❝ အကုသိုလ်မ ❞
( ၁ )
အောင်မယ် ရာရာစစ သင်းတို့ က ငါ့ လုပ်ရပ် ကို လာပြီး သင်းတို့ အမေ ဘက် က နေ ကန့်ကွက်ကြတယ်လေ ။ အကုသိုလ် ကောင်တွေ ၊ ကျေးဇူးကန်းတွေ ၊ ငါ့ ကျေးဇူးတွေ က သင်းတို့ လည်ချောင်း ထဲ မှာ ရှိနေ သေးတယ် ။ အန်ထုတ် ခိုင်းရင် အတောင့်လိုက် ထွက်လာမယ် ။ ဟင်း … ။
အခုလည်း ကျုပ် က မတရား လုပ်တာ မဟုတ်ဘူး ။ ကျုပ် ဆွဲကြိုး ရောင်းပြီး ဝယ် ထားတဲ့ မြေ ။ အိမ် ကို သာ အဖေ ဆောက်ခဲ့တာ ။ အခု အဖေ ဆုံးတာ ၃ နှစ် ကျော် ပြီ ။ ဒါကြောင့် ကျုပ် က ကျုပ် မြေ ကို ကျုပ် ပြန် ယူမယ် ။ အမေ တို့ ထွက်ပေး ။ အိမ် က တော့ အဖေ ဆောက် ထားလို့ ဖျက်ယူ သွားကြ ။ အမေ နေ ဖို့ တစ်နှစ် စာ အိမ် ငှား ပေးမယ် ။
အိမ်ကြီး ကို ဖျက် ရောင်းရင် အိမ်ဟောင်းဈေး တော့ ရမယ် ။ အဲဒီ ငွေ ကို ကျုပ် တစ်ပြား မှ အမွေ မယူဘူး ။ အမေ လှူ ချင် လှူ ၊ အမေ့ သားသမီး တွေ ပေးချင် ရင် လည်း ပေး လို့ ပြောတာကို လုံးဝ လက်မခံဘူး ။ ဘယ် လက်ခံမလဲ ။ အောင်တိုး တို့ ၊ အောင်စိုး တို့ ၊ ခင်ဆန်း တို့ က အမေ့ ကို မြှောက်ပေး နေကြတာ ကိုး ။
ဒီ မြေ က အမေ နဲ့ လည်း မဆိုင်ဘူး ။ သူတို့ နဲ့ လည်း မဆိုင်ဘူး ။ ကျုပ် ဆွဲကြိုး ရောင်းပြီး ဝယ်တဲ့ မြေ ။ အိမ် က တော့ အဖေ ဆောက်တာ ။ အိမ် က သာ အမေ နဲ့ သူတို့ ဆိုင်တာ ။ ကျုပ် လည်း ဆိုင်တယ် ။ ဒါပေမဲ့ ကျုပ် က အိမ် ရောင်း လို့ ရတဲ့ ငွေ ကို တစ်ပြား မှ အမွေ မယူဘူး လို့ သဘောကောင်း နဲ့ ပြောတာ ကို လက် မခံဘူး ။ ကျုပ် မြေ ကို ဘာလို့ ပေးရမှာလဲ ။ အဖေ နဲ့ အမေ နေလို့ သာ ခွင့်ပြု ထား ရတာ ။ အခု အိမ် မှာ အောင်တိုး နဲ့ ခင်ဆန်း မိသားစု က ကပ် နေ ကြတယ်လေ ။
အောင်တိုး က ဘာမှ အလုပ် ရှိတာ မဟုတ်ဘူး ။ အကုသိုလ် အလုပ် ကြက် မွေး တယ်လေ ။ ခင်ဆန်း လည်း ဘာ ထူးမှာလဲ ။ သူ့ ယောက်ျား မောင်ဌေး က ငှက် ဖမ်းတယ် ။ ခင်ဆန်း က ဘုရားကြီး မှာ ငှက် ရောင်း တယ်လေ ။ တကယ့် အကုသိုလ် အလုပ် လုပ်နေတဲ့ သူတွေ ။ ဘယ် ကြီးပွားမလဲ ။ ငွေ လိုချင်ရင် ကျုပ် ဆီ ပြေးလာ ကြရတာ ။ ကျုပ် က သူများ ဆိုရင် အပေါင်ပစ္စည်း ပါ မှ ချေးတာ ။ ကိုယ့် မောင် နဲ့ ညီမ ဆိုတော့ အလွတ် ချေး ပေးပါတယ် ။ အတိုး က တော့ အများ ထုံးစံပေါ့ ။ သင်းတို့ မလေးစား မှာ စိုးလို့ပါ ။
အောင်စိုး ကတော့ ယောက္ခမအိမ် လိုက် နေတယ် ။ သူ လည်း ယောက္ခမ အရက်ဆိုင် မှာ အရက် ရောင်းရတဲ့ အကုသိုလ် အလုပ် လုပ်တဲ့ ကောင်ပဲ ။ သင်း လည်း ယောက္ခမ ငွေ လိုရင် ကျုပ် ဆီ လာ ချေးရတာပါပဲ ။
ကျေးဇူးကန်း တွေ ။
သင်းတို့ က မြေ ကို ဘယ် ရောင်းစေချင်ကြ မလဲ ။ ဘုံပျောက် သွားမှာ ကိုး ။ အမွေ မရမှာ ကိုး ။ ဒါကြောင့် အမေ့ ကို မြှောက်ပြီး ကျုပ် မြေ ကို မပေးဖို့ ၊ အရောင်း မခံဖို့ ပြောနေကြတာပေါ့ ။
မရောင်းလို့ မဖြစ်ဘူး ။ ကျုပ် မှာ လည်း အပူနဲ့ ။ ကျုပ် ယောက်ျား ကိုတင်မာ ရဲ့ အုတ် ၊ ထုံး ၊ သဲ ၊ ကျောက် အရောင်းအဝယ် က လည်း အရှုံး ပြ နေတယ် ။ သား ကလည်း ကား အသစ် ပူဆာ နေတယ် ။ သမီး က လည်း တက္ကသိုလ် တက် ရတော့ ဘဏ်စာရင်း စာအုပ် ဖွင့် ခိုင်းပြီး တစ်လ တစ်လ သူ့ ဘဏ် စာအုပ် ထဲ ဆယ်သိန်း ထည့် ပေးပါ တဲ့ ။ ပိုက်ဆံ ရှိ သားသမီးတွေ ၊ အရာရှိ သားသမီးတွေ မှာ တက္ကသိုလ် ရောက်ရင် ကိုယ်ပိုင် ဘဏ် စာအုပ်တွေ နဲ့ တဲ့ ။ ဒါကြောင့် ရောင်းချင် တာ ပါ ။ ကျုပ် အဖြစ် ကို သူတို့ မသနား ကြဘူး ။ သူတို့ လိုတာ ပဲ နားလည် ကြတယ် ။ သွေး ဆိုပေမယ့် အရေး ဆို အား မကိုးရဘူး ။
