❝ နေ့ တုတ်ပြ ည အရုပ်ပြ တဲ့
တောကျောင်းဆရာ ❞
( ဆရာဦးမြင့်သိန်း ၊ ဂျိုရွာ ၊ ငါန်းဇွန်မြို့နယ် )
[ လူတွေ ဟာ စားဝတ်နေရေး အတွက် ရုန်းကန်လှုပ်ရှား နေကြရတာ အိမ်ထောင်ဦးစီး ဖခင် တွေ မှာ မိသားစု စားဝတ်နေရေး အပြင် သားသမီးတွေ ကို ပညာ သင် ပေးရမယ့် တာဝန် လည်း ရှိ သေးတယ် ။
ကျောင်းဆရာ ဦးမြင့်သိန်း ( ၅၂ နှစ် ) မှာ သမီး ခြောက်ယောက် ရှိတယ် ။ သမီးကြီး သုံးယောက် က ကွန်ပျူတာ ၊ နည်းပညာ ၊ ပညာရေး ဆိုင်ရာ ဘွဲ့ ဒီဂရီတွေ ရ ကြပြီ ၊ သမီးငယ် တစ်ယောက် က ကျန်းမာရေး နဲ့ ဆိုင် တဲ့ တက္ကသိုလ် တက် ဆဲ ၊ ကျန် သမီးငယ် နှစ်ယောက် က အခြေခံပညာ သင်ယူ ဆဲပါပဲ ။
သည် သားသမီးတွေ လူတစ်လုံး သူတစ်လုံး ဖြစ် လာအောင် ကျောင်းဆရာ တစ်ယောက် ဟာ ဘယ်လို အပို ဝင်ငွေ ရှာဖွေခဲ့ ရ သလဲ ။ ကျွန်တော် မေးခွန်း ထုတ် တာ ကို ဆရာ ဦးမြင့်သိန်း က အဖြေ ပေး ပါတယ် ။ ]
••••• ••••• ••••• •••••
ကျွန်တော့် ဇာတိ က ငါန်းဇွန်မြို့နယ် သောင်ပြင်ရွာ ၊ မိဘတွေ က တောင်သူ ပါ ။
ကျွန်တော့် အစ်ကိုကြီး က ယခု အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် လုပ် နေတဲ့ ဒေါက်တာမြဦး ပေါ့ ။ ကျွန်တော် ဆယ်တန်း အောင် တော့ အစ်ကို က ဥပဒေဘာသာရပ် ယူ ခိုင်း တယ် ။ မိသားစုဝင် တွေ တစ်ယောက် တစ်ဘာသာ စုံ အောင် တဲ့ ။
ကျွန်တော် က သိပ္ပံ ဝါသနာ ပါပေမယ့် အစ်ကိုကြီး က ဥပဒေ ယူ ဆိုတော့ လည်း ယူ လိုက်တာပဲ ။
ကျွန်တော် ကျောင်း တက် နေတုန်း ၁၉၇၅ ခု မှာ ဦးသန့်အရေးအခင်း ဖြစ်လို့ အိမ် ခဏ ပြန်တော့ ကျွန်တော် တို့ နဲ့ ရွာနီးချုပ်စပ် မြောက်ကျင်းရွာ တွဲဘက်ကျောင်း က သင်မယ့် ဆရာ မရှိလို့ တစ်လ တည်း ပဲ ကူညီပါ လို့ ပြောတယ် ။ ကျွန်တော် လည်း တစ်လ ပဲ ဆိုပြီး ဝင် ကူညီ လိုက်တာ တစ်ဘဝလုံး ကျောင်းဆရာ ဖြစ် သွားတာ ။
ဂျိုရွာ မှာ မူလတန်း ပဲ ရှိတာ ၊ အလယ်တန်း တွဲဘက်ကျောင်း ထောင် လိုက်တော့ ကျွန်တော် က တာဝန်ခံ ကျောင်းအုပ် ဝင် လုပ်တယ် ။ အလယ်တန်းကျောင်း ဖွင့် သွားတော့ မလုပ်တော့ဘဲ ထွက်မယ့် ဟာ အမေ က မထွက်ရဘူး ။ ကျောင်းဆရာ လုပ်ရမယ် ဆိုတာနဲ့ အစိုးရကျောင်းဆရာ permanent ( အမြဲတမ်း ) လျှောက် လိုက်ရတာ ။ လခ ကလည်း သုံးရာ လောက် ဆိုတော့ လုပ်မယ့် သူ သိပ် မရှိဘူး ။
အဲဒီ နှစ် မှာ ပဲ အိမ်ထောင် ကျတယ် ။ မိသားစု ဝင်ငွေ လောက်ငှအောင် ကုန်စိမ်းဆိုင်ကလေး အိမ် မှာ ဖွင့်တယ် ။ ရွာ နဲ့ ငါန်းဇွန် က ကိုးမိုင် ဝေးတယ် ။ မနက် မနက် လေးနာရီ အိပ်ရာ က ထ ပြီး စက်ဘီး နဲ့ ငါန်းဇွန် ဈေး သွား ကုန်စိမ်း ဝယ် တယ် ။ ရှစ်နာရီ ကျော်ကျော် လောက် ရွာ ကို ပြန် ရောက် ၊ ဈေးတောင်းလေး ချ ရေ ချိုးပြီး ကျောင်း သွား ။ စစချင်း နှစ်ချိန် လောက် တော့ ချွေး ကို သုတ်လို့ မပြီးဘူး ။ စက်ဘီး ကို တစ်မိုင် ငါးမိုင်နှုန်း ရအောင် နင်း ရတယ် ။ ဒါမှ ကျောင်း ချိန် မီတာ ။
ညနေ ကျောင်းဆင်း တာ နဲ့ ခုနစ်မိုင် ဝေး တဲ့ မြို့သာ က ဆီစက် သွားပြီး ဆီ ဝယ်တယ် ။ ဆီပုံး ကို နောက် တစ်နေ့ မနက်ကျ ငါန်းဇွန် ဈေး မှာ သွင်းတယ် ။ အဲဒါ နေ့စဉ် ပဲ ။ တစ်နေ့ တစ်နေ့ စက်ဘီး နင်း ရတာ မိုင် သုံးဆယ် ကျော် ပဲ ။
စစ်ကိုင်း မှာ တီဗီ ထပ်ဆင့် လွှင့်တဲ့ တိုင် ထောင် တယ် ။ ကျွန်တော် က လည်း ၁၄ လက်မ အဖြူအမည်း ပုံးကလေး ဝယ်ပြီး ရွာ မှာ တစ်ယောက် တစ်မတ် နဲ့ ည ကျ တီဗီ ပြ စားတယ် ။ မပြတယ် ပြတယ် မပြောနဲ့ တော့ ရွာ က တောင် ပြော ကြတယ် ၊ ဆရာဦးမြင့်သန်း က ကလေးတွေ ကို နေ့ ကျ တုတ်ပြ တယ် ၊ ည ကျ အရုပ်ပြ တယ် တဲ့ ။ ကျွန်တော် က တော့ ကလေးတွေ ကို စာ ရ မှ လာ ကြည့်ကြ လို့ တော့ ပြောတာပေါ့ ။
အခြား ရွာတွေ က လည်း တီဗီ ကြည့်ချင် သတဲ့ ။ ဒါနဲ့ သုံးထပ်သား ပုံးကလေး ရိုက် ၊ စက်ဘီး နောက် မှာ တီဗီပုံးကလေး တင် ပြီး ရွာစဉ် လှည့် ပြတယ် ။ ဘက်ထရီ နဲ့ ပြ ရတာပါ ။ တခြား ရွာ ပြ ရင်တော့ တစ်ဆ ပို ယူတယ် ။ တစ်ယောက် ငါးမူး ပေါ့ ။ သစ်သားပုံးကလေး စက်ဘီး နောက် တင်ပြီး တစ်ရွာ ဝင် တစ်ရွာ ထွက် သွား တာ ကို အချို့က ရေခဲချောင်းသည် ထင်ပြီး ဝယ်စားမယ် လို့ ခေါ် သေးတယ် ။
အဖြူအမည်း တီဗီကလေး ပြရင်း ငွေ စုပြီး ကာလာတီဗီလေး ဝယ် တယ် ။ နောက် အောက်စက် ဝယ်ပြီး ဗီဒီယို ပြတယ် ။ ကျွန်တော် က ဥပဒေသမား ဆိုတော့ လိုင်စင်တွေ လုပ် ၊ အခွန်တွေ ဆောင် ပေါ့ ။ ကျွန်တော် လုပ်တဲ့ လုပ်ငန်း ဖြူ ပါတယ် ။ ဒီနေ့ အထိ ရ သမျှ ဝင်ငွေ က လည်း အားလုံး ငွေဖြူ ပါပဲ ။ စုမိ ဆောင်းမိ မရှိတာဘဲ ပြောစရာ ရှိတယ် ။
ဗီဒီယို ပြပြီ ဆိုတော့ မီးစက် က လို လာတယ် ။ မီးစက် ကို နှိုး ရပြီ ဆိုတော့ ရွာ ထဲ ကို မီး ပေးတဲ့ အလုပ် ၊ ဘက်ထရီ အားသွင်း တဲ့ အလုပ်တွေ လည်း တွဲ လုပ်တယ် ။ မီး တစ်ပွင့် တစ်ည အစိတ် ယူ တယ် ။ နောက်တစ်ခါ အသံချဲ့စက် ပါ ဝယ် လိုက်ပြီး အငှား လိုက် ပြန်တာပေါ့ ။
ဗီဒီယို ကို လည်း အနီးအနား ရွာတွေ က ကြည့် ချင်တယ် ၊ လာပြ လှည့်ပါ ပွဲတောင်း ခံ ရတယ် ။ ကြည့်ချင်တဲ့ ရွာ က လှည်း အကြို လွှတ် တယ် ။ တစ်ရွာ ပြီး တစ်ရွာ လှည့် ပြ ရတာပေါ့ ။ နှစ်ကားတွဲ ပြရင် ည တစ်နာရီ လောက် မှ အိမ် ပြန် ရောက်တယ် ။ ဘယ်အချိန် ပြန် ရောက်ရောက် မနက် လေးနာရီ အိပ်ရာ ပြန် ထ ပြီး စက်ဘီး တစ်စီး နဲ့ ငါန်းဇွန် ပြေး ၊ ကုန်စိမ်း ဝယ် ရ တာပါပဲ ။ ခုနှစ်ရွာ လောက် ရွာစဉ် လည် ပြ နေတယ် ။
တချို့ ရွာ မှာ ဗီဒီယို ပြတော့ ကာလသား လူလည် က ဝင်ကြည့် မလို့ ဆိုဒ်အေ ပြီး သွားပြီလား မေးတယ် ။ ဗီဒီယိုတိတ်ခွေ က တစ်ဘက် တည်း အစ အဆုံး ပါ တာ ၊ ကက်ဆက်ခွေ လို ဆိုဒ် အေ ၊ ဆိုဒ် ဘီ ပါတယ် ထင်ပြီး တစ်ဝက် ကျိုး သွားပြီလား မေးတဲ့ သဘော ပေါ့ ။ ကျွန်တော် က လည်း စပြတဲ့ ဘက် တစ်ဘက် ကို မပြီးသေးဘူး ဝင်ကြည့် ဝင်ကြည့် ပြော ရတယ် ။ ကိုယ် လည်း ပိုက်ဆံ ရ တာပေါ့ ။
ကျွန်တော်တို့ ငါန်းဇွန်နယ် က နွားနို့ ၊ နို့ဆီ ၊ ထောပတ် နာမည် ကြီးတယ် ။ နို့စားနွားမ များ တယ် ။ ဒါနဲ့ ကျွန်တော် လည်း နို့ဆီ ချက် ပြန်တယ် ။
နို့ဆီ ချက်ရင်း က နေ တက် မယ့် တက် အဖျား ရောက်အောင် တက်မယ်ကွာ ဆိုပြီး ၊ မန္တလေး က လက်ဖက်ရည်ဆိုင်တွေ ကို ကိုယ်တိုင် နို့ဆီ လိုက် ဖြန့်တယ် ။ ဖောက်သည် ၁၇ ဆိုင် ရှိတယ် ။
နို့ဆီ ချက် ရတာ လည်း မလွယ်ဘူး ။ နွားနို့ လိုချင်တော့ နွားမပိုင်ရှင်တွေ ကို ငွေ ကြို ပေး ရတယ် ။ သည် အထဲ နွားမ ဗိုက်လိမ် တာ လည်း ခံရ သေးတယ် ။ နွားမ က ကိုးလ နေ မှ မွေးပြီး နို့ ကျတာ ။ အဲဒါ ကိုယ်ဝန် က နှစ်လ ပဲ ရှိသေး နွားရှင် က ခြောက်လ ခုနှစ်လ ရှိနေပြီ ၊ ဗိုက်လိမ် ပြောပြီး ငွေ ကြို တောင်း တာပဲ ။
လက်ဖက်ရည်ဆိုင်တွေ သွား သွင်း ပြန်တော့ နို့ဆီဖိုး အကြွေး က ချက်ချင်း မရဘူး ။ ဆိုင် မှာ တီဗီလေး ရှိ မှ လူ လာ မှာ ၊ တီဗီ ဝယ်ချင်သေး လို့ နောက် တစ်ခေါက် မှ ယူပါ ပေါ့ ။ နောက် တစ်ခေါက် ကျ ပြန်တော့ မီး က မမှန်လို့ မီးစက်ကလေး ဝယ် လိုက်ရပြန်တယ် ဆရာရေ့ နို့ဆီ ကြွေး တော့ ဆိုင်းထားပါဦး ဖြစ် ပြန် ရော ။ ကြာတော့ ကြွေးတွေ လုံးချာလည် လိုက်ကုန်တော့ တာပါပဲ ။
ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး နို့ဆီဗူး လုပ်တဲ့ သူ ဆီ ကို နို့ဆီ သွင်းတယ် ။ အိမ်တွင်းစက်မှု ကနေ မြန်မာနို့ဆီဘူး ထုတ် နေကြတာတွေ ရှိတယ် ။ အချို့ ကလည်း ကိုယ်ပိုင် တံဆိပ် ဆင်တူရိုးမှား လုပ် ထုတ်တာ ။ လုပ်တာ ကတော့ မြန်မာတွေ ပဲ ၊ ဘူး ပေါ် မှာ မြန်မာစာ တော့ တစ်လုံး မှ မပါဘူး ။ အလုပ် တော့ ဖြစ် ပါတယ် ။ ဒါပေမယ့် ဘဏ်ကိစ္စတွေ ဖြစ်လာတော့ သူတို့ လည်း ငွေ ကြပ် ရော ။
ကျွန်တော် လည်း နို့ဆီ ချက် ရာ က နေ နွားနို့ခြောက် လုပ်တဲ့ ဘက် ဦးလှည့် ရ ပြန် ရော ။ နို့ခြောက် လုပ် ရတာ က သကြား လည်း မလိုဘူး ၊ ကုန်ကြမ်း နွားနို့ ပဲ လိုတာ ။ ကျောက်မဲ က ဆရာ ကို ခေါ်ပြီး နို့ခြောက် လုပ် တဲ့ ပညာ သင်ပြီး လုပ်တာ အောင်မြင်ပါတယ် ။
အစ်ကို က နိုင်ငံခြား ကို ကြိုကြားကြိုကြား သွား ရတယ် ။ သွားရင်း စာအုပ်စာတန်း တွေ ပါ လာတယ် ။ သူ အိန္ဒိယ က ပြန်လာတုန်း က ရေဘုံဘိုင်ကလေး တစ်ခု ယူ လာတယ် ။ ဒါလေးကို စိတ်ဝင်စား လို့ ကျွန်တော် လေ့လာ လိုက်တာ အဝီစိတွင်းတူးဆရာ ဖြစ်သွား ပြန် ရော ။ ရွာ က တောင်သူတွေ က ယာခင်း ထဲ မှာ ရေ ရဖို့ အဝီစိတွင်း တွေ တူး ဖို့ အပ်ကြတယ် ။
အမေ့ ဆန္ဒ နဲ့ လုပ်ခဲ့တဲ့ ကျောင်းဆရာ အလုပ် ကို လည်း မထွက်ဘဲ ယခု ထိ စွဲစွဲမြဲမြဲ လုပ်နေတယ် ။ ကနဦးစ တီဗွီက လည်း ပြ တုန်း ၊ မီးစက်ကလေး နဲ့ ရွာ ထဲ ကို မီး ပေးတာ ၊ ဘက်ထရီ အားသွင်းတာ လည်း လက် မလွှတ်နိုင်ဘူး ။ နွားနို့ခြောက် လုပ်တာ ၊ အဝီစိတွင်း တူးပေးတာ လည်း လုပ်နေဆဲ ပဲ ။ ကျွန်တော့် တစ်ကိုယ် တည်း လုပ် နေတဲ့ အလုပ် က တော့ စုံသလား မမေးနဲ့ ။ ဒီအထဲ မိန်းမ ဘက် က ပါ လာ တဲ့ ယာ ကလည်း ၁၇ ဧက လောက် လုပ် သေးတယ် ။ မလုပ်လို့ လည်း မဖြစ်ဘူး ၊ သမီး ခြောက်ယောက် ပညာတတ်တွေ ဖြစ် လာအောင် အားပေးဖို့ တာဝန် ကျွန်တော့် မှာ ရှိတယ်လေ ။
မွေး ထားတဲ့ ကလေး ခြောက်ယောက် လုံး မိန်းကလေး ချည်းပဲ ။ အဲဒါ ဆရာမ စကား မယုံလို့ ဖြစ် သွားတာ ။ ပထမဆုံး ကလေး မွေးတော့ ဆရာမ ကို ဘာလေးလဲ မေးတယ် ၊ မိန်းကလေး တဲ့ ။ သား လိုချင်တာ ဆရာမ လို့ ပြောတော့ ဆရာမ က လက် ခြောက်ချောင်း ထောင် ပြပြီး ခြောက်ယောက် အထိ သမီး ချည်း မွေးမှာ လို့ ပြောတယ် ။ ( ရယ်လျှက် ) သူ့ စကား မယုံတာ နဲ့ တစ်ယောက် ပြီး တစ်ယောက် ဆက်မွေး လိုက်တာ သမီးတွေ ချည်းပဲ ။ ခုနစ်ယောက် မြောက် တော့ ဆက် မစမ်းရဲ တော့ဘူး ။ ဆရာမ စကား မမှန်ရင် ညီအစ်မ ခုနစ်ဖော် ဖြစ်သွားမယ် ။ ကျွန်တော် လည်း နောက်ထပ် အလုပ် တစ်မျိုး ထပ် ရှာပြီး လုပ်နေရဦးမယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment