Saturday, August 16, 2025

ကိုကို့ အမေ


 

❝ ကိုကို့ အမေ ❞
( ဒဂုန်ခင်ခင်လေး )

“ ငါသေချင် သေပါစေတော့ ။ တစ်နည်းနည်းနဲ့ သေရင် အေးတာပါပဲ ” ဟု စိတ်ကို ဒုန်းဒုန်းချပြီး ဖြစ်လိုရာဖြစ် ဟု ဇွတ်နှစ်၍ လာခဲ့သော်လည်း မိမိအား စားတော့မလို မျိုတော့မည့်အလား ရုတ်တရက်အားဖြင့် နှိပ်စက်လိုသည့် မျက်နှာနီနီကြီးတွေနှင့် ဝိုင်းကာကြည့်နေကြသော သင်္ဘောသားများနှင့် ကပ္ပတိန်တို့ကို ရင်ဆိုင်တွေ့ရသည့်အခါ၌ ထိတ်လန့်တုန်လှုပ်သော မျက်နှာထား ၊ ကျားရှေ့ရောက်သော ယုန် ၊ သူပုန်မှုနှင့်အဖမ်းခံရသော ရွာသားပမာ မျက်နှာကို အောက်ချလျက် မိမိအတွက် အဘယ်ကဲ့သို့ ရက် စက်စွာ စီရင်ချက်ချလေမည်နည်းဟု ကပ္ပတိန်ကြီး၏ စကားသံကို နာခံ၍နေရသူကား ရုပ်ရည်သနားကမားနှင့် ဘလွင် ဆိုသူ မြန်မာအမျိုးသားကလေးတစ်ယောက် ဖြစ်လေသတည်း ။

စိမ်းလဲ့ညိုပြာသော ရေပြင်ကျယ် ၊ လှိုင်းလေထန်လှ သော သမုဒ္ဒရာ ရေပင်လယ်တွင် မာန်ဖီမောက်ကြားလျက် ကြီးမားလှသော လှိုင်းတံပိုးကြီးများမှာ တစ်ခုထက်တစ်ခု သာအောင် နင်လားငါလား အကြီးပြိုင်ပြီးလျှင် နိုင်သူက ဘေးချင်းဝင်၍ တိုက်လိုက်သည့်အခါ ဖြာခနဲ ၊ ဖြာခနဲ ရေပန်းရေမြှုပ်တို့ ဖြစ်ပေါ်လျက် တစ်ခဲနက်သော သဲသဲရုတ် ရုတ်အသံတို့ဖြင့် တစ်ရံမစဲ အမြဲဆူပူလျက်ရှိပေသော အပြောကျယ်စွာ အဏ္ဏဝါရေတစ်ရိုးဝယ် မီးခိုးတွေတလူလူ ၊ စက်ခုတ်သံတွေကလည်း တဆူဆူ ။ တစ်ခါတစ်ရံလည်း ဥဩသံတုဖြင့် ကုန်တွေကို လောဘတကြီး သယ်ယူကာ မြန်မာပြည် ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့သော ပင်လယ်ကူးကုန်သင်္ဘောကြီးသည်ကား ဘလွင် တည်း ဟူသော အပူကောင်ကို ယူဆောင်သယ်ပိုး၍ တိတ်တခိုး လက်သင့်ခံလာသူတစ်ဦး ဖြစ်လေ၏ ။ Store Room ခေါ် ကုန်စည် ပစ္စည်းများ ထားရာ မည်းမှောင်သော အခန်းတွင်း၌ လျှို့ဝှက်ပုန်းကွယ်ကာ လိုက်လာခဲ့သော ဘလွင်သည် သင်္ဘောကြီး ပင်လယ်ဝသို့ ရောက်လျှင်ပင် အတွင်းတွင် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ တရွရွ လှုပ်ရှားကာ အပြင်သို့ထွက်လာရန် ကြံစည်၍နေမိလေ၏ ။

ငါ့ကိုယ်ငါ ဘယ်အရပ်သို့ရောက်လို့ ဘယ်လိုဖြစ်ပြီး ဘယ်ကဲ့သို့ သေရမည်မသိ ၊ ငါ့ကိုယ်ငါလည်း သေစာရင်း သွင်းပြီး လိုက်လာခြင်းဖြစ်သဖြင့် ဤပင်လယ်ဝမှ ကောင်းစွာမြင်နိုင်သေးသော ရွှေတိဂုံစေတီတော်ကြီးအား ရှိခိုး ကန်တော့၍ သွားလိုသောစိတ်ဆန္ဒသည် ဘလွင်အား အမှောင်ခန်းတွင် ကောင်းစွာမနေနိုင်ဘဲ တရွရွလှုပ်ရှားသည့်တိုင်အောင် တိုက်တွန်းနှိုးဆော်၍နေလေ၏ ။

သို့သော် မိမိ အပြင်သို့ ထွက်လျှင်ပင် သင်္ဘောသားတွေမြင်က ဝိုင်း၍ဖမ်းဆီးမည်ကို အထူးရွံ့ သဖြင့် ဒူးတုန် ကာ နေလေသတည်း ။ သို့နှင့်နောက်ဆုံးတွင် စေတီတော် ကြီးအား မျက်ဝါးထင်ထင် ဖူးချင်သည့်ဆန္ဒက ကြောက် စိတ်ကိုဖယ်ရှား၍ အားတစ်မျိုးတက်ကာ “ ဟာ ဘာပဲဖြစ် ဖြစ် ” ဟု ဇွတ်နှစ်၍ ထွက်လာပြီးလျှင် ကြည်လင်သဒ္ဓါ ၊ ပီတိအဖြာဖြာနှင့် ဦးနှိမ်ကာ ဝပ်တွား၍ ဘုရားတည်း ဟူသော အာရုံကို ဆယ်စုံသောလက်ချောင်းဖြင့် ကောင်းကောင်းကြီး ကန်တော့ရင်း ရွှေလျှံတွေ တဝင်းဝင်းနှင့် နေမင်း ၏ ရောင်ခြည်တွင် ပြောင်တစ်ချည်လက်တစ်ခါ စိမ်းပြာသော သစ်ပင်အုပ်တို့၏အကြားမှ မြင့်မားစွာထိုးတက်နေသည့် ရွှေသားတောင်ထွတ်ကြီးပမာ မဟာဗုဒ္ဓ ၊ ပရမေ လေးစုံ ၊ ဓာတ်ပေါင်းလှုံသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်၍မဝ ၊ အားမရဘဲ အာရုံခံတန်ဆောင်းထဲများ ရောက်နေဘိအလား ကြောက်ရွံ့ စိုးရိမ်စိတ်များပင် ပျောက်၍ နေလေရကား နောက်ဆုံး၌ ပြန်မည်ဟု အထတွင်မှ မိမိအား ဝိုင်း၍ထားသော သင်္ဘောသားများကို တွေ့မြင်ရခြင်းဖြစ်လေတော့သတည်း ။

အကြီးအမှူးပြုသူ ကပ္ပတိန်ကြီးသည် ခန့်ညား၍ ရွံ့ဖွယ်လိလိရှိသော မျက်နှာနီကြီးဖြင့် ငယ်သားများအား ၎င်းတို့ဘာသာစကားဖြင့်  သင်္ဘောခိုးစီးတဲ့အကောင် အတွက် ' ဖယ်ရာမင်း ' မီးထိုးသမားအခန်းကို ခေါ်သွားပြီး အလုပ်ပေးလိုက် ” ဟု အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ခွေးသေကောင် လင်းတဆွဲသလို ဝိုင်းအုံဆွဲခေါ်သွားကြလေသတည်း ။ ဘလွင်သည် မသေဘဲနှင့် အဝီစိငရဲသို့ အရှင်လတ်လတ် ရောက်လာသည့်အလား ၊ ရဲရဲတောက်လောင်သည့် မီးကျီတိုက်တွင် မီးထိုးသမားအလုပ်ဖြင့် ငွေ မထိုး လာဘ်မတင်ရဘဲ အေးအေးကလေး ဝင်ရလေ၏ ။

မီး၏ အရှိန်ကလည်း များစွာပူပြင်းသည်တစ်ကြောင်း ၊ လူသစ်ဖြစ်၍ အစမရှိသောကြောင့် ခံနိုင်ရည်မရှိ သည့်ပြင် ဘလွင်သည် ခွန်အားဗလ ကောင်းသော သန်မာထွားကျိုင်းသည့်လူတစ်ယောက် ဖြစ်သော်လည်း ဂျုံကိုဝါး၍ အာလူးကို စားရသောလူမျိုးလောက် ခွန်အားသန်စွမ်း ကြမ်းတမ်းခက်တရော်မရှိ ။ ပကတိအားဖြင့် သလေးစပါးကို စား၍ ဥတုရာသီ ညီမျှသော မြန်မာတိုင်းဖွား အမျိုးကောင်းသား ဖြစ်ရကား များမကြာမီပင် မီးပူရှိန်၏ ဒဏ်ကို မခံမရပ်နိုင်ရကား အသည်းနှလုံးတို့ သွေ့ခြောက်ပူပြင်းကာ မတ်တတ်မှ လဲပြိုကျသွားသည်နှင့်တစ်ပြိုင်နက် ခြေနှစ်ချောင်းကို ကိုင်ဆွဲကာ အပြင်သို့ထုတ်ယူသွားကြလေတော့ သတည်း ။

      •••   •••   •••   •••

ဘလွင်သည် ဖတ်နေသောစာရွက်ကို ဆုပ်ချေကာ မီးတောက်သော မျက်လုံးဖြင့် မိမိရှေ့တွင် ရပ်နေသော ဒေါ် ကြင်ကို စားတော့ဝါးတော့မလိုကြည့်ကာ ...

“ ဒီဟာ သူကိုယ်တိုင် ပေးလိုက်တာအမှန်ပဲလား ”

“ ဟုတ်တယ် သူကိုယ်တိုင်ရေးတာပဲ ။ ဒေါ်ဒေါ် မြန်မြန်သွားပေးလိုက်ပါ ဆိုလို့ လာခဲ့တယ် ”

“ သူဘာပြောသေးသလဲ ”

“ ဘာမှအထွေအထူး မပြောဘူး ”

“ ဒေါ်ဒေါ် ဘာမှမသိဘူးလား ”

“ ဘာမှမသိဘူး ၊ မင်းဒီနေ့ တော်တော် အစစ်အဆေးများနေပါလား ၊ ဘာဖြစ်လို့လဲ ”

“ ဒေါ်ဒေါ် မသိတာ အမှန်ပဲနော် ”

“ ဪ ခက်ပါပြီ ၊ ငါဘာမှ မသိရပါလားကွယ် ။ မင်းတို့နှစ်ယောက်ကြားမှာ ငါ စာပို့သမား လုပ်ရုံလုပ်နေတာပဲ ။ မြတင်ကလည်း ဘာမှ မမှာလိုက်ဘူး ။ မင်းမျက်နှာက စိတ်ဆိုးနေပုံကြီးနဲ့ ။ မင်းတို့ဟာကလည်း မညားခင်က စကားအခြေအတင်နှင့် စာရေးပြီး ရန်ဖြစ်နေကြပြီထင်တယ် ။ ငါ့ကိုလည်း နည်းနည်းပါးပါးပြောကြပါဦး ။ အခု မင်းတို့ဟာ စိတ်ဆိုးနေကြတာလားကွဲ့ ”

“ ဟုတ်တယ် စိတ်ဆိုးကြတယ်ပဲ ဆိုပါတော့ ။ သို့ သော် ကျွန်တော်က မဆိုးဘူး ၊ သူကစပြီးဆိုးတယ် ။ ဒေါ် ဒေါ် ဒီစာကို ဖတ်ကြည့်ပါလား ”

ဒေါ်ကြင် သည် ကြေမွနေသော စာရွက်ကိုဖြန့်၍ ဖတ်ခါ အကျိုးအကြောင်းသိရသည့်အလား ဝမ်းနည်းသော မျက်နှာထားဖြင့် “ အင်း - ဒီလိုကိုး ” ဟုဆိုကာ ခေါင်းကို ညိတ်၍ နေလေ၏ ။ စာတွင်ပါရှိသော အကြောင်း သည် ဘလွင်၏ ရည်းစားမြတင်၏ အချစ်ကို ရုပ်သိမ်းလိုက်သည့်အကြောင်း ၊ ဘလွင်အားလည်း မိမိအပေါ်တွင် ထားခဲ့သော ချစ်မေတ္တာများကို ရုပ်သိမ်းစေလိုကြောင်း တောင်းပန်လိုက်သည့်အပြင် မကြာခင် မိဘများက သူဌေး သားတစ်ယောက်နှင့် ပေးစားတော့မည့်အတွက် မိမိက သဘောတူလိုက်ရကြောင်းများနှင့်တကွ ရန်ကုန်မြို့ ပြည် လမ်း ပွဲစားကြီး ဦးကြွေသမီး မမြတင်နှင့် မြို့ပတ်လမ်း မြေပိုင်ရှင် သူဌေးဦးနွယ်သား မောင်ဘဦး တို့အား ရှေ့လာ မည့် လဆန်း ၁၂ ရက်နေ့တွင် ဂျူဗလီဟော၌ လက်ထပ်ထိမ်းမြားမင်္ဂလာ ပြုလုပ်မည့်အကြောင်း သတင်းစာမှ ကြော်ငြာပိုင်းအပြတ်ကလေးတစ်ခု ဖြစ်လေ၏ ။

“ ဒီအကြောင်း ဒေါ်ဒေါ် ခုမှပဲ သိတယ်ကွယ် ။ မြတင် ကလည်း ဘာမှမပြောပြဘူး ”

“ မြတင် သစ္စာမရှိဘူးဒေါ်ဒေါ် ၊ ကျွန်တော် ဘယ်လောက်ဒုက္ခဖြစ်လိမ့်မယ်ဆိုတာ သူမတွေးမိဘူးထင်တယ် ။ ဒါနဲ့ သူ ပျော်ပျော်ရွှင်ရွှင်ပဲလား ။ စိတ်ညစ်တဲ့အမူအရာများ မတွေ့ရဘူးလား ”

“ ဟာ ဒေါ်ဒေါ်မြင်ရတာတော့ သိပ်ပျော်နေတဲ့ပုံပဲ ။ တစ်စက်မှ မျက်နှာမညှိုးဘူး ။ ဘာလုပ်စရာလဲကွယ် ၊ သူမှ သစ္စာမရှိတဲ့နောက် ... ”

“ ကျွန်တော် သူ့ကို တွေ့ချင်သေးတယ် ”

“ သွားပြီ ၊ မရှိဘူး ”

“ ဘယ်ကိုလဲ ၊ ဘယ်သွားသလဲ ”

“ မန္တလေးကို သွားမယ်တဲ့ ။ သွားခါနီး ကားပေါ်က စာပေးသွားတယ် ။ လက်မထပ်ခင် နှစ်ရက်လောက်ကျမှ ပြန်လာမတဲ့ ”

မသင်္ကကာသောမျက်နှာနှင့် “ ဒေါ်ဒေါ် ဘာမှမသိဘူး ဆို ၊ ခုတော့ .... ”

“ အေးလေ ဒေါ်ဒေါ် အထင်ပြောတာ ၊ နောက် ၁၃ ရက် ၁၄ ရက်ရှိမှ ပြန်လာမယ်ပြောလို့ ”

ဘလွင်၏ မျက်နှာသည် စကားပြောရင်း ခက်ထန် သောမျက်နှာမှ ဝမ်းနည်းညှိုးငယ်သော မျက်နှာသို့ တဖြည်းဖြည်း ပြောင်းလဲ၍ လာကာ နောက်ဆုံး၌ကား ရင်တွင်း ၊ နှလုံးတွင်း၌ မည်မျှပြင်းထန်လေသည်မသိ ။ မျက်နှာတွင် မူကား သွေးတစ်စက်မျှ မရှိတော့ဘဲ လူသေကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်၍ လာလေသတည်း ၊ ထိုအတွင်း၌ ဆူညံစွာ “ ဘာလဲ ” ခေါင်းလောင်းထိုးလှုပ်သော အသံနှင့်တကွ ကစားနေသော ကျောင်းသားကလေးသူငယ်တို့ အော်ကာ ခေါ်ကာ ပြေးကြသည်ကိုပင် မကြားယောင်သကဲ့သို့ တုံဏှိဘာဝေ ဆိတ်ငြိမ်စွာ နေလေလျှင် ဒေါ်ကြင်လည်း ပခုံးကို ပုတ်၍ “ ကဲ မောင်ဘလွင် ကျောင်းတက်ပြီ သွားသွား ၊ ဒေါ်ဒေါ်လည်း ပြန်မယ် ”

ဘလွင် သည်ကား တစ်စုံတစ်ခု နက်နဲစွာတွေး၍နေ ရာမှ ဆုံးဖြတ်ချက် ချသည့်အလား သက်ပြင်းရှူကာ “ အို ကိစ္စမရှိဘူးဒေါ်ဒေါ် ။ ကျွန်တော် အချစ်ဆုံးအမြတ်နိုးဆုံးထားတဲ့ မြတင် တောင် သစ္စာဖောက်ပြီး ဆုံးရှုံးရသေးတာ ပဲ ။ ဒီ ၇ တန်းဆိုတဲ့ အင်္ဂလိပ်စာလေး တစ်ပဲဖိုး လောက်ကို ဘာလို့ ခင်တွယ်နေရဦးမှာလဲ ။ ရောက်ချင်ရာရောက် ကျွန်တော်သွားတော့မယ် ” ဟု ပြောကာ ကျောင်းပေါ်က စာအုပ်များကိုပင် မယူတော့သည့်ပြင် ဒေါ်ကြင်နောက်ထပ် ပြောသော စကားများကိုလည်း နားမထောင်ဘဲ တရှူးထိုး ထွက်၍လာခဲ့လေသည် ။

မျက်စိတွေ ပြာ၍ ကမ္ဘာကြီးချာချာလည်နေပြီ ဟု အ ထင်ရောက်နေသူ ဘလွင် သည် အစဉ်တစိုက် ထွက်၍လာခဲ့ ရာ မကြာမီ မြစ်ဆိပ်ကမ်းနား ဘောတံတားတစ်ခုပေါ်သို့ ရောက်လာလေလျှင် နွေးခနဲမြင်ရသော ရေပြင်ကို ကြည့်ပြီး လူမသိခင် အပူစခန်းဇာတ်ကို စခန်းသိမ်းပြီးဖြစ်လေအောင် မောင်စည်သူ တို့လို့ မိမိ၏ ခန္ဓာအိမ်ကို ရေစိမ်လိုက်ချင်ပါ သော်လည်း မောင်စည်သူ မှာမူကား မခင်ရီပါ၏  ။ မိမိတွင် မူကား မြတင်မပါ၍ ဟာတာတာနေမည်စိုးသဖြင့် တစ်မျိုး စိတ်ကူးကာ ဘောတံတားပေါ်တွင် မှိုင်ကာ ထိုင်ရှာပြန်လေသတည်း ။

“ မြတင် မြတင် တယ်ဆိုးပါကလား ၊ တယ်ရက်စက်ပါကလား ” ဟု တဖျစ်တောက်တောက် မြည်ကာ မကြည်သာသည့် နှလုံးကြောင့် အလုံးစုံလောကကြီးအတွင်းရှိ မြင်လေသမျှအရာတို့ကို အမင်္ဂလာအနိဋ္ဌာ တွေချည်းဟု မှတ်ထင်လျက် မမြင်လို ၊ မကြည့်လို တရိရိ ၊ တဖိုဖို ငိုချင်သလို ကတစ်မျိုး ၊ စိတ်ဆိုးကာ သုန်မှုန်၍ နှစ်စုံသောလက်သီးဖြင့် အပြီးတိုင်ထိုးကြိတ် ချေမွပစ်လိုက်ချင်သလိုလို ဖြစ်ရသော စိတ်များကတစ်ဖုံ ၊ အာဠာဝက ဘီလူးအကြမ်းကဲ့သို့ အ ထူးသရမ်းကာ တွေ့မြင်ရာ လူတစ်သိုက်ကို အစိမ်းလိုက် ဝါး၍ စားလိုသောစိတ်များကလည်း ရံခါရံခါ ပေါ်ပေါက် လာပြီးလျှင် တစ်ခါတစ်ရံတွင်လည်း ဝမ်းနည်းသော စိတ်မျိုးဖြင့် မိမိကိုယ်ကို မိမိ ထိုးကြိတ်သ,တ်ဖြတ်ကာ မရဏ သေလမ်းသို့ ကိုယ့်အလောင်းကိုယ်ထမ်း၍ ပို့လိုက်ချင်သလိုလို ၊ ရံဖန်ရံခါတွင်လည်း သတိသမ္ပဇဉ်နှင့် တရားဓမ္မကို အတန်မြင်၍ သံအသွင်မာကျောကြမ်းကြုတ်နေသော စိတ် ယုတ်များကို တရားနှင့် ဖြေချင်လျက် လောကုတ္တရာလမ်း ကိုလိုက်ကာ သင်္ကန်းဝါဝါကြီးစီးပြီး ဘုန်းကြီးလုပ်၍ ပစ်လိုက်ချင်သလိုလို စသည်ဖြင့် ထိုထိုဤဤ မတည်မငြိမ် နှလုံးအိမ်သွေး မမှန်ဘဲ ဖောက်ဖောက်ပြန်ပြန် ဖြစ်၍နေလေ သတည်း  ။

နေသည်ကား အနောက်ဘက်သို့ တဖြည်းဖြည်း နိမ့်ကျ၍ သွားလေ၏ ။ ဘောတံတားတွင် ကု,လားတရုတ် ဗိုလ်ကပြားမှ စ၍ အထီး ၊ အမ စုံတွဲကာ အချို့ အတွဲတွင်လည်း ငချွတ်ကလေးများပါလာရောက်လေညှင်းခံကြ သူတွေ များပြား၍ လာလေ၏ ။ ၎င်းတို့အတွင်းမှ ဂရုပြု တတ်သူအချို့ကလည်း ဘလွင် ၏ မှိုင်ပုံတော်ကို မြင်ရလျှင် သင်္ကာမကင်းသောစိတ်မျိုးနှင့် တိတ်တခိုး တစ်ခါ တစ်ခါ ကြည့်ပြီး မာလက်ကုတ် ဖို့ ကြံနေသလားဟု အချင်းချင်း တီးတိုးပြောဆိုမိကြလေ၏ ။

ဘလွင်သည်ကား ချစ်ဒေါသဝေဒနာ ပြင်းထန်လျက် ရှိရကား ပါးစပ်မှ တလှုပ်လှုပ် တရွရွလှုပ်ရှားကာ ဂါထာမန္တရားများကို ရွတ်ဖယ်သရဇ္ဈယ်သည့် အလား အိတ်ထဲတွင် အမြဲဆောင်၍ထားသော မြတင်၏ ခေါင်းဓာတ်ပုံကလေးကို ကြည့်ကြည့်ပြီး မချိတရိမျက်နှာ မောဟိုက်လှိုက်လှဲစွာသော တိုးတိုးသာသာ အသံများဖြင့် “ ဪ မြတင် မြတင် နင် အင်မတန်ရက်စက်လှပါကလား မြတင်ရယ် ။ ပရိယာယ်အများအပြား မျက်နှာထား ကလေး ချိုချိုနဲ့ ကိုကိုရဲ့ သစ္စာတည်ပါစေနော် ။ တော်တော်ကြာ တင်တင့်ကိုပစ်ပြီး အသစ်တွေနောက် တကောက်ကောက် လိုက်နေဦးမှာလား ။ သူများကတော့ ချစ်မိတဲ့ နောက် ဖောက်ပြန်ဖို့စိတ်မထားပါဘူး ။ ဘုရားစူးကျိန်ရဦး မှာလား ။ သိကြားမင်း လူယောင်ဖန်၍ မြူဆောင်ဉာဏ်နှင့် မေတ္တာသွေးပြီး ချစ်ပါလေး ၊ ကြိုက်ပါလားလို့ ဦးဆယ် ကြိမ်တင်ပြီး အသံဝင်အောင်ပြောပြော တင်တင်သဘော ဖြင့် မယိမ်းမယိုင် မဖောက်မပြောဘဲ ကျောက်သားသံတိုင် တမျှ ခိုင်ခိုင်မာမာကြီးနေလို့ ပြလိုက်ပါမယ်တဲ့ ။ ဟဲ့ မိမြ တင်ရဲ့ ။ ခုတော့ နင့်စကားတွေ နင်သတိရသေးရဲ့ လား အပလီအိုးမကြီးရဲ့ ။ တော်ပါပေရဲ့ မြတင်ရယ် ။ ငါ့အပေါ် မှာ အသည်းစွဲချစ်ပါတယ်လို့ ဝန်ခံခဲ့တဲ့ နင့်မေတ္တာသံမဏိတုံးကြီးဟာ အရည်ပျော်ဖယောင်းခဲလို အသားမည်းမည်း သရဲနဲ့အတူတူ ငါးခူန့်ခွဲမရတဲ့ ပုပုကွကွ အဆက်အလက် မကျတဲ့ ( နေ ) ဆိုတဲ့ ပီယလျှိုဆေး နှင့် အမြဲနူးတတ်တဲ့ ဘဦး ဆိုတဲ့ “  ငနဲ ” ကို သွားရည်တရွှဲရွှဲကျအောင် နင်က မက်လို့ ထားခဲ့တဲ့သစ္စာနဲ့ မေတ္တာဖျက်ပြီး ကလိန်းကလက်နှင့် တစ်ဖက်သတ် စက်ပုန်းခုတ်သွားပေါ့လေ ။ ဒီက ငနဲမှာတော့ ပါးစပ်ကြီးဟ ကျန်ရစ်ခဲ့ရပြီ မိမြတင်ရဲ့ ။ အင်း - လောကကြီးဆိုပေတဲ့ ရှေးသမ္ပတ္တီခေတ်ဆီကတော့ ဒီလို မဟုတ်ပါဘူး ။ ခုလို ဝိပ္ပတ္တိဆုတ်ကပ်အခါကြီးမှာသာ အ လွန်ကရာဆိုးဝါးပြီး သူယုတ်မာတွေ ထွန်းကားနေတဲ့ အတွက် သစ္စာတရားကြီးဟာလည်း ပျက်စီးဆုံးပါးခြင်းကြီး ပျက်စီးဆုံးပါးကုန်တော့တာပဲ ။ အင်မတန်ဖြစ်တောင့်ဖြစ်ခဲ သံသရာရေစက်ကြောင့် တစ်ဦးနှင့်တစ်ဦး စွဲစွဲမြဲမြဲ ထားကြ တဲ့ ချစ်မေတ္တာများဟာလည်း စွဲလှပြီ မြဲလှပြီရယ်လို့ စိတ် မချသာပါပဲကလား ၊ စင်စစ်အားဖြင့် ချစ်လှပါတယ် ၊ ခင်လှ ပါတယ် ။ မမြင်ရရင် ရင်ကအလုံးကြီးဟာ ဗြုန်းခနဲဆို့ဆို့ ပြီး ပျို့ချင်သလိုလို ၊ အန်ချင်သလိုလို ၊ ငိုချင်သလိုလို ၊ ရယ်ချင်သလိုလို ဖြစ်ဖြစ်နေပါတယ် ။ မျက်တောင်ကလေး တစ် လှစ်ခြားရုံမျှနဲ့ ဟို အာတိတ်သမုဒ္ဒရာကြီးခြားပြီး ကမ္ဘာ့ ဝင်ရိုးအစွန်းရောက်သွား -

“ ဟေ့ မောင်ဘလွင် ဘာလုပ်နေတာလဲ ၊ ရူးလာသလားကွ ”

ဟု တစ်စုံတစ်ယောက်က ကျောကိုပုတ်၍ ပြောလိုက်မှ ဗြုန်းခနဲသတိရပြီး လှည့်ကြည့်လိုက်သောအခါ မိမိ၏ သူငယ်ချင်းဟောင်းတစ်ယောက် ဖြစ်၍ -

“ အို လှမောင် လား ၊ မင်း ဘယ်ပျောက်နေသလဲလို့ ”

“ ဘယ်မှ မပျောက်ဘူး ၊ ငါ ဒီတံတားမှာ “ တာလီစာရေး ” လုပ်နေတယ် ”

“ အို ဟုတ်လား ဝမ်းသာသကွယ် ။ နို့ မင်းဒီကို ဘာလာလုပ်သလဲ ”

“ သင်္ဘောမနက် ၆ နာရီ ထွက်မယ်ကွဲ့ ။ ဒါကြောင့် “ နိုက်ဂျူတီ ” ဆင်းလာခဲ့တယ် ။ လာလေကွယ် ။ သင်္ဘောပေါ် ကျမှ စကား ပြောရအောင် ။ ငါ့ အလုပ်ချိန် နီးနေပြီ ”

ဘလွင်လည်း လှမောင် နောက်သို့ လိုက်သွားလေ၏ ။ လှမောင်သည် သင်္ဘောပေါ်သို့ရောက်လျှင် ဘလွင် နှင့် စကားအနည်းငယ် ပြောပြီးနောက် မိမိအလုပ်ကို စလေ ၏ ။ ကုန်တင်သောကူလီများ ရှုပ်ယှက်ခတ်၍ နေလေ၏ ။ ဘလွင်လည်း ထိုင်၍ တွေးကာလျက် တစ်စုံတစ်ခုကြံစည်စိတ်ကူး၍ နေလေ၏ ။ အတန်ကြာလျှင် -

“ ဟေ့ လှမောင် ငါပြန်မယ်ကွယ် ။ နောက်တော့ တွေ့ကြသေးတာပေါ့  ”

ဟု ပြောဆိုနှုတ်ဆက်ကာ လှမောင်အနားမှ ထွက်ခွာလာခဲ့လေ၏ ။ လှမောင်လည်း ၊အလုပ်ဝတ္တရားတစ်ဖက် ဖြစ်၍ ဘလွင်အား “ အေးအေး သွားတော့ ” ဟုသာ ပြောလိုက်နိုင်၍ လိုက်ပို့ရန်ရှိသော်လည်းကောင်း ၊ မျက်စိတစ်ဆုံး ရှုမျှော်၍ သော်လည်းကောင်း ၊ မကြည့်နိုင်တော့ချေ ။

ထို့နောက် ည ၁၂ နာရီ ထိုး၍ မိမိအလှည့် ကုန်လျှင် လှမောင် အိမ်သို့ပြန်သော်လည်း ဘလွင် သည်ကား သင်္ဘော ပေါ်တွင် ကျန်ရစ်ပြီးနောက် ' စတိုရုံး ' ထဲ မှာပင် ပုန်းအောင်းလျက် နံနက်သင်္ဘောကြီး အထွက်မှာ တစ်ခါတည်း ပါလာခဲ့ခြင်း ဖြစ်လေသတည်း ။

ယင်းသို့ အကြောင်းအရာစုကား ဘလွင် နစ်မြောသွားစဉ် ထင်လာမြင်လာသည့် အိပ်မက် မဟုတ် ၊ အကယ် တမူ ဖြစ်ပျက်တွေ့ကြုံခဲ့ရသော အတ္ထုပ္ပတ္တိများ ဖြစ်လေ၏ ။

      •••   •••   •••   •••

ရေအေးဖြင့် ဖျန်းပက်၍ သော်လည်းကောင်း ၊ လေ အေးတိုက်ခတ်သဖြင့်လည်းကောင်း တလွင်မှာ အနည်းငယ် သက်သာသတိရ၍ လာပြန်လျှင် တစ်ဖန်အလုပ်ခန်းသို့ပင် ပြန်ရလေ၏ ။ သို့နှင့်လည်း မီးပူရှိန်ကို တာရှည် မခံနိုင်ဘဲ ရှိပြန်လေ၏ ။ ယင်းသို့အားဖြင့် လဲချည်ထချည် နှင့်ပင် ရက်အတော်အတန်ညောင်း၍ လာခဲ့ပြီးနောက် တရုတ်ပြည်ရှန်ဟိုင်းမြို့သို့ သင်္ဘောဆိုက်ကပ်သည့်နေ့သို့ ရောက်ခဲ့လေသတည်း ။ ကပ္ပတိန်မျက်နှာနီကြီးသည် ဘလွင်အား ထိုနေ့အဖို့ခေါ်ယူကာ စကားပြောလေ၏ ။ အကျိုးအကြောင်း အနည်းငယ်မေးမြန်းလိုက်လျှင်ပင် ဘလွင် လည်း အင်္ဂလိပ်ဘာသာဖြင့် လျင်မြန်ဖျတ်လတ်စွာ ဖြေဆို ပြောပြနိုင်သဖြင့် အနည်းငယ်သနားစိတ်ပေါက်၍ လာသည့်အလား ရှေးကလို တင်းမာခက်ထန်သော မျက်နှာထားမှ တစ်ပက်မျှလျှော့ကာ အလယ်အလတ်မျက်နှာထားထက် နှစ်အောင်စလောက်သာ ပိုမိုတင်းမာသောအမူအရာဖြင့် မင်းကို ယခုမြို့တွင် ချထားခဲ့ရလိမ့်မည် ။ သို့သော ပို့ကော်မရှင်နား ရေဝန်ရုံးတွင် အပ်ထားခဲ့လျှင် မင်း ကို သင်္ဘောခိုးစီးတဲ့ အတွက် အချုပ်နှင့် အလုပ်လုပ်ရန် ခိုင်းလိမ့်မည် ။ သို့အတွက် မင်း လွတ်လွတ်လပ်လပ် သွားဖို့ရာကို သွားဖို့ ငါအခွင့်ပြုလိုက်မည် ။ သို့သော် ဒီမြို့မှာ တစ်စုံတစ်ခုကြောင့် အစစ်အမေးအမြန်း ခံရလျှင် သင်္ဘောနှင့် ပါလာတဲ့အကြောင်း မပြောဘူးလို့ ကတိထားရလိမ့် မည် ” ဟု တည်တည်ကြီး ခန့်ညားစွာပြောလေရာ ဘလွင် မှာ အချုပ်အချယ်ခံရသည်ထက် လွတ်လပ်စွာသွားလာ နေထိုင်ရသည်က သက်သာရာရလိမ့်ဦးမည်ဟု တွေးကာ ကပ္ပတိန်ကို ကတိခံလျက် ရှန်ဟိုင်းမြို့ပေါ်သို့ တက်ခဲ့ရလေတော့သတည်း ။

ဒိန်းတလိန်းနတ် ဖမ်း၍ လာခဲ့သော ဘလွင်သည် သင်္ဘောမှဆင်းလာခဲ့ပြီးနောက် ဟိုရောက်ဒီရောက်နှင့် တောင်မသိ ၊ မြောက်မသိ ဟိုကြည့်ဒီကြည့်ဖြင့်သာ တစ်ရွာ ရပ်ခြား တိုင်းတစ်ပါးတွင် သောင်ပြင်လွှတ်သော ခွေးပမာ ဘယ်သို့ဘယ်ညာဟု မရည်စူးဘဲ ခြေဦးတည့်ရာသို့သာ အစဉ်တစိုက် လျှောက်လာခဲ့ရာ ဆာလောင်မွတ်သိပ်ခြင်း ပြင်းလှသဖြင့်လည်း နုံးခွေပင်ပန်း၍ နွမ်းလျပူလောင်သော ဝမ်းကိုပြည့်တင်းစိမ့်သောငှာ ရေကိုပင် နတ်သုဒ္ဓါထင်မှတ် သုံးဆောင်၍ တယောင်လည်လည်နှင့်ပင် ရှေ့သို့ဆက် လက်ကာ သွား၍နေရလေတော့၏ ။

ထိုအချိန်အခါသည်ကား ကျယ်ဝန်းကြီးမား လူနေများသည့် တရုတ်တို့စံရာ ဂန္ဓာလရာဇ်တည်း ဟူသော ဦးတည်ဘွားတို့ ပြည်ကြီးတွင် ဆူပူတုန်လှုပ်လျက် အိမ်ကြက် ချင်း ခွပ်နေကြသည့်အလား အမျိုးသားချင်း စိတ်ဝမ်းကွဲ ပြားကြပြီးနောက် မြောက်ပိုင်းနှင့် တောင်ပိုင်း ခြားနားလျက် စစ်နှစ်ဘက် ယှဉ်ပြိုင်တိုက်ခိုက်လျက်ရှိရကား မြို့သူမြို့ သားတို့မှာ ကျီးလန့်စာစား ဆိုသလို သောကတွေ တဖိုဖိုနှင့် ထိုထိုဤဤ အလီလီတွေးတော ထိတ်လန့်ကာ မျက်လုံးကို ဖွင့် နားကို စွင့်လျက် ချက်ခနဲ ဆိုလျှင် ဓားနှင့်လှံကို အမြန် ကိုင်မိရမလို ဖြစ်နေရကား ဘလွင်မှာ အသွားအလာရ လွန်စွာကျပ်လျက် ဘယ်အိမ်ပေါက်ကို ရပ်၍မှလည်း ထမင်းတစ်နပ်ကျွေးမည့်သူ မရှိသည့်ပြင် မိမိကိုပင် ရန်သူပမာ မှတ်ထင်ကြသဖြင့် မှိန်းလက်နက်နှင့် လှံတံတို့ ဘေးကို ရွံ့သဖြင့် ဒူးတွန့်၍ နောက်သို့ ဆုတ်ခဲ့ရသည်သာ များလှသောကြောင့် ဒုက္ခရေကြော ၊ ဒုက္ခပင်လယ်တွင် အတွယ်မရှိဘဲ မျောရသောလှေငယ်ပမာ ဘလွင် ခမျာမှာ မြတင် ကိုသာ အပြစ်ဖို့လျက် ဒင်း ရှို့လိုက်တဲ့ ဒုက္ခမီးကဖြင့် တညီးညီး တပြောင်ပြောင်တောက်လောင်လို့ မဆုံးနိုင်ပါကလား ။ မြဒင် ဒင်းကတော့ လင်နေပြီး အေးအေးဆေးဆေး ပျော် ပျော်ရွှင်ရွှင်နှင့် အင်မတန်ကြည်လင်နေမှာပဲ ။ ငါ့အသည်းမှာဖြင့် ကမ္ဘာစွဲအောင် နာလိုက်ပါရဲ့ ။ တော်တော် ဒီနေ့ကစပြီး မြသော တင်သော ဘယ်အကောင်မကိုမှ စိတ်မစောတော့ဘူး ။ ဒင်းသို့သော မိန်းမသားကတောင် စိမ်းကားရက်စက်သေးတာပဲ ။ ငါ ဘာကြောင့် စွဲလမ်းပြီးစိတ်ပင်ပန်းခံနေရမှာလဲ ။ ကဲ ဒီနေ့ကစပြီး ငါ့အပူဇာတ်လမ်းကို ဒီတွင်ပဲ ဖြတ်လိုက်တော့မယ် ။ ကြီးကျယ်တဲ့ ဒီတရုတ်ပြည်ကြီးမှာလည်း မနေချင် ၊ အရင်စနစ်မျိုးနှင့် တွေ့ကရာ သင်္ဘော တစင်းစင်းကို ခိုးစီးလိုက်သွားလျှင်ဘယ်ကမ်းဆိုက်ဆိုက် ၊ ဘယ်သောင်တင်တင် ၊ လွင့်ချင်ရာ လွင့်နေရတာက အေးပါသေးရဲ့ ဟု တွေးပြီးသည်နှင့် တစ်ပြိုင်နက်ပင် စိတ်ဆွဲငင်ရာသို့ ချာခနဲလှည့်ကာ အရူးပမာ သင်္ဘောဆိပ် ကမ်းခြေသို့ ခပ်တွေတွေ လျှောက်လာခဲ့ပြန်လေတော့သတည်း ။

      •••   •••   •••   •••

တစ်ခါသေဖူးသဖြင့် ပျဉ်ဖိုး ၊ ခေါင်းဖိုး မေးမြန်းစုံစမ်းရန် မလိုသော ဘလွင်သည် ဤတစ်ကြိမ်တွင်ကား မိမိက ပင် ရှေးဦးစွာသွား၍ ကပ္ပတိန်ရှေ့မှောက်တွင် အပြစ်ရှိသော မိမိကိုယ် ကို မိမိပင် ဖမ်း၍ အပ်လေရာ ကပ္ပတိန်မှာ ဘလွင် ၏ မျက်နှာကို မြင်ရုံနှင့် သနားသလိုလို ရှိသည့်ပြင် ပြောရေးဆိုစကလေးရှိသည်ကတစ်ကြောင်း ဘိလပ်သူနှင့် လက်မထပ်မီ မြန်မာပြည်သို့ အလုပ်နှင့် ခေတ္တလာရောက်ဖူး စဉ်က မြန်မာမိန်းကလေးတစ်ဦးနှင့် ခေတ္တနဖူးစာ ဆုံခဲ့ဖူး သည်လည်း တစ်ချက်ကြောင့် မြန်မာကို အတော်လောတန် ခင်မင်တတ်ရကား ဘလွင်အား အပြစ်တော် မတင်ဘဲ အချစ်တော်များဝင်လျက် အဖြစ်အပျက်များကို မေးမြန်းစုံစမ်းလေလျှင် ဘလွင်သည် နမောတဿ မခံဘဲ မြတင်နှင့် ချစ်ကြိုက်ခဲ့သည်က အစပြုလျက် တရုတ်ပြည်ကို ရောက်လာခဲ့ခြင်းတည်းဟူသော နိဌိတံ အထိ လုံးစေ့ ၊ ပတ်စေ့ ပြန်လှန်ပြောပြလေရာ ကပ္ပတိန်မှာ စုပ်သတ်လျက် “ မင်း ယခု လို ရည်းစားအတွက်နဲ့ စိတ်ရူးပေါက်ပြီး ထွက်သွားလျှင် ဘာအကျိုးရှိသလဲ ။ အများကြီးဒုက္ခရောက်ခဲ့တယ် မဟုတ် လား ။ မင်း ပညာကို ဆက်လက်သင်နေရင် တစ်နေ့မှာ လူကြီးလူကောင်းတစ်ယောက်ဖြစ်လာရင် မင်းရည်းစားလို မိန်းမတွေ အများကြီးရနိုင်မယ် ။ ယခု မင်းအသက် ငယ်ငယ်ကလေးရှိသေးတယ် ။ အချိန်တွေကို အားကြီးနှမြောဖို့ ကောင်းတယ် ။ ယခု ကျွန်ုပ် သင်္ဘောမှာ ပါလာတယ် ။ နောက် ဘယ်ကိုသွားမလဲ ”

“ ကျွန်တော် ဘယ်ကို သွားမယ်လို့ မရည်ရွယ်ဘူး ။ ရောက်တဲ့ အရပ်ကို သွားဖို့ပါပဲ ”

“ အို မင်းအများကြီး မိုက်တယ် ။ ကောင်းကောင်းဒုက္ခ ရောက်မယ် ။ ကောင်းပြီ ကျွန်ုပ် အများကြီးသနားတယ် ။ ကျွန်ုပ် စကားကို နားထောင်ရင် ကျွန်ုပ် ကောင်းကောင်း လခ ရအောင် ၊ လူကြီးလူကောင်း တစ်ယောက် ဖြစ်လာအောင် လုပ်ပေးမယ် ။ ကျွန်ုပ်ဆီမှာ ကောင်းကောင်း နေမလား ”

ဘလွင် ၏ မျက်လုံးများသည် တောက်ပြောင်ကြည်လင်၍ လာလေ၏ ။ ကပ္ပတိန်သည် ထိုစကားများကို သူတို့ ဘာသာစကားဖြင့် ပြောလေရာ ဘလွင် လည်း ၎င်းနည်းတူ “ အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ ကျွန်တော် နေ ပါ့မယ် ” ဟု ရိုသေကျိုးနွံသော အမူအရာဖြင့် ပြောလေ၏ ။

ကပ္ပတိန်သည် ( Bibby Line ) ကုမ္ပဏီ၏ ပင်လယ်ကူးလူစီးသင်္ဘောကြီးမှ ဖြစ်လေရာ ထိုသင်္ဘောကြီး၌ ဘာမဆို သူ့ဩဇာသာလျှင် ပဓာနဖြစ်ရကား ဘလွင် ကို ကယ်ဆယ်ကြည့်ရှုခြင်း၌ အနည်းငယ်မျှ ဝန်လေးခြင်းမရှိ သဖြင့် အမိ နှင့်ကွဲရာမှ ပြန်လည်တွေ့ဆုံရသော နွားငယ် ပမာ ဘလွင် မှာ စိတ်နှလုံး ကြည်လင်ပျော်ရွှင်ခွင့်အနည်းငယ် ရရှာလေသတည်း ။ ထို့နောက် နှစ် အတော်ကြာအောင်ပင် ဘလွင် မှာ မြုပ်ကွယ်၍ နေခဲ့လေသတည်း ။

      •••   •••   •••   •••

“ အာယား - ဘေဘီကို ကော်ဖီပေးပြီးပလား ၊ ၄ နာရီ ထိုးတော့မယ် ။ အိပ်ပျော်နေရင် နှိုးလိုက်တော့ ။ အေးကြည် ကော ဒီမှာ မာလီပန်းတွေ ယူလာပြီ ။ ဘုရားပန်း လဲလိုက် စားပွဲပေါ်က ပန်းအိုးတွေထဲ နည်းနည်းစိုက်လိုက် ။ ဟောဒီ ဟင်းရွက်စုံတွေလည်း ချိုချိုချက်ပါဦး ။ ဦးဖုံး ဆီ ယူသွား ။ သကြားလုံးအဝယ်သွားတဲ့ ဒရိုင်ဘာလည်း ခုတောင်မှ ပြန်မလာသေးဘူးထင်တယ် ။ ဓာတ်ဆီတွေ အချောင်ထုတ် နေသလားမသိဘူး ” စသည်ဖြင့် ကြည်လင်သာယာသော အသံကလေးဖြင့် သြဇာပေးကာ စီမံခန့်ခွဲနေသူကား ချာချယ်လမ်းရှိ ကြီးမားကျယ်ပြန့်သော ခြံကြီးအလယ်တွင် တင့်တယ်ဖွယ်ရာစွာ ဆောက်လုပ်ထားသော အိမ်ကြီး၏ အရှင်သခင်မကလေးတစ်ဦး၏ အသံနှင့်ပင် တူလေသတည်း ။

အာယားသည် ခြင်ထောင်ကို မကြည့်ပြီး အိပ်ရာတွင် ဘေဘီ မရှိသဖြင့် ထိတ်လန့်၍ သွားလေ၏ ။ ထို့နောက် ဟိုအခန်း - ဒီအခန်း လိုက်၍ ရှာသော်လည်း မတွေ့ လျှင် သခင်မ သိမည် စိုးသဖြင့် အေးကြည် ကို တိုးတိုးကလေး လက်တို့၍ ပြလေ၏ ။ အေးကြည်၏ မျက်လုံးသည် ဇီးကွက်လို ကျယ်၍သွားလေ၏ ။ ထို့နောက် နှစ်ယောက်သား ခြံထဲသို့ဆင်းကာ ဟိုဟိုဒီဒီ လှည့်လည်ရှာဖွေကြလေသတည်း ။ 

“ ဘေဘီ ” အခေါ် ခံသူ “ ငတိ ” သည်ကား များစွာ ငယ်လှတော့သည် မဟုတ်ချေ ။ သုံးနှစ်ကျော် လေးနှစ်နီးပါး မျှရှိ၍ ခြံစည်းရိုးနားတွင် မျက်နှာကို လက်မောင်းနှင့် ပွတ်ကာ မျက်ရည်စိုရွှဲနှင့် ငိုပွဲဆင်၍နေလေသတည်း ။ 

ထိုခြံနှင့် ကပ်လျက်ရှိသော တစ်ဖက်ခြံရှိ အိမ်ဝင်းအ တွင်း၌ကား မစ္စတာလွိုက်သည် ပက်လက်ကြိမ်ကုလား ထိုင်တွင် လှန်ကာ သတင်းစာဖတ်လျက် ရှိလေ၏ ။ အမွေး စုတ်ဖွားနှင့် ဂုတ်ကျားထက်ပို၍ လှသော ခွေးကလေးသည် ဘောလုံးကလေးတစ်လုံးကို ကိုက်ချီလျက် သခင်၏ လက်ပေါ်သို့ ပြေးတက်လာလေ၏ ။ မစ္စတာလွိုက်သည် သတင်းစာကို ချပြီး ဝှိုက်ကီကို မချီလိုက်ရာ ပါးစပ်တွင် ကိုက်လျက်ပါလာသော ဘောလုံးကလေးကို မြင်သဖြင့် “ ဟဲ့ ဝှိုက်ကီ ဒါ နင်ဘယ်က ယူခဲ့သလဲ ” ဟု အံ့သြစွာ မေးပြီးလျှင် ခြံအနီးတွင် ငိုယိုလျက်ရှိသော ကလေးငယ်ကို မြင်၍ ဝှိုက်ကီ ကို ပွေ့ချီရင်း ကလေးအနီးသို့ ရောက်လာလေ၏ ။

“ နာ့ဘောရုံးပေး - နာ့ဘော့ရုံးပေး ” ဟု ခွေးကို လက်ညှိုးထိုးကာ ငိုနေလျက်ရှိသော ကလေးအား ရယ်မောကာ “ အို မင့် ဘောလုံးလား ဝှိုက်ကီ ဘာပြုလို့ သူ့ဟာ လုလာသလဲ ” ဟု ဆိုကာ ခွေးပါးစပ်က ဘောလုံးကို ကလေး အားပေးလျက် ချော့မော့ကာ အငိုတိတ်စေ၍ ပွေ့ချီခဲ့ပြီးလျှင် မိမိအိမ်သို့ ခေါ်လာပြီးနောက် ချော့ကလက်နှင့် ဘီစကွတ်များကို ကျွေးလေရာ ကလေးလည်း စိတ်ပြေကာ ပြုံးရွှင်၍လာလေ၏ ။

“ မင့်နာမည် ဘယ်သူလဲ ”

“ နော့နာမည် တိုတို တဲ့ ”

“ မင်း ဘယ်သူ့ သားလဲ ”

“ မေမေ့တား ”

“ ဘယ်မှာနေသလဲ ”

“ ဟိုဘက်မှာ ” ဟု အိမ်ကိုလက်ညှိုးထိုး၍ ပြလေသည် ။

“ မင့်ဖေဖေ ဘာလုပ်သလဲ ”

“ တိုတို့ဘေဘေ ဘိရပ်မှာတဲ့ ”

ရယ်မောလျက် “ ဪ ဒါဖြင့် ဗိုလ်ကြီးပေါ့ ”

“ ဟင့်အင်း တိုတို တိဘူး ၊ ပြန်တော့မယ် ” ဟု ဆိုကာ ပြောရင်းပင် မစ္စတာလွိုက်၏ လက်ပေါ်မှရုန်း၍ ဆင်းကာ ပြေးမည်ပြု၍ “ ကဲ ကဲ သွားတော့ နောက်ကိုလည်း ပျင်းရင်လာလည်နော် ။ ချော့ကလက်တွေ အများကြီးပေးဦးမယ် ” ကိုကို လည်း “ အင်း ” ဟုပြောကာ ပြေး၍လာခဲ့ပြီး နောက် ခြံထဲတွင် လျှောက်ရှာနေသော အေးကြည်တို့နှင့် တွေ့၍ “ ဟော ဟိုမှာ ကိုကိုရယ် ၊ ကြည့်စမ်း ဘယ်သွားသလဲ ၊ တို့များ ရှာလိုက်ရတာ ” ဟု အေးကြည်က ပြောကာ ပွေ့ချီ၍ အိမ်ပေါ်သို့ တက်သွားပြီးလျှင် “ ဟောဒီမှာ မမ ကိုကိုရယ်လေ အောက်ဆင်းပြီးဆော့နေတယ် ရိုက်ပါမမ သူအင်မတန် လမ်းသလားနေတယ် ”

“ မေမေရိုက်နဲ့နော် ။ တိုတိုလယ်ဘူး ၊ တုတို့လကား လိမ်ကျောတာ ။ နော့ဘောရုံးလေး ဟိုအိမ်က ခွေးကလေး ယူတွားလို့ လိုက်တောင်းတာ ။ ဟိုဟို အိမိက ဗိုလ်ကြီးက‌တောင် ချော့ကလက်တွေ တို့တို့ ပေးလိုက်တယ် ”

“ အင်း မင်းကလေး အတော့်ကို လူလည်ဖြစ်နေပါကလား ။ ဟိုဘက်က ဗိုလ်တွေနဲ့တောင် မိတ်ဆွေဖြစ်လာပါပကော ” ဟုဆိုကာ ကိုကို့အမေသည် ကိုကို့အား ပွေ့ချီ နမ်းရှုပ်လျက် သားကလေးအား ပြုံးရွှင်စွာအရိပ်ကြည့်၍ နေလေသတည်း ။

ထိုနေ့မှစ၍ ကိုကိုသည် ညနေတိုင်း မကြာခဏ ပျောက်၍ သွားလေ၏ ။ ပျောက်တိုင်းပင် လိုက်ရှာသောအ ခါ မစ္စတာလွိုက်နှင့် အတူကစား၍ နေသည်ကိုသာ တွေ့ ခဲ့ကြလေသတည်း ။ သို့ကြောင့် အခါများသော် ရိုး၍နေပြီ ဖြစ်၍ မရှာတော့ချေ ။ ကိုကို့အမေလည်း ဟိုဘက်ခြံက ဗိုလ်တွေ မိမိသားကလေးကို ချစ်၍နေသည်ဟု ယုံကြည် စိတ်ချကာ ဘာမျှ စိုးရိမ်ခြင်းမရှိတော့ဘဲ နေလေ၏ ။

တစ်နေ့သောအခါတွင် ကိုကိုသည် မစ္စတာလွိုက်တို့ ခြံဘက်သို့ ကူး၍ မိမိ၏ ကစားဖော်မိတ်ဆွေများဖြစ်ကြကုန်သော မစ္စတာလွိုက် ၊ ဝှိုက်ကီ စသော သူငယ်ချင်းများနှင့် ဘောလုံးပစ်တမ်း ကစား၍ နေကြလေ၏ ။ ထိုအချိန်ကား ညနေ ၅ နာရီခန့်ရှိ၏ ။ ကိုကို့အမေလည်း ခြံထဲသို့ဆင်းကာ ပန်းပင်များကို ကြည့်ရှုကာ မာလီကု,လားကို ပြုပြင် စေခိုင်း၍နေလေ၏ ။

များမကြာမီ ဟိုဘက်ခြံဆီမှ ကိုကို၏ ပြင်းထန်စွာ ငိုလိုက်သော အသံကို ကြား၍ အူယားဖားယား ခြံစည်းရိုး အပေါက်နားသို့ ပြေး၍သွားလေရာ ကိုကိုအား ပွေ့ချီယူလာသော မစ္စတာလွိုက် နှင့် ရင်ဆိုင်တွေ့သဖြင့် ၎င်းက ကလေးကို လှမ်းပေးရင်း “ ဘောလုံးပြေးဖမ်းရင်း အားလွန်ပြီး လဲသွားလို့ တယ်တော့ မနာပါဘူးခင်ဗျာ ။ ဒူးကလေး နည်းနည်းပွန်းသွားရုံပဲ ရှိပါတယ် ” ဟု အားနာသော ပြုံးရယ်ခြင်းဖြင့် ရယ်ပြောပြောရင်းပင် ကိုကို့အမေ၏ မျက်နှာကို သေသေချာချာ မြင်ရသောအခါ မစ္စတာလွိုက် ၏ ရင်ထဲတွင် ဒိန်းခနဲဖြစ်ပြီးလျှင် “ ဟင် ” ဟု ဆိုကာ မျက်နှာပျက်ပျက်နှင့် ချာခနဲလှည့်၍ ထွက်သွားလေတော့သတည်း ။

ကိုကိုအမေ သည်ကား မည်သူ့ကိုမှ သေချာစွာ မကြည့်အားဘဲ သားကလေး လဲသည်ကို မနည်းကြီး ပူ၍ နေသောကြောင့် “ ဟုတ်ကဲ့ရှင် ၊ ဒီကလေး အင်မတန်ဆော့ တယ် ” ဟု ပြောပြောဆိုဆိုပင် အာယား ကို ခေါ်ကာ အိမ်ပေါ်သို့တက်လာကြပြီးမှ “ ခုတင်က ဗိုလ်ကလည်း ဗမာလို အပြော လည်လိုက်တာ မွှတ်နေတာပဲ ” ဟု သာမန်မျှသာ တွေးလိုက်မိလေ၏ ။

      •••   •••   •••   ••• 

ဥပါဒါ စွဲရမက်ကယ်က သည်းပွက်ပွက်ဆူလျှံ စဲမပျက် ပူပန်သည် ၊ သူရကန် တစ်နွှဲ ၊ မနောဓာတ်မငြိမ်းနိုင်တယ် ကိန်းပိုင်ပိုင် ပြောဖို့မဆုံး ၊ တစ်မိနစ် တစ်ဗီဇနာမှာ တစ်ခရာမပြီး ။ ရတနာတစ်ကုံးကြောင့် တစ်ဘုန်းဖြင့် မှိုင်ခွေ ၊ ဖြေပါသော် ကြိတ်မရနိုင်ဘု ၊ စိတ္တဇမီးတောက်ဆူဝေ ။ စက္ခုက ဇလာရေမှာ ဖြာနှစ်ပွေ စိမ့်စမ်းသို့ နှိမ့်ဝှမ်းသည့် ပါးမို့နှစ်ပြင်ဆီ သွားဖို့ပြင်ပြီ ၊ ထားပျိုကြောင့် ရွှင်မကြည်သည် သာလီစက်ခန်းကလေး ။

ခေါင်းအုံးကြီးကို ပွေ့ဖက်ကာ အထက်ပါတေးထပ် ကဲ့သို့ အဆွေးဇာတ်ထုပ်ကြီးကို ခင်းကျင်းပြသလျက် လင်းကြက်တွေ ဆော်ညာ၍ တကျော်ကျော်လွန်ကြသည့်တိုင်အောင် မျက်လုံးမှာ တကြောင်ကြောင်နှင့် တောင်တောင်မြောက်မြောက် စဉ်းစားဆိုညည်းလျက် တစ် ကိုယ်တည်း အပူမိပြီး လူမသိအောင် ကျွမ်းလောင်ဆွေး မြေ့လျက် မဲ့ခွက်ခွက်မျက်နှာဖြင့် မသက်မသာ ရှိနေသူကား မစ္စတာလွိုက် ပင် ဖြစ်လေသတည်း ။

ဗိုလ်ဝတ်ဗိုလ်စား ဘောင်းဘီကြီး ကားရားနှင့် ယောက်ျားရင့်မာကြီး တစ်ယောက်လုံးကိုပင် ဘုံးဘုံးလဲစေ၍ ရေနစ်တာနဲ့လည်း မတူ ၊ မီးပူလောင်တာနှင့်လည်း မမျှ ၊ ဓားပြတိုက်ခံရသည်နှင့်လည်း မဆိုင် ၊ ကပိုင်တောင်ပြုံး မောင်အုန်းတို့အိမ်နားက ဂုတ်ကျားမကြီး အသားဆွဲလို့ သွေးရဲရဲ အသားနီလန်ပြီး အဆီပြန်သလို အခံရခက်ပုံမျိုး လည်းမဟုတ် ၊ တိုတိုတုတ်တုတ်နှင့် အချုပ်ကိုရေးရမူ အပူ နှင့်အဆွေး အတွင်းရေးကို အပထား၍ မျက်နှာပေးအနေအထားမှာပင်လည်း ဒေဝါလီခံရသော သူဌေး ၊ ကြွေးပူသော စက်ပိုင် ၊ လက်ကိုင်ပြုတ်သော ဖဲသမား ၊ သားသေဆဲမိခင် ၊ လင်သေဆဲမုဆိုးမ ၊ ဓားရိုက်တဲ့ချစ်တီး ၊ မီးလောင်တဲ့ အိမ်ရှင် ၊ စက်တိုင်တက်မည့်ရာဇဝတ်သား စသည်တို့ထက် အဆပေါင်းများစွာ ပူပင်လှသော မျက်နှာထား ဖြစ်ရကား ညနေအေးက ကလေးအမေကို မြင်ရသည်တွင်မှ အစပြု၍ ကောက်ရသလို ရုတ်တရက် ပေါ်လာသည့် ဝက်ရူးနာမျိုး နှင့် အလားတူခံစားရသည့် ဝေဒနာမျိုးဖြစ်လေသတည်း ။

မစ္စတာလွိုက်သည် သိုက်စာကျသဖြင့် ထိုခြံသို့ လာရောက် ငှားရမ်းနေထိုင်သည် မဟုတ် ။ ကိုယ်၏ ပင်ပန်းခြင်း ဒုက္ခ ၊ စိတ်၏ ဆင်းရဲခြင်းဒုက္ခများကို ခေတ္တရပ်နား၍ ခပ်အားအားကလေး နေလိုသော ဆန္ဒကြောင့် ( Bibb Line ) ကုမ္ပဏီ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်း၌ စက်ဆရာ အလုပ်မှ ခဏတစ်ဖြုတ် ဆိုသလို အခွင့် ယူကာ ထိုနေရာသို့ ဒေသစာကြွပြီး နေရှာရသော ဘလွင် ပင်ဖြစ်လေတော့သတည်း ။

ဘလွင် သည် အတန်တန်သော ဒုက္ခမျိုးကို အတိုးနှင့် ခံစားခဲ့ရပြီးနောက် ကပ္ပတိန်တစ်ယောက်၏ ထောက်မခြင်းဖြင့် အမေရိကန်ပြည် နယူးယောက်မြို့ ၌ အင်ဂျင်နီယာကျောင်းတွင် ဝင်ရောက်သင်ကြား၍ အောင်မြင်သည့်အခါ အဆိုပါသင်္ဘောမှာ စက်ဆရာရာထူးကို ချီးကျူးပေးအပ်ခြင်း ခံခဲ့ရလေ၏ ။

ကိုကို့အမေ နှင့် မတွေ့ရမီ အခါ၌ မစ္စတာလွိုက် အဖြစ် မှာ ပျော်ရွှင်သော အသင့်အတင့် နေသာထိုင်သာရှိသော်လည်း ကိုကို့အမေ ကို မြင်ပြီးသည့်နောက် ဖောက်ဖောက်ပြန်ပြန်နှင့် ဟန်မလုပ်နိုင်တော့ဘဲ တုံးခနဲ လဲကာ မစ္စတာလွိုက် ဘဝသစ်မှ ဘလွင် တည်း ဟူသော ဘဝဟောင်းသို့ ပြန်ပြောင်း သက်ဝင်လာပြီးလျှင် ယခင် ဝတ်၍ နေသော ဘောင်းဘီများပင် ယားယံလာသကဲ့သို့ မှတ်ထင်မိလေသတည်း ။

“ အင်း ... မြတင် မြတင် ဒင်း ဟာ ဧကန္တ မြတင် ပါပဲ ။ အရင် ကတော့ စိုစိုပျိုပျို ၊ ယခုလို ကလေးတစ်ယောက် အမေဘဝ ရောက်ပြန်တော့လည်း သေးသေးသွယ်သွယ် ယဉ်စစ ။ တစ်မျိုးတစ်ဖုံ ပြုပြင်ထားသလို ကြည့်လို့လှနေလိုက်တာ ။ သစ္စာဖျက်မ မမြတင် ရယ် နင်တယ်တော်ပါကလား ။ သူဌေးကတော်ကြီး ရဲ့ ။ နှစ်ပေါင်းအတော်ကြာအောင် နင့် စိတ်တွေ ဖျောက်ပြီး မေ့မေ့ပျောက်ပျောက် ဆို သလို နေခဲ့ရသော်လည်း ယခုလိုနှင့် မျက်နှာကို ဗြုန်းခနဲ တွေ့ရတော့ မေ့နေတဲ့ အချစ်ငုတ်ဟာ ရုတ်တရက်ဆူပြီး ပူရပြန်ပါပကော ။ ငါ့ဒုက္ခတွေ အတောမသတ်နိုင်စရာ နင့် သားကလေး ကိုကိုပါ အဆစ်ပါထည့်ပြီး ချစ်စရာကလေး တစ်ခုလုပ်ပြီး အဟုတ်ကြီးခင်တွယ်နေလိုက်ရပြန်သေး တယ် ။ ဟယ် .... ဒုက္ခ ဒုက္ခ ” စသည်ဖြင့် ညည်းတွားရင်းပင် အရုဏ်ကျင်း၍ အလင်းသို့ရောက်ခဲ့လေသတည်း ။

ညဉ့်က မျက်လုံးတကြောင်ကြောင်နှင့် အသည်း နှလုံးကို မီးလောင်ခဲ့သဖြင့် နောက်နေ့တွင်လည်း အောက် မေ့သလိုလို ၊ လွမ်းဆွတ်သလိုလို ရင်ထဲတွင် တဖိုဖိုနှင့် ငိုမလို ၊ ရယ်မလို ကြီးတိကြောင်တောင်နှင့်ပင် အိပ်ရာထက်တွင် လဲလျောင်း၍ ဇာတ်ဟောင်းကို ပြန်လှန်တွေးတော ရင်း ဆွေးကြောကြီးတင်းသဖြင့် မျက်လုံးတွင်းက မျက်ရည်စကို ထွက်မကျရန် အတန်တန် တားဆီး၍နေစဉ် ကိုကို ပြေးဝင်လာပြီး -

“ အန်ကယ် .... အန်ကယ် ဘာဖြစ်လို့လဲ ၊ နေတောင်းဘူးလား ” ဟု မေးမြန်းကာ ခုတင်ပေါ်သို့ မမီတမီနှင့် ကုန်း၍ အားယူကာ တက်လာလေ၏ ။

“ အန်ကယ် နေတောင်းဘူးလား တိုတို့နာလေး ပျောက်ပွားဘီ အန်ကယ် ။ ဘာချစ်တာလဲဟင် ” စသဖြင့် ထပ်မနား မေးနေသောအခါ ဘလွင်သည် ကလေးကို ကြည့်ပြီး မချိပြုံးလျက် မုန်းရမှာလည်း အခက် ၊ ဆက် ပြီးလည်း ချစ် မနေလို ဘာကိုမှ မသိရှာသော ကလေးငယ် အားလည်း သနားနှင့် “ အလကားပါကွယ် ၊ အန်ကယ်နေ ကောင်းပါတယ် ”

“ ဒါဖြင့်လာပါ ၊ တိုတိုနဲ့ ကစားရအောင် ဝှိုက်ကီလေး စောင့်နေတယ် ”

“ ဟင့်အင်း ကနေ့ အန်ကယ် မကစားချင်ဘူးကွယ် ။ လာ မင့် ကို စကား နည်းနည်း ပြောမယ် ” ဟု ဆိုကာ ကိုကို အား ပွေ့ယူကာ အနီးသို့ ကပ်ပြီးလျှင် -

“ မင်း ဖေဖေ ဘယ်မှာလဲ ”

“ နော်တိဘူး ဘိရပ် မှာလို့ ကျောတယ် ”

“ မင်း မမှတ်မိဘူးလား ၊ ဘယ်တုန်းက ဘိလပ်ကို သွားသလဲ ”

“ နော်တိပါဘူး ဆိုနေ ”

“ အေးလေမို့ အိမ်မှာ မင်းဖေဖေ ဓာတ်ပုံ မရှိဘူးလား ”

“ ရှိတယ် မေမေ နေ့တိုင်းနေ့တိုင်း ကြည့်ကြည့်နေတယ် ”

“ ဒါဖြူ မင့် ဖေဖေ ဓာတ်ပုံ သွား ယူပြစမ်းပါ ။ ဘယ် လောက်များ လှလွန်းလို့ မင်း မေမေက ကြည့်ရတာလဲ ”

“ အန်ကယ် ကြည့်မလား ၊ နော် ပွားယူခဲ့မယ် ” ဟု ဆိုကာ ကိုကိုသည် ဒိုင်းဒိုင်းဒိုင်းဒိုင်းနှင့် ပြေးဆင်းသွားပြီး တစ်ခဏကြာလျှင် ပြန်တက်လာခဲ့လေ၏ ။ 

“ ရော့ အန်ကယ် မေမေလည်း ဓာတ်ပုံကြည့် နိုနေတယ် ။ နော် အတင်း လုယူလာခဲ့တယ် ” ဟု အားရပါးရ ပြောကာ ပေးလေ၏ ။ ဘလွင်သည် ဓာတ်ပုံကို ကြည့်ပြီး အံ့သြ၍ နေလေ၏ ။ အကြောင်းမူကား ထိုပုံကား မိမိ ပုံ ဖြစ်၏ ။ မြတင် နှင့်ချစ်ကြိုက်စဉ်က မိမိ ပေးဖူးသော ဓာတ်ပုံ ဖြစ်လေသတည်း ။

“ ဒီပုံဟာ မင်း ဖေဖေ ပုံ အဟုတ်ပဲလား ”

“ ဟုတ်တယ် နော့ကို မေမေ က ဒါ မင့် ဖေဖေ ပုံပဲလို့ ကြောတယ် ” ဘလွင်သည် ပြုံး၍ ဪ မြတင် မြတင် ငါ့ကို မမေ့သေးပါကလားဟု တွေးကာ တစ်မျိုး အားတက် မိလေ၏ ။ သို့နှင့်လည်း ကလေးအဖေသည်ကား မိမိ မဟုတ် ဘဦးပင် ဖြစ်မည်ဟု အတတ်သိသည့်အလား အားငယ်စွာဖြင့် မြတင် အဘယ်မျှပင် မိမိအား မမေ့သော် ငြားလည်း မိမိ နှင့် မြတင် တို့ စပ်ကြား၌ မဟာသမုဒ္ဒရာကြီး ခြား၍များနေလေပြီတကား ။ ကိုကို၏ စကားအလာကို ထောက်သဖြင့် ယခုအခါ မြတင် တို့ အိမ်၌ မြတင် ၏ ယောက်ျား မရှိ အရပ်တစ်ပါးသို့ သွား၍နေဟန်လက္ခဏာ ထင်ရှား၍ နေကြောင်းကို သိရလေ၏ ။ 

ထို့ကြောင့် မြတင် ကို တစ်နေ့သ၌ တွေ့ဆုံ၍ မိမိအ ပေါ်တွင် သစ္စာဖျက်သိမ်း၍ စိမ်းကားရက်စက်ပုံကို အကြောင်းပြန်၍ ပက်ပက်စက်စက် ရန်တွေ့ဦးမည်ဟုကြံကာ မုန်းနေသော စိတ်ထဲတွင် မြတင် က မိမိကို ယနေ့တိုင် မမေ့နိုင် သူ့ ဓာတ်ပုံ တကိုင်ကိုင် ငိုမလို တမှိုင်မှိုင် စသော သီချင်းကို တစ်မဟုတ်ချင်း စပ်ဆိုဘိ အလား သနားသလိုလို ရှိလာပြန်သောကြောင့် မကြည့်ချင်မြင်ချင်ရက်သာ ရှေးက ပုံလိုမဟုတ်တယ် မြရယ် ၊ မုန်း - ချစ် သနားဟူသော သီချင်း ပမာ တစ်ခါတစ်ရံတွင် ကြာမဆန်တဲ့ သဘောမျိုးနှင့် ရိုးရိုး တော့ တွေ့လိုက်ရဦးမည်ဟု တွေးတောကြံဆမိလေသ တည်း ။

ထို့နောက် စိတ်ပြေလက်ပျောက် ခြံတွင်းသို့ လျှောက် ရန် ကိုကိုနှင့် နှစ်ယောက် ဆင်းခဲ့ကြလေ၏ ။

     •••   •••   •••   •••

ဘယ်တစ်နေ့ရယ်မှ ၊ ကွယ်မမေ့ပါတဲ့ မယ့်ဖြစ်ပုံ ၊ လူ ကြုံလျှင် လွှာပုံသချင်ရဲ့ မောင်စံရာ ဘယ်ဌာနမှာလို့ ပြော ပအစုံ ၊ ရွှေအမ္ဗ မာန်ဟုန်တွေက သူထန်ပြင်း ၊ ငွေ့ငွေ့ငယ် ဆူ ၊ မေ့အပူ ကူကညှင်းရော့သလား ။ အကြောင်းခံ ကောင်း ပန်လို့လည်းရတယ် ၊ တင်းမာန်လျှော့ကင်း ။

ကိုးခွင်သော ရပ်ဌာနတွင် တိမ်နဘန် အုပ်ဆိုင်း၍ အံ့ မှိုင်းမှောင်လျက် အာကာတိမ်နန်းဝယ် လျှပ်ပန်းတွေ ကစား၍ အားကြီးအင်ကြီး ဖိဖိစီးစီး မိုးကြီးရွာသွန်းပြီး နောက် သစ်ပင်ကြီး ၊ သစ်ကိုင်းကြီး ဝေဝေဆာဆာ ဥယျာဉ်ပန်းမန်နှင့်တကွ သာသာယာယာ ညိုညိုဆိုင်းဆိုင်း အုံ့မှိုင်းဝေဆာသည့် ခြံကြီးအလယ်တွင် လေပြေသိမ်း၍ နွဲ့ယိမ်းယိုင်နဲ့ သစ်ကိုင်းသစ်ရွက်သံတွေက တရှဲရှဲ မိုးသေးကလေးက တဖွဲဖွဲ ကျေးငှက်သံကလေးများက တချွဲချွဲ ။ နားထဲတွင် စိမ့်၍ သွားလောက်အောင် သာယာ ကြည်လင်၍ တစ်ချက်တစ်ချက် ငိုသံပါကလေး ဝင်လာ အောင် အထက်ပါ လေးဆစ်ကလေးကို အတွေးနှင့်နှစ်နှစ် ကာကာ သီဆိုလျက် တီးကွက်လှလှ ၊ စည်းချက်ကျကျ နှင့် တရွရွနှိပ်လိုက်သော ပီယာနိုအသံတို့မှာ အိမ်အောက်ထပ်ခန်းတွင်ထိုင်ကာ စောင့်စားနေသည့် ကိုဧည့်သည်အား စိတ်နှလုံးကို တုန်လှုပ်ချောက်ချား၍ အသည်းနှလုံးတွေ တစ်ပြုံလုံးကိုလည်း ဆွဲကိုင်ဖျစ်ညှစ်ထားသလို များစွာ အနေခက် ၊ အခံခက် ၊ အသက်ရှူမမှန် မျက်ဖြူလန်၍ နေစေလေတော့သတည်း ။

“ မမ အောက်မှာ ဧည့်သည်တစ်ယောက် လာနေတယ် ”

“ ဘယ်ကလည်း ညည်း မသိဘူးလား ”

“ မသိဘူးမမ ၊ ဟောဒီ ကတ်ကလေး ပေးလိုက်တာပဲ ”

ကိုကို့အမေ ခေါ် မြတင်သ ည် “ ကတ် ” ကလေးကို ဖတ်ကြည့်လိုက်လျှင် “ ဘလွင် - အင်ဂျင်နီယာ ” ဟု တွေ့ရ သည်နှင့်တစ်ပြိုင်နက် အသက်ဝင်လာသည့်ပမာ ကဗျာကယာ မှန်တင်ခုံရှေ့သို့ပြေးပြီး နဖူးဆံရင်ကလေး ၊ မှုန်နံ့သာကို ထုံစွာသလျက် သော်ကခက်ကလေး ဆံထုံးဘေး ကွင်ထိုး ၊ နှင်းဆီရိုးကလေးနှင့် မျက်ခုံးဆွဲ ၊ ပိုးညွန့်အင်္ကျီ ကလေးကို အလျင်အမြန်လ် ။ အင်မတန်လည်း ကြာမည် စိုးသဖြင့် အပြောထဘီကို ကပျာကသီဝတ်ပြီး ကျွတ်ကျတော့ မလိုနေသော စိန်တစ်လုံးနားကပ်ကို အသာလှည့်ရင်း ကနွဲ့ကလျနှင့် အောက်ကို ဆင်းခဲ့လျှင် ပက်ပင်းပါတွေ့ရသော ငယ်ချစ်ဟောင်း ဘလွင် ၏ ဟဒယရွှင်သော မျက်နှာထားနှင့် ရိုးသားစွာ “ သူဌေးကတော် မာပါရဲ့လား ခင်ဗျာ ၊ ကျွန်တော် မတွေ့ရတာကြာလို့ .. ”

ဘလွင် ၏ မျက်နှာထားနှင့် စကားကို ကြားရလျှင် မြတင် သည် ရုတ်တရက်သော် အံ့သြဝမ်းနည်း၍သွားပြီးမှ တစ်ဖန် တစ်စုံတစ်ခုကို သတိရသည့်အလား မျက်နှာထား ပြုံးရွှင်ကြည်လင်၍ လာပြီးလျှင် “ အို ကိုကိုလွင် ရှင် ဘယ်က လာလို့ ဘယ်ကို ရောက်နေသလဲ ၊ ပျောက်နေတယ်လို့ ကြားရလို့ မြ တို့ ဖြင့် .. ”

ဝမ်းနည်းသည့် မျက်နှာဖြင့် “ ဪ မြတို့ဖြင့် ပျော် ပျော်ရွှင်ရွှင်နှင့် အင်မတန်စိတ်ချမ်းသာကြမှာပဲနော် ”

“ ဟုတ်ကဲ့ ကိုကိုလွင် မချစ်လို့ ပစ်သွားလေတော့ အလိုက်အထိုက် စိတ်ကို ဖြေပြီးနေနိုင်အောင် နေမဟဲ့ လို့ ကြိုးစားရတော့တာပေါ့ရှင် ”

“ ဦးရင် ပြီးရောဆိုတဲ့ စကားအတိုင်း ပြောအားရှိပေတာပေါ့ သူဌေးကတော် ။ ကျွန်တော့်ကို မုန်းပြီး ဖြုန်းခနဲ ဖြတ်စာ ပေးလိုက် ကတည်းက အကြီးအကျယ် စိတ်ရူး ပေါက်ပြီး ထင်ရာ လျှောက်ပြေးရတာပါ ”

“ အလို ဘယ်သူက ဖြတ်စာ ပေးသလဲ ။ မြ တို့လည်း အကျိုးအကြောင်း မသိရပါကလား ” ဟု အံ့သြစွာပြောသဖြင့် ဘလွင် သည် ဒေါ်ကြင် လာ၍ ပေးသော ဟောင်းနွမ်းနေသည့် စာကလေးများကို ထုတ်၍ ပြလေ၏ ။

“ ဟင်း ဒီဟာ မြ မရေးရပါကလား ။ မြ ရေးလိုက်တဲ့ စာက ဘဦး နှင့် လက်ထပ်ဖို့ ကြော်ငြာသော်လည်း ဘာမှ မစိုးရိမ်ဖို့ အကြံဉာဏ် ပေးတဲ့ စာပါ ။ ဒီ စာဟာ ဒေါ်ကြင် နဲ့ ဖေဖေ တို့ ဆင်တဲ့ ဉာဏ်ပဲ ”

“ ဘယ်သူ့ ဉာဏ်ပဲ ဖြစ်ဖြစ် စိတ်သာ မူလပါ သူဌေးကတော်ရယ် ။ ခုလိုအခါကျမှ ဒီစကားတွေ ပြောသော်လည်း အကျိုးမရှိပါဘူး ။ ကျွန်တော့်မှာလည်း ဒီစကားမျိုး ပြောတဲ့ အတွက် အပြစ်မကင်းသဖြင့် နောက် ဆက်မပြောပါရစေနဲ့တော့ ။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာတွေ့ရတာ ဝမ်းသာလှပါပြီ သူဌေးကတော် ”

“ ရှင် ကျွန်မကို သူဌေးကတော် ၊ သူဌေးကတော်နဲ့ မခေါ်နဲ့နော် ”

“ ဂုဏ်အလျောက် ခေါ်ရခြင်းဖြစ်ပါတယ်ခင်ဗျာ ၊ သူ ဌေးကတော် မကြိုက်ဘူးဆိုရင်လည်း နောက်မခေါ် ... ”

“ ကြည့်စမ်း ကိုကိုလွင် နော် ၊ မခေါ်နဲ့ဆိုရင် မခေါ်နဲ့ ရှင် ။ မြ သူဌေးကတော်လည်း မဟုတ်ဘူး ။ ဘာကတော်မှ မဟုတ်ဘူး ” ဟု ဆောင့်ဆောင့်ကာ ပြောလေ၏ ။

“ ကျွန်တော့်ကို ကွယ်နေစရာမလိုပါဘူးခင်ဗျာ ၊ နို့ ကလေးအဖေ ဘယ် ... ”

“ အို တယ်ခက်ပါကလား ၊ မြ အပျိုပါ ရှင့် ။ လင်လည်း မရှိ ၊ သားလည်း မရှိပါဘူး ”

ရယ်မောလျက် “ ကျွန်တော် မမြတင် ရဲ့ သားကလေး ကိုကို နဲ့ သိနေတာ ကြာပါပြီ ”

“ ဒါ ... မြရဲ့ အစ်မ က မွေးတဲ့ တူကလေး ရှင့် ၊ အဖေအမေ ငယ်ငယ်က သေဆုံးလို့ မြ ကိုပဲ အမေ ထင်နေတယ် ။ မြ လည်း သနားလို့ အမေ လို့ ပြောထားတယ် ”

ဘလွင် ၏ မျက်လုံးသည် ဝင်းထိန်၍ လာလေ၏ ။ ပါးစောင် က ရွှေသွားလည်း ဝင်းခနဲ ပေါ်လာလေ၏ ။ စိတ်တွင်ကား အိုင်ယာလန်ထီ ပထမပေါက်သော သံကြိုးရသလို တဖိုဖိုနှင့် ခုန်ဆွခုန်ဆွ ဖြစ်၍ သွားလေ၏ ။

ထိုအခါကျမှ မြတင် သည် နှုတ်ခမ်းကို စူကာ ငို တော့မည့်ပုံပမာဖြင့် “ သူများကတော့ နေရာတကျ ရှိပါစေ တော့လို့ မမရင် နဲ့ တိုင်ပင်ပြီး ကြံလိုက်ရတာ ။ ပြီးတော့ သူ က ဘယ်ထွက်သွားလိုက်မှန်း မသိဘူး ”

ဘလွင်သည် မချိုမချဉ်မျက်နှာနှင့် မြတင် ၏ ဆိုဖာသို့ ပြောင်းရွှေ့ ထိုင်ပြီး “ ပြောစမ်းပါဦး မြရယ် ၊ မင်း ဘယ်ပုံခြယ်လှယ်ခဲ့သလဲ ၊ လွန်တဲ့ရက်တွေ ကိုယ့် အပြစ်ပဲ ဆိုပါတော့ ”

“ ဟင်း ခုမှ ကိုယ့်အပြစ်ပါ ကိုး ။ နားထောင်ပါ ၊ ပြောပါမယ် ။ မြ အစ်မကြီး မမြရင် ဟာ မြ ကို အင်မတန်ချစ်တယ် ၊ မြ ကိုကို နဲ့ ကွဲပြီး ဘဦး ကို လက်ထပ်ရမယ် ဆိုတော့ တစ်နေ့ တစ်နေ့ ငိုငိုပြီးနေတဲ့ပြင် သူ့ကို ယူရရင် မြ ကိုယ် ကို မြ သ,တ်သေမယ်လို့ ကြံနေတာကို မမရင် သိတယ် ။ ဒီတော့ ညီမလေးကို သနားပြီး ဖေဖေတို့ စကားလည်း နားမထောင်ရာ မကျအောင် ညီမလေး အလိုလည်းပြည့်အောင် သူက ဘဦး ကို အရုပ်ဆိုးကြီး ဖြစ်လို့ သိပ် မုန်းနေတာဖြစ်သော်လည်း လက်ထပ်ဖို့ ပွဲထုတ်တော့ ခေါင်းကို ဇာအုပ်ပြီး မမရင် က ညီမလေး လုပ် ထွက်မယ်လို့ အကြံပေးပြီး စိတ်အေးအောင် မြ ကို တားတယ် ။ မြ နဲ့ မမရင်ဟာ နှနှစ်သာ ကွာတယ် ရုပ်ရည်အလုံးအဖန်လည်း တူလို့ သူတို့ မသိကြဘူး ၊ လက်ထပ်ပြီးမှ မြ တို့က ဖွင့်ပြောလို့ သိတယ် ။ မမရင် ဟာ မြ ကို သနားပြီး အသက်ကို ကယ်ဆယ်လိုတာနဲ့ ဘဦး ကို မချစ်ဘဲနဲ့ ယူရပြီး ကိုကိုလေး ကို မျက်နှာမြင်လို့ မီးတွင်းမှာ ဆုံးရှာတယ် ။ သူ ဆုံးပြီးလို့ ဘာမှ မကြာသေးဘူး ၊ ဘဦး ဟာ အရက်တွေ ခါတိုင်းထက် သိပ်သောက်ပြီး ကားတစ်စီးနဲ့ ဟိုလျှောက်လည် ၊ ဒီလျှောက်လည် ညဉ့်နက်သန်းခေါင်မှ ပြန်ပြန်လာလေ့ ရှိတယ် ။ မြ ဖေဖေ ကလည်း မမရင် ဆုံးလို့ စိတ်မကောင်းဖြစ်နေတဲ့အခါ ဘဦး က သွေးဆောင်လို့ မြင်းတွေ ဘာတွေ လောင်း ၊ ကလပ်တွေ တက် နဲ့ နေလိုက် တာ တစ်နေ့တော့ ဖေဖေ နဲ့ ဘဦး ဟာ ကလပ်က ပြန်လာ ကြတော့ ဘဦး ဟာ လူမှန်းမသိအောင် အရက်တွေ မူးလာတာနဲ့ သူ့ကား သူ နိုင်အောင် မမောင်းနိုင်ဘဲ အင်္ဂလိပ် သင်္ချိုင်းနားမှာ ဘတ်စ်ကားတစ်စီး နဲ့ အတင်း ဝင်တိုက်လိုက်တာ ဘဦး တော့ ပွဲချင်းပြီး သေသွားတယ် ။ ဖေဖေတော့ ဆေးရုံမှာ နှစ်ရက်သုံးရက် နေမှ ဆုံးတယ် ။ ဒီကတည်းက မြ တစ်ယောက်တည်း ဒီကလေး အုပ်ချုပ်ပြီး လူကြီး လုပ်နေရတာပဲ ။ မမရင် ဟာ မြ အတွက်နဲ့ သေတာပဲလို့ မြင်တယ် ။ ဒါကြောင့် သူ့ သားကလေးကို မြ သားကလေးပဲလို့ အမြဲ သဘောထားပြီး ချစ်နေရတော့တာပဲ ” ဟု ဇာတ်ရင်းကို ပြန်ပြောသည်တွင်မှ ဘလွင်မှာ “ ဟင်း ” ခနဲနေအောင် အသက်ရှူပြီး “ နို့  ဒီက လူရဲ့ အပူဇာတ်ကလေးများလည်း တစ်ဆိတ်လောက် နားဆင်တော်မူပါ ။ ကြားချင်တော်မူပါစ ကိုကို့ အမေခင်ဗျား ”

“ ရှင်က ဘာလဲ ပြောင်ပြောင်ပျက်ပျက်နှင့် ။ ကဲ ကိုကိုလွင့် ဇာတ်ကွက်ကို ခပ်သွက်သွက် ပြောစမ်းပါဦး ” ဟု ဆိုသဖြင့် ဘလွင် လည်း ဒေါ်ကြင် စာ လာပေးသည်မှ စပြီး သင်္ဘော တွင် ပါသွားပုံ ၊ ဒုက္ခအမျိုးမျိုး ရောက်ခဲ့ရပုံမှ စ၍ နောက်ဆုံး ကိုကို နှင့် တွေ့ပြီး တစ်နေ့တော့ မြတင် ကို မြင်ရပုံစသည်များကို ပြန်လှန်ပြောကြားနေစဉ် ကိုကို ဝင်လာပြီးလျှင် ဘာမှမပြော အလျင်စလို ပြန်ထွက်သွားပြီး လက်က ဓာတ်ပုံကလေးကို ယူလာကာ ဘလွင်အနီးမှာ ရပ်လျက် ဓာတ်ပုံ တစ်လှည့် ၊ ဘလွင်၏ မျက်နှာကို တစ်လှည့် ကြည့်နေပြီးနောက် ဝမ်းမြောက်ဝမ်းသာနှင့် ကပျာကယာ ဘလွင် ကို ဖက်ပြီး “ ဖေဖေ ဖေဖေ ဒါ ဖေဖေနော် ” ဟု ပြောကာ ပေါင်ပေါ် ကို အားယူကာ တက်လေ၏ ။ ဘလွင် နှင့် မြတင်တို့လည်း အစကပင် ကလေး၏ ထူးခြားသော အမူအရာ ၊ ဆိတ်ငြိမ်စွာ ကြည့်နေကြပြီးနောက် ဟက်ဟက်ပက်ပက်ရယ်မောကာ ဘလွင် က -

“ အေး ဟုတ်တယ် ၊ ဟုတ်တယ် ဖေဖေ့သားကြီး ။ မင့် မေမေ နဲ့ ဖေဖေ မွေးတဲ့ သားကြီး ” ဟု ပြောရင်း ကိုကို့ အား ပွေ့ကာ နမ်းရှုပ်လိုက်ရာ မြတင်သည် ဘလွင် အား ရွဲခပ်ကောင်းကောင်း နှင့် ကြာတစ်စောင်း ခုတ်ပြီး အမူလုပ်၍ သွားလေ၏ ။

ကိုကို သည် ဘလွင် လက်ပေါ်မှတစ်ဖန် အတင်း ရုန်းကန်၍ ဆင်းပြန်လေ၏ ။ “ သား ဖေဖေ့ အပေါ် ငြိမ် ငြိမ်နေစမ်းပါ ၊ ဘယ်သွားဦးမလို့လဲ ”

“ နေဦး ဖေဖေ ၊ နော့ အန်ကယ်ဆီ ပွားမလို့  ။ အန်ကယ် က ဖေဖေ့ ကို ခဏခဏမေးမေးနေတယ် ။ နော့ အန်ကယ် ပွားခေါ်မလို့ ” ဟုဆိုသဖြင့် “ ကဲ ဒါဖြင့်နေဦး ၊ ဖေဖေ ပါ မင့် အန်ကယ် ဆီ လိုက်ခဲ့မယ် ” ဟုပြုံးရွှင်ကာ ပြောပြီး ထွက်သွားကြလေရာ တစ်ခဏမျှ ကြာလျှင် မစ္စတာလွိုက် သည် ကိုကို အား ပွေ့ချီကာ ရောက်လာပြီးလျှင် မြတင် အနားတွင် ထိုင်လိုက်ရာ ကိုကို က မြတင် ဆီ ကဗျာကယာ ပြေးပြီး “ မေမေ ဖေဖေ ကလည်း အန်ကယ် ၊ အန်ကယ် ကလည်း ဖေဖေ နော်နော် ” အားရပါးရ ရယ်မောကာပြောရင်း ပါးစပ်တွင်းသို့ ချော့ကလက်တွေ နင်း၍ သိပ်လိုက်လေ သတည်း ။

⎕ ဒဂုန်ခင်ခင်လေး

📖ဒဂုန်မဂ္ဂဇင်း
     အမှတ် - ၁၄၅
     ၁၉၃၂ ၊ စက်တင်ဘာ

Friday, August 15, 2025

မောင်လုံ့လ

 

❝ မောင်လုံ့လ ❞
      ( ပုံပြင် )

ရှေးအခါက မောင်လုံ့လ ခေါ် လူငယ်တစ်ဦး ရှိ၏ ။ သူသည် အမှုကိစ္စ အားလုံးတွင် နာမည်နှင့်လိုက်အောင် လုံ့လဝီရိယနှင့် ပြည့်စုံစွာ ဆောင်ရွက်၏ ။ သို့ရာတွင် သူ့မှာ မိဘနှစ်ပါး မရှိတော့ပြီ ။ ထို့ကြောင့် သူသည် လယ်ပိုင်ရှင်ကြီးတစ်ဦး၏ ထံတွင် နွားကျောင်းသော အလုပ်ဖြင့် အသက်မွေးနေထိုင်ရှာလေ၏ ။

မောင်လုံ့လသည် နံနက်အရုဏ် မတက်မီအချိန်ကပင် လယ်ပိုင်ရှင်ကြီး၏ နွားအုပ် ကြီးကို မြက်ခင်းများ ရှိရာသို့ မောင်းနှင် ထွက်ခွာသွားရသည် ။ မောင်လုံ့လသည် နေထွက်မှ နေဝင်ထိ နွားများကို ကျောင်းလျက် နေဝင်မိုးချုပ် နွားရိုင်းသွင်းချိန် ရောက်မှသာလျှင် နွားအုပ် ကြီးနှင့်အတူ လယ်ပိုင်ရှင်ကြီး၏ အိမ်သို့ပြန်ရသည် ။

လယ်ပိုင်ရှင်ကြီးကား မောင်လုံ့လအား ဘယ်အခါမှ သားချင်းသမီးချင်း မစာနာပေ ။ မောင်လုံ့လအား နွားအုပ်နှင့် ရောက်လျှင် ရောက်ချင်းပင် ထင်းခွဲ ၊ ရေခပ် ၊ အဝတ်လျှော် စသည့် အိမ်မှုကိစ္စများကို တစ်လုပ်ပြီး တစ်လုပ် ဆက်တိုက် ခိုင်းသည်မှာ ညဉ့်နက်သန်းခေါင်တိုင်သည် အထိပင်ဖြစ်၏ ။ ထိုအချိန်ကျမှပင် မောင်လုံ့လမှာ လယ်ပိုင်ရှင်ကြီးက ကျွေးမွေးသော ထမင်းကျန် ဟင်းကျန်များကို စားသောက်အိပ်စက်ခွင့်ရရှာ၏ ။

သို့နှင့် နောက်တစ်နေ့ နံနက်အရုဏ်တက် ရောက်ပြန်လျှင် အိပ်ရေးမဝဘဲ မောင်လုံ့လ ခမျာမှာ အိပ်ရာမှ ထရပြန်လျှင် နွားအုပ်ကြီးကို မောင်းနှင်၍ မြက်ခင်းများ ရှိရာသို့ ထွက်ခွာသွားရပြန်လေ၏ ။ လယ်ပိုင်ရှင်ကြီးကား မောင်လုံ့လ ထံမှ လုပ်အားကို အဆမတန် ခိုင်းစေ ၊ မတရား ယူငင်ခြင်း ပြုလင့်ကစား မောင်လုံ့လ နွားကျောင်း အသွားတွင် အနည်းငယ်မျှသော ထမင်းကြမ်းခဲ အထုပ်ငယ်တစ်ထုပ်ကိုသာ မောင်လုံ့လအား ပေးကမ်းခြင်းပြုလေသည် ။

နွားအုပ်ကြီးကား မောင်လုံ့လ၏ ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ခြင်းကို သိရှိနား လည်ပြီ ဖြစ်သောကြောင့် နေ့လယ်နေ့လယ် မောင်လုံ့လ အိပ်ချိန်တွင် အခြား အရပ်တစ်ပါးသို့ ဝေးလံစွာသွားရောက်ခြင်း မပြုကြဘဲမောင်လုံ့လ အိပ်နေရာ၏ အနီးအနား တဝိုက်မှာပင်လှည့်ပတ်သွားလာ စားသောက်ခြင်း ပြုလေ၏ ။ ထို့ကြောင့် မောင်လုံ့လမှာ နွားအုပ်အတွက် ပူပင်သောက မရှိဘဲ နေ့လယ်တိုင်း နေ့လယ်တိုင်း စိတ်ချလက်ချ ကောင်းမွန်စွာ အိပ်စက်နားနေခြင်း ပြုရလေ၏ ။

တစ်နေ့သ၌ မောင်လုံ့လသည် ထမင်းကြမ်းခဲကို မဝရေစာ စားသောက်ပြီး ခါတိုင်း နေ့များကဲ့သို့ပင် ညောင်ညိုပင်ကြီး၏ အောက်တွင် လဲလျောင်းရာမှ အိပ်မောကျခြင်းသို့ရောက်လေ၏ ။ အိပ်မောကျစဉ် မောင်လုံ့လသည် အိပ်မက်တစ်ခု မြင်မက်လေ၏ ။ အိပ်မက်ထဲတွင် ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ထားသော ညောင်ပင်စောင့် ရုက္ခစိုးသည် မောင်လုံ့လ အိပ်စက်နေရာ ခေါင်းရင်းမှရပ်လျက် “ လူကလေး မောင်လုံ့လ ၊ သင်ကား အလွန် ဝီရိယရှိ၍ အလွန် အလုပ်လုပ် သော သူငယ်ဖြစ်ရာ ၊ နွားကျောင်းသော အလုပ်ဖြင့် မထိုက်တန်တော့ပြီ ၊ သို့ဖြစ်၍ ကျွန်ုပ် ညွန်ကြားသည့် အတိုင်း သင်သည် ဗာရာဏသီပြည်သို့ အလျင်အမြန် သွားလော့ ၊ သင်သည် ဗာရာဏသီပြည်၌ မင်းအဖြစ်ကို ရမည် မချွတ်တည်း ” ဟု ပြောကြား၍ ရုက္ခစိုးလည်း အိပ်မက်ထဲမှ ရုတ်ခြည်းပျောက်ကွယ်လေ၏ ။

ထိုခဏ၌ မောင်လုံ့လလည်း ချက်ချင်း နိုးလျက် အိပ်မက်အကြောင်းကို စဉ်းစားလေ၏ ။ အိပ်မက်အကြောင်းကို စဉ်းစားလေလေ မောင်လုံ့လမှာ ရယ်ချင်လေလေဖြစ်၏ ။ မောင်လုံ့လ ရယ်ချင်ခြင်းမှာ အခြားကြောင့် မဟုတ်ပေ ။ မိမိ ကဲ့သို့သော နွားကျောင်းသား တစ်ဦး က ဗာရာဏသီပြည်ကြီး၏ ရွှေထီးရွှေနန်း ကို ပိုင်စိုး၍ ဗာရာဏသီ ပြည်သူပြည်သားအပေါင်းအား အုပ်ချုပ် မင်းလုပ်ရမည် ဆိုခြင်းမှာ ကောင်းကင်မှ ဓူဝံကြယ်ကို ဆွတ်ရသည်ထက်ပင် ခက် ခဲလေစွဟု ထင်မှတ်၏ ။ ထို့ကြောင့် မောင်လုံ့လမှာ အိပ်မက်အကြောင်းကို တွေးမိလေ ရယ်ချင်လေ ဖြစ်ရလေ၏ ။

ထို့နောက် မောင်လုံ့လသည် သွေးလေချောက်ချား၍သာ ထိုရယ်ဖွယ် ကောင်းသော အိပ်မက်ကို မြင်မက်ပေသည်ဟု အောက်မေ့လျက် မိမိ ကျောင်းရန်ရှိသော နွားအုပ်ကိုသာ ဂရုတစိုက်လိုက်လံကျောင်းပြီးနောက် နေဝင်မိုးချုပ် နွားရိုင်းသွင်းချိန်သို့ ရောက်လျှင် ခါတိုင်းကဲ့သို့ပင် လယ်ပိုင်ရှင်ကြီး၏ အိမ်သို့ ပြန်ခဲ့လေ၏ ။ သို့ရာတွင် နောက်နေ့ပေါင်းများစွာပင်လျှင် မောင်လုံ့လသည် ညောင်ညိုပင်ကြီးအောက်တွင် ဝင်ရောက် အိပ်စက်တိုင်း ထိုအိပ်မက်ကို ချည်းမြင်မက်လေ၏ ။ အိပ်မက်မက်ဖန်များလတ်သော် မောင်လုံ့လမှာ သူ့ကိုယ်သူ ဗာရာဏသီ ပြည်ကြီးကို စိုးမိုးအုပ်ချုပ်ရသော မင်းအဖြစ်ကို မလွဲမသွေ ရရှိပေလိမ့်မည်ဟု စွဲစွဲမြဲမြဲ ယုံကြည် ခြင်းဖြစ်လေ၏ ။

သို့ဖြစ်ရကား မောင်လုံ့လ မှာ တစ်နေ့သော ညနေစောင်းတွင် နွားအုပ်အား လယ်ပိုင်ရှင်ကြီး၏ အိမ်တွင်းသို့ ခါတိုင်းကဲ့သို့ မောင်းနှင်သွင်းလျက် မိမိကိုယ်တိုင်ကား လယ်ပိုင်ရှင်ကြီး၏ အလစ်တွင် တိတ်တဆိတ် ထွက်ခွာခဲ့လေ၏ ။

မောင်လုံ့လသည် လမ်းတစ်လျှောက်တွင် တွေ့ရှိရသော လမ်းသွားလမ်းလာတို့အား “ ဗာရာဏသီပြည်သည် မည်သည့် အရပ်တွင် ရှိသနည်း ၊ ဤမှ ဗာရာဏသီပြည်သို့ မည်မျှ ကြာအောင် သွားရမည်နည်း ” ဟု မေးမြန်းစုံစမ်းလေ၏ ။

လမ်းသွားလမ်းလာတို့က မောင်လုံ့လအား ကြင်နာသနားစွာနှင့် ကြည့်ရှုကြပြီးလျှင် “ ဟယ် ... လူကလေး ၊ အဘယ်ကြောင့် ဗာရာဏသီပြည်၏ အကြောင်းကို မေးသနည်း ၊ ဗာရာဏသီပြည်ကား တောင်အရပ်တွင် ရှိသည် ၊ သို့ရာတွင် အလွန်တရာ ဝေးကွာလှရကား ဤအရပ် မှလူတို့အနက်မှ တစ်ဦးတစ်ယောက်မျှပင် ဗာရာဏသီပြည်သို့ သွားရန် မကြံစည်ဝံ့ပေ ၊ လမ်း ကလည်း အန္တရာယ် ထူပြောလှ၏ ၊ အန္တရာယ် ထူပြောလှသောလမ်းကို ကျော်ဖြတ်၍ သွားနိုင် သည့်တိုင်အောင် သင်သည် ဤအတိုင်းသာ သွားပါက အိုမင်းမစွမ်းသော အရွယ်တိုင်မှသာ ဗာရာဏသီပြည်သို့ ရောက်လိမ့်မည် ။ သို့ဖြစ်၍ သင့်အား ဗာရာဏသီပြည်သို့ မသွားရန် ကျွန်ုပ်တို့ တားမြစ်ပါ၏ ” ဟု ပြောဆို ရှင်းလင်းပြကြပြီးနောက် မောင်လုံ့လအား ဗာရာဏသီပြည်သို့ မသွားရန် တွေ့ကြသူတိုင်းက တားမြစ်ခြင်းပြုလေ၏ ။

သို့ရာတွင် မောင်လုံ့လ မှာ နောက်မဆုတ်တော့ပေ ။သူသည် လုံ့လကို အားကိုးလျက် မလျော့သောဇွဲဖြင့် ဗာရာဏသီပြည်သို့ မရောက်ရောက်အောင်သွားအံ့ဟု ယတိပြတ် ဆုံးဖြတ်ခြင်း ပြုပြီးလျှင် တစ်ခုသော တောအုပ်အတွင်းသို့ ဝင်ရောက် ခရီးဆက်လေ၏ ။

ညဉ့်အချိန်ရောက်၍ တောအုပ်အတွင်း၌ အမှောင် ဖုံးလွှမ်းနေပြီဖြစ်သော်လည်း မောင်လုံ့လသည် ခရီးသွားမြဲ သွားကာ အင်မတိအင်မတန် အိပ်ချင်မှသာ တရေးတမော အပန်းဖြေ နားနေအိပ်စက်မည်ဟု အောက်မေ့လေ၏ ။ သန်းခေါင်ကျော်သော်လည်း မောင်လုံ့လမှာ လျှောက်သွားမြဲ လျှောက်သွားနေလေ၏ ။

ရှေ့သို့ တစ်လှမ်းတိုး သွားတိုင်း တိုးသွားတိုင်း မောင်လုံ့လမှာ ဗာရာဏသီပြည်ကြီး နှင့် တစ်လှမ်းထက် တစ်လှမ်း ပိုမိုနီးလာပြီဟု ယုံကြည်လျက် အားအတက်ကြီးတက်လေ၏ ။ ထိုသို့ တွေးထင်၍ မောင်လုံ့လမှာ အားတက်သရော လျှောက်ခဲ့ရာ လဆုတ်ရက်ပိုင်းဖြစ်သော ထိုည၌ လမင်းသည် သန်းခေါင်ကျော်မှ ထွက်လာလေ၏ ။ လရောင်ကို အဖော်ပြုရသော မောင်လုံ့လမှာ စောစောက ထက်ပင် အားတက်ခြင်းဖြစ်လျက် ရှေ့သို့ လျှောက်မြဲ လျှောက်ခဲ့ပြန် လေ၏ ။

ထိုသို့ မောင်လုံ့လ လျှောက်လာစဉ် ဧရာမသစ်ပင်ကြီး တစ်ပင်အနီးသို့ ရောက်ရှိလာ လျက် လူသံသူသံများကို ထူးဆန်းစွာ ကြားလိုက်ရကား မောင်လုံ့လမှာ တအံ့တဩ ဖြစ်၍ သစ်ပင်ကြီးကို အကာအကွယ် ပြုကာ စုံစမ်းခြင်းပြုလေ၏ ။ တစ်ဖက်သော သစ်ပင်ကြီး၏ ခြေရင်း၌ လရောင်အောက်တွင် လူလေးယောက်သည် မျက်နှာချင်းဆိုင် ထိုင်လျက် စိတ်ဝင်စားဖွယ်ကောင်းသောအကြောင်းများကို ဤသို့ ပြောကြားနေကြလေ၏ ။

“ ဟယ် ... သွေးသောက် ၊ သင်ကား ဘယ်အရာကို ရရှိခဲ့သနည်း ”

ဗိုလ်ဖြစ်သူသည် တစ်ဦးသော တပည့်အား မေးစမ်းခြင်းပြုလေ၏ ။

“ ဗိုလ်မင်း ၊ ကျုပ်ကား အလိုရှိတိုင်း အလိုရှိရာကို တောင့်တ၍ ရသော ဣစ္ဆာသယ အင်္ကျီကို ရရှိခဲ့ပါသည် ။ ဤအင်္ကျီကို ဝတ်၍ စိတ်ထဲမှ အလိုရှိရာကို တောင့်တကာ အင်္ကျီအိတ်တို့မှ နှိုက်ယူလျှင် ဗိုလ်မင်း အလိုရှိရာကို အလိုရှိသလောက် ရရှိပါလိမ့်မည် ၊ ဗိုလ်မင်း မယုံကြည်လျှင် ဤအင်္ကျီကို ဝတ်၍ စမ်းသပ်လော့ ” ဟု ဆိုလျက် အမေးမြန်း ခံရသော ပထမ တပည့်သည် ဗိုလ်ဖြစ်သူ၏ လက်သို့ ဣစ္ဆာသယအင်္ကျီ ကိုအပ်နှံ၏ ။ ထိုအခါ ဗိုလ်ဖြစ်သူလည်း အင်္ကျီကို ကြည့်ကာ အလွန် နှစ်ခြိုက်ခြင်းဖြစ်လျက် “ ကောင်းပြီ ” ဟုဆို၍ အင်္ကျီကို သူ့ဘေးတွင် အသာချထားလိုက်ပြီးလျှင် အခြားသော တပည့်တစ်ဦးအား “ ဟယ် ... သွေးသောက် ၊ သင်ကော ဘယ်အရာ ကိုရရှိခဲ့သနည်း ” ဟု ဆက်လက်၍ မေးစမ်းခြင်းပြုလေ၏ ။

“ ဗိုလ်မင်း ၊ ကျွန်ုပ်လည်း ရန်သူအပေါင်းကို ထောင်းထောင်းညက်ညက် ကြေစေနိုင်သည့် ရှစ်ထောင့်ပါရှိသော ဤဦးထုပ်ကို ရရှိခဲ့ပါသည် ၊ ဤဦးထုပ်ကို ပြောင်းပြန်လှန်၍ ဆောင်းလိုက်လျှင် ဤဦးထုပ်၏ ထောင့်ရှစ်ထောင့်မှ အရပ်ရှစ်မျက်နှာသို့ မရေမတွက်နိုင်သော ဓား ၊ လှံ ၊မြားတို့ဖြင့် ပစ်ခတ်၍ ရန်သူမှန်သမျှ ပျက်ပြုန်းစေနိုင်ပါသည် ၊ ဗိုလ်မင်းကိုယ်တိုင် သိလိုလျှင် ဤဦးထုပ်ကို ပြောင်းပြန်ဆောင်းကြည့်လော့ ” ဟု ဒုတိယတပည့် ကလည်း ဤသို့ဆိုလျက် ရှစ်ထောင့်ပါသော ဦးထုပ်ကို ဗိုလ်ဖြစ်သူ၏ လက်သို့ အပ်နှံလေ၏ ။ ထိုအခါ ဗိုလ်ဖြစ်သူလည်း ရှစ်ထောင့်ပါသော ဦးထုပ်ကို ကြည့်ကာ အလွန်နှစ်ခြိုက်ခြင်းဖြစ်လျက် “ ကောင်းပြီ ” ဟုဆို၍ သူ့ဘေးတွင် အသာချထားလိုက်ပြီးလျှင် နောက်ဆုံးဖြစ်သော တပည့်အား “ ဟယ် ... သွေးသောက် ၊ သင်ကော ဘယ်အရာကို ရရှိခဲ့သနည်း ” ဟု ဆက်လက် မေးစမ်းခြင်းပြုပြန်လေ၏ ။

“ ဗိုလ်မင်း ၊ ကျွန်ုပ်လည်း ဤဖိနပ်ကို ရရှိခဲ့ပါသည် ၊ ဤဖိနပ်ကား ခေသောဖိနပ် မဟုတ် ၊ ဤဖိနပ်ကို စီး၍ ခရီးသွားလျှင် တစ်လှမ်းလှမ်းတိုင်း ဆယ်ယူဇနာခရီးကို တမုဟုတ်ချင်း ရောက်နိုင်ပါသည် ။ သို့ဖြစ်၍ ဗိုလ်မင်း ကိုယ်တိုင် ဤဖိနပ်ကို စမ်းသပ်စီးနင်း၍ ခရီးသွားကြည့်ပါ ” ဟု နောက်ဆုံးတပည့်ကလည်း ဤသို့ဆိုလျက် ဗိုလ်ဖြစ်သူ၏ လက်သို့ ထူးဆန်းသောဖိနပ်ကို အပ်နှံလေ၏ ။ ထိုအခါ ဗိုလ်မင်းလည်း ဖိနပ်ကို ကြည့်ကာ အလွန်နှစ်ခြိုက်ခြင်းဖြစ်လျက် “ ကောင်းပြီ ” ဟုဆို၍ ဖိနပ်ကို သူ့ဘေးတွင် အသာ ချထားလိုက်လေ၏ ။

“ သွေးသောက်တို့ ၊ သင်တို့ သုံးဦးစလုံးမှာ အဖိုးမဖြတ်နိုင်သော ဤပစ္စည်းများကို ခိုးယူတိုက်ခိုက်ယူဆောင်ခြင်း ပြုနိုင်ခဲ့ကြသည့် အတွက် ကျွန်ုပ် အားတက် မဆုံးနိုင်အောင် ရှိတော့သည် ။ သွေးသောက်တို့ ကိုလည်း ကျွန်ုပ် ချီးကျူးပါ၏ ။ သို့ရာတွင် ယနေ့ညကား အချိန် မဲ့လေပြီ ၊ ကျွန်ုပ်ရော ၊ သွေးသောက်တို့ပါ အလွန် ပင်ပန်းနွမ်းနယ်ကြလေပြီ ၊ သို့ဖြစ်၍ ဤနေရာမှာပင် ကျွန်ုပ်တို့ တရေးတမော အိပ်စက်၍ အပန်းဖြေကြအံ့ ” ဟု ဗိုလ်ဖြစ်သူက ဤသို့ ပြောဆိုပြီးနောက် လေးဦးစလုံးပင်လျှင် တစ်ခဏအတွင်း အိပ်မောကျခြင်းအဖြစ်သို့ ရောက်ရှိသွားကြ လေ၏ ။

ထိုအခါ တစ်ဖက်သော သစ်ပင်ကြီး၏ အကွယ်ကို ယူလျက် ဓားပြတို့၏ ပစ္စည်းများ အကြောင်းကို နားထောင်ပြီးသော မောင်လုံ့လကား ဓားပြတို့ အိပ်မောကျခြင်း အဖြစ်ကို သိရှိလျှင် သိရှိချင်းပင် ဓားပြတို့၏ အနီးသို့ တိတ်တဆိတ် သွားရောက်လျက် ဦးစွာပထမ ဖိနပ်ကို အလျင်အမြန် စီး၍ ဣစ္ဆာသယအင်္ကျီနှင့် ရှစ်ထောင့်ဦးထုပ်ကို ယူငင်ထွက်ပြေးခြင်း ပြုလေ၏ ။ ဓားပြတို့လည်း အိပ်ရာမှ ချက်ချင်း နိုးကြကာ မောင်လုံ့လ နောက်သို့ အပြေးအလွှားလိုက်ကြလေ၏ ။ သို့ရာတွင် မောင်လုံ့လမှာ ဖိနပ်၏ အစွမ်းကြောင့် တစ်လှမ်းလျှင်ဆယ်ယူဇနာခရီးပေါက် ရကား ဓားပြတို့၏ မျက်စိအောက်မှာပင် မောင်လုံ့လ လည်း ကွယ်ပျောက်သွားလေ၏ ။ နောက်တစ်နေ့ နံနက်မိုးသောက်လျှင် မောင်လုံ့လလည်း ဗာရာဏသီပြည်တွင်းသို့ ရောက်ရှိသွားလျက် ဗာရာဏသီပြည့်ရှင်မင်းထံ ဝင်ရောက်၍ အမှုထမ်းလိုပါသည်ဟု လျှောက်ထားခြင်းပြုလေ၏ ။

ထိုအချိန်တွင် ဗာရာဏသီပြည်အား တစ်ပါးသော တိုင်းပြည် တစ်ပြည်မှ ရန်သူ့တပ်များ ဝိုင်းရံလျက်ရှိရကား ဗာရာဏသီပြည့်ရှင်မင်းသည် မောင်လုံ့လအား ဝိုင်းရံလျက်ရှိသော ရန်သူ့တပ်များကို တွန်းလှန်ချေမှုန်းရန် ခိုင်းစေခြင်းပြုလေ၏ ။

မောင်လုံ့လလည်း “ ကောင်းပါပြီ အရှင်မင်းကြီး ” ဟု ဝန်ခံလျက် ရှစ်ထောင့်ပါသော ဦးထုပ်ကို ကိုင်ဆောင်ကာ ရန်သူ့တပ်များ ရှိရာဆီသို့ ထွက်ခွာခဲ့လေ၏ ။ ရန်သူတပ်များဆီသို့ ရောက်လျှင်ရောက်ချင်း မောင်လုံ့လသည် ရှစ်ထောင့်ဦးထုပ်ကို ပြောင်းပြန်လှန်၍ ဆောင်းလိုက်လေ၏ ။ ရှစ်ထောင့်ဦးထုပ်မှ မရေတွက်နိုင်သော ဓား ၊ လှံ ၊ မြားတို့သည် ထွက်၍ ရန်သူတပ်သား အားလုံးကိုထိမှန်လေရကားရန်သူများ အတုံးအရုန်း သေကြေပျက်စီးခြင်းသို့ရောက်လျက် ဗာရာဏသီပြည်ကြီးလည်း ရန်သူ့လက်မှ လွတ်မြောက်ခဲ့လေ၏ ။

ထိုအဖြစ်ကို သိလျှင် ဗာရာဏသီပြည့်ရှင်မင်းလည်း မောင်လုံ့လ၏ အစွမ်းကို အလွန် နှစ်ခြိုက်ခြင်း ဖြစ်လျက် မောင်လုံ့လအား သမီးတော်နှင့် လက်ထပ်ထိမ်းမြားခြင်းပြု၍ အိမ်ရှေ့ ဥပရာဇာ အရာကို အပ်နှင်းလေ၏ ။

ထို့နောက် ဗာရာဏသီပြည့်ရှင်မင်း အိုမင်းမစွမ်းဖြစ်၍ နတ်ရွာစံလေလျှင် မောင်လုံ့လမှာ ဗာရာဏသီပြည်ကို အုပ်ချုပ်မင်းလုပ်ရလေ၏ ။

မောင်လုံ့လကား ဇွဲကောင်းသူ ဖြစ်သောကြောင့်သာ မရောက်နိုင်သော ဗာရာဏသီ ပြည်သို့ ရောက်၍ အိပ်မက်မျှ မက်၍ မရသော မင်းအဖြစ်ကို ရခြင်းဖြစ်လေသည် ။ ဇွဲကောင်းကြပါ ၊ ညီမောင်တို့ ။

〇 ကိုကြီးမြင့်သိန်း
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၈ ၊ ဇန်နဝါရီ

သုည


 

❝ သုည ❞
( မမြင့်ခိုင် )

၁၉၆၂ ခုနှစ်တွင် မယ်ရီလင်မွန်ရိုး အိပ်ဆေး အလွန်အကျွံ သောက်ကာ ကိုယ့်ကိုယ်ကိုယ် သ,တ်သေသွားသည် ။ သည်တုန်းကမူ သူ့ အသက် ၃၆ နှစ် လျှမ်းလျှမ်းတောက် နာမည်ကြီး ရုပ်ရှင်မင်းသမီး ။ ၁၉၈၈ ခုနှစ် ခရစ်စတီနာ အိုနာစစ် သေဆုံးသွားသည် ။ သေဆုံးရခြင်း အကြောင်း အရင်းအမြစ် ရောဂါအမည်တစ်ခုကို တပ်ပေးခဲ့ကြ သော်လည်း သေဆုံးချိန်တွင် သူ့ နံဘေးမှာ အိပ် ဆေးပုလင်း မြောက်မြားစွာ တွေ့ ရခြင်းအတွက် ကိုယ့် ကိုယ်ကိုယ် သ,တ်သေသွားခြင်းဟုပင် ယူဆခဲ့ကြသည် ။ သည်တုန်းက သူ့အသက် ၃၇ နှစ် ကမ္ဘာ့အချမ်းသာဆုံးတွင် တစ်ဦး အပါအဝင် သူကြွယ်မိန်းမ ။ မွန်ရိုး သေစဉ်က ကမ္ဘာ့ သတင်းစာများ၏ အယ်ဒီတာ့ အာဘော်တွင် ဖော်ပြခြင်း ရှိ မရှိ မသိရသော်လည်း ခရစ်စတီနာ သေဆုံးသော အခါတွင်မူ ဖော်ပြခဲ့သည် ။ ဂရိနိုင်ငံ ၏ ဘဏ္ဍာရေးနှင့် သူ၏ အလျှံပယ် ကြွယ်ဝမှုတို့ကို ခွဲခြားမရ ။

“ ကမ္ဘာ့ အနှံ့အပြားတွင် ခရစ်စတီနာ ပိုင်ဆိုင်သော ပစ္စည်းများစွာ လက်ညှိုးထိုး မလွဲ ရှိသည် ။ သို့သော် ယင်း ကမ္ဘာ့အနှံ့အပြားတွင် သူပိုင် အိမ် တစ်လုံးမျှ မရှိ ။ ” သည် စာလေး နှစ်ကြောင်း သုံးကြောင်းသည် အလွန်အောင်မြင်ကျော်ကြားကာ ချီးမြှင့် မြှောက်စားသူတွေ ပတ်လည်ဝိုင်း နေသည့်ကြားမှ အထီးကျန် လူသား တစ်ယောက် အကြောင်း အပီပြင်ဆုံး ဖွဲ့နွဲ့ပြလိုက်သည့် ဘဝ သရုပ်ဖော် ဝတ္ထုလေး တစ်ပုဒ်ပါပဲ ။

အဖေ နှင့် အမေကွဲ ၊ အစ်ကို လေယာဉ် ပျက်ကျသေ ၊ နောက်ဆုံး အဖေ သေတော့ သူမက ပြောသည် ။

“ ခုတော့ ကမ္ဘာပေါ်မှာ ကျွန်မ တစ်ယောက်တည်း ။ ဒါပေမဲ့ ကျွန်မ အရင်က ခရစ်တီနာ မဟုတ်တော့ဘူး ။ ကျွန်မမှာ ငိုဖို့ မျက်ရည် မရှိတော့ဘူး ” တဲ့ ။

သူ ကွယ်လွန်ပြီ ဆိုတော့ မယုံနိုင်အောင် အံ့သြကြသည် ။ သည်အချိန် တုန်းက နောက်ထပ် ယောက်ျား တစ်ယောက် နှင့် မကြာခင် လက်ထပ်ကြဖို့ အစီအစဉ်တွေ ဆွဲကာ သူ ပျော်ရွှင်တက်ကြွနေသတဲ့ ။ အင်မတန် ပျော်နေသော လူသားတစ်ယောက်သည် ဘာကြောင့် ကိုယ့်ကိုယ် ကိုယ် သ,တ်သေ သွားခဲ့သလဲ ။

သူ သေဆုံးခြင်းအတွက် အမည်တပ်သော ရောဂါမှာ စိတ်လှုပ်ရှားမှုဒဏ်ကို မခံနိုင်သော နှလုံးရောဂါတော့ မဟုတ်ပါ ။

မွန်ရိုး ကို ‘ ဟောလီဝုဒ် က သ,တ်သည် ။ သတင်း ထောက်တွေ က သ,တ်သည် ။ သမ္မတ အသိုင်းအဝိုင်းက သ,တ်သည် ’ စသည်ဖြင့် ကျွက်ကျွက်ညံအောင် ပြောခဲ့ကြသည် ။ ခရစ်စတီနာ ကိုကော ဘာတွေက သ,တ်သလဲ ။

သူတို့ ဘာတွေနောက် လိုက်ခဲ့ကြသလဲ ။ တကယ်တမ်း သူတို့ ရင်ထဲက လိုချင်တောင့်တ နေသည်မှာ ဘာလဲ ။ ဘာတွေကို ဆုံးရှုံး လိုက်ကြရ၍ လူအများ မက်မောအားကျကြသော သူတို့ ဘဝကို စွန့်လွှတ် သွားခဲ့ကြသလဲ ။

••••• ••••• •••••

“ စိမ်းမြတ်သူ ” ကို ဘာလုပ်လုပ် အောင်မြင်တဲ့ မိန်းမဟု နောက်ကွယ်မှာ ပြောကြသည် ။ မျက်နှာ တည့်တည့်ကြည့်ပြီး လည်း ပြောကြသည် ။ သူတို့ ပြောကြသည်မှာ ဟုတ်သလား ၊ မှန်သလား ။ သည်လို စိမ်းမြတ်သူ ကို ဆုံးဖြတ်ခဲ့သူများတွင် အလွန် ခမ်းနားသော တိုက်အိမ်ကို ပိုင်ဆိုင် နေသူများလည်း ပါသည် ။ ငွေကို ချင့်ချိန်သုံးစရာ မလိုအောင် ပေါများကြွယ်ဝ နေသူများလည်း ပါသည် ။ ကားကို အသစ် ပေါ်တိုင်း လဲစီးနိုင်သူများ လည်းပါသည် ။ သူတို့ ပိုင်ဆိုင်သော အရာများ ကို စိမ်းမြတ်သူ တစ်ခုမျှ မပိုင်ဆိုင်ပါ ။ သည်လို ဆိုရင် သူတို့က အောင်မြင်သည်ဟု သတ်မှတ်သည်မှာ မည်သည့် အရာလဲ ။ စိမ်းမြတ်သူ ထံတွင် သူတို့ ဘာကို အားကျကြသလဲ ။ ဟိုတလောက အလုပ် တစ်ခု လုပ်ခဲ့သည် ။ လူတကာက လုပ်ချင်ကြသည့် အလုပ် ဖြစ်မြောက်သွားသည် ။ သို့သော် မလုပ်မီ ကလည်း အနီးကပ် ဆက်ဆံနေရသော ဆွေမျိုးသားချင်း မိတ်ဆွေချင်းချာ တစ်ဦးတလေမှ လွဲ၍ မည်သူ့ကိုမျှ တကူးတက မပြော ။ ကိုယ့်ကိစ္စ ကိုယ် ဆောင်ရွက်သည် မှာ အပြင်လူ မည်သူမျှ သိရန်မလို ။ ကြွားစရာ လည်း မလို ။ သို့သော် များစွာ အံ့သြခဲ့ရသည် ။ သည်ကိစ္စကို လူအတော်များများ သိသွားခဲ့ကြသည် ။ ‘ ကွန်ဂရက် ကျူးလေးရှင်း ’ မှ စကာ တစ်ဖွဲ့တစ်နွဲ့ ချီးမြှောက်ကြပြီး မည်သို့မည်ပုံ ဆောင်ရွက်ရသည် ။ ငွေ မည်မျှ ကုန်ရသည် တို့ကို မေးခဲ့ကြသည် ။ အကယ်စင်စစ် သည် အခွင့်အရေး ရရန်အတွက် ငွေကြေးကို ပုံအော သုံးနိုင်ရန် စိမ်းမြတ်သူ ထံတွင် သည်မျှ များပြားသော အရင်းအနှီး မရှိ ။ မမြင်ရသေးသော ကံတရားက ‘ ဆောင်ရွက်နိုင်မှု ’ နှင့် ‘ မိတ်ဆွေကောင်း တစ်ယောက် ’ ဟူသော အရာ နှစ်ခုကို အကောင်းဆုံး လက်ဆောင်အဖြစ် ပေးအပ်ခဲ့၍ပါပဲ ။ သည်ဘဝပေး အခွင့်အရေးသည်သာ စိမ်းမြတ်သူ အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည် ။

“ ဘယ်သူ့မှ မပြောဘဲနဲ့ ဘာဖြစ်လို့ လူ ဒီလောက် သိနေရပါလိမ့် ” ဟု ညည်းညူမိသောအခါ ဆရာတစ်ယောက်က ...

“ နာမည်တစ်လုံးနဲ့ နေတာပဲဟာ ” ဟု ဆိုပါချေ၏ ။

ဟုတ်ပါသလား ။ စိမ်းမြတ်သူ ဆိုတာ နာမည်တစ်လုံးနဲ့တဲ့လား ။ မိမိကို ကောင်းစွာ ‘ သိ ’ ခဲ့သူ တစ်ဦးက ပြောသောစကား ။

“ စိမ်းမြတ်သူ ”

မိမိကိုယ်ကို စိတ်ပျက်ရသောအချက်များ ထဲတွင် သည်အမည်လည်း တစ်ခု အပါအဝင် ဖြစ်သည် ။ တစ်လုံးချင်း ဘာမျှမထူးခြားသော အမည်သည် အစီအစဉ် တစ်ခုနှင့် တွဲစပ် လိုက်သောအခါ ရှားပါးပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်လား မဆိုနိုင် ။ မည်သည့်ကိစ္စကို ဆောင်ရွက် ဆောင်ရွက် ထင်းခနဲ ပြက်ခနဲ ဖြစ်ခဲ့ရသည်တော့ အမှန်ပင် ။ နှစ်ယောက် မရှိနိုင်သော အမည် တစ်ခုကို မိဘများက ဘာကြောင့် ပေးခဲ့ရပါလိမ့် ။ အများကြားတွင် ပေါ်လွင်ထင်ရှား နေလိုသူသာ ဆိုလျှင်တော့ သည် အမည်ကို ပိုင်ဆိုင်ရသည်မှာ ဘဝင်ခိုက်စရာပေပဲ ။

ဖြတ်သန်းခဲ့ရသော ဘဝကို ပြန်ကြည့်လိုက်သော အခါ ရှားပါးသော အမည် တစ်ခုကို မိဘများက ပေးခဲ့သလို ကံတရားကလည်း လူအများစု ရရန် မလွယ်သော အရာများ ကို နှင်းအပ်ခဲ့ကြောင်း ထင်းထင်းကြီး မြင်ရ လေသည် ။

ထက်မြက်သော ဉာဏ် ၊ ကြုံကြိုက်ခဲသော အခွင့် အရေးထူးများ ။

စာကို တကူးတက ပင်ပင်ပန်းပန်း ဖတ်ရမှတ်ရသည် မရှိပါဘဲနှင့် လူတကာ ထိပ်မှ နေခဲ့ရသော ၊ သင်္ချာကို အမှတ်တစ်ရာပြည့်နှင့် ဂုဏ်ထူးများ ရခဲ့ဖူးသော စိမ်းမြတ်သူ ။

ကံကောင်းခြင်း သို့မဟုတ် ကံတရားက မျက်နှာသာ ပေးခြင်း ကိုတော့မူ ဆယ်တန်း ရောက်သော အခါမှ စ၍ ခံစားခဲ့ရသည် ။

ဓာတုဗေဒ နှင့် ရူပဗေဒ ဟူသည်ကို ဆယ်တန်း ရောက်မှ စ၍ ထိတွေ့ဖူးသည် ။ ရှစ်တန်းမှ စ၍ သင်လာသူတွေနှင့် ထိပ်တိုက် တိုးရသည် ။ သူတို့က ဒေါက်ဒေါက် ဒေါက်ဒေါက် နှင့် ပြောနေချိန်တွင် ကိုယ်က ရေးရေးမျှသာ ရှိသေးသည့် အခြေအနေနှင့် စာမေးပွဲ ဖြေခဲ့ရသည် ။ သို့သော် မေးခွန်းစာရွက် ကြည့်လိုက်တော့ အခက်ကြီး မဟုတ်သော ပုစ္ဆာများ ၊ သည်တော့ ဂုဏ်ထူးနား ကပ်သော အမှတ်များကို ရခဲ့ခြင်း ၊ တစ်ကျောင်းလုံးမှာ ဒုတိယ ရခဲ့ခြင်းမှာ ကိုယ် ‘ တော် ’ ၍ မဟုတ် ။ ကံကောင်း၍သာဟု သဘောပေါက်ခဲ့ရသည် ။ လက်လည်း ခံခဲ့သည် ။ လူရည်ချွန် မဖြစ်ရသည်ကိုလည်း လုံးဝဝမ်းမနည်း ။ ရဖို့လည်း မမျှော်လင့် ။ အတန်း ထဲ မှာ ကိုယ့်ထက် တော်သူတွေ အများကြီးဟု အစ ကတည်းက သဘောပိုက် ထားခဲ့သည်ပဲ ။

အဆောင်အယောင် ဂုဏ်ဒြပ် အရာတွင် နံပါတ် ‘ တစ် ’ ဖြစ်ရန်သည် စိမ်းမြတ်သူ တပ်မက်မောသော အရာ မဟုတ် ။ ပြောလျှင် ယုံကြည်ဖို့ ခဲယဉ်းမည် ထင်သည် ။ အတန်းထဲ တွင် တစ် ၊ နှစ် ၊ သုံး နေရာများကို အမြဲ ရခဲ့၍လည်း ငါ တော်လှချည့် ဟု မည်သည့် အခါမျှ မခံစားဖူးသည်မှာ အမှန် ။ သို့သော် တော်တော့ တော်ချင် သည်မှာ အမှန်ပင် ။

သည်တုန်းက အစ်မ၏ သူငယ်ချင်း တစ်ယောက်ကို အားကျသည် ။ သူက ဆရာဝန် ဖြစ်ချင်သည် ။ သို့သော် ဆရာဝန် ဖြစ်ချင်လျှင် သိပ္ပံဘာသာတွဲကို ရှစ်တန်းမှ စ၍ ယူခဲ့မှသာ ဆယ်တန်းတွင် အမှတ်ကောင်းကောင်း ရမည် ။ သည်တော့ ရိုးရိုးဘာသာတွဲနှင့် ကိုးတန်း ရောက်နှင့် နေပြီးသော သူက ရှစ်တန်း ပြန်ဆင်းကာ ဓာတုဗေဒ ၊ ရူပဗေဒ တို့ ကို ယူသည် ။ စကောလားရှစ် ရသည် ။ သူ ဖြစ်ချင်သည့် အတိုင်း ဆေးတက္ကသိုလ် ရောက်ကာ ဆရာဝန် ဖြစ်သွားသည် ။

စိမ်းမြတ်သူ အားကျသည် ဆိုသည်မှာ ဆရာဝန် ဖြစ်သွားခြင်း ကို မဟုတ် ။ ဖြစ်ချင်သည်ကို ဖြစ်အောင် လုပ်သွားနိုင်ခြင်းနှင့် စကောလားရှစ် ရခြင်းကိုသာ ။ သူ့လို ကိုယ်လည်း သည်ဆုတော့ လိုချင်သည် ။ သို့သော် မြန်မာပြည် အနှံ့ မပြောနှင့် ကိုယ့် အတန်းကလေး ထဲမှာပင် ကိုယ့်ထက် တော်သူတွေ တစ်ပုံတစ်ပင် ၊ သည်တော့ ပင်ပန်းတကြီး မကြိုးစားတော့ ။

ဒုတိယအကြိမ်မြောက် မယုံနိုင်စရာကောင်း လောက်အောင် ကံကောင်းခဲ့ခြင်းပင် ။ စကောလားရှစ် ရသော ကိုးဆယ့်ရှစ်ယောက် စာရင်းတွင် စိမ်းမြတ်သူ အမည်ပါခဲ့သည် ။ ကိုယ့် နာမည်ကို ကြည့်၍ ကြည်နူး ဝမ်းသာနေမိရင်းမှ တစ်ပြိုင်တည်း မှာပင် ရှက်ခြင်း ဝေဒနာတစ်ခု ကိုလည်း ထူးဆန်းစွာ ခံစားလိုက်ရသည် ။ ကြိုးမှ မကြိုးစားခဲ့တာ မထိုက်တန်ဘူး ။ တခြား တော်တဲ့ သူ ၊ ကြိုးစားတဲ့ သူပဲ ရဖို့ ကောင်းတာ ။ စကောလားရှစ် ရခွင့် မရှိတဲ့ ကိုယ်ပိုင် ကျောင်းတွေမှာ ငါ့ ထက် ထိုက်တန်တဲ့ သူ ဘယ်နှယောက် ရှိနေမလဲ ။

မြင့်မားသည်ဟု သူ ယူဆ သတ်မှတ်ခဲ့သော ဘွဲ့ကို ရရှိခဲ့သည်မှာ လည်း စင်စစ်တော့ ချီးပတကြီး ပြောဆို နေရမည့် ကိုယ့်ကိုယ် ကိုယ် အထင်တကြီး ဖြစ်နေရမည့် ကိစ္စ မဟုတ် ၊ အညံ့ဖျင်းကြီး မဟုတ်သမျှ စာ မှန်မှန်ကြည့် လျှင် ရနိုင်သည့် ဘွဲ့ပင် ။ ကိုယ့်ထက် သာပါလျက် အခြေအနေ အရပ်ရပ်ကြောင့် သာမန် ဝိဇ္ဇာဘွဲ့  ၊ သိပ္ပံဘွဲ့ လောက်သာ ရသွားကြသူတွေ အများကြီး ။ နောက်ထပ် ပိုင်ဆိုင် လာခဲ့ရသော ကံကောင်းခြင်းတွေကတော့ ဘွဲ့ရပြီး လေးလ အတောအတွင်း လွယ်လွယ်ကူကူပင် အရာရှိ ဖြစ်ခဲ့ခြင်း ၊ ခါးသီးစွာ ခံစားနေကြရပါလျက်သားနှင့် အများစုက ကုတ်ကပ်ဖက်တွယ်ထားရသော ဘဝကို ကိုယ်က
အထင်မကြီး မမက်မောတော့သောအခါ လွယ်လွယ်
လေးပင် ကျောခိုင်းစွန့်ခွာပစ်နိုင်ခဲ့ခြင်း ၊ အခြား သိထား သော အတတ်ပညာများနှင့် မိမိ၏ ဘဝကို အခြားသူ တစ်ဦးဦး၏ အကူအညီ မပါဘဲ သန့်ရှင်းစင်ကြယ် တင့်တယ်စွာ ဆက်လက် ထူထောင်နိုင်ခဲ့ခြင်းတို့ပါပဲ ။

••••• ••••• •••••

ဆရာဒဂုန်တာရာ ရေးခဲ့သည် ဟု ထင်ရသော စာ တစ်ကြောင်းကို သတိရသည် ။ လုပ်ချင်သည်ကို မလုပ် ရ၍ ဝမ်းနည်း နေစရာ မလို ၊ မလုပ်ချင်သည်ကို မလုပ်ဘဲ နေ၍ ရသည့် အခွင့်အရေး အတွက်သာ ဝမ်းသာရမည် တဲ့ ။ သည်တော့ မလုပ်ချင်သည်ကို မလုပ်ဘဲ နေ၍ရသော လုပ်ချင်သည်ကိုလည်း လုပ်ရသော ကိုယ့် လောက် ကံကောင်းသူ ဘယ်မှာ ရှိမည်လဲ ။

သည့်ထက် ...

လုပ်ခဲ့ရသော နယ်မြေအသီးသီး၌လည်း ‘ လုပ်နိုင်မှုအတွက် ’ “ စိမ်းမြတ်သူ ” ဟူသော အမည်တစ်ခု နောက် လူတွေကြားမှာ ကျန်ရစ်သည်ဟု ပြန်ကြားရသောအခါ လက်မောင်း မခတ်မိသော်လည်း သာမန်လူသား တစ်ယောက် ပီပီ ကြည်နူးပီတိ ဖြစ်ခဲ့ရသည်မှာတော့ အမှန်ပင်တည်း ။

ဘဝတွင် ကံအကောင်းဆုံးဟု ယူဆသော အရာကတော့ ‘ အနုပညာသမား ’ တစ်ယောက် ဖြစ်ခဲ့ရခြင်းပင် ။ စိမ်းမြတ်သူ စာရေးသမား တစ်ယောက် ဖြစ်ခဲ့သည် ။ စာရေးဆရာ ဟုတော့ မည်သည့် အခါကမျှ ကိုယ့်ကိုယ်ကိုယ် အမည် မတပ်ခဲ့ ။ တပ်မည်လည်း မဟုတ် ။ သည်လို အမည် တပ်ရလောက်အောင် ဂုဏ်မြောက်လှသော စာ ဘယ်နှအုပ် ၊ ဘယ်နှပုဒ်များ ရေးခဲ့ပြီးပြီ မို့လို့လဲ ရေးခဲ့ ဖူးသည့် အနည်းငယ်မျှ လောက်သော အရေအတွက် သည်ပင် အခြားသူ မဆိုထားနှင့် မိမိဘာသာ ပြန်ဖတ်လျှင်သော်မှ အမှတ်များများ ပေးလောက်လှသည့် မဟုတ် သေး ။ သို့သော် သည်လောက် အရေအတွက် မျှလောက်ကိုပင် ပကတိ သန့်ရှင်းရိုးသားစွာ ရေးနိုင်ခဲ့ခြင်းတည်း ဟူသော ဂုဏ်သိက္ခာလေး တစ်ခု အတွက် အတိုင်းအတာ တစ်ခုအထိ လက်ခံခဲ့ကြခြင်း တစ်ခု အတွက်တော့ ကျေနပ် ဝမ်းသာသည် ။ သည် နယ်ပယ်၌ အောင်မြင် သလား မေးလျှင် “  ဟုတ်ကဲ့ ” ဟုတော့ ဖြေမည် မဟုတ် ။ ဤသည်မှာ အမှန်တရားပင် ။ စိမ်းမြတ်သူ သည် စာအုပ်ဖတ်သူတိုင်း သိသော အမည်မဟုတ် ။ သိဖို့လည်း အရေးမကြီး ၊ လိုလည်း မလိုအပ် ။ “ စာဖတ်သူ ” သိလျှင်ပင် ကျေနပ်ဖွယ်ကောင်းပြီ ။ အနုပညာသမားသည် စစ်မှန်သော အနုပညာ ကိုသာ ဖန်တီးရန် အရေးကြီးသည် ။ လိုအပ်သည် ။ ယခုအထိ ရေးခဲ့သောစာများတွင် ဦးနှောက် အသိ သက်သက် တာဝန်ဝတ္တရား သက်သက် ဖြင့် ရေးခဲ့ခြင်း ၊ တစ်စုံတစ်ခု ကို မျှော်လင့်၍ ရေးခဲ့ခြင်း လုံးဝ မပါဝင်ကြောင်း မိမိ ဘာသာ လိပ်ပြာလုံသည် ။

ပြန်တွေး ကြည့်တော့ စာရေးဆရာ ဖြစ်ရကောင်း
စေဟူ၍ စာရေးခဲ့ခြင်း မဟုတ် ။ အနုပညာသမား ဟူသည် လုပ်ယူ၍ မရ ။ ဖြစ်ချင် တိုင်း ဖြစ်၍ မရ ။ ဖြစ်ရန် ရှိမှသာ ဖြစ်ရသည်ပဲ ။ ရေးချင်သည်ကို သပ်သပ်ရပ်ရပ် အားထုတ် ရေးရင်းမှ ဖတ်သူ လက်ခံ၍ စာရေးသမား ဖြစ် လာခဲ့ခြင်းပင် ။ ပထမဆုံး ရေးထားသော စာ အပယ်မခံရသည် မှာလည်း ကံကောင်းခြင်း တစ်ခုပင် ။ စာရေးဆရာ ဖြစ်ရမည်ဟူသော ရည်မှန်းချက်ဖြင့် စာရေးခဲ့သည် မဟုတ်သော စိမ်းမြတ်သူ သည် ရေးရင်းမှပင် စာရေးသူ အနုပညာသမားစစ် တစ်ယောက်တော့ ဖြစ်ချင်လာခဲ့သည် ။ အရာရှိ အဖြစ်ကို မမက်မော သော်လည်း သည် အဖြစ်ကိုမှ တန်ဖိုး ထားစွာပင် မက်မောသည် ။

ဘဝတွင် ဦးဆုံးအကြိမ် အဖြစ် အရာတစ်ခုကို နက်ရှိုင်းစွာ လိုချင် တပ်မက်မောမိခဲ့ခြင်းပင် ။ လူ့လောကတွင် တော်သည် ၊ တတ်သည် ဟု သတ်မှတ်ခံရသူတိုင်း လည်း ဖန်တီးလုပ်ဆောင် ပိုင်ဆိုင်နိုင်သည် မဟုတ်သည့် အရာ ။ အရှားပါးဆုံး ရတနာ ။

ဖြတ်သန်းခဲ့သည့် အနုပညာလမ်းကို ပြန်ငဲ့ကြည့်မိသည် ။ ရင်နှင့် ရင်းရသော စာကလေး တစ်လုံးကို အခြား မည်သည့် အရာနှင့်မျှ မလဲခဲ့ ။ အထူးသဖြင့် ငွေကြေး ။ ငွေ ရရန်သက်သက် နှင့်တော့ နှလုံးသားကို ရောင်းရန် မလို ။ ရောင်းစရာ အခြားအရာ အများအပြား ရှိသည်ပဲ ။

သည်လိုဆို မိမိ လိုချင်သော ‘ ရတနာ ’ ကို ပိုင်ဆိုင်နိုင်ခဲ့ပြီလား ။ လုံးလုံး ပိုင်ဆိုင်ခဲ့ပြီ ဟုတော့ ဆိုဝံ့ဖွယ် မရှိ ။ ကိုယ့် အတိုင်းအတာ နှင့်ကိုယ် အနည်းအကျဉ်းတော့ ပိုင်ဆိုင်ခဲ့ပြီဟု ထင်သည် ။ များစွာ ကျေနပ်ခဲ့ရပါ၏ ။

သည်အချက်တွေ လောက်သာ ဆိုလျှင်တော့ စိမ်းမြတ်သူ ဘဝတွင် ကံကောင်းခြင်းများကိုသာ ပိုင်ဆိုင်ခဲ့ရသည် ဟု ပြောစရာပါပဲ ။ များစွာ ရရှိနိုင်သော ဘဝ ပဲပေါ့ ။ အမှန်လည်း များစွာ ရရှိသော လူသား တစ်ယောက် ဖြစ်ခဲ့ရသည်ပဲ ။ လူတွေက ပြောကြသော ‘ အောင်မြင်ခြင်း ’ ဟူသည်မှာ ဒါတွေ ဆိုလျှင်တော့ အကြီးဆုံးမားဆုံးသော အောင်မြင်မှုမှာ ကျင်လည်ခဲ့ရာ နယ်ပယ်တိုင်း၌ မိမိ၏ သိက္ခာသည် မည်သည့် အကြောင်း ကြောင့်မျှ စဉ်းငယ်မျှပင် စွန်းထင်းညစ်ထေးမှု မရှိခဲ့ခြင်း ဖြစ်ချေမည် ။ အမြင့်မားဆုံးသော သည် ရရှိပိုင်ဆိုင်မှ အတွက် ကံကြမ္မာကိုသာ ကျေးဇူး အထပ်ထပ် တင်ရပေလိမ့်မည် ။

••••• ••••• •••••

တစ်စုံတစ်ရာကို ရရှိတိုင်း ‘ ပျော် ’ သည်ဟု ဆိုကြ စမြဲ ။ များစွာ ရရှိသော ဘဝသည် အလွန် ပျော်စရာ ကောင်းလှမည် ။

ကမ္ဘာနှင့် ချီ၍ပင် ကိုယ့်နည်းကိုယ့်ဟန်နှင့် အောင်မြင်ခဲ့သည်ဟု ဆိုကြသော မွန်ရိုးနှင့် ခရစ်စတီနာ တို့ မပျော်ကြပါ ။ တကယ်တော့ မည်သည့် ဘဝမျှ ပျော်စရာ မကောင်းလှပါ ။ မည်သူမျှ အများကြီးကို မပိုင်ဆိုင် ၊ မရရှိထားကြပါ ။ မအောင်မြင်ကြပါ ။ ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုကို ပိုင်ဆိုင်ကြသူများသည် နာမ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများကိုလည်း ရင်ထဲ လျှို့ဝှက်သိပ်သည်း လှစွာ တိတ်တဆိတ် ပိုင်ဆိုင်ထားရကြောင်း မိမိ တစ်ဦးတည်း သာလျှင် သိမည် ။

ဆရာများ ၊ မိဘများ ၊ တပည့်များ၏ အချစ်များစွာကို ရရှိခဲ့သော စိမ်းမြတ်သူ သည် လုပ်ဖော် ကိုင်ဖက် ယောက်ျား အချို့၏ ‘ မလိုမှု ’ ကို စူးရှစွာ ခံစား ခဲ့ရဖူးသည် ။ ဘဝ၏ အထင်ကရ မှတ်တိုင်များပင် ။

လူသား တစ်ယောက်သည် အခြားလူများနှင့် မိမိ အကြား ဆက်သွယ်မှု အပေါ် မည်သည့် အသက်အရွယ်တွင် စ၍ အလေးအနက် ခံစားနားလည် မိတတ်ကြသလဲ ။ စိမ်းမြတ်သူ အဖို့တော့ တက္ကသိုလ် စရောက်တော့ အရွယ်တွင် ဖြစ်မည် ထင်သည် ။ ဒေသစိမ်း တစ်ခု၌ လူစိမ်းများစွာနှင့် အနီးကပ် စ၍ ထိတွေ့ ရချိန် ။

မိမိ၏ နေအိမ် ကျဉ်းကျဉ်းလေးထဲတွင် ညီအစ်မနှစ်ယောက် သုံးယောက်နှင့် ခြားနား နေစဉ်ကတော့ များစွာ မသိသာလှ ။ အပြန့်ကျယ်လှသော နေရာတစ်ခု၌ ဘဝတူ မိန်းကလေး အများစုနှင့် ခြားနား လာသောအခါ တွင်တော့ ဆုံးရှုံးမှုကို ခံစားရသလို ဖြစ်လာသည် ။ ကျောင်းသူ ဘဝထက် အဆပေါင်းများစွာ လေးနက်လာသော ဝန်ထမ်းဘဝ ရောက်သော အခါတွင်တော့ ယင်း ဆုံးရှုံးမှုသည် ပို၍ နက်ရှိုင်းလာလေသည် ။

မျက်နှာ ခြယ်သပြင်ဆင်ခြင်း ၊ ခြေသည်းလက်သည်း ကို တယုတယ မွေးမြူဆေးဆိုးရခြင်း ၊ “ လူတစ်ယောက်၏ အလှအပသည် ဆံပင် ပုံစံတွင် တည်သည် ” ဟူသော သီအိုရီအရ ဆံပင်ကို တကူးတက သ နေရခြင်း ၊ မှန်ထဲမှ ကိုယ့်အရိပ် ကိုယ် တစိမ့်စိမ့် ပြန်ကြည့်နေရခြင်း တို့ကို စိတ်မဝင်စားသော စိမ်းမြတ်သူ ။ သန့်ရှင်းသပ်ရပ်ရန်သာ အဓိက ဟူသော ခံယူချက်ဖြင့် တန်ဖိုးရှိသော အချိန်ကို ယင်း ကိစ္စများဖြင့် မဖြုန်းတီးတတ်သော စိမ်းမြတ်သူ ။

လူတိုင်းကို နှုတ်ဖျား အပြုံးတွေ ၊ အရယ်တွေ ဖြန့်ဝေပေးနေတတ်သည် မဟုတ်သည့် စိမ်းမြတ်သူ ။ လူတိုင်းနှင့် ထွေးရော ယှက်တင် စကားပေါ့တွေ ဖောင်ဖွဲ့ ပြောနေနိုင်မည် မဟုတ်သည့် စိမ်းမြတ်သူ ။ တစ်ပါးသူ၏ ကိစ္စတိုင်း ကို လိုက်ပြီး စိတ်ဝင်တစား ရှိ မနေတတ်သည့် စိမ်းမြတ်သူ ။

ထမင်းချက် ၊ ဟင်းချက်ခြင်း ကိစ္စများကို နေ့စဉ်နေ့တိုင်း ဝိုင်းဖွဲ့ ပြောဆိုဆွေးနွေးရန် ဝါသနာ ထက်သန်သော ယောက်ျား တစ်ယောက်ကို လူသား တစ်ယောက် အဖြစ် ဆန့်ကျင်ဘက် လိင်တစ်ယောက် သက်သက် အနေ ဖြင့်သာ စိတ်ဝင်စားပြီး မကြားဝံ့ မနာသာတွေ ပြောကာ ဝိုင်းဖွဲ့ ရယ်မောလိုကြသော ၊ တစ်ဖက်သူ နားထောင်ချင်မှန်း မသိ နားမထောင်ချင်မှန်း မသိ ၊ ကိုယ့် ရည်းစား အကြောင်းသာ တစ်ချိန်လုံး ပြောပြ နေတတ်သော ၊ ကိုယ် ဘယ်လောက် လှကြောင်း ယောက်ျားတွေ ဘယ်လောက် ကြိုက်ကြောင်း တစ်ချိန်လုံး ကြွားကာ မိမိကိုယ်ကို ဖော်ပြ ရခြင်း အလုပ်တွင် ကြည်နူးမွေ့လျော် နေတတ်သော မိန်းမ ဖြစ်မနေသည့် စိမ်းမြတ်သူ ။

အတောက်ပဆုံး ၊ အသုံးအဆောင် ၊ အခမ်း အနားဆုံး တိုက်အိမ် တစ်လုံးနှင့် နောက်ဆုံးပေါ် ကား တစ်စီး နောက်သို့ မမောနိုင်မပမ်းနိုင် လိုက်မနေသော ၊ စိန် ရွှေ ရတနာတွေကို လုံးဝ မမက်မောသော ၊ ကျိကျိတက် ချမ်းသာရန် အာသာတငမ်းငမ်း ဖြစ်မနေသော စိမ်းမြတ်သူ ။

“ ဘဝကို ကျေနပ်ရောင့်ရဲစွာ ဖြတ်သန်းနိုင်ရန် အတွက် အားသာချက် အမြောက်အမြားကို ပိုင်ဆိုင်ထားသည် ” ဟု မှတ်ယူ ယုံကြည်ခဲ့သော စိမ်းမြတ်သူ သည် ယခုတော့ မိမိရရှိ ထားသမျှသည် အားနည်းချက်များသာဟု ယူဆလိုက်ရတော့မည်လား ။ မိမိကိုယ်ကို မှန်သည်ဟု ယူဆထားခဲ့သူသည် ဆန့်ကျင်ဘက် လူများစု၏ အလယ်တွင် တစ်ယောက်တည်း သော မှားနေသူ မိန်းမ တစ်ယောက် ဖြစ်နေသလား ။

ရုပ်ပစ္စည်း အဆောင်အယောင် ဖြင့် လင်းလက်နေလျက်မှ ကိုယ့်ကျင့်သိက္ခာ ဆင်းရဲ နေကြသည့် လူသား များကို ငြီးငွေ့ ခါးသီး နေသည်မှာ စိမ်းမြတ်သူ မှားနေပြီ လား ။ မိန်းမတစ်ယောက် အဖြစ် ခါးသည်းစွာ လူ့ လောကထဲ ရောက်ရှိလာခဲ့သလား ။ ယောက်ျား တစ်ယောက် အဖြစ် မွေးဖွားလာခဲ့လျှင် ပတ်ဝန်းကျင်နှင့် ပို၍ များ သဟဇာတ ဖြစ်မည်လား ။ သည်အတွေး ကကော မည်မျှ မှန်နိုင်သလဲ ။

မကျေနပ်ဆုံး အချက်ကတော့ အပါးတွင် “ စာအုပ် ” မျှသာ ဖတ်တတ်သူ အနည်းငယ်ကို တွေ့ ရပြီး စာဖတ်သူ တစ်ဦးတလေမျှပင် မရှိခြင်းဖြစ်လေသည် ။ စကားတွေ ပြောနေရသော လူများစွာကြားတွင် အဖော် တစ်ယောက်မျှ မရှိသော လူသား ။

သူ့စကား ကိုယ်နားမလည် ကိုယ့်စကား သူနားမလည် ။ သူ့နှလုံးသား ကိုယ် အထင်မကြီး ။ ကိုယ့်နှလုံးသား သူ အထင်မကြီး ။

အရာရာတွင် အများနှင့် ခြားနားစွာ ဝေးကွာနေသော ဒဏ်ချက်သည် ကြာလေသိသာလေ ။ သူ့လမ်း သူလျှောက် ၊ ကိုယ့်လမ်း ကိုယ်လျှောက် ဟု အပြောလွယ် သော်လည်း လူမှုဆက်ဆံရေး နယ်ပယ်တွင် သည်စည်းကို ရှင်းရှင်းပြတ်ပြတ် တားထားဖို့ရန် မလွယ် ။ တစ်နည်း သို့မဟုတ် တစ်နည်းဖြင့် ပတ်သက် ဆက်နွှယ်နေရသောအခါ အလေးအနက်သမားနှင့် ပေါ့တန်သူများ ကြားတွင် အဖုအထုံးများက သဘာဝကျစွာပင် ပေါ်ပေါက်လာခဲ့ကြသည် ။ အဆိုးဆုံးကတော့ ရှေ့တွင် ‘ ချစ်သူငယ်ချင်း ’ ဟု ပျားရည်သံဖြင့် ချိုမြကြင်နာပြီးမှ ကွယ်ရာ၌မူ သူတို့နှင့် အံမဝင် ခွင်မကျစွာ တသီးတသန့် ငေါင်စင်းစင်းကြီး ဖြစ်နေသော မိန်းမအား နောက်ကျော ဓားနှင့် စိုက်စိုက် သွားကြခြင်းပင် ။

စိတ်ပျက်နာကျင်ရခြင်းသည် ပထမတော့ အမှုန်အမွှား ။ နောက်တော့ အစိုင်အခဲ အဖြစ် အဖြိုအဖျက် ခက်ခဲအောင် ရင်ထဲခိုင်မာစွာ ဖွဲ့တည် နေရာယူခဲ့ပြီ ။ တက္ကသိုလ် ရောက်စမှ သည် ယခုအချိန် အထိ နှစ်ပေါင်း အစိတ်မျှ နှလုံးသားကို ပွန်းရှနာကျင်စေခဲ့ပြီ ။ တတိတိ ပဲ့ကြွေစေခဲ့ပြီ ။

မေမေ့ကို တမ်းတမိလာသည် ။ မပိုင်ဆိုင်နိုင်တော့သော အခြေကျမှ တန်ဖိုးအမှန်ကို နက်ရှိုင်းစွာ မြင်လာ သိလာခဲ့ပြီ ။

မည်သည့် အခါမျှ ပြန် မရနိုင်တော့သည့် အစားထိုး မရသည့် ဆုံးရှုံးမှု ။ မေမေသည် လွန်ခဲ့သော နှစ်နှစ်ဆယ် ကျော်က စိမ်းမြတ်သူ တို့အား စွန့်ခွာ ထားရစ်ခဲ့သည် ။

စိမ်းမြတ်သူ ၏ အနွေးထွေးဆုံး အကောင်းဆုံး အဖော် မေမေ ။ မှတ်မိ သမျှတော့ အစ်မ နှင့် ညီမသည် သူတို့ချင်း သို့မဟုတ် သူတို့၏ မိတ်ဆွေ သူငယ်ချင်းများနှင့်သာ တွဲတတ်ကြသည် ။ ရွယ်တူနှင့်သာ အဖော် ပြုလိုခြင်း သဘော ။ သို့သော် စိမ်းမြတ်သူ အတွက်တော့ စိတ်သန္တာန်ချင်း တိုက်ဆိုင်သော ၊ နေရာတကာတွင် ရွေးချယ်မှုခြင်း တူညီနေတတ်သော မေမေ သည်သာ အကောင်းဆုံး တွဲဖော်တွဲဖက် ။ စကား များများ မပြောတာချင်း တူသော ၊ ‘ စာ ’ ကို စိတ်ဝင်စားတာချင်းတူသော ၊ ကိုယ့်အား နားလည် စာနာနိုင်သော မေမေ ။

ဆုံးရှုံးလိုက်ရတာ အသက် ၂ဝ ကျော်ရုံကလေး ဆိုတော့ တန်ဖိုးကိုလည်း သိပ်မသိလှသေးဘူး ဆိုတော့ အာရုံက တက္ကသိုလ် ပတ်ဝန်းကျင်မှာ ဖြန့်ကြက်နေချိန် ဆိုတာ နင့်နင့်နဲနဲ ထိထိခိုက်ခိုက်ကြီး လည်း မခံစားရ ။ မရှိတော့ဘူး ဟူသော အသိနှင့် ဝမ်းနည်းရုံသာ ။ သို့သော် ဘဝကို တစ်ယောက်တည်း လျှောက်လာရသော ခရီးတွင် မေမေ့လို ကိုယ်နှင့် ဝါသနာ တူသူ ၊ ကိုယ့်ကို မေမေ့လို နားလည်သူ တစ်ယောက်မျှ မကြုံကြိုက်လိုက်ရတော့မှ ပျောက်ဆုံးသွားသူကို တမ်းတမ်းတတကြီး ပြန်တွေ့ချင် လာသည် ။ မိမိအတွက် အနွေးထွေးဆုံး အဖော် ၊ အမှီအတွယ် အဖြစ် ရပ်တည်ပေးခဲ့ခြင်း ကျေးဇူးကိုမျှ မသိခဲ့ ။ တုံ့ပြန် မပေးဆပ်နိုင်ခြင်း အတွက် မဖြေနိုင်အောင် ခံစားရသည် ။ သို့သော် နောက်ကျခဲ့ပြီ ။ သည်တော့ လုပ်နိုင်တာ တစ်ခု ကိုသာ လုပ်ကောင်းမှန်း ၊ မလုပ်ကောင်းမှန်း မသိ ။ ရူးရူးနှမ်းနှမ်း လုပ်ခဲ့မိသည် ။

လက်ထပ် ပြီးသောအခါ ကိုယ့်ဝမ်းတွင် မေမေ ပြန်လည် ဝင်စားပါစေ ။ မေမေ့ကို သမီးအဖြစ် ချစ်ပါရစေ ။ သည်နည်းဖြင့် မေမေ့ အပေါ် တင်ရှိသော မေတ္တာကျွေးကို ဆပ်ပါရစေ ။ သမီးကို မေမေ့ မွေးနေ့တွင် မွေးကာ မေမေ့ နာမည်ကို အမြတ်တနိုး မှည့်ခေါ်ပါရစေ ။

ဆုတောင်း ဟူသည် ဘာမျှ မရေရာသော မျှော်လင့်ခြင်း ။ ဘဝတစ်ခု ပြန်လည် ဖြစ်တည်ရန် ဟူသည့် မျှော်လင့်ချက်က သာ၍ပင် မရေရာ ။ ဖြစ်နိုင်မည် ထင်ထင်ခဲ့သော လက်ထပ်ခြင်းသည်ပင် တိမ်တစ်စနှယ် ပျောက်ပျက်လွင့်ပြယ် သွားတော့မှတော့ ဘာမှ မရေရာသော မျှော်လင့်ချက် သည်လည်း မည်သို့မျှ အရာမထင်နိုင် ။ မေမေ့အား အပြီးတကာ့ အပြီးတိုင် ဆုံးရှုံးရခြင်း ။ မည်သို့မျှ ဖြည့်၍ မရတော့သော ဘဝကွက်လပ် တစ်ခု ။

သည့် နောက်တော့ ကြည်ပြာရောင်များအား ဆုံးရှုံးခဲ့ရမှု ။

မိမိ အလွန် နှစ်သက်သည့် ကြည်ပြာရောင် ။ သည် အရောင်ကို ပိုင်ဆိုင်သော အလွန်လှသည့် ဆွယ်တာကလေး တစ်ထည်ကို စွဲလမ်းခြင်းကြီးစွာ လိုချင်ခဲ့ဖူးသည် ။ သို့သော် သူ့မှာက ပိုင်သူဦးနှင့် ။ ယင်း ပိုင်သူ ဝတ်ဆင်နေသည်ကိုသာ ဝေးဝေးက ငေးမောကာ နှမြော ကြေကွဲရသော အဖြစ် ။ ငယ်ဘဝမို့ ခံစားရခြင်းသည် နှလုံးသား၏ အတွင်းဆုံးထိတိုင် ။ ဝေဒနာသည် ကာလ ရှည်ကြာစွာ ရင်ထဲမှာ ။

နောက်တစ်ကြိမ် ကြည်ပြာရောင် လက်ကိုင်ပဝါလေး တစ်ထည် ။ သည်တစ်ခါတော့ ပိုင်သူရှိနှင့်ပြီး မကြုံ ရသော်လည်း ရရန် ခက်ခဲလှသော အဖြစ် ။ ခြံစည်းရိုး၏ ဟိုးအဝေးမှာ လွင့်ကျနေသော ပစ္စည်း ။ နယ်မြေ နှစ်ခုကို အထင်အခြား အခိုင်အမာ ပိုင်းခြားထားသော သည် စည်းရိုးကို စိမ်းမြတ်သူ မကျော်သာ ။ မိမိကမ္ဘာ၏ အခြား တစ်ဖက်မှ လက်လှမ်း မမီသော လက်ကိုင်ပဝါလေးကို ရင်ထဲ ကြေမြည့်စွာ ရပ်ငေးကြည့်နေခဲ့ရုံပါပဲ ။

နောက်တစ်ကြိမ် အင်မတန် လှသည့် ကြည်ပြာရောင် ဘလောက်စ်အင်္ကျီလေး တစ်ထည် ။ သည်အဆင် သည်အသွေးနှင့် ရှားပါးစွာ တွေ့ လိုက်ရတော့ ဟန် ကလေးပင် မလုပ်နိုင်ဘဲ ဆိုင်အတွင်း ပြေးဝင်သည် ။ ချိတ်ထားသော ဈေးနှုန်းကိုပင် မြင့်သလား မစဉ်းစား အား ။ ဝယ်မည် အပိုင် ဆုံးဖြတ်ပြီး အငမ်းမရ ဝတ်ကြည့် မိကာမှ အင်္ကျီ၏ မျက်နှာစာတွင် အပေါက်အပြဲ တစ်ခု ။ မည်သို့မျှ ကြည့်၍ မကောင်းသော နေရာတွင် ဆိုတော့ ပြုပြင်ဖာထေး လျှင် တောင်မှ အပိုပါပဲ ။

ဪ ... နေရစ်ပါတော့ အင်္ကျီကလေး ။

သူ နေရာတွင် ပြန်ချိန်ကာ ထားရစ်စဉ်မှာတော့ ဖြေတင်း ယူရသော ရင်ထဲမှ တသက်သက် နာကျင်စွာ ။

မည်သည့် အခါမျှ မပိုင်ဆိုင်ရနိုင်တော့သော ဆုံးရှုံးမှုများ ။

အသည်းနှလုံးနှင့် ရင်းရသောအရာများ ။

ပိုင်ဆိုင်ရခြင်း အတွက် ကံကြမ္မာကို ကျေးဇူးတင် သည်ဆိုလျှင် ဆုံးရှုံးရခြင်းများ အတွက်ကော ကံကြမ္မာကို အပြစ်ဖို့ စကား ဆိုရတော့မည်လား ။ ရယူ နိုင်စဉ်က ပြုံးပြုံးကလေး လက်ခံခဲ့ပြီး ပေးဆပ်ရမည့် အလှည့်ကျမှ ငြိုငြင် ဆဲရေးနေမည် ဆိုလျှင်တော့ မတရားဘူး ထင်သည် ။

ကိုယ့် ဘဝတွင် ရရှိခြင်း နှင့် ဆုံးရှုံးခြင်း မည်သည့် အရာက ပိုမို နက်ရှိုင်းသလဲ ။ မလွယ်လှသော ပုစ္ဆာ ။ မငြင်းနိုင်သည်ကတော့ လူသား တစ်ယောက် ဘဝတွင် အများစု ရနိုင်ခဲသည်ဟု ယူဆကြသော အရာ အတော်များများကို ပိုင်ဆိုင်ခဲ့ရ ပြီးပြီ ။ ကျေနပ်စရာပဲပေါ့ ။ ကြည်ပြာရောင်ကလေးတွေနှင့် မိခင်ကို ဆုံးရှုံးရခြင်းကတော့ ကိုယ် တစ်ယောက်တည်း သာ ကြုံရခြင်း မဟုတ် ။ လူအတော်များများ ရင်ဆိုင်ရသည့် အဖြစ်ပဲ ။ အင်မတန် ကြီးမားသည့် ဆုံးရှုံးမှု မဟုတ်သေးပါဘူး ။ ဒါဆိုလျှင် သည့်အတွက် အလွန်အမင်း ကြေကွဲဆွေးမြည့် နေသင့် သလား ။ “ လူဆိုတာ ယူဖို့ တတ်လျှင် ပေးရန်လည်း ရဲရင့် ရမည်ပဲ ”

စိမ်းမြတ်သူ ဘဝတွင် လိုအပ်သည်များကိုလည်း ရခဲ့ပြီ ။ လိုချင်သည်များကိုလည်း ရခဲ့ပြီ ။ သည့်ထက် ဘာမှ ထပ် ရစရာ မရှိတော့ ။ လို လည်း မလိုချင်တော့ ။ လိုချင်ခြင်းသည် မျှော်လင့်ခြင်း ။ စိမ်းမြတ်သူ ဘာကိုမျှ ပိုမမျှော်လင့်တော့ ။ မိမိနှင့် ခြားနားလှသော လူသားများ အကြား ရပ်တည်ကာ နေထိုင် ပေးရမည့် အရာများကို တာဝန်ကျေစွာ ပေးအပ်နေရန်သာ ကျန်ရှိတော့သည် ။

••••• ••••• •••••

စမ်းသပ်ချက် အဖြေကို ကြည့်ကာ အထူးကုဆရာဝန်ကြီးက ပြုံးသည် ။

“ ကိုလက်စထရော မများပါဘူး ။ အေးလေ ... ဒီလောက်ကိုယ်ခန္ဓာနဲ့ ဘယ်လိုလုပ် ကိုလက်စထရော များနိုင်ပါ့မလဲ ။ ပို သေချာအောင်လို့ပါ ။ အခြား ရီးဇာ့လ်ထ် တွေလည်း အိုကေပဲ ”

ကျေနပ်စွာ ပြောနေရင်းမှ စာရွက်ရှည်ကြီးပေါ် မှ ဂရဖ်မျဉ်းကို ကြည့်ကာ ဆရာကြီး မျက်မှောင်ကြုတ် သွားသည် ။ မျဉ်းတွန့်များကို အသေအချာ ကြည့် ၊ စိမ်းမြတ်သူ ကိုလည်း အသေအချာကြည့်ကာ မေးခွန်းတွေ မေးသည် ။ ဘာအလုပ် လုပ်သလဲ ၊ ဘယ်လို လူတွေနဲ့ ဆက်ဆံရသလဲ ။

အဖြေကို ကြားတော့ ဆရာကြီး ခေါင်းတဆတ်ဆတ် ညိတ်သည် ။ ပြီး စာရွက်အဖြူပိုင်းကလေးပေါ်တွင် သွက်သွက် ရေးချသည် ။

“ ဆေးတော့ သောက်ရမယ်နော် ။ ပျောက်သွားမှာပါ ။ စိတ်မပူပါနဲ့ ”

အခန်းထဲမှ ထွက်လာတော့ သူငယ်ချင်း ဆရာဝန်မကို ဆရာဝန်ကြီး ညွှန်းသော ဆေးအမည် ဖတ်ခိုင်းရသည် ။

“ ဟယ် ... ဘက်ဆာ ကတော့ ပေးနေကျ ဆေးပဲ ၊ နိုက်ထရောလ် တောင် ပေးတယ်ဆိုတော့ နင် ပေါ့မနေနဲ့ ”

ကာယကံရှင်က လှုပ်ရှားမှု မရှိဘဲ သူက စိုးရိမ်သောက ရောက်နေသဖြင့် ပြုံးမိသည် ။

ခုတလောက ရင်ဘတ် ထဲမှ အောင့်ပြီး နှလုံးခုန်သံကို ဒုတ်ဒုတ် ဒုတ်ဒုတ် မြည်သည် အထိ ကြားလာရသည် ဟု ပြောပြမိသောကြောင့် သူငယ်ချင်းက ဆရာဝန်ကြီးဆီ ပို့ပေးခဲ့ခြင်း ဖြစ်လေသည် ။

“ ဆေးကို အခု သွားဝယ်လိုက် စိမ်းမြတ်သူ ၊ အချိန် ဆွဲမနေနဲ့ ဒီနေ့က စသောက် ၊ ကို့စ် ကုန်အောင်လည်း သောက်နော် ။ သက်သာတယ် မသက်သာဘူးလည်း ငါ့ကို ပြောဦး ”

ခေါင်းသာ အတွင် ညိတ်ပြီး ထွက်လာခဲ့သည် ။ စိတ်မပူပါနဲ့တဲ့ ။ ပေါ့မနေနဲ့တဲ့ ။

“ လောကမှာ ဘာအတွက် စိတ်ပူနေကြသလဲ ။ မျှော်လင့်သည်ကို မရမည် စိုး၍ မလိုချင်သည်ကို ရလာမည်စိုး၍ ဒါပါပဲ ”

စိမ်းမြတ်သူ ထံတွင် ဘာမျှော်လင့်ချက်မှ မရှိ ။ မလိုချင်သည်ကို ရသည်မှာလည်း မဆန်းတော့ ။ သည်တော့ ဘာမှ ပူပန်စရာ မလို ။ ဘာအတွက်မှ ပေါ့စရာ ၊ လေးစရာလည်း မလို ။ ဘာခံစားချက်မျှလည်း မရှိ ။

ဆရာဝန်ဆီ တကူးတက သွားပြီးမှတော့ ဆရာဝန့်စကား နားထောင်ရမည် ဆိုလျှင် ဆေးကို သွားဝယ်ရမည် ။ ဒါမှမဟုတ် ကိုယ့်ဆန္ဒအလျောက် ဆေးကို မသောက်ဘဲလည်း နေနိုင်သည် ။

မင်္ဂလာဈေး သွားမည်ဆိုလျှင် ကားမှတ်တိုင် ရောက်အောင် အတော်လေး လျှောက်ရဦးမည် ။ ဆုံးဖြတ်ရန် အချိန်ရသေးသည် ။ ခုတော့ အေးဆေးစွာပင် လမ်းပေါ် လျှောက်သွား နေလိုက်ဦးမည် ။  ။

▢ မမြင့်ခိုင်

📖 မိုးဂျာနယ်
      ၂ဝဝဝ ၊ ဧပြီလ

Thursday, August 14, 2025

အသားမည်းမည်း အသည်းဖြူဖြူ


 

❝ အသားမည်းမည်း အသည်းဖြူဖြူ ❞

နံနက်ခင်း လမ်းလျှောက်ဖော် ကိုခင်ဇော်တို့ လင်မယား သူတို့ ကိုယ်ပိုင်ကားလေးနဲ့ ကျွန်တော့်အိမ်ကို ရောက်လာတယ် ။ မိန်းကလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တာတဲ့ ။ မိန်းကလေးက နောက်ရက်မှာ နိုင်ငံခြားကို ခရီးသွားတော့မှာတဲ့ ။ ဒါနဲ့ ချက်ချင်းပဲ သူတို့ကားနဲ့ မိန်းကလေး လုပ်အားပေးနေရာ မန္တလေး နန်းတော်ရှေ့က ဖောင်တော်ဦးကျောင်းကို လိုက်သွားတယ် ။

ဖောင်တော်ဦးက ဘုန်းတော်ကြီးသင် ပရဟိတအထက်တန်းကျောင်းပါ ။ အင်မတန် ခေတ်မီတယ် ။ လုပ်အားပေးလူငယ်တွေလည်း အများကြီးရှိတယ် ။

ဖောင်တော်ဦးကျောင်းမှာ ကိုခင်ဇော်က မိတ်ဆက်ပေးချင်တဲ့ မိန်းကလေး မတင်မမထက် အဆင်သင့် ရှိနေတယ် ။

တင်မမထက်က နုပျိုတယ် ။ အသက် နှစ်ဆယ်ကျော်စပဲ ရှိသေးတယ် ။ လုပ်အားပေးဆရာမလေးမို့ အင်္ကျီအဖြူနဲ့ ကျောင်းစိမ်းထဘီကို ဝတ်ထားပါတယ် ။ အင်္ကျီက ဇာတွေနဲ့ နည်းနည်းတော့ ပုံဆန်းတယ် ။

မိန်းကလေးက အသားညိုညို ၊ မျက်ခုံးကောင်းကောင်း ၊ မျက်လုံးအိမ် ကျယ်ကျယ် ၊ အိန္ဒိယနွယ်ဖွား ရုပ်ရည်ရှိတယ် ။ သနပ်ခါးကို သိသိသာသာ ပါးကွက်ကျား ထားတော့ ညိုတဲ့သူ ၊ အသားက ပိုပြီး သိသာတယ် ။ အသားညိုပြီး အသားအရေက စိုပြည်ပါတယ် ။

ကျောင်းစာကြည့်တိုက်အပေါ်ထပ် ဝရန်တာမှာ ထိုင်ကြပြီး ကျွန်တော်တို့ စကားစမြည် ပြောဖြစ်ကြတယ် ။ သူ ဘာတွေ လုပ်နေသလဲ ဆိုတာကို အရင်မေးဖြစ် ပါတယ် ။

“ သမီးတို့က master trainer ( အဓိက လေ့ကျင့်သင်ကြားပြသပေးသူ ) အဖြစ် တာဝန်ယူရတယ် ။ ဘကကျောင်းတွေက ဆရာ ၊ ဆရာမတွေကို သင်တန်း ပေးတယ် ။ သင်ပြမယ့်ဆရာတွေကို သမီးတို့က သင်တန်း ပြန်ပေးတာ ”

ကျွန်တော်က သူကိုယ်တိုင် ဘယ်မှာ ပညာသင်ယူခဲ့သလဲ မေးတယ် ။

“ မူလတန်းကိုတော့ အမက ၃၃ မှာပဲ တက်တယ် ။ သမီးတို့ ငယ်ငယ်က အဆင်မပြေဘူး ။ အိမ်က အရမ်း ဆင်းရဲတယ် ။ အဆင်မပြေတော့ ကြုံတွေ့ရတဲ့ ပြဿနာတွေ ကတော့ အများကြီးပဲ ”

“ အိမ်က အဆင်မပြေဘူး ဆိုတော့ မိဘတွေက ဘာလုပ်ငန်း လုပ်ကြတာလဲ ”

“ နွားမွေးတာ ။ အိမ်က ဆင်းရဲတော့ လေးတန်းအောင်တဲ့ အချိန်မှာ သမီးက ဖောင်တော်ဦး ဘကကျောင်းမှာ ဆက်တက်ရတယ် ။ သူငယ်ချင်းတွေ ကတော့ အထက်တန်းကျောင်း ဆက်တက်ကြတာပေါ့ ။ အထက်တန်းကျောင်း တက်ရင် ပိုက်ဆံ အရမ်းကုန်မှာ ။ မတတ်နိုင်လို့ ဖောင်တော်ဦးပဲ လာတက်တာ ”

တင်မမထက်က သူ့ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောပြရာမှာ ဆင်းရဲတာ စိတ်အားငယ်စရာ ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး ။ ကိုယ် ရတဲ့ ဘဝ အခြေအနေ တစ်ခုကို ဖြတ်သန်းခဲ့တာ သာမန် ပြန်ပြောပြတဲ့ ပုံစံပဲ ။

“ ခုနစ်တန်းနှစ် နွေရာသီ ကျောင်းပိတ်တော့ သမီး အင်္ဂလိပ်စာသင်တန်း တက်တယ် ။ သမီးက အင်္ဂလိပ်စာ စိတ်ဝင်စားတယ် ။ စက်ချုပ်သင်တန်းလည်း တက်လိုက်သေးတယ် ။ သမီးက စက်ချုပ်လည်း စိတ်ဝင်စားတယ် ”

ကျွန်တော်က သူ ဝတ်ထားတဲ့ အင်္ကျီ ပုံဆန်းတာကို တစ်ချက် ဝေ့ကြည့်မိတယ် ။

“ သမီးက စာတော်တော့ ရှစ်တန်းကျရင် အထူးတန်းတက်ဖို့ ရွေးထားတယ်လို့ ဆရာမတွေက ပြောတယ် ။ အရမ်းကို ပျော်သွားတာ ။ ဒါပေမဲ့ ရှစ်တန်းကို နွေရာသီ ကတည်းက စတက်ရမှာတဲ့ ။ သမီးက စက်ချုပ်သင်တန်းလည်း ဆက်တက်ချင်နေတယ် ။ ဗျာများတာပေါ့ ”

သူက ရယ်တယ် ။

“ မေမေကတော့ ကိုယ့်ဘဝ အတွက် ဘယ်ဟာ အရေးကြီးသလဲ ၊ အရေးကြီးတာကို အရင် ဦးစားပေးပါတဲ့ ။ ဒါနဲ့ အင်္ဂလိပ်စာတန်းပဲ တက်တယ် ။ ရှစ်တန်းနှစ်မှာ သမီးတို့ကို ကျောင်းက အင်္ဂလိပ်လိုပဲ စာသင်တယ် ။ Fast Track Class လို့ခေါ်တယ် ”

သူပြောတဲ့ အင်္ဂလိပ်စကား အသံထွက်က တော်တော် ပီပြင်တာကို သတိထားလိုက်မိတယ် ။

ကျွန်တော်က သူ အင်္ဂလိပ်စကားပြော ဘယ်လို လေ့ကျင့်ခဲ့သလဲ မေးပါတယ် ။

“ တစ်ခါတလေ မန္တလေးတောင်ပေါ်သွားပြီး လာလည်တဲ့ နိုင်ငံခြားသားတွေကို စကားလိုက်ပြောတယ် ။ ကျောင်းကို လာလေ့လာတဲ့ နိုင်ငံခြားသားတွေကိုလည်း လိုက်ပြပေးတာတို့ လုပ်တယ် ”

“ ဆယ်တန်း ဘယ်နှစ်က အောင်သလဲ ”

“ ၂ဝဝ၅ - ၂ဝဝ၆ ခုနှစ်က အောင်တာ ။ အမှတ်က ကွန်ပျူတာတက္ကသိုလ်လည်း တက်ဖို့ မီတယ် ။ ဒါပေမဲ့ ကွန်ပျူတာ တက္ကသိုလ် တက်ရင် ပိုက်ဆံက သိပ်ကုန်မှာ ။ ဒါနဲ့ ( ဖောင်တော်ဦး ကျောင်းက ) ဘုန်းကြီးကို လျှောက်တော့ ဘယ်လို လုပ်ချင်တာလဲတဲ့ ။ စာသင်တာ ဝါသနာ မပါဘူးလား မေးတယ် ။ ဝါသနာ ပါပါတယ် ဆိုတော့ ဒီကျောင်းမှာပဲ စာပြန်သင်ရင်း အဝေးသင်နဲ့ English တက်ပါလား ၊ ဒီကျောင်းမှာလည်း ကွန်ပျူတာတွေ ရှိတာပဲ ၊ တစ်ဖက်က လေ့လာနိုင်တယ်တဲ့ ”

ပရဟိတ ဆောင်ရွက်နေတဲ့ သာသနာပြုပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးကြောင့် ငွေကြေး ချို့တဲ့ပေမယ့် ပညာသင်ယူနိုင်တဲ့ လူငယ်တွေ ဘဝ အဆင့်မြင့်လာတာကို ကျွန်တော်က တွေးနေမိတယ် ။

“ သမီး စကောလားရှစ် ဖြေတာရလို့ ရန်ကုန် အမေရိကန်စင်တာကို သွားပြီး အင်္ဂလိပ်စာ သင်တန်းတွေ တက်ခွင့်ရတယ် ။ လယ်ဗယ်ဖိုး တက်တယ် ။ ဗြိတိသျှကောင်စီမှာ လုပ်တဲ့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းသင်တန်းကို စကောလားရှစ် ထပ်ရလို့ သင်တန်းနှစ်ခုကို ပြိုင်တူတက်တယ် ”

ဘယ်နှခုနှစ်လဲ မေးတော့ ၂၀၀၈ ခုလို့ တင်မမထက်က ပြောတယ် ။ ၂၀၀၉ ခုကျတော့ သမီး ထိုင်းနိုင်ငံကို သွားရတယ် ။ အလုပ်သင်ပုံစံမျိုး ၊ intern - ship သွားတာ ၊ ကန်ချနဘူရီ က မူဘမ်းဒက် ဆိုတဲ့ကျောင်း ။

အဓိပ္ပာယ်ကတော့ ကလေးတွေရဲ့အိမ် Children Village School တဲ့ ။ စွန့်ပစ်ခံရတဲ့ ကလေး ၊ မိဘမဲ့ ကလေးတွေကို သင်ပေးတဲ့ကျောင်းပေါ့ ။

တင်မမထက်က ထိုင်းနိုင်ငံမှာ နေထိုင်ရပုံတွေကို ပြန်ပြောပြတယ် ။

“ အဲဒီကပြီးတော့ လတ်ဒရားအစိုးရကျောင်းကို သွားပြီး အင်္ဂလိပ်စာ သင်ပေးရတယ် ။ ထိုင်းက ပြန်လာတော့ ဖောင်တော်ဦးကျောင်းက ဆရာမခန့်တယ် ။ ဘကကျောင်းတွေကို လိုက်ပြီး ကလေးဗဟိုပြု သင်ကြားနည်းတွေ ဆင့်ပွား သင်ပြပေးရတယ် ”

ကိုခင်ဇော်က တင်မမထက် အမေရိကန်ပြည်ထောင်စုကို သွားခဲ့တဲ့အကြောင်း မေးတယ် ။

“ ၂၀၁၀ ခုမှ သွားတာ ။ Student Leader for Global Environment Study အစီအစဉ်နဲ့ သွားတာ ။ ဟာဝိုင်အီမှာ လေးပတ် ၊ ဝါရှင်တန်ဒီစီမှာ တစ်ပတ် ကြာတယ် ။ ပျက်စီးနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုပြုပြင်ထိန်းသိမ်းကြမှာလဲဆိုတာ လေ့လာရတာ ၊ နိုင်ငံလေးနိုင်ငံက ပါကြတယ် ။ ဖိလစ်ပိုင် ၊ ထိုင်း ၊ မလေးရှား ၊ မြန်မာပေါ့ ”

တင်မမထက်က ငယ်ရွယ်ပေမယ့် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အဝ ရှိတဲ့ပုံ ပေါ်နေတယ် ။

“ ကလေးတွေဟာ စာရေးစာဖတ်တတ်ရုံနဲ့ မလုံလောက်ဘူး ။ ဝေဖန်ပိုင်းခြား စဉ်းစားတတ်ဖို့ လိုတယ် ။ သူတို့ဟာ စာတွေ ရေးနေ ဖတ်နေရင်းကော ဝေဖန်ပိုင်းခြားလို့ မရနိုင်ဘူးလား ။ ဒါကို အလေ့အထ ဖြစ်အောင် ဘယ်လို လေ့ကျင့်နိုင်တယ် ဆိုတာ ၂ဝ၁၁ ခုနှစ် ချင်းမိုင်မှာ တီအိုတီ ( Training of Trainer ) သင်တန်းတက်တယ် ”

ကျွန်တော်က သူလုပ်နေတဲ့ အလုပ်တွေကို မေးတယ် ။

“ အဲဒီက ပြန်လာတော့ တောင်ကြီး အေးသာယာမြို့သစ်ဘက်က ဘက ကျောင်းတွေကိုသွားပြီး ကလေးတွေ ဝေဖန်ပိုင်းခြားမှု အလေ့အထပါ ရအောင် ဘယ်လို သင်ပြမှာလဲ ဆိုတာ သွားပြီး မျှဝေပေးတယ် ”

“ နောက်ထပ် နိုင်ငံခြား သွားမှာက .. ”

“ သြစတြေးလျ ၊ လူငယ်ခေါင်းဆောင်သင်တန်းပါ ။ ကက်သိုလစ် ခရစ်ယာန်ကျောင်းတွေမှာ စာသင်တဲ့ အတွေ့အကြုံတွေကို လေ့လာရမှာ ။ ခုနစ်ပတ် ကြာမယ် ။ ဒီအတွေ့အကြုံတွေကို ယူပြီး မြန်မာနိုင်ငံက ဘကကျောင်းတွေမှာ ဘာတွေ ပြန်ပြီး အသုံးချနိုင်သလဲ ဆိုတာ စာတမ်းပြုစုရမှာပါ ”

မတင်မမထက် နိုင်ငံရပ်ခြားကို သွားရောက် လေ့လာခဲ့တာတွေ ၊ သူ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို စိတ်ထက်သန်စွာ ပြန်ပြောပြနေတာ နားထောင်ရင်း သမီးငယ်ငယ်က သိပ်ဆင်းရဲတယ် ။ အိမ်က နွားမွေးတယ် ဆိုတဲ့ အကြောင်းကို ကျွန်တော် ပြန် သတိရနေတယ် ။ ဒါကြောင့် အဲဒီ အကြောင်းအရာတွေကို ပြန်ကောက်ပြီး မေးပါတယ် ။

“ အဖေက နို့စားနွားမတွေ မွေးတာ ၊ နွားနို့ရောင်းတယ် ”

“ ကိုယ်တိုင်ကော နွားနို့တွေ ဘာတွေ ဝင်ညှစ်ရသေးလား ”

သူက လှိုက်လှိုက်လှဲလှဲ ရယ်တယ် ။

“ မလုပ်ရပါဘူး ။ သမီးငယ်ငယ်က အမေကလည်း စာဖတ်ဝါသနာ ပါတယ် ။ သမီးကို စာအုပ်ဖတ်ဖို့ အားပေးတယ် ။ အချစ်အကြောင်းတွေတော့ မဖတ်ရဘူး ။ သမီးကတော့ တစ်အုပ် နှစ်အုပ် ခိုးဖတ်ဖူးတယ် ”

သူက ရယ်ပြီး ပြောတယ် ။

ကျွန်တော်က သူ့ကို လူသားဆန်တယ် ဆိုပြီး မှတ်ချက်ချလိုက်မိ ပါတယ် ။ သူက သူ့ငယ်ဘဝကို ဆက်ပြောပါတယ် ။

“ သမီးငယ်ငယ်က အိမ်က မုန့်ဖိုး မပေးနိုင်ဘူး ။ အသားကလည်း မည်းတော့ သူငယ်ချင်းတွေ ကြားမှာ မျက်နှာငယ်ရတယ် ။ အသားမည်းမည်း ကု,လားမလို့ ပြောကြတာ ။ ပြီးတော့ သမီးက လက်ကျိုးထားလို့ ညာဘက်လက်က မသန်ဘူး ”

ကျွန်တော်က သူ့ ညာလက်ကို မသိမသာ ဝေ့ကြည့်မိတယ် ။

“ သမီးမွေးတုန်းက အရမ်းဝတယ် ။ ၁၂ ပေါင်တောင် ရှိတယ် ။ သူနာပြု ဆရာမက အမေ့ဗိုက်ကို စမ်းကြည့်ပြီး အမြွှာပူး နေမှာလို့ ပြောတယ် ”

သူက ပြောရင်း ပြုံးတယ် ။

“ မွေးတော့ အိမ်မှာ မွေးတာ ၊ ခေါင်းထွက်ပြီး ပခုံးတွေက မထွက်ဘူး ။ မေမေကလည်း မောနေပြီ ။ နှာခေါင်းသွေးတွေ လျှံနေပြီ ။ ဒါနဲ့ သားဖွားဆရာမက ညာဘက်လက်ကို ဆွဲထုတ် လိုက်တော့ နာသွားတာ ။ ဒါ မေမေ မသိဘူး ။ လက်က ဘယ်ဘက်လက်ပဲ လှုပ်တာ ။ ကလေးအထူးကုကို သွားပြတော့ ကလေးက အရမ်းငယ်သေးတယ် ။ လေ့ကျင့်ခန်းပဲ လုပ်ပေးပါတဲ့ ။ ခုထိတော့ မြှောက်လို့မရဘူး ”

“ ခက်ခက်ခဲခဲ မွေးထုတ်ရတာပေါ့ ”

“ ဟုတ်တယ် ”

ကျွန်တော်က သူ ငယ်စဉ်က လက်မသန်တာ ၊ အသားမည်းတာ ၊ ဆင်းရဲတာတွေကို ဘဝစွမ်းအင် အဖြစ် သူ ဘယ်လို ရယူခဲ့သလဲ မေးတယ် ။

“ သမီး လုပ်နိုင်တာ လုပ်မယ် ဆိုပြီး စာဖတ်တယ် ၊ အင်္ဂလိပ်စကား ပြောတယ် ။ အင်္ဂလိပ်စာ ဖတ်တယ် ၊ ဖောင်တော်ဦးကျောင်းကို နိုင်ငံခြားသား ဆရာတွေ လာတော့ အင်္ဂလိပ်စကားကို ကြိုးစားပြီး ပြောတယ် ။ ရှစ်တန်းနှစ် Fast Track Class မှာ နှစ်စ ကျောင်းဖွင့်တော့ သမီးက ဘိတ်ဆုံး ၊ ကြိုးစားတော့ နှစ်ကုန်မှာ သမီးက ထိပ်ဆုံး ရောက်တယ် ။ သမီး ငယ်ငယ် ကတည်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ ကတော့ ခုထိရှိတုန်းပဲ ”

“ ဘာဒဏ်ရာလဲ ”

“ ကလေးတွေကို စာသင်တဲ့အခါ ထည့်ပြောတယ် ။ လူတစ်ယောက်ကို အသားအရောင် ၊ ရုပ်ရည် ၊ အားနည်းချက်တွေနဲ့ ခွဲခြားမဆက်ဆံပါနဲ့လို့ ၊ အဲဒီလို ပြောပြတိုင်း ရင်ထဲမှာ အရမ်းဆို့တယ် ။ မေမေကတော့ ဒါကတော့ အရင်ဘဝက ဝဋ်ကြွေး နေမှာပေါ့လို့ ဖြေခိုင်းတယ် ”

“ ခုကော အသား မဖြူချင်ဘူးလား ”

တင်မမထက် ဟက်ဟက်ပက်ပက် ရယ်မောတယ် ။

“ မဖြူချင်ပါဘူး ။ အကောင်းဘက်က တွေးပါတယ် ။ ကု,လားမလေး တွေဆိုရင် မျက်လုံးလေးတွေ ဘယ်လောက် လှသလဲ ”

သူ ရယ်မောပြန်တယ် ။

သူ့ဘဝ အလှည့်အပြောင်း ဘယ်လို ဖြစ်ခဲ့တာလဲလို့ ကျွန်တော်က မေးခွန်းထုတ်တယ် ။

“ ဖောင်တော်ဦး ဘုန်းဘုန်းရဲ့ ကျေးဇူးပဲ ။ ဆရာတော်ကသာ အားမပေးရင် ၊ လမ်းညွှန် မပြခဲ့ရင် သမီး ဒီဘဝ ဒီအခြေအနေကို ရောက်မှာ မဟုတ်ဘူး ။ ပရဟိတလုပ်နေတဲ့ သူတွေက သိပ်အရေးကြီးပါတယ် ။ ဒါကြောင့် ဘုန်းဘုန်းကြီးကို ကျေးဇူးတင်တယ် ”

သူ ဘာဆက် လုပ်ချင်လဲလို့ မေးတော့ ရယ်တယ် ။

“ ပညာသင်ကြားရေး စနစ်ကို ပြုပြင် ပြောင်းလဲချင်တယ် ။ ဖတ်စာစာအုပ်ကို ကိုင် သင်တာထက် ဖတ်စာစာအုပ်ကို ကိုးကားပြီး သင်တာမျိုး ပိုဖြစ်ချင်တယ် ။ ကလေးတွေ နှလုံးသားထဲ ရောက်တဲ့ အထိ စာသင်ပြပေးတဲ့ ဆရာမ ဖြစ်ချင်တယ် ။ ကလေးတွေကို စာတတ်ထက် ပညာသိအောင် သင်နိုင်ချင်တယ် ။ ကလေးတွေကို ပြင်ပက အသိအမြင်တွေ စာသင်ခန်းထဲ ယူလာအောင် ၊ စာသင်ခန်းထဲက အသိအမြင်တွေ ပြင်ပဘဝမှာ အသုံးချတတ်အောင် သင်ပြပေးမယ် ။ ဒီလို သင်ပြပေးနိုင်တဲ့ ဆရာ ၊ ဆရာမတွေ ဖြစ်လာအောင်လည်း အချင်းချင်း ဆွေးနွေးချင်ပါတယ် ”

⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

စောင့်သူ


 

❝ စောင့်သူ ❞
( ကြည်အေး )

( ၁ )

ဇင်မေ တစ်ယောက် သီချင်းဆိုခြင်းကို စွန့်လွှတ်လိုက်ပြီ တဲ့ ။

သည် စိတ်ညစ်စရာ သတင်းသည် မနက်မိုးလင်း သတင်းစာနှင့် အတူ လိုက်လာ၏ ။ သတင်းစာများတွင် ဇင်မေ၏ ဓာတ်ပုံ အမျိုးမျိုးသည် ခေါင်းစဉ် အမျိုးမျိုးနှင့် ပါလာ၏ ။

“ ဝေးဝေး လွင့်ပါရစေ ” ကို တစ်ပြည်လုံး လွမ်းအောင် ဆိုခဲ့သည့် ဇင်မေသည် ဂီတလောကမှ ဝေးဝေးသို့ လွင့်လေပြီ ။

“ သူ ပြန်မလာမချင်း သီချင်းဆို စောင့်မယ် ” ဆိုသည့် ဇင်မေ သူ ပြန်လာ သဖြင့် သီချင်းဆို ရပ်လေပြီလော ”

သည်လို ရေးကြသည် ။ ဝမ်းနည်းကြသည် ။ အဆိုကျော် ဇင်မေကို နှမြောကြသည် ။ နောက်ပြီး သူတို့ မေးသည်မှာ ဘာဖြစ်လို့ အထွတ်အထိပ်က ဇင်မေ ခုန်ဆင်းရပါလိမ့် ။ အချစ်ရေးကြောင့်လေလား ။

ကျွန်မကမူ သည်သတင်းကို ရလျှင် ရချင်း အမှန်ကို ချက်ခနဲ ပြေးမြင်လိုက်ပါသည် ။

  •••••   •••••   •••••

ဇင်မေ “ သီချင်းသည် ” မဖြစ်မီ ကတည်းက ကျွန်မ သိသည် ။ ထိုအခါ ဇင်မေသည် မိ မရှိ ၊ ဘ မရှိ ။ အစ်ကိုများဆီ လိုက်နေလိုက် ၊ အစ်မများဆီ လိုက်နေလိုက်ဖြင့် သူ့ စကားအတိုင်း “ မျော ချင်ရာ မျော ” နေသည့် အချိန်ဖြစ်၏ ။

တစ်ခါ ဇင်မေကို ရုံးစာရေး အဖြစ် တွေ့၏ ။ နောက်တစ်ခါ ဆိုင်ကြီး တစ်ဆိုင်မှာ အငှားရောင်းသူ အဖြစ် တွေ့၏ ။ နောက်တစ်ခါ လက်လွှဲပွဲစား အဖြစ် တွေ့၏ ။ နောက်တစ်ခါ ...

နောက်ဆုံးမှာ ဖရေဇာလမ်း ( အနော်ရထာလမ်း ) က ထီရုံ တစ်ရုံမှာ နှုတ်ခမ်းနီ ပါးနီ မဆိုးဘဲ ငိုင်တိုင်တိုင်ကလေး ထိုင်နေသည်ကို တွေ့ ရလေ၏ ။

“ ဘယ့်နှယ် ... ဇင်မေ ”

“ ဪ ... အချို ”

ဇင်မေမှာ အတော် ရှက်နေ၏ ။ သို့သော် သူ ဘယ်လို ဖြစ်နေသည့် အကြောင်းကို အကုန်ပြောပြ၏ ။ အစ်ကို ၊ အစ်မတွေနှင့် နေမဖြစ်သည့် အကြောင်း ၊ အလုပ်အကိုင် အတည် မကျသည့် အကြောင်း ၊ သူ ဖြစ်ကတတ်ဆန်းပင် မျောချင်ရာ မျောနေသည့်အကြောင်း ။

ထို့ကြောင့် အိမ်သို့ ခေါ်ခဲ့သည် ။ ခေါ် သာ ခေါ် ခဲ့သည် ။ သည်တုန်းက သူနှင့် ကျွန်မမှာ သိပ်ကြီး ခင်မင်ကြသည် မဟုတ်ချေ ။ သို့သော် ကျွန်မ စန္ဒရား တီး၍ ရသည့် ငွေမှာ ပိုမိုသည် ။ စကားပြောဖော် ရလျှင် မနည်းပေဘူး ။ ကျွန်မသည် ဇင်မေ ကဲ့သို့ အတည် မကျ ၊ မိန်းကလေး တစ်ယောက်တည်း မျောချင်ရာ မျောခဲ့ဖူးပေသည် ။

ဇင်မေသည် အံ့သြစရာ ။ သူ့မှာ အုပ်ထိန်းသူ မရှိ ၊ ငွေ မရှိ ၊ အလုပ်အကိုင် မရှိ ။ အို ဘာမှ မရှိသည့် တစ်ကောင်ကြွက် ဖြစ်လျက် နှင့် အမြဲ သီချင်း ဆိုကာ ရယ်ကာ မောကာ ရှိသည် ။ သီချင်းသံ မကြားရလျှင် ဇင်မေ မရှိလို့ ။

ဇင်မေသည် ကျွန်မတို့ တီးဝိုင်းမှာ ပထမဆုံး သီချင်း ဝင်ဆိုလေ၏ ။ ထိုသီချင်းမှာ သူ့ကို သည်တစ်ပုဒ်တည်းနှင့် ကျော်ကြား သွားစေသည် ။ “ ဝေးဝေး လွင့်ပါရစေ ” ဖြစ်သည် ။

“ ဝေးဝေး လွင့်ပါရစေ ” သည် ဂီတကို ပညာ အဖြစ်ထက် ဂုဏ်အဖြစ် မင်သူ လူကုံထံ တို့ ဧည့်ခံပွဲ တစ်ခုမှာ ဆိုရ၏ ။ တေးသွားကို ကျွန်မ ရှာ၍ သီချင်းသားကို ဇင်မေက စပ်သည် ။ ဇင်မေ သည် ရင်တွင်းမှ ပွင့်ထွက်လာသည့် စကားလုံးများကို ရင်တွင်းမှ ပွင့်ထွက်လာသည့် အသံနှင့် လွမ်း လောက်အောင်ပဲ ဆို ရှာသည် ။

“ အို မုန်းလိုက်တော့ ရေးလိုက်တော့ ။
ဇင်မေ အသည်းနှစ်တဲ့ ချစ်သက်ဝေ ...
အပြစ်မြင်ချင် မြင်လေလေ ။
အချစ် ထင်ချင် ထင်လေ ။
မုန်တိုင်းကြားမှာ လေလှိုင်းကြားမှာ ဇင်မေ ထွက်ပြေး ။
ဝေးဝေး လွင့်ပါရစေ ”

ဇင်မေသည် ပရိသတ်ကို စွဲရမည့် နေရာမှာ ပါးနပ်၏ ။ ဆိုပုံ ဆန်း၏ ။ အသံ လွင်၍ စည်၏ ။ ရုပ်လှ၏ ။ သည်လို သည်လိုပဲ ဇင်မေသည် အင်မတန် ခေါ်ကောင်းသည့် နာမည် တစ်လုံး ဖြစ်လာ၏ ။ ဇင်မေ့ သီချင်းတိုင်း ချွင်းချက်မရှိ ကောင်းလာ၏ ။ ဇင်မေ ၏ သီချင်းသည် လူတိုင်း လူတိုင်း၏ သီချင်း ဖြစ်လာ၏ ။

( ၂ )

“ ‘ ဇင်မေ ပြုံးမယ် ’ ဆိုတာလေး တစ်ပုဒ်လောက် လုပ်လိုက်ပါဦး ဇင်မေ”

ဇင်မေမှာ အိမ်ရောက်စ ကလို သီချင်း အမြဲဆိုကာ နေသော်လည်း အရယ်အမော မရှိတော့ ချေ ။ ဟန်ဆောင် ကောင်းသူ ဖြစ်ပေမည့် ကျွန်မ နှင့် ရင်းနှီး လာ လေလေ ဟန်မဆောင် လေလေသာ ဖြစ်၏ ။ ဇင်မေသည် သူ ငိုင်ချင် သလိုပဲ ငိုင်မည် ။ တွေ ချင်သလိုပဲ တွေမည် ။ အို ... ငိုချင်လျှင် တောင် ငိုဦးမည် ။

ဇင်မေ သီချင်းများမှာ တစ်ခုမှ အပြုံးအရွှင် မပါ ။ မျှော်လင့်ချက်ကလေး တောင် မပါ ။ သီချင်းရှင် ကိုယ်တိုင်ကလည်း သက်ပြင်းကလေးတွေ ၊ မဲ့ပြုံးကလေးတွေ ၊ မျက်ရည်စကလေး တွေနှင့် ဖြစ်လေ၏ ။

ယခုလည်း ဇင်မေသည် သီချင်းစပ်ရာက တစ်ဝက်တစ်ပျက်နှင့် မေ့လျော့စိတ် လွင့်နေသည် ဖြစ်၍

“ ဇင်မေ ပြုံးမယ် ဆိုတာလေး တစ်ပုဒ်လောက် လုပ်လိုက်ပါဦး ဇင်မေ ” ဟု အတည်လို အပျက်လို ပြောလိုက်ရလေ၏ ။

“ ခု လုပ်နေတာ ‘ ဇင်မေပြုံးမယ် ’ မဟုတ်ဘူး ၊ ‘ ဇင်မေ လွမ်းမယ် ’ ”

“ ဘာဖြစ်လို့ လွမ်းရမှာလဲ ဇင်မေ ”

ဇင်မေက ငိုချင်စွာ ပြုံးကာ ...

“ ကိုယ် အခု လုပ်နေသမျှတွေဟာ အဓိပ္ပာယ် ရှိရဲ့လား ” ဟု စကား အစပ်အဟပ် မရှိ ပြော၏ ။

“ ကိုယ် နားမလည်ပါဘူး ဇင်မေ ”

“  အေး ... ကိုယ် လည်း ကိုယ့် ကိုယ်ကိုယ် နားမလည်ဘူး ”

ဇင်မေက ခပ်ကြောင်ကြောင် အသံကွဲဖြင့် ရယ်ကာ ...

“ အချို သိလိုက်စမ်းကွယ် ၊ ကိုယ့်မှာ တွေးစရာ လူတစ်ယောက် ရှိတယ် ဆိုတာ ”

“ တွေးစရာ လူတစ်ယောက် ”

“ တွေးစရာ လူတစ်ယောက် ၊ ဒါပေမဲ့ ချစ်တဲ့သူ မဟုတ်ဘူး ၊ ဘယ်တော့မှ မမျှော်လင့်နဲ့  ၊ မချစ်ဘူးလို့ ကိုယ် ပြောပစ်ခဲ့တဲ့ လူ ၊ ဘာဖြစ်လို့လဲ ဆိုရင် လုံးလုံး မချစ်လို့ ၊ ကိုယ် ပြော ပစ်ခဲ့တဲ့ လူ ”

“ ကိုယ် ဒီလိုပဲ ပြောခဲ့တယ် ၊ ဒီလိုပြောလို့ သူ အသည်းကွဲ သလား ၊ ဘာဖြစ်သလဲ ၊ ညာဖြစ်သလဲတော့ မသိဘူး ၊ ကိုယ်တော့ အခု ငိုတာပဲ ”

“ သူ့ကို တွေးတယ် ၊ ခုမှ မဟုတ်ဘူး ၊ စတွေ့ကတည်း က ၊ အို တွေးတယ် ၊ သီချင်း ဆိုတုန်း ၊ စာဖတ်တုန်း ၊ တစ်ရေးနိုးတုန်း ကိုယ့် အတွေးတွေသာ စာလို ထင်ရင်လေ လူတွေဟာ ကိုယ့်ကို ရယ်ရင်လည်း ရယ်မယ် ၊ သနားရင်လည်း သနားမယ် ”

ကျွန်မသည် ငေးငေးသာ နားထောင်ရလေ၏ ။ ဟုတ်တယ် ၊ ဇင်မေဟာ သူ့ကိုယ်သူ နားမလည်ဘူး ၊ သူ့ အသည်းကို သူမသိဘူး ။

“ ဒါဟာ ချစ်တယ် ခေါ်မလား အချို ” ဟု မေးလိုက်ချေသေးသည် ။

“ ဒါ ရူးတာတော့ မဟုတ်တန် ကောင်းပါဘူးနော် အချို ၊ ဘာကြောင့်ဆိုတော့ သိပ် ကြာခဲ့ပြီပဲ ၊ ပျောက်မှ မပျောက်နိုင်ဘဲ ၊ ရူးတာ ဆိုရင်လည်း တော်တော်ကြီးတဲ့ ရောဂါ ”

တော်တော်ကြီးတဲ့ ရောဂါတော့ မှန်ပါသည် ။

“ ကိုယ် သူနဲ့ ဝေးဝေး လည်း မရှောင်နိုင်ဘူး ၊ ဒါပေမဲ့ အမြဲတွေ့ပြီး သူ့မာန ထိအောင် ဂရုမစိုက်ကြီး လုပ်ပစ်လိုက်တော့တယ် အချို ရယ် ၊ သူ ထင်တာတွေ ကိုယ်သိပါ တယ် ၊ ကိုယ် ဂုဏ်မက်တယ်လို့ ၊ သူ့ကို လှည့်နေတယ်လို့ ထင်ပါစေ ၊ ဒါပေမဲ့ ထင်ပါစေလို့ ကိုယ် ဇွတ်တိုးတာပဲ ၊ သူ ရှိရင် ကိုယ် ရယ်ပစ်မယ် ။ သူ ထွက်သွားရင် ကိုယ် ငိုမယ် ”

ကျွန်မသည် ရင်တွင်း တစ်မျိုးတစ်မည် ဖြစ်ကာ အံ့ဩစွာသာ စိုက်စိုက်ပြီး ကြည့် ရလေ၏ ။ သိပ် လိမ္မာပုံ ရတဲ့ ဇင်မေလေးရယ် ဘာတွေ လုပ်ခဲ့တာလဲ ၊ ဘာတွေ ရူးခဲ့တာလဲဆိုရင် ပိုမှန်မယ် ။

“ ဒါဟာ ချစ်တယ် မခေါ်ရင် ဘယ်ဟာ  ကချစ်တာလဲ ဇင်မေ ၊ မင်းဟာ ချစ်ရုံ မဟုတ် ဘူး ၊ ရူးနေပြီ ၊ ပြီးတော့ ... သေဖို့ပဲ ရှိတော့တယ် ”

ကျွန်မ သည်လိုပဲ အယူ သည်းစွာ ပြောလိုက်မိသည် ။

“ ဒါဟာ ချစ်တာလားတော့ မသိဘူး အချို ရယ် ကြားမှာတော့ ဘာမှ မရှိတော့ဘူး ၊ သူ ပဲ ၊ သူ ဟာ ကိုယ့်အတွက် ဒုက္ခလား ၊ သုခလား ၊ ဖြစ်ချင်တာ ဖြစ်ပါစေ ၊ ကိုယ့် စိတ်ထဲမှာတော့ သူ ပဲ ”

ကျွန်မသည် သူ့ သီချင်းတွေကို ကြားလာသည် ။ ဇင်မေကတော့ ဘာတွေ တွေးနေ သလဲ မသိပါ ။

ကျွန်မက ဖြည်းညင်းစွာ ...

“ ဇင်မေ ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲကွယ် ”

“ ဒါ ကိုယ် သိချင်နေတာပဲ ”

ပြူးကြောင်သော အကြည့် နှင့် သည်အဖြေ ။

“ စင်စစ်တော့ ကိုယ်ဟာ ကြောက်တယ် ၊ ချစ်ရမှာ ကြောက်တယ် ၊ ချစ်တာ လောက် မသေချာတာ ၊ ချစ်တာလောက် စွန့်ရတာ ရှိဦးမလား ဟင် ၊ ကိုယ့် သူ့ကို မယုံနိုင်ပါဘူး ၊ ကိုယ့်အပေါ် မှာ ချို တစ်ယောက်ပဲ ကောင်းခဲ့ဖူးသေးတယ် ၊ ဒီလောကကြီးက တစ်ယောက် နဲ့ တစ်ယောက် မကောင်းကြံနေတဲ့ လောကကြီး အချင်းချင်း လှီးနေတဲ့ လောကကြီး ၊ ကိုယ် ခံခဲ့ရပါပြီ ၊ ခံခဲ့ရပေါင်း များလှပါပြီ ၊ ဒီတော့ ကြောက်တယ် ”

“ ကိုယ်ဟာ ဘာကြောင့်များ ဒီလောက် သတ္တိနည်းရပါလိမ့် အချိုရယ် ၊ ဘာဖြစ်လို့ မျက်စိမှိတ်ပြီး မယုံနိုင် ပါလိမ့် ၊ သူ့ကို မပြောနဲ့ ၊ ကိုယ့်ကိုယ်ကိုယ် တောင် ‘ ချစ်ပါပြီ ၊ ချစ်ပါပြီ ’ လို့ ဘာကြောင့် မပြောနိုင်ပါလိမ့် ။

“ လောကမှာ ဘာမှ မမြဲနိုင်တာကို သိ ပါတယ် ၊ ဒါပေမဲ့ အချစ် မမြဲမှာကိုတော့ ကြောက်တယ် ၊ မုန်းမှာကို ကြောက်တယ် ၊ ကိုယ် တရား မရဘူး ၊ အို အချို ၊ မီး မပွင့်ဘဲ အလင်းမလာနိုင်ပါဘူး ၊ ဟုတ်ပါတယ် ၊ ဒါပေမဲ့ မီးကို ကြောက်တယ် ၊ အလင်းသက်သက်ပဲ လိုချင်တယ် ၊ မဖြစ်နိုင်တာကို လိုချင်တယ် ၊ အို ကိုယ် ဘာဖြစ်နေတယ်ဆိုတာ အချို သိမှာ မဟုတ်ပါဘူး ၊ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး ”

ဇင်မေသည် သည်နေရာ တွင် လုံးလုံးလျားလျား ငို လေ၏ ။ ဘာအဓိပ္ပာယ် နှင့်လည်း မသိ ၊ ခေါင်း ကို ခါကာသာ နေ လေ၏ ။

ဇင်မေ တစ်ယောက်တည်း မျော ချင်ရာ မျောနေသည့် အချိန်များကို ကျွန်မ တွေးကာ ဇင်မေ ကြောက်ခြင်းမှာ အဓိပ္ပာယ် ရှိသည်ကို သိ မိသည် ။ သို့သော်

“ ဒါဖြင့်ရင် စောင့်ပါဦး လို့ ဘာကြောင့် မပြောခဲ့သလဲ ၊ ဘာဖြစ်လို့ မချစ်ဘူးလို့ ပြောပြီး နှင်ပစ်ရသလဲ ” ဟု အားမလို အားမရ မေးမိတော့လေသည် ။

“ ကိုယ် ဘယ်တော့မှ အေးအေး နေနိုင်မယ် မဟုတ်ပါဘူး အချိုရယ် ၊ သူ နဲ့ ကိုယ် တွေ့ကြ ခင်ကြတာလည်း ကြာခဲ့ပါပြီ ၊ ဒါပေမဲ့ ကိုယ် မယုံနိုင်ဘူး ၊ အရမ်းကို မယုံနိုင်ဘူး ၊ သူ တစ်သက်လုံး စောင့် ကိုယ် တစ်သက်လုံး ငြင်းပြီး သူ့ ကွယ်ရာမှာ ငို မှာပဲ ၊ သူလည်း ကိုယ် ရူးပုံကို နားလည်နိုင်မှာ မဟုတ်ဘူး ၊ ဒီတော့ သူ သွားပါစေ ”

ကျွန်မ ဘယ်တော့မှ မမေ့နိုင်သည့် ဇင်မေ ။

“ ကြောက်တယ် ကြောက်တယ် ” ပြော၍ လုံးလုံးလျားလျား ငိုသည့် ထိုနေ့မှာ “ သူ ပြန်မလာ မချင်း သီချင်း ဆို စောင့်မယ် ” ကို ဇင်မေ အပြီးရေးသည် ။ ထို သီချင်းအတွက် ရွှေဒင်္ဂါးများ ဆုရသည် ။

ကျွန်မလည်း တကယ့် သီချင်းများ ၊ ကဗျာများ ၊ ဝတ္ထုများကို စင်စစ် မည်သူ ရေးသည်ကို သိလိုက်လေ၏ ။

( ၃ )

ဇင်မေသည် အထွတ်အထိပ်သို့ လျင်မြန်စွာ ရောက်လာ၏ ။ လူတစ်ယောက် အစွမ်းကုန် ကျော်ကြားနိုင် သလောက် ကျော်ကြားလာ၏ ။ အဆို ဆိုလျှင် ဇင်မေပဲ ရှိတော့သလို လူတွေထင်ကြသည် ။

ဇင်မေမှာ ခေတ်ပညာ တတ် အမျိုးကောင်းသမီး ဖြစ်၍ ဖက်ခွက်စား သဘင်သည်ဟု မယူဆကြပေ ။ ဇင်မေသည် ဖိတ်စာတွေကို ကြည့်၍ ကြည့်၍ စိတ်ရှုပ်ရသည် ။

ပွဲလမ်းသဘင်များကို တက်ခြင်းဖြင့် ဇင်မေ အချိန် မကုန်ပေ ။ အလုပ်ကိုသာ ကြိုးစားလုပ်သည် ။ တစ်ခါ ... တစ်ခါ ... မျက်နှာ မသာမယာနှင့်

“ အချို ကိုယ် အခုလို ကျော် နေတာဟာ ဂုဏ်နောက် လိုက်နေတယ်များ ထင်စရာ ဖြစ်နေမလား ” ဟု မေးတတ်လေသည် ။

“ အိုး မင်း သီချင်းတွေ အသားပါလွန်းလို့ ကျော် မှန်း လူတိုင်း သိပါတယ် ”

ဇင်မေ က ရှက်သွေးလျှမ်းလျှမ်း နှင့် ပြုံး၏ ။

“ ကိုယ့် သီချင်းတွေ သိပ် ထင်ပေါ်လွန်းတယ်နော် ၊ မတင့်တယ်ဘူး ထင်တယ် ”

“ တင့်တယ်ပါတယ် ၊ တင့်တယ်ပါတယ် ”

•••••   •••••   •••••

၁ဝ ရက်နေ့ ညမှာ ဆေးရုံအလှူပွဲ တွင် ဇင်မေ သီချင်းဆိုရန် အခန်း တစ်ခန်း ယူရ၏ ။ နာမည်ကျော် ပြဇာတ် တစ်ဖွဲ့ ၊ အငြိမ့် တစ်ဖွဲ့ လည်း ပါ၍ ညနေအစောင်း တိမ်တွေ နီရောင်သန်းစမှာပင် လူတွေ လှုပ်ရှားနေလေသည် ။

“ အားသွန်သာ ကြဲလိုက်ပေတော့ ဇင်မာ ရေ့ ၊ ရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲကွဲ ” ဟု ကျွန်မက ဇာတ်သံ ပစ်၏ ။

“ ‘ စောင့်သူ ’ နဲ့ ‘  အချစ်ပဲ ထင်တယ် ’ ဘယ်ဟာ ဆိုရ ကောင်းမလဲ အချို ”

“ ဟုတ်သားပဲ ၊ ခုထိလည်း မရွေးရသေးဘူး ”

“ ကိစ္စ မရှိပါဘူး ၊ တိုက်ပြီးသားချည်းပဲဟာ ၊ ဘယ်ဟာ ဆိုဆို အသင့် ရှိနေတာပဲ ၊ ကိုယ် ဆိုတာ အချိုတို့ တီးရမှာပဲ ”

ကျွန်မက ‘ စောင့်သူ ’ ကို ဆိုစေ့ချင်၏ ။

“ သူ ပြန်လာရင် ‘ စောင့်သူ ’ ကို ဆိုပေါ့ ဇင်မေ ၊ ‘  အချစ်ပဲ ထင်တယ် ” က ပြန်လာ လာချင်း ဆိုတော့ နည်းနည်း လိုက်လျော လွန်းတယ် ၊ သူ လာမှာပါ ပဲ ၊ ‘ စောင့်သူ ’ သာ ဆိုပါ ”

ဇင်မေက ကျွန်မ နောက်သည်ကို ရယ်ကာ လေကလေး တစ်ချက် ချွန်လိုက်လေ၏ ။

( ၄ )

ဇင်မေ ‘  စောင့်သူ ’ ကို ဆို၏ ။

အံ့ဩစရာ ... သူ ပြန်လာသည် ။

ကျွန်မမှာ ပွဲမစခင် ပရိသတ်ထဲ ရောက်နေ၏ ။ မိတ်ဆွေတွေနှင့် စကား ပြောနေ၏ ။ ပဏာမ ဖွင့်ခါနီးမှာပင် ကျွန်မ အား လာခေါ်ရလေ၏ ။

စိတ် လောကြီးကာ ကျပ်တည်းနေသော ပရိသတ် အကြားတွင် မင်းလမ်းကလေးမှ အမြန်လျှောက်လာရာ ခြေလှမ်း မှားကာ ကု,လားထိုင်ခြေထောက် တစ်ခုကို ခလုတ်တိုက်မိသည် ။ လဲမကျအောင် ရမ်းဆွဲလိုက်ရာ ယောက်ျား လက်မောင်း တစ်ခု ပါလာ၏ ။

ကျွန်မ တော်တော် ရှက်ရသည် ။ သို့သော် ထိုသူ့ ဘေးဝယ် သားကလေး နှင့် ဇနီးသည် ထိုင်လျက် ရှိနေသဖြင့် တော်ပေသေးကာ တောင်းပန်စကားကိုသာ အမြန်ပြောလိုက်ရသည် ။ ထိုသူက လည်း ...

“ ကိစ္စ မရှိပါဘူး ” ကို အမြန်ဆုံး ပြောကာ

“ ဟိုမှာ ရပ်နေတာ ဇင်မေ မဟုတ်လား ၊ ဇင်မေ မဟုတ်လား ” ဟု အရေးတကြီး မေးလျက် ရှိ၏ ။

ဇင်မေသည် ဇာတ်ခုံစွန်း ဝယ် ကန့်လန့်ကာကို ကွယ်၍ ရပ်၏ ။ ကျွန်မကို ရှာနေဟန် ရှိ၏ ။

“ ဇင်မေ မဟုတ်လား ၊ ပျဉ်းမနားက ဇင်မေ ”

ကျွန်မ အံ့အားသင့်ရ လေ၏ ။ ဇင်မေသည် ဘာကြောင့်မှန်း မသိ ၊ သူ့ ဇာတိကို  ဖုံးလိုစိတ်ရှိ ရာ ဇင်မေ ပျဉ်းမနား ကမှန်း သိသူ အင်မတန် ရှားသည် ။

“ ဟုတ်တယ် ၊ ပျဉ်းမနား က ဇင်မေ ၊ ရှင် သိသလား ”

“ ဇင်မေ ဆိုလို့ တခြား ဇင်မေ မှတ်တယ် ” ဟု ဆိုကာ သူ့ ဇနီးဘက်သို့ လှည့်၍

“ ရွှင်ရေ ဇင်မေကို ကြည့်ပါဦး ၊ ဖြစ်မှ ဖြစ်ရလေ ၊ ဇင်မေ ဆိုလို့ တခြား ဇင်မေ မှတ်တယ် ” ဟု ထပ်တလဲလဲ ပြောသည် ။

ကျွန်မမှာ အခြောက်တိုက် စိတ် ထွက်လာသလို ဖြစ်ကာ ...

“ တခြား ဇင်မေ မဟုတ်ရင် ၊ ဒီ ဇင်မေ ပေါ့ ” ဟု ပြောကာ ထွက် လာခဲ့သည် ။

“ မေ့သူ ကတော့ ဝေးဝေး မှာ ပျော် ၊ စောင့်သူ မှာ ဖြင့် လှမ်း လှမ်း ကာ မျှော် ၊ ပစ်ခဲ့တာ တွေ နှစ်ခဲ့တာတွေ ခွင့်လွှတ်မယ် ပျိုဇင်မေ ၊ ပွင့်ဦးပန်လှည့် ပြန်ခဲ့ပါ သံသရာ ဆုံးတောင် မမုန်းအောင် ပြုံးယောင် နဲ့ စောင့်တဲ့ ဇင်မေ ”

လ ကို ဖမ်းလိုသူ၏ ဝေဒနာ မဆုံးနိုင်သည့် စောင့်သံသရာ ။ ကျွန်မသည် ဇင်မေနှင့် အတူ လိုက်၍ ပူပန်လျက်ရှိ၏ ။ ပရိသတ် သည်လည်း ဇင်မေ နှင့် လိုက်၍ ပူပန်လျက်ရှိ၏ ။

ဇင်မေ ၏ ‘ စောင့်သူ ’ ကြောင့် အားလုံး ချမ်းစိမ့်လျက် နေ၏ ။ မျက်ရည် လည်နေ၏ ။ ကြက်သီးထ စေ၏ ။ တိုက်နေသော လေ ရော ၊ မီးပွင့် ရော ၊ ပန်ကာ ရော ‘ စောင့်သူ ’ မှာ တုန်လှုပ် နေသလို ထင်ရတော့သည် ။

ဇင်မေ့ သီချင်းမှာ နက်၏ ။ အထဲမှာ တစ်ခုခု ရှိ၏ ။ ထို တစ်ခုခုကို မမီ မီအောင် ကျွန်မသည် အတင်းလိုက်၍ တုန်ယင်သော လက်များ နှင့် စန္ဒရားခလုတ်များကို နှိပ်နေပါ၏ ။ ကျွန်မ သည် ဇင်မေ ခံစားရ သလို ခံစားရလာ၏ ။ ကြောက်လာ၏ ။ ကျွန်မ ကိုယ်တိုင်ပင် စောင့်သူ ဖြစ်လာ၏ ။

ဇင်မေ ကို မြင်ရပါသည် ။ မျက်လွှာကလေးများ စင်းစင်း ကျနေသည့် မှေးနေသော မျက်လုံးများသည် ဘဝ ဘဝကို လှမ်း မျှော်နေသည် ။ ဇင်မေ သည် သီချင်းကို အပြီးအသတ်လိုက်မှာ အသက်ပါ , ပါသွား သလို ငြိမ်ကျန်ရစ်သော ပရိသတ်သည် ခဏ ကြာလျှင် သတိရကာ ဆူညံလာမှ ဇင်မေ သည် နွမ်းလည်း နွမ်းလျစွာ ၊ အောင်လည်း အောင်မြင်စွာ ပြုံးကာ အသက်ရှင် လာသည် ။

ဇင်မေသည် အကြာကြီး နေမှ ကျွန်မဆီ ရောက်၏ ။

“ သူ သူ လာတယ် အချိုရေ ၊ မအံ့သြဘူးလား ... ဟင် ... အို... သူ ”

စိတ် လှုပ်ရှားနေ၏ ။ တုန်လှုပ်နေ၏ ။ ပျော်နေ၏ ။ ဒါနှင့်ပင် မျက်ရည်တွေ ဝိုင်းနေ၏ ။

ဇင်မေ သည် သူ့ကိုယ် သူ ထိန်းရန် ခဏနေ၏ ။ ထိန်း၍ နိုင်မှ ...

“ ကိုယ် ပြန်နှင့်မယ် နော် ... သူ နဲ့ ပေါ့ ”

သည်လို ပြော၍ ကျွန်မ နားထင်ကို တစ်ချက် နမ်း ကာ ပြေးထွက်သွား၏ ။

ကျွန်မ ကြက်သေ , သေရာ မှ သတိရလျှင် ပြဇာတ် အတွက် တီးရဦးမည်ကို တွေးမိ၏ ။ ပြဇာတ်ပြီးလျှင် ကျွန်မ အလုပ်ပြီးမည် ဖြစ်၏ ။ သို့သော် စပင် မစသေးပါ ။ ကျွန်မသည် မည်သူ့ကိုမှန်း မသိ ၊ ကျိန်ဆဲနေမိကာ အိမ်ပြန်ရန်သာ စိတ်စော၏ ။ ကြာဦးမည် ။ နှစ်နာရီလောက် နေရဦးမည် ။

ကျွန်မသည် မနေနိုင် တော့ဘဲ လူစား ရှာ၍ ထားခဲ့ကာ အိမ်သို့ ပြန်လာ၏ ။

ဘာကြောင့်များ သည်ညက အလိုက်သိဖို့ရာကို လုံးလုံး မေ့ပြီး ဇင်မေ တို့ဆီ သွားချင်စိတ် သည်လောက် ပြင်းပြရပါသလဲ ။

ဇင်မေ ကမူ

“ ဒါဟာ ဘုရားမတာပဲ ” ဟု ကြွေလုလု အသည်းနှင့် ဆိုရှာသည် ။

ဒါဟာ ဘုရားမတာပဲ ။

•••••   •••••   •••••

အိမ်ရောက်လျှင် ရောက်ချင်း ချက်ချင်း မဝင်သေးဘဲ တံခါးရွက်ကို ကွယ်ကာ ရပ်မိ၏ ။

သူတို့လည်း ခုပင် ရောက်ကြပုံ ရ၏ ။

“ ဘယ့်နှယ် ဇင်မေ ”

ယောက်ျား အသံ ။

ဇင်မေ့ အသံကို မကြားပေ ။

“ ဇာတ်တွေ ၊ အငြိမ့်တွေ နဲ့ ပါလား ဇင်မေ ၊ ဘာဖြစ် နေတာလဲ ”

ဘုရားရေ ... ဘာဖြစ်နေတာလဲတဲ့ ။ ဇင်မေ ဘာဖြစ်နေတယ်ဆိုတာ တကယ်ပဲ မသိဘူးလား ။

ဇင်မ က မဖြေပါ ။

“ ဇင်မေ က စကားတောင် မပြောတော့ဘူး ၊ နိုင်ငံကျော်ကြီး ဖြစ်နေတာကို ၊ နေပါဦး ဇင်မေ ၊ ကိုယ့်ကို မုန်းတုန်းပဲလား ”

ကု,လားထိုင် ရွှေ့သံ ၊ တစ်ခုခု တိုက်မိသံ ၊ နောက် ဇင်မေ့ အရိပ် ကျွန်မ ခြေရင်းသို့ ကျ လာသည် ။

ဇင်မေ သည် ကျွန်မဘက်သို့ လျှောက်လာ၏ ။ ကျွန်မသည် ချောင်းနားထောင်သူ အဖြစ်ဖြင့် အမိ မခံနိုင်ပေ ။ ထို့ကြောင့် အိမ်တွင်းသို့ ဦးအောင် ဝင်လိုက်ရသည် ။

“ အို .. အချို ”

အိမ်တွင်းသို့ ဝင်လိုက်လျှင် ဝင်လိုက်ချင်း ကျွန်မ အားလုံးကို မေ့ကာ တွေ မိ၏ ။ နောက် ကျွန်မ သတိရ ကာ ပထမဆုံး လုပ်ချင်သော အလုပ်မှာ တလောက ဇင်မေ ငို သလို လုံးလုံးလျားလျား ငို ပစ်လိုက်ခြင်း ဖြစ်သည် ။ မငိုချင်ဘဲ ရှိချည့်မလား ။ သည်လူ မှာ စောစောက ...

“ ပျဉ်းမနား က ဇင်မေ မဟုတ်လား ” ဟု မေးခဲ့သည့် သား တစ်ယောက် ဖခင်ပါကလား ။

ကျွန်မသည် သတိရကာ ...

“ အချို ပဲ ဇင်မေ ” ဟု သံပြတ်နှင့် ဖြေကာ ...

“ မီးကလည်း မှိန်လှချည်လား ” ဟု သက်သက်မဲ့ ကြိမ်း လိုက်၏ ။

ဇင်မေ ကို ကြိမ်းလိုက်သည် မှာ သည် ဇာတ်လမ်းသည် စောင့်သူ နှင့် ပြန်လာသူ တွေ့ကြသော ဇာတ်လမ်း ရှင်းရှင်းကလေး မဟုတ်မှန်း ရိပ်မိလာဖို့ ဖြစ်၏ ။

ဇင်မေ မှာ ယောင်ယမ်း စိတ်ရှုပ်နေ၏ ။ ကျွန်မလည်း သူတို့နှင့် အတူ ထိုင်ကာ ဘုစကားများကို အယဉ်ကျေးဆုံး သုံးနှုန်း၍ ပြောခြင်းဖြင့် သူ့ကို မြန်မြန် ပြန်စေလိုက်ပါသည် ။

ကျွန်မက ခပ်အေးအေးပင် ကျွန်မအား နားမလည်သလို ကြည့် နေသည့် ဇင်မေကို ...

“ ဘယ့်နှယ် စောင့်တော့ စောင့်ပြီး တွေ့တော့လည်း တယ် မလွမ်းလိုက်ပါကလား ” ဟု ပြောလိုက်၏ ။

“ သူက အေးစက်စက်နဲ့ အချို ”

“ အိုး အေးဆက်ရမယ့် အကြောင်းတွေ အများကြီး ရှိသပေါ့ ” ဟု စကာ ကျွန်မနှင့် က ပွဲ မစခင် တွေ့သည့် အကြောင်းအရာ အားလုံးကို ပြောရလေသည် ။

သည်လို ပြောရမှာ ၊ လုပ်ရမှာကို မှန်ပေမည့် ပြောရ လုပ်ရ ခက်သည် ။ ရက် မဟုတ် ၊ လ မဟုတ် ၊ နှစ်နှင့် ချီ၍ ကွဲ ခဲ့ကြသည့် မချစ်ရသေး သည့် ချစ်သူ နှစ်ဦးကို ကျွန်မ ထပ်ပြီး ခွဲရပြန်သည် ။

ကျွန်မ၏ စေတနာကို ဇင်မေ သိကောင်းရဲ့ ဟူသော အယုံနှင့် ကျွန်မသည် သူတို့ နှစ်ယောက် အဖို့ ဘာလမ်းမျှ မကျန်တော့ကြောင်းကို ရှင်းလိုက်၏ ။ ကျွန်မသည် “ ဇင်မေ ကိုယ့်ကို မုန်းတုန်းပဲလား ” ဟူသော စကားကို ပြန်လာသူက စောင့်သူကို ပြောသည့် အဖြစ် မကြားယောင်နိုင်ပါ ။ သားနှင့် မယားနှင့် အိမ်ထောင်သည် ယောက်ျားကြီး တစ်ဦးက မိန်းမပျိုကလေး တစ်ယောက်ကို ပြော သလိုသာ ကြားယောင်နိုင်ရသည် ။

ထို ညသည် ဇင်မေ အဖို့ ဘယ်လိုည ဖြစ်မည်ကို ကျွန်မ မပြောနိုင်ပါ ။ သို့သော် မနက် မိုးလင်းလျှင် လင်းချင်း ဇင်မေသည် အလုပ်ပန်းသည့်အကြောင်းပြကာ ပင်လယ် ကမ်းခြေသို့ ထွက်သွား၏ ။

ကျွန်မကို သူ မလိုက်စေချင် ။ အင်မတန်ကြီးကို ရှက် နေသည် ။ ဇင်မေ၏ လူ့မာနတွေကို အဆိုးဝါးဆုံး ထိခိုက် ကုန်ပြီ ။

“ စောင့်သူ ” ကို စွဲကြသူ များသည့် အတိုင်း သတင်းထောက်များသည် ဇင်မေ နောက်သို့ တတမ်းတမ်း လိုက်ကြပြန်၏ ။ သို့သော် သူတို့ ဖြည်းလေးစွာ ပြန်လာသည့်အခါ မည်သူမျှ အိပ်မက် မမက်သော “ ဇင်မေ သီချင်း ဆိုခြင်းကို စွန့်လွှတ်လိုက်ပြီ ” ဟူသော သတင်းသာ ပါလာသည် ။

ကျွန်မကား သည်သတင်းကို ရလျှင် ရချင်း အမှန်ကို ချက်ခနဲ ပြေးမြင်လိုက်ပါသည် ။

ထို့နောက် အကယ်၍များ ခုနေ ဇင်မေ သီချင်းစပ်မည် ဆိုလျှင် “ မျောချင်ရာ မျော ဦးတော့မယ် ” ဟူသော နာမည်မျိုးနှင့် မလာပါစေနှင့်ဟု စိတ် မချမ်းသာစွာ ဆုတောင်း နေမိပါ၏ ။

◾ ကြည်အေး

📖 တာရာ မဂ္ဂဇင်း
     အတွဲ ၂ ၊ အမှတ် ၁၁
     မေ ၊ ၁၉၄၈