Monday, March 27, 2023

နု ( ၁ )


 ❝ နု ❞


နု ၏ ဆံနုကလေးတွေ ကို လေနု က နော့ နေ သဖြင့် တနွဲ့နွဲ့ ယိမ်းပါး ဆော့ကစား နေပါသည် ။


အချိန် မှာ နုလှပါ သေး သည် ။ ယခု မှ ပင် နေမင်း မှာ ပွင့်သစ်မည် ကြံရွယ်ဆဲ ဖြစ်ရာ ငြိမ်းချမ်းလှသော လောကဓာတ် အတွင်း ၌ နှင်းဥ နှင့် လေနု တို့ ရောယှက် ထွေးတင်ကာ တစိမ့်စိမ့် အေး၍ တအေးအေး နှင့် ချမ်းနေ ဆဲ မှာ ပင် နု သည် အေးချမ်းမှု ကို အလေး မပြုနိုင်ဘဲ အလုပ်ခွင် သို့ သွား ရရှာတော့သည် ။


နု အား နာမည် မှည့်ခေါ်ရမည့် အရွယ် သို့ ရောက်လာ သောအခါ မိဘ နှစ်ပါးစလုံး က ပင် ကျေကျေနပ်နပ်ကြီး “ မနု ” ဟု ပညတ် ခေါ်တွင် စေခဲ့၏ ။


သို့ပါသော်လည်း မနုကလေး ဟာ အလွန်တရာ မှ ပဲ ချစ်စရာ ကောင်းလှသည် ။ ထို့ကြောင့်ပင် သူ့ အား အိမ်နီး နားချင်းများ က အနု ဟု ခေါ်တွင် ရာ မှ နောက်တွင် ( နု ) ဟု သာ ခေါ်ကြတော့သည် ။ နု မိဘများ က လည်း နု ဟု ပင် ခေါ်ငင် နှုတ်ကျိုး နေသဖြင့် နု ဟူသည် ၏ အခြားမဲ့ ကို ခေါ်ဝေါ် သုံးစွဲခြင်း မပြုကြတော့ ။


နု .. နု .. နု .. နာမည် နှင့် လည်း တကယ့် ကို လိုက် လျော အဆင်ပြေလွန်းပါသည် ။ အသက်အရွယ် လည်း နု ပါ သေးသည် ၊ အသားအရည် အဆင်းသဏ္ဌာန် လည်း နုပျို လှ သည် ။ အပြောအဆို အမူအရာ အလုပ်အကိုင် တွင် လည်း နုနယ်သိမ်မွေ့လှသည် ။ နု မှာ တကယ်ပင် နု သည် ။ ဒါပေမဲ့ တစ်ခုတော့ အဆင်  မပြေပါ ။


ထို တစ်ခုတည်း သော အဆင်မပြေမှု မှာ အေးအေးချမ်းချမ်း နုနုကလေး မနေရခြင်း ပင် ဖြစ်တော့သည် ။ နု မှာ ဖခင် မရှိပါ ။ အသက် ၅ဝ တွင်း မိခင်ကြီး နှင့် ဆယ်နှစ် ကိုးနှစ်သား မောင်ကလေး တစ်ယောက် နှင့် သာ အားလုံးပေါင်း နု ပါ သုံးယောက် ဖြစ်လေသည် ။ နု ၏ မောင်ကလေး မှာ အသက်အရွယ် အသိဉာဏ် အား ဖြင့် ငယ်လွန်းလှသေး သည် ။ အိမ် ၌ တောက်တိုမည်ရ ဆေးပေးမီးယူ လောက်သာ အသုံးကျ သည် ။ ဖြစ်ဖြစ်မြောက်မြောက် အကူအညီ မရသေးပါ ။ တကယ် ဆိုတော့လည်း ကစားသည့် အရွယ် ကလေး သက်သက် ပဲ ဖြစ်ရှာပါသည် ။  

နု မိခင် ကို ကြည့် လိုက် ပြန်ပါသော်လည်း မီးယပ် သည် ရောဂါရှင် ဖြစ်ပါသည် ။ တစ်လ တွင် တကယ်ပင် ရက် ပေါင်း ၃၀ လောက် နေထိုင် မကောင်း ဖြစ်တတ်သည် ။ အလွန် ချောင်း ဆိုး၍ အစဉ် မောပန်း နေ သူ တစ်ဦး ဖြစ်လေရာ ထို့ကြောင့်လည်း သူ့ မှာ ဘာကိုမျှ မလုပ်နိုင် ။ အိမ်ထောင် အတွက် အထောက်အပံ့ လုံးဝ မရဘဲ ရှိလေတော့သည် ။


နု တို့ တစ်အိမ်ထောင်လုံး ၏ နေရေးထိုင်ရေး စားရေး သောက်ရေး ဝတ်ဆင်ရေး ၊ ဟိုအရေး ဒီအရေး အားလုံး အရေးတွေ မှာ နု ၏ တာဝန် လုံးလုံးလျားလျား ဖြစ်သည် ။ ငွေ ကြေး ရှာဖွေရေး မှာ လည်း နု ၊ ချက်ရေးပြုတ်ရေး မှာ လည်း နု ၊ အိမ်ထောင် ထိန်းသိမ်းမှု မှာ လည်း နု ၊ လူမှုဆက်ဆံရေးကိစ္စ တွေ မှာလည်း နု ၊ ဘာမဆို နု သာ လုပ်ရပါသည် ။ ဦးစီး ရပါ သည် ။ အကယ်၍ နု သာ ဦးစီး မလုပ်ကိုင်ခဲ့သော် ဘယ်သူ လုပ်ကိုင် ဦးစီးနိုင်ပါ့မလဲ ? ထို့ကြောင့်ပင် အစစမှာ ဖြင့် နု တာဝန်ပါပဲ ။


နု မှာ နုနုနယ်နယ် သူ့ အရွယ် နှင့် မလိုက်လျော အောင် ပင် သိတတ်စွာဖြင့် လိမ္မာရေးခြား ရှိသူကလေး တစ်ယောက် ဖြစ်ပါသည် ။ သူ့ ကျေးဇူးရှင် မိခင်ကြီးနှင့် သူ့ ချစ် လှစွာသော မောင်ကလေး ၏ တာဝန် သည် သူ့ အပေါ် ၌ အစဉ် တည်နေသည်ကို နု နားလည်ပါသည် ။ ဤသည်ကြောင့် ပင် လျှင် နု သည် အိမ်ထောင် ၏ လုံခြုံရေး အတွက် သူ နှင့် မလိုက်လျောသော ပင်ပန်းသည့် ကူလီ အလုပ် ကို လုပ် ရ ရှာတော့သည် ။


သို့သော် လုပ်ခ မှာ နည်း လွန်းသည် ။ အထိတ်ထိတ် အလန့်လန့် ဘေးရန်တွေ အသွယ်သွယ် ကြား မှာ တစ်နေ့လုံး မနားမနေ ချွေးမြေ ကျ လုပ်ရသော်လည်း ထို တစ်နေ့လုံး အတွက် ဝင်ငွေ မှာ ၇၅ ဆင့် သာ ဖြစ်ပါသည် ။ လုပ်ခ နည်း သော်လည်း ကုန်ဈေး မကြီး လျှင် တော် ပါသေးသည် ။ ယခု မူ ဆန်တစ်ပြည် ကို ငွေ ၁ဝိ သို့မဟုတ် ဆင့် ၁ဝဝဝ ကျော် ပေး ဝယ်ရသော အချိန်အခါကြီး ဖြစ်ရာ နု ၏ လုပ်ခ မှာ ( ဝါ ) နု ၏ ချွေး နှင့် ဇွဲ နှင့် အသက် နှင့် ရင်းနှီးရသော အလုပ် တန်ဖိုး ရငွေ မှာ ဘယ့်နှယ် လုပ် ၍ နု တို့ အိမ်ထောင် အတွက် သုံးစွဲရန် လုံလောက်ပါ မည်နည်း ။ တစ်ခုတော့ တော်ပါသေးသည် ။ ( နိပွန် ရေနံတူးဖော်ရေးကုမ္ပဏီ ) က ရေနံမြေ အလုပ်သမား များ ကို တစ်နေ့ လျှင် လူ တစ်ယောက် အတွက် ဆန် ၃ ပေါင် ကျ လူဦးရေ အလိုက် ပေးဝေခြင်း ပင် ဖြစ်ပါသည် ။ သို့ကြောင့်ပင် လျှင် မသေ ထမင်း မသေ ဟင်း ကို စား ရတော့ သည် ။ နို့မို့ရင် အခက်ပေါ့ ။ ဒါတောင် ခက်လှပါသေး သည် ။ လုပ်ခငွေ မှာ ဟင်းလျာဖိုး တောင် မရပါ ။


သို့ပေမင့် သည် အလုပ် က လွဲ၍ အခြား အလုပ် ကို နု မလုပ်တတ် ၊ မကိုင်တတ်ပါ ။ အစား အငတ်ငတ် ၊ အဝတ် အပြတ်ပြတ် နှင့် ပင် တဲစုတ်ကလေး မှာ ချို့ချို့တဲ့တဲ့ နေရပါ သည် ။ တနင်္ဂနွေနေ့ ၏ အခြားမဲ့သော နေ့ များတွင် နု သည် နေ မထွက်ခင် မှ နေ ဝင်သည် လောက် အထိ အလုပ်ခွင် သို့ သွားရောက် လုပ်ကိုင်ရသည် ။ နေ့စဉ်နေ့စဉ် အိမ်ပြင် အလုပ် ၊ အိမ်တွင်း အလုပ်တွေ ရှုပ်ပွေ နေ သဖြင့် အိပ်သည့် အချိန် က လွဲ လျှင် နု ခမျာ မှာ မအားလပ်ရှာပါ ။


နီပြေပြေ ရောင်ခြည် အလင်း သည် ရီဝေဝေမှောင် ထည် အတွင်း သို့ အတင်းပင် တိုးဝင် လာတော့သည် ။ မြင့်မြင့်မားမား နှင့် တင့်တင့်ကြွား ကာ ထင်ရှားစလုလု မြင်ရ သော ရေနံတွင်းတွေ မှာ တကယ်ပင် ရေနံမြေ ပီသသည့် အသွင်အပြင် ကို ပေါ်လွင် စေတော့သည် ။


နု သည် သမင်ပျိုမကလေး ကဲ့ သို့ ကြွားကြွားကြွကြွ လှပ တင့်တယ်သော ဟန်ပန်ဖြင့် လျှောက် နေသည် ။ နု သည် သူ ၏ ဘဝကို မရွံမုန်း ၊ မစက်ဆုပ်နိုင်ရှာပါ ။ “ ဖြစ်သ မျှ အကြောင်း ၊ အကောင်း ”  ဟူ၍ သဘောထား ကာ ပင် ကျေနပ် နေရပါသည် ။  


“ ဟေ့ နု လာပလားဟေ့ ”  


နု သည် ရုတ်တရက် လန့်ဖျပ် သွားရလေသည် ။ သို့ သော် ဤ နှုတ်ဆက်သံ မှာ နု အလုပ် သွားရန် လာတိုင်း လာတိုင်း ဆီး၍ ဆီး၍ နှုတ်ဆက်နေကျ အသံ ပင် ဖြစ်၏ ။ ဤ နေ့ တစ်နေ့ မှာ သာ နု စိတ် သည် လောကဓာတ် ကဲ့သို့ ကြည် နူးနေသောကြောင့် လန့်ဖျပ် သွားခြင်း ဖြစ်သည် ။  


“ အေးဟေ့ ... ဖွားခင် ရေ ၊ အေးသက် လည်း ရောက် နေပေါ့ ”  


ဖွားခင် နှင့် အေးသက် မှာ နု နှင့် အလုပ် လုပ်ဖော်လုပ်ဖက် သူငယ်ချင်းများ ဖြစ်ကြသည် ။ သူတို့ မှာ တစ်ဦး နှင့် တစ်ဦး အထူး ချစ်ခင်ကြ၍ သွားအတူ ၊ လုပ်အတူ ၊ ပြန်အတူ ဘာမဆို စိတ်တူ ကိုယ်မျှ ဖြစ်သည် ။ နု သည် သူ့ အား ရပ် စောင့်နေကြသည့် ဖွားခင် ၊ အေးသက် တို့ နှင့် ဖိုခနောက် ဆိုင် ရပ်လိုက်သည် ။


“ ချမ်းလိုက်တာ နု ရယ် ... ညည်း စောင့်နေရတာ ၊ အတော့် ကို ကြာ သွားပြီ ၊ လာမှ လာပါဦးမလား လို့ တောင် အောက်မေ့တယ် ”   


“ မလာလို့ ဖြစ်မလား ဖွားခင် ရယ် ၊ တစ်နေ့ မလုပ်ရင် တစ်နေ့စာ ဘယ်က ရမလဲ ။ နောက်ကျတာတော့ ဟုတ် တယ် ၊ ည က အမေ အတော်လေး အဖျား တက် နေတာနဲ့ ကောင်းကောင်း မအိပ်ရဘူး အေ့ ။ ငါ့ မှာ တခြား ကိုယ်ခွဲ လည်း မရှိတော့ ဘာမဆို တစ်ယောက် တည်း ဒိုင်ခံ လုပ်ရတာပဲ ” 


နု ၏ စကားအဆုံး တွင် သုံးယောက်သား တိုင်ပင် ထားသလို ရပ်နေကြရာ မှ ညီညီညာညာ လှမ်း ထွက်လိုက် လေသည် ။


“ ဪ ဒါနဲ့ ကောင်မ ရေ နု ညည်း သတင်း တစ်ခု ကြားလား ” 


အေးသက် သည် အတော်ကလေး စိတ်အား ထက်သန်စွာ ဖြင့် နု အား မေး လိုက်လေသည် ။


“ ဘာတုံး အေ့ ၊ ဂျပန်တွေ အိန္ဒိယ ရောက်ပြီ ဆိုတာ လား ၊ ကြားသားပဲ ” 


နု သည် ခပ်ပေါ့ပေါ့ ခပ်အေးအေး ပင် အရေး မလုပ် သလို ဖြေ လေသည် ။


“ မဟုတ်ဘူး ကောင်မ ရဲ့ ။ ဂျပန်တွေ အိန္ဒိယ ရောက်တာ မဟုတ်ဘူး ။ တို့ မြန်မာပြည် ကို ဂျပန်တွေ လွတ်လပ် ရေး ပေးပြီတဲ့ တော့ ။ ဒေါက်တာဘမော် ဆိုတာ က ရှင်ဘုရင် ၊ ဗိုလ်အောင်ဆန်း ဆိုတာ က စစ်ဗိုလ်ကြီး တဲ့ ။ တို့မြန်မာတွေ ကောင်းစားကြတော့ မှာတဲ့ တော့ ” 


ထို စကား ကို အေးသက် သည် တော်တော် ကို နှစ်နှစ်ကာကာ ပြောသည် ။ သူ ကိုယ်တိုင် မမျှော်မှန်း ၊ မသိမြင် စွမ်းနိုင်သော ကောင်းစားမှု ဆို သည့် စကားသံ အတွက် သူ့ မှာ အလွန်အမင်း ကို ဝမ်းသာ နေသည် ။ သူ့ စိတ် ထင်တော့ လွတ်လပ်ပြီ ဆိုလျှင် ဘာမဆို ပူစရာ မရှိ ၊ ပင်စရာ မရှိ ၊ ပြည့် ပြည့်စုံစုံ ဖြစ်အောင် တစ်ယောက် ယောက် လုပ်ပေးလိမ့်မည် ဟု ထင်သည် ။


“ ဘယ့်နှယ် .. အေးသက် တို့ မြန်မာပြည် ကို ဂျပန် က လွတ်လပ်ရေး ပေးတယ် ဟုတ်လား ” 


နု သည် လွတ်လပ်ရေး ၏ အဓိပ္ပာယ် ကို ကောင်းစွာ ပင် နားမလည်ချေ ။ ထို့ကြောင့်ပင် မေးခြင်း ဖြစ်သည် ။


“ အေးတဲ့ တော့  ... တို့ လွတ်လပ်ရေး ရ ပတဲ့ ” 


“ လွတ်လပ်ရေး ရ တော့ တို့ က ဘာ လုပ်ရမှာတုံး ၊ ဘယ်လို နေရမှာတုံး ” 


“ ဘာ လုပ်ရမလဲ ကောင်မ ရဲ့ ။ တို့ လွတ်လပ်ရေးရ တော့ ကောင်းစားကြမှာပေါ့ အေ ၊ လွတ်လပ်ရေး ရပြီး ရင် တို့မြန်မာတွေ ချမ်းသာမှာ တဲ့ ၊ တို့ အိမ်နား က ဦးလေးထူး ပြောတယ် ” 


“ တို့ ချမ်းသာတယ် ဆိုရင် တို့ မှာ လုံချည်တွေ ၊ အင်္ကျီ တွေ လဲစရာ အများကြီး ရှိမှာပေါ့ နော် ” 


ဖွားခင် သည် တစ်လျှောက်လုံး စိတ်ဝင်စားစွာ နား ထောင် နေရာ မှ ဝင် ပြောလိုက်ခြင်း ဖြစ်ပေသည် ။ အကယ်၍ ထို စကားကို ဖွားခင် မပြော တောင် မှ နု က အလားတူ အဓိပ္ပာယ် သက်ရောက်သော စကား ကို ပြောမည် အမှန် ဖြစ် သည် ။


စားသောက်ရေး ၊ ဝတ်ဆင်ရေး မှာ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာသော သူများ အဖို့ အမှတ်မထင် အသေးအဖွဲ ကိစ္စ တစ်ရပ် ဖြစ် နေ သလောက် နု တို့ ၊ ဖွားခင် တို့ ၊ အေးသက် တို့လို ဆင်းရဲ နွမ်းပါးလှရှာသည့် အပျိုအရွယ်ကလေး များ အဖို့ မှာမူ တကယ့် သေရေးရှင်ရေး အကြောင်း ကိစ္စ တစ် ရပ် ဖြစ် လေတော့သည် ။ သူတို့ မှာ အဝတ်အစား ပြည့်ပြည့် စုံစုံ မရှိ ။ အလွန့် အလွန်ဆုံး ရှိ လှ မှ ချည်လုံချည် ၊ ချည်အင်္ကျီ နှစ်စုံ ထက် ပိုမည် မဟုတ်ပေ ။ ထို့ကြောင့်ပင် သူတို့ ခမျာမှာ လှချင် ပချင် ၊ မော်ချင် ၊ ကြွားချင် သည့် အပျိုရွယ်ကလေးတွေ ပီပီ အဝတ်အစား အကြောင်း ကို စိတ်ဝင်စားသည် ။ အဝတ် အစား ကို ခုံမင် တပ်မက်သည် ။


သူတို့ ကိုယ် သူတို့ ဆင်းရဲလှသည် ဟု သူတို့ အသိ အမှတ် ပြု မိကြသည် ။ ဟုတ်လည်း ဟုတ်ပါသည် ။ တကယ်ဆိုတော့ ဆင်းရဲကြပါသည် ။ သို့ပေမဲ့ သူတို့ နှင့် အလုပ်တူ လုပ်ကြသော အချို့ ကူလီမကလေးတွေ မှာ တစ်ထည် စို ၍ မှ တစ်ထည် လဲ စရာ မရှိသော အခြေ အထိ ရောက် နေကြသည် ကို သူတို့ သိကြပါသည် ။


“ အေးပေါ့ ဟ အများကြီး ရှိမှာပေါ့ ။ ချမ်းသာတဲ့ နောက် ဘာမဆို ပြည့်စုံတော့မှာပေါ့  ” 


အေးသက် သည် လေထဲ တွင် ဆောက်တည် နေသော တိုက်အိမ် ပေါ် မှ နှစ်သိမ့် ကြည်နူးစွာ အဖြေ ပေး လေသည် ။


“ ဒီလိုဆိုရင် ဟုတ်ပြီ ။ ငါ့ ရည်းစား ကိုမောင်ခ နဲ့ ယူ နိုင်မှာပဲ ။ သူ လည်း ချမ်းသာ ၊ ငါ လည်း ချမ်းသာတော့ ဘာ ပူစရာ ပင်စရာ ရှိတော့လဲ ။ ကျကျနန တိုက်ကြီး နဲ့ နေပြီးတော့ ပိုး တို့ ၊ ဘန်ကောက် တို့ ကတ္တီပါ တို့ ဆိုတာတွေ အမြဲတမ်း ဝတ် မှာပေါ့ ။ လမ်း ထွက်လို့ ရှိရင် အဝတ် ကို ဆင်တူ ဝတ်မယ် ၊ ပြီးတော့ သိပ်လှတဲ့ မော်တော်ကား ကြီး ကို စီးမယ် ။ ဒီလို စိတ် ချမ်းသာ ကိုယ် ချမ်းသာ နေ ရ တော့လည်း ဘယ်နည်း နဲ့ မဆို ငါ ဟာ အခု ထက် ပို လှ လာမှာ ဒိဋ္ဌ ပဲ ” 


“ အို .. ဟန်ကျတာပေါ့ အမေ့ ရောဂါ ပျောက်သွား အောင် သိပ်ကောင်းတဲ့ ဆရာကြီးတွေ ကို ခေါ်ပြီးတော့ ကု မယ် ။ အမေ တောင့်တ နေတဲ့ သင်္ဘောသီးတို့ ၊ ကြက်သား ဟင်း တို့ လည်း ကောင်းကောင်း ချက် ကျွေး လိုက်မယ် ။ ဒီလို ဆို ရင် အမေ လည်း ချက်ချင်း နေကောင်း လာမှာပဲ ။ မောင်ခွေး ကို လည်း ကျောင်း ထားရမယ် ။ ကောလိပ် ဆိုတဲ့ ကျောင်းမျိုး လို သိပ် ပညာ တတ် ပြီး မြို့အုပ်ကြီး တွေ ၊ ဝန်ထောက်ကြီး တွေ ဖြစ်မယ့် ကျောင်း ကို ထား မှာပေါ့ ။ ကျောင်း က ထွက် လာလို့ ငါ့ မောင် အရာရှိကြီး ဖြစ်လာရင် ငါ ဟာ ဘယ်လောက် ဂုဏ် ရှိလိုက်မလဲလို့ ” 


နု နှင့် ဖွားခင် တို့ မှာ ကြည်ကြည်နူးနူး နှင့် စိတ်ကူး ယဉ် ၍ ကောင်း နေကြ လေသည် ။ အခုလိုလို နက်ဖြန် လိုလို အတွေး ထဲ က ဘဝ ကို ရောက်ရလိမ့်မည် ဟု ထင် နေသည် ။


( နောက်တစ်ပိုင်း ဆက်ရန် )


◾ဌေးမောင်


📖 ရှုမဝ မဂ္ဂဇင်း

      အတွဲ - ၁ ၊ အမှတ် - ၁၂ 

      ၁၉၄၈ ၊ မေ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment