီးပွားရေးကို မျက်စိပွင့် နားပွင့်နေပြီ ဖြစ်တဲ့ အဖေက ရွာက လယ်တွေ ကိုင်းတွေ ကမ်းပြိုတဲ့ အထဲပါ သွားတဲ့အခါ မြို့ပေါ်ကို ပြောင်းရွှေ့ ခဲ့တယ် ။ ကုန်စုံဆိုင် တစ်ခု ဖွင့်လှစ်ပြီး တစ်ဖက်ကလည်း မိတ်ဆွေ ဦးစိန်ဝင်း ရဲ့ တိုက်တွန်းဖေးမမှုနဲ့ ရွှေပေါင်ခံတဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတော့တယ် ။ ကိုယ့်ကိုယ်ပိုင် ငွေတွေ ကုန်တဲ့အခါ ဒီလိုပဲ တစ်ဖက်ကနေ အတိုးယူပြီး ပြန်ချေးရတာပါပဲ ။

“ ဈေးရောင်းတယ် ၊ ရွှေပေါင်ခံတယ် ဆိုတာ မပင်မပန်းဘဲနဲ့ သူများ အညွန့်အဖူးကို ခူးယူ စားသုံးတာပဲ ။ ငွေကို ငွေနဲ့ ရှာတာ အသက်သာဆုံးပဲ ။ လယ်ကိုင်း လုပ်နေတဲ့ တရုတ်ကုလားတွေကို သမီး တွေ့ဖူးလား ။ ဆင်းဆင်းရဲရဲနဲ့ တောင်းစားနေတဲ့ တရုတ်ကုလားရော တွေ့ဖူးလား ။ အေး ဘယ်တွေ့ဖူးမလဲ သူတို့မှာ တို့ လူမျိုးတွေထက် သာတဲ့ အချက်တွေ ရှိတယ် ။ ပါးနပ် လိမ္မာတယ် ။ အမြော်အမြင် ရှိတယ် ။ ဘယ်အရာမဆို တွက်တတ်ချက်တတ်တယ် ။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲနဲ့ တစိုက်မတ်မတ် လုပ်တတ်တယ် ။ သူတို့က ကတိသစ္စာ တည်ကြည်သလို သူတို့ အပေါ် ပြန်တည်မှလည်း ကြိုက်တယ် ။ သူတို့က သူများပစ္စည်းကို အလကား မယူတတ်သလို သူတို့ ပစ္စည်း ကျရင်လည်း တစ်ပြားနှစ်ပြားက အစ အလကား ပေးဖို့ ခဲယဉ်းတယ် ။ သူတို့မှာ အားနာတယ် ဆိုတာ လည်း မရှိဘူး ။ ခုလို အဖေ ပြောပြနေတာက သူတို့ကို အထင်ကြီးဖို့ မဟုတ်ပေမယ့် သူတို့ဆီက အတုယူသင့်တာတွေ ဆိုရင်တော့ အတုယူရမှာပဲ သမီး ”

တစ်ဦးတည်းသော သမီးကို ပဲပွဲရုံက တရုတ်တွေနဲ့ ရင်းနှီးကျွမ်းဝင် လာတဲ့ အဖေက ဆုံးမစကားတွေ ပြောရင်း လုပ်တတ်ကိုင်တတ်အောင် သင်ပေးခဲ့တယ် ။

မေဦး ဈေးရှေ့ကနေ ဆိုင်ကယ် စီးလာရင်းက သံဆိုင်ကို မြင်မှ သံဝယ်ဖို့ကို သတိရ သွားတယ် ။

“ ဦးရေ သမီးကို သံရောင်းပေးပါဦး ”

“ ဟဲ့ ဘယ်သူများလဲလို့ ၊ မေဦးခင် ကိုး ဘာလာလုပ်တာလဲ ”

“ ရွှေလာပေါင်တာ ဦးရေ ။ ပြန်တော့ မလို့ပဲ ။ သံကုန်နေမှန်း သတိရလို့ ဝင်ဝယ်တာ ”

“ အရင် ငါ့ဆီမှာ ပေါင်တာ မဟုတ်ဘူးလား ”

“ ဦးဆီမှာ ပေါင်တာက ဦးစိန်ဝင်း မှာ ပိုက်ဆံပြတ်တဲ့ အချိန်မို့ လာပေါင်တာပါ ။ ဦးစိန်ဝင်း နဲ့က မိတ်ဆွေတွေလေ ။ ပြီးတော့ အတိုးလည်း သက်သာတယ် ”

“ ဟဲ့ သူက ဘယ်လောက် အတိုးမို့လို့လဲ ”

“ တစ်ကျပ်ခွဲတိုး ဦးရေ ”

“ ဟာ ဒီကောင် ဈေးဖျက်တာ ။ လူတိုင်း နှစ်ကျပ်အောက်ကို လျော့မပေးကြပါဘူးဟ ။ အဲဒီကောင်ကို မကြိုက်တာ အဲဒါပဲ ။ လက်ထဲ ပိုက်ဆံ ရှိရင် ရှိသလို လုပ်ပစ်တာ ”

“ သမီးမို့လို့ လျှော့ပေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ သမီးတို့က တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေအဆင့် ဆက်ဆံကြတာလေ ”

အသက် ၈၀ နား ကပ်နေတဲ့ ဦးမျိုးအောင်က အခုထိ အရောင်း စားပွဲမှာ အလုပ်လုပ်တုန်း ။ သူတွက်တဲ့ ဘောင်ချာက မှားလို့ ပြန်ပြောရတယ် ဆိုတာမျိုး မရှိရလောက်အောင် တိကျတဲ့သူ ။ သံဆိုင်ကို ဟန်ပြထားပြီး ရွှေအပေါင်ခံတဲ့ လုပ်ငန်းကို တွင်ကျယ်စွာ လုပ်နေတဲ့သူ ။ သူ့ ဆိုင်ကို မေဦး ရောက်တဲ့ အခါတိုင်း စီးပွားရေး နိုင်ငံရေး အစရှိသဖြင့် စပ်မိစပ်ရာ ပြောတတ်သူ ။ အခုလည်း ဦးမျိုးအောင် က ဘောင်ချာ ရေးနေရင်းက မေဦး ဘက်ကို လှည့်ပြီး ..

“ ဒါနဲ့ နင်တို့ဆီမှာကော စီးပွားရေးတွေ ကောင်းကြလား ။ တို့ဆီမှာတော့ နင်မြင်တဲ့ အတိုင်းပဲ အရောင်းအဝယ်တွေ အကုန်အေးစက်နော ”

“ မကောင်းပါဘူးဦးရာ ။ သီးနှံဈေးက မကောင်းတော့ ပေါင်ထားတဲ့ ရွှေတွေတောင် အကုန် ရွေးနိုင်ကြမယ် မထင်ဘူး ။ ခုခေတ်က ငွေတိုးချေးစားတဲ့ ဦးတို့လို လူတွေပဲ အလုပ်ဖြစ်ကြတာပါ ”

“ အေး နင်တို့ လူမျိုးတွေကလည်း လက်ကြောမှ မတင်းကြတာကိုးဟ ။ ငါ့မိတ်ဆွေ တရုတ်မ တစ်ယောက်နဲ့ စကားပြောဖူးတယ် ။ တခြားနိုင်ငံမှာ အထည်ချုပ်စက်ရုံထောင်တာ ကိုက်တယ် ။ မြန်မာပြည်မှာ မကိုက်ဘူးတဲ့ ။ သူများနိုင်ငံမှာ အထည် နှစ်ထောင် ပြီးရင် ဒီလူ အရေအတွက် အတိုင်းကို မြန်မာပြည်မှာ ( ၁၅ဝဝ ) ပဲ ပြီးသတဲ့လေ ။ အထည်သာ မပြီးတာ ပိုက်ဆံကျ ပိုလိုချင်ကြတယ်တဲ့ ။ ဟုတ်လည်း ဟုတ်တာပဲ ။ ဟိုတလောက ငါ့အိမ် နောက်ဆောင်လေး ပြင်ဖို့ လက်သမား ခေါ်တာ နေမြင့်မှ အလုပ်လာ ဆင်းတယ် ။ ခေါင်မိုးပေါ် တက်ပြီး သံလေး နှစ်ချက်သုံးချက် ရိုက်ပြီး ပြန်ဆင်းလာတယ် ။ ရေနွေးသောက် နားတာတဲ့ ။ အံ့ရော ။ ဒီလို လူမျိုးတွေ ဘယ်လိုလုပ် ကြီးပွားမလဲ ။ လုပ်တာက နည်းနည်း နားတာက များများ ။ နောက်ပြီးတော့ ကွမ်းယာ ၊ ဆေးလိပ် ၊ အရက် ဘယ်ဟာမှ မလွတ်ဘူး ။ ဒီကြားထဲ နှစ်လုံး သုံးလုံးက ထိုးသေးတယ် ။ ဝင်ငွေက နည်းနည်း ထွက်ငွေက များများကိုး ။ ဒီလိုလူမျိုးတွေ ရှိတဲ့ နိုင်ငံမှ မဆင်းရဲရင် ဘယ်နိုင်ငံ ဆင်းရဲမလဲဟယ် ”

လာပြန်ပြီ နောက်တစ်ယောက် ။ နင်တို့ လူမျိုးတွေတဲ့ ။ ကိုယ့်လူမျိုး အပေါ် နှိမ်တာမျိုး မဟုတ်ဘဲ အားမလို အားမရသံနဲ့ ပြောနေမှန်း သိပေမဲ့ မေဦး စိတ်ထဲ လူမျိုးစွဲဆိုတဲ့ အသိကြောင့် ဖျင်းကနဲ ဖြစ်မိသွားတယ် ။ သူပြောတာတွေ ကလည်း အများအားဖြင့် ဟုတ်နေတော့ ပြန်လည်း မပြောသာပါဘူး ။

“ ဦးတို့ လူမျိုးတွေ ကရော လူအဖြစ် မွေးလာတယ် ဆိုကတည်းက စီးပွားရေးပဲ ခေါင်းထဲရှိတာ ။ မိုးလင်းက မိုးချုပ် စီးပွားပဲရှာ နေကြတာ ။ ပြည့်တယ်ဆိုတာကို မရှိဘူး ။ ဗုန်းခနဲ သေမှသာ ရပ်ချင်ရပ်မယ် ။ သက်မဲ့ဖြစ်တဲ့ ငွေကို ရှာဖို့သက်သက်နဲ့များ လူဖြစ်လာသလားတောင် ထင်ရတယ် ။ ရှာသာ ရှာနေတာ အကျိုးရှိရှိ အသုံးချဖို့ကျ ခေါင်းထဲမှာ မရှိဘူး မဟုတ်လား ”

နှုတ်သီးကောင်း လျှာပါးနဲ့ ပြန်ပြောနေတဲ့ ဒီစကားတွေက တကယ်တန်းတော့ မေဦး စိတ်ထဲကနေ အပြင်ကို ခုန်ထွက်လာခြင်း မရှိပါဘူး ။

••••• ••••• ••••• 

ဒီတစ်မနက်လုံး မေဦး အနား မရသေးပါ ။ မင်္ဂလာဆောင် ရာသီ ရောက်ခါနီးပြီမို့ ဆိုင်မှာ ရွှေရွေးတဲ့သူ ၊ ရွှေပေါင်တဲ့သူ အပေါင်ဆုံး ရွှေလာဝယ်သူတွေနဲ့ လက်မလည်နိုင်အောင်ပါပဲ ။ မင်္ဂလာဆောင်အမီ ဝတ်ချင်တဲ့ သူတွေက ရွှေပြန် ရွေးကြသလို တချို့လည်း ဒုံးရွှေကို လာဝယ်တဲ့ သူတွေလည်း ရှိကြတယ် ။ ပိုက်ဆံပြတ်နေတဲ့ သူတွေ အတွက်တော့ မင်္ဂလာဆောင်တွေ လက်ဖွဲ့ဖို့ အတွက် ရွှေလာပေါင်ကြတာပေါ့ ။ ရွှေပြန် ရွေးတဲ့ သူတွေကို သူတို့ဆီက ရတဲ့ အတိုးငွေနဲ့ ချိန်ဆပြီးတော့ တစ်ထောင်ဖိုး ၊ နှစ်ထောင်ဖိုး ၊ သုံးလေးငါးထောင်ဖိုး အထိ ဆီဘူး ၊ အချိုမှုန့်ထုတ် ၊ လက်ဖက်ခြောက် ဆပ်ပြာဘူး အစရှိသဖြင့် လက်ဆောင်ပြန်ပေးတဲ့အခါ သူတို့တွေ ကျေနပ်ဝမ်းသာသွားကြတာ မြင်ရပြီး မေဦး လည်း စိတ်ပျော်ရွှင်ရပါတယ် ။ နဖူးကချွေး ခြေမကျအောင် ရှာထားခဲ့ကြတဲ့ သူတို့ ချွေးနည်းစာတွေကို အပြည့်အဝ မယူရက်တာ မေဦး ရဲ့ စိတ်စေတနာပါ ။အဲဒါကြောင့်လားတော့ မသိပါဘူး ။ အနီးနား ပတ်ဝန်းကျင် ရွာကလူတွေ ဆိုရင် ရွှေပေါင်မယ် ဆိုတာနဲ့ မေဦးတို့ ဆိုင်ကိုပဲ ပြေးမြင်ပြီး အားကိုးတကြီး လာကြတာ ။ ရွှေပေါင်တော့လည်း ပေးနိုင်တာထက် ပိုလိုချင်တဲ့ သူတွေ များတဲ့အခါ အဆင်ပြေအောင် ပြောဆိုပြီး လက်ခံပေး လိုက်ရတာတွေလည်း ရှိတယ် ။ အပေါင်ဆုံး ပစ္စည်းတွေ ကြည့်လိုက်ရင် မရွေးတဲ့ ပစ္စည်းတွေဟာ အများအားဖြင့် ပိန်လိန်ကျိုးပဲ့ နေတာတွေနဲ့ မတန်တဆ ယူထားတဲ့ ပစ္စည်းတွေသာ ဖြစ်နေတတ်တယ် ။ ရွှေဈေး တက်ရင်တော့ ပြန်ရွေးကြတဲ့သူတွေ များတယ် ။ မရွေးနိုင်ရင်တောင် အတိုးသတ်ထားကြတယ် ။ ရွှေဈေးကျတဲ့နှစ် ဆိုရင်တော့ အပေါင်ပစ္စည်းတွေကို အဆုံးခံ ကြတာတွေ များတယ် ။ အတိုးအရင်း ပေါင်းလိုက်ရင် အသစ်ဈေးလောက် ဖြစ်နေတဲ့ အခါမှာ ပြန်မရွေးကြတော့ဘဲ အဆုံးခံပြီး အသစ်ပဲ လုပ်လိုက်ကြတော့တာ ။ အဲဒီ အပေါင်ဆုံးတွေထဲက ကောင်နိုးရာရာ အထည်ပစ္စည်းတွေကို ဒုံးရွှေ ဆိုပြီး ပြန်ရောင်းရတယ် ။ အသစ်လုပ်ပြီး မဝတ်နိုင်တဲ့ သူတွေ အတွက်တော့ ဈေးနှုန်း အရော့တွက် လက်ခ သက်သာတဲ့ ဒုံးရွှေတွေက အဆင်ပြေလှတယ် ။

“ ညီမရယ် အစ်မကို ငွေသုံးသိန်းလောက် ခဏချေးပါ ။ ရွှေလည်း ပေါင်စရာမရှိတော့ပါဘူး ”

ဆိုင်ထဲကို နေ့ခင်းကြောင်တောင်ကြီး ချွေးတလုံးလုံးနဲ့ မောကြီးပန်းကြီးပေါက်ချလာသူက ဟိုဘက်ရွာက မေဦး နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ မသန်းနု ။

“ ညီမတို့က အလွတ်မချေးဘူး အစ်မရဲ့ ။ ရွှေပေါင်နဲ့ပဲ ချေးတာ ။ ကိုယ်လည်း ပိုက်ဆံပြတ်တော့ သူများဆီကို ရွှေပေါင်ပေးပြီး တဆင့် ယူထားရတာပဲ ”

မေဦး မလုပ်ချင်ဆုံး အရာတွေထဲမှာ ပိုက်ဆံကို အတိုးကြီးကြီးနဲ့ အလွတ်ချေးငှား တဲ့ အလုပ်လည်းပါတယ် ။ အိမ် ခြံတွေ လယ်ကိုင်းတွေ လည်း အပေါင် မခံချင်ပါ ။ ရွေးနိုင်တဲ့ အိမ်ခြံတွေကို အိမ်ရှင်တွေကို နှင်ထုတ်ပြီး သိမ်းယူဖို့ အထိ မေဦး နှလုံးသားက လက်မခံပါ ။ အဲဒါကြောင့် ကိုယ့်အကြောင်း ကိုယ်သိသူမို့ အိမ်ခြံမြေ လာပေါင်တဲ့သူတွေ ဆိုရင် ခေါင်းကို တွင်တွင်ခါပြီး ငြင်းလွှတ်လိုက်တာပါပဲ ။

“ ကူညီပါ ညီမရယ် ။ တခြားလည်း ဘယ်မှ သွားစရာမရှိတော့လို့ ညီမဆီ အားကိုးတကြီးနဲ့ ပြေးလာခဲ့တာပါ ။ သားကြီးကို ဂိုက်ထားတာ ဒုတိယအရစ် ဂိုက်ဖိုးပေးစရာ မရှိလို့ပါ ”

ခေါင်းပေါ် ပေါင်းလာတဲ့ ပုဆိုးနဲ့ နဖူးက ချွေးတွေကို သုတ်ပြီး ယက်ခပ် နေတဲ့ မသန်းနု ကို နှီးယပ်တောင်လေး တစ်ချောင်း ကမ်းပေးလိုက် ရင်းက

“ အစ်မသားက ဒီနှစ်နဲ့ဆို ဘယ်နှစ်နှစ် ရှိပြီလဲ ဆယ်တန်းက ”

“ သုံးနှစ်ရှိပြီ ညီမ ”

“ သူ့အောက်မှာ ကလေးက ဘယ်နှစ်ယောက် ရှိသေးလဲ ”

“ အလတ်မက ကိုးတန်းနဲ့ အငယ်ကောင်က လေးတန်း တက်နေတာ ရှိသေးတယ်ညီမ ”

“ အခုနှစ်ရော အစ်မသားကို အောင်မယ်လို့ ထင်လား ”

“ ဂိုက်ဆရာကတော့ ဒီနှစ်တော့ မနှစ်ကထက် တိုးတက်တယ် အောင်လောက်တယ်လို့ ပြောတာပဲ ညီမရယ် ”

“ အစ်မသားရဲ့ ဉာဏ်ရည်ဉာဏ်သွေးကရော အစ်မ ဘယ်လို ထင်လဲ စာတော်လား ”

“ တစ်နှစ်တစ်တန်းတော့ မှန်မှန် အောင်လာတာပဲ ။ ရှစ်တန်း ကိုးတန်း ရောက်တော့ မဖြေနိုင်တဲ့ ဘာသာရပ်တွေကို ဆိုင်ရာ ဆရာဆရာမတွေကို လိုက်ကန်တော့ ရတာတော့ရှိတာပေါ့ ညီမရယ် ”

“ ညီမ ပြောမယ်နော် အစ်မတို့ စီးပွားရေး အခြေအနေက ဘယ်လိုလဲ အဆင်ပြေလား ”

“ ဘယ်ပြေပါ့ မလဲ ညီမရယ် ။ အစ်မအမျိုးသားက မသောက်မစားဘဲနဲ့ အလုပ်ကို ကြိုးစားလုပ်တာတောင် အစ်မတို့မှာ အကြွေး တင်နေတာ ။ အခု သူတစ်ယောက်တည်း ဂိုက်သုံးနှစ်လည်း ထားလိုက်ရော အစ်မတို့မှာ ဖြူခါပြာခါ ကျသွားတာပဲ ။ ကိုင်းတွေက သီးနှံက မထွက် ၊ ရတဲ့ဟာ ကျတော့လည်း ဈေးက မကောင်းနဲ့ အတိုးယူပြီးထားတော့လည်း ပြန်မဆပ်နိုင်တော့ အတိုးပေါ် အတိုးဆင့်နဲ့ ကြွေးပတ်လည်ဝိုင်းနေတာပါ ။ သားသမီးအတွက် တာဝန်ကျေချင်လို့သာ ကုန်းရုန်းထားရတာ တဖြည်းဖြည်းနဲ့ နစ်သထက် နှစ်နေပြီ ညီမ ”

“ ညီမ ပြောချင်တာလည်း အဲဒါပဲ အစ်မ ။ သားသမီး အကြောင်းကို မိဘတွေက သိထားသင့်တယ် ။ သူ့မှာ ဆယ်တန်းအောင်နိုင်တဲ့ ဉာဏ်ရည် ဉာဏ်သွေး ရှိလား ဆန်းစစ်သင့်တယ် ။ အဲလို မရှိဘဲနဲ့ မရှိတဲ့ ကြားက နှစ်ရှည်လများ ငွေကုန်ခံ ထားနေရင် ကိုယ့်ဆင်းရဲတွင်း ကိုယ်တူးနေသလိုပဲ ။ မိဘ ပြေလည်မှ သားသမီးတွေ ဘဝ တိုးတက်မှာ ။ အခု သူတစ်ယောက်နဲ့ တင် ကျန်တဲ့မိသားစုပါ ဒုက္ခရောက်နေပြီ ။ အဲဒီတော့ ညီမ ပြောချင်တာက အဓိကနဲ့ သာမညကို ခွဲတတ်ဖို့ အရေးကြီးတယ် ၊ အခုနှစ်မှ မအောင်ရင် အစ်မသားကို ဆက်မထားနဲ့တော့ ။ တစ်နေရာရာမှာ အသက်မွေး ဝမ်းကျောင်းပညာသာ သင်ခိုင်းတော့ ။ ညီမ မှာလည်း ခုရက်က ငွေကြပ်နေတော့ တစ်သိန်းတော့ ချေးလိုက်မယ် ”

“ အေးပါ ညီမရယ် သားကြီးကို အခုနှစ် မအောင်ရင် နောက်နှစ်ကို မထားတော့ပါဘူး ၊ ပိုက်ဆံချေးပေးလို့ ကျေးဇူးတင်ပါတယ် ။ အစ်မ အဆင်ပြေအခါ ညီမ ပိုက်ဆံကို ပြန်ဆပ်ပါ့မယ် ”

ကြွေးလည်ပင်း ကြပ်နေတဲ့ မသန်းနု ဆီက ပြေလည်ရင် ပြန်ဆပ်မယ် ဆိုတဲ့ စကားကို ကြားတော့ မေဦး အသာ ပြုံးလိုက်မိတယ် ။ သူ ပြန်မဆပ် နိုင်လည်း ဒီတစ်သိန်းလောက်နဲ့တော့ ငါ့အတွက် ဘာမှမဖြစ်ပါဘူးလေ ဆိုတဲ့ စိတ်နဲ့ ချေးလိုက်တာမို့ မေဦး စိတ်ထဲမှာ ချေးလိုက်တဲ့ ငွေအပေါ်လည်း မျှော်လင့်ချက်ထား မနေတော့ပါဘူး ။ အခြေအနေနဲ့ အချိန်အခါ ၊ အကြောင်းအကျိုး ၊ အကောင်းအဆိုးတွေကို ဉာဏ်လွှာ မသုံးတတ်ကြဘဲ ဖြစ်ချင်မှု တစ်ခု အတွက်သာ ရုန်းကန်နေကြတဲ့မသန်းနု လို လူတန်းစားတွေကရော ဘ၀ရေယာဉ်ကြောမှာ နစ်သထက် နစ်နေဦးမှာလား ။ မေဦး မတွေးတတ်တော့ပါ ။

“ ဟူး ...”

သက်ပြင်းမော တစ်ခုကို မှုတ်ထုတ်မိရင်းက ဟိုတစ်နေ့က ဆိုင်ထဲက ပြန်အထွက်မှာ ဦးမျိုးအောင် ပြောလိုက်တဲ့ စကားသံ တချို့ကို မေဦး နားထဲမှာ ပြန်လည်ကြားယောင်မိပါတော့တယ် ။

“ နင်တို့ လူမျိုးတွေကို ငါ ကြည့်နေတာ အကြွေးယူလည်း ပက်စက်ကြတယ် ။ ဟိုအဖွဲ့က ပေးလည်းယူ ၊ ဒီအဖွဲ့က ပေးလည်းယုနဲ့ ။ အတိုး ကြီးကြီးသေးသေး အကုန်ယူတယ် ။ အကြွေးယူပြီး ဂိုက်ထားတယ် ။ အကြွေးယူပြီး မင်္ဂလာဆောင်တယ် ။ အကြွေးယူပြီး ဆိုင်ကယ်ဝယ်တယ် ။ ရွှေဝယ်တယ် ။ ကိုင်းဝယ် လယ်ဝယ်တယ် ။ ဒီလို လွယ်လွယ်နဲ့ အကြွေးယူပြီး ဆပ်ချိန်ကျရင် ဘာနဲ့ ပြန်ဆပ်မလဲ မစဉ်းစားကြဘူး ။ လွယ်လွယ်ယူပြီး လွယ်လွယ်သုံးနေကြတာပဲ ။ ဒီလူဆီက ယူ ဟိုလူကို ဆပ် ၊ ဟိုလူဆီက တစ်ခါယူ ဒီလူဆီကို ဆပ်နဲ့ အကြွေးသံသရာမှာ နစ်နေကြတာ ။ မှတ်ထား မေဦးခင် ။ ကြွေးယူပက်စက်ပြီး အသုံးနဲ့ အဖြုန်းကို မခွဲခြားနိုင်သေးသမျှ ဘယ်တော့မှ မချမ်းသာနိုင်ဘူး ။ ဒီတော့ ချမ်းသာချင်သလား ၊ ချမ်းသာချင်ရင် အရင်ဆုံး အကြွေးကင်းအောင်လုပ် ”

▢  သူထူးအိမ်
📖 တစ်ယောက်တစ်ဘဝ ( ၃ )