Friday, March 17, 2023

မီးပူကျ အရိပ်အာဝါသ


 ❝ မီးပူကျ အရိပ်အာဝါသ ❞


နာမည်ရင်း က “ ဦးမောင်ကို ” ပါ ။ ဒါပေမဲ့ လေးစားကြတာ ကြောင့် ရော ၊ အသက်အရွယ် ကြောင့် ရော လူအများစု က “ ဘကြီးကို ” လို့ ခေါ်ကြတယ် ။ ဩဇာလေး လည်း ရွာ နဲ့ ရွာဝန်းကျင် မှာ အတော် ရှိတယ်လေ ။ ပိုက်ဆံ နဲ့ သြဇာ တွဲလျက် ရှိနေတဲ့ ဘကြီးကို ပေါ့ ။ အရင်ကတော့ ပိန္နဲကုန်း မှာ ဘကြီးကို ကို ဟေ့ကောင်မောင်ကို ၊ ဟေ့ .. ဖိုးကို လို့ ခေါ်တဲ့ သူတွေ ရှိတယ် ။ သက်တူရွယ်တူ မတိမ်းမယိမ်း သူငယ်ချင်းတွေ ပေါ့  ။


တချို့ အသက် ဉာဏ် မစောင့်တာ ပဲ ထင် ပါရဲ့ ။ ဘကြီးကို ရဲ့ ခေတ်ပြိုင်တွေ တစ်နှစ် တစ်ယောက် နှစ်ယောက် ပြုတ် ပြုတ် ကုန်ကြတယ်လေ ။


အများစု က ဘကြီးကို နဲ့ သောက်ဖော် စားဖက် တွေ ။ တချို့လည်း ပုလင်း မဖက် ၊ တရား ဖက် ကြတာပဲ ။ ဒါပေမဲ့ သူ့ ကံ နဲ့ သူ လာကြတယ် ထင်ပါရဲ့ ။ ဘုန်း ကြီး ပြီး သက် မရှည်ကြဘူး ။ ဦးထွန်းပေါ် တို့ ၊ ဦးဘခွေး တို့ ဆိုရင် ဘုန်း လည်း မကြီးဘူး ။ အသက် လည်း မရှည်ကြဘူး ။


ဘကြီးကို က အသက် ဉာဏ်စောင့် တဲ့ အထဲ မှာ ပါတယ် ။ အသက် ၆ဝ သာ ကျော် လာရော ။ ခပ်ပျော်ပျော် ပဲ နေတယ် ။ သူ့ မှာ နာမည်ကျော် ကဗျာဆရာကြီး လို ရန်သူ မရှိ ၊ မိတ်ဆွေ သာ ရှိ ဆိုတဲ့ လူမျိုး ။ အသက် ဘယ်လို ဉာဏ်စောင့် သလဲ ဆိုတော့ သူ ဖတ်ဖူးတဲ့ အထဲမှာ ပါတယ် ။ ဆရာကြီး ရွှေဥဒေါင်း စာ ထင်ပါရဲ့ ။ အရက် ကို လူကြီး လူကောင်း သောက် သလို သောက်တယ် ။ သူ့ မှာ လစ်မစ် ရှိတယ် ။ နေ့တိုင်း သောက်တယ် ။ ဒါပေမဲ့ သူ့ လစ်မစ် သုံးပက် ထက် မကျော်ဘူး ။ ညနေတိုင်း သုံးပက် ပဲ ။ ဘယ်သူ နဲ့ တွဲ သောက်လို့ မှ သုံးပက် ထက် မပိုဘူး ။ ချော့ တိုက် လည်း မသောက် ၊ မြှောက်ပင့် ပြောလည်း မသောက် ရေး ချ မသောက်ဘဲ ။


ဘကြီး ကို က မုဆိုးဖို ၊ ဇနီးသည် ဒေါ်ပျော့ ဆုံး သွားတော့ ဒေါ်ပျော့ ဘက် က ပါတဲ့ လယ်လေး ယာလေး သူ ရ လိုက်တယ် ။ သူ့ မှာ လည်း ယာလေး လယ်လေး က ရှိ ပြီးသား ။ ဒေါ်ပျော့ ဆုံး တော့ ဒေါ်ပျော့ လည်း အရွယ် ကောင်း ၊ ဘကြီး ကို လည်း အရွယ် ကောင်း ၄ဝ သာသာ တွေ ။ နွားတွေ ၊ ကျွဲတွေ ၊ ဆိတ်အုပ်တွေ နဲ့ ။ ပိန္နဲကုန်း သာ မက ရှောက်တော တို့ ၊ ပိတောက်စု တို့ ရွာနီးချုပ်စပ် က အပျိုကြီး တွေ ၊ တစ်လင်ကွာ တွေ ၊ မုဆိုးမ တွေ ဘကြီးကို , ကို ပြစ်မှားမယ် ဆို ပြစ်မှားစရာ ပေါ့ ။ ပြီးတော့ ဘကြီးကို တို့ မှာ သားထောက် သမီးခံ မှ မရှိဘဲ ။ တချို့က သူ ပိုင်ဆိုင် တာတွေ တိမ်သလ္လာ ခံပြီး မုဆိုးဖို လို့ တောင် တချို့ သမီးရှင် တွေ က မအောက်မေ့ကြဘူး ။


ဒေါ်ပျော့ ဆုံး လို့ အရက်တွေ နေ့တိုင်း သောက် နေတာ မဟုတ်ပါဘူး ။ မဆုံးခင် ကတည်း က သောက်ခဲ့ တဲ့ သူ လေ ။


နိုင်ငံခြားအရက် ကောင်းပေ့ ဆိုတဲ့ ဝီစကီ ဝယ်ပြီး အိမ် မှာ သောက် နိုင်တယ် ။ သောက်နိုင် တဲ့ အခြေအနေ ရှိတယ် ။ တား မယ့် သူ ၊ ကြောက် ရမယ့် သူ မှ မရှိတာ ။ ဒါပေမဲ့ မသောက်ဘူး ။ ဆိုင် မှာ သောက်တယ် ။ ပြီးတော့ ကိုယ်တိုင် ချက် သောက်မယ် ဆိုရင်လည်း သူ ကောင်းကောင်း ချက် တတ်တယ် ။ ထန်းလျက် တွေ ၊ ထနောင်းခေါက် တွေ ၊ ကောက်ညှင်း တွေ သူ အလှမ်း မီ တယ် ။ ကူညီ ချက် ပေးကြမယ့် တပည့် လက်သားတွေ လည်း ရှိတယ် ။ အရက် ကို လက်ညှိုး နဲ့ တို့ ၊ စားပွဲ ပေါ် မှာ ကကြီး အက္ခရာ ရေး ၊ ပြီးရင် မီးခြစ် နဲ့ ခြစ်လိုက် ။ ကကြီး မီးတောက်လေး ရ ရော ။ ဒါမျိုး ချက် သောက်ချင် သလား ။ ဖြစ်တယ် ။


အရင်ကတော့ ရွာ ထဲ က ဆိုင်တွေ လှည့်ပြီး ကြုံရင် ကြုံသလို သောက်တာပါပဲ ။ နောက်တော့ ဘကြီးကို မူ ပြင် လိုက်တယ် ။ လူခင် လို့ မူ ပြင် လိုက်တာ ။


အိမ် မှာ ဝယ် သောက် လည်း ရတယ် ။ ဘယ်သူ့ မှ လည်း ဂရုစိုက် စရာ မလိုတဲ့ ဘကြီး ကို နှစ်နှစ်ကျော်ကျော် လောက် ရှိပြီ ။ တစ်ဆိုင် တည်း ပဲ သတ်သတ်မှတ်မှတ် သောက် တော့တယ် ။ ရွာ အရှေ့ပိုင်း ကျော့ကျော့ခင် ရဲ့ ဆိုင် ပေါ့ ။ နေ ပူပူ ၊ မိုး ရွာရွာ ကျော့ကျော့ခင် ဆိုင် မှာ သွား ထိုင်မယ် ။


“ ငါ့ အတွက် ပေးစမ်း ဟေ့ ၊ ကောင်မလေး အမြည်း ဘာ ရှိသတုံး ”


ဒါ ဘကြီးကို နေ့စဉ် ပြောနေကျ စကား ။


ကျော့ကျော့ခင် က လည်း ဘကြီး ကို မခိုင်းပေမဲ့ ဘကြီးကို သောက် နေကျ သီးသန့်ခွက် ထဲ သုံးပက် ထည့် ပေးမယ် ။


ရွာ က ကာလသားတွေ က ရော ဘကြီးကို ထက် နည်းနည်း ငယ် ကြတဲ့ ၅ဝ ကျော် ၆ဝ တွင်း တွေ ကရော မြွေမြွေ ချင်း ခြေ မြင် ကြတယ် ။ ဘကြီးကို ကျော့ကျော့ခင် ကို သမာဓိပိုး ပိုး နေတယ် ဆိုတာ ရိပ်မိ ကြတယ် ။ တချို့က ဗေဒင် မေး ဆန် ကုန် သတဲ့ ။ အတပ် သိတာပေါ့ တဲ့ ။


တချို့ မိတ်ဆွေ အပေါင်းအသင်းတွေ က လည်း ဘာရယ် မဟုတ်ပါဘူး ။ စကား အဖြစ် ပြောတတ် ကြတယ် ။ ရာသီဥတု က လည်း ပူပါဘိ နဲ့ ။ ကျွန်တော် သာ ဘကြီးကို နေရာ မှာ ဆို အိမ် မှာ တင် ဝီစကီ နေ့တိုင်း သောက် နေ မှာ ။ ဘရန်ဒီ တွေ နေ့တိုင်း သောက် မှာ ။ ဘကြီးကို မို့ ခြေ အညောင်း ခံ လို့ ။ ဟိုနှယ် ဒီနှယ် ပြောကြတယ် ။


ပြောကြတဲ့ လူတွေ ၊ ငေါ့ကြတဲ့ လူတွေ ဘယ်လို ပြောကြ ငေါ့ကြပစေ ။ မမှုဘူး ။ ဂရု မစိုက်ဘူး ။ ဘကြီးကို ရဲ့ မူ ကို ပြင်လောက်အောင် လည်း လူ က ခင်စရာ ကောင်းနေတယ် ဟုတ်လား ။


ကျော့ကျော့ခင် ဟာ ရှိရင် သူ့ သမီး အငယ်ဆုံး လောက် ရှိ မှာ ။ ၂ဝ ကျော်ကျော် အစိတ် တောင် မပြည့်သေးဘူး ။ ဆံပင်အုံ ကောင်းကောင်း ၊ မျက်တောင် ကော့ကော့ နဲ့ အလုံးအဖန် ဖွံ့ ဖွံ့ ၊ အရပ် ငါး ပေ ငါး လက်မ ဆို တာ မြန်မာမ ထဲ မှာ မြင့်တဲ့ အထဲ ပါတယ် ။ ရွှေဘိုသူ ဝင်စား သလား ၊ မွန်အမျိုးသမီး တစ်ယောက် ဝင်စား သလား တစ်ခု ခု ပဲ ။


အဖေ ရော အမေ ရော မရှိကြတော့ ။ ဦးလေး နဲ့ အဒေါ်  ဆိုင် မှာ ကူညီ လုပ်ကိုင် ပေး နေတာ ။ ကျော့ကျော့ခင် ကြောင့် သူတို့ စားသောက်ဆိုင်လေး ရောင်းရပါရဲ့ ။ ဒါပေမဲ့ ဘကြီးကို ကြောင့် သိပ် မရောင်းရတာ ။ နို့မို့ရင် ဒီ ထက် ရောင်းရ မှာ လို့ အပြစ် တင်ကြသူတွေ လည်း ရှိရဲ့  ။ မနာလို လို့ ပြောကြတာတွေ ပေါ့ ။


ဘကြီးကို ဒီဆိုင် ကို လာရင် သူ ထိုင်နေကျ နေရာမှာ ပဲ ထိုင်တယ် ။ ဆိုင်ရှင်တွေ က လည်း အချိန် တန်ရင် ဘကြီးကို နေရာ မှာ ဘယ်သူမှ မထိုင်ရအောင် ရှင်းပေး ထားကြတယ် ။ နေ့စဉ် ပုံမှန် လာ သောက်တဲ့ ဖောက်သည် လေ ၊ ပြီးတော့ ဒီ ဖောက်သည် က နှစ် ချီ ပြီး သောက်တဲ့ ဖောက်သည် ။ ကျော့ကျော့ခင် ဦးလေး နဲ့  အဒေါ် တို့ ကလည်း ဘကြီးကို ဘာလို့ လာ သောက် နေတယ် ဆိုတာ ရိပ်မိ ကြတယ် ။ ပြောကြစို့ ။ လာ မသောက် မှာ ကို စိုး နေတာ ။ ပြောပြီးကော ပိန္နဲကုန်း က တချို့ အပျိုကြီးတွေ ဘကြီးကို ကို စိတ်ကူး နဲ့ ဘူကြီး ရိုက် နေကြတာ ။ လက်တွေ့  ရိုက် ကြည့်ရင် သူတို့ ဘူ ကျ ကုန်မှာ ။


ပိန္နဲကုန်း က တင် မကပါဘူး ။ ရှောက်တော ရော ၊ ပိတောက်စု က အပျိုတွေ လည်း ပါ ၊ မုဆိုးမ တစ်လင်ကွာ တွေ လည်း ပါတယ် ။ ဒေါ်ပျော့ ထား ခဲ့တဲ့ စတိလက်ကောက်တွေ ပြစ်မှားကြ ၊ ဘကြီးကို နဲ့ ဒေါ်ပျော့ တို့ အိပ်ခဲ့ကြတဲ့ ကနုတ်တွေ နဲ့ ထွင်းထားတဲ့ ကျွန်းသား ခုတင်ကြီး ပေါ် စိတ်ကူး နဲ့ အိပ်ကြည့် ကြ ။ စိတ်အား ရှိတိုင်း ဘကြီးကို နဲ့ သုံးချပ် တစ်ထွေ ၊ လေးချပ် တစ်ထွေ ခင်း နေကြတာ ။ သူတို့ ခမျာ သနားပါတယ် ။ စိတ်ကူး နဲ့ ဘေးစိပ်ပြီး ရင်ခုန် နေကြတာ ။


နေ စောင်း ရင် ရေမိုး ချိုး ကြမယ် ။ တပည့်ကျော် သာအောင် ပြန့် နေအောင် တိုက်ပေး ထားတဲ့ ရှပ်အင်္ကျီ နဲ့ ပုဆိုးမီးပူကျ ဝတ်မယ် ။ ချွေးနံ့ပျောက်ဆေး နှစ်ချက် သုံးချက် စီ ချိုင်းကြား ပွတ်မယ် ။ ပြီးရင် ဆံပင် ကို ကျကျနန ဖြီးမယ် ။ တပည့်ကျော် က ကတ္တီပါသဲကြိုးတွေ ကို ဘရပ်ရှ် နဲ့ ကျကျနန တိုက် ထားတဲ့ ဖိနပ် ကို ကောက် စွပ်မယ် ။ ပြီးရင် ရွာ ရှေ့ပိုင်း ကို ချီတက်ပြီ ။


သူ ထိုင်နေ ကျ နေရာ မှာ ထိုင်တယ် ။ ဆိုင် ထဲ မှာ ဘယ်သူတွေ ရှိ သလဲ မသိမသာ အကဲခတ်မယ် ။ လူစိမ်း ရှိခဲပါတယ် ။ စပါးပွဲစား ၊ ပဲပွဲစား တချို့ စပါး ဝယ် ၊ ပဲ ဝယ် လာရင်း ဝင် သောက်သူ ရှိမယ် ။ ဆိုင် နား မှာ ရပ်ထားတဲ့ လှည်း နဲ့ နွား မြင် ကတည်း က ၊ မော်တော်ဆိုင်ကယ် မြင် ကတည်း က ဧည့်သည် အစိမ်းအကျက် ဘကြီးကို သိတယ် ။ ချိုးသိမ်းငှက်များ လို ပဲ ကိုယ့် ပိုင်နက် ထဲ ဒီ့ပြင် ချိုးသိမ်း ဝင် လာရင် သိတယ် ဆိုတာမျိုး ။


သူ ထိုင် နေကျ နေရာက လက်ဖက်သုပ် တို့ ၊ ဟင်းပွဲ တို့ ပြင်တဲ့ ကျော့ကျော့ခင်လေး ရဲ့ ကိုယ်လုံး ကို ခြေဆုံး ခေါင်းဆုံး မြင် ရတဲ့ နေရာ ။ ပြီးရင် “ ငါ့ အတွက် ပေးစမ်းဟေ့ … ကောင်မလေး အမြည်း ဘာ ရှိတုံး ” ဒါဆိုရင် ဘကြီးကို မလာခင် နာရီဝက် လောက် က မှ ရေမိုးချိုး ဖြီးလိမ်း ပြင်ဆင် ထားသူလေး က ဘိလပ်ရည်ပုလင်း ထဲ မှာ အရက် သုံးပက် ထည့် ယူ လာမယ် ။ ပြီးရင် ကောင်မလေး က ဒီနေ့ ရနိုင်တဲ့ အမြည်းတွေ ပြောမယ် ။ ဘကြီးကို ခေါ်တော ကျကျ မကြည့်ပါဘူး ။ တစ်ချက် လှမ်း ကြည့် ပြီး စိတ် မဝင်စား သလို နေ လိုက်တာပါပဲ ။ ပြီးမှ ပဲလှော်ကြော် တစ်ပွဲ လို့ မှာချင်  မှာမယ် ။ အမဲပုဆိုးကြမ်း တစ်ခွက် လို့ မှာ ချင် မှာမယ် ။


သူ့ အသက်အရွယ် ဒီ့ပြင် လူတွေ သွား မကောင်းကြတော့ လို့ ဒါမျိုး ဘယ် မြည်းကြလိမ့် မလဲ ။ ဒါပေမဲ့ ဘကြီးကို ရဲ့ သွားတွေ က သူများတကာ ထက် ကောင်း တုန်း ။ ဒါကြောင့် အရွယ် တင်တယ် လို့ ပြောကြတာပဲ ။


တစ်ချက် လှမ်း ကြည့်ပြီး အမြည်း လာ ချတဲ့ အခါ “ မကျော့ နင် ဒီနေ့ လှတယ် ” ဒီ တစ်ခွန်း ပြောမယ် ။ ဒါ နေ့စဉ် ပြောတဲ့ စကား ။ ဘကြီးကို စကား ရဲ့ အတိမ်အနက် ကို အပြုံးလေး နဲ့ တုံ့ပြန်လေ့ ရှိတဲ့ ကျော့ကျော့ခင် ကလည်း သိတယ် ။


တစ်ခါတလေ တော့ လည်း “ မကျော့ က ကျစ်ဆံမြီး အတုတ်ကြီး နဲ့ ကြည့်ကောင်းတယ် ဟေ့ ” ဆိုတာမျိုး ပြော တတ်တယ် ။


မယ်ကျော့ ရဲ့ စေတနာ ပါပါ သုံးပက် ကို ရေ စွက်ပြီး ဇိမ်ဆွဲ တော့ တာပါပဲ ။ ပဲလှော်ကြော် ဇွန်း တစ်ဝက် နဲ့ ကျော့ကျော့ခင် အလှ တစ်ဝက် နဲ့ ရောပြီး မြည်း တော့တာပဲ ။ ဘကြီးကို က ကျော့ကျော့ခင်လေး ကို အေးမြ တဲ့ သူ့ အရိပ် အောက် မှာ ပဲ ကျော့ကျော့ရှင်းရှင်းလေး တစ် ဘဝလုံး နေ စေ ချင်တာ ။ ညနေ မိုးချုပ်ခါ နီးမှ ကျသင့်ဖိုး ငွေ ပေးချေ ပြီး ပြန်တယ် ။


လူကြီးစိတ် ဝင်တဲ့ အခါ ပြန်ခါနီး ဘာမှ မပြောပါဘူး ။ ကာလသားစိတ် ဝင်တဲ့ အခါ မူး က လည်း နည်းနည်းလေး မူးတော့ မကျော့ ခေါ်နေရာ က မိကျော့ ဖြစ်ရော …. ။


“ မိကျော့ ငမူးတွေ ကို အရောမဝင်နဲ့ နော် ကြားလား ” ဆိုတာမျိုး မှာ တတ်တယ် ။


“ မိကျော့ နင့် ဦးလေး နဲ့ အဒေါ် ကို ပြောထားဦး ၊ သိပ် သဘော မကောင်းကြ နဲ့ ၊ တော်တော် ဆိုင် မှာ အကြွေး ကျ လိမ့်မယ် ”


ဒီလို စကားမျိုး လည်း တစ်ခါတလေ ပြော တတ်တယ် ။


ချစ်သူ ကို ပိုးပန်းကြတဲ့ နည်း အမျိုးမျိုး ရှိ လိမ့်မယ် ။ လူပျိုလှည့် နည်း ဘယ်နှရာ ရှိ ပါလိမ့် ။ နောက်ပိုးနည်း ဘယ်နှထောင် ရှိပါလိမ့် ။


ဘကြီးကို လူပျို လှည့်ပုံ က အဆန်း ။ ကျော့ကျော့ခင် ဆိုင် မှာ ရောင်း တဲ့ အရက် နဲ့ အမြည်းတွေ အတွက် အရင်းအနှီးတွေ ဘကြီးကို ထုတ်ပေး ထားတာ ။ ပြီးမှ ကိုယ့် အရက် ကို ပြန် ဝယ် သောက် နေတာ ။


ဘကြီးကို လူပျို လှည့် ပုံ က အဲဒီလိုမျိုး ။


◾ညီပုလေး


📖 ထိုသုံးဦး ဤကိုးပုဒ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment