Tuesday, March 14, 2023

ပေါင်းမိုး အောက် က လူ နှစ်ယောက်


 ❝ ပေါင်းမိုး အောက် က လူ နှစ်ယောက် ❞


ရုံးဒေါင့်ရွာ မှ အပြန် တွင် ပဲ့ထောင်လှေ စက် ချို့ယွင်းသည် ။ တူးမြောင်း မှာ ရေစီး သိပ် မသန်သေး ၍ သာ တော်ပေသေး၏ ။ နီးစပ်ရာ ကမ်း သို့ လှေဦး ထိုး ကာ ပဲ့ထောင်သမား က ကြိုးစားပြီး သူ့ စက် သူ နိုးအောင် နှိုး နေသည် ။ အစ်ကိုကြီး ကိုစောလွင် နှင့် ကျွန်တော် က ကမ်းနံဘေး ကုက္ကိုပင်ရိပ် မှာ ထိုင်ကာ ဟိုငေး သည်ငေး ။ ပဲ့ထောင်သမား က ရွာ ထဲ မှ စက်ပြင်ဆရာ သွား ခေါ်ဦးမည် ဟု ဆိုကာ ထွက်သွား ပြန်သည် ။ ကျွန်တော် က တော့ တူးမြောင်းလေး ကို ငေးကြည့် နေဆဲ ။ ဟို ရှေး ယခင် က ဤ တူမြောင်းကလေး မရှိသေးပါ ။ ရုံးဒေါင့် အပါအဝင် တခြား ကျေးရွာများ မှ ခရီးသွားများ အနေဖြင့် မြို့ သို့ ကုန်ရောင်း ကုန်ဝယ် သွား လို ပါက အဝေးကြီး မှ ကွေ့ကာ ဝိုက်ကာ ဖြင့် သွားလာ ခဲ့ကြရ ဖူးသည် ။ ၁၉၈၂ ခုနှစ် ကျတော့ အားလုံး စုပေါင်း တိုင်ပင်ကြသည် ။ သဘောတူညီမှု တစ်ခု ကို အကောင်အထည် ဖော် လိုက်ကြသည် ။ ကိုယ်ထူ ကိုယ်ထ ကိုယ့်အား ကိုယ်ကိုး ကာ တူးမြောင်း ဖောက် ကြသည် ။ သူတို့ ၏ ဇွဲ လုံ့လ ဝီရိယ ကြောင့် ခုတော့ဖြင့် သူတို့ တူးဖောက် ခဲ့သည့် တူးမြောင်းလေး သည် မြစ်မကြီး နှင့် ဆက်သွယ်မိ ခဲ့ လေပြီ ။ သည် တူးမြောင်းကလေး အတွင်း ၊ လှေသမ္ဗန်တွေ ဥဒဟို လှော်ခတ် ခုတ်မောင်း သွားလာ နေသည် မှာ နေ့ရော ညပါ ။ ပဲ့ထောင်သမား နှင့် စက်ဆရာ ရောက် မလာသေးမီ ဟိုနား သည်နား ဟိုမျှော် သည်ကြည့် ဖြင့် ကျွန်တော် လျှောက်သွား နေ မိသည် ။ သစ်ပင်ရိပ် ကောင်းကောင်း ကမ်းစပ် တစ်နေရာ တွင် လှေတစ်စင်း ကို တွေ့မြင် ရသည် ။ လှေ မှာ ပေါင်းမိုး မိုး ထားသည် ။ လှေ ထဲ တွင် အိပ်ရာလိပ် ၊ သေတ္တာငယ် တစ်လုံး ၊ စားအိုး ၊ စားခွက် နှင့် မီးဖို တွေ့ ရသည် ။ လှေဦး မှာ အသက် ၆ဝ ဝန်းကျင် လူ တစ်ယောက် ထိုင် ကာ တူးမြောင်းလေး ထဲ မှ ရေကို ခွက် နှင့် ခပ်၍ သူ့ အဝတ် သူ လျှော် နေတာ တွေ့ရသည် ။ အဝတ်လျှော် နေရာ မှ ကျွန်တော့် ကို လှမ်း မော့ ကြည့် သည် ။ ကျွန်တော် ပြုံး ပြ တော့ သူ က လည်း ပြန်လည် ၍ ပြုံးပြသည် ။ ကျွန်တော် က လှေ အနား အထိ ဆင်း ခဲ့ကာ သူ့ ကို စီးကရက် တစ်လိပ် လှမ်း ပေးသည် ။ ကျွန်တော် ကိုယ်တိုင် လည်း တစ်လိပ် ဖွာကာ သူ့ ကို ပါ မီးညှိ ပေးတော့ ရေညှစ်ပြီး စ အင်္ကျီ နှင့် လုံချည် ကို လှေပေါင်းမိုး ပေါ်  လှန်း နေရင်း စီးကရက် ကို သူ့ ပါးစောင် မှာ ခဲ ထားသည် ။ မီးခိုးငွေ့လေး တလူလူ နှင့် ။


“ လှေ ထဲ မှာ ပဲ နေ တာလား ” 


ဟု သူ့ ကို မေးတော့ ခေါင်းညိတ် ပြ ရင်း ...


“ မိဘတွေ ဆုံးပြီး ကတည်း က ဘယ် ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမတွေ နဲ့ မှ မနေတော့ဘဲ ဒီ လှေ ထဲ မှာ ပဲ အိပ်တယ် ၊ နေတယ် ၊ စားတယ် ဗျာ ။ နား အေးတယ် ၊ စိတ်ချမ်းသာ တယ် ”  ဟု သူ က ပြောပြသည် ။ သူ့ အလုပ်အကိုင် က လည်း မဆိုးလှ ။


“ စပါး ရိတ် ဖို့ လူ လို တဲ့ထဲ က လှမ်း ခေါ်ရင် သွား ရိတ်ပေး လိုက်တယ် ။ တဲ ဆောက်ဖို့ လူ လိုရင် လည်း လက်ခစား လက်သမား ပေါ့ ဗျာ ... ။ ကျွန်တော့် တစ်ကိုယ်စာ တော့ ပူစရာ မလိုပါဘူး ” ဟု လည်း ပြောပြသည် ။


“ ရပြီဗျို့ .. စက် ပြန် ကောင်း သွားပြီဗျို့ ” ဟူသည့် အော် ပြောလိုက်သံ ကြောင့် ကျွန်တော် လှမ်း ကြည့်တော့ ကျွန်တော် တို့ ခရီး ဆက် ရမည့် ပဲ့ထောင် က စက်သံ ပြန် မြည်ဟိန်း နေပေပြီ ။


“ သွားဦးမယ်ဗျို့ ” 


ဟု တစ်ကိုယ်တော် ပေါင်းမိုးလှေသမား အား နှုတ်ဆက် ကာ ကျွန်တော် ထွက်လာ ခဲ့ ရသည် ။ သူ နှင့် ကျွန်တော် ဆုံတွေ့ခဲ့ရသည် က မိနစ် ပိုင်း မျှ သာ ။ ရင်းရင်းနှီးနှီး မရှိခဲ့ ။ တူးမြောင်းလေး အတိုင်း ပဲ့ထောင်လှေ ကို ဆက် စီး လာ ရင်း ၊ အပေါင်းအသင်း ရောင်းရင်း တစ်ယောက် အကြောင်း ကို တွေး နေ မိပြန်သည် ။ သူ က လည်း သူ့ ဇာတိ နယ်ပယ် မှာ တော့ ပေါင်းမိုးလှေ တစ်စင်း ထဲ မှာ နေထိုင်သူ ပေါ့ ။ ကျွန်တော့် ရောင်းရင်း က တော့ ဘဝ က အတော်လေး စုံလှပါ၏ ။ ကျွန်တော် နှင့် စပြီး ခင်မင်ခါ စတုန်း က သူ ရန်ကုန် ဆိပ်ကမ်း မှာ စာရေး တစ်ယောက် ပါ ။ သူ့ ဇနီး က လည်း သူ့ လို ပင် ရပ်ဝေး နယ် ဒေသ တစ်ခု မှ ရန်ကုန် သို့ ရောက် လာပြီး သူ နှင့် အကြောင်းဆက် ပေါင်းဖက် မိသော အမျိုးသမီး တစ်ယောက် ပါ ။ သူတို့ နှစ်ယောက် လုံး စိတ်ရင်း သဘောရင်း ကောင်း ကြသည် ။ သားသမီးတွေ လည်း အများကြီး ပွားစီး မိ ကြသည် ။ ကျွန်တော့် ရောင်းရင်း က ဆိပ်ကမ်း တွင် ဝန်ထမ်း လုပ် နေရာ မှ ဌာန တစ်ခု သို့ ဝန်ထမ်း ဘဝ နှင့် ပင် ပြောင်းရွှေ့ပြန်သည် ။ ရန်ကုန် နယ်နိမိတ် တစ်နေရာ ရှိ ဝန်ထမ်းအိမ်ရာ တွင် သူတို့ မိသားစု လိုင်းခန်းလေး တစ်ခန်း ရခဲ့သည် ။ ရံဖန်ရံခါ ဆိုသလို ပင် သူတို့ ဆီ ကျွန်တော် ရောက်တတ် သည် ။ အမြဲတစေ တော့ မဟုတ် ။ ကျွန်တော့် ရောင်းရင်း မှာ ကောင်းခြင်း လက္ခဏာ တချို့ ရှိ သလို ဆိုးခြင်း အမူအကျင့် တချို့ လည်း ရှိသည် ။ သူ က ရပ်ရေးရွာရေး သာရေးနာရေး ကိစ္စ မှန်သမျှ နေ့ည မရွေး မညည်းမညူ ကူညီမှု ပေး တတ်သည် ။ သူ က မြန်မာ့ အာယုဗေဒ္ဓ ဆေး နည်းနာနိဿယများ ကို လည်း လေ့လာသူ ဖြစ်ရာ အထူးသဖြင့် ရပ်နီးဝန်းကျင် မှ ကလေးသူငယ်များ ကို ဦးစားပေး ပြုစု ကုသ နိုင်ခဲ့သည် ။


သူ က ရှေးဟောင်းပစ္စည်းလေး တွေ ကို လည်း ရှာရှာဖွေဖွေ စုဆောင်း သိမ်းဆည်း တတ်သူ ဖြစ်ရာ သူ့ ဆီ မှာ ရှားရှားပါးပါး ၊ ထူးထူးဆန်းဆန်း ငွေထည် ၊ ကြေးထည် ပစ္စည်း တချို့ လည်း တွေ့ရ ဖူး ပါသည် ။ သူ ၏ ဆိုးခြင်း အမူအကျင့် တစ်ခု က တော့ လင်ရယ် မယားရယ် မပြေမလည် ဆယ်ကွေ့ တစ်ကွေ့ ရှိတတ်ကြ ၊ ကတောက်ကဆတ် ဖြစ်တတ်ကြရိုး ထုံးစံ မှာ ဒေါသ အလျောက် ကိုယ်ထိ လက်ရောက် ထိပ်ပေါက် ခေါင်းကွဲ သည် အထိ ဆွဲမနိုင် ထိန်းမရ ဗီဇ စရိုက် ကြမ်းတတ်ခြင်း ပင် ဖြစ်သည် ။ ထို ပြဿနာ ကလေးများ ကို ဇနီးမယား ဘက် က တစ်စ ထက် တစ်စ ကာလရှည် ကြာ ‘ တေး ’ ‘ မှတ် ’ လာခဲ့ရာ တစ်ကြိမ် မှာ တော့ အပြင်းထန်ဆုံး ပေါက်ကွဲ ခဲ့ ကြပါသည် ။ နောက်ဆုံး အဆင့် ဟု ဆိုရမည် ထင်၏ ။ လူသိရှင်ကြား ပင် လမ်းခွဲ လိုက်ကြရသည် ။ ရပ်ဝေး ကို ထွက်ခွာ သွား သူ က တော့ ကျွန်တော့် ရောင်းရင်း ပါ ။ သူ့ ဇာတိ ရပ်ရွာ ဒေသ သို့ သူ ပြန်သွား ခဲ့သည် ။ ရဟန်း ခံသည် ။ ရဟန်း ဘဝ နှင့် ထာဝရ နေမည် ဟု သူ ဆုံးဖြတ်၏ ။ မရ ။ ကျန်းမာရေး က ဖောက်ပြန် လာပြန်သည် မို့ လူဝတ် လဲရသည် ။ ဆေးကုသမှု ခံယူရန် သူ ရန်ကုန် သို့ ခဏ ပြန်လာ ပါ သေးသည် ။ မြို့စွန်မြို့သစ် တစ်နေရာ မှ တဲ တစ်လုံး တွင် ယာယီ နေထိုင် စဉ် ကျွန်တော့် ကို လူကြုံ ဖြင့် အကြောင်း ကြား ၍ သွား တွေ့ ရသည် ။ အနေအထိုင် တော်တော် ဆင်းရဲပါသည် ။ တတ်နိုင်သမျှ သူ့ ကို အဝတ်အထည် ၊ အသုံးအဆောင် ၊ စားအိုး စားခွက် မှ အစ ကူညီ ပံ့ပိုးပေးခဲ့သည် ။ ကျန်းမာရေး အခြေအနေ နည်းနည်း လေး ပြန် ကောင်း သွားတော့ ကျွန်တော့် ကို လာ နှုတ်ဆက် သည် ။ အသုံးအဆောင် ၊ အဝတ်အထည် ပစ္စည်းတချို့ နှင့် ငွေကြေး ထပ်မံ ကူညီ လိုက်သည် ။ တော သို့ သူ ပြန်သွားသည် ။ သတင်း စကား ကြားရ၏ ။ ချောင်းရိုးလေး အတွင်း ပေါင်းမိုးလှေ တစ်စင်း နှင့် သူ တစ်ကိုယ် တည်း နေထိုင် လျက် ရှိ ကြောင်း ကြားရသည် ။ ကျွန်တော် ယခု ရေး နေသော စာ ၏ အစ ပိုင်း တွင် စာဖတ်သူများ တွေ့မြင်ရမည့် ရုံးဒေါင့်ကျေးရွာ အနီး မှ ပေါင်းမိုးလှေသမား ပုံစံမျိုး ကျွန်တော့် အပေါင်းအသင်း ရောင်းရင်း က နေထိုင်ခဲ့ ခြင်း ပါ ။ သူ့ ဇာတိ ရပ်ရွာ မှာ သူ က လည်း ဘယ်သားချင်း ဘယ်ဆွေမျိုး နှင့် မှ အရိပ် အာဝါသ မခိုလှုံဘဲ ပေါင်းမိုးလှေ ထဲ မှာ နေ ထိုင်ကာ ကြုံရာ ကျပန်း လုပ်ကိုင် စားသောက် ခဲ့ သူပါ ။ အနေအထိုင် ကျဉ်းကျပ်သည် ။ ဥတုရာသီ ကြမ်းပြီ ဆိုလျှင် လည်း ချောင်းရိုး မြောင်းရိုး ထဲမှာ လူးလာ ဆန်ခတ် အတော်ပင် အနေရ ကျပ်တည်း တတ် မြဲ ပင် ။ သို့သော်လည်း စုန်ချည် ဆန်ချည် သူ နေသာ သလို နေချင် သေးပုံ ရသည် ။ နေ လည်း နေ ခဲ့သည် ။ ဘယ်လောက် အထိ နေခဲ့လဲ ဆိုလျှင် သူ့ သား ၊ သူ့ သမီးလေး များ ပင် အိမ်ထောင်ရက်သား ကျ သွား ကုန်ကြပြီး သူ့ မှာ မြေးလေးတွေ ရသည် အထိ ။ ကလေးတွေ က လည်း သူတို့ လုပ်ငန်းလေးတွေ ကိုယ်စီ နှင့် တချို့ နယ်ဒေသ သို့ ပင် ရောက် သူ က ရောက် ကုန် ကြသည် ။ တစ်ကြိမ် မှာ တော့ ကလေးတွေ ခဏ တာ ပြန် ဆုံစည်းမိ ကြကာ တိုင်ပင် မိ ကြသည် ။


“ အဖေ့ ကို ပြန်ခေါ်မယ် ” 


ဆိုသည့် အသံတွေ ထွက် လာသည် ။ တကယ်လည်း လက်တွေ့ ကျကျ သွား ခေါ်ခဲ့ ကြသည် ။ သူ ရန်ကုန် ပြန် ရောက် လာသည် ။ သမီး တစ်ယောက် အိမ် မှာ နေသည် ။ သူ့ဇနီး က လည်း သမီး တစ်ယောက် အိမ် မှာ နေ ပါသည် ။ သူတို့ ချင်း တော့ စကား ပြောဖြစ်ကြသေးပုံ မရ ။ သို့သော် သူ - ခုလို ပုံမျိုး အိုးအိမ် အတည် တကျ ဖြင့် သပ်သပ်ခတ်ခတ်ကလေး စားရေး ၊ ဝတ်ရေး ၊ နေရေး မတောင့်မတ ပြန် နေခွင့် ရတာ ကျွန်တော့် ရင် ထဲ မှာ ပီတိ ဖြစ် မိသည် ။ အသက်တွေ လည်း ကြီး ကုန် ကြပြီလေ ။


“ ခင်ဗျား ပေါင်းမိုးလှေ ကို ဘာလုပ်ခဲ့လဲ ရောင်းပစ်ခဲ့လား ” ဟု ကျွန်တော် မေး တော့ သူ မရောင်းခဲ့ပါဘူး တဲ့ ။ သူ့ တူမလေး မိသားစု ကို ပေးပစ် ခဲ့ပါသည် တဲ့ ။ တော မှာတော့ လှေ ဆိုတာ လိုအပ်ပါသည် ။


မှတ်မှတ်ရရ ရန်ကုန် သို့ သူပြန် ယူ လာသည့် သူ့ အသုံးအဆောင် ပစ္စည်း တချို့ ထဲ မှာ " Han Kaw " ခေါ် ၊ စစ်သုံးသတ္တုချိုင့်လေး တစ်ခု လည်း ပါလာ ခဲ့သည် ။ ဟိုတုန်းက သူ့ ကို ကျွန်တော် ပေးလိုက်သော ပစ္စည်းလေး ပါ ။ သူ က သည် ချိုင့်လေး နှင့် ပင် သူ့ ပေါင်းမိုး လှေ ထဲ တွင် ရေနွေးကျို ခဲ့ပါသည် တဲ့ ။ ထမင်းအိုး တည် ခဲ့ပါသည် တဲ့ ။ တစ်ခါတစ်ရံ ဟင်းလျာများ ပင် ချက်ပြုတ် ခဲ့ ပါသည် တဲ့ ။ ခုတော့ သည် သတ္တုချိုင့်လေး နှင့် ရေနွေး ထည့် သောက် နေတုန်းပါ ပဲ တဲ့ ။ တစ်ရက် မှာ တော့ ရန်ကုန် အင်းစိန် ဘက် မှာနေသော ကျွန်တော် တို့ သူငယ်ချင်း တစ်ယောက် က ကျွန်တော့် အိမ် လာ လည် ရင်း အဲသည့် လူ ဆီ ကို လည်း ဝင် နှုတ်ဆက် သည် ။ ရေနွေးကြမ်း ထည့်သောက် နေသော " Han Kaw " ချိုင့်ကလေး ကို မြင် သွားပြီး သဘောကျ လွန်းလို့ တဲ့ လေ ။ အမှတ်တရ ဇွတ် တောင်း သည် ။ သူငယ်ချင်း တွေ အချင်းချင်း ဆိုတော့လည်း မပေးချင် ပေးချင် နှင့် ပင် သူ ပေး လိုက်တာ ကျွန်တော် မြင်ရ ပါသည် ။ ဪ .. ငယ်သူငယ်ချင်းတွေ ၊ အစစ အဆင်ပြေ ပျော်ရွှင် နေကြလျှင် ကျေနပ်ပါပြီ လေ ။


◾ဆောင်းဝင်းလတ် 


📖 Life Style မဂ္ဂဇင်း


📖 ရောင်စုံကျေးလက်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment