Friday, March 3, 2023

မူကြို

❝ မူကြို ❞


ဖခင် ဖြစ်သူ ဦးမြင့်သန်း က သားလေး သုံးနှစ်ပြည့် ကို ကြီးကျယ် ခမ်းနားစွာ မွေးနေ့ပွဲ လုပ်ပေး ချင်သည်  ။


အခြေအနေ အရ အကျဉ်းတကာ အကျဉ်း ချုံး ကာ မိုးကောင်းဘုရား မှာ ရေ သုံးခွက် လှူပြီး မိုးကောင်းဘုရား ထိပ် က မုန့်ဟင်းခါးဆိုင် မှာ သားအမိ သုံးယောက် မုန့်ဟင်းရည် ထဲ မှ အိုးဘဲဥ ကို မွေးနေ့ကိတ် အဖြစ် ဇွန်း နှင့် လှီး ပြီး ဟက်ပီးဘတ်ဒေး တူးယူ ပေါ့ ။


ဦးမြင့်သန်း အတွေး ထဲ မှာ တော့ မုန့်ဟင်းခါးဆိုင် မှ လူ အများ ၏ လက်ခုပ်သံ က ပွက်လော ရိုက် သွားသည်  ။


ဟက်ပီဘတ်ဒေးတူးယူ ဆို သည့် သံပြိုင် သီဆိုမှု က အတောမသတ် ။ သား ဖြစ်သူ “ ချမ်းသာ အောင် ” ကား ပျော်မဆုံး မော်မဆုံး ။


ငရုတ်သီးမှုန့်များ  ၊ ပဲသီးများ ကို စိတ်ကြိုက် မုန့်ဟင်းခါး ပန်းကန် ထဲ ထည့်ပြီး လုပ်ချင် သလို လုပ် နေသည် ။


မအေ ဖြစ်သူ မသန်းသန်း မှ ဟန့်တားရန် ပြင် လိုက်ချိန်တွင် ဦးမြင့်သန်း မှ  ... 


“ မိန်းမ ...  ဒီနေ့ သူ့ မွေးနေ့ လေ ... သား သုံးနှစ် ပြည့်သွား ပြီ ”


“ တော် ပြောမှ ပဲ သိတော့တယ် ...  ဒီနေ့ ထူးထူးဆန်းဆန်း ဘုရားတွေ ဘာတွေ လာတယ် ဆို တော့ ကျုပ် စိတ် ထဲ မှာ တစ်မျိုး ဖြစ်နေတာ ... မေးတောင် မေးတော့ မလို့  ... ဪ ... သား တောင် သုံးနှစ် ပြည့် သွားပြီ ကိုး ”


ဦးမြင့်သန်း မိန်းမ ဖြစ်သူ ကို ခပ်စေ့စေ့ ပြုံးလိုက်ပြီး ... 


“ မင်းတို့ ဆွေစဉ်မျိုးဆက် က ဒါမျိုး ဘယ် လုပ်ဖူးကြမှာ တုံး ... ပြောတာပဲ လို့ ထင်နေကြတာ  ...  ငါ့ သား ကို မင်းတို့ အမျိုးဘက် သွေး မပါစေရဘူး ”


“ ကိုမြင့်သန်း ... ကျွန်မ မုန့်ဟင်းခါးဆိုင် ထဲ မှာ စကား မများ ချင်ဘူးနော် ”


သား မွေးနေ့ မို့ ကိုမြင့်သန်း လက်လျှော့ လိုက်သည်  ။


သား ဖြစ်သူ ချမ်းသာအောင် ၏ သုံးနှစ်ပြည့် မွေးနေ့ပွဲ ကား မုန့်ဟင်းခါးဆိုင် ထဲ တွင် ပြီးဆုံး သွားခဲ့သည် ။


ပတ်ဝန်းကျင် မိသားစုများ က နိစ္စဓူဝ သူတို့ သားသမီး တွေ ကို မူကြို အကြိုအပို့ ဥပုသ်နေ့ က လွဲရင် ကျန်သော ရက်များ က ငွေကြေး အသင့်အတင့် ရှိသူများ က နံနက်ခင်း တွင် မဟာ အလုပ်ကြီး ပမာ ။


ဒါမျိုး ဘယ် ခံနိုင်ပါ့မတုံး ။


ကိုယ့် ယောက်ျား က ပညာတတ် ။ ပန်းဆိုးတန်း မှာ စာအုပ် ရောင်းတဲ့ သူ ။


ဘယ်သူ က သူ့ လောက် စာပေ အကြောင်း ၊ နိုင်ငံရေး ၊ လူမှုရေး ၊ ကျန်တဲ့ ကိစ္စများ လာ မပြော နဲ့  ။ သူ က အကုန် သိပြီးသား ။


“ ကျုပ် က တော်တော် ရှက်တာ ...  မလှန်နိုင်လို့ ငြိမ် နေရတာ ...  တစ်လမ်းလုံး မနက် ဆိုရင် မူကြိုတွေ ၊ မူလတန်းကျောင်းတွေ ကို … ကြိုပို့ကားတွေ နဲ့ ပွက်လောရိုက် နေတာပဲ ...  ကျုပ်တို့ တစ်ခန်း ပဲ ငြိမ် နေရတယ် ”


“ ရှင့် သား က သုံးနှစ် နဲ့ ခြောက်လ ... မွေးနေ့ တောင် မိုးကောင်းဘုရား မှာ ကျင်းပ ပြီးပြီလေ ...  သူ့ ကို မူကြို ပို့ ဖို့ ... ”


“ ဘာ ... မူကြို ”


ကိုမြင့်သန်း တော်တော် ဒေါသ ထွက် သွားသည်  ။


မိန်းမ ဖြစ်သူ ၏ ဦးနှောက် အတိုင်းအတာ ကို ပေါင်းသင်း လာခဲ့သည့် ကာလများ က ကိုမြင့်သန်း မိန်းမောခဲ့ဖူး လား မသိ ။


အခု မူကြို ဆိုသည့် မိန်းမ ဖြစ်သူ ၏ တောင်းဆိုမှု ကို ကိုမြင့်သန်း က ... 


“ ဒီမှာ မိန်းမ ...  ‘ မူ ’ ဆိုတာ ကို ငါ အရင် ရှင်းပြမယ် .. ‘ မူ ’ ဆိုတာ ဘယ် စနစ် ၊ ဘယ် လမ်းစဉ် လဲ ...  ၊ အရှေ့ လား... အနောက် လား ... လက်ရှိ ‘ မူ ’ ‘ ကြို ’ ဆိုတာ ရှင်းတယ် ... ကြို ဆို တာ ... ‘ မူကြို ’ ဆိုတာ ‘ မူ ’ ခိုင်ခိုင်မာမာ မရှိဘဲ ကြိုဆို တာ ငါ လက်မခံဘူး ... မူကြို ကို ငါ မထား နိုင်ဘူး ... ငါ့ မှာ ငွေကြေး မတတ်နိုင်လို့ မူကြို ကို ငါ့ သား မထားနိုင်ဘူး လို့ မင်း ဘက် က မြင် ချင် မြင် မယ် ... ဒီမှာ မိန်းမ ... ငါ့ သား ကို ငါ ကိုယ်တိုင် ထုဆစ်မယ် ... မူကြို မထားဘူး ... သူ့ ကို စာရေး စာဖတ် တတ် တဲ့ အရွယ် မှာ သူ့ ကို ပထမ ဦးဆုံး မူကြို စာအုပ် ပေး ဖတ်ခိုင်း မှာ က ဦးနု ရဲ့ မိတ္တဗလဋီကာ ကွ ... မူရင်း စာရေးဆရာ က ဒေးကာနယ်ဂျီ ပဲ ... အဲဒါ ဒီနေ့ အတိုင်းအတာ နဲ့ ကြည့်ရင် မူကြို ပဲ ”


◾ဗေလုဝ


📖 ဟဒယမဂ္ဂဇင်း ၊ 

      ဒီဇင်ဘာ ၊ ၂၀၀၇


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment