Thursday, March 16, 2023

ငါ့ အမေ နဲ့ ငါ့ ပိုက်ဆံ


 

❝ ငါ့ အမေ နဲ့ ငါ့ ပိုက်ဆံ ❞

( ၁ )

ပန်းဆိုးတန်း ဆိပ်ကမ်း ဘက် ဆီ မှ ပြန် တက် လာသော အခါ ငခွေး ၏ နဖူး တွင် ချွေးသီး ချွေးပေါက်ကလေးများ ပင် စို့ဆိုင်း တွဲရစ် လျက် ရှိ လေသည် ။

ရန်ကုန်မြစ် တွင်း မှ လေသည် အေးမြသော အတွေ့ ကို ပေးပေ၏ ။ အေးမြ လွန်း သဖြင့် ခြေဖျား လက်ဖျားကလေးများ ပင် လျှင် နာကျင် ကျိန်းစပ်လျက် ရှိသော် လည်း ငခွေး ၏ နဖူးပြင် ၌ မူ ချွေးသီးအစက် အပေါက်ငယ်တွေ တွဲရရွဲ ခိုလျက် ရှိလေသည် သာ မက ငခွေး ၏ ရင် မှာ ယခု အထိ တုန်ယင် လှုပ်ရှား ဆဲ ပင် ဖြစ်နေပါသေးသည် ။

မှန်၏ ။ ငခွေး ၏ ရင် မှာ တုန်ယင် လှုပ်ရှား နေ ဆဲ ။ ငခွေး ၏ နဖူးပြင် မှာ ချွေးစက်ချွေးပေါက်ကလေးတွေ တွဲရရွဲ ခိုနေ၏ ။ အဘယ့်ကြောင့် ဆိုသော် ခါတိုင်း နေ့များ မှာ ထက် ပို၍ ထိတ်လန့်ကြောက်ရွံ့ လာမိသည့် အတွက် ဖြစ်၏ ။ သို့မို့ကြောင့် တုန်ယင် နေသော ရင် မှာ ကြောက်သော ကြောင့် ဖြစ်ပြီး သီးတက် နေသော ချွေးစက်ချွေးပေါက်များ မှာ လည်း စိုးရိမ်သော ကြောင့် သာ ဖြစ်ရပါလိမ့်မည် ။

ငခွေး သည် အသက်အရွယ် အား ဖြင့် ၈ နှစ် ဝန်းကျင် သာ ရှိပေလိမ့်ဦးမည် ။ သူ့ အသားအရေ မှာ အတန်ငယ် လတ်သည် ။ နှာတံ အနည်းငယ် ပြားသည် ။ နဖူးကလေး က ကျယ်ကျယ်ဝန်းဝန်း ရှိသည် ။ ရုပ်ရည် တစ်ခုလုံး ကို ခြုံ၍ ကြည့်သည် ရှိသော် လူရည် သန့် သော ကလေး တစ်ယောက် ဟု ထင်စဖွယ် ဖြစ်သည် ။ သို့ရာတွင် ငခွေး ၌ ရုပ်ရည် သန့်ပြန့် သလောက် ယင်း ရုပ်ရည် နှင့် လိုက်လျော ညီထွေ သော နာမည် ဟူ၍ မရှိ ။ သူ့ မှာ ‘ ငခွေး ’ ဟူသော နာမည် သာ ရှိ၏ ။ သူ့ နာမည် ကို “ ငခွေး ” စာလုံး ပေါင်း တတ် သည် မှာ မကြာသေး ။ အဘယ့်ကြောင့် ဆိုသော် မနေ့တစ်နေ့ က မှ စ၍ ငခွေး စာ သင်ရသော ကြောင့် ဖြစ်၏ ။ ကျောင်း တက် ပြီးနောက် စာတွေ ကို တတ်အောင် သင် လိုက်မည် ။ စာတွေ တတ်လာ လျှင် သို့တည်းမဟုတ် ကြီးပြင်း အရွယ် ရောက် လာလျှင် ဘာကြီး လုပ်လိုက်မည် ။ ညာကြီး လုပ်လိုက်မည် ဟူသော ကြီးကြီးမားမား ရည်ရွယ်ချက် ၊ အလယ်အလတ် ရည်ရွယ်ချက်နှင့် ယုတ်စွအဆုံး အသေးအဖွဲ ရည်ရွယ်ချက် လောက် မျှ ပင် ငခွေး မှာ မရှိ ။ အကြောင်းမူ ငခွေး အတွက် ရှေ့ရေး ဆိုသည် ကို မတွေးတတ် ၊ မတွေးနိုင် ၊ မတွေးရ သော ကြောင့်ပင် ဖြစ်၏ ။

ငခွေး ကား အမေ ခိုင်း သမျှ လုပ် နေရသူ သာ ဖြစ်၏ ။ အမေ ခိုင်း သမျှ မလုပ် လို့ လည်း မဖြစ် ။ နောင်ရေး ကို မတွေးတတ် စေ ကာ မူ အမေ ခိုင်း တိုင်း မလုပ် လျှင် ထမင်း မစားရမည် ကို မူ ငခွေး ကောင်းစွာ နားလည် ပေ၏ ။ ဤမျှ မလောက်လေး မလောက်စား အရွယ် တွင် မညှာမတာ ခိုင်း ရက်သော အမေ ပါတကား ဟု လည်း အတွေး မဝင်မိ ။ အမေ က ခိုင်းသည် မှာ အမေ့ အတွက် သာ မက မိမိ အတွက် လည်း ဖြစ်သည် ဟု ငခွေး သဘော ပေါက် ၏ ။ သို့မို့ကြောင့် လည်း အမေ ခိုင်း သမျှကို ကျိုးကျိုးနွံနွံ နာနာခံခံ လုပ်သည် သာဖြစ်၏ ။

ယခု အမေ ခိုင်းသည့် အတိုင်း ပန်းဆိုးတန်း ဆိပ်ကမ်း တွင် မြေပဲဆားလှော် ရောင်းသည် မှာ ၂ ရက် မျှ သာ ရှိ သေးသည် ။ ပန်းဆိုးတန်း ဆိပ်ကမ်း သည် လူ စည်ကား၏ ။ လေညှင်းခံသူ ၊ ပင်လယ်လေ ကို ရှူရှိုက်သူ ၊ အညောင်းပြေ အညာပြေ လမ်းလျှောက်သူ ၊ နိုင်ငံခြားသင်္ဘောသားတွေ နှင့် အလိုက်သင့် အလျားသင့် ပေါင်း ၍ မိန်းမပျက် ရှာပေးသူ ။ ဒလဘက်ကမ်း သို့ ကူးသူ စသည်ဖြင့် လူပေါင်းစုံ စည်ကားရာ အရပ် ဖြစ်သည် ။ အထူးသဖြင့် “ နန်းသီတာ ” ဟု နာမည်လှလှ ပေး ထားသော ပျော်ပွဲစားရုံ က လည်း မင်းပေါင်း စုံလှသေး၏ ။ “ နန်းသီတာ ” တွင် ဘီယာ သောက်သူ များ လှသည် ။ တစ်ခါတစ်ရံ ထိုင်စရာ စားပွဲ မရှိ၍ ပြန် သွားရသူ များ ပင် ရှိလောက်အောင် စည်ကားသည် ။ နန်းသီတာ နား မှာ ကပ်ရင်း မြေပဲဆားလှော်ထုပ်ကလေး တွေ ကို ရောင်း ရသည် မှာ အတန်အသင့် တွင်ကျယ်သည် ဟု အမေ ဘယ် က ကြား လာသည် မသိ ။ တမန် တစ်နေ့ က အမေ သည် “ ငခွေး ရယ် ပန်းဆိုးတန်းဆိပ်ကမ်း ဘက် သွား ရောင်း ပါလား ။ နန်းသီတာ နား ကပ်ပြီး ရောင်း ရင် သိပ် ရောင်းရတာပဲ ။ အမေတို့ အတွက် ပို ကျန်အောင်ပေါ့ သား ရဲ့ ဟုတ်လား ” ဟု ဆိုကာ မြေပဲဆားလှော် ရောင်းခိုင်း ခဲ့ လေသည် ။

“ သတိတော့ ထားဦးနော် ၊ နန်းသီတာ အထဲ ကို ဝင် မရောင်းနဲ့ ။ အပြင် က ရောင်း ပေမဲ့ သူတို့ မြင် အောင် လည်း မရောင်း နဲ့ ၊ ခိုးကြောင် ခိုးဝှက် သာ ရောင်း ....”

အမေ က သို့ကလို သတိ ပေး လိုက်သေး၏ ။

“ ကိုယ့် ဟာ ကိုယ် ရောင်းတာ ဘာဖြစ်သလဲ အမေ ရဲ့ ။ ဘာဖြစ်လို့ အထဲ ဝင် မရောင်းရတာလဲ ။ နို့ အပြင် က ရောင်းတော့ကော ဘာဖြစ် လို့ သူတို့ မမြင်အောင် ခိုးကြောင်ခိုးဝှက် ရောင်းရ မှာလဲ ။ သူတို့ ဆိုတာ က ဘယ်သူလဲ ပုလိပ် လား .. ”

ငခွေး ၏ ရင်တွင်း ၌ စက်သေနတ်ပစ် သလို အဆက်မပြတ် ပေါ်ထွက် လာသော မေးခွန်း ပုစ္ဆာတွေ ဖြစ်သည် ။ ဤ မေးခွန်းတွေ ကို မေးလိုက်ဦးမည် ဟု ပထမ တော့ စိတ်ကူး မိ သေး၏ ။ သို့သော် ငခွေး သည် အမေ့ အပေါ် ၌ ယုံကြည်၏ ။ အမေ သည် အတွေ့အကြုံ များလှ သူ ၊ ဗဟုသုတ ပြည့်စုံသူ ဟု ငခွေး စွဲမြဲစွာ သိ၏ ။ အထူးသဖြင့် ဗျတ်ထိုး ခေါင်းရွက် ပျံကျဈေးရောင်း စား ရာ ၌ ဝါရင့်လာသော အမေ့ အရည်အချင်း ကို သူ ကိုးစား လှ၏ ။ သို့မို့ကြောင့်လည်း မေး လိုသော မေးခွန်းတွေ မှာ စကားလုံး အဖြစ် နှုတ်ဖျား မှ ထွက် မလာတော့ဘဲ မူလ ရင်ထဲ သို့ ပင် ပြန်လည် ခိုအောင်း သွားကြလေတော့သည် ။

ပထမနေ့ က မြေပဲဆားလှော် ၁ ပြား တန် အထုပ်ကလေးပေါင်း ၃၀ အမေ က ထည့် ပေး လိုက်ရာ အိမ် အပြန် တွင် ၅ ထုပ် သာ ပြန် ပါ လာသည် ။ နှစ်ကျပ် နှင့် ပြားငါးဆယ် ဖိုး ငခွေး ရောင်းခဲ့သည် ။ ယနေ့တွင် မူ ငခွေး ၏ လက်ဆွဲခြင်းကလေး အတွင်း ၌ အမေ က မြေပဲဆားလှော် အထုပ် ၅ဝ ထည့် ပေး လိုက်ပြန်သည် ။

“ မြေပဲဆားလှော် ကြွပ်ကြွပ်ကလေး ၊ ရွရွကလေး ” ဟု ငခွေး က မတိုး မကျယ် အော် ရောင်းသည် ။ လေညှင်းခံသူ တချို့က အပျင်းပြေ ဝယ်စားကြ သော် လည်း အများ အား ဖြင့် လမ်းလျှောက်သူတွေ မှာ မစားကြချေ ။ ထို့ပြင် ကားကြီး ကားငယ် အသွယ်သွယ် နှင့် လာကြသူတွေ သာ များပြားလှသည့် အတွက် ပန်းဆိုးတန်းဆိပ်ကမ်း ကဲ့သို့ သော နေရာ မှာ အပေါစား အစားအစာ ဖြစ်သော ဤ မြေပဲဆားလှော် သည် အရောင်း ရ ထိုင်း လှသည့် ကုန်ပစ္စည်း မျှ သာ ဖြစ်နေတတ် လေသည် ။

သို့သော် ကိစ္စ မရှိ ။ ညနေ ၃ နာရီ ထိုးလျှင် နန်းသီတာ ဖွင့် သည် မဟုတ်လား ။ ငခွေး အတွေ့အကြုံ အရ ဆိုလျှင် နန်းသီတာ ဆိုသည့် အရက်ဆိုင် မှာ အလွန် ခံ့ညား တောက်ပြောင်သော အရက်ဆိုင် ဖြစ်သည် ဟု ထင်၏ ။ ငခွေး သည် အနော်ရထာလမ်း တစ်လျှောက် ရှိ အရက်ဆိုင်များ ၊ ဗိုလ်ချုပ်လမ်း တစ်လျှောက် ရှိ အရက်ဆိုင်များ တွင် မြေပဲဆားလှော် က အစ ပါပလာ အဆုံး ရောင်းချနေခဲ့ ဖူး သူ ဖြစ်သည့် အတိုင်း အဆိုပါ အရက်ဆိုင်များ နှင့် မတူ တစ်မူ ထူးခြား ကြီးကျယ်သော ခမ်းနား တင့်တယ်ခြင်း ကို ငခွေး ကောင်းစွာ ရိပ်စား မိ လေသည် ။

ငခွေး သည် နန်းသီတာ အရှေ့ဘက် တံစက်မြိတ် နား တွင် ရစ်ဝဲ ရစ်ဝဲ လုပ် နေ၏ ။ သို့ကလို ရစ်ဝဲ နေခိုက် မိမိ လက်မောင်း ၌ ချိတ် ထားသော ဆွဲခြင်းကလေး ကို မသိမသာ ပြ ရ သေး၏ ။

“ ဟေ့ .. ချာတိတ် ၊ ဘာလဲကွ ၊ မြေပဲဆားလှော် လား ”

“ ဟုတ် ... ဟုတ်ကဲ့ ၊ မြေပဲဆားလှော် ဆရာ ၊ ကြွပ်တယ် ... ရွတယ် ယူမလား ”

နန်းသီတာ အတွင်း ဘီယာ ထိုင်သောက် နေသည့် ဝိုင်းများ အနက် အပြင် ဘက် ထောင့် စွန်း ရှိ စားပွဲ မှ လူ တစ်ယောက် က လှမ်း မေးသည့် အခါ ငခွေးက မတိုး မကျယ် ဖြေ လိုက် လေသည် ။

ငခွေး ၏ အသံ သည် အတန်ငယ် တုန်ယင်လျက် ရှိ၏ ။ လမ်းမ ဘက် ဆီ သို့ လည်း ပျာပျာလောင်လောင် လှည့်ကြည့် ရ သေး၏ ။ မြူနီစပယ်ပုလိပ်တွေ ပဲ လာ လေ မလား ။ အမေ က ပြော လိုက်သည့် “ သူတို့ ” ဆိုသူတွေ ကို လည်း ကြောက်ရ သေး၏ ။

“ ငါးထုပ် ယူခဲ့ကွာ ... ”

ငခွေး သည် နန်းသီတာ တံစက်မြိတ် အောက် တွင် စီတန်း ၍ ချ ထားသော ပန်းပင်များ မရှိတော့သည့် သစ်သားပန်းအိုးတွေ ပေါ် မှ ကျော် ကာ ထို ဘီယာဝိုင်း နား သို့ ကပ် သွားပြီး နောက် မြေပဲထုပ် ငါးထုပ် လှမ်းပေး လိုက်လေသည် ။

“ နောက်ထပ် ငါးထုပ် ပေးဦး ။ တစ်ထုပ် ဘယ်လောက်လဲ ကွ ”

“ ဟုတ်ကဲ့ ... ရပါတယ် ဆရာ ။ တစ်ထုပ် ၁ ပြား ပါ ဆရာ ”

“ မင်း မြေပဲ ကလည်း ဈေး ကြီးလှချည်လား ကွ ၊ ဒါဖြင့် ၁၀ ထုပ် ဆို တစ်ကျပ် ပေါ့ ဟုတ်လား ရော့ ၊ တစ်ထုပ် အဆစ် ပို ပေးလေကွာ ”

“ ဟုတ်ကဲ့ ဆရာ .. မရလို့ပါ ”

ငခွေး သည် ပြောပြောဆိုဆို နှင့်ပင် ထို လူ လှမ်း ပေးသော ကျပ်တန် ကို ကမန်းကတန်း ယူ ၍ သူ့ ရှပ်အင်္ကျီအိတ် တွင်းသို့ ထည့် နေစဉ် အနောက်ဘက် မှ နေ၍ သူ့ ဂုတ် ကို ခပ်ကြမ်းကြမ်းကလေး ဆွဲယူခြင်း ခံလိုက်ရသည့် အတွက် အထိတ်တလန့် ဖြစ်သွား မိ လေ၏ ။

“ ဟေ့ ကောင်လေး ဒီနား လာ မရောင်းရဘူး ကြားလား ။ နောက် မင်း လာ ရောင်းတာ တွေ့ရင် ငါ မန်နေဂျာ ဆီ တစ်ခါထဲ ခေါ်သွားမယ် .. သွား... သွား ... တခြား မှာ သွားရောင်း ”

နန်းသီတာ မှ စားပွဲထိုးကု,လားက သူ့ ကို ဂုတ် မှ ဆွဲလျက် အပြင် ဘက် သို့ တွန်းလွှတ် ရင်း “ နောက် လာ မရောင်းနဲ့ ” ဟု ပြော လေရာ ငခွေး မှာ ဖိုလှိုက်သော ရင်ခွင် ၌ မိမိ ၏ ဆွဲခြင်းကလေး ကို ပွေ့ပိုက် ကာ နန်းသီတာ တံစက်မြိတ် အောက် မှ ထွက်ခွာ လာ ရလေတော့သည် ။

ထိုကဲ့သို့ ဖြစ်ပျက်ပြီးသည့် နောက်ပိုင်းတွင် ကား ငခွေး မှာ ဈေး ရောင်းရသည် ကို စိတ် မဝင်စားတော့ချေ ။ ကားကြီးကားငယ် အသွယ်သွယ် နှင့် လာ၍ လေညှင်း ခံကြ ၊ လမ်းလျှောက် ကြသော လူတွေ အကြား သို့ စိတ် မပါ့ တပါ သွား ရောင်း ကြည့် သေးသည် ။ နှစ်ထုပ် သုံးထုပ် လောက် ရောင်းပြီး သော အခါ သူ သည် ဆွဲခြင်းကလေး ကို နံဘေး မှာ ချရင်း ခြေပစ်လက်ပစ် ထိုင် နေမိလေ၏ ။

ည ၇ နာရီ ခန့် ရှိသော အခါ လက်ကျန် မြေပဲဆားလှော်ထုပ် ကလေးတွေ ကို ဆက်လက် ရောင်းချခြင်း မပြုတော့ဘဲ အမေ့ ဆီ သို့ ပြန် သွားရန် ဆုံးဖြတ်လိုက် မိသည် ။

သို့မို့ကြောင့် လည်း ငခွေး ၏ နဖူးပြင် မှာ အေးမြသော ဆောင်းဥတု ပင် ဖြစ်လင့် ကစား ချွေးစက်ချွေးပေါက်များ တွဲခိုရစ်သီ နေခြင်း ဖြစ်၏ ။ သူ့ ရင်မှာ လည်း တုန်ယင် လှုပ်ရှား နေရခြင်း ဖြစ်၏ ။ ကု,လားက မိမိ ၏ ဂုတ်ပိုး ကို ဆုပ်ကိုင် ၍ ပြောလိုက်သည့် စကားလုံးများ မှာ ငခွေး ၏ နား တွင် ယခုတိုင် မြည်ဟည်း နေ သေးသည် ။

“ နောက် လာ ရောင်းတာ တွေ့ရင် မန်နေဂျာ ဆီ ခေါ်သွားမယ် ” ဟု ဆိုသည် ။ “ ဒီ နား လာ မရောင်းရဘူး ” ဟု ဆိုသည် ။ အဘယ့်ကြောင့် နည်း ။ အမေ က “ သူတို့ မြင်အောင် လဲ မရောင်းနဲ့ ” ဟု မှာကြားလိုက်စဉ် အခါက သူတို့ ဆိုသည် မှာ မြူနီစပယ်ပုလိပ်တွေ ကို ဆိုလိုခြင်း ဖြစ်လိမ့်မည် ဟု မိမိ နားလည် ထား ခဲ့သည် ။ ယခုသော် မြူနီစပယ်ပုလိပ် မဟုတ် ၊ နန်းသီတာ မှ စားပွဲထိုးကု,လား ဖြစ်နေ လေပြီ ။

ငခွေး ၏ ဦးနှောက် မှာ ချာချာလည် လျက် ရှိ လေသည် ။ ရှုပ်ထွေး ထွေပြား လှသော ရန်ကုန်မြို့တော် ၏ အတွေ့အကြုံများ သည် နုနယ်လှသေးသော အတွေ့ အကြုံ မရင့်ကျက်သေးသော ငခွေး ၏ တစ်ကိုယ်လုံး ကို ဖမ်းစားချုပ်ကိုင် ထားကြသည် ။ အမေ့ ဆီ ပြန်ရောက် လျှင် အမေ က ဘာ ပြောမည်နည်း ။ ဆူပူကြိမ်းမောင်းဦးမည်လား ၊ သို့တည်း မဟုတ် သူ့ခေါင်း ကို များ ဒေါက်ခနဲ မြည်အောင် ခေါက်လေမည် လား စသော အတွေးများ ဖြင့် ငခွေးသည် အားအင် ကုန်ခမ်းနေသူ ပမာ အမေ ရှိရာ သို့ ပြန်လာခဲ့ မိလေ၏ ။

( ၂ )

အိမ် သို့ ပြန် ရောက်သော အခါ အမေ က အကျိုးအကြောင်း ကို မေး သဖြင့် ပြောပြ လိုက်သည် ။ သူ ပြောသမျှ ကို နားထောင် နေပြီး နောက် အမေ သည် ယဲ့ယဲ့ ကလေး ပြုံးနေသည် မှ အပ တစ်စုံတစ်ရာ ဆူပူ ကြိမ်းမောင်းသည် ဟူ၍ မရှိသည့် အတွက် ငခွေး မှာ ဝမ်းမြောက် မိ သည် သာ ဖြစ်၏ ။

“ အေးပေါ့ လူလေးရယ် ၊ နောက် ကို သတိ ထား ပေါ့ ။ ဒီ ဆိုင်တွေ က ခါတိုင်း လူလေး သွား ရောင်း နေတဲ့ ဆိုင်တွေ လိုမဟုတ်ဘူး ။ အထက်တန်းစား ဆိုင်တွေ ဆို တော့ အပြင် က အစားအစာတွေ မယူရ ၊ မရောင်းရဘူး လူလေးရဲ့ ။ အမေ က လည်း လိုတာပါ ။ သေသေချာချာ မမှာလိုက်မိဘူး ။ ဒါထက် ကု,လား က လူလေး ကို ဘာ လုပ်သေးသလဲ ”

“ ဘာမှတော့ မလုပ်ပါဘူး ။ အင်္ကျီဂုတ် ကနေ ဆွဲ ထုတ်ပြီး နောက် လာ မရောင်းနဲ့ လို့ ပြောတာပဲ ”

အမေ က ဘာမျှ မပြောဘဲ ငြိမ်နေလေသည် ။ ယခုတလော အမေ သည် တရှောင်ရှောင်ဖြစ်လာ၏ ။ ဆောင်း ဝင် ကတည်း က အမေ့ မှာ မာမာချာချာ ဟု မရှိလှ ဘဲ တစ်နေ့ ရွှေ တစ်နေ့ ငွေ ဖြစ် နေ၏ ။ သို့မို့ကြောင့် အမေ့ မှာ ရုပ်ရှင်ရုံ တစ်ဝိုက် ဆီ ၌ ဈေး ထွက် မရောင်းနိုင် ။

“ အေးအေး ကဲ ထမင်းလေး ဘာလေး စားပြီး အိပ်တော့ ။ အမေ လည်း နည်းနည်း ချမ်းတယ် ။ ဆေး တော့ ခုနပဲ သောက် ပြီးပြီ ။ စောစော အိပ်လိုက်ဦးမယ် ။ အားလေး ဘာလေး ရှိလာအောင် ဟုတ်လား ။ အမေ ဈေး ထွက် နိုင်တဲ့ အခါကျရင် ငါ့ သား က အမေ နဲ့ ပဲ လိုက် ရောင်း ပေါ့ ကွယ် ။ သား အိပ်ရင် မီးတွေ ဘာတွေ ငြိမ်းဦး နော် ”

အမေ သည် စောင် ကို ခေါင်း မှခြုံကာ ကွေး လေ၏ ။ ငခွေး ကား မီးဖို ဆီ သို့ ထ သွားကာ အေးစက် နေသော ထမင်း ကို ဘဲဥပြုတ်ကလေး နှင့် စား လိုက်ပြီး နောက် သူ့ အမေ ဘေး တွင် ကွေးကွေးကလေး လာ ခွေချ လိုက်သည် ။

ကြိုးပြတ်သော အရုပ် ပမာ ခွေချ လိုက် သော် လည်း ငခွေး ကား အိပ် မပျော်ချေ ။

စောစောက တွေ့ခဲ့ ရသော အခြင်းအရာများ သည် သူ့ အား ထမင်းလုံး တစ္ဆေ ပမာ ခြောက်လှန့် လျက် ရှိ၏ ။ သူတို့ နေထိုင်ရာ ၃၆ လမ်း အထက် လမ်း ဘက်ရှိ တိုက်ပျက်ကြီး ၏ နောက်ဖေး ဘက် မှ ရေကျသံ ၊ ခွေး အချင်းချင်း အစာရေစာ ကို လုယက်ရင်း ကိုက်ခဲ ရန်ဖြစ်သံတွေ ကို ကြားနေရ သေးသည် ။ သူတို့ လို ဈေးတောင်း ခေါင်းရွက် ရောင်းစားကြ သူ အိမ်ထောင်စုများ စုဝေး နေထိုင်သော တိုက်ပျက်ကြီး ဖြစ်သည့် အတွက် စကား ပြောသံ ၊ အခြား တစ်ဖက်ခန်း များ မှ ကလေး ငိုသံ ၊ ရေရွတ် ဆဲရေးသံတွေ ကိုလည်း ကြားရ သေးသည် ။ လမ်းမ ပေါ် မှ ကားဟွန်းသံ နှင့် အရက် မူးသော ဂေါ်ရင်ဂျီကု,လားတို့ ၏ စကားသံများ ကလည်း ဆူညံဆဲ ပင် ရှိပါသေးသည် ။

ငခွေး ၏ အတွေး သည် မနှစ် က ကွယ်လွန် သွားသော အဖေ့ ဆီ သို့ ကူးပြောင်း သွား လေသည် ။ အဖေ သည် တရုတ်ကပြား ဖြစ်သည် ။ အဖေ နှင့် အမေ က ခရမ်း ဘက် တွင် မနေလိုတော့သည့် အတွက် ရန်ကုန်မြို့ကြီး သို့ လာ ကာ ရေကြည်ရာ မြက်နုရာ လုပ်ကိုင်ရှာဖွေ စားသောက် သည့် အချိန် ၌ ငခွေး မှာ ၅ နှစ် သား ခန့် သာ ရှိ သေးသည် ။ အဖေ ရှိစဉ် က ဆို လျှင် အဖေ သည် အနော်ရထာလမ်း ဘက် တွင် ရှိသော အရက်ဆိုင် တစ်ဆိုင် ၌ ခေါက်ဆွဲ ကြော် ၏ ။ အဖေ့ လခ မှာ ၁၅ဝိ ဖြစ် လေရာ အဖေ ခေါက်ဆွဲ ကြော်သော လခ ၁၅ဝိ နှင့် အမေ ဈေး ရောင်းသော ဝင်ငွေကလေးများ ဖြင့် ငခွေး တို့ သားအမိ သားအဖ သုံးယောက် ၏ ဝမ်းရေး အတွက် မပူမပင် နေနိုင်ခဲ့ ကြသည် ။

သို့ရာတွင် မနှစ် က အဖေ ဆုံးသော အခါ ကျောင်း ထားအံ့ဆဲဆဲ ငခွေး ကို အမေ က ကျောင်း မထားနိုင်တော့ ဘဲ သူ နှင့် အတူ ဈေး ကူ ရောင်း စေသည် ။ အမေ သည် မြေပဲကြော်ကလေး ရောင်း လိုက် ၊ ဂွေးသီး ပေါ် ချိန် ၌ ဂွေးသီးကလေး ရောင်း ၍ သရက်သီး ပေါ် ချိန် တွင် သရက်သီး ရောင်း ကာ မြို့မရုံ ၊ ရွှေဂုန်ရုံ နှင့် သွင်ရုံတစ်ဝိုက် တွင် အခြေစိုက် ရင်း ဝမ်းရေး ကို ဖန်တီး ရှာကြံသူ ဖြစ်လေသည် ။

“ အမေ နဲ့ ဈေး ကူ ရောင်းပြီး တဲ့အခါ ကျတော့ လူကလေး ကို ကျောင်း ထားမယ် ဟုတ်လား ။ အခု အခိုက်အတန့် တော့ အမေ့ ကို ကူဦး ပေါ့ ။ နောက်ပြီး အမဲကြော်လေး ၊ ပါပလာကြော်လေး ၊ မြေပဲကြော်လေး ဆိုသလို - အရက်ဆိုင်တွေ မှာ လူလေး လှည့် ရောင်း ပါလား ။ အရက်ဆိုင်တွေ က သိပ် ရောင်းကောင်းတာ သား ရဲ့ အမေ က မိန်းမ ဆိုတော့ အရက်ဆိုင် ထဲ ဝင် ရောင်းလို့ မကောင်းဘူး ။ ဟုတ်လား အမေ ပြော တာ ...”

အမေ ပြောသည့် အတိုင်း ငခွေး သည် အမဲကြော် တစ်လှည့် ၊ ပါပလာ တစ်လှည့် ၊ မြေပဲလှော်တစ်လှည့် ဆိုသလို ကြုံရာ ကြုံခိုက် ရရာ ရခိုက် အစားအသောက် ကလေးတွေ ကို လက်ဆွဲခြင်း တွင် ထည့် ကာ အရက်ဆိုင်များ ၌ လှည့်လည် ရောင်းချခဲ့လေသည် ။

“ ကဲ .. ဒီလိုလုပ် ၊ ငါ့ သား နေ့ခင်းဘက် ဆို ကျောင်း တက် ၊ အမေ နဲ့ လိုက် ကူ ဖို့ မလိုတော့ဘူး ။ ည ည ကျမှ အရက်ဆိုင်တွေထဲ သား ဘာသာ သား သွားရောင်း မကောင်းဘူးလား ”

“ ကျွန်တော် က ဘယ် ကျောင်းတက်ရမှာလဲ အမေ ရဲ့ ”

“ လွစ်လမ်း မှာ မြူနီစပယ်ကျောင်း ရှိတယ်လေ ၊ သား သွား တက်ပေါ့ ။ အမေ လိုက် အပ် ပေးမယ် ။ ဒါမှမဟုတ် နီးနီးနားနား မော်လမြိုင်ကျောင်းတိုက် မှာ ပဲ သွား စာအံပါလား ကွယ် ။ ပိုက်ဆံ မပေးရဘူးပေါ့ ။ မြူနီစပယ် ကျောင်း ထက် စာရင် ဘုန်းကြီးကျောင်း က သက်သာ မှာ ပဲ ”

အမေ့ အစီအစဉ် အရ ပင် ငခွေး သည် မော်လမြိုင်ကျောင်းတိုက် တွင် စာ အံ ရသည် ။ သို့ရာတွင် စာ အံ ရသော အချိန် မှာ မည်မျှလောက် ကြာရှည် ခံသနည်း ဆိုသော် ငရေင - သဝေထိုး ခခွေး ဝဆွဲခွေ အောက် က မြင့် ခွေ့ ၊ ရှေ့ က ပေါက် ခွေး  ငခွေး ဟူသော စာလုံး ကို ပေါင်းတတ်ရုံ မျှ ကာလ တွင် အလကား နေရသည့် အခမဲ့ စာ အံ ရသည့် ကျောင်း သို့ ပင် ငခွေး ဆက် မသွားနိုင်တော့ပါ ။

အဘယ့်ကြောင့် ဆိုသော် အေးသည် နှင့် တစ်ပြိုင်နက် ထ လာ တတ်သော အမေ့ မီးယပ်ရောဂါ ကြောင့် ပင် တည်း ။

မှန်သည် ။ အမေ သည် တဟီးဟီး တညည်းညည်း အဖျား တက် ကာ အိပ်ရာ ထက် မှာ သာ လဲ နေ တော့၏ ။ ဈေးလည်း မထွက်နိုင်တော့ ။ အဖေ သေသွား သည် ကို မျက်ဝါး ထင်ထင် တွေ့ခဲ့ ရသော ငခွေး သည် အမေ သေသွားမည် ကိုလည်း အကြီးအကျယ် စိုးရိမ် မိလေ၏ ။ အမေ သာ သေသွားလျှင် ဘယ်သူ နှင့် နေရမည်နည်း ။ ဈေးတောင်း ခေါင်းရွက် ၍ ရှာဖွေ ကျွေးမွေး သော အမေ့ ကို ဘယ်သော ကာလ ၌ ပြန်လည် တွေ့ရှိနိုင်ပါတော့မည်နည်း စသော အတွေးများ က ငခွေး ၏ နုနယ်လှသော နှလုံးသား ကို ရက်ရက်စက်စက် ချေမွ လေတော့သည် ။

သို့မို့ကြောင့် လည်း ငခွေး သည် အမေ ခိုင်းသမျှ လုပ် ၏ ။ အမေ့ အစား နေ့ရော ညပါ သူ ဈေး ရောင်းသည် ။ သူ ဈေး ရောင်း ၍ ရသော နှစ်ကျပ်ခွဲ သုံးကျပ် မျှ သာ မှန်တန်း ရှိသည့် တစ်နေ့တာ ဝင်ငွေ သည် အမေ့ အတွက် အသက် ဆက် ဆေး ဖြစ်သည် ဟု ငခွေး နားလည် ရ လေ၏ ။

“ လူလေး ရယ် …. အမေ့ သားကြီး စာ တတ်တော့မယ့် ဥစွာ မတတ်ရ ပြန်ဘူး ။ လူကောင်ကြီး က ကြီး လှပြီ ...”

အမေ က တစ်ခါတစ်ရံ သို့ကလို ညည်းတွား သော အခါတွင် ကိုယ့် ဘဝ ကိုယ့် အဖြစ် ကို တွေးမိသော ငခွေး မှာ ငိုချင်ရက် လက်တို့ ဆိုသလို ဖြစ်လာတတ် သော် လည်း အမေ စိတ် မချမ်းသာ မှာ စိုးသည့် အတွက် မငိုချေ ။

“ အမေ နေ ကောင်းတော့ ကျွန်တော် စာ ပြန် အံ မှာ ပေါ့ အမေ ရယ် ။ ပညာ ရှာ တာဟာ ဘာတဲ့ ဘယ်တော့မှ နောက်ကျတယ်လို့ မရှိဘူး တဲ့ ။ ဆရာတော် က ပြောတယ် ... ”

ငခွေး က အမေ့ အား သို့ကလို ပြန်ပြောခဲ့ဖူးပေ၏ ။ ယခု အမေ့ နံဘေး မှ ကွေး နေရင်း သက်ပြင်းရှည်ကြီး တစ်ချက် ကို ဆွဲ ချရင်း ငခွေး သည် ထို စကားလုံးများ ကို ပြန် သတိရ လာလေ၏ ။ သူ့ ရင်တွင်း ၌ တလိပ်လိပ် တက် လာသော အမျိုးအမည် မသိနိုင်သည့် ဝမ်းနည်း ကြေကွဲမှုတွေ ကို မျိုသိပ် ကာ အိပ်ပျော် ဖို့ ကြိုးစား လေသည် ။ အိပ်မောကျအံ့ ဆဲဆဲ တွင် ဂုတ်ပိုး မှ ဆွဲထုတ် ခံရသည့် အဖြစ် ကို အိပ်မက် မြင်မက် ကာ မောဟိုက် နေရ ပြန် လေ၏ ။

( ၃ )

“ အမေ ဘာ လုပ်မလို့ ...”

စောစောစီးစီး ထ ကာ မြေပဲတွေ အခွံ ချွတ်၍ ကြော်လှော်နေသော အမေ့ ကို ငခွေး က လှမ်း မေး လိုက် မိသည် ။

“ ဒီနေ့ ဈေး ထွက်မယ် ..”

“ ဟင် .. အမေ က လည်း အမေ နေ ကောင်းလို့ လား ”

“ ကောင်းပါတယ် လူလေးရဲ့ .. ”

“ အမေ က လည်း … တော်ကြာ အညှော်မိ အအေးမိ ပြီး ပြန် ဖျား နေပါဦးမယ် အမေ ရယ် ။ ကျွန်တော့် ဘာသာ ပဲ သွား ရောင်းပါ့မယ် ”

“ မဖျားပါဘူးကွယ့် ။ ဒီ ရက် က လဆန်းရက် လည်း ဖြစ် ၊ မြင်းပွဲ နဲ့ လည်း ဆုံ နေတယ် မဟုတ်လား ။ နောက်ပြီး ဘိုင်စကုတ် က လည်း အသစ် လဲ နေပြီ ဆိုတော့ ခါတိုင်း နေ့တွေ ထက် ၂ ဆ ၊ ၃ ဆ ပို ရောင်းရတဲ့ ရက်တွေ လူလေး ရဲ့ ။ အမေ တော့ သား ရောင်း လို့ စု ထားတဲ့ ငွေကလေး နှစ်ဆယ် ၊ အစိတ်လောက် ဒီနေ့ ရင်းပလိုက်မှာပဲ ။ ဒီလို နေ့မျိုး တွေ က အရင်း လောက် ကို ပြန် မြတ် တာ သား ရဲ့ ။ အမေ ရောင်း ပါ့မယ် ။ နေကောင်း ပါတယ် ..”

တကယ်ပင် အမေ သည် ပကတိ ကျန်းမာသူ ပမာ ဈေးရောင်း ထွက်ဖို့ ပြင်ဆင် နေလေပြီ ။

အမေ သည် ၁၁ နာရီ ခန့် တွင် သွင်ရုံ ဘက် သို့ မြေပဲကြော်တွေ ကို လည်းကောင်း ၊ ကြက်သွန်ပါးပါး လှီးပြီးသားများ ကို လည်းကောင်း ၊ သံလင်ပန်း တွင် ထည့်ကာ ထွက်ခွာ သွား လေသည် ။ ကျန်နေသော မြေပဲကြော်များ နှင့် အခွံ မသင်ရ သေးသော ကြက်သွန်တွေ ကို အခွံသင် ပါးပါးလှီးပြီး နောက် ၁၂ နာရီ လောက် ကျ မှ လိုက်ခဲ့ဖို့ လည်း ငခွေး ကို မှာ သေးသည် ။

“ လဆန်း ရက် မှာ ဒီလောက် များများစားစားလေး ရင်း လိုက် ရရင် တော်တော် အသက် ရှူ ချောင် သွားမှာပါ လူလေး ရယ် ။ ဒီ အရင်းအနှီးလေး ကို တောင် ငါ့ သား ရှာ လို့ အမေ စုထားခဲ့နိုင်တာ ”

ဈေးတောင်း ခေါင်း ရွက်ကာ ထွက်ခွာ သွားသော အမေ့ ကို ကြည့် ကာ ငခွေး သည် စကား တစ်လုံး မျှ မပြောနိုင်ဘဲ အံ့အား သင့် ရင်း ကျန်ရစ် လေသည် ။

၁၂ နာရီ ထိုးသော အခါ ငခွေး သည် ကြက်သွန်တွေ ကို ပါးပါးလှီးပြီး ဖြစ်သည့် အတိုင်း မြေပဲကြော်များ နှင့် အတူ လက်ဆွဲခြင်း တွင် ထည့် ကာ သွင်ရုံ ဘက် ဆီ သို့ လိုက်လာခဲ့လေ၏ ။ မိမိ ရှာဖွေ ပေးခဲ့သော မဖြစ်စလောက် ဝင်ငွေကလေး ကို စားစရိတ် သောက်စရိတ် နှင့် ဆေးဖိုးဝါးခ ကုန်ကျနေသည့် အကြား က အရင်းအနှီးကလေး ဖြစ်အောင် ချွေတာ ခြစ်ကုပ် စုဆောင်း ထား နိုင်ခဲ့သည် ဆိုသော အမေ့ အား အထူး အဆန်း သဖွယ် ထင် မိလေ၏ ။

“ ဟေး … ပြေးကြ ပြေးကြ ၊ ဟိုမှာ ဖမ်းကုန်ပြီ ”

အနား မှ ကပ် ၍ အော် သွားသော အသံ တစ်သံ ကို ငခွေး ကြား ရသည် ။ ရှာလပတ်ရည် ချိုင့်ကြီးတွေ ကို ဆွဲ ထား သူတွေ ၊ ဆိတ်သားကင်ထုပ် ပိုက်ထား သူတွေ ၃၆ လမ်း ဘက် ဆီ သို့ လည်းကောင်း ၊ တိုက်ကြို တိုက်ကြား သို့ လည်းကောင်း ၊ ပြေးကြ လွှားကြသည် ကို လည်း တွေ့ရသည် ။

သို့မို့ကြောင့် ငခွေး သည် ချက်ချင်း အမေ့ အတွက် ပူလိုက် မိသည် ။ သူ့ ခြေလှမ်း သည် မြန်သည် ထက် မြန်လာ၏ ။ ထိုမှ တစ်ဖန် သွင်ရုံ ဘက် ဆီ သို့ တက်သုတ် ရိုက် ၍ ပြေး လာ မိ၏ ။ ငခွေး ကား အလာ ကောင်း သော် လည်း အခါ နှောင်း ချေပြီ ။

“ အမေ … အမေ ”

သွင်ရုံ အောက် တွင် ပြေးကြ လွှားကြသူတွေ ၊ ကာကီယူနီဖောင်းဝတ် မြူနီစပယ်ပုလိပ်တွေ ၊ ပြန့်ကြဲ နေသော စက္ကူစတွေ ၊ ဘယာကြော် နှင့် ဆိတ်သားကင်တွေ ၊ သွန်မှောက် ပစ်သည့် အတွက် ဆင်ဝင် အောက် ပလက်ဖောင်း ပေါ် တွင် ရွှဲစို နေသော ရှာလပတ်ရည်တွေ ... ။

ဤ လူများ အပျက်အစီးများ နှင့် အရှုပ်အထွေးများ အကြား မှ ငခွေး သည် တိုး ထွက်ကာ အမေ့ ကို ရှာသည် ။ “ အမေ ... အမေ ” ဟု လည်း ဟစ် ခေါ်သည် ။

“ လူလေး ရေ ၊ အမေ ဒီ မှာ အမေ့ ကို ဖမ်းနေကြပြီ ” ဟူသော အမေ့ အသံ ကို ကြား ရသည် ။ အမေ သည် မြူနီစပယ်ပုလိပ် နှစ်ယောက် ၏ လက် ထဲ တွင် ရုန်းကန်ရင်း ပါသွား လေပြီ ။ ငခွေး သည် အမေ့ နား သို့ ကပ်သွား၏ ။ အမေ့ လက် ထဲ တွင် လင်ပန်း ကို ကိုင် ထားသည် ။ အမေ ရောင်းချ သော ကုန်ပစ္စည်းများ မှာ မူ ပလက်ဖောင်း ပေါ် တွင် ပြန့်ကြဲနေ လေပြီ ။

“ အမေ အမေ ” ဟု သာ ငခွေး အော် ခေါ်သည် ။ အမေ ကား မြူနီစပယ် အချုပ်ကား ပေါ် တွင် ပါသွားပြီ ဖြစ်သည့် အတွက် အမေ ပြန် ပြောသည့် စကားသံ ကို ငခွေး မကြားရတော့ချေ ။ ငခွေး သည် အသား တဆတ်ဆတ် တုန် နေ၏ ။ အချုပ်ကား ပေါ် တွင် ပါ သွားသော အမေ့ ဆီ သို့ လှမ်းကြည့်သည် ။ ပလက်ဖောင်း ပေါ် တွင် ပြန့်ကြဲ နေပြီ ဖြစ်သော မြေပဲကြော်များ ဆီ သို့လည်း လှမ်း ကြည့်သည် ။

ငခွေး ၏ နုနယ်သော ၊ သိမ်မွေ့အေးချမ်းသော မိမိ တစ်ဝမ်း တစ်ခါး အတွက် မိမိ တတ်သ၍ ရိုးရိုးသားသား လုပ်ကိုင် စားသောက် ရန် သာ သိသော နှလုံးသားကလေး အတွင်း ၌ မူ “ ငါ့ အမေ ငါ့ ပိုက်ဆံတွေ ပြန်ပေး ပြန်ပေး ” ဟူသော ပရမ်းပတာ တောင်းဆိုချက် သာ မြည်ဟည်း နေသည် ကို ငခွေး သည် မသိ ။ မည်သူမျှ မသိ ။

◾မောင်နေဝင်း

📖 ငွေတာရီ မဂ္ဂဇင်း
      မတ် လ ၊ ၁၉၆၆ ခုနစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment