Friday, March 3, 2023

အမေ ဆိုတဲ့ သူ


 

❝ အမေ ဆိုတဲ့ သူ ❞

အောင်သမာဓိ စိန်ရွှေရတနာဆိုင် နဲ့ ရွှေသန့်စင်လုပ်ငန်းရှင် ကိုအောင် တို့ မိသားစု နဲ့ ကျွန်တော့် မိသားစု က နှစ်စု တစ်စု ရင်းနှီးကြတယ် ။ ကိုအောင် တို့ မိသားစု တင် မက ကိုအောင် ရဲ့ ညီတွေ ၊ ကိုအောင် ရဲ့ အမိ အဖ နဲ့ လည်း သိကျွမ်းတယ် ။

ကိုအောင် ရဲ့ အမေ ဒေါ်ကြည်မြိုင် နဲ့ လည်း မကြာခဏ ဆုံဖြစ်တယ် ။ သူ့ ကို ကျွန်တော် တို့ က မေကြည်မြိုင် လို့ ခေါ်ကြပါတယ် ။ မေကြည်မြိုင် က စကား ပြော သိပ် ကောင်းတယ် ။ သူ ပြောရင် ပုံတိုပတ်စ ၊ ဟာသ တွေ နဲ့ တသောသော ရယ်မောရင်း ပြောလေ့ ရှိတယ် ။

ယခုအခါ သူ့ မှာ ကင်ဆာရောဂါ စွဲကပ် နေပြီ ။ ဘန်ကောက် ကို မကြာခဏ သွား ပြီး ဆေးကုသမှု ခံယူ နေရတယ် ။ ကင်ဆာ နဲ့ အသက်ရှင် နေတာ ဖြစ်ပေမဲ့ မေကြည်မြိုင် က ပေါ့ပေါ့ပါးပါး ၊ ရွှင်ရွှင်လန်းလန်း ပဲ ။ သူ့ အကြောင်း ကျွန်တော် က စိတ်ဝင်စားပြီး စာ ရေး ချင်တယ် လို့ ခွင့် တောင်းတော့ သူ့ သား ကိုအောင် က ဘယ်လို ခေါင်းစဉ် တပ် မှာလဲ မေးတယ် ။ ကျွန်တော့် မှာ အဖြေ မရှိသေး ။

“ မနက်ဖြန် သေမယ့် သူ ဆိုပြီး ခေါင်းစဉ်တပ်ပေါ့ ” လို့ ကိုအောင် က ပြောတော့ သူ က တဟားဟား ရယ်တယ် ။

သူတို့ သားအမိတွေ နေထိုင် ဆက်ဆံပုံ က သူငယ်ချင်းတွေ လို ပဲ ။ မေကြည်မြိုင် မှာ သား အရင်း ခြောက်ယောက် ၊ မွေးစားသား တစ်ယောက် ရှိတယ် ။ သားတွေ အားလုံး လူ တစ်လုံး သူ တစ်လုံး ဖြစ်အောင် မေကြည်မြိုင် ပြုစု ပျိုးထောင် ခဲ့တာ ။ ကိုအောင် ဆိုရင် ဆင်းဆင်းရဲရဲ ကွမ်းယာသည် ဘဝ က ရွှေကုန်သည် ဖြစ် လာတာ ။ မေကြည်မြိုင် ရဲ့ သားသမီး ပြုစုပျိုးထောင်ပုံ ကို မေးမြန်းရင်း သူ့ ဘဝ ကို လည်း မေးဖြစ်ခဲ့ပါတယ် ။

“ ကျွန်မ မတ္တရာမြို့နယ် မွေတလိုင်းရွာ မှာ မွေးတာ ။ အဖေ က ဦးသီဟ ၊ အမေ က ဒေါ်သန်းရင် ။ ကျွန်မ က ဒီ အဖေ ဒီ အမေ နဲ့ နေရတာ မဟုတ်ဘူး ။ မွေးစား အဖေ အမေ နဲ့ နေရတာ ။ မွေးစား တာ က ဦးမော် ၊ ဒေါ်လုံးတင် ”

“ ဘာကြောင့် အမိအဖ တွေ ရှိရက် နဲ့ သူများ က မွေးစား ရတာလဲ ”

“ ကျွန်မ အမေ့ ဘက် က အမျိုး က အလွန် မာနကြီးတဲ့ အမျိုး ။ ပဲ့နင်းကြီး မျိုး ။ အမေ က အဖေ နဲ့ ရည်းစား ဖြစ်တော့ လုံးဝ သဘော မတူဘူး ။ သူတို့ချင်း အဆင့်အတန်း တူ ၊ အမျိုးချင်း တူ တဲ့ သူ နဲ့ ပေးစား မှာ ။ သဘော မတူလို့ အိမ်ရှေ့ ဝင်းတံခါးကြီး ပိတ် ထားတာ ။ အိမ်နောက်ဘက် က ရေချိုးဆိပ် ၊ အဖေ နဲ့ လည်း မတွေ့ရဘူး ။ အမေ က ရေချိုး ရင်း အောက် ကို ရေငုပ် ပြီး သွားတယ် ။ ထဘီရင်ရှား နဲ့ ဘာမှ မပါဘဲ လိုက် သွားတာ ”

“ အဖေ က ဘာ အလုပ်အကိုင် ရှိသလဲ ”

“ ကုန်သည်မျိုးရိုး ပါ ။ အဖေ ငယ်စဉ် က အရောင်းအဝယ် လုပ်တယ် ။ ဒီလို လူမျိုး အမေ့ မိဘတွေ က မကြိုက်ဘူး ။ အမေ က လည်း ဒီ တစ်ယောက် မှ ဒီ တစ်ယောက် ”

“ အဲဒီလို လိုက်ပြေးတော့ ”

“ ဇာတာတွေ မီးရှို့ပြီး အမေ့ ကို သေစာရင်း သွင်း လိုက်တယ် ။ တော်တော် ဆိုးတဲ့ အမျိုး နော် ”

မကြည်မြိုင် က ပြောရင်း ရယ်တယ် ။

“ ဒီတော့ ပတ်ဝန်းကျင် က အမေ နဲ့ အဖေ ကို သနားပြီး ဟို အိမ် က ခေါ်ထား ၊ ဒီ အိမ် က ခေါ်ထား ။ ကျွန်မ ကို လည်း ဟို ကခေါ်  ဒီ က ခေါ် ။ အဲဒါနဲ့ အဘဦးမော် တို့ က သီဟ ငါ့ အိမ် လာ နေ ။ ကလေး လည်း ငါ မွေးစားမယ် နဲ့ ဖြစ်သွားတာ ”

“ အဘ ဦးမော် က မွေးစား အဖေ ဖြစ်သွားတာပေါ့ ”

“ ဟုတ်တယ် ။ ကျွန်မ မူလတန်း လောက် မှာ တိုင်းပြည် က ပျက်လာပြီ ။ ပညာရေး က မတ္တရာ သွား နေ မှ အလယ်တန်း အထက်တန်း နေရမှာ ။ ကျွန်မ က မိန်းကလေး ဖြစ်တဲ့ အတွက် မပို့ဘူး ”

“ ပညာရေး ဘယ်ပုံ ဆက် သင်လဲ ”

“ ကျွန်မက ရဲဘော်တွေ သင်တဲ့ ပညာရေး သင် ရတယ် ။ ခုနစ်တန်း အထိ တက်ရ သေးတယ် ။ အဲဒီမှာ ကျွန်မ ဘဝ က ဆိုးတော့ မှာ ”

နားထောင် နေ ရင်း စိတ်ဝင်စား ပြီး ကျွန်တော့် ခါး က မတ် လာတယ် ။

“အဘ က သေတယ် ။ အဖေ က သေတယ် ။ ကျွန်မ က ၁၅ နှစ် သမီး ပဲ ရှိသေးတယ် ။ အဘ သေ တော့ အမေ့ ညီမ က အတူ လာ နေတယ် ။ သူ နဲ့ ကျွန်မ က မတည့်ဘူး ။ နေ မဖြစ်တော့ တာ နဲ့ ကျွန်မ ဟာ ကျွန်မ အိမ်ခွဲ နေတယ် ။ ကျွန်မ မုန့် လုပ် ရောင်းတယ် ။ တစ်နေ့ ငါးမတ် နဲ့  အလုပ်တွေ လိုက် လုပ်တယ် ။ ဆေးစိုက် ၊ မြေပဲချ ၊ ပေါင်းနုတ် ၊ တောင်သူလုပ်ငန်း တွေ လုပ်ရတယ် ”

“ အမေ အရင်း ဆီ ပြန် မသွားဘူးလား ”

“ အဖေ က ဆုံး ၊ အမေ ကလည်း ရွာ မီးလောင် လို့ ခေါင်းရွက်ဈေးသည် လုပ်ပြီး ကျန်တဲ့ ကလေးတွေ ကို လုပ်ကျွေး နေ ရတယ် ။ အဲဒီ အချိန် မှာ မန္တလေး က အဒေါ် အိမ် မှာ လူ လိုတယ် ။ ထမင်းချက် ပေါ့ ။ အဲဒါ သွား လုပ်ပေးတယ် ။ ကျွန်မ က ရည်မှန်းချက် ကြီး တဲ့ မိန်းမ ၊ ပြည်တော်သာ ဆရာ ခန့် ဖို့ ခေါ်တယ် ။ ကျွန်မ က midwife ( သားဖွားဆရာမ ) တွေ ခေါ်တယ် ။ ကျွန်မ က midwife စာမေးပွဲ ဝင် ဖြေ တယ် ”

“ အရွေး ခံရလား ”

မေကြည်မြိုင် က ပြုံး ပါတယ် ။

“ ၁၉၅၈ ခု ၊ မေလ မှာ ဝင်ခွင့် စာမေးပွဲ ဖြေ ရတယ် ။ စာမေးပွဲ ဂေဇက် က ထွက် တော့မယ် ။ ကျွန်မ ယောက်ျား ဖြစ်လာမယ့် ကိုထွန်းရွှေ က လည်း ကျွန်မ အဒေါ် အိမ် ကို လာ နေတယ် ။ သူ က တောခေါင်း ဖြစ်ခါစ ။ သူ နဲ့ ကျွန်မ နဲ့ လုံးဝ မတည့်ဘူး ။ ဒေါ်လေး က သူ နဲ့ ပေးစား ချင်တာ ။ ကျွန်မ က ဂေဇက် မထွက် သေးလို့ အလိုက် အသာ နေ နေတာ ။ အဒေါ် က သူ့ ယောက်ျား ကို ထွန်းရွှေ နဲ့ ကြည်မြိုင် က ဖြစ်နေပြီ လို့ ပြောတာ ။ ဦးလေး က ဘာမှ မသိဘူး ။ အဲဒီလို ဆို ပေးစားလိုက် ဆို ပြီး ဇွတ် ပေးစားတာ ”

ဒီ တစ်ခါ ပြုံးသူ က ကျွန်တော် ပါ ။ ဘုမသိ ဘမသိ အိမ်ထောင် ကျ ရတဲ့ အမျိုးသမီး တစ်ယောက် ။

“ ရိုးရိုးသားသား ပြော ရရင် ကျွန်မ မှာ အဲဒီ အချိန် က ရည်းစား ရှိတယ် ။ ကျွန်မ က အဲဒီ ရည်းစား နဲ့ လိုက် ပြေးရင် ကျွန်မ လည်း ကျွန်မ အမေ လိုပဲ အပြော ခံရတော့မယ် ။ အမေ က အဖေ နဲ့ လိုက် ပြေးခဲ့တာ ကိုး ။ အမေ့ သမိုင်း ချေရမှာ ပဲ ဆိုပြီး ခေါင်းညိတ် လိုက်တယ် ”

“ midwife ဖြေထားတာ ကကော ”

“ ဂေဇက် လည်း ထွက် လာရော ၊ ကျွန်မ ဖြင့် အသည်း နာ လိုက်တာ ။ midwife ဝင်ခွင့် အောင်တယ် ”

မေကြည်မြိုင် မျက်နှာ ညှိုး သွားတယ် ။ ကျွန်တော် လည်း ဘာ မေးခွန်း မှ မမေးဘဲ အသံ တိတ် နေတယ် ။

“ လူ ဆို တာ ချစ် လို့ ရတယ် ။ ခွေး လည်း ချစ် လို့ ရတယ် ။ ကြောင် လည်း ချစ် လို့ ရတယ် ။ လူ လည်း ချစ် လို့ ရတယ် ။ ဒါပေမဲ့ ကြိုက် လို့ မရဘူး ။ ကိုထွန်းရွှေ ကို ကျွန်မ ကြိုက် လို့ လုံးဝ မရဘူး ။ ဆရာ့ မှာ လည်း သမီး တွေ ရှိမှာပဲ ။ သူတို့ ကို ပြောထားပါ ။ စရိုက် တူ ပြီး ကြိုက် လို့ ရတဲ့ သူ ကို ပဲ အိမ်ထောင်ဖက် အဖြစ် ရွေးပါလို့ ”

ကျွန်တော် က ပြုံး ပြီး ခေါင်း ညိတ် တယ် ။

“ တောခေါင်း ဆိုတော့ ပြောင်းရွှေ့ နေရမှာပေါ့ ”

“ အိမ်ထောင် ကျခါ စ က ဆည်တော်ကြီး ၊ နောက် ရေနံ့သာ ၊ မန္တလေး ၊ စဉ့်ကူးနယ် ညောင်ဝန်း ၊ အဲဒီ က မှ လက်ပန်လှ ”

“ လက်ပန်လှ မှာ အခြေချ ကြတယ် နော် ”

“ လက်ပန်လှ က ပဋိရူပ အရပ်  ဖြစ်တယ် ။ မန္တလေး သွား လို့ လွယ်တယ် ။ ကလေး တွေ အတွက် လည်း ကျောင်း ရှိတယ် ဆိုပြီး ထိုင် လိုက်တာ ”

“ ဦးထွန်းရွှေ ရဲ့ လုပ်ငန်းတာဝန် က လည်း လက်ပန်လှ မှာပဲလား ”

“ ကိုထွန်းရွှေ က လက်ပန်လှ ကနေ မိုးကုတ် ရွှေ့ ရတယ် ။ သူ က အိပ်ရာလိပ် လိပ် ပြီး အလုပ် ထွက် ချ လာတယ် ။ သူ အလုပ် ထွက် လိုက်တော့ ကျွန်မ ကုန်စိမ်း ရောင်း ရတယ် ။ မန္တလေး က ဝယ်ပြီး လက်ပန်လှ ဈေး ထဲ ပျံကျခင်း ရောင်းတာ ”

“ အဆင်ပြေလား ”

“ စ ရောင်းခါစ ရှက်လို့ ဆိုင် မှာ မထိုင်ရဲဘူး ။ အငယ်ဆုံး သား ညီညီထွန်း လေးလသား ၊ မှတ်မှတ်ရရ နတ်တော်လ ။ ကျွန်မ က ဆိုင် ပစ် ထားပြီး သူများ ဆိုင် သွားပြီး မီးလှုံ နေတာ ။ ဈေးဝယ် က ဒါ ဘယ်သူ့ ဟာ လဲ မေးတော့ ဆိုင်နီးချင်း က ကျွန်မ ဆိုင် လို့ ပြော တာပေါ့ ။ မကြည်မြိုင် တို့ ဒီလို လုပ်စားရတဲ့ ဘဝ တောင် ရောက်နေ မှ ကိုး လို့ သူ က ပြောတော့ ဝမ်းနည်း ပြီး မျက်ရည် တောင် ကျတယ် ။ ငါ့ ဘဝ ဒီလိုတောင် ဖြစ် နေပါလား ပေါ့ ။ ငယ်သေးတာ ရဲ့ ဘဝင်လေး ပေါ့ ။ ခု ဆိုရင်တော့ ချဉ်ပေါင်ရွက် လည်း ထိုင် ရောင်းနိုင်ပါပြီ ”

ခုအချိန် မှာ တော့ သားတွေ လည်း ကြီးပွားနေပြီ မို့ သူတို့ အမေ ချဉ်ပေါင်ရွက် ရောင်း စရာ မလိုတော့ပါဘူး ။

“ကျွန်မ စဉ်းစားတယ် ။ ဒီလို လုပ်စား နေလို့တော့ မဖြစ်ဘူး ။ ကုန်စိမ်း ပေမဲ့ ကြီးကျယ် အောင် လုပ် ရမယ် ။ ကိုယ့် ဒေသ က ထွက်တဲ့ ခရမ်းချဉ်သီး ၊ ခရမ်းသီး ၊ မြေပဲ တွေ ဝယ်ပြီး မန္တလေး သွား ရောင်းတယ် ။ မိုးကုတ် တက် ရောင်းတယ် ”

“ မျှစ် လည်း ရောင်းဖူးတယ် နော် ”

“ ရောင်းဖူးတယ် ။ မျှစ်တွေ တော ထဲ မှာ ပေါက် နေတာ ချိုးမယ့် သူ မရှိဘူး ။ မန္တလေး ရောင်း ရင် ရမှာပဲ ။ ချိုးပြီး မန္တလေး လာ ရောင်းတယ် ။ ကျွန်မ က သားတွေ ကို အအား မထားဘူး ။ ကျောင်း ပိတ်ရင် မျှစ်ချိုး ၊ ထင်းခုတ် လုပ်ကြရတာပဲ ”

“ သားသမီး ပြုစု ပျိုးထောင် ခဲ့ပုံလည်း သိချင်ပါတယ် ”

“ သားသမီးတွေ ငယ်စဉ် ကတည်း က အိမ် အလုပ် ကို ကိုယ် နိုင်သလောက် တာဝန် ယူ ရတယ် ။ တော်တော် ငယ်တဲ့ သူ က သောက်ရေအိုး သောက်ရေခွက် တိုက် ။ နို့ညှာ က အိပ်ရာတွေ သိမ်း ။ သူ့ ထက် အကြီးတွေ က ထမင်းချက် အလှည့်ကျ သူ က ချက် ။ တော ထဲ သွား သူ သွား ။ လုပ်ရတာပဲ ။ သူတို့ အချင်းချင်း ကြီးစဉ် ငယ်လိုက် လေးစားရတယ် ၊ ဒီတော့  အုပ်ချုပ် ရတာ သိပ် ကိုးရိုးကားရား မရှိဘူး ။ ကျွန်မ သူတို့ နဲ့ သူငယ်ချင်း လို လည်း နေတယ် ။ ဆရာ လို လည်း သွန်သင်တယ် ။ အမေ လို လည်း မေတ္တာ ပေးတယ် ။ လက်ဦး ဆား က မကိုက် ရင် မရဘူး ”

မေကြည်မြိုင် နောက်ဆုံး ပြော လိုက်တဲ့ စကား ကို ကျွန်တော် သိပ် မရှင်းလို့ ပြန် မေးတယ် ။

“ လက်ဦးဆား ကိုက်အောင် နယ် ရတယ် ။ သားငါး ကို ဆားနယ် ရာမှာ လက်ဦး ဆား မကိုက်ရင် ပုပ်မယ် ။ လက်ဦး ဆား မကိုက်တဲ့ ကလေးတွေ ကြီး မှ ဆုံးမ လို့ မရဘူး ”

သူ ပြောတဲ့ အဓိပ္ပာယ် ကျွန်တော် နားလည် သွားပါပြီ ။

“ ခုခေတ် မိဘတွေ ကို သားသမီး ကို ငယ်စဉ် ကတည်း က နိုင်နိုင်နင်းနင်း ဆုံးမကြစေ ချင်တယ် ။ ကျွန်မ ဆိုရင် ကျွန်မ ငယ်ငယ် က အမေ က ပြောခဲ့တဲ့ စကား တစ်သက်လုံး မမေ့ဘူး ”

ဘာ စကား ပါလိမ့် ကျွန်တော် စဉ်းစား နေတယ် ။

“ ထမင်း စားပြီး ချေး မဖြစ်စေနဲ့ တဲ့ ။ အမေ က ပြောတာ ။ ကျွန်မ က လည်း အမေ့ ကို ပြန် ပြောတယ် ။ အမေ ထမင်း စားပြီးရင် လူတိုင်း ချေး ဖြစ်တာပဲ ဆိုတော့ အမေ က မဟုတ်ဘူး ။ ထမင်း စား ပြီး ဉာဏ် ဖြစ်ရမယ် ။ ထမင်း စား ရင် စဉ်းစားရမယ် တဲ့ ”

သားကောင်းတွေ ကို ထိန်းကျောင်း ပေးခဲ့တဲ့ မိခင်ကောင်း တစ်ယောက် အဖြစ် သူ့ ကို ကျွန်တော် လေးစားမိပါတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ ၁၀၁

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment