❝ နှောင်ကြိုး တစ်မျှင် ❞
၁ ။
တောက် ... ။
အလကား မိန်းမ ။ နည်းနည်းမှ အလိုက်ကမ်းဆိုး မသိတဲ့ မိန်းမ ။ ချစ်လို့ အလို လိုက် ထားတယ် ဆိုပြီး သက်သက် အခွင့်အရေး ယူတဲ့ မိန်းမ ။ ဧည့်သည်တွေ ပါမှန်း မပါမှန်း မသိ ။ စိတ်ကောက်ရမယ့် အချိန် ဟုတ်မှန်း မဟုတ်မှန်း မသိ ။ ထစ်ခနဲ ဆို စိတ်ဆိုး စိတ်ကောက် ဖို့ လောက်ပဲ စဉ်းစား နေတာ ။ “ လူမှုရေး ” ဆိုတဲ့ ကိစ္စများ သူ့ အမေ က သင် မပေး လိုက်ဘူး မှတ်တယ် ။
ဘယ်နဲ့ .. ။ သူငယ်ချင်းတွေ ပါလာတယ် ဆိုတာ သိရက်နဲ့ အိပ်ခန်း ထဲ က နေပြီး ဟိုဟာ ကန်လိုက် ဒီဟာ ထုလိုက် နဲ့ တဒုန်းဒုန်း လုပ် နေတယ် ။ ဒါ ကျုပ် ကို သက်သက် အရှက် ခွဲတာ ။ အရွဲ့ တိုက်တာ ၊ မလုပ်နဲ့ မဟုတ်ပါဘူး လုပ်ပါ ၊ ဒါပေမယ့် အခြေအနေ နဲ့ အချိန်အခါ ကို တော့ ရွေးတတ်ဦးမှပေါ့ ။ ခုတော့ သူ ငယ်ချင်းတွေ ရှေ့ မှာ မှ ဝုန်းခနဲ ဒိုင်းခနဲ ။
၂ ။
တကယ်ဆို ကျုပ် ကိုယ်တိုင် က လည်း အပြစ် မကင်းလှပေဘူး ။ ဟုတ်တယ်လေ ညား ကာ စ ကတည်း က သာ စည်း နဲ့ ကမ်း နဲ့ ပုံသွင်း နိုင်ခဲ့ရင် ခုလို လူရှေ့သူရှေ့ မျက်နှာ ပျက်ရမယ့် ကိစ္စမျိုး ဖြစ်မှာ မဟုတ်ဘူး ။ ဒါပေမယ့် လည်း အခက်သား လား ။ ကျုပ် က သူ့ ကို ပုံသွင်းနိုင်ဖို့ နေနေသာသာ ကျုပ် ကိုယ်တိုင် တောင် သူ့ ပုံစံခွက် ထဲ ရောက်ရောက် သွားတာ ခဏခဏ ပဲ ။ အစစ် ပဲ ။ ဟိုဟာ မလုပ်ရ ။ ဒီဟာ မလုပ်ရနဲ့ ၊ တင်းကြပ်လိုက်တဲ့ စည်းကမ်း ဆိုတာများ ။ ပြောရဦးမယ် ။ တစ်ခါတုန်းက သူ ကျုပ် ကို အမိန့် တစ်ခု ထုတ်ဖူးတယ် ။ ည ( ၇ ) နာရီ ကျော်ရင် အပြင် မထွက်ရ တဲ့ ။ ကာဖြူး ဆိုပါတော့ ။
အဲဒီတုန်း က များ ကျုပ် မှာ လက်ဖက်ရည် သောက် ချင်တာတောင် ( ၇ ) နာရီ ကျော် သွားလို့ အပြင် မထွက်ခဲ့ရဘူး ။ အဲဒီလောက် အထိ ၊ သူငယ်ချင်းတွေ က တော့ ကျုပ် ကို ကင်ပွန်း တပ် ကြပါတယ် ။ ( မ - ယ - က ) တဲ့ ။ မယားကြောက် ပေါ့ ။ ကျုပ် ဘာမှ ပြန် မပြောပါဘူး ။ ရယ်နေ လိုက်တယ် ။ တကယ်တော့ ကျုပ် ကို ကျုပ် အသိဆုံးပါ ။ ကျုပ် သူ့ ကို အလို လိုက်တာ ၊ အနွံတာ ခံတာဟာ ကြောက်လို့ မဟုတ်ပါဘူး ။ ချစ်တာ သနားတာ ၊ အဲ့တာတင်လား ဆိုတော့ မဟုတ်သေးဘူး ။ အဓိက အချက် တစ်ခု ရှိသေးတယ် ။
ဘာလဲ ဆိုတော့ ၊ သူ က ကျုပ် ထက် ( ၇ ) နှစ် လောက် ငယ်နေတဲ့ ကိစ္စ ပဲ ။ အသက် တင် ( ၇ ) နှစ် လောက် ငယ်တာ မဟုတ်ဘူး ။ အရပ် က လည်း ( ၇ ) လက်မ လောက် ပု သေး ဗျား ၊ ကျုပ်တို့ နှစ်ယောက် တွဲသွား ရင် တစ်ချို့ မသိတဲ့ သူ ဆို မောင်နှမ လား ၊ တူဝရီး လား တောင် ထင် ကြတာ ။ အဲ့လောက် ထိအောင် ကို ငယ်တာ ။ တကယ့် ပီဘိ ကလေး သာသာ ရယ် ။ အဲ့ဒီတော့ ကျုပ် လည်း မိန်းမ ငယ်ငယ် ယူ မိတဲ့ အခြား အခြား သော ယောကျ်ားတွေ အတိုင်းပေါ့ ဗျာ ။ အလိုလိုက် သည်းခံ ခြင်း အတတ်ပညာ ကို တစ်ဖက်ကမ်းခပ် တတ်မြောက်တဲ့ သူ ဖြစ်မှန်း မသိ ဖြစ်လာရတော့ တာ ပါပဲ ။
၃ ။
ကျုပ် ဘက် က အဲ့လို အလို လိုက် လို့ ကျုပ်တို့ အိမ်ထောင်ရေး နားအေး ပါးအေး ရှိလိမ့်မယ် လို့ များတော့ မထင်လိုက်လေ နဲ့ ။ မှားသွား မယ် ကိုယ့် လူ ။ ခဏခဏ စကား များ ပါတယ် ။ တကျက်ကျက် ပဲ ။ ဘာတဲ့ လင် နဲ့ မယား ( လျှာ နဲ့ သွား ) တဲ့ ကျုပ် လည်း ကြားဖူးပါ ရဲ့ ။ ဒါပေမယ့် ခက်တာက သူ က ချည်း ( သွား ) ဖြစ်နေတာပဲ ။ ထစ်ခနဲ ဟေ့ ဆို စတင် ပေါက်ကွဲ သူ က သူ ပဲ ။
ကျုပ် လည်း တတ်နိုင်သလောက် တော့ သည်းခံတာပါပဲ ။ ဒါပေမယ့် တစ်ခါ တစ်ခါ တော့ လည်း ( ဆိုပါတော့ )ကျုပ် ရုံး မှာ သိပ် ပင်ပန်းလာတဲ့ နေ့ တို့ ၊ စိတ် မကြည်မလင် ဖြစ်တဲ့ နေ့ တို့ ဆိုရင် သည်းမခံ နိုင်တော့ဘူး ။ ပြန် ပြော ပစ်လိုက်မိတယ် ။ အဲ အဲဒီလိုများ ပြန်ပြော မိလို့ က တော့ ကျုပ်တို့ အိမ် ဟာ နေရင်းထိုင်းရင်း နဲ့ ဘော့စနီးယား ဖြစ်သွားတော့တာပဲ ။ အဲဒီ အချိန်မှာ အပစ်အခတ် ရပ်စဲရေးတို့ ဘာတို့ များ စေ့စပ်ဆွေးနွေးဖို့ အနားတော့ သွား မကပ်လိုက်လေ နဲ့ ။ နာသွားမယ် မှတ် ။
သူ မုန်တိုင်း ဆင်နေပြီ ဆိုရင် လွတ်ရာ ကျွတ်ရာ တစ်နေရာရာ မှာ ကုပ်ကုပ်ကလေး သွားထိုင် နေပေရော့ ပဲ ။ အဲ သူ့ ရဲ့ပါးစပ် ကော လက် ကော ခြေကုန် လက်ပန်း ကျပြီ ဆိုရင် တော့ ရပြီ ၊ သူ့ နား သွားပြီး စိတ်ရှည် လက်ရှည်နဲ့ ချော့ ရုံပဲ ။ ချော့ တယ် ဆိုတာ ကလည်း ခဏ ပါ ပဲ ။ များသော အားဖြင့် သူ့ ဖာသာ သူ ပြန်ပြီး စိတ်ပြေ သွားတာပါပဲ ။ သူ့ မှာ အဲဒါ တစ်ခု တော့ တော်တော် ကောင်းတယ် ။ သူများ မိန်းမတွေ လို အကြာကြီး စိတ် မကောက်တတ်တာပဲ ။ ဒါပေမယ့် ဆိုးတာ တစ်ခု လည်း ရှိတယ် ။ ဘာလဲ ဆိုတော့ ခဏခဏ စိတ် ကောက် တဲ့ ကိစ္စပဲ ။
၄ ။
သူ နဲ့ ပြဿနာ တက်တိုင်း ကျုပ် ဘက် က အလျော့ပေး လိုက်လျော တာ ချည်းပါပဲ ။ ဒါပေမယ့် တစ်ခါတုန်း ကတော့ တော်တော့ ကို ဒေါသ ဖြစ်ခဲ့ဖူးတယ် ။
ကျုပ် မှာ ဝါသနာ တစ်ခု ရှိတယ် ။ အားတဲ့ အချိန် ပျင်းတဲ့ အချိန် တွေ မှာ ဝတ္ထုတိုလေးတွေ ရေး တတ်တယ် ။ ဘာရယ်တော့ မဟုတ်ပါဘူး ။ ဒီလိုပဲ ရေးပြီး သိမ်းထား လိုက်တာပါပဲ ။ ဝါသနာတူ သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ ထုတ်ပြ ဖြစ်တယ် ။ ဒီလောက်ပါပဲ ။
တစ်နေ့ တော့ ကျုပ် မောမော နဲ့ ရုံး က ပြန် လာတယ် ။ အဲဒီမှာ မရွှေချော ဘာလုပ်ထားတယ် မှတ်သလဲ ။ ကျုပ် ရေးထားတဲ့ ( သူ နဲ့ ရပြီးမှ ပထမဆုံး ရေးထားတဲ့ ) ဝတ္ထု ကို တစ်စစီဖြစ်အောင် ဆုတ်ပြီး ကျုပ် ရဲ့ စာကြည့်စားပွဲ ပေါ် မှာ တင်ထားလေ ရဲ့ ။ ကျုပ် ဗျာ ဒေါသဖြစ် လိုက်တာ ဘာပြော ကောင်းမလဲ ။ ကျုပ် အမြတ်တနိုး တန်ဖိုး ထားတဲ့အရာ ကို မှ ရက်ရက်စက်စက်လုပ် ထားတာ ။ နောက်ပြီး အဲဒီ ဝတ္ထု က လဲ သူငယ်ချင်း စာရေးဆရာ တစ်ယောက် က “ ကောင်းတယ်ဗျာ မဂ္ဂဇင်းတိုက် ပို့ ပါလား ” လို့ ချီးမွမ်း ထားတဲ့ ဝတ္ထု ။
အဲဒီ ဝတ္ထု ကို မှ ဆုတ်ဖြဲ ထားတာ ။ ပြန် ကူးဖို့တောင် ခပ်ခက်ခက် ရယ် ။ ကျုပ် အဲ့လို ဒေါသဖြစ် နေတဲ့ အချိန် မှာ သူ ကတော့ အိပ်ရာ ပေါ် မှာ မဂ္ဂဇင်း စာအုပ် တစ်အုပ် ကို စိမ်ပြေနပြေ ထိုင် ဖတ်နေတယ် ။ လက်ရှိ ဖြစ်ပျက် နေတဲ့ ကိစ္စ အားလုံးဟာ သူ နဲ့ ဘာမှ မပတ်သက်တဲ့ ပုံစံမျိုး နဲ့ ပေါ့ ။
ကျုပ် လည်း ဒေါကန်ကန် နဲ့ သူ့ နား သွားပြီး ဒါ ဘယ်သူ လုပ်ထား တာလဲလို့ မေး လိုက်တော့ သူ က ကျုပ် ကို မော့ ကြည့်ပြီး ပြုံးပြုံးလေး ပြန် ဖြေတယ် ။
“ မီး လုပ်ထားတာလေ ” တဲ့ ။
ဘာကြောင့် လုပ်သလဲ ဆိုတော့ ဘာ ပြောတယ် မှတ်သလဲ ။ သူ အကြောင်း မပါလို့ တဲ့ ၊ ကြည့်စမ်း ဗျာ ဝတ္ထု ထဲ မှာ သူ့ အကြောင်း ထည့် ရေး မထားတာ နဲ့ ဘဲ အဲဒီ ဝတ္ထု ကို ဖြဲပစ်ရတယ်လို့ ဘယ်လောက်များ နဘန်ကျင်း ဖို့ ကောင်း လိုက်သလဲ ဆိုတာ ။ ကျုပ် ဗျာ စိတ်ဆိုး လိုက်တာ ဆိုတာ အသား ကို တဆတ်ဆတ် တုန်တယ် ။ သူ သာ ကျုပ် နဲ့ ရွယ်တူချင်း ဆိုရင် ဆွဲတီး ပစ် လိုက်ပြီ ။
သူ က လဲ ကျုပ် စိတ်ဆိုး သွားတာ ချက်ချင်း ရိပ်မိပုံ ရတယ် ။ အတင်း လိုက် ချော့တယ် ။ သူ့ ထက် ( ၇ ) နှစ် လောက် ကြီး တဲ့ ယောက်ျား ကို ချော့ပုံ ကလဲကြည့်ဦး ။ ဘယ်လောက် သင်းသလဲ ဆိုတာ ။
“ ညီး ကလဲ ဟယ် ဒေါသကြီး ပဲ ” တဲ့ ။
တော်ရုံတန်ရုံ ကိစ္စ ဆိုရင်တော့ သူ ချော့ပုံ နဲ့ ကျုပ် အရည်ပျော် ကျ သွား နိုင်ပါတယ် ။ ဒါပေမယ့် ခု ကိစ္စ ကျတော့ မရဘူး ။ ကျုပ် တော် တော် နဲ့ စိတ်ဆိုး မပြေဘူး ။ သူ့ ကို ( ၃ ) ရက်လောက် စကား မပြောဘဲ နေပစ် လိုက်တယ် ။ ဖြစ်ဖြစ်ချင်းနေ့ က ဆို အိမ် မှာ တောင် မအိပ်ဘဲ သူ ငယ်ချင်း တစ်ယောက် အိမ် မှာ သွား အိပ်လိုက်တယ် ။
အဲဒီ ကိစ္စ ပြီး ကတည်း က သူ လဲ တော်တော် ဆင်ခြင် သွားတယ် ။ ကျုပ် စိတ်ဆိုးမယ့် ကြီးကြီးကျယ်ကျယ် ကိစ္စမျိုး ဆို သူ မလုပ်ရဲတော့ဘူး ။
ကျုပ် ကလဲ စိတ်ဆိုး ခဲတယ် ။ စိတ်ဆိုး ပြီ ဆိုလဲ မရဘူး ။ “ ဟင် ”ဆို လှည့် မကြည့်တော့ တဲ့ လူ စား ။ ဒါကြောင့် ကျုပ် ဆုတောင်း ခဲ့ တာ ။ အဲလို စိတ်ဆိုး ဒေါသ ဖြစ်ရမယ့် ကိစ္စမျိုး ထပ် မဖြစ်ပါစေနဲ့ လို့ ဆုတောင်း ခဲ့တာ ။
၅ ။
သူ ကိုယ်ဝန် မရခင် ကတည်း က တောင်းခဲ့တဲ့ ကျုပ် ဆုတောင်း သူ ကိုယ်ဝန် ( ၇ ) လ လောက် အထိ တော့ ပြည့်ခဲ့ပါရဲ့ ။ တိတိကျကျ ပြော ရရင် မနေ့ က အထိ ဆိုပါတော့ ၊ ဒီ အတောအတွင်း မှာ အနည်း အကျဉ်း ပါးကိုက် နားကိုက် ဖြစ်ကြတာ လွဲ လို ကြီးကြီးကျယ်ကျယ် ပြဿနာမျိုး မတက်ခဲ့ဘူး ။ ဆိုလိုတာ က ကျုပ် စိတ်ဆိုး ဒေါသ ထွက် လောက်တဲ့ ကိစ္စမျိုး မပေါ်ပေါက်ခဲ့ဘူး ။ အဲဒီ နေ့ မနက် တော့ ပြဿနာ က စတော့တာပဲ ။
ဖြစ်ပုံက ဒီလို ။ ဒီနေ့ က ရုံးပိတ်ရက် လည်း ဖြစ်တယ် ။ အိမ် မှာ လည်း အနည်းအကျဉ်း လိုအပ်တာလေး တွေ ရှိတော့ ကျုပ် မင်္ဂလာဈေး ကို ပစ္စည်းလေး ဘာလေး တိုတိုထွာထွာ ဝယ်ဖို့ သွား ခဲ့တယ် ။ ပထမတော့ သူ့ ကို ပါ ခေါ်ဦး မလို့ပါပဲ ။ ဒါပေမယ့် သူ့ ဗိုက်ပူပူကြီးကို ကာကွယ် စောင့်ရှောက် နေရတာ နဲ့ ခရီး မတွင်မှာ စိုးလို့ ကျုပ် တစ်ယောက် ထဲ ပဲ သွားလိုက်တယ် ။ အဲဒီမှာ ဈေး ရောက်တော့ ကျောင်း တုန်း က သူငယ်ချင်း နှစ်ယောက် နဲ့ မမျှော်လင့်ဘဲ တွေ့ တယ် ။ နှစ်ယောက် စလုံး နယ် က ချည်းပဲ ။ တစ်ယောက် က လားရှိုး က ။တစ်ယောက် က မန္တ လေး က ။ မနက်ဖြန် ပြန်ကြတော့ မှာ မို့ လို့ ဈေး လာ ဝယ်တာ တဲ့ ။ မတွေ့ တာ ကြာတဲ့ သူငယ်ချင်းတွေ နဲ့ ပြန်တွေ့ ရတာ ဆိုတော့ ကျုပ် လည်း တော်တော် ဝမ်းသာ သွားတယ် ။ အချိန် ရရင် အေးအေးဆေးဆေး စကား ပြော ကြရအောင် ဆိုတော့ သူတို့ နှစ်ယောက် က ခေါင်းညိတ် တယ် ။ စားသောက်ဆိုင် တစ်ဆိုင် ဆိုင် ကို သွားပြီး ဘီယာ သောက်ရင်း စကား ပြောကြတာပေါ့ တဲ့ ။
ဒီတော့ ကျုပ် စဉ်းစားတယ် ။ စားသောက်ဆိုင် မှာ ဆိုရင် အချိန် ကြာမယ် ။ အိမ် က မဗိုက် က လည်း စိတ်ပူ နေလိမ့်မယ် ။ အဲဒီတော့ တစ်ချက် ခုတ် နှစ်ချက် ပြတ် ဆိုသလို ကျုပ် အိမ် လည်း သိ သွားအောင် ကျုပ် အိမ် မှာ လိုက် သောက်ဖို့ပြောတော့ သူတို့ က သဘောတူကြတယ် ။ ဒါနဲ့ ဟင်နီကန် ( HEINEKEN ) ဘီယာ ဆယ်ဘူး ဝယ်ပြီး ကျုပ် အိမ် ကို ချီတက်ကြရော ဆိုပါတော့ ။
အိမ် ရောက်တော့ ထုံးစံ အတိုင်းပဲ ကျုပ် သူငယ်ချင်း နှစ်ယောက် နဲ့ သူ့ ကို မိတ်ဆက် ပေးလိုက်တယ် ။ ကလေကချေ လို့ မထင်အောင် လဲ ကျုပ် သူငယ်ချင်း နှစ်ယောက် ရဲ့ ဂုဏ်ပုဒ်တွေ ကို ပြောပြ လိုက်ရသေးတယ် ။ အဲဒီ အထိ တော့ အိုကေ ပဲ ။ ဘာမှ ပြဿနာ မရှိဘူး ။ ကျုပ် လဲ မီးဖို ထဲ ဝင်ပြီး ဘီယာဘူးတွေ ရေခဲစိမ် ဖို့ လမ်းမှာ ဝင် ဝယ်လာတဲ့ ရေခဲ ကို ဖလပ်ခ် ဘူး ထဲ ခွဲ ထည့်တဲ့ အချိန် မှာ တော့ မရွှေချော က ကျုပ် နား လာပြီး စပ်စုတယ် ။
“ အဲဒါ ဘာလုပ်ဖို့လဲ ဟင် ” တဲ့ ။ ကျုပ် က ဘီယာ ရေခဲစိမ် ဖို့ လို့ ပြောပြ လိုက်တယ် ။ အဲဒီမှာတင် မရွှေချော မျက်နှာ ကို မဲ့ပြီး ဗိုက်လေး ကော့လန်ကော့လန် နဲ့ အိပ်ခန်း ထဲ ကို ဝင်သွားတော့တာပဲ ။ အဲဒီ ကတည်း က ကျုပ် လည်း ထင်တော့ အထင်သား ။ သိုင်းဝတ္ထု ထဲ က စကား နဲ့ ပြော ရရင် အန္တ ရာယ် ရဲ့ အငွေ့ အသက် ကို ခံစားလိုက်ရတယ် ပေါ့ ဗျာ ။ ဒါပေမယ့် သိပ် ဆိုးဆိုးဝါးဝါးကြီး ဖြစ်မယ် မထင်ဘူး ။ ဒါကြောင့်လည်း ရှိတာလေးတွေ ကိုယ့် ဖာသာ ကိုယ် ကြော်လှော် ပြီး ကျုပ် တို့ ဝိုင်း စ လိုက် ကြတယ် ။
အဲ .. ဝိုင်း စ လို့ ဘီယာ ( ၂ ) ဘူး လောက် ကုန်ရုံ ရှိသေးတယ် ။ မရွှေချော က စ ဖေါက်တော့တာပဲ ။ စောစောက ကျုပ် ပြောခဲ့သလို ပေါ့ဗျာ ။ အိပ်ခန်း ထဲ က နေ ဝုန်းခနဲ ဒိုင်းခနဲ ကျုပ် ကို တိုက်စစ် ဆင် တော့တယ် ။ ကျုပ် ဆိုတာ သူငယ်ချင်း တွေ ရှေ့ မှာ မျက်နှာ ကို ဘယ်လို ထားရမယ် မှန်း မသိဘူး ။ ဟိုကောင် နှစ်ကောင် က လည်း အိပ်ခန်း ဘက် ကို ကြည့်လိုက် ကျုပ် ကို ကြည့်လိုက် နဲ့ မျက်စိမျက်နှာ ပျက် နေကြပြီ ။
ကျုပ် လဲ တော်တော် ဒေါကန် သွားတယ် ။ ဘယ့်နဲ့ မဆိုးနဲ့ မဟုတ်ဘူး ။ ဒီ့ပြင် အချိန်တွေ ဆိုး စမ်းပါ ။ ခုဟာ က သူငယ်ချင်း တွေ ရှေ့ မှာ မှ ။ သူငယ်ချင်း ဆိုတာ က လဲ နေ့တိုင်း တွေ့ ရတဲ့ သူငယ်ချင်း မျိုး မဟုတ်ဘူး ။ တခါတစ်လေ မှ တွေ့ ရတဲ့ နယ် က သူငယ်ချင်း ။နောက်ပြီး ဒီကောင် နှစ်ကောင် က ကျောင်းတုန်း က ကျုပ် အပေါ် အရမ်း ကောင်း ခဲ့တာ ။ ဒါကြောင့် သူတို့ နယ် မပြန်ခင် ကောင်းကောင်းမွန်မွန်လေး ဧည့်ဝတ် ပြုလိုက် ချင်တယ် ။ ဘာပဲဖြစ်ဖြစ် ခု ဧည့်ခံပွဲလေး ကို အေးအေး ပြီးသွား စေချင်တယ် ။ ကျုပ် ချက်ချင်းပဲ ထိုင်ရာ က ထပြီး အိပ်ခန်း ထဲ ဝင်လာခဲ့တယ် ။ ဒေါသ ကို တတ်နိုင်သလောက် ထိန်းပြီး သူ့ ကို ရှင်းပြ လိုက်တယ် ။ ဧည့်သည်တွေ မပြန်ခင် ခဏ သည်းခံပါ ။ ဧည့်သည် တွေ ပြန် သွားမှ ကြိုက်တာ လုပ်လို့ သူ့ ကို ကောင်းကောင်းမွန်မွန် ပဲ ပြောပြ လိုက်တယ် ။ သူ ကတော့ ကျုပ် ကို ဘာမှ ပြန်မပြောဘူး ။ မျက်နှာ ကို ရှုံ့မဲ့ ပြီး ဟိုဘက် လှည့် သွားတယ် ။
ကျုပ် လဲ ဒီလောက် ပြောရင်တော့ နားလည်မှာပဲ လို့ ထင်ပြီး အိပ်ခန်း ထဲ က ပြန် ထွက်လာခဲ့တယ် ။ အဲဒီလို ပြန် ထွက်လို့ ကုလားထိုင် မှာ ထိုင်ရုံ ရှိသေးတယ် ။ အခန်း ထဲ ကနေ ဝုန်းခနဲ နောက်တစ်ခါ ထပ်ဆောင့် တယ် ။ စိတ် ထဲ မှာ ထောင်းခနဲ ဖြစ်သွားတယ် ။ ဘယ့်နဲ့ ဒီလောက် တောင်းပန်နေတဲ့ ကြား ထဲ က တဝုန်းဝုန်း လုပ်နေတယ် ။ ဟိုကောင် နှစ်ကောင် က တော့ ဖင် တကြွကြွ ဖြစ် နေတဲ့ အနေအထား က နေ မတ်တတ် ရပ် တဲ့ အဆင့် ကို ပြောင်းလဲ လိုက်ကြတယ် ။ ချိန်း ထား တာလေး ရှိလို့ ပြန်ဦးမယ် လို့ ပြောတယ် ။ ကျုပ် သိတာပေါ့ ဘာ အချိန်းအချက် မှ မရှိဘူး ။ ဒါ ကျုပ် မိန်းမ ကြောင့် ပြန်တာ ။
ကျုပ် တော်တော့ ကို အားနာ သွား ပေမယ့် ဘာ ပြန် ပြောရမှန်း မသိဘူး ။ ခက်တာ က နေပါဦးလို့ တားရင် လည်း ကျုပ် ပဲ ဆက် အရှက် ကွဲ မှာ ၊ ဒါကြောင့် အသာပဲ ခေါင်းညိတ် လိုက်ရတယ် ။ တံခါးဝ ရောက်တော့
“ မိန်းမ ဆိုတာ ကိုယ်ဝန် ရှိရင် ဒီလိုပဲ ဒေါသ ကြီးတတ် တယ် ။ သည်းခံပေါ့ကွာ ” တဲ့ ။
ကလေး အဖေ ဖြစ် တော့မယ့် ကျုပ် ကို မိန်းမ မရသေးတဲ့ နှစ်ယောက် က ပြန်ပြီး ဆုံးမ သွားကြတယ် ။
သူတို့ နှစ်ယောက် ပြန် သွားတာ နဲ့ ချက်ချင်းပဲ ကျုပ် အိပ်ခန်း ထဲ ကို ဝင်လာ ခဲ့တယ် ။ မရွှေချော က တော့ ခုတင် ပေါ် မှာ ခွေခေါက် ပြီး အိပ်ချင် ယောင် ဆောင် နေလေရဲ့ ။ ကြည့်စမ်းပါဦး ၊ ဗိုက်ကြီးသည် တဲ့ ။ အိပ်နေပုံ က ကျွမ်းဘားမယ် လား အောက်မေ့ ရတယ် ။ တွန့်လိမ် ကောက် ကွေး လို့ ။
ဒီပြင့် အချိန်တွေ ဆို ရင်တော့ ဒီလို အိပ်တာ ဟာ ဗိုက် ထဲ က ကလေး တစ်ခုခု ဖြစ်သွား နိုင်တယ် ။ ဘာညာ နဲ့ ကရုဏာဒေါသော နဲ့ ကျုပ် ဆူ မိ မှာပဲ ။ဒါပေမယ့် ခုချိန် မှာ တော့ ကျုပ် ဒေါသ ဖြစ်လွန်း လို့ အဲဒါတွေ မတွေးမိတော့ဘူး ။ ခုတင် နား မတ်တတ် ရပ် ရင်း
“ မင်း ရိုင်းလှချည်လား ” လို့ လှမ်း ပြော လိုက်တယ် ။ ဒီတော့မှ အိပ်ချင်ယောင် ဆောင်နေရာ က နေ သူ မျက်လုံး ဖွင့် ကြည့်ပြီး မတ်တတ် ရပ် ရင်း
“ ရိုင်းတာ မဟုတ်ဘူး ” တဲ့ ပြန် ပြောတယ် ။
“ ဘာ ဧည့်သည်တွေ ရှိမှန်း သိရက်နဲ့ အခန်း ထဲ က နေ တဝုန်းဝုန်း တဒိုင်းဒိုင်း နဲ့ ဆူ ဆောင့် နေတာဟာ ရိုင်းတာ မဟုတ်လို့ ယဉ်ကျေးတာလား ... ”
ကျုပ် ဒေါသ ဖြစ်ဖြစ် နဲ့ အော် မေး လိုက်တော့ သူ က ကျုပ် ကို မျက်လုံး လှန် ကြည့်ပြီး ကျုပ် အော်တဲ့ အသံ အကျယ်အတိုင်း ပြန် အော်တယ် ။
“ အဲဒါတွေ မီး မသိဘူး ။ မီး က ကိုကို အရက် သောက်မိ မှာ စိုးလို့ ကို့ သူငယ်ချင်း တွေ မြန်မြန် ပြန် သွားအောင် စေတနာ နဲ့ လုပ် ပေးတာ ”
မြတ်စွာဘုရား ၊ ကျုပ် က ပဲ သူ့ ကို ပြန်ပြီး ကျေးဇူး တင်ရမယ့် ပုံ ပါလား ။ ကိုကို အရက် သောက်မိမှာ စိုးလို့ တဲ့ ။ လာ လာချည်သေး ။
“ မင်း အပိုတွေ ပြော မနေနဲ့ မီးမီး ။ ဘီယာ ဆိုတာ မင်း သိရက် သား နဲ့ သက်သက် လုပ်ထာ ။ ထားပါတော့ အဲဒီ ဘီယာ ကို မသောက် စေချင်ဘူး ဆိုရင်လဲ မီးဖို ထဲ မှာ ရေခဲ ခွဲ နေတုန်း က ပြော ပါလား ငါ မသောက်ဘဲ နေမှာပေါ့ ”
“ ကိုကို နော် မီး ကို မင်း နဲ့ ငါ နဲ့ မပြောနဲ့ ”
သူ က ကျုပ် ကို တအား ပြန် အော် တယ် ။ ရန်ဖြစ် နေတာ တောင် မှ ကိုကို တို့ မီး တို့ ဆိုတဲ့ အခေါ်အဝေါ်လေး တွေ သုံးပြီး ရန်ဖြစ် ချင်တယ် ထင်ပါရဲ့ ။ သူ အဲလို ပြန် အော်လိုက်တော့ ကျုပ် လဲ ရုတ်တရက် ကြောင် သွားပြီး ဘာ ပြန် ပြောရမယ် ဆိုတာတောင် မသိတော့ဘူး ။
တကယ်တော့ သူ ပေးတဲ့ ဆင်ခြေတွေ ဟာ တစ်ခု မှ ယုတ္တိ မရှိဘူး ။ ကျုပ် သိတာပေါ့ ။ ကျုပ် သူငယ်ချင်းတွေ ရှေ့ မှာ တမင်သက်သက် ကျုပ်ကို နာမ် နှိမ်တာ ။ ဒါကြောင့် ဒေါသ ဖြစ်ဖြစ် နဲ့ တောက် တစ်ချက် ခေါက်ရင်း “ ဒီပုံအတိုင်း ဆိုရင်တော့ မင်း နဲ့ ငါ ရှေ့လျှောက် လွယ်မှာ မဟုတ်ဘူး ” လို့ ပြောလိုက် မိတယ် ။ ဒီတော့ သူ က ကျုပ် ကို ခပ်တည်တည် စိုက် ကြည့်ပြီး ပြန် ပြောတယ် ။ “ ဒါဆိုလဲ မပေါင်းနဲ့လေ ”တဲ့ ။ တကယ် တော့ ဒါဟာ အမြဲတမ်း ကလန်ကဆန် လုပ်တတ်တဲ့ သူ့ အကျင့် အတိုင်း ကျုပ် ကို ကလန်ကဆန် လုပ်ပြီး ပြော လိုက်တာ ပါ ပဲ ။ ဒါပေမယ့် ကျုပ် စိတ် ထဲ မှာ တော့ ထောင်းခနဲ ဖြစ်သွားတယ် ။
ဒါကြောင့် နံရံ မှာ ချိတ် ထားတဲ့ အင်္ကျီ ကို ကောက် စွပ်ပြီး အိပ်ခန်း ထဲ က ထွက်လာ ခဲ့တယ် ။ သူ က လဲ သူ့ ဗိုက်ကြီးကို ကော့လန်ကော့လန် နဲ့ သယ်ရင်း ကျုပ် နောက် က လိုက်လာတယ် ။ တကယ်တော့ အဲဒီ အချိန် မှာ ကျုပ် ဘာမှ ရေရေရာရာ မဆုံးဖြတ်ရ သေးဘူး ။ အိမ်ရှေ့ တံခါး ကို ဆွဲ ဖွင့်လိုက်တဲ့ အချိန် အထိ ကျုပ် ခေါင်း ထဲ မှာ ရှိတာက လောလောဆယ် အိမ် ထဲ က နေ ခဏ ထွက်သွား ဖို့ ပဲ ။
ဒါပေမယ့် အဲဒီ အချိန် မှာ သူ က ကျုပ် ကို စကား တစ်ခွန်း လှမ်း ပြောတယ် ။
“ အဝတ်အစားတွေ တစ်ခါ တည်း ယူ မသွားဘူးလား ” တဲ့ ။ သူ့ မေးခွန်း ကြောင့် ကျုပ် ရင် ထဲ မှာ ဆစ်ခနဲ နာကျင် သွားတယ် ။
တကယ်တော့ ကျုပ် စိတ်ဆိုးပြီး ခုလို တစ်နေရာရာ ကို ထွက်သွား ဖို့ လုပ်နေတဲ့ အချိန် မှာ သူ တား သင့်တယ် ။ မတား တောင် ငြိမ်ငြိမ်လေး နေ သင့်တယ် ။ ခုလို အဆင်း ဘီး တပ်တဲ့ စကားမျိုး မပြောသင့်ဘူး ။ သူ အဲ့လို ပြောလိုက်တဲ့ အတွက် ကျုပ် ဘာ ဖြစ်သွားတယ် ထင်သလဲ ။ ကျုပ် ပြောပြမယ် ။
ကျုပ် ဆုံးဖြတ်ပြီးသား ဖြစ် သွားတယ် ။ ဟုတ်တယ် ဒီ မိန်းမ နဲ့ ကျုပ် ဆက်ပေါင်း နေစရာ မလိုတော့ဘူး ။ ဒါကြောင့် သူ့ စကား ကို ကျုပ် ခပ်ရိုင်းရိုင်းပဲ အဖြေ ပေး လိုက်တယ် ။
“ မင်း နောက်ယောက်ျား အတွက် ယူ ထားလိုက် ”
ကျုပ် စကားကြောင့် သူ တွေခနဲ ဖြစ် သွားတယ် ။ အောက် နှုတ်ခမ်း ကို သွား နဲ့ ကိုက် ပြီး ကျုပ် ကို ခပ်စူးစူးစိုက် ကြည့်တယ် ။ ပြီးတော့ ချာခနဲ လှည့်ထွက် သွားတယ် ။
၇ ။
တကယ်တော့ သူ အဲဒီလို ချာခနဲ လှည့်ထွက် သွားတယ် ဆိုရင် ကျုပ်တို့ နှစ်ယောက် ဟာ ကျောခိုင်းပြီး သား ဖြစ် သွားမယ် ။ ကျုပ် လဲ အသာလေး ထွက် လာ ရုံ ပဲ ။ ကျုပ် ကလဲ လူ တစ်မျိုး ၊ သွားပြီဟေ့ ဆိုရင် နောက်ပြန် လှည့် ကြည့်တတ် တဲ့ လူစားမျိုး မဟုတ်ဘူး ။ အင်မတန် မာန ကြီး တဲ့ အကောင် ။ ဒါကြောင့် ကျုပ် တို့ နှစ်ယောက် ရဲ့ ဇာတ်လမ်း ဟာ ထာဝရ နိဌိတံ သွားမယ် လို့ ဆိုနိုင်တယ် ။
ဒါပေမယ့် ကံကောင်းတယ် ပဲ ခေါ်ရ မလား ကံဆိုးတယ် ပဲ ပြောရ မလားတော့ မပြောတတ်ဘူး ။ သူ အဲဒီလို လှည့်ထွက် သွားတဲ့ ကိစ္စ ဟာ မအောင်မြင်ဘူး ။
ဖိနပ်ချွတ် မှာ ချ ထားတဲ့ ခြေသုတ်ဖုံ ကို ခလုတ် တိုက် ပြီး သူ့ ကိုယ် ဟာ ယိုင် သွားတယ် ။ သူ့ ဟန်ချက် ကို သူ ပြန် ထိန်းသေးပေမယ့် မရဘူး ။ ထိန်းရင်း ထိန်းရင်း နဲ့ ပဲ နောက်ဆုံး ပြိုလဲ သွားတယ် ။ ပထမ တော့ ကျုပ် လဲ ကြောင် နေ သေးတယ် ။ နောက်မှ သတိ ဝင်ပြီး သူ ကို ပြေး ပွေ့ လိုက် တယ် ။ လက်မတင်ကလေး ပဲ ကြမ်းပြင် နဲ့ သူ့ ကိုယ် ထိခါနီး မှာ ကျုပ် ပွေ့ မိ ရက်သား ဖြစ်သွားတယ် ။ သူ ကြောက် သွားတယ် ထင်ပါ ရဲ့ ။ မျက်လုံး ကို မှိတ်ပြီး အသက် ကို ပြင်းပြင်း ရှူနေတယ် ။ နောက် မှ မျက်စိ ပွင့် လာပြီး ကျုပ် လက် ကို ပုတ်ထုတ် တယ် ။ ပြီးတော့ ပြောသေး တယ် ။
“ မထိနဲ့ ” တဲ့ ။
ဘယ်လောက်များ မေတ္တာ ပျက်စရာ ကောင်းလိုက် သလဲ ။ ကျုပ် က စေတနာ နဲ့ လဲ ဝင် ပွေ့ ပေး ရသေးတယ် ။ ပြီးတော့ ရန်လဲ အတွေ့ ခံရသေး တယ် ။
“ အိမ် ပေါ် က ဆင်းမလို့ မဟုတ်လား ။ ဘာလုပ် နေတာလဲ ။ သွားပါတော့လား ”
သူ့ ကို ဆက်ပြီး ပွေ့ ထားမိ တဲ့ ကျုပ် ကို မော့် ကြည့်ပြီး ခပ်မာမာ လှမ်း ပြောတယ် ။ သူ့ စကား ကြောင့် ကျုပ် ပြုံးလိုက်မိတယ် ။ ရင် ထဲ မှာ ဒေါသတွေ တော်တော် လျော့ သွားတယ် ။
ဒါကြောင့် ဗြုန်း ဆို သူ ဗိုက်ပူ ပူ လေး ကို ကုန်း နမ်း ရင်း ကျုပ် ခပ်တိုးတိုးလေး ပြော လိုက်တယ် ။
“ သားသားလေး မွေးပြီး မှ သွားမယ် ” လို့ ။
◾နေနော်
📖 နှောင်ကြိုးတစ်မျှင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment