❝ မိုးနန် နှင့် ပန်းနု ❞
သမီး က သူ့ အဘိုးလေး ဦးဉာဏ်ပေါ် ကို ဘိုးဉာဏ် ဟု ခေါ်ပါသည် ။ စကား မပီသေး သဖြင့် “ မိုးနန် ” ဟုသာ အသံ ထွက်ပါသည် ။ ဦးဉာဏ် က လည်း ကျွန်မ ပေးသော ပန်းနု ဟူသည့် သမီး အမည် ကို သိပ် သဘော ကျပုံ မရပါ ။ သမီးလေး မွေးခါစ ပျားရည် ဟူသည့် နာမည် ကို ရွေးပေး ခဲ့သည် ။ ကျွန်မ က မပျားရည် ဆိုရင် ခေါ် ရတာ မလှပါဘူး ဦးဉာဏ် ရယ် ဆိုတော့ သူ့ ထုံးစံ အတိုင်း ခနဲ့တဲ့တဲ့ ပြုံးပါသည် ။ သို့သော် သမီးလေး မွေး ကတည်း က ပင် သူ့ မှာ သည်မြေး ကို ဂရုတစိုက် ရှိလွန်းသည် မှာ သိသာလှပါသည် ။
သမီးလေး နှင့် တရင်းတနှီး ဖြစ်အောင် သူ နေ ပါသည် ။ ကလေး ပါး ကို ဆွဲပြီး ကိုယ်ထိလက်ရောက် ကျီစယ်တာ မျိုး က စပြီး ကလေး အတွက် မွေ့ရာ ခေါင်းအုံးလေးတွေ “ နင်တို့ မဝယ်နဲ့ သိလား ၊ ငါ ဝယ်ပေးမယ် ” ဆိုတာမျိုး ကြင်ကြင်နာနာ ရှိတာ သိသာလှသည် ။ ဒီလိုနှင့် အများအားဖြင့် တသီးတသန့် ရှိသယောင် ထင်ရသော ဦးဉာဏ် ကို သူ ၏ တူ ၊ တူမများ က ချစ်ကြောက် ရိုသေရ သော်လည်း သမီး က မူ ခြွင်းချက် အနေ နှင့် ဦးဉာဏ် အပေါ် အထူး ပြောရေးဆိုခွင့် ရသူ ဖြစ်လာပါသည် ။ ပန်းနု လုပ်တာ ၊ ပန်းနု စားချင်လို့ ၊ ပန်းနု နဲ့ သွားတာ အစ ရှိသဖြင့် သူ့ သမီးများ ပြောသမျှ ကို ဦးဉာဏ် တစ်ယောက် ခွင့်လွှတ်ပြုံး နှင့် ခေါင်းညိတ် တတ်သည်က များလေသည် ။ လမ်း လျှောက်တတ် ခါစ သမီး က ဦးဉာဏ် လက် နောက်ပစ် ပြီး လမ်း လျှောက်သည့် အတိုင်း တောက်တက် တောက်တက် နှင့် လျှောက်ပြ လျှင် သူ ကျေနပ်ပီတိ ဖြစ် နေတတ်သည် ။ မြေးအဘိုး နှစ်ယောက် ရှေ့နောက် တွဲပြီး လျှောက်သည့် အခါ သူ့ အဒေါ်တွေ နှင့် ကျွန်မ တို့ မှာ ရယ်လို့ မဆုံး ။ သူ့ မှာ လူ ရယ်စရာ ဖြစ်နေပြီ ဟု ဦးဉာဏ် မတွေးနိုင်တော့ပါ ။ စကား ပြောတတ်ပြီ ဆိုတော့ လည်း သမီးကလေး ဦးဉာဏ် ဆီ အလည် သွားတိုင်း လုပ်တတ်တာ တစ်ခု ရှိ သေးသည် ။ လိုအပ်တယ် ဟု အကြောင်း ပြပြီး ဦးဉာဏ် က သမီး ကို ကလေး စားသည့် စီဗစ်ချိုချဉ် ကျွေး ပါသည် ။ ဒီ အတိုင်းတော့ မဟုတ် ။ မကျွေးခင် ဗိုလ်ချုပ် ကို အလေးပြု ဟု အော် ကာ အလေးပြု ခိုင်းပြီး မှ ရော့ ဟု စီဗစ် တစ်လုံး လက်ထဲထည့် ပေးပါသည် ။ ဒီ အစီအစဉ် ကြာကြာ မခံပါ ။ နောက်ပိုင်း သမီး က ဦးဉာဏ် အပြော ကို မစောင့်တော့ဘဲ သံရှည် ဆွဲ ကာ စီဗစ် ဆိုပြီး သူ့ ကို အလေး သွား ပြုတော့ “ ဒီကောင်မ မလွယ်ဘူး ” ဆိုပြီး ပန်းနုစီဗစ် ဟု စာ ကပ် ထားသည့် ဘူး ထဲ မှ စီဗစ် တစ်လုံး ကို သွားယူ ပေးသည် ။ သူ့ အခန်း ထဲ က ဗီရိုလေး ပေါ် တွင် မိသားစု အတွက် တသီးတသန့်တင် ထားသော ပစ္စည်းများ ၊ ဆေးဘူးများ ထဲ တွင် ပန်းနုစီဗစ်ဗူး က ပါ နေရာ ယူ ထားပါသည် ။ ဦးဉာဏ် စာရေး စာဖတ် နေချိန် ၊ ဒါမှမဟုတ် ရေဒီယို နားထောင်နေချိန် ဆိုလျှင် အရေးတကြီး ကိစ္စ မရှိဘဲ သူ့ အခန်း ထဲ မည်သူမျှ မဝင်ရဲကြပါ ။ သို့သော် သမီး ကတော့ဖြင့် တဒုန်းဒုန်း နှင့် ပြေးဝင် သွား ခွင့် ရှိ ပါသည် ။ သမီး က ခြင်ထောင် အပြင် မှ ချောင်း ကာ သူ့ ကို ခေါ်လျှင် အပြင် ထွက် လာပြီး စီဗစ် တစ်လုံး ကျွေး ပါသည် ။ သမီး ကလည်း စီဗစ် ရလျှင် သူ့ အခန်း ထဲ မှ အေးအေးသက်သာ ပြန် ထွက် လာပါသည် ။
တစ်ရက် သမီး ကို ဦးဉာဏ် တို့အိမ် ကျွန်မ သွား ကြိုတော့ သူ့ အဒေါ် က ပန်းနု ကို နာမည် ပြောင်း ထားတယ် ၊ သူ့ အဘိုး ပေး ထားတာ ၊ ဘယ်လို ခေါ်လဲ မေးကြည့် ဟု ပြော ပါသည် ။ သမီး က ပြုံးစိစိ နှင့် တစ်လုံးချင်း မဝင်းခိုင် ဟု ဖြေ ပါသည် ။ ကျန်သည့် ဦးလေး ၊ အဒေါ် ၊ အဘိုးအဘွား တွေ က နာမည် မေးတိုင်း လည်း မဝင်းခိုင် ဟု သာ ဖြေပါတော့သည် ။
ကလေး က မကြာခဏ ဝမ်းပျက်ကြောင်း ၊ ကျွန်မ က စိတ်ပူကြောင်း စသ ဖြင့် ပြောပြ မိရာ ဝမ်း ခိုင်အောင် မဝင်းခိုင် လို့ နာမည် ပြောင်းထားတာ ကြားလား ဟု သူ့ အဘိုး က မြေး ဖြစ်သူ ကို ကျွန်မ ကွယ်ရာတွင် သင်ပေးထားခြင်း ဖြစ်လေသည် ။
တစ်ပတ် တစ်ရက် ဒါမှမဟုတ် အကြောင်းကိစ္စ ရှိ၍ မြို့ ထဲ သို့ ထွက်ဖြစ်သည့် အခါတိုင်း လည်း ဦးဉာဏ် မှာ သူ့ မြေး အတွက် တစ်ခု မဟုတ် တစ်ခု ဝယ်လာ တတ်သည် ။ အသံ မြည်သည့် တယ်လီဖုန်း ၊ အစာ ကောက်သည့် ကြက်ကလေး ၊ သီတင်းကျွတ် မီးပုံးတွန်းလှည်း ၊ သင်္ကြန် ရေပြွတ်သေနတ် စသည် ဖြင့် တစ်ကြိမ် နှင့် တစ်ကြိမ် ကစားစရာ မတူစေရပါ ။ ဦးဉာဏ် တို့ အိမ် မှ သမီး ကို သွား ပြန် ခေါ်လာတိုင်း တစ်ခု မဟုတ် တစ်ခု ပါ လာတတ် လွန်း ၍ ကျွန်မတို့ က တော်ပါပြီး ဦးဉာဏ် ရယ် ၊ မြို့ထဲ က နေ ဘာမှ ဝယ်မလာပါနဲ့တော့ ဟု ပြောရပါသည် ။ သို့သော် ဦးဉာဏ် ကတော့ ကျွန်မတို့ စကား ကို ဂရုမစိုက်ပါ ။ သမီး အတွက် ဆိုလျှင် သာမန်ထက် ပင် ပိုပြီး ဂရုတစိုက် ရွေးကာ ဝယ်လာ စမြဲ ။ သူ့ စိတ် နှင့် တွေ့လျှင် သုံးလေးမျိုး တစ်ခါတည်း ဝယ်ထား ပြီး တစ်ရက် ခြား ၊ နှစ်ရက် ခြား တစ်ခုချင်း ထုတ်ပေးတာ မျိုးပင် လုပ်တတ် သေးသည် ။
ကျွန်မတို့ အိမ် နှင့် ဦးဉာဏ် တို့အိမ် မှာ သိပ် မဝေးလှ ။ အားလပ်သည့် အခါတိုင်း သမီး ကို သူ့ အဒေါ်တွေ အိမ် အလည် လာ ခေါ် တတ်ကြသည် ။ အဆင်သင့် လျှင် ကျွန်မတို့ က လည်း မှာ စရာရှိ တာ မှာ ကာ ထည့်ပေးလိုက် စမြဲ ။ နာရီဝက် ၊ တစ်နာရီ ကြာ မှ လိုက် ခေါ်ရပါသည် ။ တစ်ရက် ကျွန်မ သွားခေါ် တော့ ဦးဉာဏ် တို့ အိမ် မှာ တိတ်ဆိတ်လွန်း လှသည် ဟု ခံစား ရသည် ။ ဦးဉာဏ် က ဘက်ထရီအိုး နား မှာ အလုပ် ရှုပ် နေပြီး သမီး က သူ့ အဒေါ်နှစ်ယောက် နှင့် အခန်း ထဲ မှာ ။ ကျွန်မ ကို မြင်တော့ သမီ က ငိုမဲ့မဲ့ ။ သူ့ အဒေါ်တွေ က တိုးတိုး တိုးတိုး ကျွန်မ ကို ပြန်ပြောင်း ပြောပြ ပါသည် ။ သူတို့ မြေးအဘိုး နှစ်ယောက် အပြန်အလှန် အော်ဟစ်ကြသည့် အကြောင်း ပင် ။ ပန်းနု ဒီ အနားမလာ နဲ့ အန္တရာယ် ရှိတယ် ဟု ပြောပြီး ဦးဉာဏ် ဘက်ထရီအိုး မိုးရေ ဖြည့် သည် မှ အစ ပြုကာ မြေးအဘိုး နှစ်ယောက် ရန်ဖြစ်ကြခြင်း ဖြစ်ပါသည် ။ ဦးဉာဏ် က သမီး ကို အလျှော့ မပေးဟန် နှင့် “ ငါ့ ကို ဒီလို လုပ်လို့ မရဘူး ” ဟု ကျွန်မ ရှေ့မှာ ပင် ထပ်ကာ မာန်လိုက် သေးသည် ။ သို့သော် ဦးဉာဏ် သူ့ အခန်း ဘက် ပြန် ထွက် သွားသည် နှင့် ကျွန်မတို့ ညီအစ်မ တစ်တွေ နှင့် ပန်းနု မှာ ရယ်ကာ မောကာ သူ့ ကွယ်ရာ သူ့ အတင်း တုပ် ကြပါသည် ။ အဲဒီ အကြောင်း ဖေဖေ့ ကို ကျွန်မ က ပြောပြတော့ ဖေဖေ က လည်း “ အေး ကောင်းတယ် ဉာဏ်ပေါ့် ကို ပြန် အော်နိုင်တာ ငါ့ မြေး တစ်ယောက် ပဲ ရှိသေးတယ် ” ဟု ဩဘာ ပေးပါသည် ။ သမီး က ထို ကိစ္စ ဖြစ်ပြီး သုံးလေးရက် အထိ ဦးဉာဏ် အိမ် မသွားပါ ။ ဦးဉာဏ် က မုန့်ကျွေး ပြီး သမီး ကို ပြန် ချော့ပါသည် ။ သမီး ကွယ်ရာ မှာ “ တစ်ယောက် တော့ ရှိ မှ ၊ တစ်မျိုးလုံး မှာ တစ်ယောက် တော့ ကြောက်ဦး မှ ၊ မရဘူး ၊ ငါ့ ကို ဒီလို လုပ်လို့ မရဘူး ” ဟု ပြောပါသည် ။ ကျွန်မတို့ မှာ ရယ်ချင်စိတ် ကို မျိုသိပ် ထားရသည် ။ ဒီနောက်ပိုင်း ကျွန်မတို့ လူကြီးများ ကို သမီး ပြန်ပြောတတ်လာ သည့် စကား မှာ “ ငါ့ ကို ဘာများ အောက်မေ့နေသေးလဲ ” ဟူ၍ ဖြစ်ပါသည် ။ တစ်ခါတစ်ခါ ဦးဉာဏ် ပြောနေကျ ပုံစံ အတိုင်း ခေါင်း ကို ဆတ် ကာ “ အဲဒါပဲ အဲဒါပဲ ” ဟု လည်း ပြောတတ်ပါသေးသည် ။
မြေးအဘိုး နှစ်ယောက် တကျက်ကျက် နှင့် ရှိရင်း ကပင် ဇဝနရပ်ကွက် ဘက် သို့ ဦးဉာဏ် တို့ ပြောင်းသွား သည့် အခါ ဦးဉာဏ် နှင့် သမီး အတွေ့ ကျဲ သွားပါသည် ။ နေ့စဉ် နေ့တိုင်း မတွေ့ဖြစ်တော့ ။ သမီး က ကျောင်း တက်ရမည့် အရွယ် လည်း ရောက်လာ သဖြင့် ကျောင်းပိတ်ရက်များ မှ သာ တွေ့ကြပါတော့သည် ။ အိမ်ပြောင်း ပြီးခါစ တွင် ဆိုပါလျှင် ကျွန်မတို့ မှာ တော်တော်နှင့် မရောက်ဖြစ်၍ သူ့ မြေး ကို မလာဘူးလား မလာဘူးလား ခဏခဏ မေး ပါသည် ။ ပြီးလျှင် သောကြာ လို နေ့မျိုး မှာ သူ့ အိမ် တွင် သာ သမီး ကို သိပ်ပါသည် ။ နောက် တစ်ရက် မှ သူ့ သမီးတွေ ကို ပြန် ပို့ခိုင်း တတ်သည် ။ ထိုသို့ မဟုတ်ဘဲ ကျွန်မတို့ က သွား ကြိုသည် ဆိုပါလျှင် အိမ် ရှိရာ အတွင်းလမ်း မှ လမ်းမကြီး တိုင်အောင် သူ ကိုယ်တိုင် ပြန် ပို့ ပေးပါသည် ။ ထို ဝတ် ကို ဘာအကြောင်း ရှိရှိ မဖျက်ပါ ။ သူ့ မြေး သူ့ အိမ် အလည် လာလျှင် သူ့ မှာ ပြုံး နေ တတ်ပြီး သူ့ မြေး သူ့ အိမ် မှာ ရှိ နေလျှင် သူ့ မှာ အလွန် ကျေနပ် နေ တတ်ပါသည် ။ အချို့သော ကျောင်း ပိတ်ရက်တွေ မှာ ကျွန်မတို့ က ကလေး ချောင်းဆိုး နေလို့ ၊ ဖျား နေလို့ ၊ သွားစရာ ရှိလို့ ဆိုကာ သူ့ အဒေါ် နှင့် မထည့် လိုက် လျှင် အပြန် မှာ ဦးဉာဏ် က “ ဟိုကောင်မ မပါဘူးလား ” ဟု ဆီး မေးပါသည် ။ သမီး က လည်း အဲဒီ အိမ် ကို တစ်ပတ် ကနေ နှစ်ပတ် မသွား ရ လျှင် ဂျီကျ ပူဆာ တတ်သည် ။ ထို အိမ် တွင် ရှိသမျှ လူကုန် ကို သူ ဗိုလ်ကျ ၍ ရသည် ကိုး ။ အစားအသောက် အတွက် ဘွားရှန် က မညည်းမညူ အမျိုးအမည် စုံ လုပ်ကျွေး သည် ။ ကျွန်မတို့ မကျွေးသော ဦးဉာဏ် ဝယ် ထား တတ်သည့် သရေစာတွေ စား ရသည် ။ ရုပ်သံ ကြည့် ရသည် ။ သူ့ စိတ်တိုင်း ကျ နေရ သဖြင့် သူ မပြန်ချင်သေးဘူး ဟု အမြဲ ပြောတတ်ပါသည် ။
သို့သော် ရုပ်သံလိုင်းခွဲ တွေ ရွေးရာ မှာ တော့ သူတို့ မြေးအဘိုး လုရ တတ်ပါသည် ။ ကတောက်ကဆ ၊ မကြည်မလင် ဖြစ်ကြသည် က လည်း မကြာခဏ ဆိုသလို ပင် ဖြစ်ပါသည် ။ သူ မကျေနပ် လျှင် “ ဒီ အိမ် ကို လာတာ တီဗွီ ကြည့်ချင်လို့ သိရဲ့လား ။ ကြည့်ချင်တာ မကြည့်ရရင် နောက်ဆို ဘိုးဉာဏ် သတိရတယ် ဆိုလည်း လာမခေါ်နဲ့ ” ဟု ပြောတတ်ပါသည် ။ နောင် မလုရအောင် ဦးဉာဏ် ခမျာ အိမ်တွင် ရုပ်မြင်သံကြား နောက် တစ်လုံး ဖြည့်ရ ပါလေသည် ။ ထိုသို့ အဆင် ပြေအောင် မြေးအဘိုးတွေ နေကြလျက် နှင့် ပင် ပြဿနာ က ဖြစ်မြဲ ဖြစ်လျက်ပင် ။ တစ်ကြိမ်တွင် ကျွန်မတို့ အိမ် ၌ ဓာတ်ခဲ ရုပ်ရှင်ကား ကို ပြန် ကြည့် ဖြစ်ကြပါသည် ။ သမီး က လည်း သူ့ ဦးလေးတွေ ၊ အဒေါ်တွေ ပါသည့် ရုပ်ရှင်ကား မို့ ထိုင်ရာ မထ အားပေးပါသည် ။ ထို့ပြင် ရုပ်ရှင်ကား ထဲ မှ သူ့ အဒေါ် အငယ်ဆုံး သရုပ်ဆောင်ပုံ ကို သဘော ကျ ၍ လူစုံချိန် တိုင်း ၊ သတိရ တိုင်း လုပ်ပြ ပါသည် ။ ဦးဉာဏ် အိမ်ရောက် တော့လည်း ထပ်ခါ ထပ်ခါ လုပ်ပြပြီး ရယ်ပွဲ ဖွဲ့ကြပါသည် ။ ပြီးတော့ သမီး က သူ့ ဘာသာ ရုပ်သံ ကို မက်မက်မောမော ကြည့်နေပါတော့သည် ။ ဦးဉာဏ် နှင့် ဒေါ်လေးရှန် က စကား ပြော လိုက် ၊ ရုပ်သံ ကြည့်လိုက် အတူ ရှိနေပါသည် ။ သူတို့ စကားစ ပြတ်တိုင်း “ ဟဲ့ ပန်းနု ဓာတ်ခဲ ထဲ က ဘယ်နေရာ ကို နင် အကြိုက်ဆုံးလဲ ” ဟု သမီး ဘက် လှည့် ၍ မကြာမကြာ စစ်တမ်း လည်း ကောက် ပါသည် ။ ရုပ်သံအစီအစဉ် ကို အာရုံ ဝင်စား နေ သဖြင့် သမီး က မေးတိုင်း ပြန် မဖြေပါ ။ ဦးဉာဏ် အနေ နှင့် ကလည်း သူ့ ဇာတ်လမ်း ထဲ မှာ ဘယ် ဇာတ်ကွက် ကို သူ့ မြေး အကြိုက်ဆုံးလဲ ဆိုတာ အတော် သိချင်ပုံ ရပါသည် ။ ထပ်ခါ ထပ်ခါ “ ဟဲ့ ပန်းနု ဟဲ့ ပန်းနု ” ဆိုတော့ သမီး က လှည့်ပြီး “ နားငြီးတယ် တိတ်တိတ်နေ ” ဟု အော်ပါလေတော့သည် ။ ဦးဉာဏ် ခမျာ ဘာမှ မပြောနိုင်ပါ ။ အငိုက် မိ သွားသည့် ထိုခဏ မှာ ဘွားရှန် က လည်း ရယ်မိပါသည် ။ ဒါကိုပင် သမီး က “ မရယ်နဲ့ ” ဟု သူ့ အဘွား ကို ထပ် ဟောက်လိုက် သေးသည် ။ သူ့ အဒေါ် က အဘိုး အဘွားကို အဲဒီလို မပြောရဘူး ဟု ဆိုပြီး အပေါ်ထပ် ကို ချက်ချင်း ခေါ်ထုတ်ကာ အခြေအနေ ကို အမြန် ဝင် ထိန်းလိုက်၍သာ တော်ပါတော့သည် ။ ကျွန်မ တို့မှာ သမီး ကို ဆုံးမသွန်သင် ရသည် ။ အဘိုးအဘွားများ နှင့်အတူ နေရ ၊ ကြီးပြင်းရသော ထူးသည့် ၊ ကောင်းသည့် ကုသိုလ်ကံ အကြောင်း သူ နားလည် လွယ်အောင် ရှင်းပြရပါသည် ။
တစ်ရက် တွင် လမ်းမကြီး ထိပ် ထမင်းဆိုင် မှ ခွေးမ က ဦးဉာဏ် ကို ကိုက်လိုက်သည် ဟု ကျွန်မတို့ ကြားသိ ရသည် ။ တယ်လီဖုန်း ဆက်၍ ဦးဉာဏ် ကို သတင်း မေးရပါသည် ။ ကျွန်မတို့ က တော်တော် နှင့် မရောက်ဖြစ်ပါ ။ ခွေးရူး ကာကွယ်ဆေး ထိုးပြီးကြောင်း ၊ ကျွန်မတို့ သူ့ အိမ် လာလျှင် ထိုခွေး ကို သတိ ထားကြဖို့ အကြောင်း ဦးဉာဏ် က မှာပါသည် ။ သောကြာ ရက် တွင် တော့ ထုံးစံ အတိုင်း ဦးဉာဏ် သမီး ယုယ က ပန်းနု ကို လာခေါ် သွားပါသည် ။ စနေနေ့ မှ ပြန်ရောက် ပါသည် ။ ကျွန်မ က သမီး ကို “ သမီး ရေ ၊ ဘိုးဉာဏ်ကို ခွေး ကိုက်လိုက်တာ အတော်များ နက်သွား သလား ။ ဒဏ်ရာများ ကြီးသလားလို့ ” ဆိုတော့ သမီး က စဉ်းစဉ်းစားစားပြုပြီး ပြန် ပြောသည် ။ “ အနေတော်ပါပဲ မေမေ ” တဲ့ ။ သူ့ သမီးတွေ က တစ်ဆင့် ဦးဉာဏ် ပြန် သိတော့ ခေါင်း တဆတ်ဆတ် ညိတ် ကာ ပြုံးပြီး “ ဩော် သူ ကတော့ အဲ့ဒီလို အဲ့ဒီလို ” ဟု သာ ဆိုနိုင်ပါသည် ။
လွန်ခဲ့သည့် ခုနစ်လ ခန့် ကတော့ ဦးဉာဏ် အတော်လေး နေထိုင် မကောင်းကြောင်း ကျွန်မ တို့ သိ ပါပြီ ။ ထို့ကြောင့် ဦးဉာဏ် ဆေးခန်း သွားသည့် သောကြာရက်များ မှ လွဲ၍ သမီး ကို ဂရုတစိုက် ပို့ပေးရပါသည် ။ တယ်လီဖုန်း ပြောဖြစ်အောင် ခေါ်ပေး ရပါသည် ။ ဘန်ကောက် သို့ တစ်လ ကြာ ဆေးစစ် သွားတော့ လည်း အွန်လိုင်း မှ တစ်ဆင့် တွေ့အောင် စီစဉ် ပေးရပါသည် ။ မြေးအဘိုး နှစ်ယောက် အွန်လိုင်းပေါ်က တစ်ဆင့် တွေ့ကြ ၊ စကား ပြောကြ ၊ စကြ နောက်ကြ ၊ ပျော်ကြရတော့ ကျွန်မ တို့ မှာလည်း ပျော်ရွှင်ရပါသည် ။ သူ့ အဘိုး နှင့် သူ့ အဒေါ် နှစ်ယောက် က တစ်ဖက် ဘန်ကောက် မှာ ၊ သူ့ ဘွားရှန် နှင့် ကျွန်မတို့ က တစ်ဖက် ရန်ကုန် မှာ အမှတ်တရ ဖြစ်ရပါသည် ။
ရန်ကုန် ပြန် ရောက်လာတော့ “ ဦးဉာဏ် သက်သာရဲ့လား ၊ အဆင်ပြေရဲ့လား ၊ သမီး ကို လွှတ်လို့ ဖြစ်ပါ့မလား ” ကျွန်မက သာ တွေး ပူသည် ။ ဦးဉာဏ် က “ ငါ နေကောင်းပါတယ် ၊ ပန်းနု ကို လွှတ်လိုက်ပါ ” ဟု မှာ မြဲ ။ ဆေးသွင်း နေသည့် ရက်မျိုး ဆိုလျှင် တောင် “ ငါ့ ကို သူ က ထိတာ မှ မဟုတ်တာ ၊ ဘာမှ မဖြစ်ဘူး ရတယ် ” ဟု ပြောမြဲ ။ ဦးဉာဏ်တို့ အိမ် မှ ပြန်လာသည့် တစ်ရက် သမီး က ကျွန်မ ကို “ မေမေ ၊ ဘိုးဉာဏ် ကို လေ ဘွားရှန် က အသည်းပုံ ကြက်ဥကြော် ပေးတယ် သိလား ” ဟု သတင်း ပေး ပါသည် ။ ကျွန်မ က နား မရှင်းတော့ “ ဆီဒယ်အိုး ထဲ က အသည်းပုံ ကွင်းကလေးထဲ ကြက်ဥ ကို ထည့် ကြော် လိုက်တာပေါ့ အမေ ရဲ့” ဟု ပြောပြသည် ။ အဲဒီ နေ့ က ဦးဉာဏ် က ဗိုက်ဆာ နေကြောင်း ၊ သမီး က လည်း အရင် စား ချင်ကြောင်း ၊ ဘွားရှန် က ဘိုးဉာဏ် အတွက် အရင် ကြော်ပေး နေကြောင်း ၊ ထို့ကြောင့် ဘိုးဉာဏ် က သူ့ အတွက် အရင် လုပ်ပေးစေကြောင်း စီကာပတ်ကုံး ဆက်ကာ ဆက်ကာ ပြောပြ နေပါသည် ။
အာရုံကြောတွေ ပါ ထိခိုက် ကုန် သဖြင့် နောက်ပိုင်း တွင် ဦးဉာဏ် လမ်း ကောင်းကောင်း မလျှောက်နိုင်ဘဲ ရှိသော အခါ သူ့ အဘိုး ကို ပန်းနု က စိတ်လို လက်ရ ရှိလျှင် နှိပ်ပေး ပါသည် ။ သို့သော် နှိပ်ပေးသည့် အခါတိုင်း ညာဘက် ကို နှိပ်ခိုင်း လို့ မရ ။ ဒါကိုပင် ဦးဉာဏ် က ကလေးတွေ မှာ အန္တရာယ် ကို အလိုလို သိသည့် ဉာဉ်ကလေး ရှိနေတတ်သည် ဟု ချီးမွမ်းစကား ဆိုပါသည် ။ သူ့ ကိုယ် ညာဘက်ခြမ်း က တစ်နေ့ ထက်တစ်နေ့ အလုပ် လုပ်ရ ခက်ခဲလာပြီ မဟုတ်လား ။ လူ တွဲ လိုလာပြီ မဟုတ်လား ။ ကျွန်မ မှာ မြေး အပေါ် သံယောဇဉ် ကြီးလွန်းလှသော ဦးဉာဏ် ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရုံသာ တတ်နိုင်ပါတော့သည် ။
ဆေးရုံ တွင် ပင်ပန်းလွန်း၍ မှိန်း နေသည့် တိုင် သမီး လုပ်သူ က ပန်းနု ဆီ က ဖုန်းလာတယ် အဖေ ၊ ပြောမလား ဟု မေးလျှင် သူ့ သမီး လက် ထဲ မှ တယ်လီဖုန်း ကို အတင်း လှမ်းယူ တတ်ပါသည် ။ ဆေးရုံ ဆင်းပြီးသည့် နောက် သူ့ အိမ်တွင် ဦးဉာဏ် ရှိနေသည့် အခါ ဦးဉာဏ် ဆီ ကျွန်မ တို့ တစ်ခါတစ်ရံ ရောက်ပါသည် ။ ဆေး ဝင်ဖို့ပင် ခက်ခဲလွန်းစွာ မျိုချ နေရသော ဦးဉာဏ် ကို သမီး က “ ဘိုးဉာဏ် မျိုချလေ ၊ မျိုချလိုက် ” ဟု ဝင် ပြောလျှင် မတွေ့တာ ကြာပြီ ဖြစ်သော မြေး ကို အသံ ကြားသည် နှင့် အား ယူပြီး မျက်လုံး ဖွင့် ကြည့်ပါသည် ။ ဝဲ လာသည့် မျက်ရည်စ ကို ကောင်းစွာ လှုပ်ရှား နိုင်သေးသော လက်နှင့် သုတ်သည့် ခဏ ကျွန်မ ရင်ထဲ ၌ လှိုက်ခနဲ ဝမ်းနည်းလာ မိသည် ။ ဦးဉာဏ် နှင့် သမီး နောက်ဆုံး အနေ နှင့် တွေ့ကြရခြင်း ဖြစ်ပါသည် ။ ဦးဉာဏ် မကွယ်လွန်မီ နှစ်ရက် အလို မှာ မြေးအဘိုး တယ်လီဖုန်း ပြောဖြစ် ကြပါသည် ။ သူ့ မြေး ပြောသမျှ ကို နားထောင်ပြီး “ ပန်းနုက တော့ ငါ့ ကို လုပ်ပြန်ပြီ ” ဟု ဆိုလိုဟန် မျက်နှာ အမူအရာ ကို ဖော်ပြကြောင်း ၊ သမီး မကြားရသည့် တိုင် တယ်လီဖုန်း ထဲ မှ သမီး မေးသမျှ ကို လေသံသဲ့သဲ့ ဖြင့် ပြန် ဖြေကြောင်း သိရပါသည် ။ ထို့နောက်တွင် တော့ သူတို့ မြေးအဘိုး ၏ အပြန်အလှန် ကျီစယ်ကြသော စကားများ ကို ကျွန်မတို့ ဘယ်သောအခါ မျှ ကြားကြရတော့မည် မဟုတ်ပါ ။
◾ဝါနု
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment