❝ ကိတ္တိမသားများ ❞
ဟေ့ ... မင်းလူ
ဦးလေး က စာရေးဆရာ ဆိုတော့ ဆင်းရဲတယ် ကွ ။ ငွေတို့ ၊ ပစ္စည်းတို့ လက် မဖွဲ့နိုင်ဘူး ။ ဒါကြောင့် စကား လက်ဆောင် ပဲ ပါး လိုက်ရသကွ ... ။
ကျွန်တော် ၏ မင်္ဂလာဆောင် တွင် ဦးလေး သော်တာဆွေ စာအိတ်ကလေး တစ်အိတ် လက် ဖွဲ့ သဖြင့် ဖောက် ကြည့်ရာ အထက်ပါ အတိုင်း အစချီပြီး ရေးထားသော စာကလေးတစ်စောင် တွေ့ ရ၏ ။ စာ ထဲ မှာ ...
“ မင်္ဂလာ ဆောင်တိုင်း အိမ်ထောင် ကျသည် ဟု မခေါ်နိုင် ။ တစ်ယောက် နှင့် တစ်ယောက် နားလည်မှု မရှိ ၊ မိသားစု အတွင်း ပြဿနာ တွေ တက် ၊ နောက်ဆုံး ကွဲကြ ကွာကြ အထိ ဖြစ် ကြလျှင် အိမ်ထောင် ကျသည် ဟု မဆိုနိုင် ။ မိန်းမ ရခြင်း သာ ဖြစ်သည် ။
တစ်ဦး နှင့် တစ်ဦး အပေးအယူ မျှပြီး သာယာသော မိသားစု ဘဝ ဖြင့် တစ်သက်တာ လုံး မြဲမြံခိုင်မာ မှ သာ အိမ်ထောင် ကျခြင်း မည်၏ ”
ဟု အဓိပ္ပာယ် ရသော ဆုံးမစကားလေးများ ရေး ထားသည် ။
••••• ••••• •••••
ကျွန်တော်တို့ အဖေ စာပေ နယ် မှာ ကျင်လည် နေစဉ် က ကျွန်တော် မှာ တော်တော် ငယ်သေး သဖြင့် ကောင်းကောင်း မမှတ်မိ ။ ဦးလေးဆွေ တို့ အရက် ကြိုက်တတ်ကြောင်း ၊ အမေ ချက် ထားသည့် ဟင်းတွေ အရက် နှင့် ခိုးမြည်း ကြကြောင်း လူကြီးတွေ ပြောတာ သာ ကြားဖူးသည် ။
ကျွန်တော် သိ တတ်သည့် အရွယ် မှာ အဖေ က ရုပ်ရှင်နယ်ဘက် ရောက် နေပြီ ။ ဦးလေးဆွေ တို့ နှင့်လည်း တစ်ခါတစ်ရံ မှ သာ တွေ့ဖြစ် တော့ သည် ။
တစ်ရက် တွင် တရုတ်ကပြားလိုလို လူကြီး တစ်ယောက် အိမ် ကို ရောက် လာသည် ။ အဖေ နှင့် တွေ့ တော့ တစ်ယောက် ကို တစ်ယောက် “ ဟဲ့ သေခြင်းဆိုး ” ၊ “ ဟေ့ မသာကောင် ” စသည် ဖြင့် နှုတ်ဆက် ကြသည် ။ စာရေးဆရာ သော်တာဆွေ ဆိုတာ သူ ပဲ ဟု သိ ရသောအခါ “ ဪ ... အမေ ချက်ထားတဲ့ ဟင်းတွေ အရက် နဲ့ ခိုးမြည်းတယ် ဆိုတာ ဒီ ဦးလေး ကြီးကိုး ” ဟု ပထမဆုံး အကြိမ် အသိအမှတ် ပြုရ၏ ။
အဖေ က သူ့ ကို ရုပ်ရှင် ထဲ မှာ တစ်ခန်း နှစ်ခန်းစ ထည့် ရိုက်ပြီး စမ်းသပ်သည် ။ နောက်တော့ ‘ ဖတ်စ်ကလပ် ’ ဆိုသော ဇာတ်ကား တွင် အဓိက ဇာတ်ဆောင် တစ်ဦး နေရာ မှာ ထည့်ပြီး ရိုက်သည် ။
ရုပ်ရှင် ရိုက်ရင်း ညနေ စောင်းသော အခါ ဦးလေးဆွေ က အရက် သောက်ချင် လာသည် ။ အဖေ့ ကို ပူဆာသည် ။ အဖေ က ...
“ နင့် အကြောင်း ငါ သိတယ် ၊ အရက် မူး လာရင် အလုပ် လုပ်လို့ ရမှာ မဟုတ်ဘူး ။ မတိုက်နိုင်ဘူး ”
ဆိုပြီး ငြင်းသည် ။ ဦးလေးဆွေ မှာ အရက်သမား တို့ ထုံးစံအတိုင်း အချိန် တန် လို့ မသောက်ရတော့ နေမထိ ထိုင်မသာ ဖြစ်ပြီး သရုပ်ဆောင် လို့ မရတော့ ။
နောက်ဆုံး အဖေ က လက် လျှော့ပြီး ရမ် တစ်ပုလင်း ဝယ် ပေး ရသည် ။
“ နည်းနည်းပဲ သောက် နော် သေခြင်းဆိုး ”
“ အေးပါဟ ၊ နင် တိုက်တဲ့ အရက် သောက် ရတာ အပင်း ဆို့ ရတာ ကျနေတာပဲ ”
ဟု တစ်ဦး နှင့် တစ်ဦး ပဋိသန္ဓာရ စကား ပြောပြီး ဦးလေးဆွေ က အရက်ကလေး သောက် လိုက် ၊ တစ်ခန်း ရိုက်လိုက် နှင့် တော်တော် အဆင် ပြေ နေသည် ။ အစပိုင်း မှာ အာသွက် လျှာသွက် ရှိရုံ ဖြစ်သော် လည်း ရေချိန် ကလေး လွန် လာသောအခါ ပြော ရမည့် စကားလုံး တွေ မေ့ လို မေ့ ၊ တလွဲ တွေ ပြော လို ပြော ၊ ဘယ်ဘက် ကြည့်ပါ ဆို ညာဘက် ကြည့် ဆိုတာမျိုးတွေ ဖြစ် လာပြီး
“ နင့် ကို ငါ အဲဒါကြောင့် အရက် မတိုက်ချင်တာ ၊ သောက်ကျင့် ကို မကောင်းဘူး ”
“ အမယ် ... ဟေ့ကောင် သာဓု ၊ ငါ က ရုပ်ရှင် ထဲ ပါ ပါရစေ ဆိုပြီး နင့် ဆီ လာ လျှောက်တာ မဟုတ်ဘူး ။ နင် က ခေါ်လို့ ငါ လာ ရိုက် ပေးရ တာ ။ စာ အရေး တောင် ပျက်သေး ၊ မရိုက်ချင် နေ ”
“ မရိုက်ဘူး ၊ နင့် လို အရက်သမား နဲ့ မရိုက်ဘူး ၊ ပြန်တော့ ”
စသည်ဖြင့် အော်ကြီး ဟစ်ကျယ် စကား များ ကြသည် ။ နောက် တော့ လည်း ထုံးစံအတိုင်း တစ်ယောက် လည်ပင်း တစ်ယောက် ဖက်ပြီး ဆက် ရိုက်ကြပြန်သည် ။ ထို ဇာတ်ကား ပြ ပြီးတော့ ဦးလေးဆွေ မှာ သရုပ် ဆောင် ကောင်းသည် ဟု နာမည် ထွက်ပြီး အကယ်ဒမီ ရ မလိုလို တောင် သတင်း ဖြစ်ခဲ့ သေးသည် ။
••••• ••••• •••••
ဦးလေးဆွေ နှင့် အတူ စာပေဟောပြောပွဲ သွားဖို့ ကြုံ လာသည် ။ မြစ်ဝကျွန်းပေါ် မြို့ တစ်မြို့ ကို သွား ရမည် ဖြစ်၏ ။ ဦးလေးဆွေ နှင့် တူတူ တစ်ခါ မှ ခရီး မထွက်ဖူးသေး ။ ကြားရသည့် သတင်းတွေ ကတော့ လန့် စရာပဲ ဖြစ်၏ ။ “ ဆရာသော်တာဆွေ က အရက် မူးရင် သွေး ဆိုးတယ် ၊ ပြဿနာ ရှာတတ်တယ် ” ဟု ပြော ကြသည် ။
မတတ်နိုင် ၊ သူ ဆိုးလည်း ခံလိုက်ရုံပဲ ။ အဖေ့ သူငယ်ချင်း စာရေး ဆရာ အဘိုးကြီး တစ်ယောက် ၏ ဒုက္ခ ကို ခံထိုက်သည် ဟု စိတ်နှလုံး တုံးတုံး ချပြီး လိုက် သွားခဲ့သည် ။
တကယ်တမ်း ကျတော့ ထင်ထား သလို မဟုတ် ။ ဘာမှ ပြဿနာ မရှိ ။ ဦးလေးဆွေ စိတ်ကောင်း ဝင် နေသော အချိန်မို့ ပဲ လား ။ အရင်က ပြဿနာ လုပ်တာ သူ့ စိတ် အခန့် မသင့်စရာ တွေ့ ခဲ့ရလို့ပဲလား မသိ ။ ကျွန်တော် နှင့် ကတော့ လုံးဝ အဆင် ချော နေသည် ။
ထမင်း စား ချိန် ရောက်တော့ တခြား ဟင်းတွေ အပြင် အထူးစပါယ် ရှယ် ငါးဟင်း တစ်ခွက် ပါသည် ။ အဆီ တဝင်းဝင်း နှင့် ဝမ်းပြင်းသား ကို မွှေးကြိုင်နေအောင် ချက် ထားခြင်း ဖြစ်၏ ။
ဦးလေးဆွေ က ငါးတစ်တုံး ကို ခပ် ကြည့်ပြီး ...
“ ဒါ ဘာငါးလဲ ဗျ ”
ဟု မေးသည် ။ နယ်ခံ ပုဂ္ဂိုလ် က …
“ ငါးမြင်း ထင်ပါရဲ့ ဆရာ ”
ဦးလေးဆွေ က တစ်ချက် စောင်းငဲ့ ကြည့်ပြီး
“ ဟင်း ... မြစ်ဝကျွန်းပေါ်သား တဲ့ ဗျာ ။ ငါးမြင်း နဲ့ ငါးတန်တောင် မခွဲတတ်ဘူးလား ။ ဟောဒီမှာ အရေခွံ မည်း နေတာ မတွေ့ဘူးလား ။ ဒါ ငါးတန် ပါ ဗျ ”
မြို့ခံပုဂ္ဂိုလ် မှာ ရယ်ကျဲကျဲ လုပ် နေ ရ၏ ။ ဦးလေးဆွေ မှာ ငါးအမျိုး အစား သာ မက အထီးအမ တောင် ခွဲခြားတတ်အောင် ကျွမ်းကျင်သူ ဖြစ် ၏ ။
ဦးလေးဆွေ မှာ ထမင်း မစားခင် အရက်ကလေး သောက်တတ်သူ ဖြစ်၏ ။ မြို့ခံပုဂ္ဂိုလ်များ က လည်း ဘရန်ဒီ တစ်ပုလင်း ဖြင့် ဧည့်ခံကြလေ သည် ။
ကျွန်တော် သည် အရက် ကို စွဲစွဲမက်မက် သောက်လေ့ ရှိသူ မဟုတ် ။ တစ်ခါတလေ ကြုံမှ တစ်ခွက်တလေ ဝင် သောက်တတ်သူ ဖြစ် ၏ ။ ဒီ ပွဲ မှာ တော့ ကိုယ် နှင့် သက်တူ ရွယ်တူ လည်း မပါသဖြင့် မသောက် တော့ပါဘူး ဟု စိတ်ကူး ထားသည် ။
ဦးလေးဆွေ သည် ပုလင်း ကို ဖွင့်ပြီး နောက်
“ ဟေ့ကောင် ... မင်း ကော သောက်ဦးမလား ”
ဟု မေးသည် ။ ကျွန်တော် က
“ ရပါတယ် ဦးလေး ၊ မသောက်တော့ပါဘူး ”
ဟု ပြောရာ
“ အောင်မယ် မင်း ခွက်ပုန်း ချတတ်တာ ငါ သိ ပါတယ်ကွ ။ အေး .. ထမင်း စား ကောင်းရုံပဲ သောက် ”
ဆိုပြီး တစ်ပက် သာသာ လောက် ထည့် ပေးသည် ။ ထမင်း စားကြသော အခါ မှာလည်း ...
“ ငါးဟင်း စားကြည့်ကွ ၊ ဒီလို လတ်လတ်ဆတ်ဆတ် က ဒီနေရာမျိုး မှာ မှ စား ရတာ ”
ဆိုပြီး ငါးတန်ဗိုက်သား ကို ထည့် ပေးသည် ။ ကျွန်တော် က အဆီပြင် နှင့် အရေခွံ ကို မကြိုက်သဖြင့် ဖယ်ထုတ်ပြီး အသားချည်း ရွေး စား သည် ။ ဒါကို ဦးလေးဆွေ က ကြည့်ပြီး ...
“ မင်း လည်း မင်း အဖေ သာဓု လို ပဲ ။ မင်းတို့ သားအဖတွေ ဟာ သောက်ကောင်း နဲ့ ကို မတန်ဘူး ”
သူ သည် အဖေ့ ကို ဘယ်လောက် ချစ်ကြောင်း ထိုအချက် ကို ကြည့် လျှင် သိသာသည် ။ အဖေ ဘယ်ဟာ ကြိုက်တတ်ပြီး ဘာကို မကြိုက်တတ် ကြောင်း ဂရုတစိုက် မှတ်ထား သော ကြောင့် ပင် ဖြစ်၏ ။
ညစာ ထမင်း စား ကြသော အခါတွင် မနက် က ဘရန်ဒီပုလင်း မှာ တစ်ဝက် လောက် သာ ကျန်တော့သည် ။ နယ်ခံပုဂ္ဂိုလ်များက တောင်းပန် သည် ။ ခုရက်ပိုင်း အတွင်း သူတို့ မြို့ မှာ အရက် တွေ ပြတ် နေကြောင်း ၊ ဒီ တစ်ပုလင်း တောင် အပြင်ဆိုင် က နောက်ဆုံး လက်ကျန် ကို ဝယ် ထား ရခြင်း ဖြစ်ကြောင်း ၊ ထပ် ဝယ်လို့ မရသဖြင့် အားနာကြောင်း ပြောကြသည် ။
ဦးလေးဆွေ က ..
“ နေစမ်းပါဦး ဗျာ ၊ ခင်ဗျား တို့မြို့ က သူတော်ကောင်းတွေ ချည်း ပဲ နေ တာလား ။ အရက် ဆို ဘာ အရက် မှ မရှိတော့ ဘူးလား ”
“ ချက်အရက်တွေ တော့ ရှိတာပေါ့ ဆရာ ရယ် ”
“ အဲဒါလည်း အရက် ပဲ ပေါ့ ဗျ ။ သော်တာဆွေ ပေါင်းတည်သား ကိုယ်တိုင် အရက် ချက် သောက်ခဲ့တဲ့ ကောင် ၊ ဘာ အရက် ဖြစ်ဖြစ် သောက် တယ် ”
ဟု ဆိုသဖြင့် ချက်အရက် ( တောအရက် ) တစ်ပုံး သွား ယူ လာပေး ကြသည် ။ လေးပုလင်းလောက် ဝင် မည့် ပလတ်စတစ်ပုံးကလေး ဖြစ်၏ ။ ဦးလေးဆွေ က ပုလင်း ထဲ က လက်ကျန် အိုးဘရန်ဒီ ကို ချက်အရက် ပုံး ထဲ လောင်း ထည့်ပြီး အနည်းငယ် လှုပ်သည် ။ ဖန်ခွက် ထဲ နည်းနည်း ထည့်ပြီး
“ ဟေ့ကောင် မြည်း ကြည့်စမ်း ”
နည်းနည်း ငုံ ကြည့်တော့ တကယ့် ဝီစကီ အတိုင်း ပဲ ။ အလွန် သောက်လို့ ကောင်း သည် ။ ဝီစကီ သိပ် မကြိုက်တတ်သော ကျွန်တော် ပင် သဘော ကျသွားသည် ။
ည ဘက် ကျတော့ အိပ်ခန်း ထဲမှာ သူ နှင့် ကျွန်တော် နှစ်ယောက် တည်း သောက် ဖြစ်ကြသည် ။ ကျွန်တော် က တော့ သူ အဖော် ရအောင် နည်းနည်း ဝင် သောက် ပေးခြင်း ဖြစ်၏ ။
“ စာရေးဆရာ ဆိုတာ ကြွားကြွားဝါဝါ မနေရဘူး ကွ ။ တတ်နိုင် သမျှ ရိုးရိုးကုပ်ကုပ် နေရတယ် ။ စကား သိပ် မပြောရဘူး ၊ စာ များများ ရေးရတယ် ”
ဟု ဆုံးမ စကား ဆိုသည် ။
••••• ••••• •••••
ဦးလေးဆွေ က ဒံပေါက်ထမင်း နှင့် အခေါက်ကင် စား ချင်သည် ဟု ဆိုသဖြင့် ကိုသုမောင် နှင့် ကျွန်တော် အင်းစိန် ၊ ဘိုကုန်း ရှိ သူ့ အိမ် သို့ သွား ကြသည် ။ သူ စားချင် တာ ကလည်း ကုလားစာ ဒံပေါက် နှင့် တရုတ်စာ အခေါက်ကင် တဲ့ ။ ဘယ်လိုအတွဲအစပ် လဲ မသိ ။ အသက် ကြီး လာတော့ စိတ်ကူး တည့် ရာကလေးတွေ စား ချင်သည့် သဘော ဖြစ်လိမ့် မည် ။ ကျွန်တော်တို့ က ပိုပိုလိုလို ဆိုပြီး ဘဲကင် ပါ ဝယ် သွားလိုက်သည် ။ စပါယ်ရှယ် ဘရန်ဒီ က တစ်ပုလင်း ။
ကျွန်တော်တို့ ရောက် သွားတော့ ဦးလေး က အရက်ဖြူ တစ်ပုလင်း ကို ဖွင့်ပြီး သောက်လက်စ ဖြစ်၏ ။ ကျွန်တော်တို့ ကန်တော့ သည့် ဘရန်ဒီ ကို တော့ နောက် ရက် မှ သောက်မည် ဆိုပြီး သိမ်း ထား လိုက်သည် ။
ထိုစဉ်က အန်တီမေ မှာ လေဖြတ်ပြီး အိပ်ရာ ထဲ လဲနေသည် ။ သူတို့ အဘိုးကြီး ၊ အဘွားကြီး လင်မယား နှစ်ယောက် ကို ကြည့်ပြီး ဦးလေးဆွေ ရေးခဲ့ဖူးသည့် ကဗျာ တစ်ပုဒ်ထဲ က
“ မုဆိုးဖို မုဆိုးမရယ်လို့
မရချင် ရချင်ပဲငယ်နဲ့
လုရတဲ့ပွဲ ”
ဆိုသော အဆုံးပိုဒ် ကလေး ကို သတိ ရ လိုက်မိ၏ ။
••••• ••••• •••••
ဦးလေးဆွေ က အဖေ့ ကို စာကလေး မီး ကင် ထားတာ နှင့် တူသည် ဟု နောက်ပြောင် လေ့ ရှိ၏ ။ ကိုဝဏ္ဏ ကို ကျတော့ မျောက် ကို ပြာ သုတ်ပြီး အမွေး နုတ် ထားတဲ့ အတိုင်းပဲ ဟု တင်စားသည် ။ ကျွန်တော့် ကို ကျ တော့ ခွေး ပစ်တဲ့ တုတ် ဟု ဆိုသည် ။
သူ က အဖေ့ ကို တစ်ခု တော့ အားကျ ဟန် တူ၏ ။ ကျွန်တော်တို့ ညီအစ်ကို တစ်တွေ မှာ အဖေ့ ခြေရာ နင်းပြီး ရုပ်ရှင်သမား ၊ စာပေသမား တွေ ဖြစ် လာသော ကြောင့် ဖြစ်၏ ။ ဦးလေးဆွေ ကတော့ သူ ကိုယ်တိုင် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားသည့် စာရေးဆရာကြီး ဖြစ် ခဲ့သော်လည်း သူ့ သားသမီးတွေ ထဲ က တစ်ယောက် မှ စာရေးဆရာ ဖြစ် မလာခဲ့ ။
ထို့အတူ ကျွန်တော် တို့ ညီအစ်ကိုတွေ က လည်း ဦးလေးဆွေ ကို အားကျခဲ့ဟန် တူသည် ။ အကြောင်း မှာ အဖေ က အရက် ကို အလွန် မုန်း သော် လည်း သားတွေ ထဲ က အများစု မှာ အရက် ကြိုက်တတ်သူတွေ ဖြစ် နေကြသော ကြောင့် ပင် ။ ကျွန်တော် သည် လည်း ဟာသဝတ္ထု တွေ ရေး တတ်ခြင်း မှာ သူ့ ကို အားကျသော ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်လေသည် ။
တကယ်တော့ လည်း ဟာသဝတ္ထု ရေး နေကြသော လူငယ် ၊ လူလတ်ပိုင်း စာရေးဆရာများ မှာ သော်တာဆွေ ၏ ကိတ္တိမ မျိုးဆက်သစ် များ ဟု ဆိုနိုင်သည် မဟုတ်လား ။
◾မင်းလူ
📖 သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment