❝ အမှတ်တမဲ့ တွေ့ရှိ လမ်းမကလေး ပေါ် မှာ ❞
“ ကရင်ရင် ... ကရင်ရင် ”
ကျွန်တော် စိတ်ပါ လက်ပါ ဆောင်းပါး တစ်ပုဒ် ရေး နေစဉ် တယ်လီဖုန်း သံ သည် စူးရှစွာ ထွက်ပေါ် လာသည် ။ ရေးလက်စ ခဏ ရပ် ၊ သွားပြီ အတွေး ။
“ ဟဲလို ... အမိန့် ရှိပါ ခင်ဗျာ ၊ ကျွန်တော် မောင်ချမ်းသာ ပါ ”
“ ဦးလေး ကျွန်တော် ပါ ၊ မောင်စံသောင်း လေ ၊ ကျွန်တော့် ကို မမှတ်မိဘူးလား ”
ဟယ် ... ဂွတော့ အကျသားပါလား ၊ ဘယ်က စံသောင်း တုံး ၊ စံသောင်း တွေ က
အများကြီး ၊ တရုတ်မ ယောကျာ်း စံသောင်း ၊ ထိပ်ပြောင်စံသောင်း ၊ လူပြန်တော်စံသောင်း ၊
ဘယ်သူပါလိမ့် ။ သူ့ မမှတ်မိဘူးလား တဲ့ ။ ပြဿနာ ။ တယ်လီဖုန်း ထဲ မှာ သူ့ ရုပ်ကြီးလဲ
မြင် ရတာ မဟုတ် ( သူများ နိုင်ငံတွေ မှာ တော့ မြင်နေ ရပြီ ) ။
“ အယ် ... ဘယ်က စံသောင်း ပါလိမ့် ၊ ဆောရီးနော် သိပ်မမှတ်မိ ... ”
ဟင် ... မတက်နိုင်ဘူးဗျာ ၊ တကယ် မမှတ်မိတာကြီး ကို ။
“ မှတ်မိတာ မမှတ်မိတာ အသာထား ဦးလေး ရဲ့ တပည့် တစ်ယောက် လို့
သတ်မှတ်လိုက် ၊ ညနေ ၆ နာရီ ရွှေအောင်လံ ကို လာခဲ့ပါ ၊ ကျွန်တော် စောင့် နေမယ် ”
ဟာ အဲဒါမှ ဒုက္ခ ၊ သူ အချိန်းအချက် လုပ်တဲ့ နေရာ က ဘီယာစတေရှင် ဘီယာ
သောက်မယ် ဆို တဲ့ သဘော ၊ သူ က တိုက် မှာ လား ၊ ကျွန်တော် က တိုက်ရ မှာ လား ၊ သွားလို့ ဟိုကျ မတွေ့တော့ မှ တောင်ကြည့် မြောက်ကြည့် သူ့မသိ မမြင် အရှက်တော် ကွဲရချည့် ။
“ ဒီလို လုပ်ပါလား မောင်စံသောင်း ၊ မင်း ကား နဲ့ ဖြစ်ဖြစ် ၊ မော်တော်ဆိုင်ကယ် နဲ့
ဖြစ်ဖြစ် လာ ခေါ်ပါလား ၊ ဦးလေး ဆိုင်ကယ် ကို သား ကပြည် ယူသွားလို့ ဖြစ်နိုင်ရင် လာ ခေါ်လေ အိမ် က စောင့် နေမယ် ”
ဟဲဟဲ ... အဲသည် အစီအစဉ် ကောင်းတယ်ဗျာ ၊ ငဖြီး ဆိုလည်း ပွဲ က ပြတ်ပြီ ၊ တကယ့်အစစ်အမှန် ဆိုလည်း ကျွန်တော့် ဘက် က နာစရာ မရှိ ။ အပိုင် ။
“ ကောင်းတယ် ဦးလေး ၊ အိမ်က စောင့် ၊ ကျွန်တော် လာခဲ့မယ် ၊ တခြား အချိန်းအချက် ရှိရင် လည်း ဖျက်ထား နော် ”
သူ့ စကား က ပြတ် နေပြီ ၊ လိမ်လည်ခြင်း မဟုတ် ၊ အစစ်အမှန် စံသောင်း ၊ ဘယ်စံသောင်း လဲ ဆိုတာ သာ မသိရတယ် ။
အဲသည် တယ်လီဖုန်း ပဲဗျာ ၊ ကျွန်တော် အရှက်ကွဲ ဖူးတာ ၊ တစ်ည ပေါ့ ဗျာ ။ နာရီပြန် တစ်ချက် လောက် ကြီး ဖုန်း လာတယ် ဗျာ့ ၊
သား တစ်ယောက် က ရန်ကုန် မှာ ၊ သား တစ်ယောက် က ပြည်မြို့ မှာ ၊ တူတော်မောင်
တစ်ယောက် က ဟောင်ကောင် မှာ ဆိုတော့ ညကြီး အချိန်မတော် သည်ကောင်တွေ
ဆီ က များ ဆက် သလားပေါ့ ။ ဘာတွေများ အရေးပေါ် ပါလိမ့် ပေါ့ ။ စိုးရိမ်မိ ၊ ဖုန်း ကောက်ကိုင် ။
“ မြေပဲဆားလှော် ကိုယ်စားလှယ် ယူချင်လို့ပါ ငါးကျပ်တန် ဘယ်ဈေး ပေးလဲ ”
သေရောဗျာ ၊ သည်လို အချိန်ကြီး ဈေးစကား ပြောရတာမျိုးတဲ့လား ဗျာ ။ ဟိ ... ဟိ ...
ခွိ ... ခွိ ... ဆိုတဲ့ ကောင်မလေးတွေ အသံတွေ လည်း ကြား နေ ရသဗျာ့ ။
ဟား ... ဟား ... ဖုန်းသရဲ ပေါ့ ဗျာ ၊ စားသောက်ဆိုင် တစ်ဆိုင်က ဆက်တာ ဗျာ့ ၊ သိသာတယ် ။ ကျွန်တော့် မြေပဲဆားလှော် ကို အရက် နဲ့ မြည်း ၊ တံဆိပ် ပေါ် မှာ ရိုက်ထားတဲ့ ဖုန်းနံပတ် ကောက် လှည့် ပြီး နောက်တာဗျို့ ၊ နောက်စရာ ရှားလို့ဗျာ ။ တန် ... တန် ...
နောက်ဆို ည ၉ နာရီ ဆို ဖုန်း ဖြုတ် လိုက်ပြီ ။ သားတွေ ကို လည်း အကြောင်းကြား ထားတယ် ။ ည ၉ နာရီ ကျော် ရင် ဖုန်း မဆက်နဲ့ လို့ ။
အဲသည် နေ့ က ညနေ ၆ နာရီ မှာ လူငယ်လေး တစ်ယောက် ကား နဲ့ တကယ်ပဲ ရောက်လာတယ် ခင်ဗျာ့ ။ ရွှေအောင်လံ ဘီယာစတေရှင် ကို လစ်ကြတယ် ။
“ စည် တစ်ဂျား ၊ ဘဲကင်တစ်ခြမ်း ”
ကောင်လေး က ရောက်ရောက်ချင်း ဘီယာ နဲ့ ဘဲကင် မှာတယ်ခင်ဗျာ့ ။
“ စိတ် ဆိုး ချင် ဆိုး ၊ ရိုင်းတယ်လို့ ထင်လည်း မတတ်နိုင်ဘူး ၊ မင်း ကို ငါ မသိတာ အမှန်ပဲကွ မောင်စံသောင်း ”
စိတ် ထဲ ရှိတဲ့ အတိုင်း ဒဲ့ကြီး ပြော ချ လိုက်တယ် ၊ ဘာမသိ ညာမသိ သူ့ ဘီယာ မသောက်ချင်ဘူး ဗျာ ။
“ ဦးလေး မေ့ နေ လို့ပါ ၊ ကျွန်တော် ဖောင်ရိုးစံသောင်း ( ဖောင်ရိုးရွာသား စံသောင်း )
လေ ၊ လွန်ခဲ့တဲ့ ၁၅ နှစ် လောက် က ဦးလေး နဲ့ ကျွန်တော် တစ်ည မှာ ဆုံဖူးတယ် ၊ အောင်လံ - သမ္ဘူလ သွား ကားလမ်း ပေါ် က ကျောက်ပန်းတောင်းချောင်း မှာ ”
“ အင်း ... ဆိုပါဦး ”
“ အဲဒီ နေ့ က အောင်လံ က ထွက် တော့ ည ၈ နာရီ လောက်ရှိပြီ ၊ ပဲချိန်ကြီး ၊ ဦးလေး က ပဲ ရောင်း ( မြေပဲ ရောင်းပြီး ) အောင်လံ က ပြန် လာတာ ၊ ကျွန်တော် က မိတ္ထီလာ ဘက် တက်ပြီး ဂွမ်း ရောင်းပြီး ပြန် လာတာ ၊ ကား ပေါ် မှာ ဆုံတာ ၊ လမ်း မှာ မိုးတွေ ရွာ ကျောက်ပန်းတောင်း ရောက် တော့ ချောင်းရေ တွေ တအား ကျ နေလို့ ကား မကူးနိုင် ညအိပ် စောင့်ကြရတယ်လေ ”
“ ဆက်ပါဦး ”
“ ညကြီး အချိန်မတော် ကျောက်ပန်းတောင်း က ဆိုင်တွေ မှာ ထမင်းဟင်း က
မကျန်တော့ဘူး ၊ အဲဒါနဲ့ ဆိုင်ရှင် ကိုလှသောင်းကြီး ကို အပူ ကပ် ၊ ရှိတဲ့ ဘဲဥ
ကြော်ခိုင်း ၊
ပဲလှော်သုပ် ခိုင်းပြီး စိတ်ပျက်ပျက် နဲ့ တစ်ခွက် တစ်ဖလား စီ လှော်ခဲ့ကြတယ်လေ ၊ ဦးလေး မမှတ်မိဘူးလား ”
“ အေး ... ကျောက်ပန်းတောင်း မှာ ချောင်းရေ မိလို့ အခါခါ ပဲ အိပ်စောင့်ရ ဖူးတယ် ကွ ”
“ အဲဒီ အခါခါ ထဲ က တစ်ခါ ပေါ့ ဦးလေးရ ၊ အဲဒီတုန်း က ကျွန်တော် က ဂွမ်း ( ဝါဂွမ်း )
ရှုံး ပြီး ပြန်လာလို့ စိတ်ပျက် နေတဲ့ အချိန် ၊ ဦးလေး က ပဲ လောက မှာ နာမည် ကြီး နေတဲ့ အချိန် ပေါ့ ”
“ ပြောပါဦးလေ ”
“ ဦးလေး ဆီ က ပညာ တစ်ခု ရလိုက်တယ် ”
“ ဟယ် ... ငါ့ ဆီ က ဘာများလဲကွာ ၊ ငါ မူးမူး နဲ့ ဘာတွေ လျောက် ပြောမိပါလိမ့် ဟယ် ”
“ ဦးလေး ကို ကျွန်တော် က မေးတယ် ၊ ဦးချမ်းသာ ဦးချမ်းသာ နဲ့ ဒီ လမ်း
တစ်လျှေက် မှာ နာမည် ကြီး လှတယ် ၊ ဘာကြောင့်လဲ ခင်ဗျာ လို့ ကျွန်တော် က မေးတယ် ”
“ ဟယ် မင်း က မေးတယ် ”
“ ဟုတ်တယ် ... ကျွန်တော် က မေးတော့ ဦးလေး က ခပ်မူးမူးနဲ့ ပြောတယ် ၊
ဟေ့ကောင်စံသောင်း ချမ်းသာ ချင် ရင် အပါး မကွပ်ရ ဘူး ကွ ၊ မြဲမြဲ မှတ်ထား တဲ့ ”
“ အဲဒီ အပါးမကွပ် နဲ့ ဆိုတဲ့စကား လည်း ကြား မိရော ကျွန်တော် အမူး ပြေ ၊ ကြက်သီး ဖြန်းဖြန်း ထ ၊ နားထဲသံရည်ပူတွေ လို စီးဆင်း သွားတယ် ၊ အမှန်အတိုင်း ပြောရရင်
ဦးလေး ရာ ၊ ကျွန်တော် အဲဒီ တစ်ခေါက် ဂွမ်း ရှုံး ခဲ့တာက အပါး ကွပ် လို့ ပဲ ဗျ
ဂွမ်း ညံ့ကို
အောက် က ခံ ဂွမ်ကောင်း ကို အပေါ် က သိပ် ၊ သူတပါး ကို နှိပ်မယ် ဆိုပြီး အပါးကွပ်လိုက် မိ လို့ ခွက်ခွက်လန် ရှုံးခဲ့တာ ဗျာ ”
“ ဦးလေး က ကျွန်တော် လုပ်တာကို တပ်အပ် သိ နေ သလိုကြီး ဒိုင်းခနဲ ဆို
ဆော်ချလိုက်တော့ ကျွန်တော် တော်တော် လန့် သွားတယ် ၊ ကြောက် သွားတယ် ၊ ဦးလေး က တော့ စိတ် ထဲ ရှိရာ ပြောချ ၊ မူးပြီး အိပ်ပျော် သွားတယ် ၊ ကျွန်တော် က အမူး ပြေ တစ်ညလုံး အိပ် ကို မပျော်တော့ဘူး ”
“ ဦးလေး နဲ့ တွေ့ပြီး ကတည်း က နောက် ဘယ်တော့ မှ အပါးမကွပ်ရဲတော့ဘူး ၊ မှန်မှန် ကန်ကန် ပဲ လုပ်စား တော့တယ် ”
“ ဒါထက် မင်း အခု ဘယ်မှာ ”
“ ကျွန်တော် ရန်ကုန် တောင်ဒဂုံမှာ သစ်ဆိုင် ဖွင့် ထားတယ် ၊ ဦးလေး
ရောက်ရင် ဝင်ပါ ”
သူ့ လိပ်စာကဒ်ပြား ကျွန်တော့်ကို ထုပ်ပေး ။
“ အဆင်ပြေရဲ့လား ”
“ ပြေတယ် ဦးလေး ၊ အိတ်စပရက် တစ်စီး လည်း ထောင်ထားတယ် ၊ ရန်ကုန် နဲ့
မုတ္တမ ကို ပြေးတယ် ”
“ အမယ် ... တယ် ဟုတ်ပါလား ”
“ အဲဒါ ဦးလေး ကျေးဇူးပဲ ၊ ဦးလေး ရ ”
“ ငါ ကတော့ ဘာမှ မသိလိုက်ပါဘူး ကွာ ၊ ငါ့ စိတ် ထဲ ရှိရာ အမှန် ကို ပြောချလိုက်တာ ”
“ အဲဒီ အမှန် ကို က ကျွန်တော့် အတွက် တန်ဖိုး ဖြတ်မရတဲ့ သင်ခန်းစာ ကို
ပေး လိုက်တာပါပဲ ဦလေး ၊ သောက်နော် ဘာမှ အားမနာနဲ့ ၊ ဦးလေး ကို တွေ့ချင် နေတာ ကြာပြီ ၊ ဒီနေ့ အောင်လံ ကို ပြန် ရောက်လာလို့ ဦးလေး ကို အမှတ်တရ လှမ်း ချိန်း လိုက်မိတာ ”
မောင်စံသောင်း ၊ ကျွန်တော် အမှတ်တမဲ့ ပြောချ လိုက်မိသော စကား တစ်လုံး ကို အမှတ်တမဲ့ တွေ့ ရှိ ကောက်ယူ သွားပြီး တယုတယ သိမ်းဆည်း ထားတဲ့ မောင်စံသောင်း ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment