❝ ထို အလွမ်း ❞
“ မင်း မေမေ့ ကို လွမ်းသလား ”
သူ က ခေါင်းညိတ် ၍ သာ အဖြေ ပေးသည် ။
“ ယောက်ျား ဆိုတာ မလွမ်းတတ်ရဘူးကွ ”
သူ ခေါင်းညိတ်လိုက်ပြန်၏ ။
“ စာမေးပွဲ ပြီးတဲ့ အခါ ဦးလေး ကိုယ်တိုင် ဖေဖေတို့ မေမေတို့ ဆီ လိုက်ပို့မှာပေါ့ ကွ ၊ သားသား စာမေးပွဲ အောင် အောင် ကြိုးစားနော် ”
သူ ခေါင်းညိတ် လိုက်ပြန်၏ ။
“ သားသား ရေချိုးနော် ၊ ဦးလေး နဲ့ အတူ ကလပ် ကို သွားကြမယ် ။ ကလပ် ကျတော့ သားသား ကို ရေခဲ နဲ့ ဘိလပ်ရည် တိုက်မယ် နော် ”
သူ ခေါင်းညိတ် ပြ လိုက်၏ ။ စောစောက စာဖတ်ချင် ယောင် ဆောင်ပြီး ကျိတ်ငို ထားသော မျက်ရည် တို့ ကို လက်ဖမိုး နှစ်ဖက် နှင့် ဘယ်ပြန် ညာပြန် သုတ် လိုက်သည် ။
“ မောင်ရှိန် ရေ ”
“ ဘုရား ... လာပြီ ဝန်မင်း ”
“ ကလေး ကို ရေချိုးပေးလိုက် ၊ ပြီးတော့ မညွန့် ကို အဝတ် လဲ ခိုင်း ”
“ မှန်ပါ ”
ကလေး ကို မောင်ရှိန် ဆိုသူ က လက်တွဲ ၍ ခေါ်သွား၏ ။ ရေချိုးခန်း အဝ ရောက်သော အခါ ကလေး ၏ ကာကီရောင် ဘောင်းဘီတို နှင့် အင်္ကျီလက်တို တို့ကို ချွတ် ပေး၏ ။ ကလေး ၏ ခါးအောက် ဆီ သို့ မောင်ရှိန် က လက်ညှိုး ထိုးကာ ...
“ ကရော် ... ကရော် ”
ဆိုလိုက်၏ ။ ကလေး သည် အသံ ထွက်အောင် ရယ် လိုက်၏ ။ ပြီးလျှင် မောင်ရှိန် က ဆပ်ပြာတိုက် ရေချိုး ပေး လိုက်၏ ။ ရေချိုး ပြီး သော ကလေး ကို မောင်ရှိန် က မညွန့် လက် အပ်လိုက်၏ ။ မညွန့် က သွေးထားသော သနပ်ခါးများ လိမ်းပေး၏ ။ ပရုတ်နံ့များ မွှေးသွား၏ ။ သနပ်ခါးနံ့ နှင့် ရောသွား၏ ။ သေတ္တာတွင်း မှ ဘောင်းဘီ နှင့် အင်္ကျီ တို့ကို ထုတ်ပြီး ဝတ်ပေး၏ ။ အင်္ကျီအဖြူရောင် ၊ အပြာရောင် ကော်လံကလေး ထောင် ၊ လည်စိငုတ်တိုကလေး နှင့် ဘောင်းဘီတို က အပြာ ။
အဝတ် ဝတ်ပြီးသောအခါ ကလေး ကို မညွန့် က မောင်ရှိန် လက် အပ်လိုက်၏ ။ မောင်ရှိန် က ကလေး ကို ကုလားထိုင် ပေါ် မှာ ထိုင်စေ၏ ။ ခြေအိတ်ဖြူကလေး စွပ် ပေး၏ ။ ဘွတ်ဖိနပ်အနက်ကလေး စီး ပေး၏ ။ ကိစ္စ ပြီး သွား၍ ...
“ သွားတော့ .. ”
ဟု မောင်ရှိန် က ဆိုလိုက်၏ ။
ကလေး သည် အိမ် အပေါ်ထပ် မှ လှေကားအထစ်များ ကို တစ်ထစ်ဆင်း ခြေစုံ တစ်ခါ နား ၊ တစ်ထစ်ဆင်း ခြေစုံ တစ်ခါ နား လုပ်ရင်း ဆင်းလာ၏ ။ ဦးလေး သည် ဆင်ဝင် အောက် မှ သူ့ ကို ရပ်စောင့် နေ၏ ။ သူ ရောက်လာသော အခါ ဦးလေး က တင်းနစ် ရိုက်တံ ကို လက် တစ်ဖက် က ကိုင်ရင်း ဝင်းပေါက် ဆီ ထွက် သွား၏ ။ သူ က နောက် က လိုက်သွား၏ ။
မညွန့် သည် သူတို့ နှစ်ဦး ကို အပေါ်ထပ် ကပြင် ပေါ် မှ လှမ်းကြည့် ကျန်ရစ်၏ ။ မောင်ရှိန် သည် အောက်ထပ် တံခါးမကြီး ကို လှမ်းကြည့် ကျန်ရစ်၏ ။ ခြံဝင်း ထောင့် တစ်ထောင့် မှ ' မန်နူး ' သည် မော်တော်ကား ရေ ဆေးရင်း သူတို့ ကို လှမ်းကြည့် ကျန်ရစ်၏ ။
ကလေး သည် သူ့ ရှေ့မှ သွား နေသော ဦးလေး ကို ကြည့်မိ၏ ။ ပတ္တူဖိနပ် မှာ မြေနီလမ်း ပေါ် လှမ်းတိုင်း ပို၍ ပို၍ ဖွေးဖွေး သွား သလို ထင်ရ၏ ။ တရုတ်ပိုးဖျင် ရှမ်းဘောင်းဘီ အဖြူရောင် အောက်ပိုင်း တို့ မှ ခြေလှမ်းတိုင်း ဖွားခနဲ ဖွားခနဲ ကား သွား ကြ၏ ။ အက်စ်အိုပိတ်သား အထက်ဆင် ပေါ်မှ ခါးပတ် အနက် ကို ပတ်ထားသည် ။ ဆေး တိုက် ထား၍ နေရောင် တွင် လက်သွား၏ ။ ဦးလေး လမ်းလျှောက် သော် လည်း ခါး က မနွဲ့ ၊ ခပ်တောင့်တောင့် ရှိ၏ ။ စပို့ရှပ်အဖြူရောင် မှာ သူ့ ကိုယ် နှင့် ကပ် နေ၏ ။ လက်မောင်းသား တို့ သည် အင်္ကျီလက် နှင့် ထစ် နေကြ၏ ။ တင်းနစ် ရိုက်တံ ကို ကိုင်ထားသည့် လက်ဖျံရိုးများ မှာ ပြားပြီး ခိုင်မာ၏ ။ တစ်ချက် တစ်ချက် ရိုက်တံ အရိုး ကို ဆုပ်ကိုင် လိုက် လျှင် လက်ဖျံ ကြွက်သားများ အမြောင်း ထ လာကြ၏ ။ အခြား လက်ဖျံ တွင် မျက်နှာသုတ် ပဝါဖြူ ကို ကိုင် ထား၏ ။ ခေါင်း ပေါ် တွင် ခေါင်းပေါင်း ကြက်ဥနှစ်ရောင် ဖျော့ဖျော့ကလေး ကို ခြင်းမပါဘဲ ပေါင်း ထား၏ ။ အစ ကိုလည်း ထုတ် မထားပေ ။ လမ်းလျှောက် နေရင်းက ကလေး ကို တစ်ခါတစ်ရံ လှည့် ကြည့်လိုက်၏ ။ တိ ထားသော နှုတ်ခမ်းမွေးများ ကား သွားသည် အထိ ကလေး ကို ပြုံးပြ၏ ။ ကလေး က ပြန်ပြုံးရင်း ခြေလှမ်း ကို ခပ်သွက်သွက် လှမ်း လိုက်၏ ။ မြေနီလမ်း ပေါ် တွင် ဦးလေး ဖိနပ်သံ မကြားရ ။ ကလေး ဖိနပ်သံ သာ ဂေါက်ဂက် ... ဂေါက်ဂက် နှင့် ကြားနေရ၏ ။
သူတို့ နှစ်ယောက် ကလပ် သို့ ရောက်ကြပါပြီ ။
°°°°° °°°°° °°°°°
ကလပ် သည် မြေ မှ လှေကား ငါးထစ် ခန့် တက်ရသော အမြင့် ဆောက်ထားသည့် တန်းလျား ဖြစ်သည် ။ သစ်သားအုတ်ကြွပ် မိုး ထားသည် ။ ဘေးပတ်လည် က ဝင်းထရံ ကာ ထားသည် ။ ရှေ့ဘက်တွင် ဝရန်တာ လုပ် ထားသည် ။ အတွင်း၌ ဘိလိယက်ခုံ ရှိသည် ။ ဖဲဝိုင်း ရှိသည် ။ ကလပ် ရှေ့ မြက်ခင်းပြင် မှာ စိမ်း နေသည် ။ မြက်ခင်း ရှေ့ တွင် တင်းနစ် ကစားရာ သမံတလင်း ရှိသည် ။ မြက်ခင်းပြင် ပေါ် တွင် ကြိမ်ကုလားထိုင်များ စီရီ ကာ ချ ထားသည် ။ လူ လေးယောက် သည် တင်းနစ် ရိုက် နေသည် ။ ကြိမ်ကုလားထိုင်များ ပေါ် တွင် ရိုက်မည့် သူများ ၊ ကြည့်ရှုနေကြသူများ ထိုင် နေ ကြသည် ။
ဦးလေး ရောက်လျှင် အချို့က ထိုင်ရာ မှ ထ ပေးကြ၏ ။ ဦးလေး နောက် က ပါလာသော ကလေး ကို လည်း ကြည့်ကြ၏ ။ ပြီးလျှင် ကလေး က ကုလားထိုင် တစ်လုံး ၊ ဦးလေး က ကုလားထိုင် တစ်လုံး ထိုင်ကြ၏ ။ ကလေး သည် ကုလားထိုင် ကို တင်ပျဉ်လွှဲ ထိုင် ကြည့်၏ ။ ကလေး က တက်၍ မရ ၊ တစ်ကြိမ် ၊ နှစ်ကြိမ် မရသောအခါ ကုလားထိုင် ဘက် ကို ကြည့်ပြီး ဒူးတစ်ဖက် တင် လက် နှစ်ဖက် ဖြင့် လက်တင် ကို ဆွဲ ကာ တက်၏ ။
ဤတွင် လူကြီး တစ်ယောက် က ကလေး ကို မပြီး ကုလားထိုင် ပေါ် တင်ပေး၏ ။ သူ့ ခြေထောက်ကလေး မှာ တွဲလောင်း လည်း ချလို့ ရ၏ ။ ခြေထောက် အားလုံး တင်ထား၍ လည်း ရ၏ ။ အမျိုးမျိုး ထိုင် ကြည့်ပြီး လက်တန်း ပေါ် လက်နှစ်ဖက် လည်း တင် ကြည့်၏ ။ ချိုင်း ကို အဆမတန် မြှင့်ထား ရသဖြင့် နောက်ဆုံး လက်ပါ ကုလားထိုင် တွင်း ချပြီး နောက်မှီ ကို မှီကာ ကျကျနန ထိုင် လိုက်ရ၏ ။ သူ့ ကို လူကြီး တစ်ယောက် က စောင့် ကြည့်ပြီး ပြုံး နေသည် ။
တင်းနစ် ရိုက်သူတို့ တစ်ပွဲ ပြီး သွား ကြ၏ ။ ကစား နေရာ မှ မြက်ခင်းပြင် ဆီ သို့ ထွက်လာ ကြ၏ ။ ဦးလေး နှင့် အခြား သုံးယောက် တို့ ကွင်း ထဲ ဝင်သွား ကြ၏ ။ ဘောလုံး ကို စမ်းပြီး တအား လွှဲ ရိုက် ကြည့်ကြ၏ ။ ဘောလုံး သုံးလုံး တို့ မှာ သွားချည် ပြန်လှည့် နှင့် ခြောက်လုံး ခုနစ်လုံး လို ဖြစ်သွား ကြ၏ ။ ပြီးတော့ ပွဲ စ၍ ကစား ကြသည် ။ ဘောလုံး နှင့် ရိုက်တံ တို့ ထိခိုက်ကြသည့် အသံ ကို ကလေး သဘော ကျ သွား၏ ။ ဘာသံ နှင့် မျှ မတူ ၊ ဘောလုံး နှင့် ရိုက်တံ ထိသော အသံ နှင့် သာ တူကြ၏ ။
ကွင်း ထဲ တွင် ဘောလုံး သည် ဟိုဘက် သည်ဘက် ကူး နေ ရ၏ ။ တစ်ခါတစ်ရံ သမံတလင်း ကို တစ်ထောက် ကျ ခုန်တက် လာ မှ ရိုက်ကြ၏ ။ တစ်ခါတစ်ခါ တော့ ထောက်ကျ လာသည် အထိ မထား ၊ တစ်ခါတည်း ရိုက်ချ လိုက်ကြ၏ ။ ကွင်းဘေးသို့ ဘောလုံး ထွက်သွား သော အခါ ၊ ဘောလုံးနှင့် ရိုက်တံ လွဲ သွားသော အခါများ တွင် ကလေး မှာ အားမလို အားမရ ဖြစ်သွား ကြ၏ ။ သက်ပြင်းများ ပင် ချ လိုက်၏ ။ ပါးစပ် က လည်း ' အား ' ဟု မြည်သွား၏ ။ ဦးလေး သည် တော်တော် ရိုက်နိုင်ပါကလား ဟု ကလေး က သဘောကျ နေ၏ ။ သူ့ဦးလေး ရိုက်သည့် ဘက် က နိုင် နေပြီ ဟု သူ ထင်၏ ။
ထိုအခိုက် လူကြီး တစ်ယောက် က သူ့ ဘေးနား လာ ရပ်၏ ။ လက် ကလည်း ဖန်ခွက် ကို ကိုင်ထား၏ ။ ကလေး ကို ကြည့်ရင်း ပြုံးနေ၏ ။ လက်တစ်ဖက် က မနေနိုင် မထိုင်နိုင် နှင့် ကလေး ပါး ကို ဆွဲကာ ညှစ် လိုက်၏ ။ ကလေး က မော့ ကြည့် လိုက်၏ ။ အာရုံ ပျက်သွား၏ ။
လူကြီး က
“ မင်း နာမည် က ဘယ်သူတဲ့ လဲ ကွ ”
ဟု မေး၏ ။
ကလေး က …
“ ကိုကို ”
ဟု ဖြေလိုက်၏ ။ လူကြီး သည် ခေါင်း ကို ညိတ်ပြီး ဖန်ခွက် ထဲ မှ အရက် ကို သောက်ပြီး ပြုံးရင်း လှည့်ကြည့် လှည့်ကြည့် နှင့် ထွက် သွား၏ ။ သူ က လည်း ပြုံးပြ လိုက်၏ ။
ဘောလုံး ရိုက်သည် ကို ကြည့်ကောင်း နေတုန်း ဟို လူကြီး ရောက်လာ ပြန်၏ ။ “ ဟေ့ ... ကိုကို ” ဟု ခေါ်၍ အနီရောင် ပတ် နှင့် နက်စမ် ချောကလက်ပြားကလေး တစ်ခု ပေး၏ ။ ချောကလက် ကိုင် ထားသော လက် အကြား မှာ ကတ်ကြေးတံဆိပ် စီးကရက်ကလေး မှာ မီးခိုး ထွက် နေ၏ ။ သူ မယူဘဲ ကိုယ် ကို တွန့် ထား၏ ။
ထိုလူကြီး က ...
“ ယူပါကွ ”
ဟု လည်း ပြော၏ ။ အင်္ဂလိပ်စကား နှင့် လည်း ...
“ ယူပါ ”
ဟု ထပ် ပြောသေး၏ ။ နောက်ဆုံး ယူ လိုက်ရ၏ ။
“ ကျေးဇူးတင်ပါတယ် ပြောလေ ၊ ကျေးဇူးတင်ပါတယ် ပြောလေ ”
ဟု ထို လူကြီး က ကိုကို့ ကို အင်္ဂလိပ် လို ပြော နေ၏ ။
ကိုကို က ...
“ ကျေးဇူးတင်ပါတယ် ”
ဟု အင်္ဂလိပ်လို ပြန် ပြော လိုက်၏ ။ ထို လူကြီး ပြုံးရယ် ကာ ပါး ကို တစ်ချက် နှစ်ချက် လိမ်ပြီး ဖန်ခွက် ကို မော့ရင်း ထွက် သွား၏ ။
ခဏကြာတော့ ဦးလေးတို့ အသင်း ကစား ပြီး အနားယူ လာ ကြ၏ ။
ကိုကို့ ကို ဝိုင်း ကြည့် နေကြပြီ ..
“ ဒါ ... ဝန်မင်း ရဲ့ သားလား ”
ဟု မေးကြ၏ ။
ဦးလေး က ..
“ နိုး .. နိုး ”
ဟု ပြော၏ ။
“ နယ်ပိုင်ဝန်ထောက် ဦးထွန်းတင် ရဲ့ သား လေ ”
ဟု ဦးလေး က ပြန် ပြော၏ ။
“ ဪ ... တစ်လောက ပြောင်းသွားတဲ့ အီး ... အေ ... စီ ဦးထွန်းတင် ရဲ့ သား ကိုး ၊ ဘာဖြစ်လို့ သူ့ ကို ထားခဲ့တာလဲ ဝန်မင်း ”
ဟု တစ်ယောက် က မေး၏ ။
“ စာမေးပွဲ အပြီး မသတ်သေး လို့ လေ ”
ဟု ဦးလေး က ဖြေ၏ ။
“ ဘယ်နှတန်းမို့လို့လဲ ”
ဟု တစ်ယောက် က မေးပြန်၏ ။
တစ်ယောက် က အင်္ဂလိပ် စကား နှင့် ...
“ မင်း ဘယ်နှတန်းလဲ ”
ဟု မေးပြန်၏ ။
ဦးလေး က ကိုကို့ ကို ကြည့်ပြီး ..
“ ပြောလိုက်လေ ”
ဟု ဆို၏ ။
ကိုကို က အင်္ဂလိပ်စကား နှင့် ပြန်ပြီး ..
“ ကျွန်တော် ပထမတန်း ပါ ”
ဟု ဖြေလိုက်၏ ။ အားလုံးက သဘော ကျ ပြီး ရယ်လိုက် ကြ၏ ။
နောက် တစ်ယောက် က အင်္ဂလိပ်စကား နှင့် ဆက်၍ ...
“ မင်း နာမည် က ဘယ်လို ခေါ်သလဲ ”
ဟု မေးပြန်၏ ။
“ ကိုကို ”
ဟု ကိုကို က ဖြေလိုက်၏ ။
“ တယ် သွက်တဲ့ ကလေးပဲ ”
ဟု တစ်ယောက် က ပြောပြီး ကိုကို့ ခေါင်း ကို လက်ဝါးကြီး နှင့် ပွတ်ပြီး ထွက်သွား၏ ။
သူတို့ အားလုံး အသီးသီး ဝိုင်း ထိုင်ကြ၏ ။ ဘွိုင် လုပ်သူ က ဘီယာပုလင်းများ လာ ချ၏ ။ ဘီယာပုလင်း ဖောက်သည့် အခါ အမြှုပ်များ စီးကျ လာသည် ။ ကိုကို သည် စိတ်ဝင်စားစွာ ကြည့် နေ၏ ။ သူ တစ်ခါမျှ မမြင်ဖူးပေ ။ တော်တော် သောက်လို့ ကောင်းမှာ ပဲ ဟု စိတ် ထဲ က ထင် နေ၏ ။ ဦးလေး သည် လိမ္မော်ရည် ကို သောက်၏ ။ သူ့ ကို ဘီယာ တိုက်ကြ သော်လည်း မသောက်ပေ ။ ဦးလေး က ဘာလို့ မသောက်ပါလိမ့် ဟု ကိုကို တွေး နေ၏ ။
“ ကိုကို ဘာသောက်မလဲ ”
ဟု ဦးလေး က မေး၏ ။ ကိုကို သည် လက်ညှိုးကလေး မရဲတရဲ ထိုးကာ ဘီယာပုလင်း ဘက် ဆီ ကြည့်ရင်း ဦးလေး နား နား ကပ်ပြီး ..
“ ကိုကို ဟိုဟာ သောက်ချင်တယ် ”
ဟု ပြောလိုက်၏ ။ ဘေးမှ လူကြီးများ က သူ့ ကို အကဲခတ်ပြီး ကြည့်နေကြ၏ ။ ဦးလေး က ..
“ အို ... အဲဒါက ကလေး သောက်ရတာ မဟုတ်ဘူး ”
ဟု ပြောသည် ။ ဘေး က လူကြီးများ က ရယ်လိုက် ကြသည် ။ ခဏကြာလျှင် ကိုကို့ ဖို့ လိမ္မော်ရည် ရောက် လာသည် ။ ကိုကို့ စိတ် တွင်
“ ဟိုဟာ သောက်ရရင် ဘယ်လောက် ကောင်းမလဲ ”
ဟု တွေးရင်း လိမ္မော်ရည် ကို မသောက်ချင် သောက်ချင် သောက် လိုက်၏ ။
ပြီးတော့ ကိုကို က တင်းနစ်ရိုက်တံ ကို ထမ်း ၊ ဦးလေး က ပဝါဖြူ ကို ကုပ်ပေါ် မှာ စုံချပြီး ပြန်လာ ခဲ့ ကြ၏ ။
နေသည် ဝင်တော့အံ့ ဟု ပြင်ဆင်နေပြီ ။ တိမ်များ တောက် နေကြသည် ။ သစ်ပင်အရွက်များ ငိုက်မျဉ်းစ ပြုလာကြပြီ ။ လမ်းမီး ထွန်းသူ သည် ရေနံဆီပုံး ကို တစ်ဖက် က ဆွဲ ၊ လှေကားကလေး ပခုံး တစ်ဖက် မှာ တင်ပြီး သူတို့ ကို ဖြတ်ကျော် သွား၏ ။ မီးတိုင် တစ်တိုင် ရောက် လျှင် လှေကားကလေး ကို ထောင် လိုက်၏ ။ တိုင်ကလေး ပေါ် က မှန်ပေါင်းချောင်ကလေး ကို မှိုင်း များ သုတ်သင် ပြီး မီးခွက် မှာ ရေနံ ဖြည့်၏ ။ မီးထွန်း ပြီး မှ တံခါးကလေး ပိတ် ကာ စောစောက အတိုင်း ရေနံဆီပုံး တစ်ဖက် က ဆွဲ ၊ လှေကားကလေး ပခုံး တစ်ဖက် မှာ တင်ပြီး ဆက် ထွက် သွား၏ ။ မီးရောင်ကလေး က လင်း ကျန် ရစ်ခဲ့သည် ။ ကိုကို သည် သူ့ နောက် ကို ပြန် လှည့် ကြည့် လိုက်၏ ။ မီးတိုင်ကလေးများ လင်း နေသည် ကို မြင်ရ၏ ။ ဘာရယ် မဟုတ် ပျော် သွားသည် ။ သူ ကိုယ်တိုင် လိုက် ထွန်း ရလျှင် ဘယ်လောက် ပျော်စရာ ကောင်းမလဲ ဟု အောက်မေ့ ရင်း အိမ် ကို ပြန်ရောက် လာကြ၏ ။
အိမ် တစ်ခုလုံး အောက်လင်း ဓာတ်မီးရောင် ဖြင့် ထိန် နေသည် ။ တိတ်ဆိတ် သော် လည်း အောက်လင်း ဓာတ်မီး မှ လေသံ က မြည် လှသည် ။
ဦးလေး ရေချိုး နေစဉ် ကိုကို့ အား ညွန့်ညွန့် က အဝတ်ဟောင်း ပြန် လဲ ပေးသည် ။ ကာကီဘောင်းဘီတို ၊ အင်္ကျီကာကီလက်တို ၊ မော်လမြိုင် ရှေ့ထိုး ဖိနပ်ကလေး နှင့် ပြန် ဖြစ် သွားသည် ။ အင်္ဂလိပ်ဂျာနယ် တစ်ခု ကို ကောက်ကိုင်ပြီး အရုပ် ကြည့် နေစဉ် ဦးလေး ရောက် လာသည် ။
“ ထမင်းစားကြစို့ ”
ဟု ပြော၍ ထမင်းစားခန်း သို့ ဦးလေး နောက် က လိုက် သွား သည် ။
ထမင်းစားခန်း က ကျယ် လှသည် ။ စားပွဲကြီး က လည်း ကြီး လှသည် ။ ပြင်ဆင်ထားသည် မှာ စားပွဲ တစ်ဖက်စွန်း တွင် ပြင် ထားသည် ။ ဦးလေး က ထိပ် က ထိုင်ပြီး ကိုကို က ဘေး က ထိုင် ရသည် ။ နှစ်ယောက် တည်း သာ စား ကြသည် ။
ဦးလေး က ညစာ ကို ဆန်ပြုတ် ပဲ သောက်သည် ။ ဟင်း ကလည်း အရည် ဆို၍ ကြက်သား ၊ ဟင်းသီးဟင်းရွက် ၊ နွားရိုး တို့ကို ပြုတ်ထားသော စတူးဟင်းရည် တစ်ခွက် သာ ဖြစ်၏ ။ ကျန်သည်က အကြော် နှင့် အကင် တို့ သာ ဖြစ်၏ ။ ရနံ့ က သစ်ကြမ်းပိုး ၊ ဖာလာ လေးညှင်း တို့နှင့် ဖြစ်သည် ။ ငါးပိ ဆို၍ ဗာလချောင် တစ်ပန်းကန် သာ ပါသည် ။ သကြား ပါ သဖြင့် ကိုကို ကြိုက်သည် ။ အသား ကို ဖဲ့၍ ဖဲ့၍ ကိုကို ပန်းကန် ဘေး က ပန်းကန်လွတ် ထဲ တွင် ဦးလေး က ခက်ရင်း နှင့် ထည့် ပေး၏ ။ ကက်ချပ် နှင့် တို့ပြီး စား ရသည် ။
ကိုရှိန် က လက်သုတ်ပဝါကလေး ပခုံး မှာ တင်ပြီး ဘေး က စောင့်သည် ။ တစ်ခါတစ်ရံ မီးဖို မှ ဦးမောင်ကြီး ပို့ လိုက်သော ဟင်းခွက် ၊ ပူတင်း စသည် တို့ ကို တစ်ဆင့် လာ ချ ပေး ရသည် ။ ကိုကို့ အတွက် ထမင်း ကို ကိုရှိန် က လိုက် ပေးသည် ။
ထမင်း စား ပြီးကြသော အခါ ဦးလေး နှင့် အတူ အပေါ်ထပ် တက်သည် ။ အပေါ်ထပ် ဧည့်ခန်းတွင် ဦးလေး က သတင်းစာ ဖတ်သည် ။ ကိုကို က ကျောင်းစာ ကို ဖတ်သည် ။
အင်္ဂလိပ် စာလုံးပေါင်းများ ကို မသိသောအခါ ဦးလေး ကို မေး ရသည် ။ ဦးလေး က အသံထွက် ၊ အဓိပ္ပာယ် တို့ အပြင် နောက် တစ်မျိုး သုံး ပုံ တို့ ကို ပါ ပြောပြသည် ။ ကိုကို က စိတ် ထဲ မှ တော်တော် တတ်တဲ့ ဦးလေး ပဲ ဟု မှတ်ချက် ချ သည် ။ မေမေ နဲ့ ဖေဖေ တို့ လောက် ကို တတ်တာပဲ ။ ဒါပေမဲ့ မေမေ ရယ် ၊ ဖေဖေ ရယ် ၊ ဦးလေး ရယ် အင်္ဂလိပ် အသံ ထွက်ကြ ရာ မှာ တော့ မေမေ့ ကို ဘယ်သူက မှ မမီ ဟု ကိုကို ထင်သည် ။ ဆရာမ ထက် တောင် မေမေ က တော်သေးသည် ဟု ကိုကို ထင်သည် ။
ယခုလို တွေးရင်း မေမေ့ ကို ပြန် အောက်မေ့ ပြန်သည် ။ ရှိုက်လိုက် မိသည် ။ ဦးလေး က မျက်မှန် ပေါ် မှ ကျော်ပြီး မျက်လုံးများ နှင့် မသိမသာ ကိုကို့ ကို ကြည့် လိုက်၏ ။ ပြီးလျှင် မမြင်ချင်ယောင် ဆောင်ပြီး သတင်းစာ ကို ဖတ် နေ၏ ။
“ မေမေ တို့ ဆီမှာ ဆိုရင် မမသန်း ရယ် ၊ အမာ ရယ် ၊ ညီလေး ချိုချို ရယ် ၊ ပြီးတော့ အုန်းမြ ရယ် ၊ ညိမ်းညိမ်း ရယ် ၊ ဦးငွေမင်း ရယ် ၊ လူတွေ ကို အများကြီးပဲ ။ ဒီမှာတော့ ဦးလေး ရယ် ၊ ညွန့်ညွန့် ရယ် ၊ ကိုရှိန် ရယ် ။ မန်နူ ရယ် ၊ ဦးမောင်ကြီး ရယ် ၊ မန်နူး နဲ့ ဦးမောင်ကြီး တို့ က ဆိုလည်း ထမင်း စား ပြီး ပြန်ကြရော ။ ဒီတော့ ဦးလေး ၊ ကိုကို ၊ ညွန့်ညွန့် ၊ ကိုရှိန် ဒါပဲ ကျန် တော့တယ် ။ ပြီးတော့ ကစားစရာ ညီလေး လည်း မရှိတော့ ဘယ်လောက် ပျင်းစရာ ကောင်းသလဲ ။
ကိုကို ပျင်းသလို ဖြစ်လာ၏ ။
“ ဦးလေး ”
“ ဟေ ”
“ ယောက်ျားတွေ ဟာ ဘာလို့ မလွမ်းရတာလဲဟင် ”
“ ယောက်ျား ဆိုတာ ပညာ တတ်အောင် သင် ရတယ် ။ လွမ်း နေရင် ဘယ် စာကျက် လို့ ရတော့ မလဲ ၊ စာ မကျက်နိုင် လို့ ပညာ မတတ်ရင် ဘယ်လို အလုပ် လုပ် မလဲ ။ ကိုကို့ ဖေဖေ ဆိုရင် အခု ဝန်ထောက်ကြီး ဖြစ် နေပြီ ။ အဲဒါ စာ တတ်လို့ပေါ့ ကွ ။ ငယ်ငယ်တုန်း က လွမ်း လွမ်း နေရင် သူ ဘယ်ကလာ စာ တတ်တော့မှာလဲ ကွ ။ ဦးလေး ဆိုရင် အခု လယ်ဝန်ကြီး ဖြစ်နေပြီ ။ ငယ်ငယ်တုန်း က သာ လွမ်း လွမ်း နေရင် စာ မတတ်ဘဲ ဘယ်ကလာ အခုလို လယ်ဝန်ကြီး ဖြစ်တော့မလဲ ကွ ။ မဟုတ်ဘူးလား ။ ဒါ့ကြောင့် ယောက်ျား ဆိုတာ မလွမ်းရဘူး ကွ ”
ဟု တစ်လုံးချင်း ပြုံးဖြီးဖြီး နှင့် ပြောပြသည် ။ ကိုကို သဘောကျ သွား၏ ။ သူ လည်း ပြုံးဖြီးဖြီး ဖြစ်လာ၏ ။
“ ဒါပေမဲ့ ဦးလေး ရာ …. ညီလေး တို့ ၊ မေမေ တို့ မရှိတော့ ပျင်း လိုက်တာ ။ လွမ်းတော့ မလွမ်းပါဘူး ”
“ ပျင်းရင် ဘိုင်စကုတ် ကြည့် မလား ”
“ ကြည့်မယ်လေ"
“ မောင်ရှိန် ”
“ ဘုရား ”
ဟု ထူးရင်း ကိုရှိန် ရောက် လာ၏ ။ ဦးလေး ရှေ့ တွင် ရပ် နေ၏ ။
“ ကလေး ကို ဘိုင်စကုတ် လိုက် ပြလိုက် ၊ မညွန့် ဆီ ပိုက်ဆံ တောင်း သွား ”
“ မှန်ပါ ”
ကိုကို သည် ကိုရှိန့် ကုပ် ပေါ် မှ ထိုင် လိုက်လာ၏ ။ သူ ခြေ နှစ်ဖက် ကို ကိုရှိန် က လက် နှင့် ဆုပ်ကိုင် ထား၏ ။
“ အပျိုကြီး က သိပ် ကပ်စေး နှဲတယ် ၊ ပိုက်ဆံ တစ်ကျပ် တည်း ပေးတယ် ကွ ”
ဟု ကိုရှိန် က ပြော၏ ။
“ အပျိုကြီး ဆိုတာ ဘယ်သူလဲ ကိုရှိန် ”
“ မင်း မိန်းမ ညွန့်ညွန့် ပေါ့ကွ ”
ကိုကို သည် ရှက်သွား၏ ။ ထို့ကြောင့် ကိုရှိန့် ခေါင်း ကို လက်နှစ်ဖက် နှင့် မြဲမြဲ ကိုင်ပြီး ကုပ် ပေါ် တွင် ဖင် ဆောင့် ပစ် လိုက်၏ ။
“ ဟေ့ ... ကိုကို ၊ မလုပ်နဲ့ကွ ၊ ကိုရှိန် လဲသွား လိမ့်မယ် ။ လမ်း က ကောင်းတာ မဟုတ်ဘူး ”
သူတို့ နှစ်ယောက် မှာ လမ်းမကြီး က လာကြသည် မဟုတ်ဘဲ ဖြတ်လမ်း က လာကြခြင်း ဖြစ်သည် ။ လူ တစ်ယောက် သွားသာရုံ သာ ရှိသည် ။ တောင်စောင်း အဆင်း မှာ အချို့နေရာ တွင် မတ်စောက် နေသည် ။ တော်တော်ကြီး ကြာ မှ မြေညီ သို့ ရောက်သည် ။ ရောက်လျှင် မြို့ထဲ သို့ ရောက်ပြီ ဖြစ်သည် ။ ဘိုင်စကုတ်ရုံ မှ အသံများ ကြား ရပြီ ။ ကိုကို ဝမ်းသာ သွားသည် ။
“ ဘိုင်စကုတ် က စောပါသေးတယ် ကွာ ၊ တို့ ဟို အနား သွား ကြရအောင် ”
ဟု ကိုရှိန် က ပြောလိုက်၏ ။
“ ဘယ်အနားလဲ ”
“ ဘုံဆိုင် ကိုကွ ”
“ ဘုံဆိုင် ဆိုတာ ဘာလဲ ကိုရှိန်"
“ ဟို ရောက်တော့ မင်း သိပါလိမ့်မယ် ကွာ ”
ကိုကို တို့ ဘုံဆိုင် ကို ရောက်ကြ ပါပြီ ။ အောက်လင်း ဓာတ်မီး ထွန်း ထားသည် ။ အနံ့ ကလည်း ချဉ်စုတ်စုတ် နှင့် ဖြစ်သည် ။ ကိုရှိန် သည် ပိုက်ဆံ တစ်မူး ပေးပြီး အိုးကလေး မည်းမည်း တစ်လုံး လှမ်းယူ၏ ။ အိုးထဲ တွင် ထန်းမှုတ် မည်းမည်းကလေး ပေါလော ပါ လာသည် ။ ထောင့် တစ်ထောင့် တွင် ကိုကို အား ထိုင် ခိုင်း၏ ။ ကိုရှိန် လည်း ထိုင်သည် ။ ကြက်ပေါင် တစ်ခု ကို တစ်ပဲ ပေးကာ ကိုရှိန် ဝယ်ပြီး ကိုကို အား ပေး၏ ။
ကိုရှိန် လုပ်သမျှကို ကိုကို ကြည့် နေ၏ ။ ကိုရှိန် သည် တင်ပျဉ်ခွေ ထိုင်ပြီး ထန်းရည် ကို သောက်၏ ။ ကိုကို စားရန် ပေးထားသော ကြက်ပေါင် မှ ဖဲ့၍ ဖဲ့၍ လည်း ယူစား၏ ။
“ ကိုရှိန် ... အဲဒါ ဘာရေတွေလဲ ”
“ ထန်းရည် ကွ ၊ မင်း လည်း မြည်း ကြည့်ပါလား ”
ဟု ဆိုကာ ကိုကို အား နည်းနည်း ပေး၏ ။ သူတို့ နှစ်ယောက် ကို ဘေး မှာ ထိုင် နေသော သူများ က ကြည့်၍ နေကြ၏ ။
ကိုကို မြည်း ကြည့်ပြီး ထွေးချ လိုက်၏ ။
“ အား .. ကောင်းလည်း မကောင်းဘူး ”
ဘေးက လူများ ပါ ဝိုင်း ရယ်ကြ၏ ။ လူ တစ်ယောက် က ကိုကို အား ကြည့် ပြီး လက်ဝါးကြီး ဆန့်ပြီး ...
“ မင်း က ဘယ်သူ့ သားလဲကွ ”
ဟု လှမ်းမေး၏ ။
သူ့ ဘေး မှ တစ်ယောက် က ...
“ ခွေးမသားလေး နဲ့ တူပါတယ် ”
ဟု ဆို၏ ။ တစ်ခါ မဟုတ် ၊ နှစ်ခါ သုံးခါ ဆို၏ ။ အသံ ကလည်း လေး နေ၏ ။ မျက်လုံးများ က လည်း ကြောက်စရာ ကောင်းနေသည် ။ အဝတ်များ ကလည်း ညစ်ပတ် ပေရေနေသည် ။ မုတ်ဆိတ်မွေးများ ၊ ပါးပြိုင်းမွေးများ နှင့် ဖြစ်သည် ။ မေးလိုက် ရယ်လိုက် လုပ်နေ ကြ၏ ။
ကိုကို သူတို့ ကို ကြည့်ပြီး ကြောက် လာ၏ ။ စိတ်ညစ် လာ၏ ။ ကိုရှိန့် ရင်ခွင်ပေါ် ဝင် ထိုင်၏ ။ အားလုံးက အသံများ ကျယ်လောင်စွာ ဖြင့် ရယ်လိုက် ကြ၏ ။ ကိုကို ငိုမဲ့မဲ့ ဖြစ် လာ၏ ။
“ မင်း ကလည်းကွာ ၊ အလကား ချစ်လို့ စ တာပါကွ ။ ယောက်ျား ပဲ ... ယောက်ျား ဆိုတာ မငိုရဘူးကွ ”
“ ကိုရှိန် ... ။ ကိုကို ကြောက်တယ် ”
“ မကြောက်ပါနဲ့ကွ ၊ ကိုရှိန် ရှိသားပဲ ”
အားလုံးက ဝိုင်း ရယ်ကြ ပြန်၏ ။ ခွေးမသားလေးပါ ဆိုသူ က ကိုကို့ ထံ သို့ ကြက်မြစ် တစ်တုံး လှမ်း ပေးရင်း .….
“ မကြောက်ပါနဲ့ကွာ ၊ ဦးလေး က မင်း ကို ချစ်လို့ စတာပါ ။ ရော့ ... စားပါကွ ”
ဟု ချော့၏ ။
ကိုရှိန် ကို လက်ဆွဲရင်း ကိုကို တို့ ထွက်လာကြရာ ဘိုင်စကုတ် ရုံသို့ ရောက် လာ၏ ။ ကိုရှိန် က အရုပ်ကြီးများ ရေးဆွဲ ထားသည့် ပိတ်စကြီး ကို အထက်ဆုံး ထောင့်မှ စ၍ အသံကျယ်စွာ ဖတ် လိုက်၏ ။
“ ဗြိတိအော ဘားမား ”
ဟူ၍ ဖြစ်၏ ။ ဤတွင် ကိုကို လည်း သ ကို ယပင်း ရှေ့ ထိုးထားသည့် စာလုံး ကို “ ဪ .. ” ဟု အသံ ထွက် ပါကလား ဟု မှတ်လိုက်၏ ။ ဇာတ်လိုက် ဘတင့် နှင့် ခင်စန်း တို့ ကိုပါ မှတ်လိုက်၏ ။ ရုံ ထဲ ရောက်ပြီ ။ ကိုကို ငိုက် လေပြီ ။
°°°°° °°°°° °°°°°
“ ကိုကို ... ထ ၊ စာကြည့်တော့ ”
ဟု ညွန့်ညွန့် က လာနှိုးသည် ။
မျက်နှာသစ် ၊ ပေါင်မုန့်ယိုသုတ် နှင့် ကြက်ဥ တစ်လုံး ၊ နွားနို့ တစ်ခွက် သောက်ပြီး စာ ကြည့်ရ၏ ။ ဦးလေး ကတော့ ဘုရားခန်း တွင် အကြာကြီး ဘုရား ရှိခိုး နေဆဲ ။
“ ကိုကို ... ရှစ်နာရီ ထိုးပြီ ၊ ရေချိုးတော့ ”
“ ကိုကို ... ရှစ်နာရီခွဲပြီ ၊ ထမင်းစားတော့ ”
“ ကိုကို... ကိုးနာရီ ထိုးပြီ ၊ ကျောင်းသွားတော့ ”
ကိုကို့ အတွက် နာရီ သည် မုန်းစရာ ကောင်းနေ၏ ။ သူ့ လက်တံ သွားတိုင်း ကိုကို မှာ တစ်ခု ပြီး တစ်ခု လုပ် လုပ် နေရ၏ ။ ဦးလေး ကတော့ ရုံး သွားရန် ခေါင်းပေါင်း ပေါင်း နေပြီး မှန်တင်ခုံ ပေါ် တွင် မဟာဂီတ စာအုပ်ကြီး ချ ထားသည် ။ ဦးလေး သည် “ ထူးမခြားနား ” ကို ကျကျနန ဆိုရင်း ခေါင်းပေါင်း ကို လည်း ကျကျနန ပေါင်း နေသည် ။ ပြီးလျှင် ဘောင်းဘီဒူးဖုံး အပေါ် မှ ပုဆိုးတောင်ရှည် ကို ထပ် ၍ ဝတ်သည် ။ မှန် ထဲ မှာ ကြည့် လိုက် ၊ ပြင် လိုက် နှင့် ရှပ်အင်္ကျီ အပေါ် မှ တိုက်ပုံရင်ဖုံး ကို ထပ် ဝတ်၏ ။ နာရီ ရွှေကြိုးကလေး မှာ ရင်ဘတ် ပေါ် တွင် ဝင်းလက် လျက် တွဲလောင်း ကျ နေ၏ ။ ပြီးလျှင် -
“ မန်နူး ကား ထုတ်ခဲ့ ”
ဟု လှမ်း အော်၏ ။
ဦးလေး ကား မှာ ဒေါင်းတံဆိပ် ဖတ်စာအုပ် အတွင်း မှ မော်တော်ကား အရုပ် နှင့် သိပ် တူသည် ။ အမိုး က ပတ္တူစ ၊ ဘီးများ က သစ်သားဒေါက် နှင့် တံခါး လေးပေါက် ပါသည် ။ ပိတ် လျှင် ကိုကို ပိတ် မရ ။ မန်နူး ကိုယ်တိုင် တအား ဆောင့် ပိတ် ရ၏ ။ စက် နှိုး သည့် အခါ မန်နူး အောက် ကို ဆင်းပြီး ဂေါက် ကို လှည့်ရ၏ ။ ပထမ ဖုတ်ချက် ဖုတ်ချက် မြည်ပြီး နောက် မှ စက်သံ တအား ဆူညံ လာသည် ။ မန်နူး ပြေး လာပြီး စတီယာတိုင် ကွင်း အောက်မှ လက်တံများ ကို ဟိုရွှေ့ သည်ရွှေ့ လုပ်ပြီးမှ စက်သံ ပြန် ငြိမ်သွား၏ ။ ဦးလေး က နောက် က ထိုင်သည် ။ ကိုကို က မန်နူး နှင့် ရှေ့ မှ ထိုင်သည် ။
“ ဦးလေး ... ကိုကို မော်တော်ကား မောင်း ချင် လိုက်တာ ”
“ မန်နူး နဲ့ အတူ မောင်းလေ ”
ကိုကို ပျော်သွား၏ ။ မန်နူး လှည့် သလို လိုက် လှည့် ရပြီး သူ့ ကြောင့် မော်တော်ကား ပို ပြေးနေသည် ဟု သူ ထင်၏ ။ လမ်း မှ ကြက်များ လန့်ဖျပ် ပြေးသွား ကြလျှင် သူ အလွန် ပျော်သွား၏ ။
မန်နူး လိုပင် ဖေဖေ့ ကား ကို ဦးဖိုးချီ က မောင်း၏ ။ ဦးဖိုးချီ က မန်နူး လို မဟုတ် ၊ စိတ် မထင် လျှင် ကိုကို့ ကို ငေါက်သည် ။ တော်တော် မာန ကြီးတဲ့ ဦးဖိုးချီ ဟု ကိုကို ထင်၏ ။
ကျောင်း အပြန် သည် ပျော်စရာ ကောင်း၏ ။ ဦးလေး ကား က လာ မကြိုတော့ပေ ။ ကိုကို ခြေကျင် ပြန် ရ၏ ။
ကျောင်း သည် မြို့ အပြင် မှာ သာ ရှိသည် ။ လမ်းဘေး တစ်ဖက် တစ်ချက် တွင် စပါးခင်းများ ရှိ၏ ။ လမ်း နှင့် စပါးခင်း အကြား တွင် ရေမြောင်းကြီး များ ရှိ၏ ။ ကျောင်း မနေသော ကောင်ကလေးများ က ယက်သဲ့ ဖြင့် ငါး ဖမ်း နေကြ၏ ။
ကိုကို ပြန် ရသည့် လမ်း မှာ မြို့ ထဲ မရောက် ။ မြို့ပြင် လမ်း မှ နေပြီး တောင်ကုန်းကလေး ကို တဖြည်းဖြည်း တက် လာ ရ၏ ။ ဝဲယာ တွင် ဘာ ပင်တွေ မှန်း မသိ ပေါက် နေသည် ။ ဆောင်း ဆိုလျှင် အပွင့်များ ဖွေး နေအောင် ပွင့် နေကြသည် ။ သစ်ပင်ကြီးများ မှာ မြင့်မား လှ၏ ။ ငှက်တို့ ပေါလှ၏ ။ ကိုကို သည် လက်ညှိုး နှင့် လေးခွ ပစ် သလို ငှက်တို့ ကို ချိန်ပြီး ပစ်၏ ။ သူ စိတ် ရှိ တိုင်း ပစ်လိုက် ရလျှင် တစ်ချက် တစ်ကောင် နှင့် အိမ် အပြန် ဆိုလျှင် ငှက်များ တစ်ထမ်းကြီး ပါလာ ကြ လိမ့်မည် ။ ဦးလေး က လုံးဝ လောက်လေးခွ ကို မကိုင်ရဟု တားမြစ် ထား၍ သာ နေ လိုက် ရ၏ ။ ငရဲ ကြီးမည် တဲ့ ... ပြောသည် ။
°°°°° °°°°° °°°°°
“ ကိုကို မေမေ ဆီ က စာလာတယ် ၊ ရော့ ... ”
ဟု ဦးလေး က ပေး၏ ။ ကိုကို ဖတ်ရင်း ပျော်သွား၏ ။
“ ဦးလေး ”
“ ဟေ ”
“ မေမေ့ မှာ ကိုကို့ အတွက် တဲ့ ၊ ညီမလေး တစ်ယောက် မွေးပြီးပြီ တဲ့ ”
“ ဟေ ... ဟုတ်လား ”
“ ဦးလေး ”
“ ဟေ ”
“ အဲ့ဒီ ညီမလေး ဟာ အခုဆို ညီလေး ချိုချို နဲ့ ကစား နေရောပေါ့ နော် ”
“ ဘယ် ကစားနိုင်ဦးမှာလဲကွ ၊ မွေးစ ဆိုတော့ လမ်း မှ မလျှောက် သေးတာ ”
“ ဦးလေး ”
“ ဟေ ”
“ အဲ့ဒီ မွေးစကလေး က ဘာလို့ လမ်း မလျှောက်နိုင်တာလဲ ၊ ခြေထောက် မပါလို့လား ”
“ ဘယ် ဟုတ်မလဲကွ ၊ ခြေထောက်တော့ ပါတော့ ပါတာပေါ့ ။ ငယ်လွန်းလို့ ပေါ့ ကွ ”
“ ဦးလေး ”
“ ဟေ ”
“ ငယ်လွန်းတယ် ဆိုတော့ ဘယ်လောက်ကလေး ရှိဦးမလဲ ”
“ ဒီလောက်ကလေး ပေါ့ကွ ”
ဟု ဆိုကာ လက်ဝါးနှစ်ဖက် နှင့် အရပ် တိုင်းပြသည် ။
“ ဦးလေး ”
“ ဟေ ”
“ ညီမလေး စက်ဘီး စီး ချင်တယ် ဆိုရင် ကိုကို ဘယ့်နှယ် လုပ် လို့ သင်ပေးရပါ့မလဲ ”
“ ညီမလေး က ဘယ် စကား ပြောတတ်ဦးမလဲ ကွ ”
“ သူ လည်း ချိုချို နေမှာပါပဲ ထင်ပါတယ် ။ ချိုချို ငယ်ငယ်တုန်း ကလည်း နီတာရဲကလေး ပဲ ”
“ ဒါပေါ့ကွ ၊ ဖြည်းဖြည်းတော့ ကြီးလာမှာပေါ့ ”
တဖြည်းဖြည်း ကြီးလာ ရသည့် အတိုင်း ယခု ဆိုလျှင် ကိုကို အသက် ပင် လေးဆယ် ကျော် ခဲ့ပြီ ။
ဦးလေး မရှိတော့ပြီ ။ သူ့ အဖေ ၊ သူ့ အမေ မရှိကြတော့ပြီ ။ သူ့ ဇနီး ပင် ကွယ်လွန်ခဲ့ ပြီးပြီ ။ ဦးလေး ၏ နှမ ညွန့်ညွန့် လည်း မရှိတော့ပြီ ။ ကိုရှိန် လည်း မရှိတော့ပြီ ။ မရှိသူ တို့ ကို လွမ်း လေ တိုင်း ... လွမ်း လေ တိုင်း..
“ ယောက်ျား ဆိုတာ မလွမ်းရဘူးကွ ”
ဟု သူ့ ကိုယ် သူ အားတင်း နိုင်ခဲ့၏ ။
သို့သော် လွမ်းရမှန်း ကို သိတတ်ရ ကောင်းမှန်း သိသည့် ပထမတန်း ရောက်စ အရွယ်ကလေး ကို ကား ပြန် မရနိုင်တော့ ဟု သိသော်လည်း ၊ အစားထိုးခြင်း ငှာ မရစကောင်း ဟု နားလည် သော်လည်း ပြန် စဉ်းစား လေ တိုင်း နွေးထွေးထွေး နှင့် ထို အရွယ် ကို ကား လွမ်းလှ၏ ဟု တစ်ခါ က ပြောပြဖူးပါသည် ။
ထို အလွမ်း ထက် ပိုကဲ လို့ ရော ဘယ် အလွမ်း က သာမည်လဲ ဟု ဆိုပါသည် ။ ဟုတ်၏ မဟုတ်၏ ဆိုသည်ကား စာရေးသူ နှင့် မဆိုင်ပါ ။
◾မင်းဏီ
📖 ထို
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment