Wednesday, March 1, 2023

ဒီလို ဖြစ်ရမှာပေါ့


 

❝ ဒီလို ဖြစ်ရမှာပေါ့ ❞

မနုရီ တို့ အလယ်ထပ် ပြောင်းလာသည် မှာ ငါးရက် လောက် ပင် ကြာသေးသည် ။

အပေါ်ထပ် မှ ညိမ်းမောင် မှာ လှေကား အဆင်း အတက် တွင် မကြာခဏ ဆုံမိကြသည် ဖြစ်၍ မနုရီ ၏ နံမည်ကလေး မှ အပ အခြား ချောပုံ လှပုံ ကိုယ်လုံး ကိုယ်ပေါက် ကျနပုံ ကို အလွတ် ရနေပြီ ဖြစ်
၏ ။

ညိမ်းမောင် မှာ ဘီအေ အထက်တန်းကျောင်းသား တစ်ယောက် ဖြစ်၍ ရေနံချောင်း မှ လာရောက်ကာ ငယ် သူငယ်ချင်း စိန်ဦး ၏ အိမ်ခန်း တွင် လာရောက် နေထိုင်သူ ဖြစ်လေသည် ။

စိန်ဦး တို့ လင်မယား နှစ်ယောက် စလုံး မှာ ကလေး မရှိသူများ ဖြစ်သည့် အပြင် နှစ်ယောက်လုံး ရုံး အလုပ်သမားများ ဖြစ်ကြ၍ ယခု ကဲ့သို့ ကြာသပတေးနေ့ မျိုး တွင် ညိမ်းမောင် တစ်ယောက် တည်း အခန်း ထဲ တွင် ရှိနေသည် မှာ မဆန်းပေ ။

မနုရီ မက်ထရစ် ဖြေရန် အတွက် ပညာသင်ကျောင်း တစ် ကျောင်း ၌ နေသည် ကို လည်း ညိမ်းမောင် သိ၏ ။ ညနေ သုံးနာရီခန့် ကျောင်း ဆင်း၍ လေးနာရီ မထိုးမီ ဆယ့်ငါးမိနစ် ခန့် တွင် လှေကား ၌ တွေ့ဆုံနိုင်သည် ကို လည်း သိ၏ ။ ထို့ကြောင့်ပင် ညနေပိုင်း တက်စရာ ရှိသော ပါဠိ ကို ပင် မတက်တော့ဘဲ စာ တစ်စောင် ရေး ကာ မနုရီ ၏ အပြန် ကို စောင့်လျက် ရှိသည် ။

သူ့ အကြံ ကား တော်တော် ပိုင်သည် ဟု ဆိုရပေမည် ။ လမ်းမ ၌ စာ ပေးလျှင် လူများ မြင်ကြမည် ။ ကျောင်း ၌ စာ ပေးလျှင် ကျောင်းသား အဖော်များ မြင်ကြမည် ။ အိမ် ထဲ ၌ စာ ပေးလျှင် အိမ်သူ အိမ်သားတွေ သိ ကုန်မည် ။ ထို့ကြောင့် လမ်း မကျ အိမ် မကျ လှေကား အတက်အဆင်း ကား အနည်းငယ် လည်း မှောင်၏ ။ မနုရီ တို့ ၏ အခန်း သည် လည်းကောင်း ၊ မျက်နှာချင်းဆိုင် အခန်း သည် လည်းကောင်း ၊ အမြဲတမ်း တံခါးပိတ် ထားလေ့ ရှိကြလေသည် ။ သို့ဖြစ်၍ မှောင်ခို ရည်းစားစာ သည် အကျိုး ဖြစ်ထွန်းမည် ဟု သူ မျှော်လင့် ထား လေသည် ။

သုံးနာရီခွဲ သည်နှင့် တပြိုင်နက် ကြမ်းပိုး များ သော ကုလားထိုင် ကို ထိုင်မိသူ သကဲ့သို့ ဖင် တကြွကြွ ဖြစ် လာသည် ။ တံခါးပေါက် မှ လှေကား သို့ ချောင်းကြည့် ရသည် မှာ လည်း လိပ်ခေါင်း ကဲ့ သို့ ထွက်ချည် ဝင်ချည် ဖြစ် လှပြီ ။

မျှော်ရဖန် များ သဖြင့် မော သွားဟန် ဖြင့် ပြန် ထိုင် ပြန်ကာ တိုင်ကပ်နာရီ ကို မော့ ကြည့် နေပြန်သည် ။

ဤသို့ဖြင့် လေးနာရီ ထိုးရန် ဆယ့်နှစ်မိနစ် လောက် တွင် တဖန် ထ ချောင်း ပြန်ရာ လှေကား မှ တက် လာသော မနုရီ ကို တွေ့လိုက် ရသည် တွင် ကမန်းတတန်း တံခါးချပ် ကို ဆတ် ဆွဲ လိုက်ပြီး အပြင် ထွက် လိုက်ကာ လှေကားထစ် နှစ်ထစ် ဆင်းလိုက်ပြီး မှ စာ ကျန် ခဲ့သည် ကို သတိ ရကာ ကပျာကရာ ပင် ပြန် တက်ပြီး အခန်း ထဲ ကို ပြန်ဝင် လိုက်သည် တွင် သူ ထွက် စဉ်က ပြန် စေ့ထားမိသော တံခါးရွက် နှင့် နဖူးတို့ ပစ်ဆောင့် လိုက်ကြလေ၏ ။

နာသည် ကိုပင် အရေး မထားနိုင်တော့ ဘဲ တွန်းဝင် သွားကာ စားပွဲ ပေါ် မှ စာခေါက် ကို ယူပြီး ပြန် ထွက်မည် ပြု၏ ။

“ ဟ မနိပ်သေးဘူး ၊ အသားလွတ် ဖြစ်နေတယ် ”

ဟု ကြံ ပြန်ကာ စားပွဲ ပေါ် တွင် တွေ့ရာ သင်္ဂဇာဆရာတော်ဘုရား နိဿယ ပြန်သော ဓမ္မပဒ စာအုပ် ကြား ထဲ သို့ ညှပ် လိုက်ပြီး စာအုပ် ပါ ယူ၍ ဒရောသောပါး ပြေးဆင်း လာခဲ့လေ၏ ။

ထိုအချိန် တွင် မနုရီ မှာ သူ့ အခန်း ၌ ပိတ်ထားသော တံခါး ရှေ့ တွင် ရပ်နေပြီ ဖြစ်ရာ အနား ရောက် လာသော ညိမ်းမောင် မှာ နှလုံး ကလည်း တုန် ၊ မော ကလည်း မော နှင့် မျက်လုံး ပြူးလျက် ရှူးရှဲ ရှူးရှဲ နှင့် ဖြစ်နေရ ကား မနုရီ က ကြောက်ကြောက် နှင့် ကြည့်သည် ကိုညိမ်းမောင် သည် သူ့ အား မနုရီ ပြူးပြဲ ပြသည် အမှတ် နှင့် သာ၍ လန့် သွားကာ နှာခေါင်းကြီး များ ပင် ပွထ လာ မိလေ၏ ။

တဖန် မနုရီ မှာ ညိမ်းမောင် ၏ မျက်နှာထား ကြောင့် ရင်များ ဖို သွားပြန်ကာ ကဗျာကရာ တံခါး ထု ခေါက် လိုက်လေ၏ ။

“ ဒေါက် ဒေါက် ဒေါက် ”

တံခါး ခေါက်သံ ကြားမှ ညိမ်းမောင် မှာ သူ့ ကိစ္စ မပြီးမြောက်သေး သည် ကို ပြန်လည် သတိရ မိပြီး ကမန်းကတန်း ပင် -

“ ရော့ ရော့ ”

နှင့် ဓမ္မပဒစာအုပ်ကြီး ကို မနုရီ အား ထိုးပေး နေလေသည် ။

ဤတွင်မှ မနုရီ မှာ ညိမ်းမောင် အကြံ ကို ရိပ်မိ လာလေသည် ။ မနုရီ မှာ လည်း ညိမ်းမောင် ကို ဂရုထားသည် ဖြစ်ရကား ညိမ်းမောင် အား မျက်စိစပါးမွှေး စူး မထား စေကာမူ ဤသို့ စာ ပေးကြောင်း သိရသော အခါ အကြောက် တစ်မျိုး ဖြစ်ပေါ်လာ ပြန်လေ၏ ။

မနုရီ တွေဝေ နေစဉ် “ ဂျောက် ” ခနဲ တံခါး ဖွင့်သံ ထွက်ပေါ် လာ ရာ မနုရီ မှာ ဘာမျှ မစဉ်းစားနိုင်တော့ဘဲ ညိမ်းမောင် အား သနား သလိုလို စိတ်ရင်းခံကြောင့် စာအုပ် ဆွဲယူ လိုက်ကာ လက်ထဲ တွင် ပိုက် ထားသော ကျောင်းစာအုပ်များ နှင့် ထပ် ကိုင် လိုက်ပြီးသည် နှင့် တပြိုက်နက် တံခါးချပ်လ ည်း ပွင့်လာပြီ ဖြစ်သဖြင့် အထဲ ဝင် သွား လေ၏ ။

တံခါး ဖွင့် ပေးသော မနုရီ ၏ မိခင်မှာ မနုရီ ဝင်လာပြီး ဖြစ်သော် လည်း တံခါး ကို ပြန် မပိတ်သေးဘဲ ညိမ်းမောင် ကို မနုရီ ၏ ဧည့်သည် ကျောင်းသား တစ်ယောက် မှတ် ၍ -

“ လာလေ ... မောင်ရင် ၊ ဘယ့်နှယ် ပြန်ဆင်းသွားမလို့လဲ ”

ဟု မေးလိုက်ရာ လစ်တော့မည် ပြုနေသော် ညိမ်းမောင် မှာ လန့်ဖျပ်သွားပြီး

“ တခြား ဘယ်နှယ့်မှ တော့ မလုပ်ရသေးပါဘူးခင်ဗျာ ”

ဟု ဖြေလိုက်လေ၏ ။

ဤသို့သော ဖြေသံ ကို အပေါက်နား ရှိ ကုလားထိုင် တွင် စာ ထိုင် ဖတ်နေသော မနုရီ ၏ ဖခင် ဦးလှမောင် ကြားမိသည် တွင် ခေါင်းပြောင်ကလေး ကို ထောင်ထ လိုက်ငေးရင်း

“ ဘယ့်နှယ့် အဖြေလဲ ဟေ့ ”

ဟု မေးလိုက်၏ ။

ညိမ်းမောင် မှာ မိမိ အဖြေ မှားသွားပြီ မှန်း သိသော်လည်း အဒေါ်ကြီး နား ထဲ တွင် ဗလုံးဗထွေးကြီး ဝင် သွားမှန်း ကို အကဲခတ် မိ သဖြင့် ဟန်မပျက် ဝင်လာပြီး ဦးလှမောင် အနား ၌ ဝင် ထိုင်လိုက်၏ ။

ဦးလှမောင် မှာ သူ့ အမေး ကို ဖြေမည်လား ဟု ညိမ်းမောင် ကို လိုက် ကြည့်နေရာ သူ့ အနားတွင် ဝင် ထိုင်ပြီး အေးအေးဆေးဆေး ပင် နောက်မှီ နေသော ညိမ်းမောင် ကို တွေ့ ရသော အခါ မအောင့်နိုင်တော့ ဘဲ ...

“ ဟင် ”

ဟု ထပ် မေးလိုက်ရာ စောစောက မေးခွန်းကို မကြားလိုက်သော ညိမ်းမောင်မှာ မျက်လုံး ပြူး သွားပြီး -

“ အီ ”

ဟု မေးခွန်း အဆန်း ဖြင့် ပြန် မေးလိုက်မိလေတော့သည် ။ ဦးလှမောင် မှာ ဘယ်လို သတ္တဝါ ပါလိမ့် ဟူသော အတွေး ဖြင့် ကြည့် ရင်း -

“ မင်း အခုန အပေါက်ဝ မှာ ဖြေတဲ့ အဖြေ ဟာ မေးခွန်း နဲ့ မဆိုင်ပါလားကွ ”

ဟု ခပ်ဆတ်ဆတ် ပြောလိုက်ရာ ညိမ်းမောင် မှာ သူ ၏ လွတ် သွားသော အဖြေ ကို အဘိုးကြီး ရိပ်မိသွားပြီ ဟု သိကာ တိတ်သွား ပြန်၏ ။

“ ခင်ဗျာ ”

ဟု ပြန် မေးလိုက်မိ ပြန်လေ၏ ။

အဘိုးကြီး မှာ မျက်လုံးကျယ်ကြီး ဖြင့် ကြည့် လိုက်ရင်း -

“ မင်း အခုန က အပေါက်ဝ မှာ ဖြေ တဲ့ အဖြေဟာ မေးခွန်း နဲ့ မဆိုင်ပါလား ”

ဟု ခပ်ငေါက်ငေါက် မေးလိုက်မှ ညိမ်းမောင် မှာ အကြံ ရ လာပြီ ဖြစ်သဖြင့် ...

“ ကျွန်တော် နားလေးနေတယ် ခင်ဗျ ”

ဟု ပြော လိုက်မှ အဘိုးကြီး မှာ ကျေနပ်သွားဟန် နှင့် ...

“ ဒီလို ဖြစ်ရမှာပေါ့ ”

ဟု ပြောလိုက်ပြီး ရွှေမျက်မှန်ကလေး နှင့် ညိမ်းမောင် ကို ကြည့် လိုက်မိပြန် ကာ -

“ အင်း မျက်စိ ကလည်း မကောင်း ၊ နား ကလည်း ပျက် ဆိုတော့ တော်တော် ဝဋ်ကြီးတဲ့ ကောင်လေး ပဲ ”

ဟု တိုးတိုးကလေး ညည်းလိုက်ရာ ညိမ်းမောင် မှာ အဘိုးကြီး သနား အောင်  မျက်နှာငယ်ကလေး နှင့် “ ဟုတ်ကဲ့ ” ဟု ဖြေ လိုက် မှ အဘိုးကြီး မျက်လုံး ပြူးသွားလေ၏ ။

“ ဟင် မင်း တိုးတိုး ပြောတာ ကြားတယ်လား ”

ဤတွင်မှ ညိမ်းမောင် မှာ သူ ဒုတိယမ္ပိ လွတ်သွား ပြန်ပြီ ဟု ရိပ်မိတော့၏ ။ သို့သော် ဟန်မပျက် ပင် -

“ ဟုတ်ကဲ့ တခါတခါတော့ ကြားပါတယ် ၊ အခုဟာ ကျွန်တော် ကျောင်းသားလား လို့ မေးတာ မဟုတ်လား ”

ဟု အဘိုးကြီး ကို ပြန် မေး မှ အဘိုးကြီး သည် သင်္ကာ ကင်းသွား ကာ စကား နည်းစေရန် ခေါင်းညိတ် လိုက်ပြီး “ ဒီလို ဖြစ်ရမှာပေါ့ ” ဟု သူ အနှစ်သက်ဆုံး ဝါကျကလေး ကို ညည်း လိုက် လေသည် ။

ဤ အချိန် တွင် မနုရီ သည် သူ့ အမေ နှင့် အိမ်နောက်ဖေး လိုက် သွားပြီ ဖြစ်၏ ။ ကျောင်းစာအုပ်များ ကို မူ အိန္ဒြေ မပျက်စေရန် နောက် ဖေး မယူသွားဘဲ အနီး မှ စားပွဲ ပေါ် တွင် ပင် တင်ထားခဲ့ ရာ ညိမ်းမောင် မှာ တထိတ်ထိတ် နှင့် ဓမ္မပဒ စာအုပ် ကို ပင် မျက်ခြေ မပျက် ကြည့်နေမိတော့သည် ။

မနုရီ ၏ မိခင် မှာ မနုရီ အား သူ သိလိုသမျှ ကို မေးမြန်း နေလေ ရာ မနုရီ လည်း ညိမ်းမောင် အကြောင်း ကို ရေရေလယ်လယ် သိသည် မဟုတ်ရကား ရမ်းဝါး နေ လေ၏ ။

“ သူ က ကျောင်းသား ပဲ လား ”

“ ဟုတ်တယ်လေ မနုရီ ရဲ့ သူငယ်ချင်း ပေါ့ ”

“ လူ နံမည်က ဘာတဲ့တုန်း ”

“ ရစ်ချာ့ဒ် - တဲ့ ”

မနုရီ မှာ အဘွားကြီး မှတ်ရ ခက်အောင် အင်္ဂလိပ်နာမည်ကြီး ပြောလိုက်ခြင်း ဖြစ်လေသည် ။

မကြာမီပင် မနုရီ အဘွားကြီး နှင့် လက်ဖက်ရည်ပန်းကန်များ ပါ ဧည့်ခန်း သို့ ရောက်လာကြလေ၏ ။

ညိမ်းမောင် နှင့် ဦးလှမောင် တို့ ၏ အကြားရှိ စားပွဲကလေး ပေါ် တွင် လက်ဖက်ရည် အငွေ့တထောင်းထောင်း နှင့် ပန်းကန် နှစ်ခု လည်း ရောက်ရှိ နေလေ၏ ။

ဦးလှမောင် မှာ လောကဝတ် ကျေပြွန်စွာ နှင့် –

“ ကဲ သောက်လိုက်အုန်း ၊ ဒါထက် မောင်ရင် ဘယ်မှာနေလဲ ”

“ အပေါ်ထပ် ”

ညိမ်းမောင် က အဖြေ မဆုံးမီ အဘွားကြီး က -

“ ဟင် ကျောင်းသား ဆို ”

ဟု မေးလိုက်ရာ ဦးလှမောင် က အဘွားကြီး အား မတိုးမကျယ် ဖြင့် “ သူ နားလေး နေတယ် ”ဟု ပြော လိုက်ပြီး ညိမ်းမောင် အား ခပ်ကျယ်ကျယ် မေးပြန်၏ ။

“ ဘယ်မှာ နေလဲ ”

“ အော် စောစောက မေးတာလား ၊ ကျွန်တော်က ပညာ ဘယ်မှာ သင်လဲ မေးတယ် မှတ်လို့ ၊ ကျွန်တော် ပညာသင်တဲ့ နေရာ မှာ ကျောင်း အပေါ် ထပ် မို့ပါ ၊ ကျွန်တော် နေတော့ ဟို ဟို ငါးဆယ့် နှစ်လမ်း မှာ ပါ ”

အဘိုးကြီး နှင့် အဘွားကြီး ကား အိမ်ပြင် ထွက်ကြသူများ မဟုတ် ၍ ဖြီး သမျှ ယုံနေကြလေသည် ။ ညိမ်းမောင် မှာ လည်း စောစောက ဆင်း သွားတော့ ဟန်မျိုး ဖြစ်ခဲ့သည် မှ အစ မနုရီ နှင့် တစ်ခါတလေ မှ တွေ့ရသော သူငယ်ချင်း ဟန်မျိုး ကို ဆောင်လို၍ ဤသို့ ဖြေလိုက် ရခြင်း ဖြစ်လေသည် ။

အဘိုးကြီး ကား ဤမျှ မရပ်သေးဘဲ ...

“ နံမယ်ကကောကွ ”

“ ညိမ်းမောင် ပါ ခင်ဗျာ ”

ဤနေရာ တွင် လည်း အဘွားကြီး က ဝင်၍ ...

“ ဟ မနုရီ ပြောတော့ ဘာတဲ့ လချက် - ဆို ”

“ အို ရစ်ချာ့ဒ် ပါ မေမေ ရဲ့ ”

ဤသို့ မနုရီ က ဝင်ထောက်ပေး သလိုလို နှင့် လမ်းခင်း ပေးလိုက် မှ ညိမ်းမောင် မှာ အကြံ ရ လာကာ -

“ ဟုတ်ကဲ့ အင်္ဂလိပ်ကျောင်း မှာ ငယ်ငယ်က နေခဲ့ရတော့ ငယ်နံမည် က ရစ်ချာ့ လေ ”

ဟုဆက် ဖြီး လိုက်လေ၏ ။

“ အဲ .. ဒီလို ဖြစ်ရမှာပေါ့ ”

ဟု ပြောပြီး ဦးလှမောင် မှာ စကားစ ပြတ်သွားရကား စားပွဲ ပေါ်ရှိ မနုရီ ၏ စာအုပ် ကို မြင်လိုက်သည် တွင် ...

“ အော် စောစောက သမီး ပိုက်လာတဲ့ အထဲ မှာ ဓမ္မပဒ မြင်လိုက်ပါတယ် ”

ဟု ပြောလိုက်ရာ မနုရီ မှာ မနေသာတော့ဘဲ ပြန် ဖြေရ လေ၏ ။

“ ဟုတ်ကဲ့ ဖတ်ကြည့်မလို့ ၊ သူငယ်ချင်း တစ်ယောက် ဆီ က ငှားခဲ့တယ်လေ ”

“ ပေးစမ်းကွယ် ၊ ဖေဖေ ဖတ်ကြည့်စမ်းမယ် ”

အဖိုးကြီး ၏ စကား အဆုံး တွင် မနုရီ ရော ညိမ်းမောင် ပါ မျက်လုံး ပြူး သွားကြလေ၏ ။

မနုရီ မှာ ညိမ်းမောင် အား မျက်လုံး ဖြင့် အကူအညီ တောင်းလိုက် ရာ ညိမ်းမောင် မှာ အဖိုးကြီး အာရုံ ပြောင်း သွားစေရန် စကားစ ရှာ၍ မရသဖြင့် ကြံမိကြံရာ သူ့ ဖို့ ထားသော လက်ဖက်ရည်ခွက် ကို မတော်တဆ လိုလို ဖြင့် တမင် တိုက်ချလိုက်လေ၏ ။

ပန်းကန်ကွဲသံ ကြားလျှင် အဖိုးကြီး အာရုံ ပြောင်းသွားရမည် ဟု ကြံ ကာ လုပ်လိုက်လေရာ ပန်းကန် မှာ အဖိုးကြီး ၏ ခြေထောက် ပေါ် စွတ်စွတ်ရွတ်ရွတ် ကျ သွားလေသည် ။

အဘိုးကြီး မှာ သူ့ လက်ဖက်ရည် ပူပူဒဏ် ကြောင့် -

“ အား ဖူး ဖူး ”

ဟု ပါးစပ် ထဲ မှ လက်ဖက်ရည်များ ကို စွတ် မှုတ်ထုတ် လိုက် ရာ လက်ဖက်ရည် နှင့် တံထွေးများ မှာ ညိမ်းမောင် မျက်ခွက် ပေါ် သို့ ဒါရိုက်ဟစ် ကျရောက်ကုန် သဖြင့် ညိမ်းမောင် မှာ ယောင်ပြီး လက်ဖက်ရည်စက်များ ကို လက်ဖြင့် ပုတ်ချ မိလေ၏ ။ ဤသို့ ပုတ် ချ လိုက်ရာ တွင် သူ့ မျက်မှန် သူ ပုတ်ချလိုက် မိ သဖြင့် မျက်မှန်ကလေး မှာ လွင့်စင် ပြီး အဘွားကြီး ၏ မျက်ခွက် ကို မှန်ပြန် လေ၏ ။ ဤသို့သော လျင်မြန်လှသည့် ဗရုတ်ဗရက် အဆုံးတွင် ညိမ်းမောင် မှာ အဘိုးကြီး အဘွားကြီး တို့ ၏ မျက်နှာ ကို မကြည့်ရဲတော့ ဘဲ ကဗျာကရာ ထ၍ လစ်ထွက်လာခဲ့လေ၏ ။

အပေါ်ထပ် တက် သွားလျှင် နောက် က လိုက်လာ က ပြေး ပေါက်ရှိမည် မဟုတ်သဖြင့် လှေကား မှ ဆင်းပြေး ခဲ့ ရလေ၏ ။ သို့ရာတွင် မျက်မှန် မပါတော့သည် ဖြစ်ရကား နှစ်ထစ်မျှ ဆင်းပြီး နောက် တစ်ထစ် ကို ကျော်ဆင်း မိ သဖြင့် ဖင်ထိုင်ရက်ကြီး ဒုန်း ဒုန်း ဒုန်း ဒုန်း နှင့် စက်အမြှောက် ပစ် သွားလေတော့သည် ။
ဤအချိန် တွင် မနုရီ ၏ ကြီးတော် ရသေ့မကြီး မှာ မနုရီ တို့ ဆီ လာ လည်ရန် တက်လာ သဖြင့် ညိမ်းမောင် ၏ တစ်တီတူးငှက် ကဲ့သို့ မိုးမျှော် နေသော ခြေထောက် အစုံ မှာ ရသေ့မကြီး ၏ ရင်ဘတ် ကို ပြေးဆောင့် လိုက် မိ ပြီး နှစ်ယောက် စလုံး ဗလုံးဗထွေး နှင့် ပလက်ဖောင်း ပေါ် သို့ ကျလာကြလေ၏ ။

ညိမ်းမောင် မှာ အခွင့် သာလျှင် သာခြင်း မတ်တပ် ရပ်လိုက်ရာ ဘေး က ကုလားဆိုင် တစ်ဆိုင် ရှေ့တွင် ရပ်မိလျက် ဖြစ်နေလေ၏ ။ စောစောက ဗလုံး ဗထွေး ဖြစ်စဉ် ရသေ့မကြီး ၏ တစ်ဘက်မှာ သူ့ လည်ပင်း တွင် ပတ်လျက် ရှိသဖြင့် ဆိုင်ရှင်ကု,လား မှာ ဘုရား တည် ကျောင်း ဆောက်ရန် လာသော အလှူခံ မှတ်၍ “ ဂျောင်း
ဂျောင်း ” နှင့် စွတ် မောင်းထုတ် နေလေတော့သည် ။

ကု,လား၏ “ ဂျောင်း ” သံ ကြားတော့ မှ ညိမ်းမောင် လည်း “ ဂျောင်း ” ရန် ဟန်ပြင်လိုက်သည် နှင့် တပြိုင်နက် ရသေ့မကြီး သည် သူ့ တဘက် ပါ သွား သဖြင့်

“ ပါသွားပြီ ပါသွားပြီတော့ ”

ဟု အော်လိုက် သဖြင့် ပတ်ဝန်းကျင် မှ လူများ မှာ လုယက်မှု ဟု အထင် ရောက်သွားကြ ကာ ဝိုင်းလာလေ၏ ။ လူတွေ ဝိုင်းလာသည် နှင့်တစ်ပြိုက်နက် ပင် ငြိမ်းမောင် မှာ တစ်လှမ်း နှစ်လှမ်း  ပြေးလိုက်ရာတွင် လူအုပ် ထဲ မှ ခပ်ဖျတ်ဖျတ် လတ်လတ် လူ တစ်ယောက် က လေလွင့် နေသော တဘက်စ ကို ဖမ်းဆွဲ လိုက်လေရာ ငြိမ်းမောင် မှာ ကော့လန်လန်ကြီး ဖြစ်သွားပြီး “ အစ် အစ် အစ် ” နှင့် မျက်လုံးပြူး လျှာထွက် လာ လေ၏ ။

ဦးလှမောင် တို့ လည်း ဆင်း လိုက်လာကာ ရသေ့မကြီး အား အကျိုးအကြောင်း မေးကြလေ၏ ။

“ ဘာ ပါသွားတာလဲ ”

“ တဘက် တဘက် ”

ရသေ့မကြီး ၏ အဖြေကို ကြားရသော အခါ ဖမ်းထားသူ လည်း ညိမ်းမောင် ကို သေသေချာချာ ကြည့်ကာ ..

“ ဘာ သဘက် လဲ ၊ ဒီ လူ့ ကို သဘက် ပူး တာ လား ”

ဟုမေးကာ အူကြောင်ကြောင် ဖြစ်နေလေ၏ ။

ဤကဲ့သို့ အကုန်လုံး ရှုပ်ထွေးစဉ် မနုရီ သည် သူ နိုင်သည့် ဇာတ်ကွက် ကို ဝင်ရောက် ကပြလေတော့သည် ။

“ ဒီလိုပါ ... ဒီ ကိုညိမ်းမောင် က အရီ နဲ့ ခင် လို့ အရီ က သူ့ အကြောင်း ကောင်းကောင်း သိပါတယ် ၊ သူ စာ သိပ် ကြိုးစားတာမို့ ဦးနှောက် ပျက်ပြီး ဒီလိုပဲ တစ်ခါတစ်ခါ အရူး ထ တတ်တယ်လေ ”

မနုရီ စကား အဆုံးတွင် ညိမ်းမောင် ရှုံ့မဲ့မဲ့ကြီး ဖြစ်သွားသော် လည်း ဦးလှမောင် မှာ ကျေနပ် သွားသလို မျက်ခုံး နှစ်ဖက်ကို ပင့် လိုက် ၍ -

“ အေး ... ဒီလို ဖြစ်ရမှာပေါ့ ”

ဟု ပြောလိုက်လေသည် ။

ရသေ့မကြီး လည်း သူ့ တဘက် ပြန်ရ၍ ယူငင်ကာ အပေါ်ထပ် သို့ တက်သွားသည် တွင် မနုရီ ၏ မိခင် လည်း ညိမ်းမောင် ဘက် သို့ လှည့် ၍ -

“ မောင်ရင် မျက်မှန် လာ ယူဦးလေ ၊ မကွဲဘူး ကွဲ့ ၊ အဒေါ့် ပေါင် ပေါ် ကျ လို့ ”

ဟု ပြောလိုက်ရာ ညိမ်းမောင် လည်း လိုက် တက်ခဲ့ရပေတော့သည် ။

အပေါ်ထပ် သို့ ရောက်သောအ ခါ အားလုံးကြေကြေအေးအေး ဖြစ်သွားသော်လည်း ရသေ့မကြီး မှာ ညိမ်းမောင် နှင့် မနုရီ တို့ ဆက်ဆံပုံ ကို သဘောမကျ သလို  မှုန်ကုတ်ကုတ် ရှုသိုးသိုးကြီး လုပ် နေရာ ညိမ်းမောင် မှာ ရသေ့မကြီး ကို သူ့ ဘက် ပါ ရန် အကြံ ထုတ်ရ ပြန်လေ၏ ။

“ အော် ... မိုးညှင်းဆရာတော်ကြီး ရဲ့ တရား ဟော တယ်ပြီး နားထောင် ကောင်းတယ်နော် ”

“ မိုးညှင်းဆရာတော် လည်း ကောင်းတာပဲ ၊ မင်းကွန်းဇေတဝန် ဆရာတော် လည်း ကောင်းတာပဲ ”

ညိမ်းမောင် အစ်အောက် ထုတ်လိုက်ရာ တွင် ရသေ့မကြီး ၏ စကား ထွက်လာရတော့၏ ။ ညိမ်းမောင် လည်း ရသေ့မကြီး ၏ စကား စ ကို ရသည်နှင့် တစ်ပြိုက်နက် -

“ ဟာ ကောင်းပါပြီလား ၊ ဒီ ဆရာတော်ကြီး ဟာ ကျွန်တော့် ဘကြီး တော်တယ်လေ ၊ အင်မတန် သိက္ခာသမာဓိ နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီး ပေါ့ ၊ တရား ဟောလိုက်ရင်လည်း ရှင်း သွားတာပဲ ”

ဟု လှိမ့် လိုက်လေရာ ရသေ့မကြီး မျက်နှာ မှာ ကြည်လင်သွားကာ -

“ ဟင် .. မင်း က ဆရာတော်ကြီး တူလား ကွဲ့ ”

“ ဟုတ်တာပေါ့ ခင်ဗျား ၊ တလောက မြေ လှူတုန်း ကတောင် ကျွန်တော် နေမကောင်းလို့ မလာဖြစ်တာပေါ့ ”

ညိမ်းမောင်၏ အဖြီးအလှိမ့် ရေယဉ်ကြောဝယ် မျောသွား ပြီး ဖြစ်ရကား ရသေ့မကြီး လည်း မနုရီ ၏ မိခင် ကို မျက်စ ပစ်၍ အိမ်ရှေ့ဘက် သို့ ထွက်သွား လေ၏ ။

မိန်းမသား နှစ်ယောက် သည် လူငယ်ချင်း လွတ်လပ်စွာ စကား ပြောနိုင်ဖို့ ရှောင်ပေးကြသည် ဟု သိရှိသော်လည်း ဦးလှမောင် မှာ အိန္ဒြေ မပျက် ရှောင်ပေးနိုင်ရန် ခွင့်တောင်း မရသဖြင့် အူကြောင် ကြောင် ဖြစ် နေစဉ် အလိုက် သိသော မနုရီ က -

“ ရော့ ဖေဖေ ၊ ဓမ္မပဒ ဖတ်မယ် ဆို ”

ဟု မေးလိုက်ရာ အဘိုးကြီး မှာ ကျေနပ်သွားကာ “ အေး ဒီလို ဖြစ်ရမှာပေါ့ ” ဟု ဆို၍ စာအုပ် ယူပြီး ထွက်သွား လေသည် ။

အဘိုးကြီး မရှိ မှ ငြိမ်းမောင် က -

“ အထဲ က စာ ရော ”

“ ဘာ စာလဲ ”

ညိမ်းမောင် မှာ ဒိတ်ခနဲ ဖြစ်သွားကာ မနုရီ ၏ မျက်နှာ ကို မကြည့်ဘဲ ငုံ့လိုက် ရာ မှ မနုရီ ၏ နိုင်လွန်ပိုးအင်္ကျီ အိတ် ထဲ တွင် စာခေါက်ကလေး ကို တစ်ရိပ်ရိပ် မြင်ပြီး မှ -

“ အင်း ဒီလို ဖြစ်ရမှာပေါ့ ”

ဟု ဦးလှမောင် ဂိုက် ဖမ်း လိုက်လေ၏ ။

“ ဘာ ဒီလို ဖြစ်ရမှာလဲ လူကြီးတွေ မရှိတော့ဘူး ”

“ မရှိတော့ဘူး ဘာဖြစ်လဲ ”

“ မရှိတော့ မိကောင်းဖခင် သားသမီးပီပီ ပြန်ရင် ကောင်းလိမ့်မယ် ထင်တယ် ”

“ အင်း ဒီလို ဖြစ်ရမှာပေါ့ ၊ ဒါထက် အကြောင်းလေးတွေ ရော မသိရဘူးလား ”

“ ပြန်ပါ ”

“ မသိရရင် မပြန်ဘူး ”

မနုရီ မှာ စိတ်ညစ် သလို ခေါင်းကုတ်ရင်း က -

“ မနက်ဖြန် ညနေ စောင့်နေ ”

“ စာ ပြန်မှာလား ”

မနုရီ မှာ နှုတ် က မပြောဘဲ ခေါင်းငြိမ့် လိုက်လေသည် ။

“ စာ က ဘယ်လို ပြန်မှာလဲ ”

ညိမ်းမောင် မှာ ထပ် ကဲနေ ပြန်ရာ မနုရီ သည် မျက်စောင်းကလေး တစ်ချက် ထိုးရင်း -

“ မှတ်ထား ၊ မိန်းကလေး မှန်ရင် မုန်းလို့ တော့ စာ မပြန် ထဲ က ချည်း ရှင့် ”

“ အဲဒီလို ဖြစ်ရမှာပေါ့ ”

ပြောပြောဆိုဆို ငြိမ်းမောင် မှာ မိကောင်းဖခင် သားသမီး ပီပီ ထွက်လာခဲ့ရာ တွင် သူ့ နောက် မှ တံခါး ချောက်ခနဲ ပိတ်သံ နှင့် မရှေးမနှောင်း ဓမ္မပဒ ကို ကိုင် ၍ ရသေ့မကြီး နှင့် တရား ဆွေးနွေး နေသော ဦးလှမောင် ထံ မှ စကားသံ ကျယ်လောင်စွာ ထွက်ပေါ် လာ လေ၏ ။

“ ဒီလို ဖြစ်ရမှာပေါ့ ”

◾ကြပ်ကလေး

📖 ကလောင်စုံ မဂ္ဂဇင်း
      အောက်တိုဘာလ ၊ ၁၉၅ဝ ခု

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment