❝ ဗျာကြီး ကြက်ယက် ❞
၂၀၀၂ ခုနှစ် ဩဂုတ်လ ၁ ရက် ။ ပဲစင်းငုံ ၇၁၅၀ ။ ပဲတီစိမ်း ၇၀၀၀ ။ ပဲကြီး ၈၈၀၀ ။ ကုလားပဲ ၇၂၀၀ ။ နှမ်းသစ် ( ညံ့ ) ၄၂၀၀၀ ။ နှမ်းဟောင်း ၄၇၀၀၀ ။ မတ်ပဲအေး ၊ ဆီပဲဆန်၉၅၀ ။ မုန့်ပဲလုံးဆန် ၁၈၀၀၀ ။ ကြက် ၂၀၀၀ ။ ဝက် ၁၆၀၀ ။ အမဲ ၁၆၀၀ ။
၂၀၀၁ ခုနှစ် ၊ ဇူလိုင်လ ၁၅ ရက် ။ ပဲတီစိမ်း ၅၇၀၀ ။ နှမ်း ၆၁၀ဝ ( တစ်တင်း ) ။ သုံးတင်း တစ်အိတ် ၁၈၃၀၀ ။ နှမ်းဆီ ၇၅၀ ။ ကြက် ၂၀၀၀ ။ အမဲ ၈၀၀ ။ ဆား ၆၂ ကျပ် ။ မုန့်ပဲလုံးဆန် ၆၀၀၀ ။ ပဲခွံတစ်အိတ် ၈၀ ။ ဒိုင်ယာရီ နှစ်အုပ် ကို တိုက်ဆိုင် မှတ်သား နေစဉ် ကျွန်တော့် မိန်းမ သည် အနား သို့ ရောက် လာလေ၏ ။
“ မောင်ရေ ... မြေပဲဆန် ကုန်ကြမ်းဈေး မြင့်လွန်းလို့ ဆားလှော်လုပ်ငန်း ရပ်ထား ရတာ တစ်လ ပြည့် တော့မယ် ၊ ဝင်ငွေ မရှိ ဘာ မရှိနဲ့ ထိုင်စား တွေ ဖြစ်နေပြီ မောင် ”
“ ထိုင် မစားလို့ ထ စားရ မှာလား ကွ ”
ဟုတ်တယ်ဗျာ ၊ သည်မှာ အလိုလို မှ အကြံ အိုက် နေရတဲ့အထဲ သူ က တစ်မှောင့် ဗျာ ။
“ ဟာကွာ ... မောင် ကလည်း ၊ သူများ အကောင်းပြော တာကို ”
အမှန်မှာ သူ ပူမည် ဆိုလည်း ပူလောက်ပါ၏ ။ လုပ်ငန်း ရပ်ထားရတာတစ်လ တင်းတင်း ပြည့် သွားပါပြီ ။
“ ပဲတီစိမ်း ခြွေလှေ့စက် ထောင်ရ ကောင်း မလားလို့ မောင်စဉ်းစား နေတာကွ ”
“ အဲလို လုပ်စမ်းပါ မောင်ရယ် ၊ ဝင်ငွေ ပုံမှန်လေး နဲ့ ဆိုတော့ ထမင်း စားရတာဖြောင့် တာပေါ့ ”
“ ဝင်ငွေ ကတော့ ပုံမှန် မဟုတ်ဘူးပေါ့ ကွာ ၊ ပဲတီစိမ်း ပေါ်တဲ့ အချိန် ဇူလိုင်လ မှာ တစ်ကြိမ် ၊ အောက်တိုဘာ နိုဝင်ဘာ မှာ တစ်ကြိမ် နှစ်ကြိမ် တော့ အလုပ် ဖြစ်တယ်ကွ ”
“ စုံစမ်းကြည့်ပါလား မောင် ”
“ မောင် စုံစမ်းပြီးပြီ ၊ မြောက်ပိုင်း က ကိုမျိုးမြင့် တို့ ဆင် တဲ့ စက်တွေ သွား ကြည့်ပြီးပြီ ၊ အခိုင်အခံ့ အကောင်းစား ဒီနေ့ ပေါက်ဈေး သုံးသိန်းခွဲ ၊ အင်ဂျင် မပါ ၊ အင်ဂျင် က ၂၁ကောင် ကို သုံးရမယ် တဲ့ ၊ အင်ဂျင် ဈေး တော့ မစုံစမ်းရသေးဘူး ၊ အင်ဂျင် နဲ့ ဆို ခြောက်သိန်း ၊ ခုနစ်သိန်း လောက် တော့ သွား လိမ့်မယ် ထင်တယ် ”
“ ပဲတိစိမ်း ပြီးရင် ဘာလုပ်လို့ ရသေးလဲ ”
“ ပဲတီစိမ်း ပြီးရင်တော့ တပေါင်း တန်ခူး မှာ ကုလားပဲ ပေါ့ကွာ ၊ သူ က ပဲတီစိမ်းလောက်တော့ အား မကောင်းလှဘူး ၊ သင့်ရုံ ပဲ ရမှာ ၊ ပဲတီစိမ်း က တော့ မိန်း ပေါ့ကွာ ”
“ ဒီလိုဆို အခြား တစ်ခု စဉ်းစားဦး မောင် ”
“ မောင် လည်း စဉ်းစားရတာ ခေါင်းပူ နေပြီကွာ ”
မှန်ပါတယ် ခင်ဗျာ့ ၊ ကျွန်တော်တို့ လုပ်ငန်း လုပ်နေကြသူများဟာ မိမိ လုပ်ငန်း ပုံစံ ပျက် သွားတယ်ဆို နည်းနည်း ယောင်သွား တတ်ကြတယ် ။ လောဘ ၊ သောက ဦးဆောင် တဲ့ နောက် ပါ နေရတာ ကိုး ဗျာ့ ။
“ ဟေ့ကောင် ... ချမ်းသာ ၊ ငါ မင်း ကို ကြည့် မရချင်တော့ဘူး ”
“ ဟင် ... အပါး ကလည်း ... အလိုလို မှ စိတ်ညစ် နေရတဲ့အထဲ ”
တစ်နေ့ အပါး ( တရုတ် အဖိုးကြီး ဦးခွေးလေး ) ဆီ ရောက် သွားတော့ အပါး ကဆီး ဆူတယ် ဗျာ့ ။ အမှန် က သူ့ ဆီ အကြံဉာဏ် တောင်း ရအောင် သွားတာ ။ သူ က ပဲကြီးလှော် လှော် ဖူးတယ် ။ ပဲခြမ်းကြော် ကြော် ဖူးတယ် ။ လက်ဖက်စို ၊ လက်ဖက်ခြောက် လုပ်ငန်း လဲ လုပ်ဖူးတယ် ။
“ မင်းကွာ ... ဆပ်ပြာသည် လင် ပျောက်တဲ့ အတိုင်း ယောက်ယက် ကို ခတ်နေတာပဲကွာ ”
“ ဆပ်ပြာသည် လင် ပျောက်တာ ဘာ အကြောင်းလဲ အပါးရယ် ၊ နောက် တစ်ယောက် ကောက် ယူလိုက်ရုံပေါ့ ရှာ ကျွေး နိုင်ရင် ပြီးတာပဲဗျာ ”
“ မင်း ကို ပြော လိုက်ရင် သည်လိုချည်းပဲ ၊ ရွှတ်နောက်နောက် နဲ့ ကွာ ၊ ငါ နားသယ် ပိတ် ထိုး လိုက်ရ ဟင်း ... ”
အပါး က သူ ၏ သန်မာလှသော လက်ကြီး နဲ့ ကျွန်တော့် ညာဘက် နားရွက် ကို လိမ်ဆွဲ လိုက်ရာ ပဲ့ပါ သွားပြီလား မှတ်ရပါ၏ ။ နာလိုက်သည့် ဖြစ်ခြင်း ။
“ ဟေ့ကောင် ... မြဲမြဲ မှတ် ”
“ ပြော အပါး ”
“ အပြောင်းအလဲ တစ်ခု ဖြစ်တိုင်း အရမ်း မပျာရဘူးကွ ၊ “ ဗျာကြီး ကြက်ယက် ”ဆိုတဲ့ စကား ကြားဖူးလား ”
“ ကြားဖူးတယ် အပါး ”
“ မြင်ကော မြင်ဘူးလား ”
“ မြင်ဘူးတယ် အပါး ၊ ကျွန်တော် ငယ်ငယ်တုန်း က နေ့ခင်း တိုင်း စပါးလှန်း ဖျာ ကိုကြက် စောင့် ရ ဖူးတယ် ”
“ ဘာတွေ့လဲ ”
ကျွန်တော် ငယ်ငယ် က စပါးလှန်း ဖျာ စောင့် ရသည်များ ကို ပြန် မြင်ယောင် မိပါ၏ ။ အိမ် ရှေ့ ကြမ်းပြင် ပေါ် နေပူကျဲကျဲကြီး မှာ ဖျာ ခင်း ၍ စပါးများ ကို လှန်းထား ပါ၏ ။ ကြက်ဖ သို့မဟုတ် ကြက်မ သည် မြေပြင် မှ ကြမ်းပြင် ပေါ် သို့ အားယူ ၊ ဝုန်းခနဲ ခုန်တက် လာကာ စပါးလှန်း ဖျာ ကို ဂျက်ဂျက် ဂျက်ဂျက် နှင့် ယက် နေ၏ ။ တကယ်ဆို စပါးစေ့တွေ အများကြီး ဗျာ ၊ တစ်စေ့ချင်း ကောက်စား စမ်းပါ ၊ စလုပ် တောင် ပေါက်ထွက် သွားဦးမယ် ၊ ဟုတ်ဘူး ဗျာ ၊ အပြေးအလွှား ကပျာကယာ ယက် လိုက် ၊ ကောက် လိုက် ၊ အမလေးဗျာ ၊ သူ့ ပါးစပ်ထဲ ရောက် တာ က တစ်စေ့ နှစ်စေ့ အောက် က မြေပြင် ပေါ် ရောက်သွား တာက တစ်ပြည်သား လောက် ဗျာ ။
“ ဟ ... ကွကျမ ”
ကျွန်တော် က မောင်း ချ ၊ သူ က ခုန်ဆင်း သွား ၊ အောက် မှာ ကျ နေတဲ့ စပါးတွေ ကို ကြက်ကလေးတွေ က အေးအေးဆေးဆေး ကောက် စား ၊ ကျွိကျွိ ကွိကွိ နဲ့ ။ ဟာ ... မကြာဘူး ၊ သူ က တက် လာ ပြန်ပြီ ဗျို့ ။ ဝုန်းခနဲ ယက် ပြန်ပြီဗျာ ။ တဂျက်ဂျက် ။ ကျသွား ပြန်ပြီ ၊ စပါးစေ့တွေအောက် ကို ။ အေးအေးဆေးဆေး ယက် ရတာ မဟုတ်ဘူး ။ လောက်စာလုံး မှန် မှာ က လည်းကြောက် ရတော့ ကပျာကယာ ယက် ရတာ ။
“ ဘာတွေ့လည်း ”
အပါး က ထပ် မေးတယ် ။
“ အယ် ... တွေ့တယ် အပါး ၊ သူ့ ပါးစပ် ထဲ ရောက်တာ က နည်းနည်းအောက် ထွက်ကျ သွားတဲ့ စပါး က များ နေတယ် အပါး ”
“ အေး ... ဒီ သဘောပဲကွ ၊ ဒါ မဟန်သေးဘူး ဆို ဟိုဟာ ပြောင်း ဟိုဟာ မဟန်သေးဘူး ဆို ဒီဟာ ပြောင်း ၊ အကျိုးအမြတ် ရတာက နည်းနည်း ဆုံးရှုံးမှု ကများ နိုင်တယ်ကွ ၊ ဗျာ များလေ ဆိုး လေပဲကွ ”
“ ဟုတ်ကဲ့ အပါး ”
“ နည်းနည်း အချိန် ယူပြီး ခေါင်းအေးအေး နဲ့ စဉ်းစားကွာ ၊ စဉ်းစား ပြီးပြီလေ့လာ ပြီးပြီ ဆို မှ ထ လုပ်ကွာ ၊ အမှား နည်းတာပေါ့ ”
အပါး က ကျွန်တော် သွေး ပူပြီး ထင်ရာ စွတ် မလုပ်မိဖို့ သတိ ပေးတာ ခင်ဗျာ့ ၊ အင်း ... သူ က အသက် ၈ဝ ကျော် ၊ ခေါင်းဖြူစွယ်ကျိုး ထုသား ပေသား ရနေတဲ့ တရုတ် အဘိုးကြီး ကလား ဗျာ ၊ သူ့ အကြံဉာဏ် ဟာ ကျွန်တော့် အတွက် အဖိုး တန် ပေတာပေါ့ဗျာ ။ သူ ပြော လို့ဗျာ ၊ နို့မို့ဆို ကျွန်တော် က ထင်မိထင်ရာ စွတ် ချတော့မှာ ။
( စွတ် ချတာ မှန်တဲ့ အခါလည်း မှန် တက်တယ် ။ အခြားတစ်ဖက် မှပြောင်းပြန် အတွေး ။ )
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment