Tuesday, March 7, 2023

အပျော် အပျော် နဲ့


 ❝ အပျော် အပျော် နဲ့ ❞


( ပုဂ္ဂလဓိဋ္ဌာန် မဟုတ် ၊ သတိသမ္ပဇဉ် နှင့် ဉာဏ်ဆင်ခြင်တော်မူကြစေရန် ရည်ရွယ်ခြင်း ပြုလိုက်ပါသည် )


“ ငါ့ သား ၊ အပျော်အပျော် နဲ့ ဘယ့်နှယ့်ဟာ လဲ ၊ ဒီလို အပျော် လိုက်တဲ့ ဟာ ၊ ကျောင်း နေတုန်း မှာ ဆိုရင် အမြင် မတော် ဆင်တော် နဲ့ ခလောက် ၊ ဘုန်းကြီး မှာ ဘီး နဲ့ ဆံထောက် ဆိုတာ လို ကျနေတယ် ကွဲ့ ”


“ ဒါက မေမေ ၊ လူတင် ပါ လို့ နွား ကျားကိုက်တာပါ ၊ ကျွန်တော်တို့ သင်ခန်းစာ ထဲ မှာ ပျော်တဲ့ အချိန် ပျော်ပြီး စာ ကျက် တဲ့ အချိန် စာ ကျက် ရင် ပြီးတာပဲ တဲ့ ”


“ အေးလေ ဟုတ်ပါတယ် ၊ နို့ပေမဲ့ မင်း အခု လုပ် နေတာ က လူလေ တဲ့ အလုပ်မျိုး လုံးလုံး ဖြစ် နေပြီ ၊ လူ ဟာ လေ သွားပလား ဆိုရင် ဘယ်က စာသော ညာသော ကျက်နိုင်မှာ မဟုတ်ဘူး ”


“ ခက်တယ် မေမေ ခက်တယ် ၊ အရပ် နဲ့ ဖြစ်လာတော့လည်း မငြင်းနိုင်ဘူးပေါ့ ။ ဒီ အပေါ် မှာ လည်း ကျွန်တော့် အခန်း က မပါရင် မပြီးတဲ့ အခန်းမျိုး ကျတော့ မလုပ်ပြန်လည်း သွေးကြီးတယ် ၊ ဖင်ကျယ်တယ် နဲ့ အမျိုးမျိုး ပြောကြတယ် ”


“ ဒီလို အပြောတွေ ကို သာ ကြောက် နေရင် မင်း ရှေ့ ကို လူ လုပ်ဖို့ ဘယ် ဖြစ်တော့ မလဲ ၊ သူတို့ က မင်း ဟာ အက ကောင်းတယ် ၊ အဆို ကောင်းတယ် ၊ အပြော ကောင်းတယ် နဲ့ ချီးမွမ်း လေလေ ၊ ဒုက္ခ ရောက် လေလေပဲ ၊ အေး တစ်ခါတလေ ဆိုလို့ ဘုန်းကြီးပျံပွဲ ၊ ဘုရားပွဲ တို့ မှာ အရပ် နဲ့ ချီပြီး လုပ်ကြလို့ ၊ က,တယ် ဆိုရင် ရှိပါစေတော့ ၊ အခုဟာ ဒီလိုမှ မဟုတ်ဘဲ ၊ ဇာတ်သမား လို ညဉ့် ရှိ သလောက် ဟို က လာ ငှားတယ် ဆို လိုက် သွား လိုက် ၊ ဘယ် က လာ ခေါ် တယ် ဆို လိုက် သွား လိုက်နဲ့ ဒီလို ဘိုင်စကုတ် ထဲ မှာ ဇာတ်လိုက်ကလေး လုပ်ပြီး မင်း သား ၊ မယား ကျွေးနိုင်မယ် ဆိုရင် မပြောပါဘူး ၊ အခု ဆယ်တန်း အောင် တဲ့ လူတွေ တောင် ဒု နဲ့ ဒေး ၊ အလုပ် မရှိတာတွေ ။ မင်း ကို ပြောနေတာတွေ ဟာ မင်း ကောင်းဖို့ချည်း ပဲ နော် ၊ ကြပ်ကြပ် စဉ်းစား ငယ်တဲ့ အရွယ် မဟုတ်တော့ဘူး ”


“ ဒါဖြင့် ကျွန်တော် မကတော့ဘူး လို့ သွား ပြော လိုက်မယ် ”


“ အောင်မယ်လေး မလုပ်ပါနဲ့ ၊ ဟိုက မဟဝါတွေ က ငါ့ ကို ကလော်တုတ် ပါဦးမယ် ၊ ငါ က မကရဘူးလို့ ငါ့ သား ၊ ငါ ပြောပေမဲ့ တချို့က ဘာညာ ထင်ကြမယ် ၊ အဆုံးမတော့ မင်း သဘောလေ ၊ ချင့်ချိန်ဖို့ ပါပဲ ၊ အခု ဆယ်တန်း ဆိုရင် ဒီ တစ်နှစ် ပဲ အောင်ရမယ် မဟုတ်လား ၊ တစ်နေ့ ကလည်း ကျောင်းပျက်ရက် များတယ် လို့ ဆရာကြီး ခေါ် တိုင် ပြီးပြီ ၊ ကိုယ့် မှာ လေ ဖုံးလိုက် ရတာ တကတဲ မှ ပဲ ”


“ မေမေ ပြောတာတွေ တော့ ကျွန်တော့် အတွက်ချည်း ပါ ပဲ ၊ နို့ပေမဲ့ မုန်း မှာ လည်း ကြောက်ရသေးတော့ စဉ်းစားဦးမယ် နော် ”


“ အေး ... စဉ်းစား စဉ်းစား ၊ မမိုက်ပါနဲ့ ကွယ် ၊ လူ က အလိမ္မာသား နဲ့ မက,ရ လို့ သေသွားမှာ မဟုတ်ပါဘူး ”


စသည်ဖြင့် မောင်လွန်းတင် ၏ မိခင် မသော့ မှာ ၊ မိမိ ၏ သား အား ကျောင်း နေတုန်း အခါတွင် အပျော် မလိုက်ရန် ဆုံးမ သွန်သင်၍ နေလေ၏  ။


“ ကိုလွန်းတင် ၊ ဒီ ညဉ့် ဘာ ဇာတ်ထုပ် ခင်း မလို့လဲ ၊ သင်္ဘော ထဲ အရပ် က ဘိုင်စကုတ် နဲ့ ပြိုင် ကရမယ် ဆို ”


“ ဒီ ဘိုင်စကုတ် လည်း မကပါတော့ဘူး ၊ တယ် ရှုပ်တယ် ၊ က နေလို့ ထမင်း ဝမယ် ဆိုရင် တစ်သက်လုံး က နေမယ် ၊ ခင် တို့ က မောင် အက သိပ် ကောင်းတာပဲ ၊ အမူအယူ ဟာ မိန်းမကလေး နဲ့ လွှတ် တူတာပဲလို့ မြှောက်ပေး လေလေ ၊ မောင် ဒုက္ခ ရောက်လေပဲ သိလား ၊ တော်တော်ကြာ ဆယ်တန်း စာမေးပွဲ တောင် ဝင် ရမှာ မဟုတ်ဘူး ”


“ အောင်မယ် …. ရှင့် ကို ဘယ်သူ က ကုန်း တိုက်လိုက် ပြန်ပြီလဲ ၊ နည်းနည်းကလေး သူများ က ကောင်းပါတယ် ၊ တော်ပါတယ်လို့ ချီးမွမ်းရုံတင်ကလေး ရှိ သေးတယ် ၊ ယောက်မ မြင်းစီး ထွက်ချင်လာပလား ”


“ ဘယ်သူ က မှ မတိုက်ရပါဘူး ၊ သို့ပေမဲ့ ကိုယ် ကိုယ် ရမ်းလည်း ကို သိရသေး တာပေါ့ ၊ လူ ဆိုတာ အပျော်ချည်း လိုက်နေလို့ ဘာဖြစ်မလဲ ၊ နောင်ကို သား ၊ မယား ယူချင် ယူကြမှာ ၊ ဒီတော့ ဇာတ်သမား မဟုတ်လို့ က,ကျွေး ရမယ် ဆိုတာလဲ အခက်သား ကလား ”


“ အို ... ကိုလွန်းတင် လည်း သား ၊ မယားတွေ ယူဦးမလို့တဲ့ လား ၊ ဘယ်သူများ မြင်ထားပါ လိမ့် ”


“ ဘယ့်နှယ့် ပြောတာလဲ ၊ ကာမလောကီသားတွေ ပဲ ၊ ဘယ် မယူဘူးလို့ ပြောနိုင်ပါ့ မလဲ ၊ မြင် ထားတာတော့ လည်း ရှိတာပေါ့လေ ၊ ဒီလောက် ကြီး တဲ့ ညောင်ပင် ဟာ ရုက္ခစိုး မရှိဘူးလို့ ဘယ်သူ က ပြောနိုင်သလဲ ”


“ အလိုလေး ၊ အခု ရုက္ခစိုးတွေ ဘာတွေ နဲ့ လား ကြည့်စမ်း ၊ ဘိုင်စကုတ် ထဲ က ဇာတ်လိုက် ဆိုတော့ ဘယ်လောက် မျက်နှာ ရှိသလဲ ၊ ဘယ်သူတဲ့လဲ ရှင် ၊ ကျွန်မတို့ ကော မသိရဘူးလား ”


“ ခင် သိပြီးပြီ မဟုတ်လား ”


“ ဘယ်တော့ပြောလို့ ၊ ဘယ်မှာ သိရမှာလဲ ”


“ ဟောဒီက မောင့် ကို ဆံထုံး ထုံးပေးတဲ့ မခင်အေးကြီး ဟာ မောင့် ရုက္ခစိုးကြီး ပေါ့ ”


“ တယ် .. တယ် ၊ ဘယ်သူက ဘာ ပြောမိသေးလို့လဲ ၊ ကိုလွန်းတင် ရဲ့ ရုက္ခစိုး ဖြစ်ရမှာ ”


“ ခင့် ပါးစပ်က မပြောပေမဲ့ ၊ ခင့် မျက်စိ က ပြောနေပါတယ် ”


“ လွှတ်လေ ၊ အို လူတွေ မြင်ကုန်မယ် ၊ ကြည့်ပါလား အော်လိုက်မယ် ၊ မလွှတ်ဘူးလား ၊ ကြည့်စမ်း ကြည့်စမ်း ၊ တယ်နော် ”


“ မြင်ကုန်ရင် ဘာဖြစ်သလဲ ၊ သနပ်ခါး လူးပေး နေတယ် လို့ ပြောတာပေါ့ ”


“ ဒီလိုတော့ တယ် တတ်တယ် ၊ မကတော့ဘူး ဆို ”


“ ခင် ချည်းပဲ သနပ်ခါး လူးပေး ၊ ခင် ချည်းပဲ ဆံထုံး ထုံးပေး ၊ ခင် ချည်းပဲ ထဘီတို့ အင်္ကျီတို့ နဲ့ ဖြီးပေး ၊ လိမ်းပေး ၊ ဝတ်ပေး နေရင် က မှာ ပေါ့ ”


“ ဒီ ည ဘာ ဇာတ် က မလို့လဲ ”


“ ဒါရိုက်တာ က တော့ ကံဆိုးမ ကမယ် လို့ ပြောတာပဲ ”


“ ဒီလို ပြိုင် က ရမှာ အလွမ်းချည်းပဲ ပါ တာ မကောင်းပါဘူး ”


“ ဟေ့ ... လွန်းတင် မပြီးသေးဘူးလား ကွဲ့  ၊ တယ် ကြာတာကိုး ၊ မင်း တစ်ယောက် တည်း ကျန် တော့တယ် ၊ ဒါနဲ့ ကံဆိုးမ မဟုတ်တော့ဘူး ၊ မမုန်းနိုင် ကပါ လို့ ပြောကြလို့ ဇာတ်ပြောင်း လိုက်ရပြီ ”


ဟု ဒါရိုက်တာ က လာ ပြောမှ ပွဲ ထွက်ရန် အချိန် စေ့လုနီးပြီ ကို သတိ ရ ကာ လွန်းတင် မှာ ကမန်းကတမ်း ထဘီ ကို ဝတ်၍ နေ လေ၏ ။


“ ဒါပဲနော် ပွဲ ထွက်ရင် ခင့် ဘက်ကို ချည်းပဲ လှည့် ကရမယ် သိလား ”


“ အေးပါကွယ် မြန်မြန် လုပ်ပါ ၊ တို့ပတ် ကော ၊ အတွင်းခံ ဇာဘော်လီ အပြင် ထွက် နေသေးလား ကြည့်ပါဦး ”


“ မထွက်ပါဘူး သွားတော့ ၊ ဟိုမှာ ပွဲ ထွက်တော့မယ် ”


ပွဲဦး အစ တွင် ဇာတ်လိုက်များ အား အကုန် ကန်တော့ပန်း ဆင်ရန် ထွက်ခိုင်း လေ၏ ။ လွန်းတင် မှာ တကယ့် ပကတိ မိန်းကလေး နဲ့ တူသောကြောင့် ယောက်ျားကလေးတွေ များသော ဘက် မှ အော်ဟစ် ဆူညံ၍ နေလေ၏ ။ မိန်းမပျိုကလေး ဘက်များ မှ မူ ကား မတုန်မလှုပ် ကျောက်ရုပ် ပမာကဲ့သို့ ငေးစိုက် ကြည့်ရှု နေကြကာ မိန်းမကလေး နဲ့ ဖြင့် သိပ် တူတာပဲ ဟူ၍ တွေးသူ က တွေး၍ နေကြလေ၏ ။ ဇာတ်လမ်း စ ၍ ထွက် လေ၏ ။ မကြာခင် လွန်းတင် မှာ သူဌေးသမီး တစ်ဦး အဖြစ် နှင့် ဆောင်ရွက်ရလေရာ ဇာတ်လိုက် ဖြစ်သူ နှင့် ချစ်ခန်း ၊ ကြိုက်ခန်း နှစ်ပါးသွားခန်း တို့ ကို ပြောဆိုရန် အချိန် ကျရောက် လာလေ၏ ။


“ လွှတ်လေ ၊ အို လူတွေ မြင်ကုန်မယ် ၊ ကြည့်ပါလား အော်လိုက်မယ် ၊ မလွှတ်ဘူးလား ၊ ကြည့်စမ်း ၊ ကြည့်စမ်း တယ်နော် ” ဟု နှုတ် က ပြောရင်း အမူအရာ နှင့် လွန်းတင် ပြုလုပ်နေသည် ကို ကြည့် နေသော ခင်အေး မှာ လွန်းတင် အား သနပ်ခါး လိမ်းပေး စဉ် က ထိုကဲ့သို့ လွန်းတင် ပြုလုပ် သဖြင့် မိမိ က ပြောဆို မိသော စကားမျိုး ဖြစ်နေသည့် အတွက် အိုးမလုံ အုံပွင့် ကာ ဣန္ဒြေ မဆည်နိုင်အောင် ဖြစ်ရလေရာ မနည်း ဟန်ပန်လုပ် ၍ နေရလေ၏ ။


ခင့် ဘက် ကို ချည်းပဲ လှည့်ပြီး က ရမယ် သိလား ဟု မှာထား သဖြင့် လွန်းတင် မှာ အကွက် ဆိုက်တုန်း ပြောလိုက်သော စကား ကြောင့် ခင်အေး ဘယ့်နှယ် ဖြစ်သွားပါလိမ့် ဟု တစ်ချက် လှည့်စောင်း ကြည့်လိုက်ရာ “ ဟင်းနော် ဟင်း ၊ တယ် စွာတဲ့ ပါးစပ် ၊ ပွဲပြီးရင် သိရောပေါ့ ” ပြောဆို နေဘိအလား နှုတ်ခမ်းကလေး တစူစူ နှင့် နေမတတ် ထိုင်မတတ် ဖြစ်နေသည် ကို တွေ့ ရလေ၏ ။


ချစ်ခန်း ၊ ကြိုက်ခန်း လည်း ချစ်ခန်း ၊ ကြိုက်ခန်း အလိုက် ၊ လွမ်းခန်း ၊ သောခန်း လည်း လွမ်းခန်း ၊ သောခန်း အလိုက် လွန်းတင် ကပြရာ တွင် ကြည့်ရှုသူ ပရိသတ် တို့ အား ချစ်ခန်း ၊ ကြိုက်ခန်း တွင် ရိုးတိုးရွတ ဖြစ်စေ၍ လွမ်းခန်း ၊ သောခန်း တွင် မျက်ရည်များ ယိုဆင်း လာ လောက်အောင် အသုံးတော်ခံတတ် သဖြင့် ၎င်း၏ အမူအရာ ကြောင့် ပရိသတ်လူထုကြီး မှာ ပွဲပြီး သည့် တိုင်အောင် လျော့သည် မရှိ တိုးသည် ထက် ပင် တိုး၍ လာလေ၏ ။


ဇာတ်လမ်း အဆုံးသတ် တွင် ဇာတ်လိုက် လုပ်သူ က လွန်းတင် အား “ ခင် ရယ် ၊ ခင် က မောင့် ကို ဘယ်လောက်ပင် ရက်စက်စိမ်းကားစွာ ပြုလုပ်ပေမဲ့ ဟောဒီ က မောင့် မှာ ဖြင့် ခင်က လွဲ ရင်လေ ဆန်ကွဲဆန်ညှာ ၊ ဖွဲပမာ ပဲ ရယ်လို့ ထင်ပြီး မမုန်းနိုင်ဘူး ခင် ရေ့ ၊ မမုန်းနိုင်ဘူး ၊ ရွှေမြင်းမိုရ် ကြေကာ ပြုန်းစေတော့ ၊ သွေခွာ မုန်းမယ်လို့ မထင်ပါနဲ့ ” စသည် ဖြင့် ခရာတာတာ နှင့် မမုန်းနိုင် ဇာတ်လမ်းကြီး ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင် ထင်ရှားစေအောင် ပြောဆို လိုက်သော အခါ ပရိသတ်များ မှာ သဘော ကျ နေခိုက် တွင် “ ပြီးပါပြီ ခင်ဗျာ ” ဟု တစ်ယောက် က ကျယ်လောင်စွာ ပြောလိုက် သဖြင့် လူထုကြီး မှာ မပြန်ချင် ပြန်ချင် နှင့် ပြန်ကြ ရ လေ၏ ။


ပွဲ ပြီးလျှင် လွန်းတင် မှာ မိမိ အမေ ပြော လိုက်သော စကားများ ကို ရုတ်တရက် သတိ သွား ရသဖြင့် ပြုံးလက်စ ရှိ နေသော ရွှေရုပ်သွင် မှာ လ,ငပုပ် ဖမ်းထား ဘိ သကဲ့သို့ ညှိုးငယ် ၍ သွားလေ၏ ။


သို့သော် မွဲချင်တဲ့ ခွေး ပြာပုံ တိုး ဆိုသလို လေချင်တဲ့ မောင်လွန်းတင် မှာ နဂို က လေချင်တဲ့ လက်စ နှင့် ခင်အေး ၏ လိမ်းဖြီး ပြုပြင်ပေးသည့် တွေ့ထိခြင်း အဖြစ်မျိုး ရော ပူးပူးကပ်ကပ် နူးနူးနှပ်နှပ် ပြောရ ဆိုရခြင်း ကိစ္စမျိုး ကို ပါ ညစဉ် လိုလို တွေ့ လို မြင်လို သော စိတ်တို့ မှာ ယိုဖိတ် လု မတတ် များပြား နေရကား မိဘ စကား မှာ ချိုလို့ ညောင်း သော်လည်း ခင်အေး စကား လောက် မကောင်း ဟု ထင်မှတ်ကာ အိမ်သို့ ပင် မပြန်ချင်ဘဲ ရှိနေလေ၏ ။


သို့နှင့် ညဉ့် ပွဲ က နေ့ အိပ် နှင့်သာ အချိန်ကို ကုန်လွန်ခဲ့စေလေရာ နောက်ဆုံး ၌ ကျောင်း ပျက်ရက် များသည် ဟု အကြောင်း ပြ ကာ လွန်းတင် အား ဆယ်တန်း စာမေးပွဲ သို့ ဝင်ခွင့် မပြုဘူး ဟူ၍ ဆရာကြီး က အတိအလင်း ကြေညာ လိုက်လေ၏ ။


စာမေးပွဲ မဝင်ရသော ကိစ္စ သည် ခင်အေး နှင့် ပြော နေရ ၊ ဆို နေရ ၊ ချစ် နေရ သော အမှောင်တဏှာကြီး က ကာဆီး ဖုံးကွယ်ကာ ထား သကဲ့သို့ ရှိနေ သဖြင့် မည်သို့မျှ ပူပန် တွေးတောခြင်း ကို မပြုနိုင်တော့ဘဲ ကြင်ယာလောင်းကလေး နှင့် သာ အစဉ်မကွာ ပေါင်းသင်း ချင် ပြန်လေ၏ ။ ဆားငန် ရေ သောက် မိသော သူ သည် အဆာ မပြေဘဲ ၊ ထပ်ကာ ထပ်ကာ သာ သောက်သုံး လို သကဲ့သို့ ၊ ချစ်မိ ၊ ခင်မိ ၊ ကြင်မိသော လွန်းတင် မှာ လည်း အာသာ ငမ်းငမ်းတက် ၊ စွဲလမ်းမှု တရား တို့ ကြောင့် နေမထိ ထိုင်မထိ ဖြစ်ပြီး လျှင် နောင် မည်သို့ဖြစ်ဖြစ် ဇွတ် နှစ်ရတော့မည် ဟု သာ အားခဲ ၍ နေလေ၏ ။


“ ကိုလွန်းတင် ရှင် စာမေးပွဲ မဝင်ရတော့ဘူး ဆို ”


“ ဟုတ်တယ် မဝင်ရတော့ဘူး ၊ ဒါ ဘယ်သူ့ကြောင့် လဲ သိလား ”


“ အောင်မယ် ရှင် က ခင့် ကြောင့် ဆိုလိုချင်တာပေါ့လေ ”


“ ခင့် ကြောင့် လည်း ဆိုချင် ၊ မောင့် ကြောင့် လည်း ဆိုချင်တာပဲ ၊ မောင် ချည်းပဲ ချစ်လို့ ခင် က မချစ်ဘူး ဆိုရင်လည်း ၊ ဖြစ်ဦးမှာ မဟုတ်ဘူး ၊ ဒီတော့ ဖြစ်ပြီးမယ့် အတူတူ မောင် တို့လည်း စိတ်တူ ကိုယ်တူ နေလိုက်ကြပါစို့ ”


“ အလုပ်ကလေး အကိုင်ကလေး မှ မရှိဘူး ဆိုရင် မျက်နှာ မငယ်ဘူးလား ”


“ ဒါကတော့ ခင် ပူစရာ မဟုတ်ပါဘူး ၊ လူပျို တုန်း က ကျောခင်း လာ တဲ့ အကောင် တောင် မယား ရပလား ဆိုရင် တကုပ်ကုပ် နဲ့ လုပ်ကျွေး နေတာပဲ ၊ မောင့် ပညာ နဲ့ လည်း တန်ရုံတော့ ရဦးမှာပေါ့ မပူပါနဲ့ ”


နောက် တစ်နေ့ တွင် ဘိုင်စကုတ် ထဲ က ဇာတ်လိုက်မင်းသမီး လုပ်သူ နှင့် ခင်အေး တို့ လိုက်ပြေး သွားကြပြီဟူသော သတင်း သည် ပျံ့နှံ့ သွားလေတော့ သတည်း ။


◾စပါယ်အုံး


📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment