Monday, March 20, 2023

ဟန်


 

❝ ဟန် ❞

“ ဟန် ” ဆောင်ခြင်း အတတ်ပညာ ကို ဆရာ မရှိဘဲ ဘယ်အချိန် က များ အလိုလို တတ်မြောက်လာခဲ့ပါလိမ့် ဟု “ သူ ” အတွေး နက် နေမိ၏ ။  “ ဟန်ဆောင်မှု ” နှင့် ပတ်သက်၍ မိမိ အနေဖြင့် နှစ်နှစ်ကာကာ ယုံကြည်ပါသလား ။ သည် မနှစ်မြို့ဖွယ်ရာ ဟန်ဆောင်မှု သည် တကယ်ကော အလုပ် ဖြစ်ရဲ့လား ။

ဟင့်အင်း ။ တကယ်တော့ ဟန်ဆောင်ရသည် ကို သူ မုန်းပါသည် ။ ဒါပေမယ့် ဟန်ဆောင်မှု နှင့် နေသား ကျ သွားအောင် လူတွေ က ပဲ တွန်းပို့ ခဲ့ကြခြင်း ဖြစ်သည် ။ ဆိုပါစို့ ၊သူ က စီးပွားရေး မကောင်း၍ ငွေ ချေး လိုပါသည် ဟု အမှန် ကို ဆိုလျှင် ဘယ်က မှ တစ်ပြား တစ်ချပ် အကူအညီ ရလိမ့်မည် မဟုတ် ။ စီးပွားရေး က ကောင်း မှ ကောင်း ။ ကောင်းလွန်း ၍ လုပ်ငန်း တိုးချဲ့ချင်ပါသည် ဟု ဆိုလျှင် သူ့ ထက် ငါ စိတ်ပါ လက်ပါ ကူညီကြပေမည် ။ သည်လို “ အမှန် ” ကို လက် မခံသော လူ့ဝန်းကျင်ကြောင့် သူ နည်းနည်း ဟန်ဆောင် တတ် ခဲ့ လေ သလား ။

ကြည့်ပါဦး ။ သူ့ စီးပွားရေး အခြေအနေ နှင့် ယခု ရောက်ရှိ နေသော နေရာ က မအပ်စပ် ။ စီးပွားရေး က အနုတ် လက္ခဏာ ။ သူ ရောက် နေသည် က ဈေး ကြီး ဟိုတယ် တစ်ခု ။ အကြွေးရှင်တွေ များ သူ့ ကို သည် နေရာမှာ တွေ့ သွား လျှင် အကျိုး ဆက် က သိပ် မကောင်း ။

ရယ်သံတွေ ၊ မာနသံတွေ နှင့် ပြည့်လျှံ နေသော တဒင်္ဂ ပီတိ နှင့် ပျော်ရွှင်မှု အတု တွေ ကို အဆ မတန် သည့် ငွေတွေ နှင့် မတန်မရာ လဲလှယ် ပစ် သည့် နေရာ ။

လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ် လောက် က ဆိုလျှင် သည်လို အအေးခန်း ထဲ မှာ မဟုတ် ။ မြင်းလှည်းခ ( ၇ိ/- ) နှမြော ၍ နေပူကြဲတဲကြီး ထဲ မှာ ခြေကျင် လျှောက် လျက် ။ သူ တစ်ယောက် တည်း စိတ်ညစ် တတ်လေ သလား ။ ငရဲ လို ပူ သည့် နေရောင် အောက် မှာ ဝန်စည်စလယ် တွေ တင် ပြီး မနိုင်မနင်း တွန်း နေ သော တွန်းလှည်းသမား လင်မယား က လည်း ရယ်ရယ် မောမော ။ နေပူ လေပူ တွေ ကြား မဖြစ် စလောက် အရိပ်ကလေး မှာ ထိုင် ပြီး အကြည် ဆိုက် နေသော သမီးရည်းစား နှစ်ယောက် က လည်း ချွေး တလုံးလုံး ။ မည်းမည်းတူးတူး ကိုယ်လုံးတီး ကလေး တစ်သိုက် က မူ နောက်ကျိ နေသော ရေမြောင်း ထဲ ကို တဗွမ်းဗွမ်း ခုန်ချ နေကြသည် ။ ပျော်လည်း ပျော်နိုင် ကြပါ့ ။

သူငယ်ချင်းတွေ နှင့် တွေ့  ၊ ဇွတ် အတင်း ကား နှင့် ခေါ် လာကြသော ကြောင့် စိတ် မပါဘဲ ကိုယ် သာ ပါ လာ ခဲ့၏ ။ ဟိုတယ် အတွင်း ပိုင်း ကို စိတ် အပန်း ပြေအောင် ဘယ်လို ပြင်ဆင် ထားထား ၊ နည်းနည်းလေး မှ စိတ် က အေး မသွား ။

ပင်ပန်းတကြီး ရှာ ထားသည့် ငွေ တွေ  ။ ထောင် နှုတ်ခမ်း နင်း ရှာထားသည့် ငွေ တွေ ။ သူများ မျက်ရည်ပေါက် ကြီးငယ် နှင့် လဲ ထားသော အဓမ္မ ငွေ တွေ ... စသည့် ငွေတွေ နှင့် တော့ ဘယ်သူတွေ ဖြစ်ဖြစ် ဘယ်လို မှ စိတ် ချမ်းသာဖွယ် မမြင် ။

သူ က စားပွဲ မှာ ဝိုင်း ထိုင်နေသည့် မန္တလေး တက္ကသိုလ်  တက် စဉ် က တစ်နှစ် တည်း ကျောင်း နေဖက် သူငယ်ချင်းတွေ ကို အူကြောင်ကြောင် ကြည့် နေမိသည် ။ သင်းလှိုင် က ဆောက်လုပ်ရေး ကန်ထရိုက် ။ စိုးအောင် က ချည် သူဌေး ၊ ကန်ထရိုက်တာ တစ်ပိုင်း ။ ခင်မောင်မြင့် က တော့ ဆန်းသည် ။ မိဘ လက်ငုတ် ကွမ်းယာဆိုင် နှင့် ပင် ကြီးပွား ချမ်းသာအောင် ဆက်လုပ် ခဲ့ သူ ။ ခင်မောင်မြင့် က တစ်မြို့တည်း သား ။ သင်းလှိုင် နှင့် စိုးအောင် က မန္တ လေး သား ။ ရှေ့ မှာ သားရေပိုက်ဆံအိတ် ဖောင်းဖောင်းတွေ ကိုယ် စီ ချ လို့ ။

( ၂ )

“ ဟေ့ကောင် ဖိုးနော် ၊ ဘာတွေ တွေးပြီး ငေးနေတာလဲကွ ...။ စိတ်ရှုပ်စရာ တွေ အိမ် ကျ မှ တွေး ကွာ ။ ဒါ အလုပ် အကြောင်း စဉ်းစားရမယ့် နေရာ မဟုတ်ဘူး ။ သူငယ်ချင်းတွေ ဆုံ တုန်း ပျော်ပျော် ပေါ့ ကွာ ။ ချီးမှပဲ ”

သင်းလှိုင် က ငါးသုံးလုံး စီးကရက်ဘူး လှမ်း ပေးရင်း အော်ဆဲ နေသည် ။ သူ က သူ ပြုံး နေကျ ဟန်ဆောင် အပြုံးလေး ဖြင့် တုံ့ပြန် လိုက်သည် ။ သေလိုက်ပါလား ဖျစ်ညှစ်ပြီး ပျော်လို့ ရပါ့ မလား ။ပျော်ရွှင်ခြင်း ဆိုတာ စိတ် အလုပ် ။ စိတ် ကို ကိုယ် က ညွှန်ကြား လို့ မရ ။

စိုးအောင် က စားသောက်ဖွယ် အမည် စာရင်း ကို ကြည့်ရင်း သူ့ ကို သတိတရ လှမ်း မေးသည် ။

“ ဖိုးနော် ၊ မင်း အလုပ်ကော အဆင်ပြေရဲ့လား ”

သူ ဘယ်လို ဖြေရ မှာ လဲ ။ “ ငါ အကြီးအကျယ် ဒုက္ခ ရောက်နေပြီ ” လို့ အမှန်အတိုင်း ဖြေရ မှာ လား ။ အထင် သေး မှာ ကို ကြောက်တာ ဟာ လျော်ကန် ရဲ့ လား ။

“ သည်လိုပါပဲ ကွာ ၊ မဆိုးဘူးဘဲ ပြောရမှာပေါ့ ”

မယုတ်မလွန် ဖြေ ရင်း မျက်နှာ လွှဲ လိုက်တော့ ကိုစိန်ညို သူ့ ဆီ လျှောက်လာ နေတာ မြင်ရသည် ။ “ စိန်ဟိန်း ” ဟိုတယ်ပိုင်ရှင် ကိုစိန်ညို က သူ နှင့် အကျွမ်းတဝင် မဟုတ် သော် လည်း ခင်မင် တတ်သည် ။ သူ့ နား မှာ ထိုင်ပြီး ဧည့်ခံ စကား ပြောတော့ သူငယ်ချင်း တွေ ရှေ့မှာ နည်းနည်း ပို၍ ရင်းနှီး ဟန် ပြ မိသည် ။ စား နေကျ ဆိုင် လို လို ပေါ့ ။

ခင်မောင်မြင့် က တော့ သိပ် နှုတ် မသွက်လှ ။ သင်းလှိုင် နှင့် စိုးအောင် က ခင်မောင်မြင့် ဆီ အရင် သွား ပြီးမှ သူ့ ကို လာ ရှာခြင်း ဖြစ်ကြောင်း သိ ရသည် ။

စားသောက်ကြ ၊ ရယ်မောကြရင်း အရှိန် ရ လာသည် ။

ကျောင်း တုန်း က အဖြစ်တွေ ။ ဟိုတုန်း က ရယ်စရာ မကောင်းလှသည့် အကြောင်းများ ပင် ယခု အချိန် မှာ ရယ်စရာ ဖြစ် နေသည် ။

သူ လည်း လိုက်၍ ရယ်သည် ။ သို့သော် အိမ် မှာ ဆိုက်ရောက်လျက် နေသော စီးပွားရေး ဒုက္ခက အတွေး ထဲ မှာ “ စိုက် နေသော ငါး တစ်ရိုး ” လို နှုတ် လို့ မရ ။ အလိုက် မသိသည့် ဧည့်သည့် လို သူ့ စိတ် အာရုံ မှာ ဇွတ် ခိုဝင် နေသည် ။ ရယ်လိုက်တိုင်း အတိအကျ မသိရသော တစ်နေရာ မှာ အောင့် နေသည် ။

စား လိုက်တာတွေ က အစာအိမ် ထဲ အထိ ရောက် မှ ရောက် သွား ပါလေစ ။ မျို မကျ သလို ခံစား ရ၏ ။ အိမ် မှာ အမေ ဖြစ်သူ က ဇွတ်စည်းရုံး ၍ သက်သတ်လွတ် ဟင်းများ ဖြင့် စား နေရမည့် ကလေးတွေ ကို သနား နေမိသည် ။ သူ ကတော့ သည်လို နေရာမှာ ရောက် လို့ ။ တစ်လုပ် ငါးဆယ် တစ်ရာ လောက် များ ကျ မလား ။ ပါးစပ် ဟတိုင်း တွက် မိပြီး ရွံ့ နေသည် ။ ဟင်းတွေ က လည်း ပို နေ မှာပဲ ။ ကဲ့ရဲ့သည့် အလေ့အထ လူတွေ မှာ မရှိ ခဲ့ လျှင် ပို နေသည့် ဟင်းများ ကို တစ်ခွက် စီ အိတ် နှင့် ပါဆယ် ထုပ် ယူ သွား ကြည့် ။ အိမ် က ကလေးတွေ စား လိုက်မည့် ဖြစ်ခြင်း ။ ဘုရား ၊ဘုရား ၊ ဘာတွေ လျှောက် တွေး နေ မိတာလဲ ။ ပျက်ချင်လု နေပြီ ဖြစ်သော သူ့ မျက်နှာကို လက်ရှိ အနေအထား နှင့် ဆီလျော် အောင် အတင်း ဟန်ဆောင် ထား ရ၏ ။ သရုပ်ဆောင် တွေ သည်လို ပိုင်ပါ့ မလား ။

အသိ ပြန် ဝင်လာတော့ သင်းလှိုင် က ပိုက်ဆံအိတ် ကောက်ကိုင် သည် ကို မြင် ရ သည် ။ စိုးအောင် က သင်းလှိုင် ၏ လက် ကို ဖမ်းဆွဲ ထားသည် ။ ပိုက်ဆံ ကို သူ ရှင်းမည် ။ ကိုယ် ရှင်းမည် ငြင်း နေတာ ဖြစ်မည် ။ ခင်မောင်မြင့် က လည်း သူ့ ခုံ က နေ ထ ရပ်သည် ။ ခင်မောင်မြင့် နှင့် သူ က မြို့ခံလူတွေ ဖြစ်နေသည် မဟုတ်လား ။ ခင်မောင်မြင့် ဘာမှ မပြောမီ သူ က ဦးအောင် သိက္ခာ ရှိရှိ ဝင် ပြော လိုက်သည် ။

“ ဟေ့ ဘာလုပ်တာလဲ ။ ငြိမ်စမ်း ။ တို့ မြို့ မှာ မင်းတို့ က ဧည့်သည်တွေ ကွ ။ ငါ ရှင်းပါ့မယ် ။ ထားစမ်းပါ ”

ခင်မောင်မြင့် က လည်း ဝင် ပြောသည် ။

“ ဟာ ဖိုးနော် ၊ ငါ ရှင်းပါ့မယ် ။ မင်း နေပါ ။ ငါ ခေါ်လာတာပဲ ဥစ္စာ ”

သည်လိုနှင့် သူရှင်း ကိုယ်ရှင်း ပြဿနာ က ရှုပ်ထွေး သွားသည် ။ စိုးအောင် နှင့် သင်းလှိုင် တစ်ယောက် ယောက် ရှင်း မှာ ကို မျက်နှာ ပြောင်ပြောင် ကြည့်နေ ရ အကောင်း သား ။ အရှုပ် ထဲ ဝင် မိ၍ သူ ရှင်းမည့် အကြောင်း တစ်ခေါက် ထပ် ပြောနေ ရ ပြန်သည် ။ ထိုစဉ် ခင်မောင်မြင့် ပြော လိုက်သည့် စကား ကြောင့် အားလုံး ငြိမ်သွားသည် ။

“ ကိုင်း ကိုင်း ၊ ကိုယ့် နေရာ ကိုယ် ပြန်ထိုင် ။ မဲလိပ် နှိုက်ကြမယ် ။ ကံ ထူးသူ ရှင်းတမ်း ကွာ ”

ပြောပြောဆိုဆို ခင်မောင်မြင့် က မဲလိပ် စီစဉ် နေ၏ ။

“ ကံစမ်းမဲလေးပါ ခင်ဗျာ ။ တကယ် ပေါက်စေရမယ် ”

ခင်မောင်မြင့် ၏ မျက်နှာ ကို သူ က တွေဝေစွာ လှမ်း ကြည့်လိုက်ရင်း နား မလည် နိုင်အောင်လည်း ဖြစ်ရ၏ ။ စိတ် လည်း လှုပ်ရှားရ၏ ။ တကယ်ဆို ကိုယ်ပိုင်ကား နဲ့ လာတဲ့ ကောင်တွေ ဇွတ် ရှင်းမယ် ဆို လွှတ်ပေး လိုက်ပေါ့ ။ သည် သောက်မဲလိပ်တွေ ကို ခင်မောင်မြင့် ဘာလို့များ လိပ် နေရတာလဲ ။ သည်လို ကံစမ်းမဲ ဆိုတာ ပေါက်တတ်လှ ချည့် ။ ကိုယ် မဲကျ နေရင် ဘယ်လို လုပ်မလဲ ။

မြင်းလှည်းခ ခုနစ်ကျပ် ကို တောင် ချွေတာပြီး ခြေကျင် လျှောက်သွား နေရတဲ့ ကောင် ကို သည် ငွေ နှစ်ထောင် ကျော် ရှင်းဖို့ မဲ အဝင် နှိုက် ခိုင်းတယ် ဆိုတော့ မရက်စက်လွန်း ဘူး လား ခင်မောင်မြင့် ရယ် ။ နှလုံးသား ခုန် ခုန်ပြီး မီးနီ ပြ နေပြီ ။ ဘယ်လို လုပ် လွတ်အောင် ပြေးနိုင်တော့ မှာ လဲ ။ အိပ်မက် ဖြစ်လိုက်ဖို့ လိုလိုချင်ချင် ဆုတောင်း မိသည် ။ ရောဂါ တစ်ခု ခု ကြောင့် ခုနေ မေ့လဲ သွား ရင် လည်း သိပ် ကို ကောင်း ။ သတိ ပြန် မလည်ဘဲ သေချင် သေသွားစမ်းပါစေ ။

သင်းလှိုင် က အရင် နှိုက်သည် ။ နောက် စိုးအောင် ။ နောက်ပြီး သူ့ အလှည့် ။ သူ နှင့် ခင်မောင်မြင့် အတွက် မဲလိပ် နှစ်လိပ် ကျန်သည် ။ တစ်လိပ် က လက်ဝါး ပေါ် ၊ တစ်လိပ် က လက်မ နှင့် မသိမသာ ညှပ်ထားသည် ။ သည်လို မလုပ်နဲ့ လေ ။ လက်မ ကြား ညှပ် ထားသော အလိပ် ကို သူ က ဖြတ်ခနဲ ဆွဲ ယူ လိုက်၏ ။ ခင်မောင်မြင့် ၏ မျက်နှာ သိသိသာသာ ပျက်သွားသည် ဟု ထင်၏ ။ လဲသေပေါ့ ၊ မင်း ဖော်တဲ့ ဆေး လေ ။ ခွေးမသား ။

သူ နှင့် မဲလိပ်ကလေး သာ ကမ္ဘာမှာ ကျန်တော့ သလို ပတ်ဝန်းကျင်  ကို ပင် စက္ကန့်ပိုင်း လောက် မေလျော့ သွား၏ ။ ဣန္ဒြေ မပျက် ထီ မထင်သော မျက်နှာ ဖြင့် မဲလိပ် ကို ဖြန့်ကြည့် လိုက်၏ ။

နှလုံးသွေး အေးစက် ၊ နားထင် နှစ်ဖက် ရွခနဲ ဖြစ် ၊ ခေါင်းနပန်း ထူအမ်း သွားစဉ် သူ မဟုတ် ဟု ထင်ရသော သူ့ အသံ ကို ပြန် ကြား လိုက်ရ၍ ကိုယ့် နား ကိုယ် ပင် မယုံချင် စရာ ။

“ ဟား ဟား ၊ ကဲ သူငယ်ချင်းတို့ ဘာ လိုသေးလဲ ။ ထပ် မှာကြ စောစော ကတည်း က ငါ ရှင်းမယ်လို့ ပြော နေရတာ ကို မဲလိပ်တွေ ဘာတွေ လုပ်နေ သေးတယ် ။ ( ခင်မောင်မြင့် က သူ့ ကို အားနာ ဟန် လှမ်းကြည့်သည် ။ ) ဒါ ငါ့ မြို့ကွ ၊ မင်း တို့ ရှင်းချင် တိုင်း ( ဤနေရာတွင် သီး ၍ ချောင်း သုံးခါ ဆိုးပါသည် ။ ) ရှင်း လို့ ဘယ်ရမလဲ ”

နား ရှိ၍ ကိုယ့် အသံ ကိုယ် ပြန် ကြားရ၏ ။မျက်စိ မူ ကိုယ့် မျက်နှာ ကိုယ် ပြန် မမြင်ရ ။အမူအရာ ပီပြင်ပါ့မလား ။ သည် သောက်ခွက် ။

သူငယ်ချင်းတွေ က သူ့ စကား ကို အလိုက်အထိုက် လိုက် ရယ်ကြသည် ။ သူ့ စိတ် က တော့ ရယ် နေရာ မှ ရပ် လိုက်ပြီး သူတို့ မျက်ခွက်တွေ ကို လက်သီး နှင့် စိတ်ရှိ လက်ရှိ ထိုးပစ် ချင်သည် ။ ကိုယ့် ဘာသာ ကိုယ် အိမ် ပြန် နေတာ ကို လာ ခေါ်တဲ့ အကောင်တွေ ။ မဲလိပ်တွေ စီစဉ် တီထွင်သည့် ခင်မောင်မြင့် ကို အပိုဆု ၊ ကု,လားထိုင် နှင့် ထ ရိုက်လိုက်ရလျှင် ။

ထိုသို့ လုပ်ရမည့် အစား ရယ်ကာ မောကာ ထ ရပ်၍ ကိုစိန်ညို ထိုင် သော ကောင်တာ အနီး သို့ အမှတ်မထင် ဟန် ဖြင့် သွား လိုက်သည် ။ ပိုက်ဆံ မပါသော သူ့ သားရေအိတ် ကို ဖြဲ လိုက်ရင်း ဖြင့် နှစ်ကိုယ်ကြား ပြော ရ၏ ။

“ ကိုစိန်ညို ရေ ၊လမ်း မှာ ကျောင်းနေဘက်တွေ နဲ့ တွေ့ လို့ဗျ ။ ပိုက်ဆံ ပါ မလာဘူး ။ မှတ်ထားပေး နော် ”

“ ရပါတယ် ကိုနော် ။ ဒါမျိုးက ဖြစ်တတ်တာပဲ ။ ကိစ္စ မရှိပါဘူး ”

ကိုစိန်ညို က ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ပြောသည် ။

နှုတ်ဆက်စကားများ ၊ သူတို့ မန္တလေးမြို့ ကို ဖိတ်ခေါ်သည့် စကား များ ၊ ကြား တစ်ချက် မကြားတစ်ချက် အလိုက်အထိုက် ပြန် ပြောပြီး ဝင်စရာ ရှိသည် ဟု ဆိုကာ မြို့ထဲ သူ့ ညီ အိမ် မှာ ဆင်း နေခဲ့၏ ။ ထီ ပေါက်ဖို့ ရာ မလွယ် သော် လည်း သည်လို မဲ ကျ ဖို့ရာတော့ အလွယ်သား ပါ လား ။

( ၃ )

စားကြွေး သောက်ကြွေး တင် သွား၍ ဆယ်ရက် လောက် အကြာ ကိုစိန်ညို ဆိုင် ရှေ့ မေ့မေ့လျော့လျော့ ဖြတ်မိ ပြီး မှ အကြွေး မပေးရသေး ဟူသော အသိ ကြောင့် လေဖြတ် သလို ဖြစ်သွားစဉ် မှာ နောက်ကျ သွားပြီ ။ ဘုရား ၊ ဘုရား သွားပြီ ။ ဆိုင်ပေါက် တည့်တည့် ၌ ရပ်နေသော ကိုစိန်ညို ကို ပက်ပင်း တိုး မိပြီ ။ ရှောင် မရတော့ ။

သူ့ မျက်နှာ မှာ သွေးဆူ သွား၏ ။ မဆပ်ရသေးသော အကြွေး ။ ဆပ်ရန် မရေရာသော အကြွေး ။

သို့သော် ခြေထောက်များ က သူ့ ဦးနှောက် အား တိုင်ပင်ခြင်း မရှိဘဲ ရဲတင်းစွာ ဖြင့် ကိုစိန်ညို ထံ တည့်တည့် လျှောက် သွားလျက် ရှိသည် ကို အံ့ဩတကြီး သိ လိုက် ရသည် ။

သူ့ ပါးစပ် က လည်း အလားတူ သွက်သွက် ပြောချ လိုက်ပြန်သည် ။

“ ဟဲလို ကိုစိန်ညို နေကောင်း ။ တလောက ဟာလေး ၊ ဆောရီးဗျာ ။ ခရီး ထွက်နေလို့ ။ နောက် တစ်ရက် နှစ်ရက် နေရင် လာခဲ့ပါမယ် ”

ကိုစိန်ညို က ပြုံးလျှက် ပြော၏ ။

“ ဟို တစ်နေ့ က ဟာ ပြောတာလား ။ ခင်ဗျားတို့ ထဲ က တစ်ယောက် အဲဒီ ညနေ က ပဲ လာ ရှင်းသွားတယ်လေ ။ ခင်ဗျား ရှင်းသွားပြီ လို့ ကျွန်တော် ပြောပါသေးတယ် ။ မရှင်းရသေးတာ သူ သိတယ် တဲ့ ။ ခင်ဗျား မှာ ထားလို့ ဆိုတာ နဲ့ လက်ခံလိုက်တာ ”

“ ဘယ် ဘယ် တစ်ယောက် ပါလိမ့်ဗျာ ”

စိတ်လှုပ်ရှား၍ သူ စကား ထစ် သွားသည် ။

“ အရပ်ပုပု အသားဖြူဖြူ ၊ ကွမ်းစားစား နဲ့ တစ်ယောက် ”

“ ဟာ ခင်မောင်မြင့် ၊ အိုကေ ၊ ဒါဆို သွားဦးမယ်ဗျာ ”

ပေါ့ပါး လွတ်လပ်သော စိတ် ဖြင့် ခင်မောင်မြင့် ကွမ်းယာဆိုင် ဆီ သို့ ဦးတည် လိုက်၏ ။

( ၄ )

လက်ဖက်ရည်ဆိုင်များ သို့ သွင်းရမည့် ကွမ်းယာထုပ်များ အလယ် တွင် အကြီးအကျယ် အလုပ် ရှုပ် နေသော ခင်မောင်မြင့် က ထုံးစံအတိုင်း ကွမ်းယာ တစ်ယာ ဇွတ် ထိုး ပေး၍ ယူ ငုံ လိုက်ရသည် ။

နာရီ ဝက် အထိ ထွေရာလေးပါး ပြောနေ ကြပြီး “ စိန်ဟိန်း ” အကြောင်း စပ်မိ လာ သဖြင့် သူ က မနေနိုင်တော့ဘဲ မေး လိုက်သည် ။

“ ဒါထက် နေပါဦး ၊ ဟိုနေ့ က သင်းလှိုင် တို့ နဲ့ “ စိန်ဟိန်း ” မှာ ဝင်စား တော့ မင်း ရှင်း သွားတယ် ဆို ”

ခင်မောင်မြင့် က ကွမ်း ယာနေရာ မှ ရပ် သွားပြီး ဟိုဟာ  ကိုင် သလို ၊ သည်ဟာ ကိုင် သလို လုပ် နေရာမှ ပြန် ဖြေပါသည် ။

“ ဒါက ဒီလိုလေကွာ ၊ ဖိုးနော် စိတ်မဆိုးနဲ့ ကွာ ။ မင်း နဲ့ ငါ က ပြောရမယ့် လူတွေ မှ မဟုတ်တာ ။ မင်း မပြေလည်တာ ငါ သိ နေတာပဲ ။ မင်း အကြွေး တင် ခံ ကျွေး တာ ငါ စားရက်ပါ့မလားကွာ ”

ဘာ ပြန်ပြောရမှန်း ပင် မသိတော့ ။ ရှက်ရမှန်း လည်း မသိတော့ ။ ခင်မောင်မြင့် က သူ့ နံဘေးမှာ သူ လို ကွမ်းယာထုပ်တွေ ထုပ် နေသော သူ့ ညီမ သုံးယောက် ဘက် လှမ်း ကြည့်လိုက် သေးသည် ။ ပြီးမှ လက်ထဲ က ပလပ်စတစ် နှင့် ထုပ်သော ကွမ်းထုပ် ကို သားရေကွင်း နှင့် မြဲမြံအောင် ကျွမ်းကျွမ်းကျင်ကျင် ချည် လိုက်ရင်း ပြော၏ ။

“ ငါ က အဲဒီ နေ့ တုန်း က ဒကာ ကျမယ့် မဲလိပ် ကို လက်မ နဲ့ မသိမသာ ညှပ်ပြီး ငါ့ အတွက် ဖယ် ထားတာ ။ ငါ ရှင်း မလို့ပေါ့ကွာ ”

“ ဆောရီး သူငယ်ချင်း ရာ ၊ ငါ ဝန်ခံ ရရင် မင်း ဖယ်ထားတဲ့ မဲလိပ် ဟာ ဗလာ ဖြစ်မှာ ဆိုပြီး တမင် ဆွဲ လိုက်တာပါ ကွာ ။ ငါ မှားပါတယ် သူငယ်ချင်း ရာ မင်း စေတနာ ကို ငါ ….. ”

သူတို့ နှစ်ယောက် ကြား အတန်ကြာ တိတ်ဆိတ် သွား၏ ။ ခင်မောင်မြင့် က တိုးတိုး ပြော၏ ။ အမူအရာ က အလေးအနက် ။

“ သူတို့ နှစ်ယောက် လည်း ပြေလည်ကြတာ မဟုတ်ဘူး ”

သူ အံ့သွ သှား၏ ။

“ ဘယ်လိုကွ ။ သူတို့ က ကိုယ်ပိုင်ကား နဲ့ လာကြတာလေ ”

“ ကား တော့ ကားပဲ ။ သူတို့ ကားမှ မဟုတ်တာ ။ သည်ခေတ် ထဲ ပိုက်ဆံ ပေး ငှား ဆီ ထည့်ရင် ကား ပိုင် လို့ ရတယ်လေ ။ ငှား လာတာပေါ့ ကွာ ”

“ အရင် ဒီကောင် မှာ ကား ဝယ်ထားတယ်လို့ ကြားဖူးပါတယ် ”

“ မင်း အရင် ဝယ်ဖူးတာ နဲ့ အခုလည်း ရှိနေမယ် လို့ တွက်သလား ။ ဗုဒ္ဓ ရဲ့တရား နဲ့ ဝေးလှချည်လား ဖိုးနော် ”

ခင်မောင်မြင့် က လူတတ်ကြီး လုပ်၍ အပြစ် တင် သည် ကိုပင် သူ က ကြည်ကြည်နူးနူး ခံယူ ပါသည် ။

“ ဒါဖြင့် သူ့ ကား က ဘယ်ရောက် သွားသလဲ ”

“ သူ့ နေရာ သူ ပြန် သွားတာ ”

“ ဟေ့ ဘယ်လိုကွ ”

“ အရင်က ကန်ထရိုက် ကြိုတင်ငွေ နဲ့ ဝယ်စီးတယ် ကွာ ။ အဆင်မသင့် ရင် ပြန် ရောင်း လိုက်ရတယ်ကွာ ။ ဒါပါပဲ ”

“ ဘာပဲ ပြောပြော ငှား စီး နိုင်တယ် ဆိုလည်း မနည်းဘူးလေ ။ ဓာတ်ဆီဖိုး နဲ့ ၊ ကားခ နဲ့ ၊ ဟိုမြို့ သည်မြို့ လည်ပတ်နိုင်တယ် ကွာ ”

ခင်မောင်မြင့် က သူ့ စကား အဆုံး ဟက်ဟက်ပက်ပက် ရယ်ချ လိုက်၏ ။

“ ရိုး ပါ့ ဖိုးနော် ရာ ၊ မင်း သည် တစ်သက် ထီ ပေါက် မှ ချမ်းသာတော့ မှာပဲ ။ သည် နှစ်ကောင် အားအားယားယား လျှောက်လည် နေတယ် မထင်နဲ့ ။ စိုးအောင် အတွက် သင်းလှိုင် ရဲ့ ကျေးဇူး ရှိ ထားတယ် ။ ဒါပေမယ့် စိုးအောင် ကိုယ်တိုင် က သစ်ကွက် မှာ ဆယ့်ငါးသိန်း လတ်တလော ရှုံး ထားတော့ သူ့ မှာ ခန်း နေပြီ ။ သည်တော့ သင်းလှိုင် အတွက် စိုးအောင် က တို့ မိတ္ထီလာ မှာ နေတဲ့ သူ့ အဒေါ် ဆီ အလွတ်တိုး လာ ဆွဲ ပေးတာ ။ ဆယ့်နှစ်ကျပ်တိုး အထိ ပေး တာတောင် ဘယ် က မှ အဆင်ပြေ မသွားဘူး ။ သူတို့ က ဘယ်သူ့ မှ မပြောနဲ့ ပိတ် သွားတာ ၊ မင်း အ လွန်းလို့ ငါ က ဖွင့် ပြောပြ ရတာ ”

သူ က ခင်မောင်မြင့် စကား ကို နားထောင် ရင်း ၊ ကွမ်းယာဆိုင် ရှေ့ မှာ အပူတွေ ကိုယ်စီ ဖြင့် ဖြတ်သွား နေသော လူတွေ ကို မယုံသင်္ကာ ကြည့်ရင်း လွှတ်ခနဲ ညည်း လိုက်သည် ။

“ တော်တော် ဟန်ဆောင် ကောင်း တဲ့ ကောင်တွေ ပဲ ကွာ ... နော် ။ အံ့သြတယ် ကွာ ”

◾ကောင်းဆက်နိုင်

📖 ဟန်သစ်မဂ္ဂဇင်း
       ဧပြီ ၊၁၉၉၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment