Saturday, March 18, 2023

မေ့ချစ်သူ


 

❝ မေ့ချစ်သူ ❞

သူ သွားတော့မယ် လေ …

တင်မေ့ ကို တောင် မှ တင်မေ မှန်း မသိဘဲ သူ သွားပါတော့မယ် ။ ဒါဟာ တင်မေ ပါ ။ တစ်ခါတုန်း က မိုက်မိုက်ရူးရူးကလေး တင်မေ ရယ် လေ ။ သူ ကတော့ ဘာမှ မသိတဲ့ မိုက်ကန်းခြင်း နဲ့ သွား တော့မယ် ။ ကြည့်စမ်း တိုက်ပုံအင်္ကျီ တောင် ဝတ် ပြီးပြီ ။ အဲ ... အဲ ... ဘိုကေလေးများ အဲဒီလို အရင် က စတိုင်မပျက် သပ် လိုက်ပါဦး ဇော် ရယ် ... ဪ .. ခုတင် ပေါ်  ပြန် ထိုင်ပြီး စီးကရက် သောက် ပြန်ပါပြီ ။

တင်မေ သည် စားပွဲ ပေါ် လက်ဖဝါး နှစ်ခု ကို ထပ်၍ ချကာ လက်ဖမိုး ပေါ် မေး တင်ပြီး ရီဝေသော မျက်လုံးများ နှင့် ငေးနေ မိလေသည် ။ ဘယ်သူ မှ မကြားနိုင် သော စိတ် တွင်း က စကား ပြော နေ မိလေသည် ။ ရှေး က ကိုဇော်ဖေ ကို တစ်ခါတုန်း က ကျွမ်းခဲ့ ဖူးသည့် မျက်လုံး ၊ မျက်ခုံး ၊ နှာတံ ၊ ပါးစပ် က အစ အသေးစိတ် ပြီး မှတ်မိ နေ၏ ။ သူ ဘာ မှ သိပ်ပြီး မပြောင်းလဲ ။ နားထင် ဆံစကလေးများ ဖြူနေတာ နှင့် မကောင်းမှု ကို မွေ့လျော်တာ ကြာရှည် ခဲ့ ၍ ဘာကိုမှ မမှု ၊ မထီ သည့် ပြက်ရယ် အပြုံး က မျက်နှာ ပေါ်  ထင်ပေါ် နေတာပဲ ပို လာ ပါ၏ ။ မဖမ်းမိ နိုင် လောက်အောင် ပြောင်းပါစေဦး ၊ တင်မေ တစ်ယောက် က ဖြင့် နောက်ထပ် နှစ်ပေါင်း နှစ်ဆယ် အကြာ မှာ လည်း မှတ်မိနေပါ ဦးမည် ။

ကိုဇော်ဖေ က မူ စီးကရက် ကို သာ ဂရု ထားပြီး သောက် နေရာ က တင်မေ ငေး ကြည့် နေသည်ကို သတိပြု မိ သွားပြီး ဆတ်ခနဲ ကိုယ် ကို တွန့် လိုက်လေ၏ ။ မဝေခွဲ နိုင် သလို ၊ အံ့ဩ သလို အမူအရာ ပေါ် လာပြီး

“ ဟုတ်ပြီ ၊ မင်း သည်လို နေတော့ ဘယ်သူ နဲ့ တူ သလိုလို ရှိပါလိမ့် ”

ဟု ကမန်းကတန်း စိတ် ထက်သန်စွာ ပြော လိုက်လေရာ တင်မေ သည် အကြီးအကျယ် လန့်ဖျပ် သွားပြီး ကိုယ် ကို မတ်ကာ အနေအထား ပြောင်း လိုက်မိလေ၏ ။

“ အို … ဘာဖြစ်လို့ လှုပ်လိုက် ရတာလဲ ”

ဟု စိတ်ရှုပ်သွား ကာ

“ မင်း နဲ့ ငါ နဲ့ တွေ့ဖူးသလား ဟင် … တစ်ခါတုန်း က တွေ့ခဲ့ဖူးတယ် ထင်တယ် ”

တင်မေ သည် မျက်နှာ တစ်ဖက် လှည့်ပြီး “ တွေ့ခဲ့ဖူးသားပဲ ၊ မမှတ်မိဘူးလား ” ဟု လေသံကလေး နှင့် ခပ်သဲ့သဲ့ ပြောလိုက် လေသည် ။

“ ဟုတ်ပါတယ် … တွေ့ဖူးပါတယ် ။ ဘယ်မှာ ပါလိမ့် ၊ ပြောပြစမ်းပါဦးကွယ် ”

တင်မေ သည် ဟားတိုက် ပြီး ရယ် လိုက်ရ ကောင်းမလား ၊ ပေါက်ကွဲပြီး ငို လိုက်ရ ကောင်းမလား ဟု ခဏမျှ တန့် နေ မိလေသည် ။ တတ်နိုင်လျှင် တော့ နှစ်ခု စလုံး မလုပ် မိအောင် ချုပ်တည်း မည် ဖြစ်လေ၏ ။ ကိုယ့် ကို မမှတ်မိသည့် ချစ်သူ မျက်နှာ ကို လည်း စစ်ဆေးသည့် အပြုံး ဖြင့် စိုက် ကြည့် လိုက်ဖို့ စိတ် မရှိ ။ ကိုဇော်ဖေ ၏ ဘယ် မိန်းမ ကို မှ မလေးစား သည့် ပြက်ရယ် ပြုံး ကို လည်း ဒေါသ ထွက် ဖို့ စိတ် မကူး ။

တစ်မိနစ် ပဲ ရရ ၊ ရသမျှ အချိန်ကလေး တွင် စားပွဲ ပေါ် လက်ဖဝါး နှစ်ခု ထပ် ၍ ချကာ လက်ဖမိုး ပေါ် မေး တင်ပြီး ငေး နေ ချင် စိတ် သာ ရှိ လေသည် ။

“ ပြောစမ်းပါကွ ၊ သိရအောင် ” ဟု သူ က မေးပြန်၏ ။ တင်မေက ရုတ်တရက် ရှိုက်၍ ခြေ ကို သာ ဆောင့် လိုက် မိလေ၏ ။ ကိုဇော်ဖေ က မခံချိ မခံသာ ဖြစ်သလို စီးကရက် ကို လွှင့်ပစ်ကာ ဗြုန်းခနဲ ထ လာပြီး တင်မေ ကို ကျုံးမ ပွေ့ယူ လိုက်၏ ။ မေးဖျား ကို ပင့်၍ မော့ စေပြီး စူးစိုက် ကြည့် ကာ … “ မပြောဘူးလား - ပြောမလား ” ဟု ညှစ်ပြီး မေး၏ ။

“ အို … အို … လွှတ်ပါ ဇော် ”

“ ဇော် … ဟုတ်လား ။ ငါ့ မယား တောင် ဇော် လို့ တစ်ခါ မှ မခေါ်ဖူးဘူး ။ မင်း နဲ့ ငါ နဲ့ တွေ့ခဲ့ဖူးတာ အမှန်ပဲ ။ ကဲ - ဆိုစမ်း ၊ ဘယ်မှာလဲ ”

တင်မေ သည် ကြမ်းတမ်းသည့် လက်မောင်းများ ကြား တွင် ငြိမ် ၍ သွားကာ သူ့ ရှပ်အင်္ကျီ ကြယ်သီးကြိုး မှ ရွှေစကြာကလေး ကို လှုပ်ကစား ကာ နေ လေ၏ ။ ရှည်ဝေးလှသည့် အရပ် ဟောင်း ကို ပြန်ရောက် နေ၏ ။ စိတ် ဟောင်း များ ပြန်လည် လာလေ၏ ။ ကိုဇော်ဖေ က အဖြေ ကို စောင့် နေရာ က သက်ပြင်း ချပြီး တင်မေ့ ကိုယ်ကလေး ကို သတိပေး သလို လှုပ် လိုက် လေရာ …

“ အဝီစိ မှာ ”

ကိုဇော်ဖေ ပွေ့ ထားသည် ကို မြန်ဆန်စွာ လွှတ်ချ လိုက်လေသည် ။

ရုတ်တရက် မို့ လည်း တစ်ကြောင်း ... ငယ်ငယ် က လို အင်အား မရှိတော့သည် က လည်း တစ်ကြောင်း နှင့် မို့ တင်မေ မှာ နောက်ပြန် ယိမ်းယိုင် သွား၏ ။ တံတောင်ဆစ် နှင့် စားပွဲ ကို ပြင်းထန်စွာ ခိုက်မိ သွား၏ ။ ကိုယ် ကို မနည်း ဟန်ပြီး ကုလားထိုင် ပေါ်  ပြန် ထိုင် ရသည် ။ ကျဉ်၍ သွားသော တံတောင်ဆစ်ရိုး ကို လက် နှင့်ဆုပ်ပြီး မောပန်းစွာ မော့ ကြည့် နေမိ ပြန်သည် ။ အရင် တုန်း က ဇော် ပဲ နော် …. ရက်စက်တုန်း ပဲ ။

ကိုဇော်ဖေ ကား အော်၍ ရယ်လျက် ရှိလေသည် ။

“ ဟား ဟား … ဒါဖြင့် တို့ သေပြီးရင် အဝီစိ မှာ ပြန် တွေ့ကြဦးစို့လား ဟင် ”

“ အို .. ဒီ ဘဝ မှာ ရှင် ပြန် မလာတော့ဘူး လား ” ဟု လွမ်းဟန် ပြုကာ သရော် လိုက် မိ လေသည် ။

“ ခက်တာ က ကိုယ့် ချစ်သူ က ပိန် လည်း ပိန် ၊ အို လည်း အို နေပြီ ကွ ။ ဒါပေမဲ့ ခွဲ မသွားဘူး လို့ တော့ မပြောနိုင်ပါဘူး လေ ။ ပြီးတော့ ပြန် တွေ့ဦးမယ် ဆိုလည်း အချိန်တွေ အများကြီး ကျန်ပါသေးတယ် ။ တော်တော်နဲ့ မသေသေးပါဘူး နော် ။ ဪ ... မင်း အသက် ဘယ်လောက် ရှိပြီလဲ ဟင် ။ ၁၆ နှစ် လား ၊ ၁၈ နှစ် လား ”

လှောင်သေးတယ် ဇော် ရယ် ။ သို့ပေမဲ့ တင်မေ က တော့ သူ လှောင်တာ ၊ ရက်စက်တာ ၊ ကြမ်းတမ်းတာ တွေ ကို တေပေပြီး တွေ့ခဲ့ရဖူးပြီ ဖြစ်၍ ရင်တွင်း မှာ ဘာမှ မဖြစ်တော့ပါ ။ တင်မေ သည် အင်မတန် လည်သည့် ဟန်မျိုး ကို အခု ရနေပြီး ဖြစ်ရာ သူ့ ကိုယ် သူ မသိဘဲ ကိုယ် အထက်ပိုင်း ကို တွန့်ခနဲ လှုပ်ကာ ခေါင်း တစ်ချက် ညိတ်၍ မျက်စိ တစ်ဖက် မှိတ် လိုက်မိပြီး ပြုံး တစ်ဝက် မဲ့တစ်ဝက် နှုတ်ခမ်း နှင့် ..

“ အို … ရှင် နဲ့ တွေ့တဲ့ အခါတိုင်း ဟာ ၁၅ နှစ် ပဲ ”

တင်မေ သည် မိမိ အမူအရာ ကို ပြန် သတိ ရပြီး ထိတ်လန့် သွားမိလေသည် ။ ဒါဟာ အပေါစား မဆန်ဘူးလား ။ စင်စစ်တော့ လည်း ငွေ နှင့် လာသည့် ယောက်ျား ဟူသမျှ ကို သည်လို အမူအရာ မျိုး ၊ သည်လို အပြောမျိုး နှင့် ဧည့်ခံရမည့် သူ အဖို့ အပေါစား ဆန် ရမှာ က ဓမ္မတာ ပင် ဖြစ်ပေသည် ။ သို့သော် ကိုဇော်ဖေ တစ်ယောက် ကို မူ ဘယ် ဘဝ က နေပြီးပဲ ဖြစ်ဖြစ် တင်မေ သည် သစ္စာ ရှိသော ချစ်သူ ကောင်း တစ်ယောက် အဖြစ် နှင့် လက်ခံ ချင် လေ၏ ။ ထူး တော့ လည်း မထူးပါဘူး လေ ။ ခု ရွှေ ပေး မရသည့် ဣန္ဒြေကလေး နှင့် ချိုချိုကလေး ပြုံးပြီး ကြိုမယ် ဆိုလျှင် လည်း ဒါဟာ တင်မေ လို့ သိမှာ မှ မဟုတ်ဘဲ ဟု တင်မေ သက်ပြင်း ချ လေ၏ ။

ကိုဇော်ဖေ က မူ တင်မေ ဖြေပုံ ကို သဘောကျ ကာ အော် ရယ်လျက် ရှိ ပြန်၏ ။

ကြည့်လေ … ရယ် နေလိုက်တာ ... ခေါင်း ကို နောက်ပစ်ပြီး ပေါ့ဆဆ ရယ်ပစ်လိုက် လို့ ပါကော ။ ဟိုတုန်းက ... ဟိုတုန်းက ဟန်ကလေးတွေ ။ နီရဲနောက်ကျိ နေသော မျက်လုံးများ တွင်း က မျက်ရည် များပင် ကျလာပါပြီ ။ အသား က လည်း ပွစိစိ နှင့် အဆီပြန် လို့ ။ သို့ပေမဲ့ စက်ဆုပ်စရာကြီး လို့ လည်း ခုတောင် မထင်နိုင်ပါလား ကွယ် ။

“ ဪ ... ၁၅ နှစ် ဆိုတာ ကို သဘောကျ နေ သကိုး ”

တင်မေ သည် မျက်တောင် တွန့်ပြီး သူ ရယ် နေသည် ကို သာ ကြည့်နေ မိလေ၏ ။ မိမိ ပြောလိုက်တုန်း က တော့ ခု သူ ကောက်ယူ သည့် အဓိပ္ပာယ်မျိုး နှင့် မဟုတ်ချေ ။ တိုက်ဆိုင် ချင် ၍ သာ တိုက်ဆိုင် သွားပေသည် ။ လွန်ခဲ့သည့် အနှစ် နှစ်ဆယ် ခန့် တင်မေ ၁၅ နှစ် သမီး က တွေ့ ခဲ့သည်များ ကို သူ တကယ်ပင် မေ့ လေပြီ ။

တင်မေ ပြောလိုက်သည် မှာ မှန်ကန်သော သစ္စာ စကား ပေ တည်း ။ တင်မေ့ ဇာတ်လမ်း မှာ စင်စစ် ၁၅ နှစ် သမီး က စ လေသည် ။ ဒီတော့ ၁၅ နှစ် ဆိုသည့် အရွယ် ကို ဘယ်မှာ မေ့နိုင်ပါ့မလဲ ။ ကိုဇော်ဖေ ကို ယခု ၃၅ နှစ် အရွယ် မှာ တွေ့ပြန် လည်း ၁၅ နှစ် သမီး အရွယ် က စိတ် များ နှင့် တွေ့ ရသည် ။ သူ့ ကို အစွဲကြီး စွဲ နေသည့် မိုက်မဲသော စိတ်များ သည် ခုလည်း မိုက်မဲ လျက် ပင် ရှိကာ နောင်လည်း ဆက်၍ မိုက်မဲဖို့ အသင့် ရှိ လေသည် ။ ခုနေများ ကိုဇော်ဖေ က တင်မေ ကို ပြန် မှတ်မိပြီး ...

တင်မေ သည် ဇရာ ဖိစီး၍ အမယ်အို ဖြစ်သည့် တိုင်အောင် ပင် မိုက်မဲ ချင် လှပါသည် ။

သည်တော့ ဘယ်ခါမှာ မဆို ကိုဇော်ဖေ တစ်ယောက် အပေါ် မှာ ဖြင့် တင်မေ သည် အမြဲတမ်း ၁၅ နှစ် ပဲ ရှိပေမည် ။

ကိုဇော်ဖေ သည် ရုတ်တရက် တင်မေ ကို ရော ၊ ထို အခန်းကျဉ်းကလေး ကို ပါ ငြီးငွေ့ သွား သလို အပြင်းအထန် သမ်း လိုက်ပြီး အိတ် ထဲ က တစ်ဆယ်တန် ငွေစက္ကူ လေးရွက် ကို ထုတ် ၍ စားပွဲ ပေါ် ပစ်တင် လိုက်လေ၏ ။ တင်မေ လည်း ရင် ထဲ တွင် လှိုက်လှဲ ဝမ်းနည်း သွားပြီး မျက်လုံးများ ရီဝေ လာ ပြန်၏ ။ မသိလိုက် မသိဘာသာ လက်ဖဝါး နှစ်ခု ကို ယှက်၍ စားပွဲ ပေါ် ချ ကာ လက်ဖမိုး ပေါ် မေး တင်ပြီး ငေး နေ မိ ပြန်၏ ။

“ ဟော ” ဟု ကိုဇော်ဖေ က ဆိုလေ၏ ။

“ အဟုတ်ပါ ... မင်း ကို တစ်ခါတုန်း က သိဖူးပါတယ် ။ အဝီစိ မှာ တော့ မဟုတ်ပါဘူး ကွယ် ။ နတ်ပြည် မှာ လို့ ငါ ထင်တယ် ”

ကိုဇော်ဖေ သည် တင်မေ့ နဖူးလေး ကို မတို့တထိ နမ်း ကာ ပေါ့ပါးစွာ ထွက်သွား လေသည် ။

သူ ည က လာပြီး မနက် ကျတော့ သွား ပြီလေ ။ လှေကား က ပြေး ဆင်း သွားသည့် ခြေသံများ သည် ဆူညံ ရာ က အဝေး ရောက်တော့ ပျောက် သွား၏ ။ တခြား ယောက်ျားတွေ နှင့် ဘာမှ မကွာခြား ။ တင်မေ သည် အပြေး ထ ပြီး ပြတင်း က မျှော်ကြည့် လို စိတ် လည်း မပေါ်တော့ ။ သည့်ထက် မက အနောက် က အတင်း လိုက်ပြီး ဖမ်း တောင် မှ ကိုဇော် သည် သူ့ စိတ် က မလိုတော့ဘူး ဆိုသည့် အခါ မှာ လှည့် ကြည့်ဖို့ စိတ်ကူး တော့ မည် မဟုတ်ချေ ။ တင်မေ က တော့ သိခဲ့လှပါပြီ ။

ထို့ပြင် လာ ပြီး ပြန် သွားသည့် အဖြစ်မျိုး က တင်မေ့ အဖို့ ရိုးလှပေပြီ ။

ယခုလို တော့ ဘယ်တုန်းက တွေငိုင် ပြီး ကျန်ရစ်ခဲ့ ဖူးပါသလဲ ။

အမှန်မှာ တွေငိုင် ရုံ တင် မက ဘဲ ဇော် .. ဇော် ... အို .. ဇော် ဟု တမောတပန်းကြီး ပင် တ သ ပြီး နေရစ်ပါသေး ၏ ။ လက်ဖမိုး ပေါ် မှာ ပူနွေးသော အရည်များ ရွှဲ နေ၏ ။ စားပွဲခုံ ပေါ် သို့ ပင် ကျရောက် စိုစွတ် နေပါသည် ကော ။ မထင်ဘဲ နှင့် ကိုယ့် ကိုယ် ကိုယ် ငို နေမှန်း သိရ၍ လန့်ဖျပ် မိ သေး၏ ။

စင်စစ်တော့ လည်း တင်မေ လို အသားအရေ ခြောက်ခန်းပြီး အသက် ကြီးရင့် သည့် ပြည့်တန်ဆာမကြီး တစ်ယောက် ငို နေသည် ကို မြင် လျှင် ဘယ်သူ သည် ချစ်သူ စွန့်ပစ်၍ ၁၅ နှစ် ရွယ် အပျိုပေါက်စကလေး တစ်ယောက် ငို နေသည် ဟု ထင်ပါလိမ့် မလဲ ။ ဤသို့ တင်မေ သည် အမြီးအမောက် မတည့် တွေးကာ ရှိသည် ။ ဒီဟာမကြီး ဝါရင့် လွန်း လို့ ဧည့်မရွှင် တော့ တာ နဲ့ ငို နေတယ်လို့ ထင် မှာပေါ့ ... ။

သို့သော်လည်း ကိုဇော်ဖေ နှင့် ပတ်သက်ပြီ ဆိုလျှင် တင်မေ သည် သူ့ ကိုယ် သူ အရာရာ ပစား ပေးထားသည် ဖြစ်ရကား မျက်ရည် ကို သုတ်ပစ်ဖို့ ပင် မကြိုးစား ၊

“ ဇော်ရယ် ... ဇော်ရယ် ” ဟုပင် တ,တပြီး ငိုရှိုက် လိုက် ချေသေး၏ ။

ကဲ ... သူ သွားပြီလေ ။ တင်မေ ကို မှ တင်မေ မှန်း မသိဘဲ တစ်ခါတည်း ထွက်သွားပြီ ။ မသိသား ဆိုးဝါးလှချေလား ဇော် ရယ် ။ တင်မေ ကို မှ မမှတ်မိ နိုင် လောက်အောင် ဦးနှောက် ထဲ မှာ အရက်ခိုး အရက်ငွေ့ တွေ ဆို့ပိတ် နေပြီလား ကွယ် ။ တွေ့ ရတဲ့ မိန်းမတွေ ထောင်သောင်း မက များ လွန်းလို့ တင်မေ တစ်ယောက် ကို ကောက်ပြီး မမှတ်မိနိုင်တာလေလား ကွယ် ။

အမှန် ဆိုရလျှင်မူ ည က တုန်းကဖြင့် သူ များ မှတ်မိသွားတော့ မှာလား ။ မှတ်မိသွားတော့ မှာ လား ဟု တထိတ်ထိတ် ပူကာ ဣန္ဒြေချည်း ပျက် နေ မိလေသည် ။ တင်မေ မှာ ဘာမှ မချုပ်တည်း နိုင်ချေ ။ သတိထား နေလျက် က လည်း ယောင် ကာ ဇော် .…. ဇော် နှင့် တစ်ဇော် တည်း ဇော် မိ၏ ။ ဦးလေးဇော် လို့ များ တစ်ခွန်း ထွက် သွား လိုက် လျှင် တော့ လုံးလုံး ပေါ်ရချေရဲ့ ။ ဘုရား သိကြား မ လို့ တင်မေ ကို တွေ့ခဲ့တာ အဝီစိ မှာ လား နတ်ပြည် မှာ လား တောင် သိ မသွားချေ ... ဟာ .. ဟာ .. ။

ကိုဇော်ဖေ သည် တစ်ည လုံး “ မင်း ဘာဖြစ်နေတာလဲ ” ဟု မေး ကာ နေ၏ ။ သူ့ စိတ် ထဲတွင် ထူးပါတယ် ဟု တော့ လည်း ထင်ချင် ထင်ပေမည် ။ တင်မေ က တော့ သူ့ မှာ ပါလာသည့် ပုလင်း ကို သာ ဖွင့်ပြီး တစ်ခွက် ပြီး တစ်ခွက် သာ ချော့ပြီး တိုက် နေရ၏ ။ ကိုဇော်ဖေ သည် ဟို အရင်တုန်း က လို ပင် သောင်းကျန်း မူးရူးပြီး ပစ်စလက်ခတ် အိပ်ပျော် သွားသည့် အခါမူ ကား တင်မေ သည် အခန်းထောင့် စားပွဲ ပေါ် လက်ဖဝါး နှစ်ဖက် ထပ်ပြီး တင်ကာ လက်ဖမိုး ပေါ်  မေး တင်ပြီး သူ့ ကို သာ ငေး နေ မိသည် မှာ မိုးလင်းလု မှ စားပွဲ ပေါ် ခေါင်း ချ ပြီး မှေးခနဲ ငိုက် ရသည် ။ သိပ် မကြာပါဘူး ။ ဇော် လာ ပြီး နှိုးတာပဲ မဟုတ်လား ။

နောက်ဆုံးမှာ မူ ကိုဇော်ဖေ သည် မိမိ ကို သည် အသက်အရွယ် အထိ သည် ဘဝ ထဲ က နေပြီး အစွဲကြီး စွဲနေ သေးသည့် ချစ်သူ ထံ ကလား ၊ ငွေလေးဆယ် ပေး လျှင် တစ်ည ပျော်ရသည့် ပြည့်တန်ဆာ ထံ ကလား ဟူ၍ မှ ခွဲခြား မသိသည့် မိုက်ကန်းခြင်း နှင့် ထွက်သွား ချေပြီ ။ တကယ်တော့ ဤသို့လျှင် တင်မေ ကို တင်မေ မှန်း မသိဘဲ လာ ပြီး ပြန် သွားရုံ သာ ရှိသည့် ကိစ္စ မှ အင်မတန် ဝမ်းသာစရာ .. အို ၊ ဆို့တက် အသက်ပျောက် သွား လောက်အောင် ကို ဝမ်းသာ ပစ်ချင်စရာပဲ ဖြစ်တော့ လေသည် ။

တစ်ခါတုန်း က လည်း ( တင်မေ ပြန်ပြီး မှတ်မိပါသေး၏ ) ခုလိုပင် တင်မေ သည် လက်ဖဝါး များ ကို ယှက်၍ စားပွဲ ပေါ်  ချ ကာ မေး တင်ပြီး ငေးနေ ခဲ့ မိ ဖူးလေသည် ။

အင်း ... နည်းနည်းပဲ ကွာသည် က တော့ ထိုအခါ က တင်မေ သည် ၁၅ နှစ် အရွယ် မြူ မတင် သည့် အပျိုပေါက်ကလေး သာ ရှိသေးခြင်း ဖြစ်တော့လေ၏ ။

စားပွဲ ပေါ် တွင် အရက်ပုလင်း နှင့် ဖန်ခွက် ရှိသည် ထင်ပါရဲ့ ။

စားပွဲ တစ်ဖက် တင်မေ နှင့် မျက်နှာချင်းဆိုင် တွင် ကိုဇော်ဖေ ထိုင်လျက် ရှိလေသည် ။ သူ့ ဆံပင်များ သည် အမြဲ ထိုးထိုးထောင်ထောင် ရှိကာ မျက်လုံးများ လည်း ရီဝေ နောက်ကျိ လျက် ရှိ၏ ။ ကော်လာ လည်ပင်း သည် လည်း ပွင့်ဟနေ၏ ။ အတော် ကို ဝင် သွားပြီ ဖြစ်၍ ခြေပစ် လက်ပစ် ဖြစ် နေပေ၏ ။ လက်ဖျား မှာ တုန်တုန်ရီရီ နှင့် ပုလင်း နှင့် ဖန်ခွက် ကို ဘယ်ဟာ မှ မြဲအောင် မကိုင်နိုင်ချေ ။ အရက် ငှဲ့ ထည့်သည့် အခါ ဖန်ခွက် ထဲ ဖြောင့်ဖြောင့်တန်းတန်း မကျဘဲ စားပွဲ ပေါ် သို့ ဖိတ်ဖိတ် နေ၏ ။ ဖန်ခွက် ကို ယူပြီး သောက်ပြန် တော့ လည်း ရှေ့ သွား နှင့် ဖန်ခွက် နှုတ်ခမ်း က ဆောင့်မိ သေး၏ ။ အင်္ကျီ ရင်ဘတ် က ပေပေရေရေ ။

ဒါကတော့ တင်မေ အစွဲကြီး စွဲသည့် ကိုဇော်ဖေ့ စတိုင် ။

တင်မေ သည် သူ သောက်နိုင် သမျှ သောက် နေစဉ် မှာ စကား တစ်လုံး မျှ မပြောဘဲ ငေးပြီး မျက်တောင် မခတ်ဘဲ ကြည့်နေမြဲ ဖြစ်လေ၏ ။ တင်မေ့ မျက်စိ ထဲ တွင်မူ သူ့ အမူအရာများ သည် အင်မတန် ဟန်ပါ၏ ။ ဘာကိုမှ ဂရု မစိုက်ပုံကလေး က လည်း သူရဲကောင်း ဆန် သလိုလို ၊ နောက်ဆုံး၌ ကိုဇော်ဖေ သည် စားပွဲ ပေါ်  ထိုးပြီး ကျသွား တတ်သည် ။ တင်မေ့ ခေါင်း ကို လည်း လက် ကိုးရိုးကားရား ဖြင့် လာ ရိုက်မိ တတ်သည် ။ သူ့ မယား မခင်သန်း က နောက်ဖေး မီးဖိုချောင် က နေပြီး ဆဲဆို ကာ နေ တတ်သည် ။ တင်မေ သည် သူ့ ကိုယ်ကြီး ကို မနိုင့် တနိုင် နှင့် ထူ မ ကာ တွဲ ပြီး အိပ်ရာ ပေါ် အရောက် ပို့ ရမြဲ ဖြစ်လေသည် ။ တစ်ခါတလေ သူ့ ခေါင်းကြီး ကို ခေါင်းအုံး ပေါ် ချ၍ မရဘဲ တင်မေ့ ရင်ခွင် ပေါ် မှာ မှိန်းပြီး ကြာ လျှင် အိပ်ပျော် သွားတတ်၏ ။ သည်တော့မှ တင်မေ ထ လာ နိုင်တော့သည် ။

တင်မေ့ အင်္ကျီများ သည် မကြာခဏ အရက်များ ပေရေ ကုန်၏ ။ အရက် အနံ့အသက်များ လည်း ကိုယ် မှာ ကပ်လာ၏ ။ တင်မေ က တော့ ချိုချဉ်မွှေးမြ သည့် ရနံ့ တစ်မျိုးကလေး ဟု ယူဆ၏ ။ တင်မေ မှာ ရင် တနွေးနွေး နှင့် ငိုချင် သလို ခံစားပြီး ကျန်ရစ် တတ်လေသည် ။

သည်လို ဖြစ်ရသည်မှာ ကိုဇော်ဖေ တို့ ပြောင်း လာပြီး ခင်မင်လာကြသည့် အချိန် ကတည်း က ပင် ဖြစ်လေ၏ ။ တစ်နှစ် ကျော် သွား ပေပြီ ။.တင်မေ သည် ကိုဇော်ဖေ အိမ် ကို ချည်း ကူးကာ နေလေသည် ။ နှုတ်ခမ်း မှာ “ ဦးလေးဇော် … ဦးလေးဇော် ” နှင့် ခေါ် ၍ မပြတ် ။ တင်မေ မှာ ရင် ထဲ တွင် တနွေးနွေး နှင့် နှာခေါင်း တွင် ချိုချဉ်မွှေးမြ သည့် ရနံ့ကလေး တစ်ရစ်ဝဲဝဲ ဖြစ် နေခြင်း မှာ တဖြည်းဖြည်း ပြင်းထန် လာ၏ ။

ကိုဇော်ဖေ က တော့ တင်မေ့ ကို ကလေးလေး ထင် နေ၏ ။ တင်မေ ထွားကျိုင်း ဖွံ့ဖြိုး လာ တာကို လည်း သတိ မထား ။ တင်မေ့ မျက်လုံး ငေးငေးများ ကို လည်း အဓိပ္ပာယ် မရှာ ။ အရက် သောက်တာ ၊ မိန်းမ လိုက် တာ ကို အမြဲ ဆူပူ ဆဲဆို သည့် မယား အစား ပြုစု အလိုလိုက်သည့် တူမကလေး လို ချစ်ခင်သည် ။ ကိုဇော်ဖေ ၏ လောက တွင် တင်မေ တစ်ယောက် သာ သူ့ ဘက်သား ရှိ၏ ။ ထို့ကြောင့် တင်မေ ကို ဖြူစင်စွာ ချစ်၏ ။ ဒါကို သိသည့် လူ တစ်ယောက် က တော့ တင်မေ  ကံကောင်း နေသေးသည် ဟု ဆိုမည် ဖြစ်လေ၏ ။

တင်မေ က တော့ မိမိ ကံ ကို မိမိ ဖန်တီး ချင် ပြီ ။

သောက် တာ က ကိုဇော်ဖေ ဖြစ်သော်လည်း စင်စစ် ရူးမူး တာ က တင်မေ ပင် ဖြစ်တော့ လေ၏ ။ ရင်တွင်း မှာ မချိမဆံ့ ဖြစ် လွန်းတော့ နည်းလမ်း ကို ရှာ၏ ။

ဥပမာ ဆိုပါတော့ .….

တစ်ညနေ တွင် ကိုဇော်ဖေ နှင့် တင်မေ တို့ မှာ မြို့ပြင် လမ်းလျှောက်ခင်း ၏ နံဘေး မြက်ခင်း မှာ ရောက် နေကြလေ၏ ။ သူ က မြက်ခင်း ပေါ် ဝယ် မှောက် ကာ မြက်ပင်ကလေးများ ကို နုတ်လျက် ရှိ၏ ။ မူးပြီး ထိုးမလဲ သည့် တိုင်အောင် အမြဲတမ်း တော့ ခပ်ထွေထွေ ရှိ ရကား တင်မေ စွဲသည့် သင်းရနံ့ကလေး ကတော့ တပျံ့ပျံ့ နေလေ၏ ။ ထွေထွေကလေး ဆို ပြန်တော့ လည်း သူ့ ဟန်ပန် က တစ်မျိုး ချစ်စရာ ၊ တင်မေ မှာ မူ လက်ဖမိုး ပေါ် မေး တင်၍ ငေးသည့် မျက်နှာထား မျိုး ဖြင့် သူ့ ကို သာ တစိုက်မတ်မတ် ငေး ကြည့် ကာ နေလေ၏ ။ ကြက်သီး ထ နေ၏ ။ ချမ်းစိမ့်ပြီး နေ လေ၏ ။ ပြီးတော့ ငိုချင် လာ၏ ။

တင်မေ က သူ့ နဖူး ပေါ် ကျ နေသော ဆံပင် ကို တင် ပေးရင်း က နဖူး ကို နောက် သို့ လန်ကျ သွားအောင် နှိပ် လိုက်ပြီး မျက်နှာ ကို မော့စေ လေ၏ ။ ထို့နောက် မရိုးသား သဖြင့် တုန်လှုပ် နေသော အသံ ဖြင့် …

“ ဦးလေးဇော် ”

“ ဘာလဲ ”

“ ဦးလေးဇော် ”

“ ဘာလဲဟ ”

“ ဦးလေးဇော် ”

သည်အခါ မှာ တော့ တင်မေ သည် ငိုသံ ပါ လာပြီး တင်မေ့ မျက်နှာ သည် လည်း သူ့ မျက်နှာ ပေါ် ကျလာ တော့ မလို နီးကပ် လာလေရာ ကိုဇော်ဖေ သည် “ ဪ ... ကျပ်လိုက်ပါဘိ ” ဟု ညည်း ရင်း လူးလဲ ထ လေသည် ။

“ ဘာဖြစ်နေတာလဲ တင်မေ ”

တင်မေ သည် ခေါင်း ကို သာ ခါနိုင် လေ၏ ။ သူ က ရိပ်မိ ပုံ လည်း မရ ။ တင်မေ သည် သူ့ ကို မကြည့်တော့ဘဲ မျက်နှာ လွှဲနေ လေ၏ ။ တင်မေ မျက်နှာ က လည်း သွေး လျှမ်းပြီး နီရဲနေ၏ ။ သူ မသိအောင် လည်း တိတ်တဆိတ် ရှိုက်လျက် ရှိလေ၏ ။ ကိုဇော်ဖေ က မူ ကောင်မလေး အရူး ထ တာ ပါ ဟူသော အနေဖြင့် ဂရု မစိုက်ဘဲ ရှိလေသည် ။

“ ဦးလေးဇော် ”

“ လာပြန်ပြီ ”

“ ဦးလေးဇော် လို့ မခေါ်ချင်ဘူး ”

“ ဦးလေးပေ လို့ ခေါ်ဟာ ” ဟု သူ က စိတ်ပေါက်ပေါက် နှင့် ပြော၏ ။

သူတို့ နှစ်ယောက် သည် တိတ်ဆိတ် နေ ပြန်လေ၏ ။

“ ဦးလေးဇော် ”

ကိုဇော်ဖေ က သက်ပြင်း ချ လေ၏ ။

“ မခင်သန်း ကို တင်မေ မုန်းတယ် ”

“ ဟား ဟာ ... ဘာဖြစ်လို့လဲ ဟင် ”

“ သူ က အားအား ရှိ ဆူပူ နေတာပဲ ။ သူ ဆူတာ ဘာဖြစ်လို့ ခံနေရတာလဲ ဟင် ။ ပြီးတော့ ဦးလေးဇော် ကို ပျော်အောင် မထားဘူး ။ ဘာမှလည်း ဂရု မစိုက်ဘူး ။ တင်မေ သာ မရှိရင် ဦးလေးဇော် သိပ် မူးတဲ့ အခါ ဘယ့်နှယ် လုပ်မလဲ ”

တင်မေ သည် မြန်ဆန်စွာ ပြောလေ၏ ။ ကိုဇော်ဖေ က ဘာမျှ မပြော ။ တွေး နေဟန် ရှိလေ၏ ။ တင်မေ က တော့ မိမိ စိတ်များ လေနေသည် ထင်၏ ။ အမှန်ပင် လေနေ၏ ။ ထို့ကြောင့် မှောင် ၍ အိမ် ပြန်ရန် ထကြသည့် အခါတွင် တင်မေ သည် “ ဇော် ရယ် ” ဟု မကြား တကြား သက်ပြင်းကလေး မှုတ်ထုတ် လိုက် မိ လေ၏ ။ ကိုဇော်ဖေ က အံ့သြသလို ဖြစ် သွားပြီး သူ့ နား သူ မယုံနိုင် သလို ဘာမျှ မပြောဘဲ နေလေ၏ ။

“ ဇော် ” ဟု လမ်း ယှဉ် လျှောက်ရာ က ရဲတင်း မိုက်မဲစွာ ခေါ်လိုက် မိ လေ၏ ။

“ ဇော် … ဟုတ်လား ”

တင်မေ သည် မျက်နှာ ကို တစ်ဖက် လှည့် ပစ်ပြီး “ ဟောဒီ လမ်း ဟာ ဘယ်တော့မှ မဆုံးရင် ကောင်းမှာပဲ ဇော် ” ဟု လွမ်းလွမ်းဆွေးဆွေး ညည်းညူ လိုက်လေရာ

“ ဘာဖြစ်လို့လဲ ကွယ် ”

“ အိမ်ပြန် မရောက်အောင် လို့ ပေါ့ ”

သည်အခါမှာ မူ သူ သည် မျက်နှာ အနည်းငယ် နီ လာပြီ ထင်၏ ။ တင်မေ က ဝမ်းသာ၏ ။ ရှက်စိတ် ဆို၍ နည်းနည်း မှ လည်း မရှိပါ ။ မိုက်ချင် နေ၏ ။ ဘေးအန္တရာယ် ကို တောင့်တ နေ၏ ။ တင်မေ သည် သူ့ အနား တိုး ကာ ခါး ကို သိုင်းဖက် လိုက်လေ၏ ။ အရောဝင် နေကျ မို့.မထူးဆန်းသည့် အပြုအမူ ၊ သို့ပေမဲ့ ။

ကိုဇော်ဖေ က ချောက်ချား နေသော အသံ ဖြင့်

“ တင်မေ … နင် မငယ်တော့ဘူး ”

“ သိသားပဲ ” ဟု ပေါ့ဆစွာ ခေါင်း ကို မော့ပြီး ပြောလိုက်မိသေး၏ ။

ခဏကြာသော် ကိုဇော်ဖေ ၏ လက်မောင်း သည် တင်မေ့ ပခုံး ပေါ် လာ တင်လေ၏ ။ သူတို့ နှစ်ယောက် သည် တင်းကျပ်စွာဖက် ရင်း မှောင် ထဲ တွင် ဖြည်းလေးစွာ လျှောက်ကာ နောက်ဆုံး တွင် အိမ်ပြန် ရောက်ကြလေ၏ ။ သူ့ စိတ် ထဲ ဘာရှိမည်တော့ ခုထိ တင်မေ မသိ ။ တင်မေ က တော့ ပျော်သည် ။

တင်မေ သည် ခုက စပြီး ပျော်ရတော့မည် ထင် လေသည် ။ သို့သော် နောက် တစ်နေ့ တွင် ကိုဇော်ဖေ သည် ဘာကို မှ မမှတ်မိတော့ သလို နေ လေ၏ ။ ည က အဖြစ် ကို မူး ပြီး မက်သည့် ကတောက်ကတက် အိပ်မက် ဟု ပင် ထင်နေ သလားမသိ ။

တင်မေ သည် သူ သောက် သမျှ ကို သာ စားပွဲ ပေါ် လက်ဖဝါး နှစ်ခု ယှက် ချ ပြီး မေး တင်ကာ ကြည့် ရုံ သာ တတ်နိုင် လေတော့သည် ။

တင်မေ့ အသည်း ထဲ က ဇော် သည် ငါးရက် မျှ ပျောက်သွား လိုက်သေးသည် ။ ကိုယ့် ဇော်ကို ဖြင့် တင်မေ အတွင်းသိ အစင်းသိ ဖြစ်လေရာ ငါးရက် လုံး ပင် စိတ်တို နေရပေသည် ။ ဇော် ကား လူပေလူတေ တစ်ယောက် ဖြစ်လေရာ သည်လိုပဲ ပျောက်သွား တတ်သည် ။ အရက်သမား တစ်စု နှင့် မလင်းအောင် သောက်လိုက် ။ ရီတီတီ ကြားဖြတ် ကာလကလေးများ တွင် ဟိုတယ်မယ်တွေ နှင့် တစ်ဖက် ငါးရာ လူးလှိမ့် နေတတ်၏ ။ ဒါကို တင်မေ အတတ် သိ၏ ။

တင်မေ က မူ ကား ဇော် ပြန်မလာ မချင်း စိတ် ထဲ က ဘာဖြစ်မှန်း မသိ ဒေါသ ဖြစ် သလို ၊ စိတ်ညစ် သလို နှင့် လှုပ်ရှား ထကြွသော ဝေဒနာ ကို ခံစား နေရ လေ၏ ။ 

ဇော် ၏ မိန်းမ မခင်သန်း က မူ လာ လျှင် ဆူပူလိုက်မည် ၊ ကြိမ်းမောင်းလိုက်မည် ဟု ဟန်ပြင် ထား၏ ။ အဆူအပူများ ကို ကြောက် ၍ လည်း ဇော် က ထွက်ပြေး တတ်၏ ။

တင်မေ က မူ ကား ဆူးတောင်များ ရှိသော လိပ်ပြာ ကို လိုက်လံ ကာ ဖမ်းချင် နေ၏ ။ တင်မေ ၏ စိတ်ကူး တိုင်းပြည် ထဲ တွင် ကား ပန်းလိပ်ပြာ ကလေး မှာ ဆူးကလေးတွေ နှင့် ။ ဖမ်း လိုက် လျှင် လက် ကို လာ၍ ရှ တတ်၏ ။ စူး တတ်၏ ။ ဒါပေမဲ့ စူးတာ ရှတာကလေး ကို ပဲ လိုချင် သလား ၊ မလိုချင် သလား မခွဲတတ် ။ စိတ် ထဲ က မူ လာ၍ စူးလျှင် “ အမယ်လေး ” ဟု အော်ပစ် လိုက် ချင်၏ ။ အော် လိုက်ရ မှ စိတ် က ပြေ သွား၏ ။

တစ်နေ့လုံး ပြတင်း မှ မှီကာ ဇော် ကို စောင့် နေ၏ ။

မခင်သန်း မှာ မီးဖိုချောင် မှ ကျိန်ဆဲ ရေရွတ် လျက် ရှိ၏ ။ သို့သော် အရိပ်အယောင် မှ ပေါ် မလာ ။ လေ က တိုက်ဝှေ့ တိုင်း ရွေ့လျား ၍ နေသော သစ်ပင်ရိပ်များ ကို တင်မေ က ကျိန်ဆဲ နေ၏ ။ ပြာသော ကောင်းကင် မှာ ကြေးမုံ လို ဝင်းလက် နေသည် ။ သစ်ကိုင်း သစ်ခက် တို့ မှာ အောက် သို့ သာ ငိုက်ယွန်း နေကြသည် ။ မြေပြင် ပေါ် တွင် လာ၍ ထင် ကြသော အကွက် တို့ မှာ လေ က သုတ်ဝှေ့ လိုက်တိုင်း ပြား၍ ပြား၍ သွားကြလေ၏ ။ ပုံသဏ္ဌာန် တို့ သည် တွန့်ယှက် ကာ ဝါး သွားကြ၏ ။ နောက် ပြန်၍ ငြိမ် လာ၏ ။ နောက် ပြန်၍ ဝါးသွား ပြန် ၏ ။

တင်မေ မှာ စိတ်မှန်း လို့ မတည်မကျ ။ ဇော် …. ဇော် ... ပြန်လာပါတော့ ကွယ် ။ သို့သော် လေ တစ်ချက်အဝှေ့ တွင် မြေပြင် မှအရိပ်ကွက် အရိပ်ပြောက် တို့ သည် လွင့်ပါ ၍ လှုပ်ရှား သွားကြပြန်လေ၏ ။ ပုံသစ် တစ်ခု သို့ ကူးပြောင်း သွားကြပြန် လေ၏ ။ သည်လို နှင့် ဒေါသ ထွက် ရ ပြန်ပါ၏ ။

ကနေ့ လည်း ဇော် အိမ် ပြန် မလာ ။ တင်မေ သည် အစောကြီး အိပ်ရာ ဝင်သည် ။ တစ်ရေး နိုးသော အခါ တစ်ဖက် ခန်း မှ ဇော် ၏ အသံ ကြား ရ၏ ။ အရက်သံ မှာ ပြတ်သားစွာ ပေါ် လာ၏ ။ မိန်းမ က ဆူ၏ ။ တစ်ခါတစ်ခါ ကျယ်လောင် လာ၏ ။ ဇော် က မူ တိတ်ချက် ကောင်းနေ၏ ။

နောက် တစ်နေ့ တွင် ကား ဇော် ကို ယခင် က လမ်းလျှောက် လေ့ ရှိသော မြို့ အပြင် မြက်ခင်းကလေး တွင် တွေ့ကြ ပြန် လေ၏ ။

ခါတိုင်း ကဲ့သို့ ပင် တင်မေ က သူ့ ကို ကြည့်ကာ မခိုးမခန့် ရယ်၏ ။

“ ဘာလဲ … ဒီကောင်မလေး ” ဟု ဆိုကာ ခေါင်း ကို ပုတ် လိုက်၏ ။ တင်မေ က ကျင်လည် ဖျတ်လတ်စွာ ကွေ့ရှောင် လိုက် သဖြင့် လွတ် သွား၏ ။ နောက်တစ်ကြိမ် မူ အဖျား ခတ် ၍ ထိပွတ် မိလေရာ ဆံပင်တွေ မှာ ဖွာရရာ ကြဲ သွား၏ ။

တင်မေ စွဲ သည့် သင်းရနံ့ကလေး က မွှေးအပျံ့ပျံ့ ထွက် လာ၏ ။ မျက်လုံး မှာ ရီဝေ နေ၏ ။ ခါတိုင်း လည်း ရီဝေနေကျ ၊ မှုန်ဝေ့ဝေ့ ဖြစ် နေကျ ။ သို့သော် ဒီ တစ်ကြိမ် မူ တင်မေ က ပို၍ မူးယစ် နေ၏ ။ မျက်တောင် မှာ စင်းကျ နေ၏ ။ အကြည့် မှာ ရီဝေ နေ၏ ။

နှုတ် က မူ “ ဇော် …. ဇော် ” ဟု တေးကာရန် ယူ သလို ရွတ် နေလေ၏ ။

“ ဘာလဲ … ဒီ ကောင်မလေး ဘာဖြစ်နေလဲ ”

ဒါပဲ ကိုဇော်ဖေ က ပြောသည် ။

နှစ်ယောက်သား ဆက် ၍ သာ လျှောက်သွား ကြ၏ ။ အရိပ်များ သည် ရှည် သည် ထက် ရှည်လျား လာ ကြသည် ။ နောက် အမှောင်ရိပ် များ သည် တစ်ခု နှင့် တစ်ခု ကူးဆက် ကာ ဆက် သွားကြလေသည် ။ ကျေးငှက်ကလေးများ တွတ်တွတ် ထိုးသံ သည် ဆူညံ ၍ လာ၏ ။ ခေါင်း ပေါ် မှ အရွက်များ ပြွတ်ကာ မိုးလာ ကြ၏ ။

“ မှောင်လာပြီကွ ” ဟု ကိုဇော်ဖေ က ဆို၏ ။

“ မှောင် မှောင် ...”

ကိုဇော်ဖေ က ဘာမျှ မပြောနိုင် ။ ငေးကြောင်ကြောင် နှင့် သာ တင်မေ့ ကို စိုက်ကြည့် နေရ၏ ။ တင်မေ က တော့ နည်းနည်းမျှ မဖြုံ ။ ဘယ်သူ့ ကို မှ မကြောက် ။ အံ့သြသည့် အကြည့် ကို တင်း၍ နေနိုင်၏ ။

“ မှောင် ... မှောင် လေ ”

ထပ်၍ ပင် ပြောလိုက်သေး၏ ။

ပန်းရနံ့ကလေး တွေ မှာ မှောင်သော သစ်ရိပ် အကြား မှ ဖြတ်သန်း ကာ ဝင် လာ၏ ။ ဘာပန်းတွေ ၊ ဘာရွက်တွေ ၊ ဘာပင်တွေ ဟု မခွဲခြားနိုင် တော့ ။ မြင်မြင်သမျှ စိမ်းမှောင်မှောင် သာ ဖြစ် နေ၏ ။ ဟိုက တွဲလွဲ ၊ ဒီက တွဲလွဲ ဆိုင်း နေတာ ညွှတ်ကိုင်း ကာ ကျနေတာတွေ ၊ ပိန်းပိန်းတွေ ၊ အပြောက်အပြောက် သာ ပဲ စိတ် ထဲ က သိ နေ၏ ။ ဘာမျှ မထင်ရှားတော့ ။

သို့သော် တင်မေ အဖို့ ထင်ရှား နေတာ မှာ သင်းတပျံ့ပျံ့ ရနံ့ကလေး ။ အရက်ငွေ့  ။

တင်မေ က သာ စကားတွေ ပြောနေ၏ ။ သူ က အင်း လိုက်၏ ။ တင်မေ က ပြောရင်း စိတ်ပါလာ၏ ။ ငယ်ငယ် က တစ်ယောက် တည်း နေခဲ့ ရ တာတွေ ၊ အမေ တစ်ည လုံး ပြန် မလာ ၍ မှောင်ကြီး မည်းကြီး ထဲ စောင့် နေရတာ ။

“ အဲဒီတုန်း က လေ သိပ် ကြောက်တာပဲ သိလား ။ သိပ် ကို ကြောက်တာပဲ ။ မီး က လည်း မရှိဘူး ၊ ဘာမှ မမြင်ရဘူး ။ ကြယ်ရောင်ကလေး သာ ရှိတယ် ။ ဒါပေမဲ့ မလင်း သလိုပါပဲ ။ တစ်ယောက် တည်း ဆိုတော့ တစ်မျိုး ပဲ လေ ။ သိပ် ကို ကြောက်တာပဲ ။ ဘာမှ မမြင်ရ ပြန်တော့ သရဲ တို့ ၊ တစ္ဆေ တို့ ကို စိတ်ကူး ကြောက်ရတယ် ။ တစ်ယောက် တည်း နေရတာ စိတ်ကူး ဖြစ်တယ်နော် ဇော်ရေ ”

ကိုဇော်ဖေ ကား အင်း လိုက် ၍ သာ နေ၏ ။ တင်မေ က ဆက် ပြော၏ ။

“ သိပ် စိတ်ကူးလို့ ကောင်းတာပဲ ။ ထင်ရာ မြင်ရာ လျှောက် တွေး တော့တာပဲ ။ နောက် စိတ်ကူးရင်း နဲ့ ကြောက်တယ် ဆိုတာ ဘာမှန်း မသိတော့ဘူး ။ သိပ်လည်း ရယ်စရာ ကောင်းတယ် ။ စိတ်ကူး ထဲ မှာ ကြယ်ကလေးတွေ ဟာ စံပယ်ပွင့်ကလေးတွေ ဖြစ် နေကြတယ် ။ နောက် စကြာ လို လည်ပြီး လကြီး ဖြစ်သွား ပြန်ရော ။ လကြီး က ကြီး လာပြီး မျက်နှာ ပေါ်  မိုးလာတော့ တာပဲ ။ ငွေရောင် က လည်း တလက်လက် နဲ့ မျက်နှာ က တော့ ကြောက်စရာ မကောင်းဘူး ရှင့် ။ ပြုံး နေတာပဲ ။ အဲဒီ ကတည်း က စပြီး တစ်ယောက် တည်း နေရတာ မကြောက်တော့ ဘူး ။ ဇော် ကော ဘယ့်နှယ်လဲ ”

ဇော် ကား ခေါင်း ကို သာ တွင်တွင် ခါ နေလေ၏ ။

“ နင့် ဟာ က လည်း ဟာ အရက် မူး တဲ့ လူ လျှောက် ပြော တာ ကျနေတာပဲ ။ ပေါက်ကရ ရောက်တတ်ရာရာ ပဲ ကိုး ”

မြို့ အပြင် ချောင်းကလေး တစ်ခု နား သို့ ရောက် သွား၏ ။ တစ်ခါ မှ သည် ချောင်းလေးမျိုး ရှိသည် ဟု မကြားဖူး ။ ရေ မှာ ရေညှိ တို့ ဖြင့် သာ ပြွမ်း လေ၏ ။ မှော်ပင် ပိန်းပင် တို့ကား တရစပ် ပေါက် နေကြ၏ ။ အပေါ် မှာ ဇလပ်ပင်များ က အုပ် ၍ နေကြ၏ ။ အကိုင်းများ က ညွှတ်ကွေး ကာ ရေ သို့ ထိလုဘနန်း ဖြစ်နေ လေ၏ ။ တချို့ ပျော့ပျောင်းသော နွယ်ချောင်း တို့ သည် ရေ ထဲ တွင် တစ်ဝက်နစ်မြုပ် လျက် ရှိ၏ ။ ငှက်ကလေးများ ၏ တကျီကျီ အော် သံ မှာ စူးရှ ၍ လာ၏ ။ မြူငွေ့ တို့ က လည်း သမ်း လာလေသည် ။

“ နင် မငယ်တော့ဘူး ” ဟု ကိုဇော်ဖေ က တစ်ချက် ဆိုလိုက် ၏ ။

တင်မေ ကား ကြား လိုက်သည် ဟု ပင် မထင်သည့် အလား “ ရေစပ်ကလေး သွားရအောင် ”  ဟု ဆိုကာ ကိုဇော်ဖေ လက် ကို အတင်း ဆွဲ ခေါ် နေ လေ၏ ။

“ ရေ ထဲ ကျ သွား လိမ့်မယ် ”

“ မကျပါဘူး ဇော် ရယ် ”

ကိုဇော်ဖေ က လက်လျှော့ လိုက်၏ ။ တင်မေ သည် ရေစပ်နား သို့ အရောက် သွား၏ ။ ဇလပ်ကိုင်း များ ကို လက် နှင့် ဖယ်ရှား ပစ် ရ၏ ။ တင်မေ က သမင်မကလေး လို မြူးထူးဖျတ် လတ်စွာ ခုန်ပျံ ၍ သွား၏ ။ တစ်နေရာ တွင် ခြေ တစ်ဖက် ရေ ထဲ နစ် သွား၏ ။

“ အမယ်လေး ” ဟု ငယ်သံ ပါအောင် အော် လိုက်သည် ။

ကိုဇော်ဖေ သည် ပြေးကာ သွား ၍ ပွေ့ ရ၏ ။

“ ဘာဖြစ်တာလဲ ကွ ”

“ ဇော် ရယ် ” ဟု ဆိုကာ တင်မေ က ကိုဇော်ဖေ့ ကို ဖက် ထား၏ ။

ကိုဇော်ဖေ က လည်း ပြန် ဖက်ထား၏ ။

“ အိမ်ပြန်မယ် ” ဟု တင်မေ က အထူးအဆန်း ဆို၏ ။

သည်တစ်ခါ မူ ဇော် က မပြန်ချင် ။ တင်မေ က မူ အမူး ပြေလေပြီ ။

“ ဒီ ကောင်မလေး သိပ် ခက်တာပဲ ”

ဟု ဆိုကာ တင်မေ့ ကို တိုး၍ ဖက် ထား၏ ။

“ လိမ္မာစမ်းပါကွယ် ”

“ ဘာ လိမ္မာရမှာ လဲ ပြောစမ်းပါဦး ”

“ မင်း ကို မင်း ကလေးလေး လို့ ထင် နေသလား ”

“ ကလေး မဟုတ်တော့ ဘာဖြစ်သေးလဲ ”

ကိုဇော်ဖေ က ရယ်မော ကာ နေလေ၏ ။

သူတို့ သည် သစ်ပင် အောက် မြက်ခင်း သို့ လျှောက်သွား ကြ၏ ။ တင်မေ့ စိတ် မှာ မခံရပ် နိုင် အောင် ဖြစ် လာ၏ ။ တင်မေ က စိတ် ထဲ က အလို မကျ တိုင်း မြက်များ ကို သာ ဆွဲနုတ် နေ လေ၏ ။ ကိုဇော်ဖေ က မူ သူ့ ဖက် ထား၏ ။ သို့သော် တင်မေ ၏ အဖက် က ပို၍ တင်းကျပ် ၏ ။

“ ဖက်ပါဦး ဇော် ရယ် ”

တင်မေ အစွဲကြီး စွဲ ခဲ့သော ဇော် ၏ သင်းပျံ့ပျံ့ ရနံ့ကလေး မှာ သင်းမြ ၍ လာ၏ ။ အဝေး မှ ချောင်းရိုး တစ်လျှောက် ဝေ့လာသော စိမ်းဆတ်ဆတ် ရနံ့များ ထက် လှပ၏ ။ ချစ်စရာ လည်း ကောင်းလှ၏ ။

ဇော် ၏ ပါးစပ် က မူ “ ခက်တာပဲ ” ဟု ညည်းတွား နေ၏ ။

“ ဘာ ခက်တာလဲ ပြောစမ်းပါဦး ။ ပြောလေ ပြောလေ ”

ကိုဇော်ဖေ ကား ဘာမျှ မပြောနိုင် ။ တင်မေ မှာ ကိုဇော်ဖေ ၏ မျက်နှာ နား သို့ ကပ် ကပ် လာ၏ ။ နောက် မျက်လုံး နှစ်လုံး ထိ သွားကြ၏ ။ တင်မေ က နည်းနည်း မှ မျက်စိ ကို မပိတ် လိုက် ဘဲ ကြည့် နေ၏ ။ မြင်သမျှ ကို ငေးကာ ကြည့် နေ လေ၏ ။ ကြည့်ရင်း မျက်တောင် စင်း လာ၏ ။ ငေး လာ၏ ။

တင်မေ က “ ဟင့်အင်း .. ဟင့်အင်း ” နှင့် ညည်းညူ နေလေ၏ ။

ကိုဇော်ဖေ က မူ ကလေးလေး ဟု အောက်မေ့ ကာ မူးယစ်ယစ် နှင့် ဖက်၍ ထား၏ ။ တင်မေ က လူးလှိမ့် ၍ နေ လေ၏ ။ ကိုဇော်ဖေ က ငြိမ်သက် ကာ တွေး နေ၏ ။ ကျေးငှက်ကလေးများ သည် တကျီကျီ အော်မြည် ကာ သူတို့ ကိုယ် ပေါ် မှ ဖြတ်သန်း ပြေးသွား ကြ၏ ။

နောက်ဆုံး၌ တင်မေ က ကိုဇော်ဖေ့ ကို တွန်းပစ် ကာ “ ပြန်မယ် ” ဟု ပြောပြီး ထွက် သွား၏ ။ ကိုဇော်ဖေ မှာ အံ့သြကာ ကျန်ရစ်၏ ။ ခေါ်၍ လည်း လှည့် မကြည့် ။ သည်တော့မှ နောင်တ ရ ကာ လိုက်၏ ။ မမီတော့ ။ တင်မေ ကား အနားကပ် ပင် မခံ ။ ယခင် လမ်းလျှောက် နေကျ မြက်ခင်းကလေး သို့ ရောက်လာသော အခါ မီလု မီခင် ရှိလာ၏ ။

“ ကောင်မလေး နေဦး ”

ဘာမျှ ပြန် မပြော ။

“ ကောင်မလေး နေဦး ဟ ၊ ငါ ပြောပါဦးမယ် ”

လှည့်၍ ပင် မကြည့် ။

ကိုဇော်ဖေ က ပြေးလိုက် သော အခါ တင်မေ က ထွက် ပြေး၏ ။ ဒါနှင့် မြို့ ထဲ ဝင် လာ၍ မမီတော့ ။

သည်ကတည်း က တင်မေ နှင့် ကွဲကြတော့သည် ။ တင်မေ မှာ အိမ် ထဲ က အိမ် ပြင် မထွက်ဘဲ နေ၏ ။ နေနိုင်အောင်လည်း နေ၏ ။ ကိုဇော်ဖေ မှာ အစ က တော့ သည်လို နေလိမ့်မည် ဟု မယုံကြည်ချင်ဘဲ စိတ်ကောက် တာပဲ ဟု အောက်မေ့၏ ။ သို့သော် သည် ကတည်း က တစ်ယောက် နှင့် တစ်ယောက် မဆုံကြတော့ပေ ။ ခါတိုင်း ကဲ့သို့ ပင် ကိုဇော်ဖေ သည် အိမ် မှ ၄ - ၅ ရက် ပျောက်သွား ပြန်လေ၏ ။ အရက် နှင့် ဟိုတယ်မယ် ကြား တွင် အိပ်ပျော် ကာ နေပြီး ပြန်ရောက် လာ၏ ။ တင်မေ ကို အစအန မှ မတွေ့ရ တော့ပေ ။

နှစ်တွေ ၊ နှစ်တွေ ကြာခဲ့ပေပြီ ။

ယခုမူ တင်မေ မှန်း မသိဘဲ တွေ့ ရပြီ ။ သူ ပြန်သွားပြီ ၊ သူပြန်သွားပြီ လေ ။ ဘာ တတ်နိုင်သေးသလဲ ။ ဟိုတုန်းက တွေ့တုန်း က လည်း ဘာမှ မတတ်နိုင် ။ အခုလည်း မတတ်နိုင် ။ ဘာများ ထူးသလဲ ။ သူ ကတော့ သူ့ ဘဝ အလေ့ကျ အတိုင်း ပျော်ပါး သွား ပြီလေ ။ အရက်ချိုမြမြကလေး မြည်း ကာ အနမ်းကလေး နှင့် တို့ကစား ကာ နေ၏ ။ တစ်ခါတလေ ပါးချင်း အပ်ကာ စကား တတွတ်တွတ် ပြော၏ ။ အရက် ကို အနမ်း နှင့် မြည်း လိုက် ပါ သေး၏ ။

တစ်ညလုံး ချစ်သူ နှင့် တစ်အိပ်ရာ တည်း အိပ်ရ၏ ။ သို့သော် သူ က မသိ ။ ချစ်သူ ဟူ ၍ ဝေးစွ ။ တစ်ည သုံးလေးဆယ် ပေး ရသည့် မိန်းမတွေ ထောင်သောင်း ထဲ က အစက်ကလေး တစ်စက် မျှ ပင် ထင်ချင် မှ ထင်မည် ။ သိပ် မျှော်လင့် မနေပါနဲ့ လေ ။ သေချာပါတယ် ။ တစ်စက် မှ မထင်ပါဘူး ။

ပိုက်ဆံ ပစ် ပေးပြီး အခန်း ထဲ က မှ ဆင်း သွားသော ခြေသံများ ကို ကြားယောင်ယောင် ဖြစ်လာရ ပြန်ပါ၏ ။ ခြေသံ တို့ကား နှစ်ကာလ ကို ရေတွက် နေ၏ ။ နှစ်တွေ ကုန်လွန် ခဲ့ပေပြီ ။ အဖြစ်အပျက် မျိုးစုံ နှင့် ကြုံတွေ့ ကာ နောက်ဆုံး သည် ဘဝ သို့ ရောက် လာ ရ၏ ။ သူ့ကို ဘယ်တော့မှ တွေ့ ရလိမ့်မည် ဟု လည်း မမျှော်လင့်ခဲ့ ။ တွေ့လည်း မတွေ့ချင် ။ တွေ့မယ့် တွေ့ တော့ လည်း တစ်အိပ်ရာ တည်း မှာ တွေ့ကြရ၏ ။ တွေ့ ပေမဲ့ အတိတ် မရှိ ။ သူ က ကိုယ့် ကို မသိ ။ ကိုယ် က သာ သိ ကာ မချိတရိ ဖြစ် နေရ၏ ။

ပြတင်းပေါက် မှ လေကလေး သုတ်ဖြူး ကာ ဝင် လာ၏ ။

ကိုဇော်ဖေ တင် ထားခဲ့သော ငွေစက္ကူများ သည် စားပွဲ ပေါ် မှ လွင့်ကျ သွား၏ ။ တင်မေ သည် ချက်ချင်း လိုက် ကာ ကောက်၏ ။ လေ တစ်ချက် ဝှေ့ တိုက် လိုက် ပြန်ရာ အနား သို့ ရောက်ကာ မှ ဝေးသွား သဖြင့် တစ်ဖန် လိုက် ကောက်ရပြန်၏ ။ ရပြီ ။

နောက်ဆုံးတော့ ရ ပေပြီ ။

ငွေစက္ကူ မှာ အရက် စွန်း ထား သဖြင့်လား မသိ ။ ဝါ ကာ တွန့် နေ၏ ။ ယခင်က သင်းပျံ့ပျံ့ ရနံ့ကလေး မှာ ထွက်လာ ပြန်လေသည် ။

“ ဇော် ” ဟု ပါးစပ် က အလိုအလျောက် ထွက် လာသည် ။

သင်းပျံ့ပျံ့ ရနံ့ကလေး မှာ လှိုင်၍ လာ ပြန်၏ ။ တင်မေ  အစွဲကြီး စွဲခဲ့တဲ့ ရနံ့ကလေးများ ။ ရနံ့ကလေး သာ လျှင် ကျန်ရစ်နေလေ၏ ။

◾ကြည်အေး

📖 တာရာမဂ္ဂဇင်း
      အတွဲ ၄ ၊ အမှတ် ၂၈
      မေ ၊ ၁၉၅ဝ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment