Sunday, March 5, 2023

လက်စားချေခြင်း


 ❝ လက်စားချေခြင်း ❞


မော်မော် သည် စိတ်ပျက် လက်ပျက် နှင့် သာ လိုက်ခဲ့လေသည် ။ ပြပွဲကြီး မှာ လူတွေ ရော ၊ ဆိုင်တွေ ပါ စည်လှပါသည် ။ ဓာတ်မီးတွေ ပွင့် နေလိုက်ကြသည် မှာ မိုးပေါ် က ကြယ်တွေ စုပြုံပြီး ဆင်းလာ နားနေ သလား အောက်မေ့ ရပေသည် ။ ပိုးဖဲ ၊ စိန်ရွှေများ အရောင်ကြောင့် လူတိုင်း ၏ ဟန်သည် လှပမော်ကြွားကာ နေပေသည် ။ အားလုံး ကြည့်၍ ကောင်းလှသည် ။ အို တစ်ထောင့် က ထိုင်ပြီး တမေ့တမော ကြည့်နေ ဖို့ သာ ကောင်း တော့သည် ။


မော်မော် က တော့ အားလုံးနှင့် ဆန့်ကျင်ကာ မကျေမနပ် ဖြစ်လေသည် ။ မော်မော် သည် သွားစရာ လာစရာ ရှိလျှင် သူငယ်ချင်း အပေါင်းအဖော်များ နှင့် သာ သွားလာမြဲ ဖြစ်ပေသည် ။ မိဘများ နှင့် သွားရသည် မှာ အင်မတန် ရှုပ်သည် ။ နည်းနည်းမှ မလွတ်လပ်ပေ ။ အရာရာ မှာ သူတို့ မျက်နှာ ထားတာ ကိုပဲ ကြည့် ကြည့် ပြီး နေရသည် ။ ယခု ပြပွဲ ကို ကား အိမ်သားတွေ သွားလျက် နှင့် မလိုက်ဘဲ သူငယ်ချင်းများ နှင့် သွားမည် ဆို က ဆူပူမည် ကို ကြောက်၍ လိုက်ခဲ့ရသည် ။ 


သူ သိသည့် အတိုင်း လိုက်လာပြီး နည်းနည်း မှ မပျော်သည် ကို တွေ့ ရသည် ။ မပျော်သည့် ပြင် စိတ် တောင် ညစ် ရ သေးသည် ။ သူ့ မေမေ ၊ ဖေဖေ တို့ သည် ရှေး လည်း ဆန် ၍ ကပ်စေး လည်း နဲ သဖြင့် အလွန်အမင်း ခွကျ လေသည် ။ ခု ကြည့်ပါလား ၊ ပြပွဲ ကို ကလေးတွေ တန်းလန်း တန်းလန်း နှင့် လာသည် ။ ဟိုဟာ လိုချင် ၊ ဒီဟာ လိုချင် ပူဆာ သည့် ကလေး က ပူဆာ ၊ ငို သည့် ကလေး က ငို ၊ သူတို့ ကို ပျောက်မှာ စိုး၍ လက် မလွှတ်တမ်း ဆွဲထား ရ သေးသည် ။ 


မော်မော် ညီမလေး အနီ က တော့ တစ်မျိုး ဖြစ်သည် ။ ခွကျလိုက်သည် မှာ လည်း သူ့ အပြင် မရှိဘူး ။ မော်မော် ထက် ထွားကျိုင်း သော်လည်း အင်မတန် ကလေး ဆန်သည့် အနီ ကို မိဘများ ထက် မော်မော် ကြောက်လေသည် ။ အနီ သည် အေးစက်စက် နှင့် ထိအောင် တိအောင် ထုနှက် တတ်သည် ။


အနီ သည် ကလေး အငယ်ဆုံး ကလေး ကို တစ်ချိန်လုံး ချီလာသည် ။ မော်မော် လောက် လှလှပပ ဝတ်စား မလာသော် လည်း အတော် သပ်သပ်ရပ်ရပ်ကား ပြင်ဆင် ထား သဖြင့် ကလေး ချီထားသည် နှင့် မလိုက်ဘဲ ဖြစ်ကာ အပျို လုပ် လွန်းသော သားသည် မအေ ပေါက်စ နှင့် တူ နေ ပေသည် ။ မော်မော် က သူ့ လက်ညောင်းသည် ကို သနား သော် လည်း ကူ ချီရမှာ ရှက် သဖြင့် မသိချင် ယောင် ဆောင် ကာ လမ်းလျှောက် နိုင်သော ကလေး ကို သာ လက်တွဲ ၍ ထိမ်း၏ ။


နှစ်ပတ် လောက် အနှံ့ လျှောက်ပြီး သော် မောလာ သဖြင့် လက်ဝှေ့ထိုးပွဲ တစ်ခု ရှေ့ မှာ မြက်ခင်း ပေါ် ထိုင်ပြီး အပန်းဖြေ ကြလေသည် ။ မော်မော် က မတ်တတ် သာ ရပ် နေ၏ ။ သူ့ စိတ် ကို ရိပ်မိသော အနီ က တစ်ချက် ရယ်ကာ တို့တော့ ညောင်းရင် ထိုင်တာပဲ ။ ဘယ်သူမှ ဂရုမစိုက်ဘူး ဟု ဆိုကာ ခြေဆင်း ပြီး ပစ်ထိုင် လိုက်လေသည် ။


သူတို့ ထိုင်နေရာ နှင့် ခပ်နီးနီး မှာ ချင်းသုပ်ဆိုင် တစ်ဆိုင် ရှိသည် ။ ဆိုင် မှာ ချင်းသုပ် ထက် စားပွဲ ၊ ကုလားထိုင် ကို ရောင်းခြင်း ဖြစ်ပေသည် ။ ချင်းသုပ် ကို မစားရက် အောင် အလှဆုံး ပြင်ကာ သုပ်သူ က နယ်ပေး ပြီး လက် မပေအောင် ဇွန်း ဖြင့် စားစေခြင်း ဖြင့် အပြင် မှာ တစ်မူး လောက် ကို တစ်ကျပ် နှင့် ရောင်း နေလေသည် ။ ပိုက်ဆံ အရမ်းမဲ့ ပေါသူများ နှင့် မိန်းမပျိုများ ပြပွဲ ခေါ်လာသည့် ငနဲ စသော သူများ သာ ထိုင် စားနေသည် ။


အောက်လင်းလက်ဆွဲ ဓာတ်မီးကြီး မှ လင်းလွန်းလှ ၍ မော်တို့ တစ်သိုက် ထိုင် နေသည် မှာ သူတို့ ခြေရင်း မှာ လို ဖြစ်အောင် ထင်ပေါ် နေလေသည် ။


အမော ပြေကြသည့် အခါ ကလေးတို့ မှာ ချင်းသုပ်ဆိုင် ကို မြင်လာလေ၏ ။ အော်ကြီးဟစ်ကျယ် ပူဆာကြ ပြန်သည် ။ မေမေ ဖေဖေ တို့ သည် ကလေးများ ကို လက်ဆွဲ ကာ မတန်မရာ ရောင်းသော ဆိုင် ရှေ့ မှ ထွက်လာသည် ။ ထို့နောက် ပွဲဈေးတန်း သို့ လျှောက်လာ ကာ တစ်မတ်ဖိုး ရောင်းသော မုန့်ဟင်းခါးဆိုင် မှ တစ်ထွာ သာသာ ဗြက် ကျယ်သည့် ထိုင်ခုံကလေးများ မှာ ငုတ်တုတ် ထိုင် ကြ လေသည် ။ 


မော် က ထိုင် လည်း မထိုင် ၊ မုန့်လည်း မစားဘဲ မီးရောင် ကို ကျော ပေးပြီး ရပ်သည် ။ မေမေ ဖေဖေ တို့ က မော်မော် ကို “ စားမလား ” တစ်ခွန်းသာ မေးပြီး သူတို့ ဟာ သူတို့ စား ကြသည် ။ အနီ မှာ ပထမ က မစားဘဲ နေ သော်လည်း မော်မော် ကို ခွတိုက်ကာ တရှူးရှူး တရှဲရှဲ ဝင် စား လေ၏ ။


အနီ မုန့်စား သဖြင့် သူ ချီထားသည့် ကလေး ကို မော်မော် ချီ ရ၏ ။ အင်္ကျီ ကျေမည် လည်း စိုး ချီ လည်း မချီ ချင် သဖြင့် တွန့်ဆုတ် တွန့်ဆုတ် နေ မိ ကာ အနီ က သူ့ မျက်လုံး သွားရာ ကို လိုက် ကြည့်ပြီး သရော်သော မျက်နှာ ဖြင့် “ ဟို လူတွေ က မမ ကို အပျို မှန်း သိပါတယ် ” ဟု ပြော လိုက်လေသည် ။ 


မော်မော် ကို မြင် သဖြင့် တကောက်ကောက် လိုက် လာသော ထို လူသုံး ယောက် ကို အနီ က ဆိုလိုသည် ။ မော်မော် သည် ရှက် လည်း ရှက် ၊ နာ လည်း နာ ကာ မျက်ရည်များ ဝေ လာပြီး ဘာမျှ မပြောဘဲ နှုတ်ခမ်း ကို ကိုက် ၍ နေလေသည် ။ 


မော်မော် သည် သူ့ တစ်အိမ်သား လုံး ကို မုန်းတီးသည် ။ တစ်ခါတစ်ရံ မေမေ့ ကို တော့ ချစ်စိတ် ဝင်သည် ။ သူ့ ကို ဘယ်သူ က မှ မချစ် ၊ ဂရုမစိုက် ဟု ယုံကြည်သည် ။ တစ်နေ့နေ့ တော့ ငါ နဲ့ တွေ့ကြဦးမှာပေါ့လေ ဟု တေးထား သည် မှာ ကြာပြီ ။ သူ့ အိမ်သားများ သည် သူ့ အား ဂရု မစိုက်သည် ကတော့ မှန်သည် ။ မေမေ နှင့် ဖေဖေ သည် ငွေ ငွေ ငွေ နောက် သာ လိုက်ကာ တစ်နေ့ နေ့ ကုန်ဈေးတန်း က အထည်ဂိုဒေါင် မှာ သာ အချိန် ကုန်သည် ။ ထို့ကြောင့် သားသမီးများ သည် ကိုယ့် ဟာ ကိုယ် နေတတ် သလို နေကြရသည် ။ 


မော်မော် သည် သူ့ အိမ်သားများ ကဲ့သို့ မဟုတ်ဘဲ အပေါင်းအသင်း များ ပေသည် ။ ဘယ်သွားသွား တစ်ယောက် တည်း သွားရဲသည် ။ မိဘများ ချောင်လည် သော်လည်း မော်မော် က အိမ် မှာ မလွတ်မလပ် ကုပ်ပြီး မနေချင် သဖြင့် ရုံး တွင် စာရေး ဝင် လုပ်ရာ သူ့ စိတ် နှင့် သူ့ ကိုယ် နေချင်သလောက် နေ နိုင်ပါသည် ။ 


မုန့်ဟင်းခါး စားပြီးသည့် အချိန် မှာ မော်မော် သည် သူတို့ ကို ဘယ်လို ခွာထုတ် ရမည် ကို စဉ်းစားပြီးသား ဖြစ်၏ ။ ထို့ကြောင့် “ မေမေ … ဟောဟို ဘိုင်စကုတ် ပြတဲ့ ဆီ သွားရအောင် ” ဟု ဆို လိုက်သည် ။ သူ သွားချင်သည် ဆိုသော နေရာမှာ ပြပွဲ တစ်ခုလုံး တွင် အမှောင်ဆုံး ဖြစ်၏ ။ ဘိုင်စကုတ် မှာ ရုံ မဆောက်ဘဲ လဟာပြင် မှာ အခမဲ့ ပြ သဖြင့် မီးရောင် အနည်းဆုံး နေရာ ကို ရွေးရပေသည် ။ 


မေမေ သည် သူတို့ ညီအစ်မ စိတ်ကောက် နေကြမှန်း သိ၍ အလို လိုက် ချော့မော့ဖို့ စိတ် ရှိကာ “ ကိုင်း ... လာ ၊ ဘိုင်စကုတ် ကြည့်ရအောင် ဟေ့ ” ဟု ကလေးတို့ ကို ခေါ်ရင်း အိမ်ပြန်တော့မည် ပြင်သော ဖေဖေ့ ကို လက်မောင်း မှ ကိုင်ဆွဲ လာလေသည် ။


ဘိုင်စကုတ် ကြည့်၍ တစ်ပိုင်း တောင် မကုန်ခင် မော်မော် သည် ရှေ့ တိုးရင်း တိုးရင်း ပျောက်ကွယ် သွား၏ ။ မိဘ တို့ သည် “ မော်မော် - မော်မော် ” နှင့် တကြော်ကြော် အော် ပြီး ခေါ် သေးသည် ။ မတွေ့ရပေ ။ သူတို့ သည် ပြပွဲ ကို တစ်ပတ် ပတ်ကာ ရှာ သေးသည် ။ 


ဘိုင်စကုတ် ပြနေရာ သို့ ပြန်ရောက် သော် ကလေးတို့ သည် မောပန်း နေကြပြီး အငယ်ဆုံး ကလေး နှစ်ယောက် မှာ မေမေ  ဖေဖေ တို့ လက်မောင်း ပေါ်ဝယ် ကိုယ်စီ အိပ်ပျော် နေကြသည် ။ မိဘတို့ သည် ကိုယ်လက် နာ နေကြလေပြီ ။


“ စိန်ဂျွန်းသူနာပြုတပ် သွား တိုင်မလား ။ ကလေး ပျောက်တယ် ဆိုရင်တော့ အော်လန်ကြီး နဲ့ အော်ပေးတာပဲ ” ဟု မေမေ က ပြောသည် ။ အနီ က စိတ် မကောင်း ဖြစ်မိသဖြင့် “ ရှက်စရာကြီးပါ မေမေရယ် … မမ ဟာ ကလေး မှ မဟုတ်ဘဲ ။ သူ စိတ်ဆိုး နေဦးမယ် ” ဟု မော်မော် ဘက် က ပြော၏ ။ ဖေဖေ က တွေဝေ နေရာမှ “ သူ လည်း ကလေး မှ မဟုတ်ဘဲလေ ။ ပြန်တတ်သားပဲ လေ ။ တို့ ကို ရှာ မတွေ့ ရင် အိမ် ပြန်မှာပေါ့ ။ ခါတိုင်းလည်း သူ တစ်ယောက် တည်း သွားနေကျ ဟာ ၊ ပူစရာ မရှိပါဘူး ” ဟု ဖြေ ပြော၏ ။ 


နောက်ဆုံးတွင် သူတို့ အိမ်ပြန် ကြ လေသည် ။ ကိုးနာရီ တော့ ခွဲ ပြီ ။ သို့သော် ပြပွဲ မှာ ယခု မှ စည်၍ ကောင်းစ ရှိ သေးသည် ။ သူတို့ မှာ လူ ရှင်းသည့် ခုနစ်နာရီ လောက် ကတည်း က လာခဲ့ကြပါသည် ။


မော်မော် သည် သူ့ မိဘများ ခေါ်သံ က အတင်း လွတ်အောင် တိုးရင်း သူ့ နာမည် ကို လူတွေအလယ် မှာ အော် နေသည့် ရိုင်းစိုင်းမှု ကို စိတ်ဆိုး နေ သေးသည် ။ ထို့နောက် သူခိုးမျက်စိ ဖြင့် မိဘများ ကို ရှာရင်း လျှောက်သည် ။ မိဘများ ကို တွေ့ လို သည် ထက် ရှောင်ပြေး ရအောင် သူ က အရင် တွေ့ မှ ဖြစ်ပေမည် ။ မော်မော် သည် အတင့် ရဲကာ မီးရောင် မှာ ခပ်ကြော့ကြော့ လျှောက် လာပြီး မေမေ ဖေဖေ တို့ ခုလောက် ဆို ပြန်ပြီ ။ 


နောက်ဆုံးမှာ ဟောခနဲ ယောင်မိသည် ။ စောစောက လူ သုံးယောက် နှင့် သွား တိုးလေသည် ။ 


သူတို့ ကို သိတယ် လည်း ဆိုနိုင်သည် ၊ မသိဘူး လည်း ဆိုနိုင်သည် ။ ထို လူ သုံးယောက် မှာ ဘိုင်စကုတ်ကြမ်းပိုး မည်မျှ ကျ သည် ကို တော့ မသိပေ ။ မော်မော် ကြည့် သမျှ ဘယ် ရုံ မှာ မဆို အမြဲ တွေ့သည် ။ စနေ တနင်္ဂနွေ ကြည့်သူ ချင်းချင်း ဖြစ်သမို့လား တော့ မဆိုနိုင် ။ ဆုံမိတတ်သည် မှာ ကား မော်မော် တို့ က နှစ်ကျပ်ခွဲတန်း ရှေ့ဆုံး က ကြည့်မြဲ မှာ သူတို့ က နှစ်ကျပ်တန်း နောက်ဆုံး မှာ ချည်း ရှိလေသည် ။ 


သူတို့ မှတ်မိသည် မှာ လည်း အမြဲတမ်း သည်လူ သည်လူ ချည်း သုံးယောက် တည်း တွဲ တတ်သောကြောင့် ဖြစ်သည် ။ ဘိုင်စကုတ် ပြ၍ ရယ်စရာ ရှိလျှင် သူတို့ က ပထမဆုံး နင်းကန်ပြီး ရယ်တတ်၏ ။ တခြား လူများ လည်း သည်တော့ မှ နားလည် သူ က လည် ၊ မလည် သူ က မလည် နှင့် ရောယောင် လိုက် ရယ်ကြလေသည် ။ မော်မော် တောင် နားမလည် ဘဲ သူတို့ ရယ် သဖြင့် ရယ် ရသည့် အခါမျိုး ရှိ သေးသည် ။


သူတို့ က လည်း စနေ ၊ တနင်္ဂနွေတိုင်း ပွဲဆက် ကြည့်သူ မော်မော် ကို မှတ်မိသည် ။ ဘိုင်စကုတ် မပြသေးခင် နှင့် အားလပ်ချိန် မှာ သမင်လည်ပြန် ကြည့် တတ်သည် ။


သူတို့ အကြောင်း သိသမျှ မှာ ဒါပဲ ဖြစ်သည် ။ သို့သော် မော်မော် သည် သူတို့ အား အင်္ဂလိပ်ဘိုင်စကုတ် ကြည့်သူ ၊ နားလည်သူများ ဖြစ်၍ ခေတ်ပညာ တတ်သူများ မှန်း သိကာ အထင် ကြီး လေသည် ။


မော်မော် သည် ခဏမျှ ခြေလှမ်း တုံ့ နေစဉ် သူတို့ အထဲမှ တစ်ယောက် က လာကာ “ ဪ …. တစ်ယောက် တည်း အဖော် ကွဲ လာ သလား ” ဟု သိကျွမ်းဖူး သလို မေးသည် ။


“ ဟုတ် … ဟုတ်ကဲ့ ” 


“ ကျွန်တော်တို့ ကူ ရှာ ပေးပါ့မယ် ။ မိန်းကလေး တစ်ယောက် တည်း မကောင်းပါဘူး ။ လာပါ ၊ မတွေ့မချင်း ကျွန်တော် စောင့်ရှောက်ပါ့မယ် ။ မတွေ့ လည်း အိမ် လိုက် ပို့ ပါ့မယ် ”


ဤသို့ နှစ်ယောက်သား လျှောက် ခဲ့သည် ။ ကျန်သည့် အဖော် နှစ်ယောက် ကား လစ်ကြ လေပြီ ။ မော်မော် သည် ပြပွဲကြီး ပျော်စရာ ကောင်း ပုံ ကို သိလာ လေသည် ။ နှစ်ယောက် သား ရင်းနှီး လာကာ စကားတွေ ကြွယ်ကြလေ၏ ။ ထို လူ က သူ့ ကိုယ် သူ “ ကိုမြထွန်း ကလေ ဘာညာ နှင့် ပြော သဖြင့် နာမည် သိရသည် ။


ကိုမြထွန်း သည် မော်မော် က ကွဲသည့် အဖော်များ ကို ဟိုသည် ဝင် ကြည့် ဖို့ ထက် ဂရု မစိုက်သည် ကို တွေ့ သဖြင့် ရှာဖို့ ဘာမှ မပြောတော့ချေ ။ သူတို့ နှစ်ယောက် သည် လူ ညပ်သည့် နေရာများ တွင် ရှောင်ရင်း တိမ်းရင်း တစ်ယောက် နှင့် တစ်ယောက် ပွေ့ဖက်မိလျက်သား ဖြစ်ရချေသည် ။


လူ ရှင်းသည့် အခါ မော်မော် သည် ကိုမြထွန်း ၏ ခါး ကို သိုင်းထား သည့် မိမိ လက်များ ကို ရုပ် လိုက် သော်လည်း သူ့ ပခုံး ပေါ် က ကိုမြထွန်း ၏ လက်များ ကား မလျှောပြေချေ ။


သူတို့ သည် လူတော ထဲ မတိုးတော့ဘဲ မှောင်ခို လာ ကာ နောက်ဆုံး တွင် ထွက်ပေါက် ဝင်ပေါက် လည်း မဟုတ်ဘဲ တစ်ဖက် က မည်းမှောင်သည့် ကွင်း ပြင်သို့ ရောက်သည့် နေရာကလေး သို့ ရောက်ကာ မြက်ခင်း ပေါ် ထိုင်ကြသည် ။ သည် နေရာ မှာ လူ လည်း မရှိ ၊ မီးရောင် လည်း မလင်း သဖြင့် မော်မော် သည် မြေကြီး ပေါ် ထိုင် ရမှာ မရှက်တော့ချေ ။ 


ပြပွဲ ထဲ မှာ အလင်းရောင် နှင့် လူတွေ ၊ သည်မှာ တော့ အမှောင် ။ မော်မော် နှင့် ကိုမြထွန်း ။ ပြပွဲ မှာ အသံဗလံ နှင့် လေညစ် ၊ သည်မှာ တော့ တိတ်ဆိတ်ခြင်း နှင့် သန့်ရှင်းလန်းဆတ်သည့် လေ ။ သည် ဆန့်ကျင်ဘက် နှစ်ခု ဟာ ခုလို နီးကပ်စွာ တစ်ဆက်စပ် တည်း တစ်မြေရာကွက် တည်း မှာ ရှိလိမ့်မယ် လို့ ဘယ်သူ တွေးမိပါမလဲ ။


မော်မော် သည် ကြောက် သလိုလို ပျော် သလိုလို စွန့်စားခန်းတွေ ရင်ဆိုင် တိုးနေရ သလို ဖြစ်မိသည် ။ မော်မော် သည် အသက် ငယ် သော် လည်း သည် နေရာ ၏ အဓိပ္ပာယ် ကို ရိပ်မိ နားလည်ပေသည် ။ 


သူတို့ နေရာလေး မှာ လေတင် က ဖြစ်၍ တစ်ခါတစ်ရံ လေပြန်ဝှေ့ လာ မှ ဓာတ်စက်သီချင်း ၊ လူသံ ၊ သူသံ တို့ ကို ကြား ရသည် ။


ကိုမြထွန်း သည် စီးကရက် တစ်လိပ် ကို ညှိ၍ သောက်ရာ သူ့မျက်လုံးများ ကို လက်ခနဲ မြင်ရသည် ။ မော်မော် သည် သူ့ မျက်လုံး ထဲ က တစ်ခု ခု ဘာမှန်း မသိသော တစ်ခု ခု ကို ကြည့်ရင်း ချမ်းတုန် မိ သလို ဖြစ် လာလေ၏ ။


“ ကလေးရယ် … ” ဟု ကိုမြထွန်း က ပျော့ပြောင်း ချော့မော့စွာ ခေါ်သည် ။ သူ သည် တစ်မော် တည်း မော် ရာက ကလေး ကလေး နှင့် ဖြစ် လာသည် ကို မော်မော် သတိထား ခဲ့ မိသည် ။ မော်မော် က လည်း ကိုမြထွန်း ကို ဖြင့် အနှစ်နှစ် အလလ က ချစ်ကြိုက်လာ သူ လို ခင်မင်ရင်းနှီး မိလေသည် ။


ကိုမြထွန်း က မြက်ခင်း ပေါ် ကျောချ၍ လှဲလိုက်ကာ မော်မော့် ကို ပွေ့ လိုက်လေသည် ။ 


မော်မော် အိမ်ပြန် ရောက်သော် ၁၁ နာရီ ခွဲ ပြီး ပေပြီ ။ 


မေမေ က မအိပ်ဘဲ စောင့် နေသည် ။ ဖေဖေ က မူ တစ်ရေး ရ၍ ဆေးပြင်းလိပ် ထ သောက်သည် ။


အိမ်တွင်း သို့ ရောက်သည် နှင့် အပျော်စိတ် ပျောက်ကာ ဝမ်းသာပြောင်လှောင် ချင် စိတ် ပေါက်လာလေသည် ။ “ ယခု မှ  မေမေတို့ ဖေဖေ တို့ ကို နိုင်ပြီ ။ ငါ မှန်း သိပလား ... ကိုင်း ... မှတ် ” ဟု စိတ်တွင်း မှ အခြောက်တိုက် ကြိမ်း လိုက်သည် ။ သို့သော် သူ ပြုခဲ့သည့် အမှု သည် သူ့ မိဘများ ထက် သူ့ ကို ပို၍ မှတ်စေမည်လား ဘာလား တော့ မသေချာချေ ။


သူ့ ဖေဖေ က ဆူ မလို့လား မသိ ၊ စကား ပြောရန် ပါးစပ် ဟ လိုက်သည်နှင့် တစ်ပြိုင်နက် “ သိပ်တော်တဲ့ မေမေ နဲ့ ဖေဖေ ၊ သမီးကလေး တစ်ယောက် တည်း ပစ်ထားပြီး အိမ်ပြန် အိပ်ကြတယ် ” ဦး အောင် ပြော လိုက်ကာ သူ့ အခန်းတွင်း သို့ ဝင်၍ ပြေး လေသည် ။


သူ့ မေမေ က သမီးလေး သည် ငိုယိုရန် ပြေးဝင် သွားသည် ဟု ထင် လေသည် ။ 


မော်မော် က တော့ မှန် ထဲ က ပန်းလျစွာ ပြက်ရယ် ပြု၍ ပြုံးနေသော မော်မော် ကို တစ်ချက်ကြည့် ကာ အဝတ်အစား မလဲဘဲ စားပွဲ တွင် ထိုင်၍ တွေး နေလေသည် ။


◾ကြည်အေး


📖 တာရာမဂ္ဂဇင်း

      အတွဲ ၂ ၊ အမှတ် ၃

      ဇူလိုင် ၊ ၁၉၄၈


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment