Sunday, March 19, 2023

မြစ်ပြင်ကျယ် ထဲ ဝမ်းဘဲ တစ်ကောင်


 ❝ မြစ်ပြင်ကျယ် ထဲ ဝမ်းဘဲ တစ်ကောင် ❞


( ၁ )


သက်တံရောင်စုံ ပေ လော ၊ သို့တည်း မဟုတ် ဖန်ပြာခွက်ငယ် တွင် ရတနာကျောက်မျက် အစုံ တို့ ကို စီချယ်ထည့် သွင်း ထားခြင်း ပေ လော ။


ဘသာဖြိုး သည် ဖာလူဒါဖန်ခွက် ကို မသောက်ရက်သေး သဖြင့် တယုတယ ကိုင် ရင်း တအံ့တသြ ငေးမော ကြည့်နေမိ ရှာသည် ။ မည်းနက် တောက်ပြောင်သော ကျောက်ကျောတုံးငယ်များ က မဟူရာ အရောင် ၊ ယိုဘူး မှ ဖောက်ထည့် ထားသည့် နာနတ်သီး စိတ်ငယ် က သိင်္ဂါရွှေစင် ၏ အရောင် ။ ဝင်းဝင်းမှည့် မှည့် လုံးလုံးသွယ်သွယ် စပျစ်သီးခြောက်ငယ်ကလေးများ က ဣန္ဒနီလာ ပတ္တမြားညိုရောင် ။ သာကူစေ့ကလေးများ ကား ချိန်မူစစ်သည့် ပြည်တန်ပုလဲလုံးကလေး များ ကို စုပြုံ ခြယ်မြှုပ် ထားဘိ သို့ ... ။


ကောင်းပေစွ ၊ ထူးခြားပေစွ ၊ မွန်မြတ်ပေစွ ။


အင်း ... ရွာ မှာ ဆိုရင်ဖြင့် ဒီလို ဖာလူဒါ ဆိုသည့် အရာမျိုး ကို များ သောက်ရဖို့ နေနေသာသာ အိပ်မက် ထဲ မှာ ပင် ထည့် မက်ဖို့ မလွယ်ပေ ။ နေ ပူသည် ဆိုလျှင် အိမ် က မယ်ရီ စိမ် ပေးသည့် မန်ကျည်း မှည့် နှင့် ထန်းလျက် ဖျော်ရည် ကို ပင် အကောင်း လုပ် နေရ ၏ ။ စိမ်ရိုး စိမ်စဉ် ထန်းဖိုထန်းလျက် နှင့် မစိမ်ဘဲ ကန်တော်ထန်း လျက်ကလေးများ နှင့် စိမ်ထား၍ မွှေးပျံ့ပျံ့ ရှိနေလျှင် ပင် ကောင်းပေ စွ ၊ ထူးခြားပေစွ ဟု ထင်ခဲ့ရသည် ။ ဟော ... ခုတော့ မြို့ကြီးသား တစ်ပိုင်း ဖြစ်နေပြီ မို့ ဖာလူဒါ ဆိုတဲ့ အရာ ကို သောက်ဖူး ရချေပြီ ။ ငယ်ငယ်တုန်း က ကြား ဖူးသည့် ခဲဘွယ်ဘောဇဉ် ဆိုတာ ဒါမျိုးကို ခေါ် သည် ထင်ပါရဲ့ ။ 


တကယ်တော့ ဒါတွေ အားလုံးဟာ ကိုရာကျော် ကျေးဇူး တွေ ။ 


“ မြို့ ကို လာခဲ့စမ်းပါ ကိုသာဖြိုး ရာ ၊ စစ်အတွင်း တုန်း က ခင်ဗျား တို့ ပြုစုခဲ့တဲ့ ကျေးဇူးတွေ ကို ပြန်ပြီး ဆပ်ချင်လွန်း လို့ပါ ၊ အစစ မ ပူပင်ရစေပါဘူး ”


အတန်တန် ခေါ်ခဲ့လို့ ရောက် ရတာ ၊ ခေါ်မည် ဆိုလည်း ခေါ် စရာပဲလေ ။ စစ်အတွင်း မှာ ကိုရာကျော် တို့ တစ်တွေ မြို့ မှာ မနေဝံ့ ၍ ပြေး လာစဉ်က ဘသာဖြိုး သည် လိုလေသေး မရှိ ဂရုစိုက် ခဲ့၏ ။ သည် တုန်း က ဘသာဖြိုး အနေနှင့် နှမ်းလေး ၊ ပဲလေး က လည်း ရတုန်း ၊ ဆန်လေး စပါးလေး က လည်း ပုတ် ထဲ မှာ ရှိတုန်း မို့ ဦးရာကျော် တို့ တစ်မိသားလုံး ဘာမျှ မပူပင်စေရ ။ ဆီ ဆိုလျှင် ဆယ်ဝင် စဉ့်အိုး နှင့် တည်ပေး ထား၏ ။ ချက်ရေးပြုတ်ရေး ၌ လည်း ဦးရာကျော် ၏ ဇနီး ဒေါ်သူဇာ ကား စားဖိုချောင် ထဲ သို့ ဝင်သည် ဆိုရုံလောက် သာ ပင် ။ အစစ ကို မမယ်ရီ က တာဝန်ယူ ချက် ပြုတ် ပေး၏ ။ ညရေး ညတာ အတွက် လည်း ဦးရာကျော် တို့ တစ်တွေ ကို အိမ်ဦးခန်း မှာ ချမ်းသာ စွာ အိပ်စက်ကြ စေ၏ ။ ဘသာဖြိုး က ငှက်ကြီးတောင် ဓားရှည် တစ်လက် နှင့် အိပ်ဖန် စောင့် ပေး၏ ။ တစ်စိုး တစ်စိ မျှ မငြိုငြင် စေရ ။ 


သူတို့ ခမျာ ဆန်စက် ရော ၊ တိုက်ရော ရှိသမျှ စည်းစိမ်တွေ မြို့ မှာ အကုန် ပစ်ထား ပြီး ကစဉ့်ကလျား အခုလို တော သို့ လာရောက် ခိုလှုံ နေချိန်၌ ဝတ္တရား က ရှိနေပေ သကိုး ။


စစ်ပြီး၍ အေးချမ်းသွားသော အခါတွင် ကား ဦးရာကျော် တို့ သည် မြို့သို့ ပြန်၏ ။ သူ ၏ မူလ လုပ်ငန်း ဖြစ်သော ဆန်စက်လုပ်ငန်း ကို ပြန်လည် လုပ်ကိုင်၏ ။


ဘသာဖြိုး သည် ကား အေးငြိမ်းရွာ တွင် မိမိ လယ် ကို မိမိ လုပ် နေ ရသည် ။ နွားအို နောက်သား ဟု ဆိုရမည်လား မသိ ၊ သားသမီး တစ်ကျိပ် နီးပါး မွေးခဲ့ ရာတွင် တစ်ယောက် မျှ အဖတ် မတင်သော မယ်ရီ သည် သွေးဆုံးခါ နီး မှ သားလေး တစ်ယောက် မွေးဖွားပြီး အဖတ်တင် ရှင်သန် ခဲ့သည် ။ ထို သားကလေး ကိုးနှစ်သား အရွယ် ယမန် နှစ် က ဦးရာကျော် တစ်ယောက် အေးငြိမ်း သို့ ရောက် လာ သည် ။ လာရခြင်း အကြောင်းကတော့ ဘသာဖြိုး တို့ မိသားစု ကို မြို့ သို့ လာ နေရန် ခေါ်ခြင်း ပေတည်း ။


စက်ပိုင်သူဌေး ကိုယ်တိုင် တကူးတကန့် လာ ခေါ်ပြန် တော့ လည်း ဘသာဖြိုး အနေ နှင့် ငြင်းရန် ခက်လှ၏ ။ ဦးရာကျော် က မြို့ ၏ စည်ပင်ပုံ ၊ ခမ်းနားပုံ ၊ လိုလေသေး မရှိပုံ စသည့် စည်းစိမ် တို့ ကို တော ၏ နုံချာပုံ ၊ ဆင်းရဲပုံ ၊ မွဲငတ်ပုံ တို့ နှင့် ယှဉ်၍ တရား ပြသည် ။ ဘသာဖြိုး ငေးငိုင် လာသည် ။


“ လိုက်တော့ အလိုက်ချင်သား ကိုရင် ရ ၊ ဒါပေမဲ့ ဟောဒီ သားလေး မောင်အောင်ခ က ရှိနေ ပြန် တယ် ။ သားသမီး တစ်ကျိပ် နီးပါး မှာ သူ တစ်ယောက် အဖတ် တင် တာမို့ ဒီ ကလေး က ကျုပ်တို့ လည်ဆွဲ ဗျ ။ သူ က ရွာ မူလတန်းကျောင်း မှာ တတိယတန်း တောင် ရောက် နေပြီ ၊ ဉာဏ် က လည်း ကောင်း လိုက်တာ လွန်ပါရော ၊ ခြင်္သေ့တံဆိပ် ဖတ်စာ တစ်အုပ် လုံး ဒေါင်းဒေါင်း ပြေး နေအောင် ဖတ် နိုင်တာ ၊ ကျုပ်တို့ မြို့ ကို ပြောင်းရင် ဒီ ကလေး ပညာ သင် ပျက်မှာ စိုးရိမ်တယ် ကိုရင် ရာ ”


ဘသာဖြိုး ၏ စကား ကို ကြားရသော အခါ ဦးရာကျော် က ဟက်ဟက် ပက်ပက် ရယ်၏ ။


“ အောင်မယ်လေး ... ရိုး မှ ရိုးရှာလေ့ ကိုရင်သာဖြိုး ရာ ၊ မြို့ မှာ ဆိုရင် ခင်ဗျား သား ကို ပိုပြီး နံမည်ကြီး တဲ့ ကျောင်း ၊ အသင်အပြ ကောင်းတဲ့ ကျောင်းတွေ မှာ ထားနိုင်တာ ပေါ့ ဗျ ။ တတ်နိုင်ရင် မနက် ရော ညရော ကျူရှင် တောင် ယူနိုင်သေးတယ် ”


ဦးရာကျော် စကား ထဲ မှ ကျူရှင် ဆိုတာကြီး ကို နားမလည် ပေမဲ့ သား အတွက် ပို ကောင်းသည် ။ ပိုပြီး ပညာတတ်မည် ဆိုလျှင် ဖင့်နွှဲ လေးကန် နေစရာ မလို ။ ဦးရာကျော် ခေါ်ရာ သို့ ဘသာဖြိုး သည် မဆိုင်းမတွ ပင် လိုက်ရန် ပြင်ခဲ့၏ ။


အဆင် သင့်ချင်တော့ ဦးရာကျော် တို့ စက် မှာ က ဒရဝမ် တစ်ယောက် လစ်လပ် နေပြန် သတဲ့ ။ လစ်လပ်သည် ဆို သဟာက လည်း သည်လိုပါ ။ ဒရဝမ်ဟောင်း သည် လုံးဝ မယုံကြည်ရ ။ စက် မှ ဖွဲ ၊ ဆန်ကွဲ တို့ ကို ခိုးယူ ရောင်းစားသည် ။ ထို့ကြောင့် ဦးရာကျော် က ဘသာဖြိုး အား လာ မခေါ်မီ တစ်ပတ် ခန့် က ပင် ဒရဝမ်ဟောင်း အား အလုပ် မှ ထုတ်ပစ်ခဲ့ခြင်း ဖြစ်သည် ။


အဆင်သင့် လေ စွ ။ ဘသာဖြိုး အတွက် အိမ် လည်း အဆင်သင့် ပင် ။ မီး လည်း အဆင်သင့် ၊ ကိုရာကျော် တို့ ကျေးဇူး သိတတ် လိုက်ပုံများ တော့ ဘသာဖြိုး အတွက် ဘာမျှ မပူပင်ရလေအောင် နေရာချ ပေး ထားခဲ့၏ ။ နောက်ဖေး မှ အစေခံတန်းလျား သည် ပျဉ် ထောင်ပျဉ်ခင်း မို့ သပ်ရပ် လှ၏ ။ မယ်ရီ က လည်း အားအား ရှိ လျှင် ပုဆိုးစုတ် တစ်ခု နှင့် ကြမ်း ကို သာ တိုက် နေသည် ဖြစ်၍ ပြောင် လက် နေသည် ။ အစေခံတန်းလျား ဆို ပေမယ့် ရွာ က ထရံကာ သက်ကယ်မိုး အိမ် ထက် တော့ နှစ်ပြန် သုံးပြန် ကောင်း နေ၏ ။


ရွာ မှာ ရေနံဆီမီးခွက်ကလေး မှိတ်တုတ် မှိတ်တုတ် နှင့် နေခဲ့ရပေမဲ့ ယခုတော့ ထိန်ထိန်ညီးညီး လျှပ်စစ်မီး နှင့် နေရ၏ ။ အိပ် ဖို့ အတွက် ခုတင် တစ်လုံး လည်း ပေးထား သေးသည် ။ ကျွန်းသား စာပွဲ တစ်လုံး လည်း ဘသာဖြိုး တို့ မရောက်ခင် ကတည်း က ရှိနှင့် သည် ။ ရွာ မှာ တုန်းက ကြက်သံ ကို ဗဟိုပြု နေရပေမဲ့ ယခုကား ဆန်စက် ကို စောင့်ရင်း နာရီသံချောင်း ကို ကိုယ်တိုင် ခေါက် နေရ သည်မို့ တိုင်ကပ် နာရီကြီး မှ ရောမဂဏန်းများ ကို တောင် ကြည့် တတ် နေပြီ ။ မနေ့က သာညံ တို့ နှင့် ဈေး မှာ တွေ့တုန်း က တောင် ပြောရ သေး၏ ။


“ ဟေ့ ... ကောင်တွေ ၊ နက်ဖြန် အိမ် ကို လာပြီး ကော်ဖီ သောက်လှည့်ဦး ကွ ။ ဆယ်နာရီ လေးဆယ့်ငါးမိနစ် လောက် လာခဲ့ရင် ငါ အား ပါတယ် ” 


“အောင်မယ်လေး ... နာရီ တွေ နာရက် တွေ လုပ် မနေစမ်းပါ နဲ့ ဘကြီးဖြိုး ရာ ၊ နေ့ဆွမ်း စား ပြီးလောက် လာခဲ့ဆိုလည်း ပြီးတာပဲ ” ဟု သာညံ က ပြန် ပြောသွား၏ ။ အင်း ... လူငယ် ဆိုပေမဲ့ သာညံ တို့ လူသိုက် သည် ဘသာဖြိုး ထက် အများကြီး ခေတ် နောက်ကျ ကျန်ရစ်ခဲ့ ချေပြီ ။ 


တကယ်တော့ ဒါတွေ အားလုံး ဟာ သူဌေး ဦးရာကျော် ၏ ကျေးဇူးတွေ သာ တည်း ။ ထိုကြောင့် ညစဉ် ညစဉ် ဘုရားဝတ်ပြု ၊ အန္တရာယ်ကင်း ပရိတ်ရွတ် ၊ ဟေတုပစ္စယော နှင့် စည်းချ ပြီး ၍ မေတ္တာ ပို့ တိုင်း ဦးရာကျော် အတွက် အထူးတလည် ဆုတောင်း မေတ္တာ ပို့သ ရသေး၏ ။


“ အဟမ်း အဟမ်း ... ကျေးဇူးရှင် မောင်မင်းကြီးသား ဦးရာကျော် တစ်ယောက် ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ လန်းဖြာပါစေ ၊ ဝမ်းသာပါစေ ၊ စိတ်အကြံ မြောက်ပါစေ ၊ အဓိဌာန် ပေါက် ပါစေ ၊ နိဗ္ဗာန် ရောက်ပါစေ ”


( ၂ )


“ ဟ ... ဒီ စားပွဲ ပေါ် မှာ အစင်းတွေ ထင် နေပြန်ပါပြီ လား ၊ ဒုက္ခပါပဲ ဟာ ”


အရောင်တင် ဆေး ကြောင့် ဝင်းဝင်းလက် နေသော ကျွန်းသား စားပွဲကြီး တွင် ခြစ်ရာ အစင်းကြီး များ က အကျည်းတန် စွာ ပေါ်လွင် နေ၏ ။ မယ်ရီ ငယ်ငယ် က လိမ်းပြီး သနပ်ခါး မခြောက်ခင် ပါးပြင် ကို အသားဘီး ဖြင့် ခြစ်ထားဘိ သို့ ရှိ တော့၏ ။ မယ်ရီ ပါး မှ သနပ်ခါးဘီး ခြစ်ရာ တောသူ သဘာဝ ၊ မိန်းမသား သဘာဝ မို့ ကြည့် ကောင်း သော်လည်း သည် ကျွန်းသား စာပွဲ ပေါ် က ခြစ်ရာ အစင်းကြီးများ က တော့ တစ်စက်ကလေး မျှ ကြည့် မကောင်း အရုပ် ဆိုး လှ၏ ။ သည် စားပွဲ သည် ဘသာဖြိုး တို့ မရောက်ခင် ကတည်း က အစေခံ တန်းလျား မှာ ရှိနှင့်သော စားပွဲ ဖြစ်၏ ။ အရင်ကတော့ ဖုန်စုတ်စုတ် နှင့် စားပွဲဟောင်း တစ်လုံး သဖွယ် ရှိခဲ့၏ ။ ဘသာဖြိုး က ရေဆေး ပြီး ပွတ်လိုက် သပ်လိုက် အရောင် တင်လိုက် လုပ် နေ၍ ယခု ကား ဖိတ်ဖိတ် လက် နေသည် ။ ယင်း စားပွဲ တွင် သားငယ် ထိုင်၍ ကျောင်းစာများ ကျက်နေသည် ကို မြင်တိုင်း ဘသာဖြိုး ရင် မှာ ပီတိ ဖြာ ခဲ့ရ၏ ။


“ တော့် သားလေ ... စာ ကျက်ရင်း ငမှုံ နဲ့ ဆော့တာ ၊ ငမှုံ ကို နားရွက် ဆွဲ လိုက် ခါး ညှစ်လိုက် နဲ့ ... ငမှုံ သူ့ ဒဏ် မခံနိုင်လို့ ဆင်း အပြေး လက်သည်း နဲ့ ခြစ် မိတော့ အစင်းတွေ ထင် ကုန်တော့တာ ပေါ့ ... ”


ဘသာဖြိုး သည် စာပွဲ ပေါ် မှ ကြောင်လက်သည်း ခြစ်ရာများ ကို ပျက်အံ့ နိုးနိုးဖြင့် ပွတ် ဖျက် နေသည် ။ သို့သော် အစင်းကြီးများ ကား လက်ဖြင့် ပွတ်လေ ပို၍ ထင်လေ ။ မဖြုန် ရေးချ မဖြုန် ၊ နည်းနည်း လေး မှ မဖြုန် ။


အောင်ခ သည် ဘာမျှ ပြန် မပြော ။ အခန်း ထောင့် တွင် တင်ပျဉ် ခွေ ထိုင်ရင်း နှုတ်ခမ်း ကို သာ စူနေသည် ။ ပေါင် အထက် တွင် လည်း သူ့ ကြောင် ငမှုံ က ဝပ်လျက်သား ရှိ၏ ။ ဖခင် ၏ မာန်မဲသံ ကို သဘော မကျတိုင်း ကြောင် ၏ ကျော မှ အမွေးများ တွင် လက်ညှိုး ဖြင့် ဝလုံး ရေး သလို ဝိုက် ပွတ် နေ၏ ။


“ စားပွဲ တို့ ၊ ကုလားထိုင် တို့ ၊ အိမ် တို့ ၊ ဒီ ပစ္စည်းတွေ ဟာ သူဌေး ပစ္စည်းတွေ ၊ သူဌေး က သဘော ကောင်း လွန်း လို့ တို့ တစ်အိမ်သား လုံး အခုလို အခန့်သား နေရတာ ၊ ဒါကို တို့ က ကျေးဇူး သိတတ်တဲ့ အနေ နဲ့ ရိုရိုသေသေ ကိုင်ပါ ဆိုတာ ပြောလို့ ကို နား မထောင်ဘူး ၊ တယ်ခက် တာဘဲ ”


အောင်ခ က မူ ထိုင်မြဲ ထိုင်လျက် ဘာမှ ပြန် မပြော ၊ သည်တော့ လည်း ဖခင် အနေ နှင့် ဆက်လက် မဆူရက် တော့ ။ သနားစိတ် ဝင်လာ၏ ။ သို့ရာတွင် ခက်သည် မှာ သူ့ ပစ္စည်း မှန်း ကိုယ့် ပစ္စည်း မှန်း မသိ ။ မရိုသေတတ်ခြင်းပင် ။


တခါတရံ အိမ် နံရံ ပေါ် တွင် မီးသွေးခဲ နှင့် နွားရုပ် ကျွဲရုပ် တွေ လျှောက် ရေး တတ်၏ ။ ရှာရှာဖွေဖွေ ဆန်စက် ဘေးရှိ ရေကန်ရိုး မှ ရွှံ့များ ကို ယူ လာ ပြီး နွားရုပ် ၊ လှည်းယာဉ် ၊ ထွန် စသည် တို့ လုပ်တတ် ၏ ။ လေးခွ နှင့် ပစ်ရန် လောက်စာလုံးများ လုံး တတ်၏ ။ ပြီးတော့ ထို မခြောက် တခြောက် ရွှံ့ရုပ်တွေ ကို တိုက်ချွတ် ထားသည့် ပျဉ်းခင်း ကြမ်း ပေါ် သို့ တင် ပြန်၏ ။ ရွှံ့များ ကြမ်းခင်း ကို ပေကျံ ကုန်၍ ဆို ပြန် တော့ လည်း ဘာမျှ ပြန် မပြော ။ မျက်ရည် အဝိုင်းသား နှင့် သာ ထိုင် နေ သဖြင့် သနားရ ပြန်၏ ။


သူ့ ကြောင် က လည်း တစ်မှောင့် ပင် ။


တစ်ခါတစ်ရံ အိမ် ပေါ် တွင် ချေးပါ တတ်၏ ။ ကြောင်ချေး နံ့ နံ နေမှ ရှာပြီး သန့်ရှင်း ကြရသည် ။ အိပ်ရာ ပေါ် အိမ်ပေါ် ချေးပါ ရ ကောင်းလား ဟု ကြောင် ကို ရိုက်ပြန် လျှင် လည်း အောင်ခ က မကြိုက် ။ မျက်ရည် အဝိုင်းသား နှင့် ။


အစ ကတည်း က ဒီ ကြောင် ကို မယူခဲ့ချင် ပါ နဲ့ ၊ မမွေးချင် ပါ နဲ့ လို့ အပြောသား နဲ့ ၊ အခုတော့ စားပွဲ တစ်ခုလုံး ရစရာ ကို မရှိဘူး ဘသာဖြိုး က ရေရွတ်သည် ။ ဘသာဖြိုး တို့ မြို့ ပြောင်း လာစဉ် က ငမှုံ သည် ရွာ တွင် ကျန်ရစ်ခဲ့၏ ။ ရွာ က လူတွေ စက် သို့ ဆန်ကြိတ် လာ ၍ လှည်း ကြုံတိုင်း အောင်ခ က ကြောင် ကို ယူ ခဲ့ရန် တဖွဖွ မှာသည် ။ ဘသာဖြိုး က တော့ ကြောင် ကို မယူစေချင် ။


“ မောင်စိုး တို့ တင်မေ တို့ အိမ် မှာ စားနေမှာ ပါ ကွာ ၊ သူ့ ဟာ သူ နေပါစေ ”


ဟုပြော သော်လည်း မရ ။ တဖွဖွ သာ မှာယူ ခဲ့သည် ။ သူများ ခြံဝင်း ထဲ နေစဉ် အိမ်မွေးတိရစ္ဆာန် မွေးရသည် မှာ မလွယ်ပေ ။


အိမ်ရှင် က ကြိုက်မှန်း မသိ ။ မကြိုက်မှန်း မသိ ။ ထို့အပြင် သူဌေး မွေး ထားသည့် လူ့ ခါးစောင်းခန့် မြင့်သော ခွေးကြီးတွေ ၏ အန္တရာယ် က လည်း ရှိ သေး၏ ။ တစ်နေ့က ပင် ငမှုံ ကို မြင်သည် နှင့် ခွေးကြီး တစ်ကောင် က ထိုး၍ လိုက်၏ ။ ငမှုံ က ဖက်သန်းပင် ပေါ် တက် ပြေးသည် ။


“အမယ်လေး ... ကျုပ် သစ်ခွပင်ကလေးတွေ တော့ ကုန်ပါ ပြီ ”


 ဟူသော သူဌေးကတော် ဒေါ်သူဇာ ၏ ရင်ဘတ်စည်တီး ညည်း သံ ကို ကြားရ သေးသည် ။


တစ်ခါတစ်ရံ တော့ လည်း လူရေးလူမှု ကို မသိတတ်သေး သည့် အောင်ခ တို့ အတွက် စိတ် မကောင်း ဖြစ်ရ၏ ။


ဘသာဖြိုး က တော့ အစစအရာရာ ရိုသေသည် ။ လျှပ်စစ်မီး ကို ပင် အောင်ခ စာကြည့်ချိန် မှ တစ်ပါး အလကား မထွန်းညှိရ ။ ပြီးတော့ အိမ် မှ ပျဉ်ထောင်များ ကို လည်း မကြာခဏ ရေနံချေး သုတ် သည် ။ အိမ်ထောင့်တိုင်း တွင် ပင့်ကူ တစ်မျှင် မရှိစေရ ။ မယ်ရီ သည် လည်း အိမ် သန့်ရှင်းရေး တွင် ကား စိတ်ချရ ပါ၏ ။ သို့သော် သူ က စိတ် တို တတ်သည် ။ သည်းမခံတတ် ။ ဆိုးမျိုး မခံတတ် ။ သူ့ သား ကို ဆူ လျှင် လည်း မကြိုက်တတ် ။


တစ်နေ့ က မယ်ရီ သည် တိုက်ကြီး ပေါ် ၌ ထမင်း ကူ ချက်နေရာ မှ ပန်းကန် ဆေးရင်း ပန်းရေး နှုတ်ခမ်းတွန့် ကြွေပန်းကန် တစ်ချပ် ကျကွဲသည် ဆို၏ ။ သူဌေးကတော် ဒေါ်သူဇာ ကတော့ စုတ် သပ်ရုံ သာ သပ် ရှာ၏ ။ သူဌေးသမီး အငယ်မ က အကိုင်အတွယ် မရိုသေရ ကောင်းလား ဟု မယ်ရီ ကို အပြစ် တင်သည် ။ မြည်တွန် တောက်တီး သည် ။ ဒါကို မယ်ရီ က သည်းခံရ ကောင်းမှန်း မသိ ။ မကျေမနပ် ဖြစ်နေ၏ ။


“ ဟဲ့ ... ပြော မှ သိ ၊ ထိ မှ နာ ... သာ မှ နေ - သေမှ ခင် ၊ ဤလေးအင် လူတွင် မကျင့်ရာ တဲ့ ၊ သူတို့ မပြောခင် က သိမှ ပေါ့ ၊ သူများ ပစ္စည်း ကို ရိုရိုသေသေ ကိုင် မှ ပေါ့ ၊ မပြောခင် က သိရတယ် ၊ မထိခင် က နာရတယ် ”


ဟု ဘသာဖြိုး က ဆုံးမ သော်လည်း မရ ။ 


“ မတော်တဆ ဖြစ်တာပဲ တော့် ။ သူတို့ ကို လဲ သွား ကူရသေး ၊ ကိုယ့် သမီး အရွယ်လေး က လူ ကို ဆိုလိုက် ပြောလိုက် တာ တကတည်း ဖျတ်ဖျတ်လူး နဲ့ ၊ ရစရာမရှိဘူး ” ဟု တဖျစ်တောက်တောက် လုပ်နေ သည် ။


“ အောင်မယ်လေး မယ်ရီ ရာ ၊ သူတို့ တစ်တွေ တို့ ရွာ ကို လာ တုန်း က ဒီ ကောင်မလေး က ရှစ်နှစ် အရွယ် ဂါဝန်ကလေး နဲ့ ပြေးတုန်းလွှားတုန်း ကစားတုန်း ၊ နင့် ပဒုမ္မာ ပိတ်အင်္ကျီအသစ်ကြီး ကို ယူ သွားပြီး ကတ်ကြေး နဲ့ ညှပ်ဖြဲ ပစ် ခဲ့ တာတောင် ချစ်လွန်း လို့ သည်းခံ ခဲ့သေးတာ ၊ အခုလို ဆိုတာ ပြောတာ လောက်ကလေးများ ဗွေ ယူ နေ ရသေးသလား ဟ ၊ ကလေး မို့ ပြောရှာတာပါ ဟာ ၊ သူ့ မိဘကျေးဇူး လည်း ထောက်ဦးမှပေါ့ ”


မယား အကြောင်း ၊ သား အကြောင်း စဉ်းစား နေရသည် နှင့် ယနေ့ သာညံ တို့ ကို အိမ် ကို လာပြီး ကော်ဖီ သောက်ရန် မှာ ခဲ့သည် ကို သတိမေ့ နေမိသည် ။ သာညံ တို့ ကား ဘယ် တရုတ်ဆိုင် တွင် ဝင်ပြီး စတည်းချ နေကြသည် မသိ ၊ ယခုထိ မပေါ်လာကြသေးပေ ။ 


“ သာညံ တို့ လာမယ် ပြောထားတာ ခုထိတောင် မရောက်လာ ကြသေးဘူး ၊ ဘယ်နှနာရီ ရှိပြီလဲဟဲ့ မယ်ရီ ”


ဒေါ်မယ်ရီ သည် ကြမ်းပြင် ပေါ် တွင် ဒူး တစ်ဖက် ထောင်၍ ထိုင်ရင်း ပြောင်းဖူးဖက် ဆေးလိပ်ကြီး ကို အားပါးတရ ဖွာ သောက် နေရာ မှ လှည့် မကြည့်ဘဲ ဖြေ၏ ။ 


“ သိတဲ့နိုင် ရိုးလား ”


( ၃ )


ယနေ့ သူဌေးကတော် က လွှတ် သဖြင့် ခြင်းတောင်း ကို ဆွဲ၍ ဈေးဝယ် သွား၏ ။ ဈေး တောင်ဘက် တွင် ရွာ မှ လှည်း နှစ်စီး သုံးစီး ကို တွေ့ သည် ။ ဝါဆို ဆွမ်းကြီးလောင်း အတွက် ဈေး ဝယ် လာကြ သည် ဆို၏ ။ ထုံးစံ အတိုင်း မရောက်တာ ကြာပြီ ဖြစ်သော ရွာ အကြောင်း မေး ရ၏ ။


“ဒီနှစ် လယ်တွေ က တော့ အနည်း နဲ့ အများ နောက်ကျ ကြတာ ပဲ ဘကြီးဖြိုး ရ ၊ ရွာ မှာ လည်း ကောက်စိုက် ပျိုးနုတ် တို့ က ဒီနှစ် နည်းနည်း ရှားတယ် ”


လှည်းဘေး တွင် မိုးတိုးမတ်တတ် ရပ်ရင်း ကျော်ခင် က ပြော၏ ။ 


“ ဘယ်နှာကြောင့်လဲ ဟ ၊ ခါတိုင်း ရွာ မှာ ကောက်စိုက် ဘောက် သုံးဘောက် တောင် ရှိတာ သူ့ ဘောက် ငှားပါ ၊ ငါ့ ဘောက် ငှားပါ နဲ့ တောင် ဘောက်ချင်း ပြိုင် နေကြသေး မဟုတ်လား ”


“ ဒီနှစ် ကိုရင်ဘလွန်း တို့ လည်း ဘောက် မထောင်နိုင်ဘူးဗျ ။ အရီးအေး တို့ ကိုကြီးဦး တို့ ဘောက်တွေ လည်း အရင်လို ကောက်စိုက်သမ မများတော့ဘူး ။ သည်လိုလေ ဗျာ ၊ ကျုပ်တို့ အနောက်ဘက် လုံးတော်ရွာ က သူကြီးဦးမိုး က အုတ်ဖို ထောင်တယ် ၊ အုတ်ဖို အလုပ် က တစ်နေ့ သုံးလေးကျပ် ရတော့ လယ်ပိုင် မရှိတဲ့ လူတွေ က အဲဒီ မှာ ပဲ ဝိုင်း နေကြတော့တာပေါ့ ၊ ကိုဝင်းမောင် တို့ မိသားစုများ သင်္ကြန် တွင်း တောင် ရွာ ကို ဥပုသ်စောင့် ပြန် မလာနိုင်ကြဘူး ”


ဈေးခြင်း ကို ဆွဲ ၍ ပြန် လာရင်း ရွာ မှ သတင်းများ ကို စဉ်းစား လာ မိ၏ ။ သည်နေ့ ကြားရသော သတင်းတွေ က တယ်တော့ အားရစရာ မရှိပေ ၊ လယ်ယာ အလုပ်သမား ရှား၍ လယ် နောက်ကျ ရသည့် အကြောင်း ၊ သာဖြိုး ရွာ မှာ ထားခဲ့သည့် နွားများ အနက်မှ နွားမကြီး တကောင် ထမ်းပိုးကြီး နှင့် အပစ် ခံရသဖြင့် ရှေ့လက် သွင်သွင် ကျိုး သွားသည့် အကြောင်း ၊ ဘသာဖြိုး ၏ လယ် ငါးဧက သည် စိုက်ရက် နောက်ကျ သဖြင့် အနည်းငယ် ညံ့သည့် အပြင် စိုက်ပြီး ကောက်ပင်ညိုစ ‘ စိုက်သညို ’  တစ်ကွက် ကို နွားလွတ် ဝင် အစား ခံ ရကြောင်း စသည့်ဖြင့် စိတ် မချမ်းမြေ့စရာများ သာ ကြား ရ၏ ။


“ နွားရော ... လယ်ရော အပ်ထား ခဲ့တဲ့ မောင်စို တို့ တင်မေ တို့ ကလည်း ဂရုတော့ စိုက်ကြရှာ မှာပဲ ၊ ဒါပေမဲ့ သူတို့ ခမျာ သူတို့ နွားကျွဲ ၊ သူတို့ နွား နဲ့ သူတို့ လယ်ကလေး က လည်း တစ်ဖက် မဟုတ် လား ၊ အင်း ... ကိုယ်တိုင် လုပ် သလောက်တော့ ဘယ်မှာ ဖိဖိစီးစီး ရှိပါ့မလဲလေ ”


အတွေး လွန် နေသဖြင့် ရင်ဆိုင် တိုးမိ မလို ဖြစ်သွားသော ဆိုက်ကား တစ်စင်း ကို မနည်း ရှောင် လိုက်ရသည် ။ ယနေ့ အတိတ် မကောင်း ဟု ဘသာဖြိုး က တွေး လိုက်၏ ။ ဒီနေ့ ကြားခဲ့ရတဲ့ ရွာ သတင်းတွေ ကို မယ်ရီ အား မပြောမိ အောင် တော့ သတိထား ရပေ မည် ။ သို့ မဟုတ် က ...


“ တစ်ခါတစ်ရံတော့ ကျုပ် ဖြင့် ရွာ မှာ တုန်း က လယ်ကြား ကန်သင်းရိုး ပေါ် လျှောက်ပြီး ထမင်း ပို့ သွားခဲ့ရတာလေး တွေ ဘောင်တုတ်ငှက် မြည်သံလေးတွေ ကို လွမ်းပါ့တော် ... ” ဟု တမ်းတမ်းတတ ညည်း တတ်သော မယ်ရီ တစ်ယောက် ပိုပြီး စိတ် မကောင်း ဖြစ်နေပေဦးမည် ။


ဈေး မှ ဝယ်လာသည့် ပစ္စည်းများ ကို ဒေါ်သူဇာ အား အပ် လိုက် ပြီး မိမိတို့ နေထိုင်ရာ နောက်ဖေး တန်းလျား သို့ ထွက်လာခဲ့၏ ။ အိမ်ကလေး မှ ပျဉ်ထောင်သည် သုတ်ပြီးစ ရေနံရောင် ကြောင့် နံနက် နေခြည် ထဲ တွင် လှပ နေ သေးတော့၏ ။ အိမ် ကြမ်းခင်း ကို နင်းမိ လိုက် လျှင်ကား ယနေ့ နိမိတ် မကောင်းဟူသည့် ဘသာဖြိုး ၏ အတွေး မှာ မှန်ခြင်း မက မှန် နေတော့၏ ။


မြင်ရ ချက် က မသက်သာ ။ အောင်ခ သည် အိမ် ပေါ် တွင် ခြေ ဆင်း ထိုင်ရင်း ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုနေ၏ ။ မယ်ရီ က ဘေး မှ ထိုင်ပြီး ချော့ နေသည် ။ ဘသာဖြိုး သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား ရသည် ။


“ ဟဲ့ ... ဘာဖြစ်တာလဲ ၊ ကင်းများ တုတ်လို့လား ”  


အောင်ခ  အတွက် ဝယ် လာသော ထောပတ်မုံ့ ကို ပင် ပေးရန် သတိ မရ ။ အနား သို့ ကပ်ပြီး စိုးရိမ်စိတ် ဖြင့် မေး မိသည် ။


“ သူ့ ကြောင် ပျောက်လို့တဲ့ တော် ၊ မနက် ကတည်း က ရှာ မတွေ့လို့ တဲ့ ၊ အဲဒါ သူဌေးတိုက် က ခွေးကြီးတွေ ကိုက်သတ်ပစ် လို့ သေပြီ ဆိုပြီး ငိုကြီးချက်မ လုပ် နေတာ ၊ ချော့ လို့ လည်း မရဘူး ” 


မယ်ရီ ၏ စကား ကြား မှ ဘသာဖြိုး တွင် စိုးရိမ်စိတ်များ ပျောက် လွင့် ပေါ့ပါး သွားမိရ၏ ။


“ လူလေးကလဲ ကွာ .. အော်ကြီးဟစ်ကျယ် ငို နေတော့ အဘ ဖြင့် ဘာများလဲ လို့ မထိတ်သာ မလန့်သာ ရှိလိုက်တာ ၊ အောင်မယ်လေး ကြောင်ကလေး တစ်ကောင် ပျောက်တာများ ရေးကြီးခွင် ကျယ် လုပ်လို့ကွယ် ၊ တိတ် ... တိတ် ”


ဘသာဖြိုး က ရယ်သွမ်းသွေး ၍ သား ကို ချော့သည် ။ သည်တွင် တစ်ခါမျှ ပြန် မပြောဖူးသော အောင်ခ သည် ငို နေရာ မှ ရှိုက် ၍ ရှိုက် ၍ ပြန်ပြော၏ ။


“ ကြောင် ပျောက်တာ အရေး မကြီးပဲ နေပါ့မလား ဗျ အဘ ရ ၊ ဟိုဟာ ကိုင် လည်း သူဌေး ပစ္စည်း ၊ ဒီဟာ ကိုင် ပြန် ရင်လည်း သူဌေး ပစ္စည်း ၊ အကုန်လုံး သူဌေး ပစ္စည်း ချည်း ပဲ ၊ ကျုပ်တို့ ပိုင်တာ ဆိုလို့ ဒီ ကြောင်ကလေး တစ်ကောင် ပဲ ရှိတယ် ၊ အခု တစ်ခါ ဒီ ကြောင် က ပျောက်သွား ပြန်ပြီ ဆိုတော့ ဘယ့်နှယ် လုပ်ရပါ့မတုံး ဗျ ”


အောင်ခ က ရှိုက်၍ ရှိုက်၍သာ ဆက် ငို နေသည် ။ အောင်ခ ၏ စကားများ က ရယ်သွမ်းသွေး နေသော ဘသာဖြိုး ၏ မျက်နှာ ကို တည်ငြိမ် ရင့်မာ သွား စေသည် ။ ဘသာဖြိုး ကို ကျောက်ရုပ် သဖွယ် တွေငိုင် သွား စေသည် ။


ဘသာဖြိုး ၏ စိတ် တို့ သည် အဝေး မှ ရွာဆီ သို့ ပျံ့တက် လွင့် စဉ် သွား၏ ။ ရွာလယ် မှ သေးငယ် သော်လည်း လွတ်လပ်သည့် ထရံကာ သက်ငယ်မိုး နှင့် မိမိ ပိုင် သုံးခန်း အိမ်ကလေး အတွင်း သို့ ရောက်ရှိ သွားရ၏ ။ အိမ် နောက်ဖေး စည်းရိုး ဘေး မှ ပဲလင်းမြွေ စင်ကလေး နှင့် ချဉ်ပေါင်ခင်း ၊ ရုံးပတီသီးများ ကို လည်း သတိရ စေ၏ ။ ထို့အပြင် ရွာ ၏ ရှုခင်း ၊ ရွာ ၏ အသံ တို့ ကလည်း ဘသာဖြိုး ၏ စိတ် အတွေး တွင် အစဉ်တစိုက် မြင်ယောင် ကြားယောင် ၍ လာစေ ပြန် သည် ။


မိမိ နှစ်စဉ် ထွန်ယက် လုပ်ကိုင် ခဲ့သည့် လယ်ကွင်း တို့ မှ ကောက်ပင် စိမ်းစိမ်းများ ၊ ကောက်ရိုး ကို နုပ်နုပ်မျှင်မျှင် စဉ်း ကျွေး မှ ကြိုက် တတ် သည့် နွားပြာ တစ်ရှဉ်း နှင့် နွားမကြီး သားအမိ ၊ လ သာသာ တွင် သားအဖ တစ်တွေ ထွက် ၍ နှီးချောဖျာ တစ်ချပ် ခင်းကာ တူယှဉ် အိပ်စက် ခဲ့ကြသည့် ဝါးခင်းကွပ်ပျစ်ငယ် ၊ ရွာ ရိုး တစ်လျှောက် တိုက်ခတ် လာသော တောပန်းနံ့ သင်းပျံ့ သည့် လေပြည် လေညင်းကလေး ၊ ထိုပြင် ... ထိုပြင် ...


နေကျ ချိန်တိုင်း သာသာယာယာ အဆက်မပြတ် ကြားရ တတ် သည့် ရွာ အနောက်ဘက် ကုန်းကျင်းများ ဆီမှ ဘုတ် အီသံ ၊ ဘောင်တုတ်ငှက် မြည်သံ ချိုချိုကလေးများ ။


◾မြတ်သင်း


📖 မြဝတီ မဂ္ဂဇင်း

      မတ်လ ၊ ၁၉၇၁ ခုနှစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment