❝ သုံးသိန်းတန် စကားပိုင်ရှင် ❞
( မမြင့်မြင့်ရီ )
မန္တလေး - မကွေး - ပြည် - ရန်ကုန် လမ်းမ ပေါ် က သာဂရ ၊ တောင်တွင်းကြီး ၊ အောင်လံ လမ်းဆုံ အနီး မှာ ကားတွေ ရပ်နား တဲ့ ကိုးပင်စခန်းရွာ ရှိပါတယ် ။ ကိုးပင် ကားရပ်နားစခန်း မှာ ဖြူလေး ဆိုတဲ့ စားသောက်ဆိုင် ရှိတယ် ။
ဆိုင် က သိပ် ကြီးကြီးကျယ်ကျယ် ထည်ထည်ဝါဝါ မဟုတ်ပါဘူး ။ ဒါပေမဲ့ ဘဝဇာတ်ခုံတွေ ရေး နေတဲ့ ကျွန်တော့် ကို ဆိုင်ရှင် မမြင့်မြင့်ရီ နဲ့ တွေ့ဖို့ တိုက်တွန်း သူတွေ ရှိတယ် ၊ သူ က အောက်ဆုံး အလွှာ က နေ မြေပိုင် ဆိုင်ပိုင် ဖြစ်အောင် ကြိုးစားလာခဲ့ သူ ၊ သူ့ အကြောင်း ဖတ်မိ သူ တွေ အကျိုး ဖြစ်နိုင်တယ် လို့ ညွှန်း သူ က ညွှန်းတယ် ။
ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် ၊ မြို့မကျောင်းလမ်း ၊ ဒက္ခိဏာရုံ ပရိယတ္တိ စာသင်တိုက် က ဆရာတော် ဦးသံဝရ က ကျွန်တော့် ကို မမြင့်မြင့်ရီ ရဲ့ ဆိုင် အရောက် လိုက် ပို့ ပေးပြီး မိတ်ဆက် ပေးတယ် ။ ဆိုင် ထဲ မှာ ထိုင်ပြီး ကျွန်တော် နဲ့ မမြင့်မြင့် ရီ စကား ပြောကြပါတယ် ။
“ ကျွန်တော် ၁၂ နှစ်သမီး ၊ အငယ်ဆုံးလေး ၊ လေးနှစ် သမီး မှာ အဖေ က ဆုံး သွားတာ ”
မမြင့်မြင့်ရီ က မန္တလေးသူတွေ လို သူ့ ကိုယ် သူ ကျွန်တော် နာမ်စား ကို သုံးတာ ကို သတိထား မိပါတယ် ။
အဖေ က ကား မောင်း တာ ၊ အမေ က အဝတ် လျှော် တာ ၊ အဖေ ဆုံး တော့ ကြီးကြီး က အဝတ် မလျှော်နဲ့ တော့ ၊ သူတို့ အိမ် ရှေ့ မုန့်ပျားသလက် လာ ရောင်း လှည့် လို့ ခေါ်တယ် ”
ကြီးကြီး ဆို တာ ဘယ်သူလဲ မေး တော့ ဒေါ်ခင်ဝင်း လို့ မမြင့်မြင့်ရီ က ပြောတယ် ။ ကျွန်တော် တို့ စကား ထိုင် ပြောနေတဲ့ သူ့ ဆိုင် နဲ့ ဓားလွယ်ခုတ် မှာ ရှိတဲ့ ကားလမ်းမကြီး ရဲ့ တစ်ဖက် ကို မမြင့်မြင့်ရီ က ညွှန်ပြတယ် ။ အရိပ် ကောင်းတဲ့ ကုက္ကိုပင်ကြီး ရှိတယ် ။ အဝေးပြေး ခရီးသည်တင် ကား တစ်စီး ရပ်နား နေပြီး ခေါင်းရွက်ဗန်း နဲ့ ဈေးသည်တွေ က ကားကို ဝိုင်းအုံ ပြီး ဈေးရောင်း နေတာ မြင် ရ တယ် ။
လူ့ သဘာဝ က ကိုယ့် အိမ် ရှေ့ လူ ရှုပ် ၊ အမှိုက်ညရှုပ် တာကို မကြိုက်ဘူး ။ ဒေါ်ခင်ဝင်း က တော့ တစ်မျိုး တစ်ဘာသာ ထူးခြားတယ် လို့ ကျွန်တော့် စိတ် မှာ မှတ်သား ထား လိုက်တယ် ။
“ ကြီးကြီး က အမေ့ ကို သားသမီးတွေ ကို အလကား မထားနဲ့ ၊ ပျင်း ရင် ဖျင်း တတ်တယ် လို့ ပြော တယ် ၊ ကျွန်တော် တို့ အိမ် က ကိုးပင်ရွာ ထဲ မှာ အိမ်ဝင်း ထဲ မှာ စံပယ်ပင်လေးတွေ စိုက် ရတယ် ၊ ကျွန်တော်တို့ ရေ လောင်းရတယ် ၊ စံပယ်ပန်းလေး တွေ သီပြီး ရောင်း ရတယ် ၊ အမေ က မုန့်ပျားသလက် ရောင်း တယ် ၊ ကျွန်တော် က ၁၂ နှစ် သမီး မှာ ဈေးဗန်းလေး ခေါင်း ရွက်ပြီး ရောင်း ရတယ် ၊ ကျွန်တော်တို့ မောင်နှမ တွေ တစ်ယောက် တစ်လုပ် လုပ် ရတယ် ”
“ အရင်းအနှီး ဘယ်လို ရသလဲ ”
“ ကြီးကြီး က ပဲ ဗန်းကလေး တစ်ဗန်း ပေး ၊ ပဲလှော် နှစ်ပိဿာ အရင်း တည် ပေး ပြီး ရောင်း ခိုင်းတာ ၊ ကိုးပင်ဒေသ ထွက် ပဲလှော် ၊ အဲဒီ လင်ဗန်း နဲ့ ပဲလှော် ကို အရင်း မပြုတ်ရဘူး ။ တစ်ထုပ် ရောင်း ရရင် အမြတ် ကို ခွဲထား ။ တစ်ထုပ် ဝယ်ပြီး ပြန် ထည့် ၊ မနက် ၆းဝဝ နာရီ က ည ၆း၀၀ နာရီ အထိ ၊ အမြတ် ကို ကျွန်တော့် နာမည် နဲ့ သူ့ ဆီ မှာ စာရင်း နဲ့ အပ် ရတယ် ”
အသက် ၁၂ နှစ် အရွယ် ကလေးမလေး တစ်ယောက် ဈေးဗန်း ခေါင်း ရွက်ပြီး ကားကြို ကားကြား မှာ ဈေးရောင်းမယ့် မြင်ကွင်း ကို ကျွန်တော့် အတွေး ထဲ မှာ ပုံဖော် ကြည့် မိတယ် ။
“ စ စချင်း နေ့ ကျွန်တော် က မရောင်းရဲဘူး ။ ကြီးကြီး က ကျလန် ကြား ထဲ က နေ အော်တယ် ၊ ရောင်း လို့ ဝါးခြမ်းပြားကြီး ကိုင် ပြီး လှမ်း ပြောတယ် ”
ကျလန် ဆိုတဲ့ အသုံးအနှုန်း ကို ကျွန်တော် နား မလည် လို့ မေးတော့ ခြံစည်းရိုး ကို ဒေသ အခေါ် လို့ သူ က ရှင်းပြတယ် ။
“ ပထမဆုံး ဈေးဗန်း စ ရောင်း တဲ့ နေ့ က ၅၆ ကျပ် မြတ်တယ် ”
“ တုတ် ကြောက်လို့ပေါ့ ”
လို့ ကျွန်တော် ပြောတော့ သူ က ရယ်တယ် ။
“ တုတ် ကြောက် လို့ မရောင်းရဲတော့ ကျွန်တော် က မျက်ရည်တွေ နဲ့ ၊ ဒါပေမဲ့ သူ့ ဘက် လှည့်ကြည့် တဲ့ အခါတော့ ပြုံး နေရတာ ၊ မျက်ရည် ကျ ရင် တစ်ဖက် လှည့် ကျ ရတာ ”
မမြင့်မြင့်ရီ က ပြောရင်း ပြုံးတယ် ။ သူ့ ရုပ်သွင် က အညာသူ ဆန်တယ် ။
“ အမေ့ ကို ကြီးကြီး က အစ်ကြီးမ ရဲ့ ဈေးဗန်း အမြတ် ကို အကုန် မပေး နိုင်ဘူး ။ တစ်နေ့စာ ဆန်ဖိုး ပဲ ပေးနိုင်မယ် တဲ့ ။ ကျွန်တော် ရှာတာ ဖွေတာ ကို စာအုပ်ကြီး နဲ့ မှတ် ၊ သူ က လက်မှတ် ထိုး ပေးတယ် ။ လုပ်အား ရှိအောင် ဆိုပြီး တစ်နှစ် တာ ကုန်ရင် နားကပ်လေး တစ်ရန် လုပ် ပေးလိုက် ၊ ဆွဲကြိုးလေး လုပ် ပေးလိုက် လုပ် ပေးတယ် ”
သူတို့ ဆက်စပ်မှု ကို မေးတော့ ဆွေမတော် မျိုးမတော် တွေ ၊ မမြင့်မြင့်ရီ ရဲ့ ဖခင် က ဒေါ်ခင်ဝင်း အိမ် က ကား ကို မောင်းခဲ့သူ ။
“ ကျွန်တော် တို့ ရဲ့ မိသားစု က သူတို့ ကို ကူညီခဲ့တယ် ၊ ကျွန်တော် တို့ ရဲ့ ဘဝ ရှေ့ရေး က သူတို့ နဲ့ ဆိုင်တယ် လို့ သူတို့ က ယူဆ တာ ၊ ကျွန်တော် တို့ ကို ပြန်ပြီး ကြည့်ရှုစောင်မ တာပေါ့ ၊ ကျွန်တော် တို့ ကို သက်သာ အောင် ဆန် ဆိုရင် သူတို့ က ငွေ စိုက်ပြီး အိတ်လိုက် ထောင် ပေးတာ ၊ ဆီ ဆို လည်း ပုံးလိုက် ထောင် ပေးတာ ၊ ဆန် တစ်ဘူး ၊ ဆီ တစ်ဆယ်သား လက်လီ ဝယ် မစားခဲ့ရဖူး ဘူး ”
“ သူ က ငွေ စိုက်ဝယ် ပေးပြီး ပြန် ဆပ် ရတာပေါ့ ”
“ ဟုတ်တယ် ၊ ယူ စား ၊ တစ်လ ကုန် မှ ရှင်း ရတာ ၊ တဖြည်းဖြည်း နဲ့ ပန်းပင် တွေ က ကြီး လာတယ် ၊ စု မိတဲ့ ငွေလေး လည်း များ လာတယ် ၊ ငွေ ကို သုံး မပစ်ရဘူး ။ နှမ်းကောင်း ရင် နှမ်းစိမ်း ဝယ် ထားခိုင်းတယ် ”
“ ဒီနှစ် လေးတင်း ဝယ် နိုင်ရင် နောင်နှစ် ရှစ်တင်း ဝယ် နိုင်တယ် ။ ကြီးကြီး က လမ်းပြ ပေးတယ် ”
စီးပွား ဖြစ် အောင် လက်တွဲ ခေါ်တာပဲ လို့ ကျွန်တော် တွေးမိတယ် ။
“ စာအုပ်တွေ လည်း ဖတ် ခိုင်းတယ် ၊ ဖတ် ထားတာ ကို လည်း ကောက်ခနဲ ကောက်ခနဲ ပြန် မေးတယ် ၊ မဖတ်ဘဲ နေလို့ ကို မရဘူး ”
ဘာ စာအုပ်မျိုးတွေ ဖတ်ခိုင်းတာလဲ မေးတော့ အများအားဖြင့် ဆရာ ဖေမြင့် ရဲ့ စာအုပ်တွေ ဖတ်ခိုင်းတာ လို့ ဆိုတယ် ။ သူ အစွဲလမ်းဆုံး စာအုပ် ကို မေးတော့ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် လို့ ဆိုတယ် ။ မူလတန်း တောင် ကျောင်း ပြီးအောင် မနေရပေမယ့် စာကောင်း ပေမွန် ဖတ်ဖြစ်အောင် တိုက်တွန်းတဲ့ သူ နဲ့ တွေ့ရတဲ့ အခါ ဘဝ အလှည့် အပြောင်း ဖြစ်စေတာပဲ ။
“ စာအုပ် က တော့ ဘာ စာအုပ် ဖတ် ဖတ်ပါ ။ သူငယ်တန်း ဖတ်စာအုပ် ကောက် ဖတ်ရင် တောင် မှ ဘဝ အတွက် အသုံး တည့်တယ် ၊ ကျွန်တော် က မှုခင်း ဂျာနယ်တွေ လည်း ဖတ်တယ် ၊ ကြီးကြီး က ပြောတယ် ။ သူခိုး အခိုး ခံရရင် ကိုယ် က ရှက်ဖို့ ကောင်းတယ် တဲ့ ၊ ကိုယ့် ပစ္စည်း ကို ကိုယ် ထိန်းသိမ်းတာ ညံ့ လို့ သူခိုး ခိုး ခံရ တာတဲ့ ။ ကိုယ့် ပိုက်ဆံ သူများ မမြင်အောင် ထားတတ်ရတယ် တဲ့ ”
သူ ဈေးဗန်း ခေါင်းရွက် လုပ်ခဲ့ရတာ ဘယ်လောက် ကြာ သလဲ ဆက် မေး ပါတယ် ။
“ ၁၂ နှစ် သမီး ကနေ ၁၈ နှစ် အထိ ခြောက်နှစ် လောက် ရောင်းခဲ့ရတာ ၊ ဗန်းကလေး ထဲမှာ ပဲကြီးလှော် တစ်မျိုးပဲ စ ရောင်းတယ် ၊ နောက်ကျ မလိုင်လုံး ၊ တောင်ကြီးပဲကြော် ၊ စာကလေးကြော် ၊ ဆီးထုပ် ၊ မက်မန်းသီးထုပ် ၊ ဆေးလိပ် ၊ ကွမ်းယာ တဖြည်းဖြည်း နဲ့ ဗန်းလေး ထဲ မှာ ပစ္စည်း စုံ သွားတာ ၊ ဉာဏ် ကွန့်မြူး ဖို့ လည်း လိုတယ် ၊ ဒါပဲ ရောင်း နေတာ မရောင်း ရရင် ဘာ လုပ်မှာလဲ ၊ သင်္ဘောသီးသုပ် လေး ရောင်းကြည့် ရင် ရောင်းရ မလား ၊ သင်္ဘောသီးသုပ် က ကိုယ့် လက်ရာ အတိုင်း အရမ်း ရောင်း နေရပြီ ဆိုရင် နောက် တစ်မျိုးလေး စဉ်းစားတယ် ၊ တို့ဟူးသုပ်လေး ရောင်း ကြည့်မယ် ၊ လက်ရာ လည်း ထိန်းရတယ် ”
သူ ပြောတဲ့ ဉာဏ်ကွန့်မြူး ဖို့ လိုတယ် ဆိုတာ က လည်း ကြီးပွားကြောင်း တစ်ရပ် ဖြစ်ပါလိမ့်မယ် ။
“ ကျွန်တော် က အလုပ် ကို စပ်စပ် စပ်စပ် တော့ လျှောက် လုပ်တာပဲ ၊ ဈေးဗန်းရွက် ရောင်းတယ် ၊ ကုန်စိမ်း ရောင်းကြည့်တယ် ၊ ကွမ်းယာ ရောင်းကြည့်တယ် ၊ ဘယ် အလုပ် က ကိုယ် နဲ့ အဆင်အပြေဆုံး အလုပ် လဲ ဆိုတာ ကို ရှာရတာပဲ ၊ လုပ် နေရင်း ရှာရတာ ၊ ထိုင်ပြီး ရှာလို့ မရဘူး ၊ ခရီး လည်း ထွက်ရတယ် ”
ကျွန်တော်တို့ စကား ပြော နေချိန် မှာ မမြင့်မြင့်ရီ ရဲ့ သမီးလေး က သူ့ အမေ ရဲ့ ရင်ခွင် ထဲ ကို တိုးဝင် လာတယ် ။ ကျွန်တော်တို့ စကား ပြောတာ အနှောင့်အယှက် မဖြစ်အောင် မမြင့်မြင့်ရီ ရဲ့ ညီမလေး က ကလေး ကို လာ ပွေ့ ခေါ် သွားတယ် ။
“ ရွာ မှာ နေရင် ရွာ အသိအမြင်ပဲ ရှိတာ ၊ ပြည် ရောက် ရင် ပြည် က အဆောက်အအုံ မြင် ရတယ် ။ ရန်ကုန် ရောက် ရင် ရန်ကုန် ကို မြင်ရတယ် ၊ ခရီး ထွက်မှ အသိအမြင် ပြောင်း တာ ၊ ကြီးကြီး က မျက်စိ ကို အလကား မထားရဘူး ၊ ရောက် တဲ့ နေရာ ကို ကြည့် ၊ သူတို့ လုပ်သလို ကိုယ့် ဆီ မှာ ဘာ လုပ်နိုင်သလဲ စဉ်းစား ခိုင်းတယ် ”
ကြီးကြီး လို့ သူ ခေါ်တဲ့ ဒေါ်ခင်ဝင်း ကို တွေ့ချင် လာတယ် ။ ဒါပေမဲ့ ဒေါ်ခင်ဝင်း က တရားရိပ်သာ မှာ ပဲ နေတာ တဲ့ ။
“ ပစ္စည်း ဝယ် ရာ မှာလည်း အောင်လံ နဲ့ ပြည် နဲ့ တောင် ဈေး မတူဘူး ၊ ကိုးပင် မှာ အချိုမှုန့် တစ်ထုပ် ကို ကျပ် ၈၀၀ ရောင်းတယ် ၊ တောင်တွင်းကြီး မှာ ဝယ် ရင် ၅၈ဝ ပဲ ရှိတယ် ၊ ၁ဝ ထုပ် ဆို အများကြီး ကွာ သွားပြီ ၊ ဒါ အချိုမှုန့် တစ်မျိုး ပဲ ရှိသေးတယ် ၊ မဆလာ ဆိုရင် ကိုးပင် မှာ တစ်ထုပ် ကို ၂၅ဝ ၊ တောင်တွင်းကြီး မှာ ဝယ် ရင် ၁၉ဝ ၊ ၆၀ ကွာ သွားပြီ ၊ ကျွန်တော် တို့ ဆိုင် အတွက် ပစ္စည်း ကို ပြည် က ပဲ ဝယ်တယ် ၊ ကျွန်တော် တို့ ကို တိုးတက်တယ် သာ ပြောတာ ၊ ကျွန်တော် တို့ က စနစ် ရှိတယ် ”
“ ခြံလေး ထဲ မှာ အမျိုးစုံ စိုက်ထားတာ ၊ စံပယ်ပန်း အပြင် ချဉ်ပေါင် ၊ ပဲတိုင်ထောင် ၊ ရုံးပတီ ၊ ဘူးသီး ၊ ဖရုံသီး ၊ ပဲရှည်သီး ၊ ကိုယ့် ခြံလေး နဲ့ ကိုယ် စိုက်တော့ ဝင်ငွေ လည်း ရ ၊ အိမ် စားဖို့လည်း ဘာမျှ မဝယ်ရတော့ဘူး ၊ ဘုရားကျောင်းဆောင် က အစ မီးဖိုချောင် အထိ အိမ် ကို လည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ထားတော့ စိတ် လည်း ကြည်လင်တယ် ၊ အိမ် ကျက်သရေ ရှိအောင် ထားတာလည်း လာဘ် ကောင်းတယ် ၊ ကျန်းမာရေး နဲ့ လည်း ညီတယ် ”
“ စံပယ်ပန်း လည်း ရောင်းရတယ် နော် ”
“ ကျွန်တော် တို့ အိမ် က စံပယ်ပန်း က တင်း နဲ့ ချီ ပွင့် ဖူးတယ် ၊ ည ၈းဝဝ နာရီ လောက် ဆို အဖူးတွေ က ပွင့်ပြီး အာ လာတာ ၊ အဲဒါ သီ ပြီး ထွက် ရောင်းတယ် ”
ည မိုးချုပ် မှာ စံပယ်ပန်းတွေ ဘယ် မှာ ရောင်းတာလဲ မေးတော့ ကုန်ကား တွေ စားသောက်ဆိုင် မှာ ရပ်နား တာ ကို သူတို့ ညီအစ်မ သွား ရောင်းတာ လို့ ပြော ပါတယ် ။
“ အပျိုအရွယ် မိန်းကလေး နှစ်ယောက် ည မိုးချုပ် မှာ ပန်း လာ ရောင်း တာ ကို အထင်သေး အမြင်သေး စတာ နောက်တာ မရှိဘူးလား ”
“ ကားသမားတွေ က စ ကြည့်တယ် ၊ မရရင် ဆက် မစပါဘူး ၊ တို့ ကြည့် တယ် ၊ လက်မခံရင် ဆက် မတို့ပါဘူး ၊ အချိန် မတော် ပန်း လာ ရောင်းတာ ဆိုပေမယ့် ဒါလောက် မှောင်မှောင်ကြီး လာ ရောင်းတာ ဟိုနား မှာ ဘကြီး ဘထွေးအိမ် ရှိလို့ ပေါ့လို့ ညာ ပြော လိုက်တာတာပေါ့ ဦး ရာ ၊ တအား မှောင်မှောင်ကြီး ဆို သွား မရောင်းဘူး ၊ ဆိုင် ထဲ မီးရောင် အောက် ပဲ ရောင်းတာ ၊ သူများ တွေ အိပ် နေတဲ့ အချိန် ကျွန်တော် တို့ က အလုပ် လုပ် နေရတာ ”
မမြင့်မြင့်ရီ က ကျွန်တော့် ရှေ့ က ရေနွေးခွက် လျော့ ရင် ထပ်ဖြည့် ဖြည့် ပေးတယ် ။
“ ကျွန်တော်တို့ စံပယ်ပန်း တအား ရောင်း ရတယ် ၊ ခုချိန်ထိ ရောင်းနေ ရတုန်းပဲ ၊ ရောင်းအား မကျအောင် ဖောက်သည် ငြိုငြင်အောင် မလုပ်ဘူး ၊ ဖောက်သည် ကို ဘယ်တော့မျှ ပြန် မငြင်းဘူး ၊ ဥပမာ ဖောက်သည် က ခြောက်ရက်ခ ပေးရမယ် ၊ ဒါပေမဲ့ ငါးရက်ခ ပဲ ပေး ရင်လည်း ပြိုင် မငြင်းဘူး ။ လူငယ်တွေ က တော့ မဟုတ် မခံဘူး ၊ မှန်ရာ လုပ်တာ လို့ ပြောတယ် ”
“ တကယ်တော့ တစ်နေ့ မျှ မနားဘဲ နဲ့ ကြိုးကြိုးစားစား အလုပ် လုပ်ခဲ့လို့ တိုးတက်တာပါ ဦး ၊ ခံယူချက်လေး လည်း ရှိတယ် ။ ပုံမှန် ကြိုးစား ရင် တိုးကို တိုးတက်မယ် လို့ ယုံကြည်ချက်လေး လည်း ထားတယ် ၊ ကြီးကြီး က အနေ စုတ်ပေမယ့် ရွှေ ထုပ်တဲ့ မြပဝါ ဖြစ်ရမယ် တဲ့ ၊ ကိုယ် က အနေ ဘယ်လောက် ပဲ စုတ်စုတ် ကိုယ့် အထုပ် ထဲ မှာ ပြည့် နေဖို့ အရေးကြီးတယ် ”
“ ဒေါ်ခင်ဝင်း ရဲ့ ဆုံးမ သွန်သင်မှုတွေ က ကိုယ့် ဘဝ အတွက် အများကြီး အကျိုး ဖြစ်ခဲ့တာပေါ့ ”
“ ဟုတ်တယ် ၊ သူများ ကို မပြိုင်နဲ့ ၊ ဒီနှစ် ကိုယ့် မှာ ၁ဝဝ ရှိရင် နောက်နှစ် ၂ဝဝ ဖြစ်အောင် လုပ် ရမယ် ၊ တချို့က ပြောတယ် ၊ ခုခေတ် ကာလ ကုန်ဈေးနှုန်း နဲ့ ပိုတယ် ဆိုတာ မရှိပါဘူး တဲ့ ၊ ကိုယ့် ဝင်ငွေ နဲ့ ချင့်ချင့်ချိန်ချိန် သုံး ၊ စုဆောင်းပြီး အရင်းအနှီး လုပ် ၊ ကျန်းမာရေး နဲ့ ညီညွတ် အောင် စား ”
“ ကျွန်တော်တို့ မောင်နှမ တစ်တွေ မိသားစု က အားလုံး တက်ညီလက်ညီ အလုပ် နဲ့ လက် နဲ့ မပြတ်အောင် လုပ်ခဲ့ကြရတာ ၊ ဒါကြောင့် အဆင်လေး ပြေ လာ တာ ၊ တချို့က ကျွန်တော်တို့ ကို မာန ကြီးတယ် လို့ ထင်တယ် ၊ ဖြတ်သန်းခဲ့ကြရတဲ့ ဘဝ ချင်း က မတူကြဘူး ဦး ရဲ့ ၊ မာန ကြီး တာ မဟုတ်ပါဘူး ၊ ကျွန်တော်တို့ က ရိုးရိုးသားသား အလုပ် လုပ် နေတာ မြင် တော့ ချမ်းသာ တဲ့ သူတွေ က ချစ် ကြတာ ၊ တကယ် အလုပ် လုပ်တဲ့ သူတွေ က အလုပ် လုပ်တဲ့ သူ ကို မြင်တယ် ၊ နားလည်တယ် ”
သူ က စကား ပြောတာ ခဏ ရပ်ပြီး ကျွန်တော့် ကို လက်ဖက်ရည် တိုက်တယ် ၊ သူ့ ဆိုင် က လက်ဖက်ရည် က တော်တော် ကောင်းတာ ကို သတိထား မိ ပါတယ် ။
“ ရပ်မိရပ်ဖ လူကြီး ပါ ပဲ ဦးခင်မောင်ထွန်း ဒီ အိမ်ဝိုင်း ကို ယူ မလားတဲ့ ၊ ငယ်ငယ် က ဒီ နား မှာပဲ ဖြတ်သွား ဖြတ်လာ နေခဲ့မိတာ ၊ တစ်နေ့ ကိုယ် ပိုင်ဆိုင်ရမယ် လို့ လည်း မမှန်းရဲဘူး ၊ ညီမလေးတွေ ကို ဆွဲကြိုးလေးတွေ ဝယ်ပေး ထားတာတော့ ရှိတာပေါ့ ၊ အမေ့ ကို ပြော ရတယ် ၊ နွား တောင် မှ ခိုင်း ပြီးရင် ကျေနပ်အောင် နှမ်းဖတ်ရည် တိုက်ရတယ် လို့ ”
ဘဝ ထဲ က ဒဿနတွေ ပဲ လို့ ကျွန်တော် မှတ်သား ထား လိုက်ပါတယ် ။
“ ဦးခင်မောင်ထွန်း က တော့ ငွေ လိုရင် သူ ချေးပေးမယ် တဲ့ ၊ ဒါနဲ့ ဝယ်မယ် ဆိုပြီး ဆုံးဖြတ် လိုက်တယ် ။ ဝိုင်း ပိုင်ရှင် ဆရာကြီး ကို သွား တွေ့ တော့ ကျွန်တော် တို့ က ပိုက်ဆံ ရှိလို့ ဝယ် ရတာ မဟုတ်ပါဘူး ၊ တကယ် နေစရာ မရှိ လို့ ဝယ်ရတာပါ ပြောပြီး အကြိမ်ကြိမ် ဆစ် တော့ နောက်ဆုံး မှာ သုံးသိန်း လျှော့ ပေးတယ် ၊ ကျွန်တော့် စကား က သုံးသိန်း တန် သွားပြီ ၊ နှုတ် ချိုတဲ့ တန်ဖိုး ကို ကျွန်တော် သိတယ် ”
“ ငွေ လုံလောက်ရဲ့လား ”
“ စုဆောင်းထားတဲ့ ရွှေလေးတွေ အောင်လံ ကို သွား ရောင်းတော့ ကံအားလျော်စွာ ပဲ ဦးခင်မောင်ထွန်း ဆီ က ချေးစရာ မလိုဘဲ လုံလောက် သွားတယ် ၊ သူတို့ က ကျွန်တော်တို့ ကို စိတ်ရော ကိုယ်ပါ ကူညီတယ် ။ ခုထိလည်း သူတို့ က ချစ်တယ် ၊ ရောင်းချင် ဇော အားကြီး ပြီး သွား ရောင်းတာ ဥပုသ်နေ့ ဖြစ်နေတယ် ။ ရွှေဆိုင် တွေ ပိတ်တယ် ၊ ဒါပေမဲ့ ကံ ကောင်းတယ် ဦး ။ ပွဲရုံ က ဦးမြရွှေ က ရွှေဒိုင် လိုက် ပို့တော့ ကြားထဲ က ပွဲခ လည်း မပေးရ ၊ အလေးချိန် လည်း မှန်တော့ ပိုထွက် လာတယ် ”
လမ်းမကြီး ပေါ် မှာ ဝိုင်းပိုင် ခြံပိုင် ဖြစ်သွားပြီပေါ့ လို့ ကျွန်တော် က ရယ်ရယ် မောမော ပြောတယ် ။
“ ဝယ်ပြီး သွား ပေမယ့် ဒီ ရှေ့ က ဖြတ် လျှောက် ရင် ဒီဘက် လှည့် မကြည့် ရဲဘူး ၊ ရှက်တက်တက် နဲ့ ဖြစ်နေတာ ။ ဒီ ရှေ့လျှောက် ရင် လေ ထဲ လမ်းလျှောက် သလိုပဲ ။ ဒီ ရှေ့မှာ ကျွန်တော် နဲ့ ဘဝတူ တစ်ယောက် က ကွမ်းယာဆိုင်လေး တစ်ဆိုင် ဖွင့် နေတာ ရှိတယ် ၊ ဝိုင်း ပိုင်ရှင် က ဖယ်ခိုင်း ပေးတယ် ၊ ဒါကို ကျွန်တော်တို့ က ညှာ ပြီး တစ်လ တော့ ဖွင့်ပါဦး ပြော မိတာ ၊ ကျွန်တော်တို့ ကို အ,တယ် ဆိုပြီး ဖယ် မပေးဘူး လုပ်တာ ”
သူ့ ဇာတ်လမ်း ဘယ်လို စခန်းသိမ်း မှာလဲ ကျွန်တော် စိတ်ဝင်စားတယ် ။
“ တရား ကို နတ် မစောင့်ဘူး လို့ ထင်မိ လာတယ် ၊ အမှန်တကယ် ကတော့ ကျွန်တော် တို့ ကံပဲ ၊ ကံချည်း အားကိုး နေလို့တော့ လည်း မဖြစ်သေးဘူး ။ သတ္တိ ရှိတဲ့ လူ တစ်ယောက် က အားပေးတယ် ၊ သမီး သူ့ ကို မမြင်ချင်ဘူး မဟုတ်လား ၊ ဦးလေး ဓား သုံးချောင်း ပေးမယ် တဲ့ ၊ သ,တ်ရမှာ လားလို့ တောင် စဉ်းစား လာတယ် ၊ နောက် တော့ မလုပ်သင့်ပါဘူးလေ လို့ ပြန် တွေးတယ် ၊ စိတ်ဓာတ် ခွန်အားတွေ တော့ တက် လာတယ် ၊ နောက်နေ့ ကျ မနက် အစောကြီး ထ ပြီး သူတို့ လာ မဖွင့်ခင် သူတို့ ဆိုင် ကို မရွှေ့ ပစ်လိုက်တယ် ၊ အဲဒါနဲ့ ပြီးသွားရော ”
ကျွန်တော်တို့ ရယ်မော လိုက်မိကြတယ် ။
“ ကျွန်တော်တို့ ကို ကြောက်တယ် ထင်တာ ၊ မကြောက်ဘူး ဆိုတာ သိ တော့ လည်း တစ်ဖက် က လျှော့ သွား တာပဲ ”
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ စုစည်းမှု - ၈
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment