❝ ဖွဲမီးခံ ❞
ဆရာမလေး သည် ကန်သင်းရိုး အတိုင်း မောင်း နေသော လှည်း ပေါ် မသက်မသာ ထိုင် လိုက်ရင်း သူမ ဝတ်ခဲ့သော ဘလောက်အင်္ကျီလေး အတွက် စိတ် ကသိကအောက် ဖြစ်နေ မိသည် ။ နဂိုက အညိုဘက် ကဲသော အသားရောင် မှာ သည် နေပူ ၊ သည် ဖုန်ထူထူ တွင် မွဲပြာပြာ ဖြစ် နေပြီ ။ အင်္ကျီလက်ရှည် ကလေး ဝတ်ခဲ့ မိရင် ကောင်းသား နော် ။ လက်မောင်း ကို တကြည့် ကြည့် ဖြစ်နေ ၍ လှည်း နောက်မြီးစွန်း မှ ထိုင်နေသော အရီးလေး က သတိထား မိဟန် တူသည် ။ ပြောင်းဖူးဖက် ဆေးလိပ်ကြီး ကို မီးခိုးထောင်းထောင်း ထ အောင် ဖွာနေ ရင်းက ... ။
“ အေးကွယ် ... အရီး က လည်း ဒီ ရာသီ မှ တူမကြီး ကို အလည် ခေါ် မိ တယ် ။ တူမကြီး က လည်း ဒီ ရာသီ မှ ပဲ ကျောင်း ပိတ်တာကိုး ” ဟု ပြော လိုက် သည် ။
သည်လို ပြော တော့ လည်း ဆရာမလေး က စိတ် မကောင်းမိ ။ အရီးလေး တို့ အပေါ် အားတုံ့ အားနာ ဖြစ်မိ သေးသည် ။
ဒါပေမဲ့ နေ ပူပူ ဖုန် ထူထူ မှာ လှည်းမောင်း နေတဲ့ မအေး ရဲ့ အသားလေး က တော့ ဝင်းဝါ နေတာကို သတိထား မိသည် ။ သည်တော့ ဘယ်လိုပဲ နေ ပူတာ ကို မေ့ပျောက် နေရ သော်လည်း တံပြာ ကို မြှောက်ကာ မြှောက်ကာ နှင့် တဟဲ့ဟဲ့ နွားမောင်း နေသော မအေး ၏ လက်မောင်းကလေး ကို တော့ လက် နှင့် ပင် ပွတ်သပ် မိကာ
“ နေ ပူပေမဲ့ မအေး အသားလေး က ဝင်းလို့ ။ မျက်နှာလေး ရော ၊ ပါးအို့ လေး ပါ နီ လို့ နော် ။ ကြည့်စမ်း ... မအေး ဆို ငယ်ငယ်လေး ကတည်း က တော မှာ ကြီးလာတာပဲ ။ ဘယ်မှာ အသား မည်းလို့လဲ ၊ ကျွန်မတို့ သာ မြို့ကြီး မှာ နေပေမဲ့ ကျီးကန်းတွေ လို ပဲ နော် ။ နဂို ကတည်း က မည်း နေတော့ ဖုန်ထူ မှ ပူ မှ မဟုတ်ပါဘူး အရီးလေး ရဲ့ ” လို့ အရှက်ပြေ ပြော လိုက်ရသည် ။
ဘူတာလေး က အထွက် မြေလမ်း ပြေပြေ ၊ တမာရိပ် အေးအေးကလေး သည် မကြာခင် မှာ ပဲ နောက် မှာ နေရစ်ပြီး အခုလို ကန်သင်းရိုး လမ်းကြမ်း ကြမ်း ပေါ် လှည်းမောင်း လာ တာ .. ။ ဟောဟို က ဘုန်းကြီးပျံကွင်း ဘေး ရောက် ရင် ဆယ်ပေမြောင်းပေါင် ပေါ် ရောက်ပြီး လမ်း ကောင်း လောက်ပါပြီ ။ မန်ကျည်းရိပ်တွေ လည်း ရှိဦးမည် ။ ဘုန်းကြီးပျံကွင်း ကျော်ရင် ရွာ ရောက်ပြီပဲ ၊ ရွာ ရောက်မှ တအောင့်တဖြုတ် နားပြီး ရေမိုး ချိုး လိုက်ရင်တော့ စောစောက မီးရထား ပေါ် မှာ ကျပ်ညပ်ပြီး လူစော် နံတာတွေ ၊ အခုလို ဖုန် တလုံးလုံး ချွေး တလုံးလုံး နဲ့ လှည်း ဆောင့်တာတွေ ပျောက် သွားမည် ။ ဘုန်းကြီးပျံကွင်း ဘေး နား ရောက်ခါနီး လာတော့ ကွင်း ထဲ က ဆိုင်းသံဗုံသံတွေ ကို ကျယ်ကျယ် လောင်လောင်ကြီး ကြား လာ ရသည် ။ အလှည့် နွား ကို တံပြာ နှင့် တို့ ကာ ဆယ်ပေမြောင်း တာပေါင် ပေါ် သို့ လှည်း ကို ကွေ့ တက် လိုက်ရင်း မအေး က ...
“ မမ က လည်း ၊ လာ မယ့် လာ မနေ့ ကတည်း က လာတာ မဟုတ်ဘူး ။ ကျုပ် ဖြင့် မနေ့က မမ လာမယ် ဆိုလို့ ဘူတာ မှာ လာ ကြိုရင်း ပျော် နေတာ တော့ ၊ ရထားကြီး ဆိုက်လို့ မမ လည်း ပါ မလာရော လွှတ် ဝမ်းနည်းတာပဲ သိလား ” ဟု ခပ်ဝဲဝဲ အသံလေးဖြင့် နွား မောင်းရင်း ပြော သည် ။ အရီးလေး က မူ ...
“ သမီး က တူမကြီး ကို မျှော်တာ ရိုးရိုးသားသား မျှော်တာ မဟုတ်ဘူး ကွဲ့ ။ မနေ့က ဘုန်းကြီးပျံ နိဗ္ဗာန်ကျောင်းချ လေ ။ ကရဝိက်ယိမ်း ထဲ မှာ သမီး လည်း ပါတယ် ။ ကရဝိက် လှေလှော်ယိမ်း ထဲ ပါတဲ့ သူတွေ က ဝက်လက်မြို့ ထဲ အထိ သွားပြီး အလှပြင်ဆိုင် မှာ မိတ်ကပ်လိမ်း ၊ အလှပြင် ကြတာ ၊ တစ်ယောက် ဆယ့်ငါးကျပ် ဆိုလား ။ ငါ့ တူမကြီး လာ မှာ ဆိုတော့ သမီး က သူတို့ နဲ့ လိုက်မပြင်ဘူး ။ တို့ မမက မြို့ က လာ မှာ ဆိုပြီး တူမကြီး ကို ပြင်ခိုင်းဖို့ စောင့် နေတာပေါ့ ” ဟု ပြောသည် ။
အသားဖြူဖွေးဖွေး ပိုးဥကလေး မအေး သည် လှည်း မောင်းရင်းက ဆရာမလေး ဘက် လှည့်ပြီး ပြုံးပြ လိုက်သည် ။ နေပူကြောင့် နီနေသော ပါးကလေး သည် ရှက်သွေးကလေး ကြောင့် ပိုပြီး ကြွလှ လာသည် ။
“ ဒါဖြင့် ငါ့ ညီမလေး က မမ မလာတော့ မိတ်ကပ် မလိမ်းလိုက်ရတော့ ဘူးပေါ့ ဟုတ်လား ” ဟု မအေး လက်မောင်းကလေး ကို ကိုင်ပြီး မေးလိုက်တော့ ...
“ မမ မလာတော့ ကျုပ် ဘာသာပဲ ရှိတာလေး နဲ့ လိမ်းလိုက်ရတယ် လေ ” ဟု မအေး က ပြောပါသည် ။
ဝက်လက် က အလှပြင်ဆိုင် မှာ တစ်ဆယ့်ငါးကျပ် နှင့် သွား ပြင်ထား ကြသည့် အဖော်များ အလယ် မှာ တစ်ဝမ်းကွဲ ညီမလေး မအေး မျက်နှာ ငယ် နေ မှာ မြင်ယောင် မိသည် ၊ အရီးလေး က တို သွားသော ပြောင်းဖူးဖက်ဆေးလိပ်ကြီး ကို လှည်းရံတိုင် တွင် ဖိချေ ကာ လှည်းအိမ်ကြား က နို့ဆီခွက်လေး ထဲ ထည့် ထား လိုက်သည် ။ ထို့နောက် ဆရာမလေး ဘက် သို့ လှည့် ထိုင်ကာ ....
“ တူမကြီး ရယ် ။ ကိုယ့် သမီး မို့ ကိုယ် ပြောတာ မဟုတ်ပါဘူး ။ အိမ် ရှိ တာလေး နဲ့ သူ့ ဘာ သာ သူ လိမ်းတာပါပဲ ။ ဒါပေမဲ့ ကရဝိက် ပေါ်တက်ကြ တော့ ပုလိုင်းကန် က ဘကြီးသန်းဆောင် သမီး က ဖြင့် လှပါ့ဗျာ လှပါ့ဗျာ နဲ့ သူ့ ပဲ ချီးကျူးကြတာအေ ရဲ့ ။ မြို့ က ဟို ဘာတဲ့ ဓာတ်ရှင် လား ၊ ဘာ လား ၊ ( မအေး က ဗီဒီယို ပါ တော် ဟု ဝင် ထောက်သည် ) အဲအဲ အဲဒီ ဘီရို ရိုက်တဲ့ သူ က လည်း သူ့ ပဲ ရိုက် နေတာ ။ သူ့ အသားလေး က ဒီ နယ်သူတွေ ထဲ မှာ တစ်မျိုး ကွဲပြီး ဖြူဝင်း နေတော့ မပြင်မဆင် ဘဲ လှ နေကာ တူမကြီး ရဲ့ ” ဟု ပြောပြ ပါသည် ။
ဆရာမလေး မှာ အပြင်အဆင် မရှိဘဲ တောသွား တောလာ အဝတ်အစားလေး နှင့် ပင် ဖွေးဥ နေသော သူ့ ညီမလေး အတွက် ဝမ်းသာ မိသည် ။
ဆယ်ပေမြောင်း ပေါင်ပေါ် မှာ မို့ လမ်း က ညက် လာသည် ။ ထို့ကြောင့် လှည်း စီးရတာ သက်သာသည် ။ တာပေါင် အနောက်ဘက် က မန်ကျည်းပင်ကြီးတွေ ကြောင့်လည်း အပူ လျော့ သွား၏ ။ ဘုန်းကြီးပျံကွင်း မှာ တအုန်းအုန်း နှင့် စည်ကား နေပြီ ။ မဏ္ဍပ်တွေ ထိုးထိုးထောင်ထောင် ၊ လိုက်ပြာသာဒ်တွေ က အစီအရီ ။ ကွင်းလယ် က လောင်တိုက်ကြီး က ဟည်းထ နေသည် ။ သည်နေ့ ဧယင်ကျူးမည့် မင်းသမီး မှာ ကောင်း ကြောင်း ၊ မနေ့ည ဇာတ် တွင် နောက်ပိုင်း နိုင်သည့် မင်းသမီး ဖြစ်ကြောင်း အရီးလေး က ဘူတာ အထွက် ကတည်း က ပြောခဲ့သည် ။
မအေး က မူ နွား နှစ်ကောင် ကို တံပြာ နှင့် တို့ ရင်း ..
“ ဘုန်းကြီးပျံပွဲ လုပ်တော့ ၊ ကွင်း နေရာ ကို ဒီ ဘောလုံးကွင်း ထဲ ရွေး ကတည်း က ကျုပ် ဖြင့် လွှတ် ပျော်တာ တော့ ။ အစ က ဝက်လက် က ကွင်း ထဲ မှာ တင် လုပ် မလိုလို ကြားတော့ မရတော့မယ့် အတူတူ မန္တလေး ကို အလည် လာ ဦး မလို့ ၊ မမတို့ ဆီ ကျုပ် မရောက်ဖူးတာ ကြာပြီ မဟုတ်လား ။ မန္တလေး ရောက် ရင် မမ ကို အနှံ့ ပို့ခိုင်း ဦးမယ် လို့ စိတ်ကူး ထားတာ ။ ဒါထက် မမ ရေ .. ဟို ဟို ... မူဆယ် တို့ ၊ လားရှိုး တို့ ဆိုတာ မန္တလေး က တစ်ဆင့် သွားရင် ရောက် တယ် ဆို ” ဟု မအေး က ပြောတော့ အရီး က ...
“ ဘုန်းကြီးပျံ က ဧယင်ကျူးတဲ့ မင်းသမီး တော်တော် ကောင်းတယ် ” ဟု စကား လွှဲ သည် ။
ဆရာမလေး သည် အရီး မျက်နှာ လှမ်း ကြည့်တော့ မျက်နှာ တစ်ချက် ပျက် သွားမှန်း သတိထား မိသည် ။ ဆရာမလေး နား ထဲ မှာတော့ မူဆယ် လားရှိုး ဆိုတဲ့ အသံတွေ ပဲ့တင် ထပ်နေသည် ။ ထို နေရာ ထက် ပိုမို ဝေးကွာသော တောင်တန်းဒေသများ ကို ပါ အတွေး က ပျံ့လွင့် သွားသည် ။ လှည်း မောင်း နေ သော မအေး ရဲ့ အတွေးလေးက ရော ။
“ ဒိုင်း ” ဝုန်းခနဲ ဘုန်းကြီးပျံကွင်း ဆီ မှ အသံများ နှင့်အတူ မအေး က ‘ အမေ့ ’ ဟု ဆိုကာ အရီးဘက် ပစ်လှဲ ချ ပြီး ရင်ခွင် ထဲ မျက်နှာ ဖွက်ကာ ဆတ်ဆတ် တုန် နေသည် ။ နွား နှစ်ကောင် က တာလမ်း အောက် လှည်း ကို တရွတ်တိုက် ဆွဲ သွားသည် ။ ဆရာမလေး သည် စောင်းသွား သော လှည်း ပေါ် မှာ ယိုင်လဲကျ မသွားဖို့ လှည်းရံတိုင် နှစ်ဖက် ကို မြဲမြဲ ဆုပ်ကိုင် လိုက်သည် အရီး က မူ ဟောတော့ ဟောတော့ ဟု အော်ရင်း နဖားကြိုး ကို မအေး လက် ထဲ မှ တကျွတ်ကျွတ် စုတ် သပ်ရင်း “ မအေး .. သမီးဘုန်းကြီးပျံ က လိုက်ပြာသာဒ် ကစား မှာ မို့ ဗြောက်အိုး နဲ့ ပေထုပ်တွေ ဖောက်တာပါ အေ့ မကြောက် နဲ့ ထ စမ်း ၊ ထ စမ်း အမေ မောင်း လိုက်မယ် ” ဟု ပြော ကာ လှည်းဦး သို့
ဖင်တရွတ်လျှော ရွှေ့သည် ။
နွားနှစ်ကောင် က တာပေါင် အောက် ရောက်တော့ ငြိမ် သွားကာ နားရွက် တခတ်ခတ် အမြီး တယပ်ယပ် လုပ် နေသည် ။ မအေး က အရီး ရင်ခွင် ကြား မှ ထ ကာ ဆရာမလေး လက် ကို ကိုင်ရင်း “ ကြောက်လိုက်တာ မမရယ် ” ဟု ပြောသည် ။ စောစော က ရဲမှည့်မှည့် ပါးအို့လေးမှာ ဖြူဖပ်ဖြူရော်လေး ဖြစ်သွား၏ ။
အရီး က လှည်းအောက် ဆင်း ကာ အခြေ ပျက် သွားသော နွား နှစ်ကောင် ၏ နဖားကြိုးများ ကို ပြင်ပြီး နောက် “ တူမကြီး လည်း ကံကောင်းလို့ လှည်းပေါ် က မကျတယ် ။ ငါ့ သမီး လုပ်လိုက်မှ ဖြင့် အလန့်တကြား အေ ၊ ဘယ့်နှယ် ဒီ ဗြောက်အိုးသံ ၊ ပေထုပ်သံ ကို ငယ်ကယ် ကတည်း က ကြောက်တတ် မှန်း မသိဘူး ။ နိဗ္ဗာန်ကျောင်း ချ ၊ အလောင်းထုတ်တုန်း ကလည်း လူကြား ထဲ တစ်ခါ အရှက် ကွဲ ပြီးပြီ ” ဟု ပြော ကာ လှည်းပေါ် တက်ပြီး နွားများ ကို ငေါက် ကာ လှည်း ကို တာပေါင်လမ်း ပေါ် ပြန် တင် လိုက်သည် ။
မအေး ငယ်စဉ် နီတာရဲလေး ဘဝ က လည်း ဦးကြီးသန်းဆောင် တို့ အရီး တို့ နှင့် မန္တလေး လာတုန်းက သီတင်းကျွတ် ဗြောက်အိုးတွေ ဖောက်ကြ တော့ မျက်ဖြူ လန်ပြီး မအေးကလေး တက် သွား ဖူးသည် ။ သူ့ ခမျာ ဝုန်းဝုန်း ဒိုင်းဒိုင်း ပေါက်ကွဲသံ ကို ကြောက်သည့် အစွဲ က ချွတ် မရအောင် စွန်းထင် နေပြီ ၊
အရီး က လှည်း မောင်းရင်း “ သမီး က ဒီ အသံ သာ ကြောက်တာ အေ ရဲ့ ၊ တခြားဖြင့် ဘာမှ အကြောက်အလန့် မရှိဘူး ။ သွေး ကောင်းချက် လွန်ရော ၊ ဟို လယ်တွေ ထဲ က ဆားကွင်းတွေ မှာ ဆား မီးထိုး ဖို့ လူ ခေါ်ပါဟဲ့ ဆိုတော့ မခေါ်ချင်ဘူး လေ ။ နေ မထွက်ခင် ကတည်း က တစ်ယောက် တည်း ဆား မီး ထိုး သွားတာ ၊ ကြောက်ရမှန်း လည်း မသိဘူး ” ဟု ပြောသော အခါ ပလိုင်းကန် ဘက် မရောက်တာ လည်း ကြာ ၊ မန္တလေး ကို အရီးလေး တို့ မရောက်တာ လည်း ကြာ မို့ အဆက်အသွယ် ပြတ် နေသောကြောင့် ဆားကွင်း ဆိုသော ဆား မီးထိုး ဆိုသော စကားတွေ ကို နားစိမ်း အံ့သြ မိသည် ။ ပုလိုင်းကန် ဟု ဆို လျှင် ဟို ငယ်ငယ် က ဖေဖေ နှင့် ရောက်ဖူးစဉ် လယ်ကွင်းတွေ ရိုးပြတ်တွေ ဟု သာ သိသည် ။ ဒါကို အရီးလေး က ရိပ်မိဟန် တူသည် ။ “ ဆားကွင်း ဆိုတာ လယ် တွေ ပြီးတဲ့ အခုလို အချိန်မှာ အဲဒီ လယ်မြေ က နေ ဆား ချက်တာ တူမကြီး ရဲ့ ” ဟု ပြောတော့ အသိ တစ်ခု တိုး ရသည် ။ “ ဒီ လယ်မြေတွေ က ဆား ပေါက် တယ်လေ ” ဟု ပြောသည် ။ “ ဟို မှာ မြင်ရတာ ဆားဖို တွေပေါ့ ” ဟု ပြသော အခါ တစ်ဖက် ဆီ က လယ်ကွင်း ရိုးပြတ်တွေ ကြား မှာ တဲကလေးတွေ နှင့် မီးခိုးခေါင်းတိုင် တလူလူများ ကို တွေ့ ရသည် ။ လယ်မြေ မှာ ဆား ချက်ခြင်း ကြောင့် လယ်မြေ ပျက် မှာ လား ဆိုတာ ဆရာမလေး အဖို့ စဉ်းစားစရာ တစ်ချက် ဖြစ်သည် ။
ယခု အချိန်အထိ လက်ဖျားလေးတွေ အေးစက် နေသော မအေး သည် ဆရာမလေး လက် ကို ဆုပ်ကိုင်ရင်း တုန်ယင်သော အသံဖြင့် “ ဆား မီးထိုးရင်း ရ တဲ့ ပိုက်ဆံ တွေ မန္တလေး သွား ရင် သွား ၊ ဒါမှမဟုတ် ဘုန်းကြီးပျံ သုံး ရင် သုံး ဆို ... စုထားတာပေါ့ မမ ရယ် ၊ ဒါပေမဲ့ မသုံးလိုက်ရပါဘူး ။ လယ် အတွက် ငွေ ကုန်စရာ ရှာကြံ ပေါ် လာတော့ စု ထားတဲ့ ငွေလေး နဲ့ပဲ ဖြေရှင်း လိုက်ရတယ် ” ဟု ပြောသည် ။
ဆက်၍ “ သမီး ကတော့ ပြောလို့ ပြောတာ မဟုတ်ဘူး ၊ လိမ္မာတယ် အေ ၊ ကောက်စိုက် ဆိုလည်း သူ ပဲ လိုက်တာ ။ နေပူ ထဲ ဘယ်လောက် ကောက် စိုက်စိုက် ပျိုးနုတ်နုတ် သူ့ အသားလေး က ဝင်း နေတာပဲ ။ ဟော ... ဆား မီးထိုး လည်း သူပဲ ၊ သူ့ အဖေ က ရှေ့ဆောင် ပေးရုံ တင် ။ မနှစ် က ဆားမီး ကို အသား ထင်းတုံး ထိုး တော့ ပစ်ထားလို့ ရတယ် ။ ဒီနှစ် စပါးဖွဲ နဲ့ မီးထိုး တော့ မီးဖို နား မပြတ် ထိုင်ပြီး ထိုးပေး နေရတာ ။ တို့ ဖြင့် အမြဲ ထိုးဖို့ နေနေသာ အနား ခဏ သွား ကြည့်တာကို ပဲ တရှိန်းရှိန်း ပူတာ ။ ဖို ခုနစ်ဖို ရဲ့ မီးအား က နည်းရော့ လား ၊ မအေး က တော့ မနားတမ်း မီးထိုး တာအေ ။ သူ့ အသားလေးတော့ မီးရှိန် နဲ့ မည်းခြောက်သွားရော ထင်တာ ။ ကြည့်စမ်း ... ဝင်းလို့ ပဲ တူမကြီးရဲ့ ” ဟု ပြော သည် ။ဆရာမလေး သည် မအေး လက်မောင်းကလေး ကို ကိုင်ရင်း ... “ ဟုတ် ပါ့နော် ဖွဲမီးခံ အသားလေး ” ဟု ပြောမိသည် ။
တကယ်တော့ ဘကြီး နှင့် အရီးလေး တို့ တစ်နှစ် တွင် လယ်အလုပ် မကောင်းကြ ၍ ရှမ်းပြည်နယ် ဘက် တက်ပြီး လက်ဖက်ခူး ကြရင်း နယ်မြေ ဒေသ အခြေအနေ ကြောင့် အမြန် ပြန် ပြေး လာခဲ့ကြသည် ။ ထိုစဉ်က သားသမီး မရှိသော ဘကြီး နှင့် အရီးလေး တို့ သည် မိဘမဲ့ တိုင်းရင်းသူ ပေါက်စကလေး တစ်ယောက် ရှမ်းပြည်နယ် က တစ်ဆင့် မန္တလေး အိမ် သို့ ပါလာ ကတည်း က ဝိုင်း၍ ချစ်ကြပြီးသား ဖြစ်သည် ။
◾ဆူးငှက်
📖 ရင်ခုန်ပွင့် မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၁၉၈၉ ခု
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment