❝ သူ့ ကုသိုလ်ကံ ❞
ကိုကွန်း သည် ရန်ကုန်မြို့ ၌ နေခဲ့သည် မှာ နှစ်ပေါင်း အစိတ် ကျော်ခဲ့လေပြီ ။ ထို နှစ်ပေါင်း အစိတ် အတွင်း ပွဲစားကုန်သည် ထီးထမ်း လမ်းလျှောက် အလုပ်များ ကို လုပ်ခဲ့လေရာ တစ်ခါတစ်ခါ ၌ အတော်အတန် ငွေကြေး ရရှိခဲ့၏ ။ အခါများစွာ ၌ ကား ငွေကြေးကျပ်သည် သာ များ တတ်လေသည် ။
သို့ နေခဲ့ရာ ပိုက်ဆံကြေးငွေ အထူး ပါးရှားသော ၁၉၃၈ ခုနှစ် ၌ “ အကြံကုန် ဂဠုန် ဆားချက် ” ဟူသော စကား ကဲ့သို့ မိမိ မကျွမ်းကျင် သော အလုပ်တစ်ခု ကို စ ၍ လုပ်၏ ။ ထို အလုပ် ကို မကျွမ်းကျင် သောကြောင့် မိမိ ကိုယ် ကို မိမိ ကျွမ်းကျင်သည် ဟု မှတ်ထင်လေ့ ရှိ၏ ။ အကြောင်းမူ ကား ဆေးများ ကို တစ်ဖုံ လျှင် ငါးမတ် ၊ တစ်ကျပ်ခွဲ နှင့် ဖော်စပ်ကာ ပုလင်းကလေး တစ်ပုလင်း ကို တစ်ကျပ်ခွဲ ငါးမတ် နှင့် ကြော်ငြာ ၍ ရောင်းခြင်း သည် ကျိန်းသေ အမြတ်အစွန်း ရဖို့ သာ ရှိသည် ။ အခြား ဆေးကုန်သည်များ လည်း အသီးသီး မော်တော်ကား စီး ၍ ရသည် ။ ငါ ကား ကြော်ငြာ များကို အမျိုးမျိုး လည်း ရေး နိုင်၏ ၊ ဆေးများ ကို ဖော်စပ်၍ သတင်းစာများ ၌ ကြော်ငြာ ပြီး ရောင်းလျှင် အမြတ်အစွန်း ဧကန် ရချိမ့်မည် ။ ၎င်း အလုပ် ထက် ကျိန်းသေသော အလုပ် မရှိ ဟု အောက်မေ့ကာ ပွဲ ပြ ၍ ရသော ငွေကလေး တစ်ရာနှင့် “ အာယုသီဟလေဆေးကြီး ” ဟု ဖော်စပ်ပြီးလျှင် ရှိသမျှသော ၉၆ ပါး ရောဂါ တို့ ကို ပျောက်သည် ဟု ညွှန်းလေ၏ ။ သို့ ဖြစ်သောကြောင့် ဘယ်ရောဂါသည် မှ အဝယ်အခြမ်း မရှိဘဲ အရင်း မြုပ် ၍ နေလေ၏ ။
အိမ် လခ က လည်း ပူ ။ စားစရာ လည်း မရှိ ။ ဆေး ကို စား၍ လည်း မနေနိုင် ။ အကြီးအကျယ် ဒုက္ခကြီး ဖြစ်၍ နေလေ၏ ။ ထို ငွေရင်း တစ်ရာ ကို ဤ တနင်္ဂနွေ တစ်ပတ် အတွင်း ပြန်၍ ရလျှင် ရ မရလျှင် ဤ အရပ် မှာ ဤ အိမ် နှင့် နေနိုင်ဖို့ မရှိ ။ အရပ် ကို လည်း မခွာချင် ။ ၎င်းမှာ အခြွေအရံ မယား တစ်ယောက် နှင့် သားသမီး လေးယောက် ရှိလေ၏ ။
ငွေ တစ်ရာ ကို အဘယ်မှာ ရှာ၍ မရ အသိမိတ်ဆွေ ဟူ၍ လည်း အကျွမ်းတဝင် လူယုံ မရှိသူ ဖြစ်လေရာ အဘယ်ကို မှ လှည့်၍ အားကိုးအားထား မတွေ့ ။ သို့ဖြစ်လေရာ အိမ်တံခါးဝ တွင် ပက်လက်ကုလားထိုင် နှင့် ထိုင်ကာ မည်သူ တစ်ယောက် လမ်း မှား ပြီး ငွေတစ်ရာ ပေးဖို့ရန် ရောက်လာ ပါမလဲ ဟု အိမ်ရှေ့ ကို မျှော်ကာ တွေးတောငေးမော ၍ နေလေ၏ ။ အဘယ်က မှ ပေါ် မလာသည် ကို တွေ့ရသော အခါ များစွာ စိတ်ပျက် လျက် တစ်ကိုယ်လုံး ပျော့၍ ကျ သွားလေ၏ ။ သို့ ကျ သွားရာ၌ အိမ် ရှေ့တွင် မိုတိုကား နှင့် ဖြတ်၍ သွားသူများ ကို မြင်ရသောအခါ သင်းတို့ တွေ ဘယ် အတွက်ကြောင့် ဒီလို နေနိုင်ပါသလဲ ဟု တွေးတောပြီး ငါ ကား မဖြစ်နိုင်ဘူးလား ဟု အောက်မေ့လေ၏ ။ သို့ ကြည့်၍ နေခိုက်တွင် မဖြစ်နိုင်တော့ပါဘူး ဟု အောက်မေ့ကာ အထက် မျက်နှာကြက် ကို ကြည့် လိုက် ရာ ရက်မ တစ်ခု မှာ သံချောင်းကြီး ရိုက်၍ ထားသည်ကို မြင်ရလေ၏ ။ ထိုအခါ ဒီ သံချောင်းကြီး မှာ ကြိုး တပ်ပြီး လည်ပင်း ကို ချိတ် လိုက်ရရင် ဒီ အပူ ငြိမ်းချေ ရဲ့ဟု တွေး လေ၏ ။ အကြောင်းမူကား ငွေကြေး အတွက် ပူသော အပူ သည် ရင်မှာ မီးရှို့ ၍ နေပေ၏ ။ ဘယ်ကိုမှ အား မကိုးရသော လောကကြီး ၌ နေရခြင်း သည် သုသာန် မှာ နေရသကဲ့သို့ ဖြစ်လေ၏ ။ သွားလာ နေကြသည် ကို မြင်ရသည့် အခါ သူတို့ မတော့ ကာ လွန်စွာ အေးချမ်းပါကလား ၊ ငါ့ မှာ သာ ပူ နေရတယ် ။ သူတို့မှာ ကိုယ်စီ ကိုယ်ငှ ပရိယေသန ဝမ်းစာ အတွက် တစ်ခုစီ ရှိကြလို့ပဲ ချမ်းသာ ကြပါပေတယ် ။ ငါ့ အတွက် ကား အဘယ်မှာ မျှ အလုပ် မရှိ ၊ အခစား ကျွန် အလုပ်သော် မှ ရဖို့ရန် ခက်လှပါကလား စသည်နှင့် တွေးရင်း ငါ ၏ ဒုက္ခ ၊ ငါ ၏ ဒုက္ခ ဟု ပုတီးစိပ် နေလေ၏ ။
သို့အတန်ကြာ နေမိသောအခါ ထီလက်မှတ် ရောင်းသော ထီစာရေး ဘအို သည် ပြုံး ရယ် လျက် ကိုဘိုးကွန်း ဘာ ငေး နေသလဲ ၊ အခု ထီ ဖွင့်နေပြီ ခင်ဗျား သိရဲ့လား ဟု မေးလျက် ဝင်လာလေ၏ ။
ကိုဘိုးကွန်း သည် မိမိ ၏ ကံ ကို ယုံကြည်သူ တစ်ယောက် ဖြစ်လေ၏ ။ ဤသို့ အကျပ် အတည်း အခက်အခဲ ထဲ မှ ငါ ကံကောင်း တတ်တာပဲ ။ ငါ ထီပေါက်တယ် လို့ များ သတင်းများ ရမလား လို့ အောက်မေ့ကာ ပက်လက် နေရာမှ ထ၍ ထိုင်ပြီး အိတ်ထဲ မှ ထီလက်မှတ်ကလေး ကို ထုတ်ကာ ကြည့် လေ၏ ။
“ ငါ သတင်းစာ လည်း မကြည့်ရဘူး ဟေ့ ထီ ဖွင့် မှန်း လည်း မသိရဘူးကွ ”
ဘအို “ ပေါက်စဉ်စာရင်း တွေ ကျုပ် မှတ်လာခဲ့တယ် ” ဟု ပြောကာ မှတ်၍ ထားသော စက္ကူတစ်ချပ် ကို ထုတ်၍ ကြည့်လေ၏ ။ ထိုစက္ကူ မှာ ဒိုင်ယာရီစာအုပ် မှ ဆုတ်ဖြတ်သော စက္ကူ အစကလေး ဖြစ်လေ၏ ။ ခဲတံ နှင့် မထင်မရှား ရေး၍ ထားသော ဂဏန်းတွေ ကို ထို စက္ကူ ၌ ကြည့်လေ၏ ။ သို့ ကြည့်ရင်း ကိုကွန်း ၏ လက်မှတ် ကို ဆတ်ခနဲ ဆွဲ၍ ယူ ကြည့်ပြီး ဟာ ခင်ဗျား ထီ ပေါက်နေပါပကော ၊ ပထမဆု ဗျ ။ ဂဏန်း ကို တိုက် ကြည့်ကြလေ၏ ။ ထီ ပေါက်သည် မှာ အမှန် ဖြစ် ၍ နေကြောင်း သိ ရလေ၏ ။ ပိုက်ဆံ မရှိ၍ အလွန်တရာ စိတ်ညစ်၍ နေသော ကိုကွန်း မှာ သိန်းထီ ပေါက်သည်ဟု သိ ရသောအခါ က ရတော့မလို ခုန် ရတော့မလို အရူး လို လို ဖြစ်သွားလေ၏ ။ မိမိ မျက်စိ ကို မယုံနိုင်အောင် ရှိလေ၏ ။ ဂဏန်း ကို အကြိမ်ကြိမ် တိုက်၍ ကြည့် လေ၏ ။ သို့ တိုက်၍ ကြည့် လေရာ မိမိ ပေါက်ဂဏန်းများ သည် ဘယ်ကိုမျှ ပျောက်ပျက် ၍ မပြေး ၊ ပေါက်ဂဏန်း အတိုင်း ရှိ နေသည်ကို တွေ့ရလေ၏ ။ ထိုအခါ ကျ မှ ရင်ထဲ ၌ ရှိသော အလုံးကြီး သက်လျော ကာ အခုမှ အေးပါလေရော ဗျာ ။ ငါ ၌ ပူသမျှ တို့ သည် လွင့်စဉ် ပပျောက်လေပြီ ။ စိုးရိမ်ကြောင့်ကြ စရာ လုံးလုံး ကြီး မရှိတော့ပေ ။ ငါ့ သားတွေ ကို ရှင် ပြုမည် ။ ဘယ်သူနှင့်မျှ မတူအောင် နိပါတ်တော်များ ခင်းကျင်း၍ ပြုမည် စသည်ဖြင့် ပြော လေ၏ ။ ဇမ္ဗူ မှာ ငါလို လူ ရှိသေးသလား ။ ' သိန်းထီ ပထမဆု တစ်ယောက် တည်း ပေါက်တဲ့ ယောက်ျား '
ဘအို ။ ။ ဒါတော့ ဘဝ က ကုသိုလ် ကို ဗျ ။
ကိုကွန်း ။ ။ ဘဝ က ကုသိုလ် ပေမဲ့ ဒီလို ငွေကြေး ကျပ်တုန်း ၊ ငွေကြေး လိုနေတုန်း ၊ မျှော်လင့် စရာ မရှိတုန်း လာပြီး အကျိုး ပေးတာဟာ ရှားတဲ့ ကုသိုလ်ပေါ့ ။
ကိုကွန်း ထီပေါက် သည် ဆိုသော သတင်း သည် အနှံ့အပြား ကျော်ကြား၍ သွားလေ၏ ။ အသိမိတ်ဆွေ တို့ သည် ဝမ်းသာကြောင်း ကို ပြောရန် စုရုံး၍ လာကြလေ၏ ။ ငွေကြေး ကျပ်တည်း စဉ် က မတွေ့ရသော မိတ်ဆွေသူငယ်ချင်း တို့ သည် အခါရှေးဦး ပထမ ရောက် လာကြလေ၏ ။
သူဌေးဦးလွင် က ငွေ ကို လိုသလောက် ယူ ၍ သုံးပါ ဟု စာတစ်စောင် ရေး ၍ ပေး လိုက်လေ၏ ။ ထိုစာ နှင့် အတူ ချက်စာအုပ် တစ်အုပ် ကို ပေး လိုက်လေ၏ ။ ၎င်း ချက်စာအုပ် က လက်မှတ်များ နှင့် ငွေများ ကို မိမိ ၏ ဘဏ် မှ လိုသလောက် ထုတ်၍ ယူရန် ပြောလေ၏ ။ သို့သော်လည်း ငွေ တစ်သောင်း ထက် မကျော်စေရ ဟု စကား ပါ ရှိလေသည် ။ သားများ ကို ရှင်ပြုရန်အရေး ကို ရှေးဦး ပထမ ဂရု စိုက်လေ၏ ။ သို့အတွက် ငွေ နှစ်ထောင် ကို ဘဏ် မှ ထုတ်ပြီးလျှင် ယုံကြည် စိတ်ချရသော ဆွေမျိုးဉာတိ များ ကို သားလေးယောက် ရှင်ပြု ရန် လွှဲအပ်လေ၏ ။ ထို ရှင်ပြုအခမ်းအနား မှာ လွန်စွာ ကြီးကျယ် လေ၏ ။ ကိုကွန်း သည် ဆေးဆိုင် ကို ဂရု မစိုက်တော့ပေ ။ ဆင်းရဲသော ဆွေမျိုး တစ်ယောက်အား ပေး လိုက်လေ၏ ။ အိမ်လခ ပူသော အိမ်ရှင် အား လည်း လခများ ကို ခြောက်လ အတွက် အပို ပေး၍ ထား လေ၏ ။ အကြောင်းမူကား မိမိ ထီ ပေါက်သော အိမ် ကို ရုတ်တရက် မစွန့်လိုပေ ။ ထို အိမ် ကို ဝယ်မည် ဟူ၍ ပင် အကြံ ပြုလေ၏ ။ ရှင်ပြုမင်္ဂလာ အခမ်းအနား ပြီးသောအခါ အလှူ အတွက် အိမ် ၌ ရှုပ်ပွေနေသည် ကို ရှင်းရန် ရှိလေ၏ ။
ကိုကွန်း သည် ရှုပ်ပွေ၍ နေသော အိမ်ထဲ တွင် ထိုမှ ဤမှ လှည့်ပတ်ကာ လျှောက်၍ ကြည့်ရင်း ငါ့ မှာ မိန်းမ လည်း မရှိ ၊ သို့အတွက် ဤပစ္စည်းတွေ ကို ရှင်းလင်းသုတ်သင်ဖို့ရန် အင်မတန် ခက်တာပဲ ။ မလှ ကို ငါ ရအောင် ကြံ လိုက်ရရင် တော် လေမလား ၊ မလှ ဟာ အလွန် လိမ္မာတဲ့ မိန်းမ ၊ ရုပ်ရည် မှာ လည်း အသက် သုံးဆယ် ဆိုပေမယ့် လို့ ထို အသက် နှစ်ဆယ် အရွယ်ကလေး လို့ ထင်ရတယ် ။ မျိုးရိုးဂုဏ်လည်း ရှိတယ် ။ သဘောသကန် လည်း ကောင်းတယ် ။ အသိမ်းဆည်း အလုပ်အကိုင် မှာလည်း တော်တယ် ။ အရာရာ မှာ လာဘ် မြင်တဲ့ မိန်းမ ၊ ငါ သူ့ ကို ရရင် ဂုဏ်ကျက်သရေ တစ်ခုပဲ စသည်ဖြင့် တွေးရင်း ကုလားထိုင်စားပွဲ ၊ ဖလားစုံကွမ်းအစ် ၊ ထွေးခံ ၊ ပန်းကန် ၊ ရေတကောင်း စသည်တို့ ၏ အလယ် ၌ လျှောက်ကာ တွေး၍ နေလေ၏ ။
သို့ တွေး၍ နေခိုက် တွင် မိမိ ၏ နောက်၌ ခြေသံ ကို ကြားရသဖြင့် လှည့် ကြည့်လိုက်ရာ မလှ ကိုယ်တိုင် အိမ် ပေါ် ကို တက်၍ လာသည်ကို မြင်ရလျက် အတိုင်းမသိ ဝမ်းသာလုံး ဆို့၍ သွားလေ၏ ။ အံ့အားလည်း သင့်၍နေလေ၏ ။
“ ဪ ... မလှ တစ်ယောက်တည်းလား ”
“ တစ်ယောက်တည်းပါပဲ ”
“ ဘာကိစ္စနှင့် လာ ပါသလဲ ။ အင်မတန် ထူးဆန်းတဲ့ လာပုံပါကလား ”
မလှ “ မထူးဆန်းပါဘူး ၊ တစ်ယောက် နဲ့ တစ်ယောက် အခြား လူ မှ မဟုတ်ဘဲ ။ အခု ကိုကွန်း မှာလည်း ဒီ အလုပ်တွေ ကို ကူညီ သိမ်းဆည်းမယ့် အဖော် မရှိ ၊ ဒါကို ကျွန်မ တွေးပြီး လာတာပဲ ” ဟု ပစ္စည်းများ ကို လက် နှင့် ပြရင်း ပြော လေ၏ ။
ကိုကွန်း ။ ။ မလှ အတွေးအခေါ် အင်မတန် ရှိပါပေတယ် ၊ ဒီလို အရေး ထဲ မှာ အခုလို သတိ ရတာ အင်မတန် ကျေးဇူးတင်ပါတယ် ၊ ကျုပ်တို့ ဒီဟာတွေ ကို ဘယ်က စလို့ ဘယ်လို လုပ်ရမယ် ဆိုတာ မတွေးတတ်အောင် ရှိတာပဲ ။ မလှ တို့ လို လူ တစ်ယောက် ကြီးကြပ်စီမံ မှ ဖြစ်မြောက်မှာပဲ ။
မလှ ။ ။ ဪ ... ဒုက္ခ ဒုက္ခ ယောက်ျားများ ဟာ မိန်းမ မပါရင် ဘာမှ နေရာ မကြဘူး ၊
ဒါကြောင့် သျှောင် ရှိရင် ဆံထုံး ရှိ မှ ဖြစ်နိုင်တယ် လို့ ပြော ကြတာပဲ ထင်ပါရဲ့ ။
ကွန်း ။ ။ မိန်းမ က အိမ်ရှင် ၊ ယောက်ျား က အပြင်လူ ဆိုတာလို မလှ တဆိတ်လောက် အိမ်ရှင် လို သဘော ထားပြီး စီမံ လုပ်ကိုင် လိုက်စမ်းပါ ။
မလှ ။ ။ အိမ်ရှင် လို သဘောထား နေဖို့ မဟုတ်ပါဘူး တော် ၊ အိမ်ရှင် ပဲ ဆိုလိုက်ပါတော့ ။
ကွန်း ။ ။ အဟုတ်ပဲလား မလှ ရယ် ၊ တကယ် ပြောတာလား ။ တကယ် ပြောတာဖြစ်ရင် ကျုပ် လောက် ကုသိုလ်ကံ ကောင်းတဲ့ လူ မိုးအောက် မှာ ရှိမယ် မထင်ပါဘူး ။
“ အဟုတ် ပြောတာပါ ။ အဟုတ်ပါပဲ လို့ မှတ်လိုက်ပါ ”
“ ဒီလိုဖြင့် ဝမ်းသာ လိုက်တော့မယ် ။ ဝမ်းသာ ရတော့မှာလား ”
“ ဝမ်းသာပါတော့ ”
ထိုအခါ ကိုဘိုးကွန်း က မလှ ၏ လက် ကို ဆွဲ ကိုင်ကာ နမ်းရှုပ် လေ၏ ။ ထိုနောက် အတန် ကြာမှ လက် ကို လွှတ် လိုက်လေ၏ ။
“ လက်ကို နမ်း လို့ ဘာ အရသာ ရှိသလဲ ”
“ ဟုတ်ကဲ့ လူ ကို နမ်း မှ သေသေချာချာ အရသာ ရှိတာ ၊ နို့ပေမဲ့ လူတွေ မြင် မှာ စိုးလို့ လူ ကို ချမ်းသာ ပေးလိုက်တယ် ။ လူ ကို တော့ကာ တကယ် ပိုင်မှ ”
ကိုင်းလေ ... အလုပ် ရှိပါသေးတယ် ဟု ပြောပြီး အသိမိတ်ဆွေ သူငယ်ချင်းများ ကို ခေါ်၍ အိမ် ၌ သုတ်သင်ရှင်းလင်းလေ၏ ။ အောက် ၌ ရှင်း၍ ပြီးသောအခါ အဖော်များ ကို ပြန်ဖို့ရန် ခွင့် ပေးလိုက်လေ၏ ။ မလှ သည်ကား ဟိုဟိုဒီဒီ လျှောက်ကာ အိမ်ပေါ် သို့ အမှတ်တမဲ့ တက် သွား လေ၏ ။ သို့ တက်သွားရာ ကိုကွန်း ၏ အိပ်ရာခန်း သို့ သွား လေ၏ ။ အိပ်ရာ ရှုပ် နေသည် ကို သပ်ရပ်စွာ ခင်းကျင်း ၍ ပေးလေ၏ ။ နောက် အတန်ကြာသောအခါ ကိုကွန်း အိမ်ပေါ် ကို တက်၍ ကြည့်လေ၏ ။ မိမိ ၏ အိပ်ရာပေါ်၌ မလှ အိပ်ပျော် သလို နေသည် ကို တွေ့ရလေ၏ ။ ကိုကွန်း သည် လွန်စွာ အံ့အားသင့်လျက် ခြေဖျား ထောက် ကာ အပါး သို့ ကပ် သွားလေ၏ ။ မလှ အိပ်၍ နေသည်မှာ တစောင်း ဖြစ်လေ၏ ။ သို့ တစောင်း အိပ်၍ နေရာ ညာဘက်ခြေ မှာ ကွေးလျက် ဘယ်ဘက်ခြေ မှာ ဆန့်လျက် ၊ လက်ဝဲဘက် မှာ စောင်းလျက် နေလေ၏ ။
ဘယ်ခြေ က ဖြူဝင်းသော တံကောက်ခွက်သားကလေး နှင့် ခြေသလုံးကလေးများ သည် ကိုကွန်း ၏ စိတ် ကို နဖားကြိုး တပ်ကာ ဆွဲသည့် အလား မလှ ၏ အနား ကို ရောက်သော အခါ တစ်ကိုယ်လုံး မလှ ဘက် သို့ ကိုင်းညွတ် ၍ သွားလေ၏ ။ စိတ် ကို အနိုင်နိုင် ချုပ်၍ ထားရလေ၏ ။
ထိုကဲ့သို့ မြင်ရသော အခါ ဆင်နှာမောင်း ကဲ့ သို့ သွယ်ပျောင်း ပြေပြစ် သော ဒူး ၊ ပေါင် ၊ သလုံး
သားများ ၏ ချောမွေ့ခြင်း ညက်ညောခြင်း ကို ကိုင်တွယ် စမ်းသပ်မိ သကဲ့ သို့ အထင်အမြင် ပေါက်လေတော့ သတည်း ။ တင်ပါးကလေး ခါးကလေး မှာ အရိုး မရှိ ၊ အသားပုံ ပကတိ လုံးအိအိကလေး ကို တအား ပွေ့ တော့မည့် အလား လက်နှစ်ဖက် ကို ဆန့်ကာ အပါးသို့ ရောက်၍ သွားလေ၏ ။ ထို့နောက် ကပျာကယာ ချာလည် လည် ၍ နောက် ပြန်ပြီး လျှင် ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓော ဟူသော ဂါထာ ကို ရွတ် လိုက်မှ ဘာလိုလို ညာလိုလို ဖြစ်ချင်သော စိတ် သည် ပြေပျောက် ၍ သွားလေ၏ ။
နောက် ပြန်၍ လှည့် လိုက်သောအခါ မလှ သည် ခုတင် နံဘေး မှာ ရပ်လျက် ဆံပင် ကို ထုံးပတ် ၍ နေလေ၏ ။
“ ကိုကွန်း ခု တင် က ဘာ ဖြစ်တာလဲ ”
“ ကိုယ့် ကိုယ် ကို မလှ အိပ် နေတာ မြင် ရတော့ကာ ကိုယ့် ကိုယ် ကို အစိုး မရသူ တစ်ယောက် ဖြစ်၍ သွားရတယ် ။ ဘာ့ကြောင့် အစိုး မရတယ် ဆိုတာတော့ ကာ မပြောပါ ရစေနဲ့တော့ ။ ကိုယ့် ကိုယ် ကို အစိုး မရသူ တစ်ယောက် ဟာ ဖြစ်ချင်တာတွေ ဖြစ်တာပေါ့ ။ မမေးပါနဲ့တော့လေ ၊ အဖြေရ ခက်လွန်း လို့ပါ ”
“ ဒီလိုဖြင့် ကျွန်မ သွားတော့မယ် ”
ဟု ပြောပြီး အိမ်ပေါ် မှ ဆင်၍ သွားလေ၏ ။ ကိုကွန်း သည် လိုက်၍ သွားလေ၏ ။ သို့ သွားရင်း မလှ နေပါဦး ၊ မလှ မသွားပါနဲ့ဦး ၊ မလှ စိတ်ဆိုး သလား စသည်ဖြင့် တောင်းပန် သော်လည်း မလှ သည် ပြန်၍ မကြည့် ။ ထိုအခါ နောက်မှ နေ၍ လက် ကို ဆွဲပြီး မလှ ကို ရင်ခွင် ထဲ သို့ ပွေ့ယူကာ တအား ဖျစ်ညှစ် လေ၏ ။ ထိုအခါ မလှ က ကိုကွန်း ၏ ရင်ခွင် မှ ရုန်းထွက်ပြီး ကိုကွန်း ၏ ပါး ကို လက်ရာ နှင့် ပွတ် လိုက်လေ၏ ။ ကိုကွန်း ၏ စိတ် မှာ ရှက်ကိုးရှက်ကန်း ဖြစ်၍ သွားလေ၏ ။ မလှ ရယ်မောလျက် စိတ်မဆိုးပါ နဲ့ ကျွန်မ အလကား လုပ်တာပါ ။
“ နာလိုက်တာ အလကား လုပ်လို့သာ တကယ်များ လုပ်ရင် သွားတွေ ထွက်ကုန်မှာပဲ ”
ဟု ပြောကာ မိမိ ပါး ကို ပွတ်လေ၏ ။ ထိုနောက် မလှ သည် အိမ် ပေါ် မှ ဆင်း၍ သွားလေ၏ ။ ကိုကွန်း လည်း လိုက်၍ သွားလေ၏ ။ သို့သော်လည်း မိမိ ဘာလုပ်ဖို့ လိုက်၍ သွားသည်ကို မသိပေ ။ မလှ ၏ ညှို့ဓာတ် ဆွဲဆောင်ရာသို့ လိုက်ပါ သကဲ့သို့ သွား လေ၏ ။ အိမ် အောက် မှာ ရှင်းလင်း၍ နေသည် ကို တွေ့ရသောအခါ ကိုကွန်း က ခုမှ ရှင်းလင်းသွားတော့တာပဲ ။ မိန်းမများ က လုပ် မှ ရှင်းရှင်းလင်းလင်း ရှိပေတော့တာပဲ ။ မလှ သည် ကား ၎င်း ၏ စကားကို နားမထောင် အိမ်ပေါ် မှ ဆင်းကာ မိမိ အိမ် သို့ သွားလေ၏ ။ ကိုကွန်း လည်း လိုက်၍ သွားရာ မလှ ၏ အိမ်သို့ ရောက်လေ၏ ။ မလှ ၏ အိမ်ခန်း မှာ မိမိ ခါတိုင်း ရောက်ရှိခဲ့သည့် အခန်း လို မဟုတ်ပေ ။ ကြီးကျယ်ခမ်းနားစွာ ပြင်၍ ထားသည် ကို တွေ့ရလေ၏ ။ ကိုကွန်း ၏ စိတ် ၌ အံ့သြကာ မလှ လည်း ထီများ ပေါက်လေရော့သလား ။ ခါတိုင်း အခန်း နဲ့ မတူပါလား အင်မတန် ကြီးကျယ်ခမ်းနားပါကလား ဟု မေး လေ၏ ။ ပီယာနိုကြီး တစ်လုံး ကို လှေကား အနီး မှာ မြင် ရလေ၏ ။ ထို ပီယာနို ကို ဖွင့်ပြီး ထိုင်ကာ ဘောလယ် တစ်ပုဒ် ကို တီး ၍ စမ်း လေ၏ ။ သို့သော်လည်း ကောင်းစွာ မဖြစ်သဖြင့် ထ ပြီး မိမိ ၏ အပါး၌ မတ်တတ်ရပ်၍ နေသော မလှ အား လက် ကို ဆွဲကာ ပီယာနို ကို တီးရန် အထိုင် ခိုင်းလေ၏ ။ မလှ သည်ကား မငြင်းမဆန်ဘဲ ဝင်ကာ ဘောလယ် ကို ပင် တီး လေ၏ ။ သို့ ဘောလယ် ကို တီးရာ မှ အင်္ဂလိပ်တေးများ ကို လျှောက်၍ တီးလေ၏ ။ ထိုနောက် မြန်မာတေးကြီး ဘွဲ့ကြီးများကို တီး ပြန်လေ၏ ။ ကိုကွန်း သည် လွန်စွာ ကြည်နူးလျက် အနီး ရှိ ကုလားထိုင် ပေါ် မှ ထိုင် လျက် ပီယာနို နှိပ်သော မလှ ၏ လှပသော လက်ချောင်း ကလေးများ ကို ကြည့်ကာ စိတ် ထဲ ၌ ချီးမွမ်း၍ နေလေ၏ ။
ထိုအတွင်း မိမိ မှာ များမကြာမီ က ငွေကြေး လွန်စွာ ကျပ်တည်းလျက် အသက်သေလုခမန်း ၊ ဖြစ်၍ နေသည် ကို ပြန်၍ တွေးကာ ယခု အခြေအနေ နှင့် လွန်စွာ ခြားနားပါကလား ။ ငါ ကုသိုလ်ကံ ထူး လှပေသည် ။ ငွေကြေး လွန်စွာ ကျပ်တည်းစဉ် က ငါ ဒီ အဖြစ်မျိုးကို ရောက်နိုင်မည် ဟု မတွေးမိပေ ။ ယခုသည် ကား ငါ မတွေးနိုင်သော အဖြစ်မျိုး ကို ရောက်၍ နေလေပြီ ။ ဟိုအခါက မော်တော်ကား စီး၍ သွား သူများကို မြင်သည့် အခါ ငါ သူတို့ နှင့် မတူနိုင်ပါဘူး ဟု တွေးခဲ့မိ၏ ။ ယခုကား ငါ သည် မော်တော်ကား ကို စီး နိုင်လေပြီ ။ ပူစရာ ဟူ၍ အဏုမြူ မျှ မရှိတော့ပေ ။ ငါ့ မှာ မရှိစဉ် အခါက မည်သူ တစ်ဦးတစ်ယောက် မှ ငါ့ ကို ကြည့်ရှုမည့် သူ မပေါ်လာပေ ။ ယခုအခါ ခင်မင်သည် ဆိုသော မိတ်ဆွေ သည် ရှောင်၍ ပင် မရအောင် ရှိလေ၏ ။ ဒီ မိတ်ဆွေတွေ ကို ငါ အလို မရှိတော့ပေ စသည်ဖြင့် တွေး၍ နေလေ၏ ။ ကိုကွန်း သည် ချက်ချင်း လတ်တလော ဘဝ ကူး သူ ၏ အလား ဆင်းရဲငြိုငြင်ပူပင်မှောင်ကျ သော ဘဝ မှ ခမ်းနားတောက်ပြောင်းသော ဘဝ သို့ ရောက်ခဲ့သည် သာမက မိမိ အချစ်ဆုံး သော မိန်းမ တစ်ယောက် နှင့် စခန်းသွား နေရသော ဘဝ သို့ ရောက်ခဲ့လေ၏ ။
“ ကိုကွန်း ပျော်ရဲ့လား ”
“ ချစ်ရာ အကောင်းဆုံး ဆိုတဲ့ နတ်ကညာတစ်ပါး က နတ်တူရိယာ နဲ့ ဖျော်ဖြေ နေတာကို နားစည်းစိမ် ခံနေရသည်မှာ မပျော်ဘဲနေနိုင်ပါ့မလား ”
“ ရှင် သားကလေးတွေ အတွက် မပူဘူးလား ”
“ ကျုပ် သားကလေးတွေ အတွက် ဘာ ပူစရာ ရှိသလဲ ။ ငွေကြေးတွေ အများကြီးရှိတာပဲ ”
“ ငွေ အများကြီး ရှိတာနဲ့ ၊ ဒီ အမိုက်အမဲတွေ နဲ့ ဘာ ဆိုင်သလဲ ရှင့် ၊ ဒီ အမိုက်အမဲတွေ ကို ငွေကြေး အပ်ပြီး စိတ်ချလက်ချ သွား နိုင်ပါ့မလား ”
“ ဒီလိုဆိုရင် မလှ တို့ အရှိသားပဲ ၊ ကြည့် နေတော့မှာလား ”
“ ကြည့် မနေပါဘူး ၊ ကြည့် မနေပေမဲ့ ကာ ပျက်စီးမယ့် လူများ ကို ဘယ်သူမှ မကယ်နိုင်ဘူး ”
ဒီလိုဖြင့် ငွေကြေး ပေးထားခဲ့လို့ စိတ် မချရ ။ လူယုံ ကို အပ်သော်လည်း စိတ် မချရ ၊ သေတာထက် ဆိုးတာတော့ မရှိဘူး ။ ကျုပ် သေမယ့် အကောင်တွေ ကို မွေးထားခဲ့တာ ။ သေဘေး နဲ့ တော့ တွေ့ကြမှာပဲ ၊ ဆင်းရဲဒုက္ခ တွေ့တတ်မယ့် အကောင်မျိုး ကို မွေး တော့ကာ ဆင်းရဲဒုက္ခ တွေ့ချင် တွေ့မှာပဲ ။ သတ္တဝါ တစ်ဦး အတွက် တစ်ဦး က ပူပင်ကြောင့်ကြ သမျှတွေ ဟာ အပိုပဲ စသည်ဖြင့် ကိုကွန်း က ပြော လေ၏ ။ကိုကွန်း မှာ မလှ နှင့် စကား ပြောရသည့် အတွက် ၎င်း ၏ စိတ် မှာ သားသမီးများ အတွက် ပင် မပူမပင် မကြောင့် မကြသော စိတ်များ ပေါ်၍လာလေ၏ ။ လောကကြီး ၌ အဖြစ်အပျက် သဘောတရား ကြည့် ကာ အကုန်အစင် သိ၍ သွားသလို ဖြစ်လေ၏ ။ မိမိ ၏ သားသမီး သည် သူတစ်ပါး ကို ညှဉ်းဆဲ၍ နေဦး မိမိ ၏ စိတ်၌ ပူပင်ခြင်း ဖြစ်မည် မဟုတ်ပေ ။ မိမိ ၏ သားသမီး သည် အလိုအလျောက် ဖြစ်စေ သူတစ်ပါး နှိပ်စက်၍ ဖြစ်စေ ဒုက္ခဆင်းရဲ တွေ့အံ့ မိမိ မှာ အဘယ် ကိစ္စရှိအံ့နည်း ဟူသော စိတ်မျိုး ပေါ်ပေါက်၍ လာလေ၏ ။ စင်စစ်အားဖြင့် ထို အကြောင်းအရာများ ကို မလှ နှင့် အတူ ခဏမျှ ဆွေးနွေးရခြင်း ၌ အလင်းဉာဏ် ကို ရ ဘိသကဲ့သို့ ဖြစ်လေ၏ ။
“ ကိုင်း ... အောက်ကိုဆင်းကြစို့ ။ ကျွန်မ အိမ် ဘယ်လောက် သားနားတယ် ဆိုတာ ရှင် သိရအောင် ”
ဟု ပြောပြီး ရှေ့ က ဆင်း၍ သွားလေ၏ ။ ကိုကွန်း လည်း လိုက်၍ သွားလေ၏ ။ အိမ်လှေကား မှ စ၍ မြင်သမျှ အခမ်းအနား တို့ ကို အံ့သြလေ၏ ။ မလှ အိမ် အင်မတန် ကြီးကျယ် နေပါကလား အရင်က နဲ့မတူပါကလား ဟု တွေးလေ၏ ။ မီးဖိုချောင် ၌ အရင်က မြင်ခဲ့သလို အိုးတွေ ၊ ခွက်တွေ ၊ မီးသွေးတွေ ၊ ထင်းတွေ ရှုပ်ပွေ၍ မနေတော့ပေ ။ ယခု မြင်ရသည့် မီးဖိုချောင် ကား ပြောင်လက် သန့်ရှင်းသော စားပွဲခန်း ကဲ့ သို့ ဖြစ်၍ နေသည်ကို တွေ့ရလေ၏ ။ မလှ ကလည်း မိမိ ၏ မီးဖိုချောင် ကို ကြည့်ကာ တစ်လှည့် ကိုကွန်း ကို ကြည့်ကာ တစ်လှည့် ပြုံးစိစိ နှင့် လုပ်၍ နေလေ၏ ။
မလှ ဧကန် ထီ ပေါက်ပါပြီ ဟု စိတ် မှာ တွေး မိလေ၏ ။ မလှသည်ကား တစ်စုံတစ်ရာ မပြောဘဲ မီးဖို နံရံ က ခလုတ် ကို နှိပ် လိုက်ရာ တံခါးအရှင် တစ်ခု ပွင့်၍ သွားလေ၏ ။ ထိုအခါ ကိုကွန်း မှာ သာ၍ပင် အံ့သြ လေ၏ ။ ထိုအခန်း ၌ ရေပန်းများ နှင့် ကျောက်ရေစည် တစ်ခု ကို တွေ့ ရလေ၏ ။ မလှ သည် ကိုကွန်း ၏ မျက်နှာ ကို ကြည့်ကာ ရှင် အံ့ဩသလား ဟု မေးလျက် အခန်းတွင်း သို့ ဝင်ပြီး ဒီ ရေစည် ဟာ ဒီလို အိပ်ပြီး ရေချိုးတယ် ဟု ပြောပြီး ရေစည် ထဲ မှာ ဝင်ပြီး အိပ် လေ၏ ။ မလှ၏ မျက်နှာ မှာ လည်း လွန်စွာ ကျက်သရေ ရှိသော အသွင် ပေါ်၍ နေလေ၏ ။ ကိုကွန်း ၏ စိတ် ၌ ပစ္စည်းဥစ္စာ ဂုဏ် အခြေအနေ ဆိုတာ လူ ကို ကျက်သရေ ရှိအောင် ဆောင် တတ်တာမျိုးပဲ ဟု တွေးလေ၏ ။ ကိုကွန်း ၏ စိတ် ၌ ဤမျှလောက် ဂုဏ်ကျက်သရေ ရှိအောင် ခမ်းနားသော အိမ် ပိုင်ရှင် မလှ သည် မိမိ နှင့် စုံမက်ပေသည် ။ မိမိ သည် လွန်စွာ ကံကောင်းသူ ဖြစ်၏ ။ မလှ သည် နာမည် နှင့် လိုက်အောင် လှသူ ဂုဏ်ကျက်သရေလည်း ရှိသူ ဖြစ်၏ ။ မလှ မှာ အသက် သုံးဆယ် အရွယ် မျှ ရှိသော်လည်း အသက် နှစ်ဆယ် ဟု စိတ် ထဲ ၌ မှတ်ထင် ရ၏ ။ အသက် လေးဆယ် အရွယ် ရှိသူ မိမိ မှာ ထိုမျှလောက် ကံကောင်းသူ မှာ ဟုတ်မှ ဟုတ်ပလား ဟု အောက်မေ့ လေ၏ ။ ထိုအတွင်း မလှ သည် လှပသော လက်ချောင်းကလေးများ နှင့် ဘုံပိုင် များ ကို လှည့် လိုက်ရာ ရေပန်း မှ ရေများ ကျ ၍ လာလေ၏ ။ ပျော့ပျောင်းသော ထဘီ မှာ လည်း ခါး ၊ တင် ၊ ပေါင် တို့ ၌ ကပ်ကာ ကျော့ရှင်းသော တင်ပါး အခွက် အချိုင့်အဖုအထစ်များ ကို ရုပ်လုံး ပေါ်အောင် ဖော်လေ၏ ။ မလှ သည် ဘုံပိုင် ကို ပြန်၍ ပိတ်လိုက်လေ၏ ။ ကိုကွန်း အိမ်ပေါ် က ဗီရိုပေါ် မှာ အထုပ် တစ်ခု ရှိတယ် သွား ယူလိုက်ပါ ဟု ခိုင်းလေ၏ ။ ကိုကွန်း သည် အိမ်ပေါ် သို့ လျင်မြန်စွာ ပြေး တက်၍ သွားလေရာ ခြေသုံးလှမ်း နှင့် ရောက်၍ သွားသည် ဟု ထင်မှတ် ရလေ၏ ။ ဗီရို ပေါ် က အထုပ် ကို ယူ၍ ဆင်း လာ ရာ၌လည်း လှေကား နှင့် ခြေ မထိ အောက်မေ့ ရလေ၏ ။ ၎င်း အထုပ် ကို လှပသော မလှ အနား၌ ချ၍ ထားလေ၏ ။ မလှ က အထုပ် ဖြေပြီး ကျွန်မ ဒါတွေ အယူ ခိုင်းသည့် အတွက် စိတ် ဆိုးသလား ဟု မေးလေ၏ ။ အထုပ် ကို ဖြေ လိုက်သောအခါ သစ်လွင်သော ကတ္တီပါလုံချည် ၊ ပိုးအင်္ကျီ ၊ ကတ္တီပါဖိနပ် စသည်များ ကို တွေ့ ရလေ၏ ။
“ ကိုကွန်း စိတ်မဆိုးပါဘူး ၊ ဒါတွေကို ဝတ် မှ မဝတ်ရသေးဘဲ ”
မလှ “ ဟုတ်တယ် မဝတ်ရသေးဘူး ၊ ဒီကနေ့ ပဲ တိုက် က ယူလာပါတယ် ။ ဘာလုပ်ဖို့လဲ သိရဲ့လား ”
ဟု မျက်လွှာ ကို ချကာ မေးလေ၏ ။ ဒီ အဝတ်တွေ ဟာ မင်္ဂလာဆောင် သတို့သမီး ဝတ် ဖို့ အဝတ်ပဲ ၊ အခု ကျွန်မ ဝတ် စမ်း ကြည့်မလို့ ။
ကိုကွန်း သည် ဘာကို ဆိုလိုသည် ဟု သိ သော်လည်း မမေးဝံ့အောင် ရှိ လေ၏ ။ မလှ သည် စိုသော အဝတ် ကို ချွတ်ကာ ထို အဝတ်များ ကို လဲ လေ၏ ။ ကိုကွန်း သည် ကား မျက်နှာ ကို လွှဲလျက် နေ လေ၏ ။ မလှ ဘက် သို့ မျက်နှာ ပြန်၍ လှည့် လိုက်သော အခါ မလှ မှာ ဝတ်ပြီးဆင်ပြီး ဖြစ်လေ၏ ။ ဝတ်ပြီးဆင်ပြီး သော အခါ အလွန် ချောမောလှပ သည် ကို တွေ့ရလေ၏ ။
ကိုကွန်း သွားရအောင် ဟု လက် ကို ဆန့်တန်း၍ ပေး လိုက်လေ၏ ။
ကိုကွန်း သည် လက် ကို ဆီး ၍ ဆုပ်ကိုင်လေ၏ ။ လက် ကို ကိုင် လိုက်သော အရှိန် သည် လျှပ်စစ်ကြိုး ကို ကိုင် မိသလို သွက်သွက်ခါ ၍ ကိုကွန်း ၏ လက် သို့ ကူးစက်လေ၏ ။ ကိုကွန်း သည် ပီတိသောမနဿ ဖြစ်လျက် မျက်လုံး ကို မှေး၍ နေလေ၏ ။ ထိုအခိုက် ပြင်းထန်စွာ မြေငလျင် လှုပ် သဖြင့် တိုက်ပြို ၍ ကျလေရာ ကိုကွန်း ထိုင်၍ နေသော နေရာ အထက် ရှိ သံချောင်းကြီး တပ် ၍ ထားသော ရက်မကြီး သည် ပြုတ် ကျ ပြီးလျှင် ဦးခေါင်း ကို ဖောက်ကာ ကိုကွန်း ရော အိပ်မက် ရော ချုပ်ငြိမ်း ကွယ်ပျောက် ရှာလေသတည်း ။
◾ပီမိုးနင်း
( ၁၉၃၉ )
📖 ၂၀ ရာစု မြန်မာဝတ္ထုတို
#ကိုအောင်နိုင်ဦး မှ မျှဝေသည်
.
No comments:
Post a Comment