❝ အိပ်မက်လှလှတွေ ကို အကောင်အထည်ဖော်သူ ❞
[ ကျွန်းပင် ၊ အင်ပင်တွေ ရဲ့ အရွက်စိမ်းဖားဖားကြီး တွေ ပေါ် ကို နှင်းစက်တွေ က တပေါက်ပေါက် ကျ နေတယ် ။ ည က လည်း လသာ ည မို့ နှင်းရည် လူး နေတဲ့ သစ်ရွက်တွေ ဟာ လရောင် အောက် မှာ လင်းလက် တောက်ပ နေပါတယ် ။
ချပ်သင်းဘူတာ ဝင်း ထဲ မှာ တော့ ကောက်ညှင်းဆန်အိတ်တွေ ၊ ပဲတီစိမ်းအိတ်တွေ ၊ ကြံသကာသေတ္တာတွေ ၊ ခရမ်းချဉ်သေတ္တာတွေ တောင်ပုံ ရာပုံ ပုံ နေတယ် ။ မြစ်ကြီးနား ဘက်က လာမယ့် အစုန်ရထား ကို စောင့်ပြီး ကုန်စည်တွေ တင်ကြမှာပါ ။ ရထားတွဲ မှာ ကုန် တင်စရာ က နည်း ပြီး ဒေသထွက်ကုန် တွေ က များ နေတာမို့ ဘူတာ မှာ ကုန်တွေ စုပုံ နေ တာပါ ။
လရောက် အောက် မှာ အိတ်တွေ ထပ် ထားတာ ဖွေးဖွေးဖြူလို့ ။ အိတ်ပုံကြီး နံဘေး မှာ တော့ ထင်းတုံးကြီးတွေ နဲ့ မီးဖို က မီးကျီးခဲ ရဲရဲ ကို ည အမှောင် မှာ မြင် နိုင်တယ် ။ ကုန်စည်တွေ ကို ည အိပ်ပြီး စောင့်သူတွေ က အအေးဒဏ် ကာကွယ် ဖို့ မီးလှုံ နေကြတယ် ။
နှင်းထု ထဲ ကို မီးရောင် ဝါးဝါး ထိုး ၊ ဥဩရှည် ဆွဲပြီး အစုန်ရထား တစ်စီး ချပ်သင်းဘူတာ ထဲ ကို ဝင် လာတယ် ။ ရထား ဝင် လာခိုက် မှာ တော့ လရောင် အောက် က ဘူတာကလေး အသက် ဝင် လှုပ်ရှား လာတယ် ။ ကောက်ညှင်းကျည်တောက် ၊ ခေါပုတ် စတဲ့ သရေစာ ရောင်းတဲ့ ဈေးသည်လေးတွေ ဟာ မီးရထားကြီး ရဲ့ ရှေ့ဖျား မှ နောက်ဖျား ၊ နောက်ဖျား မှ ရှေ့ဖျား ခေါက်တုံ့ခေါက်ပြန် လျှောက် ရင်း မီးအလင်းရောင် လျှံထွက် ကျ လာတဲ့ တွဲပြတင်းပေါက် တစ်ခု ခု က ဝယ်သူ ထွက်လာနိုး နဲ့ ။
ညည့်နက် ချိန် မှ ချပ်သင်းဘူတာ ကို မီးရထားတွေ ရောက်လေ့ ရှိတာမို့ ခရီးသည် အများစု က တော့ အိပ်ပျော် နေကြပါပြီ ။ ဘူတာ က မီးရထား ထွက် သွားပြီး မကြာမီ မှာ ဘူတာ ဟာ ပြန်လည် တိတ်ဆိတ် သွားပြန်တယ် ။
ချပ်သင်းဘူတာ နဲ့ မလှမ်းမကမ်း မှာ မျိုးဆက်သစ် စာကြည့်တိုက် ရှိ ပါတယ် ။ ဆောင်း တစ်ည ၊ ညဉ့်နက် သန်းခေါင် အထိ အဲသည် စာကြည့်တိုက် ထဲ မှာ ကျွန်တော် ရှိ နေ ခဲ့တယ် ။ ဒေသခံ လူငယ်တွေ နဲ့ စကားဝိုင်း ဖွဲ့ နေတယ် ။
ညဉ့်နက် လှပြီ ။ ရာသီဥတု က အေးလှပြီ ၊ သို့ပေမဲ့ လူငယ်တွေ က ကိုယ့် အိမ် ကို ပြန်ပြီး အိပ်ဖို့သတိ မရဘူး ။ မြစ်ကြီးနား မီးရထားလမ်း ပေါ် မှာ ရှိတဲ့ ချပ်သင်း ဆို တဲ့ မြို့ငယ်ကလေး မှာ နေထိုင်ရပေမဲ့ လူငယ်တွေ ဟာ တိုးတက်ချင် နေကြတယ် ။ လှပတဲ့ အနာဂတ်တွေ ကို ရချင် နေကြတယ် ။ သူတို့ သိချင် တတ်ချင် တာတွေ များ နေတယ် ။
အင်္ဂလိပ်စာ ဘယ်လို လေ့လာရမှာလဲ ၊ ကွန်ပျူတာ ဆိုတာ ဘယ်လို အခြေခံ သဘောတရားတွေ နဲ့ လုပ်ထားတာလဲ ။ အိမ်နီးချင်း နိုင်ငံတွေ ဘယ်လောက် တိုးတက်နေပြီလဲ ။ အနာဂတ် အတွက် ဘာတွေ ပြင်ဆင် ထားရမှာလဲ ။
စာကြည့်တိုက် အဆောက်အအုံလေး နဲ့ လူငယ်တွေ မဆံ့အောင် ပြည့်လျှံ နေတယ် ။ သူတို့ မျက်လုံးတွေ ဟာ မျှော်လင့်ချက်တွေ ကြောင့် တဖိတ်ဖိတ် တောက်ပ နေတယ် ။
သည် လူငယ်လေးတွေ အများစု ထဲ မှာ ရှေ့ဆုံးတန်း က ထိုင်နေတဲ့ မိန်းမငယ်လေး တစ်ယောက် ကို ကျွန်တော် သတိထား မိပါတယ် ။ သူ မေးတဲ့ မေးခွန်းတွေ အရ သူ ဟာ လေ့လာသင်ယူ လို စိတ် ပြင်းထန်သူ လူငယ် တစ်ယောက် လို့ ကျွန်တော် အကဲဖြတ် ခဲ့ မိတယ် ။ သူ ဘယ်သူလဲ ၊ အဲသည် ည က ကျွန်တော် မသိခဲ့ပါ ။
နောက်နေ့ မနက် ရောက်တော့ အဲသည် မိန်းကလေး ကို ကျွန်တော် ထပ် တွေ့ခွင့် ရတယ် ။ သူ က ချပ်သင်း က လူငယ်တွေ အသိအမြင် တိုးတက်အောင် စာကြည့်တိုက်ကလေး အတွက် ငွေအား လူအား အများကြီး စိုက်ထုတ် အားပေး နေ သူ လူငယ်လေး တစ်ယောက် လို့ သိလာ ရတယ် ။ သူ့ ကို အများ က မချင်ချင့် လို့ ခေါ် တယ် ။ သူ့ နာမည်က မယဉ်ယဉ်မေ ပါ ။ မယဉ်ယဉ်မေ ( ယခု အသက် ၃၂ နှစ် ) ဟာ လူငယ် တစ်ယောက် ပါ ပဲ ။ သို့ပေမဲ့ သူ ရင်ဆိုင်ခဲ့ ရ တဲ့ လောကဓံ နဲ့ သူ ကျော်ဖြတ်ခဲ့ရပုံတွေ ကလည်း စိတ်ဝင်စားစရာ ကောင်းတယ် ။
မျိုးဆက်သစ် စာကြည့်တိုက်ကလေး ရှေ့ မှာ ရပ်ပြီး သူ့ ဘဝ ကို ခုလို ပြောပြ ပါတယ် ။ ]
••••• ••••• •••••
သမီး ဘဝ မှာ မမျှော်လင့်တဲ့ ဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်ခဲ့ရဖူးတယ် ။ စာအုပ်တွေ ဖတ်လို့ စာအုပ် က ရတဲ့ အသိအမြင်တွေ နဲ့ စိတ်အား တင်းနိုင်ခဲ့တာပါ ။
၁၉၉၃ ခုနှစ် နိုဝင်ဘာ က သမီး ရွှေဘို မှာ တက္ကသိုလ် စ တက် ရပါတယ် ။ Physics Major ပေါ့ ။ ရွှေဘို မှာ ပထမနှစ် ဒုတိယနှစ် နှစ်နှစ် တက် ပြီး မန္တလေး တက္ကသိုလ် ကို ဆက် တက်ရတယ် ။ သမီး ကြိုးစား လို့ ဂုဏ်ထူးတန်း တက်ခွင့် ရတယ် ။ ရွှေဘို တုန်း ကတော့ မြို့ က လည်း ကျဉ်း တက္ကသိုလ် လည်း မန္တလေး လောက် မကြီးတော့ အချင်းချင်း ဆက်ဆံရတာ လည်း နွေးထွေးတာ ပေါ့ ။ မန္တလေး ကျ တော့ ကျောင်းသူကျောင်းသားတွေ ကလည်း အများကြီး ဆရာတွေ ကလည်း ကျောင်းသူကျောင်းသားတွေ ကို မမှတ်မိဘူး ။ စာ နားမလည် တော့ လည်း မမေးရဲဘူး ။ အမေ တို့ကို လည်း ငွေကုန်ကြေးကျ ထပ် မများစေချင်တော့ ကျူရှင် လည်း မယူဘူး ။ ဖြစ်သလို နားလည်သလို ပဲ စာတွေ ကို ကျက်တာပေါ့ ။ တွန်း ကျက်တာ ၊ စာမေးပွဲ ကျတော့ ဘာတွေ မေး မှန်း လည်း မသိဘူး ။ သမီး လည်း ကိုယ် ထင်ရာ ကို ဖြေချ လိုက်တာ ။ ( ပြုံးလျှက် )
ဂုဏ်ထူးတန်း ကျ ရော ၊ ဖြေပြီး ပြန် လာတော့ သမီး ကိုယ် သမီး အောင် မှာ လား ။ ကျ မှာ လား ။ မဝေခွဲနိုင်ဘူး ။ သမီး အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး ဖြေ ခဲ့တယ် ။ ဆွဲ တင် လို့ ရလောက် အောင် သမီး ဖြေ ခဲ့တယ် ။
သမီး ကျောင်း တက်တော့ သမီး မောင်လေး က ကျောင်း မတက်ရဘူး ။ သူ က စီးပွားရေး လောက ထဲ ဝင် ရတယ် ။ မောင်လေး က သူ့နည်း သူ့ဟန် နဲ့ စုံစမ်းပြီး ပြန် လာတော့ အစ်မတဲ့ ဘယ်လိုမှ တော့ မအောက်မေ့ နဲ့ နင့် အမှတ် က တင်လို့ မရတဲ့ အခြေအနေ တဲ့ ။ အဲဒါကို ကြား လိုက်ရတော့ သမီး ချောက်ကမ်းပါးကြီး ထဲ ပြုတ်ကျ သွား သလိုပဲ ။ သတိ မေ့ သလို ဖြစ် သွားတယ် ။ ဆောက်တည်ရာ မရ ဖြစ် သွားတယ် ။
ဆယ်တန်း မှာ ကျတာ က မှ တော် ဦးမယ် ။ တက္ကသိုလ် ရောက်ခါ မှ စာမေးပွဲ ကျတယ် ဆိုတော့ အိမ် က ဘယ်လို ထင် မလဲ ။ မန္တလေး ရောက်သွား လို့ တစ်မျိုး တစ်မည် ဖြစ် သလားပေါ့ ။
သမီး ကံ ကောင်းတာ ကတော့ မိသားစု က သမီး အပေါ် မှာ နားလည် ပေးကြတာပဲ ။ အဲသည် အချိန် မှာ သမီး ဖတ်နေတာ က ဆရာလှသမိန် ရဲ့စာအုပ် ၊ ကျဆုံးသူ တစ်ယောက် ဟာ ကိုယ် ဘာကြောင့် ကျဆုံးသလဲ ဆိုတာ လေ့လာ သုံးသပ် ရမယ် ။ အဲသည်လို မဖြစ်အောင် နည်းလမ်း ရှာရမယ်လို့ စာအုပ် ထဲ မှာ ပါတယ် ။ သည် စာအုပ် ကို ဖတ်ရတာ သမီး အတွက် အားဆေး ဖြစ်တယ် ။ စိတ် မှာ အင်မတန် အားပြည့် သွားတယ် ။
သမီး ဘယ်သူ့ ကို မှ အပြစ် မတင်ဘဲ ကျောင်း ပြန် တက်တယ် ။ အိမ် ကလည်း သမီး နည်းလမ်း မှားသွားလို့ အရှုံး နဲ့ ရင်ဆိုင်ရတာပဲ လို့ အားပေးတယ် ။ သမီး ကျောင်း သာ ပြန် တက်ရတယ် ။ သူငယ်ချင်း တွေ နဲ့ မတွေ့ချင်ဘူး ။ သူတို့ နဲ့ ဆုံရင် တစ်ခါတည်း ကိုယ်ပျောက် သွား ချင် လိုက်တာ ။ သုတစွယ်စုံ တို့ ၊ ဓန တို့ စာအုပ်တွေ ဖတ်ထား မိ လို့သာ သမီး ကိုယ့် ကိုယ် ကို အားတင်းနိုင်တာ ၊ နို့မဟုတ်လို့ ရှိရင် သမီး အရှုံး နဲ့ ရပ်ပစ် မိမှာပဲ ။
စားမေးပွဲ အောင်သွားတဲ့ သူငယ်ချင်းတွေ က လာပြီး အားပေးကြတယ် ။ သမီး က သူတို့ နဲ့ တွေ့ကို မတွေ့ချင်ပေမဲ့ လည်း ရှောင်လို့ မရဘူး ။ သမီး ဘဝ မှာ စာမေးပွဲ ကျတဲ့ အချိန်ထက် စိတ်ဆင်းရဲ စရာ ကောင်းတဲ့ အချိန် မရှိတော့ဘူးလို့ ထင် ခဲ့တာပေါ့ ။
သမီး က သမီးအကြီး ဆိုတော့ မိသားစု တာဝန်တွေ သမီး ခေါင်း ပေါ် ရောက် လာတယ် ။ သမီး တွေး တာပေါ့ ။ ငါ့ ကျ မှ ဘာလို့ သည်လို ဖြစ်ရတာလဲ ၊ ငါ မယုတ်ဘူး ။ သူများ အပေါ် မှာ စိတ်ကောင်း မွေးတယ် ။ ဒါပေမယ့် အဆင် ကျ မပြေဘူး ။ သမီး မကျေနပ်ဘူး ပေါ့ ။ လူတွေ ဟာ ကိုယ့် ဒုက္ခမှ ဒုက္ခ ထင်တာ ကိုး ။
တစ်နေ့ တော့ ရွှေဘို က သမီး သူငယ်ချင်း ဆီ ကို သွား တယ် ။ သူတို့ မိသားစု ကို မြင် ရတာ သိပ် အေးချမ်းတယ် ။ သူတို့ အဘိုး လက်ထက် ကတည်း က ရွှေဘို မှာ မိုးကုတ် ဝိပဿနာ လုပ်လာကြတာ ။ သူတို့ အေးချမ်းတာ ကို သဘောကျ လို့ သမီး တရားစခန်း ဝင်ချင်တယ် လို့ ပြောတော့ ကူညီကြတယ် ။ အဲသည်မှာ အကြောင်း ရှိလို့ အကျိုး ဖြစ်တာ ကို သမီး မြင်လာပြီး ဆောက်တည်ရာ ရတယ် ။ သူတို့ မိသားစု က သမီး ဘဝ မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ကျေးဇူးရှင် တွေ ပါ ။
သမီး ချပ်သင်း ပြန် လာခဲ့ပြီး မိသားစု လုပ်ငန်း ကို လုပ်တယ် ။ အရင်က ဆိုရင် ချပ်သင်း မှာ အရောင်းအဝယ် လုပ်ငန်း ကို မိသားစု ပဲ ဝိုင်း လုပ်တာ ၊ လူခေါ် ပြီး လုပ်တာ မရှိခဲ့ဘူး ။ သမီး လက်ထက် ကျ မှ စ လုပ်တာ ။ မိသားစု ကို စ ပြောတုန်းက သမီး ကို ကိုယ့် မိသားစု လည်း လုပ်နိုင်ရဲ့သား နဲ့ အိမ် ကို ပိုက်ဆံ ကုန်အောင် လုပ်တယ် လို့ ပြန် ပြောကြတာ ။
သမီး က လုပ်ငန်း ကို ချဲ့ချင်တယ် လို့ ရှင်းပြ မှ လက်ခံတာ ။ ဆရာ မောင်ပေါ်ထွန်း ရဲ့ စံပြ အရောင်းသမား စာအုပ် ကို သမီး လက်တွေ့ အသုံးချတယ် ။
သမီးတို့ ဆိုင် အောင်မြင် ပါတယ် ။ ယခု သမီး ကြံသကာပွဲရုံ ထောင်တယ် ။ သမီး အတွေး က ကိုယ့် ဒေသ မှာ သူများ မလုပ်သေးတဲ့ လုပ်ငန်း အသစ်တွေ တိုးချဲ့ လုပ် သင့်တယ် ။ လုပ်ငန်းသစ် ဖြစ်တော့ အတိုက်အခံ အပြိုင်အဆိုင် မရှိဘူး ။ ကိုယ် ကြိုးစား သလောက် ခရီး ရောက်တယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment