Sunday, March 12, 2023

ကမ္ဘာသစ် တစ်ခု ဆီ သို့ သွားလေသည်လား


 ❝ ကမ္ဘာသစ် တစ်ခု ဆီ သို့ သွားလေသည်လား ❞


၁၉၉၅ ခု ၊ မတ်လ ၆ ရက်


ထိုနေ့က ကျွန်တော် သည် မဖြစ်မနေ လုပ် ရမည့် လုပ်ငန်းတာဝန် များ ကို ပစ်ထားခဲ့ပြီး အမှတ် ၂ ၊ စစ်ဆေးရုံ သို့ ကမန်းကတန်း သွား ခဲ့ရ သည် ။ ကိုယ်ပိုင်ကား ဝယ် မစီးနိုင်သော ကျွန်တော့် အတွက် တစ်ချိန် က လုပ်ဖော်ကိုင်ဖက် ဖြစ်သူ သစ်တောဦးစီးဌာန မှ ကိုမောင်မောင်စိုး သည် အိတ်စိုက် ကားငှား ကုသိုလ် ပြုခဲ့ခြင်းကြောင့် ခပ်စောစော ရောက်သွားခဲ့ သည် ဆိုသော်လည်း ဧည့်သည် အတော်များများ သည် ကျွန်တော့် အရင် ရောက်နှင့် နေပြီး ဖြစ် ကြ၏ ။


ဧည့်သည်များ ၏ မျက်နှာပြင် သည် နေထိပန်း လို ညှိုးနွမ်း နေ ကြ၏ ။ အချို့ကား မိုးတိုးမတ်တတ် ၊ အချို့ကား ခန်းမဆောင် အတွင်း စီခင်းကျင်း ချထားသော ခေါက်ကုလားထိုင်များ တွင် ငြိမ်သက်စွာ ထိုင် နေကြ၏ ။ ကျွန်တော်သည် ထို လူစု အားလုံး စုရုံး ကြည့်ရှု နေသည့် ခန်းမဆောင်ကြီး အတွင်း ပြင်ဆင် သတ်မှတ်ထား သည့် တစ်ခုတည်း သော အလောင်းတင် စင်ပေါ် ရှိ အသက်ဝိညာဉ် ကင်းမဲ့ နေပြီ ဖြစ်သည့် ဆရာကြီး “ သော်တာဆွေ ” ၏ ရုပ်ကလာပ် အနီး တိုးကပ် ကြည့်ရှု ဂါရဝပြု လိုက် သည် ။ ဆရာကြီး နှင့် ဘယ်သော အခါ မှ ဆုံစည်းနိုင်တော့မည် မဟုတ် ဆိုသည့် အသိ က ရုတ်ခြည်း ဝင် လာသည် ကြောင့် ကျွန်တော့် ရင် သည် ဆို့တက် လာ ကာ မျက်ဝန်း တွင် မျက်ရည်တို့ အိုင်ထွန်း လာတော့၏ ။ ကျွန်တော့် အရိပ်အကဲ ကို နံဘေး မှ ကြည့် နေသော ကာတွန်းကိုငွေ ကြည် က “ ကိုပိုက် ရယ် ၊ စိတ်ထိန်းပါ ။ လူတိုင်း ဟာ အချိန်တန် ရင် သည် လမ်း ကို ပဲ သွားကြရမှာ မဟုတ်လား ” ရယ်လို့ ဖြေသိမ့်ရင်း ဆရာကြီး ရုပ်ကလာပ် အပါး မှ ဆွဲခေါ် သွားလေသည်ကြောင့် ပြိုဆင်း ကျလာတော့ မည့် မျက်ရည်တို့ ကို အချိန်မီ ထိန်းလိုက် နိုင်တော့၏ ။


၁၉၉၄ ခုနှစ် နှောင်းပိုင်း မှ စ၍ ကျန်းမာရေး ချို့ယွင်းစ ပြုနေပြီ ဖြစ် သည့် ဆရာကြီး ကို သား နှင့် သမီးများ က ၁၉၉၅ ခုနှစ် ၊ ဇန်နဝါရီလ ၃ ရက် နေ့ တွင် အနောက်ပိုင်းဆေးရုံ သို့ ဆေးဝါးကုသမှု ခံယူရန် တင်ပို့ ခဲ့ကြသည် ။ ထိုမှ တစ်ဖန် အမှတ် ( ၂ ) စစ်ဆေးရုံ သို့ ပြောင်းရွှေ့ ဆေး ကုသမှု ခံယူစေသည် ။ ထိုကာလ အတွင်း အစာ နှင့် အရည် အား ပိုက် ဖြင့် သွယ်၍ သွင်း ခဲ့ ရသည် ။ ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရင်း ၆၁ ရက် တိတိအကြာ တွင် ' God Spy ' ဟု ဆရာကြီးဇော်ဂျီ က အမည် ပေး ခဲ့သော ဆရာကြီးသော်တာဆွေ ကို ၁၉၉၅ ခု ၊ မတ်လ ၄ ရက် ၊ စနေနေ့ ၊ ည ၁၁း၁၅ နာရီ တွင် ဘုရားသခင် က ပြန်လည် သိမ်းဆည်း ခေါ်ဆောင် သွားပေသည် ။ ထို့နောက် မှ သည် အခြား ကမ္ဘာသစ် တစ်ခု သို့ တာဝန်ပေး စေလွှတ်ဦး မည်လား မသိချေ ။ မည်သို့ပင် ဖြစ်စေ လူ့သဘော ၊ သဘာဝ သာလျှင် မဟုတ် တိရစ္ဆာန်တို့ ၏ အမူအကျင့် စရိုက် လက္ခဏာ ကို ပင် စေ့စပ်သေချာစွာ သိ တတ်သော ၊ ရဲရင့်သော ၊ ပြတ်သားသော ၊ ပွင့်လင်းသော ဆရာကြီး သည် ယခုသော်ကား ရာသက်ပန် နားခိုရာ အရပ် သို့ ရောက်နေပြီ ဖြစ်သည် ။


ထိုနေ့ နေ့လယ် ၂းဝဝ နာရီ အချိန် တွင် ဆရာကြီး အား သားသမီး ဆွေမျိုး မိတ်သင်္ဂဟ နှင့် စာပေရောင်းရင်း တပည့်များ က နောက်ဆုံး နှုတ် ဆက်ကာ မွှေးကြိုင်သော ပန်းပေါင်းစုံ ဖြင့် ဆရာကြီး ၏ ရုပ်ခန္ဓာကိုယ် အား ဖုံးလွှမ်း ပေး လိုက်ကြသည် ။ ပြီးနောက် ဂူသွင်းသင်္ဂြိုဟ် လိုက်သည် နှင့် ငိုရှိုက်သံ တို့ သည် ကြံတောသုသာန် တစ်ဝိုက် ပျံ့လွင့် ထွက်လာလေ တော့၏ ။


ဘယ်သော အခါ မှ ဆရာကြီး ကို မည်သူမျှ တွေ့ နိုင်ကြတော့မည် မဟုတ်ပါ ။ သက်ရှိထင်ရှား ကာလပတ်လုံး စာပေနယ် ၌ သာ ပျော်မွေ့ လေသည့် ဆရာကြီး သည် ထာဝရ အနား ယူ သွားပြီ ဖြစ်သည် ။ သို့သော် ကျွန်တော့် အမြင် ၌ ကား ဆရာကြီး ၏ ပုံရိပ်သဏ္ဌာန် သည် ပီပီပြင်ပြင် ပြန်လည် ထင်ဟပ် လာတော့၏ ။ 


ကျွန်တော် နှင့် ဆရာကြီး သော်တာဆွေ စတင် ဆုံစည်းကြပုံ ကို အထွေအထူး မပြောလိုတော့ပြီ ။ ဆရာ တက္ကသိုလ်နန္ဒမိတ် ကွယ်လွန် သည့် နေ့ က ၆ မိုင် မာလကာခြံ မှ ကျွန်တော်တို့ အရပ် အင်းစိန် သို့ ပြောင်း ရွှေ့လာသည် မှာ မကြာသေးပြီ ဖြစ်သော ဆရာသော်တာဆွေ ကို ဆရာ နန္ဒမိတ် ဆုံးပါးသွားပြီ ဖြစ်ကြောင်း သွားရောက် သတင်း ပို့ ရာမှ စတင် သိကျွမ်းခဲ့ရခြင်း ဖြစ်သည် ။


ထိုသည် နောက်ပိုင်း ဆရာကြီး နှင့် ကျွန်တော် နေ့စဉ် လိုလို ဆုံ ခဲ့ကြတော့၏ ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော် သည် နံနက်တိုင် ဈေး ဝယ် ထွက်တတ် သလို ဆရာကြီး သည် လည်း ဈေးဝယ် ထွက်ခြင်း ကို နေ့စဉ် တာဝန် ဆောင်ရွက်နေသူ မို့ နှစ်ယောက် တူတူ လမ်းလျှောက် ရင်း ဈေးဝယ် ထွက်ကြခြင်း ကြောင့် ဖြစ်သည် ။


ကျွန်တော် သည် သစ်တောဌာန တွင် တာဝန် ထမ်းဆောင်ခဲ့ဖူး သူ ဖြစ်သည့် အားလျော်စွာ ခြေလေးချောင်း သတ္တဝါ မှန် သမျှ မည်သည့် အကောင် ကြီးကြီးငယ်ငယ် မရှောင် ။ ရေသတ္တဝါ အကုန် စား ၊ ခြေနှစ် ချောင်း လူ မှ လွဲ ၊ တွင်းအောင်းသတ္တဝါ မကျန် ၊ တောင်ပံမြန် ပျံသန်း နိုင်ကြ သော ကြက်ငှက်များ အပြင် ပလူ မှ စ ဆင် ထိ တိုင် စားသောက် တတ် သူ ပေ မို့ ကျွန်တော် ကဲ့သို့ အစာ မျိုးစုံ မရှောင် စား တတ်သော ဆရာကြီး နှင့် နေ့စဉ် နံနက် တိုင်း ဈေးဝယ် ထွက်တတ် ကြခြင်းသည် အဆန်းတကြယ် မဖြစ်နိုင်တော့ချေ ။


ထိုစဉ်က ဆရာကြီး သည် အင်းစိန် ၊ ဘိုကုန်း ၊ မဂ္ဂင်ကျောင်းလမ်း တွင် နေပြီး ကျွန်တော် သည် ဆရာကြီး အိမ် မှ ဆယ်မိနစ် ခန့် လျှောက် လျှင် ရောက်နိုင်သည့် မင်းကြီးလမ်း နှင့် ဟိုက်ပတ်လမ်း ထောင့် တွင် နေခြင်း ဖြစ်၏ ။ ကျွန်တော်တို့ နှစ်ယောက် အမြဲ သွားလေ့ ရှိသည့် ဈေး သည် ကား ဟိုက်ပတ်လမ်း အတွင်း ငါးမိနစ်ခန့် လျှောက်ဝင် လိုက်ပါ က ရောက်နိုင် သည့် ယိုးဒယားဈေး ခေါ် ကရင်ဈေးတန်းကလေး ပင် ဖြစ်တော့၏ ။ ကျွန်တော့် အိမ် မှ ငါးမိနစ် ခန့် ၊ ဆရာကြီး အိမ် မှ ငါးမိနစ်ခန့် မျက်နှာ ချင်းဆိုင် လျှောက် လျှင် လွယ်လင့်တကူ ရောက်နိုင် သည့် ဘိုကုန်းဈေး ကလေး ရှိ သော်ငြား ကရင်ဈေးတန်းကလေး သို့ သွားတတ်ကြခြင်း သည် ကား အခြား မဟုတ် ၊ တောစာကလေးများ ရ တတ်ခြင်းကြောင့် ပင် ဖြစ်၏ ။ ဖား ရ၏ ။ ငါးရှဉ့် ရ၏ ။ ငှက် ရ၏ ။ ဖွတ် ၊ ပုတတ် ၊ ကြွက် ၊ မြွေ ၊ ကြောင် ၊ ရံဖန်ရံခါ လိပ် အစရှိသည့် ရှားရှားပါးပါး အကောင်များ ရတတ်ခြင်း ကြောင့် အပြင် အလေးချိန် မခိုးတတ်သည့် ရိုးသားဖြောင့်မတ်သော တိုင်းရင်းသား ဈေးသည်များ ကြောင့် လည်း ဖြစ်၏ ။


ထူးဆန်းထွေလာ ထို အသားဟင်းလျာလေးများ ရသည့် အခါတိုင်း ဆရာကြီး အိမ် တွင် ဖြစ်စေ ၊ ကျွန်တော့် အိမ် တွင် ဖြစ်စေ ၊ နှစ်ယောက်တည်း ကြိတ်ဝိုင်းကလေး လုပ်တတ် ကြ၏ ။


အအိပ်ကြီးသော ကျွန်တော် သည် ဆရာကြီး နှင့် ဆုံစည်းခဲ့လေ မှ နံနက် စောစော အိပ်ရာ ထ တတ်သော အလေ့အကျင့် ရခဲ့၏ ။ ဆရာကြီး သည် နံနက် စောစော သုံးနာရီ ခန့် အိပ်ရာ မှ ထ ၍ စာ ရေးတတ်၏ ။ ခြောက်နာရီ ထိုးလျှင် ဈေးဝယ် ထွက်ရန် အိမ် မှ ထွက်ခဲ့ပြီး ကျွန်တော့် ကို ဝင် ခေါ်ကာ ဈေးဝယ် ထွက် တတ်၏ ။ ထိုသည်ကား ကျွန်တော် နှင့် ဆရာကြီး တို့ နိစ္စဓူဝ မပျက်မကွက် ဆောင်ရွက် ခဲ့ကြသော တာဝန်ပင် ဖြစ်တော့ ၏ ။ ဈေး သွားရင်း စာအကြောင်း ၊ ပေအကြောင်း ဆွေးနွေး တတ်ကြ၏ ။ ကျွန်တော် သိ ချင်သည်များ ကို ပြော ပြ၏ ။ ကျွန်တော် မတတ်သေးသည် များ ကို သင်ပြ၏ ။ ကာလ ရှည်ကြာလာသည့် အခါတွင် မူ ကျွန်တော် သည် ဆရာကြီး ၏ ဇာတ်ကောင် “ မခင်ကျော့ ” ဘွဲ့ထူး ကို ရ ခဲ့တော့၏ ။ ( သောင်းပြောင်းထွေလာ မဂ္ဂဇင်း တွင် ဆရာကြီး သည် “ ပြောရမှာပေါ့ မခင်ကျော့ ” ဆောင်းပါး ရေး ခဲ့ဖူး၏ ။ ကျွန်တော် နှင့် ဆုံစည်းခဲ့ပြီး နောက် ပိုင်း အချိန် တော်တော်ကြာကြာ ထိ ရေးခဲ့ခြင်း ဖြစ်သည် ။ ) 


“ ကိုပိုက် က တော့ ဆရာသော်တာဆွေ ရဲ့ မခင်ကျော့ ပဲဗျာ ” ရယ်လို့ ဆရာကဗျာကြီး ဦးတင်မိုး က အမြဲ ပြော တတ်၏ ။


ဆရာကြီး သော်တာဆွေ သည် ကျွန်တော့် ကို တပည့်ရင်း တစ် ယောက် လို ပင် မက တူ သား လို ၊ မိတ်ဆွေ လို ဆက်ဆံ တတ်၏ ။ ကျွန်တော့် အပေါ် သံယောဇဉ် ကြီးသူများ လည်း ဖြစ်၏ ။


ဆရာကြီး နှင့် ကျွန်တော် သည် အမြဲ လိုလို ခရီးတို ၊ ခရီးရှည် ၊ ခရီးလတ် ထွက် တတ်ကြ၏ ။


မန္တလေး ရောက် ၏ ၊ ပဲခူးရောက် ၏ ၊ ထောက်ကြံ့ ရောက် ၏ ၊ လှည်းကူး ရောက် ၏ ။


အနီ သောက် ၏ ၊ အဖြူ သောက် ၏ ၊ ချက်အရက် သောက် ၏ ၊ ဘီယာ သောက် ၏ ၊ ထန်းရည် သောက် ၏ ၊ ဓနိရည်  သောက် ၏ ။


ဖားကင် ၊ ငါးကင် ၊ ပဲလှော် ၊ ကြွက်ကြော် ၊ ကြက်ကြော် ၊ အစုံ တကာ့ အစုံ ၊ အမြည်း ပေါင်းစုံဖြင့် ပျော်ရွှင်မှုတွေ ရယူ ကြ၏ ။ တိုးတိုးဖော် ဆို လည်း ဟုတ်၏ ။


ကျွန်တော် မစားဖူးသော အစားအစာများ ကို ဆရာကြီး က ကိုယ်တိုင် ချက်ပြုတ် ကျွေးမွေး တတ်၏ ။ ဆရာကြီး မစားဖူးသည်များ ကို ကျွန်တော် က ရှာဖွေ ချက်ပြုတ် မြည်းစမ်း စေခဲ့၏ ။


( ယခုသော်ကား ထူးဆန်းထွေလာ အစားအစာများ နှင့် ကြုံလေ တိုင်း ဆရာကြီး ကို သတိရမိ လွမ်းမိ သေးတော့သည် )


ဆရာကြီး သည် ပျော်ရွှင်စွာ ဖြင့် ဘဝ ကို ဖြတ်သန်း လာရင်း တစ်ဆစ်ချိုး တစ်ကွေ့ တွင် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ် လာတော့၏ ။ ထို သည် ကား ဆရာကြီး ၏ “ မေ ” သည် ကျန်းမာရေး ယိုင်လဲ အိပ်ရာ ထဲ ဗုန်းဗုန်း လဲ ခဲ့ခြင်း ကြောင့် ဖြစ်တော့၏ ။


စာပေ ရေးသားခြင်း ဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သော ဆရာကြီး သည် မိသားစု စားဝတ်နေရေး အတွက် သာ လျှင် မဟုတ် အန်တီမေ ၏ ကျန်းမာရေး အတွက် ပါ အရွယ် နှင့် မမျှအောင် ရှာဖွေ ခဲ့ရခြင်းကြောင့် မသိမသာ စိတ်ဓာတ် ကျ စ ပြုချေပြီ ဖြစ်၏ ။ နှစ်ရှည်လများ လူမမာသည် အန်တီမေ ကို နေ့ မအား ည မအား ပြုစုခဲ့ရသည် တစ်ကြောင်း ၊ အသက် အရွယ် အားဖြင့် ၇ဝ ကျော် ပြီ ဖြစ်သည် တစ်ကြောင်း ၊ အကြောင်းကြောင်း သော အကြောင်း အချို့လေးတွေ ကြောင့် ကျန်းမာရေး ယိုင်နဲ့ စ ပြုလာပြီ ဖြစ် သော်လည်း အစစ အရာရာ ဆရာကြီး သာ လျှင် တာဝန် ယူ နေရသည် ကြောင့် မိမိ ကျန်းမာရေး ကို ပင် ဂရု မစိုက်အားဘဲ မိသားစု စားဝတ်နေရေး ကို ကြိုးပမ်း ရှာဖွေ နေရသူ ဖြစ်၏ ။


“ ဒါဒါ ၊ ကျန်းမာရေး က လည်း သိပ် ကောင်းတာ မဟုတ်ဘူး ၊ သမီး တို့ အိမ် မှာ လိုက် နေလှည့်ပါ ၊ လိုလေသေး မရှိ ထား ပါမယ် ” ရယ် လို့ ဆရာကြီး ၏ သမီး ဖြစ်သူ ဒေါ်ဒင်ပယ်ဆွေ က အကြိမ်ကြိမ် အခါခါ အလီ လီ လာရောက် ခေါ်နေသော်ငြား


“ မောင်ပိုက် ရာ ၊ ပယ်ပယ် က ငါ့ ကို အမြဲ ခေါ်တယ် ။ လူမမာ သည်ကြီး နဲ့ မြေးမလေးတွေ ကို ပစ် သွားပြီး ငါ လိုက်သွားလို့ ဘယ် ဖြစ်ပါ့ မလဲကွာ ”


“ ဆရာကြီး က လည်း လိုက်သွားသင့်တယ် ထင်တယ် ။ ဆရာ့ သားသမီးတွေ က လည်း ကိုယ့် အဖေ ကို ပြုစုစောင့်ရှောက် ချင်ကြမှာပေါ့ ။ ဆရာကြီး လည်း ကျန်းမာရေး သိပ် ကောင်းတာ မဟုတ်ဘူး ။ နားနားနေနေ သွား နေပါလား ဆရာကြီး ရယ် ”


“ မဟုတ်သေးဘူး ကွ ၊ သည်မှာ ငါ မရှိလို့ မဖြစ်ဘူး ၊ ငါ့ သားသမီး တွေက အားလုံး အဆင်ပြေ နေကြတဲ့သူတွေ ချည်းပဲ ၊ မေ နဲ့ မြေးမလေးတွေ က ငါ မှ ရှာ မကျွေးရင် ဘယ်သူ လာ ရှာ ကျွေးကြမှာတုန်း ” 


“ ဒါတော့ ဒါပေါ့ ၊ အစ်မကြီး ကလည်း အန်တီမေ အတွက် ဆေး ဝါး က အစ လိုလေသေး မရှိ ထောက်ပံ့ နေမှာပဲ မဟုတ်လား ” 


“ မလိုက်ချင်ပါဘူး ကွာ ၊ ငါ သည်မှာ ပဲ ပျော်တယ် ” 


ဆိုပြီး အန်တီ မေ အပေါ် သံယောဇဉ် ကြီးစွာ ဖြင့် အရွယ် နှင့် ကျန်းမာရေး ကို ပင် ဂရုမစိုက် အားဘဲ ဘဝ ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြတ်သန်းခဲ့ သူ ပင် ဖြစ်၏ ။ 


အန်တီမေ ကို ပြုစုရင်း ၊ မိသားစု စားဝတ်နေရေး ကို ကြိုးစား ရှာဖွေရင်း ၊ နှစ်လများစွာ ယိုင်နဲ့နဲ့ ဖြတ်သန်းခဲ့ရင်း ၊ ဆရာကြီး ၏ ဘဝ တစ်ကွေ့ တစ်ဆစ်ချိုး တွင် အပြောင်းအလဲ တစ်ခု ဖြစ်လာခဲ့ရ ပြန်သည် ။ 


ထိုသည်ကား -


အန်တီမေ တစ်ယောက် ခရစ်တော် ၌ ထာဝရ အိပ်ပျော် သွားခဲ့ သည့် နေ့ ၊ ထိုနေ့ က တစ်ချိန်လုံး ဆရာကြီး သည် အရက်ချည်း ဖိ သောက် နေသည် ကြောင့် ထိုနေ့ ညနေပိုင်း တွင် ကျွန်တော့် အိမ် သို့ ဆရာကြီး ၏ သမီးငယ် ဖြစ်သူ ဒေါ်မေဘယ်ဆွေ ၏ ခင်ပွန်း ရောက် လာကာ -


“ အဘိုးကြီး က တော့ အရက်ချည်း ဖိ သောက် နေတာပဲ ။ သိပ် နေထိုင် ကောင်းပုံ လည်း မရဘူး ။ ကျွန်တော်တို့ အိမ် မှာ လိုက် နေဖို့ ခေါ်တာ လည်း မရဘူး ။ ကိုပိုက် အားရင် သွားကြည့် ပေးပါဦး ၊ အရေးအကြောင်း ကိစ္စ ရှိရင် အကြောင်းကြား ဗျာ ” ဟု ဝင် မှာ၏ ။


“ ဟုတ်ကဲ့ ၊ စိတ်ချပါ ။ နေ့လယ် က ကျွန်တော် ရောက်သေးတယ် ။ တော်ကြာ ကျွန်တော် သွား လိုက် ပါ ဦးမယ် ”


ဦးကျော်လင်း ပြန် သွားသည် နှင့် ကျွန်တော် သည် ရေမိုးချိုး ထမင်း စား ပြီး ဆရာကြီး အိမ် သို့ ထွက် ခဲ့သည် ။


မြေးများ သည် ဘွားအေ ၏ စိတ်ကြောင့် ပင် လား မသိ ၊ ငယ်ရွယ် သူတွေ မို့ ပျာယာခတ် နေကြသည်လား မသိ ၊ မှောင်နှင့် မည်းမည်း အိမ် အပေါ်ထပ် တွင်း ဝယ် တညည်းညည်း တညူညူ နှင့် နာမကျန်း ဖြစ်နေ သည့် ဆရာကြီး ကို သတိ မပြုခဲ့မိကြ ဟု ထင် ပါသည် ။ သို့ကြောင့် ကျွန်တော် သည် -


“ ဆရာကြီး သူတို့တွေ လည်း အန်တီမေ ကိစ္စ နဲ့ အလုပ် ရှုပ် နေကြ တယ် ။ နားနားနေနေ အစ်မကြီး ဒင်ပယ် တို့ အိမ် သွားနေပါလား ၊ လိုက် ပို့ပေးမယ်လေ ။ ဒါမှမဟုတ် နီးနီးနားနား အစ်မမေဘယ် တို့ အိမ် သွား မလား ၊ လိုက်ပို့ပေးမယ်လေ ” ဆိုလိုက်တော့ “ ဟင့်အင်း မသွားချင်ဘူး ကွာ ” ဆိုတော့ “ ဒါဖြင့် ကျွန်တော့် အိမ် မှာ လိုက် နေပါလား ” ခေါ်ပြန်သော် လည်း ခေါင်း ခါ၏ ။ “ ဆရာကြီး ကိုယ်တွေ လည်း ပူ နေတယ် ။ ဆရာဝန် သွား ခေါ်လိုက်မယ်လေ ” ပြော လို့လည်း မရ ၊ ခေါင်း သာ တွင်တွင် ခါပြီး “ ငါ စိတ်လျှော့ လိုက်ပြီ ကွာ ၊ မေလည်း ရှိတော့တာ မဟုတ်ဘူး ” တဲ့ ။ “ ဆရာကြီး ကလည်း မဟုတ်တာ ချည်း ၊ ကျွန်တော် ဘာ လုပ်ပေးရမလဲ ” “ ဘာမှ မလိုဘူး ၊ အရက် ပဲ သောက် ချင်တယ် ” ၊ “ မဟုတ်တာ ၊ ကိုယ်တွေ လည်း ပူနေတယ် ။ အရက်လည်း မရှိတော့ဘူး ” ဆိုတော့မှ “ လိမ္မော်သီး စားချင်တယ်ကွာ ” ဆို လာ သဖြင့် ကျွန်တော် သည် ဆရာကြီး အိမ် မှ မိနစ် ၂ဝ ခန့် လျှောက် မှ ရောက်နိုင်သည့် ဟီးနိုးကားကြီးဂိတ် သို့ အပြေး ထွက် လာ ကာ လိမ္မော်သီး ဝယ်၏ ။ တစ်ပါတည်း မိမိ အိမ် မှ ဝင် ခေါ်လာ သည့် ညီ ဖြစ်သူ တစ်ဦး ကို ဆရာကြီး ထံ သို့ သွားရောက် ဂရုတစိုက် ကျွေးမွေး စောင့်ရှောက်နေရန် မှာကြားပြီး ( ဆရာကြီး ၏ သမီးငယ် ဒေါ်မေဘယ်ဆွေ သည် အင်းစိန်ဈေး အနီး တွင် နေထိုင်သည် ဖြစ်၍ ) သွားရောက် အကြောင်း ကြား လိုက်သဖြင့် သူမ ၏ ခင်ပွန်း ဖြစ်သူ ဦးကျော်လင်း သည် ချက်ချင်းပင် သူ့ ကား ဖြင့် ကျွန်တော် ၏ အကူအညီ ကို ရယူကာ ဆရာကြီး အား ဆေးဝါး ကုသပေးရန် ခေါ်ဆောင် သွားသည် မှ စ၍ နောက် တစ်နေ့ တွင် “ ဒေါ်ဒင်ပယ်ဆွေ ” အိမ် သို့ ဆရာကြီး ရောက် သွား လေတော့၏ ။


သားသမီးများ ၏ ပြုစု ကုသပေးမှု ကြောင့် ဆရာကြီး သည် မကြာ မီ ရက်ပိုင်း အတွင်း ပြန်လည် ကျန်းမာ လန်းဆန်းလာ၏ ။ ဆရာကြီး ၏ ဘဝ သည် ထိုအချိန် မှ စ၍ တစ်ဖန် ပြောင်းလဲ လာ ပြန်သည် ။


နားနားနေနေ စားစားသောက်သောက် ၊ အေးအေးလူလူ စာရေး ခြင်း အလုပ် ကို သာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ ရလေတော့သည် ။ ဆရာကြီး သည် သားသမီးများ ၏ အစစ အရာရာ လိုလေသေး မရှိ ဆောင်ရွက် ပြုစု နေကြသည် ကြောင့် စိုစိုပြည်ပြည် ဝဝဖြိုးဖြိုး နှင့် အေးဆေး တည်ငြိမ်သော ဘဝ တွင် ရောက်သွားပြီ ဖြစ်သည် ။ ထိုသည်ကြောင့်  တစ်ကြောင်း ၊ ပြီးတော့ ကျွန်တော် သည် ဌာနဆိုင်ရာ လုပ်ငန်း တာဝန် မှ အနားယူ လိုက်ရသည် ဖြစ်၍ မိမိ ၏ မိသားစု စားဝတ်နေရေး လုံးပန်း နေရသည် တစ်ကြောင်း ကြောင့် ဆရာကြီး ထံ သို့ အရောက်အပေါက် နည်း ခဲ့ရတော့၏ ။ ရံဖန်ရံခါ သာ ရောက်၏ ။ ထိုအခါများ တွင် စားကြ သောက်ကြ၏ ။ ယခင်ကလို အဖြူ မဟုတ် ၊ ချက်အရက် မဟုတ် ။ ပဲလှော်  မဟုတ် ၊ ကြွက်ကြော် မဟုတ် ၊ ဝီစကီ နှင့် ချိစ် ဖြစ် နေကြပေပြီ ။ မည်သို့ပင် ဖြစ်စေ ဆရာကြီး အတွက် ကျွန်တော် စိတ်အေး ရချေ၏ ။ ဆရာကြီး အတွက် ပူပင်သောကမှုတွေ ကျွန်တော့် တွင် မရှိတော့ ။


ဆရာကြီး သည် သားသမီး တို့ ၏ တောင်းဆိုချက် အရ တစ်သက် လုံး သောက် လာခဲ့သော အရက် ကို ကြိုးစား ဖြတ် ခဲ့သည် ။ သို့ကြောင့် လည်း အရက် ပြတ် ခဲ့သည် ။ သားသမီးများ က ဝမ်းသာ ရလေမလား အောက်မေ့ ရုံ ရှိသေး ၊ ဆရာကြီး အတွက် စိတ် မချမ်းမြေ့ ဖွယ်ရာ အကြောင်း တစ်ခု က ဖန် လာပြန်သည် ။ အကြောင်းကား ဆရာကြီး ၏ ပထမဦး ဇနီး ဖြစ်သူ ‘ ဒေါ်နော်မာ ’ တစ်ယောက် ဆုံးပါးသွားခဲ့ခြင်း ပင် ဖြစ်သည် ။ သို့ ဆိုပြန်တော့ ဆရာကြီး သည် အရက် ကို စိတ်ဖြေရာ အတွက် ပြန်လည် လက်တွဲ လိုက်ပြန်သည် ။ အရက် ပြန် သောက်ပြီ ဆိုတော့ အစား မစားတော့ ပြန် ။ ထို့အပြင် ဆရာကြီး အိုခြင်း ၊ နာခြင်း ဟူသော တရား နှင့် ထိပ်တိုက် ရင်ဆိုင် တွေ့ခဲ့ ရ ပြန်သည် ။ အိုခြင်း ၊ နာခြင်း ၊ သေခြင်း တရား ကို ဘုရားရှင် ပင် မလွန်ဆန်နိုင်သလို လူသား တစ်ဦး ဖြစ်သည့် ဆရာကြီး သည် နောက်ဆုံးတော့ အိုခြင်း ၊ နာခြင်း ၊ နောက်ကွယ် မှ ကပ်ပါလာသည့် သေခြင်း တရား ၏ ပွဲသိမ်း အလဲထိုးခြင်း ကို ခံလိုက် ရ တော့၏ ။


ဆရာကြီး မကွယ်လွန်မီ နာမကျန်း ဖြစ်နေစဉ် ကာလက ကျွန်တော် ရောက်သွားလေ တိုင်း လွမ်းလွမ်းဆွေးဆွေး ဖြင့် အကြိမ်ကြိမ် အခါခါ ပြော ခဲ့သော ဆရာကြီး ၏ စကားသံ သည် ယနေ့ တိုင် ကြားယောင် နေဆဲ ဖြစ်သည် ။


“ မောင်ပိုက် ရေ ၊ လုံးဝ ထင် မထားတာ တွေ ဖြစ် လာတယ် နော် ။ မင်း နဲ့ ငါ နဲ့ အင်းစိန် မှာ မခွဲ အတူ သေသည့် တိုင် နေသွားကြရမယ် လို့ ထင် ထားတာ ဟုတ်ဘူးကွ နော် ၊ မေ သေတော့ ငါ က ပယ်ပယ် အိမ် ရောက်လာတယ် ။ ဟော မင်း လည်း ခု အင်းစိန် မှာ မနေတော့ဘူး ။ တာမွေ ရောက် နေပြီ ။ ဘယ်လောက် အံ့သြစရာ ကောင်း သလဲကွ ၊ မင်း နဲ့ ငါ မနက်တိုင် ကရင်ဈေးတန်းလေး သွား သွားနေတာကို သတိ ရ ရနေ တယ်ကွာ ” 


ထိုစဉ်က မည်သို့ပင် ဖြစ်စေ အခြေအနေ ပေး၍ သွား လျှင် တွေ့  နိုင်ကြသေး၏ ။ ယခုသော်ကား ကျွန်တော် ချစ်သော ၊ တွယ်တာသော ၊ လေးစားရသော ဆရာကြီး သော်တာဆွေ သည် မည်သည့် ကမ္ဘာသစ်  တစ်ခု ဆီ သို့ ရောက်နေလေပြီ မသိ ၊ သို့ပေသော်လည်း ကျွန်တော့် ပတ်ဝန်းကျင် တွင် ဆရာကြီး ၏ စာပေ တွေ ရှိနေဆဲ ၊ ဆုံးမစကားသံ တွေ ကြားနေဆဲ ၊ ဆရာ့ အသံ တွေ ကြားနေဆဲ ၊ ဆရာ့ စကားသံ တွေ ကြားနေဆဲ ။


◾ကိုပိုက်


📖 သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ


#ကိုအောင်နိုင်ဦး မှ မျှဝေသည် 


.

No comments:

Post a Comment