Sunday, March 12, 2023

ပင်မြက် မြေဇာ


 

❝ ပင်မြက် မြေဇာ ❞

လူပျိုကြီး ကိုမြဟန် ၊ သို့မဟုတ် ငွေကိုင်စာ ရေးကြီး ကိုမြဟန် သည် လူ့လောကရေးရာ များ ၌ ဝါ မရင့်သေးမီ လူပျိုပေါက်စ အရွယ် မရောက် တရောက် အချိန်အခါ လောက် တုန်းက အခြား လူပျိုကြီး တစ်ဦး က တစ်ဖက် ၊ အပျို မကြီး တကြီး ၊ အပျို လတ်လတ် ၊ အပျို ခပ်ရွယ်ရွယ် တို့ ပါဝင်သော မိန်းမထု တို့ က တစ်ဖက် စစ်ခင်းကြသည့် အကြား ဝယ် မြေဇာပင် အဖြစ် သို့ ရောက်ခဲ့ဖူးသည့် အကြောင်း ကို သူ ၏ ရင်းနှီးသော မိတ်ဆွေများ ကြားသိရသော အခါ ကမ္ဘာကျော် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ဂျိုး လူးဝစ် ငယ်စဉ်က ဘိန်းစား တစ်ယောက် ၏ အ လဲ ထိုးခြင်း ခံရသည် ဟူသော အဖြစ်အပျက် ထက်ပင် ထူးဆန်းသည် ဟု ထင်လိုက်မိကြလေသည် ။

“ အဲဒီတုန်းက ကျွန်တော် ရှက်လိုက်တဲ့ အရှက်များ ဗျာ .. ပြော ကို မပြောချင်တော့ပါဘူး ။ အခန်း ထဲ က အပြင် မထွက်ဘဲ ခြောက်ရက် တိတိ အိမ်တွင်းအောင်း နေခဲ့မိတယ် ”

“ ဟာ ခင်ဗျား ဟာ က ယုံတမ်းကြီး များ လား ဗျာ ”

မေးမည် ဆိုလည်း မေးလောက်စရာ ပင် ဖြစ် ပါသည် ။ အဘယ်ကြောင့် ဆိုသော် သူတို့ သိ ထားသော ကိုမြဟန် မှာ မိန်းမ ကိစ္စ နှင့် ပတ်သက်လျှင် မသိတာ မရှိသော ကိုမြဟန် ၊ မိန်းမ ပေါင်း တစ်ထောင် ကျော် ထက် မနည်း ရင်းရင်းနှီးနှီး တွေ့ခဲ့ဖူးသည့် ကိုမြဟန် ၊ ဆန့်ကျင်ဘက် လိင် နှင့် စပ်လျဉ်းသည့်
အဘိဓမ္မာများ ၌ ပါရဂူ ဟု ခေါ်ဆိုလောက် အောင် ကျွမ်းကျင် သည့် ကိုမြဟန် သာ ဖြစ်နေသောကြောင့် ဟု ဆိုရပါမည် ။

“ ဟာ ... ဘယ်က ယုံတမ်းရ မှာ လဲဗျာ .. တကယ့် အဖြစ်အပျက်ပါ ... ၊ အခု မဟုတ်ပါဘူး ၊ ဟိုတုန်းက ပါ လို့ ဆိုနေ .. နောက်ပြီးတော့ ခင်ဗျားတို့ ကို ကျွန်တော် တစ်ခါ ပြောဖူးတယ် မှုတ်လား .. ၊ ငယ်ငယ်တုန်း က ကျွန်တော် ဟာ ဘယ်လောက် ရိုးတယ် .. အ , တယ် ဆိုတာ .. အဲဒီ အဖြစ်အပျက် ဖြစ်တဲ့ အခါတုန်း က ဆိုရင် ရန်ကုန် တောင် ကျောင်း ပိတ်တဲ့ အခါတွေ ကျ မှ အဒေါ်တွေ နဲ့ လာ နေရတာ ဖြစ်လေတော့ ... တကယ့် လူ သူတော်ကောင်းကလေး ဘဝ နဲ့ ပဲ ရှိပါ သေးတယ် ။ ခင်ဗျားတို့ က လည်း ဗျာ ... ကျုပ် ကို ဒီလောက်ပဲ အထင် သေးရသလား .. ဟဲ .. ဟဲ ... ဟက် ...”

သူ ခါတိုင်း ရယ် သကဲ့သို့ အသံသြသြကြီး ဖြင့် အားရပါးရ ရယ်နေတော့သည့် အတွက် သူ ၏ မိတ်ဆွေ များ မှာ “ အင်းလေ ... ဒါတော့လည်း ဟုတ်တန်ကောင်းရဲ့”

ဟူသော သဘော နှင့် ခေါင်း တညိတ်ညိတ် လုပ် နေလိုက်ကြရတော့ လေသည် ။

ဟုတ်ပါသည် ။ ကိုမြဟန် သည် တစ်ခါတုန်း က သူတို့ အား သူ ငယ်စဉ်တုန်းက ယခု ကဲ့သို့ မြာ ပွေသော သူ တစ်ယောက် မဟုတ်ပုံ ၊ ကောလိပ် ရောက်သည် အထိ အဘယ်မျှ ရိုးသားပုံ ၊ ထိုမျှ မက ကောလိပ်ကျောင်းသား ဘဝ မှာ ပင် အငြိမ့်မင်းသမီး တစ်ဦး က သူ ၏ ရိုးသားသော အချစ် ကို အလွဲသုံးစား လုပ်သွားပုံများ နှင့် တကွ ထို က မှ မိန်းမတွေ အပေါ် စိတ် နာပြီး သူ ၏ သဘောထား ပြောင်းလဲ ကာ စိတ်နာနာ ဖြင့် ပွေ ခဲ့ပုံ ရာဇဝင် တို့ ကို ပြောပြပြီး ဖြစ်လေရာ သူတို့ သိပြီး ဖြစ်ကြ၏ ။

“ ဪ .. ဟုတ်တယ် ၊ ခင်ဗျား တစ်ခါတုန်း က ပြောဖူးသားပဲ ။ ငယ်ငယ်တုန်း က ရိုးတယ် ဆိုတဲ့ အကြောင်း မေ့သွားလို့ ပါဗျာ .. ဆောရီး .. ဒါကြောင့် ခင်ဗျား ကို အထင်သေး မိတာပါ ။ ဟဲ ... ဟဲ ဗွေမယူပါနဲ့ ။ ကဲ ... ဒါဖြင့် အဲဒီ ခင်ဗျား မပြောချင်ပါဘူး ဆိုတဲ့ အဖြစ်အပျက်ကလေး ပြောပြစမ်းပါအုံး ။ နားထောင်ရအောင် ထုံးစံ အတိုင်း အာ ခြောက်နေလို့ မပြောတတ်ဘူး ဆိုရင် လည်း ဒကာ ခံပါ့မယ် ”

သူတို့ အထဲ မှ စာရေးကြီး တစ်ဦးက ကိုမြဟန် အား တရား တောင်း လိုက် လေသည်  ။ ဘယ် အခါ မဆို ကိုမြဟန် သည် ထိုကဲ့သို့ ယောက်ျား ချင်းချင်း ဆုံမိတတ်သည့် အခါ မိန်းမ အကြောင်း တို့ ကို ပြောဆိုကြရာ ၌ သူ၏ တကယ့် အဖြစ်အပျက် အတွေ့အကြုံများ ကို တ စ်ခါတစ်ရံ အရင်း အတိုင်း ၊ တစ်ခါတစ်ရံ အကွန့်အတွန့်ကလေး ဖြင့် ဖောက်သည် ချလေ့ ရှိသည် တွင် အာ ခြောက် လျှင် အာဝဇ္ဇန်း မရွှင်တတ် သော ညာဉ်ကလေး ရှိသည့်အတိုင်း သူ ၏ မိတ် ဆွေများ က သူ အာဝဇ္ဇန်း ကောင်းစေရန် သုရာရည် ကို ဒကာ ခံကြရလေသည် ။ ထို့ကြောင့် ယခုလည်း ကိုမြဟန် အား ထုံးစံ အတိုင်း ပြော လိုက်လေသည် တွင်

“ ဟာ ... မလိုပါဘူးဗျာ ၊ အခုတလော နေပူ လွန်းလို့ ချွေးထွက်လွန်း အားကြီးလို့ ပဲလား မသိ ဘူး ။ သောက်ချင်စိတ် တယ် မဖြစ်လှဘူး ၊ စီးကရက် တစ်ဘူး လောက် ဆိုရင် တော်ပါပြီ ”

ဟု ကိုမြဟန် က သူ ကြိုက်တတ်သော ဘောဇဉ် ကို ထိုနေ့ အဖို့ ထူးထူးခြားခြား ငြင်းဆို လိုက်ရာ ...

“ ဟာ ... ကိုယ့် ဆရာ ဒီတစ်ခါ ထူးထူးခြားခြား ငြင်းလိုက်ပါကလား ... ”

( ၂ )

“ ကျွန်တော် အသက် ဆယ့်သုံးနှစ် ၊ ဆယ့်လေးနှစ် လောက် တုန်းက ကျွန်တော်တို့ ကျောင်းပိတ်တဲ့ အခါမှာ ရန်ကုန် က အဒေါ်များ ဆီ လာ လာ ပြီး နေလေ့ ရှိတယ်ဗျ ... ”

ကိုမြဟန် သည် စီးကရက် တစ်လိပ် ကို မီးညှိ သောက် လိုက်ပြီး မီးခိုးလုံးများ ကို အခွေလိုက် ၊ အခွေလိုက် တက် သွားအောင် မှုတ်ထုတ် လိုက် ရင်း သူ ၏ ဇာတ်လမ်း ကို အစ ပျိုး လိုက်ပါသည် ။ သူ၏ မိတ်ဆွေများ မှာ လည်း သူ့ ဘက် သို့ အာရုံ လှည့် လိုက်ကြလေသည် ။

“ အဲဒီတုန်းက ကျွန်တော် မှတ်မိတယ် .. ။ ကျွန်တော့် အဒေါ်များ နေတာ က လေးဆယ့်နှစ်လမ်း ၊ တိုက်နံပါတ် တော့ မေ့နေပါပြီ ဗျာ ။ သုံးထပ်တိုက် အလယ်ထပ် တစ်ထပ် မှာ အဲဒီဘက် က လမ်းတွေ ဟာ ခင်ဗျားတို့ လည်း ရောက်ဖူး မှာ ပေါ့ ။ ရန်ကုန်မြို့ က လမ်းတွေ ထဲ မှာ တော်တော့် ကို ကျဉ်းတဲ့ လမ်းတွေ ဗျ ။ တစ်အိမ် နဲ့ တစ်အိမ် လမ်း သာ ခြားနား ပေတဲ့ ဘာမှ ကွာလှမ်း လှတာ မှုတ်ဖူး ။ တစ်အိမ် ကို တစ်အိမ် လှမ်း ကြည့် ရင် ဘာမဆို မြင်နေကြရတယ် .. ”

“ ဟုတ်တယ် ဗျို့  ... ဟုတ်တယ် ... အဲဒီ ဖက် က လမ်းတွေ ဟာ တော်တော်ပဲ ကျဉ်းတယ် .. ”

“ အဲ ... အဲ ဒီတော့ ကျွန်တော်တို့ အခန်း နဲ့ မျက်နှာချင်းဆိုင် အခန်း တစ်ခန်း မှာ လည်း ဘယ် သူတွေ နေသလဲ ဆိုတော့ မိန်းမတွေချည်း တစ်သိုက် စု နေကြတယ် ဗျ ။ အဲဒီ ထဲ မှာ အပျိုကြီး .... အပျိုကလေး အပျိုရွယ်ရွယ် တော်တော့် ကို “ အထရက်ရှင် ” ဖြစ်တယ်ဗျို့ ဟဲ ... ဟဲ ...”

ကိုမြဟန် သည် သူ့ ဘာသာ သူ ပြောပြီး သဘောကျ သကဲ့သို့ ရယ် နေလေရာ  ..

“ ဒါဖြင့် ခင်ဗျား အဖို့ အံကိုက် ဖြစ်နေမှာ ပေါ့ ... ။ ပွဲတော်ကြီး နဲ့ တွေ့နေရတယ် မှုတ်လား ... ”

ဟု တစ်ယောက် က ထင်မြင်ချက် ပေး လိုက် လေသည် တွင် ကိုမြဟန် က ခေါင်းကြီး ကို တွင်တွင် ရမ်းကာ ..

“ ဟာ ... ဘယ်ဟုတ်ရမလဲဗျ ။ အဲဒီတုန်းက ကျွန်တော် က လည်း ဆယ့်သုံးနှစ် ၊ ဆယ့်လေးနှစ် ဆိုမှ ပဲ ။ နောက်ပြီး ကျွန်တော် ငယ်ငယ် တုန်း က သိပ် ရိုး သိပ် ရှက်တတ်တယ် လို့ ကျွန်တော် ပြောဖူးတယ် မှုတ်လား .... ဒီတော့ သူတို့ ဘက် ကို ရဲရဲတောင် ကြည့်ရဲတာ မှုတ်ဖူး ၊ အဟီး ... ဟီး .. ”

“ ဒါပေမဲ့ ခင်ဗျား အဲဒီတုန်း ကတည်း က စိတ်ထဲ က တော့ ကောင်းကောင်း ကြီး ပြစ်မှားတတ် နေရောပေါ့ ဗျာ ... ဟဲ ... ဟဲ .. ”

တစ်ယောက် က ထိုသို့ ကိုမြဟန် အား နောက်လိုက်ရာ သူ သည် ရှက်သွေးနီကလေး မျက်နှာ ပေါ် တွင် ရုတ်တရက် သန်း သွားရင်း ...

“ ဒါတော့ ကိုယ်ချင်းစာ ကြည့်ပေါ့ ဗျာ ဟဲ .. ဟဲ ”

ဟု သွယ်ဝိုက်ကာ ဝန်ခံပြီး နောက် ...

“ အဲဒီအခါတုန်း က ကျွန်တော်တို့ အိမ် မှာ ဘယ်သူ ရှိသလဲ ဆိုတာ ပြောရဦးမယ် ။ ကျွန်တော့် ဒေါ်ဒေါ် နဲ့ ဦးလေး တို့ လင်မယား အပြင် ဦးလေး ဘက် က ဆွေမျိုးနီးစပ် တော်တဲ့ ကိုဖိုးရ ဆို တဲ့ လူပျိုကြီး တစ်ယောက် ရယ် ၊ ထမင်း ချက်တဲ့ ကိုအုန်း ဆိုတာ ရယ် ရှိတယ်ဗျ ။ ကျွန်တော် လာ တဲ့ အခါ ကျွန်တော် ပါ ပေါ့ ဗျာ ။ အဲဒီတော့ အိမ် မှာ မိန်းမ ဆိုလို့ ကျွန်တော့် အဒေါ် တစ်ယောက် ပဲ ရှိပြီး အားလုံး ယောက်ျားတွေ ချည်း ဖြစ်နေ
တာပေါ့ ။ နေ့ခင်း ကျွန်တော့် အဒေါ် က ဆိုင် သွား ထွက်နေတဲ့ အခါ ယောက်ျားတွေ ချည်း လိုလို ကျန်နေ ခဲ့တယ် ။ ဦးလေး က တော့ နေ့ခင်း ရုံးသွားပေါ့ လေ .. ”

“ ဒါဖြင့် အဲဒီ အထဲ မှာ ပဲ ဇာတ်လိုက် ရွေးရတော့ မှာ ပေါ့ လေ .. ခင်ဗျား လည်း မဟုတ်ဖူး ဆို တော့ ဘယ်သူများ ဖြစ်မလဲ .. ”

ဟု စာရေးကြီး တစ်ယောက် က ဝင်၍ သောပြန်သည် တွင် ..

“ ဘယ်က ဇာတ်လိုက်တွေ ဘာတွေ ရှိရမှာ လဲဗျ ။ မပါပါဘူး .. နားထောင်စမ်းပါဦး ”

ကိုမြဟန် သည် ရှေ့သို့ ဆက်ရန် စဉ်းစားရင်း စီးကရက် ကို အားရပါးရ ဖွာနေ ပြန်သည် ။ ပြီးနောက်မှ ဆက်၍  ...

“ မိန်းမတွေ ဟာ စဉ်းစား ကြည့်ရင် တော်တော် သောင်းကျန်းတာပဲ ဗျာ ... သူတို့ အသိုက် ထဲ ရောက်သွားတဲ့ ယောက်ျား ဆိုရင် မသက်သာ ဘူး ။ တော်ရုံတန်ရုံ ယောက်ျား များ ဆိုရင် အရူးလုံးလုံး ဖြစ်မှာ .. ”

ထိုသို့ ထူးဆန်းသည့် မှတ်ချက် တစ်ခု ကို ချ နေသည် တွင် နားထောင် နေကြသူ စာရေးကြီးများ မှာ မည်ကဲ့သို့သော ဇာတ်လမ်းမျိုး ပေ နည်း ဟု ရင်တောင် မှ ပင် ဖိုမိ သွားကြလေသည် ။ ထို့ကြောင့် တစ်ဦး သော စာရေးကြီး က

“ ဟာ ... ရူးချင် ရူးသွား ပါစေဗျာ ... ။ ခဏ ဖြစ်ဖြစ် လောက်တော့ ရောက်လိုက်ချင်ပါရဲ့ ”

ဟု အားရပါးရ ပြောလိုက်မိလေသော ကြောင့် ကိုမြဟန် က ဟက်ဟက်ပက်ပက် ရယ်မော ကာ ...

“ အောင်မယ်လေးဗျာ ၊ ကိုယ့် ဆရာ က လည်း ဘာတွေများ ချော်တော ငေါ့ပြီး အတွေး နက် နေပြန်လည်း မသိဘူး ။ ဒီလောက် အထိ လည်း မှုတ်သေးပါဘူး ဆရာကြီး ရဲ့  ဟဲ ..... ဟဲ ... ”

“ မသိဘူးလေဗျာ ... ခင်ဗျား ဟာ က ဘာလိုလို နဲ့ ကိုး ”

“ ကျွန်တော် ပြောတာကို ဆုံးအောင် မှ နား မထောင်သေးပဲ အရမ်း စိတ်ကူးယဉ် ပစ်လိုက် တာကိုး ဗျ ။ ကျွန်တော် ဆိုလိုတာ က ယောက်ျား အင်အားထု က နည်းပြီး မိန်းမ အင်အားထု က များ လာပြီ ဆိုရင် သူတို့ တစ်တွေ က နောက် တာ ၊ ပြောင်တာ ၊ စ,တာ က ယောက်ျားကလေး တွေ ထက် တောင် သောင်းကျန်းသေးတယ် လို့ ဆိုတာပါ ဗျ .. ”

“ ဪ .. ဒီလိုလား ၊ ဒါဖြင့် ဆက်ပါဦးဗျာ ခင်ဗျား ဇာတ်လမ်း ကို ... ”

“ အဲဒီလို ကျွန်တော် တို့ အိမ် မှာ က ... ယောက်ျားချည့် သုံးယောက် တည်း ... သူတို့ က မိန်းမတွေ တစ်ပုံကြီး ဆိုတော့ ကျွန်တော်တို့ တစ်တွေ ကို သူတို့ က မောင်ချင်း မစာမနာ နောက်ချင်တိုင်း နောက် ၊ ပြောင်ချင်တိုင်း ပြောင် နေ တာ ပေါ့ဗျာ .. ဟဲ .. ဟဲ ၊ အဲဒီ ထဲ မှာ ဦးလေး ကိုဖိုးရ ဆိုတဲ့ လူပျိုကြီး က လည်း သိပ် လူအေးကြီး တစ်ယောက် မဟုတ်တောင် ကျွန်တော် တို့ အဒေါ် ကို သိပ် ကြောက် ရတော့ အမြဲတမ်း ကုပ် နေရတယ် ဗျ ။ ကိုအုန်း ဆိုတဲ့ ထမင်းချက် ကလည်း အညာသား ၊ ကြောက်တတ် လိုက်တာ လွန် ရော ။ ကျွန်တော် က လည်း အဲဒီတုန်း က ဘုရားလောင်းကလေး လို နေတာလား ။ အကယ်၍ သာ အခုနေ အတိုင်း ဆိုရင်တော့ လည်း ဟဲ ... ဟဲ ...”

“ ဒါပေတဲ့ ကျွန်တော့် အဖို့ တော့ သိပ် မကောင်းတာပါဘူး ။ ချာတိတ် ဆိုတော့ သူတို့ က ဂရုစိုက်ပုံ မပေါ်ဘူး ။ ကျွန်တော် က လည်း သူတို့ တစ် တွေ အခန်းဘက် ကို ရဲရဲတောင် မကြည့်ဝံ့ဘူး ။ တစ်ခါတလေ နည်းနည်းပါးပါး သာ ခိုးခိုး ကြည့် တာ ကိုး ။ ကိုအုန်း ကို တော့ လည်း ထမင်းချက် ဆိုတော့ ဒီလောက် မဟုတ်လှဘူး ။ အဲ ... အခံရဆုံး ကတော့ ဦးလေး ကိုဖိုးရကြီး ဖြစ်နေတယ်ဗျ ။ သူ့ ကို ဆိုရင် အဲဒီ ငတိမတွေ က ချောင်း သံ ပေးလိုက် ၊ ကိုးဖိုးရကြီး က သူတို့ ဖက် လှည့် ကြည့်ရင် လျှာ ထုတ် ပြလိုက် ၊ တခိခိ တခွတ်ခွတ် နဲ့ ရယ်လိုက်ကြပေါ့ ဗျာ ... ”

“ ဒါတောင်မှ ဦးလေး ကိုဖိုးရကြီး က သိပ် အညံ့စားတော့ မဟုတ်သေးဘူးဗျ ။ တစ်ခါတလေ ပြန်ပြီး အညံ့မခံ တဲ့ သဘော နဲ့ အရွဲ့ တိုက်လား ၊ ဘာလားလုပ်သေးတယ် ။ ဒါပေမဲ့ တစ်ခါတစ်ခါ ကျွန်တော်တို့ အဒေါ် က ရှိ နေ တော့ ငြိမ်ခံ နေရ ရှာတယ် ..”

“ အဲဒီလိုနဲ့ ငနဲမတွေ ရဲ့ လုပ်ပုံတွေ ဟာ အ တော်ကလေး သောင်းကျန်းလာပါလေရောဗျ ။ ဘယ်လိုလည်း ဆိုရင် ဟိုဖက် အခန်း က နေပြီး ကိုဖိုးရ မုတ်ဆိတ်ရိတ် တဲ့ ဟန်တွေ ၊ နှုတ်ခမ်း မွေး နုတ်တဲ့ ဟန်တွေ ကို အကုန်လုံး လိုက်ပြောင်ပြီး တဝါးဝါး တဟားဟား နဲ့ လုပ်နေကြတယ် ။ အဲဒီတော့ သိပ် မထိခိုက်လှပေတဲ့ အောင့်သက်သက် နဲ့ အတော် ခံရ ခက်နေရှာတယ် ဗျ ။ ဒါတောင် သူတို့ ရှက်လောက် အောင် အရွဲ့ တိုက်ပြီး ချိုင်းမွှေး နုတ်ပြ လိုက် သေးတယ် ။ ဒါ လည်း ပဲ မရပါဘူး ။ သူတို့ က ဂရု မစိုက်တဲ့ သဘောနဲ့ လိုက် ပြောင်သေးတာပဲ ... ”

“ ဟာ ... ဒီလောက်တောင် ပဲ လား ဗျာ ။ ကျွန်တော် သာ ဆိုရင် ဘာပဲ ဖြစ်ဖြစ် .. ”

“ ဟာ .... ဒီလို အကြမ်းနည်း မျိုး နဲ့ တော့ ဘယ် ကောင်း မလဲဗျ ။ ဘာလဲဆိုတော့ ခေတ်ဆန် တဲ့ အမျိုးသမီးတွေ တောင် ဒီလို ယောက်ျားတွေ က ပြောင် တဲ့ အခါ စပို့စမင်း စပိရစ် ကို ပြရသေး တဲ့ ဟာ ၊ ယောက်ျားတွေ က ဆို သာပြီး သဘော ထား ကြီးဖို့ ကောင်းတယ် မှုတ်လား ။ နောက်ပြီး သူတို့ က လည်း တကယ့် စေတနာဆိုး နဲ့ မှ မဟုတ်ကြဘဲ က လား ။ ဒီလိုပဲ ပျော်စေ ပြက်စေ ဆိုပြီး လုပ် နေကြတာ ကိုး ။ ဒီတော့ .. ”

“ ရက်စ် ဟုတ်တယ်ဗျို့  ... ခင်ဗျား ပြောတာ ”

“ ဒါပေတဲ့ နားထောင်ဦး လေ ... ကျုပ်တို့ ဦး လေး ကိုဖိုးရကြီး တန်ပြန် လိုက်တာဟာ ဘယ် လောက် ယဉ်သလဲ လို့ ။ အဲ့ဒါနဲ့ တနင်္ဂနွေ တစ်နေ့ မှာ ဦးလေး နဲ့ ဒေါ်ဒေါ် တို့ အပြင် ထွက်နေကြ တုန်း ကျွန်တော်တို့ ချည်း ရှိတဲ့ အခါမှာ သူတို့ ကလည်း အလုပ် အားတဲ့ နေ့ မို့လို့ လား မသိ ဘူး ။ ဘယ်မှ မသွားကြဘဲ အပေါက်ဝ ထွက်ပြီး စကား ပြော နေကြတာပေါ့လေ ။ ဒါနဲ့ ကျွန်တော် တို့ ဆိုတာ အခန်းအောင်း နေတယ် ။ ဟဲ ... ဟဲ ... ”

“ ဪ .. ကျုပ်တို့ ကိုမြဟန်ကြီး တောင် မှ တစ်ခါတုန်း က ဒီလောက်ပဲ ခံလိုက်ရသကိုး ... ”

“ ဟာ ... ဒီလောက် ဘယ် က မလဲဗျာ ... နား ထောင်ဦး ... နားထောင်ဦး ။ အဲဒီနေ့ မှာ ဦးလေး ကိုဖိုးရကြီး ကတော့ ဘယ်လို အကြံ နဲ့ မသိဘူး ။ ဂရု မစိုက်တဲ့ သဘော နဲ့ ခပ်အေးအေးပဲ အပြင် ထွက်ပြီး စာ ဖတ် နေတယ်ဗျ ။ ဟိုဖက် က လည်း သူ့ ဖက် တစ်ခါတစ်ခါ လှည့် လှည့်ပြီး နောက်နေကြရက်ပဲ .. ”

“ အဲဒီလို က ကိုဖိုးရကြီး ဟာ ရုတ်တရက် နေရာ က ထပြီး ဟို ဟာ လုပ် ဒီ ဟာ လုပ် နဲ့ သူ့ ဖာသာ သူ အလုပ်ရှုပ် နေ လိုက်ပြီး ကျွန်တော့် ကို လှမ်း ခေါ်လိုက်တာ ကိုး ။ ဒါနဲ့ ကျွန်တော် က လည်း မထွက်ချင် ထွက်ချင် နဲ့ ထွက်လာရတာပေါ့ ။ သူ ကတော့ ဘာမှ အရေး မကြီး သလို မှင်သေသေ နဲ့ ပဲ ကျွန်တော့် ကို သူ့ လက် ထဲ က ဓာတ်ပုံ တစ်ခု ပေးပြီး “ မောင်မြဟန် ရေ ... ဦးလေး ကို ဒီ ဓာတ်ပုံကလေး ဟောဟို ဘုရားစင် အောက် မှာ ချိတ် ပေးစမ်းပါကွာ ... ဦးလေး အောက် က လှမ်း ပေးမယ် ဆိုပြီး ခိုင်းတာ ကိုး ... ”

“ ဒါနဲ့ ကျွန်တော် တောင် မှ အိမ်ရှေ့ ထွက်လာ ရတာ ကို မေ့ပြီး သူ့ အလုပ်ထဲ စိတ်ဝင်စား သွားမိ တယ် ။ ဓာတ်ပုံ ချိတ်ရ မှာ က အိမ်ရှေ့ခန်း ဆို တော့ ဟိုဟာမတွေ ဆီ က အတိုင်းသား မြင်ရ တယ် ။ ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော် သိပ် ကြောင်လှတယ် မထင်ဘူး ။ ဘာဖြစ်လို့ လည်း ဆို တော့ အလုပ်နဲ့ ကိုး ”

“ အဲဒီတော့ ကျွန်တော် က အသာကလေး ခွေးခြေ တစ်ခု ယူပြီး ဓာတ်ပုံ ချိတ်ရမယ့် နေရာ အောက် မှာ ခွေးခြေ ပေါ် တက် မတ်တပ် ရပ် လိုက်တယ် ။ အဲဒီလို မတက်မီ မသိမသာ အိမ် ရှေ့ ကို လှမ်း ကြည့်လိုက်သေးတယ်ဗျ ။ သူတို့ တစ် တွေဟာ ကျွန်တော့် ဘက် ကို အာရုံ စိုက် နေကြပုံ ပဲ ။ ကိုဖိုးရ က တော့ ဘာမှ သိပ် ဂရုစိုက်လှပုံ မရ ဘဲ နဲ့ ခပ်အေးအေးပဲ ကျွန်တော့် ကို အောက် က ဓာတ်ပုံ လှမ်း ပေးလိုက်တယ် ။ ဒါနဲ့ ကျွန်တော် က အသာ ယူပြီး ချိတ် ပေါ် မှာ ကျကျနန လည်း ချိတ်ပြီး ရော ... ”

ကိုမြဟန် သည် ထိုသို့ ပြော နေရာ မှ ခဏ ရပ် နေ လိုက်လေသည် ။

“ ဘာလဲဗျ ဘာဖြစ်သွားလဲ ပြောစမ်းပါ ... ”

သူ ၏ မိတ်ဆွေများ က မစောင့်နိုင် သဖြင့် မေး လိုက် ကြလေသည် ။

“ တော်တော် ဆိုးတဲ့ ဦးလေး ကိုဖိုးရ ဗျာ ။ ကျွန်တော် ဖြင့် ပြောပဲ မပြောချင်တော့ပါဘူး ”

ဤသို့ ကိုမြဟန် က လုပ်နေသေး ရာ ၊ စာရေးကြီး တစ်သိုက် မှာ အတော် သိချင်နေကြလျက် ရှိ လေတော့သည် နှင့် “ လုပ်ဗျာ ခင်ဗျားဟာ က ဘာဖြစ်သလဲ ။ ဘယ်လို ဆိုးတာလဲ .. ”

ဟု ဝိုင်း၍ ပွက်နေကြ တော့ သည် တွင် မှ ...

“ ကျွန်တော့် လုံချည်စ ကို အောက်က ဆွဲချ လိုက်တယ်ဗျာ ။ ကဲ ... ကောင်းသေးလား ... ”

အဲဒီနေ့ က စပြီး ငနဲမတွေ ဟာ တစ်ခါတည်း ဝပ် သွားကြလို့ သူ့ အဖို့ တော့ ကောင်းပါရဲ့ ။ ကျွန်တော့် အဖို့ တော့ ကြား ထဲ က အချောင် မြေဇာပင် သက်သက် ဖြစ်ခဲ့ရတာပေါ့ဗျာ .. ဟဲ .. ဟဲ ... ဟဲ ... ”

◾မောင်စည်သူ

📖 မြဝတီမဂ္ဂဇင်း
      ၁၉၅၅ ခုနှစ် ၊ သြဂုတ်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment