Saturday, October 21, 2023

ကမြင်းမ မိပန်း


 ❝ ကမြင်းမ မိပန်း ❞


ခက်ပြီ .. ခက်ပြီ .. 

တစ်ခါဖြင့် ... ခက်ကြပြီ ..

ကျွန်တော် ဘာ လုပ်ရပါ့မလဲ ... အရပ်ကတို့ ...  

ကျွန်တော် ဘာ လုပ်ရပါ့မလဲ ..


“ သစ် နှစ်ဖက် ကြား ပေါက်တဲ့ ဝါး လို ... ကျုပ် ဘယ်များ သွားရပါ့ မဘို့မယ် ရယ် ၊ ဟယ် .. ဟယ် ..”  လို့များ ငိုချင်း ထ ဆိုရ မလား ... ဖြစ်ပုံက ဒီလို ခင်ဗျာ ... ဒီလို ။ အခု ကျွန်တော် ရဲ့ ရှေ့ မှာ ထိုင် နေကြတဲ့ ဗိုလ်ရဲဒင် နှင့် ရဲဘော်တုတ် တို့ နှစ်ယောက် စလုံး ဟာ ကျွန်တော်တို့ မြို့နယ် မှာ တော့ သတ္တိခဲကြီး တွေပေါ့ ။


ဗိုလ်ရဲဒင် ဆိုတာ က ကျွန်တော် တို့ မြို့နယ် တစ်ခုလုံး ရဲ့ ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး ပေါ့ ။ ရွာ တစ်ရွာ ဓားပြတိုက် တုန်း က ဓားပြတွေ ကို သူ ကိုယ်တိုင် ဝင် တိုက်ပြီး သူ့ ရဲ့ သေနတ် နှင့် ဓားပြဗိုလ် ပါ ဓားပြ ရှစ်ဦး ကို အသေသ,တ်ပြီး ဖမ်းနိုင် ခဲ့ တဲ့ သတ္တိခဲ လူစွမ်းကောင်းကြီး ပေါ့ ... ။ လူ တစ်ယောက် ရဲ့ အသက် ကို သ,တ်ဖို့ ဖက်ရွက်လောက် မှ မမှုဘူး တဲ့ ။


နောက်ပြီး .. နောက်ပြီး ၊ ရဲဘော်တုတ် ဆိုတာ က လည်း မခေဘူး ခင်ဗျ ...  ။


အခု အလယ်သမား ခေါင်းဆောင် နိုင်ငံရေးသမား ဆိုပေမဲ့ .. ဗိုလ်ရဲဒင် လိုပဲ လူ ရှစ်ယောက် သ,တ်ဖူးတယ် တဲ့ ။ ဂျပန်ခေတ် က ဂျပန်တော်လှန်ရေးကြီး မှာ ရဲဘော်တုတ် ဟာ သေနတ် တောင် မသုံးဘဲ ဓားရှည် တစ်ချောင်း နှင့် ဂျပန်တွေ ကို လိုက်ပြီး သ,တ်တာ ရှစ်ယောက်တိတိ ရှိ သတဲ့ ။ လူ တစ်ယောက် ရဲ့ အသက် ကို သ,တ်ဖို့ ဖက်ရွက် လောက် မှ မမှုဘူး တဲ့ ။


သူတို့ နှစ်ယောက် လုံး ဟာ ဧရာမ သတ္တိခဲကြီး တွေ ပေါ့ ။ ကျွန်တော်တို့ မြို့နယ် က ရွာများမှာ .. ခုနင်က ပြော သလို ရဲဘော်တုတ် က ဂျပန် ကို သ,တ်ပြီး ၊ ဗိုလ်ရဲဒင် က ဓားပြ ကို သ,တ်ပြီး သတ္တိ ပြ ခဲ့ကြလို့ လူစွမ်းကောင်း တွေ အဖြစ် နာမည်ထွ က်လာကြရာ က .. ကျေးရွာခေါင်းဆောင် အဖြစ် က မြို့နယ် ခေါင်းဆောင် အဖြစ် ကို တိုးတက် လာ လို့ ကျွန်တော် တို့ မြို့ ပေါ် ကို ရောက်တာ မကြာသေးဘူး ။ ကျွန်တော် နှင့် သူတို့ နှစ်ယောက် ဟာ အတော် ခင် သွားကြတယ် ခင်ဗျာ့ ။


ဒါပေမဲ့ သူတို့ နှစ်ယောက် ဟာ ဖြင့် တစ်ယောက် ကို တစ်ယောက် တယ် မခင်ကြဘဲ ခပ်တန်းတန်း နေခဲ့တယ် ခင်ဗျာ ။


သူတို့ နှစ်ယောက် အကြောင်း ကို အသာ ထားပြီး ဒီနေ့ ဖြစ်ပုံ ကို ပြောပြပါရစေဦး ခင်ဗျာ ... ။


ဒီနေ့ ဖြစ်ပုံ က ဒီလို ခင်ဗျာ ... ဒီလို


နံနက် စောစော မိုး အေးအေး နှင့် ကျွန်တော် တစ်ယောက် တည်း လက်ဖက်ရည်ကြမ်း လွေး နေတုန်း ၊ ဗိုလ်ရဲဒင် တစ်ယောက် ပေါက် လာတယ် ခင်ဗျာ့ ။


“ ကျွန်တော် ခင်ဗျား နှင့် တိုင်ပင်စရာ ရှိတယ် ” လို့ ဗိုလ်ရဲဒင် က စကား စ လိုက်ပြီး သူ့ အိတ် ထဲ က ဟောဒီ ပန်းရောင် စာရွက်ကလေး ကို ထုတ်ပြတော့ တာပဲ ဗျာ ။


ပန်း ဆိုတာက မပန်း တဲ့ ခင်ဗျာ့ ... ကျွန်တော် တို့ မြို့ မှာတော့ အချောဆုံး ၊ ဂုဏ်အရှိဆုံး ၊ ငွေ အတောင့်ဆုံး အပျိုကလေး ပေါ့ ။ တစ်မြို့လုံး က ကာလသားတွေ ဝိုင်း ပိုးကြတဲ့ ကွမ်းတောင်ကိုင် အပျိုချောကလေး ဆိုပါတော့ ။


ဗိုလ်ရဲဒင် က သူ့ ရဲ့ ချစ်သူကလေး ရဲ့ ပြန်စာ ကို ပြ ပြီး မပန်းကလေး တစ်ယောက် အကျင့်စာရိတ္တ တော် ရဲ့လား ဘာလား ညာလား နှင့် မပန်း အကြောင်း မေး တော့တာပါပဲ ။


ကျွန်တော် က လည်း ဝတ္တရား အတိုင်း ကောင်မလေး သည် တော်ကြောင်း ၊ ချောကြောင်း ၊ လှကြောင်း ဘာကြောင်း ညာကြောင်း တွေ ကို ပြောရတော့ တာ ပေါ့ ။


အဲဒီလို ပြော နေတုန်း ရဲဘော်တုတ် ပေါက်လာတယ် ခင်ဗျာ့ ။


ဗိုလ်ရဲဒင် ဟာ ရဲဘော်တုတ် ကို မြင် ရင်ပဲ လက် ထဲ က စာကလေး ကို ကပျာကယာ ဝှက်လိုက် လို့ ရဲဘော်တုတ် ဟာ စာကလေး ကို မမြင်လိုက်ရဘူး ခင်ဗျာ့ ။


မပန်း ရဲ့အကြောင်း ကို ဆွေးနွေး နေတဲ့ ကျွန်တော် တို့ ရဲ့ စည်းဝေးပွဲ ကို လည်း ချက်ချင်းရွှေ့ဆိုင်း လိုက်ပြီး ... နိုင်ငံရေး မြို့ရေးရွာရေး ပြဿနာ ဆွေးနွေးပွဲ အဖြစ် ပြောင်း ပစ်လိုက်တာပေါ့ ။


ရဲဘော်တုတ် ဝင်လာတယ် ဆိုရင်ပဲ “ မပန်း တစ်ယောက် ဟာဖြင့် ယှဉ်ပြိုင်သူ မရှိသလောက်အောင် ချောလှပါပေတယ် ဆိုတဲ့ စကားလုံး တွေ က နေပြီး ... “ ရဲဘော်တုတ် တို့ ရဲ့ လယ်သမားအဖွဲ့ကြီး ကြိုးပမ်းမှု ကြောင့် ယခု နှစ် စပါး ပို ထွက်ကြောင်း ” စကားလုံးများ သို့ ပြောင်း သွားတယ် ။


ဒီတော့ ရဲဘော်တုတ် ခမျာလည်း ကျွန်တော် တို့ ရဲ့ လေကြောင်း အတိုင်း လိုက်ပြီး  ... “ ဒီနှစ် လယ် အမတော်ကြေး ရရှိသော ငွေ သည် နည်း လှ ကြောင်း ၊ ယခုနှစ် ပို ရ သင့်ကြောင်း ၊ လယ် အမတော်ကြေး ပို ရလျှင် ဆန် ပို ပြီး ထွက်ဦးမည် ဖြစ်ကြောင်း ” စတဲ့ ဘာကြောင်းညာကြောင်း တွေ ကို ဗာရာဏသီ ချဲ့ ပြီး ပြောတော့တာပါပဲ ။


အဲဒီလို ဘာကြောင်း ညာကြောင်း တွေ ကို ခပ်တည်တည် ဖိန်း နေကြ တုန်း မှာ ရဲဘော်တုတ် က အဏုမြူဗုံး တစ်လုံး ချ လိုက်ပါလေရော ...  


“ ကဲပါဗျာ ... အပိုတွေ ပြော မနေကြပါနဲ့ ကျွန်တော် ဒီကို လာတာ တိုင်ပင်ချင်လို့ လာတာဗျ  ... ” တဲ့ .. သူ က ။


“ ဘာများ တိုင်ပင်ချင်လို့လဲ ဗျာ ... ” လို့ ကျွန်တော် က စကားပြေ ထိုး လိုက်တော့ ရဲဘော်တုတ် က ... 


“ လာတုန်း က တော့ ခင်ဗျား နဲ့ တိုးတိုးတိတ်တိတ် တိုင်ပင် ချင်လို့ လာ တာပဲ ။ အခုတော့ ဗိုလ်ရဲဒင် လည်း ရောက် နေတော့ မထူးပါဘူး ။ ခင်ဗျား တို့ နှစ်ယောက်စလုံး ကို ပဲ ဖွင့်ပြီး တိုင်ပင် ရမှာပေါ့ .. ” တဲ့ ရဲဘော်တုတ် က စကားပလ္လင် ခံလိုက်တာ က ။


“ ပြောစရာ ရှိရင် ပြောပါဗျာ ... ကျုပ်တို့ လည်း တတ်နိုင်သလောက် ကူပါ့မယ် ... ” လို့ ဗိုလ်ရဲဒင် က လည်း ရေလိုက်ငါးလိုက် ပြောရတာပေါ့ ။ 


ဒီတော့ ... ရဲဘော်တုတ် ဟာ ရှက်သလိုလို ကြောက်သလိုလို နှင့် မျက်စိကလေး ကို ပေကလပ်ပေကလပ် လုပ်ပြီး “ ယောက်ျား ပဲ ရှက်စရာ မရှိပါဘူးလေ ... ” လို့ ထပ်ပြီး လေပြေထိုး ပြီးမှ “ မပန်း ကို ကျုပ် ယူမလို့ဗျ .. ” လို့ တုံးတိ ကြီး ပြော ချလိုက်တယ် ။


ဗိုလ်ရဲဒင် ရဲ့ မျက်နှာ ဖြင့် ရဲ သွားတာပဲ ။


ကျွန်တော် ဆိုတာ လည်း နေစရာ မရှိတော့ဘူး ။


ရဲဘော်တုတ် က တော့ ကျွန်တော် တို့ ရဲ့ အမူအရာတွေ ကို ရိပ်မိဟန် မတူပါဘူး ။ သူ ပြောချင်ရာ တွေ စွတ် ပြော သွားတာပဲ ။


မပန်း ကို သူ အတည် ကြံတဲ့ အကြောင်း ကို အကျယ်တဝင့် ပြောပြီး ၊ ဗိုလ်ရဲဒင် လိုပဲ မပန်းကလေး တစ်ယောက် အကျင့်စာရိတ္တ တော်ရဲ့လား ၊ ဘာလား ညာလား နှင့် မြို့ခံလူ ဖြစ်တဲ့ ကျွန်တော့် ကို မေးတော့တာ ပါပဲ ။ 


ရဲဘော်တုတ် ပြောလို့ အတော် ကြာ မှ ဗိုလ်ရဲဒင် တစ်ယောက် သတိ လည် လာပြီး ၊ “ နေပါဦး ရဲဘော်တုတ် ရဲ့ ။ မပန်း ကို ခင်ဗျား က ယူမယ် ပြော ရ အောင် မပန်း က ကော ခင်ဗျား ကို ကြိုက်လို့လား .. ” လို့ ဖြတ်ထိုး မေးခွန်း ထုတ် လိုက်တယ် ။


ဒီတော့ ရဲဘော်တုတ် က စတိုင်ပါပါ နှင့် ဟောဒီ ပန်းရောင်စာရွက်ကလေး ကို ထုတ် ပြတော့ တာ ပါပဲ ။


     ညီမလေး ချစ်တဲ့ အစ်ကိုကြီး ရေ

      တော်တော် ကဲ နော် ... တော်တော် ကဲ ... ဟို တနင်္ဂနွေနေ့ ည ကများ ရမ်း လိုက်တာ ၊ သိပ် ရမ်းတာပဲ .. နောက်ကို ဒီလို ကဲရင် အတွေ့ မခံဘဲ နေ လိမ့်မယ် သိလား ။

      လာမယ့် တနင်္ဂနွေနေ့ ည လာခဲ့ပါဦး အစ်ကိုကြီး ရယ် ... တနင်္ဂနွေနေ့ ည ကျ မှ လာခဲ့နော် ... စနေနေ့ ညတိုင်း ဖေဖေ က ဖို ထိုးတတ်တော့ စနေနေ့ ည တော့ မလာခဲ့ပါနဲ့ ယောက္ခမကြီး နဲ့ မိလို့ ကွဲခနဲ ဖြစ်နေမယ် ။

        ညီမလေး 

            ပန်း ၊


ကဲ အရပ်ကတို့ ... ကျွန်တော် ဘယ့်နှယ် လုပ်ရပါ့မလဲ .. ဘယ်လို အဖြေ ပေးရပါ့မလဲ ။


လူ ရှစ်ယောက် စီ အစိမ်းလိုက် သ,တ်ခဲ့ဖူးတဲ့ သတ္တိခဲကြီး နှစ်ယောက် ဟာ ခြောက်လုံးပြူးကြီးတွေ ကိုယ်စီ နှင့် ကျွန်တော့် ရှေ့ ရောက် နေပါပြီ ။ ကျွန်တော် ဘယ့်နှယ် လုပ်ရပါ့မလဲ အရပ်ကတို့ ရေ .. ။


ခက်ပြီ .. ခက်ပြီ .. ။


တစ်ခါဖြင့် ခက်ကြပြီ ... ။


ဗိုလ်ရဲဒင် ရဲ့ မျက်နှာကြီး က ဖြင့် ဒေါသ ကြောင့် နီရဲ နေတာပဲ ခင်ဗျ ။ အံကြိတ် ထားလို့ မေးကြောကြီးတွေ က လည်း ထောင်လို့ ။


ရဲဘော်တုတ် ဆိုတာ က ဗလ က ကောင်းပါဘိသနဲ့ ဂျပန် ရှစ်ယောက် ကို သ,တ်တုန်းက နှစ်ယောက် ကို ဓား မသုံးဘဲ သူ့ လက် နှင့် သ,တ်ခဲ့တာတဲ့ ။ သူ့ ရဲ့ လက်သီးချက် ဟာ နွားမတမ်းကလေး တစ်ကောင် လောက် တော့ ဗိုင်းခနဲ လဲသွားနိုင်တယ် တဲ့ ။


တစ်ခု ခု တော့ ဖြစ်တော့မှာ ပါ ပဲ ။


ကျွန်တော် ဘာ လုပ်ရပါ့မလဲ လို့ စက္ကန့်ပိုင်း အတွင်း မှာ အဖြေ ရှာ လိုက်ရတာ ... ကျွန်တော့် မှာ မျက်ဖြူဆိုက် နေပါပြီ ။


အဖြေ ကို မတွေ့ရပါ ။


ကမြင်းမ မိပန်း ကို သာ ဒင်းကြောင့် ... ဒီလို ဖြစ်ရတာလို့ နာနာ ကျိန်ဆဲမိတော့တာပဲ ။


ဗျို့ ဆရာ ... ဘာပြောတယ်ဗျ ... ဘာ‌ပြော တယ်ဗျ .. ဘာ‌ပြောတယ် ... “ နေပါဦး သူတို့ သတ္တိခဲ နှစ်ယောက် မယား လုကြတာ မောင်ရင် အနေသာကြီး ပါ  ၊ သူတို့ချင်း သ,တ်ကြပါစေလား ။ မောင်ရင် က စားပွဲ အောက် ဝင်ပုန်းပါလား ။ ထွက်ပြေးပါလား ... ” ဟုတ်လား ၊ ခင်ဗျား က ကျွန်တော့် ကို ထွက်ပြေး ခိုင်းတယ်ပေါ့ ။


မဖြစ်တော့ဘူး ကိုယ့်လူ မဖြစ်တော့ဘူး ။ ကျွန်တော့် အဖို့ ထွက်ပြေး လို့ မဖြစ်တော့ဘူး ။


မယား လုကြတာ က သူတို့ နှစ်ယောက် သာ မကတော့ဘူး ဗျ ။


သူတို့ နှစ်ယောက် ရဲ့ မယားလုသံ ကြား ရလို့ အနေ ကျပ်တာနှင့် ကျွန်တော် က အိတ် ထဲ က လက်ကိုင်ပဝါ ကို ထုတ် ပြီး မျက်နှာ သုတ် လိုက်တုန်း မှာ ကျွန်တော့် အိတ် ထဲ က လည်း ပန်းရောင် စာရွက်ကလေး တစ်ရွက် ထွက် လာလို့ သူတို့ နှစ်ယောက် က ဆွဲပြီး ဖတ် လိုက်တော့ တနင်္လာနေ့ ဆက်ဆက် လာပါ မောင် လို့ ချိန်း ထားတဲ့ မိပန်း ရဲ့ လက်ရေး ကို တွေ့ သွား တယ်ဗျ ။


ကဲ ...  ကျွန်တော် ဘာ လုပ်ရမလဲ ... အရပ်ကတို့ ။


     အစ်ကိုကြီး ချစ်တဲ့ ညီမလေး စာ ရေးပါသည် ရှင့် ... 

အစ်ကိုကြီး က ညီမလေး ကို အတည် ကြံတာ ဟုတ်မှ ဟုတ်ရဲ့လား ၊ အစ်ကိုကြီး ရယ် ၊ ညီမလေး က တော့ အစ်ကိုကြီး ကို ချစ်မိလို့ ပုံမိပါ ပြီ ၊ ညီမလေး ကို ပစ် မသွားပါနှင့် နော် ညီမလေး ရဲ့ အရှက် ရော အသက် ပါ အစ်ကိုကြီး ရဲ့ လက် ထဲ မှာ ရောက်နေပါပြီ ရှင့် ။ ဒါထက် နောက် ကို ညီမလေး ထံ လာရင် တနင်္ဂနွေနေ့ ည မှာ ဘယ်တော့မှ မလာခဲ့ပါနှင့် နော် ... စနေ နေ့ ညတိုင်းသာ ဆက်ဆက် လာပါ ။ တနင်္ဂနွေ ည တိုင်း ကျွန်မတို့ ဖေဖေ က တစ်ည လုံး ဖိုထိုး လို့ မိ သွားမှာ စိုးလို့ပါ ..

     ညီမလေး

            ပန်း


◾အောင်ဗလ


📖 ရှုမဝ မဂ္ဂဇင်း

      အမှတ် ( ၁၀၀ ) ပြည့် အထူးထုတ် 

      ၁၉၅၅ ခုနှစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment