❝ ပိုင်သူ စံရှား ❞
ဟို ... ရှေးရှေးတုန်း က ရွာကလေး တစ်ရွာ မှာ မောင်စံရှားဆိုတဲ့ သူငယ်လေး နဲ့ မပန်း ဆိုတဲ့ မိဘမဲ့ မောင်နှမ နှစ်ယောက် နေကြ သတဲ့ ။
မောင်စံရှား ဟာ သူ့ ရဲ့ ညီမလေး မပန်း ကို ရေထမ်း ရောင်း လုပ်ကျွေး ရှာ ရင်း မောင်နှမ နှစ်ယောက် ဟာ တစ်ယောက် နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် နဲ့ နေထိုင် စားသောက် နေရ ရှာ သတဲ့ကွယ် ။
တစ်နေ့ တော့ မပန်းလေး ဟာ တခြား ရွာ က လူပျိုကောင်လေး တစ်ယောက် နဲ့ ချစ် ကြိုက်ပြီး လိုက်ပြေးပါရောတဲ့ ။ မောင်စံရှား ခမျာ မှာ တော့ သူ အင်မတန် မှ ချစ် ရှာ တဲ့ ညီမလေး မပန်း ဟာ သူ့ ကို ပစ်ပြီး ခွဲထွက် သွားတော့ ဝမ်းနည်းပြီး တစ်ယောက် ထဲ ပဲ နေရ ရှာတာပေါ့ ။
မပန်းလေး နဲ့ ရတဲ့ ကောင်လေး က လည်း နှယ်နှယ်ရရ မဟုတ်ဘူး ဆိုပဲ ။ လေးဂွပစ် ဘယ်လောက်များ တော် သလဲ ဆိုရင် မပန်း ရဲ့ နားရွက်ဖျား မှာရှိတဲ့ အပေါက်ကလေး ထဲ ကို အလွန် နူးညံ့တဲ့ ဝါဂွမ်းလုံးလေးတွေ နဲ့ လေးဂွ ပစ် လိုက် ရင် နားရွက် အပေါက်လေး ထဲ ကို တည့်တည့်မတ်မတ် ပဲ ဝင် ဝင်သွားသတဲ့ ကွယ် ။ ပစ်တိုင်း တစ်ချက် မှ မလွဲဘူး တဲ့ ။ အဲလို ပစ်ပြီး တိုင်း ၊ ပစ်ပြီး တိုင်း မပန်းလေး ကို “ ငါ လို လူ ဤဇမ္ဗူမှာရှိရဲ့လား ” လို့ မေးသတဲ့ ။ မပန်းလေး က လည်း သူ့ လင် မေးတိုင်း “ ရှင့် လို လူ ဤ ဇမ္ဗူ မှာ ပြိုင်စံ ရှားတယ် ” လို့ ပြန်ပြန် ပြောနေရ ရှာ သတဲ့ ကွယ် ။
ကြာတော့ လည်း မပန်းလေး ဟာ အဲဒီလို ချည်း ပြော ပြောနေရတာ ကို စိတ်ညစ် လာ တာပေါ့ ။ ဒါပေမယ့် မပြောဘဲ လည်း မနေရဲ တော့ မေးတိုင်း ပဲပြန် ပြန် ပြော နေရ ရှာတယ် ကွဲ့ ။
တစ်နေ့ တော့ မပန်းလေး ရဲ့ ယောက်ျား မရှိ တုန်း မောင်စံရှား ရောက်လာ ရော တဲ့ ။ မပန်းလေး က လည်း သူ့ အစ်ကို ကို တွေ့ရင် ပဲ ပြေး ဖက်ပြီး ဝမ်းသာအားရ နဲ့ ကြိုဆိုရှာတာပေါ့ ။ နောက်ပြီး သူ စိတ်ညစ်နေရတဲ့ အကြောင်း ကို လည်း မောင်စံရှား ကို ငိုပြီး တိုင်လိုက် သတဲ့ ။
မောင်စံရှား လည်း မပန်း ရဲ့ တိုင်ကြားချက် ကို ကြား ရတော့ သူ အင်မတန် မှ ချစ်တဲ့ ညီမလေး ကို စိတ် ဆင်းရဲအောင် လုပ်တဲ့ လူ ကို ဒေါပွ သွားပြီး သူ့ ရဲ့ ညီမလေး ကို “ ဒီတစ်ခါ ညီမလေး ရဲ့လင် က ခါတိုင်း လို မေးရင် ရှင့် လို လူ ဤဇမ္ဗူ မှာ ရှိပါတယ် ” လို့ ပြောလိုက်ဖို့ မှာပြီး မခွဲချင် မခွာချင်နဲ့ပဲ ပြန်သွား ရှာ သတဲ့ ။
နောက် တစ်နေ့ မှာ မပန်းလေး ရဲ့ ယောက်ျား က ထုံးစံအတိုင်း လေးဂွ နဲ့ ပစ်ပြီး မေး လိုက်တယ် ဆိုရင်ပဲ မပန်းလေး ဟာ မောင်စံရှား မှာ ခဲ့တဲ့ အတိုင်း “ ရှင့် လို လူ ဤ ဇမ္ဗူ မှာ ရှိပါ တယ် ” လို့ ကြောက်ကြောက်ရွံ့ရွံ့ နဲ့ ပဲ ပြောချလိုက် တော့ လေးဂွသမားလေး ဟာ မပန်းလေး ကို သိပ်ပြီး ဒေါပွ သွားတာ ပေါ့ ။ တစ်ခါမှ သူ့ ကို ဒီလို မပြောဖူးတော့ အံ့အား လည်း သင့် သွားမိ သတဲ့ ။
လေးဂွသမားလေး လည်း မျက်နှာ ညှိုးငယ်စွာ နဲ့ ပဲ “ ငါ့ လို လူ ဤ ဇမ္ဗူ မှာ ရှိတယ် ဆိုရင် အဲဒီ လူ ကို ငါ အခု ချက်ချင်း လိုက်ရှာတော့မယ် ” ဆိုပြီး မပန်းလေး ကို တစ်ယောက် ထဲ ထား ခဲ့ပြီး ထွက်သွား သတဲ့ ။ တော်တော်လေး သွား မိတော့ အလွန် ထူ တဲ့ တောကြီး ထဲ မှာ လူကလေး တစ်ယောက် ဟာ ပက်လက် အိပ်ပြီး မိုးပေါ် ကို မြား နဲ့ ချိန် နေတာ ကို တွေ့ပါရောတဲ့ ကွယ် ။ ဒါနဲ့ သူ လည်း အနား ကို ကပ်သွားပြီး “ ဒီမှာ မိတ်ဆွေ ၊ ပက်လက် လှန်ပြီး မိုးပေါ် ကို ဘာဖြစ်လို့ မြား နဲ့ ချိန် နေရတာလဲ ” လို့ မေး လိုက်တော့ မြားသမားလေး ဟာ ပက်လက် ကနေ ထ ပြီး သူ ဟာ ငှက် တစ်ကောင် ကောင် ရဲ့အသံ ကို ကြားရရုံ နဲ့မြား နဲ့ မလွတ်တမ်း ပစ်နိုင်ကြောင်းပြောပြသတဲ့ ကွယ် ။ နောက်ပြီး လေးဂွသမားလေး ကို “ ဒီမှာ မိတ်ဆွေ ကျုပ် လို လူ ဤ ဇမ္ဗူမှာ ရှိရဲ့လား ” လို့ မေးလိုက် သေးသတဲ့ ။ ဒီတော့ လေးဂွသမားလေး က လည်း “ ဒီမှာမိတ်ဆွေ ကျုပ် လည်း အစ တုန်း က ခင်ဗျား ထင် သလို ကျုပ် လို လူ ဤ ဇမ္ဗူ မှာ မရှိဘူးလို့ ထင်ခဲ့တဲ့ လူပါ ။ ဒါပေမယ့် ကျုပ် ရဲ့ မိန်းမ က “ ကျုပ်လို လူ ဤ ဇမ္ဗူ မှာ ရှိပါလေရဲ့ ” လို့ ဆိုတာ နဲ့ ကျုပ်လည်း အခု အရှာ ထွက် ခဲ့တာပေါ့ ။ ခင်ဗျား လို လူ လည်း ဤ ဇမ္ဗူ မှာ ရှိပါလိမ့်မယ် ” လို့ ပြန်ပြီး ပြောလိုက် သတဲ့ ။ မြားသမားလေးလည်း လေးဂွ သမားလေး ရဲ့စကား ကို ကြားရတော့ ဒေါပွသွားပြီး “ ကျုပ် လို လူ ဤ ဇမ္ဗူမှာ ရှိတယ် ဆိုရင် အဲဒီ လူ ကို ကျုပ် လည်း လိုက် ရှာတော့မယ် ” လို့ ပြန် ပြောပြီး နှစ်ယောက်သား ရှေ့ ကို ခရီး ထွက်ခဲ့ ကြပြန်ရောတဲ့ ။
နှစ်ယောက် သား ထွက်လာ လိုက်ကြတာ အလွန် ထူထပ်တဲ့ တောအုပ်ကြီး တစ်တော ထဲ ရောက်သွားကြ သတဲ့ ။ အဲဒီ တောကြီး ထဲ မှာ အင်မတန် မှ ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင် ကို လူကလေး တစ်ယောက် ဟာ လက် နှစ်ဖက် နဲ့ အသာကလေး ဆွဲ နှုတ် လိုက်တာ ကို တွေ့ လိုက် တော့ သူတို့ နှစ်ယောက် ဟာ အံ့အား သင့်သွားကြ သတဲ့ ။ ဒါနဲ့ပဲ သူတို့ လည်း အနား ကို ကပ်သွား ပြီး “ ဒီမှာ မိတ်ဆွေ ဒီလောက် တောင် ကြီးမားလှတဲ့ သစ်ပင်ကြီး ကို ဘာ လုပ်ဖို့များ နှုတ် နေရတာ လဲ ” လို့ မေး လိုက်တော့ အဲဒီလူကလေး က သူ ဟာ ဒီလို ကြီးမားတဲ့ သစ်ပင်ကြီးတွေ ကို လိုက် နှုတ်ပြီး ထင်းခွဲ ရောင်းစား နေရတဲ့ လူ ဖြစ်ကြောင်း ပြန် ပြောလိုက်သတဲ့ ကွယ် ။ နောက်ပြီး တော့ အဲဒီ လူ က ပဲ “ ကျုပ် လို လူ ဤဇမ္ဗူ မှာ ရှိရဲ့လား ” လို့ လည်း မေး လိုက်သေး သတဲ့ ။ လေးဂွသမား နဲ့ မြားသမားလေးတို့ ကလည်း သူတို့ ရဲ့ အစွမ်းသတ္တိတွေ ကို ထုတ် ပြောပြပြီး “ ကျုပ် တို့ ဟာ ကျွန်ုပ် တို့လို လူ ဤ ဇမ္ဗူ မှာ ရှိတယ် ဆိုတာ သတင်း ကြားလို့ လိုက်ရှာနေ တဲ့ လူတွေ ဖြစ်ပါတယ် ။ ခင်ဗျား လို လူ လည်း ဤ ဇမ္ဗူမှာ ရှိပါလိမ့်မယ် ” လို့ တစ်ဆက်တည်း ပြော လိုက်ကြရောတဲ့ကွယ် ။
ထင်းရောင်းသမားလေး ကလည်း သူတို့ ပြော စကား ကိုကြား တော့ ဒေါသ ထွက် သွား တာပေါ့ ။ “ ဒါဖြင့် ကျုပ် လို လူ ဤ ဇမ္ဗူ မှာ ရှိတယ် ဆိုရင် အဲဒီ လူ ကို လိုက်ပြီး ရှာမယ် ” ဆိုပြီး လေးဂွ သမား နဲ့ မြားသမားတို့နောက် ကို လိုက်ခဲ့ သတဲ့ ။ ၃ - ယောက်သား ခရီး ထွက်လာလိုက်ကြတာ တောအုပ် နဲ့ ခပ်လှမ်းလှမ်း ကို ရောက်တယ် ဆိုရင်ပဲ သူတို့ နဲ့ မနီးမဝေး နား က ရိပ်ခနဲ ရိပ်ခနဲ ပြေး နေတဲ့ လူ တစ်ယောက် ရဲ့အရိပ် ကို မြင် လိုက်တော့ ၃ - ယောက် စလုံး ကြောက်သွားကြ သတဲ့ ။ နောက်တော့ မြားသမားလေး က အရဲ စွန့် ပြီး “ အို ... မိတ်ဆွေ ။ ဘယ်ရပ် ဘယ်ဌာန ကို သွား မလို့ပါလဲ မိတ်ဆွေ ” လို့ အသံ ပြုလိုက် သတဲ့ ။ နောက်တစ်ခါ လူ တစ်ယောက်ရဲ့ အရိပ် ကို ရိပ်ကနဲ မြင်ကြရပြီး သူတို့ ရှေ့နား မှာ မတ်တပ် ရပ် နေတာ ကို သူတို့ လည်း အံ့အား သင့်ပြီး ကြည့် နေ မိကြသတဲ့ ကွယ် ။ နောက်တော့ အဲဒီ လူ ကပဲ သူ ဟာ အရှေ့မိုးကုပ်စက်ဝိုင်း နဲ့ အနောက် မိုးကုပ်စက်ဝိုင်း ကို တစ်နေ့ ကို ၃ - ခေါက်ကျ စာပေးစာယူ လုပ်နေရတဲ့ စာပို့လုလင်လေး ဖြစ်ကြောင်းကို ပြန်ပြီး ပြောပြ သတဲ့ ။ နောက်ပြီး သူ က “ ကျုပ် လို လူ ဤဇမ္ဗူ မှာ ရှိရဲ့လား မိတ်ဆွေ တို့ ” လို့ မေးလိုက်သေးသတဲ့ ။
အဲဒီတော့ သူတို့ ၃ - ယောက်သား ကလည်း တစ်ယောက် စီ ရဲ့ အစွမ်းတွေ ကို ထုတ် ဖော်ပြောပြပြီး “ ကျုပ် တို့ လည်း အစတုန်းက မိတ်ဆွေ လို ပဲ ကျုပ်တို့ လို လူ ဤ ဇမ္ဗူ မှာ မရှိဘူးလို့ ထင်ခဲ့ကြတာပေါ့ ဗျာ ။ နောက်တော့ ကျုပ်တို့ လို လူ ဤ ဇမ္ဗူ မှာ ရှိလေရဲ့လို့ သတင်း ကြား ရလို့ အခုလို ထွက်ပြီး ရှာ နေ ကြတာပါ ။ ခင်ဗျား လို လူ လည်း ဤ ဇမ္ဗူမှာ ရှိပါလိမ့်မယ် ” လို့ ပြောလိုက် ကြသတဲ့ ။
စာပို့လုလင်လေး လည်း သူ့ မိတ်ဆွေတွေ ရဲ့ စကား ကို ကြား ရတော့ ဒေါပွ သွားပြီး “ ကျုပ် လည်း ကျုပ် လို လူ ကို လိုက်ရှာမယ် ” ဆိုပြီး သူတို့ နဲ့ အတူ ထွက်ခဲ့ကြပြန်ရော တဲ့ ။
မိုးချုပ် သွား တာတောင် မိတ်ဆွေ ၄ - ယောက် ဟာ မနားဘဲ လရောင် ၊ ကြယ်ရောင် လေးတွေ ရဲ့ အလင်းရောင် နဲ့ ခရီး ထွက် လာ လိုက်ကြတာ ဗြုန်း ဆို သစ်ပင် တစ်ပင် ရဲ့ ခြေရင်း မှာ ငုတ်တုတ် ထိုင်ပြီး မိုး ပေါ် ကို ကြည့် လိုက် ၊ မြေကြီး ကို ငုံ့ ကြည့်ပြီး လက်ညှိုး နဲ့ ဟိုခြစ် ဒီခြစ် လုပ် နေတဲ့ လူ တစ်ယောက် ကို သွားတွေ့ကြ ပြန်ရော တဲ့ ကွယ် ... ။
အဲဒါနဲ့ မိတ်ဆွေ ၄ - ယောက်သား အဲဒီ လူ နား ကို ကပ်သွားပြီး ၊ “ ဒီ က မိတ်ဆွေ က မိုး ကိုကြည့် လိုက် ၊ မြေကြီး ကို ကြည့်လိုက် နဲ့ ဘာများ လုပ်နေတာပါလဲ ” လို့ မေးလိုက်ပြန် သတဲ့ ။
အဲဒီ လူ က လည်း ငုတ်တုတ် ထိုင် နေရာ က ထ ပြီး သူ ဟာ နက္ခတ်ဗေဒင်ဆရာ ဖြစ် ကြောင်း ပြန်ပြီး ပြောလိုက် သတဲ့ ။
သူတို့ ၄ - ယောက် ထဲ က စာပို့လုလင်လေး က “ ဗေဒင်ဆရာ ဆိုရင် အခု တွက် နေတာ ဘာ ဟောကိန်း မြင်သလဲ ” လို့ မေးလိုက် ပြန်ရော တဲ့ ကွယ် ... ။
ဗေဒင်ဆရာလေး က လည်း သူ အခု တွက် ကြည့်တာ “ ဗာရာဏသီပြည် မှာ ဘုရင့် သမီးတော် နဲ့ အပြေး ပြိုင်ပွဲ ကျင်းပမဲ့ ပြိုင်ပွဲ ရှိကြောင်း သိရတယ် ” လို့ ပြောလိုက် သတဲ့ ။ မိတ်ဆွေ ၄ - ယောက် က လည်း ဗေဒင်ဆရာလေး ရဲ့ စကား ကိုကြားရတော့ “ ဒါဖြင့် ဒို့တစ်တွေ သွားပြီး ပြိုင်ပွဲ ဝင်ရအောင် ” ဆိုပြီး မိတ်ဆွေ ငါးယောက် ဗာရာဏသီပြည် ကို ရှေ့ရှုပြီး ထွက်ခဲ့ကြ သတဲ့ ။ ဗာရာဏသီပြည် ကို ရောက်ရင်ပဲ ဘုရင့် ရှေ့တော် ကို ဝင် ခစားပြီးပြိုင်ပွဲ ဝင်ရန် ရောက်လာကြောင်း ကို အသီးသီး လျှောက်ထားကြ သတဲ့ ။
ဘုရင်ကြီး က လည်း ပြိုင်ရန် သဘော တူပြီး သူတို့ ငါးယောက် ထဲ က ဘုရင့်သမီးတော် နဲ့ အပြေးပြိုင် လို့ နိုင်တဲ့ လူ ကို သမီးတော် နဲ့ ပေးစားပြီး ရှုံးတဲ့ လူ ကို အသ,တ်ခံရမယ် လို့ ပြော လိုက်တော့ သူတို့ ငါးယောက် လည်း သဘောတူ လိုက်ကြ သတဲ့ ။
အဲဒါနဲ့ နောက် တစ်နေ့ မှာ လူစွမ်းကောင်း ငါးယောက် ထဲက စာပို့လုလင်လေး နဲ့ ဘုရင့်သမီးတော် တို့ ပြိုင်ကြပါရော ။ ပြိုင်ပွဲ စတယ် ဆိုရင်ပဲ စာပို့လုလင်လေး ဟာ လေအဟုန် လို ပြေး သွား လိုက်တာ ရိပ်ခနဲ ရိပ်ခနဲနဲ့ လူ ကို တောင် မမြင်ရဘူးတဲ့ ကွယ် ။ ခဏပဲ ကြာတယ် ။ စာပို့ လုလင်လေး ဟာ ပန်းတိုင် နဲ့ မနီးမဝေး မှာ ရောက်တော့ မင်းသမီးလေး ဟာ ပန်းတိုင် တစ်ဝက် တောင် မရောက်သေးဘူး တဲ့ ။ ဒါနဲ့ စာပို့လုလင်လေး ဟာ မင်းသမီးလေး ကို တစ်ရေးတမော အိပ်ရင်း စောင့် နေ လိုက်သေး သတဲ့ ။
မင်းသမီးလေး က လည်း ပြေးလာ လိုက်တာ စာပို့လုလင်လေး အိပ် တဲ့ နေရာ ထက် ကျော်သွားတော့ စာပို့လုလင် ရဲ့ မိတ်ဆွေ ၄ - ယောက် က သူတို့ မိတ်ဆွေ အိပ်မောကျ နေတဲ့ စာပို့လုလင်လေး တော့ အသ,တ် ခံရတော့မှာ ပဲ လို့ စိတ် ပူပြီး နေရှာ သတဲ့ ။ အဲဒီ အခါမှာ ဗေဒင် ဆရာလေး က မြေကြီး ကို ဟိုခြစ် ဒီခြစ် နဲ့ လုပ် နေပြီး အခု စာပို့လုလင်လေး ရဲ့ ခေါင်းပေါ် တည့်တည့် မှာ မမြင်နိုင်တဲ့ မြွေကြီး တစ်ကောင် မိုး နေလို့ ထ မပြေးနိုင်တော့ဘူး လို့ တွက်လိုက် သတဲ့ ။ ဗေဒင်ဆရာလေး စကား ကို ကြား တော့ မြားသမား ဟာ ချက်ချင်းပဲ စာပို့လုလင် ရဲ့ခေါင်း အထက် နား ဆီ သို့ မှန်းပြီး မြား နဲ့ ပစ် လိုက်တာ မြွေ ကို ထိပြီး စာပို့လုလင် ပေါ် ပိသွား သတဲ့ ။ အဲဒီတော့ ထင်းရောင်းသမားလေး က လည်း ထ ပြေး သွားပြီး မြွေ ကြီး ကို လက် နှစ်ဖက် နဲ့ မ ပြီး လွှင့်ပစ် လိုက် တာ အစအန တောင် ရှာ မတွေ့တော့ဘူးတဲ့ ကွယ် ... ။
အဲဒီအခါ ကျ မှ စာပို့လုလင်လေး ဟာ ထ ပြီး ပြေး လိုက်တာ ပန်းတိုင် ကို မင်းသမီးလေး အရင် ရောက်နှင့် နေ သတဲ့ ။ အဲဒါနဲ့ မင်းသမီးလေး လည်း အရှုံး ပေး လိုက်ရတာပေါ့ ။ နောက် တစ်နေ့ ညီလာခံ မှာ ဘုရင်ကြီးက သမီးတော် နဲ့ စာပို့လုလင်လေး ကို လက်ထပ် မင်္ဂလာပွဲ ကျင်းပဖို့ စီမံ နေတုန်း .. ထင်းရောင်းသမားလေး ဟာ ထပြီး သူ သာ မင်းသမီးလေး ကို ရထိုက်ကြောင်း စာပို့လုလင် နဲ့ မရထိုက်ကြောင်း ကို ပြော သတဲ့ ။ နောက်ပြီး မြွေကြီး ကို သူ က ဖယ် ပစ်လို့ စာပို့လုလင်လေး ထ ပြေးနိုင်တာပါ ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ ဘုရင်ကြီး ကို လျှောက်လိုက်ပြန် သတဲ့ .. ။
အဲဒီတော့ မြားသမားလေး ကလည်း အားကျ မခံ သူ သာ မြွေ ကြီး ကို မြား နဲ့ ပစ် လိုက်လို့ ထင်းရောင်းသမားလေး ဖယ်နိုင်တယ် ဆိုတဲ့ အကြောင်းပြချက် ကို လျှောက် တင်ပြီး ဒါကြောင့် သူ သာ မင်းသမီးလေး ကို ရထိုက်တယ် လို့ ရဲရဲဝံ့ဝံ့ နဲ့ပြန် ပြောလိုက် သတဲ့ ။
တစ်နေရာ မှာငြိမ်ပြီး နားထောင် နေတဲ့ ဗေဒင်ဆရာလေး က လည်း ထ ပြီး “ မိတ်ဆွေ တို့ အချင်းချင်း အငြင်း မပွားကြပါနဲ့ ခင်ဗျာ ။ ကျုပ် သာ မင်းသမီးလေး ကို ရသင့်ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ ကျုပ် ဗေဒင် တွက် ရလို့ သာ မင်းသမီးလေးနဲ့ ခင်ဗျား တို့ အပြေး ပြိုင်ပွဲ ဝင်ဖို့ ဒီကို ရောက်လာရတာပါ ။ နောက်ပြီး မြွေကြီး ကိုလည်း မြား နဲ့ ပစ်နိုင်တာပါ ” လို့ အကြောင်းပြ ရှာ သတဲ့ ။
အဲဒီလိုနဲ့ မိတ်ဆွေ ငါးယောက် အငြင်းပွား နေကြသတဲ့ ကွယ်... ။
နောက်ပြီးတော့ ဒီ လူစွမ်းကောင်း ၅ - ယောက် ကို ဒီ ဗာရာဏသီ အထိ ဒီလို စုစည်းမိပြီး ဒီလို ပြဿနာပေါ် လာအောင် လုပ်ဆောင် ပေးပို့ လိုက်တဲ့ မောင်စံရှား ကို ကော ကလေးတို့ မှတ်မိ ရဲ့လား ။ သူ က “ ရှင့် လို လူ ဤ ဇမ္ဗူ မှာ ရှိပါတယ် ” လို့ ပြောခိုင်းတာ နဲ့ သူ့ညီမလေး က လည်း ပြောလိုက်လို့ ဒီ ပြဿနာ ပေါ် လာတယ် ။ အဲဒီတော့ ဘုရင့်သမီး ကို သူ လည်း ပိုင်တယ် လို့ ငြင်းနေပြီ ကွယ် ။
ကဲ ... အဲဒီတော့ ကလေးတို့ က ပညာရှိ ပီပီ ဆုံးဖြတ်ပြီး မင်းသမီးလေး ကို မောင်စံရှား ရယ် ၊ လူစွမ်းကောင်း ၅ - ယောက် ရယ် ရှိတဲ့ အထဲ က တစ်ယောက် ယောက် နဲ့ ပေးစား လိုက်ကြပါ တော့ ကွယ် ။
◾စောလွင်ဦး
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၆ ခု ၊ ဧပြီလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment