❝ ဒသ နှင့် ၂၁ ရာစု ပါဖောမင့်န် ❞
သီတာ ။
တောခေါင်မြေပြင် ၊ လျှိုမြောင်ခွင် နဲ့ တောင်စဉ် အထပ်ထပ် ခွကျော် ဖြတ်လို့ ကျွန်တော်မျိုး ဒဿ ဟာ အသင် ရှိရာ အရပ် ( အူယားဖားယား ) ပြေးထွက်လို့ လာခဲ့ပြီပဲ ။
မမောနိုင်ဘူး သီတာ ။ အချစ် ကြောင့် လူတွေ ဟာ အမောပြေကုန်ကြလေ သတဲ့ ။ လူ မဟုတ်သော်ငြား ခံစားတတ်တဲ့ အသည်းနှလုံး ပိုင်ရှင် ကျွန်ုပ် ဒဿ လည်း သင် နှင့် ပတ်သက်၍ ဝက်ဝက်ကွဲ ခဲ့ ပေါ့ ။ ( ချစ်လွန်းခဲ့တာ ပြောပါတယ်လေ ။ )
ဘီလူးကြီး ပါ သီတာ ။ ဒါပေမဲ့ ဘီလူးကြီး ရဲ့ အသည်း ဟာ ရေမျော ကမ်းတင် ( အဲ ... ဟုတ်ပါဘူး ) ရေ မှာ မျော လာတဲ့ ရွှေပေလွှာ ထက် က မင်း ပုံရိပ် ကြောင့် ကတုန်ကယင် ခုံမင်တပ်မက် အရှက် မရှိအောင် ဟတ်ထိ ခဲ့ရတယ် ဆိုတာ ချစ်နှမ သီတာ မြင်ပါစေသား ။ ဆုမွန် တောင်းခြွေ ရင်း ( မှန်းစမ်း ) ငါ ရောက် နေရာ အရပ် ယခုပင် ချက် ( ခ် ) လိုက်မယ် ။ အလို ... နှစ်ဆယ့်တစ်ရာစု တောင် ရောက်နေခဲ့ပါ ပေါ့ လား ။
ရောက်ရှိ နေသော အခြေအနေ ကို သုံးသပ်မိချိန် တွင် သူ ၏ အတွေးမျှင် များ ဖျတ်ခနဲ ရပ်တန့်သွားကြတော့၏ ။ ဟုတ်ပေ၏ ။ သူ ရောက်ရှိနေသည် မှာ နှစ်ဆယ့်တစ်ရာစု ၏ ခေတ်အမီဆုံးပေ့ ဆိုသည့် မြို့ပြကြီး တစ်ခု ။ နန်းဝတ်နန်းစား ပြောင်ပြောင်လက်လက် နှင့် သူ့ ကို လူတွေ ကွက်ကြည့် ကွက်ကြည့် လုပ်သွား ကြသည် ။
“ ဟယ်တော့ ... ဆယ်လုံးတောင် မှ တော့ ခေါင်း ”
“ အေးဟယ် ... တစ်မျိုးကြီး နော် ၊ ရုပ်ကြီး က ဟီဟိ ”
“ မျက်နှာ သစ် ရင် တော်တော် အလုပ် ရှုပ် မှာပဲ ”
အသံများစွာ သူ ကြားနေရသည် ။ ပတ်ဝန်းကျင် ၏ အကြည့် နှင့် အသံ ကြောင့် ရှက်ရွံ့စိတ် နှင့် အတူ သူ့ ခေါင်း ကို သူ စမ်းမိသည် ။ ဟင် ... ဆယ်လုံး ။ ထို အာမေဍိတ်သံ သည် သူ ၏ စိတ် ထဲ မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး တစ်ဆက် တည်း မှာ ပင် သူ့ ခေါင်း ကို စမ်းလိုက်မိ ပြီး ဖြစ်သည် ။ သူ အခုမှ သဘော ပေါက် လိုက်၏ ။ ဒီဘက် ခေတ် လူများ အဖို့ ဆယ်လုံး သော ခေါင်းကြီး သည် အထူးအဆန်း သဖွယ် ဖြစ်နေပေတော့မည် ။ သို့သော် အကြောင်း မဟုတ် ။ သူ ၏ တန်ခိုးပါဝါ ဖြင့် အပို ဖြစ်နေသော ခေါင်းကြီး ကိုးလုံးကို ဖျောက် လိုက်၏ ။ “ ဒရွှန်း ” ( တန်ခိုးဖြင့် ဖျောက်လိုက်သံ )
ထို့နောက် သူ သည် စတိုးဆိုင်ကြီး တစ်ဆိုင် ရှေ့ မှ ဖြတ် အလျှောက် ဆိုင် ၏ နံရံ ဖန်သားပြင် မှ တစ်ဆင့် သူ ၏ အိုဆွေး နေပြီ ဖြစ်သော ရုပ်ကြီး ကို အမှတ်မထင် တွေ့လိုက် ရ စဉ် ...
“ ဟင် ... ငါ ဟာ တော်တော် တောင် အိုမင်း နေပါပေါ့လား ၊ အေးလေ ၊ ရာစုပေါင်း များစွာ ကို ဖြတ်ကျော် ခရီးပြင်း နှင်ခဲ့ရတာပဲလေ ။ ရှိပေမပေါ့ ။ သို့ပေမဲ့ ဖြစ်တော့ မဖြစ်ချေဘူး ။ တော်ကြာ သီတာလေး ဟာ ဒီ ရုပ် မြင်ပြီး တစ်ခါတည်း ကိလေသာ ပယ်သတ် လို့ တောထွက် သွားမှဖြင့် ခက်လေငဲ့ ”
သူ သည် ထိုသို့ တွေးမိသည့် အခိုက် မှာ ပင် တင်ပါး နှစ်ချက် လှုပ်၍ ပါဝါ ထုတ်ရင်း အဟုတ်အသက် သွင်း လိုက်ရာ သူ ၏ ရုပ်အဆင်း ကား တရုတ် မင်းသား ဂျက်လီ နှင့် ပင် သွားဆင် နေသေးတော့၏ ။ သို့သော် ခေတ် အဆက်ဆက် ဖြည့်ကျက် ခဲ့ သော ပါရမီ အဟုန် ကြောင့် နှာခေါင်း တစ်ကွက် မှာ မူ ဖန်ဆင်း ၍ မပြောင်းလဲနိုင် ဖြစ်နေလေသည် ။ ခေတ် ကာလ သားသမီးများ မြင်သာအောင် ပြရသည် ရှိသော် ဂျက်လီ မျက်နှာ တွင် မစ္စတာဘင်းန် နှာခေါင်း ကပ် ထား သကဲ့သို့ ရှိ၏ ။ အနှီကဲ့သို့ စုတေးဘဲလ် Suitable မဖြစ်စွာသော ရုပ်ကြီး ဖြင့် ပင် သူ သည် စောင်းကန်း စောင်းကန်း ဖြင့် ချီတက် သွားလေ၏ ။ လာချေပြီ မိသီတာ ။
“ ကြင်ရာတော် ရွေးချယ်ပွဲ အထူး ပရိုမိုးရှင်း Promotion ”
ခန်းမဆောင်ကြီး ၏ အဝင် တွင် ရေးထိုး ထားသော အထက်ပါစာတန်း ကြောင့် သူ ကြိတ် ပြုံးလိုက်သည် ။ အပြုံး နှင့် အတူ သူ ၏ ရင်ခုန်နှုန်းများ ပင် မြန်ဆန် သွား သလို ရှိသည် ။ ထိုအခိုက် လုံခြုံရေး တစ်ယောက် သူ့ ထံ လျှောက်လာသည် ။ ယမကာ နံ့ က ထောင်းခနဲ ။
“ ရပ် ၊ နာမည် ပြော ”
“ ဂီရိ ၊ ဒဿဂီရိ ”
“ ဘယ်က လာသလဲ ”
“ သိဃိုပြည် က လာခဲ့တယ် ”
“ ဘာ လာ လုပ်တာလဲ ”
“ သီတာဒေဝီ ကို လက်ဆက် ဖို့ လာခဲ့တယ် ”
“ ဘာလုပ်ဖို့လဲ ”
“ ဟဲ ... ဟဲ .. ဟု အာဗျာ ခင်ဗျား က လည်း စပ်စပ်စုစု ၊ သွား ၊ ဘာမှန်းလဲ မသိဘူး ”
ထို့နောက် သူ သည် ထိုနေရာ မှ ရှက်စနိုး ဖြင့် ပြေးထွက် လာခဲ့တော့၏ ။
ခြေ ၊ လက်များ က တော့ ဇာတ်ထဲ က ဘီလူးဟန် အတိုင်း ကားကား ကားကား ။
မကြာပါ ။ အဆောက်အအုံ အထပ်ပေါင်း များစွာ ကို ဓာတ်လှေကား ဖြင့် ကျော်ဖြတ် ပြီး စဉ် တွင် “ စနိုက်ပျံ ” မကျ စည်ကား လှသော ပရိသတ်ဗိုလ်ပုံ အလယ် ၌ သူ့ ဘဝ ၏ ရင်နှစ်သည်းချာ ကလီစာ ဟု သော် လည်းကောင်း ၊ ရင်ခုန်နွေးလျက် သွေးအသက် ဟုသော် လည်းကောင်း တင်စား အပ်သော မူပိုင်ရှင်မကြီး မမခိုင် ( အဲလေ ) သီတာဒေဝီ ကို မြင်တွေ့လိုက်ရ ချေ ပြီ တည်း ။ ဒဿ ရင်ခုန်ပြီ ။ ( ဒုန်း ... ဒုန်း ... ဝုန်း ... ဂလုံး ) ရင်ခုန်သံ ။
ဤသို့ ရစ်သမ် ပြင်းပြင်းဖြင့် ထိုးတက် သွားသော ရင်ခုန်သံကြောင့် သူ ၏ ပါဝါများ ရုတ်တရက် ထွက်သွားကာ ခန်းမ တစ်ခုလုံး မီးခိုးများ ဖုံးသွား၏ ။
“ ဝုန်း ... ဟုန်း ... ဟုန်း ...”
“ ဟာ ... မီးခိုးတွေ ညှော်တယ် ဟေ့ ၊ ညှော်တယ် ၊ ၁၉၁ ကို ဖုန်းဆက် ”
“ ဒတ် ... ဒတ် ... ဒဿဂီရိကြီး ဟေ့ ”
အော်သံများ ။ အားလုံး သူ့ ကို စိတ်ဝင်စား သွားကြသည် ။ သူသည် လည်း အမှတ်တမဲ့ ထွက်သွားသော ပါဝါ ကို ပြန် ထိန်းရင်း လူအုပ် ထံ ဘီလူး ကြည့်ကြည့် လိုက်ရာ တွေ့ပါပေပြီ ။ မျက်နှာစိမ်း ၊ မျက်နှာဝါ ညီအစ်ကို နှစ်ယောက် ။ ခပ်ရှင်းရှင်း ပြောကြပါစို့ ။ ရာမ ၊ လက္ခဏာ ညီအစ်ကို နှစ်ယောက် ။ ဟို ခပ်မြင့်မြင့် ထုတ်တန်း ကို ကြည့်တော့ သီတာဒေဝီ ဟာ စောင်ပုခက် ကို ခြေ တွဲလောင်းချ စီးလျက် ။ လွင့်ခနဲ လွင့်ခနဲ စီးမျောသွားတဲ့ သီတာ ရဲ့ ကေသာ နီကြောင်ကြောင်တွေ ။ ဖျတ်ခနဲ ဖျတ်ခနဲ လွတ် သွားတဲ့ အောက်စ ( အဲ ) ထဘီ စကတ်အနားစလေး ရဲ့ အောက် မှာ ရွှေအိုရောင် မွေးညင်းနုတွေ နဲ့ ဖြူဥစိမ်းညက် နေတဲ့ သီတာ ရဲ့ သလုံးပြည့်တင်းတင်းလေး တွေ ။ ဒဿ တံတွေး မျိုသည် ။
“ ဂယ်လု ”
တံတွေး မျိုချသံ ၏ တန်ပို က လိုအပ်သည် ထက် ပို ကျယ်သွား၍ ရာမ ၊ လက္ခဏာ ညီနောင် က သူ့ ကို လှမ်း မြင် လိုက်ပြီး မတူညီသော ပါဝါ နှစ်ခု အကြည့်ချင်း ဆုံသည် တွင် ( ဒန် ဒန့် တန် )
“ ကျေးဇူးပြု၍ နားဆင်ပါ ရှန် ၊ မကြာမီ အချိန်အတွင်း မှာ သီတာဒေဝီ မင်းသမီးလေး ရဲ့ ကြင်ရာတော် ရွေးချယ်မယ့် လေးတင်ပွဲကြီး စတင်တော့မှာ ဖြစ်တဲ့ အတွက် အားလုံး အသင့် ပြင်ထားကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ် ၊ ကျေးဇူးတင်ပါတယ် ရှန့် ”
အစီအစဉ် ကြေညာသံ ကြားရသည် ။ ခုနစ်ပြည်ထောင်မင်းသားများ နှင့် တကွ ရာမ ၊ လက္ခဏာ အပါအဝင် သူ ဂီရိ ပါ ရုတ်ပွ ရုတ်ပွ ဖြစ်သွားကြသည် ။ အားလုံး ၏ အကြည့် က လည်း ဗိုလ်ခြေ တစ်ထောင် မ မှ ကြွသည် ဆိုသော ယိုးဒယား လေးကောက်ကြီး ထားမည် ဟု ထင်စရာ ရှိသော ကတ္တီပါ ကန့်လန့်ကာကြီး သို့ ရောက်ကုန်ကြသည် ။
ထို့နောက် သူတို့ အားလုံး ယိုးဒယားလေးကောက်ကြီး ထားရှိရာ ကန့်လန့်ကာကြီး သို့ ပြိုင်တူ ကြည့်မိကြသည် ။ ကန့်လန့်ကာ စ က တဖြည်းဖြည်း ချင်း ပွင့် လာသည် ။ ထို့နောက် အတွင်း မှ တစ်စုံတစ်ရာ ကို သူတို့ အားလုံး မြင်တွေ့လိုက်ရ ချိန် မှာ တော့ ...
“ ဟင်... ဘာကြီးလဲ ”
“ ဟယ် ... ဟိုလိုမျိုး ကောက်ကောက်ကြီး လည်း မဟုတ်ပါလား ”
“ ဒါကြီး .. ဒါကြီး ဘာကြီးလဲ ”
“ ဘာကြီးလဲတော့ မသိဘူး ၊ ကြည့် ရတာတော့ တူတယ် ဟဝှာ နဲ့ ”
ရေရွတ်သံပေါင်းစုံ ထွက်လာသည် ။ ရာမ ၊ လက္ခဏာ ၊ ဒဿ အားလုံး မှင်တက်ဆဲ ။ ဟုတ်ပေ၏ ။ သူတို့ မြင်တွေ့ လိုက်ရသည် မှာ ဗိုလ်ခြေ တစ်ထောင် မ မှ ကြွသည် ဆိုသော လေးကောက်ကြီး မဟုတ်ဘဲ မော်တော်ကား များ တွင် အသုံးပြုသော လေးမျိုး ဖြစ်နေသည် ။ ထို လေး တောင် မှ တစ်ချောင်း ၊ နှစ်ချောင်း မျိုး မဟုတ် ။ အထုပ်လိုက် ။ အားလုံး ယောင်နန နှင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက် ၊ လေးထုပ်ကြီး ကြည့်လိုက် ဖြစ်နေကြသည် ။ မှန်း မရသော အခြေအနေ မို့ မည်သူမျှ လက်လွတ်စပယ် မဝင်ရဲကြသေး ။ ဤတွင် အစီအစဉ် ကြေညာသော ကောင်မလေး အသံ ထွက်ပေါ် လာပြန်သည် ။
“ ဟုတ်ကဲ့ ရှန့် ၊ အစီအစဉ် အသေးစိတ် က တော့ လူကြီးမင်း တို့ မြင်နေရတဲ့ လေးထုပ်ကြီး ကို ခေါင်း ပေါ်တင် လို့ ဟောဟို က ပုခက် ဆီ ကို အရောက် ပြေး ရမှာ ပဲ ဖြစ် ပါတယ် ၊ အဲဒီလို လေးတင်ပြီး အရောက် လာ နိုင်တဲ့ သူ ဟာ သီတာဒေဝီ နဲ့ ထိမ်းမြား လက်ထပ်ခွင့် ကို ရရှိပါမယ် ၊ ဟုတ်ကဲ့ ၊ ဆက်လက်ပြီး ဒီ အစီအစဉ် ကို အဓိက ကူညီ ပံ့ပိုးပေးတာ က တော့ “ ဝုန်းဒိုင်းဂွမ်း ” ဝမ်းနုတ်ဆေး မှ ဖြစ်ပါတယ် ။ ဝုန်းဒိုင်းဂွမ်း ဝမ်းနုတ်ဆေး ကို နိုင်ငံတကာ အဆင့်မီ ပွေးကိုင်း နဲ့ ဖော်စပ် ထားပြီး အရောင် သုံးမျိုး နဲ့ ထုတ်လုပ် ထားပါတယ် ။ စနစ်မမှန် လို့ အညှစ်သန် နေမယ် ဆိုရင်တော့ ဟောဒီ ဝုန်းဒိုင်းဂွမ်း ကို တစ်တို့ လောက် လျက် ကြည့်ပါ ။ အကြမ်းမဆန် ဘဲ ဝမ်းမှန်သွားပါလိမ့်မယ် ။ မှန်သမှ သွေးထွက်အောင် ကို ပါပဲ မှန် ။ ဟုတ်ကဲ့ ၊ ပြိုင်ပွဲကြီး စတင်ပါပြီ ။ ခမ်းမောင်းစ် ”
အစီအစဉ် ကို ကြား လိုက်ရတော့ အားလုံး မျက်လုံး ပြူးပြီး ဒူးခွင် ကုန်ကြသည် ။ ရှေ့ဆုံးတန်း တွင် ကြိတ်ကြိတ်တိုး နေသူ အချို့ မသိမသာ ( တရွေ့ရွေ့ ပြန် ဆုတ်သည် ။ ) ကိုယ့်ဘဝ ကိုယ် တွေးမိ သွားကြဟန် တူသည် ။ တဖွဲဖွဲ ပြန် ဆုတ်ကြသမှ နောက်ဆုံး ရာမ ၊ လက္ခဏာ နှင့် သူ သာ ရှေ့ တွင် ကျန်ရစ်ခဲ့တော့၏ ။ ခေတ္တ တိတ်ဆိတ် သွားသည် ။ ထိုအခိုက်
“ ဘူးထွား ... ဟား ... ဟား ၊ အခုအချိန် ကျ မှ တော့ ဘာကြီးဖြစ်ဖြစ် မ မယ်ကွ ၊ ဒါမျိုးနဲ့ ပတ်သက်လို့ က တော့ သေကာ မှ သေရော ။ ငါ့ နာမည် ဒဿဂီရိ တဲ့ ဟေ့ ”
လက်ခမောင်း ခတ်ရင်း သူ အလွတ် ထ ကြမ်း သည် ။ အားလုံး က မှင်တက် မျက်နှာ ။ အရှက်ဗလာ သမား က ဒဿ ။ ထို့နောက် တော့ သူ လေး တင်ရန် ကြိုးစား ပြီ ။ တစ်ပြိုင်နက် တည်း မှာပင် ဒီဂျေသမား က တေးသွား တစ်ခု ဖွင့်ချ လိုက်သည် ။ ရှင်ဖုန်း ရဲ့ အိုကေနားထား ။
“ ဂိုက်ပေးကြမ်းတဲ့ ကိုလူချော ရယ် ၊ ထပ်ပြီး အချိန်တွေ မဖြုန်းနဲ့ ၊ စိတ်ကူးထဲတောင် မယဉ်နိုင်ဘူးကွယ် ၊ စိတ်ညစ်တယ် နင် ဘယ်သူလဲ ”
သံစဉ်မြူးမြူး နှင့် အတူ ဒဿ ဖင်လိမ် မသည် ။ လေးထုပ်ကြီး က တုတ်တုတ် မျှ မလှုပ် ။ ရာမ နှင့် လက္ခဏာ က လည်း သူ့ ကို ပြူးပြူးပျာပျာ နှင့် ကြည့် နေကြသည် ။ မတော် မ လို့ ရသွားရင် ဒုက္ခ ၊ သီတာဒေဝီ က လည်း ကြာမျက်လုံးလေး တဝင့်ဝင့် နှင့် တခစ်ခစ် ရယ်ကာ မောကာ ။
သီတာဒေဝီ ရဲ့ အပြုံးလေး ကို လှမ်း မြင် လိုက်ရတော့ သူ့ စိတ်ထဲ ပို၍ ရွပိုး ထိုး သွားသည် ။ ထို့ကြောင့် စိတ် ကို အတည်ငြိမ်ဆုံး ထားကာ တန်ခိုးပါဝါ အားလုံး ကို စုစည်းလျက် ငြာသံ ပေးရင်း လေးထုပ်ကြီး ကို မ တင် လိုက်သည် ။
“ ရီးယား ”
“ ဟာ ... ဟာ ... ကြွလာပြီဟေ့ လေးထုပ်ကြီး ”
“ အေးဟယ် ... ခြေသလုံးပလွေလေးတွေ တော့ ကျိုးတော့မှာပဲ ”
“ ဟော ... ခေါင်း ပေါ် တင်လိုက်ပြီ ”
ပရိသတ်များ ပွက်လောရိုက်ကုန်သည် ။ ရာမ ၊ လက္ခဏာ မျက်နှာ အပျက်ပျက် ။ ခဲလေသမျှ သဲရေကျ ရပြီ မဟုတ်လော ။ အခုတော့ ဒဿဂီရိကြီးက လေးထုပ်ကြီး ကို ရွက်ရင်း တုန်ချည့် တုန်ချည့် နှင့် သီတာဒေဝီ ဆီ အရောက် လှမ်းနေပြီ ။ သီတာဒေဝီ က တော့ ပုခက် ပေါ် မှာ ပြုံးပြုံးလေး ကြာကြည့် ကြည့် နေ တုန်း ။ တစ်လှမ်း ၊ နှစ်လှမ်း ၊ သုံးလှမ်း မြောက် မှာ တော့ သီတာဒေဝီ ရဲ့ ပုခက် အောက် ကို သူ ရောက်ပြီ မို့ ခေါင်း ပေါ် က လေးထုပ် ကို ပစ်ချ လိုက်ရင်း လေ ထဲ သို့ ပင့်သက်ကြီး တစ်လုံး အလွတ် ပစ်သွင်း ကာ ...
“ လာဘစ် ( စ် ) အောင်ပြီကွ ”
ထို့နောက်တော့ သူ သည် လည်း သတိ လက်လွတ် ဖြစ်ကာ တိုင်ကို ဖက် ရင်း ( လူရွှင်တော်ဦးမန်းဝင်း က လေ့ ရှိသော အက ဖြင့် ) ဗိုက် လှုပ် ၍ က လေ တော့သည် ။ စက္ကန့် ပိုင်း မျှ အူ မြူးပြီး သည် တွင် အစီအစဉ် ကြေညာသံ ကို သူ ကြားလိုက် ရ၏ ။
“ ဟုတ်ကဲ့ ၊ လက်ခုပ်သြဘာလေးများ မြှောက်စားကြပါရန် ၊ ယခု ဆိုရင် ဒဿဂီရိ ဟာ ဖြင့် လေးထုပ်ကြီး ကို အောင်မြင်စွာ ခေါင်း ပေါ် တင်နိုင်ပြီ ဖြစ်တဲ့ အတွက် သီတာဒေဝီ ကို လက်ဝယ် ပိုင်ပိုင် ရရှိတော့ မှာ ဖြစ်ပါတယ် ”
ကြားလိုက်ရသော အသံ ကြောင့် သူ သည် ဝမ်းသာ လွန်း ရ ကား ပရိသတ် ဘက် လှည့် ကာ ဖလိုင်းကစ် အကြိမ်ကြိမ် ပေးမိ လေ တော့၏ ။ ပြီးမှ ပုခက် ပေါ် မှ သီတာဒေဝီလေး ကို တစ်ချက် ရှိုး လိုက်၏ ။ သူ ကြည့်လိုက် မှ ပင် သီတာဒေဝီ က ပေါင် နှစ်ချောင်း ကို လှမ်း ချိတ် လိုက်ရင်း ပြီတီတီ စိုက် ကြည့် ကာ နှုတ်ခမ်းကလေး ကို ချွန်ပြ လိုက်သည် ။ ကလိ ကလိ ကကျိ ပလိ (ဒဿဂီရိ ရင်တွင်း မှ အသံများ )
“ ကဲ .. ကဲ .. လက်ဆက် မှာ ဖြင့် မြန်မြန် ဆက်ကြဗျာ ၊ ကျုပ် မလည်း သိပ် အားတာ မဟုတ်ဘူး ၊ ဟင်း ... ဟင်း .. ဟင်း ....”
ဤသို့ အံကြိတ်သံ နှင့် ပြောလိုက်သော သူ ၏ စကား အဆုံး တွင်တော့ ထည်ဝါလှသော အသံကြောင်ကလေး နှင့် စကားသံ ထွက်လာလေသည် ။
“ လေဒီအန် ဂျန်းဂဲ အဲ ဂျန်းတဲမန်း များ ခင်ဗျာ ၊ လေးပင် အဲ .. လေးတင်ပွဲကြီး ပြီးဆုံးပြီ မို့ လို့ အခမ်းအနား အစီအစဉ် နှစ် အရ သီတာဒေဝီ မင်းသမီးလေး ကို ဟောဒီ သူရဲကောင်းကြီး ဒဿဂီရိ ထံ အပ်နှံမယ့် အချိန်အခါ ကျရောက်လို့ လာပါပြီ တော် ၊ တီးတော် တော်တော် တည် ၊ အဲ ... ခမ်းမွန်း ၊ သီတာဒေဝီ ၊ ခမ်းမွန်း ”
အသံကြောင်ကလေး ဆုံးသွားသည် နှင့် စောင်ပုခက် ပေါ် မှ သီတာဒေဝီ ဆင်းချလာမည် ဟု သူ ထင်ထားသော် လည်း အမှန် မှာ ထိုသို့ မဟုတ် ။ စောင်ပုခက် ပေါ် ၌ သီတာဒေဝီ မရှိတော့ ။ ထို့အတူ သူ ၏ နံဘေး မှ အခန်းတစ်ခု မှာ အော်တို ပွင့် လာသည် ကို တွေ့လိုက်ရ၏ ။ သူ ကြောင်ကန်းကန်း ဖြစ်နေစဉ် မှာ ပင် ပွင့် လာသော အခန်း ထဲ မှ ရောင်စုံ ဆလိုက်မီးများ နှင့် လှည်းယဉ်အသေးစား တစ်ခု ။ ထို အပေါ် တွင် မှ လူရိပ် လူယောင် သဲ့သဲ့ ။
ရှူးခနဲ မီးခိုးငွေ့များ ဝေသွားသည် ။ ခန်းမ တစ်ခုလုံး လည်း လက်ခေါက် မှုတ်သံ နှင့် လက်ခုပ် တီးသံများ ဆူညံ သွား ကြသည် ။ သူ က တော့ ပါးစပ် အဟောင်းသား နှင့် တွေ့ရှိရသမျှ ကို ငေးကြည့် နေဆဲ ။
••••• ••••• ••••• •••••
သူ ငေး နေသည် ။ ဒဿ ငေးနေသည် ။ ငေး နေစဉ် အခိုက်အတန့် မှာ ပင် သူ ၏ လက်မောင်း သို့ ညင်သာနွေးထွေးသော အထိအတွေ့ တစ်ခု ဖက်တွယ် လာသည် ကို ခံစား လိုက် ရသည် ။ ထို ခံစားမှု ကြောင့် ပင် လှိုက်ခနဲ ဖို သွားသော ရင် အစုံ နှင့် နံဘေး သို့ ဝေ့ဝဲ ကြည့် လိုက် တော့ ...
“ အား ”
ထိတ်လန့်စရာ အကောင်းဆုံး အနီးကပ် မြင်ကွင်းကြောင့် သူ ငယ်သံ ပါ သွားသည် ။ သူ တွေ့ လိုက်ရသည် က ထူသော နှုတ်ခမ်း ၊ ကြမ်းသော အသား ၊ ပြားသော ရင်ဘတ် ၊ မည်းနက်သော အရောင်အဆင်း ရှိသည့် မိန်းမထွားကြီး တစ်ဦး ။
“ ဟင် ... မင်း မင်း ဘယ်သူလဲ ။ လွှတ် .. လွှတ် .. ငါ့ ကို လွှတ် ”
ဖက်တွယ်ခြင်း ခံထားရသော လက် ကို ရုန်းထွက် လိုက်ရင်း သူ မေးလိုက်၏ ။ ( ခြေလှမ်း နှစ်လှမ်း က လည်း နောက်သို့ ဆုတ်ပြီး ဖြစ် )
“ ဟင့် ... ကိုကိုဒတ် နော် ၊ ဘာ အခုမှ မသိချင်ယောင် ဆောင်တာလဲ ၊ သူ ပဲ ချစ်ရပါချေ ရဲ့ ဆိုပြီး ဟိုးအဝေးကြီး က နေ လေး လာ တင်ပြီး အခု နိုင် သွားမှ ဘာ လာ ဆိုး ပြ နေတာလဲ ၊ မရဘူး နော် ၊ သီတာဒေဝီ တို့ က တစ်ယောက် ဆို တစ်ယောက် ပဲ ၊ ကဲ ... လာ ... သိဃို ကို ပြန်ကြစို့ ”
“ ဘာ ... မင်း က သီ ..... သီတာဒေဝီ ဟုတ်လား ။ ဟင့်အင်း ၊ ဟင့်အင်း ၊ မဟုတ်ဘူး ၊ မဟုတ်ဘူး မှတ်လား ၊ မဟုတ်ဘူး ဆိုတာ ကို ပြောချလိုက်စမ်းပါ ၊ မင်း ဟာ ဘယ်နည်း နဲ့ မှ ”
“ ဟုတ်တယ် သား ”
ပိုင်ပိုင်နိုင်နိုင်ကြီး ထွက်ချ လာသော လေသံ ကြောင့် ဟင်ခနဲ အာမေဍိတ်သံ နှင့် အတူ သူ လှမ်း ကြည့်လိုက်တော့ သီတာဒေဝီ ၏ ဖခင်ဘုရင်ကြီး ။
“ ဟုတ်တယ် သား ၊ မင်း မြင်နေရတဲ့ နှမငယ် ဟာ ငါ့ ရဲ့ သမီး သီတာဒေဝီ အစစ်ပါ ပဲ ”
“ ဘာ ”
တစ်ခန်းလုံး အသံများ ဝေါခနဲ ထွက် လာသည် ။ မထင်မှတ်ထားသော အခြေအနေ မို့ အားလုံး အံ့အားသင့် မဆုံးရှိနေ ကြသည် ။
“ ဒါ ... ဒါဆို ဟို စောင်ပုခက် ပေါ် က တစ်ယောက် က ”
ဒဿ အမေး ကို ဘုရင်ကြီး က ခပ်အေးအေး အမူအရာ နှင့် ...
“ ဒါက ပါမောမင် နဲ့ ပေါ့ ကွာ ၊ ၂၁ ရာစု ရဲ့ ပါဖောမင်န့် ပေါ့ ၊ အဲဒီကောင်မလေး က “ ဗြဲလရမ်း ”မော်ဒယ် အေဂျင်စီ က နေ့စား နဲ့ ငှား ပြီး ပြ ထားရတာ ၊ နောက် လေးတင်ပွဲ ဖိတ်စာ ကိုလည်း သူ့ ပုံ နဲ့ ပဲ ရိုက် လိုက်ရတာ ၊ ဒီလိုမှ မလုပ်ရင် လည်း ငါ့ သမီး ဒီ တစ်သက် လင် ရဖို့က မမြင်တော့ဘူး ၊ အခုပဲ ကြည့်လေ ၊ ငါ့ သမီး ရုပ် က မင်း တို့ ပြည် က ရုပ် အဆိုးဆုံး ဘီလူးမ ထက် ကို ပို ဆိုး နေတယ်မှတ်လား ၊ ကဲပါလေ ... မင်း လည်း ပြိုင်ပွဲ မှာ အနိုင် ရပြီမို့ ငါ့ သမီး ကို ယူပြီး ပြည်တော် ကို ပြန် တော့ ”
ခပ်သွက်သွက် ပြော၍ လှည့် ထွက် သွားသော ဘုရင်ကြီး ကို ကြည့်၍ သူ ရူး ကျန်ခဲ့သည် ။ ဘေးနား မှာ သီတာဒေဝီ က သူ့ လက်မောင်း ကို ပခုံး သိုင်း ၍ ဆွဲ ခေါ် နေပြီ ။ ရှိသမျှ အင်အားတို့ နှင့် ခြေထောက်များ တောင့်ခံ ကြည့် သော်လည်း အင်အားချင်း မမျှ၍ သူ သည် သာ တရွတ်တိုက် လျက် ခန်းမဆောင်ကြီး.နှင့် ဝေးရာ ...
••••• ••••• ••••• •••••
ဤ အခြင်းအရာများ ၏ တစ်ဖက် မှာ အပျော်ဆုံး သူ နှစ်ဦး ကလည်း ရှိ သေး၏ ။ တခြား သူ ဟုတ်ရိုးလား ။ ရာမ ၊ လက္ခဏာ ညီအစ်ကို နှစ်ယောက် ။ အနိဋ္ဌာရုံ အဖြစ်အပျက်ကြီး မှ လက်မတင်လေး လွတ်လာသောကြောင့် အူမြူး မဆုံး ရှိချေသည် ထင်၏ ။ ညီအစ်ကို နှစ်ယောက် သူငယ်တော် အက ကို ဗိုက် ချင်း ပွတ်ပြီး က သွား တာများ လုံး လို့ ။
◾ ဂ-ကြည်သူ
📖 ရယ်စရာ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၂
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment