Saturday, November 30, 2024

နစ်ကီ ရဲ့ ရိပ်သာ



 

နစ်ကီ ရဲ့ ရိပ်သာ

[ ကလေးတွေ တစ်အုပ်ကြီး ကို ဈေးဝယ် ခေါ်သွားပြီး စားသောက်ဆိုင် မှာ ကျွေးမွေး နေတော့ ချစ်စဖွယ်ကလေးငယ်တွေ ထဲ က တစ်ယောက် လောက် ကို မွေးစားချင်လို့ ရမလား လို့ အမျိုးသမီး တစ်ယောက် က မေးပါ သတဲ့ ။ ကလေးတွေ ကို ပြုစု စောင့်ရှောက် နေတဲ့ အေဗစ် က ‘ စိတ်ချ ၊မွေးလို့ရတယ် ’ ဖြေတော့ အမျိုး သမီး ရဲ့ မျက်နှာ က ပြုံး သွားတယ် ။ ကလေးတွေ အားလုံး ဟာ HIV ပိုး စွဲကပ်နေတယ် ပြောလိုက်တော့ ပစောက် ကို စောက်ထိုး မှောက် လိုက် သလို ပြုံး နေတဲ့ မျက်နှာ ရှုံ့မဲ့ သွား သတဲ့ ။

HIV/AIDS ကြောင့် သေဆုံးရတဲ့ မိဘ နှစ်ပါးလုံး က ချန်ပစ် ထားခဲ့တဲ့ မိဘမဲ့ လူမမယ် ကလေးငယ်တွေ ၊ မွေးဖွား ကတည်း က HIV ရောဂါပိုး စွဲကပ် လျက် ပါလာတဲ့ အပြစ်မဲ့ ကလေးတွေ ကမ္ဘာ တစ်ဝှမ်းလုံး မှာ များစွာ ရှိပါတယ် ။

ယိုးဒယားနိုင်ငံ ချင်းမိုင်မြို့ မှာ တော့ သည်လို ကလေးငယ်တွေ ကို ပြုစု စောင့်ရှောက် ပေး နေတဲ့ ရိပ်သာ တစ်ခု ရှိတယ် ။ ကနေဒါ သာသနာပြု အမျိုးသမီး မစ္စက် အေဗစ်ရီဒေါက် ထူဆောင် ထားတာပါ ။ ( ယခု အသက် ၁၂ နှစ် အရွယ် ) HIV စွဲကပ် ခံရတဲ့ ကလေးငယ် နစ်ကီ ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာမို့ Nikki's Place, AGAPE Home လို့ အမည် ပေးထားတယ် ။ AGAPE ဆိုတာ ဂရိ ဘာသာစကား ၊ အကြွင်းမဲ့ ချစ်ခြင်းမေတ္တာ လို့ အဓိပ္ပာယ် ရတယ် ။ ၁၉၉၆ ခုနှစ် က စတဲ့ ရိပ်သာ မှာ ယခုအခါ ကလေးငယ်ပေါင်း ၁၈၂ ယောက် ရှိပါတယ် ။

ရိပ်သာ မှာ ကလေးတွေ အတွက် သီးခြား စာသင်ကျောင်း ဖွင့်ထား တယ် ။ စာသင်ခန်း နံရံ ပေါ်မှာ တော့ HIV/AIDS ကလေးငယ်တွေ ရေးဆွဲ ထား တဲ့ ပန်းချီကားတွေ ရှိတယ် ။ ကျောင်းရှေ့ မျက်ခင်းပြင် မှာ ကလေးငယ် တွေ တပျော်တပါး ဆော့ကစား နေတယ် ။ ကလေးတွေ ရဲ့ ရယ်မောသံတွေ ဝေစည်လို့ ။ နစ်ကီ ရဲ့ ရိပ်သာ ကို အင်ဒိုချိုင်းနားဒေသ ငါးနိုင်ငံ ( ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ မြန်မာ ၊ လာအို ၊ ယိုးဒယား ) စာနယ်ဇင်းသမားတွေ သွားပြီး လေ့လာ ကြတယ် ။ သည် အဖွဲ့ ထဲ မှာ ကျွန်တော် လည်း ပါခွင့် ရခဲ့တယ် ။

လှိုင်းတွန့် ဆံပင်ညိုညို ၊ တီရှပ်အနက် နဲ့ သွက်လက် ထက်မြက်ပုံ ရှိတဲ့ မစ္စက် အေဗစ်ရီဒေါက် က ရှင်းလင်း ပြောပြတာတွေ ထဲ က အချို့ကို ကောက်နှုတ် ပြီး ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြ လိုက်ပါတယ် ။ ]

••••• ••••• •••••

AIDS ကြောင့် သေလုမျောပါး ဖြစ်နေတဲ့ ကလေး ငါးယောက် ကို ယိုးဒယားအစိုးရ မိဘမဲ့ကလေး ဂေဟာ ဒုတိယထပ် မှာ ကျွန်မ တွေ့ ရတယ် ။

နှစ်နှစ်သမီး ကလေး တစ်ယောက် ၊ နှာခေါင်း က သွေးတွေ စီးကျနေ တယ် ။ AIDS ရဲ့ ဒဏ်ရာဒဏ်ချက် နဲ့ ဝမ်းလည်း လျှော နေတယ် ။ အသည်း နဲ့ သရက်ရွက် ကြီး နေလို့ ဗိုက်ကလေး ပူလို့ ၊ ခြေဆံလက်ဆံ က လည်း အရိုး အပြိုင်း ပြိုင်း နဲ့ ။ အရေပြား မှာ လည်း အနာတွေ ။

သူ ဟာ နစ်ကီ ပါပဲ ။ သူ့ ကို ( ယိုးဒယား အမည် ) ဂျရဝီ လို့ ခေါ်တယ် ။ နစ်ကီ ဟာ အသား ညိုပေမယ့် အဲသည်တုန်း က သူ့ အသားအရေ က အဝါရောင် ။ သူ့ ပုံ က ကင်ဆာ ဝေဒနာသည် နဲ့ တူနေတယ် ။ ပိန်တယ် ၊ အားနည်းတယ် ။ သူ့ ကို ပွေ့ချီပြီး ကျွန်မ ပေါင် ပေါ်တင် လိုက်တော့ နစ်ကီ နဲ့ ကျွန်မတို့ နှလုံးခုန်သံချင်း ထပ်တူ ဖြစ်နေတာ တွေ့ ရတယ် ။

အဲသည် အချိန်ပိုင်းလေး ကို ကျွန်မ ဘယ်တော့မှ မမေ့နိုင်ပါဘူး ။ သူတို့ ကလေးတွေ ဟာ လူသားချင်း ထိတွေ့ ယုယမှု လိုအပ်နေတယ် လို့ ကျွန်မ ခံစား သိလိုက်တယ် ။ သူနာပြု ဆရာမတွေ က လက်အိတ်တွေ စွပ်ပြီး မှ ကလေးတွေ ကို ကိုင် ကြတာလေ ။

ကျွန်မ အိမ် မှာ သားသမီး လေးယောက် ရှိပါတယ် ။ နစ်ကီလေး ကို ကျွန်မ အိမ် ခေါ်သွား ချင်တယ် ။ ချစ်ခြင်းမေတ္တာ နဲ့ ကြင်နာယုယမှု မရရှာတဲ့ မိဘမဲ့ ကလေးတွေ အတွက် ရိပ်သာ တစ်ခု ကျွန်မ ဖွင့်ချင်တယ် ။ ဒါကြောင့် ဘုရားသခင် ကို တိုင်တည်ပြီး “ နစ်ကီလေး ကို ကျွန်မ အတွက် သန္ဓေမျိုးစေ့ အဖြစ် ပေးသနားတော်မူပါ ၊ ကျွန်မ မိဘမဲ့ကလေးတွေ အတွက် ရိပ်သာ တစ်ခု ဖွင့်ဖို့ ကတိ ပေးပါ တယ် ” လို့ ပန်ကြားပါတယ် ။

နစ်ကီ ကို မွေးစားခွင့် ပေးဖို့ အစိုးရ မိဘမဲ့ဂေဟာ က ညွှန်ကြားရေးမှူး ကို ကျွန် မတွေ့တယ် ။ AIDS ရောဂါ ရဲ့ ဒဏ်ရာဒဏ်ချက်တွေ နဲ့ အသက် သိပ် ရှည်တော့မှာ မဟုတ်တော့တဲ့ ကလေး တစ်ယောက် ကို မွေးစားခွင့် လာ တောင်း တဲ့ ကျွန်မ ကို ရူးနေပြီလို့ ညွှန်ကြားရေးမှူး က ထင်ပုံရတယ် ။ သူ့ အဖြေ ကတော့ ခပ်ပြတ်ပြတ်ပဲ ။ ခွင့်မပြုနိုင်ဘူး ။

ကျွန်မ က ထပ်ခါထပ်ခါ ခွင့်တောင်း တော့ အေဗစ် ၊ မင်း က ကိုယ် မဖြေနိုင်တဲ့ မေးခွန်းတွေ ပဲ လာ မေးနေတယ် လို့ ညွှန်ကြားရေးမှူး က ပြန် ပြောတယ် ။ နောက်ဆုံး မှာ တော့ ကျွန်မ မိသားစုဝင်တွေ နဲ့ အတူ ဓာတ်ပုံ ရိုက်ဖို့ အတွက် တစ်ရက်တာ နစ်ကီ ကို အိမ်ခေါ် သွားခွင့် ပေးပါတယ် ။ ဓာတ်ပုံ ရိုက် ပြီးရင် မွေးစားခွင့် အတွက် ကော်မတီ ကို ဓာတ်ပုံ တင်ပြပြီး ခွင့်တောင်း ပေးပါမယ် လို့ ဒါရိုက်တာ က ပြောတယ် ။

ကျွန်မတို့ တစ်နေကုန် ဓာတ်ပုံတွေ ရိုက်ကြတာပေါ့ ။ ညနေစောင်း တော့ နစ်ကီ ရဲ့ ဓာတ်ပုံတွေ ကို ယူပြီး ဂေဟာ ကို ကျွန်မ ပြန် သွားတယ် ။ နစ်ကီ ကို တော့ အိမ် မှာ ပဲ ထားရစ်ခဲ့တာပေါ့ ။ ပြန် မပို့ဘူး ။ အဲဒီ ကတည်း က နစ်ကီလေး ကို ကျွန်မတို့ နဲ့ အတူ ရှိနေခဲ့တာပါ ။

ရက် နည်းနည်း ကြာတော့ ညွှန်ကြားရေးမှူး က မမျှော်လင့်တဲ့ သတင်း ကို ဖုန်းဆက်ပြီး ပြောတယ် ။ ကော်မတီ က ကျွန်မတို့ ကို နစ်ကီလေး ခေါ် ထားခွင့် ပေးသတဲ့ ။ ညွှန်ကြားရေးမှူး က သူ့ ကို မွေးစားတာ လို့ တော့ မပြောပါနဲ့ AIDS ရှိတဲ့ ကလေး တစ်ယောက် ကို မွေးစားဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ လို့ ညွှန်ကြားရေး မှူး က ဆက် ပြောတယ် ။

၁၉၉၆ ခု မေလ ၃ ရက်နေ့ က ချင်းမိုင် Nikki's place, AGAPE Home ကို ကျွန်မ ဖွင့်လှစ်နိုင်ခဲ့ပါတယ် ။

( မစ္စက် အေဗစ်ရီဒေါက် ပြော နေခိုက် ခန်းမ ပြတင်းဝ မှာ ၁၂ နှစ် အရွယ် နစ်ကီ ရဲ့ ပြုံးချိုတဲ့ မျက်နှာလေး ပြူထွက် လာတယ် ။ အဲဒါ နစ်ကီ ပဲ လို့ အေဗစ် က ညွှန်ပြတယ် ၊ အသား ညိုညို ၊ ပိုနီတေးလ် ဆံပင်ပုံစံ နဲ့ ပန်းနုရောင်တီရှပ် ကို ဝတ် ထားတဲ့ ချစ်စရာ ကလေးငယ် တစ်ယောက် ပါ ။ နစ်ကီ ရေ လာပါဦး လို့ အေဗစ် က လက် ဝှေ့ရမ်း ပြီး လှမ်းခေါ်တယ် ။ စီဒီပလေယာ နားထောင်ရင်း နစ်ကီ က ပြတင်းပေါက် ကို ကျော်လွှားပြီး ခန်းမ ထဲ ဝင်တယ် ။ အေဗစ် ကို ပွတ်သီးပွတ်သပ် လုပ်နေ တယ် ။ )

ကျွန်မ ကလေးတွေ ကို ချစ်တယ် ။ သူတို့ အားလုံး ဟာ လူသားချင်း ထိတွေ့ ယုယမှု ကို လိုလား နေကြတယ် ။ ဘယ်မှာ မှ သူတို့ မရခဲ့ဖူးကြတဲ့ ချစ်ခြင်း မေတ္တာ ကို ကျွန်မ ပေးတယ် ။ သူတို့ ကို ကိုင်တွယ်ရာ မှာ ဘယ်တော့ မှ ကျွန်မ လက်အိတ် မသုံးဘူး ။ ကလေးတွေ ဆီ က ကျွန်မ ကို HIV ကူးစက် ခံရမှာ ကို ကျွန်မ မကြောက်ပါဘူး ။

ကလေးတွေ ဟာ AIDS ကြောင့် သေကြရမှာပါ ။ အသေအချာပါ ။ အခု ဆိုရင် ကလေး ၅၉ ယောက် ဆုံးပါးခဲ့ပြီ ။ ဒီမှာ ကလေးတွေ ကွယ်လွန် ကြရတဲ့ အခါ ဘယ်သူမှ အထီးကျန် မသေဆုံး ကြရဘူး ။ အထီးကျန် သေဆုံးရခြင်း ဟာ ဘယ်လောက်များ မနှစ်မြို့စရာ ကောင်းလိုက်ပါသလဲ ။ လူတိုင်း ဟာ ချစ်ခြင်း မေတ္တာ နဲ့ ယုယကြင်နာမှု လိုကြတာ ချည်းပါပဲ ။ အထူးသဖြင့် ဘဝ ရဲ့ နောက်ဆုံး အချိန် ကာလလေး အခိုက်အတန့် မှာပေါ့ ။

HIV positive မိခင်တွေ အတွက် လည်း ယူနစ် တစ်ခု ကို ကျွန်မ ဖွင့် ထားတယ် ။ သူတို့ ဘဝ ရဲ့ နောက်ဆုံး အချိန် ကို သူတို့ ကလေးတွေ နဲ့ အတူ ကုန်ဆုံးခွင့် ရကြတယ် ။

ကလေးတွေ ဟာ ဒီမှာ မိဘမဲ့ကလေးတွေ မဟုတ်ဘူး ။ AGAPE Home မှာ သူတို့ တစ်ခါ ပြန်ပြီး မွေးဖွားခဲ့ကြတယ် ။ သူတို့ ကို ဘဝ ရဲ့ တန်ဖိုး ကျွန်မ ပေးတယ် ။ ဒီ ရောက်လာတဲ့ ကလေးတွေ ရဲ့ ကျန်းမာရေး ဟာ ပတ်ဝန်းကျင် အနေအထား ကြောင့် ပို ကောင်း လာတယ် ။ ကလေးတွေ ကို သုံးလ တစ်ကြိမ် သွေး စစ်တယ် ။ ကျန်းမာရေး စစ်ဆေး ပေးတယ် ။ အများစု က သိသိသာသာ တိုးတက် လာတယ် ။ သူတို့ မှာ စွဲကပ်နေတဲ့ ရောဂါတွေ က တန့်ရပ် သွားတယ် ။ ဒါဟာ ချစ်ခြင်း မေတ္တာ ကို ခံယူရလို့ ပဲ ဆိုပြီး ကျွန်မ ယုံကြည်တယ် ။ ဘဝ တန်ဖိုး ကို ကျွန်မ အလေးအနက် သိပ် ထားတယ် ။ ဒီမှာ ဘယ်သူ့ ကို မှ သီးသန့်ခွဲခြား မထားဘူး ။

ဒါပေမယ့် ကျွန်မ ကြောင့် အခြား လူတွေ စိတ် အနှောက်အယှက် မဖြစ်စေရဘူး ။ HIV ဟာ ရေ က တစ်ဆင့် ကူးစက်နိုင်တယ် လို့ အချို့ လူတွေ က ထင် တယ် ။ ကျွန်မတို့ ရိပ်သာ မှာ ရေ ကို ကိုယ်ပိုင် ရီဆိုင်ကယ်လ် စနစ် နဲ့ သုံးတယ် ။ ကိုယ့် ဆီ က ရေ အိမ်နီးချင်း တွေ ဆီ မစီးဆင်း စေရဘူး ။ အားလုံး စိတ်အေးချမ်း စေဖို့ အကောင်းဆုံး ဖြစ်အောင် ကျွန်မတို့ လုပ်နေပါတယ် ။

ကလေးတွေ ကို ကိုယ်ထိ လက်ရောက် ထိတွေ့ ဆက်ဆံမှု က သိပ် အရေးကြီးပါတယ် ။ ရွာ ထဲ မှာ လည်း ( HIV စွဲကပ် နေတဲ့ ကလေးတွေ ရှိတယ် ။ သူတို့ ကို HIV ပိုး ဒုက္ခ ပေးတာ တန့်နှေးစေတဲ့ ) ARV ဆေးပေးထားတယ် ။ ဒါပေမယ့် အခြေအနေ က ဆိုးပြီး ရင်းဆိုး လာနေတာ တွေ့ရတယ် ။ သူတို့ ခမျာ ဂရုတစိုက် ပြုစုယုယမှု မခံရရှာဘူး ။ တကယ်တော့ ချစ်ခြင်းမေတ္တာ သာ အကောင်းဆုံး ဆေးဝါး ပါ ။

⎕ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

.

ပုဏ္ဏားကြီး စိတ်ဆိုးသလား

 

ပုဏ္ဏားကြီး စိတ်ဆိုးသလား
          ( ပုံပြင် )

ဟို ရှေးရှေးတုန်း က ငပေ ၊ ငတေ လို့ ခေါ်တဲ့ ညီအစ်ကို နှစ်ယောက် ရှိသတဲ့ကွယ် ။ အစ်ကို ဖြစ်တဲ့ ငပေ က ရိုးသားပြီး အားနာ သလောက် ညီငယ် ဖြစ်တဲ့ ငတေ က တော့ အလွန် ပါးနပ်ပြီး လူပါးဝသတဲ့ ။ သူတို့ ရဲ့ မိဘနှစ်ပါး ကွယ်လွန် သွားကြတဲ့ အခါမှာ အမွေပစ္စည်း အနေ နှင့် နွားမ တစ်ကောင် ရယ် ၊ စောင် တစ်ထည် ရယ် ၊ ဓားမ တစ်ချောင်း ရယ် ကို ရလိုက်ကြတယ်ကွယ့် ။ ဒီ အမွေပစ္စည်း ကို ညီအစ်ကို နှစ်ယောက် ခွဲဝေပြီး အသုံးပြု နေကြရတယ် ။ ညီငယ် ဖြစ်သူ ငတေ  က ဒီလို နှစ်ယောက် မျှပြီး အသုံးပြု နေရတာကို မကျေမနပ် ဖြစ်လာပါရောကွယ် ။ ဘာလို့လဲ ဆိုရင် နွားမ က ရတဲ့ နွားနို့ ကို လည်း တစ်ယောက် တစ်ဝက်စီ ၊ စောင် ကို လည်း အတူတူ ခြုံရ ၊ ဓား ကို လည်း တစ်လှည့်စီ အသုံးပြု ရတော့ လောဘကြီး တဲ့ ငတေ အဖို့ မလုံလောက်ဘူး ဆိုပါတော့ ကွယ် ။ တစ်နေ့ကျတော့ ငတေ က အစ်ကို ဖြစ်သူ ငပေ ကို “ အစ်ကိုရယ် ၊ ဒီ အမွေ ပစ္စည်းတွေ ကို ကျွန်တော်တို့ နှစ်ယောက် မျှ သုံးနေတာ မကောင်းပါဘူး ၊ ဒီတော့ နွားမ ကို အစ်ကို က ခေါင်းပိုင်း ယူပါ ၊ ကျွန်တော် က ဖင်ပိုင်း ယူမယ် ၊ စောင် ကိုလည်း အစ်ကို က နေ့ မှာ ယူပါ ၊ ကျွန်တော် က ညမှာ ယူမယ် ၊ ဓားမ ကို လည်း အစ်ကို က ည မှာ ယူပါ ၊ ကျွန်တော် က နေ့မှာ ယူမယ် လို့ ပြောသတဲ့ကွယ် ။ ငတေ က အကြံသမား ကိုးကွယ့် ။ နွားမ ရဲ့ ဖင်ပိုင်း ရတဲ့ သူ ကတော့ နွားနို့ သောက်ရပြီး ခေါင်းပိုင်း ရတဲ့ ငပေ က အစာ ကျွေးရမှာကိုးကွယ့် ။ ဒါမှ သူ တစ်ယောက်တည်း နွားနို့တွေ အကုန်လုံး သောက်ရမှာကွယ့် ။ စောင် နဲ့ ဓားမ ကို လည်း ထိုနည်းလည်းကောင်း ပေါ့ကွယ် ။ အစ်ကို ဖြစ်သူ ငပေ ကို တော့ အသုံး မချရတဲ့ အချိန်တွေမှာ ပေးထားတာပေါ့ ။

လူအ ဖြစ်တဲ့ ငပေ ကတော့ မသိရှာတာ နဲ့ ခေါင်းညိတ် လိုက်တာပေါ့ ။ ငတေ က သူ တစ်ယောက်တည်း နွားနို့တွေ လည်း သောက်ရ ၊ စောင်လည်း ည မှာ တစ်ယောက်တည်း ဇိမ်ရှိရှိ နဲ့ကြုံရ ၊ ဓားမ လည်း တစ်ယောက်တည်း အသုံးပြု နေရတော့ စားကောင်း သောက်ကောင်း နဲ့ ဝဖြိုး နေတာပေါ့ကွယ် ။ အစ်ကို ဖြစ်သူ ငပေ မှာတော့ တစ်နေ့တခြား အားနည်းပြီး ပိန်ခြောက်လာရှာ သတဲ့ ။ ဒီအဖြစ် ကို မြင်သိရတဲ့ ရွာသားတွေ ဟာ ငပေ ဘက်က မခံနိုင် ဖြစ်လာကြတော့တယ် ။ ဒါနဲ့ ငပေ ကို အကြံပေးကြ သတဲ့ ။ “ ဟေ့ ... ငပေ ၊ မင်း သိပ် အတဲ့ ကောင်ပါလား ၊ နွားမ ကို ငတေ  နို့ညှစ် နေတုန်း ခေါင်း က ရိုက်ရိုက်ပေးကွ ၊ ဒါမှ ငတေ့ ကို နွားကန်ပြီး နို့ မညှစ်ရမှာ ” လို့ အကြံပေး ကြတယ် ။ ငပေ ကလည်း ရွာသားတွေ ပြောတဲ့ အတိုင်း လုပ်တော့ ငတေ ခမျာ နွားကန်ခံရပြီး နွားနို့ မရဘဲ နေတာပေါ့ကွယ် ။ ငပေ ကို ခေါင်း မရိုက်ဖို့ ပြောပေမယ့် ငပေ က “ ငါ ပိုင်တဲ့ ခေါင်း ငါ ရိုက်တာ မင်း နဲ့ ဘာဆိုင်သလဲကွယ့် ” လို့ ပြန်ပြောသတဲ့ ။ ဒီတော့ ငတေ လည်း မတတ်နိုင်တာနဲ့ “ အစ်ကိုရယ် ၊ ကျွန်တော် ညှစ်ရတဲ့ နွားနို့ တစ်ဝက် ပေးပါ့မယ် ၊ နွားခေါင်း ကို မရိုက်ပါနဲ့ ” လို့ ပြော ရတော့တာပေါ့ကွယ် ။ စောင် ကို လည်း ရွာသားတွေ က အကြံပေးတဲ့ အတိုင်း တစ်နေ့လုံး အင်တုံ တစ်လုံး ထဲ မှာ ရေစိမ် ထားသတဲ့ ။ ည အိပ်ခါနီး ငတေ က စောင် တောင်းတဲ့ အခါ ရေစို နေ တဲ့ စောင် ကို အင်တုံ ထဲ က ဆယ်ပေး လိုက် သတဲ့ ။ ဓားမ ကို လည်း ငပေ က ည သူ ပိုင်တဲ့ အချိန်မှာ ကျောက်တုံးတွေ ကို လိုက်ခုတ်ထားသတဲ့ ။ ကျောက်တုံးတွေ ခုတ် ထားတော့ ဓားသွားတွေ လိပ် ကုန်တာပေါ့ကွယ် ။ နေ့အခါ ငတေ က တောင်းတဲ့အခါ လိပ်နေတဲ့ ဓားမ ကို ယူပေး လိုက်တာပေါ့ ။ ငတေ လည်း မတတ်နိုင်တာ နဲ့ ငပေ နဲ့ အတူတူ အသုံးပြုရ ပြန်တာပေါ့ကွယ် ။ ဒီလို တစ်ယောက် တစ်ဝက် အသုံးပြု နေရတာကို ငတေ က ဘယ် ကြိုက်နိုင်မလဲကွယ် ။ သူ တစ်ယောက်တည်း အသုံးပြုရအောင် ဘယ်လို လုပ်ရပါ့မလဲလို့ အကြံထုတ် နေတာပေါ့ကွယ် ။ တစ်နေ့ ကျတော့ ပုဏ္ဏားကြီး တစ်ဦး နဲ့ သွားတွေ့တာနဲ့ သူ ဟာ ငပေ့ ကို ငွေတစ်ထောင် နဲ့ ရောင်းခဲ့သတဲ့ ။ ဒီလို ရောင်းရာ မှာ တစ်ဦး နဲ့ တစ်ဦး ဘယ်လိုပဲ ပြုမူပြုမူ စိတ်ဆိုးရင် နောက်ထပ် ငွေတစ်ထောင် ပေးရ မယ် ” လို့ ကတိကဝတ် ပြုခဲ့ကြတယ် ။ ငပေ ကတော့ သိပ်ပြီး အတဲ့လူ မဟုတ်လားကွယ့် ။ ပုဏ္ဏားကြီး ခိုင်းသမျှ လုပ် ၊ ကျွေးသမျှ စား နဲ့ပဲ နေရရှာတယ် ။ ပုဏ္ဏားကြီး က သူ့ကို အလုပ် အများကြီး ခိုင်းပေမယ့် အစား ကျတော့ ကောင်းကောင်း မကျွေးဘူးတဲ့ ။ ဒါကြောင့် ငပေ ဟာ တစ်နေ့တခြား ပိန်ချုံးလာတယ် ။ ဒီအကြောင်း ရွာသားတွေ က သိကြတော့ ငတေ့ ဆီသွားပြီး ငတေ ရယ် ၊ မင်း အစ်ကို လူအ သနားပါတယ်ကွယ် ။ သူ နဲ့ မင်း နဲ့ လဲလိုက်ပါ ။ မင်းက လူပါး ဆိုတော့ ပုဏ္ဏားကြီး  ပြုသမျှ ခံရမှာ မဟုတ်ပါဘူး ” လို့ ချော့မော့ ပြောကြတယ် ။ ငတေ လည်း ငပေ ကို သနားလာတာ နဲ့ လဲ လိုက်တယ် ။ ငပေ လည်း ဒီတော့မှပဲ အေးအေးချမ်းချမ်း နေရတော့တယ်ကွယ့် ။

ပုဏ္ဏားကြီး ကလည်း ငတေ ကို ငပေ လို ပဲ မှတ်ပြီး အလုပ် ကို နင်းကန် ခိုင်းတာပေါ့ ကွယ် ။ တစ်နေ့ကျတော့ သူ နဲ့ ပုဏ္ဏားကြီး  မြက်ရိတ် သွားကြသတဲ့ ။ မြက်ရိတ်ရင်း ငတေ ဟာ မြက်ခြင်း ထဲ မှာ မြက်တွေ နဲ့ ဖုံးပြီး အသာလေး ပုနေ သတဲ့ ။ ပုဏ္ဏားကြီး ဟာ ငတေ ထွက်ပြေးပြီ ထင်ပြီး စိတ်ဆိုးဆိုး နဲ့ မြက်ခြင်း ကို တစ်ယောက် တည်း ထမ်းလာရသတဲ့ ။ လူ တစ်ယောက်လုံး ခြင်း ထဲ မှာ ပါနေတော့ သိပ် လေးတာပေါ့ကွယ် ။ ပုဏ္ဏားကြီး လည်း ငတေ ကို တက်တခေါက်ခေါက် နဲ့ အိမ် ရောက်အောင် ထမ်းလာရတာပေါ့ကွယ် ။ အိမ်ပြန် ရောက်လို့ မြက်ခြင်းကြီး ထဲ က ငတေ  ထွက်လာတာတွေ့ရတော့ ပုဏ္ဏားကြီး ဟာ ဒေါသ ထွက်လွန်းလို့ မျက်နှာကြီး ကို နီနေတာပေါ့ ကွယ် ။ ဒါကို ငတေ က ကြည့်ပြီး တဟားဟား ရယ်ရင်း “ ပုဏ္ဏားကြီး ၊ စိတ်ဆိုး နေသလား ” လို့ မေး သတဲ့ကွယ် ။ ပုဏ္ဏားကြီး လည်း စိတ်ဆိုးရင် ငွေတစ်ထောင် ပေးရမှာ ဆိုတော့ ခေါင်းကြီးရမ်းပြီး “ မဆိုးပါဘူး ၊ မဆိုးပါဘူး ” လို့ ဖြေရရှာသတဲ့ ။

ငတေ ကို ထမင်း ကျွေးတဲ့ အခါမှာလည်း ပုဏ္ဏားကြီး က ကပ်စေးနဲ တော့ ပဲဟင်း နဲ့ပဲ ကျွေးတယ် ။ ငတေ ကလည်း ပဲဟင်း တစ်ခွက်တည်း စားရတဲ့ အခါများ ဆိုရင် “ ပုဏ္ဏားကြီး ကြောင်အိမ် ထဲ မှာ ဝက်သားချက် နဲ့ ငရုတ်သီးကြော် ရှိပါတယ် ၊ ထုတ်ပေးပါ ” လို့ တောင်းတယ် ။ ပုဏ္ဏားကြီး က ထုတ်မပေးဘဲ ငြင်းနေရင် သူ ကိုယ်တိုင် ကြောင်အိမ် လှပ်ပြီး ရှိသမျှ ဟင်းတွေ အကုန် စားပစ်တာပဲတဲ့ ။ ပြီးတော့ သူ က ပြောင်စပ်စပ် နဲ့ ပုဏ္ဏကြီး စိတ်ဆိုးသလား လို့ မေးတယ် ။ စိတ်ဆိုး ပေမယ့် ငွေတစ်ထောင် လျော်ရမှာ ကြောက်တဲ့ ပုဏ္ဏားကြီး က မဆိုးပါဘူး ၊ မဆိုးပါဘူးနဲ့ ခေါင်းကြီး ရမ်းပြီး ဖြေရရှာတယ်ကွယ့် ။ နောက် တစ်နေ့ ကျ ပုဏ္ဏားကြီး နဲ့ ငတေ ဟာ တော ထဲ ကို မြက်ရိတ် သွားကြပြန်တယ် ။ ပုဏ္ဏားကြီး က အရင် တစ်ခါ ငတေ ကို သူ ကိုယ်တိုင် ထမ်းခေါ်လာရ တာကို အခဲမကြေ ဖြစ်နေရှာတယ် ။ ဒီတစ်ခါတော့ သူ ကိုယ်တိုင် မြက်တောင်း ထဲဝင်လိုက်မယ် ဆိုပြီး ငတေ အလစ် ကို ကြည့်နေ သတဲ့ ။ ငတေ တစ်ဖက် လှည့် မြက်ရိတ် နေတုန်း ပုဏ္ဏားကြီး က မြက်တောင်း ထဲ အသာ ဝင်ပြီး ပုလိုက်သတဲ့ကွယ် ။ ဒါပေမယ့် လူပါး ဖြစ်တဲ့ ငတေ က မြင် လိုက်တယ် ။ သူ လည်း သူ့ အကြံနဲ့မို့ မမြင်ချင်ယောင် ဆောင်နေလိုက်သတဲ့ ။ ငတေ ဟာ ပုဏ္ဏားကြီး  မြက်တောင်း ထဲမှာ ရှိတာ သိတော့ မြက်တွေကို နင်းကန် သိပ် ထည့်တာပဲပေါ့ ။ အထဲ က ပုဏ္ဏားကြီး ခမျာလည်း သည်းခံပြီး ငြိမ်ငြိမ်လေး နေရတာပေါ့ ။ ငတေ က ပြန်တော့မယ် လုပ်ပြီး ပုဏ္ဏားကြီး ကို အော်ခေါ်တယ် ။ ဟန်ဆောင် တာပေါ့ကွယ် ။ “ ထူးသံလည်း မကြားပါဘူး ၊ ငါ့ ဆရာ ပုဏ္ဏားကြီး တော့ ကျားများ ဆွဲသွားပြီ ထင်ပါရဲ့ ၊ ဒုက္ခပါပဲလေ ၊ အိမ်ကျရင် ပုဏ္ဏား ကတော်ကြီး ဘယ်လိုများ ပြောရပါ့မလဲ ” လို့ ငိုသံပါကြီး နဲ့ ညည်း သတဲ့ ။ မြက်တောင်း ထဲ က ပုဏ္ဏားကြီး ကတော့ ငတေ  ငါ့ ကို တကယ် ပျောက်ပြီ ထင်နေတယ် ဆိုပြီး ပြုံး သတဲ့ ။ အဲလိုနဲ့ ငတေ က မြက်တောင်းကြီး ကို ထမ်းပြီး အိမ်ပြန် လာတယ် ။ လမ်း လည်း ကျပါရောကွယ် ငတေ ဟာ “ တော်တော် လေးတဲ့ မြက်တောင်းကြီး ၊ ခွေးဝင် အိပ်နေတဲ့ အတိုင်းပဲ ” လို့ ပြောပြီး မြက်တောင်းကြီး ကို ပစ်ချလိုက် သတဲ့ ။ အထဲ က ပုဏ္ဏားကြီး တော့ တော်တော် အောင့် သွားတာပေါ့ ။ ငတေ ဟာ ပစ်ချရုံတင် အားမရသေးဘဲ “ လေးဦး ဟာ ၊ လေးဦး ဟာ ” ဆိုပြီး မြက်တွေ ကို ခြေ ထောက်နဲ့ ဆောင့်ဆောင့် နင်း သတဲ့ကွယ် ။ အထဲ က ပုဏ္ဏားကြီး မှာတော့ နာလွန်းလို့ ကျိတ်မှိတ်ခံ နေရရှာတယ် ။ ဒီလိုနဲ့ အိမ် ရောက်ခဲ့တယ် ။

အိမ် ရောက်တော့ ငတေ က အကြောင်းစုံ ပြောပြတာနဲ့ ပုဏ္ဏားမကြီး ကလည်း သူ့ လင် ပုဏ္ဏားကြီး ကို တပြီး ငိုတာပေါ့ကွယ် ။ ငတေ ကလည်း မြက်တွေ ဆွဲလိုက်ပါရော ၊ တောင်း ထဲ က ဒဏ်ရာ အညိုအမဲတွေ နဲ့ ပုဏ္ဏားကြီး က ထွက်လာတော့တယ် ။ ငတေ လည်း ပုဏ္ဏားကြီး ကို ကြည့်ပြီး တဟားဟား ရယ် လိုက်တယ် ။ နောက်ပြီးတော့ “ ပုဏ္ဏားကြီး ၊ စိတ်ဆိုးသလား လို့ မေး တယ် ” ပုဏ္ဏားကြီး လည်း စိတ်ဆိုးပေမယ့် မဆိုးပါဘူး ၊ မဆိုးပါဘူး ” လို့ ဖြေလိုက်ရှာတယ် ။

တစ်နေ့မှာ ပုဏ္ဏားကြီး က ငတေ ကို မိတ်ဆွေအိမ် တစ်အိမ် ကို ခေါ်သွားတယ် ။ မိတ် ဆွေအိမ် က ရွာ တစ်ရွာ မှာ ဆိုတော့ သူတို့ ညအိပ် ရမှာပေါ့ကွယ် ။ မိတ်ဆွေ အိမ် ရောက်ပြီး ပုဏ္ဏားကြီး က သူ့ မိတ်ဆွေ နဲ့ စကား ပြောနေတုန်း ငတေ ဟာ မီးဖိုချောင် ထဲ တွင် ဝင်သွားတယ် ။ ညစာ ချက်နေတဲ့ ထမင်းချက် နား သွားပြီး “ ခင်ဗျား ၊ ဘာတွေ ချက်မလို့လဲ ၊ ကျုပ် ဆရာ ပုဏ္ဏားကြီး က တော့ ပဲဟင်းချို နဲ့ ငရုတ်သီးကြော် က လွဲပြီး ဘာမှ မစားဘူးဗျ ” လို့ ပြောတယ် ။ ထမင်းချက် က လည်း ကောင်းပါပြီဗျာ ၊ ပုဏ္ဏားကြီး ကြိုက်တဲ့ ဟင်းတွေ ချက်ထား လိုက်ပါမယ် ၊ ခင်ဗျား ကကော ဘာဟင်း ကြိုက်သလဲ ” လို့ မေးသတဲ့ ။ “ ကျုပ် ကတော့ဗျာ ၊ ဝက်သား ဆိုလည်း လာခဲ့ ၊ ကြက်သား ဆိုလည်း လာခဲ့ ၊ ငါး ဆိုလည်း လာခဲ့ပဲဗျ ၊ ဟင်းသီးဟင်းရွက် တော့ မစားဘူး ” လို့ ငတေ က ပြန် ဖြေလိုက်တယ် ။ ထမင်းချက် ကလည်း ကောင်းပါပြီ ၊ ခင်ဗျား ကြိုက်တဲ့ ဟင်းတွေ ချက်ပါ့မယ်လို့ ပြန်ပြောလိုက်တယ် ။ ညနေစာ ထမင်းကျွေးတော့ အကြိုက်ချင်း မတူတဲ့ ပုဏ္ဏားကြီး နဲ့ ငတေ ကို ခွဲကျွေးတာပေါ့ကွယ် ။ အိမ်ရှင် မိတ်ဆွေ က လည်း သူ့ တပည့် ထမင်းချက် ပြောပြထားတဲ့ အတွက် ပုဏ္ဏားကြီး  ပဲဟင်း နဲ့ ငရုတ်သီးကြော် ပဲ စားတယ်လို့ တကယ် ထင် နေတာပေါ့ ။ ပုဏ္ဏားကြီး  ကတော့ အိမ်ရှင် ကျွေးသလိုပဲ စားရတာပေါ့ ။ ငတေ က ဝက်သားတုံးကြီး ကို ကော်ပြီး အားရပါးရ လွေးလိုက်တိုင်းပုဏ္ဏားကြီး ခမျာ မှာ  ပဲဟင်းချိုတွေ ကို ဇွန်း နဲ့ ခပ်ပြီး အားရပါးရ သောက်လိုက်ရရှာ သတဲ့ ။ စားသောက် ပြီးစီးတော့ ပုဏ္ဏားကြီး က ငတေ့ ကို “ ငတေ ရေ ၊ ငါ တော့ ပဲဟင်းချိုတွေအားရ ပါးရ သောက်ထားတာ ညကျရင် ထရလိမ့်မယ် ထင်တယ် ၊ အိမ်ရှင့် ဆီ က နောက်ဖေးအိုး ယူ ထားပါကွာ ” လို့ မှာထားတယ် ။ စိတ်ချပါ ဆရာလို့ ငတေ က ပြောပေမယ့် ယူမထားဘူးကွယ့် ။ အဲဒီလိုနဲ့ သန်းခေါင် လောက် ကျတော့ ပုဏ္ဏားကြီး က ငတေ ကို နှိုးပြီး နောက်ဖေးအိုး တောင်းတာ ပေါ့ကွယ် ။ ငတေ လည်း အိပ်မှုန်စုံမွှား နဲ့ ထပြီး သောက်ရေအိုးစင် က ရေ မရှိတဲ့ သောက်ရေအိုးကြီး ကို ယူပေး လိုက်တယ် ။ ပုဏ္ဏားကြီး လည်း သောက်ရေအိုး မှန်း သိပေမယ့် ဗိုက် က နာလွန်းလို့ မတတ်နိုင်တော့ ပါချရတာပေါ့ ။ ပြီးတော့ ငတေ့ ကို “ အိမ်သားတွေ မနိုးခင် မနက်စောစော ထပြီး သွန်ပါကွာ ၊ ဒါမှ နေရာ မပျက် ပြန် ထားနိုင်မှာ ” လို့ မှာသတဲ့ ။ မနက် မိုးမလင်းခင် ပုဏ္ဏားကြီး က ငတေ ကို နှိုးတော့ စောပါသေးတယ် လို့ ပြောပြီး ပြန် အိပ်နေတယ် ။ ဘယ်လို နှိုးနှိုး မရတာနဲ့ ပုဏ္ဏားကြီး လည်း သူ ကိုယ်တိုင် အိုးကြီး ထမ်းပြီး အိမ် အောက် ဆင်းတာပေါ့ ။ လှေကား မှာ နိုးနှင့် နေတဲ့ မိတ်ဆွေသမီး က မြင်တော့ “ အို .. ပုဏ္ဏားကြီး ကလည်း ရှင် ၊ ရေကုန် နေလို့လား ၊ ကိစ္စမရှိ ပါဘူး ၊ ကျွန်မတို့ ခပ်မှာပေါ့ ၊ မခပ်ပါနဲ့ ” လို့ ပြောပြီး ရေအိုး ကို အတင်း ဆွဲ သတဲ့ ။ ပုဏ္ဏားကြီး က လည်း အမှန် ပြောရမှာ ခက်နေတော့ “ ဟာ ... ကိစ္စ မရှိပါဘူး ၊ ကျုပ် ပဲ သွား ခပ်လိုက်ပါ့မယ် ” လို့ ဆိုပြီး ရေအိုးကြီး ကို အတင်း ပြန်လုသတဲ့ ။ ဒီလို သူတို့ နှစ်ယောက် လုလိုက်ကြတာ ကြား ထဲ က ရေအိုးကြီး ကျကွဲပြီး မစင်တွေ ဖိတ် ကုန်ပါလေရောကွယ် ။ ပုဏ္ဏားကြီး လည်း ရှက်လွန်းတာ နဲ့ အိမ် ပြန် ပြေး သွား သတဲ့ ။ ငတေ လည်း နောက် က လိုက်လာပြီး “ ပုဏ္ဏားကြီး ၊ စိတ်ဆိုးသလား ” လို့ မေးတယ် ၊ ပုဏ္ဏားကြီး လည်း “ မဆိုးပါဘူး ၊ မဆိုးပါဘူး ” လို့ ပြန်ဖြေရတာပေါ့ကွယ် ။

ပုဏ္ဏားကြီး လည်း ငတေ ကို ဒီလို ထားလို့တော့ မဖြစ်တော့ဘူးလို့ စဉ်းစားပြီး စာ တစ် စောင် ရေးတယ် ၊ စာအိတ် ထဲ မှာ ထည့် ပိတ်ပြီးတော့ ငတေ့ ကို ရွာ တစ်ရွာ က သူ့ မိတ်ဆွေ အိုးဖုတ် သမား ဆီ သွားပေးဖို့ ခိုင်းတယ် ။ ငတေ လည်း ထွက်လာပြီး လမ်းက မုန့်ဆိုင် တစ်ဆိုင် မှာ နားနေ တော့ ကုန်သည်ကြီး တစ်ယောက် နဲ့ တွေ့တယ် ။ ငတေ က စာလေး ကို ထုတ်ပြီး ဖတ်ပြစမ်းပါလို့ ပြောသတဲ့ ။ ငတေ က စာ မတတ်ဘူးကွယ့် ။ “ သို့ မိတ်ဆွေကြီး ၊ ယခု လာသော သူငယ် အား မိတ်ဆွေ ၏ အိုးဖုတ်သော ဖို ထဲ တွင် ထည့်၍ သ,တ်လိုက်ပါ ” လို့ ဖတ်ပြ လိုက်တယ် ။ ငတေ က လည်း ချက်ချင်း ကုန်သည်ကြီး ကို တောင်းပန်ပြီး “ ယခု လာသော သူငယ် အား မိတ်ဆွေ ၏ သမီး နှင့် ထိမ်းမြား ပေးလိုက်ပါ ” လို့ ရေခိုင်းသတဲ့ကွယ် ။ ကုန်သည်ကြီး ကလည်း ငတေ့ ကို သနားပြီး ရေးပေးလိုက်တာပေါ့ကွယ် ။ ငတေ လည်း စာ ကို ယူသွားပြီး အိုးဖုတ်သမား ကို ပေးတာပေါ့ ။ အိုးဖုတ်သမား ကလည်း “ အင်း ... ငါ့ မိတ်ဆွေ ပုဏ္ဏားကြီး က တော်သင့်တဲ့ သူငယ်လေးမို့ ရေး ပေးလိုက်တာပဲ ” ဆိုပြီး သူ့ သမီး နဲ့ ထိမ်းမြား ပေးလိုက်သတဲ့ ။ ဒါနဲ့ ငတေ့ တို့ ဇနီးမောင်နှံ လည်း လှည်းယဉ်လေး စီးပြီး ပုဏ္ဏားကြီး ဆီ ကန်တော့လာကြ သတဲ့ ။ ပုဏ္ဏားကြီး က ငတေ တို့ ကို မြင် တော့ သိပ်ပြီး အံ့ဩနေတာပေါ့ ။ ငတေ က ပြုံးရယ်ပြီး “ ပုဏ္ဏားကြီး  ၊ စိတ်ဆိုးသလား ” လို့ မေး တာပေါ့ ။ ဒီတော့ ပုဏ္ဏားကြီး လည်း ခေါင်းကြီး ရမ်းပြီး “ မဆိုးပါဘူး ၊ မဆိုးပါဘူး ” လို့ ပြန် ဖြေလိုက် ရှာသတဲ့ကွယ် ။ အဲဒီ နေ့ က စပြီး ငတေ တို့ ဇနီးမောင်နှံ ပျော်ပျော်ရွှင်ရွှင် နဲ့ အသက်ထက်ဆုံး နေ သွားကြတယ် ။

▢ မိုး - ရွှေညာမြေ

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၃ ၊ ဖေဖော်ဝါရီ

ပုဆိုးတန်းတင် ( ညိုထွန်းလူ )


 ❝ ပုဆိုးတန်းတင် ❞

    ( ညိုထွန်းလူ )


တစ်ခါတစ်ရံ တော့ ည သည် လှနေတတ်သည် ။ ထိုအခါ သူ သည် လှ သော ည ကို ငေးရီ ခံစားကြည့် နေမိပြန်သည် ။ လှသော ည ၊ ကြယ်စုံ ည ၊ နှင်းမှုန် တွေ နှင့် အတူ လရောင် ပြေပြေလျော့လျော့ ယှက်ဖြာနေသည့် ည ၊ သူ့ အတွက် တမ်းတ တိမ်းမူးစရာ ညတွေကများ စွာ ။


ဆောင်းဝင်စ အချိန် ဖြစ်၍ နေ့တာ က အကုန် မြန်သည် ။ နေလုံး ပျောက်ပြီး မကြာခင် မှာ အမှောင်ထု နှင့် အတူ နှင်းတွေ ပြိုကျလာသည် ကို တွေ့ရသည် ။ ဒီည သိပ် အေးမယ် ထင်တယ်နော် ။ မီးဖို ပေးရမလား ။ အမျိုးသမီး က အိပ်ခန်း ထဲ မှ ထွက်လာရင်း သူ့ ကို မေးလိုက်သည် ။ သူ က အင်း မလှုပ် ၊ အဲမလှုပ် ၊ မကြားသလို နဲ့ အပြင်ဘက် ဆီသို့ ငေးမော ကြည့် နေဆဲ ။ တစ်ခဏတာမျှ တိတ်ဆိတ် ငြိမ်သက် သွားခဲ့သည် ။ သူ့ ကို နားလည်မှု ခက်ခဲတာတော့ အမှန်ပင် ။ အေးစက်စက် ထုံတေတေ နှင့် အတ္တကြီး သူလား ၊ ဒေါသစိတ် ကို မြုပ်ကွယ်ကာ ပျော်ရွှင်မှု တစ်ခု ကို မျှော်ငေးနေ သူလား ၊ ဝေခွဲ မရနိုင် ။ ဒါပေမဲ့ သူ့ ရင်အုံနွေးနွေး ထဲသို့ နားခိုလိုက်မိပြန် တော့လည်း မွတ်သိပ် ပြင်းပြသည့် အနမ်းတွေ ကို ခံစားလိုက်ရသည် ။ ပြီးတော့ ကလေး တစ်ယောက် လို ရယ်မောပျော်ရွှင် သွားရင်း ကရားရေ လွှတ် အဆက်မပြတ် ပြော နေသည့် စကားသံများ သူ ပြောတာတွေ အားလုံး နားလည်ဖို့ ကြိုးစားရင်း နှင့် အိပ်ပျော် သွားခဲ့ရသည် ။


နံရံ ပေါ်မှာ ချိတ်ဆွဲ ထားသည့် နာရီလက်တံတွေ က စည်းချက် မှန်မှန် မြည်ရင်း ရွေ့လျားလျက် ရှိသည် ။ ဒီလို နဲ့ တစ်စက္ကန့် ၊ တစ်မိနစ် ၊ တစ်နာရီ ၊ တစ်နေ့တာ ၊ ပြီးတော့ အသက်ဇီဝ ၏ နေ့ရက်များ ။ အမျိုးသမီး သည် စိတ်မရှည်တော့ ဟန်ဖြင့် သူ့ အနီး မှ ဖြတ်လျှောက် သွား ကာ ပြတင်းတံခါးတွေ ကို ဆွဲပိတ် လိုက်သည် ။ ထိုအချိန်တွင် အိမ်ရှေ့ သို့ ရောက် လာသည့် မော်တော်ကား တစ်စီး စက်သံ ကို ကြားရသည်  ။


ဧည့်သည် လာဟန် တူတယ် ။ အမျိုးသမီး က သူ့ အနီးသို့ ရောက်လာ ကာ ပြောနေစဉ် မှာ ပင် “ ဟေး ၊ အိမ်ရှင်တို့ အိပ်ကုန်ကြ ပြီလား ” ဆိုသည့် အသံ နှင့် အတူ ကြိမ်ဆွဲခြင်း တစ်လုံး ကို သယ်လာသည့် ဒေါက်တာကျော်စိုး တို့ ဇနီးမောင်နှံ အား တွေ့လိုက်ရ၍ အံ့အားသင့် သွားရလေ၏ ။


“ ဟာ ... ကိုကျော်စိုး ဘယ်တုန်းက ရောက် လာတာလဲ ”  


သူ က ဝမ်း သာအားရဖြင့် လှမ်း မေးလိုက်သည် ။ မမျှော်လင့်ဘဲ မိတ်ဆွေဟောင်း တစ်ဦးကို တွေ့လိုက်၍ ပျင်းရိငြီးငွေ့ နေသည့် စိတ်အာရုံများ က လွင့်ပြယ် သွားခဲ့သည် ။ အခုတော့ လည်း ပေါ့ပေါ့ပါးပါး ရွှင်ရွှင်မြူးမြူး သွက်သွက် လက်လက် ။


“ မနေ့ ကတည်း က မန္တလေး ကို ရောက် နေတာဗျို့ ။ ခင်ဗျား ရဲ့ ကျေးဇူး ကြောင့် ဟိုမှာ လည်း ရောက်ကတည်းက အစစအရာရာ အဆင် ပြေတယ် ။ ဘယ့်နှယ်လဲ ကိုယ့် လူကြီး ၊ မိသားစု အားလုံး ကျန်းမာကြရဲ့ လား ၊ ကျွန်တော်လည်း ခင်ဗျား နဲ့ အေးအေးဆေးဆေး စကား ပြောချင်တာနဲ့ ကလေးတွေ ထားခဲ့ပြီး ထွက်လာခဲ့ရတာဗျ ”  


ဒေါက်တာ ကျော်စိုး က သူ့ လို မဟုတ် ။ အမြဲတမ်း ပွင့်ပွင့်လင်းလင်း နှင့် ပျော်ပျော်ရွှင်ရွှင် နေတတ်သူ ၊ ခင်မင်နှစ်လိုဖွယ် ကောင်းသည့် ဆရာဝန် တစ်ဦး ဖြစ်သည် ။ ကလေးတွေ ပါလာလျှင် အနှောင့်အယှက် ဖြစ်မှာ စိုး၍ အားနာစိတ်ဖြင့် ခေါ် မလာခဲ့ခြင်း ဖြစ်ဟန် တူသည် ။ မည်သို့ပင် ဖြစ်စေ ၊ အိမ် က ကလေးတွေ က လည်း အိပ်ရာ စောစော ဝင်ကြတာကြောင့် နား အေးပါးအေး ဖြင့် စကား ပြောရမည့် ဒေါက်တာကျော်စိုး အစီအစဉ် ကို သူ သဘောကျသွားသည် ။


စားပွဲ ပေါ်မှာ တင် ထားသည့် ကြိမ်ဆွဲခြင်း ကို နားမလည်နိုင် ဟန်ဖြင့် ငေးကြည့်လိုက်သည် ။ ခြင်းထောင်း ထဲ က ပေါင်းတင်းချောင်းများ ကို တွေ့လိုက်ရ၍ လည်း အံ့သြသွားခဲ့ရသည် ။


“ ကျွန်တော့် ရဲ့ ရွာ အပြန် လက်ဆောင်တွေပဲ ကိုရေချမ်း ရေ ။ ပေါင်းတင်း ရယ် ၊ ခေါစီခေါပုတ် ရယ် ၊ ခင်ဗျား ကြိုက်ပါဦးမလား မသိဘူး ”  


ဒေါက်တာကျော်စိုး က ပြုံးစေ့စေ့ ဖြင့် ပြောလိုက်သော အခါ အမှတ်မထင် ဟက်ခနဲ ရယ်မိပြန်သည် ။ သူ့ မှာ ယခုလို ပေါ့ပေါ့ပါးပါး မရယ်ဖြစ် သည် မှာ ကြာပြီပဲ ။ ဒေါက်တာကျော်စိုး ရဲ့ ဇနီး နှင့် စကား လက်ဆုံ ကျနေ သည့် အမျိုးသမီး က သူ့ ကို မျက်စောင်းထိုး လိုက်သည် ။ သူ က သတိမပြု မိဟန်ဖြင့် နေလိုက်သည် ။ ဒေသထွက် အစားအစာများ ကို တွေ့လိုက်ရ သောအခါ သူ့ ရဲ့ ငယ်ဘဝလေး နှင့် ဘူတာစုရွာလေး ကို မှတ်မှတ်ရရ ရှိ သွားခဲ့ပြန်သည် ။ 


သတိလက်လွတ် ဖြစ်သွားရင်း ခြင်းတောင်း ထဲ က အေးစက်စက် ခေါစီထုပ်တွေ ကို ကိုင်ကြည့် နေသည့် သူ့ လက်တွေ က မသိမသာ တုန်ယင် နေလျက် ရှိသည် ။


“ ဘူတာစု ဟာ ခင်ဗျား ငယ်ငယ်တုန်း က လိုပဲ သိပ် မပြောင်းလဲဘူး ။ စီဒီအိုကေတွေ နဲ့ ဗီဒီယိုရုံတွေ ပဲ အသစ် တိုးလာတယ် ”  


စိတ်အာရုံတွေ လွင့်မျော နေ၍ ဒေါက်တာကျော်စိုး စကား ကို သဲသဲကွဲကွဲ မကြားလိုက်ရ ။ လွန်ခဲ့သည့် ၆ လ လောက် က ဖြစ်မည် ။ သူငယ်ချင်း တစ်ယောက် က မိတ်ဆက် ပေး၍ ဒေါက်တာ ကျော်စိုး နှင့် သိကျွမ်းခဲ့သည် ။


သူငယ်ချင်း ကိုကျော်စိုး က “ မင်း ငယ်ငယ်တုန်းက နေခဲ့တဲ့ ဘူတာစု ရဲ့ တိုက်နယ်ဆေးရုံ မှာ တာဝန် ကျလို့ ကွ ။ မရောက်ဖူးသေးတော့ အဲဒီ ရွာ အကြောင်း မင်း ပြောနိုင်မလားလို့ ကူညီစမ်းပါဦးကွာ ”  


သူ က မသိသော ပြုံးရယ်လိုက်ရင်း ခေါင်းညိတ် ပြ လိုက်မိသည် ထင်၏ ။ မွေးရပ်မြေ မဟု တ်ပေမယ့် နှစ်ကာလများ စွာ နေခဲ့ရသည့် ရွာလေး တစ်ရွာ အကြောင်း သူ့ ရင်ထဲမှာ အမြဲ တည်ရှိ နေပါသည် ။ ဘယ်နေရာ ရောက်တော့ ဘယ်လို ကွေ့ ၊ ဘယ်လမ်းမှာ တော့ ဘယ်လိုချိုး ၊ မျက်စိမှိတ် သွားရင်တောင် အမှတ်အမှား မရှိဘဲ အားလုံး သိပါသည် ။ ဒါပေမဲ့ ရွာ အကြောင်း ပြောဖို့ အတွက် စကားအစ ရှာရ ခက်မိပြန်သည် ။ ဒေါက်တာကျော်စိုး အား ငေးကြည့် နေသည့် မျက်လုံးအိမ် ထဲ တွင် ဘူတာစုရွာလေး ရဲ့ ပုံရိပ်များ က ထင်ဟပ် လာခဲ့သည်  ။


မန္တလေး မြစ်ကြီးနား မီးရထားလမ်း နံဘေးက ဘူတာရုံ သေးသေးလေး နှင့် ရွာလေး တစ်ရွာ ။ မန္တလေး မှ မီးရထား စီးသွားခဲ့လျှင် ထို နေရာ သို့ ညနေစောင်း မှ ရောက် တတ်သည် ။ ကုက္ကိုပင်ကြီး တွေ စီတန်း အုပ်ဆိုင်း နေသည့် ဘူတာရုံလေး ။ ခပ်လှမ်းလှမ်း မှာ တော့ တစ်နေရာ နှင့် တစ်နေရာ ထိစပ်ကာ တပြန့်တပြော ကျယ်ဝန်းသည့် လယ်ကွင်းကြီးများ ။ ပြီးတော့ ဟိုးအဝေး ဆီက တောအုပ် နှင့် တောင်တန်းများ ။ မြူခြေ နှင့် တောအုပ် ။ နှင်းဇာပဝါပါး နှင့် တောင်တန်း ။ တချို့က တောင် ကို မှီး၍ တ ချို့ကျတော့ တောင် ကို ထိုးလျက် ။ ညနေစောင်း နေအို သွားသည့် အခါ တောင်တန်းကြီးများ က မှိုင်းပြာ သွားတတ်သည် ။ တောင်တန်း နှင့် လယ်ကွင်းများ ဆီသို့ ငေးရီ ကြည့်နေသည့် သူ့ စိတ်အာရုံ ထဲသို့ အသံ တစ်ခု တိုးဝင်လာခဲ့သည် ။ အစ ကနေဦး တော့ မသဲမကွဲ ဝိုးတဝါး ။ အသံရှင် က သူ့ ဆီသို့ နီးကပ် လာခဲ့သည် ။ ဆတ်ခနဲ သူ လှည့် ကြည့်လိုက်သည် ။ 


“ ဟေး ... ဆရာလေးသား ၊ ရေတိုက် သွားမလို့ လိုက်မလား ”  


ရေစည်လှည်း ပေါ် မှ တကြော်ကြော် အော်ခေါ် နေသည့် နွားမောင် ။ အတန်းတူ ကစားဖော် ကစားဖက် သူငယ်ချင်း ။ အဖေ က သည် ရွာလေး မှ ကျန်းမာရေးမှူး အဖြစ် တာဝန်ထမ်းဆောင် နေတာကြောင့် တစ်ရွာလုံး က အဖေ ကို လေးစားချစ်ခင်စိတ် ဖြင့် ဆရာလေး ဟု ခေါ် ကြသည် ။ ထို အခါ သူ သည် လည်း အလိုအလျောက် ဆရာလေးသား ဆိုသည့် အမည် တွင် သွားရချေ၏ ။


ရေစည်လှည်း ပေါ်သို့ စွေ့ခနဲ ခုန်တက်လိုက်သည် နှင့် နွားမောင် က “ ဟား ”   ခနဲအော်သံ ပေးကာ ကြိမ်တံပြာ ဝဲ၍ သွက်သွက်လက်လက် မောင်းနှင် တော့သည် ။ သည် နေရာ တစ်ဝိုက်တွင် မိုး ကို မျှော်၍ စပါး စိုက်ပျိုး ကြသည် ။ မိုး အခါမှာ တော့ ရေတွေ က များ မှ များ ။ ချောင်းရေမြောင်းရေတွေ လျှံတက်ကာ လယ်ကွင်းတွေ လည်း ရေတဖွေးဖွေး နှင့် ကွင်းပြင်ကျယ်ကြီး အသွင်သို့ ပြောင်းလဲ သွားခဲ့သည် ။ ဒါပေမဲ့ နွေ ရောက်တော့ ရေတွေ ခန်းခြောက် သွားခဲ့လေပြီ ။ သောက်သုံးရေ အခက်အခက် ရှိ လာ သောကြောင့် တစ်တိုင်ခန့် ဝေးမည့် တောင်ခြေ ရှိ စမ်းကျတွင်းများ ဆီ သို့ လှည်းတွေ နှင့် ရေတိုက် သွားကြရစမြဲ ဖြစ်သည် ။


ရိတ်သိမ်းပြီးစ လယ်ကွင်းများ ကို ဖြတ်သန်း နေသည့် လှည်းလမ်းကြောင်း အတိုင်း သူတို့ ရေစည်လှည်း က ဒုံးဒုံးဒေါင်းဒေါင်း အသံတွေ ပေးကာ ခရီး နှင်နေလျက် ၊ ကျနေရောင် က လည်း ရိုးပြတ် လယ်ကွင်းပြင် မှာ ရွှေရောင်များ ပက်ဖျန်း နေဆဲ ။ အချို့နေရာ မှာ တော့ စိမ်းညို့ညို့ သစ်ပင်အုပ်စု နှင့် ယိုင်နဲ့ နေသည့် လယ်စောင့်တဲ ။ ကျိုးတိုးကျဲတဲ ပေါက် နေသည့် သစ်ပင်တွေ က ကွင်းပြင်ကျယ် တစ်ခုလုံး ။ အဝါ ထဲ မှာ အစိမ်းရောင် ဆေးစက်တွေ ချထားသည့် နှယ် ။ ညနေခင်း လေပြည် သည် လယ်ကွင်းပြင် ကို ဖြတ်သန်းကာ ညင်ညင်သာသာလေး တိုက်ခတ် လာခဲ့သည် ။ လယ်ကွင်း ထဲ မှာ ဖြတ်သန်း မောင်းနှင်နေသည့် လှည်းတွေ နောက် မှာ ဖုန်လုံးကြီးတွေ ကို မိုးကောင်ကင် သို့ လွင့်တက် နေလျက်ရှိသည် ။ တစ်ခါတစ်ရံ တော့ ချုပ်ရိုးကြောင်း သဖွယ် တည်ရှိ နေသည့် မီးရထားသံလမ်း ဆီ က ကုန်တင်မီးရထား တစ်စီး ခုတ်မောင်း သွားသည် ကို မှုန်မှုန်ပျပျ တွေ့မြင်ရ တတ်သည် ။ မီးသွေးစက်ခေါင်း ဆီမှ မှုတ်ထုတ် လိုက်သော မီးခိုးမည်းများ သည် နေရောင် ထဲတွင် အရိပ်သဏ္ဌာန် ဖြစ်ပေါ် လျက် လယ်ကွင်းများ ပေါ်သို့ တရိပ်ရိပ် လွင့်မျောလျက် ရှိသည် ။


တောင်ခြေ ကို ရောက်တော့ နေလုံးကြီး သည် အနောက် မိုးကုပ်စက်ဝိုင်း သို့ နစ်မြုပ် သွားခဲ့လေပြီ ။ သစ်ရိပ်ဝါးရိပ် ကြောင့် တဖြည်းဖြည်း လွင့်မျော လာသည့် အမှောင် နှင့် အတူ အအေးဓာတ် ကို ခံစားရသည် ။ တောင်ခြေ တောတန်းတစ် လျှောက် ပိုးပုရစ်တွေ က သံစုံအော်မြည် နေကြသည် ။ သစ်ပင်မြင့်မြင့် ပေါ်တွင် အစာရှာ ထွက်တော့မည့် ဇီးကွက်တစ်ကောင် က အလှုပ်အရှား ကင်းမဲ့စွာ ခိုနား နေလျက် ။ စမ်းကျ တွင်း မှာ ရေစည်တိုက် လာကြသည့် လှည်းတွေ လေးငါးစီးခန့် ဆုံ တတ်သည် ။ တစ်ခါတလေတော့ လည်း သူတို့ လှည်း တစ်စီး တည်းသာ ၊ ရေစည်လှည်း ကို အလျင်အမြန် ရေဖြည့် လိုက်ကြသည် ။ ပြီးမှ တွင်းနှင့် မလှမ်းမကမ်း တွင် ဆယ်ဝင်ပုံး ဖြင့် ရေဆွဲ သယ်ပြီး တဗွမ်းဗွမ်း လောင်းချ ရေချိုးကြသည် ။ အေးမြသည့် စမ်းကျရေ ကြောင့် တစ်ခဏချင်း လန်းဆန်း သွားသည် ။ ရေချိုးရတာ ပင် မဝ ။ 


“ သွားကြစို့ဟ ၊ သိပ် မှောင်သွားရင် မကောင်းဘူး ” 


နွားမောင် က သတိပေး လိုက်မှ ကပျာကယာ လက်စသ,တ် လိုက်ရလေသည် ။


လာလမ်း အတိုင်း ရေစည်လှည်း သည် လေးလံဖင့်နွဲ့စွာဖြင့် ရွေ့လျား လျက်ရှိသည် ။ လဆုတ်ရက် ဖြစ်တာ ကြောင့် မိုးကောင်းကင် တစ်ခုလုံး ပိတ်စမည်းကြီး ဖြန့်ခင်း ထားသလို အမှောင်ထု ဖြင့် ဖုံးလွမ်း နေပါသည် ။


ဖျိုးဖျိုးဖျပ်ဖျပ် လင်းလက် နေသည့် ကြယ်လေးတွေ ကို မြင်တွေ့ရ သော်လည်း အမှောင် ကို ခွင်း၍ အလင်း မဆောင်နိုင် ။ ရေစည်လှည်း ဆွဲလာသည့် နွားနှစ်ကောင် က လှည်းလမ်းကြောင်း အတိုင်း သွားနေရာ မှ ဗွေဖောက်ကာ နံဘေးသို့ ဖဲ့ဆင်းသွားသည် နှင့် တစ်ပြိုင်တည်း လယ်ကန်သင်း ရိုး နှင့် လှည်းဘီးတွေ မိတ်ဖွဲ့ သွားကြလေသည် ။ ထိုအခါ ရေစည် ကို ကားလျားခွ ထိုင်နေသည့် သူ့ ခမျာလည်း ရာဇဣန္ဒြေ ပျက် သွားသည် ။ ရေစည် ထဲ ရှိ ရေတွေ ကလည်း ဘောင်ဘင်သံ ပေးရင်း လှုပ်ခါကာ အပြင် သို့ လျှံထွက် သွားသည် ။


လှည်းဆရာ နွားမောင် ဒေါပွ လေပြီ ။ ဒိုးတူပေါင်ဖက် ရုန်းကန်လာ သည့် နွားနှစ်ကောင် ကို အမျက်တော် ရှကာ မအေနှင့် ကိုင်တုတ် လိုက်ရင်း မူလ လှည်းလမ်းကြောင်း နေရာသို့ ပြန် တည့်မတ်ပြီး နောက် ကြိမ်တံဖျားဖြင့် တဖုန်းဖုန်း တွယ် လေတော့သည် ။ နွားနှစ်ကောင် ခမျာ လည်း ကျောပြင် ပေါ်သို့ ကျရောက်လာသည့် ကြိမ်စကြာဒဏ် ကို မခံနိုင် တော့ ။ ရှေ့သို့ ခြေကုန်သုတ် ပြေးကြသည် ။ သူ သည် လည်း အောက် ကို ပြုတ်ကျ မသွားအောင် ရေစည် ကို သာ အမိအဖ သဖွယ် အားကိုးတကြီး ဖက်တွယ်ထားသည် ။ ဤသို့ဖြင့် ခရီး နှင်ရင်း လှည်းဆရာ လည်း လက်ပန်းကျ ၊ နွားနှစ်ကောင် လည်း မောသွားကြသည် ။


ရွာ ဆီ မှ မီးရောင် လက်လက် ကို တွေ့မြင် ရသည် ။ သည် တစ်ခါတော့ ဗွေဖောက်သူ က လှည်းဆရာ နွားမောင် ။ လက်ထဲ မှ ကြိမ်တံဖျား ကို အသာချကာ ရေစည် ကို မှီ၍ ခပ်လျှော့လျှော့ ထိုင်လိုက်ရင်း သီချင်း တစ်ပုဒ် ကို ကောက်ကာငင်ကာ ဆိုလိုက်ပါတော့သည် ။ သူ က လည်း အားကျမခံ နွားမောင် နှင့် အတူ သံပြိုင် ဟစ်ကြွေးသည် ။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံး သီချင်း ကို အစအဆုံး မရကြ ။ ဆို၍ ရသည့် သီချင်းအပိုဒ် ထဲမှာ ပဲ ထပ်ကာထပ်ကာ နှင့် သံသရာ လည်နေကြ၏ ။ ရွာခြေ သို့ ချဉ်းကပ်လာ တော့ မှ သီချင်းသံ ရပ်သွားသည် ။


လွမ်းရပါသည် ။ ပထမ အရွယ် ငယ်ဘဝ ရဲ့ ပုံရိပ်တွေ ကို ငေးမောမိ တိုင်း ဘူတာစုရွာလေး နှင့် ငယ်ပေါင်းတွေ ကို လွမ်းရပါသည် ။ မီးရထား ကို မျှော်နေသည့် ဘူတာရုံလေး နှင့် လယ်ကွင်းတွေ တောင်တန်းတွေ ကို လည်း သတိရသည် ။ ကျွန်းတိုင်လုံးကြီးများ နှင့် ခြေတံရှည် သက်ငယ်မိုး အလယ်တန်းကျောင်းအိုလေး ကို လည်း တမ်းတ မိသည် ။ ထိုနေရာလေး မှာ အတူတကွ စာသင် ခဲ့ကြသည့် အောင်ထွေး ၊ နွားမောင် ၊ ဗိုလ်ထွန်း ၊ လှဖေ ၊ မောင်လတ် နှင့် ကြည်ကြည်ဝင်း ၊ ဆိတ်တင် ၊ မိပဲ ၊ ခင်မြင့် စသည့် သူငယ်ချင်းများ ၊ ပြီးတော့ မခင်ဝိုင်း .... ။


အတွေး အာရုံ ထဲ တွင် မခင်ဝိုင်း ကို တွေ့လိုက်ရသော အခါ စိတ် အနည်ထိုင်သည့် အရွယ် ရောက်ပေမယ့် ရင် တစ်ခုလုံး လှုပ်ခါ သွားခဲ့ရသည်ကော ...


“ ဘူတာစု မှာ အထက်တန်းကျောင်းခွဲ ရပြီဗျ ။ မနှစ်က ဆယ်တန်း အောင်ချက် ကောင်းတယ်တဲ့ ။ ခင်ဗျား ကျောင်းနေဖက်သူငယ်ချင်းတွေ ကို လ ည်း တွေ့ခဲ့ရတယ် ။ သူတို့ က ခင်ဗျား ရွာ ကို တစ်ခေါက်တစ်ကျင်း အလည် လာခဲ့ဖို့ မှာ ကြသေးတယ် ”  


စကား တရစပ် ပြော နေသည့် ဒေါက်တာ ကျော်စိုး ကို သူ ငေးကြည့် နေမိသည်  ။ သူ့ စိတ်အာရုံသည် တည်ငြိမ်မှု မရှိ တော့ဘဲ အတိတ်ကာလ ဆီ လွင့်မျော သွားတတ်သည် ။ ဒေါက်တာကျော်စိုး စကားသံတွေ ကြားရမှ အိပ်မက် ထဲ မှ လန့်နိုး သွားပြန်သည် ။ စိတ် နှင့် ခန္ဓာကိုယ် သည် အမြဲ တွဲဖက် မရှိနိုင်တော့ ။ တစ်ခါတစ်ရံ တော့ ပူးတုံခွာတုံ ။


မျက်လုံးအိမ် ပေါ်မှာ ပုံရိပ် ထင်နေသည့် ကျောင်းအိုကြီး ကို ငေးမော နေစဉ်မှာ ပင် သူငယ်ချင်းတွေ နှင့် အတူ မခင်ဝိုင်း ကို တွေ့လိုက်ရပါ၏ ။


မခင်ဝိုင်း သည် ဘူတာစုရွာလေး နှင့် တစ်မိုင်ခန့် ကွာဝေးမည့် သင်တောရွာသူ ။ မူလတန်း အောင်၍ သူတို့ အလယ်တန်းကျောင်း သို့ ပြောင်းရွှေ့ လာ ခဲ့ခြင်း ဖြစ်သည် ။ 


အစ ကနဦးတော့ ရိုးရိုးအေးအေးလေး နေတတ်သည့် မခင်ဝိုင်း ကို မေ့လျော့နေခဲ့မိသည် ။ အခြား သူငယ်ချင်းတွေနှင့် အတူ ဆော့ခဲ့ ပျော်ခဲ့ကြရင်း စာသင်နှစ်တွေ တစ်နှစ် ပြီး တစ်နှစ် ကုန်ဆုံး သွားခဲ့သည် ။ သည်လိုနှင့် ၈ တန်း နှစ် သို့ ရောက် လာခဲ့သည် ။ ထိုအခါ မခင်ဝိုင်း ကို သူ သတိ ပြုလိုက်မိသည် ပေါ့ ။ အဲသည့် အချိန်က ကျေးလက်ဒေသတွေ မှာ ကျောင်းနေ နောက်ကျ တတ်၍ အသက်အရွယ် နှင့် အတန်း က လိုက်ဖက် မမျှ ။ အတန်း က ငယ်၍ စာသင်သားတွေ က အသက် ကြီး နေတတ်သည် ။ ခန္ဓာကိုယ် ဖွံ့ထွား လာပြီး လှချင် တိုင်း လှ နေသည့် မခင်ဝိုင်း ကို အမှတ်မထင် မြင်တွေ့ လိုက်ရသောအခါ အံ့သြမင်တက် သွားခဲ့သည် ။


မျက်ခုံး ထူထူ အသား ဖြူဖြူ ဆံရစ်ဝိုင်းကြီး နှင့် မခင်ဝိုင်း ၊ ခန္ဓာကိုယ် က အနည်းငယ် တုတ်ခိုင် နေသယောင် ရှိသော်လည်း သူ့ အချိုးအစား နှင့် သူ ပြေပြစ်သည် ။ ဝိုင်းစက်၍ အရည်လဲ့ နေသည့် မျက်ဝန်းများ သည် သူ့ ကို ညှို့ငင်ဆွဲယူ နေခဲ့ပြန်သည် ။ သူ့ အသက် ငယ်ပါ သေးသည် ။ အချစ် အကြောင်းလည်း နားလည်နိုင်စွမ်း မရှိသေးပါ ။ ဒါပေမဲ့ မခင်ဝိုင်း နှင့် အတူ ကျောင်းတက်ရ လျှင် ပျော်သည် ။ စာသင် နေရင်း ဖြင့် ထောင့်စွန်း နေရာလေးမှာ ထိုင်နေသည့် မခင်ဝိုင်း ကို တိတ်တခိုး ငေးကြည့် နေတတ်၏ ။ ဗလာစာရွက် ဖြူဖြူပေါ်မှာ လည်း မခင်ဝိုင်း အမည်တွေ ကို ရေးပြီးမှ မလုံမလဲ ဖြစ်သွားကာ စာရွက် ကို လုံးချေ လွှင့်ပစ်ခဲ့ရလေ၏ ။ လေးငါးဆယ်ခန့် ရှိမည့် အတန်း ထဲ တွင် ဆူညံအော်ဟစ် ဆော့ကစား နေကြပေမယ့် မခင်ဝိုင်း နှင့် နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး မတွေ့ ဆုံခဲ့စဖူး ။ မခင်ဝိုင်း သည် လှသည် ။ ရိုးသည် ။ စကားနည်းသည် ။ တစ်ယောက် တည်း အေးအေး နေတတ်သည် ။ တစ်ခါတစ်ရံတော့ မျက်တောင်ကော့ကြီးတွေ ကို တဖျပ်ဖျပ် ခတ်ကာ သူ့ ဆီသို့ စောင်းငဲ့ ကြည့်တတ်သည် ။ အဲသည် အခါမှာ တော့ ရင်ခုန်လှုပ်ရှား စိတ်မောသွားခဲ့ ရပြန်သည် ။


အတန်း မြင့် လာသောကြောင့် ဖတ်စရာ ၊ မှတ်စရာတွေ က များ လာ သည် ။ ထိုအခါ သင်္ချာ တွက်ရင်း အဖြေ ရှာ မရသည့် မခင်ဝိုင်း သည် သူ့ ဆီ သို့ ရောက်လာခဲ့၏ ။ သူ က လည်း အကူအညီ ပေးခဲ့ရပါ၏ ။ သူ က အတန်း ထဲ တွင် အမြဲတမ်း အဆင့်တစ် ရနေသူ ။ စာတော်သည့် ကျောင်းသား ၊ စာညံ့သူတိုင်း ကို အကူအညီ ပေးခဲ့ရပါ၏ ။ နားလည်သမျှ ကို ရှင်းပြသည် ။ မခင်ဝိုင်း အတွက်တော့ အထူး ဆိုဖွယ်ရာမရှိပြီ ။ တခြားသူ တွေ ထက် စေတနာတွေ က ပိုသည် ။ မေတ္တာ လည်း ပါ၏ ။ မုဒိတာ လည်း ပါ၏ ။ အကြင်နာ ကရုဏာလည်း ပါ၏ ။ ဤသို့သော စေတနာ မေတ္တာ အကြင်နာ တွေ ရေစီးကမ်းပြို ဖြစ်ကာ မမောနိုင် မပန်းနိုင်ဘဲ သင်္ချာတွေ တစ်ပုဒ် ပြီး တစ်ပုဒ် တွက်ပြ ရှင်းပြ သည် ။ မခင်ဝိုင်း က လည်း သူ့ အနား မှာ ယုန်ရုပ်လေး ချထား သလို ငြိမ်ငြိမ်သက်သက်လေး ထိုင်နေ ရှာသည် ။ အသက်ရှူသံ ငွေ့ငွေ့လေး ကို ကြားရသည် ။ ကိုယ်သင်းရနံ့လေး က လွင့်ပျံ့လာခဲ့ သည် ။ အဲသည် အခါ ကျတော့လည်း သင်္ချာဆရာ ခမျာ စိတ်တွေ ဖောက်ပြားသွားကာ အဖြေ မထုတ်နိုင်ဘဲ တဝဲဝဲရယ်တဲ့ တလည်လည် ဖြစ်သွားရှာသည် ။


မခင်ဝိုင်း က သူ့ ကို ကိုရေချမ်း ဟု ခေါ်သည် ။ ဘာကြောင့် သူ အမည် ရှေ့ က “ ကို ”   တပ် ခေါ်သည် မှန်း မသိပါ ။ ခင်မင်ရင်းနှီး သွားတော့လည်း ညနေ ကျောင်းဆင်းချိန် တိုင်း မခင်ဝိုင်း တို့ ရွာ အပြန်တွင် အကြောင်းပြချက် တစ်ခုခု ရှာကာ ရွာထိပ် အထိ လိုက်ပို့လေ့ ရှိစမြဲ ။ နောက် တစ်နေ့မ နက် လင်းတော့ ကျောင်း ပေါ်မှ မခင်ဝိုင်း ကို မျှော်နေမိပြန်သည် ။ ထမင်းချိုင့်လေး ဆွဲ၍ ကျောင်းသို့လာနေတာကို တွေ့လိုက်ရသော အခါ သူ ပျော်သွားသည် ။ ယခုတော့ ကိုရေချမ်း သည် မခင်ဝိုင်း ကို မခွဲနိုင်တော့ပြီ ။ စာရွက်ဖြူ တစ်ရွက်ပေါ်မှာ သူ့ အမည် နှင့် မခင်ဝိုင်း အမည် ကို ရေးလိုက်သည် ။ ပြီးတော့ သူတို့ နှစ်ယောက် အလယ် မှာ အပေါင်းလက္ခဏာ တစ်ခု ဖြည့်စွက်လိုက်သည် ။ ကိုရေချမ်း အပေါင်း မခင်ဝိုင်း ၊ ကိုရေချမ်း အပေါ င်း မခင်ဝိုင်း ။ တစ်ရက်တော့ တိတ်တခိုး ရေးထားသည့် အဲသည့် စာကြောင်းလေး ကို မခင်ဝိုင်း တွေ့သွားခဲ့သည် ။ “ ဟင် ... ” ဆိုသည့် စကားသံ က သူ့ ရင်ထဲ သို့ ဆောင့် တိုး သွားခဲ့ချေသည် ။ မခင်ဝိုင်း က စကား တစ်ခွန်းမျှ မဆိုဘဲ သူ့ အား မျက်လုံးရွှဲကြီး နှင့် ကြည့် နေသည် ။ သူ့ခမျာ လည်း အပြစ် ကျူးလွန်သူ တစ်ယောက် လို ခေါင်းငိုက်စိုက် ကျသွား ခဲ့သည် ။ အတန်ကြာ မှ သက်ပြင်းငွေ့ငွေ့ ရှိုက်ထုတ်သံ ကို ကြား လိုက်ရသည် ။ 


“ ကိုရေချမ်း ရယ် ... ကျွန်မတို့ က သူငယ်ချင်းတွေ ပါ နော် ။ စာ တတ်ချင်လွန်းလို့ အဝေးကြီး က ကျောင်း လာ တက်တဲ့ ကျွန်မ ကို နားလည်ပေးပါလားရှင် ”  


စာတတ်ဖို့ ကြိုးစား နေသော မခင်ဝိုင်း သည် စကားတော့ တတ်သည် ။ ပြောချင်တာတွေ ကို လှလှပပ နှင့် စကား ဆင်တတ်သည် ။ 


“ ကျွန်တော် .... ကျွန်တော် ... ” 


သူ့ ခမျာ ရှေ့ မဆက်နိုင်တော့ဘဲ ထစ်ထစ်အအ ဖြစ်နေရှာသည် ။ ရင် ထဲ မှာ လည်း ဟာလာဟင်းလင်း ။ မခင်ဝိုင်း တစ်ယောက် သူ့ အနီး မှ တိတ်တဆိတ် ထွက်ခွာသွားသော အခါ ငိုချင်သွားသည် ။ ယခုတော့လည်း သင်္ချာဆရာ အတွက် မှား ရင်း မျက်ရည် တောက်တောက် ယိုခဲ့ရလေပြီ ။ 


လွမ်းခဲ့ရပါသည် မခင်ဝိုင်း ။ ရှစ်တန်း အောင် သွားသည့် အခါ မှာ တော့ ဘူတာစုရွာလေး ကိုခွဲခွာ၍ မန္တလေး သို့ ရောက်သွား ခဲ့သည် ။ အစကနဦး တော့ မန္တလေး မှာ နေရတာ အဆင် မပြေ ။ ကျုံးမြို့ရိုးကြီး ကို ငေး မောရင်း ဘူတာစုရွာလေး နှင့် တောင်တန်းကြီးတွေ ၊ လယ်ကွင်းတွေ ကို သတိရ တမ်းတ နေမိသည် ။ အဖေ က ၁၀ တန်း ဖြေပြီးမှ ပြန်လာခဲ့တော့ ဟူသော အမှာ စကား ကြောင့် နွေကျောင်းပိတ်ရက် အချိန် တွင် နေ မထိ ထိုင် မသာ ဖြစ်ခဲ့ရသည် ။ မန္တလေးဘူတာကြီး ဆီ က မီးရထား ဥသြဆွဲသံ ကြားလိုက်ရသော အခါ ဟိုအဝေး ဆီ က ဘူတာရုံလေး ကို မှတ်မှတ်ရရ ရှိသွားခဲ့လေသည် ။ မီးရထား လာတော့မည့် အချက်ပေး သံချောင်းမွှေသံ ကြားလိုက်လျှင် သူ့ ခြေလှမ်းတွေ ဘူတာရုံလေး ဆီသို့ ရောက်သွား စမြဲ ။ ဘာရယ် မဟုတ် ။ ဘူတာရုံလေး မှာ သူငယ်ချင်းတွေ ဆုံကြသည် ။ ပြီးတော့ ထိုးဆိုက်လာသည့် ရထားတွဲ က ခရီးသည် များ ကို ငေးမော ကြည့်ရှုကြသည် ။ မီးရထား က ဘူတာရုံလေး မှ ဆက်လက် ထွက်ခွာ သွားသောအခါ သူတို့ လည်း အိမ်သို့ ပြန်ခဲ့သည် ။ သည်လိုနှင့် ည ( ၉ ) နာရီ လောက် ရောက်သောအခါ ဘူတာရုံလေး ဆီသို့ တစ်ခေါက်တစ်ကျင်း ရောက်လာခဲ့ပြန်သည် ။ အဲသည် အချိန် ဆိုလျှင် အထက်ရထား လို့ ခေါ်သည့် မြစ်ကြီးနား မန္တလေး အစုန်ရထား ဝင် လာလေ့ရှိသည် ။


ဘူတာရုံဝန်းကျင် တစ်ခုလုံး အမှောင် ထဲမှာ အိပ်မောကျလျက် ရှိသည် ။ ည တာဝန်ကျသည့် ရုံပိုင်လေး အခန်း ဆီ က မှန်အိမ် အလင်းရောင် ကလည်း အမှောင်ထု ကို တိုးခွဲ မလင်းနိုင် ။ သူတို့ က ထိုင်ခုံတန်းလေး ပေါ်မှာ ထိုင်ရင်း စကားကောင်း နေကြသည် ။ ပြောကြသည့် စကားတွေ က လည်း ရေးကြီးခွင်ကျယ် မဟုတ် ။ ရောက်တတ်ရာရာ ။ တစ်ခါတစ်ရံ ရထားသံလမ်း ပွိုင့်ခွဲ သွားမည့် ဂျမဒါ ကိုအုန်းမောင် ကလည်း အချက်ပြ မှန်အိမ် ကို ဆွဲရင်း သူတို့ အနီးသို့ ရောက် လာလေ့ရှိသည် ။ ထို့နောက် မလွတ်တမ်း ခဲထားသည့် ဆေးလိပ် ကို မီးခိုးထောင်းထောင်း ထ အောင် ဖွာလိုက်ကာ သူတို့ ပြောနေသည့် စကားကို ဖြတ်ပြီး “ မင်းတို့ များ သိချင်ကြမလား မသိဘူး ၊ တစ်နေ့က အတွေ့အကြုံလေးပေါ့ကွာ ” ဟူသော နိဒါန်းလေးဖြင့် အစချီ လိုက်သည် ။ ဘာတွေ ပြောမည်မှန်း မသိ ပေမယ့် သူတို့ အားလုံး ကိုအုန်းမောင် အနားသို့ တိုးတပ်သွားကြသည် ။ အဲဒီ လူ က လည်း စကား ပြောတာ က တကယ်ကောင်း ၊ အတွေ့အကြုံတွေ ကလည်း စုံသည် ။ ပြောသမျှ အကြောင်းအရာများ သည် သူတို့ အတွက် တော့ အံ့ဖွယ် ၊ ဆန်းဖွယ် ၊ တစ်ခါတလေ နားထောင်ရင်း နှင့် မျက်လုံး တွေ ကျယ်ကာ ရင်တုန် သွားရပါဘိသည် ။ သို့ပေမဲ့ သစ်ပင်တွေ ပေါ်မှာ တစီစီ အော်မြည် နေကြသည့် ပုစဉ်းရင်ကွဲသံများ ကြောင့် ကိုအုန်းမောင် ရဲ့ အသံ က မသဲမကွဲ ။ တိုး သွားလိုက် ။ ကျယ် သွားလိုက် ။ ရထား ဝင်ချိန် နီးကပ်လာတာကြောင့် ဘူတာရုံ ဆီမှ ဒုံးဒုံး ဆိုသည့် လက်မှတ်ထုသံ က သူ တို့ စကားဝိုင်း ထဲသို့ လွင့်မျောလာတတ်သည် ။ ပတ်ဝန်းကျင် တစ်ခုလုံး ပုစဉ်းရင်ကွဲသံ နှင့် ခပ်အုပ်အုပ် စကားပြောသံ မှ လွဲ၍ အားလုံး တိတ်ဆိတ်ငြိမ်သက်နေလျက် ၊ မီးရထားသံလမ်းခွဲ ပေါ်မှာ ရှိနေကြသည့် ကုန်တွဲ တွေ က လည်း ပျင်းရိငေးငိုက်နေလျက် ။


မြောက်ဘက် ကောင်းကင်ပြင် တွင် မှိန်ပျပျ အလင်းရောင် ကို တွေ့ရ သည် ။ တောင်ကို ကျော်၍ ခုတ်မောင်း လာသည့် မီးရထားစက်ခေါင်း ဆီ က လျှပ်စစ်မီးရောင် ဖြစ်သည် ။ ဘူတာစု ဘူတာရုံလေး သည် တောင်ခြေ မှာ တည်ရှိသည် ။ အလင်းရောင် သည် မှိန်ဖျော့ နေရာ မှ လင်း လာခဲ့သည် ။ သည်လိုနှင့် တဖြည်းဖြည်း ကျယ်ပြန့် သွားကာ မြောက်ဘက် မိုးကုပ်စက်ဝိုင်း တစ်ခုလုံး အလင်းရောင်တွေ ဖုံးလွှမ်း သွားခဲ့သည် ။ တစ်ခဏ အကြာ တောင်ဆင်းလမ်း အတိုင်း ခုတ်မောင်း လာသည့် ရထားစက်ခေါ င်းမီး ကို တွေ့မြင် လိုက်ရသည် ။ ကိုအုန်းမောင် လည်း အဲသည် တော့ မှ ပြောလက်စ စကားတွေ ကို ဖြတ်ကာ မှန်အိမ်ကြီး ကို ဆွဲရင်း သံလမ်းခွဲ ပွိုင့် ရှိရာသို့ သုတ်သုတ်လေး သွားလေသည် ။ သူ က ဘူတာ ထဲ သို့ဝင်လာသည့် မီးရထားကြီး ကို ရည်ရွယ်ချက် မရှိ ငေးမော နေမိသည် ။ မီးရထား က ဘူတာရုံလေး မှာ ကြာကြာ မရပ်နား ။ ဂါတ်ဗိုလ်တွဲ ဆီမှ မီးရောင်စိမ်းသည် နှင့် ဥဩသံ ပေးကာ ရှေ့ဆီ သို့ ဆက်လက် ထွက်ခွာ သွားသည် ။ ထို့နောက် ဘူတာရုံလေး သည် ယခင် က လိုပင် တိတ်ဆိတ်ငြိမ်သက် သွားခဲ့ပြန်စမြဲ ။ အချိန်တန်၍ အိမ်ပြန် ခြေလှမ်းများ ကို ခပ်မှန်မှန် သွားလိုက်ရင်း တစ်နေ့တာ ပြီးဆုံးသွားပြန်ပေါ့ ဟု တွေးလိုက်သည် ။ 


ဘူတာရုံလေး နှင့် သူ့ အတွက် နေ့ညများ အမြဲတမ်း မြင်တွေ့ နေရသည့် ခံစားမှုဖြစ်သည် ။ ဒါပေမဲ့ တစ်ချိန်တစ်ခါ တော့ ဘူတာရုံလေး မှာ ပင် ရင်ခုန်လှုပ်ရှားရင်း စာပို့ရထားကြီး ကို စောင့်မျှော်နေရမှာ မတွေးတော မိလေခဲ့ ။ ၁၀ တန်း ဖြေပြီး လျှင် ပြီးချင်း အထုပ်အပိုးတွေ သိမ်းကာ ဘူတာစု သို့ သူ အမြန် ပြန်လာခဲ့သည် ။ တောင်တန်းများ လယ်ကွင်းများ ၊ ဘူ တာရုံလေးနှင့် သူ့ သူငယ်ချင်းများ ။ သည် မြင်ကွင်း သည် ရနံ့တွေ  ထဲ သို့ ပြန်လည် တိုးဝင်ခဲ့ရသောအခါ သူ ပျော်သွားသည် ။ ဝါးမျို သွားသည့် အချိန်ကာလ နေ့ရက်များ သည် ငယ်ရွယ်သူ တို့ ၏ ဘဝများ ကို ကစဉ့်ကလျား တကွဲတပြား ဖြစ်သွားစေခဲ့ပြီ ။ 


နွားမောင် က ကျောင်း ထွက်ပြီး လယ်လုပ်သည် ။ ညီအောင် က စပါးဒိုင်မှူး ၊ ဆိတ်တင် နှင့် မပဲ တို့ က သားဖွားဆရာမသင်တန်း တက်နေကြသည် ။ ထိုအခါ သူ သည် ပင့်သက် ကို အကြိမ်ကြိမ် ချရင်း မခင်ဝိုင်း ကို သတိတရ မေးမြန်းမိပါ၏ ။ တိကျသေချာသည့် သတင်းအချက်အလက်များ ကို စုံစမ်းထောက်လှမ်းရပါ၏ ။ စိတ်အမောတွေ ပြေပျောက်ဖွယ်ရာ ၊ မခင်ဝိုင်း သည် ရာသီစာ ဒေသ ထွက်ကုန်များ နှင့် ကသာမြို့ သို့ ကုန်ကူး သွားလေ့ ရှိသည် တဲ့ ။ တစ်ခါတစ်ရံ မီးရထား အရမ်း နောက်ကျလျှင် ရွာသို့ မပြန်တော့ဘဲ ဆွေမျိုး မကင်းသည့် နွားမောင် တို့ အိမ် မှာ အိပ်တတ်သည် တဲ့ ။ ထိုသောအခါ တွင် သူ သည် ညအချိန် ရောက်သည် နှင့် ဖင်တကြွကြွ ဖြစ်ကာ ဘူတာရုံလေး ဆီ သို့ အမြန် သွားချင်နေမိသည် ။ အုံ့ပုန်းပူ လူသိ မခံနိုင်သည့် အနေအထား ။ ညစဉ်ညတိုင်း စာပို့ရထားကြီး နှင့် ပါလာမည့် မခင်ဝိုင်း ကို မျှော်နေခဲ့ရ လေသည် ကော ။


စွဲလမ်းတမ်းတသည့် စိတ်အာရုံများ က စိုးမိုးနိုင် လွန်းသည် ။ တွေ့ချိန် မြင်ချိန် နီးကပ်လာသော အခါ အလွမ်းစိတ်တွေ က ပိုသည် ။ တောင်တန်းများ နောက်မှ ခပ်ရေးရေး ပေါ်လာမည့် မီးရထားစက်ခေါင်း အလင်းရောင် ကို လှမ်းမျှော် ငေးကြည့် နေတတ်သည် ။ တရွေ့ရွေ့ နီးကပ်လာသည့် ရထားစက်ခေါင်း မီးရောင် နှင့် အတူ ရထား ခုတ်မောင်းသံများ က မျှော်ရှာသူ ကို စိတ်အမောပြေ ပျောက်စေခဲ့လေမည်လား ။ ရထားတွဲ ပေါ် မှ ဆင်းလာမည့် မခင်ဝိုင်း ကို မြင်လိုက်ရသောအခါ လိုချင်တာ ရလိုက် သည့် ကလေး တစ်ယောက် ပမာ မြူးကြွလှုပ်ရှားနေလျက် ။ ဘူတာရုံ အခန်းလေး ဆီက ပွင့်အန်ကျ နေသည့် မှန်အိမ် အလင်းရောင် ထဲ မှာ ရပ်နေသည့် မခင်ဝိုင်း ကို ငေးကြည့်နေမိပါသည်  ။ နှလုံးသား ထဲ မှာ စွဲနစ်တည်ရှိ နေသည့် ချစ်ခြင်း ၏ ရနံ့ ကို ခံစားရှာဖွေ တွေ့ရှိခဲ့ရ လေပြီ ။ မခင်ဝိုင်း သည် လှပနေဆဲ ။ ယခင် က လို ဖူးပွင့်စ ပန်းတစ်ပွင့်၏ အလှမျိုး မဟုတ်တော့ ဘဲ ဣန္ဒြေသိက္ခာ ပြည့်ဝ လာသည် ဟု ထင်သည် ။ တစ်ခဏချင်း မှာ ပင် စိတ်ကို အစိုးမရ နိုင်တော့ဘဲ အနီးသို့ လျင်မြန်စွာ တိုးကပ် သွားခဲ့သည် ။ ပြီးတော့ မခင်ဝိုင်း ကို တိုးတိုးလေး ခေါ်လိုက်မိသည် ။ ရုတ်တရက်မို့ အထိတ်တလန့် ဖြစ်သွားရှာသည် ထင့် ။ ယုန်ငယ်လေးတစ်ကောင် လို ဖျက်ခနဲ တုန်ယင် သွားကာ အသံ ကြားရာဆီ သို့ လှည့်ကြည့်သည် ။ တစ်ခြမ်း စွန်း ကျနေသည့် အလင်းရောင် ထဲက သူ့ ကို တွေ့လိုက်ရသောအခါ အံ့အားသင့် သလို ဖြစ်သွားရှာသည် ။ ထို့နောက် အရည်လဲ့ နေသည့် မျက်လုံးတွေ ဝိုင်းဝိုင်းလည် သွားရင်း “ ဟင် .. ကိုရေချမ်း ” ဟု တအံ့တသြ ဆိုလိုက်ရှာသည် ။


မီးရထား ထွက်ခွာ သွားသည် နှင့် တစ်ပြိုင်နက်တည်း တိတ်ဆိတ် သော အမှောင်ထု ထဲတွင် ပုစဉ်းရင်ကွဲသံများ က ဆူညံလာခဲ့ပြန်သည် ။ ဘူတာရုံရှေ့ မျက်နှာစာ တစ်ဝိုက်မှာ တော့ လက်နှိပ်ဓာတ်မီးရောင်များ က တဝင်းဝင်း တလက်လက် ။ မုန့်ပုံးခွံ ထဲမှာ ထည့်ထားသည့် ရေနံဆီမီး ခွက် အလင်းရောင်တွေ ကလည်း မြေပြင် မှာ လင်းဖြာ နေလျက် ။ 


“ ကျွန်တော့်ကို မှတ်မိပါ့မလား လို့ စိတ်ပူ နေရတာ ။ မန္တလေး မှာ တုန်း က မခင်ဝိုင်း ကို သတိ လည်း ရ ၊ နေ့တိုင်း လည်း လွမ်းမိတယ် ” 


အသက်အရွယ် နှင့် မြို့မှာ နှစ်နှစ်တာ နေခဲ့သည့် အတွေ့အကြုံတွေ ကြောင့် ကိုရေချမ်းသည် ယခင် က နှယ် မဟုတ်ချေပြီ ။ တွေ့ လျှင် တွေ့ချင်း လွမ်းစကား ဆိုသည် ။ သံယောဇဉ် အမျှင်အတန်းတွေ ယှက်နွယ်ကူးလူးချင်သည်  ။


ဒါပေမဲ့ မခင်ဝိုင်း သည် လည်း လောကထိုထို ၏ ပရိယာယ်များ ကို အကျွမ်းတဝင် ရှိနေခဲ့ပြီပဲ ။ သူ့ ဆီမှ ပစ်လွှတ် လိုက်သော မြားတစ်စင်း ကို အငြိအတွယ် မရှိအောင် ရှောင်တိမ်းသည် ။


“ ဘာလို့ မမှတ်မိရမှာ လဲ ၊ ငယ်သူငယ်ချင်းတွေ ပဲ မဟုတ်လား ” တဲ့  ။ 


ခက်ရပါပြီကော ။ စည်းသုံးတန် တား ထားသည် ကို ဖောက်၍ ချွတ်နင်းဝင်ရောက်ဖို့ ဟန်ပြင်ပေမယ့် စကား အလိမ္မာ ဖြင့် ရှောင်ဖယ်တာ ကို တွေ့ရပြန်တော့ စိတ်မောလက်မော ဖြစ်သွားရလေ၏ ။ “ မောင် ကြံရွယ် သည့် စံပယ်ကုံး မင်းဘယ်သို့တုံး ” ဟူ၍ သာ မေးရမယ့်နှယ် ။ ထိုအခိုက် “ ဟေး မခင်ဝိုင်း တို့ ရေ ရထားနဲ့ ပါလား ” ဆိုသည့် အော်ခေါ်သံ ကြားလိုက်တာကြောင့် စိတ် အနှောင့်အယှက် ဖြစ်သွားရသည် ။ မခင်ဝိုင်း နှင့် အတူ ပါလာသည့် အဖော် က “ ဒီမှာ ဟေ့ ၊ ဒီမှာ ရှိတယ် ”  ဟု အသံ ပြုလိုက်သည် ။ သူကတော့ ထိုအရာတွေ ကို သတိပြုနိုင်စွမ်း မရှိတော့ပါ ။ ပြောချင် သည့် စကားတွေက ရင်နှင့် အမျှ ။


“ ကျွန်တော့် ကို သူငယ်ချင်း အဆင့်ထက် မပိုတော့ဘူးလားဗျာ ”  ဟူသည့် စကားတွေ က ပွင့်အန် ထွက်လာခဲ့ရသည် ။ လာရောက် ကြိုသူများ က သူတို့ နှင့် တဖြည်းဖြည်း နီးကပ် လာသည် ။ နှစ်ခဲထိုး လက်နှိပ်ဓာတ်မီး ခေါင်း ကို လက်ဖဝါး ခံပြီး အလင်း ထွက်အောင် တဆတ်ဆတ် ထုနေရာမှ မခင်ဝိုင်း မသိမသာလေး စောင်းငဲ့ ကြည့်လိုက်သည် ။ ဒါပေမဲ့ အဲဒီ ညက သူ လိုချင်သည့် အဖြေ ကိုတော့ မရခဲ့ ။


ရွာ တောင်ဘက်ပိုင်း မှ အသံချဲ့စက်သီချင်းသံ က ညဉ့်လေအေးနှင့် အတူ လွင့်မျောလာသည် ။ ရေမြေတောတောင်ဆုံးစေ ကမ္ဘာမြေအနှံ့ ခြေ ဆန့်ကာ ချစ်သူပျောက်ကို ရှာဖွေ နေသည့် သီချင်းဖြစ်သည် ။ ကံကြမ္မာ အလှည့်ပေး မှ သာ ချစ်သူတို့ ပြန်လည် ဆုံဆည်းနိုင်ဖွယ်ရှိပါသည် ။ နှစ်ကိုယ်တူ နီးဖို့ အရေး က မျှော်လင့်စိတ်ကူး သလို လွယ်ကူချောမွေ့နိုင်ပါမည်လား ။ သူ မတွေးတတ် တော့ပြီ ။ ယခုတော့ လည်း ညတို့ သည် လျင်မြန်စွာ ကုန်ဆုံးသွားဖို့ ခက်ခဲလှချည့် ။ ခရီး က ပြန်လာမည့် မခင်ဝိုင်း ကို မျှော်သည် ။ တစ်ခါတလေ ရထား အဝင် နောက်ကျ တာကြောင့် ရွာ ကို မပြန်တော့ဘဲ နွားမောင် တို့ အိမ် တစ်ညတာ အိပ်နားသည့် အခါ ပျော်လိုက်ရသည့် ဖြစ်ခြင်း ။ ချစ်သူ မျက်နှာ လဝန်းပမာ ဆိုသည့် အတိုင်း မြင်တွေ့ရ တော့လည်း ရင်အေး သွားရပါ ဘိသည်  ။ ဆောင်းရက်များ က ကုန်ဆုံးသွား သော်လည်း အအေးဓာတ် က လွင့်ပြယ် မသွားနိုင်သေး ။ လဝန်း က ကောင်းကင် မှာ ရွှန်းရွှန်းမြမြ သာလျက် ရှိသည် ။ အဲသည် လို ညတွေ က ရှားတောင့် ရှားပါး ရှိပေမယ့် ပျော်စရာ လွမ်းစရာ ကောင်းသည် ။ လူတစ်ရပ် သာသာ ခြေတံရှည်အိမ်မြင့် က အဖီ ချထားသည့် သက်ငယ်မိုးအောက် ဝရံတာမှာ ထိုင်ရင်း နွားမောင် တို့ နှင့် အတူ စကားလက်ဆုံ ပြောခဲ့ကြသည် ။ သူတို့ အနီး သို့ မခင်ဝိုင်း ရောက်လာသည့် အခါ ည မိုးချုပ်သည့် တိုင် မင့် မောင်ကြီး မပြန်နိုင် ဖြစ်ရသည် ။ မြို့ မှာ အနေကြာ သွားတာကြောင့် မြို့ကြီးသား ဟန်ပန် အမူအရာများ က သူ့ ကိုယ် ပေါ်မှာ လွှမ်းမိုး ၍ နေချပြီ ။ ငယ်ငယ်တုန်း က နှင့် မတူ ။ ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက် နှုတ်ရေးကြွယ်လျက် ။ ပြောစရာ အကြောင်းတွေ ကလည်း များ မှ များ  ။ နွားမောင် ခမျာတော့ သူ့ စကား ထဲမှာ နစ်မျောရင်း ပါးစပ်ဟောင်းလောင်း ပွင့်နေရှာသည် ။ သူ ကလည်း ပီယဝါစာဖြင့် စကားပြောကလည်း ကောင်းသည် ကိုး ။ ထူးခြားအံ့ဩစရာတွေ ကို နားထောင်သူ စိတ်ဝင်စား အောင် ဆွဲဆောင်နိုင်သည့် အတတ်ပညာတွေ ကို ဘယ်က ဘယ်လို ရခဲ့လေသနည်း ။


စကား ပြောနေရင်း ဖလန်နယ်အနွေးထည်လေး ဝတ်ကာ ကျုံ့ကျုံ့လေး ထိုင်နေသည့် မခင်ဝိုင်း ဆီ သို့ မျက်လုံး အကြည့်တွေ က ရစ်ဝဲ နေလျက် ။ တစ်ခါတစ်ခါတော့ လည်း သတိလက်လွတ် ဖြစ်ရင်း ငေးမောမိလျက် ။ မခင်ဝိုင်း က စကား နည်းသည် ။ ပြောမှ မေးမှ တုံ့ပြန် စကားဆိုသည်  ။ ဒါပေမဲ့ သူ့ ကို မျက်လွှာ ပင့်ကာ ကြည့်လိုက် ပြန်တော့ ရင်ထဲ နွေး ထွေးသွားရင်း ကြားလိုလှသည့် စကား ရဲ့ အရိပ်သဏ္ဌာန် ကို ရှာဖွေတွေ့ ရှိလိုက်သည် ။


“ ဟေ့ကောင် ... ရေချမ်း...  မင်းတို့ မန္တလေးသူတွေ က လှဆို ။ မင်း မှာ ရည်းစားများ မရခဲ့ဘူးလား ” 


နွားမောင် က ရိုးရိုးသားသား မေး လိုက်ပေမယ့် သူ့ အတွက်တော့ မမျှော်လင့်ဘဲ အခွင့်အရေး တစ်ခု ရလိုက်သည့် နှယ် ။ အသံ ထွက်အောင် ရယ်မိလိုက်သည် ။


“ လှ မလှ မသိပါဘူးကွ ၊ တစ်ယောက် မှ လည်း စိတ်မဝင်စားဘူး ။ ငါ့ ရင် ထဲ မှာ သူတို့ အတွက် နေရာမ ရှိဘူးကွ ဟဲ ဟဲ ”  ဟု ရယ်ရယ်မောမောဖြင့် ပခုံးတွန့်လိုက်ရင်း ပျာပျာသလဲ ငြင်းဆန် ပြလိုက်သည် ။ အသာအသာ အိမ်ရိပ်ကို နင်း လို့ မင်းက ဘယ်က လာ ဟူသည့် သီ ချင်းလေး ကိုပင် ဆိုပြ လိုက်ချင်သေးသည် ။ သူ့ စကားတွေ က ဘယ်ဆီကို ရည်ရွယ်၍ တမင်တကာ ငြင်းပြလေမှန်း သိသာလှသည် ။ နှုတ်ခမ်း ထောင့်စွန့်လေးတွေ က ကွေးညွတ်သွားကာ မခင်ဝိုင်း က ပြုံးရယ်လိုက် သည် ကို တွေ့ရသည် ။ ထို့နောက် စိတ်မဝင်စား ဟန် ပြုကာ ရွာလမ်းမ ဆီ သို့ ငေးမော ကြည့်နေသည် ။ ညအခါ လသာသာ လမင်း နှင့် အပြိုင် ပြုံးရယ် နေသည့် ချစ်သူမျက်နှာ ။ 


တွေ့ကြဆုံကြ လှသော ည တွေက ကုန်လွယ်လှသည် ကော ။ သူ့ အတွက်တော့ အမှတ်တရ ညတွေက များ သည် ။ ဒါပေမဲ့ ရင်ခုန်လှုပ်ရှားရ ဆုံး ထို တစ်ည ကိုတော့ တွေးမိလေတိုင်း အသက်ရှူ မှားကာ ဇောချွေးများ ပင် စို့တက်သွားခဲ့ရသည် ။ အဲသည့် ည က နွားမောင် တစ်ယောက် အိမ်မှာ မရှိ ၊ တော ထဲ သို့ ထင်းခုတ် သွားသည် ။ ဝရန်တာ မှာ သူ တို့ နှစ်ယောက်တည်း ။


“ မိုးချုပ်လှပြီ ။ ပြန်တော့နော် ” 


လို့ တိုးတိုးလေး သတိပေး လိုက်၍ သာ အလိုက်တသိ ခေါင်းညိတ် ပြ လိုက်ရသည် ။ သည် သောင်ယံမှ မခွာနိုင်သေး ။ အိမ် အပြန်ခက်လှသည် ။ မခင်ဝိုင်း က အိမ်ဝင်း တံခါး အထိ လိုက်ပို့ ပေးသည် ။ အတွေး ကိုယ်စီဖြင့် လာကြရင်း နှစ်ယောက်သား စကား မဆိုမိကြ ။ ချစ်သူတို့ ချိန်းတဲ့ ည မဟုတ် သော်လည်း ရွှေလရောင် က မြူ မဖုံး ၊ တိမ်မကွယ် ဘဲ ထိန်ထိန် သာနေလျက် ရှိသည် ။ ကမ္ဘာ မြေပြင် တစ်ခွင်လုံး လှုပ်ရှားသံ မကြားရ လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည် ။ ည က လှသည် ။ ည၏ ပန်းရနံ့တွေ က လည်း မွှေးမြမြ ။ ဝင်းတံခါး ဖွင့်ဖို့ ဟန်ပြင် နေသည့် မခင်ဝိုင်း အနီးသို့ အမှတ်မထင် တိုးကပ် သွားခဲ့သည် ။ ထို့နောက် လေသံသဲ့သဲ့ လေးဖြင့် ခေါ်လိုက်သည် ။ အသက်ရှူသံ မျှဉ်းမျှဉ်း ကို ကြားရသည် ။ သူ့ ရင်ထဲ မှာ လည်း နှလုံးခုန်သံများ မြည်ဟည်းတုန်ခါနေလျက် ။ အထိတ်တလန့် နှင့် ကြည့်နေသော မျက်လုံးဝိုင်းကြီးများ ကို ရင်ဆိုင် လိုက်ရသော အခါ စိတ်အာရုံများကို ချုပ်တည်း နိုင်စွမ်း မရှိတော့ ။ မမျှော်လင့်ဘဲ ခန္ဓာကိုယ်လေး ကို ဆွဲယူ ထွေးပွေ့ လိုက်မိတော့သည် ။ 


“ အို ကိုရေချမ်း ” 


မခင်ဝိုင်း သည် သူ့ ရင်ခွင် ထဲ သို့ ရောက်လာသည် ။ ပူနွေးနူးညံ့နေသည့် ခန္ဓာကိုယ်လေး က တုန်ရီ နေလျက် ။ သူ က စကားတွေ ကို တရစပ် ပြောသည် ။ ထို့နောက် နုညက်နေသည့် ပါးပြင်လေး ကို အထပ်ထပ်အခါခါ နမ်းရှိုက်သည် ။ လည်တိုင်ကြော့ကြော့လေး မှာ လည်း အနမ်းတွေ နေရာများစွာ ။ တင်းတင်းကျပ်ကျပ်ဖက်ထားရင်း သူ့ အနမ်း တွေက ကြမ်းတမ်းချင်လာခဲ့သည် ။ သူ့ တစ်ကိုယ်လုံး ပေါက်ကွဲလွင့်စဉ် ကာ ဟင်းလင်းပြင်ထဲ ရောက်နေ ရ သလိုလို ၊ အေးမြနေသည့် လရောင် ထဲ မှာ နှစ်ဦးသား လွင့်မျော နေလျက် ။ မခင်ဝိုင်း သည် ရုန်းထွက်ဖို့ ကြိုး စားရင်း သူ့ ရင်ခွင်ထဲ မှာ ပျော့ခွေလဲ သွားရှာခဲ့သည် ။ “ ကိုရေချမ်း ရယ် ပြန်ပါတော့နော် ” သူ့ ရင်အုံ ကို မျက်နှာ ဝှက်ရင်း အထိတ်တလန့် ဖြင့် ပြော ရှာသည် ။ ဘဇာမျှ သူ မသိ ။ ကြား လည်း မကြားမိ ။ စောင့်ဆိုင်းခဲ့ရသည့် ညများ အတွက် သမုဒယနယ် မှာ ခိုနားလိုက်ချင်သည်  ။ တစ်ခဏတာ မျှ မိန်းမော နေကြပြီး ပူးကပ်နေသည့် ခန္ဓာကိုယ် နှစ်ခု ရုန်းခွာ လိုက်ကြသည် ။ သူ့ ရှပ်အင်္ကျီ မှာ တော့ မျက်ရည်များ က ရွှဲစိုနေလျက် ။ အိမ် ဆီ သို့ ပြေးထွက် သွားသည့် မခင်ဝိုင်း ကို ငေးငိုင်ကာ ကြည့်နေမိသည် ။ အာစေး ထည့်ထား သလို စကား တစ်ခွန်းမျှ မပြောနိုင် ။ ဝင်းတံခါးဝ မှာ ကျောက်ရုပ်ကြီး တစ်ရုပ် ချထားသည့် ပမာ ခပ်တောင့်တောင့်ကြီး ရပ် နေဆဲ ။ ညဉ့်လွှာရုံ ကို ထိုးဖောက်၍ စူးစူးနစ်နစ် ဆွဲငင်လိုက်သည့် မီးရထားဥသြသံကြောင့် အိပ်မက် ထဲမှ လန့်နိုး သွားခဲ့ရသည် ။ သူ သည် အယောင်ယောင် အမှားမှားနှင့် စိုရွှဲအေးစက် နေသည့် ရင်အုံနေရာ ကို လက်ဖဝါး ဖြင့် ထိကပ် ထားလိုက်သည် ။ အဆုတ် ထဲ မှာ လေမကျန်လိုက် သလို မွန်းကျပ်တစ်ဆို့ ၍ အသက်ရှူ မှားသွားခဲ့ ။ မျက်ရည်တွေ မျက်ရည်တွေ ။ ဪ အခုတော့လည်း သည် မျက်ရည်တွေ က နှလုံးအိမ် တစ်ခုလုံး ကို ပိတ်ဖုံး သွားခဲ့လေပြီကော ။


ပျော်ခဲ့ရသည် က တစ်ခဏ တာ ။ စိတ်မောလူမော ဖြစ်ရသည် က ကာလ မည်မျှကြာရှည် လေမည် မသိ ။ အလင်း ပြီးတော့ အမှောင် ။ အမှောင်ဆုံး တော့ အလင်း ။ တစ်ပြန် တစ်လှည့်စီ နှင့် လမိုက်ညများ သို့ ရောက်ခဲ့ရ ပြန်လေပြီ ။ ကြယ်ပွင့်လေးများ က အနက်ရောင် ကတ္တီပါစ ပေါ် မှာ စိန်ပွင့်လေးများ ဖြန့်ကြဲထားသည့် ပမာ တဖျပ်ဖျပ်နှင့် လင်းလင်းလက်လက် ။ ဘူတာရုံ ဆီမှ ထွက်ခွာ လာသည့် မီးရထားကြီး ကို အဝေးဆီ မှ လှမ်းမျှော် ငေးကြည့်မိသည် ။ မီးရထားကြီး သည် အရှိန် ကို မြှင့်တင်၍ အမှောင်ထု ထဲသို့ တိုးဝင် ခုတ်မောင်း လျက် ရှိသည် ။ သံလမ်း ပေါ်မှာ တော့ မီးရထားတွေ က အထက်အောက် စုန်ဆန်ကာ တစ်စီး  ပြီး တစ်စီး ခုတ် မောင်းနေကြ စမြဲ ။ သည်လိုနှင့် ညတွေ ကလည်း တစ်ည ပြီး တစ်ည ကုန်ဆုံး သွားခဲ့သည် ။ စိတ်ရှုပ်ထွေး နေတာကြောင့် နေ့စဉ် သွားနေကျ ဘူတာရုံလေး ဆီသို့ ခြေဦး မလှည့်ဖြစ်တာ ကြာလေပြီ ။ ထို့အတူ နွားမောင် တို့ အိမ် ကို လည်း မရောက်ဖြစ်ခဲ့ ။ ယခုအချိန် မှာ မခင်ဝိုင်း တစ်ယောက် ဘယ်ဆီ မှာ ရှိနေမည်လဲ ။ သူ တွေးဆ မရနိုင် ။ တွေ့ချင်မြင်ချင် မိပေမယ့် အပြစ် တစ်ခု လို ခံစား နေရ၍ ဤခရီး နီးပါလျက် သွားရမှာ မဝံ့မရဲဖြစ် နေရပါ၏ ။


အမေ က ငြိမ်ချက်သား ကောင်းနေသည့် သူ့ ကို ကြည့်ကာ အံ့ဩ နေဟန် ရှိသည် ။ အကျိုးအကြောင်း တစ်ခွန်းမျှ မမေး ။ မသိမသာ အကဲခတ် လျက်ရှိသည် ။ မူပျက် နေသည့် ကိုယ့် အခြေအနေ ကိုလည်း သတိ မထား ခဲ့ ။ ငူလျက် ၊ ငိုင်လျက် ၊ ငေးလျက် ၊ တွေးလျက် ၊ စိတ်အာရုံ ထဲ မှာ မခင်ဝိုင်း ရှိသည် ။ အိပ်မက် ထဲမှာ လည်း တွေ့ရသည် ။ ဪ ခက်ရများ ခက်ရပါတော့သည်  ။ တကယ်တော့ အမေ သည် နှုတ်မှ မဖွင့်မဟ မမေး သော်ငြားလည်း အနည်းအကျဉ်း တော့ သတိထား ရိပ်စားမိသည် ။ သူ သည် အမေ ရဲ့ တစ်ဦးတည်း သော သား ပဲ မဟုတ်လား ။ အမေ့ မေတ္တာများ သည် သူ့ အတွက် ချည်းသာ ။ သူ သည် အဖေ နှင့် အမေ ၏ မျှော်လင့်ချက်ဖြစ်သည် ။ အဲသည့် အခါ ကျတော့ လည်း အမေ့ ဆီမှ မျှော်လင့်မထားသည့် စကား ကို ကြားခဲ့ရ ချေသည် ။


“ နောက်နှစ် ရောက်ရင် မင်း အဖေလည်း ပင်စင် ယူတော့မယ် သား ရဲ့ ။ ၁၀ တန်း အောင်စာရင်း ထွက်ရင် သား လည်း တက္ကသိုလ် တက်ရတော့ မှာ ဆိုတော့ မန္တလေး ကို ပြန်ပြီး နေကြတော့မယ် ။ သား သဘောကျရဲ့ နော် ” 


သူ က အမေ့ ကို စကား တစ်ခွန်းမျှ မပြောမိဘဲ ခပ်မဆိတ် နေလိုက်ခဲ့သည် ။ အမေ သည် မိသားစု အတွင်းရေး ကို သူ့ အား အသိ ပေးနေခြင်း မဟုတ် ။ သတိ ပေး နေသည် မှန်း နားလည် လိုက်သည် ။ အဖေ ပင်စင်ယူပြီး မိသားစု သုံးယောက်စလုံး မန္တလေး မှာ ပြောင်းရွှေ့ ပေမယ့် နေရေးထိုင်ရေး အတွက် မခက်ခဲလှ ။ အမေ့ ဘက် က အမွေ ရသည့် ။ အိမ် ကို အိမ်ငှား တင်ထား၍ မန္တလေး ရောက်လျှင် အိမ်စပေါ်ငွေ ပြန်အမ်း ပြီး ကိုယ့် အိမ် ကိုယ် ပြန်နေလိုက်ရုံသာ ။ အမေ သည် သူ့ ဘဝ တစ်လျှောက် လုံး အဖေ ပြောင်းရွှေ့ရာ နောက်သို့ တကောက်ကောက် လိုက်ကာ ပျော်ရာမှာ မနေ ၊ တော်ရာမှာ နေ ခဲ့ရပေမယ့် သား အရွယ် ရောက် လာချိန်မှာ တော့ ဆွေမျိုးသားချင်းတွေ ရှိနေသည့် မန္တလေး မှာ အခြေချဖို့ ဆုံးဖြတ် လိုက်လေပြီ ။ သည်တော့ သူ့ ကို ဘူတာစုရွာလေး တွင် သံယောဇဉ် အနှောင်အဖွဲ့ မရှိရလေအောင် စောစော ကတည်း က စကား ပရိယာယ် သုံး၍ ဟန့်တား နေခြင်း ဖြစ်သည် ။ စိတ်မော ရပါဘိသည် ။ မှန်းဆ မရနိုင်သည့် ရှေ့ရေးကို တွေးလိုက်မိသောအခါ ရင်တစ်ခုလုံး ဗလောင်ဆူ သွားခဲ့သည် ။ အနား မှာ မခင်ဝိုင်း မရှိခဲ့ဟု ဆိုလျှင် .. ခွဲခွာကြ တော့မည် ဟု ဆိုလျှင် စုံကန္တာ သည် ခရီး မှာ ဘယ်ထီး မှ မောင် မပါဘဲ တစ်ယောက်တည်း လျှောက်လှမ်းရမည့် အရေး ကို တွေးပင် မတွေးဝံ့မိလေခဲ့ ။


လဝန်း သည် အရှေ့ဘက် တောင်စဉ် တောင်တန်းတွေ ဆီမှ ထွက်ပြူလာသည့် တစ်ည တွင် နွားမောင် တို့ အိမ်သို့ မဝံ့မရဲ ရောက်ခဲ့ရပြန်ပါ၏ ။ စိတ်အားတင်း၍ လာသာ လာ လိုက်ရသော်လည်း ခြေလှမ်းတွေ က ယခင် က နှယ် သွက်သွက်လက်လက် မရှိခဲ့ ။ သူ့ ကို မြင်မြင်ချင်း နွားမောင် တစ်ယောက် မျက်လုံးမျက်ဆံတွေ ပြူးကျယ် သွားသည် ။


“ ရော် ရေချမ်းပါလား ။ ဘယ်ပျောက်နေတာလဲ မောင် ”   


တအံ့တသြဖြင့် ဝမ်းသာအားရ အော် ပြောလိုက်သည့် အသံ ။ 


“ ဟုတ်ပါ့ဟယ် ၊ မောင်ရေချမ်း လည်း ပေါ်မလာတာ ကြာပြီကော ဥစ္စာ ။ ခရီး ထွက်နေလို့ လား ညယ် ”  


နွားမောင် ရဲ့ အမေ က လည်း ထင်းခွဲ နေရင်း နှင့် လှမ်းမေးသည် ။ ကလေးတွေ က လည်း သူ့ အနီးသို့ ဝိုင်းအုံ လာကြသည် ။ သည်နှယ် ရိုးသားဖြူစင်သည့် သူငယ်ချင်း မိသားစု ကို ကြည့်ရင်း လိပ်ပြာ မလုံ ၊ အနေခက်သွားခဲ့သည် ။ အားလည်း အားနာသည် ။ မိတ်ကောင်းဆွေကောင်းတို့ ၏ နှလုံးသား သည် မေတ္တာစိတ် ဖြင့် သန့်စင်ကြည်လင် စမြဲ ။ အဲဒါကို သူ မေ့လျော့ နေခဲ့ပါ၏ ။


အစ တစ်ခဏ ၌ စကား ပြောရတာ ခပ်ရှိန်ရှိန် ဖြစ်နေပေမယ့် နောက် တော့လည်း ယခင်အတိုင်း ရင်းရင်းနှီးနှီး ရယ်ရယ်မောမော ဖြင့် လွတ်လပ်ပေါ့ပါး သွားခဲ့သည် ။ စကားအရှိန် ကောင်းနေဆဲမှာ ပင် အိမ်ခန်းထဲ မှ ထွက်လာသည့် မခင်ဝိုင်း အား မမျှော်လင့်ဘဲ တွေ့လိုက်ရ၍ ရုတ်တရက် အံ့သြမင်တက်မိသွားခဲ့သည် ။


“ ဌေးကြွယ် တို့ အလှူပွဲ ရှိလို့ လာတာ ဟ ။ မနက်ဖြန် အလှူ ဝင်လေ ”   

ကြား က ဝင် ဖြေရှင်းချက် ပေးသည့် နွားမောင် စကား အဆုံးတွင် “ ဪ ” ဟု သာ ဆိုလိုက်ရသည် ။ အလွမ်းစိတ်တွေ အဖန်တလဲလဲ ခံ စားနေရတာကြောင့် တပြုံးပြုံး ထုနေသည့် ရွာထိပ် ဆီက ဗြောသံ ကို ပင် သတိ မပြုနိုင်ခဲ့လေပြီကော ။ တစ်ရွာ မှာ အလှူမင်္ဂလာပွဲ တစ်ခု ခု ရှိခဲ့လျှင် ကျန်သည့် ရွာတွေ က ညအိပ်ညနေ လာရောက် ဝိုင်းဝန်း ကူညီကြသည့် ဓလေ့ထုံးထမ်း ကို မေ့လျော့ နေမိခဲ့သည် ။ ဗြောသံ ဗြောသံ ။ ထိုထိုသော အသံ သည် သူ့ အတွက် မင်္ဂလာဗြောသံ ဖြစ်ပါက ကောင်းလေစွ ဟု မခင်ဝိုင်း ကို ကြည့်ကာ မဆီမဆိုင်စိတ်ကူးယဉ် လိုက်မိသေးသည် ။ ချစ်သူ ကို ငေးမိပြန်တော့ ပြောလက်စ စကားတွေက တုံ့နှေးသွားခဲ့သည် ။ နွားမောင် ပြောသမျှတွေကို အင်း ... အဲ လိုက်နေရ သော်လည်း သူ့ မျက်လုံးတွေ ကတော့ နယ်ကူး၍ တိတ်တခိုး အလည် ရောက်၍ သွားတတ်သည် ။ မတွေ့ရ မမြင်ရတာ ရက် အနည်းငယ် ကြာသွားသည့် တိုင် အရင် က နှယ် လှပနေဆဲ ။ ရွှန်းလဲ့လဲ့ မျက်ဝန်းများ ကလည်း သူ့ ကို ဖမ်းစားနေဆဲ ။ ဆန်းသစ်စ လရောင် ကို တိမ်ပုပ်မည်းတွေ က ဖုံးအုပ် သွား၍ အမှောင်ရိပ် ဆိုင်းသွားသည့် အခါတွင် စိတ်ထဲ မှာ မချင့်မရဲ ဖြစ်သွားခဲ့ရသည် ။


အိမ်ခေါင်းရင်း သစ်ပင်ထိပ် ဆီမှ တောင်ပံဖျန်းဖျန်း ရိုက်ရင်း ကြက် တွန်သံ ကြားရတော့မှ အိမ် ပြန်ဖို့ သတိရတော့သည် ။ မခင်ဝိုင်း နှင့် အတူ အိမ်ရှေ့ ဝင်းတံခါး ဆီသို့ တိတ်ဆိတ်စွာ လျှောက်လာခဲ့ ကြသည် ။ နွေ ရောက် လာပြီဖြစ်၍ နှင်းတို့ လည်း လွင့်ပြယ် သွားခဲ့လေပြီ ။ ညဉ့်လေပြည် တစ်ချက် သုတ်လိုက်သောအခါ ပန်းနွယ် ပန်းခက်လေးတွေ ကလည်း လေယူရာတိမ်း၍ ယိမ်းချင် နွဲ့ချင်ကြသည် ။ တံခါးချက် ကို ဖြုတ်လိုက်ရင်း မခင်ဝိုင်း က ကိုရေချမ်း ဟု ခေါ်လိုက်လေ၏ ။ သူ့ခမျာ လည်း ထိတ်ခနဲ ဖြစ်သွားရင်း လှည့်ကြည့် လိုက်မိပါ၏ ။ တစ်ည က မြင်ကွင်းကို တွေးမိပြန်တော့ အပြစ် ရှိ၍ ဆရာရှေ့မှောက် ရောက်နေရသည့် တပည့်ငယ် ပမာ လက်ညိုးငေါက်ငေါက် ထိုး၍ ပြစ်တင် စကား ပြောလျှင် လည်း ခေါင်းငုံ့ကာ နာယူပါမည် ။ ဆိုသမျှ ပြောသမျှတွေ အားလုံး မေတ္တာစိတ်ဖြင့် သာ လွှမ်းခြုံစေခဲ့ပါသည် ။ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ မုန်းစကား ဆိုမှာ ကိုပဲ ကြောက်လှသည် ။ မခင်ဝိုင်း က တော့ စိတ်အနေ မမှန် ၊ ကယောင်ကတမ်း ဖြစ်နေရှာသည့် သူ့ ကို သတိထားမိဟန် မရှိ ။ မျက်လွှာ ချ ကာ ရှေ့တူရှု သို့ ငေးစိုက်ကြည့်နေရင်း “ မနက်ဖြန် နေ့ခင်းမှာ အားရင် အိမ် ခဏလောက် လာခဲ့ပါလား ” ဟု တည်တည်ငြိမ်ငြိမ် ပြော လိုက်လေသည် ။ အစဉ်းစားရ ခက်လှပါ၏ ။ မနက်ဖြန် အတွက် ကံကြမ္မာသည် အကောင်းလော ၊ အဆိုးလော ။ အဲသည့် ည က အတွေးများ ဖြင့် လုံးထွေးရစ်ပတ်ကာ တစ်ညလုံး အိပ်လို့ မပျော်တော့ပါ ။ မနက်ဖြန် အတွက် ကိုပဲ စိ တ်စော နေမိသည် ။ မျှော်လင့်သလို ဖြစ်မှာ လား ၊ သို့မဟုတ် ဆန့်ကျင်ဘက်လေလား ။ သက်ပြင်း အခါခါ ချရသည် ။ အိပ် မပျော်၍ လူးလိမ့် နေရင်း 

လက်ဝဲ နံစောင်း သို့ ပြောင်းသည် ။ မခင်ဝိုင်း ကို တွေ့ရသည် အတန်ကြာတော့ လက်ယာဘက် သို့ လှည့်လိုက်ပြန်သည် ။ အတွေးတွေ ထဲ မှာ သူ့ ရုပ်ပုံလွှာက လွင့်ပြယ် မသွား ။ အသိစိတ် ထဲမှာ လည်း စိုးရိမ်ပူပန်မှုတွေ က တစိမ့်စိမ့်တိုးဝင်လျက်ရှိသည် ။ ကြယ်များ ပျောက်ကွယ်၍ သန့်စင်ကြည်လင်သည့် အရုဏ်ဦး နံနက်ခင်း က အိပ်ခန်း ထဲသို့ တိုးဝင် လာသည့် တိုင် စိတ်အမောမပြေ ။


နွေဦးကာလ ၏ နေ့လယ်ခင်း ။ ကောင်းကင် မှာ တိမ်စိုင်တိမ်လိပ်တွေ ပြန့်ကျဲနေ၍ နေရှိန် က ပူပြင်းခြင်း မရှိလှ ။ သစ်ရွက်ကြွေသည့် တောအုပ် ဆီ မှ ဥသြငှက် တေးဆိုသံ က လွင့်မျော လာခဲ့သည် ။ လေတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း သစ်ရွက်တွေ ကြွေကျသွားကြသည် ။ ရွက်ဟောင်းတို့ နေရာတွင် ရွက်နုတွေ ထွက်လာ၍ ရော်ရွက်ဝါ အချို့ကတော့ မြေပြင် မှာ မသက်ဆင်းနိုင်သေးဘဲ ပင်အို မှာ တွဲလဲ ခိုင်မာနေဆဲ ။ ပုရစ်ဖူးတို့ ပြေ၍ မြူဝန်းတို့ ရစ်သိုင်းကာ မြရောင် ရွှေရောင်ယှက် နေသည့် သည် နွေ ။ ချစ်သူ အိမ် ဆီသို့ စိုးတထိတ်ထိတ်လေး လာနေရသော သူ့ ကို စံပယ်ပွင့်လေး များ က တိတ်တခိုး ကြည့် နေကြသည် ။ အိမ်ထောင့်ရှိ ကက္ကိုပင်ရိပ် အောက်က ခုံတန်းရှည်လေး မှာ ထိုင်ရင်း မခင်ဝိုင်း က သူ့ ကို စောင့်ကြိုနေပါ ၏ ။ နွားမောင် တို့ မိသားစု အားလုံး မြေပဲ ချဖို့ အတွက် လယ်တဲ မှာ ရောက်နေကြသည် ။ အိမ် မှာ သူတို့ နှစ်ယောက်တည်း သာ ။


“ စောစောလေး က မှ ကျွန်မ လည်း အလှူ က ပြန် ရောက်လာတာ ။ တစ်အိမ်လုံး ဘယ်သူမှ မရှိကြတော့ ကိုရေချမ်း ကြိုရောက်နှင့် ရင် လွဲသွား မှာ စိုးလို့ တောင် စိတ်ပူရသေးတယ် ” 


သစ်ရိပ် ထဲ သို့ လျှောက်လာသည့် သူ့ ကို အမောပြေ စကား ဆိုသည်  ။ နေ့လယ်ခင်း ဖြစ် သော်လည်း တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ။ ကျေးလက်တောရွာတို့ ၏ ဓလေ့အတိုင်း မနက်လင်း သည် နှင့် လယ်တဲတောထဲ သွားကြတာကြောင့် ကျီးစောင့်ကြက်နှင် သက်ကြီးရွယ်အို အချို့သာ အိမ်စောင့် အဖြစ် ကျန်ရစ်လေ့ရှိသည် ။ ယခုလည်း မနက်ပိုင်း အ လှူဝင်ပြီးနောက် လုပ်ငန်းခွင် သို့ ခရီးဆက်ကြရသည် ။ ထိုအခါ အိမ်ဝိုင်း ကျယ်ကျယ်ထဲမှ ခြေတံရှည် သက်ငယ်မိုးအိမ်လေး တော်တော် များများမှာ ပူပြင်းခြောက်သွေ့ နွေကာလ တွင် အသက်ဝိညာဉ် ကင်းမဲ့သ လို လှုပ်ရှားမှုကင်းမဲ့လျက် နေဝင်ချိန် သခင် လာရာလမ်း ဆီသို့ ငေးမျှော် နေကြလေ့ရှိစမြဲ ။ နွားမောင် တို့ အိမ်ဝိုင်း က ကျယ်သည် ။ အိမ်ဝင်း ပတ်ပတ်လည်မှာ လည်း သီးပင်စားပင်တွေ နှင့် ငှက်ပျောပင်တွေ ချထား၍ နွေ ကာလ ရောက်သည့် တိုင် သစ်ရိပ်ဝေဆာ၍ အေးမြလျက်ရှိသည် ။ သူ က နေရာကွက်လပ် မရှိအောင် စီတန်း ပေါက်နေကြသည့် အိမ်ခြံစည်း ကို အမှတ်မထင် ကြည့်လိုက်မိသည် ။ အုံ့ဆိုင်း နေကြသည့် သစ်ရိပ်များကြောင့် လည်း တစ်အိမ် တစ်အိမ် အလွယ်တကူ လှမ်းမြင်ဖို့ ခက်ခဲသည် ။ ထိုသော အခါတွင် မခင်ဝိုင်း အနီး သို့ ပူးကပ် နေလိုက်ချင်သည့် စိတ်ဆန္ဒ က မရိုးမရွ တိုးဆွ လာခဲ့စေသည် ။ တောအရပ် တောဒေသ ဆိုတာ မြို့ လို မဟုတ် ၊ အနေအထိုင် အပြောအဆို က အစ ကဲ့ရဲ့ စရာ မဖြစ်အောင် သတိ ထားဆင်ခြင်ရသည်  ။ သမီးရည်းစား ဖြစ်ခဲ့ကြ ပေမယ့် မမြင်ကွယ်ရာ မ ဟုတ်ခဲ့လျှင် ပဝါတစ်ကမ်း လက်တစ်ကမ်း အကွာတွင်  နေကြရလေ့ ရှိစမြဲ ။ အဲသည့် အတွေးတွေ ကြောင့် သူ့ ခြေလှမ်းတွေ က တွန့်ဆုတ် သွားခဲ့သည် ။ အလှသွေး ကြွယ်သည့် ပန်းပွင့်ကလေး အနီးမှာ ခို နားစရာ ရှာရင်း တဝဲဝဲရယ် တဲ့ တလယ်လယ် ဖြစ်နေသည့် လိပ်ပြာလေး ပမာ အကြံရ ခက်နေပါဘိတော့သည် ။ ခြေစုံရပ်ကာ တွေနေသည့် သူ့ အခက်အခဲကို သတိထားမိရှာသည် ထင့် ။ မသိမသာ ပြုံးယောင်သန်း သွား ခဲ့ရင်း အနား မှာ ရှိနေသည့် ကြိမ်ဆွဲခြင်းလေး ကို အောက်သို့ ချလိုက်ကာ ခုံ ထောင့်စွန်း ဆီသို့ နေရာ ရွှေ့ ပေးလိုက်သည်  ။


ကိန္နရီ ကိန္နရာ မောင်နှံ ပမာ ချစ်သူတို့ ကြား တစ်ဆံခြည်မျှ ဝေးသည် ကိုပင် မြစ်များ  ၊ ချောင်းများ ကာဆီး ထားသလို ခံစားနေရပါ၏ ။ သနပ်ခါးရနံ့လေး က သူ့ ဆီ သို့ တိုးဝှေ့နမ်းရှိုက် သွားခဲ့သည် ။ အလှူ က ပြ န်လာခဲ့သည် မို့ မှုန်နံ့သာ ခြယ်ကာသသည့် မျက်နှာလေး ကို ငေးမောကြည့်နေမိသည် ။ ကြည့်မဝ ရှုမဝ ကြည့်တိုင်းလှ ။ မလှမ်းမကမ်း မှာ ရှိနေ သည့် ကျားဘို ကတော့ သူ့ အဖြစ်ကို မသိနိုင် ။ စပါး ထည့်ထားသည့် ပုတ် အောက် ကို ထွက်ပြေး သွားသော ကြွက် ကိုသာ သဲသဲမဲမဲ ချောင်းနေလျ က်ရှိသည် ။ နွေလေရူး တစ်ချက် ဝှေ့ယမ်း သွားသည် နှင့် ကုက္ကိုရွက်ဖတ် များက တသောသော ကြွေကျ သွားသည် ။ ခပ်လှမ်းလှမ်းက ပိန္နဲပင် ပေါ် မှာ တော့ ပုတ်သင်ညို တစ်ကောင် ။ ကျောကုန်း နှင့် ခေါင်းတစ်လျှောက်မှာ စိမ်းပြာပြာအရောင်စွန်းနေသည့် ပုတ်သင်ညို သည် ပင်စည်ကို ဖက်တွယ်ကာ ခေါင်းတမော့မော့ ဖြင့် ငြိမ်သက်၍ နေသည် ။ ငယ်ငယ်တုန်းကတော့ ထိုသတ္တဝါလေးကို တွေ့ လေတိုင်း “ ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိတ် ခေါင်းညိတ် ” လို့ ဘာမှန်း မသိ အော်ခဲ့ကြ သည် ။ ယခုတော့ တစ်ချိန်ကလို ပျော်ပျော်ရွှင်ရွှင် မရှိနိုင်ခဲ့တော့ ။ သူ ကိုယ်တိုင် ပုတ်သင်ညို ဖြစ်နေခဲ့ရပါပြီကော ။


တစ်သက် တစ်ဘဝ ရဲ့ အချစ် ဆိုတာ မခင်ဝိုင်း နားလည်စေချင်ပါသည် ။ ကြိုက်မိပြန်တော့လည်း ချစ်သူ ရှိရာ ဆီသို့ စိုက်စိုက်လာခဲ့မိသည် ။ နီးဖို့ ရာအချိန်ကာလ ကိုလည်း မျှော်မှန်း မိခဲ့သည် ။ လိုချင်သည့် အဖြေ ကိုလည်း  စောင့်စားခဲ့ရသည် ။ သို့စဉ်လျက် မခင်ဝိုင်း သည် အဘယ်သို့ကြောင့် မသိကျိုးကျွန် ပြုနေရပါသနည်း ။


“ မနေ့က ကိုရေချမ်း ကို မှာ လိုက်ရတာက အရေးတကြီး ကိစ္စကြောင့် တော့ မဟုတ်ပါဘူး ။ လက်ဆောင်လေး တစ်ခု ပေးချင်လို့ ပါ ”  


မထင်မှတ်သည့် စကား ပြောလိုက်သဖြင့် အံ့အားတသင့် ဖြစ်သွားခဲ့ သည် ။ ရုတ်တရက်မို့ ဘာပြန်ပြောရမှန်းမသိ ။ ကြားလိုလှသည့် စကား ကို မျှော်လင့်မိခဲ့သော်လည်း မျှော်သူ သာ ပင်ပန်း နေရလေပြီ ။ စိတ်ပျက် နွမ်းနယ်မှုတွေ က သူ့ မျက်နှာမှာ အထင်းသား ပေါ်လွင်နေလျက်ရှိသည် ။


“ ဟိုတစ်လော က ကသာ ကို ရောက်တော့ ကိုရေချမ်း ကို သတိရတာနဲ့ ပုဆိုးလေး တစ်ထည် ဝယ်လာခဲ့တယ် ။ ဘာရယ် မဟုတ်ပါဘူး ၊ အမှတ်တရ ပေါ့ ။ ကိုရေချမ်း ရယ် .... ” 


မခင်ဝိုင်း က သူ့ အဖြစ်ကို သတိပြုမိဟန် မရှိဘဲ မြေပြင် မှာ ရှိနေသည့် ခြင်းတောင်း ထဲ က စက္ကူအိတ်လေး တစ်လုံး ကို လှမ်းယူလိုက်သည် ။ ခပ် ငေးငေး ကြည့်နေရာမှ အဝါခြောက် ထဲ မှာ ခရမ်း ဖောက်ထားသည့် လုံချည်လေး ကို တွေ့လိုက်ရ သောအခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ။ နည်းနည်းတော့ ထူးဆန်းသည် ။ စိတ်မောလက်မော ဖြင့် အလိုမကျခဲ့ သော်လည်း ရှုပ်ထွေးနေသည့် စိတ်အာရုံတွေ က လွင့်ပျောက်သွားပြီး အားတုံ့အားနာ စိတ်တွေက လျှပ်တစ်ပြက် ဝင်ရောက် လာခဲ့သည် ။ အဲဒါ က အချစ် ဆိုသည့် အရာ မှာ ရစ်နှောင် ထားသည့် အမျှင်အတန်း ဖြစ်သည်လား ၊ သူ မသိ ။ တကယ်တော့ အချစ် ဆိုသည် မှာ ရယူခြင်း မဟုတ် ၊ ပိုင်ဆိုင်ခြင်း မဟုတ် ၊ ပေးဆပ်ခြင်း မဟုတ် ၊ ညီမျှစွာ ပေါင်းစည်းထားခြင်း ပင် ဖြစ်သည် ။ မခင်ဝိုင်း ရဲ့ ပင်ပန်းဆင်းရဲမှု ကို မြင်တွေ့ရသည့် ဘဝ အမောတွေ ကြားမှာ တွန်းထိုးရုန်းကန်နေရသည့် မိန်းမသား တစ်ဦး ဆီမှ ချစ်ခြင်း ကို သာ တောင့်တသည် ။ တခြား ဘယ်အရာမျှ တမ်းတမှု မရှိခဲ့ ။ သည် တော့ အမှတ်တရ လက်ဆောင် ကို လက်ခံလိုက်ခဲ့လျှင် သူ့ နှလုံးသားသည် စိုးရွံ့စိတ်များ ဖြင့် ပူလောင် နေပါလိမ့်မည် ။ သည့် အတွက် မခင်ဝိုင်း နားလည်နိုင်မည် ဟု မျှော်လင့်မိသည် ။ သူ က ငေးငိုင်နေရင်း တိတ်တခိုး သက်ပြင်းရှိုက်ထုတ်လိုက်စဉ်မှာ ပင် အမှတ်မထင် အမေ့ ကို သတိရ လိုက်မိသည် ။ အမေ သည် ယခုထိ တိုင် သူ့ ကို ကလေးငယ် တစ်ဦး လို ထင်မှတ်နေဆဲ ။ ထမင်းခွံ့ မကျွေးရုံတမယ် ၊ အမြဲတမ်း လိုလို စိတ်မချနိုင်ဘဲ ဂရုတစိုက် ရှိလှသည် ။ သည်တော့ သေတ္တာ ထဲမှာ အဆင်ဆန်း သည့် လုံချည်လေး ကို တွေ့မြင်လိုက်လျှင် သင်္ကာ မကင်း ဖြင့် စူးစမ်း မေးမြန်းလိုသည့် မျက်လုံးများ က သူ့ ထံသို့ ကျရောက် လာတော့ မှာ ဖြစ်သည် ။ ထိုအခါ အမေ့ စကား ကို လျစ်လျူရှု ကာ သံယောဇဉ် ဖွဲ့ချင်သည့် သူ နှင့် မခင်ဝိုင်း တို့ ဇာတ်လမ်းသည် လည်း .. ။


မောပန်းနွမ်းလျနေသည့် နှလုံးအိမ် ကို စိုးရိမ်သောကစိတ်များ က ဖိစီးလာခဲ့ပြန်သည် ။ အမှန်တော့ သူတို့ နှစ်ယောက် အနေအထား က သူငယ်ချင်း အဆင့် က ပိုလွန်းသေးတာ မဟုတ် ။ သို့ပေမဲ့ သည်သို့သည်နှယ် သည် လိုရှိပါတယ် အမေ ဟု ဟုတ်တိုင်းမှန်ရာ ပြောခဲ့သည့် တိုင် အမေ မယုံကြည်မှာ သေချာသည် ။ ထိုအခါ ပန္နက်ရိုက် အစပျိုးချိန် မှာ ပင် ပြည်ဖုံးကား ချလိုက်ရုံသာ ရှိတော့သည် ။ မောသည် ။ အဖြေ ရှာ မရသည့် ပုစ္ဆာ တွက်နေရသလို အတွေးများ က ဦးနှောက် ထဲမှာ လွန်းထိုး ပြေးလွှား နေရင်း ပူထူနေရကာ ကြံရာမရ ဖြစ်နေရှာသည် ။ သူ က နွမ်းလျစွာ ပြုံး လိုက်ရင်း မခင်ဝိုင်းရယ် ဟု မသက်မသာဖြင့် တိုးတိုးလေး ညည်း လိုက်မိ လေ၏ ။


“ ကျွန်တော် ...... ကျွန်တော် ငြင်းတာတော့ မဟုတ်ပါဘူးနော် ။ ဒီလ က်ဆောင်လေးကို  မယူပါရစေနဲ့ လား ” 


စိတ်အလို မပါသည့် စကားတွေ ပြောရသည့် အတွက် ကန္တာရခရီး ထဲ လျှောက်လှမ်းရသလို ဆင်းရဲပင်ပန်းရပါသည် ။ သူ့ အပေါ် မှာ နားလည် ခွင့်လွှတ်နိုင်ကောင်းရဲ့ ဟု တွေးခဲ့သည် ။ သို့ပေမဲ့ မခင်ဝိုင်း ကို ကြည့်ရင်း ပြင်မရသည့် အမှား တစ်ခု ကျူးလွန်မိခဲ့ပြီမှန်း အသိ နောက်ကျစွာ နောင်တ ရလိုက်သည် ။ အသက် နှင့် အမျှ စောင့်ထိန်း လာခဲ့သည့် ဣန္ဒြေ ကို စကား တစ်ခွန်းဖြင့် ထိနှက်ရိုက်ချိုး ခံလိုက်ရသည့် နှယ် သူကို အံ့အားတသင့် ငေးမော နေရင်း မျက်နှာ တစ်ခုလုံး သွေးဆုတ်သလို ဖြူရော်သွားသည် ကို တွေ့ရသည် ။ နီပြေပြေ အောက်နှုတ်ခမ်းလွှာသည် လည်း တုန်ယင် နေလျက် ။ ပြီးတော့ သူ့ နှလုံးသားမှာ ပုံရိပ်ပမာ ထင်နေသည့် အရည် လဲ့ နေသော မျက်လုံးများ  ၊ အဲသည့် မျက်လုံး အကြည့် တွေ ထဲမှာ သူ တမ်းတမ်းတတ လွမ်းခဲ့ရသော ကြင်နာနွေးထွေးမှုများ ကို မတွေ့မြင်ခဲ့ရ တော့ပြီ ။ ရင် ထဲသို့ အဆိပ်လူး ထားသည့် ဆူးတစ်ချောင်း စူးဝင်သွားသ လို အေးစက်၍ နာကြည်းမှုတွေ စွန်းထင်း နေသည့် မျက်လုံးတွေ ကြောင့် တုန်လှုပ် သွားခဲ့ရသည် ။ ထိုအချိန် ထိုအခါက ကမ္ဘာမြေကြီး သည် အိုးထိန်းစက် ပမာ သွက်သွက်ခါအောင် မွှေ့ယမ်း လိုက်ရင်း သူ သည် လည်း စကြဝဠာ အပြင်ဘက် သို့ လွင့်သွားလိုက်စေချင်တော့၏ ။ အမှား တစ်ခု ပြုခဲ့ရခြင်း အတွက် ရွှေနားတော်သွင်း ဧချင်းဖြင့် ဆင်ခြေဆင်လက်တွေ မပေးလိုပါ ။ ရှေးအစဉ်အလာ ကို စောင့်ထိန်း နေ ခဲ့သည့် သည် အရပ် သည် ဒေသ ၏ ယဉ်ကျေးမှုဓလေ့ ကို မသိခဲ့ရိုး အမှန် ပါ ။ တစ်ချိန်တစ်ခါက အကြောင်းကိစ္စ တစ်ခုခု ကို မေ့ဖျောက်ထားဖို့ ကြိုး စားခဲ့သော်လည်း မခင်ဝိုင်း ရဲ့ ပြုံးတမဲ့မဲ့ နှင့် ခပ်လှောင်လှောင် ရယ်မောသံများ က ကျောက်ဆောင် ကို လှိုင်းပုတ် သလို အဆက်မပြတ် ရိုက်ခတ် နေဆဲဖြစ်သည် ။


“ အဲဒီဒေသ ရဲ့ ဓလေ့ က ချစ်ဖို့ ကောင်းတယ် ကိုရေချမ်း ။ ရှေးတုန်း က လိုပဲ အမျိုးသမီး တစ်ယောက် က ချစ်သူ ရွေးပြီး အိမ်ထောင် ပြုတော့မယ် ဆိုရင် သူတို့ ရဲ့ အိမ်ထောင်ဖက် ကို  လုံချည် နဲ့ ရွေးတာ ။ သူ့ ကြိုက်တဲ့ ကာလသားတွေ က ကိုယ့် ရဲ့ လုံချည် ကို နေ မဝင်ခင် မှာ အဲဒီ အပျိုအိမ် ကို ပို့ထားရတယ် ။ မနက် လင်း တော့ ရွေး မရွေး အောင်စာရင်း သွား ကြည့်ရ တယ် ။ အမျိုးသမီး က ဖူးစာရှင် အဖြစ် သတ်မှတ်ရင် လုံချည် ကို အိပ်ခန်း ပြတင်းပေါက် က ကြိုးတန်း မှာ ချိတ်ဆွဲ ထားတာဗျ ။ ဒါက ဘယ်သူ့ ကို ပန်းကုံးစွပ်တယ် ဆိုတာ တစ်ရွာလုံး သိအောင် ကြော်ငြာ လိုက်တာ  ၊ သိပ်လှတယ်ဗျာ ”  


တအံ့တသြ ပြောနေသည့် ဒေါက်တာကျော်စိုး ရဲ့ စကားသံတွေ က ဝေးသွားလိုက် ၊ နီးလာလိုက် ။ စိတ်အာရုံများ က ခန္ဓာကိုယ် ကို နောက်ချန် ထားခဲ့ကာ အဝေးဆီ သို့ ခရီး နှင်လျက်ရှိသည် ။ သည် စခန်း အတွက် သည် လမ်း က လာစချင်ပါသည်  ။ မခင်ဝိုင်း သည် သူ မျှော်လင့်စောင့်စား နေခဲ့ရသည် ကို လုံချည်လေး တစ်ထည် လက်ဆောင် ပေးပြီး သွားလမ်း လာလမ်း ဖြောင့်ဖြူးအောင် လက်ယပ် ခေါ်ခဲ့သည် ။ သူ့ အပေါ်မှာ ယုံယုံကြည်ကြည် ဖြင့် စေတနာ မေတ္တာစိတ်တွေ ပုံခဲ့သည် ။ ထို အကြောင်း ကို ငမိုက်သား က နားမလည် ။ ယူ ပြန်လိုက်ရင် လည်း ကြိုက်သည် လို့ ဆိုလိမ့်မယ် ။ မယူ ပြန်လိုက်ရင်တော့ မိုက်သည် လို့ ဆိုပါမယ် ဟူသည့် သီချင်း က လှောင်ပြောင်ရယ်သွမ်းသွေးလျက်ရှိသည် ။


ဪ ... ကြိုက်လည်း ကြိုက်ခဲ့ရပေမယ့် မသိ နားမလည်သောကြောင့် မိုက်မဲမိခဲ့ပါ၏ ။ ဖူးစာ မပါသောကြောင့် ရေစက်မဆုံ မကြုံခဲ့ရတော့သည် လား မတွေးတတ်တော့ပြီ ။


စိတ်တွေရှုပ်ထွေးနောက်ကျိ နေသောကြောင့် အမှားအမှန် ကို ခွဲခြားစွာ မသိမြင်နိုင်ခဲ့ ။ စိတ်သက်သာရာ ရလို ရငြား မန္တလေး ကို ရုတ်တရက် ပြန် သွားခဲ့သည် ။ သင်္ကြန်ကာလ ဖြစ်၍ မန္တလေး တစ်မြို့လုံး သင်္ကြန်တေးသံများ ဖြင့် လွင့်မြူး စည်ကားလျက် ရှိသည် ။ နှစ်ကူးချိန်မို့ အားလုံး ရွှင်ရွှင်လန်းလန်း ပျော်ပျော်ရွှင်ရွှင် ။ သို့သော်လည်း အေးမြ သော အတာရေသည် လွမ်းနာကျနေရှာသည့် သူ့ ကို ကုစား မပေးနိုင်ခဲ့ပါ ။ သည် လိုနှင့် ပျော်စရာ ကောင်းသည့် သင်္ကြန် ပြီးဆုံးသွားသည် ။ စက္ကန့် ၊ မိနစ် ၊ နာရီ ၊ နေ့ရက်များ  ၊ တစ်နေ့ ပြီး တစ်နေ့ ၊ တစ်ည ပြီး တစ်ည ။ နွေရက်များ လည်း တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြန်ပြီ ။ မန္တလေး မှာ ရောက် နေသော်လည်း စိတ်အာရုံတွေက အဝေးဆီ မှာ ။ နေရတာ ပျော်ရွှင်မှု မရှိ တော့ ။ ဘယ့်နှယ့်များ လုပ်ရချေမည်နည်း ။ တစ်ရက်တော့ စိတ်အား တင်း၍ ဘူတာစု သို့ ပြန်လာခဲ့သည် ။


အပူရှိန်ပြင်းသော နွေကို အန်တုရင်း သစ်ပင်တွေ က စိမ်းမြနေလျက် နေအို သွားချိန်တွင် တောင်တန်းကြီးတွေ ကလည်း ညိုမှိုင်း သွားလျက် ။ မီးရထားတွေ က လည်း ခရီး နှင် နေလျက် ။ မခင်ဝိုင်း တစ်ယောက် အိမ်ထောင်ဖက် ရွေးချယ်လိုက်ပြီတဲ့ ။ နွားမောင် ဆီက သတင်းစကား ကို နားထောင်ရင်း ကြောင်အ သွားခဲ့သည် ။ ကြားကြားရချင်း ယုံကြည်ဖို့ ခက်ခဲလှသည် ။ အရှိုက်ကို ထိုးနှက် ခံလိုက်ရသည့် နှယ် အက်စစ်လောင်မီးတွေ ကို မျိုခဲ့ရသည့် အလား သောကစိတ် ဖြင့် ရင်တစ်ခုလုံး ပူလောင် လျက်ရှိသည် ဘယ်သူလဲ ၊ ဘယ်သူ့ ကို ရွေးချယ်တာလဲ ။ နားထောင်ရ မှာ မဝံ့ရဲ သော်လည်း သိချင်စိတ် ဖြင့် ထပ်ကာထပ်ကာ မေးဖြစ်သည် ။ နွားမောင် ကတော့ အမူအရာ ပျက် နေသည့် သူ့ ကို သတိ ထားမိဟန် မတူ ။ ပါးစောင် မှာ ခဲထားသည့် ဆေးပေါ့လိပ်ကြီး ကိုသာ မီးခိုးထောင်းထောင်းထအောင် ဖွာနေသည် ။


“ ရော် ငါ လည်း မသိပါဘူးကွယ် ။ ရွေးတဲ့ ပုဆိုးပိုင်ရှင် မပေါ်သေးဘူး ဆိုလားပဲ ”  


နှလုံးသားတွေ ရုတ်တရက် ဆောင့်တိုး သွားရသည် ဟု ထင်ရ သည် ။ အနား က ၀ရန်တာ လက်ရန်းကို ကျစ်ကျစ်ပါအောင် ချုပ်ကိုင် ထားရင်း အသက်ပြင်းပြင်း ရှိုက်ထုတ် လိုက်သည် ။


“ စာကလေးတွေ တောင် အသိုက် ဆောက်ကုန်ကြ ပြီကွ ။ ဒီနှစ် မိုးကျ တာ စောမယ်ထင်တယ် ”   


အိမ်တံစက်မြိတ် အောက်က သက်ငယ်မျှင်စလေးတွေကို ချီသွားသည့် စာကလေးငှက်တွေ ကို ကြည့်ရင်း နွားမောင် က ပြောသည်  ။ သူ က လည်း “ အင်း ” ဟု သာ ဆိုလိုက်ရသည် ။ စိတ် အ မောတွေက မပြေနိုင် ။ ကြိုးတန်းပေါ်မှာ တင်ထားသည့် အဆင်သွေးလှလှ လုံချည်လေး ကို သာ စိတ်ကူးဖြင့်တွေးကာ မြင်ယောင်မိ နေဆဲ ။ ကောင်းကင် သည် တိမ်စိုင်တိမ်လိပ်တွေစုခဲလာသည့် အခါတွင် ရုတ်တရက် မှိုင်းပျပျ ဖြစ်သွားတတ်သည် ။ အချစ်ဆုံး သူငယ်ချင်း နွားမောင် ။ ဆံပင် ဖွာလန်ကြဲ လျက် ညိုမောင်တုတ်ခိုင်နေကာ တကယ့် လယ်သမားကြီး ဖြစ်နေလေပြီကော ။ စိတ်အာရုံတွေ အားလုံး လယ်ကွင်း ထဲ မှာ မြှုပ်နှံ ထားသည် ။ မိုးလေဝသ အခြေအနေ ကို  ကြိုတင် ခန့်မှန်းသည် ။ ပြက္ခဒိန် ကို ကြည့်ရင်း စိုက်ပျိုးရမည့် နေ့ရက်များကို တွက်ဆသည် ။ 


သူ့ မှာ သာ ။ ထန်းပင်ထိပ်ဖျား ဆီ က တွဲလဲခိုစီးနေကြသည့် စာဘူး တောင်း အသိုက်ကလေးတွေ က လေ တိုး လိုက်တိုင်း ယိမ်းခါ၍ နေသည် ။ တစ်အိုးတစ်အိမ် တစ်မိသားစု မည်သူမျှ သမုဒယနယ် မှ ရုန်းမထွက် နိုင်ဘဲ အသိုက်အမြုံ တွေ တည်ဆောက်ကြစမြဲ ။ ပျော်တာတွေ ဝမ်းနည်းကြေကွဲမှုတွေ အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ ရသည် ။ စာဘူးတောင်း ထဲက စာကလေးတွေ ပြန်သွားသည် ကို မြင်ရသည် ။ အသိုက်အမြုံ ပိုင်ရှင် ဖြစ်ဟန်တူသည် ။ အထီး က အရှေ့ မှ ဦးဆောင် ပျံသန်း နေလျက် အမ က နောက်မှ ထက်ကြပ် မကွာ မောင် ခေါ်ရာသို့ လိုက်ပါ သွားသည် ။ တူစုံမောင်မယ် ။ သူ့ အတွက် အတိတ်နိမိတ် ကောင်းစေသည့် မြင်ကွင်း ။ ကောက်ကာငင်ကာ ဖြင့် နွားမောင် ကို “ ပြန်ဦးမယ်ကွာ ” ဟု ပြောလိုက်မိသည် ။


ခပ်သွက်သွက် လှမ်း နေသည့် သူ့ ခြေလှမ်းတွေ က အိမ် ဆီသို့ မဟုတ် တော့ ။ အဝေး တစ်နေရာ ဆီသို့ ဦးတည်လျက် ရှိသည် ။ ရွာအပြင် ဘက် ရောက်သောအခါ တစ်ခဏမျှ ရပ်နားသည် ။ နေလုံးနီနီ ညနေစောင်း သည့် အချိန် ။ တောအုပ် ဆီမှ နေဝင်စ ချိုးမရယ် ကူသံ ပေးနေလေပြီ ။ မျက်စိတစ်ဆုံး သို့ ငေးမျှော် ကြည့်သည် ။ မြေပြင် က မညီညာ ။ တချို့ နေရာမှ ကုန်းမြင့်ကမူလေးတွေ သွယ်တန်း နေလျက် ၊ ပပ်ကြားအက် နေသည့် လယ်ကွင်းများ ။ ပြီးတော့ ရွက်ခြောက်တွေ တသောသော ကြွေကျ နေသည့် ဝါးရုံတော ။ ကျွန်းပင်တွေ ၊ အင်ကြင်းပင်တွေ နှင့် ရောနှော နေသည့် တောအုပ် က ဟိုအဝေး ဆီမှာ ။ မိုးကုပ်စက်ဝိုင်း အဆုံး ဆီ သို့ ငေးကြည့် နေသည့် သူ့ မျက်လုံး ထဲ တွင် ရွာလေး တစ်ရွာ ကို မြင်တွေ့ရသည် ။ ဆင်းရဲသော ရွာငယ်လေး ။ အိမ်ကြီးအိမ်ကောင်း ရှားပါး၍ သက်ငယ်မိုးထရံ ကာ ခြေတံရှည် အိမ်ကလေးတွေ များ သည် ။ အိမ်တိုင်း လိုလိုပင် အပွင့် တွေ ဝေဆာ နေသည့် ပန်းခြံလေးများ  ၊ အုန်းပင် ၊ သရက်ပင်များ ဝေဆာ အုံ့ဆိုင်းနေကာ ကိုယ့်ဝင်း ကိုယ့်ခြံ နှင့် နေချင်စဖွယ် ဖြစ်သည် ။ အဲသည် မှာ မခင်ဝိုင်း ရှိနေသည် ။ ရစ်ခွေစီးဆင်း နေသည့် ချောင်းကမ်း နံဘေး က နေကြာခင်းတွေ ရဲ့ အဆုံးမှာ မခင်ဝိုင်း ရဲ့ အိမ်လေး ရှိသည် ။ တစ်ခါတစ်ခေါက်သာ ရောက်ခဲ့ဖူးပေမဲ့ နှစ်ကာလ ရှည်ကြာစွာ နေခဲ့ရသူ လို စိတ် မှာ စွဲမြဲ နေပါသည် ။ ယခုတော့ ဘယ်အရာ ကိုမျှ တွေးတောပူပန် နေတော့ပြီ ။ စုံနံ့သာမြိုင် ရှာပုံတော် ခရီး မဟုတ်သော်လည်း တွေ့မြင်လို ဇောဖြင့် ချစ်သူ ရှိရာ ဆီသို့ တိတ်တဆိတ် လာခဲ့ရလေပြီ ။


ဝါးရုံတောလေး ထဲ က ကွေ့ကွေ့ကောက်ကောက် လူသွားလမ်းလေး အတိုင်း ကလေးငယ် တစ်ဦး လို ဒုန်းစိုင်း ပြေးနေမိပါ၏ ။ ညအိပ်တန်းဝင် တော့မည့် ငှက်တွေ က လူရိပ် မြင်တွေ့ရတာကြောင့် အလန့်တကြား ထ ပျံကြသည် ။ ချုံနွယ်များ က လူသွားလမ်း ကို ပိတ်ဖုံးလုနီးပါး ။ တချို့ နေရာများ တွင် ဝါးရုံကိုင်းများ က ညွတ်ကျကာ မျက်စိလည် လမ်းမှား အောင် လှည့်စားလျက် ။ သို့သော်လည်း သူ့ ခြေလှမ်းများ က တွန့်ဆုတ် မသွား ။ အားသွန် ပြေး နေရာမှ အနည်းငယ် မောလာသည့် အခါ အရှိန် လျှော့လိုက် ရင်း ခပ်သွက်သွက် လှမ်းသည်  ။ ဝါးရုံတော ကို လွန်သည် နှင့် ရိုးပြတ် လယ်ကွက်များ ကို တွေ့ရသည် ။


အဲသည် တစ်ဖက်မှာ တော့ ကျွန်းတောအုပ်ကြီး ရှိသည် ။ လာချင် တော့လည်း အနီးကလေး ။ ခရီးလမ်း က လည်း ချောမွေ့နေပါဘိ ။ ရွက်ခြောက်များ ကို နင်းခြေ လိုက်သည့် အသံကြောင့် တိတ်ဆိတ် နေသော ပတ်ဝန်းကျင် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ။ သစ်ပင် တွင် အပြိုင်းအရိုင်း ထူထပ်သိပ်သည်းစွာ ပေါက်နေသည့် တောအုပ် ထဲ မှာ မြွေလိမ်မြွေကောက် လူသွားလမ်းလေးများကို နေရာအနှံ့ တွေ့ရသည် ။ အံ့သြစရာတော့ ကောင်းသည် ။ မျက်စိ လည်ချင်စရာ ဖြစ်သော်လည်း တစ်စုံတစ်ရာ က ဦးဆောင် ဆွဲငင် နေသလို အမှားအယွင်း မရှိဘဲ ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်ခဲ့သည် ။ တောအုပ် အဆုံးတွင် စိုက်ခင်းများ ကို ဘွားခနဲ တွေ့မြင် လိုက်ရ၏ ။ နေညိုချိန် ညနေခင်း အကွက် ကျကျ စိုက်ပျိုးထားသည့် စိုက်ခင်းများ ပေါ်တွင် နေရောင် က စွေစောင်း ကျကာ စိမ်းလွင်၍ နေသည် ။ စိုက်ခင်း အချို့မှာ တော့ အမှောင်ရိပ်လု စိမ်းညို့ညို့ရှုခင်း ကို ရေးခြယ် ထားသည် ။ သူ က ကိုယ်ရှိန်သ,တ်လို က်ရင်း ရှေ့ဆီသို့ လှမ်းမျှော် ကြည့် လိုက်မိပါသည် ။


စိုက်ခင်းများ ကို အနားသ,တ်ကာ ကွေ့ဝိုက် စီးဆင်းနေကြသည့် ချောင်းတစ်ဖက်ကမ်း ဆီ မှာ တော့ အဝါရောင် ဆေးပြောက်များ ပြန့်ကျဲနေသ ည့် နေကြာခင်း ရှိသည် ။ မျက်စိတစ်ဆုံး ကြည့်နေရင်း ဖြင့် စိတ်လှုပ်ရှား လာရသည် ။ နေရောင် ကို ကျောပေးကာ ခြေတံရှည်အိမ်လေး တစ်အိမ် ကို ရေးရေးရိပ်ရိပ် မြင်ရသည် ။ နေကြာပွင့်ဝါဝါတွေ က အိမ်လေး ဆီသို့ မျက်နှာမူ နေကြသည် ။ သူ သည် ဆင်ခြေလျှောလေး အတိုင်း စိုက်ခင်းများကို ဖြတ်ကာ ပြေးဆင်း သွားသည် ။ မမောနိုင် ၊ မပန်းနိုင် ။ ခြေလှမ်းများက မြန်ဆန်သွက်လက်စွာ ။ တစ်ခဏ အကြာတွင် ချောင်း ထဲ က သောင်ပြင် ပေါ်သို့ ရောက်သွားသည် ။ နွေကာလ ဖြစ်၍ ချောင်း သည် မာန်စွယ် ကျိုးကျ နေလေပြီ ။ ခြေမျက်စိ မြုပ်ရုံမျှ စမ်းချောင်းလေး က သဲသောင်ပြင်များ ကို ကွေ့ကာရစ်ကာ စီးဆင်း လျက် ရှိသည် ။ လေပြည်ငယ် သုတ်တော့ ရွှေဘုတ်ကယ် အီပါသည် ။ အဝေးဆီမှ ဘုတ်အီသံ နှင့် အတူ လေပြည်လေညင်းလေး က တိုးဝှေ့သွားသည် ။ မျက်လုံးတွေကို မှိတ်လိုက်ရင်း အငမ်းမရ အသက်ရှူ လိုက်သည် ။ ခန္ဓာကိုယ် က ငြိမ်သက် နေသော်လည်း စိတ်အာရုံတွေ က ထွေပြား နေလျက် ။ ရှက်ရွံ့ နာကြည်းမှု တွေ ရောထွေး နေသည့် မျက်လုံးအကြည့် ။ အဝါရောင် နှင့် ခရမ်းရောင် ဖောက် ထားသည့် လုံချည် တစ်ထည် ။ မီးရထား အလာ ကို မျှော်နေသည့် အမှောင်ထု ထဲ က ဘူတာရုံလေး ။ အတွေးများ က စီကာစဉ်ကာ မဟုတ် ။ တစ်ပိုင်း တစ်ခု ။ မှုန်မှုန်ဝါးဝါး ၊ ကြောက်ရွံ့စိတ်တွေ က ခန္ဓာကိုယ် ထဲသို့ ရောက် လာသည် ။ သူ သည် ချောင်းကမ်းပါး ထိပ်ရှိ နေကြာခင်း ဆီ သို့ အားစိုက် ပြေးတက် သွားခဲ့သည် ။ နေဝန်းက  အနောက်ဘက် တောင်တန်းများ နောက်သို့ တဖြည်းဖြည်း နစ်ဝင် လျက် ။ ချောင်းကမ်းစပ် မှာ ရွာအဝင်လမ်းလေး ရှိသော်လည်း ခရီး ဖင့်မှာ စိုးတာကြောင့် အဲသည် က တစ်ဆင့် သွားဖို့ စိတ် မကူးတော့ ။ အမှောင် မရောက်ခင် မှာ ကြိုးတန်း ပေါ်က လုံချည်လေး ကို မြင်တွေ့လိုလှသည် ။ ပြီးတော့ ချစ်သော မခင်ဝိုင်း နေ့ညတွေ ကုန်ဆုံးသွားခဲ့သည့် တိုင် သူ့ ကို စောင့်ကြိုနေမည် ဟု ယုံကြည်သည် ။ စိ တ်လှုပ်ရှားလွန်းနေ၍ အသက် ရှူရတာကို မဝ ။ သူ့ တစ်ကိုယ် လုံး လည်း ချွေးတွေ က လောင်းချ ထားသလို ရွှဲစိုနေလျက် ။ သူ သည် အံ တစ်ချက် ကြိတ်လိုက်ရင်း နေကြာခင်း ထဲသို့ ကမူးရှူးထိုး ပြေးဝင် သွားခဲ့သည် ။ ခြေ တစ်လှမ်း ရှေ့သို့ တိုးလိုက်တိုင်း ခရီးအဆုံး နှင့် တရွေ့ရွေ့ နီးကပ်လာခဲ့ လေပြီကော ။ တိုးဝှေ့ သွားနေသည့် သူ့ ကို နေကြာပွင့်လေးများ က ထိတ်လန့်တကြား ဝိုင်းကြည့် နေကြသည် ။ သူ့ ခန္ဓာကိုယ် မှာ လည်း ခြစ်ရာ တွေ နှင့် ဒဏ်ရာ ဗရပွ ။ ထိုအရာတွေ ကို ဂရုမစိုက်နိုင် ။ ငိုင်ကျ နေသည့် နေကြာပင်တွေ ကို တွန်းဖယ်ကာ ရှေ့သို့ ဇွတ်တိုးသည် ။ သူ သွားရာလမ်း တစ်လျှောက် တွင် လေပွေမွှေသည့် နှယ် နေကြာပင်တွေ ခမျာ အလဲလဲ အပြိုပြို ။ သူ ကိုယ်တိုင် ကလည်း နေကြာလှိုင်းတွေ ကြားမှာ မြုပ်ချည် ပေါ်ချည် ။


အိမ်ခြေရင်း ဘက်ရှိ အခန်း ပြတင်းပေါက် က ကြိုးတန်း ပေါ်မှာ တင် ထားသည် လုံချည်လေး ကို လှမ်း မြင်လိုက်ရသော အခါ လှုပ်ရှား နေသော ခြေလှမ်းများ ကို ရုတ်တရက် ရပ်တန့် ပစ်လိုက်သည် ။ ရင်ခုန်သံများ က မြန်ဆန် လာသည် ။ နေကြာပွင့်တွေ က သူ့ ပါး ထိနမ်း နေကြသည် ကိုပင် သတိ မမူနိုင်ဘဲ မြင်ကွင်း မှ ပျောက်ကွယ် သွား မှာ စိုးသည့် အလား စူးစိုက် ကြည့်နေမိသည် ။ အနည်းငယ် အလှမ်းဝေး နေတာကြောင့် သဲသဲကွဲကွဲ မမြင်တွေ့ ရသေးသည့် တိုင် မျှော်လင့် စောင့်စားတာတွေ ပြီးပြည့်စုံ သွား သလို ခံစားရသည် ။ နေရောင် က ဆုတ်ဆိုင်း၍ လာချေပြီ ။ အလင်း ဖျော့ဖျော့ မိုးကောင်းကင် သည် တစ်နေ့တာအတွက် နိဂုံးချုပ်ကာ အဆုံးသ,တ်ပေတော့မည် ။ “ ကိုရေချမ်း ကို သတိရတာနဲ့ ပုဆိုးလေး တစ်ထည် ဝယ်လာခဲ့သည် ။ အမှတ်တရ ပေါ့ ကိုရေချမ်းရယ် ” လို့ တစ်ခါ က ကြားခဲ့ ရသည့် စကား ။ သူ့ ရင် ထဲမှာ စိုးရိမ်ပူပန်မှုတွေ ၊ ပျော်ရွှင်ကြည်နူးမှုတွေ က အရောရော အထွေးထွေး ။ တန်းပေါ် တင်ထားသည့် လုံချည်လေး က သူ့ အား လက်ယပ် ခေါ်ယူနေသည့် နှယ် ။ နေကြာခင်း ဆုံးသည် နှင့် အိမ် အနီး သို့ ချဉ်းကပ် မိတော့မှာ ဖြစ်သည် ။ သူ သည် လေ ကို အားပါးတရ ရှူသွင်းလိုက်ပြီး နောက် ရှေ့ဆီ သို့ တစ်ဟုန်ထိုး ပြေးသွားခဲ့ ပြန်သည် ။ နေကြာပင်တွေ ကာဆီး ထားသောကြောင့် ခရီး မတွင် သော်လည်း နီးဖို့ ရန် အချိန် မဝေးတော့ပြီမှန်း တွေးမိလေ၍ ပျော်ရွှင် ပေါ့ပါးသွားခဲ့သည် ။ နေရောင် ကွယ်ပျောက် သွားခဲ့ သော်လည်း အလင်းရောင် က ကျန်ရှိ နေဆဲ ။ သည် တစ်ခါတော့ မခင်ဝိုင်း အနားမှာ မခွာနိုင်တော့ပြီ ။ ဖြစ်လိုရာ ဖြစ်စေ ကြုံတွေ့သမျှတွေ ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်မည် ။


အိမ် နှင့် အနီးကပ်ဆုံး နေရာ ရောက်သောအခါ ခြေအစုံ ရပ်တန့်လိုက် ကာ ပြတင်းပေါက် နေရာ ဆီသို့ ငေးမောကြည့်လိုက်သည် ။ ထိုစဉ် သူ့ မျက်လုံးများ သည် မယုံကြည်နိုင်မှုတွေ ဖုံးလွှမ်းသွားကာ အံ့အားတသင့် ငေးကြောင် သွားစေခဲ့တော့သည်  ။ စောစောက ကြိုတင် စိတ်ကူး ကြည်နူးမှုတွေနှင့် ဖီလာဆန့်ကျင် ။ ဇာတ်လမ်း ပြီးဆုံး သွားသော အခါ တောင်ကြီး တစ်တောင်လုံး ပြိုလဲကျ သွားသလို မျှော်လင့်ချက် ထားရ သမျှတွေ အလုံးစုံ ပျောက်ဆုံး သွားခဲ့ပြီမှန်း သိလိုက် ရသည် ။ ခရီးပန်းနွမ်းနယ် နေသည့် ခြေထောက်တွေ က မတ်မတ်ခိုင်ခို င် မရပ်တည် နိုင်တော့ ။ အနား မှာ ရှိသည့် နေကြာပင်များ ကို စု၍ ဆုပ်ကိုင်ရင်း ယိမ်းယိုင်လဲကျ မသွားအောင် ထိန်းထားရသည် ။ တစ်စတစ်စ အုပ်ဆိုင်း လာသည့် အမှောင်ရိပ် ကို သတိမပြုနိုင်ဘဲ ကြိုးတန်း ပေါ်က အ ရောင်မွဲမွဲ ဖျင်ကြမ်းလုံချည်လေး ကို သာ ငေးစိုက် ကြည့်နေမိသည် ။ ရက်စက် လိုက်တာ မခင်ဝိုင်း ရယ် ၊ ရက်စက် လိုက်တာဗျာ ဆိုသည့် အသံတွေ က သူ့ ရင် တစ်ခုလုံးမှာ တုန်ခါ ပဲ့တင်ထပ် ၍ နေသည် ။ မလှုပ်မယှက် ရပ်တန့်နေရ သော်လည်း ဝမ်းနည်းကြေကွဲမှု ကိုတော့ ထိန်းချုပ် ထားနိုင်စွမ်း မရှိတော့ ။ သူ ငိုချင်သည် ။ ကလေး တစ်ယောက် လို ရှိုက်ကြီးတငင်ငင် ငိုလိုက် ချင်သည်  ။ ဖုန်သဲတွေ လူးပေနေသည့် ပါးပြင် ပေါ် တွင် မျက်ရည် တွေ လိမ့်ဆင်း ကျလာခဲ့သည် ။ အဲသည့် နောက်တော့ ခံစားမှု အားလုံး စုပ်ယူ လိုက် သလို ရင်ထဲ မှာ ဟာလာဟင်းလင်း ကျန်ရစ်ခဲ့သည် ။ သည်နေ ရာမှာ ပင် အချိန်ကာလ မည်မျှ ကြာအောင် ရပ်တန့် နေခဲ့မှန်း မသိ ။ မိုး ကောင်းကင် ထဲတွင် ကြယ်ရောင်များ က မှုန်ပျပျ ။ အမှောင် ပိတ်ဖုံးထား သည့် ဝန်းကျင် တစ်ခုလုံးမှာ အပ်ကျသံ မကြား လောက်အောင် တိတ်ဆိတ် နေရင်း သူ တစ်ယောက် တည်း သာ ရှိနေသည့် နှယ် ။ တကယ်တော့ အိမ် အပေါ်ထပ် ဆီ မှာ ပုန်းကွယ်ရင်း သူ့ ကို ငေးမော ကြည့်နေသည့် အရိပ်သဏ္ဌာန် တစ်ခု ကို မတွေ့ရှိလိုက်ပါ ။ နေကြာခင်း ထဲ သို့ တိုးဝင် လာ နေစဉ်မှာ ပင် ရုတ်ခြည်းပျောက်ကွယ် သွားပြီး တခြား တစ်ထည် အစားထိုး လိုက်တာ ကို လည်း မသိခဲ့ရှာပါ ။ ခေါင်း ငိုက်စိုက် ကျ၍ အမှောင်ထု ထဲသို့ တိုးဝင်ပျောက်ကွယ် သွားသည့် သူ့ အား ကြည့်ရင်း တိတ်တဆိတ် ငိုရှိုက်သံသဲ့သဲ့ ထွက်ပေါ် လာခဲ့သည် ။ ထို တစ်ည က ကြယ် မစုံ ၊ လ မသာ ။ ချစ်သူတို့ မျက်ရည်တွေ ချောင်းခြား ကာ ဝေးခဲ့ရပါလေ၏ ။


ဒေါက်တာကျော်စိုး တို့ ပြန်သွားခဲ့ သော်လည်း အိပ်စက် မပျော်နိုင်ဘဲ ဧည့်ခန်း ထဲ မှာ သူ တစ်ယောက်တည်း ငေါင်းစင်းစင်း ကျန်ရစ် နေရှာသည် ။ အပြင် မှာ တော့ နှင်းတွေ ဖြင့် မှုန်မှုန်ဝေဝေ ။ မခင်ဝိုင်း ကို သတိရသည် ။ တမ်းတခဲ့သည် မဟုတ်ပေမယ့် လွမ်းတော့ လွမ်းနေဆဲ ။ အိပ်ခန်း ဆီ မှ နို့စို့သမီး ၏ ငိုသံ ကြားလိုက်ရ မှ အတွေး အိပ်မက် မှ လန့်နိုး သွားခဲ့ရသည် ။ တချက်ချက် မြည်၍ ရွေ့လျား နေသည့် နာရီလက်တံ တို့ က တစ် ဂဏန်း ဆီသို့ ညွှန်ပြ၍ နေသည် ။ အိပ်စက် အနားယူဖို့ အချိန်တန် ပြီပေါ့ ။ အိပ်ခန်း ဆီ သို့ လျှောက်လာစဉ် အမှတ်မထင် သတိရ လိုက်၍ သူ့ ကိုယ် သူ  ငုံ့ကြည့်လိုက်ရင်း “ ဪ  ငါ့ နှယ် ” ဟု တိုးတိုးလေး မြည်တမ်း လိုက်သည် ။ ညအိပ်ရာဝင် အဝတ်အစား မလဲရသေး ။ ရှူးဖိနပ် နှင့် ခြေအိတ် ကို ချွတ်သည် ။ ဘောင်းဘီရှည်ကြယ်သီး ကို ဖြုတ်ရင်း ခပ်လှမ်းလှမ်း နေရာဆီ သို့ အမှတ်တမဲ့ လှမ်း ကြည့်သည် ။ ကြိုးတန်း ပေါ် မှာ ခေါက်တင် ထားသည့် အပြာနုရောင် ရေလဲလုံချည်လေး ကို တွေ့ရချေ၏ ။


◽ညိုထွန်းလူ


📖 မဟေသီ မဂ္ဂဇင်း


📖 ရုက္ခစိုး နှင့် အခြား ဝတ္ထုတိုများ

Friday, November 29, 2024

ကောက်စိုက်မ မြခင်


 

🌾ကောက်စိုက်မ မြခင်

◾ထွဏ်းလူအောင် ( သဲကုန်း )

မြခင် ရင်တွေ တဒိန်းဒိန်း ခုန်နေသည် ။ ဒူးတွေ တဆတ် ဆတ် တုန် နေသည် ။ ပြတ်ကျ နေသော အိမ်မြှောင်အမြီးပြတ် ကဲ့သို့ တစ်ဖျပ်ဖျပ် ခါနေသည့် လက် နှစ်ဖက် လည်း နတ်ကျ သလို ... ။

ပြိုင်ဘက်တွေ ကို ကြောက်နေမိသည် တော့ မဟုတ် ။ စိတ် ကို ထိန်း နေလျက် က ဘယ်လို ဖြစ်ရသည် မသိ ။ နား ထဲ ကပင် လေ ထွက် နေ သလိုလို ... ။ ပါတီ ယူနစ်ဥက္ကဋ္ဌ ပြောနေသည့် မိန့်ခွန်း စကားတွေ လည်း နား ထဲသို့ မဝင် တစ်ချက် ဝင် တစ်ချက် ။

“ မမြခင် ... စိုက်တဲ့ အခါ ကျရင် ဘာကိုမှ ကြောက် နေစရာ မလိုဘူးနော် ။ စိတ် လဲ မစော နဲ့ သိလား ၊ ခါတိုင်း စိုက် သလို သာ စိုက်ချ ”

ကပ်လျက် ဘယ်ဘက် ကန်သင်း ဆီမှ အသံ ခပ်အုပ်အုပ် ထွက်လာ သဖြင့် ခေါင်းငဲ့ ကြည့် လိုက်သည် ။

ဒေါ်နွဲ့နွဲ့အေး ။

မြခင်တို့ မြို့နယ် လမ်းစဉ်လူငယ် တွဲဖက် အတွင်းရေးမှူး ဖြစ်သည် ။ မြခင် က ပြုံး၍ ခေါင်း တစ်ချက် ညိတ် ပြ လိုက်သည် ။ ပြုံးပြသည့် နှုတ်ခမ်း သည် ပင် ဆိုင်းတွတွ ကြီး ဖြစ်နေသည် ဟု မြခင် ထင်၏ ။ ခေါင်း ပြန် ငုံ့ နေလိုက်သည် ။ ဥက္ကဋ္ဌကြီး ၏ မိန့်ခွန်းသံ က အသံချဲ့စက် အော်လံဝ မှ မြခင် နား ထဲ သို့ ကြည်ကြည်လင်လင် ဝင် လာပြန်သည် ။

“ ကျွန်တော်တို့ နိုင်ငံ ဟာ စိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့ အတွက် လယ်ယာကဏ္ဍ က ဆန်စပါးစိုက်ပျိုးရေး ကို အားသွန်ခွန်စိုက် လုပ်ဆောင်တယ် ဆိုတဲ့ နေရာမှာ နိုင်ငံ တော်အစိုးရ က အဘက်ဘက် က နေပြီး ပံ့ပိုး ပေးနေသလို တောင်သူလယ်သမားတွေ ဘက် ကလဲ အားကြိုးမာန်တက် ကြိုးစားကြဖို့ လိုပါတယ် ၊ ဒါကြောင့်လဲ ခု ပါဝင် ယှဉ်ပြိုင်ကြမယ့် ကောက်စိုက် သူရဲကောင်း တပ်ဖွဲ့တွေ နည်းတူ လယ်ယာ လုပ်ငန်းခွင် ထဲ က လုပ်ငန်းတိုင်း မှာလဲ လုပ်ငန်းအလိုက် တကယ် အလုပ် လုပ်တဲ့ လယ်သမား သူရဲကောင်းတွေ ပေါ်ထွန်းလာအောင် ဖော်ထုတ်ပေးဖို့ လိုအပ်ပါတယ် ၊ ဒါကြောင့်လဲ ... ”

အချို့ စကားလုံးများ သည် မြခင် နှင့် ရင်းနှီးလှသည် မဟုတ်သော်လည်း တိုင်းပြည်တာဝန် ကို စွမ်းစွမ်းတမံ လုပ်ဆောင် ပေးနေကြသူတွေ စာရင်း မှာ သူ လည်း အပါအဝင် ဖြစ်ကြောင်းတော့ နားလည် လိုက်မိသည် ။ အားတက် သလို ရှိလာသည် ။ သို့သော်လည်း ခြေသလုံး တစ်ပတ်ရစ် မျှ ရှိသော တမန်းမြေ ညက်ညက် အောက်မှ ခြေမ  နှင့် ခြေညှိုး ကို အဘယ် အကြောင်း ကြောင့် တစ်ခု နှင့် တစ်ခု ပွတ်နေမိပါလိမ့် ။ ဒူး အထိ တင် ဝတ် ထားသော တက်ထရွန် ထဘီ အသစ်စက်စက် ခေါက်ရိုး သည် လေ မတိုက်ပါဘဲ အဘယ့်ကြောင့် တဖျပ်ဖျပ် ခတ်နေရပါသနည်း ။

ခြေမ နှင့် ခြေညှိုး ကို ငြိမ်ငြိမ် ထားလိုက်သည် ။ ဒူး ဆစ် ပေါ် တွင် ထိုးထိုးထောင်ထောင် ဖြစ်နေသည့် ထဘီ ခေါက်ရိုး ကို မသိမသာ သပ်ချ လိုက်သည် ။ ဒူး ကို စမ်းမိ၏ ။ တုန်နေဆဲ ။

အောက်နှုတ်ခမ်း ကို အပေါ်သွား ဖြင့် ကိုက်၍ မြခင် သတ္တိ မွေး လိုက်သည် ။ သို့သော် သိပ် မရချင် ။

ကြောက်စရာ ရှိ၍ ကြောက် နေမိသည် ဆိုလျှင် တော့ထား ။ ယခု ဘာမျှ ကြောက်စရာ ရှာ မတွေ့ဘဲ ကြောက်နေမိသည် က ဒုက္ခ ။ ငါ့ နှယ်နော် ... ဟု မြခင် သည် ကိုယ့် ကိုယ် ကိုယ် မကျေနပ် ။

ဟီး နေအောင် ထိုး ထားသည့် မဏ္ဍပ်ကြီး ကို ကြောက်နေမိတာလား ၊ အိုးစည်ဝိုင်း ဒိုးပတ်ဝိုင်း တွေ နှင့် မြေညွှတ်ခမန်း အားပေးကြမည့် လူထုကြီး ကို လား ၊ အဖွင့် မိန့်ခွန်း ပြောနေသည့် နယ်ခံ ပါတီယူနစ် ဥက္ကဋ္ဌကြီး ကို လား ။ ကု,လားထိုင်တွေ နှင့် ထိုင် နေကြသည့် တောက်တောက်ပြောင်ပြောင် ရှိလှသော အရာရှိ ၊ အရာခံ လူကြီးတွေ ကို လား ၊ စစ်ဗိုလ်အဝတ်အစားများ ဝတ်ထားသည့် တပ်မတော် အရာရှိကြီးငယ်တွေ ကို လား ... ။

မြခင် ကိုယ့် ကိုယ် ကိုယ် မေးကြည့်မိတော့လည်း တစ်ခု မျှမဟုတ် ။ ဒါတွေ အားလုံးထဲ မှာ ကြောက်စရာ ရှာ မရ ။

ယခင် က ဆိုလျှင် ဖြင့် မြခင် ကြောက်မည်လား ၊ အဘယ့်ကြောင့်ဆို သည်လို လူကြီးသူကြီးတွေ နှင့် မျက်နှာချင်း မျှ ဆိုင်ဖူးသည် မဟုတ်ခဲ့ ။ ဘယ်သူက ဘာမှန်း လည်း သိသည် မဟုတ်ခဲ့ ။ သိသည် ထားဦး ဆက်ဆက်နွယ်နွယ် ရှိဖူးသည် မဟုတ်သော မြခင် လို တောသူမ အ,အ ကြောက်တတ်ခဲ့သည် ဆိုလျှင် အပြစ် မဆိုသာ ။

ယခုတော့ သည် ပုဂ္ဂိုလ်ကြီးတွေ ကိုယ်နှိုက် က မြခင် တို့ကို အယ်လဲဝမ်းသာ မိတ်ဟောင်းဆွေဟောင်းတွေ နှင့် တွေ့ရသလို ကြိုကြိုဆိုဆို ဂရုတစိုက် ။ အစားအနေ ၊ လိုလေသေး မရှိစေရ ။

သည်လိုဖြင့် လမ်းစဉ်လူငယ် အလံတွေ ၊ တောင်သူလယ်သမား အစည်းအရုံးအလံတွေ ၊ နိုင်ငံတော် အလံတွေ တလူလူ လွှင့်နေသည့် မဏ္ဍပ်ကြီး ကို ကြောက်နေမိ တာလား ဆိုတော့လည်း မဟုတ်တန်ရာ ... ။

မြခင် တို့ မြို့နယ် မှ ကားကြီးနှစ်စီး ထိုးဆိုက်လာ သည်နှင့် ရင်ဘတ် မှာ တံဆိပ်အဝိုင်းတွေ ထိုးထားသည့် အမျိုးသား အမျိုးသမီး ဆယ်ယောက် လောက် ထွက်ကြို ကြသည်မှာ ပျာပျာသလဲ ။ ပြုံးလို့ ဖော်ရွေလို့ ။ နယ်ခံ ပါတီ ကော်မတီတွေ ၊ ပြည်သူ့ကောင်စီ အဖွဲ့ဝင်တွေ ဆိုတာ ဂရုစိုက် လိုက်ကြသည်မှာ မြခင် ဖြင့် အားနာ ယူရသည် ။

သည်လို ဆိုတော့ မြခင် တစ်ယောက် ဒူးတုန်ရင်ခုန် ဖြစ်နေရသည် က အဖြေ ရှာ မရ ။ ထိုသို့ ဂရုစိုက်ကြ သည်ကိုပင် ဝမ်းသာ လွန်း၍ ခုန်နေမိသည့် ရင်ပေလား တော့ မြခင် မဝေခွဲတတ် ။ တစ်ခုတော့ ရှိသည် ။ မြခင် တစ်သက် နှင့် တစ်ကိုယ် တွင် လူကြီး ၊ သူကြီး တွေ က သည်လို ဖက်လဲတကင်း ဝမ်းသာအားရ အရေးတယူ ပြု သည်မျိုးတော့ မခံစားခဲ့ရဖူးချေ ။

ဘာပဲဖြစ်ဖြစ် မြခင် အားတင်း လိုက်သည် ။ ခေါင်းငုံ့ ထား သဖြင့် မြင်နေရသော လည်စည်း အနီရောင် တောက်တောက် က စိတ် ကို တည်ငြိမ်နိုင်ဖို့ အားပေးနေ သလို ခံစားလာရသည် ။

လက်ခုပ်သံများ ကွင်းလုံး လျှံသွား၏ ။

မြခင် ခေါင်းမော့ ကြည့် လိုက်သောအခါ ဥက္ကဋ္ဌ ၏ မိန့်ခွန်း ပြီးသွားပြီ ဖြစ်ကြောင်း သိလိုက်ရ သော်လည်း သူများ တွေ လို လက်ခုပ် မတီး ဖြစ်လိုက် ၊ ကြောင်ကြည့် နေလိုက်မိ သည် ။

“ ခုချိန်မှ စပြီး မြို့နယ် ခြောက်မြို့နယ် ကောက်စိုက် ပြိုင်ပွဲကြီး စတင်ပါတော့မယ် ”

အသံချဲ့စက် မှ ကြေညာသံ ထွက်လာပြီးသည် နှင့် အိုးစည်ဒိုးပတ်ဝိုင်းများ ပြန်လည် အသံမြည်စ ပြုလာသည် ။ ကောက်စိုက် စည်းကြပ်ဒိုင်များ က မြခင် တို့ ကို နေရာ သတ်မှတ် ပေးသည် ။

တစ်မြို့နယ် ရှစ်ယောက် ပါဝင် ယှဉ်ပြိုင်ရ သဖြင့် ခြောက်မြို့နယ် ဆိုတော့ ပျော်စရာကြီး ။ စုစုပေါင်း လေး ဆယ့်ရှစ်ယောက် ။ တူညီဝတ်စုံတွေ က လည်း အဖွဲ့လိုက် တစ်ရောင်စီ ။ လည်စည်း အရောင်ချင်း ကတော့ ညီတူ ဖြစ် ၏ ။ အနီရောင် တောက်တောက်တွေ ချည်း ။

မြခင် တို့ အားလုံး မြို့နယ် က ထဘီအပြာရင့် ၊ အင်္ကျီမိုးပြာ ။

ငန်းထိပ် တွင် ရပ်လိုက်မိ သည်နှင့် မြခင် က ထဘီ ကို စောစော က ထက် တိုအောင် ဝတ်လိုက် သောကြောင့် ဒူး အပေါ် နား ရောက်သွားသည် ။ ဒေါ်နွဲ့နွဲ့အေး က ကန်သင်း ပေါ် မှနေ၍ “ မမြခင် ရယ် ၊ ထဘီ က တိုလှချည့် ” ဟု ပြောသံ ကို မြခင် မကြားလိုက်တော့ ။

ထဘီတိုတို ဝတ်ရသည့် အကြောင်း က နှစ်ကြောင်း ရှိသည် ။ ပထမ အကြောင်း က ထဘီ တို မှ တမန်း ထဲ မှာ လှုပ်လို့ ရှားလို့ ကောင်းသည် ။ လွတ်လပ်သည် ။ ဒုတိယ အကြောင်း က တက်ထရွန်ထဘီ အသစ်စက်စက် ကို မဝတ်ရက်သောကြောင့်တည်း ။

အသံချဲ့စက် မှ ဒိုင်ချုပ် ၏ အချက်ပေးသံ ပေါ်ထွက် လာသည် နှင့် မြခင် ခါးကိုင်း လိုက်သည် ။

ဘယ်ဘက် လက် မှ ဖျဉ်ပေးသော ပျိုးဖတ် ကို ညာ လက်ဖြင့် ယူရသည် မှာ လွယ်လွယ်လေး ဆိုသော်လည်း သိပ် အပေါက်အလမ်း မတည့်ချင် ။ ပျိုးပင် အဖျားလေးတွေ ဖျပ်ဖျပ်ခါ နေသည်ကို မြခင် သိသည် ။ တမန်း အိအိ ထဲ ဝင် သည့် လက် က တုံ့ဆိုင်းဆိုင်း ဖြစ်နေသည် ကို မြခင် သတိ ထား မိသည် ။ ထိန်း မရ ။

မြခင် တောက် တစ်ချက် ခေါက်လိုက်မိတော့သည် ။ ဟုတ်သည် ။ သည်လောက်ကြီး ဖြစ်လာ မှ တော့ မကောင်းတော့ ။

“ မြခင် စိတ်အေးအေး ထား စိုက် ၊ ဘာ ကြောက် နေတာလဲ ”

ဘယ်သူ အော်လိုက်သည့် အသံရယ် မသဲကွဲသော် လည်း ထို အသံသည် အိုးစည်ဒိုးပတ်သံတွေ တဆူဆူ ကြား မှ မြခင် နား ထဲ သို့ တိုးဝင် လာသည် ။ ကိုယ့် အဖြစ် ကို ဘေး က ကြည့်နေသူတွေ ပင် သိကုန်ကြပါပြီကော ။

မြခင် ခါး ပြန် မတ် လိုက်သည် ။ ဘေး သို့ လည်း တစ် ချက် ဝေ့ ကြည့်လိုက်မိသေးသည် ။ မည်သူမျှ သူ့ လို ခါးပြန် မတ်သူ မရှိ ။ မှန်သည် ။ စိုက်မည် ဟု မကြံရသေး ခင် ခါးပြန် မတ်သည့် နောက် သည် ကောက်စိုက်မ အသုံးကျတော့မည် မဟုတ် ။

သို့သော် မြခင် ခါး ပြန် မတ်လိုက်သည် က အခြား မဟုတ် ။ လေ ကို တဝကြီး ရှူထုတ် ပစ်လိုက်သည် ။ အောက်နှုတ်ခမ်း ကို အပေါ်သွားဖြင့် ကိုက်၍ အံတင်းတင်း ကြိတ် လိုက်သည် ။

“ မမြခင် ဘာဖြစ်လို့လဲ ”

ဒေါ်နွဲ့နွဲ့အေး သည် ရှေ့ ကန်သင်း ပေါ်သို့ အပြေး ရောက်လာ၏ ။ မြခင် က ခေါင်းခါ ပြလိုက်ပြီး ခါး ပြန်ကိုင်း လိုက်သည် ။

“ သူများတွေ တောင် ငါ့ ထက် မနည်း ကျောသွားပါ ရော့လား ”

မြခင် စိတ် ထဲ မခံချင်စိတ် အစ ထောင်လာသည် ။

ဒူးဆစ်နည်းနည်း ပို ခိုင်လာသည် ထင်၏ ။ ဘယ်ဘက် လက်ချောင်းလေးများ ထဲတွင် ဆုပ်ထားသော ပျိုး ဖတ် ကို ဖျဉ်ပေးသည့် လက်မ သည် လည်း အားသစ် ဝင် လာသလို ဆတ်ခနဲ ဆတ်ခနဲ တောက်ထုတ်နိုင်လာသည် ။ ညာလက် က အလိုက်သင့် ဆွဲ ကာ တမန်း အိအိ ထဲ သို့ တစ်ဖတ်ချင်း ထိုးနှစ် လိုက်သည် ။ တမန်းရည်နံ့ က နှာခေါင်း ဝ သို့ ဝေ့တက်လာ၏ ။

ဆူဆူညံညံ နိုင်လှသော အိုးစည်ဒိုးပတ်သံများ နားထဲ တွင် တဖြည်းဖြည်း တိုးသွားသည် ထင်၏ ။ နောက် ... ပျိုးဖတ် တစ်ခု ကို ထိုးနှစ်လိုက်ပြီး ဘယ်ခြေ ကို နုတ်၍ ညာခြေ ရွှေ့သည် ။ နောက် ပျိုးဖတ် တစ်ခု ...

နောက် တစ်ခု ...

နောက် တစ်ခု ...

မြခင် လက်မှန် စ ပြုလာပြီ ။

အမှန်မူ မြခင် တို့ ကောက်စိုက်ပြီဟေ့ ဆိုလျှင် သည်လို ပြိုင်ပွဲမျိုး မှာသာ မဟုတ် ။ ဘယ်နေရာ ကိုစိုက်စိုက် သည်အတိုင်း တမန်း ညက်ညက် မညက်ညက် ၊ မိုးရွာရွာ နေပူပူ ခါးကုန်း လိုက်ဟေ့ ဆိုသည်နှင့် ပြန် မတ်ခဲပါဘိခြင်း ။ ဘေးဘေးဘီဘီ လည်း ကြည့်ခဲပါဘိခြင်း ။

သည့်ပြင် ကောက်စိုက်မတွေ လို သီချင်းလေး ဟစ် လိုက် ၊ ပျိုးထမ်းသည့် ကာလသား ကို ရိလိုက် ၊ ကန်သင်း လမ်းပေါ် မှ ဖြတ်သန်း သည့် လူကို လှမ်း နောက်လိုက် လုပ် တတ်သူ မဟုတ် ။ သူများ ငန်း မပိတ်မီ သူ အရင် ပိတ်မြဲ ။

ထို့ကြောင့်ပင် ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း ကောက်စိုက်မ တို့ က “ မိမြခင် ရယ် ၊ နင့်လုပ်စာ နင် မစားရဘဲ ဖြစ် သွားလိမ့်မနော ” ဟု ပြောကြသည် ။ သည်လောက် လုပ် မှတော့ သေရောပေါ့ အဓိပ္ပာယ် ။ အချို့က လည်း “ သူဌေး မဖြစ်ပါဘူး မြခင်ရယ် ” ဟု ဆိုကြသေးသည် ။

ရှိစေ ၊ သူဌေး မဖြစ်တာ ဖြစ်တာ ထက် ထမင်း စားရဖို့ ပင် ခပ်ခက်ခက် မှန်း မြခင်ကိုယ် မြခင် အသိဆုံး ၊ ကိုယ့် ဘဝ ကိုယ် မသိဘဲ ရှိပါမည်လား ။ ပြောကြသည့် ကောင်မတွေ ကရော ဘာ ထူးလို့တုန်း ။ ကန်သင်း တက် ငွေချေ ဆို သည့် အတိုင်း နေ မှောင်၍ ငန်း ပိတ်ကာ ကန်သင်း ပေါ် တက်သည် နှင့် လယ်ရှင် က ချေသော ငွေလေး ရှစ်ကျပ် ကို ဆုပ်တဲ့ပြီး ရွာ ထဲ က ကုန်စုံဆိုင်ကလေး ပြေးလို့ ဆီ တစ်ကျပ်ဖိုး ၊ ရေနံဆီ သုံးမတ်ဖိုး စသည် ဖြင့် ဝယ်ရသည့် အထဲ သည်ကောင်မတွေ လည်း အပါ ။

“ ကောက်စိုက်ခလေး ရတုန်း ကြွေးလေးမြီလေး လဲ ဆပ်ဖို့စိတ်ကူး ထည့်ကြဦး ” ဟု အပြော ခံရသူတွေထဲ သူတို့လည်း နံပါတ် တစ် ။ ကိုယ် လည်း နံပါတ် တစ် ။ ဒါနှင့်များ အလုပ် လုပ်တော့ ဖင်လှည့် ခေါင်းလှည့် ။

မြခင် တို့ က သည်လို မဟုတ် ။ တမန်း ထဲ ဆင်းလိုက် ပြီဟေ့ ဆိုသည် နှင့် ထဘီတိုတို ပေါင်လည်  လောက် ဝတ် ကာ ဒေါင်းတင် မောင်းတင် ၊ အိမ် ကျမှ မထနိုင် လျှင် လည်း နေရော့ ။ ဖျတ်ကယ် ဖျတ်ကယ် နှင့် စိုက်ချ လိုက်သည်ပဲ ။

စိုက်စ ရက်တွေ ဆို လှုပ်တောင် မလှုပ်ချင် ။ ဒါက လည်း ကောက်စိုက်မတိုင်း ကန်သင်း ပေါ် တက်လာပြီ ဆို ကုန်းကုန်းကွကွ နှင့် ။ လမ်းတောင် ကောင်းကောင်း မလျှောက်ချင် ။ တရေးများ နိုးမှဖြင့် ကိုက်လိုက်ခဲလိုက် သည် မှာ အမယ်လေး တ ရသည် ။

သို့သော်လည်း အုန်းမောင်း ခေါက်သည်နှင့် ကျိုးကျိုးကျွတ်ကျွတ် စုပ်သပ်ရင်း တဖျဉ်းဖျဉ်း နာနေသည့် ကျော နှင့် ခြေသလုံး ကို နှိပ်ကာ အိပ်ရာ မှ ထရသည် ။ ထမင်းအိုး တည် ၊ ငါးပိလေး စလောင်း ကပ် ကင် ။ ဆီလေး မျှင်မျှင် ဆမ်းပြီး ထမင်းကြမ်း အတွက် စီစဉ်ရသေး၏ ။

မိဘ လက်ထဲ နေနိုင် သေးသည့် အပျိုမတို့ အတွက် တော့ မထောင်းတာလှ ၊ မြခင် တို့လို့ တစ်အိုး တစ်အိမ် ထူကြပြီ ဆိုတော့ ကိုယ် မှ မထလို့ မဖြစ် ။

မြခင် ၏ သား နှင့် သမီး ဘုစုခရု သုံးယောက် က လည်း ဆော့ဖော် စားဖော် လောက်သာ ရကြသေးသည် ။ အိမ် က လင်တော်မောင် ကိုသာလှ ခမျာ က လည်း အိမ် မှာ နေနိုင်သည် မဟုတ် ။ လယ် မရှိ ၊ နွား မရှိ ဆိုတော့ သူများ လယ် မှာ စာရင်းငှား လုပ်ရသည် ။ လယ်ပိုင် က တစ်မိုင် သာသာ ဝေးသည့် ခွေးတောက်ချောင်းရွာ က ။ သည်တော့ လယ်ပိုင် အိမ် မှာ လယ် မပြီး မချင်း နေရသည် ။ အိမ် အလုပ် မှန်သမျှ က မြခင့် တာဝန်ချည်း ။

ဒါပေသည့် မြခင် ဘယ်တော့မျှ မညည်း ။ ရွာ ထဲ တွင် ရသမျှ အလုပ် ကောက်စိုက် ၊ ကောက်ရိတ် ၊ စပါးလှေ့ ၊ ကြိတ်ထိုး ၊ ဆန်ဖွပ် ၊ မောင်းထောင်း မြခင် အကုန် လုပ် သည် ။ လုပ်သမျှ အလုပ်တိုင်း တွင် လည်း မြခင် တို့ က နာမည် တစ်လုံး နှင့် သေသပ်သည် ။ မြန်သည် ။ စေတနာ ပါသည် ။ ထို့ကြောင့် မြခင် တို့ ရွာ က ကောက်စိုက်စည်း ခေါင်းတွေ ဆို မြခင် ကို သူ့ ထက် ငါ အရ လုမြဲ ။ မြခင် ပါ လျှင် အလုပ် တွင် သည် ကိုး ။

မြခင် ၏ ကောက်စိုက် စွမ်းရည် က တစ်အုပ်စုလုံး တွင် နာမည်ကြီး ။ ထို့ကြောင့်ပင် မနှစ်က မြို့နယ် ထွန်တုံးပိတ် ကောက်စိုက်ပြိုင်ပွဲ တွင် မြခင်တို့ အုပ်စု ပြည်သူ့ ကောင်စီဥက္ကဋ္ဌ က ဝင် ပြိုင်ခိုင်း သဖြင့် မြခင် ဝင်ပြိုင်သည် ။ ပထမ ၊ ပထမ မှ ပွတ်ကာသီကာ ပထမ မဟုတ် ။ မြခင် ငန်းပိတ် ၍ ကန်သင်း ပေါ် ထိုင်နေပြီး ဆယ်မိနစ် လောက် ကြာမှ ဒုတိယ ရသူ ငန်း ပိတ်သည် ။ စိုက်သား စိုက်နား ကျတော့လည်း မြခင် စိုက်သည် က ပန်းစည်းလေး တွေ စီချထား သလို ။ သို့နှင့် သည်နှစ် ...

“ မြခင် ဟေ့ မြခင် ကွ ၊ မြခင် ...”

မြခင် နာမည် ကွင်းလုံး ညံလာသည် ။ ဒူး နှစ်ဖက် ကို ဆုံလည် ထားကာ ရွှေ့ကာ နှင့် မြခင် စိုက်နေပုံ ကို မြင်ရသူ တိုင်း အားမပေးဘဲ မနေနိုင် ။

“ လာစမ်း ၊ သိကြားမင်း ဆင်းစိုက်စမ်း ၊ ဘာရမလဲ ကွ ၊ မြခင် တဲ့ ဟေ့ ၊ မြခင် နဲ့ ယှဉ်လို့ကတော့ မာတလိနတ် ခွေးယောင် ဆောင် ပြတာတောင် နားရွက် နည်းနည်းကုပ် သေး ဆိုတာမျိုးလို ဖြစ်သွားမယ် ”

အားပေးသံ အဆုံး ၌ တသောသော ရယ်သံ ကိုပါ မြခင် ကြားလိုက်ရသည် ။ ရယ်စရာ တော့ အတော် ပြောတဲ့ လူကြီး ။ သည် အသံ ကို မြခင် မသိဘဲ နေပါမည်လား ။ မြခင် တို့ ခွေရဲအုပ်စု ပြည်သူ့ ကောင်စီ ဥက္ကဋ္ဌ ဦးမြတ်စံ အသံ ။

သည်ကတည်း က မြခင် မော့် ကြည့်စရာ မလိုဘဲ နားလည် လိုက်သည် ။ သည့်ပြင် ကောက်စိုက်မတွေ ထက် သူ မည်မျှ ကျောခဲ့ပြီ ဖြစ်ကြောင်း သဘော ပေါက်ပြီ ။

သို့သော် မြခင် တို့ က တက်ထောင်တတ်သည့် လူစားမျိုး မဟုတ် ။ လက် က ပိုသွက်သည် ။ အားမာန် ပို တက်လာသည် ။ စောစောက ဒူးတုန် ရင်တုန် လက်တွေ တုန်တာတွေ ဘယ် ပြေးကုန်ပြီ မသိတော့ ။ မြခင် စိုက်နေပုံ က အငြိမ့်သမလေး တစ်ယောက် စိတ်ပါလက်ပါ နှင့် ခပ်ဆတ်ဆတ်လေး က နေ သလိုလို ။

တမန်း ထဲ နစ်နေသည့် ခြေထောက် ၏ အထိအတွေ့ က ကန်သင်း နား ကပ်လာပြီ ဖြစ်ကြောင်း သိနေရ သည် ။ လက် ကို အားကုန် နှင်ပစ်လိုက်သည် ။

“ အို ... ဘာတဲ့တုန်း ၊ စိန်စတင်း လက်သံထက် တောင် သွက်လှပါလား ၊ ငါ့ တူမ ရဲ့ ”

ဦးမြတ်စံ အသံကုန် ဟစ် နေသည် ။ လက်ခုပ်သံတွေ ဆူညံ သွား၏ ။

မြခင် ခါး ဆန့်လိုက်သည် ။ ဒေါ်နွဲ့နွဲ့အေး က ကန်သင်းလမ်း အတိုင်း ပြေးလာသည် ။ သူ စီးနေကျ ဖိနပ် ဖြူဖြူလေး ပင် မပါ ။ မ,ထားသည့် ထဘီ အောက်မှ ခြေသလုံး ဝင်းဝင်းလေး ရွှံ့တွေ အစင်စင် နှင့် ။ လက် တစ်ဖက် က လည်း လက်ကိုင်ပဝါလေး ဝှေ့လို့ ။

မြခင် လေ ... ကြက်သီးဖုတွေ ထသွားတဲ့ အထိ ။

ဒေါ်နွဲ့နွဲ့အေး က မြခင် ၏ ချွေးအရွဲရွဲ ပခုံးကို အားရပါးရ ဖက်လျက် မဏ္ဍပ် ဆီ ခေါ်သွားသည် ။ အခြား ကောက်စိုက်မတွေ က မူ စိုက်ကြတုန်း ။

မြခင် တို့ မဏ္ဍပ် နား ရောက်သည့် အခါ မဏ္ဍပ် ထဲ မှာ လက်ခုပ်သံတွေ တစ်ဖြောင်းဖြောင်း နှင့် ထပ်၍ ဂုဏ်ပြု ချီးကျူး လိုက်ကြပြန်သည် ။ နယ်ခံ ပါတီယူနစ် ကော်မတီဝင် အစ်မကြီး က စပါကလင် ဘိလပ်ရည်ပုလင်း ကို ကိုယ်တိုင် ဖွင့်လျက် ယူ လာပြီး မြခင် ကို တယုတယ ပေးသည် ။

“ တကယ့်ကို တော်တဲ့ ငါ့ ညီမရယ် ၊ ကြည့်စမ်း အားလုံး အပြတ်အသ,တ်ပဲ ”

မြခင် လက်မောင်း ကို ဆုပ်ကိုင်ဖျစ်ညှစ် လျက် ဝမ်း သာအားရ ချီးကျူး နေပြန်သေးသည်မို့ မြခင် မနေတတ် ။ ပြုံးရ မလို ၊ ရယ်ရ မလိုဖြင့် ရှက် နေမိသည် ။

“ ငါ့ ညီမ တို့ လို လယ်သူမတွေ တို့နိုင်ငံ က လယ်ယာခွင်တွေမှာ အများကြီး လိုအပ်နေတာပဲ ညီမ ရဲ့ ၊ လုပ်ရည်ကိုင်ရည် ထက်မြက်တဲ့ လယ်သမားတွေဟာ တို့ နိုင်ငံ ရဲ့ ဘက်စုံ စိုက်ပျိုးရေး မှာ ပဓာန ကျတဲ့ အင်အားပဲကွ ”

မြခင် တစ်ကိုယ်လုံး ကြက်သီးဖုတွေ ထ လာပြန် သည် ။ ရှိန်းခနဲ ဖိန်းခနဲ လည်း ခံစား လိုက်ရသည် ။ ပြုံးထား သည့် မြခင် ၏ နှုတ်ခမ်းလေးတွေ လှုပ်ခတ် နေကြ၏ ။ ဝမ်းသာခြင်း ။

ကောက်စိုက်ပြိုင်ပွဲ မှာ ပထမရခြင်း အတွက် ဝမ်းသာ သည် ဆိုသည် ထက် တာဝန်ရှိ ပုဂ္ဂိုလ်ကြီးများ ၏ ဂရုတစိုက် ရှိခြင်း အပေါ် ဝမ်းသာသည် ဆိုက ပို၍ မှန်မည် ထင်သည် ။ အကြောင်းမှာ သည် ပွဲ တွင် လည်း ပထမ ရမှာပါ ဟု ကိုယ့် ကိုယ် ကိုယ် ယုံကြည် ထားပြီး ဖြစ်သည့် အပြင် ဤသို့ ဂရုစိုက်ခြင်းမျိုး ကို မတွေ့ကြုံဖူးသောကြောင့်လည်း ဖြစ်၏ ။

ပြိုင်ပွဲ ပြီးဆုံးသွားပြီ ။ အဖွဲ့လိုက်ပြိုင်ပွဲ အတွက် အမှတ် တွေ ပေါင်း နေကြတုန်း မဏ္ဍပ် ထဲမှ ခေတ်ပေါ်တီးဝိုင်း က ဂုဏ်ပြုတေးများကို သီဆိုတီးမှုတ် နေကြသည် ။

“ ဟေ့ ... တို့ခေတ်ရောက်ပြီ ... လယ်သမား လုပ်အားတွေ ကိုယ်စီ ... နှင်တံ ကို အသာ မ လို့ ... လာကြဟေ့ ၊ လယ်ကွင်းပြင် ဆီ ...  ”

စိတ်ပါလက်ပါ နှင့် တက်တက်ကြွကြွ ဆိုနေသည့် အဆိုတော် ၏ အသံသည် မြခင် ၏ အသည်းနှလုံး ကို ထိခတ် နေ၏ ။

ဘယ်တုန်းကမှ လူရာသူရာ မဝင်ခဲ့သည့် မြခင် တို့ အရေးတယူ ဂရုစိုက် ခံနေရသည် ကိုများ သွားလေသူ မိဘနှစ်ပါး မြင်စေချင်စမ်းပါဘိတော့ ဟု တွေးရင်း မျက်ရည် ပင် ဝိုင်းလာမိသည် ။

“ ခု အချိန်မှ စပြီး ဆုပေးပွဲ အခမ်းအနား ကို စတင်ပါ တော့မယ် ”

အသံချဲ့စက် မှ ကြေညာသံ ထွက်လာသည် ။ တီးဝိုင်း ရပ်သွား၏ ။ အိုးစည်ဒိုးပတ်ဝိုင်းတွေ လည်း တိတ် သွားသည် ။ မဏ္ဍပ် ထဲ မှာ လူတွေ မဆံ့ ။ အပြင်ဘက် မှာ ပင် တိုးတိုးဝှေ့ဝှေ့ ။

“ ပထမဦးစွာ တစ်ယောက်ချင်း ဆုများ ကို ချီးမြှင့် မှာ ဖြစ်ပါတယ် ။ ဆုရသူ စာရင်းကို ကြေညာပါ့မယ် ခင်ဗျား ၊ တစ်ယောက်ချင်း ပြိုင်ပွဲ မှာ ပထမ ... မမြခင် ”

လက်ခုပ်သံတွေ ဆူညံ သွားသည် ။ နောက် စကား လုံးတွေကိုပင် မကြားလိုက်ရ ။ သည်တစ်ခါ တော့ မြခင် ရင်မခုန် ၊ ရင်ထဲ မှာ လှိုက်နေသည် ။ တစ်ခုခု က လည် ချောင်းဝ မှာ ဆို့နေသည် ထင်၏ ။ နှာခေါင်း ထဲမှာ စူးခနဲ ရှသွားကာ နှာရည် ကျလာသည် ။ ပါး ကို စမ်း ကြည့်လိုက် မိသည် ။

မျက်ရည်တွေနှင့်ပါလား ... ။

“ ကျွန်မ တက် မယူချင်ဘူး အစ်မ ရယ် ”

အနား မှ ဒေါ်နွဲ့နွဲ့အေး ကို ပြောရင်း မျက်ရည်သုတ် ပစ်လိုက်ရသည် ။

“ ဘာ ကြောက်စရာရှိတုန်း ညီမ ရဲ့ ၊ ကိုယ် ရတဲ့ဆု ကိုယ် တက် ယူတာပဲ ”

“ ကျွန်မ မရှက်ပါဘူး အစ်မရယ် ၊ ကြောက်လဲ မကြောက်ပါဘူး ၊ သိပ် ဝမ်းသာလွန်းလို့ပါ ...  ”

ဒေါ်နွဲ့နွဲ့အေး ကတော့ ဘယ်လို သဘောပေါက်မည် မသိ သော်လည်း ထို စကားကို ကောင်းစွာ သဘောပေါက် နိုင်သူ မှာ မြခင် တစ်ယောက် သာ ရှိမည် ထင်သည် ။

“ ပထမဆု ရတဲ့ ကောက်စိုက်သူရဲကောင်း မမြခင် ဆုယူရန် ကြွပါခင်ဗျား ”

လက်ခုပ်သံတွေ က ဆူညံ လွန်းသည် ။ ဒေါ်နွဲ့နွဲ့အေး က မြခင် လက်မောင်း ကို ကိုင်၍ မတ်တတ် ရပ်စေသည် ။

“ ခေါင်း ညွတ်ပြီး လက် နှစ်ဖက် နဲ့ ယူနော် ညီမ ၊
သွား ... မကြောက်နဲ့ ... ”

ဒေါ်နွဲ့နွဲ့အေး က ဖေးဖေးလေး တွန်းလွှတ် သဖြင့် မြခင် သည် ဆုပေးစင် ရှိရာသို့ လျှောက် နေသည် ။ လက်ခုပ်သံများ က မိုးပြိုဘနန်း ။

မြခင် လက် သို့ ဆု လှမ်းလိုက်သည် နှင့် ရိုက်လိုက် သည့် ဓာတ်ပုံတွေ က တဖျပ်ဖျပ် တလင်းလင်း တစ်လက်လက် ။

ရင် ထဲ က လှုပ်ခတ်မှု ကို အနိုင်နိုင် ထိန်းရင်း ထိုင်ခုံ ရှိရာသို့ ပြန်လျှောက် လာခဲ့သည် ။ လက်ခုပ်သံများ က မြခင် ထိုင်ပြီးသည် ထိ မစဲသေး ။

ထိုင်ခုံ တွင် ထိုင်သားတကျ ရှိတော့မှ ဆုများ ကို ကြည့်မိရသည် ။ မြို့နယ် အလိုက် ပြိုင်ပွဲပေမို့ ပေးသည့် ဆု မြခင် ရသော ပထမဆု အတွက် ခြင်ထောင်ဇာ က နှစ်အုပ် ၊ မျက်နှာသုတ်ပဝါကြီး က တစ်ထည် ၊ ရှီတင်ပွင့်ရိုက်ထဘီ က တစ်စ ၊ ရွှေဝါဆပ်ပြာ က ငါးထောင့် ။

ခြင်ထောင်ဇာအုပ် ကို မြင် ကတည်း က မြခင် ပို ပျော်သွားသည် ။ သည့်အပြင် ဟာတွေ မရချင် နေပါစေ ခြင်ထောင်ဇာအုပ် ရသည် ကို က နတ်မတာပဲ ဟု မြခင် တွေး လိုက်မိသည် ။ အကြောင်း ကား ...

ဘုရားစူး လွတ် ပြောရမည် ဆိုလျှင်တော့ မြခင် တို့ မိသားဖသား ငါးယောက် သည် ခြင်ထောင် နှင့် အိပ်ရပါ သည် ဟု ပြောရမည် ဖြစ်သော်လည်း စင်စစ်မူ မြခင် ခြင်ထောင် ဖြင့် မအိပ်ဖူးခဲ့ ။

အဘယ်ကြောင့် ဆိုသော် မြခင် တို့ မိသားစု အိပ်ရ သော ခြင်ထောင် သည် “ နွားခြင်ထောင် ” ဖြစ်သော ကြောင့်တည်း ။

မြခင် တို့ အရပ် တွင် နွား ကို ခြင်ထောင် ထောင်ပေး ရသည် ။ သို့သော် နွားတိုင်း ကို ထောင်ပေးသည် တော့ မဟုတ် ၊ တစ်ကောင် ကို တစ်သောင်းကျော် လောက်တန် သည့် နွားနင်း နွားပြေးလို နွားမျိုး ၊ ပြိုင်နွား ၊ မြေတွေ လယ်တွေ အတော်များများ ပိုင်သူများ မှ သာ မွေးနိုင်သည့် နွားမျိုး ။ ထိုနွားမျိုး ကို ‘ သ ’ ထားရ သဖြင့် ခြင်ထောင် ဖြင့် သိပ်ရသည် ။ ထို ခြင်ထောင်မျိုး မြခင်တို့ ၌ ရှိ၏ ။

ထို ခြင်ထောင် လုပ်ပုံလုပ်နည်း ကို မြခင် ယောက်ျား ကိုသာလှ မြင်ဖူး၏ ။ သူ သူရင်းငှား လုပ်သော လယ်ပိုင်ရှင် အိမ် မှ နွားနှစ်ကောင်ကို တစ်ကောင် တစ်လုံး ထောင်ပေး ထားသည် ကို ကိုသာလှ မြင်ဖူး၏ ။ ဂုန်နီဖျင်ပါးပါး ကို ဂုန် နီကြိုး ဖြင့် သီချုပ် ထားသည့် ခြင်ထောင် ဖြစ်သည် ။

ထို ခြင်ထောင် ကို တု၍ ကိုသာလှ ချုပ်သော အခါ သူ့ လယ်ပိုင်ရှင် ကဲ့သို့ ကု,လားဆိုင် မှ ဂုန်နီဖျင်ပါး ကို မဝယ် နိုင် ။ ဆန် ထည့် သည့် အိတ် ၊ စပါး ထည့် သည့် အိတ် အဟောင်းတွေ ကို လယ်ပိုင်အိမ် မှ တောင်း၍ ဖျက်ချုပ် ရသည် ။

မချုပ်လို့ ကလည်း မိုးတွင်း အခါ ဆို ည မအိပ်နိုင် ။ မြခင်တို့ အရပ် က နေ ဝင်ပြီ ဆိုသည်နှင့် ဖွဲ နှင့် ဆုပ်၍ ပက်သည် ကဲ့သို့ ကိုက်တတ်သည့် ခြင် တို့ ၏ အသံ က လှည်းတပ်ကြီး မောင်းလာ သလို တဝီဝီ တညောင်ညောင် ။ အသံတွေ က ဆူညံ နေတတ်သည် ။ သည်တော့လည်း ဂုန်နီဖျင်အိတ် ခြင်ထောင် ထဲ တွင် တစ်ပြုံလုံး ဝင်၍ ခြင်လွတ် ရာ ကြံရသည် ။

ခြင် တော့ လုံပါ၏ ။ သို့သော် လုံလွန်း သဖြင့် ဒုက္ခ ၊ ဂုန်နီဖျင် က ပူပူ ၊ ရာသီဥတု က အိုက်စပ်စပ် ၊ အိတ် က အဟောင်းတွေ ဆိုတော့လည်း အနံ့အစော် က မကောင်း ။ မွှန် သလိုလို ၊ အောက်စော် နံ သလိုလို ။ သည်အထဲ မှာ တစ်ဦးဦး ကသာ လေပုန်းကလေး မြူး လိုက်ပြီ ဆိုလျှင်တော့ နှာခေါင်း ဒုက္ခ ၊ စိတ် ဒုက္ခ ။ သို့သော်လည်း အပြင် ထွက် အိပ် လို့ မဖြစ် ။ ခြင်တွေ က ကိုက်ချီ သွားနိုင်သည် ။

လေ တဖြူးဖြူး ဝင်နိုင်သည့် ဇာခြင်ထောင် သန့် သန့်လေး ထဲ မိသားဖသားလေး တစ်စုတစ်ဝေး အိပ်လိုက်ရ လျှင် ...

မြခင် ရင် ထဲ မှာ အပျော်ဆုံး ပြုံး လိုက်မိသည် ။

ဆုရသည့် ခြင်ထောင်ဇာအုပ် အသစ် မှ အသစ်နံ့ သင်းသင်းလေး ကို တရှိုက်မက်မက် နမ်း ကြည့်လိုက်မိသည် ။

“ မွှေးလိုက်တာ ”

oooooooooo

မပြေးရုံ တမည် လျှောက်လာခဲ့မိ သော်လည်း မြခင် မမော နိုင် ။ ရွာ သို့ ဝင်သည် နှင့် ခြေလှမ်း က ပို သွက် လာသည် ။ အိမ် သို့ အမြန်ဆုံး ပြန် ရောက်ချင်နေသည် ။ ခြင်ထောင်ဇာ ကို များ ကိုသာလှ မြင်လျှင် အဘယ်မျှ ဝမ်းသာ လိုက်လေ မည်နည်း ... ။

“ ဟဲ့ ... မြခင်မ ၊ ဘာတွေတုံးဟဲ့ ၊ တစ်ပွေ့ တစ်ပိုက်ကြီးနဲ့ ”

ရွာထိပ် ဝင်ရုံရှိသေး ။ အမေးအမြန်းတွေ က ထူပါဘိ ။ သည့်ပြင် အချိန် ဆိုလျှင်ဖြင့် တစ်ဝကြီး ထိုင်၍ ကြွားပစ်လိုက် ချင်သပေါ့ ။ ဘယ်လို ဘယ်လို သွား၍ ဘယ်လို ဘယ်လို စိုက် ၊ ဘယ်လို ဘယ်လို အရေးတယူ ပြုကြသည့် အကြောင်း ပြောလိုက်ရလျှင် တစ်နေကုန် သွားနိုင်သည် ။ သို့သော် မြခင် ရင်ထဲ မှာ ကိုသာလှ ။ ကိုသာလှ ကို သာ ပထမဦးဆုံး ပြ၍ ပထမဆုံး ပြောပြလိုက် ချင်သည် ။

“ ကောက်စိုက်ပြိုင်ပွဲ က ဆုရလာတာတွေပါ အရီးလေး ရယ် ... ”

တိုတိုနှင့် ဖြတ်၍ ခြေလှမ်း ဆက်ပြင်သည် ။

သည်လိုလောက် နှင့်တော့ အရီးလေး ဒွေးဖြူတို့ က မပြီး ။ အတင်း ဆွဲ ထားသည် ။

“ ဟဲ့ ... နေစမ်းပါဦးဟဲ့ ၊ ဘာတွေများ ရလာတာ တုန်း ၊ အမယ်လေး ၊ အများကြီးပါလား ၊ နင့် ဟာက တယ် ဟုတ်ပါလား ၊ ဟေ့ ”

ပါးစပ် က လည်း ပြော ၊ လက် က လည်း ခြင်ထောင် ဇာအုပ် ဆွဲလိုက် ၊ ထမီစ ဆွဲလိုက် ၊ မျက်နှာသုတ်ပဝါ ဆွဲ လိုက် ။

“ ညည်းတော့ ပွပြီဟေ့ ၊ ရောင်းစားပစ် ၊ ရောင်းစားပစ် ၊ ခြင်ထောင်ဇာ နှစ်အုပ် ဆို နည်းဘူး ဟဲ့ ၊ ဆီဖိုး ၊ ဆန်ဖိုး လေး ရတာပေါ့ ၊ ထဘီလေး တော့ ထသွား လာသွား ဝတ် ဖို့ ထား ၊ ဆပ်ပြာတွေ ၊ မျက်နှာသုတ်စောင်တွေ ကရော ဘာ လုပ်ဖို့လဲအေ ၊ ရောင်းသာ ပစ် ၊ ထဘီစလေး က အသွေး ကျလိုက်တာဟယ် ”

အရီးလေး ဒွေးဖြူ တို့ ကတော့ သည် အတိုင်း ။ ထဘီစ ကို ဖြန့်၍ ထောင်၍ ကပ်၍ ကြည့်နေသေးသည် ။ မြခင် သိပ် စိတ် မရှည်ချင်လှ ။ မကောင်းတတ် ၍ ဆက် ရပ် နေရသည် ။ တစ်ဖက် ခြံဝ မှ နောက် တစ်ယောက် ထွက် လာပြန်၏ ။

“ ဘာတွေတုံးဟ ၊ ဆုတွေ ဘာတွေ နဲ့ လဲ ပြောသံ ကြားတယ် ။ ကောက်စိုက်ပြိုင်ပွဲ က ဆုရသလား မြခင် ... ”

ဦးလေး ကိုရွှေဒေါင်းကြီး ထွက်လာပြန်ပြီ မို့ မြခင် ကပျာကယာ ပွဲသိမ်းရ တော့သည် ။ အရီးလေး ဒွေးဖြူ လက် မှ ထဘီစ ကို မသိမသာ ပြန်ဆွဲ ယူရင်း လုံးထွေးပိုက် လိုက်သည် ။

“ ဟုတ်ပါ့တော် ၊ မြခင် ရလာတဲ့ ဆုတွေ မနည်းဘူး ၊ ခြင်ထောင်ဇာတွေ ရော ၊ ထဘီတွေ ရော ၊ မျက်နှာသုတ် စောင်တွေ ရော ၊ အောတိုက် အောတိုက် ”

အရီးလေးဒွေးဖြူ က အာဘောင်အာရင်း ဖြင့် လှမ်း အော် ပြောနေသည် ။ ဦးလေး ကိုရွှေဒေါင်းကြီး လျှောက် လာနေ၏ ။ မြခင် ခြေလှမ်း ပြင်ရတော့သည် ။ ရပ် နေ၍ မဖြစ် ။ အရီးလေး ဒွေးဖြူ ၏ ပါးစပ် ကို သိသည် ။ သည် ပါးစပ် က ‘ ဗျိုး ’ ဟစ်သည် ထက် ခရီး ပေါက်၏ ။ ကြာလျှင် တစ်ရွာလုံး ထွက်လာသည် နှင့် အိမ်ပြန် ရောက်တော့ မဟုတ် ။

မရှိစဖူး ... မရစဖူး ရလာသည် ဆိုတော့ မကြွားချင်ဘဲ ရှိပါမည်လား ။ မြခင် တို့ ကြွားပစ်လိုက်ချင်သပေါ့ ။ သို့သော် နံပါတ်တစ် သည် အိမ် က ကိုသာလှ ။ ကိုသာလှ သည် ဘဝ တစ်ခု အတွင်း က နာအတူ စံဖက် ။

“ သွားမယ် ဦးလေးဒေါင်း ရေ ၊ အိမ် က လူ မျှော် နေဦးမယ် ”

စကား ဖြတ်သည် ။ ခြေလှမ်း စသည် ။ ဦးလေးဒေါင်း တော့ ဘာတွေ ပြော ကျန်ခဲ့လေမည် မသိတော့ ။

“ ကိုရင်ရေ ... ကိုရင် ... ”

တဇောင်းလက်ပတ်ပင်လေးတွေ ကျဲတိကျဲတောက် စိုက်ထားသည့် ခြံစည်းရိုး ကို လွန်သည်နှင့် မြခင် အသံကုန် ဟစ် လိုက်သည် ။ ကလေး နှစ်ယောက် ပထမဆုံး ပြေးထွက် လာကြသည် ။ လူပေါ် ဖက် တက် ၊ ပစ္စည်းတွေ ခုန်ဆွဲ နှင့် မနည်း တား ယူရသည် ။ ကိုသာလှ က ဝါးယောက်မ ကို ကိုင် လျက် တဲမီးဖိုးဝ သို့ ထွက်ရပ်သည် ။ မြခင် လက် ထဲမှ အထုပ်တွေကို မြင်သည် နှင့် ပြုံးစစ ။

မြခင် က တဲဝါးကြမ်းခင်း ပေါ်သို့ ခပ်ပစ်ပစ် ထိုင်ချ လိုက်သဖြင့် ဆင့်ဝါးလုံး ဝါးကြမ်းခင်း ထိသံ ဂျုံးဂျုံး မြည်သွားသည် ။

“ ဖြည်းဖြည်း လုပ်ပါဟ ၊ ကလေး အိပ်နေတာ နိုးသွား
ပါ့မယ် ”

“ နိုးနိုး တော် ၊ နိုးရင် နို့တိုက်တာပေါ့ ”

မြခင် က နို့စို့ကလေး အိပ်နေရာ သို့ လှမ်း ကြည့် ရင်း ပြောသည် ။

ကလေး ကို မမြင်ရ ။ ညိုမည်းမည်းကြီး နှင့် အိတွဲတွဲ ပုံကျ နေသော ဂုန်နီအိတ် ခြင်ထောင်ကြီး ကို သာ မြင်ရ ၏ ။ ထို ခြင်ထောင်ကြီး ကို မြခင် မဲ့ ပြလိုက်သည် ။ နင် နေနှင့်ဦး ။

“ ကြည့်စမ်း ကိုရင် ၊ ဒီမှာ ဒါကို ချုပ်မယ် ၊ ဘယ်လောက် ကောင်း လိုက်တဲ့ ခြင်ထောင်ဇာ လဲ လို့ ၊ ခြောက်လွှား လေ ကိုရင် ရဲ့ ၊ ခြောက်လွှားတဲ့ ၊ သိလား ၊ ဟော့ဒီ ထဘီ နဲ့ ဟော့ဒီ မျက်နှာသုတ်စောင် ကို ရောင်း လိုက်ရင် ချုပ်ခ ဖြစ်ရောပေါ့ ၊ အမြန်ဆုံး ချုပ်ရမယ် ၊ ဒါမှ ဟောဟို ငရဲခန်းကြီး ထဲ မှာ အိပ် ရတဲ့ ဝဋ် က ၊ အလိုလေး ဟဲ့ .... ဟဲ့ ... သမီး ရဲ့ ၊ ဪ ... ဒုက္ခပါပဲ ၊ ပေးစမ်း ... ပေးစမ်း ၊ အဲဒါ မုန့် မဟုတ်ဘူး ဟဲ့ ၊ ဆပ်ပြာခဲ ဆပ်ပြာခဲ ၊ သေတော့မှာပါပဲ ... ပေး ... ”

ခြင်ထောင်ဇာ ကို ဖြန့်ကာ ဖြန့်ကာ နှင့် ပြနေတုန်း အနားမှ နို့ညှာသမီး က ရွှေဝါဆပ်ပြာတောင့် ကို ကောက် ဝါး နေ သောကြောင့် အတင်း လုနေရသေးသည် ။

ကလေးတွေ အတွက် မုန့်ပဲသွားရေစာ မှ ပါ မလာမိ ခဲ့ခြင်း ကို စိတ် မကောင်း ဖြစ်မိ သော်လည်း ခြင်ထောင်ဇာ ပီတိ က လွှမ်းမိုး သွား ပြန်သည် ။

“ တော်သလင်း ၊ သီတင်းကျွတ် အိုက်စပ်စပ် မှာ ဇာခြင်ထောင်လေး နဲ့ ကျုပ်တို့ သားအမိ သားအဖတွေ အိပ်ပစ် လိုက်ရရင် ဇိမ်ပဲနော် ကိုရင် ”

ကိုသာလှ က ပင်ကို က လူအေး မို့ ပြုံးပြုံးကြီး သာ ကြည့်နေ သော်လည်း ကိုသာလှ ရင်ထဲ တွင် မည်သို့ခံစား နေရမည်ကို မြခင် ပင် မကြည့်ဘဲ သိသည် ။ သို့သော် ...

“ ဘယ်လိုလဲတော့ သဘော မကျဘူးလား ကိုရင် ရဲ့ ”

“ ကောင်းတာပေါ့ မြခင် ရယ် ၊ နင်ကလဲ ”

လင်မယား နှစ်ယောက် ပြိုင်တူ ရယ်ချလိုက်သည် ။ အနားတွင် ထိုင်နေသည့် ကလေး နှစ်ယောက် လည်း အဖေ အမေ မျက်နှာ ကိုကြည့်၍ အလိုလို ပြုံး နေကြသည် ။ နို့ညှာမလေး ၏ ပြုံးနေသော နှုတ်ခမ်းထောင့် တစ်ဖက် တွင် ကပ် နေသည့် ဆပ်ပြာအမှုန့်လေး ကို မြခင် က တယုတယ သုတ်ပေး လိုက်ရသည် ။

◾ထွဏ်းလူအောင် ( သဲကုန်း )

📖 စာပေလုပ်သားမဂ္ဂဇင်း
      မေ ၊ ၁၉၈၄