ဒီတော့ ရှေ့နေ နဲ့ တိုင်ပင် ရ တာပေါ့ ။ ရှေ့နေ က တစ်ဆင့် အမေ့ ကို အိမ်ငှား တစ်နှစ်စာ ပေးမယ့် အပြင် ငွေ ၁ သိန်း ပေးမယ် ။ ကျန်တဲ့ ၃ ယောက် ကို လည်း ၁ သိန်း စီ ပေးမယ် ဆိုတာ လက်မခံကြဘူး ။
“ ခင်ဂျမ်း ရယ် … ညည်း ပြောပြော နေတဲ့ ဆွဲကြိုး ဆိုတာ က ညည်း အဖေ နဲ့ ငါ ဆင် ပေးထားတာပါ အေ … မြေ ဝယ် တော့ ငွေ လို လို့ ယူ ရောင်းရတာ အေ … အဲဒီ ငွေချည်း မဟုတ်ပါဘူး … နောက် စီးပွားရေး အဆင် ပြေ တော့ လည်း ညည်းကို ဆွဲကြိုး တစ်ကုံး ပြန် ဆင်ပေးတာပဲ မဟုတ်လား … မတရား မလုပ်ပါနဲ့ အေ … သားသမီးတွေ ထဲ မှာ ညည်း အချမ်းသာဆုံး ပါ ”
အမေ က မျက်ရည်ခံ ထိုးပြီး ပြောတယ် ။
“ ကျုပ် ဆွဲကြိုး ရောင်းပြီး မြေ ဝယ်တာ ကျုပ် မြေ ပေါ့ … ဘယ်သူ့ မေးမေး ကျုပ် ဘက် က ပါ မှာ … ကျုပ် ရှေ့နေကြီး ကို မေးပြီး ပြီ … ဆွဲကြိုး ဝယ်တုန်း က ဘောက်ချာ မှာ ကျုပ်နာမည် နဲ့ အဖေ က ဝယ်ပေးတာ … အဲဒီ ဘောက်ချာ ကျုပ်သိမ်း ထားတယ် … အဲဒါ သက်သေခံ ပဲ … ကျုပ် ဆွဲကြိုးရောင်းပြီး မြေ ဝယ်တယ် ဆိုတာ အမေ အသိဆုံး … အမေ ဟာ အကောင်းဆုံး သက်သေလို့ ရှေ့နေကြီး က ပြောတယ် … ဒါကြောင့် ကျုပ် ဒေါသ မထွက်ခင် ကျုပ် ပေး သလောက် လက်ခံကြပါ … မဟုတ်ရင် လူ မတတ်ပေမယ့် လက်ဖက်ထုပ် တတ် ရပါလိမ့်မယ် … တရားရုံး က စကား ပြောကြရလိမ့်မယ်နော် … နောက်ပြီး ကျုပ် ချမ်းသာတာ ကို မနာလို မရှိပါ နဲ့ … ကျုပ် ကုသိုလ် နဲ့ ကျုပ် ချမ်းသာ တာ … အမေ့ သားသမီးတွေ ဆင်းရဲ မှာ ပေါ့ … အားလုံး အကုသိုလ် အလုပ် လုပ် နေကြတာ ကိုး … အမေ လည်း အကုသိုလ် အစာတွေ စား နေတာ ”
ဒီတော့ အချို မရ ၊ အချဉ် မရသူတွေ ဆိုတော့ ကျုပ် လည်း သည်းညည်း မခံနိုင်တော့ဘူး ။ ဆိုင် ထဲ ထည့်ဖို့ နဲ့ သားသမီး တွေ လုပ်ပေးဖို့ ငွေ က အရေးတကြီး လို နေတယ် ။ ဒါကြောင့် မြေ ရောင်းရဖို့ ရှေ့နေကြီး လက် ဝကွက် အပ်ရတော့တာပေါ့ ။ ဒီတော့ တရားရုံး မှာ တရားမမှု ကို ဦးတိုက် လျှောက်ရ တော့တာပေါ့ ။
ဘယ် တတ်နိုင်မလဲလေ ။ ကျုပ် စကား မှ နားမထောင်ဘဲ ။ အတ္တတွေ များ နေကြတာကိုး ။
( ၂ )
ထင်တဲ့ အတိုင်းပါပဲ ။ ကျုပ် ဆီ ပထမဆုံး ရောက် လာ တာ က အကုသိုလ်ကောင် အောင်စိုးလေ ။ အရက်လေး မူး ပြီးတော့ ပေါ့ ။
“ မခင်ဂျမ်း … တံခါး ဖွင့်စမ်း … ခင်ဗျား နဲ့ ကျုပ် စာရင်း ရှင်းစရာ ရှိတယ် ”
“ ဝုန်း … ဝုန်း ”
သေနာကျ ။ အသံပြဲကြီးနဲ့ အော် နေလိုက်တာ ။ တစ်ရပ်ကွက်လုံး ကြားတယ် ။ သင်း လို ကောင်မျိုး ဘာမှ တွေ့စရာ မလိုဘူး ။ တရားရုံး ကျ မှ ရှင်းမယ် ။ အမှန်တရား က ကျုပ် ဘက် မှာ ရှိတာ ကျုပ် သိတယ် ။ သင်းတို့ က အမွေ လိုချင် လို့ အမေ့ညကို မြှောက်ပေး နေကြတာ ။ သင်းတို့ တစ်ပြား မှ မရဘဲ ရှိတာ ကုန်အောင် ကျုပ် လုပ်ပြ မယ် ။ ခင်ဂျမ်း တဲ့ တစ်ဂျမ်း တည်း ရှိတယ် ။
“ ဒီမှာ အရပ်ကရို့ ရေ … အမေ ကို တရား စွဲ တဲ့ ခေတ်သစ် အဇာတသတ် မိန်းမကြမ်း ကို မြင်ဖူးကြရဲ့လား … မမြင်ဖူးရင် လာ ကြည့်ကြ … လာကြည့်ကြ … ဟောဒီမှာ ဗျို့ … တစ်ရာ မှာ တစ်ယောက် … မမြင်ဘူး မရှိ ရ လေအောင် လာ ကြည့် ထားကြ ”
သေနာကောင် ။ မူးမူး နဲ့ စွတ် အော် နေတယ် ။ ရပ်ကွက် က ကျုပ် ကို အထင် ကြီး နေကြတာ ။ အထင် သေး အောင် သင်း က လုပ်တယ်ပေါ့ ။ အကုသိုလ်ကောင် ။
“ ဟဲ့ မိမော် … တံခါး သွား ဖွင့် ပေးလိုက် ”
မိမော် တံခါး သွား ဖွင့် ပေးတော့ အကုသိုလ်ကောင် က ဒယီးဒယိုင် နဲ့ ဝင်း ထဲ ဝင်လာတယ် ။ အဖော် နှစ်ယောက် က လည်း သိုင်းကွက် နင်းလို့ ။ ဂျစ်ကန်ကန် မိုက်ကန်းကန်း ပုံစံတွေ ။
“ မောင်စိုး … ငါ့ မောင်လေး ကလည်း စောစောစီးစီး ဘာလို့ သောက် လာရတာလဲ ဟယ် … လာ လာ အထဲ ဝင်ကြ ”
အိမ်ပေါက်ဝ ရောက်တော့ ကျုပ် က သွား တွဲတယ် ။
“ ဖယ် … ကျုပ် ကို မထိနဲ့ ”
အောင်မယ် သေနာ က ကျုပ် လက် ကို ပုတ်ထုတ် ပစ်တယ် ။ အရက်စော် က ဟောင် လို့ ။ သင်း ကို ဂရုစိုက်ချင်လို့ မဟုတ်ဘူး ။ သင်း ရဲ့ ပါးစပ် သေနတ်ပစ် တာ ကို အရပ် က အဟုတ် ထင်သွား မှာ စိုးလို့ ။
သင်း က တိုက် ထဲ ဝင် သွားတယ် ။ အဖော် နှစ်ယောက် က လည်း ကျုပ် ကို မိုက်ကြည့် ကြည့် ပြီး တိုက် ထဲ လိုက် ဝင်တယ် ။
“ ငါ့မောင် တို့ လည်း အထဲ ဝင်ကြလေ ”
တကယ်တော့ တိုက် ထဲ ရောက်နေကြပါပြီ ။ ကြောက် လို့ မဟုတ်ပါဘူး ၊ ပြဿနာ မဖြစ်ချင်လို့ပါ ။
“ လာ ငါ့ မောင် … ဆိုဖာ ပေါ်ထိုင် ၊ မိမော် … ညည်း အစ်ကို တွေ အတွက် အအေး သုံးဘူး ယူခဲ့ ”
“ မသောက်ချင်ဘူး … ခင်ဗျား ကျွေးတာ စားချင် သောက်ချင်လို့ လာတာ မဟုတ်ဘူး … ခင်ဗျား နဲ့ စာရင်း ရှင်းချင်လို့ လာတာ ၊ ပြောစမ်းပါဦး … ခင်ဗျား က အမေ့ ကို ဘာလို့ တရား စွဲ ရတာလဲ ”
အောင်စိုး က ဆိုဖာ ပေါ် ခြေပစ် လက်ပစ် ထိုင်ချ လိုက်ပြီး ကျုပ် ကို မျက်ထောင့်နီကြီး နဲ့ ကြည့်ပြီး အသံမာမာ နဲ့ မေးတယ် ။
“ အမေ့ ကို တရား စွဲတာ မဟုတ်ပါဘူး ငါ့ မောင် ရယ် … အမေ နဲ့ တရားပြိုင် လုပ်ဖို့ တရားရုံး ကို ဦးတိုက် လျှောက်တာပါ ”
“ ဘာထူးသေးလဲဗျ … ဘာဘူကြီး နဲ့ အရာကြီး အတူတူပဲ ”
“ မဟုတ်သေးဘူး ငါ့ မောင် ရဲ့ … အမွေ ဆိုတာက ကိုယ့် အချင်းချင်း ရှင်းလို့ မရရင် တရားရုံး က ရှင်းပေး ကြတာလေ … ဒီသဘောပါ ”
ကျုပ် က အချိုသာဆုံး ၊ အရှင်းဆုံး စကားတွေ ကို အပြုံးလေး စွက် ပြီး ပြောနေရတယ် ။ ဒီကောင် က လွယ်တာ မဟုတ်ဘူး ။ ငယ်ငယ် ကတည်း က ထစ် ဆို လက် ပါတဲ့ ကောင် ။ ရပ်ကွက်ရုံး နဲ့ ရဲစခန်း ခဏခဏ ရောက်တဲ့ ကောင် ။ မိန်းမ ရ လို့ ငြိမ် သွားတာ ။ သူ့ လူ နှစ်ယောက် က လည်း မျက်စ ပစ်လိုက်တာ နဲ့ ဘာမှ မစဉ်း စားဘဲ လုပ်မယ့် ကောင်တွေ ။
“ ဘာ အမွေလဲ … ဒီ မြေ က အဖေ နဲ့ အမေ ဝယ်ထားတဲ့ မြေ … အဖေ သေပေမယ့် အမေ ရှိသေးတယ် … အခု အမေ နေတယ် … နေပစေပေါ့ ။ ဒါကို ခင်ဗျား က ဘာ အမွေ လုပ် တောင်းတာလဲ … မိဘ ကို ဇရပ် ပေါ် ရောက်အောင် လုပ် နေတာလား ”
“ မဟုတ်ပါဘူး ငါ့ မောင် ရယ် … အမေ့ ကို ငါ အိမ်ငှား ပေးမှာပါ … အမေ လိုတဲ့ အခါ လည်း ငါ ထောက်ပံ့ မှာ ပေါ့ … အခု မထောက်ပံ့ဘူး ဆိုတာ က အောင်တိုး နဲ့ ခင်ဆန်း က အမေ နဲ့ ကပ် နေကြတာလေ … သူတို့ ကျွေးမွေး နေလို့ ငါ မထောက်ပံ့တာ ပါ … မင်း မသိဘူး ငါ့ မောင် … အမေ မရှိရင် ဒီ မြေ ကို အပိုင် စီး ဖို့ အောင်တိုး နဲ့ ခင်ဆန်း ယောက်ျား က ကြံနေကြတာ … သူတို့ နှစ်ယောက်တည်း ယူမယ် ပေါ့ … ဥပဒေ အရ အိမ် ဆိုတာ က အနေ ကြာသူ က မိဘတွေ မရှိရင် အမွေ ရတာလေ … ငါ က လည်း ငါ့ အိမ် နဲ့ ငါ … ငါ့ မောင် က လည်း ယောက္ခမ အိမ် မှာ နေ ကြတာ မဟုတ်လား … အမေ ဆိုတာက ဒီနေ့ သေမလား ၊ မနက်ဖြန် သေမလား မသိဘူး လေ … ဒီတော့ ငါတို့ က ဉာဏ် ရှိရှိ နဲ့ ကြို လုပ်ထားရမှာ မဟုတ်လား … အမေ့ ကို ငါ သေချာ ရှင်းပြတယ် … နား မဝင်ဘူး ဟယ် … အမေ သေရင် အောင်တိုး နဲ့ ခင်ဆန်း ပဲ ဒီ မြေကို ခွဲယူ ကြမှာ ၊ ငါ လည်း ရမှာ မဟုတ်ဘူး … ငါ့ မောင် လည်း ရမှာ မဟုတ်ဘူး … ဒါကြောင့် ငါ က မခံနိုင်လွန်း လို့ လုပ်ရတာပါ ဟယ် … ငါ ရှုံးတယ် ဖြစ်စေ ၊ နိုင်တယ် ဖြစ်စေ … ငါ့ အချစ်ဆုံး ငါ့ မောင် ကိုတော့ မနစ်နာ ရအောင် ခွဲပေး မှာ ပေါ့ … ဟုတ်လား ။ ငါ့ မောင် ကို အစ်မ အမြဲ ကူညီနေတာပဲလေ … မင်း ယောက္ခမတွေ ငွေ လိုရင် အစ်မ လည်း ချေးပေး နေတာ မဟုတ်လား ”
“ ငွေ ချေးတာ ခင်ဗျား က အတိုး နဲ့ ချေးတာ … ပြော မနေနဲ့ ၊ ခင်ဗျား ကို ကိုယ့် အစ်မ မို့ ရစေချင်လို့ ချေးတာ … ခင်ဗျား မချေး လည်း ဒီ့ပြင် မှာ ပြည့်လို့ … ဂုဏ်ဖော် မနေနဲ့ … ခင်ဗျား ပြောသမျှ ကျုပ် မူးနေပေမယ့် ယုံလိမ့်မယ် မထင်နဲ့ … အမေ့ စကားပဲ ကျုပ် ယုံတယ် … ဘာအမွေ မှ ကျုပ် မလိုဘူး ၊ ဒီမြေ ကို အမေ သေတဲ့ထိ နေသွားပါစေ … အမေ သေသွားလည်း ခင်ဗျား မြေ ဆို ခင်ဗျား ရစေ့မယ် … သွားမယ် ”
“ ငါ့မောင် … အချိုရည် သောက်သွားဦးလေ ”
“ မသောက်ရဲပါဘူး … အမေ တောင် တရားစွဲရဲတဲ့ မိန်းမ … မောင် ဆိုရင် အဆိပ်ရည် တိုက်မှာ သေချာတယ် ။ ဟေ့ … သွားစို့ ”
အရက်သမားတွေ ကျုပ် တိုက် ထဲ က ဒယီးဒယိုင် ထွက်သွား ကြတယ် ။ မသောက်နဲ့ပေါ့ ။ အကုန် သက်သာသေး ။
“ ဟဲ့ … မိမော် … အအေးဘူးတွေ ရေခဲသေတ္တာ ထဲ ပြန် ထည့် ထားလိုက် … နောက် ဧည့်သည် လာရင် တိုက်ရအောင် ”
( ၃ )
သမီးကြီး ရတနာစိုး သတင်း ကြား တော့ ကျုပ် မှာ အံ့သြ ၊ ဒေါသ လည်း ဖြစ်ရတာပေါ့ ။ ဒါကြောင့် သမီးကြီး နဲ့ ဖြစ်တယ် ဆိုတဲ့ ဦးသစ်လွင် အိမ် သွားပြီး သူ့ မိန်းမ နဲ့ ကလေးတွေ ရှေ့ မှာ ခွေး ပြော သလို ပြော ပစ်ခဲ့တယ် ။ အားရပါးရ ကြမ်းပြီး ပြန် ခဲ့တယ် ။ ဟုတ်တယ် ။ ဒါမှ သင်း ရှက် ပြီး ကျုပ် သမီး ကို မပတ်သက်ရဲ မှာ ။ ကျုပ် သမီး က ဘာ သိမှာလဲ ၊ ခုမှ တက္ကသိုလ် ဒုတိယနှစ် ပဲ ရှိသေးတာ ။ ကလေး သာသာ အရွယ် ။
“ အမေ က လည်း … ဘာလို့ ဦးသစ် အိမ် သွားရတာလဲ … သမီး အရှက် ကို သွား ခွဲတာလား ”
ဆိုပြီး အိပ်ခန်း ထဲ ဝင်ပြီး ငိုလေရဲ့ ။ ကျုပ် မှာ ချော့ချင် ပေမယ့် ဒီ တစ်ခါတော့ မချော့နိုင်ဘူး ။ ခေါင်းတွေ မူးပြီး သွေးတွေ တိုးနေတာ ကိုး ။ ဆရာဝန် ပေးတဲ့ ဆေး သောက်ပြီး အိပ်ရာ ပေါ် အိပ် နေရတယ် ။
“ မေမေကြီး … မေမေကြီး မောင် … ဦးတိုး က တွေ့ချင်လို့ တဲ့ … မေမေကြီး နေမကောင်းဘူး ပြောတာ မရဘူး … တိုက် ရှေ့ မှာ ငုတ်တုတ် ထိုင် စောင့်နေတယ် ”
လို့ မိမော် က လာပြောတယ် ။
“ ညည်း က ဘာလို့ ဝင်းတံခါး ဖွင့်ပေး ရတာလဲ ”
“ ခါတိုင်းလို ကြက်ဥတွေ လာ ပေးတာ ထင်ပြီး တံခါး ဖွင့် ပေးတာ ”
“ ကြက်ဥတွေ ကော ပါလား ”
“ ပါပါတယ် မေမေကြီး ”
သင်း က တစ်မှောင့် ။ အောင်စိုး သွား ပြောလို့ လာ ရှင်းတာ နေမှာ ။ ကိုယ့် ပစ္စည်း နဲ့ ကိုယ် ဖြစ်နေတာတောင် အေးအေးဆေးဆေး မနေရပါလား နော် ။ ကျုပ် တိုက်အောက် ဆင်းပြီး တိုက်ရှေ့ထွက် ခဲ့တယ် ။
“ ဘာလဲ မောင်တိုး … မောင်စိုး ပြောလိုက်လို့ လာ ရှင်း တာလား ”
“ မဟုတ်ပါဘူး မဂျမ်း ရယ် … မောင်စိုး က ဘာမှ မပြောပါဘူး … မနေ့က တော့ လာတယ် … အမေ က ရိပ်သာ လိုက် ပို့ခိုင်း လို့ သူ့ ဆိုင်ကယ် နဲ့ လိုက်ပို့တယ် ”
“ ဒါဖြင့် ဘာလို့ လာတာလဲ ”
“ မဂျမ်း တရားစွဲ တာ ကို ပြန်ရုပ်သိမ်းပါ … မိသားစု ချင်း ရှင်းကြတာပေါ့ ”
“ ရှင်းလို့ မရလို့ တရားစွဲ ရတာပေါ့ … ဘယ်သူက ပိုက်ဆံ ကုန် ခံချင်မှာလဲ ”
“ မဟုတ်သေးဘူး မဂျမ်းရယ် … အမေ မသေသေးဘူး အမွေ လုကြတယ် … ရုံးရောက် ဂါတ်ရောက် ဖြစ်ကြတယ် ဆိုတဲ့ သတင်း က လူ ကြားလို့ မှ မကောင်းဘူး ”
“ ဘာ အမွေ လဲ … ဒါ ငါ့ ဆွဲကြိုး ရောင်း ဝယ်ထားတဲ့ မြေ ”
“ အဲဒီ ဆွဲကြိုး က အဖေ ဝယ်ပေး ထားတာပါ … မြေ ဝယ်တော့ အဖေ့ ပိုက်ဆံ နဲ့ မလောက်လို့ မဂျမ်း ဆွဲကြိုး ရော ၊ အမေ့ နားကပ် ရော ၊ ကျွန်တော့် လက်စွပ် ရော ရောင်းပြီး မြေဝယ် အိမ်ဆောက် တာပါ ”
“ မသိဘူး မသိဘူး … မြေ က ငါ့ ဆွဲကြိုး ရောင်း ဝယ်တာ … အိမ် က အဖေ့ ပိုက်ဆံ နဲ့ နင်တို့ ပစ္စည်းတွေ ရောင်း ဆောက်တာ … မြေ က ငါ ပဲ ဆိုင်တယ် … အိမ် က နင်တို့ ပဲ ဆိုင်တယ် … အိမ် ကို ဖျက် ယူကြ ”
“ ထားပါ မဂျမ်း ရယ် … ဒီ မြေ ကို ကျွန်တော်တို့ မောင်နှမ သုံးယောက် မယူဖို့ ဆုံးဖြတ် ထားပါတယ် … ဒါပေမဲ့ အမေ့ အတွက် နေဖို့ ထိုင်ဖို့ လိုတယ် ၊ ဒါကြောင့် တစ်ဝက် ကို ခွဲပြီး မဂျမ်း ယူပါ … ကျန် တစ်ဝက် ကို အမေ့ အတွက် အိမ်လေး ဆောက် ပြီး အမေ သေတဲ့ အထိ အေးအေးချမ်းချမ်း နေပါစေ မဂျမ်း … ဒါကို လာ ပြောတာပါ … အမေ သေရင်တော့ အဲဒီ မြေ နဲ့ အိမ် လည်း မဂျမ်း ယူပါ … အခု သမီး က တရားစွဲတယ် ဆိုတော့ အမေ စိတ် မချမ်းသာဘူး … နေ့တိုင်း ကျိတ်ကျိတ် ပြီး ငိုနေ ရှာတယ် … အမေ စိတ် မချမ်းသာ တော့ ကျွန်တော်တို့ သားသမီးတွေ လည်း ဘယ် စိတ်ချမ်းသာ မလဲ … ဒါကြောင့် မဂျမ်း တရား စွဲ တာကို ရုပ်သိမ်း ပေးပါ … မဂျမ်း ပေးမယ့် ငွေလည်း မယူကြပါဘူး … မောင်နှမတွေ ကိုယ်စား ကျွန်တော် လာ တောင်းပန် တာပါ ”
အောင်တိုး က ပြောပြီး ထွက်သွား တယ် ။ ကောင်းတယ် ။ သင်းတို့ က သားလိမ္မာ ၊ သမီးလိမ္မာ လုပ်ကြတာပေါ့ ။ ကျုပ် ကတော့ ဆိုင် ထဲ ရင်း ရမယ် ။ သား အတွက် ကား ဝယ် ပေး ရမယ် ။ သမီး အတွက် ဘဏ်စာအုပ် လုပ်ပေး ရမယ် ။ ဘယ်သူတွေ ဘာ ပြောပြော ကျုပ် လည်း ဇနီး လိမ္မာ ၊ မိခင်ကောင်း တစ်ယောက်ပါ နော့ ။
( ၄ )
ပြဿနာ က တစ်ခု တည်း မလာဘူး ။ အဖော် နဲ့ လာတယ် ဆိုတာ သိပ် မှန်တယ် ။
ကျုပ် သမီး ရတနာစိုး သိပ် မိုက်တယ် ။ သားကြီး မယားကြီး ရှိတဲ့ သူ နဲ့ ခိုးရာ လိုက် ပြေး သွားတယ်လေ ။ ကျုပ် မှာ ဒေါသ ဖြစ်လွန်းလို့ ။ သားငယ် အာကာဟိန်း ကို ကားမောင်း ခိုင်းပြီး သင်းတို့ ပြေးမယ် ထင်တဲ့ နေရာတွေ ကို ချက်ချင်း လိုက် ရှာတာပေါ့ ။ စိတ် က လော နေတော့ ကား ပြေးတာ က နှေးတယ် ထင်ပြီး သား ကို “ ဟဲ့ … မြန်မြန် မောင်းစမ်း ” လို့ လော လိုက် မိတယ်လေ ။ ဒီတော့ ပြဿနာ တစ်ခု ထပ် ကြုံရတာပေါ့ ။ လမ်း ဖြတ်ကူးတဲ့ အဘွားကြီး တစ်ယောက် ကို ကား က ဝင် တိုက်ပါလေရော ။ ပွဲချင်းပြီးပဲ ။ ကား လည်း ဘာမှ မဖြစ်ဘူး ။ ကျုပ်တို့ သားအမိ လည်း ဘာမှတော့ မဖြစ်ဘူး ။ ဒါပေမဲ့ အာကာဟိန်း ခမျာ အကြောက် လွန်ပြီး စကား မပြောနိုင် သေးဘူး ။ မျက်လုံးလေး ကလယ်ကလယ် နဲ့ အချုပ်ခံ နေရတာ ။ ကျုပ် မှာ သနားလွန်း လို့ လူရှေ့ မရှောင် သူရှေ့ မရှောင် ငို လိုက်ရတာ ။
သူ့ အဖေ ကိုတင်မာ ကို ပြောဖို့ အုတ် ၊ ထုံး ၊ သဲ ၊ ကျောက် ရောင်းတဲ့ ဆိုင် ကို လိုက် သွားတယ် ။ မရှိဘူး ။ သူ့ စာရေးမလေး နဲ့ ထွက်သွားတာ နှစ်ရက် ရှိပြီ တဲ့ ။ သေနာကျကြီး ။ ကျုပ် ကို တော့ ဆိုင် က အရှုံး ပေါ် လို့ စာရင်း စစ် ရဦးမယ် ။ အိမ် ကို လေးငါးရက် ပြန် မလာနိုင် သေးဘူး ။ စာရေးမတွေ ကလိမ်ကကျစ် လုပ်ထားတာ နေမှာ လို့ ပြောထားတာ ။ အခုတော့ သင်း က စာရေးမ တစ်ယောက် ကို ကလိမ်ကကျစ် လုပ်သွားတာ ကိုး ။
အောင်မလေး ပြဿနာတွေ ၊ ပြဿနာတွေ ။ ဘယ်လို ဖြေရှင်းရမလဲ နော် ။ တစ်ယောက် ယောက် က ကျုပ်တို့ ကို ဒုက္ခ ရောက် အောင် လုပ် နေတာ ။ တန်ပြန် မှ ။ ဗေဒင်လက္ခဏာ ဖြစ်ဖြစ် သွား မေးပြီး ယတြာ တစ်ခု ခု လုပ်ရမယ် ။
“ မေမေကြီး … မေမေကြီး ညီမ မခင်ဆန်း က မေမေကြီး ကို တွေ့ချင်လို့ တဲ့ … ဝင်ခွင့် တောင်းနေတယ် ”
မိမော် က လာပြောတယ် ။
“ အခု မိဆန်း ဘယ်မှာလဲ ”
“ ဝင်းပေါက်ဝ မှာ စောင့်ခိုင်း ထားတယ် မေမေကြီး ”
“ ဟဲ့ … ချက်ချင်း တံခါး သွား ဖွင့်ပေးလိုက် … ဘာလို့ စောင့်ခိုင်း ထားတာလဲ … အလိုက်ကန်းဆိုး မသိဘူး … သွား ”
“ ဟုတ် … ဟုတ်ကဲ့ … မေမေကြီး ”
ကျုပ် လည်း အဝတ်အစား အမြန် လဲပြီး ပိုက်ဆံအိတ် ယူကာ အောက်ထပ် ကို ဒရောသောပါး ဆင်းခဲ့တယ် ။ ခင်ဆန်း က ဆိုဖာ ဘေး မှာ ကျုပ် အလာ ကို မျှော်ကြည့် ပြီး စောင့်နေတယ် ။
“ ဟဲ့ … ခင်ဆန်း … အတော်ပဲ … ငါ နဲ့ လိုက်ခဲ့ ”
“ ဘယ်လဲ … မဂျမ်း ”
“ ငါ့ မှာ အပူမီးတွေ တွေ့ နေတယ် ဟဲ့ … နင်တို့ ဘုရားကြီး မှာ ဗေဒင်လက္ခဏာ မေးပြီး ယတြာ ချေ ချင်လို့ … နာမည် ကြီးတဲ့ဆိုင် ခေါ်သွား စမ်း … ငွေ ဘယ်လောက် ကုန်ကုန် လုပ်နိုင်တယ် ”
“ နောက်မှ လိုက်ပို့ပါ့မယ် မဂျမ်းရယ် … ကျွန်မ ယောက်ျား အခု တီဘီဆေးရုံ မှာ တက် နေရတယ် … ငွေ လိုမှာမို့ အစ်မ ဆီ လာပြီး ငွေ လာ ချေးတာပါ … အတိုး လည်း ပေးပါ့မယ် ”
“ နင့် ကိစ္စ အရေး မကြီးဘူး … နင့် ယောက်ျား က စောစောစီးစီး ငှက် ဖမ်း လို့ အအေး မိတာ … အကုသိုလ် အလုပ်တွေ လုပ်နေကြတာ ကိုး … အပြန် မှ ငါ ချေးမယ် … အခု ငါ နဲ့ လိုက်ခဲ့ ”
ပြောပြောဆိုဆို နဲ့ ကျုပ် တိုက်ထဲ က ထွက်ခဲ့တယ် ။ အိမ် မှာ ကား တစ်စီး အပို ရှိပေမယ့် မမောင်း ရဲဘူး ။ လမ်း ပေါ် ထွက်ပြီး တက္ကစီ ငှားစီး တယ် ။ ကားသမား ကို ဘုရားကြီး တောင်ဘက်မုခ် ကို မောင်း ခိုင်းတယ် ။ စောင်းတန်း ဝဲယာ မှာ ဗေဒင်လက္ခဏာ ဟောခန်း တွေ ရှိတာ ကိုး ။ ခင်ဆန်း ခေါ် ရာ လိုက်သွားတယ် ။
အရေးထဲ ကိုရွှေဗေဒင်ဆရာ က မွေးသက္ကရာဇ် မေး ၊ မွေးနေ့ မေး ၊ မဟာဘုတ်တိုင် ထူ ၊ ဇာတာ ဖွဲ့ ၊ ပါဒ် ၊ ဓနုလ၈် ၊ ဗြိစ္ဆာစန်း ၊ နဝင်း ၊ နက္ခတ်တွေ တွက် နေပြီး ရှယ်ဟော လား ၊ အထူးဟော လား ၊ ရိုးရိုးဟော လား မေး နေ သေးတယ် ။ စိတ် မရှည်တော့ဘူး ။
“ ကဲ … ဗေဒင်ဆရာ … ကျုပ် သမီးကြီး က လင် နောက် လိုက်ပြေး သွားတယ် … သား က ကားတိုက်မှု နဲ့ အချုပ်ခံ နေရတယ် … လင် က စာရေးမ နဲ့ ပျောက် နေတယ် … ဒီ အပူတွေ ငြိမ်းအောင် ယတြာ ချေဖို့ လာ မေးတာ … ယတြာ ကို ရှယ် ပြော ”
လို့ ပြောလိုက် မှ …
“ ဟာ … အစ်မကြီး ရဲ့ ဇာတာခွင် မှာ လင်သောက ၊ သားသမီး သောက တွေ့တဲ့ ကိန်း ဆိုက် နေတယ် … ဂြိုဟ် မှာ လည်း ပျက်ကိန်း ဆိုက် နေတယ် … ဒါကို ဟော မလို့ပါပဲ … ကဲ မပူနဲ့ … ရှယ် ယတြာ ပေး လိုက်မယ် … တန်ခိုးကြီးဘုရား ရဲ့ တနင်္ဂနွေ ထောင့် မှာ ငှက်သတ္တဝါ ကို လွှတ် ၊ မြင့်မြင့် ရောက် လေ ကိုယ့် အနှောင်အဖွဲ့ သောကတွေ ကင်းလေ ပဲ ”
“ ကဲ … ဗေဒင်ဆရာ ရော့ … ”
ကျုပ် ပိုက်ဆံအိတ် ထဲ က ငွေ တစ်ရွက် ကို ထုတ်ပေး ပြီး ဗေဒင်ဆရာ အခန်း ထဲ က ထွက်ခဲ့တယ် ။ ခင်ဆန်း လည်း ကပ် ပါလာတယ် ။
“ တနင်္ဂနွေထောင့် ဆိုတာ ဘယ်နေရာလဲ ”
“ ကျွန်မတို့ ငှက် ရောင်းတဲ့ ဗုဒ္ဓဝင်ပြတိုက် နား ကို ပြောတာ ”
ကျုပ် ဘုရား ရင်ပြင်တော် အရှေ့ဘက် က ဖြတ်ပြီး ခတ်သုတ်သုတ် သွားတယ် ။
“ အစ်မ … ဘုရား ရောက်တုန်း မဟာမြတ်မုနိဘုရားကြီး ဝင်ဖူးဦးလေ … ”
“ နေစမ်းပါဟယ် … နင် ကလည်း တစ်မှောင့် … ယတြာ ချေဖို့ က အရေးကြီးတယ် … နောက်မှ ဖူးမယ် ”
ငှက်ဆိုင် နား ရောက်တော့ …
“ ဟဲ့ ခင်ဆန်း … နင့် ဆိုင် မဖွင့်ဘူးလား ”
“ ကိုဌေး ဆေးရုံ တင် ထားပါတယ် ဆို မဂျမ်းရယ် … ဒါကြောင့် ”
“ နင့် စကား နောက် မှ ပြော … ငါ့ ကို ငှက် တစ်ကောင် ဝယ်ပေးစမ်း … နင့် အသိတွေ ပဲ မဟုတ်လား … ဈေး မများစေနဲ့ ”
“ မဂျမ်း က လည်း ဒီမှာ ရောင်းတဲ့ ငှက်တွေ က အတောင် နှစ်ဖက် ကို ထိပ် က နည်းနည်းစီ ဖြတ်ပြီးသားတွေ … ဒါမှ ဝေးဝေး မပျံနိုင် မှာ … ပြန် ဖမ်းပြီး ရောင်း နေကြတာ … မဂျမ်း လိုချင်ရင် အတောင် မဖြတ်သေးတဲ့ ငှက် ကို သွား ယူ ပေးမယ်လေ ”
ခင်ဆန်း က ကျုပ် ကို တိုးတိုး ကပ် ပြောတယ် ။
“ ဟဲ့ … ငါ့ မှာ အချိန် မရှိဘူး … သူတို့ အကုသိုလ် မကြောက်လို့ သူတို့ လုပ်တာ လုပ်ပစေ … ငါကတော့ လွှတ် ရမှာပဲ … ဟဲ့ ဟိုလှောင်ချိုင့် ထဲ က ငှက်ကြီးကြီး ကို သွား ဝယ်စမ်း … ငှက်ကြီးကြီး လွှတ်တော့ ကုသိုလ် များများ ရတာပေါ့ အေ ”
ကျုပ် က တစ်ထောင်တန် တစ်ရွက် ပေး လိုက်တယ် ။ ခင်ဆန်း ဘာမှ မပြောတော့ဘဲ ဈေးဆစ်ပြီး ဝယ် လာတယ် ။ ကျုပ် ကို လာ ပေးတယ် ။ ကျုပ် အရှေ့ဘက် ကို မျက်နှာ မူ လိုက်တယ် ။ ငှက်ကြီး ကို လက် နှစ်ဖက် နဲ့ ကိုင်မြှောက် ပြီး ဆုတောင်း တယ် ။
“ ကျုပ် သမီးကြီး အမြင်မှန် ရပြီး လိုက်သွားတဲ့ လူ ကို ပစ်ပြီး အိမ် ပြန် လာပါစေ … ကျုပ် သား လည်း တစ်ဖက် က ကျေအေး တောင်းပန် လို့ အမှုပြီးပါစေ … ကျုပ် လင် နဲ့ပါ သွားတဲ့ ကောင်မလေး လည်း လေဖြတ်သေပါစေ ”
သုံးကြိမ် သုံးခါ မျက်စိ မှိတ် ၊ အာရုံ ပြု ၊ ရွတ်ဆိုပြီး လက် နဲ့ ကိုင်မြှောက် လွှတ် လိုက်တယ် ။
“ ဖလပ် … ဖလပ် ”
အသံ မြည်ပြီး ငှက်ကြီး ပျံသွားတယ် ။ ကျုပ် မျက်စိ ဖွင့် ကြည့် လိုက်တယ် ။ ဝေးဝေး မပျံဘူး ။ အနား က သစ်ပင်ကြီး မှာ သွား နားတယ် ။ ကျုပ် ကြည်နူးစွာ ကြည့် နေမိတယ် ။ ဒီအချိန် မှာ ပဲ ကြောင်နက်ကြီး တစ်ကောင် သစ်ပင် ခွကြား မှာ ဘွားခနဲ ပေါ် လာတယ် ။ ကျုပ် မျက်လုံး ပြူး သွားတယ် ။ ကြောင် ချောင်း နေတာ ကို ငှက်ကြီး က မသိဘူး ။ လွတ်ပြီ ကျွတ်ပြီ ဆိုပြီး သစ်ကိုင်း ပေါ် မှာ အေးအေးဆေးဆေး နား နေတယ် ။ ကြောင် က အနား ဖြည်းဖြည်းလေး သွား နေတယ် ။
“ ဟဲ့ ကြောင် … ဟဲ့ ကြောင် ”
ကျုပ် အော်လိုက်ပေမယ့် နောက်ကျ သွားပြီ ။ ကြောင် က ငှက်ကြီး ကို ခုန်အုပ် ပြီး ပါးစပ် နဲ့ ကိုက်ချီ ကာ သစ်ပင် ပေါ် က ပြန် ဆင်းသွားတယ် ။
ကျုပ် မှာ ကြည့်ရင်း … ကြည့်ရင်း နှလုံးတွေ အခုန် မြန် ၊ ခေါင်းတွေ အရမ်း မူးပြီး မြေ ပေါ် ကို ပျော့ခွေ ကျ သွားတယ် ။
( ၅ )
“ သမီး ခင်ဂျမ်း … သတိ ရ လား … အမေ့ အသံ ကြားရဲ့ လား ”
အမေ့ အသံ … ၊ မှတ်မိတာပေါ့ ။ ကျုပ် စကား ပြောချင်တယ် ။ ပြော ကြည့်တယ် ။ အသံ က မထွက်ဘူး ။ အမေ့ ကို ကြည့် ချင်တယ် ။ ဖွင့်လို့ မရဘူး ။ အသံတွေ ကြား နေ ရတယ် ။
“ မဂျမ်း အားမငယ် နဲ့ … ခင်ဆန်း မဂျမ်း သတိရတဲ့ ထိ စောင့်ပေးမယ် နော် ”
“ မဂျမ်း ဘာမှ မဖြစ်ဘူး … ပြန်ကောင်းလာမှာ … နေ့ ဆို ကျွန်တော် စောင့်ပေးမယ် နော် ”
အောင်တိုး ရဲ့ အသံ ။
“ မဂျမ်း … မဂျမ်း ဖြစ်ချင်တဲ့ အတိုင်း အိမ် နဲ့ ဝင်း ကို မဂျမ်း ကို အားလုံး ပေး မှာ … အမေ က ရိပ်သာ သွား နေတော့မှာ … ကိုတိုး နဲ့ ခင်ဆန်း လည်း အိမ်ငှား ပြီးကြပြီ … မဂျမ်း ဘာမှ စိတ် မပူနဲ့ နော် … နေ ကောင်း အောင် နေ ”
အောင်စိုး အသံ က ငိုသံကြီး နဲ့ ပါလား ။
သူတို့ စကားတွေ ကြောင့် ကျုပ် ဝမ်းနည်း လိုက်တာ ။ ဘယ်မလဲ ကျုပ် သမီး ၊ ကျုပ် သား ၊ ကျုပ် ယောက်ျား ။ ကျုပ် ချစ်တဲ့ သူတွေ က ကျုပ်နား မှာ တစ်ယောက် မှ မရှိဘူး ။ ငိုချင်လိုက်တာ ။ ပါးပြင် ပေါ် မှာ မျက်ရည် ပူ စီးဆင်းတာ ကို ခံစား လိုက်ရတယ် ။
“ သမီး ခင်ဂျမ်း … အမေတို့ ပြောတာ ကို ကြားတယ် မဟုတ်လား … ဘာလို့ ငိုတာလဲ သမီးရယ် … တိတ် တိတ် … ဆရာမ … သမီးကြီး သတိ ပြန် ရလာမှာ မဟုတ်လား ”
“ မပြောနိုင်ဘူး အဒေါ် … ကိုမာ ဝင်ချင် နေပြီ ”
ဘာ ကိုမာ ဝင်ချင်တာလဲ ။ ကိုမာ မဟုတ်ဘူး ကိုတင်မာ ၊ ကိုတင်မာ ဆိုတာ ကျုပ် ယောက်ျား ၊ ကျုပ် ယောက်ျား ကျုပ် ဆီ ပြန် လာမှာ ။
သမီး ရော ၊ သား ရော ကျုပ် ဆီ ပြန်လာကြမှာ ။ ကျုပ် သတိရတာပေါ့ ။ ဒီ မြေ က ကျုပ် ဆွဲကြိုး ရောင်းပြီး ဝယ် ထားတဲ့ မြေ ။ ကျုပ် မြေ ပေါ့ ။ ဘယ်သူ က အမွေ လို ချင်တာလဲ ၊ မပေးဘူး … မပေးဘူး ။
ဟင် … မှောင် သွားလိုက်တာ ။ အမေ ရေ ကယ်ပါဦး ၊ အဖေ ရယ် … ကျုပ် ကို တုတ်ကြီး နဲ့ လိုက် ရိုက် နေတယ် ။
◾မင်းတင်ထွဏ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
ဇူလိုင်လ ၊ ၂၀၁၁ ခု
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment