Friday, March 24, 2023

မငွေရင် ကို အပြစ် မတင်ကြပါနဲ့


 ❝ မငွေရင် ကို အပြစ် မတင်ကြပါနဲ့ ❞


( ၁ )


အစွန်အဖျား ကျ သော မြို့ငယ်ကလေး တစ်မြို့ ။


ထိုမြို့ကလေး ၏ တစ်နေရာ မှ အုတ် အဆောက်အအုံငယ် တစ်ခု ၊ ယင်း အဆောက်အအုံ ထဲ မှ အခန်းငယ် တစ်ခု အတွင်း သို့ ဝင် ကြည့် လိုက်လျှင် ပုလင်းများ စီတန်း ၍ တင် ထားသော စားပွဲရှည်ကြီး တစ်လုံး ကို တွေ့ ရပေမည် ။ စားပွဲရှည်ကြီး ၏ နောက်တွင် လူ ခပ်ဝဝ တစ်ယောက် သည် လေးလံစွာ ထိုင်လျက် ရှိ၏ ။ စားပွဲရှည်ကြီး ၏ ရှေ့တွင် ကား အဝတ်ဦးထုပ်ပျော့ တစ်လုံးကို နဖူး ပေါ် သို့ အုပ်မိ အောင် ခပ်ငိုက်ငိုက် ဆောင်း ထားသော လူရွယ် တစ်ဦး ရပ်နေ၏ ။ လူရွယ် သည် ကောက်ရိုးရောင် ဘောင်းဘီရှည် ကို ဝတ်ဆင် ထားပြီး ခါးတွင် သားရေခါးပတ်ပြားကြီး တစ်ခု ကို ပတ် ထား၏ ။ ခြောက်လုံးပြူး သေနတ် တစ်လက် သည် ခါးပတ်ပြားကြီး တွင် မခို့တရို့ တွဲလွဲ ခို လျက် ရှိလေသည် ။


လူရွယ် က လက် ထဲ တွင် ကိုင် ထားသော ပုလင်း တစ်လုံး ကို စားပွဲ ပေါ် သို့ အသံ မြည် သွားအောင် ချ လိုက်သည် ။ စားပွဲရှည်ကြီး နောက် မှ လူဝဝ က လူရွယ် အား ဆတ်ခနဲ မော့် ကြည့်၏ ။ ပြီးမှ ...


“ ဘယ့်နှယ်လဲ စခန်းမှူးကြီး ၊ ဒီနေ့ ဖမ်းလာတဲ့ အရက်တွေ က များလှချည့်လား ”


“ ဘီးလစ်ကြီး က ဒီ စားပွဲပေါ် တင်ထားတဲ့ အရက် ရှစ်ပုလင်း တင် မြင်သေးတာ ကိုး ၊ ရုံး ရှေ့ မှာလည်း အိုးတွေ ပေါင်းချောင်တွေ ချက်ကိရိယာတွေ အများကြီး ရှိသေးတယ် ။ တိုက်ကင်း လှည့်ရင်း တွေ့ လို့ ဖမ်း လာခဲ့တာ ”


စားပွဲရှည်ကြီး နောက် မှ ခပ်ဝဝ ဘီးလစ်စာရေးကြီး သည် သက်သေခံ ပစ္စည်းများ လက်ခံ ရရှိကြောင်း ကို ရဲမှတ်ပုံတင်စာအုပ် အမှတ် ၃၂ တွင် လက်မှတ် ရေးထိုးနေ၏ ။


“ ဒီနေ့ အမှုကြီးတွေပါးတဲ့ အချိန် မှာ ကြားညှပ် တင်ပေးပါလိမ့် မယ် ။ ဒါနဲ့ တရားခံ က ဘယ်သူဗျ ”


“ ဪ ... တရားခံ လား ၊ တရားခံ က တော့ မငွေရင် ၊ အဲလေ အေးငြိမ်းရွာ က ကိုဖိုးမောင် ပါ ”


( ၂ )


မငွေရင် ၏ ခြေဖဝါး တို့ သည် ငါးပြေမ ပါးဟက် ကဲ့သို့ အက်ကွဲလျက် ရှိကြ၏ ။


အပျိုစင် ဘဝ က ဤ ခြေဖဝါး တို့ သည် မုန့်ညက် ပမာ နူးညံ့ခဲ့ ပါသည် ဟု ဆိုလျှင် ယုံမှ ယုံကြည်ကြပါတော့ မည်လား ။ အေးငြိမ်းရွာ ဇာတိ ကျေးတောသူ ဖြစ်သော် လည်း မငွေရင် ၏ အပျိုစင် ဘဝ သည် နေ ညှဉ်း ၊ လေ ပြင်း ဒဏ် ကို မခံရဖူးသော စံပယ်ပန်း တစ်ပွင့် သဖွယ် အမှန်ပင် နုနယ် လှပ ခဲ့ပါသည် ။ မငွေရင် ၏ မိဘများ သည် လယ် ဧက သုံးဆယ် ကျော် ခန့် လုပ်ကိုင် ရသော ကြေးရတတ် လယ်သမား ကြီး များ ဖြစ်၏ ။ ထို့ကြောင့် သမီးကြီး မရွှေရင် ကို ရော သမီးငယ် မငွေရင် ကို ပါ ရွှေပေါ်မြတင် ထား ခဲ့ကြသည် ။ ယင်းသို့ တယုတယ ထား သဖြင့် လည်း မငွေရင် တို့ ညီအစ်မ သည် ကောက်ပင် တစ်ပင်မျှ ထိုး မစမ်းဖူးချေ ။ ရက်ကန်း လက်ခတ် တစ်ချက် မခတ်ဘူးကြချေ ။ ထင်း တစ်ချောင်း မခွေဖူးကြချေ ။ ယုတ်စွ အဆုံး ရေအိုး တစ်လုံး ကို မျှ လည်း မရွက်ဘူးကြချေ ။


စင်စစ် အိမ်မှုကိစ္စများ ကို မငွေရင် တို့ လုပ်ကိုင်စရာ မလို အောင်လည်း အခြေအနေ က ပေးခဲ့၏ ။ နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ လုံး မပြတ် ငှားထားသည့် သူရင်းငှား သုံးဦး က အိမ်မှုကိစ္စ မှန်သမျှကို အောက်ခြေသိမ်း အလုံးစုံ လုပ်ကိုင် ပေးလျက် ရှိကြ၏ ။ ခက်သည် မှာ သူရင်းငှား သုံးယောက် ထဲ တွင် ဖိုးမောင် ဆိုသူ ကာလသား ချောချောလေး တစ်ယောက် လည်း ပါဝင် နေခြင်း ပေ တည်း ။ ချဉ်သီး နှင့် ဆား အတူ ထား မိ ရကား လယ်ရှင်သမီး နှင့် သူရင်းငှား အိုး တို့ ထိ ကြ၏ ။ ကြိုး သို့ လည်း ငြိ ကြသည် ။ ည တစ်ည လသာသာ တွင် မောင်ဖိုးမောင် နှင့် မငွေရင် တို့ နွားစာစဉ်း တဲ နံဘေး ၌ တိတ်တခိုး ချိန်းတွေ့ နေကြ၏ ။ ဤသည် ကို မငွေရင် ၏ ဖခင် ဦးဘရင် မြင် သွားသည် ။


မှို့ဖျာ ကို လေဝှေ့ သည် နှယ် ဦးဘရင် ၏ ဒေါသ တို့ သည် ပျံဝဲ ခုန်ပေါက် ကုန်ကြ၏ ။ ဦးဘရင် သည် အိမ် ပေါ် မှ ငှက်ကြီးတောင် ဓား ကို ဆွဲ ၍ တစ်ဟုန်ထိုး ဆင်း လာ ခဲ့၏ ။


“ အမယ်လေး အဖေ ရဲ့ ၊ ကိုဖိုးမောင် ကို မလုပ်ပါနဲ့ ၊ သမီး ကို ခုတ် လိုက်ပါ ။ သမီး မိုက် သာ သတ်ပစ်လိုက်ပါ ”


မငွေရင် က မောင်ဖိုးမောင် ၏ ကိုယ် ပေါ် မှ မိမိ ကိုယ် ကို မိုး ၍ ကာကွယ် ပေးခဲ့၏ ။ မောင်ဖိုးမောင် ကို အန္တရာယ် မပြုရန်လည်း တစာ စာ တောင်းပန်သည် ။ မရွှေရင် နှင့် မိခင် ဖြစ်သူ တို့ ကလည်း ဦးဘရင် ကို အချိန်မှီ ဆွဲထား လိုက် နိုင်ကြ၏ ။ ထို့နောက် တွင် ကား မောင်ဖိုးမောင် ကို သူရင်းငှား အဖြစ် မှ ထုတ် ပစ် လိုက်ပြီး မငွေရင် ကို တစ်အိမ် သားလုံး ဝိုင်းဝန်း ၍ စောင့်ကြပ် နေကြ၏ ။


သို့သော် မငွေရင် က မောင်ဖိုးမောင် အပေါ် မှာ ထားရှိသော မေတ္တာကား ကုမ္ဘဏ် တစ်ထောင် စောင့်ကြပ်သည့် တိုင်အောင် လက် လျှော့ မည့် မေတ္တာမျိုး မဟုတ်ပေ ။ တစ်အိမ်သားလုံး စောင့်ကြပ် နေသည့် အထဲ မှ မငွေရင် တစ်ယောက် မောင်ဖိုးမောင် နောက်သို့ ကောက်ကောက် ပါအောင် လိုက်ပြေး သွားခဲ့၏ ။ ယင်းသို့ လိုက်ပြေး ရာ တွင် လည်း မငွေရင် က ယဉ်ကျေးသည် ။ မောင်ဖိုးမောင် အပေါ် ပုဒ်ထီး ၊ ပုဒ်မတွေ နှင့် ရန် မရှာနိုင်အောင် ကိုယ် ပေါ် တွင် ရှိ သမျှ လက်ဝတ်လက်စား ရွှေထည် တို့ ကို ခေါင်းအုံး အောက် တွင် ထားခဲ့ပြီး ခါးဝတ် ခါးစား မျှဖြင့် လိုက်ပြေး ခဲ့၏ ။


သည် ကတည်း က မငွေရင် အား မိဘဆွေမျိုး တို့ က စွန့်ပယ် လိုက်ကြသည် ။ သို့သော် မငွေရင် က အပြုံး မပျက်ပေ ။ အိမ် ကို ပြန် ကပ်ရ နိုးနိုး လည်း မကြိုးစားပေ ။ မကြိုးစားသည့် အပြင် အရွဲ့ ပင် တိုက်လိုက်ချေ သေး၏ ။ တစ်ရက် က မရွှေရင် သည် ညီမ ငွေရင် တို့ တဲကုပ်ကလေး တည်ရှိရာ ကုန်း အနီး မှ ဖြတ်သွား ခဲ့၏ ။ မရွှေရင် ဖြတ်သွားမှန်း သိ ကာ မှ မငွေရင် သည် ကိုဖိုးမောင် ၏ ပါးမြိုင်းမွေး တို့ ကို ပြာ တစ်ဆုပ် ဖြင့် တယုတယ နုတ်ပေး နေ လိုက်၏ ။


“ ထွီ ”


မရွှေရင် က တံတွေး တစ်ချက် ခပ်ပြင်းပြင်လေး ထွေးသွားခဲ့၏ ။ မငွေရင် ကား မတုန်လှုပ် ၊ မရွှေရင် တို့ က စိမ်းကား လေ ကိုဖိုးမောင် အပေါ် တိုး၍ ကြင်နာလေ ပင် ။ တစ်ကြိမ် တွင် လည်း ကုန်း အနီး မှ မရွှေရင် နှင့် ဆွေမျိုး အချို့ ဖြတ်သွားကြ ပြန်သည် ။ သည် တစ်ကြိမ် တွင် ကား တဲရှေ့ ဆီးချိုပင် ရိပ် မှ ဝါးကွပ်ပျစ်ကလေး ပေါ် တွင် ကိုဖိုးမောင် က အိပ်နေ၏ ။ ကိုဖိုးမောင် ၏ သျှောင် မှ ဆံပင် တို့ သည် ကွပ်ပျစ်၏ ခေါင်းရင်း အုံးတား ကို ကျော်လျက် ဖားလျားဖြန့် ချထား လျက် သား ရှိ၏ ။ မငွေရင် က ကွပ်ပျစ် ခေါင်းရင်း မြေပြင် ပေါ် တွင် ဆောင့်ကြောင့် ထိုင် ကာ ကိုဖိုးမောင့် ဆံပင်များ ကို ဘီးစိပ် ဖြင့် ဖြီး ပေး လိုက် ၊ သန်း ရှာ ပေးလိုက် ပြုမူ နေသည် ။ ထိုအချိန် မှ စ၍ မရွှေရင် နှင့် တကွ ဆွေမျိုး တစ်သိုက် သည် သူတို့ ကုန်းဖက် သို့ ခြေဦး မ လှည့်တော့ ။


ဆွေမျိုးများ သာ မက တစ်လောကလုံး က ပင် ပစ်ပယ် ထား ကြပါစေ ။ ယင်းသို့ ပစ်ပယ် ထားကြခြင်းကို မငွေရင် အဖို့ ကိုဖိုးမောင် မျက်နှာ တစ်ချက် ညိုမည် လောက် မျှ ပင် စိုးရိမ်ခြင်း မရှိပေ ။ စင်စစ် ကား မငွေရင် အဖို့ ကိုဖိုးမောင် ၏ မျက်နှာ သည် တစ်ရွာ မ က တစ်ကမ္ဘာ ပင် တည်း ။


ကိုဖိုးမောင် က လည်း မိမိ အပေါ် စွန့်စွန့်စားစား ချစ်ခဲ့ရှာ သော မငွေရင် အား အလို လိုက်ရှာပါသည် ။ မျက်နှာ မငယ်ရအောင် ကြိုးကြိုးစားစား လုပ်ကိုင် ကျွေးမွေး ရှာ ပါသည် ။ သူတို့ ဇနီးမောင်နှံ တဲ ထိုး နေထိုင်ရာ ကိုဖိုးမောင် တို့ ဘက် မှ ပါသော ကုန်းကလေး ထဲ တွင် ရုံးပတီ ၊ ခဝဲ စသော ဟင်းသီးဟင်းရွက်များ မြေလွတ် မကျန် အောင်ပင် စိုက်ပျိုး ၍ ဝင်ငွေ ရှာခဲ့၏ ။ နှင်းပန်း ၊ မေမြို့ပန်း ၊ ဒေါန စသည့် ပန်း အမျိုးမျိုး တို့ ကို လည်း ရာသီ အလိုက် စိုက်ပျိုး၍ ရောင်း ချပေးသေးသည် ။ ဟင်းခင်း ၊ ပန်းခင်း တို့ ကို ကိုဖိုးမောင်သည် ဆယ်ဝင် ပုံး နှစ်ပုံး ကို ထမ်း၍ နေ့စဉ် ရေဖျန်း ပေး ရှာ၏ ။ အိမ် မှာ နေစဉ် က ရေအိုး တစ်လုံး မရွက်ဖူးသော မငွေရင် သည် ကိုဖိုးမောင် မအား လပ်သည့် အခါ ၌ လေးလံသော ရေပုံး နှစ်လုံး ကို ကိုယ်တိုင် ထမ်း၍ ရေ ဝင် ဖျန်း ပေးလေ့ ရှိ၏ ။ ပင်ပန်းသည် ဟု တစ်ခွန်း မညည်းခဲ့ပေ ။ ကလေး တစ်ယောက် ရသည် အထိ မူ ဟင်းခင်း ၊ ပန်းခင်း တို့ မှ ရသော ဝင်ငွေ သည် သူတို့ လင်မယား အဖို့ လောက်ငှခဲ့၏ ။ ကလေး နှစ်ယောက် ရင်ခွင် ထဲ သို့ ရောက်လာသော အခါ တွင် ကား မစား လောက် တော့ ။ ငတ် တစ်ခါ ပြတ် တစ်လှည့် ဖြစ်လာသည် ။


ထိုသို့ ဝမ်းရေး မသာယာသော အချိန် တွင် လည်း မငွေရင် တို့ အိမ်ထောင်ရေး ကား မသာ မယာ မဖြစ်ခဲ့ပေ ။ မငွေရင် သည် တစ်ချက်ကလေး မျှ မညည်းညူ ခဲ့ ။ ကိုဖိုးမောင် အား ဆင်းရဲသည် ကို အကြောင်းပြု၍ မာကျောသော စကား တစ်ခွန်း ကို မျှ မဆိုဖူးခဲ့ပေ ။ 


“ ကိုဖိုးမောင်ရယ် ... ဘာမှ မပူပါနဲ့ ၊ ကျုပ် မြစ်ရိုး ကို လိုက်ပြီး ၊ မြေပဲ နုတ်မယ် ၊ ရွာ က အဖော်တွေ လည်း အများကြီး ပါသားပဲ ” 


မြေပဲဆွတ် မလိုက်မီ မငွေရင် သည် ကိုဖိုးမောင် တစ်ယောက် အဆင်သင့် ချက်ပြုတ် စားရစ် ရန် တစ်လ စာ ခန့် ဆန် ရွေးပေး ထား ခဲ့၏ ။ ငရုတ်သီး ကြော် ပေးထားခဲ့၏ ။ ငါးခူငါးပိ တစ်အိုး သိပ်ပေး ထားခဲ့၏ ။ ထို့ပြင် ပြောင်းဖူးဖက်ဆေးလိပ်များ ကို ဒန်အိုး နှင့် တစ်လုံး ပြည့်အောင် မနေမနား လိပ်ပေး ထားခဲ့သေးသည် ။ အားလုံး ပြည့်စုံ မှ မြစ်ရိုး သို့ မြေပဲ ဆွတ် ရန် စိတ်ချ လက်ချ ထွက်ခွာ သွားခဲ့၏ ။


သို့နှင့် ရင်သွေး သုံးဦး ဖြစ်လာခဲ့ ပြန်သည် ။ စားမည့် ပါးစပ် တစ်ပေါက် တိုးလာ ခဲ့ ပြန်၏ ။ ထိုအခါတွင် ကား ကိုဖိုးမောင် က ယာခင်း စိုက်ရုံ ၊ မငွေရင် က မြေပဲတော လိုက်ရုံ နှင့် မစားလောက် ပြန်တော့ ။ ငတ် တစ်ခါ ပြတ် တစ်လှည့် ဖြစ်လာ ပြန်သည် ။ သည် တော့ လည်း မငွေရင် စိတ် မပျက်ပေ ။ ဈေးတောင်း ကို ခေါင်း မှာ ရွက် လိုက်၏ ။ မြို့ မှ ကုန်ခြောက်များ ကို ဝယ်ခြမ်းကာ နေ့စဉ် ပင် ရွာ တကာ သို့ လှည့်လည်၍ ရောင်းချ ခဲ့၏ ။ တစ်နေ့ တစ်နေ့ တွင် မငွေရင် လျှောက် ရသော ခရီး မိုင်ပေါင်း မနည်းလှ ။ တစ်နေ့တစ်နေ့ တွင် မငွေရင် ရွက် ရသော တောင်းသည် အလေးချိန် မနည်းလှ ။ သို့သော်လည်း မငွေရင် သည် တစ်ချက်ကလေးမျှ မညည်းညူခဲ့ ။ ကိုဖိုးမောင် အပေါ်  ငြူစူ သော စကား တခွန်းမျှ မဆိုခဲ့ ။ မငြူစူ သည့် ပြင် အိမ် အပြန် ၌ ကိုဖိုးမောင် ဖို့ရော ကလေးတွေ ဖို့ပါ မုန့်ကလေး အစ ၊ ထန်းလျက်ကလေး အစ ဝယ်ခြမ်း လာ လိုက်သေးသည် ။ ထို မုန့်ပဲ သရေစာကလေး များ ကို ကိုဖိုးမောင် တို့ သားအဖ တစ်တွေ မြိန်ရေရှက်ရေ စားနေကြပုံ မြင်ကာ မျှ ဖြင့် မငွေရင် ချွေး တိတ် ၏ ။ မငွေရင် အမော ပြေ၏ ။


ကလေး လေး ယောက် ဖြစ်လာ ပြန်သည် ။ ဈေးတောင်း ခေါင်း ရွက် ကာ ရွာ တကာ လျှောက်ရုံ မျှဖြင့် ဝမ်းမီး တောက် ကို မငြိမ်းနိုင် ပြန်တော့ ။ သို့သော်လည်း မငွေရင် မညည်းညူခဲ့ ။ ယုတ်စွ အဆုံး ' အမေ့ အိမ် တုန်းက ချမ်းချမ်းသာသာ နေခဲ့ရတာပဲ ... ရှင် နဲ့ ကျ မှ ဆင်းရဲရတာ ' ဟူသော စကားမျိုး တစ်ခွန်းတလေ မျှ ပင် ကိုဖိုးမောင် အား မပြောရက်ခဲ့ ။ မငြူစူရက်ခဲ့ပေ ။ ငြူစူ နေမည့် အစား ဝမ်းရေး ပြေလည်အောင် မည်သို့ မည်ပုံ ဖြေရှင်းရမည် ကို သာ ကြံဆ သည် ။ ခါဖန်ဖန် ကြံတွေး သော်လည်း ရေးရေးမျှ အဖြေ မပေါ်နိုင် အောင် ရှိချေပြီ ။


ထိုအခါတွင် ကား မငွေရင် တစ်ယောက် ထန်းလျက် ကို ကဇော် ဖောက် တော့၏ ။ ပြီးတော့ ပေါင်းအိုး တည် သည် ။ ယင်းအချိန် တွင် တိုက်ကင်း လှည့် လာသော ရဲစခန်းမှူးအဖွဲ့ နှင့် တိုးမိကာ ရုံး သို့ ရောက်ခဲ့ခြင်း ပေ တည်း ။


( ၃ )


ကိုဖိုးမောင် ၏ လက်ချောင်း တို့ သည်လည်း ပုလဲလက်စွပ်တွေ အကွင်း ကွင်း ဆင်၍ ဝတ်ထားသည့် နှယ် ယားနာဖုတွေ အစီအရီ ပေါက်လျက် ရှိ၏ ။ 


“  ယားလိုက်တာကွာ ”


ကိုဖိုးမောင် သည် သူ ၏ ညာဘက် လက် မှ ယားနာဖုများ ကို ဘယ်ဘက် လက် ဖြင့်ကုတ်၏ ။ တစ်ဖန် ဘယ်ဘက် လက် က ယား လာ ပြန် ရ ကား ညာဘက် လက် ဖြင့် တဗျစ်ဗျစ် မြည်အောင် ကုတ်ပြန် သည် ။ အမှု ဆိုင်ရန် အလှည့် မကျသေး သဖြင့် သူတို့ လင်မယား နှစ်ယောက် သည် သာလာယံဇရပ် နှင့် တူသော ‘ သက်သေရုံ ’  ကလေး ပေါ်တွင် ကျုံ့ကျုံ့ ထိုင် နေကြ၏ ။ ကိုဖိုးမောင် တစ်ယောက် တည်း အမှုဆိုင် မည် ကို စိတ် မချ သဖြင့် မငွေရင် ပါ လိုက်လာခဲ့ခြင်း ဖြစ်၏ ။ မငွေရင် ၏ ပေါင် ပေါ် တွင် အခါလည်သား ခန့် ကလေးငယ် တစ်ဦး ရှိနေသည် ။


အချိန်ကား မွန်းတိမ်းခါ နီး ချေပြီ ။


“  တော် ယားနာတွေ က ပြည် မှည့် နေတော့ ယားတာပေါ့ ကိုဖိုးမောင် ရဲ့ ”


မငွေရင် က ခင်ပွန်းသည် အား ကရုဏာ မျက်လုံး ဖြင့် ကြည့်ရင်း ပြော၏ ။


“ ပြည်ဝတ်တွေ ကို ကျုပ် ဖောက်ပေးမယ်လေ ”


မငွေရင် သည် သူ့ ချွေးခံအင်္ကျီ မှ တွယ်ချိတ် တစ်ချောင်း ကို ဖြုတ် လိုက်၏ ။ ထို့နောက် ကိုဖိုးမောင် ၏ လက် မှ ယားနာဖု တို့ ကို တစ်လုံးချင်း ဖောက် ကာ ပြည် ညှစ် ပေး၏ ။


ထိုအခိုက်တွင် ပေါင် ပေါ် မှ ကလေး က ကျည်ကျည်ကျာကျာ ငိုကြွေး ပြန်သည် ။ မငွေရင် က ကလေး ကို နို့တိုက်ရန် ပြင် လိုက်၏ ။ မငွေရင် ၏ ရင်သား မှာ နို့နာ ပေါက်ထားရကား နို့သီးခေါင်း နှစ်ခု ပါ နေ သယောင် ထင်ရ၏ ။ ကလေး သည် နို့ပိန်ကလေး မှ နို့သီးခေါင်း အစစ်အမှန် ကို ခဲယဉ်းစွာ ရှာဖွေ ၍ ဟပ်ရင်း အငို တိတ် သွား၏ ။ မငွေရင် သည် ကိုဖိုးမောင် ၏ ယားနာဖု များ ကို ဆက်လက် ပြည်ဖောက် ပေးနေ၏ ။


မငွေရင် တို့ ရှေ့ တွင် မည်းညစ်ညစ် ပုဆိုးဖြင့် ထုပ်ထားသော အထုပ်ကြီး တစ်ထုပ် ရှိ၏ ။ မငွေရင် က ပုဆိုးထုပ်ကြီး ကို ဖြေ လိုက် သည် ။ ငှက်ပျောဖက်များ ခံ၍ ထည့် လာသော ထမင်းခဲ ဖြူဖြူကြီး များ သည် တိမ်မဲညို တို့ အကြား မှ ငွေစန္ဒာလဝန်းကြီး ပေါ်ထွက် လာ သည့် အလား ပုဆိုးညစ် ထဲ မှ ဘွားခနဲ ပေါ်ထွက် လာ ကြ၏ ။ မငွေရင် သည် ကပျာကရာ ထမင်းခဲများ ကို လက် ဖြင့် ယက်လိုက် ပြီး အထဲ ၌ တစ်စုံ တစ်ခု ကို ရှာဖွေ၏ ။ ဘဲဥပြုတ် တစ်လုံး ကို စမ်း မိ မှ ထုတ် ယူ လိုက်ပြီး ကြမ်းပြင် တွင် တဂွပ်ဂွပ်မည် အောင် လှည့် ထု ၍ အခွံ သင် နေသည် ။


“ ထမင် စားကြစို့လား ကိုဖိုးမောင်  ”


“ မဆာပါဘူးကွာ ... မင်း ဆာရင် သာ စားပါ ”


“ မဆာပေမဲ့ စားလိုက်ဦး တော့ ... ရင်ခံ နေလိမ့်မယ် ”


မငွေရင် သည် အနီး မှ ဒန်ချိုင့်ငယ် ကို ဖွင့် လိုက်၏ ။ အထဲ တွင် ငရုတ်သီး နိုင်းချင်းနှင့် ငါးပိရည်များ ပါသည် ။ ဒန်ချိုင့် ကို စောင်း ၍ ထမင်းခဲများ ပေါ် သို့ ငါးပိရည်တွေ လောင်းချ လိုက်၏ ။ 


“ စားစမ်း ကိုဖိုးမောင် ရယ် ... မဆာပေမဲ့ စားလိုက်ဦး ... အမှု က ဘယ်တော့မှ စစ်မယ်မှန်း သိနိုင်တာ မဟုတ်ဖူး အခုပဲ မွန်းတည့် နေပြီ ”


ကိုဖိုးမောင် သည် ဇနီးသည် စိတ် မကောင်းမည် ကို စိုးရိမ် သဖြင့် ထမင်း နှင့် ငါးပိရည် နှင့် နယ်ပြီး တစ်ဆုပ် လွေး လိုက်၏ ။ 


“ ရော့ ... ဘဲဥလေး တစ်ကိုက် ကိုက်လိုက်ဦး ”


ကိုဖိုးမောင် သည် မငွေရင် ပေးသော ဘဲဥ ကို ပင် မယူ နိုင်သေးဘဲ ရှုံ့မဲ့သွား၏ ။


“ စပ်လိုက်တာကွာ ... ”


“ ရေအိုးစင် က လည်း ဘယ် နား မှာ ရှိမှန်း မသိဘူးတော့ ” 


“ ပါးစပ် က စပ်တာ မဟုတ်ဘူးကွ ၊ လက် က စပ်တာ ။ အနာ ထဲ ကို ငရုတ်ရည်တွေ ဝင်တော့ တအား စပ်တာဘဲ ” 


ကိုဖိုးမောင် သည် ငါးပိရည်များ လူးပေ နေသော ညာဘက် လက် ကို တဆတ်ဆတ် ယမ်းခါ နေ၏ ။


“ ဟုတ်ပါ့တော် ဖြစ်မှ ဖြစ်ရလေ ၊ ကျုပ် ကလေ ဇွန်း ထည့် မလာ ခဲ့မိဘူး ကိုဖိုးမောင် ရဲ့ ၊ ကျုပ် အပြစ် ကျုပ် အပြစ်  ”


မငွေရင် က ခင်ပွန်းသည် နှင့် ထပ်တူ ခံစားရသည့် ပမာ ညည်း သည် ။ ထို့နောက် ကြည်လင်ချိုအေးသော ကရုဏာသံကလေး ဖြင့် တီးတိုး မေး လိုက်၏ ။


“ ကျုပ် ခွံ့ပေးရမလား ဟင် .. ကိုဖိုးမောင် ” 


ကိုဖိုးမောင် က ခေါင်း ကို ချာခနဲ ငဲ့စောင်း လိုက်ပြီး ပြုံးဖြီးဖြီးကြီး ပြန် သောသည် ။


“ ကြံကြီးစည်ရာ ကွာ ၊ မင်း က လည်း ရှက်စရာကြီး  ”


“ နို့ ... ဘယ့်နှယ် လုပ်မှာတုံး လို့  ”


“ ငါ မဆာပါဘူး ဆိုနေမှ မင်း ပဲ စားပါ ” 


ကိုဖိုးမောင် သည် ထမင်း ထုပ်လာသော ပုဆိုးထောင့်စွန်း ဖြင့် လက် သုတ် ၍ အပြီးသတ် လိုက်၏ ။ မငွေရင် သည် စိတ် မပါဟန် ဖြင့် တို့ကဆိတ် တို့ကနန်း စားနေသည် ။


“ ဒါနဲ့ ကိုဖိုးမောင် ရယ် ၊ အမှု ပြီးရင် ကျုပ်တို့ ပုလင်းတွေ အိုးတွေ ပြန် တောင်း ကြည့်ချင်တယ် ၊ ရပါ့မလား ”


“ မရဘူးတဲ့ ကွ ၊ ငါ မေးကြည့် ပြီးပြီ ။ ဖျက်သိမ်းပစ်ရမယ် တဲ့ ”


“ ဟုတ်ချင် မှ ဟုတ်မှာပါ တော် ၊ ဖျက်ဆီးပစ်တယ် ဆိုပြီး သူတို့ သုံးမလို့ နေချင် နေမှာပါ ”


“ တစ်မှု ပေါ် နှစ်မှု ပတ်နေပါဦးမယ် ငွေရင် ရယ် ၊ စကားတွေ အရမ်း ရမ်း မပြောပါနဲ့ ”


ကိုဖိုးမောင် က စိုးရိမ်တကြီး မငွေရင် ကို ဟန့်တားသည် ။ မငွေရင် က ထမင်း ဆက် စားနေသည် ။


“ တရားခံ ကိုဖိုးမောင် ... တရားခံ ကိုဖိုးမောင် ၊ ခင်ဗျာ့ အမှု စစ်မယ် ”


ရှေ့ဖတ်စာရေး က အမှုတွဲ ကို ကိုင်၍ ရုံးရှေ့ သို့ ထွက် လာပြီး အော် ခေါ် လိုက်၏ ။


“ လာပါပြီ တော် ... လာပါပြီ ၊ ထမင်း စားနေတုန်းမို့ ပါ ”


မငွေရင် က အလျင်စလို အော် ဖြေ လိုက်၏ ။ ထမင်းများ ကို ပုဆိုးများ ဖြင့် သုတ်သီးသုတ်ပျာ ပြန် ထုပ် နေသည် ။


ကိုဖိုးမောင် သည် ရုံး ထဲ သို့ ဝင် သွား၏ ။


တရားခွင် ရှေ့မှ တရားခံ ထိုင်သော ကုလားထိုင် ၌ ကိုဖိုးမောင် ထိုင်မိသော အခါ တွင် ဒူး အနည်းငယ် တုန်လျက် ရှိ၏ ။


မငွေရင် သည် ကလေး ကို ပွေ့လျက် ရုံးခန်း ရှေ့သို့ ရောက် လာ သည် ။ ထို့နောက် အနီး တွင် ရပ်နေသော ဆင့်စာပို့ လုလင် တစ်ဦး အား ...


“ စာရေးကြီး ရယ် .. ကျွန်မ ယောက်ျား ကို ဒီ ပြောင်းဖူးဖက် ဆေးလိပ်လေး မီးညှိ ပြီး သွား ပေးချင်တယ် ဖြစ်ပါလား ”


ဟု မရဲတရဲ မေး၏ ။


“ အမှု စစ်နေတုန်း မှာ ဆေးလိပ် မသောက်ရဘူးဗျ ။ အပြင် ထွက်လာမှ ပေးပါ ”


မငွေရင် သည် ဘာမျှ ထပ် မပြောတော့ဘဲ အမှု စစ် သည် ကို နားထောင် နေ၏ ။


“ ကိုဖိုးမောင် ၊ ခင်ဗျာ အိမ် မှာ လိုင်စင်မဲ့ ချက် အရက် ရှစ်ပုလင်း ကို တွေ့တဲ့ အပြင် ကဇော်နံ့ ရတဲ့ စဉ့်အိုး တစ်လုံး ၊ အရက်ချက် ပေါင်းချောင် တစ်လုံး ၊ အရက်ချက် အောက်ခံ မြေအိုးတစ်လုံး နဲ့ အရက်ခံ ကရွတ်ခွေ တစ်ခု တို့ ကို ပါ ရှာဖွေ တွေ့ ရှိခဲ့တဲ့ အတွက် ယစ်မျိုးဥပဒေ ပုဒ်မ ၃၀ ( က ) နဲ့ ( ဃ ) တို့ အရ ဘာ့ကြောင့် အပြစ် မပေးထိုက် ကြောင်း ကို ထုချေပါ ”


ကိုဖိုးမောင် က ငြိမ် နေသည် ။


“ အပြစ် ရှိကြောင်း ဝန်ခံမလား ... အပြစ် မရှိဘူးလို့ ငြင်း မလား ”


တရားသူကြီး က ထပ် မေးသည် ။ သည်တော့မှ သဘော ပေါက် ဟန် ဖြင့် ကိုဖိုးမောင် အသက် ဝင် လှုပ်ရှား လာ၏ ။ 


“ ဝန်ခံပါတယ် ဗျာ ... ဝန်ခံပါတယ် ၊ အရက် ချက် မိပါတယ် ဆရာကြီး ရယ် ၊ အပြစ် လည်း ရှိပါတယ် ၊ သက်သက်ညှာညှာ အပြစ် ပေးတော် မူပါ ”


“ ဝန်ခံရင် ပြစ်ဒဏ် ချမှတ်မယ် နားထောင် ... ယစ်မျိုး ဥပဒေ ပုဒ်မ သုံးဆယ် ( က ) အရ ဒဏ်ငွေ နှစ်ဆယ့်ငါး ကျပ် တိတိ ပေးဆောင် စေ ။ မဆောင် က အလုပ် နှင့် ထောင်ဒဏ် ဆယ်ရက် ကျခံစေ ။ ယစ်မျိုး ပုဒ်မ သုံးဆယ် ( ဃ ) အရ ဒဏ်ငွေ ငါးဆယ် ပေး ဆောင်စေ ၊ အလုပ် နှင့် ထောင်ဒဏ် အရက် နှစ်ဆယ် ကျခံစေ ၊ဒဏ် ငွေ ဆောင် မ လား ၊ ထောင်ဒဏ် ကျခံ မလား ”


“ ဒဏ်ငွေ ဆောင်ပါ့မယ် ခင်ဗျာ ... အပြေ မပါလို့ ရက်ခွင့်လေးတော့ ပေးသနားတော်မူပါ ”


“ ကောင်းပြီ ... ဒါဖြင့် ပါတဲ့ ငွေ ကို ဘီးလစ် ဆီ မှာ ဆောင် သွား ၊ ကျန်တဲ့ ငွေ ကို ခံဝန်ချုပ် နဲ့ အရစ်ကျ ဆောင်သွား ရမယ် ”


“ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ”


ကိုဖိုးမောင် က ရိုသေစွာ ပြောသည် ။ ထို့နောက် ဆင့်စာပို့ လုလင် တစ်ဦး က ကိုဖိုးမောင် အား ဘီးလစ်ခန်း ထဲ သို့ ခေါ် သွား၏ ။ မငွေရင် သည် လည်း ကိုဖိုးမောင် နောက် မှ ထက်ကြပ် လိုက် သွား၏ ။ စားပွဲရှည်ကြီး ရှေ့သို့ ရောက်ကြသည် ။


“ ကဲ ... ကဲ ဆောင်မယ့် ဒဏ်ငွေပေး ”


စားပွဲရှည်ကြီး နောက် မှ လူ ခပ်ဝဝ က ဘီးလစ် ငွေစာရင်း ဖြတ်ပိုင်း စာအုပ် ကို ကိုင် ၍ ပြော၏ ။


“ ငွေရင် ... ထုတ်ဟာ ဒဏ်ငွေ ဆောင် ရအောင် ”


မငွေရင် ၏ မျက်နှာ သည် ညှိုးငယ်လျက် ရှိ၏ ။ 


“ ဟောဒီမှာ ငွေ ခုနစ်ကျပ် ”


ကလေး ကို လက် တစ်ဖက် မှ ပွေ့လျက် မငွေရင် သည် ငါးကျပ်တန် တစ်ရွက် နှင့် ကျပ်တန် နှစ်ရွက် တို့ ကို စားပွဲရှည်ကြီး ပေါ် တွင် ပုံ လိုက်၏ ။


“ ဒါပဲလားဗျ ၊ ဆောင်ရမယ့် ဒဏ်ငွေ က ခုနှစ်ဆယ့် ငါးကျပ် တောင်ပဲ ဟာ ”


ဘီးလစ် စာရေးကြီး က မေးသည် ။


“ အဲဒါ အကုန်ပဲ ၊ ကျုပ် ဆီ မှာ တော့ ဟောဒါပဲ ရှိတော့တယ် ၊ သုံးမတ် ”


မငွေရင် က ငါးမူးစေ့ တစ်စေ့ နှင့် မတ်စေ့ တစ်စေ့ တို့ ကို လက်ဝါး ပေါ် တွင် ဖြန့်ပြ လိုက်၏ ။ မယုံကြည်မည် စိုး သဖြင့် ချွေးခံအင်္ကျီ အိတ် ကို လုံချည် အပြင် သို့ ထုတ်ပြီး အထပ်ထပ် ခါ ပြ နေသည် ။ 


ထို့နောက် မငွေရင် သည် မိမိ ရင် ထဲ ၌ ခံစား နေရသော ဝေဒနာ ကို ဆက်လက် မျိုသိပ်ခြင်း ငှာ မစွမ်းနိုင်တော့သည့် အလား ကိုဖိုးမောင် ၏ အင်္ကျီ ရင်ဘတ် ကို ကြမ်းတမ်းစွာ ဆောင့်ဆွဲ လိုက်၏ ။ ကိုဖိုးမောင် ၏ မျက်နှာ ကို အံ့ကြိတ် ၍ စေ့စေ့ ကြည့်သည် ။ ပြီး မာကျောခက်ထန် သော အသံ ဖြင့် မချိတင်ကဲ ပြောလိုက်၏ ။


“ နေစမ်းပါဦး ကိုဖိုးမောင် ရဲ့ ၊ ရှင် က ဒီ တစ်လလောက်ကလေး မှ ထောင် ထဲ မှာ သွား မနေနိုင်ဘူးတဲ့ လား ၊ အရက် သုံးဆယ် လောက် ကလေး မှ ထောင်ကျ မခံနိုင်ဘူးတဲ့လား ဟင် ၊ အခုတော့ ဒီ ငွေ ခုနစ် ဆယ့်ငါးကျပ် ကို ဆပ် နိုင်အောင် မိသားစု အားလုံး ဘယ်လောက် ကြာကြာ ဒုက္ခ ရောက်ကြဦးမယ် ဆိုတာ ရှင် သိရဲ့လား ၊ ရှင် သိရဲ့လား ”


မိဘဆွေမျိုး အားလုံး အပစ်ပယ် ခံရစဉ် က ပင် ငိုကြွေးခြင်း ဘာသာရပ် ကို မတက်ကျွမ်း ခဲ့သော မငွေရင် ၏ မျက်လုံး တို့ သည် မျက်ရည် များ ဖြင့် စွတ်စို လျက် ရှိ၏ ။ ရိုက်ခတ် ပြီး ပါလျက် အဖန်ဖန် မြည်ဟည်းလေ့ ရှိသော ကြေးစည်သံ သဖွယ် မငွေရင် ၏ စူးရှသော ဒေါသသံ သည် လည်း ရုံးတော် အတွင်း ၌ ပဲ့တင် မြည်ဟည်း လျက် ရှိနေ လေသည် ။


◾မြတ်သင်း


◾ငွေတာရီ မဂ္ဂဇင်း

     ဇူလိုင် ၊ ၁၉၇၃


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment