Thursday, March 23, 2023

မင်္ဂလာအရပ် ရဲ့ မင်္ဂလာစကား


 ❝ မင်္ဂလာအရပ် ရဲ့ မင်္ဂလာစကား ❞


ဆေးခန်း ထဲ သို့ ကြက်ကြီး ပိုက် ဝင်လာတော့ ကျွန်မ သည် အံ့သြပြီး ငေးကြည့် နေ မိသည် ။ ကြက်ကြီး ပိုက် လာ သူ က ယောက်ျား မဟုတ် ။ ပုပုဝဝ အမျိုးသမီး တစ်ယောက် ဖြစ်နေသည် ။ ဆေးခန်း မှား လာသည် ဟု တွေးမိလိုက်သည် ။ 


“ ဆရာဝန် မဟုတ်လား … ဆေး ကုချင်လို့ ” 


သူမ အသံ က ပြာလဲ့လဲ့ ဖြစ်သည် ။ ကျွန်မ စားပွဲ ရှေ့ က ကုလားထိုင် တွင် ကြက်ကြီးပိုက် ပြီး သွက်သွက်လက်လက် ဝင် ထိုင်သည် ။ 


“ ဟုတ်ပါတယ် … အစ်မကြီး က ဘာဖြစ်လို့လဲ … ” 


“ ကျုပ် က ဘာမှ မဖြစ်ဘူး … ဒီကြက်မလေး က နေ မကောင်းဖြစ် နေလို့ ဆေးထိုး ပေးချင်လို့ … ” 


ကျွန်မ ရယ်ချင် သွားသည် ။ 


“ စိတ်မရှိပါနဲ့ အစ်မကြီး ရယ် … ကျွန်မ က လူ ကို ပဲ ဆေးကုတတ်တာပါ ” 


ကျွန်မ စကား ကို သူမ ဘဝင် ကျ ပုံ မရပါ ။ 


“ လူ တောင် ဆေး ကု တတ် သေးတာပဲ … ဘာလို့ ကြက် ကျမှ မကုတတ်တာ လဲ … လုပ်ပါ ဆရာမ ရယ် ကြက်မလေး သနားပါတယ် ” 


သူမ က စိုးရိမ်သံ နှင့် ပြောသည် ။ 


“ ဒီလို လုပ်ပါလား … တိမွေးကုဆရာဝန် ဆီ သွား ပြပါလား ” 


“ ဘာလဲ … တိမွေးကုဆရာဝန် ဆိုတာ ဘာမဆို ဆေးကုနိုင်တာ မဟုတ်လား ” 


သူမ က ကျွန်မ ကို မယုံသင်္ကာ မျက်လုံး နဲ့ ကြည့်ပြီး မေးသည် ။ 


“ တိမွေးကု ဆိုတာ တိရစ္ဆာန်တွေ ကို ဆေးကုတဲ့ ဆရာဝန် ပါ ” 


“ သြော် … သိပြီ သိပြီ … နွားတွေ ၊ ဆိတ်တွေ ဆေးကု တဲ့ ဆရာဝန်လား … ကျုပ်တို့ ရွာတွေ မှာ တော့ ရှိတယ် … ဒီ ရပ်ကွက် မှာ မရှိဘူး … ဒါကြောင့် ဆရာမ ဆီ လာတာပေါ့ … ဆရာမ က ဆေးထိုးတာ လုပ်တတ် နေတာပဲ … လူ တောင် ဆေးထိုး ရဲ သေးတာ … ကြက်သေးသေးလေး တော့ မထိုးရဲပါလား … ကျုပ် ကို ဆေးကုပေးလေ … ကျုပ် ထိုးမယ့် ဆေး ကြက်မလေး ထိုးပေး … ပြီးရော မဟုတ်လား ” 


ကျွန်မ သက်ပြင်း ချလိုက် မိသည် ။ 


“ အစ်မကြီး ရေ … လူ နဲ့ တိရစ္ဆာန် ဆိုတာ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ၊ အရွယ် ပမာဏ ၊ အသက် အပိုင်းအခြား တူကြတာ မဟုတ်ဘူး လေ … လူ ထိုး တဲ့ဆေး တိရစ္ဆာန် ထိုး လို့ ဘယ်ဖြစ်မလဲ … တိရစ္ဆာန်တွေ အတွက် ဆေးတွေ က သတ်သတ် ရှိပါတယ် … ဒါကြောင့် ကျွန်မ ပြောသလို တိမွေးကုဆရာဝန် ကို သွား ပြပါ … မြို့ထဲ မှာ ရှိပါတယ် ” 


ကျွန်မ က စိတ်ရှည်စွာ ရှင်းပြရသည် ။ သူမ နားလည်ပုံ မပေါ် … ကျေနပ်မှု လည်း ရှိပုံ မရပေ ။ 


“ ဒါဆိုလည်း ပါရာစီတမော့ နဲ့ ဘာမီတွန် သုံးရာဖိုး လောက် ပေးပါ ” 


ကျွန်မ စိတ် ထဲ ဒေါသ ထောင်းခနဲ ထွက် သွားသည် ။ ဒါပေမဲ့ ဆရာဝန် ဆိုတော့ စိတ်ရှည် ရမယ် ။ သူမ ဘာလုပ်မည် ကို သိ ပေမယ့် မမေးတော့ပါ ။ အခြား လူနာများ က စောင့် နေ ကြသည် ။ ဆေးပုလင်းတွေ ထဲ က ပါရာစီတမော့ ( ၃ ) ပြား နဲ့ ဘာမီတွန် ( ၃ ) ပြား ပလတ်စတစ်အိတ် ထဲ ထည့် ပြီး ပေးလိုက်ပါသည် ။ သူမ က ဆေး ကို ကြည့်ရင်း … 


“ ဒါ … သုံးရာဖိုးလား ” လို့ မေးသည် ။ 


“ မယူပါဘူး … ယူသွားပါ ” လို့ ကျွန်မ က ပြောလိုက်သည် ။ 


“ ဒါဆို ကျေးဇူးပါပဲ ” 


သူမ သည် ကြက်ကြီး ကို ပိုက်ပြီး ဆေးခန်း ထဲ က ပြန် ထွက်သွားသည် ။ ဘယ်လို အမျိုးသမီး ပါလိမ့် လို့ ကျွန်မ တွေး ကျန်ခဲ့သည် ။ 


“ ကျွန်မ သည် မန္တလေး ဒေသန္တရ ကျန်းမာရေးဌာန တစ်ခု တွင် လက်ထောက် ဆရာဝန် အဖြစ် တာဝန်ကျ တော့ မင်္ဂလာရပ်ကွက်လေး တွင် ပုဂ္ဂလိက အထွေထွေ ရောဂါကုဆေးခန်း ဖွင့် ဖြစ်သည် ။ ရုံး ဖွင့်ရက် တွင် ညနေ ( ၅ ) နာရီ မှ ( ၈ ) နာရီ အထိ ဖွင့်သည် ။ ရုံး ပိတ်ရက်များ တွင် ညနေပိုင်း အပြင် နံနက်ပိုင်း လည်း ( ၇ ) နာရီ မှ ( ၁ဝ ) နာရီ အထိ ဖွင့်သည် ။ 


မြို့ ထဲ တွင် အထူးကု ဆေးခန်းတွေ များ နေတော့ မြို့သစ် နဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေ မှာ ဆေးခန်း ဖွင့် ဖို့ လိုက် ရှာရသည် ။ ဒီ ဆေးခန်း က လည်း ဘွဲ့လွန် သင်တန်း တက် သွားသော ဆရာဝန် တစ်ယောက် ၏ ဆေးခန်း ဖြစ်သည် ။ စပေါ်ငွေ မတင်ရပဲ တစ်လ တစ်သောင်းခွဲ နဲ့ ခြောက်လစာ စာချုပ် ရသည် ။ 


မင်္ဂလာရပ်ကွက် က မန္တလေး အရှေ့ဘက် ဆင်ခြေဖုံး ရပ်ကွက် ဖြစ်သည် ။ ရပ်ကွက် အရှေ့ဘက် တွင် ပုသိမ်ကြီးမြို့နယ် ဖြစ်သည် ။ အငြိမ်းစားဝန်ထမ်း ၊ ဝန်ထမ်း နှင့် လက်လုပ်လက်စား အများစု နေထိုင် ကြသည် ။ ဝင်းကျယ် ခြံကျယ် နှင့် အိမ်ကြီး အိမ်ကောင်းများ ရှိ သလို ဝင်းသေးသေး နှင့် အိမ်ကလေးများ က အများဆုံး ဖြစ်သည် ။ လမ်းပန်း က လည်း တချို့ ကျယ် ပြီး တချို့ ကျဉ်းသည် ။ တောင်ပိုင်း တွင် ဒေါက်တာကျော်ဝေ ဆေးခန်း ရှိသည် ။ ကျွန်မ ဆေးခန်း က မြောက်ပိုင်း တွင် ဖြစ်သည် ။ 


ဆေးခန်း စ ဖွင့်စ က လူနာ သိပ် မလာပါ ။ အရင် ဆရာဝန် ဒေါက်တာသန်းမြင့် ဆေးခန်းပိတ် ထားသည် မှာ ( ၃ ) လ လောက် ကြာ၍ လည်း ဆေးခန်း ပိတ်သည် ဟု ထင်နေတာ လည်း ပါမည် ။ 


ဒေါက်တာဆွေဆွေ 

M.B.B.S


လို့ ရေးထားသည့် ဆိုင်းဘုတ်ကလေး ကို ကြည့်ပြီး ပြန်သွား ကြသည် ။ ထို လုပ်ရပ် ကို သိချင်လို့ အိမ်ရှင်ကို … 


“ သူတို့ … ဆိုင်းဘုတ် ကို ကြည့်ပြီး ဘာလို့ ပြန် သွားကြတာလဲ … ” လို့ မေးမိသည် ။ အဒေါ်ကြီး က ရယ်ပြီး … 


“ တောင်ပိုင်း မှာ ဆေးခန်း ဖွင့်ထား တဲ့ ဒေါက်တာကျော်ဝေ နဲ့ ဘွဲ့ တူ သလားလို့ လာ ကြည့်တာ … ၊ စိတ်ချ … ဘွဲ့ တူရင် ဒီ အပိုင်း က လူတွေက ဆရာမ ဆီ ပဲ လာ ကု ကြမှာ သေချာတယ် … ” လို့ ပြောသည် ။ 


အဒေါ်ကြီး ပြောသလိုပင် နောက်တော့ တစ်ယောက် စ ၊ နှစ်ယောက် စ လာ ကု ကြသည် ။ တစ်ပတ် နေတော့ လူနာ ( ၅ ) ယောက် အထက် လာ ဆေးကုကြ ပါသည် ။ 


တစ်ရက် တွင် အရင် က ကြက်ကြီး ဆေးလာ ကု ခိုင်းသော အမျိုးသမီး ဆေးခန်း ကို ရောက် လာသည် ။ ဒီတစ်ခါ တော့ ကြက်ကြီး မပါ ။ သူမ ရုပ် နှင့် အသံ ကို မှတ်မိနေသည် ။ 


“ မင်္ဂလာ စကား ပြောရဦးမယ် ဆရာမ ရေ … ဟိုနေ့က ဆရာမ ပေး လိုက်တဲ့ ဆေး ကို အမှုန့်ကြိတ်ပြီး ရေ နဲ့ ဖျော် တိုက်လို့ ကြက်မလေး နေကောင်း သွားပြီ ” လို့ အားရဝမ်းသာ ပြောသည် ။ ဆေးကု နေသော လူနာ ရှိနေလို့ သူမ သည် ခုံတန်းလျား တွင် ဝင် ထိုင်သည် ။ ကျွန်မ က သူမ ဘက် လှည့်ပြီး ပြုံးပြ လိုက်ပါသည် ။ 


လူနာ ပြီး သွားတော့ သူမ က ကုလားထိုင် တွင် ဝင် ထိုင်သည် ။ 


“ ဘာဖြစ်လို့လဲ … ” 


“ အအေး ပတ်နေလို့ ” 


ကျွန်မ က ပြုံးပြီး … 


“ ဟုတ်ရဲ့လား … ကြက် ကို ဆေးတိုက် ချင်လို့ ကိုယ်စား လာ ကုတာလား ” လို့ မေးလိုက်သည် ။ 


“ ဘုရားစူးရပါ့စေ ဆရာမ ရယ် … ကျုပ် တကယ် နေ မကောင်းလို့ပါ … ကြက်မလေး က နေကောင်း လို့ ဆော့ လိုက်တာ ပျံ နေတာပဲ ” 


သူမ က အသံပြာပြာ နဲ့ ပျာပျာသလဲ ငြင်းတော့ ကျွန်မ က ရယ် ပြီး … 


“ အစ်မ ကို စ တာပါ … နာမည် ဘယ်လို ခေါ်လဲ … ” လို့ မေးလိုက်သည် ။ 


“ ဒေါ်သောင်း … ” 


“ အသက် က … ” 


“ ငါးဆယ် စွန်းနေပြီ ” 


“ ဒီလိုဆို ခုတင် ပေါ် လှဲ လိုက်ပါ ” 


ဒေါ်သောင်း က လူနာ စမ်းသပ် ခုတင် ပေါ်  လှဲပြီး ဆေးထိုး ပေးမည် ထင်၍ တစ်ဖက် စောင်း ပေးသည် ။ ကျွန်မ က ပက်လက် အိပ်ခိုင်း ရသည် ။ သွေး တိုင်း ကြည့်သည် ။ အပေါ်သွေး ၁၈၀ ၊ အောက်သွေး ၉၀ ဖြစ်သည် ။ 


“ ဆေး မထိုးဘူးလား … ” 


“ ဆေး ထိုးစရာ မလိုပါဘူး … ဆေး ပေးလိုက်မယ် မှန်မှန် သောက်ပါ … သုံးရက် လောက်နေ မှ သွေးပြန်ချိန် ကြည့်ပါ … ဒီကြားထဲ နေထိုင် မကောင်းရင် ပြန်လာ ပြပါ … အဆီ နဲ့ အငန် ကို လျှော့ စားပါ ” 


“ သွေး တက်တယ် ဆိုတော့ အဆီ နဲ့ အငန် အပြင် ငါးသလောက် တို့ ၊ ဆူးပုပ် တို့ ၊ ပဲပုပ် တို့ ၊ တညင်းသီး တို့ ၊ လက်လုပ်ချဉ် တို့ လည်း မစားရဘူး မဟုတ်လား ဆရာမ ” 


“ ဟုတ်ပါတယ် … အစ်မကြီး က ကျန်းမာရေး ဗဟုသုတ ရှိသားပဲ … ကောင်းတာပေါ့ ” 


ကျွန်မ စကား ကြောင့် ဒေါ်သောင်း မျက်နှာ ကျေနပ်သွားပုံ ရသည် ။ 


“ ကျုပ် က ဘာမဆို သိထားရတာ ဆရာမ ရဲ့ … မသိ ရင် လည်း မရှက် ပေါင် … သိတဲ့ သူ ကို သွား မေး ထားရတာ … ၊ ဟုတ်တယ်လေ … ကျုပ် မသိလို့ မဖြစ်ဘူး … ကျုပ် အပိုင်း မှာ က ကျုပ် က 

ဦးဆောင် လုပ်ပေး နေရတာလေ … ကဲ … ဆေးဖိုး ဘယ်လောက် ကျ လဲ ” 


ကျွန်မ က ဆေး ကို ပလတ်စတစ်အိတ်များ နဲ့ နံနက် ၊ နေ့လယ် ၊ ညနေ သောက်ရန် ခွဲပြီး ( ၃ ) ရက် စာ ထုတ်ပေး သည် ။ 


“ တစ်ထောင် ပါ ” 


“ ဟင် … များတာပေါ့ … ဆေး မထိုးရင် သန်းမြင့် တို့ ၊ ကျော်ဝေ တို့ က ခုနစ်ရာ ပဲ ယူတာ ” 


ကျွန်မ စိတ် ထဲ အောင့်သက်သက် ဖြစ် သွားသည် ။ ငွေ ကြောင့် မဟုတ်ပါ ။ ဆရာဝန် တစ်ယောက် ကို ‘ ဒေါက်တာ ’ မတပ် ၊ ‘ ဦး ’ မတပ် ၊ ‘ ကို ’ မတပ်ပဲ ခေါ် လို့ဖြစ်သည် ။ 


“ ဒါဆို ခုနစ်ရာ ပဲ ပေးပါ ” 


ဒေါ်သောင်း က ဆေးထုတ် ယူပြီး တစ်ထောင် တန် ထုတ် ပေးသည် ။ ကျွန်မ က သုံးရာ ပြန် အမ်းသည် ။ 


“ မအမ်းနဲ့ တော့ … ပါရာစီတမော နဲ့ ဘာမီတွန် သုံးရာဖိုး ပေးပါ ” 


ဒေါ်သောင်း စကား ကြောင့် ကျွန်မ ဒေါသ ဖြစ်သွားမိသည် ။ 


“ ဒါ  … ဆေးခန်း … ဆေး ရောင်းတာ မဟုတ်ဘူး … ဆေး ကုတာ … ဆေး ဝယ်ချင်ရင် ဆေးဆိုင် သွား ” လို့ ပြော လိုက် ချင်သည် ။ ဒါပေမဲ့ မပြောဖြစ်ပါ ။ မကြားချင် ယောင် ဆောင်ပြီး ခုံတန်းလျား တွင် ထိုင် စောင့် နေသော လူနာ ကို … “ ညီမလေး လာ … ” ဆိုပြီး လှမ်းခေါ် လိုက်သည် ။ 


ထိုအခါ ဒေါ်သောင်း က ကျွန်မ လက် ထဲ က ငွေ သုံးရာ ကို ဆတ်ခနဲ ဆွဲယူပြီး ဆေးခန်း ထဲ က ထွက် သွားသည် ။ 


“ ဒီ ဆရာမ က ရုပ်ကလေး လှတပတ နဲ့ နား လေး ရှာတယ် ထင်တယ် … ” လို့ တိုးတိုး ပြောသွားသည် ကို ကြား ရတော့ ကျွန်မ စိတ်တွေ လျော့ သွား ရသည် ။ 


•••••   •••••   •••••   •••••


( ၃ ) ရက် လောက် ကျတော့ ဒေါ်သောင်း ဆေးခန်း ရောက် လာသည် ။ ဝင်ပေါက် က ပင် … 


“ မင်္ဂလာစကား ပြောရဦးမယ် ဆရာမ ရေ … ဆရာမ ပေး လိုက်တဲ့ ဆေး က ကျုပ် နဲ့ သိပ် တည့်တာပဲ … တစ်ရက် လောက် သောက်တာ နဲ့ ယူပစ် သလို ပျောက် သွားတယ် … ဒီ နေ့ က ဆရာမ ချိန်းထားလို့ လာတာ ” လို့ အော် ပြောပြီး ဝင် လာသည် ။ ဒေါ်သောင်း က ခုတင် ပေါ် ပက်လက် အိပ် လိုက်သည် ။ ကျွန်မ က သွေး ချိန်ပေးသည် ။ အပေါ်သွေး ( ၁၃၀ ) ၊ အောက်သွေး ( ၈၀ ) ဖြစ်သည် ။ 


“ သွေးပေါင် က ကောင်း သွားပြီ ” 


“ ကျုပ် က သိပါတယ် ၊ … ဆရာမ မှာ လို့သာ လာရ တာပါ … ဘယ်လောက်ကျလဲ ” 


“ သွေးပေါင် ချိန် တာ လောက် နဲ့ မယူပါဘူး … သွေးပေါင် တက်တယ် ထင်ရင် အချိန်မရွေး လာတိုင်း လှည့်ပါ ” 


“ ကျေးဇူးပါပဲ … ကျုပ် နား က ကောင်မတွေ ပြောရဦးမယ် … အစားတော့ မရှောင်ချင်ကြဘူး … ဇက်လေး ၊ ခေါင်းမူး ပြီ ဆိုရင် ထွန်းရွှေဝါ လိမ်း ၊ ဒန့်သလွန်ရွက် ပြုတ်သောက် နဲ့ ဆေးမြီးတို နဲ့ ကု နေကြတာ … ဆရာမ ဆီ လာပြီး သွေးချိန် ခိုင်းရဦးမယ် ” 


ဒေါ်သောင်း ကျေနပ်စွာ ပြန် သွားသည် ။ နောက် သွေးချိန်ဖို့ တစ်ယောက် ပြီး တစ်ယောက် ပေါ် လာသည် ။ တချို့ က သွေး တိုးသည် ။ တချို့ က သွေး ကျသည် ။ တချို့ က ဘာမှ မဖြစ်ပေ ။ တခြားသော လူနာများ လည်း ခေါ်လာ ပေးသည် ။ 


“ ဆရာ က … ဒေါ်သောင်း က လွှတ် လိုက်လို့ … ဆရာမ က သဘော လည်း ကောင်းတယ် … ရုပ် လည်း လှတယ် … ပိုက်ဆံ လည်း သိပ် မယူဘူး … ရောဂါ လည်း ချက်ချင်း ပျောက်တယ်ဆို လို့ လာ ပြတာ ” 


လူနာများ လည်း လွှတ်ပေး တတ်သည် ။ ဒေါ်သောင်း သည် သြဇာ ရှိပုံ ရသည် ။ သူမ ကို အားကိုးပုံ ရသည် ။ သူမ က သူများ ကို ကူညီပုံ ရသည် ။ ဒါကြောင့် ဒေါ်သောင်း အကြောင်း ကို သိချင် လာသည် ။ ဆေးခန်း အိမ် ပိုင်ရှင် အဒေါ်ကြီး ကို မေး ကြည့် မိသည် ။ 


“ မသောင်း ယောက်ျား ကိုဝင်းထိန် က … သူတို့ အပိုင်း ( က ) မှာ ဆယ်အိမ်မှူး လေ … ကိုဝင်းထိန် က လူအေး … စကား ကို လေလုံး ကွဲ‌အောင် ပြောတတ်တာ မဟုတ်ဘူး … ဆိုက်ကားနင်း တာနဲ့ ပဲ မြို့ ထဲ မှာ အချိန် ကုန်တာ … ဒါကြောင့် မသောင်း က အပိုင်း ( က ) မှာ ရပ်ရေး ၊ ရွာရေး ၊ သာရေး ၊ နာရေး တွေ ကို ဦးဆောင်ပြီး လုပ်ပေး နေတာ … တချို့က ကိုဝင်းထိန် ကို ဆယ်အိမ်မှူး လို့ မသိဘူး … မသောင်း ကို ပဲ ဆယ်အိမ်မှူး လို့ ထင်နေကြတာ ” 


•••••   •••••   •••••   •••••


ဒေါ်သောင်း က ကျွန်မ ကို အများကြီး ကူညီပါတယ် ။ သူမ ရဲ့ ပါးစပ် မောင်း သတင်း ကြောင့် ကျွန်မ ဆေးခန်း မှာ လူနာတွေ များ လာ ပါသည် ။ 


“ ဆရာမ … ဟို … ဒက် … ဒက် … ဒက်ပို ထိုး လား … ” 


ဒေါ်သောင်း ကျွန်မ ကို တိုးတိုးလေး မေးသည် ။ 


“ ထိုးပါတယ် … ဘာပြုလို့လဲ … ” 


“ ဟို … ကလေး မရအောင် လုပ်တယ် ဆိုတော့ ဆေးခန်းတွေ က လုပ် မပေးဘူးလား လို့ … နောက်ပြီး အဖိတ်တစ်ပတ် ပေး လည်း ထိုးပေးလား လို့ … ” 


“ ဘာလဲ … အဖိတ်တစ်ပတ် ပေး ဆိုတာ ” 


“ သူတို့ ယောက်ျားတွေ က အဖိတ်နေ့ မှာ မှ လုပ်အားခ ရှင်း တာ … အဲဒီနေ့ ကျ မှ ဆေးဖိုး ပေးလို့ ရ မလားလို့ မေးတာ ” 


“ ငွေ က အဓိက မဟုတ်ပါဘူး … အခက်အခဲ ရှိရင် ကူညီပါတယ် ” 


ဒေါ်သောင်း ကောင်းမှုကြောင့် တားဆေး ကို အဖိတ် တစ်ပတ်ပေး သာ မက အခြား ရောဂါများ လည်း အကြွေး ထိုးပေး ရ ပါသည် ။ 


“ မင်္ဂလာ စကား ပြောရဦးမယ် ဆရာမ ရေ … ဆရာမ တားဆေး ထိုးပေးထားတဲ့ ကောင်မတွေ အခု တစ်ယောက် မှ ဗိုက် မပူသေးဘူး ” 


“ သြော် … ဒေါ်သောင်း က လည်း တားဆေး ထိုးပေးတာ ပါဆို … ဘယ် ဗိုက်ပူ မလဲ ” 


“ ဆေးကတ် သောက်ကြ တုန်း ကတော့ သောက်ရင်း နဲ့ ဗိုက်ပူကြတာ … ဒါကြောင့် ကျုပ် က ဆေး ပြောင်း ထိုး ခိုင်းတာ ” 


“ ဆေး သောက်တာ ရက် မမှန်လို့ ဖြစ်ပါလိမ့်မယ် ” 


“ ကျိန်းသေပေါ့ ဆရာမ ရယ် … လင်မယား ရန်ဖြစ်တဲ့ နေ့ ဆိုရင် မချောတွေ က စိတ် ကောက်ပြီး စောစော အိပ်ရာ ဝင် တာ နဲ့ ဘယ် ဆေး သောက်ဖြစ်မလဲ … ရန် ဖြစ် တာလည်း တစ်လ ဆယ်ခါ လောက် ဆိုတော့ ဗိုက် မကြီးပဲ ဘယ် နေ လိမ့်မလဲနော် ဆရာမ ” 


ဒေါ်သောင်း စကား ကြောင့် ကျွန်မ ရယ်လိုက် မိသည် ။ 


•••••   •••••   •••••   •••••


တပေါင်း လကွယ် နေ့ … ။ ထိုနေ့က တနင်္ဂနွေနေ့ ရုံးပိတ်ရက် ဖြစ်သည် ။ မနက်ပိုင်း ဆေးခန်း ဖွင့်သည် ။ 


ဒေါ်သောင်း သည် ဆေးခန်း ကို အမောတကော အပြေး တပိုင်း ဖြင့် ရောက် လာသည် ။ အသံပြာပြာ ဖြင့် … “ ဆရာမရယ် … လူနာ က အရေးကြီး နေလို့ အိမ် လိုက် ဆေးထိုး ပေးပါဦး … ” လို့ ပြောသည် ။ လူ ရှင်း နေလို့ လိုအပ်သည့် ဆေးဝါးများ ကို သေတ္တာလေး ထဲ ထည့် လိုက်သည် ။ ဒေါ်သောင်း က ဆေးသေတ္တာ ကို ယူပြီး ရှေ့ က ထွက် သွားသည် ။ ကျွန်မ က နားကျပ် နဲ့ သွေးတိုင်း ကိရိယာ ကို ယူပြီး နောက် က လိုက်သွားသည် ။ 


လူနာ က အိမ် ပင့် လျှင် အိမ် လည်း လိုက် ကုပေး ရသည် ။ ဒေါ်သောင်း က ရှေ့ မှ ခပ်သုတ်သုတ် သွား နေသည် ။ ဟို လမ်း ချိုး ဒီ လမ်း ကွေ့ တွေ အများကြီး သွား ရသည် ။ 


၂ ခန်း ၁ ခန်း ကပ်မိုး ၊ ထရံကာ ၊ မြေစိုက်အိမ်လေး ရှေ့ မှာ ရပ်လိုက်သည် ။ အိမ်ရှေ့ မှာ လူတွေ ဝိုင်း နေသည် ။ 


“ ဒေါ်သိန်း သေပြီလား ဟဲ့ … ” 


ဒေါ်သောင်း က စိုးရိမ်သံ နှင့် လှမ်း မေးသည် ။ 


“ မသေသေးဘူး … အမောတော့ ဖောက် နေပြီ ” 


အမျိုးသမီး တစ်ယောက် က အော် ပြောသည် ။ 


“ ဘုရား … ဘုရား … ဒီနေ့ သေသွားရင် ဒုက္ခပဲ ” 


ဒေါ်သောင်း ရဲ့ ညည်းညူသံ ကို ကြား ရသည် ။ 


“ ဖယ်စမ်း … ဖယ်စမ်း … ဆရာမ လာ နေပြီ ” 


ဒေါ်သောင်း က အော် တော့ အိမ်ပေါက်ဝ က လူတွေ ဖယ်ပေး ကြသည် ။ ကျွန်မ အိမ် ထဲဝင် လိုက်သည် ။ ဒေါ်သောင်း က နောက် က ကပ် လိုက် လာသည် ။ ကွပ်ပျစ် ပေါ် တွင် အရိုးပေါ် အရေတင် အဘွားအို တစ်ယောက် ဝေဒနာ ကို အန်တုရင်း လဲလျောင်း နေ ရှာသည် ။ ပင်ပန်းစွာ အသက် ရှူ နေရသည် ။ စမ်းသပ် ကြည့်တော့ အခြေအနေ မကောင်းပေ ။ 


“ လူနာရှင် ရော … ” 


ကျွန်မ က ဒေါ်သောင်း ကို မေး လိုက်သည် ။ 


“ သူ့ သားကြီး က ရွှေတော မှာ … သမီးကြီး က သူ့ ယောက်ျား နဲ့ အတူ နေပြည်တော် ဘက် အလုပ် သွား လုပ်နေတယ် … အခု သားငယ် နဲ့ နေတာ … ဒီကောင် က ငမူး … ဘာမှ သုံးလို့မရဘူး … ဒါကြောင့် ကျုပ် က အားလုံး လုပ်ပေး ရ မှာ … ကျုပ် ကို ပြောပါ ” 


ဒေါ်သောင်း က ပြောသည် ။ 


“ ဆေးရုံ တင်ရင် ကောင်းမယ် ” 


“ ဆေးရုံ တင်ဖို့ ကျတော့ လူစောင့် ဖို့ရော ၊ ငွေ ကုန် ဖို့ရော ခက်တယ် ဆရာမ ရဲ့ … သူ့ သားကြီး နဲ့ သမီး ကို လှမ်း မှာ ထားတယ် … ဒါကြောင့် ဒီနေ့ မသေ အောင် ဆရာမ က ဆေး ထိုးပေးလို့ မရဘူးလား … ” 


“ ဒါတော့ ကျွန်မ အာမ မခံနိုင်ဘူး … လူနာ သက်သာ အောင် တော့ ဆေး ထိုး ပေးခဲ့မယ် … လူနာ က ဆေးရုံ တင်တာ အကောင်းဆုံး ပဲ ” 


ကျွန်မ က ဆေးထိုး ပြီး ပြန်ခဲ့သည် ။ ဒေါ်သောင်း က လိုက်ပို့သည် ။ 


“ ဆေးဖိုး နောက် မှ ရှင်းမယ် နော် ” 


“ ဆေးဖိုး က အရေး မကြီးပါဘူး ဒေါ်သောင်း ရယ် … အဘွား ကို ဆေးရုံ တင်ဖြစ် အောင် တင်ပါ ” 


ညနေ ဆေးခန်း ဖွင့် တော့ လည်း ဒေါ်သောင်း က လာ ခေါ်ပြန်သည် ။ ရောဂါ မသက်သာပါ ။ သူ့ သားသမီးတွေ လည်း မရောက်သေးပါ ။ သား အငယ် ဖြစ်ဟန် တူ သူ က အဘွား ဘေး မှာ ခေါင်း ငိုက်စိုက် နဲ့ ဖြစ် နေသည် ။ တစ်ခန်း လုံး အရက်နံ့ လှိုင် နေသည် ။ ကျွန်မ  ဆေးထိုး ပေးပြီး အိမ်လေး ထဲ က မြန်မြန် ထွက် ခဲ့သည် ။ 


တနင်္လာနေ့ ကျ တော့ အိမ် မှာ ကိစ္စ ရှိ နေ၍ ဆေးခန်း ကို ညနေ ( ၆ ) နာရီ လောက် မှ ရောက်သည် ။ လူနာများ စောင့် နေသည် ။ ဒေါ်သောင်း လည်း တွေ့ ရသည် ။ ဒေါ်သိန်း အတွက် ဆေး ကု ပေး ဖို့ လာစောင့် နေသည် ဟု ထင် မိ သည် ။ ကျွန်မ ဆိုင်ကယ် ကို ဆေးခန်း ဘေး တွင် ရပ် လိုက်သည် ။ ဒေါ်သောင်း က အနား ပြေး လာပြီး  … 


“ ဆရာမ ရေ … မင်္ဂလာ စကား ပြောရဦး မယ် … ဒေါ်သိန်း ဒီနေ့ မနက် မှ ဆုံး သွားတာ ” လို့ အားရ ဝမ်းသာ ပြောသည် ။ 


“ ဟင် … ဒေါ်သောင်း က လည်း ဆုံးတာ မင်္ဂလာ စကား လား ” 


“ တခြားသူတွေ အတွက် တော့ ဆုံးတယ် ဆိုတာ ဘယ် မင်္ဂလာ စကား ဟုတ်မလဲ ဆရာမ ရယ် … ဒေါ်သိန်း သားသမီးတွေ အတွက် တော့ မင်္ဂလာစကား ပေါ့ … ဒေါ်သိန်း က ရောဂါ ကျွမ်းနေပြီ … သေ တော့ သေမှာ ပဲလေ … နာရေး ဖြစ်တယ် ဆိုရင် ကြာနီကန် ရောက်ဖို့ ငွေ က သောက်သောက်လဲ  ကုန် တာ ဆရာမ ရဲ့ … မန္တလေး မှာ လူမှုရေးအသင်း ၊ သာရေးနာရေးအသင်း တွေ ပေါ လို့ နာရေးကား က အလကား ရပေမယ့် လိုက်ပို့မယ့် လူစီးကား က တစ်စီး နှစ်သောင်း ၊ သရဏဂုံ တင်ဖို့ အုန်း ၊ ငှက်ပျော က လေးထောင် ၊ ဘုန်းကြီး တစ်ပါး ဝတ္ထုငွေ က နှစ်ထောင် ထား … ၊ ငါးပါး ဆိုတော့ တစ်သောင်း ၊ မီးသင်္ဂြိုဟ်စက် ပေး ရတာက နှစ်သောင်း ၊ ဒီတော့ တစ်သိန်း နီးပါး ရှိ မှ ကြာနီကန် မှာ ကိစ္စဝိစ္စ ပြီးတာ ဆရာမ ရဲ့ … မနေ့ က သေရင် လကူးလကွယ် မို့ ချက်ချင်း ချ ရမှာ … ရက်လည် ရ မှာ အကူငွေ လောက် ပဲ ရ မှာပေါ့ … ဆရာမ ရဲ့ … ဒီနေ့ သေတော့ တစ်ပတ် နေ မှ ရက်လည် မယ် … ထုံးစံ အတိုင်း ဖဲဝိုင်းတွေ က အကောက်လေး ရ တော့ မသာစရိတ် အပြင် ရက်လည်ဆွမ်း နဲ့ လလည်ဆွမ်း လည်း ကပ်နိုင်တာပေါ့ … ပိုက်ဆံ ပို ရင် အိမ်လေး လည်း ပြင်နိုင်တာ ပေါ့ … သားသမီးတွေ ဝမ်းသာ နေကြတယ် … ဆရာမ ကို ကန်တော့ ဖို့ မောင်နှမ တစ်တွေ တိုင်ပင် နေကြတယ် … ဒါတွေ ပြော ချင်လို့ ဆရာမ ကို စောင့် နေတာ … ကဲ … 

ကျွန်မ နာရေးအိမ် ကို သွားလိုက်ဦးမယ် ” 


ဒေါ်သောင်း က ပြောပြောဆိုဆို နဲ့ ကျွန်မ အနား က ထွက်သွားသည် ။ 


ကျွန်မ ငိုင် ကျန်ခဲ့သည် ။ ဒေါ်သောင်း ရဲ့ ‘ မင်္ဂလာစကား ’ ကို နားလည် နိုင်ပေမယ့် ဒီလို ပါတိတ် ဝမ်းဆက်မျိုး တွေ ကျွန်မ ဆီ အများကြီး ရောက်လာ မှာ ကို တော့ စိုးရိမ်မိသည် ။ 


◾မင်းတင်ထွဏ်း


📖 ပေဖူးလွှာမဂ္ဂဇင်း   

      စက်တင်ဘာလ ၂၀၁၁ ။ 


#ကိုအောင်နိုင်ဦး 


.

No comments:

Post a Comment