❝ စေတနာအကျိုး ခံစားရသူ ❞
( ကိုအောင်ဆန်းဝင်း ၊ အောင်သမာဓိ ၊ မန္တလေး )
[ ဆယ်တန်း ကျပြီး ရွှေတော သွား ကွမ်းယာဆိုင် ဖွင့်တဲ့ ကိုအောင်ဆန်းဝင်း ( ၄၂ နှစ် ) ဟာ ရွှေပညာ ကို လက်တွေ့ သင်ယူပြီး ငွေ အရင်းအနှီး ထုတ်နိုင် သူ နှင့် ရွှေလုပ်ငန်း ကို အစုစပ် တွဲ လုပ်ခဲ့တယ် ။ သို့ပေမဲ့ ကံ အကြောင်း မသင့်တော့ အရှုံး ပေါ်ပြီး ကွမ်းယာသည် ဘဝ ကို ပြန် လျှောကျ ရတယ် ။
လောကဓံ ကို အံတု ရင်ဆိုင်ရင်း ယနေ့ ရွှေလောက မှာ နာမည် တစ်ခု နဲ့ ထင်ရှားတဲ့ အောင်သမာဓိ ရွှေသန့်စင်လုပ်ငန်းကြီး ဖြစ် လာအောင် တက်လှမ်းခဲ့ရပုံ ကို ကိုအောင်ဆန်းဝင်း က ပြောပြတယ် ။ ]
••••• ••••• •••••
သပိတ်ကျင်း ၊ ကွင်းသုံးဆယ် ရွှေတော မှာ ကွမ်းယာဆိုင်ကလေး ပြန် ဖွင့်တော့ အဆင် က မပြေဘူး ။ သမီးကလေးတွေ က လည်း ရ လာပြီ ။
ကွမ်းယာ ရောင်း ရင်း အဆင် မပြေတော့ သပိတ်ကျင်း ၊ စဉ့်ကူး ကား အတွက် ကားလက်မှတ် ရောင်း တဲ့ ဂိတ်စာရေး အလုပ် လည်း တွဲ လုပ်တယ် ။ လူ တစ်ယောက် ငွေ အစိတ် နဲ့ လက်မှတ် ရောင်းတာ ။ ကား တစ်စင်းစာ ကို တစ်ယောက် အလကား ရတယ် ။ အဲသည်တုန်း က အစိတ် ဆိုတာ မိသားစု စားလောက်တာ ကိုး ။ ကားလက်မှတ် တွေ ရောင်းပြီး ပြီ ဆိုရင် ရတဲ့ ငွေ ထဲ က တစ်ယောက် စာ အစိတ် ကို မိသားစု စားဖို့ ဆန် ၊ ဆီ ၊ ဟင်းချက်စရာ ဝယ်ပြီး လင်မယား နှစ်ယောက် ချက်ပြုတ် စား ပစ် လိုက်ကြရော ။
ည ကျ ကား က ပျက်လို့ တက် မလာတဲ့ အခါ ရှိတယ် ။ လက်မှတ် ဝယ်ထားတဲ့ လူတွေ က ဂိတ်မှူး ထ ထ ၊ ကား လည်း မလာသေးပါလား ၊ အိပ်ရာ က နှိုး ရော ။ ကား မလာရင် ပိုက်ဆံ ပြန်အမ်း ဆိုတော့ အမ်း ရရော ။ တစ်ယောက် စာ ငွေအစိတ် ကို ကိုယ် က ဈေးဝယ် ချက်ပြုတ် စား ပြီး ပြီ ။ နောက်ဆုံး လူ က ပိုက်ဆံ တောင်း ရော ။ ကျွန်တော်တို့ လင်မယား ကြည့်တိကျက်တက် နဲ့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လို့ ၊ ဘယ်လို လုပ်ကြမလဲပေါ့ ။ အဲသည်တုန်း က အဲသည်လောက် အထိ အခက်အခဲ ရှိ ခဲ့တာ ။ နောက် မနက် စားစရာ မရှိပေမဲ့ ကျွန်တော်တို့ လင်မယား ကတော့ ပျော်ပျော် ပဲ ။
တစ်ခါကလည်း မိန်းမ က ဖျား နေတယ် ။ စားဖို့ ဘာမှ မချက်ရသေးဘူး ။ ပိုက်ဆံ က လည်း မရှိဘူး ။ ဒါသိတော့ ကျွန်တော့် သမီးကြီး ကို ဈေးသည်မကြီး က ခေါ်ပြီး ဒါတွေ ယူသွား ဆိုပြီး ဆန် ၊ ဆီ ၊ ဘဲဥ ၊ ဟင်းချက်စရာတွေ ထည့် ပေးတယ် ။ လူချစ်လူခင် ကတော့ ကျွန်တော့် တို့ မှာ အင်မတန် ပေါတာ ။
အဲသည်လို မှုန်ဝါးဝါး ဖြစ်နေချိန်မှာ မော်လမြိုင် ဘက် က လူ တစ်ယောက် က ကျွန်တော် တို့ အိမ် အောက်ထပ် ကို ငှားပြီး ရွှေဆိုင် ဖွင့်ချင် သတဲ့ ။ တစ်နှစ်စာ နှစ်သောင်းခွဲ ပေးမယ် တဲ့ ။ ကျွန်တော် ငှား လိုက်တယ် ။
အဲသည် အချိန် မှာ စဉ့်ကူးနယ် ကျည်တောက်ပေါက် မှာ ရွှေကွက်ရပ် အခြေအနေ ကောင်းတယ် သတင်း ကြားတယ် ။ ကျောက်ခဲ က ရွှေ ထွက်တဲ့ အချိန် ။ ကွက်ရပ် ပေါ်ခါ စ ဆိုတော့ လူတွေ က တအုန်းအုန်း နဲ့ ။ အစိုးရ က ရွှေ ကိုယ်စားလှယ် ဆိုတာ ဝယ်ခွင့် ပေးတဲ့ အချိန်ပေါ့ ။ ရွှေ တစ်ကျပ်သား ကျပ် ၁၆၅၀၀ နဲ့ ကောက်ပြီး အစိုးရ သွင်း ရတာ ။
ကျွန်တော်တို့ နေတဲ့ ကွင်းသုံးဆယ် နဲ့ မိုင် နှစ်ဆယ် လောက် ဝေးတယ် ။ ကျွန်တော်တို့ လင်မယား သွား တာပေါ့ ။ လမ်း မှာ တွေ့တဲ့ လှည်း မှာ ခင်းတဲ့ ဝါးကပ်ကြမ်း တစ်ခု ၁၅ ကျပ် ပေးရတာ ကို အချပ် ၂ဝ လောက် ဝယ်တယ် ။ ကွက်သစ်မြေ တစ်ကွက် ၅ဝဝဝ ပေး ရတယ် ။ ဝယ်တယ် ။ ဝါးကပ်တွေ နဲ့ လှည့်ပတ် ကာ လိုက်တယ် ။ နေရာ ဦး တာပေါ့ ။
ဇရပ်ကွင်းရွာ က နေ ထီး ၊ ဖိနပ် ၊ ပုဆိုး ၊ ဓာတ်ဆီ ၊ ဒီဇယ် ရွှေတော မှာ သုံးသမျှ ပစ္စည်းတွေ ကို တစ်သောင်း လောက် လက်ငင်း ပေး ၊ အချို့ အကြွေး ဆွဲ ။ ည ရောင်း မနက် ပြန် ဝယ် နဲ့ ရောင်းတယ် ။ ဖြုန်း အား ကောင်းတော့ ဆိုင်တွေ က လည်း အကြွေး ပေးကြတယ် ။
ဝါး ၊ သက်ကယ် ၊ ဒီဇယ် ဘယ်ဟာ မဆို တစ်ကျပ် နဲ့ ဝယ် နှစ်ကျပ် နဲ့ ရောင်း ဘာမဆို မြတ် နေတာပေါ့ ။
အစိုးရ ရွှေကိုယ်စားလှယ် ရအောင် လည်း လျှောက် ယူပြီး ရတော့ အောင်သမာဓိ ဆိုင်းဘုတ် ချိတ်တယ် ။
အစိုးရ ရွှေ ဝယ်ယူရေး ဆိုတာ ကို လူတွေ က မဖြစ်မနေ ရောင်းကြရတာ ။ ရွှေကိုယ်စားလှယ် က ဆယ်ယောက် လောက် ရှိတယ် ။ ကျွန်တော် က ရောင်း တဲ့ လူတွေ ကို ကလေး ပါရင် ချိုချဉ် ပေးတယ် ။ လူကြီးတွေ ကို ဆေးလိပ် ၊ ကွမ်းယာ ပေးတယ် ။ ရွှေ ရောင်းတဲ့ လူ ကို ဓာတ်ဆီ ၊ ဒီဇယ် အကြွေး ရောင်း ပေးတယ် ။ လူတွေ က အုန်းအုန်း အုန်းအုန်း နဲ့ တန်းစီ ပြီး ရွှေရောင်း လာတာ ။ ချိုချဉ် ၊ ကွမ်းယာ ဝေပေးတဲ့ ကလေးတွေ ကို လူတိုင်း စေ့ရ အောင် ဂရုစိုက် ဝေရမယ် လို့ ကျွန်တော် က ပြောထားတယ် ။ မင်း တို့ ပိုက်ဆံ နဲ့ ပေးရတာ မဟုတ်ဘူး ။ လူတိုင်း မရ မရှိစေ နဲ့ လို့ မှာ ထားတယ် ။ ရွှေ သုံးကျပ်သား ၊ ငါးကျပ်သား လာ ရောင်း တဲ့ လူတွေ ကို လစ်ပို တို့ ဇင်းဇင်းစီးကရက် ဘူး လိုက် ပေးတာတို့ များများ ရောင်းတဲ့ လူ ကို ဖီးလ်ဂျက်ကက် လက်ဆောင် ပေးတာတို့ ကျွန်တော် လုပ်တော့ သုံးလ အတွင်း မှာ ကျွန်တော် က ရွှေဝယ်နှုန်း အမြင့်ဆုံး စံချိန် ဖြစ်သွားတယ် ။
ရွာ မှာ ကျန်ရစ်တဲ့ အမေ တို့ ကို လည်း ခေါ်ပြီး စီးပွားတူ လုပ်ကြတယ် ။ အခြေအနေ က ကောင်း လာတော့ လက်ပန်လှ မှာ အမေ တို့ အတွက် တိုက် ဆောက် ၊ လျှပ်စစ်မီး သွယ် ၊ တယ်လီဖုန်း တပ်ပေး ၊ ဗင်ကား တစ်စီး ဝယ် ပေးတယ် ။ အမေ က သားတွေ ကို အလှူ လှူချင်တယ် ဆိုတော့ ရှင်လောင်းတွေ ကို တကယ့် ဆင် အစစ် နဲ့ တင်ပြီး အလှူ လှည့်တယ် ။ လာတဲ့ သူတွေ ကို အမဲ တစ်ရုံ ၊ ဝက်သား တစ်ရုံ ထမင်း ကျွေးပြီး ထမင်းရည် ချောင်းစီး ရှယ်အလှူကြီး ပေးပါတယ် ။
ကျွန်တော် က ရွှေ ဝယ် ရာမှာ ကနေ့ အထိ အလေး မခိုးဘူး ။ ရွှေတော မှာ ရွှေ ဝယ်ရင် ဆယ်ပြားစေ့ နဲ့ ချိန်တယ် ။ အချို့က ဆယ်ပြားစေ့ ကို ဒိုင်းလွှ နဲ့ လှီးပြီး အလုပ် က ခဲထည့် ၊ ပြန်ပိတ် တယ် ။ ရွှေ တစ်ကျပ်သားဝယ် ရင် ဆယ်ပြားစေ့ က ၁၅ စေ့ လောက် ထည့်တာ ၊ ဘယ်ကောင် အကြံအဖန် ဆယ်ပြားစေ့ လဲ ရောင်းတဲ့ သူ က မသိဘူး ။
ကျွန်တော့် ဘဝ မှာ မမှန်ကန်ဘူး ထင်တာ တစ်ခု တော့ လုပ်ခဲ့ဖူးတယ် ။ ကျွန်တော့် ဆရာ ကိုမန်းရီ ၊ ကိုညို တို့ နဲ့ အင်း စပ်တူ လုပ်တယ် ။ အင်းပိုင် နဲ့ သိတဲ့ လူတွေ က အကြံအဖန် လှည့်တယ် ဆိုတာ ရှိတယ် ။ အင်ဝိုင်းကလေး နဲ့ အင်းမြေ ထဲ လာပြီး နှစ်ဝိုင်း ၊ သုံးဝိုင်း လှည့်ပြီး ရွှေကျင် ယူ တာပေါ့ ။ ဒါ လုပ်နေကျပါ ။ သိတဲ့ လူ က လည်း မျက်စိ မှိတ် နေလေ့ ရှိတယ် ။ ကျွန်တော် က အင်းခေါင်းဆောင် ၊ ကျွန်တော့် မိန်းမ က အကြံအဖန် လှည့် ချင်တယ် တဲ့ ၊ မင်း မလှည့်ရဘူး လို့ ကျွန်တော် က တားတယ် ။ ဒါပေမဲ့ ပြော မရဘူး ၊ နေ့ တစ်ဝက် ဝင် လှည့်တာ ရွှေ တစ်ကျပ်သား ရတယ် ။ ဒါကို ကျွန်တော် သိ ပေမဲ့ ကိုညို တို့ ၊ ကိုမန်းရီ တို့ ကို မပြောမိဘူး ။ မိန်းမ က ဆွဲကြိုးလေး လုပ်ဝတ်တယ် ။ အဲသည် ရွှေတစ်ကျပ်သား ဟာ ဘယ်လို ကုန်သွားသလဲ ကျွန်တော် မသိဘူး ။ သူများ ပစ္စည်း ကို သိအောင် သော် လည်းကောင်း ၊ မသိ အောင် သော် လည်းကောင်း ၊ ယူရင် အဲသည် ပစ္စည်း မမြဲဘူး ။ အဲသည် ကတည်း က ကျွန်တော် တို့ ကြောက် သွားတာ ။ ဒါနဲ့ အဲသည် အကြွေး ကို ကျွန်တော် ပြန် ဆပ်တယ် ။ ဆရာ နှစ်ယောက် ကို ရွှေ ငါးမူးသားစီ နဲ့ ကျွန်တော် ထိုင် ကန်တော့ ပြီး ဆပ် လိုက်တယ် ။ ကျွန်တော် က ကျွန်တော့် ဆရာတွေ ကို တွေ့တဲ့ နေရာ မှာ ကန်တော့တယ် ။ ထိုင်ရင် တောင် တစ်ပြေး တည်း တန်းတူ ဘယ်တော့ မှ မထိုင်ဘူး ။
ကျွန်တော်တို့ ရွှေ ကိုယ်စားလှယ် လုပ် နေချိန် မှာ ဝယ်ဈေး က ၁၆၅ဝဝ ကနေ ၁၈ဝဝဝ အထိ ပဲ တက် တယ် ။ အပြင် က ၃ဝဝဝဝ ဖြစ် နေပြီ ။ လူတွေ က လည်း အပြင် ပို့ ကြတယ် ။ လုပ်သားပြည်သူ က လည်း အပြင်ဈေး နဲ့ အတွင်းဈေး လေးငါးထောင် ကွာတော့ မရောင်းချင် တော့ဘူး ။ ရွှေဈေး က တော်တော် တက် လာ တော့ ရွှေကိုယ်စားလှယ်တွေ လည်း ၁၀ ယောက် က ၅၀ ကို ဖောင်းပွ လာတယ် ။ ပေါင်းတဲ့ လူ က ပေါင်း ၊ ကွဲ တဲ့ လူ က ကွဲ ။ ကျွန်တော် ရွှေကိုယ်စားလှယ် မလုပ်တော့ဘူး ။
ကျောက်တွေ ကို ကျောက်ကြိတ်စက်ရုံ နဲ့ ကြိတ် ပြီး ဆိုင်ယာနိုက် နဲ့ ချက် တော့ ရွှေအလုံးကြီးတွေ ဖြစ်တယ် ။ ဒါကို ချက်ကန်တွေ နဲ့ ချက် ၊ လှော်ဖို တွေ နဲ့ လှော် တဲ့ ခေတ်ရောက် လာတယ် ။ ကျွန်တော် က ရွှေတော မှာ တစ်ဖို ၊ မန္တလေး အိမ်တော်ရာဘုရား တောင် ပေါက် စဉ့်ကူးကျောင်းထဲ မှာ တစ်ဖို ထောင် တယ် ။ အိမ်တော်ရာ ဖို က ညီအစ်ကိုတွေ နဲ့ လေးယောက် ရှယ်ယာ ထောင် တာပါ ။
ကျွန်တော် က ဝိန့်စိန်ရွှေဆိုင် ကို ရွှေ သွင်း ရတယ် ။ အဲဒါ သွင်း ပေးတဲ့ ပွဲစား ကို ရွှေ တစ်ကျပ်သား ၁၅ ကျပ် အသားလွတ်ပေး ရတယ် ။ ထားပါတော့ ၊ သူ့ ကျေးဇူး လည်း ရှိ ပါတယ် ။
အစုစပ် လုပ်တဲ့ သူတွေ က မလုပ်ချင်တော့ဘူး ၊ ရှယ်ယာ ခွဲမယ် ဖြစ်လာတယ် ။ မန္တလေး အမတော်ဝင်း ထဲ မှာ မြေ နေရာလေး တစ်ခု ဝယ်ပြီး လှော်ဖို ဆောက်တယ် ။ အောင်သမာဓိ လှော်ဖို ကို လူတွေ သိ လာအောင် လိပ်စာကတ် တွေ ရိုက် ဝေတယ် ။ စတစ်ကာတွေ လုပ်ပြီး စဉ့်ကူးကား တွေ မှာ ကပ်တယ် ။ စွပ်ကျယ်တွေ မှာ ဆိုင်တံဆိပ် ရိုက်ပြီး ဝေ တယ် ။ သမ က တယ်လီဖုန်း ကို ငှားပြီး လှော်ဖို မှာ ချိတ် တယ် ။ ဖုန်း နဲ့ အလုပ် လုပ်တော့ အဆက်အသွယ် တွေ ပို ရ ၊ ပို မြန်ပြီး အခြေအနေ က ပို ကောင်း လာတယ် ။
ဆယ်လူလာဖုန်း တွေ ပေါ် လာတော့ ဝယ် ကိုင်တာ ရွှေ လေးဆယ်သား ပေးရတယ် ။ အဲသည်အချိန် က ကျွန်တော့် မှာ ငွေ အဲသည်လောက် မရှိဘူး ။ ဒါပေမဲ့ သတင်း အချင်းအလက် နောက်ကျတဲ့ လူ ခံရမှာပဲ ဆိုတာ သိလို့ ဝယ် လိုက်တာ ။ အဲသည်တုန်း က ရန်ကုန် နဲ့ မန္တလေး က ရွှေ တစ်ကျပ်သား ၂၀၀ ၊ ၃၀၀ ဟ တဲ့ ခေတ် ။ ကျွန်တော့် ဟန်းဖုန်း ကို တောင်ကြီး ၊ ရန်ကုန် က အသိများ လာတယ် ။ နယ် က ရွှေတွေ လည်း လာ ရောင်းလို့ ကုန်ကြမ်းတွေ အရမ်း ရ လာတယ် ။
ကုန်ကြမ်းရွှေ တွေ လာ ရောင်းကြပါရဲ့ ရှင်းစရာ ပိုက်ဆံ က မရှိဘူး ။ အဲသည် အချိန် မှာ မန္တလေး မှာ လူ အသိ အများဆုံး လူကြိုက် အများဆုံး က အကယ်ဒမီ ရွှေ ။ ကျွန်တော့် မှာရှိတဲ့ လှော်ပြီးသား အောင်သမာဓိရွှေ တွေ ကို ငွေ ပြန် ဖော်ဖို့ အကယ်ဒမီဖို သွားပြီး ထပ် လှော် တယ် ။ ကျွန်တော့် ရွှေ က ထပ် လှော်ပေမဲ့ မလျော့ဘူး ။ လုပ်ရင်း လုပ်ရင်း အောင်သမာဓိရွှေ က မကျွတ်ဘူး ၊ ကောင်းတယ် နာမည် ထွက် လာတယ် ။ ကုန်သည် လောက မှာ လက်ခံ လာကြတယ် ။ တောင်ကြီး ၊ ရန်ကုန် ၊ မန္တလေး မှာ ရှိတဲ့ ရွှေဆိုင်ကြီးတွေ က အောင်သမာဓိ ကို ဝယ်လို့ ဖြစ်လာတယ် ။
အဲသည် ခေတ် က ရွှေသမားတွေ က ဈေး မရတဲ့ အတူတူ ဆိုပြီး ဘော် ထောက် တယ် ။ ဘော်ကလေး စပ် လိုက်တော့ မြတ် တာပေါ့ ။ ကျွန်တော် က တော့ မရောမနှော နှစ်နှစ် လောက် အနစ်နာ ခံ လိုက်တော့ အကယ်ဒမီ မရရင် အောင်သမာဓိ ဖြစ် ကုန်ရော ။ ရွှေ ဝယ်ပြီး ဆွဲကြိုး လုပ် ၊ လက်ကောက် လုပ် လိုက် ရင် တံဆိပ် ဆိုတာ မရှိတော့ဘူး ။ ရွှေ ချင်း အတူတူ တစ်ကျပ်သား ၂ဝဝ ကွာ ရင်။၁ဝ သား ဆို ၂ဝဝဝ ၊ တစ်ပိဿာ ဆို ၂ဝဝဝဝ ကွာတယ် ။
ကျွန်တော့် ကံ က ကောင်း ချင်တော့ ရွှေ အရည်အသွေး စမ်းစက် က ထ ပေါ် လာတယ် ။ အကောင်းဆုံး တံဆိပ် စမ်း လည်း သည် အရည်အသွေး ၊ အောင်သမာဓိ စမ်း လည်း သည် အရည်အသွေး ဆိုတော့ လူတွေ က ပို လက်ခံလာ တာပေါ့ ။
လူတွေ သွားရ လာရ လွယ်ကူ အဆင်ပြေ မှ ကိုယ့် လုပ်ငန်း အဆင်ပြေမယ် လို့ တွေး မိတော့ ကျွန်တော့် လုပ်ငန်း ကို ယခု နေရာ ရွှေ့လိုက်တယ် ။ သည်နေရာ က သပိတ်ကျင်း ၊ စဉ့်ကူး ၊ မုံရွာ ၊ အဝေးပြေးကားဂိတ် နဲ့ နီးတယ် ။
တစ်ဘက် မှာ ရွှေတွေ လာရောင်း နေတာ ကို အခြား တစ်ဘက် မှာ ငွေ ပြန် ဖော်ဖို့ ရွှေဆိုင် ဖွင့် လိုက်တယ် ။ ကျွန်တော့် ဆိုင် မှာ ရွှေ ဝယ်ရင် အလျော့တွက် လက်ခ ကို ဘယ်သူ နဲ့ မှ မတူတဲ့ အသက်သာဆုံးဈေး ကို ချ လိုက်တယ် ။
အလျော့တွက် လက်ခ လည်း သက်သာ ၊ ရွှေရည် လည်း မှန် ၊ ဆက်ဆံရေး လည်း ကောင်းတော့ ရောင်းသူ ရော ဝယ်သူ ရော စိတ်ချမ်းသာ လို့ အောင်သမာဓိ ဆိုတဲ့ နာမည် တစ်လုံး ဖြစ် လာတာပါ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment