Saturday, March 4, 2023

ကွမ်းယာဆိုင်ရှင် မှ ရွှေကုန်သည် ဘဝ သို့


 ❝ ကွမ်းယာဆိုင်ရှင် မှ ရွှေကုန်သည် ဘဝ သို့ ❞


( ကိုအောင်ဆန်းဝင်း ၊ အောင်သမာဓိ ၊ မန္တလေး )


[ အကယ်ဒမီရွှေ ကို အရည်အသွေးမြင့် ရွှေစင် အဖြစ် ရွှေလောက က လက်ခံ ထားကြတယ် ။ အကယ်ဒမီ ပြီးရင် ဒုတိယ နေရာ က ရှိနေတာ က အောင်သမာဓိရွှေ ဖြစ်ပါတယ် ။


ရွှေ ကို သန့်စင်အောင် ချွတ်တဲ့ အောင်သမာဓိ ရွှေလှော်ဖို မှာ အထက် မြန်မာပြည် ဒေသ ပေါင်းစုံ က ရွှေကုန်သည်တွေ နဲ့ နေ့စဉ် စည်ကား နေတယ် ။ အောင်သမာဓိရွှေ အရောင်းဆိုင် ကောင်တာ ရှေ့ မှာ အချိန်ပြည့် စည်ကား နေတယ် ။ အောင်သမာဓိ ရဲ့ စာရင်းစာအုပ်တွေ ထဲ မှာ ရွှေတွေ ပိဿာချိန် နဲ့  စီးဆင်း နေပါတယ် ။


ကိုအောင်ဆန်းဝင်း ( ၄၂ နှစ် ) ဟာ ရွှေလောက မှာ ရွှေကုန်သည် အောင်အောင် အဖြစ် လူသိ များတယ် ။ သူ ဟာ မကြာခင် က မှ ကွမ်းယာသည် အောင်အောင် ဘဝ က တက်လှမ်းလာခဲ့ သူ ဖြစ်ပါတယ် ။ သူ့ အလုပ်ခန်း နဖူးစည်း ထိပ်ဖျား မှာ သူ ကွမ်းယာ ရောင်းစဉ် က ဆိုင် မှာ ချိတ်တဲ့ ‘ အောင်အောင် ကွမ်းယာ ’ ဆိုတဲ့ ပျဉ်းပြားဆိုင်းဘုတ် နွမ်းနွမ်းကလေး ကို တမြတ်တနိုး ဂုဏ်ယူ ချိတ်ဆွဲ ထားဆဲ ဖြစ်ပါတယ် ။ သူ့ ဇနီး မမော်စီ ဟာ ယနေ့ အခါ မှာ ဥစ္စာစည်းစိမ် နဲ့ ပြည့်စုံ နေပြီ ဖြစ်ပေမဲ့ ကွမ်းယာ လည်း ရောင်းခဲ့ရတဲ့ ဘဝ ကို မမေ့နိုင်သေးဘူး ဖြစ်ပါတယ် ။


သူ့ သမီး မဇင်မိမိအောင် နဲ့ မဖြူဖြူအောင် တို့ ဟာ ရွှေဆိုင်ကြီးတွေ ကို ဦးစီး လည်ပတ် နေရပေမဲ့ စားရမဲ့ သောက်ရမဲ့ ဘဝ တုန်း က ဈေးသည် က သနား ခင်မင်ပြီး ဟင်းချက်စရာတွေ ပေး လိုက်တဲ့ အဖြစ် ကို မှတ်မှတ်ရရ ပြန် ပြောဆဲ ဖြစ်တယ် ။


ကိုအောင်ဆန်းဝင်း က သူ့ ကိုယ် သူ သူဌေး မဟုတ်ပါဘူး ။ အခုထိ အလုပ်သမားခေါင်း ပဲ ရှိသေးတယ် လို့ ပြောလေ့ ရှိတယ် ။


မန္တလေးမြို့ ၊ အောင်မြေသာဇံမြို့နယ် က ကိုအောင်ဆန်းဝင်း ရဲ့ တိုက် ကို သွားပြီး သူ့ ဘဝ တက်လှမ်းခဲ့ ရ ပုံ ပြောပြတာတွေ ကို မှတ်သားခဲ့ပါတယ် ။ ]


•••••   •••••   •••••   •••••


ကျွန်တော့် မိဘတွေ က စဉ့်ကူးမြို့နယ် လက်ပန်လှရွာ မှာ နေကြတာ ။


ကျွန်တော် ငယ်ငယ် က တော်တော် ဆင်းရဲတာ ။ ကျွန်တော် ဆယ်တန်း ကျောင်းသား ဘဝ မှာ ည ဆိုရင် ဓားသွေး ၊ မနက် လေးနာရီ အိပ်ရာ ထ ပြီး ထင်းတော တက် ထင်း ဖြတ် ရတာ ။ ညနေ လေးနာရီ မှ အိမ်ပြန် ရောက်တယ် ။ ခြောက်လက်မ ထင်း မှ တစ်ချောင်း တစ်ကျပ် ပဲ ရတာ ။


အမေ က မျှစ် လည်း ရောင်းတယ် ။ မျှစ်တွေ ကို အိုး ထဲ က လက် နဲ့ နှိုက် ရတာ ၊ လက်သည်းတွေ ပဲ့ ကုန်တယ် ။ အမေ က မိုးကုတ် တက်ပြီး ခရမ်းချဉ်သီး လည်း ရောင်းတယ် ။ မန္တလေး က မိုးကုတ် တက် တဲ့ ကားတွေ က ကျွန်တော် တို့ ရွာ ကို အိပ်ကောင်း တဲ့ ည ၁၁း၀၀ နာရီ ၊ ၁၂းဝဝ နာရီ မှ ရောက်တာ ။ အိပ်ရာ က ထ ပြီး ခရမ်းချဉ်သေတ္တာတွေ ကား ပေါ် ထမ်းတင် ပေးရတယ် ။


ဆယ်တန်း ဖြေတော့ စာမေးပွဲ မအောင်ဘူး ။ ကျွန်တော်တို့ မှာ ညီအစ်ကို ခြောက်ယောက် ရှိတယ် ။ အစ်ကို အကြီးဆုံး က တက္ကသိုလ် တက် နေတယ် ၊ ညီငယ်တွေ လည်း ကျောင်း တက်ရင်း တန်းလန်း ၊ အတန်းတွေ က တက်တက် လာပြီ ။ ကျွန်တော် က ဆယ်တန်း ဆက် ဖြေဖို့ မကောင်းတော့ဘူး ။ အိမ် က ကျပ်တည်းတော့ ကျွန်တော် အလုပ် လုပ်မယ် လို့ ဆုံးဖြတ်တယ် ။


အဲသည် အချိန် က ကျွန်တော်တို့ စဉ့်ကူးမြို့နယ် နဲ့ ကပ်လျက် သပိတ်ကျင်းမြို့နယ် မှာ ရွှေတောတွေ ခေတ် သိပ် စားနေတယ် ။ ကျွန်တော် လည်း ရွှေတော တက်ပြီး ကွမ်းယာ ရောင်းတယ် ။ သပိတ်ကျင်းနယ် ကွင်းသုံးဆယ် ရွှေတော မှာ ။ ကျွန်တော် တစ်ယောက် တည်း တက် သွားတာ ၊ အဖော် မပါဘူး ။ အဲသည် အချိန် က ရွှေတော မှာ ငှက်ဖျား က လည်း ဖြစ် သလား မမေးနဲ့ ၊ သေရင် မမြှုပ်နိုင်ဘူး ၊ ဖျာလိပ် နဲ့ လိပ်ပြီး ပစ်ရတဲ့ အချိန် ။


ရွှေတော မှာ ရွှေဆိုင်တွေ ကုန်စုံဆိုင်တွေ ဆိုင်တန်းကြီး ရှိတယ် ။ ကျွန်တော် က ရွှေဆိုင်ကြီးတွေ ကြား ထဲ က ထိုင် ပြီး ကွမ်းယာ ပဲ ရောင်း နေတာ ၊ ၁၉၈၃ ခုနှစ် မှာ အိမ်ထောင် ကျတော့ အမျိုးသမီး ကို ရွှေတော ခေါ် လာပြီး ကွမ်းယာ ဆက် ရောင်းတယ် ။ ကျွန်တော် က ကွမ်းယာ ယာ အမျိုးသမီး က ကွမ်းယာထုပ်တွေ ရွှေတော ထဲ လည် ရောင်းတယ် ။ ရွှေတော မှာ ကွမ်းယာ ရောင်း နေတာ ငါးနှစ် လောက် ကြာတယ် ။ ရွှေအကြောင်း ဘာမျှ မသိသေးဘူး ။


ကျွန်တော်တို့ က ကွမ်းယာ တစ်ကျပ်ဖိုး ငါးယာ ရောင်း တယ် ။ ကွမ်းယာ ပစ္စည်း လိုရင် မန္တလေး ဆင်း ဝယ်တယ် ။


ရွှေတော မှာ ရကြတဲ့ ရွှေတွေ ကို လိုက် စု ဝယ်တဲ့ ရွှေကောက်တဲ့ လူတွေ ရှိတယ် ။ ကျွန်တော် မန္တလေး ကို ကုန် ဝယ်ခါ နီးပြီ ဆိုရင် ရွှေ ကောက်တဲ့ လူတွေ က ရောင်းကြေး ပိုက်ဆံ ကို လာ လာ ချေးတယ် ။ သူတို့ က ဘာ လုပ်သလဲ ဆို တော့ ကွင်းသုံးဆယ် မှာ ရွှေဝယ် ၊ မန္တလေး ရောက်တော့ ရွှေ ပြန် ရောင်းတယ် ။ ရွှေ ရောင်း ပြီး မှ ကျွန်တော့် ပိုက်ဆံ ကို ပေးတာ ။ သူများ ပိုက်ဆံ နဲ့ အလုပ် လုပ် လို့ ရတယ် ဆိုတာ ကျွန်တော် မြင်လာ ပေမဲ့ ရွှေကုန်သည် မဖြစ်နိုင်သေးဘူး ။


ကျွန်တော့် ဆိုင် မှာ လာ ထိုင်ပြီး ကွမ်းယာ ဝယ် စား နေကျ ရွှေကုန်သည် ရှိတယ် ။ နောင် အခါ ကျွန်တော့် ဆရာ ဖြစ်လာတဲ့ သူပေါ့ ။ ဆရာ က မန္တလေး သွားတဲ့ အခါ အောင်အောင် လိုက်ခဲ့ကွာ လို့ ခေါ်ရင် ရွှေထုပ် ကိုင်ပြီး ကျွန်တော် က နောက် က လိုက် ရတာ ။ ရွှေတော ထဲ ရွှေဝယ် သွားပြီ ဆိုရင် ကျွန်တော် က ပိုက်ဆံ ထုပ် ထမ်းပြီး လိုက် ရတာ ။


ကိုဖိုးကွန့် ၊ ကိုကုလား ၊ ကိုမန်းရီ တို့ သုံးယောက် က ကျွန်တော့် အဓိက ဆရာ တွေ ပါ ။ ဆရာ တွေ မန္တလေး သွား ရင် ကျွန်တော် လိုက် သွားတယ် ။


ရွှေတော က ရွှေ က ရွှေ အရိုင်း ၊ ရွှေ ထဲ မှာ ကြေး ပါမယ် ၊ ဘော် ပါမယ် ၊ သံ ပါမယ် ၊ ရွှေဖြူ ပါမယ် ၊ ဒါကို သန့်စင် သွားအောင် ရွှေလှော်ဖို မှာ ချွတ် ရတယ် ။ ရွှေလှော်ဖို တွေ ကို ဆရာတွေ သွားတဲ့ အခါ ကျွန်တော် လိုက် လိုက်သွား ရတယ် ။ ရွှေလှော်ဖို မှာ သွား လှော်တဲ့ အခါ ကျွန်တော် တို့ လို ရွှေ သုံးကျပ်သား ၊ ငါးကျပ်သား လောက် နဲ့ လာ လှော်တဲ့ လူတွေ ရွှေလှော်ဖို က နှုတ် လည်း မဆက်ဘူး ၊ အဆင် ပြေလား လည်း မမေးဘူး ။ ရွှေ တစ်ပိဿာ နှစ်ပိဿာ လာတဲ့ လူ ကျတော့ လှော်ဖို က ကျွတ်နှုန်း တွက် ကြည့်တယ် ။


ရွှေ ကို လှော် လိုက်တဲ့ အခါ ရွှေ ထဲ မှာ ပါတဲ့ အခြား သတ္တုတွေ က ကျွတ်ထွက် သွားတယ် ။ ရွှေ တစ်ကျပ်သား မှာ ရွေး ၁၂ဝ ရှိတယ် ။ လှော် လိုက်လို့ အခြား သတ္တုရွေး ၂ဝ ထွက် သွားရင် ရွှေ က ရွေး ၁ဝဝ ကျန် တယ် ။


ပိဿာ နဲ့ ချီပြီး လာ လှော်တဲ့ လူ ရဲ့ ရွှေ ကို ကျွတ်နှုန်း တွက်ကြည့် လို့ များ နေရင် လှော်ဖို က ဘော်ထောက် ပေး လိုက်တယ် ။ ရွှေ ထဲ ဘော် ပြန် ရော ပေးတာပေါ့ ။ တွက်ခြေ ကိုက်အောင် လုပ် ပေးတာ ။ သူတို့ ကို ငွေ လိုရင်လည်း လှော်ဖို က ငွေချေး ပေး သေးတယ် ။ ကျွန်တော်တို့ လို ရွှေ နည်းနည်း နဲ့ လာတဲ့ လူ ကို တော့ လုံးဝ ဂရု မစိုက်ဘူး ။


ကျွန်တော့် စိတ် ထဲ မှာ တစ်နေ့ နေ့ ကျွန်တော် ရွှေလှော်ဖို ထောင် နိုင်ခဲ့ရင် အနည်းဆုံး လူလာလာ ၊ အများဆုံး လူ လာလာ ဂရု စိုက် နိုင်အောင် ကြိုးစားမယ် ၊ ကုန်သည်တွေ ကို ထမင်း ကျွေးမယ် ဆိုတဲ့ စိတ်ဓာတ် မွေးတယ် ။ ယခု ပြောနေတဲ့ အချိန် အထိ ဒါ ကို တစ်ရက် မှ မမေ့ဘူး ။ ဒါကြောင့် အခု ကျွန်တော့် အိမ် ထဲ မှာ ကုန်သည် ထမင်းစားခန်း ၊ အအေး သုံးဆောင်ရန် နေရာ ၊ နားနေခန်း တွေ ထားတယ် ။ ဧည့်သည် ဝင် လာရင် ကြိုဖို့ ဂရု စိုက်တယ် ။ အဲဒါ သန္ဓေ တည် တဲ့ စိတ် ။ အဲသည် စိတ် က ကျွန်တော့် ဘဝ ကို အများကြီး အကျိုး ပေး ပါတယ် ။


ကွမ်းယာ ရောင်း ရင်း နဲ့ ဆရာတွေ နောက် တပည့် ခံပြီး လျှောက်လိုက် နေတော့ ဆရာတွေ က ကျွန်တော် ရိုးသား တာ ၊ မလိမ်မညာ တာ သိ နေတယ် ။


မန္တလေး က ကုလားကိုညို ဆိုတဲ့ သူ က သူ့ ဒိုင်နာကား ခေါင်းလုံးကလေး ရောင်း တာ ငွေ တစ်သိန်းခွဲ ရတယ် ။ ရတဲ့ ငွေ နဲ့ ရွှေ ကောက် ချင်တယ် ။ လူ တစ်ယောက် ရှာ ပေးပါ တောင်းတယ် ။ အဲသည်တုန်း က ရွှေ တစ်ကျပ်သား ကို သုံးလေးထောင် ၊ ငွေ တစ်သိန်းခွဲ ဆို ရွှေတွေ အများကြီး ရတာပေါ့ ။


ငွေ ရှိတဲ့ လူ က အော်ဖာ ထွက်လာတော့ ဆရာတွေ က အောင်အောင် နဲ့ လုပ်ပါလား ပြောတယ် ။ ဆရာ ကိုမန်းရီ က ကျွန်တော့် ကို အာမ ခံတယ် ။


ကုလားကိုညို နဲ့ တွဲပြီး သူ က ပိုက်ဆံ ကိုင် ၊ ကျွန်တော် က လူစိုက် နဲ့ ရွှေတော ထဲ မှာ ရွှေ လိုက် ဝယ်ကြတယ် ။ ကျွန်တော့် မှာ ပိုက်ဆံ မရှိဘဲ ရွှေကုန်သည် ဖြစ် သွားတယ် ။ ရွှေတော မှာ ရွှေဝယ် ၊ မန္တလေးဆင်း ရွှေလှော်ဖို မှာ ချွတ်ပြီးရောင်း ။ မြတ် တဲ့ အမြတ်ငွေ ကို တစ်ဝက်စီ ခွဲ ယူ ကြရတယ် ။ ရတဲ့ ငွေကလေး စုပြီး ကျွန်တော့် သူငယ်ချင်း တစ်ယောက် နဲ့ စပ်တူ အိမ်ကလေး ဝယ် လိုက်ကြတယ် ။


ရွှေ အရောင်းအဝယ် လုပ်ရင်း လုပ်ရင်း ရှုံး လာတယ် ။ ရှုံး တာများ လာတော့ ကိုညို က အင်း ဖောက်ချင်တယ် ဖြစ် ပြန်ရော ။ ကိုယ်တိုင် ရွှေ တူး တာပေါ့ ။ အင်း ဖောက် တော့ ရှုံး ပြန်ရော ၊ အခြေအနေ က တော်တော်လေး ယိုင် သွားပြီ ။


ကိုညို က ရှိသမျှ ငွေကလေး ပြန် စုပြီး ငါ မလုပ်ချင်တော့ဘူး ။ မြို့ မှာ ပဲ နေတော့မယ် လို့ မန္တလေး ပြန် သွားတော့ ကျွန်တော့် မှာ ဝေ့ချာ ဝေ့ချာ နဲ့ ကွမ်းယာသည် ပဲ ပြန် ဖြစ်သွားတယ် ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment