❝ သဲတစ်ပွင့် ❞
နွေဥသြ သည် သူ့ အချိန် တန် လျှင် လူ့ရပ်ခွင် သို့ ရောက်၍ လာစမြဲ ဖြစ်သော “ ရွှေဧည့်သည် ” ဖြစ်သည် ။ သူ့ တေး သည် သာယာ လွမ်းမောဖွယ် ကောင်းသည် ။ ဆွတ်ပျံ့ဖွယ် ရှိသည် ။ အဘ ၏ တဲကလေး ရှေ့မျက် နှာစာ မှ ထီးထီးမားမား ပေါက် နေသော ပင်လယ်ကသစ်ပင်ကြီး ပေါ် တွင် ဥဩပျို သည် တေး ဆို၍ နေခြင်း ဖြစ်သည် ။
ဥဩ ၏ တေးသံ ကို ကြား ရတိုင်း အဘ သည် ပင်ယံ ထက် ဆီ သို့ မော်၍ ကြည့် တတ်သည် ။ ထိုအခါ အဘ ၏ မျက်နှာပြင် တွင် အရိပ်များ ထင်ဟပ်လာလေ့ ရှိသည် ။ အတိတ် မှ အရိပ်များ ပင် ဖြစ်ပါ၏ ။
••••• ••••• ••••• •••••
မကွေး မှ ရေနံချောင်း သို့ ဘတ်စ်ကား စီး လာမည် ဆိုလျှင် ပထမဦးစွာ မြို့အဝင် ၌ “ ဒေါင်းသေ ” ချောင်း ကို ဖြတ် ရလေသည် ။ ချောင်း မှာ သဲချောင်းပြင်ကျယ်ကြီး ဖြစ် ၏ ။ မိုးအခါ တွင် ကမ်းပါး နှစ်ဘက် ရေ အပြည့် စီးဆင်းနေ လေ့ ရှိတတ်သည် ။ နွေအခါ မူ ရေစပ်စပ်သာ ကျန် သဖြင့် ငွေရောင် သဲလွလွ တို့ မွမွလက် နေကြသည် ။
သည်ဘက် ကမ်း မှ ဟိုဘက် ကမ်း သို့ မျှော် လိုက် သော် ကုန်းမို့မို့ယံ တွင် ရေနံတွင်း ငြမ်းများ ကို ထိုးထိုး ထောင်ထောင် နှင့် လှမ်း၍ မြင်ရပေမည် ။ ရေနံချောင်းမြို့ သည် မကွေး နှင့် မတူ ။ မကွေး သည် မြေပြန့်လွင်ပြင် ညီညာ ၏ ။ ရေနံချောင်း ကား လှိုင်းထ နေသော တောင်ကုန်းကမူ တို့ဖြင့် မညီမညာ တည်ရှိ နေသည် ။
ချောင်း ကို ကျော် သော် ကားလမ်း သည် တောင်ကုန်း ခပ်မြင့်မြင့် နှစ်ခု ၏ ကမ်းပါးယံ ကြား မှ အထက် သို့ မတ်မတ်ကြီး ထိုးတက် သွား တော့သည် ။ ထိုမှ လွန်သော် မကြာမီ “ ညောင်လှ ၊ သစ်တပွေ ၊ ရွှေဘုံသာ ” အရပ် တို့ ကို ဖြတ် ရသည် ။ ယင်းတို့မှာ ရေနံချောင်း ၏ ဆင်ခြေဖုံး အရပ် များ ဖြစ်၏ ။ မြို့ ၏ ဗဟို မှာ အနောက်ဘက် ခပ်ကျကျ မှာ ရှိ သည် ။ တောင်ဘက် တွင် မြသား ဧရာဝတီမြစ်မင်း ကို ချောက်ကမ်းပါး တို့ အထက် မှ စီး၍ ကြည့်မြင်နိုင်၏ ။ မြောက်ဘက် တစ်ခွင် တစ်ပြင်တွင် ကား ရေနံတွင်းများ ကို မျှော်မဆုံး အောင် မြင်ရပေမည် ။
ရေနံ တွေ ချောင်း ကဲ့သို့ စီး နေသဖြင့် ‘ ရေနံချောင်း ’ ဟု ပင် တွင်ခဲ့ဟန် တူ၏ ။ ရေနံ ပေါလိုက်သည့် ဖြစ်ခြင်း ။ ရေနံ သည် မြန်မာနိုင်ငံ ၏ အဖိုးထိုက် အဖိုးတန် သယံဇာတ ပစ္စည်း တစ်ခု ဖြစ်သည် မဟုတ်လော ။ မြန်မာနိုင်ငံ အား နယ်ချဲ့ သိမ်းပိုက် ခဲ့ကြသော ဗြိတိသျှ တို့ သည် ဤ ရေနံ ချောင်း မှ ရေနံ ဂါလံ သန်းပေါင်းများစွာ ကို ထုတ်ယူ ပြီး စီးပွား ဖြစ် ခဲ့ကြလေပြီ ။
ယခု တစ်ဖန် ဖက်ဆစ်ဂျပန် တို့ သည် မြန်မာ့ရေနံ ကို ဆက်လက် သွေးစုပ်ရန် ရောက်လာကြ ပြန်၏ ။
ပွဲဦးထွက် မှာ ပင် ဂျပန် တို့ သည် ‘ ဘီလူးရုပ် ’ ကို စွပ်၍ ထွက်လာ ကြသည် ။ မြန်မာတို့ ကို ပါးရိုက် ၊ လက်သည်းခွံ ခွာ ၊ ရေနွေးဖြော စသည့် လူ မဆန်သော ရက်စက်မှုများ ဖြင့် မကောင်းသတင်း ကျော်စောခြင်း ဖြစ်နေ၏ ။ လွတ်လပ်ရေး အတုအယောင်ကြီး ဖြင့်လည်း မျက်လှည့် ပြ ထားသည် ။ “ အာရှတိုက် သာတူညီမျှရေး .. ” ဟူသော ကြွေးကြော်သံကလေး ကား နားဝင်ပီယံ ရှိ သလောက် လက်တွေ့ ဖက်ဆစ် အကျင့်အကြံ တို့ က မူ ခါးသီး ယုတ်မာလေစွ ။
ဖခင် ဗိုလ်ချုပ်အောင်ဆန်း သည် လိမ္မာပါးနပ်စွာ ပင် စစ်ဝန်ကြီးရာထူး ဖြင့် ဂျပန် တို့ ကို အလိုက်အထိုက် ပေါင်း နေရသည် ။ သို့သော် မြန်မာ့လွတ်လပ်ရေး စစ်စစ် ကို မမြင် ၊ ဖက်ဆစ် အသွင်သဏ္ဌာန် ကို သာ ပြက်ပြက်ထင်ထင် မြင် နေ ရပြီ ဖြစ်ရကား ‘ ဘီလူး ’ တို့ ကို မောင်း ထုတ်ရန် ကြံစည်ရ ပေတော့သည် ။
ထိုအချိန် ၌ ရေနံချောင်းမြို့ ၏ အရှေ့ဘက် ဆင်ခြေဖုံး ရှိ “ သစ်တပွေ ” စခန်း တွင် မြန်မာ့ကာကွယ်ရေး တပ်မတော် မှ လေယာဉ်ပစ် အမြောက်ကြီး တပ်သားများ သည် လည်း ဖခင် ဗိုလ်ချုပ်အောင်ဆန်း ထံ မှ ရောက်ရှိလာ မည့် ‘ ညွှန်ကြားချက် ’ ကို လျှို့ဝှက်စွာ စောင့်မျှော် လျက် ရှိကြလေ၏ ။
သစ်တပွေစခန်းလေး သည် နာမည် မို့ ကဗျာ ဆန် သလောက် နေရာဒေသ တောတောင်ရေမြေ အနေအထား က လည်း ပန်းချီကားချပ် ပမာ သာယာလှပေ၏ ။ စခန်း တစ်ဘက် တွင် သစ်တပွေချောင်းငယ် သည် တွန့်တွန့်ကောက်ကောက် ပင် ညင်သာသော ရေစီးသံ ဖြင့် စီးဆင်းလျက် ရှိ သည် ။ ချောင်းရေ သည် နွေ ၏ အပူ ကို မပြင်းထန် စေရန် အေးမြသော အရိပ်ဓာတ် ဖြင့် ထွေးပတ် ၍ ပေးထားလေ၏ ။ ချောင်းကမ်းပါး ထက် သစ်ခြောက်ပင်ယံ တို့ မှ ခြွေလှစ် ၍ ချ နေသော ရော်ရွက်ဝါ တို့ က မူ အေးမြသော ချောင်းရေအ တိုင်း လိုက်ပါသွားကြသည် ။
သစ်တပွေချောင်း ရေ ကို အားပြု ရသော လျှပ်စစ် ဓာတ်အားပေးစက်ရုံ ( ပါဝါစတေရှင် ) သည် လည်း ချောင်း အနီး မှာ ပင် ရှိသည် ။ ယင်း စက်ရုံမှ လျှပ်စစ်ဓာတ်အား ဖြင့် ဂျပန်စစ်တပ်များ အပါအဝင် မြို့ ၏ အချက်အချာ လုပ်ငန်း များ ကို မီး ပေး ရသည် ။ စက်ရုံ မှာ အတန်ငယ် ကြီးမားသော် လည်း စက်ကိရိယာများ က မူ အတော်ပင် ဟောင်းမြင်း နေ ကြပြီ ဖြစ်၏ ။ ဗြိတိသျှ လက်ကျန် ပစ္စည်းများ ဖြစ်သည် ။ မူလ ဗြိတိသျှ တို့ သည် စက်ရုံ ကို ဖျက်ဆီး သွားခဲ့ကြသေး၏ ။ သို့သော် အသက်လု ၍ ပြေးကြရ သဖြင့် လုံးဝဥဿုံ ဖျက်ဆီး ရန် အချိန် မရခဲ့ပေ ။ အနည်းအကျဉ်း မျှ သာ ဖျက်နိုင် ခဲ့၏ ။ သို့ဖြင့် ဂျပန်စစ်တပ်များ က ပြင်ဆင် ၍ အသုံးချ နိုင်ကြလေသည် ။
လျှပ်စစ်ဓာတ်အား သည် စစ်တပ်များ အဖို့ အသက် သွေးကြောပင် ဖြစ်ပါ၏ ။ စစ်ဆေးရုံ တွင် အချိန်မရွေး ပြုလုပ် နေရသော ခွဲစိပ်ကုသမှုများ မှာ လျှပ်စစ်ဓာတ်အား ရှိ မှ သာ ဖြစ်နိုင်လေသည် ။ ထို့ပြင် စစ်စခန်းများ အတွက် ညရေး ညတာ မီးထွန်း ထားရန်လည်း လို ၏ ။
စစ်ကာလ ခေတ်ပျက် တွင် စစ်ပစ္စည်းများ သည် အဖိုးတန် လှသည် ။ မှောင်ခိုဈေး တွင် စစ်တပ် မှ စီးကရက် ၊ နို့ဆီ စသော ရာရှင်ပစ္စည်းများ နှင့် စစ်အသုံးအဆောင် လွယ်အိတ် ၊ ခြေစွပ် ၊ ခါးပတ် ၊ ခြင်ထောင် နှင့် အိပ်ရာခင်း မှ စ၍ စွပ်ကျယ်အင်္ကျီ အဆုံး ဈေးကောင်း ရနေကြသည် ဖြစ်ရာ ကန်ထရိုက်များ ၊ ပွဲစားများ ၊ ဂျပန်အဝယ်တော်များ သည် ယင်း ပစ္စည်း တို့ ကို နည်း အမျိုးမျိုး ဖြင့် ရှာဖွေ ရောင်းဝယ် နေ ကြလေသည် ။ သို့ဖြင့် ဂျပန်စစ်တပ်များ မှာ သူခိုး နှင့် ဖောက်ထွင်းသူများ ကို အလစ် မပေးရဲ ဘဲ အခါမလပ်ပင် စောင့် ကြည့် နေကြရ၏ ။ မိ လျှင် နေရာမှာ ပင် ရက်ရက်စက်စက် ပစ်သတ် လိုက်ကြသည်သာ ဖြစ်၏ ။
မည်သို့ပင် ဖြစ်စေ ဂျပန် တို့ ၏ ရက်စက်မှုများ ကို ကား မြန်မာ တစ်မျိုးသားလုံး က မုန်းတီး နေကြပြီ ဖြစ်၏ ။ နေ့စဉ် မြင်တွေ့ နေ ရသော ဤ သစ်တပွေစခန်း မှ မြန်မာ့ ကာကွယ်ရေး တပ်မတော်သားများ အဖို့ မူ ဆိုဖွယ်ရာ မရှိ တော့ပေ ။
သူတို့ အနေဖြင့် တစ်ဖက် တောင်ကုန်း တစ်ခု ကျော် မှ ဂျပန်စစ်စခန်းကြီး ကို ဗြိတိသျှလေယာဉ် တို့ ၏ အန္တရာယ် မှ အကာအကွယ် ပေးရသော တာဝန် ကို ယူထားရ သော်လည်း ဂျပန်ငပု ဘီလူး တစ်စု တို့ ကို စက်ဆုပ်ရွံရှာ လျက် သာ ရှိသည် ။
အထူးသဖြင့် အမြောက်တပ်သားကလေး “ တိုးလှ ” က ဆိုလျှင် ဂျပန် တို့ ကို အခြားသူများ ထက်ပင် ပိုမို၍ မုန်းတီး နေသည် ဟု ထင်ရ၏ ။
တိုးလှ ၏ အသက်မှာ ၂၀ ပင် မပြည့်သေးပေ ။ ဘီအိုင်အေတပ် ထဲ သို့ သူ ဝင် စ က အသက် ၁၆ နှစ် မျှ သာ ရှိ သေး၏ ။ သို့သော် ထားဝယ်သား ပီပီ ကိုယ်လုံး ကိုယ်ထည် တုတ်ခိုင် ကြီးမားလှသည် ။ စိတ် လည်း ဆတ်သည် ။ ဟောဟောဒိုင်းဒိုင်း ပြုမူ တတ်သည် ။
တိုးလှ ဘီအိုင်အေတပ် ထဲ လိုက်ပါသွားချိန် က အမေ သည် အိပ်ရာ ထဲ မှာ နာတာရှည် လူကြီးရောဂါ ဖြင့် ကျန်ရစ် ခဲ့သည် ။
“ လူကလေးရယ် အမေ တော့ ဒီ တောင် က ကျော်နိုင် တော့မှာ မဟုတ်တော့ဘူး ။ အမေ့ အတွက် နဲ့ လူလေး မှာ အဖိုးတန်တဲ့ အချိန်တွေ အလဟဿ မဖြစ်စေချင်ဘူး ။ အမေ တို့ အတွက်တော့ မပူနဲ့ ။ မင်း အစ်မ တစ်ယောက်လုံး ရှိပါသေးတယ် ”
အမေ သည် ဤကဲ့သို့ပင် သား နောက်ဆံ တင်းမည် စိုး၍ အားပေး လိုက်သည် ။ အမေ့ ကို လည်း ပြုစုချင်သည် ။ သနားသည် ။ တစ်ဖက် က လည်း တိုင်းပြည် လွတ်လပ် ရေးအတွက် စစ်တပ် ထဲ လိုက်ချင်သည် ။ အမေ သည် အဖေ ဆုံးပြီး ကတည်း က သတ္တုမိုင်း တစ်ခုမှာ ‘ ခေါင်းရွက် ’ ဝင်လုပ် ပြီး တိုးလှ တို့မောင်နှမ ကို ရှာကျွေး ခဲ့၏ ။ “ မိုင်း ” အလုပ် မှာ ရာသီဥတု ကြမ်းတမ်း၍ ပြင်းထန် ဆင်းရဲလှသည် ။ သည် ဒဏ်တွေ အမေ ယခုတော့ စု ခံ နေရခြင်း ဖြစ်သည် ။ အိပ်ရာ ထဲ မှာ အမေ လဲပြီ ဆိုတော့ တိုးလှ အထက် မှ အစ်မကြီး ဖြစ် သူ “ မစု ” သည် ကျောင်း က ထွက်၍ အမေ့ အစား “ မိုင်း ” မှာ ပင် ဝင် လုပ်ခဲ့ရသည် ။
“ အမေ ... ကျွန်တော် တော့ ရောဂါသည် အမေ့ ကို ဒီ အတိုင်း ပစ်ထားခဲ့ရမှာ ရက်စက်သလို ဖြစ် နေပြီ ။ ဒါပေမဲ့ အမေ သား တို့ဟာ သူ့ ကျွန် ဘဝ မှာ အနှစ် တစ်ရာ လောက် နေခဲ့ရာ က အခုလို သူ့ကျွန် ဘဝ က လွတ်မြောက်ဖို့ အခွင့် အရေးကြီး ရဖို့ ဆိုတာ ကြုံတောင့်ကြုံခဲ ပါ အမေ ။ သားတို့ လက်ထက် မှာ ဒီ အခွင့်အရေး ကို အရ ယူပြီး လွတ်လပ်ရေး အမွေ ကို ပေးခဲ့ မှ ပဲ နောက် လာမယ့် မြန်မာ မျိုးဆက်တွေ လက်ထက် မှာ ကိုယ့် ကြမ္မာ ကိုယ် ဖန်တီး နိုင်ကြတော့မှာပါ အမေ ။ ဒီ အတွက် အမေ့ သား ကို ခွင့်ပြုပါနော် ”
တိုးလှ သည် အမေ့ ကို ဦးသုံးကြိမ် ချ လိုက်သည် ။ ထိုနေ့ ည မှာ ပင် တစ်နေ့ က မှ နယ်စပ်မှ ရောက်လာသော ဘီ အိုင်အေတပ် နှင့် အတူ အထက် သို့ လိုက်ပါခဲ့ လေသည် ။
ဘီအိုင်အေတပ်များ နောက်မှ ဂျပန်စစ်တပ်များ သည် မြန်မာ့မြေပေါ် သို့ နင်းလျှောက် လာ ကြ၏ ။ တိုးလှ သည် “ မြေလှန်မီးရှို့ စနစ် ” ဖြင့် နောက်ဆုတ် နေသော ဗြိတိသျှ တပ်များ ကို အပန်းတကြီး ပင် မတိုက်လိုက် ရပေ ။ ဗြိတိသျှ တို့ လုံးဝ ဆုတ်ခွာပြေးချိန် တွင် တိုးလှ တို့ လည်း ရေနံချောင်း တွင် ရောက်နေကြပြီ ဖြစ်၏ ။ ဘီအိုင်အေ မှ ဘီဒီအေ အပြောင်း တွင် ထားဝယ်သား စစ်ဗိုလ် တစ်ယောက် နှင့် အမှတ်မထင် တွေ့ကြသည် ။ သူ က ထားဝယ် က အခြေအနေ ကို မေးမြန်း မိသည် ။
“ ဟာဗျာ ... မပြောပါနဲ့တော့ ။ ငပုတွေ သိပ် လူမဆန် ဘာပဲဗျ ။ ဟိုမှာ လည်း လူတွေ က မကျေမနပ် ဖြစ်ကြတယ် ။ ကျွန်တော်တို့ အနေ က လည်း အခြေအနေ ကို စောင့်ကြည့် နေရတုန်းပဲ ။ အထက်လူကြီး တွေ ဆီ က ဘာမှ မကြားရ သေး တော့ ဘာမှ မလုပ်ရဲဘူးလေ ဗျ ။ ဒီအထဲ နေမြင့် လေ အရူးရင့်လေ ဆိုသလို ငပုတွေ က တစ်နေ့တခြား သောင်းကျန်း လာ တယ်ဗျ ။ ကျုပ် ထားဝယ် မှာ ရှိ နေတုန်းမှာ ပဲ နတ်မြင်းသတ္တုမိုင်း က အလုပ်သမလေး တစ်ယောက် ကို ငပုတွေ က အိမ် မှာ လိုက် လာပြီး စော်ကား ကြတယ် ။ နာမည် တောင် ဘေးလူတွေ ပြောလို့ သိခဲ့ရသေးတယ် ။ ဘာတဲ့ မစု ဆိုလား ..”
“ ဘာ ...”
တိုးလှ ၏ အသံမှာ ဟိန်းထွက် သွားလေသည် ။ ပြော နေသော စစ်ဗိုလ်ကလေး ပင် အမှတ်တမဲ့ မို့ လန့်၍ သွား၏ ။
“ ကျုပ် ကို ခွင့်လွှတ်ပါ ကိုတိုးလှ ။ အဲဒီ မစု ဆို တာ ခင်ဗျား သိလို့လား ”
“ သိရုံတင် ဘယ်ဟုတ်မလဲ ၊ ကျုပ် အစ်မ ဗျ ”
စစ်ဗိုလ်ကလေး မှာ ကြား လိုက်ရသော အဖြေ ကြောင့် တစ်ချက် တည်း ငိုင်ကျ သွား လေ၏ ။ အတန်ကြာ တိတ်ဆိတ် နေပြီး မှ ...
“ အင်း ... စိတ် မကောင်းစရာပဲ ဗျ ။ ငပုတွေ သိပ် ယုတ်မာတာပဲ ။ မစု ကို ကြံ ပေမဲ့ သူတို့ သားအမိ က ငပု တွေ အလစ် မှာ သေနတ် လု ပြီး ခုခံ ပစ်ကြတာ .. တဲ့ ၊ ဒါပေမဲ့ ”
“ ဒါပေမဲ့ ဘာဖြစ်သလဲ ဗိုလ်လေး ရာ ”
တိုးလှ က အလောတကြီး မေး လိုက်၏ ။
“ သေနတ်သံ ကြား လို့ ဂျပန်စစ်သားတွေ နောက် ထပ် ရောက် လာကြတယ် ။ သားအမိ နှစ်ယောက် စလုံး ကို ဝိုင်း ဖမ်းပြီး နေရာမှာ ပဲ ပစ်သတ်လိုက်ကြတယ်ဗျာ ။ အိမ် ကို လည်း မီးတင်ရှို့ လိုက်ကြတယ် ။ ဒါကြောင့် အလောင်း တောင် အရပ် က မရလိုက်ကြပါဘူး ”
စစ်ဗိုလ်ကလေး သည် သူ့ စကား ကို စိတ် မကောင်းစွာ ဖြင့် နိဂုံး ချုပ်လိုက်၏ ။ တိုးလှ ၏ ရင်ထဲ တွင် မူ လှိုင်း ထ၍ ကျန်ရစ်ခဲ့၏ ။ မခံချင်စိတ် ၊ နာကြည်းစိတ် ၊ ကလဲ့စား ချေလို စိတ် တို့ဖြင့် လှိုင်းထန် နေ ခဲ့သည် ။
တိုးလှ သည် မျက်လုံး အစုံ မှ စီးကျ နေသော မျက်ရည်ပူ တို့ အကြား မှာ ပင် အံကို တင်းတင်း ကြိတ် ရင်း သူ့ ရင် ထဲ တွင် ဆုံးဖြတ်ချက် တစ်ခု ကို အခိုင်အမာ ချ လိုက် သည် ။
သူသည် ထိုအချိန်မှ စ၍ စက်အမြောက် ဆုံလည် ထိုင်ခုံ ပေါ် တွင် ထိုင်ရင်း ဟို .... အောက် အဝေး ဆီ တွင် လှမ်း မြင်နေရသော ဂျပန်စစ်စခန်းကြီး ကို မကြာခဏ တွေတွေ ကြီး ကြည့်ကာ ‘ တောက် ’ ခေါက် တတ် လေသည် ။ တစ်ခါတစ်ခါ သူ့ လက် ထဲ က လေယာဉ်ပစ် အမြောက်ကြီး ကို ပင် မြေပြင်ပစ် အမြောက်ကြီး ဖြစ်လိုက်စေချင်၏ ။ ဂျပန် စစ်စခန်းကြီး ဆီ သို့ အမြောက်ပြောင်းဝ ကို တည့်တည့် ချိန် ကာ သူ့ စိတ် ထဲ တွင် မရိုးမရွ ယားကျိကျိ ဖြစ်လာ တတ် သည် ။
သူ့ မျက်စိ အမြင်အာရုံ တွင် အမေ နှင့် အစ်မ တို့ ၏ ရုပ်ပုံလွှာများ ကို မြင်ယောင် ထင်ယောင် လာ၏ ။ ထိုအခါ မျိုး ၌ သူ ၏ မေးကြောကြီးများ သည် ပို၍ တင်းမာ သွားကြ သည် ။ သူ့ ရှေ့ တွင် လှုပ်လှုပ်ရွရွ သွားလာ နေကြသော ဖက်ဆစ်ဂျပန်များ သည် လည်း လူရုပ် ပျောက်ကာ ဘီလူး သဘက် မကောင်းဆိုးဝါး ပမာ ပို၍ မြင်လာရသည် ။ ယင်း မကောင်းဆိုးဝါး တို့ ကို သူ နှင်ထုတ် လို ပါ၏ ။ ရှေ့ ဆက် ၍ မမြင် လို ၊ မကြား လို တော့ပေ ။
တိုးလှ မျှော်လင့်သော အခြေအနေ သည် မကြာမီ ပေါ် လာပေ၏ ။ အထက် မှ လျှို့ဝှက် ညွှန်ကြားချက် တစ်ရပ် သည် တပေါင်းမာသ နွေဦးသမယ တစ်ညသော အခါတွင် တိုးလှ တို့ တပ်စခန်း သို့ ရောက်၍ လာခဲ့သည် ။ ထို ည က နွေဥတု ၏ ကြည်လင်သော ကောင်းကင်ပြင် တွင် ကြယ်ကလေးများ သာ လျှင် ထွန်းလင်းလျက် ရှိပေသည် ။
စခန်း ရှိ ရဲဘော် အားလုံးပင် မအိပ်ကြရ ။ လျှို့ဝှက် စည်းဝေး ကြသည် ။ ညွှန်ကြားချက် ကို တပ်မှူး က ရှင်းပြ သည် ။ ထို့နောက် တာဝန် အသီးသီး ခွဲဝေ ကြသည် ။
••••• ••••• ••••• •••••
ရေနံချောင်းမြို့ကလေး သည် အမှောင်ထု အောက်၌ လုံးဝ အိပ်မောကျလျက် ရှိပေသည် ။ တစ်မြို့လုံး အသက်
ကင်းမဲ့ နေသယောင် ရှိ သော်လည်း မြို့စွန် တစ်နေရာတွင် မူ လူတစ်စု သည် ညောင်မုတ်ဆိတ်ပင်ကြီးများ အောက် တွင် အမှောင်ရိပ် ခိုကာ လှုပ်ရှား နေကြလေသည် ။
သံဆူးကြိုးများ ကာရံ ထားပြီး အတွင်း ၌ ရွက်ထည် တဲကလေးများ အစီအရီ ဆောက်ထားသော ဂျပန်စစ်စခန်းကြီး သည် လည်း ကင်းစောင့်စစ်သား ၏ “ တဂွတ်ဂွတ် ” စစ် ဖိနပ်သံ မှ တစ်ပါး လုံးဝ တိတ်ဆိတ်လျက် ရှိသည် ။ သံဆူး ကြိုး အကာအရံ တစ်လျှောက် တွင် မဒမတိုင် ထူ ၍ ထွန်းညှိ ထားသော လျှပ်စစ်မီးလုံး ဝါကျင်ကျင်ကလေးများ သည် အေးစက်သော အမှောင်ထု ကို အံတု ဖယ်ရှား လျက် ရှိပေ၏ ။
စစ်စခန်း ၏ လက်ယာဘက် တွင် ဧရာဝတီမြစ်ပြင် သည် အပြာရင့်ရောင် ဖဲပြားကြိုး တစ်ချောင်း ပမာ အရှေ့ နှင့် အနောက် တန်း လျက် တလွန့်လွန့် ရှိ၏ ။ လက်ဝဲဘက် တွင် မူ တောချုံစေးပျစ် အင်တိုင်း ဖြစ်သည့် တောင်ကတုံး တစ်ခု က စခန်း ၏ တောင်ပံ ကို အကာအကွယ် ပေးထား သယောင် ရှိ လေသည် ။ ဂျပန်စစ်စခန်း ၏ ထွက်ပေါက် မှာ အရှေ့ဘက် သို့ မျက်နှာ မူ ထားသည် ။ သို့သော် တောင်ကမ်းပါးယံ ကို ခွဲ၍ ဖောက် ထားသော လမ်း မျှ သာ ဖြစ်သည် ။ ထို့ကြောင့် လက်နက်ကိုင် လူတစ်စု သည် စခန်း ဝင်ပေါက် အထက် ကမ်းပါးယံ တစ်ဖက် တစ်ချက် ပေါ် တွင် နေရာ ယူ ၍ ထားကြ သည် ကို အိပ်မောကျ နေသော ဂျပန်စစ်သားများ မသိနိုင် ကြပေ ။
ထို ဂျပန်တပ် မှာ သယ်ယူပို့ဆောင်ရေးတပ် ဖြစ်သည့် အားလျော်စွာ မော်တော်ကား ဓာတ်ဆီတိုင်ကီများ မှာ စခန်း ၏ တစ်ဝက် ကျော်ကျော် ကို နေရာ ယူ ထားသည် ။ ထိုအချိန် တွင် ဂျပန်စစ်စခန်း ၏ အနောက်ဘက် တောင်ကုန်း ထိပ် ရှိ လေယာဉ်ပစ် အမြောက်စခန်း မှ သဏ္ဌာန် နှစ်ခု သည် တရွေ့ရွေ့ ချဉ်းကပ် လာ နေသည် ။ သူတို့ လက် ထဲ တွင် မည်းမည်းသဏ္ဌာန် ပစ္စည်းများ ကို မနိုင့် တနိုင်ဖြင့် မ,ချီ လာကြသည်ကို တွေ့ရပေမည် ။ တောင်ကမ်းပါး ထက် မှ အောက် သို့ ငုံ့ ကြည့် လိုက်သော အခါ ပေ ၂ဝဝ ခန့် နက်သော ချောက်ကြီး တစ်ခု ကို တွေ့ရသည် ။ ချောက် ထဲ တွင် ဂျပန်စစ်စခန်း မှ မီးလုံးကလေးများ ကို ခပ်လဲ့လဲ့ သာ လှမ်း မြင် နေရသည် ။
“ တိုးလှ .. ရေနံပုံးတွေ အားလုံး သယ်ခဲ့ ကွာ ”
လှုပ်ရှား နေသော သဏ္ဌာန် နှစ်ခု အနက်မှ တစ်ဦး ၏ ခပ်အုပ်အုပ် အသံ ဖြစ်သည် ။
“ ဟုတ်ကဲ့ပါ ဗိုလ်ကြီး ”
တိုးလှ သည် ကိုက် ၂ဝ ခန့် ဝေးသော တောင်ကုန်း အစွန် သို့ ရေနံပုံးများ ကို တစ်ပုံး ပြီး တစ်ပုံး ထမ်းယူ သွား သည် ။
ထိုအချိန် တွင် သူတို့ နည်းတူ အခြား ရဲဘော်များ သည် လည်း ဂျပန်စစ်စခန်း ၏ လက်ဝဲဘက် တောင်ကုန်း ထိပ် ဆီ သို့ ရေနံပုံးများ ကို သယ်ချည် ပို့ချည် ပြုနေ ကြသည် ။ ရေနံပုံးကလေးများ မှာ ၄ ဂါလံ ဝင် သံဖြူပုံးများ ဖြစ်သည် ။ သို့သော် ရေနံ ချွဲကျိကျိ ပျစ်ခဲခဲများ ဖြင့် မည်းမည်းလှုပ် လျက် ရှိသည် ။
ဗိုလ်ကြီး ဆို သူ သည် သူ့ လက် မှ လက်ပတ်နာရီ ကို ငုံ့ ကြည့် လိုက်သည် ။ သူ့ လက် တစ်ဘက် ကို လည်း မြှောက် ထားသည် ။ ခဏအကြာ တွင် တိုးလှ ၏ ကျော ပေါ် သို့ လက်ဝါး တစ်ချက် ထိတွေ့ လိုက်သည် ။
တိုးလှ သည် လက် ထဲ မှ အသင့် ကိုင် ထားသော မီးခြစ် ဖြင့် ရေနံပုံး တစ်လုံး ၏ ကောက်ရိုးစနက်တံ ကို ရှို့ လိုက်ကာ တောင်ကုန်း အောက် သို့ ပစ်ချ လိုက် လေသည် ။ ထို့နောက် တစ်လုံး ၊ ထို့နောက် တစ်လုံး ။
တိုးလှ သည် အစီအရီ ထောင် ထားသော ရေနံပုံး များ ကို တစ်လုံး ပြီး တစ်လုံး တောင် အောက် သို့ လှိမ့်ချ နေ ၏ ။ သူ ကဲ့သို့ပင် ခပ်လှမ်းလှမ်း တောင်ကုန်း ထိပ် မှ လည်း ရေနံပုံးများ သည် တောင်အောက် သို့ တဝုန်းဝုန်း ကျရောက် သွားကြလေသည် ။ တောင် အောက် ရှိ ဂျပန်စစ်စခန်း တွင် မီးလုံးကြီးများ ထ တောက်၍ လင်းထိန် သွား တော့သည် ။ ပေါက်ကွဲသံကြီးများ က လည်း ထက်ကြပ် မကွာ မြည်ဟီး လိုက် သည်မှာ နားကွဲ မတတ် ရှိလေသည် ။ စခန်း ပတ်လည် မှ တောင်ကမ်းပါးယံကြီးများ သည် သိမ့်သိမ့်ခါ ကုန်ကြ သည် ။ မြေစိုင်ခဲများ ပြိုကျသံ က လည်း ဆူညံလျက် ရှိ၏ ။ ထိုအခိုက် ..
"ဒိုင်း ... ဒက် ဒက် ဒက် ”
ဂျပန်စစ်စခန်း အတွင်း မှ စက်သေနတ်သံ အဆက် မပြတ် ထွက်ပေါ် လာသည် ။ အိပ်မောကျနေသော ဂျပန် စစ်သားများ သည် ခြေဦးတည့်ရာ သို့ ထွက်ပြေး နေကြ သည် ကို အပေါ် မှ အတိုင်းသား မြင် နေရ၏ ။ တိုးလှ သည် ရေနံပုံးများ ကို အောက် ဆီ သို့ အားရပါးရ ပင် ပစ်ပေါက် နေ၏ ။ ဂျပန်စစ်သား အများအပြား မှာ မီးတောက်မီးလုံးကြီးများ အကြား တွင် ထွက်ပေါက် မရှိဘဲ ပိတ်မိ သွားကြ၏ ။ တချို့ အစောင့်များ က မူ တောင်ကုန်းများ ပေါ် သို့ လှည့် ၍ ပစ်ခတ် ကြလေသည် ။ စခန်းဝင်ပေါက် မှ ထွက်ပြေးရန် ကြိုးစား သော စစ်သား အချို့ သည် လည်း ကြိုတင် နေရာ ယူထား ကြသော ဗမာ့တော်လှန်ရေးတပ်သား တို့ ၏ ဆီးကြိုပစ် ခတ်ခြင်း ကို ခံကြရလေသည် ။
တိုးလှ ၏ စိတ် ထဲ တွင် ဖက်ဆစ်ဂျပန် တို့ ကို ထို နေရာ မှာပင် အားလုံး ပြာ ဖြစ်သွားအောင် မီးမြှိုက် လိုက် ချင်ပါ၏ ။ ထို့ကြောင့် တိုးလှ စိတ် တက်ကြွ နေ၏ ။ တက်ကြွသော စိတ် နှင့် အတူ ‘ သတိ ’ သည် ကိုယ် မှ လွတ် ၍ သွားသည် ။ ထိုအခိုက် အောက် မှ ပစ်ခတ် လိုက်သော စက်သေနတ် ကျည်ဆန်များ သည် တိုးလှ ၏ ကိုယ်ခန္ဓာ ထဲ သို့ ဝင်ရောက် နစ်မြုပ် သွားကြသည် ။ တိုးလှ သည် မျက်လုံးများ ပြာ၍ သွားကာ ကိုယ်ခန္ဓာ တစ်ခုလုံး မှာ လည်း လေ ထဲ တွင် လွင့် ပါ သွားသည် ကို သာ ခံစားလိုက်ရတော့သည် ။
“ တိုးလှ ... တိုးလှ ”
တိုးလှ ၏ ဘေးမှ ဗိုလ်ကြီး သည် ယိမ်းထိုး သွားသော တိုးလှ ၏ ကိုယ်ခန္ဓာကြီး ကို လှမ်း ၍ ဆွဲ လိုက်ပါသေး၏ ။ သို့သော် ရုတ်တရက် ဖြစ်၍ လေ ကို သာ ရိုက်မိပြီး မမီလိုက် တော့ပေ ။ နောက်ကျ သွားပေပြီ ။ ဗိုလ်ကြီး သည် ရီဝေသော မျက်လုံးများ ဖြင့် တောင်အောက် သို့ ငုံ့ ကြည့် လိုက်၏ ။ သို့သော် တိုးလှ ကို ကား အစအန ပင် မမြင်ရတော့ပေ ။ ဝါ - နီ - ရွှေ ရောင်မျိုးစုံသော မီးခိုးလုံးကြီးများ ကို သာ တစ်ခဲနက် လောင်ကျွမ်း နေသည် ကို မြင်ရ ပေတော့သည် ။
••••• ••••• ••••• •••••
နွေဥသြ သည် သူ့ အချိန် တန် လျှင် လူ့ ရပ်ခွင် သို့ ရောက်၍ လာစမြဲ ဖြစ်သော “ ရွှေဧည့်သည် ” ဖြစ်သည် ။ သူ့ တေးသည် သာယာ လွမ်းမောဖွယ် ကောင်း သည် ။ ဆွတ်ပျံ့ဖွယ် ရှိသည် ။ အဘ ၏ တဲကလေး ရှေ့ မျက် နှာစာ မှ ထီးထီးမားမား ပေါက်နေသော ပင်လယ်ကသစ်ပင်ကြီး ပေါ်တွင် ဥဩပျို သည် တေးဆို ၍ နေခြင်းဖြစ် သည် ။
ဥဩ ၏ တေးသံ ကို ကြား ရတိုင်း အဘ သည် ပင်ယံ ထက် ဆီ သို့ မော်၍ ကြည့် တတ်သည် ။ ထိုအခါ အဘ ၏ မျက်နှာပြင် တွင် အရိပ်များ ထင်ဟပ် လာလေ့ ရှိသည် ။ အတိတ် မှ အရိပ်များ ပင် ဖြစ်ပါ သတည်း ။
( ဖက်ဆစ်တော်လှန်ရေး အတွင်း က ရေနံချောင်းမြို့ ‘ သစ်တပွေ ’ စခန်း တွင် အသက်စွန့် သွားခဲ့ကြသော အညတရ အာဇာနည်များ သို့ )
◾ကျော်ညွန့်မိုး
📖 စန္ဒာမဂ္ဂဇင်း
၁၉၇၂ ခုနှစ် ၊ မတ်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment