Friday, March 24, 2023

သို့ ... ဦးဉာဏ်


 ❝ သို့ … ဦးဉာဏ် ❞


( စာ သိပ်မရေးဖြစ်ပါ ဆိုလို့ အမြဲ မကြာခဏ ရေးနေ သလားလို့ မေးနိုင်ပါသည် ) စာလေး တစ်ပုဒ် လောက် ရေးပေးပါ လို့ ပြောလာ လျှ င်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးကြည့် ပါသည် ။ အဲဒါသည် ဘဝင် မြင့်နေခြင်း မဟုတ်ပါ ။ ရိုးရိုးသားသား ဝန်ခံရလျှင် စာဖတ်အား နည်းခြင်း ၊ စာ မရေးတတ် ခြင်းတို့ကြောင့် ဖြစ်ပါသည် ။ ပထမ တစ်ခါ က ဖေဖေ ဆုံးပြီးတော့ အမှတ်တရ စာအုပ် ထုတ်ဖို့ ဆရာ ဦးနေမျိုး က တစ်ခါ ရေးခိုင်း ဖူးပါသည် ။ စာ ရေးတာ နဲ့ ပတ်သက်လို့ ဖေဖေ က ‘ သားကြီး စာ ရေးရင် ဝါကျ အဆုံးတွေ ကို သတိထား ကွ ။ မင်း ရေးတာ ‘ တယ် ’ တွေ ၊ ‘ သည် ’ တွေ အဆုံး မညီဘူး ’ ဟု တစ်ခါ သင်ပေးဖူး ပါသည် ။ ဒုတိယတစ်ခါ ဦးဉာဏ် ( ဆရာမင်းလူ ) က ဘိုးဘိုး ဦးသာဓု အတွက် အမှတ်တရ စာအုပ် ထုတ်ဖို့ တစ်ခါ ရေးခိုင်း ဖူး ပါသည် ။ အဲဒီတုန်း က ဦးဉာဏ် က ‘ မင်း ရေးတာ ကောင်းတယ်ကွ ၊ ရိုးသားတယ် ။ နောက်ကို စာ ရေးရင် ဒီ အတိုင်းပဲ ရေး ။ အပုဒ် ၂၀ လောက် ရအောင် ရေးပြီး စာအုပ်လေး ထုတ် နိုင်အောင် လုပ်ကွ ’ ဟု ပြောခဲ့ဖူးသည် ။ ဟော ခု တစ်ခါ ဆရာမ ယုယ က ‘ ကိုဖိုးသောကြာ အဖေ့ အတွက် စာလေး တစ်ပုဒ် လောက် ရေးပေးပါဦး ’ ဟု ပြောလာ ပြန်သည် ။ ကျွန်တော် ဘာ ရေးရမှန်း မသိပါ ။ 


အစက ပြန် ပြောရ ရင်တော့ ကျွန်တော် နှင့် ဦးဉာဏ် ခြံချင်း ကပ်လျက် နေပါသည် ။ ကျွန်တော် တို့ ခြံချင်း ကပ် နေတာ ဆွေမျိုးများ နှင့် အသိ မိတ်ဆွေများ သာ သိကြ ပါသည် ။ ကျွန်တော့် မိတ်ဆွေ ၊ ပရိသတ်များ ထဲ က အချို့ စာဖတ်ပရိသတ်များ က ကျွန်တော် နှင့် တွေ့လျှင် စာပေ အကြောင်း ၊ ဦးသာဓု က နေ ခု ကျွန်တော်တို့ အထိ မျိုးရိုး လိုက် အားပေးကြောင်း ပြောကြသည် ။ အချို့ကတော့ ဆရာမင်းလူ ကို အလွန် ကြိုက်ကြောင်း ၊ သူ ၏ စာအုပ်များ ကို အိမ် မှာ စာအုပ်စင် နှင့် ပင် အကုန် ဝယ် ထားကြောင်း ပြောပြကြသည် ။ ကျွန်တော့် မိတ်ဆွေ ဦးဖိုးလူ ဆိုလျှင် ဦးဉာဏ် ရဲ့ဝတ္ထု ထဲ က အကြောင်းအရာများ ၊ ဇာတ်ကောင်စရိုက်များ အကုန် နီးပါး အလွတ် ရ နေသည် ။ ကျွန်တော် နှင့် တွေ့တိုင်း ဦးဉာဏ် အကြောင်း ပြော ရတာ အမောပါပဲ ။ ခုနောက်ပိုင်း တွေ့လျှင် ‘ ငါ မကျေနပ်ဘူးကွာ ၊ ငါ အရမ်း တွေ့ချင်တဲ့ လူ နဲ့ မတွေ့လိုက် ရဘူး ။ ခုနေ ရှိကြည့် ငါ မင်း ကို လိုက်ပို့ ခိုင်းပြီး ဆရာမင်းလူ ကို သွား တွေ့မှာ ။ သူ က အပြင် မှာ ရော စာအုပ်တွေထဲ က လိုပဲလား ’ လို့ မေးပါသည် ။ တော်တော်များများ က လည်း ဦးဉာဏ် ကို တွေ့ဖူးချင် ကြသည် ။ စကား ပြောဖူးချင် ကြသည် ။ ကျွန်တော့် ကို ဆရာမင်းလူ ရဲ့ ပုံစံလေး ပြောပါလား ဟု လည်း အမေး ခံရပေါင်း များပါပြီ ။ မင်းတို့ တစ်မျိုးလုံး မှာ မင်းလူ ကို အကြိုက်ဆုံးပဲကွာ ဟု ပြောသူများ လည်း ရှိပါသည် ။ မည်သို့ပင် ဆိုစေ သူရို့ ချစ်တဲ့ စာရေးဆရာ ကို မြင်ဖူးချင် တွေ့ဖူးချင် ကြသည် က သဘာဝ ပင် ဖြစ်သည် ။ ဦးဉာဏ် သည် သူရို့ ညီအစ်ကို လေးယောက်တွင် လူကောင် အသေးဆုံး နှင့် ပိန်ပိန်သေးသေးလေး ပါ ။ သူ့ ကို တူ ၊ တူမများ က ‘ ပရွက်ဆိတ် ’ ဟု နောက်ကွယ် မှာ ချစ်စနိုး နှင့် ခေါ်ကြသည် ။ ဦးဉာဏ် သည် ဝတ်ပုံ စားပုံ က ဘိုးဘိုး နှင့် တူသည် ဟု ကျွန်တော် မြင် ပါသည် ။ တူ လည်း တော်တော် တူသည် ။ အပြင် သွားလျှင် ဘယ် သွားသွား လွယ်အိတ် တစ်လုံး နှင့် လက်ကြား ထဲ တွင် ဆေးပေါ့လိပ် တစ်လိပ် ညှပ်ထားလေ့ ရှိသည် ။ ရှပ်အင်္ကျီ ပေါ် မှာ တိုက်ပုံ ကို ကြယ်သီး မတပ် ဘဲ ရင်ကွဲ အတိုင်း ဝတ်လေ့ရှိပါသည် ။ အဲဒါတွေ က ပင် ဦးဉာဏ် ရဲ့ ပင်ကိုယ် ပုံစံ လို ဖြစ်နေ ပါသည် ။


သူ ၏ မျက်နှာထား မှာ စာအုပ်ထဲ က နှင့် မတူ ခပ်တည်တည် နေ တတ်သည် ။ တစ်ခု ခု ကို စလို မှ နှုတ်ခမ်းလေး တွန့် ပြီး မျက်နှာ ကို ပြုံးစိစိ လုပ်တတ်သည် ။ လူ သေး သလောက် စိတ် ကြီးသည် ။ မျက်နှာ ကို ကြည့်လျှင် ဘာကိုမှ သိပ် အလေးမထား သလို နေတတ်ပေမယ့် စိတ် ထဲ မှာတော့ အမြဲတမ်း တွေး နေ တတ်သည် ဟု ထင်မိသည် ။ ဦးဉာဏ် က မနက် အိပ်ယာ ထ နောက်ကျ သလို ည ဘက် မှာလည်း နောက်ကျ မှ အိပ်ပါသည် ။ ည ဘက် မှာ စာ ရေး နေတယ်လို့ ထင်ပါ၏ ။ ကျွန်တော်တို့ အိမ် မှ လှမ်း ကြည့် လျှင် ဦးဉာဏ် တို့ အိမ် ကို လှမ်း မြင်နေရခြင်း ကြောင့် ပြောနိုင်ခြင်း ဖြစ်ပါသည် ။ တစ်ခါတစ်လေ ည ဘက် အချိန်မဆတော် ကျွန်တော်တို့ အပြင် က ပြန်လာရင် ဖြစ်ဖြစ် ၊ ညီအစ်ကို တွေ လမ်းမ မှာ စကား ထွက် ပြောတာ ဖြစ်ဖြစ် ၊ ဂစ်တာ တီးပြီး သီချင်း ဆိုတာဖြစ်ဖြစ် မသိမသာ ပြတင်းပေါက် က နေ ဆေးပေါ့လိပ်လေး ခဲ လို့ ကျွန်တော်တို့ မမြင်အောင် ချောင်းကြည့် တတ် ပါသည် ။ 


စောစောက ပြော သလို ဦးဉာဏ် က တူ ၊ တူမတွေ အပေါ် မှာ ပါ ခပ်တည်တည် နေတတ်ပေမယ့် သူ့ စိတ် ထဲ မှာတော့ ကျွန်တော်တို့တွေ အကြောင်း တွေး နေ တတ်တယ် လို့ ထင်ပါသည် ။ ကျွန်တော့် အစ်မ မကြီး စိုးအိမ်သူ က ဘာ ကြိုက်တတ်တယ် ။ ကျွန်တော့် ညီ ဖိုးစနေ က ဘာ ကြိုက်တတ်တယ် ၊ ကျွန်တော့် ညီမ ထိပ်ထား က တော့ ဘာ ကြိုက်တတ်တယ် စသ ဖြင့် သူ တော်တော်များများ သိ နေ တတ်ပါသည် ။ ဦးဉာဏ် စာအုပ် အသစ် ထွက်ပြီ ဆိုရင် လည်း ဒီအတိုင်း ပင် ။ စာအုပ် အတွင်း မျက်နှာ မှာ ကျွန်တော်တို့ မောင်နှမ လေးယောက် နာမည် ကို စုံအောင် ရေး ပြီး မှ လက်မှတ် ထိုး ပေး လေ့ ရှိပါသည် ။ ဘာကြောင့်နည်း ကျွန်တော်တို့ သီတင်းကျွတ် လို့ လူကြီးတွေ ကို ကန်တော့ကြ လျှင် အခြား သူများ က မုန့်ဖိုးပြန် ပေး တတ်ကြသည် ။ ဦးဉာဏ် ကတော့ အခြား လူကြီးများ နှင့် မတူ ကျွန်တော်တို့ မောင်နှမ လေးယောက် ကို ကျွန်တော် နဲ့ အသုံးတည့် မည့် မတူညီတဲ့ ပစ္စည်းလေးတွေ ပြန်ပေး တတ်ပါသည် ။ ဒါကို က တူ ၊ တူမတွေ အပေါ် မသိမသာ ဂရုစိုက် နေသည် က ပေါ်လွင်နေသည် ။


ကျွန်တော် ရေးစရာ မရှိ ရှာကြံ ရေး နေခြင်း မဟုတ် ဦးဉာဏ် ကို အမှတ်တရ ပုံဖော် နေခြင်း ဖြစ်ပါသည် ။ ကဲ ကျွန်တော် စိတ် ထဲ တွင် အမှတ်တရ မှတ်မိတာလေး တစ်ခု ပြောပြပါရစေ ။ ၂၀၀၂ ခုနှစ် လောက် က ကျွန်တော် ပထမဆုံး အချစ်လား သူ ဖျားနေတယ် သီချင်းခွေ သွင်းဖို့ ကြိုးစားပါသည် ။ အဲဒီ အခွေ မှာ တေးရေးတွေ က စန္ဒရားလှထွတ် ၊ သုမောင် ၊ မင်းလူ ၊ အာယု စတဲ့ သူစိမ်း မဟုတ်တဲ့ တေးရေးတွေ ရေး ထားတဲ့ သီချင်းတွေ ကို သာ သုံးဖြစ်သည် ။ အဲ့ဒီ အထဲ မှာ ဦးဉာဏ် ရေးတဲ့ အမုန်း ၏ ဟိုဘက်ကမ်း ၊ အချစ်လားဟေ့ ဝင်ခဲ့လေကွယ် သီချင်း ၂ ပုဒ်လောက် ( ဘယ် နှပုဒ် ဆိုတာကိုတော့ ) သိပ် မမှတ်မိတော့ပါ ။ ဘယ် နှပုဒ် ဆိုတာ ထက် အရေး ကြီးတာ က အဲဒီ အခွေ သွင်း နေတုန်း ည တစ်ည ၁၁ နာရီလောက် မှာ အိမ် ကို ဖုန်း ဝင်လာသည် ။ ကျွန်တော် စိတ်ဆိုး သွားပါသည် ။ အိမ် မှာ က ည ၁၀ လောက် ဆို လျှင် အကုန်လုံး အိပ်ကြသည် ။ ဖုန်း ထ ကိုင် လိုက်တော့ ‘ ဟေ့ ဖိုးသောကြာ ၊ အခွေ က အတီးတွေ သွင်း ပြီး ပြီလား ။ မနက် ကျ ရင် ငါ့ ဆီ လာခဲ့ဦးကွ ’ ကျွန်တော် ဘာမှ ပြန် မပြောလိုက်ရပါ ။ ‘ ဟုတ်ကဲ့ ဦးဉာဏ် ’ ဖုန်းချ သွားပါသည် ။ မနက် အသံသွင်း မသွားခင် ဦးဉာဏ် အိမ် သွားတော့ အိပ်ယာ ထ နောက်ကျ တတ်တဲ့ ဦးဉာဏ် က စောစော ထ လို့ ကျွန်တော့် ကို စောင့် နေ ပါသည် ။ သီချင်း သွား ဝယ်တဲ့ နေ့ က မျက်နှာ နဲ့ မဆိုင် ပြုံးစိစိ နှင့် ‘ အချစ်လားဟေ့ ဝင်ခဲ့လေကွယ် သီချင်းရှေ့ က အတီး မှာ 007 ဂျိမ်းစ်ဘွန်း တီးလုံး ထည့် ဖြစ်အောင် ထည့်လိုက် ’ စကားတွေ အများကြီး ပြောပြီးမှ ‘ အေးအေး သွားတော့ ’ ဆိုတဲ့ စကား နဲ့ အဆုံးသတ် လိုက်ပါသည် ။ ကျွန်တော် လည်း ‘ ဟုတ်ကဲ့ ’ ဆိုတဲ့ စကား ကို သာ တွင်တွင်သုံးပြီး ပြန်လာခဲ့ ရပါသည် ။ ။ အမှန်က အဲ့ဒီ သီချင်း သည် အတီး သွင်း ပြီးသား ဖြစ်နေသော်လည်း ကျွန်တော့် အတွက် စဉ်းစား ပေးထားသော ဦးဉာဏ် ရဲ့ စေတနာ ကို တန်ဖိုး ထား လို့ အဲဒီ အချစ်လားဟေ့ ဝင်ခဲ့လေကွယ် သီချင်း ကို အတီးများ အစ မှ ပြန် တီးခဲ့ရ ဖူးပါသည် ။ အဲဒီ သီချင်းလေး က ဦးဉာဏ် ( ဆရာမင်းလူ ) ရဲ့ ကဗျာ ကို သီချင်း အဖြစ် ပြောင်းလဲ ထားခြင်း ဖြစ်ပါသည် ။ အဲဒီ ကဗျာလေး ကို ဆရာမင်းလူ ရဲ့ ပရိသတ်များ အားလုံး သိကြပါသည် ။


မည်သို့ပင် ဆိုစေ သဘာဝအုပ်စု ကို ကျောခိုင်း ထွက်သွားတဲ့ ဦးဉာဏ် တစ်ယောက် သဘာဝအုပ်စု ကို ပြန် လာပြီး တံခါး လာ ခေါက် နိုင်ဖို့ တံခါး တစ်ချပ် လိုအပ် နေပါပြီ ။ ကဲ သူမ နဲ့ ယုယ ရေ …  ။


◾သားသုမောင်


📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment