❝ ဦးမင်းလူ အမှတ်တရ စာအုပ် ထုတ်မည် ❞
ဦးဉာဏ် ၏ ဈာပန ရက်လည် ဆွမ်းကျွေးသော နေ့ တွင် ဖြစ်ပါသည် ။ ဦးဉာဏ် ( ဦးမင်းလူ ) ၏ ဆွေမျိုး ၊ မိတ်သင်္ဂဟ ၊ သူငယ်ချင်းများ ၊ တူ တူမ ၊ သားသမီး ၊ မြေးများ ဆုံကြပါသည် ။ ကျွန်တော်တို့ ငယ်ငယ် က လူကြီးသူမများ ပြောသော စကား ရှိပါသည် ။ အဘိုး သေ လျှင် မြေး ပျော်သည် ဟူ၏ ။ ကျွန်တော်တို့ ဦးလေး ဦးဉာဏ် မရှိတော့ သော အခါ ကျွန်တော်တို့ မပျော်နိုင်ပါ ။ ဦးဉာဏ် ၏ ပရိသတ် နှင့် မိသားစု မှာ တော့ ဆိုဖွယ်ရာ မရှိပါ ။ ထိုနေ့တွင် ဦးမင်းကိုနိုင် မှ ယုယ နှင့် ကျွန်တော် ၊ အခြားသော သူများ ရှိစဉ် ဦးမင်းလူ အမှတ်တရ စာအုပ် ထုတ်ရအောင် ဟု ဆော်ဩ သွားပါသည် ။ သူ ကိုယ်တိုင် လည်း ဦးဉာဏ် ၏အနုပညာ လှုပ်ရှားမှု မဟုတ်သော နိုင်ငံ ၏ အမြီးအမောက် မတည့်မှု ကို သတိပေး၍ လှုပ်ရှားခဲ့သော ဦးဉာဏ် ၏ နိုင်ငံရေး နှင့် ပတ်သက်သည် များ ကို ဖော်ထုတ်သင့်သည် ဟု ပြောသွားပါသည် ။ ဦးဉာဏ် က သူ ရှိနေစဉ် တွင် အဘယ်ကဲ့သို့ ၊ ဘယ်လောက်မျှ သူ လှုပ်ရှားခဲ့သည် ၊ အထဲ တွင် ဘယ်လို နေခဲ့ရသည် တို့ ကို ဂုဏ်ယူ ဝံ့ကြွားစွာ တစ်ခါမျှ မပြောခဲ့ပါ ။ ယနေ့ခေတ် ပွင့်လင်းလာသော လူ့အဖွဲ့အစည်း ( အမှန်တကယ် မပွင့်တပွင့် ပါ ) တွင် လူစွမ်းကောင်းတွေ များနေသည် ဟု သာ မှတ်ချက် ချခဲ့ပါသည် ။ ရော်ဘင် လို အပြေး သန် ၍ မက်ဆီ လို ဂိုးသွင်းကောင်းသူများ ကို ဆိုလိုသည် ဟု ထင်ပါသည် ။ ဟုတ်လည်း ဟုတ်ပါသည် ။ ယနေ့ ခေတ် တွင် တွေ့လိုက်မှ ဖြင့် အားလုံး က ရေခဲတောင် ကြာပွင့် စားထားသည် ဆိုသူများ သာ ဖြစ်ပါသည် ။ ထို့ကြောင့်လည်း ဦးဉာဏ် က အေးအေးဆေးဆေး နေ၍ သူ ချစ်သော စာပေ ဖြင့် သာ နေ သွားသူ ဟု ကျွန်တော် ယုံပါသည် ။ ဦးမင်းလူ အမှတ်တရ စာအုပ် ထွက်မည် ဆိုသောအခါ စာရေးဆရာကြီးများ ၊ ဦးမင်းလူ ၏ မိတ်ဆွေများ ၊ ဦးမင်းလူ ကို ချစ်ခင်သော နိုင်ငံရေး အသိုင်းအဝိုင်းများ မှ မိတ်ဆွေများ မှ အမှတ်တရ စာမူများ ရေးကြပါသည် ။ အချို့ က လည်း ဦးဉာဏ် အကြောင်းများ အမွှမ်းတင်မည် ( သို့မဟုတ် ) လွမ်းလွမ်းဆွတ်ဆွတ်ကလေးဖြင့် ရေး ကြမည် ။ အားလုံး က ဖတ်လို့ ကောင်းမည်သာ ချည်းပင် ။ အဘယ်ကြောင့် ဆိုသော် ဇာတ်ကောင် ဖြစ်သွားသည့် ဦးမင်းလူ မှာ အမှန်တကယ် ပင် ကာရိုက်တာ ထူးခြားသူ တစ်ဦး ဖြစ်သောကြောင့် ပင် ။
ကျွန်တော် ငယ်ငယ် က ဦးလေးများ ထဲ တွင် ဦးဉာဏ် ( ဦးမင်းလူ ) ကို ကြောက် ပါသည် ။ ကျွန်တော် ကြောက် သလို သူ က လည်း ကျွန်တော့် ကို ကြောက်ပါသည် ။ ဦးဉာဏ် က ရေဒီယို ၊ ကက်ဆက် ၊ ဓာတ်မီး ၊ TV စ သဖြင့် ပျက် လျှင် သူ့ ဘာသာ ပြင် ပါသည် ။ ထို ပစ္စည်းများ ပြင်သော အချိန် တွင် မူလီကလေးများ ၊ ဝါယာကြိုးများ ၊ ခလုတ်သေးသေးကလေးများ သူ ပြင် နေသော စားပွဲ ပေါ် တွင် အများကြီး ရှိပါသည် ။ ကျွန်တော် က ယုယ နှင့် သွား ဆော့လျှင် ထို နား သို့ မယောင်မလည် သွားတတ် ပါသည် ။ ကျွန်တော် သွားပြီး သိပ် မကြာခင် တွင် သူ က သူ ၏ အောင်မြင်သွားသော ရေဒီယို ၊ TV ကက်ဆက် စသဖြင့် ကို ပြန် တပ် ပါသည် ။ ထိုအချိန် တွင် ဦးဉာဏ် ၏ ပျက်သော စက် မှာ ပြင် ပြီး၍ သူ ၏ ကြိုးစားမှု မှာ မအောင်မြင်တော့ပါ ။ ထိုအခါ ဦးဉာဏ် က ဒီ နား ကို ဘယ်သူ လာသေးသလဲ ဟု မေး ပါသည် ။ ဥက္ကာ လာ သွားသည် ဟု ပြောကြပါသည် ။ ထို့နောက် ကျွန်တော့် ကို ခေါ်၍ အမှန်အကန် ကောပါတော့သည် ။ ထို့နောက်တွင် သူ တစ်ခု ခု ပြင် နေလျှင် ထို နား သို့ ကျွန်တော် သွား ၍ မရတော့ပါ ။
အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ဦးဉာဏ် က ကျွန်တော့် ကို ကြောက် ၍ ကျွန်တော် က လည်း ဦးဉာဏ် ကို ကြောက်ရပါသည် ။
ကျွန်တော် အလယ်တန်းကျောင်းသား လောက် တွင် ဓာတ်ခဲ ဇာတ်ကား ရိုက်ပါသည် ။ ထို ဇာတ်ကား သည် ဟာသကား ဖြစ်၍ ဝင်ငွေ ကောင်းကာ ကျွန်တော် ၏ မိဘများ အတော်ပင် လာဘ်ရွှင် ခဲ့ ပါသည် ။ ( အဘယ့်ကြောင့် ဆိုသော် အဖေ သည် ဒါရိုက်တာ ဖြစ်၍ အမေ က ရုပ်ရှင် ထုတ်လုပ်သူ ဖြစ်သောကြောင့် ဖြစ်ပါသည် ။ ) အဓိက ဝင်ငွေ ကောင်းသွား၍ ပရိသတ် ကြိုက်ကြသည် မှာ ဦးဉာဏ် ၏ ဝတ္ထု / ဇာတ်ညွှန်း ကြောင့် ဟု ထင်ပါသည် ။ ထို ဇာတ်ကား ထဲ မှ အိုက်တင်များ ကို ဦးဉာဏ် မှ ရိုက်ကွင်း အထိ လာရောက်၍ ကျွန်တော့် ကို ဘယ်လို လုပ်လိုက် ဟု သင်ပါသည် ။ အဖေ က လည်း ကျွန်တော် လိုချင်သော Mountain ဂျပန်စက်ဘီး အစစ် ဝယ်ပေးမည် ဟု ပြော ထားသောကြောင့် လည်း ပါပါသည် ။
ဦးဉာဏ် သည် ဇာတ်ညွှန်း ရေးလျှင် စကားလုံးများ ၊ စကားပြောများ ဖြင့် သာ ရေးရာ သူ ၏ ဇာတ်ညွှန်း က ပြီးသည် မရှိပါ ။ ကင်မရာ Shot များ ၊ ရုပ်ရှင်ဘာသာစကားများ ၊ သရုပ်ဆောင် တို့ ၏ ပြုလုပ်သင့်သည့် ဟန်ပန်အမူအရာ များ ကိုပါ ထည့် ရေးလေ့ ရှိပါသည် ။ သို့မှသာ ပါဝင် သရုပ်ဆောင်မည့် သူ က သူ မည်ကဲ့သို့ သရုပ်ဆောင် ရ မည် ၊ ဇာတ်ဝင်ခန်း က Close up ဖြစ် နေလျှင် သူ မည်မျှ ကြိုးစား လုပ်သင့်သည် ကို နားလည်မည် ဖြစ်ပါသည် ။ သို့သော် ဦးဉာဏ် မည်မျှ ကြိုးစားစေကာမူ နိုင်ငံတော် ကို အကြည်အညိုပျက်စေမှု ဆိုသည့် ကိစ္စကြီး က ဆင်ဆာလူကြီးမင်းများ နှင့် ယခင့် ယခင် လူကြီးမင်းများ က ဦးဉာဏ် တို့ ကဲ့သို့သော လက်သံ ပြောင် သည့် ကလောင်ရှင်များ ကို မျက်နှာသာ မပေးခဲ့ပါ ။ ခုနစ်စဉ်အလွမ်း ရုပ်ရှင် တွင် မောင်ဝဏ္ဏ ( ကျွန်တော့် အဖေ ) ၊ ဦးသုမောင် ( ကျွန်တော့် ဦးလေး ) တို့ အကယ်ဒမီ ရရှိ ကြ ပါသည် ။ အမှန်တကယ် ဇာတ်ညွှန်း ရေးသည့် ဦးမင်းလူ ကို တော့ နိုင်ငံတော် ထမင်း ကျွေး ၍ မသိမသာ ဝှက်ထား ကြပါ၏ ။ ထိုနှစ်တွင် ဦးမင်းလူ အကယ်ဒမီ မရပါ ။ အတော်ကလေး အမြော်အမြင် ရှိသော နိုင်ငံ့ ခေါင်းဆောင်ကြီးများ ကြောင့် ဖြစ်ပါသည် ။
ကျွန်တော် တက္ကသိုလ် ရောက်သော အချိန်တွင် ဖြစ်ပါသည် ။ ကျွန်တော့် ထက် ၁ နှစ် ကြီး သော သူဇင်မောင် ကို ကျွန်တော် အမှန်အကန် ကျိတ် ကြွေ နေပါသည် ။ ကျွန်တော် နှင့် မေဂျာချင်း လည်း တူ ပါသည် ။ ရင်း လည်း ရင်းနှီးပါသည် ။ ကျွန်တော် ကျိတ်ကြွေ နေကြောင်း ကို လည်း မသိဟန် ဆောင်၍ သူမ နေပါသည် ။ မှန်ပါသည် ။ ကျွန်တော် ကဲ့သို့ အပေအတူး ကို မည်သူမျှ အဖက် လုပ် ၍ အရေးတယူ ပြန်ရှိ ရန် မလွယ်လှပါ ။ သူငယ်ချင်းများ ကလည်း မီးလောင်ရာ လေပင့်သည် ကို ကျွန်တော် အမှန်တကယ်ပင် ပျော်နေ မိပါသည် ။ သို့သော် ကျွန်တော် ကံ ကောင်း ခဲ့ပါသည် ။ တစ်နေ့ ကန်တင်း တွင် ဦးဉာဏ် ပေးသော ကံကော်နီ စာအုပ် ကို ဖတ် နေ ပါသည် ။ ဦးဉာဏ် သည် သူ ၏ တူ / တူမများ ကို စာအုပ်များ ပေးသည့် အခါ နာမည် တပ်၍ အမှတ်တရ လက်မှတ် ထိုး ပေးလေ့ ရှိပါသည် ။ ကျွန်တော် ကန်တင်း တွင် ဦးဉာဏ် စာအုပ် ဖတ် နေစဉ် သူမ ရောက် လာပါသည် ။ သူ ဖတ်ချင် နေသည့် စာအုပ် ဖြစ်ကြောင်း ၊ ဦးမင်းလူ မှာ သူ ၏ ဖေးဘရိတ် ဖြစ်ကြောင်း ပြောကာ စာအုပ် ကို ငှား သွားပါသည် ။ အလေန,တော ကျွန်တော် မှာ မည်မျှ ပျော်လိုက်လေသည် မသိ ။ နောက် တစ်နေ့ စာအုပ် ပြန် ပေး သော အခါ ဦးမင်းလူ ၏ လက်မှတ် နှင့် ကျွန်တော့် နာမည် ဘယ်လို ပတ်သက်သည် ကို သူမ ခမျာ စူးစမ်း၏ ။
ကျွန်တော် ၏ ဦးလေး အရင်း ဖြစ်ကြောင်း ပြောလိုက်သော အခါ ကျွန်တော့် ကို ဝင်းဝင်းလက်လက် နှင့် ကြည့်ကာ စကား များ ရေပက် မဝင်အောင် ပြောပါတော့သည် ။ ကျွန်တော် အတော်ကလေးပင် အဆင် ချော ခဲ့ပါသည် ။ သို့သော် ကံ မကောင်း မထောက်မ စွာ ဖြင့် ကျောင်း ပြီးသောအခါ သူမ နှင့် အကြောင်း ပြီး ခဲ့ ပါတော့သည် ။ မည်သို့ပင် ဆိုစေကာမူ ဦးမင်းလူ ၏ ကောင်းမှု သည် ကျွန်တော့် အတွက် အမှတ်တရ ဖြစ်ခဲ့ပါသည် ။
ဦးဉာဏ် မရှိတော့သော အခါ ဦးဉာဏ် ၏ တစ်ကိုယ်တော် မဂ္ဂဇင်း သာ ကျွန်တော်တို့ အတွက် နောက်ဆုံး လက်ရာ အဖြစ် ဖတ်ရပါတော့သည် ။ ကျွန်တော် နှစ်သက်သော စာရေးသူ ဦးမင်းလူ မရှိတော့၍ အခြားသော ကလောင်ရှင် အသစ်များ ကို သာ ကျွန်တော် ဖတ်နေ မိတော့ပါသည် ။ ဦးမင်းလူ ၏ ဝတ္ထု ၊ ဆောင်းပါးများ ကို လည်း အတော်များများ ဖတ်ပြီး နေ၍ ဦးဉာဏ် ၏ စာအုပ်အဟောင်းများ ပြန် ဖတ် နေရုံ သာ ရှိပါသည် ။
တစ်နေ့တွင် ဖြစ်ပါသည် ။ ကျွန်တော်တို့ အိမ် ရှင်းရင်း နှင့် ဗီရိုအဟောင်း ထဲ မှ အဖေ သိမ်း ထားသော စာအုပ် ၊ ဇာတ်ညွှန်းများ ၊ ဖလင်ဘူးများ ကြား ထဲ မှ စာရွက် နှစ်ရွက် ထွက်လာ ပါသည် ။ ခေါင်းစဉ် မှာ တရားခံ ဟု ပေး ထား၍ ရေးသူ မှာ ဉာဏ်ပေါ် ဟု ရေးထား ပါသည် ။
ဦးဉာဏ် ငယ်ငယ် က ရေးထားသည့် စာ ဖြစ်ဟန် တူ ပါသည် ။ သို့သော် ကျွန်တော့် အတွက် တော့ ဦးဉာဏ် ၏ ဝတ္ထု အသစ် တစ်ပုဒ် ဖတ်ရသည် ဟူ၍ ပျော်မိသည် ။ ဦးဉာဏ် ငယ်ငယ် က စာ ဖြစ်၍ သတ်ပုံ အမှားတော့ ပါသည် ။ မူရင်း အတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည် ။
တရားခံ
ရေးသူ - ဉာဏ်ပေါ်
“ ဟေ့ ဒီရွာလေး ကို ဘာ လာလုပ်တာလဲကွ ” ဟု ရဲအုပ်ဦးအုံးခွေ က မေးလိုက်ရာ ဒမြဗိုလ် တုတ်ဖီး က “ ဒမြ တိုက်မလို့ဟေ့ ” ဟု ဆိုပြီး “ ဒိုင်း ” ကနဲ အသံ နှင့် အတူ ဤ နှစ်ယောက်အား မီးခိုးများ ဖုမ်းလွှမ်း သွားပါတော့သည် ။ မီးခိုးများ ညိမ်းသွားသောအခါ တုတ်ဖီး မရှိ ။ ဦးအုံးခွေ သာ လဲနေ၏ ။ ဤနေရာသည် လူ မရှိ ။ ဗိုလ်အောင်လင်း တစ်ယောက် သာ အိမ်လေး နှင့် နေ၏ ။ ဗိုလ်အောင်လင်း သည် သေနပ်သံကြား၍ ထွက်လာစဉ် “ ဟာ ငါ့အဖေ သေနေပါပကောလား ငါ တရားခံ ကို လိုက်ရှာမယ် ” ဟုဆို၍ မြင်းလေး နှင့် ထွက်သွားလေ၏ ။ လမ်း ၌ ဂူ တစ်ဂူ ကို တွေ့၏ ။ ဂူရှေ့တွင် လူဆိုးတို့ ၏ တံဆိပ် ကို ကောက်ရလေ၏ ။ “ ဟေ့ကောင် ဘာလာ လုပ်တာလဲ ” ဟု လူဆိုးများ က မေးသဖြင့် “ ဒါ မင်းတို့ လူဆိုးအဖွဲ့ တံဆိပ်လား ” ဟု ဗိုလ်ရန်အောင် က မေး၏ ။ “ ဟုတ်တယ် ၊ ကဲမလုပ်နဲ့ ” ဟု လူဆိုးများ က ပြော၏ ။ ထိုအခါ “ ဟား ဟား မင်းတို့စီမာကြီးဘဲ သေနပ် ရှိတာ မဟုတ်ဘူး ဒီမှာ တွေ့လား ” ဟု ဗိုလ်ရန်အောင် က ပြောပြီး သေနပ် ကို လှည့်ရင်း ကျောက်တုံး အကွယ် သို့ ခုန်ချ၍ အကာအကယ် ယူပြီး လူဆိုး ငါးယောက် အား သေနပ်နှင့် ပစ်သ,တ်လိုက်လေ၏ ။ သို့သော် သူ့ အဖေ ကို သ,တ်သော လူဆိုးဗိုလ် မှာ အကာအကွယ် ကို လျှင်မြန်စွာယူ လိုက်လေ၏ ။ လူဆိုးဗိုလ် က ငါးချက်တိတိ ပြစ်သည် ။ သို့သော် ဗိုလ်အောင်လင်း အား မထိ ဗိုလ်အောင်လင်း က ရောင်ပြီး လက်ထုတ်မိသော အခါ လက်မောင်း အား မှန်သွားသောအခါ ဗိုလ်အောင်လင်း ဒေါပွ လာ၍ ခြောကချက်စလုံး ပစ်လိုက်သော အခါ တချက် မှ မလွဲဘဲ လူဆိုး အား ထိမှန် သဖြင့် ဗိုလ်ရန်လင်း က “ ဒီလိုတရားခံ ကို ဂလဲ့စားချေတာ တရားခံ မကဘူး တဂိုဏ်းလုံးကြွတာဘဲ ” ဟုဆို၍ မြင်းကလေး ဖြင့် ပြန်ခဲ့လေ၏ ( ခွပ် ခွပ် ခွပ် ခွပ် )
ပြီးပါပြီ ခင်ဗျာ ။
ရေးသူ - ဓာတ်ခဲ
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment