Thursday, March 9, 2023

ညစ်ပတ်တဲ့ ဝတ္ထု


 ❝ ညစ်ပတ်တဲ့ ဝတ္ထု ❞


ပြူးကြောင် မြို့ တစ်ခါ တက်ရင် ရောဂါ တစ်မျိုး ရလာတတ်တယ် လို့ ရွာ မှာ ပြောစမှတ်ကြီး ကို ဖြစ်လို့ ။


ဟို လွန်ခဲ့တဲ့ လေးနှစ် လောက် တုန်း က ပြူးကြောင် ရန်ကုန် ကို တစ်ခေါက် ရောက် သွားတယ် ။ ဒါ ပထမဆုံး အကြိမ် မြို့ကြီးပြကြီး ကို ရောက် ဖူးတာ ။ ဟိုမှာ လေးငါးရက် နေ ပြီး ပြန် လာတော့ သူ့ နာမည် ကို “ တင်မောင်မောင် ” လို့ ပြောင်း လိုက်တယ် ။ အရက် တန် တဲ့ လူ အရက် ၊ လက်ဖက် တန် တဲ့ လူ လက်ဖက် နဲ့ ငွေ ဆယ့်လေးငါးကျပ် ချော သွားတယ် ။ ထန်းရည်ဖိုး မပါသေးဘူး ။ ထန်းရည် က အလကား ရလို့ ထန်းရည်ဖိုး ပါ ထည့် တွက်ရင် တော်တော် များမယ် ။


‘ တင်မောင်မောင် ’ ဆိုတဲ့ နာမည် က လှတဲ့ အကြောင်း အာလေး လျှာလေး နဲ့ ပြောသံတွေ ကြား လိုက် ရတယ် ။ အဲဒီ တစ်ရက် ပါပဲ ။ နောက်တော့ လည်း ပြူးကြောင် ဟာ ပြူးကြောင် ပါပဲ ။ သိပ် ရင်းတဲ့ မြင့်အောင် တို့ ၊ ချစ်ဆွေ တို့ လို သူငယ်ချင်းတွေ က တော့ ငပြူး လို့ ခေါ်မြဲ ခေါ်ကြတယ် ။ တစ်ရွာလုံး က ပြူးကြောင် လို့ ပဲ နှုတ်ကျိုး နေကြတာ နှစ်တွေကြာ လှပေါ့ ။


တလောဆီ က တော့ ပြူးကြောင် ရွာ က နေ ပျောက်သွား လိုက်တာ ရက် နှစ်ပတ် လောက် ကြာတော့ ပြန် ပေါ်လာတယ် ။ ဒီ တစ်ခါ တော့ ပြူးကြောင် ရဲ့ရောဂါ က တစ်မျိုး မကတော့ဘူး ။ အတော် စုံ လာတယ် ။


တင်မောင်မောင် ဆိုတဲ့ နာမည် က သူ့ ကို စီး နေတယ် ။ သူ နဲ့ မတည့်ဘူး တဲ့ ၊ ရန်ကုန် က ဆရာ တစ်ယောက် က ဟော လိုက်တယ် ။ နားထောင် နေကြတဲ့ သူငယ်ချင်းတွေ စိတ်ဝင်စား သွားကြတာပေါ့ ။ ပြူးကြောင် က သူ့ အကျင့် အတိုင်း စကား ပြောရင် အားပါးတရကြီး ပြောနေကျ မဟုတ်လား ။ အခုလည်း မြို့တော်ရန်ကုန် အတွေ့အကြုံ ကို အပို စာသားလေးတွေ ပါ ထည့် ပြောနေတယ် ။ မျဉ်းကျား က မကူးလို့ အဖမ်း ခံရပေမဲ့ သူများ ဒဏ်ငွေ ဆောင် ရတာ သူ တော့ မဆောင်ခဲ့ရဘူး ဆိုတာမျိုး က အစ မြို့ ထဲ မှာ ရေခဲမုန့် လည် ရောင်း တဲ့ ကား ပေါ် က မဒီကလေး တစ်ယောက် နဲ့ သူ နဲ့ ကြည်ခဲ့တဲ့ အကြောင်း လည်း ပါတယ် ။


တင်မောင်မောင် ဆိုတဲ့ နာမည် က စီး နေတယ်လို့ ဟောတဲ့ ဆရာ ကို ငွေ ၃ဝ ကန်တော့ ခဲ့ရတယ် လည်း ဆိုရော သူငယ်ချင်းတွေ အတော် အံ့သြ ကုန် ကြတာပေါ့ ။ ဆရာ က တင်မောင်မောင် ဆို တဲ့ နာမည် အစား သူ နဲ့ လိုက်ဖက်တဲ့ နာမည် ကို ချက်ချင်း ရွေး မပေးသေးဘဲ နောက် တစ်နေ့ မနက် ကိုးနာရီ ချိန်း သတဲ့ ။ ခင်ဗျား စနေသား ပါ ။ မနက်ဖြန် စနေနေ့ မနက် ကိုးနာရီ ရောက်အောင် လာခဲ့လို့ မှာ လိုက်သေး သတဲ့ ။ အဲဒီလို ချိန်းပြီးတော့ ဆရာ လည်း သူ့ ကိစ္စ အဝဝ အတွက် အာရုံ ယူရအောင် ဆူးလေဘုရား ပေါ်  ကို တက်သွား သတဲ့ ။


ပြူးကြောင် က တကယ်ကိုပဲ ဆရာ ချိန်းတဲ့ ကိုးနာရီ တိတိကျကျ ရောက်အောင် သွားတယ် ။ သူ့ မှာ နာရီတွေ ဘာတွေ ရှိတာ မဟုတ်ဘူး ။ လမ်းဘေး က အိမ်တွေ ထဲ က နာရီတွေ ကို လှမ်း ကြည့်လိုက် ။ လက်ပတ်နာရီ ပတ်ထားတဲ့ လူ တွေ့ ရင် ဘယ်နှနာရီ ရှိပြီလဲ ခင်ဗျာ လို့ မေးပြီး သုတ်ခြေ တင် ရတာ ။ သူ တည်း တဲ့ တာမွေ ထဲ က ဦးအာဒိစ္စကျောင်း နဲ့ ဆရာ့ နေရာ ဆိုရင် ရွာ ကနေ ‘ လေပွေချောင်း ’ လောက်တော့ ဝေးမယ် တဲ့ ။ ဆရာ့ ဆီ ရောက်တော့ သူ တော်တော် မော နေပြီ ။ ချွေးပေါက်တွေ သီး လို့ ။


ဆရာ က သူ့ ဘဝ တစ်လျှောက် လုံး အောင်မြင်မှု သရဖူ အမြဲ ဆောင်း နေရအောင် “ နွေမိုးဆောင်းကိုကို ” လို့ နာမည် လှလှလေး ရွေးပေး လိုက် သတဲ့ ။ ငါး အစ သုံး အဆုံး ထီ ငါးစောင် လည်း ထိုးခိုင်း သတဲ့ ။ ပြူးကြောင် က ထီလက်မှတ်တွေ ထုတ်ပြ နေတယ် ။ ဟောဒီ ဆင်မြီးလက်စွပ်ကလေး ကို လည်း အမြဲ ဝတ်ထား ဆိုပြီး ချွတ်ပေး လိုက်တယ် ။ ဆရာ ရဲ့ လက်သူကြွယ် က ဆင်မြီးလက်စွပ် က ပြူးကြောင် နဲ့ ကျတော့ ဘယ်ဘက် လက်သန်း တောင် ခပ်ကျပ်ကျပ် ပဲ ။


ဒါကြောင့် ဒီကနေ့ က စပြီး သူ့ ကို ပြူးကြောင် လို့ ၊ ငပြူး လို့ မခေါ်ကြတော့ဘဲ “ နွေမိုးဆောင်းကိုကို ” လို့ ခေါ်ကြစေလိုကြောင်း ပြောပြ နေတယ် ။ ဒီတစ်ခါ တော့ ပြူးကြောင် က အရက်တွေ ဘာတွေ တိုက် မနေ တော့ပါဘူး ။ ရန်ကုန် က ဝယ်လာတဲ့ ဒူးယားစီးကရက် တွေ ပဲ တိုက်နိုင်တော့တယ် ။ ရန်ကုန် မှာ ငွေ အတော် ကုန်ခဲ့တာလေ ။


အပေါင်းအသင်းတွေ လည်း အစီခံ မပါတဲ့ ဒူးယား တစ်လိပ် စီ ကောက်ဖွာ လိုက်ကြတယ် ။


စီးကရက် ကို အလကား ရ လို့သာ ဖွာ နေကြတာ သူတို့ ပါးစပ် မှာ ဒူးယား က ဂဠုန် နှစ်ကောင် ၊ မြင့်ကျော်ရင် ဖက်ကြမ်းဆေးလိပ် လောက် ဆေး မပြင်း လို့ အရသာ မတွေ့လှဘူး ။ ချင်ခြင်း မပြေဘူး ။ ဘတ်သတ်ကြီး ဖြစ် နေတယ် ။ အဲဒီလို ပဲ ပြူးကြောင် ခေါ် ငပြူး ခေါ် တင်မောင်မောင် ကို “ နွေမိုးဆောင်းကိုကို ” လို့ ခေါ်ရမှာ လည်း သူတို့ စိတ် ထဲမှာ ဘတ်သတ်ကြီး ဖြစ် နေကြတယ် ။


ဒီ တစ်ခေါက် ပြန် လာတော့ ပြူးကြောင် က အဆင့်မြင့် လာတယ် ။ ရောဂါ တစ်ခု တည်း မကဘူး ။ ဖီးလ်ဂျက်ကက်ကြီး တစ်ထည် နဲ့ လောင်းပင် နှစ်ထည် ပါ ချ လာတယ် ။ လောင်းပင် နှစ်ထည် အနက် တစ်ထည်က ဂျင်းဘောင်းဘီ ။ တစ်ထည် က တက်ထရက် လို့ ထင်တာပဲ ။ ဘာအမျိုး လို့ တစ်ရွာလုံး မခေါ်တတ်ဘူး ။ လွယ်လွယ်ပဲ သက္ကလတ်ပျော့ကလေး လို့ ခေါ် လိုက်တယ် ။ ဖီးလ်ဂျက်ကက် က ပြူးကြောင် လို ငပိန်လေး အတွက် ဖိုးရိုးဖားရား နိုင် သလို လောင်းပင် နှစ်ထည် က နည်းနည်းစီ ပွ နေကြတယ် ။


ပြူးကြောင် က လည်း ပြူးကြောင် ပဲ ။ ဒီလောက် ပူလောင်ပြီး အိုက် နေတာ ကို ဘောင်းဘီကြီး တကားကား နဲ့ ။ တိမ်စိုင် တိမ်ပုပ်ကလေး ကြက်မ တစ်ဝပ်စာ လောက် နေကလေး ရိပ် သွားရင် ကို ပဲ ပြူးကြောင် က မိုး ရွာတော့မယ် ထင်တယ် အေးလာလိုက်တာ ဆိုပြီးတော့ ဖီးလ်ဂျက်ကက်ကြီး ကောက် လျှိုတော့တာ ။ ကျောက်ရောဂါ ကမ္ဘာ ပေါ်  မှာ အမြစ်ပြတ် သွားပြီလို့ ပြောကြတာပဲ ။ တကယ်လို့များ အမြစ် မပြတ်သေးဘဲ ငုပ်နေတာ ဆို လို့ရှိရင် ငပြူး ကျောက်ကြီး အရင်ဆုံး ပေါက် မှာ လို့ ရွာ က လူကြီး သူမတွေ ပြောယူ ကြ ရတယ် ။


ပြူးကြောင် ဝတ်နေတဲ့ လောင်းပင်တွေ က အသစ်တွေ တော့ မဟုတ်ရှာပါဘူး ။ “ ပေါချောင်ကောင်း ၊ ပေါချောင်ကောင်း ” လို့ အော် ရောင်းတဲ့ သူဝှက်ဈေး က ဟာမျိုးတွေပါ ။ ဘယ်သူ့ အားကျပြီး ငပြူး ဒီလို ဝတ်စားနေတယ် မသိဘူး ။


ဒီထက် ဆိုးတာက စကား ပြော တဲ့ လေ ပြောင်း သွားတာပါပဲ ။ သူ နဲ့ လည်ပင်း ဖက် ပြီး နေကြတဲ့ မြင့်အောင် တို့ ၊ ချစ်ဆွေ တို့ ၊ တောကြီး တို့ က တောင်မှ အံ့သြ ယူရတယ် ။ ဒီကောင် ရန်ကုန် က ဆေးများ မိလာသလား မသိဘူးလို့ ထင် ကုန်ကြတယ် ။ စကားပြော လက်ဟန် ခြေဟန် က များလာပြီး ဘိုလို ညှပ် ပြောလိုက်သေးတယ် ။


“ ရန်ကုန် သွားတုန်း က ကွာ အော့ဂုတ်စ်လကြီး မို့ မိုးတွေ က ရွာ လိုက်တာ ။ ဘာပြော ကောင်းမတုံး ။ ငါ ဝတ်ထားတဲ့ စပို့စ်ရှပ်ကလေး ဆိုတာ ရွဲရွဲ ကို နစ်လို့ ”


ချစ်ဆွေ တို့ ၊ တောကြီး တို့ က စိတ်ထဲ က နေ အော့ဂုတ်စ် ဆိုတာ ဝါခေါင်လ ကို ပြောတာ နေမှာ ။ ပြူးကြောင် သွားတာ ဝါခေါင်လ ထဲ မှာ ပဲ လို့ စိတ်တွက် တွက်ကြည့် နေကြရတယ် ။


ရွာ မှာ ဒီ ရက် ပိုင်း လူ မစုမိလိုက်နဲ့ ၊ စုမိ လိုက် တာနဲ့ တစ်ပြိုင်နက် စကားဝိုင်း မှာ တစ်ယောက် မဟုတ် တစ်ယောက် က တော့ ပြူးကြောင် အကြောင်း ပြောဖြစ်သွားတာပဲ ။ သူ့ မှာ တစ်ရွာလုံး ရဲ့ပြောဖတ်ကြီး ကို ဖြစ်လို့ ။


ဒီကောင့် မလည်း နေ ထွက် က နေဝင် ဒီနေ့ ဒီ လောင်းပင် နဲ့ ဒီ ရှပ်အင်္ကျီ ဝတ်ပြီးပြီ ။ နောက်တစ်နေ့ ဘာ ဝတ်ပြီး ဘာအကြောင်း ဖောက်သည် ချရင် ကောင်းမလဲ ဒါပဲ စဉ်းစားနေတာ ။ သူ ဝယ် လာတဲ့ ဒူးယားတွေ က တော်တော် နဲ့ မကုန်ဘူး ။ သူ တစ်ယောက် တည်း ပဲ စတိုင်လ် ထုတ် ပြီး ဟန်ပါပါ နဲ့ မနည်း ကုန်အောင် သောက်ပစ် ဖွာပစ် နေရတယ်လေ ။


ပြူးကြောင် ရွာ ပြန်မယ့် နေ့ မနက် က တစ်ကျောင်းတိုက် တည်း အတူ တည်း နေ တဲ့ မော်လမြိုင် က ဧည့်သည် တစ်ယောက် နဲ့ မင်္ဂလာဈေး ကို လိုက် သွားတယ် ။ ဟို ရောက်တော့ ပစ္စည်းတွေ က စုံလှပါလား ။ လိုချင်စရာတွေ ချည်းပဲ ။ ဘာ ဝယ်ရမှန်း မသိဘူး ။ ပိုက်ဆံ က လည်း များများစားစား ကျန်တော့တာ မဟုတ်ဘူး ။ သင်္ဘော ပေါ် မှာ ကုန်မယ့်စရိတ် ချန်ရသေးတယ် ။ ဝယ် လည်း ဝယ် ချင် ဝယ် ရင်လည်း သူ့ ကို ဗိုက် ရွှံ့တွေ နဲ့ အကောင် ဆိုပြီး အချဉ် ဖောက်မှာ လည်း စိုးရသေး နဲ့ ။ နောက်ဆုံးတော့ ပြူးကြောင် က ဟို ဧည့်သည် ဝယ် တဲ့ နောက်ဖေးကုန်း တဲ့ စက္ကူလိပ် တစ်လိပ် ဝယ် လိုက်တယ် ။ စက္ကူလိပ် ရောင်းတဲ့ မိန်းကလေး က ရွာ က သူ့ရည်းစားဟောင်း ရုပ် နဲ့ ခပ်ဆင်ဆင် တူတယ် ။ စက္ကူလိပ်ဖိုး ၁၃ ကျပ် ကျ တာ ကို ကျပ်တန် တွေ ၊ ၁ဝ တန် တွေ ရှိပါလျက် နဲ့ ၁၅ ကျပ် တန် ထုတ် ပေးလိုက်တယ် ။ နှစ်ကျပ် ပြန် အမ်းတာ ကို ယူ ရင်း ရင် နည်းနည်း ခုန်သွား လိုက်သေးတယ် ။ စက္ကူလိပ် အဖြူ ရယ် ၊ အဝါ ရယ် ၊ ပန်းရောင် ရယ် သုံးရောင်ရှိတာ ဘယ် အရောင် ကို ယူမလဲ လို့မေး တော့ သူ က ပန်းရောင် ကို လက်ညှိုး ထိုး ပြ လိုက်တယ် ။ ရောင်း တဲ့ မိန်းကလေး က ဇာပန်းရောင်လေး ဝတ် ထားတာ ကိုး ။ သူများ ဝယ် လို့ သာ ဒီ စက္ကူလိပ် ကို လိုက် ဝယ်ရတာ ။ ၁၃ ကျပ် က ဈေးမှန်လား ၊ တန်သလား မတန်ဘူးလား ငပြူး မသိဘူး ။


ကျောင်း ကို ပြန် ရောက်တော့ လက်ဆွဲအိတ် ထဲ ကို ဘုန်းကြီး မမြင်အောင် စက္ကူလိပ် ထည့် လိုက်တယ် ။ တော်ကြာ ဘုန်းကြီး က မေးပြု နေမှာ သူ စိုးတယ် ။ ဟို ဧည့်သည် က တော့ တကယ် ကို အသုံး လို လို့ ဝယ် လာတာ မဟုတ်လား ။ ကျောင်း ရောက်ရောက်ချင်း ပလတ်စတစ် အပတ် ကို ခွာပြီး ချက်ချင်း သုံး ပစ်လိုက်တယ် ။ ဧည့်သည် ထား ခဲ့တဲ့ စက္ကူလိပ်ကလေး ကို သေသေချာချာ ကိုင် ကြည့်တော့ တယ်လည်း နူးညံ့လှပါလား ။ သုံးရက်စရာ တောင် မရှိဘူး ။ ၁၃ ကျပ်က တော့ တကယ် တန်ပါပေတယ် လို့ သူ တွေးမိတယ် ။


စက္ကူနှစ်ရွက် ထပ် လျက်ကလေး ပါ လား ။ ဒါဆိုရင် ပို တန်တာပေါ့ ။ ဘာလို့မှန်း မသိဘူး ။ ပြူးကြောင် စိတ် ထဲ မှာ ဈေး မများဘူး ၊ တန်တယ် လို့ ပဲ ထင် နေမိတယ် ။ ဧည့်သည် ရဲ့ စက္ကူလိပ် ကို ဧည့်သည် လုပ် သလို ဆွဲ ဆုတ် ကြည့်တော့ ထုတ် ထုတ် ထုတ် နဲ့ စက္ကူလေး က အလိုက်သင့် ပြတ် သွားတယ် ။ သူ သိပ်သဘောကျ သွားတယ် ။ ဧည့်သည် ရဲ့ စက္ကူလိပ် ကို နောက် တစ်ခါ ထပ် ဆုတ် လိုက်တယ် ။ ခုနက လို ပဲ တထုတ်ထုတ် နဲ့ ။ ဆုတ် ရတာကို က အရသာ ရှိ သလိုလို ။ လက် ထဲ ရှိတဲ့ စက္ကူပိုင်းကလေး နှစ်ခု ကို ထပ်ပြီး တိုင်း ကြည့်တော့ အရွယ်အစား က လည်း အတူတူ ။ ပြူးကြောင် တော်တော် ကို သဘောကျ သွားတယ် ။ နောက်မှ သတိရ ပြီး သူ ဆုတ်ထားတဲ့ စက္ကူစလေးတွေ ကို လက်ဆွဲအိတ် ထဲ ထိုးသိပ် ထည့် လိုက်ရတယ် ။


ရွာ ပြန်တဲ့ ခရီး တစ်လျှောက် လုံး ပြူးကြောင် ရဲ့ ရင် ထဲ မှာ ဒီ အကြောင်း ပဲ ပါ လာတယ် ။ စက္ကူလိပ် သိပ် နူးညံ့တယ် ။ အရောင်ကလေး က ပန်းရောင်ကလေး ။ အို ပလတ်စတစ် အပတ် ပေါ် မှာ ရိုက် ထားတဲ့ သစ်ရွက်ပုံကလေး ကို က ချစ်စရာလေး ။ ပြီး စက္ကူသား က နှစ်ထပ်တောင် မှ ဆွဲ ဆုတ် လိုက်ရင် ထုတ်ထုတ် နဲ့ ။ ပြီးတော့ အရွယ်အစား က လည်း အတူတူ ။ သူ့ စက္ကူလိပ် ကို သူ သိပ် သဘောကျ နေမိတယ် ။ ဒါပေမဲ့ ခက်တာ က နောက်ဖေးကုန်း တဲ့ စက္ကူလိပ် တစ်လိပ် ကို ပြူးကြောင် ရန်ကုန် က နေ ၁၃ ကျပ် ကြီးများ တောင် ပေးခဲ့တာ တဲ့ ဆိုတဲ့ အပြောမျိုး အပြော ခံရမှာ ၊ ရွာ က လူတွေ သူ့ ကို နားမလည် မှာ ကို သူ စိုးရိမ် မိတယ် ။ တစ်ရွာလုံး ပြောစမှတ်ကြီး ကို ဖြစ်လို့ ဆိုတာမျိုး သူ အဖြစ် မခံချင်ဘူး ။ ရွာ ရောက်တော့ ဖီးလ်ဂျက်ကက် ၊ လောင်းပင်တွေ နဲ့ စီးကရက်ဘူးတွေ သာ လူမြင် ခံဝံ့တာ ၊ သူ့ စက္ကူလိပ် ကို သောက်ရေအိုးဟောင်း တစ်လုံး အောက် ဝှက် ထား လိုက်တယ် ။ ဒီအကြောင်း ဘယ်သူ့ မှ ပြော လည်း မပြောဘူး ၊ ပြ လည်း မပြဘူး ။ စိတ် ထဲ မှာ တစ်ဆို့ကြီး ဖြစ် နေရတာပေါ့ ။


တစ်ရက်လောက် တော့ တစ်ဆို့ကြီး ကို ကြိတ်မှိတ် ခံစားနေနိုင် သေးတယ် ။ နောက် တစ်နေ့ တော့ သူ မနေနိုင်တော့ဘူး ။ စက္ကူလိပ် ရဲ့ ကောင်းခြင်း ငါးဖြာ ကို သူ့ အချစ်ဆုံး သူငယ်ချင်း ချစ်ဆွေ ကို ပြောပြ လိုက်ပြီး တစ်တောင် သာသာလောက် လက်ဆောင် ပေး လိုက်တယ် ။ ပြီးတော့ ရန်ကုန် မှာ ဒီလို စက္ကူမျိုး တော်ရုံ လူ သုံးနိုင်တာ မဟုတ်ဘူး လို့ လည်း ပြောလိုက်သေးတယ် ။ ဘယ်သူမှ မပြောဖို့ တော့ နှစ်ကြိမ် နှစ်ခါ နှုတ်ပိတ် လိုက်တယ် ။


အဲဒီလို လက်ဆောင် ပေး လိုက်ရတော့ မှ ပြူးကြောင် နည်းနည်း နေသာ ထိုင်သာ ရှိ သွားတယ် ။


ချစ်ဆွေ နောက်ဖေးစက္ကူ စ သုံးတဲ့ နေ့ က ပြူးကြောင် စ သုံးတဲ့ နေ့ က လိုပဲ စက္ကူ ပေါက် သွားပြီး လက် ကို ပေတဲ့ပြဿနာ နဲ့ စ တွေ့ ရတယ် ။


ဟ ... ။ ကောင်းတော့ ကောင်းတယ် ၊ လက် ပေတယ် နောက်ဆိုရင် ဆင်ခြင် မှ ဆိုတဲ့ အသိ ကိုယ်စီ ရ သွားတယ် ။


တကယ်တော့ ချစ်ဆွေ က သူ့ အတွေ့အကြုံ ကို ငပြူး ကို ပြန် ပြော ဖို့ ကောင်းတာပေါ့ ။ အခုတော့ ချစ်ဆွေ က သူ စိတ်ချရတယ် လို့ ထင်တဲ့ သာခင် ကို ပြောပြ လိုက်တယ် ။ သာခင် က လည်း သူ နဲ့ သိပ်ရင်းတဲ့ အောင်ပို ကို ပြောပြမိ နဲ့ ။ ဒီလိုနဲ့ ပဲ ... ။


တစ်ညနေ တော့ ဘကြီးမောင် ရဲ့ နွားမကြီး က နွားကလေး တစ်ကောင် ကျပါ ရော ။ နွားမကလေး ကျ တယ် ၊ အချင်း ကို ပြုတ်သုပ် စားကြမယ် ။ အရက် နဲ့ မြည်းကြမယ် လို့ ဆုံးဖြတ် ပြီးချိန် ပြူးကြောင် ရောက်ချ ပါလေ ရော ။ အဲဒီ ဝိုင်း က ခုနက တင် ပြူးကြောင် ရဲ့ စက္ကူလိပ် အကြောင်း ပြော နေ ကြတာလေ ။


စကားဝိုင်း ကို နား သာ စွင့် နေတာ မျက်လုံး က သာခင့် လက် ထဲ က မဆလာထုပ် လောက် ရှိတဲ့ အထုပ်ကလေး တစ်ထုပ် ဆီ ရောက် နေတယ် ။ အထုပ်ကလေး က လှလှပပ နဲ့ အရောင်စုံကလေး ။ သူ ဒါမျိုးတွေ ရန်ကုန် မှာ အများကြီး တွေ့ ခဲ့ဖူးသား ။ ဘာ အထုပ် လဲ လို့ မေးမယ် မေးမယ် နဲ့ မမေးဖြစ်တဲ့ အထုပ်ကလေး ။ ပြူးကြောင် စကားဝိုင်း ကို နားစိုက် လိုက် ၊ သူ့ ရဲ့ မဟာရန်ကုန် အတွေ့အကြုံ ထဲ က ဘယ်ဟာ ကို ပြော ရရင် ကောင်းမလဲ လို့ တွေး နေ လိုက် နဲ့ ။ မျက်လုံး ကတော့ သာခင့် လက် ထဲ က အထုပ်ကလေး ဆီ ရောက် နေတယ် ။


အဲဒီ အထုပ်ကလေး က ဘာ အထုပ်ကလေး လဲ လို့ သူ သိပ် သိချင် နေ မိတယ် ။ ဒီ စကားဝိုင်း မှာ မေး ရ မှာလည်း ခပ်ခက်ခက် ပဲ ။ ရန်ကုန် က ပြန်လာတဲ့ လူ က ဒါလေးမှ မသိရကောင်းလား လို့ ဝိုင်း ရယ်ကြမှာ လည်း သူ စိုး တယ် ။


အရက်ဖို ကို သွား တဲ့ လူ ကို တစ်ဝိုင်းလုံး က မျှော်ကြလှပြီ ။ ပြူးကြောင် က လည်း နေ စောင်းလေ သာခင့် လက် ထဲ က ဟာလေး ကို သိချင် လေ ။ သိချင်စိတ် က တရွရွ တက်နေတယ် ။ နောက်ဆုံး မနေနိုင်တော့တာ နဲ့ မင်း လက် ထဲ ဟာလေး က ဘာလေးလဲ လို့ မအောင့်နိုင် မအည်းနိုင် တော့ ဘဲ ခပ်တိုးတိုး ကျိတ် မေးလိုက်တယ် ။


သာခင် က တစ်ချက် တွေ သွားပြီး “ ဪ ငါ့ သမီး ဓာတ်ချုပ် နေတာ နဲ့ ကိုကြီးတင် ဆီ က ဝမ်းနုတ်ဆေး တောင်း လာတာပါ ” လို့ ပြောရင်း သူ့ လက် ထဲ က အထုပ်ကလေး ကို လက်ဆင့် ကမ်း လိုက်တယ် ။ သာခင် ပြောတဲ့ လေသံ က တစ်ဝိုင်းလုံးကြား လောက်အောင် ကျယ်တာကြောင့် ပြူးကြောင် မျက်နှာ နည်းနည်း ပျက် သွားတယ် ။


ဝမ်းနုတ်ဆေး ဆိုတာ နဲ့ ပြူးကြောင် အရောင် လက် သွားတယ် ။ ရေပြောင်း ရေ လဲ နဲ့ မို့ သူ့ မှာ လည်း ဝမ်း ကောင်းကောင်း မသွားတာ နှစ်ရက် လောက် ရှိနေပြီး အပူ လည်း ကန်တန်တန် ဖြစ် နေတယ် မဟုတ်လား ။ ကိုကြီးတင် က မြို့ နဲ့ ရွာ တစ်လ နှစ်ခေါက် ကူးနေတဲ့ လူ သူသာ လိုချင်ရင် ဧကန် အလကား ပေးမယ် ဆိုတာ သိပ် သေချာတယ် ။ ဒါကြောင့် ကိုကြီးတင် ဘက် လှည့် ကြည့် လိုက်တော့ ကိုကြီးတင် က


“ မင်းဥစ္စာ ဟုတ်ရဲ့လား ငပြူး ရ ၊ ဝမ်းချုပ် တာ သေချာရဲ့လား ” လို့ မေးတယ် ။


“ ဟုတ်တယ် ကိုကြီးတင် ၊ ရန်ကုန် တုန်း က အိုကေ နေတာ ၊ ရွာ ရောက် မှ ဘယ်လို ဖြစ်တယ် မသိဘူး ” တဲ့ ။


“ မသိပါဘူးကွာ ၊ ချေးတုံး က မင့် စက္ကူ ကို ကြောက် နေတာလားမှ မသိတာ ” လို့ ကိုကြီးတင် က နောက် လိုက်တော့ နံဘေး က လူတွေ က ပြုံးစိစိ နဲ့ ။ ပြူးကြောင် ရဲ့မျက်နှာက တော့ မည်းခနဲ တစ်ချက် ဖြစ်သွားတယ် ။


ငပြူး က ရှက်ရှက် နဲ့ “ တကယ်ပါ ကျွန်တော် ဝမ်း မသွားတာ နှစ်ရက် ရှိသွားပြီ ” လို့ ပြန်ပြောလိုက်တယ် ။ ပြောမယ့် သာ ပြော နေတာ ဒီ လူတွေ စက္ကူလိပ် အကြောင်း က ဘယ်လို သိနေပါလိမ့် လို့ တွေးနေရတယ် ။


ကိုကြီးတင် က သာခင့် ကို မေး ဆတ် လိုက်ရင်း မင့် ဥစ္စာ ငပြူး ကို ပေးလိုက် ။ မင်း က ငါ့ အိမ် လိုက် ယူ ပေါ့ ၊ ရော့ ငပြူး ဆိုပြီး ကိုကြီးတင် က နောက် တစ်ထုပ် ထပ် ထုတ် ပေး လိုက်တယ် ။ လူကြီး ဆိုရင် နှစ်ထုပ် သောက် ရတယ် တဲ့ ။


ငပြူး က “ အိုကေ သိုင်းကျူးစ် ” လို့ ပြောပြီး ကိုကြီးတင် လက် ထဲ က လှမ်း ယူ လိုက်တယ် ။ အထုပ်ကလေးတွေ ကို သေသေချာချာ ကိုင် ကြည့် ၊ လှန်လှော ကြည့် ပြီး သူ့ ဘောင်းဘီအိတ်ထောင် ထဲ ထည့် လိုက်တယ် ။


တစ်ဝိုင်းလုံး မှာ ရှိတဲ့ လူတွေ က ဇာတ်တိုက် ထားကြ သလိုပဲ ၊ မှင် ကောင်းကောင်း နဲ့ ခပ်တည်တည် လုပ် နေ ကြတယ် ။ အဲဒါ ဝမ်းနုတ်ဆေး မဟုတ်ဘူး ငပြူး ရ လို့ ဘယ်သူ က မှ ပြင် မပြောကြဘူး ။


ကိုကြီးတင် တို့ လုပ် လွှတ် လိုက်တာ က ပြူးကြောင် တစ်ယောက် ဘောင်းဘီကြီး တကားကား နဲ့ ဘိုလို ညှပ် ပြောနေတာ တစ်ရက် နှစ်ရက် လောက် မှ နားမျက်စိ နောက် သက်သာပါစေ တော့ ဆိုပြီး လုပ် လွှတ်လိုက်တာ ။


နောက် တစ်နေ့ မနက် ကျတော့ ဒီ အကြောင်း သိ တဲ့ လူတွေ က ပြူးကြောင် ကို အသာ အကဲခတ် နေကြတာ ။ ပြူးကြောင် က သူ တို့ ထင် သလို မဟုတ်ဘူး ။ ဘောင်းဘီကြီး တကားကား နဲ့ ထုံးစံအတိုင်း လမ်းသလား နေ ပြန်တယ် ။ ဒီတစ်ခါ မအောင့်နိုင် မအည်းနိုင် ဖြစ်ရတာ က မနေ့ က ပြူးကြောင် ခေါင်းလျှော်ရည် နှစ်ထုပ် ယူ သွားမှန်း သိကြတဲ့ လူတွေ ပဲ ။ ကိုကြီးတင် က သတင်း လာ မေးတယ် ။ “ ငပြူး ဘယ့်နှယ်လဲ ဆေး က စွမ်းရဲ့လား ” လို့ မေးတော့ ပြူးကြောင် က ခေါင်းခါရင်း ...


“ ကိုကြီးတင် ဆေး က မွှေးတေးတေး နဲ့ အဝင် ကောင်း တော့ ကောင်း ပါရဲ့ ၊ ကျွန်တော် ဖြင့် ဝမ်း တစ်ခါပဲ သွားသေးတယ် ” တဲ့ ။


သူ့ ဟာ နဲ့ သူ တော့ ဟုတ်လို့ ။


◾ညီပုလေး


📖 ရင်ခုန်ပွင့်မဂ္ဂဇင်း 

      စက်တင်ဘာ ၊ ၁၉၉၀


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment