❝ အမှတ်ထင်ထင် ❞
“ ကြေးမုံရိပ်မြင်
ကိုယ်ရုပ်သွင်ကို ပီပြင်ကျန
မြင်တွေ့ ရလည်း ။
“ ကြေးမုံ ” မဲ့ကင်း
ကိုယ့်ရုပ်ဆင်းကို စဉ်းစားတွေးထင်
မြင်မိချင်သော် ၊ ပီပြင်ကျန
မတွေ့ကြနိုင် ၊ သဏ္ဌာန်ယိုင်နဲ့
ဆင်ခြင်ခဲ့က ...
••••• ••••• •••••
ကြာခဲ့ပြီ ။
သည်အကြောင်း ကို ဆင်ခြင်ခဲ့မိသည် မှာ ကျွန်တော့် အသက် ၏ တစ်ဝက်ကျော် ခန့် ။
ယခု ကျွန်တော့် အသက် ၅၈ နှစ် ရှိတော့မည် ။ သည်တော့ နှစ် ၃ဝ ခန့် ရှိပြီ ဆိုပါတော့ ။ မှန်ပါသည် ။ တစ်နည်း ဆိုသော် ဆရာ နှင့် တွေ့ ပြီး မှ ၊ ဆရာသော်တာဆွေ နှင့် တွေ့ခဲ့ရပြီး မှ ယနေ့အထိ ဤ အကြောင်းရပ် ကို စဉ်းစား တွေးခေါ် နေမိတုန်းပင် ။
ဆရာ နှင့် တွေ့ ခဲ့ကြသည်က ဖဆပလတိုက်ခန်း ရှိ သတင်းထောက် နှင့် စာရေးဆရာ ကိုရွှေမောင် တိုက်ခန်း မှာ ဖြစ်၏ ။ ထိုစဉ်က ကိုရွှေမောင် မကွယ်လွန်သေး ။ ထိုနေ့က ဆရာကြီး ဇဝန ၊ ဆရာထူး ( စာရေးဆရာ တပ်ကြပ်မောင်ထူး ) နှင့် အောင်ကျော် တို့ လည်း ရှိနေကြ ၏ ။ အောင်ကျော် နှင့် ပတ်သက်ပြီး ထိုနေရာသို့ ရောက်ရှိ သွားခြင်းပင် ဖြစ်ပါသည် ။ စာရေးဆရာ မိုးဝေ မှာ မူ လာမည် ဆိုပြီးမှ အကြောင်း တစ်ခု ကြောင့် မလာဖြစ်ခဲ့ ။ ( ထိုသူများ အားလုံး မှာ ယခု ကွယ်လွန် ခဲ့ကြလေ ပြီ ။ )
သူတို့ ထဲ တွင် ကျွန်တော် က အသက် အငယ်ဆုံး ။ ထို့ကြောင့် ကိုရွှေမောင် က ဖြည့်တင်းခြင်း အလုပ် မှန်သမျှ ကို ကျွန်တော့်အား တာဝန် ပေး ထားခြင်း ဖြစ်ပါမည် ။ ဆုံကြသည် မှာ အရက် သောက်ဖို့ ပင် ဖြစ်ပါ သည် ။ အမြည်း က ငါးရှဉ့်ကြော် ၊ ကန်စွန်းရွက်ကြော် နှင့် အခြား တိုလီမိုလီ အမြည်းများ ဖြစ်ကြောင်း မှတ်မိ နေပါသေးသည် ။
ကျွန်တော် က ယမကာ ဖြည့်တင်းပေးခြင်း ၊ အမြည်းလိုက်ပေးခြင်းများ ကို လိုအပ်သလို ဆောင်ရွက် ပေးရသည် ။ စကားဝိုင်း က တော့ အစုံအလင် ၊ အထူးသဖြင့် စာပေကိစ္စများ ... ။
ဤတွင် ဆရာသော်တာဆွေ ကို ပထမဆုံး အကြိမ် တွေ့ မြင်ဖူးခြင်း ဖြစ်ပါသည် ။ သူ ၏ စာပေများ ကိုတော့ ဖတ်ဖူးသည် မှာ မနည်းတော့ ပါပြီ ။ ယခုလို ပညာရှင်များ နှင့် လူ ကိုယ်တိုင် ဆုံမိခြင်း ကြောင့် သောက်ခဲ့ရသည့် အရက် ပင် ရေချိန် လွန်သည့် တိုင်အောင် မမူးခဲ့တော့ ။
စကားဝိုင်း တွင် ဆရာ က အကြောင်းအရာ တစ်ရပ် ကို တင်ပြလာသည် ။
“ ဒီမှာ ခင်ဗျားတို့ မှန် ကြည့်တော့ ကိုယ့် ရုပ် ကို ကိုယ် အတိအကျ မြင်တွေ့ ရတယ်နော် ။ ကဲ မှန် မရှိဘူး ၊ မကြည့်ဘူး ဆိုရင် ကိုယ့် ရုပ်ပုံ သဏ္ဌာန် ဘယ်လိုလဲ ၊ ကိုယ် မှ အပ တခြား တစ်ယောက် ယောက် ကို တွေး ပြီး မြင်မိသလို ပီပီပြင်ပြင် မရှိတော့ဘူး ။ သူ့ ကို အတိအကျ ဆိုသလို မြင်ယောင်နိုင် ပေမဲ့ ကိုယ့် ကိုယ်ကိုယ် ကျတော့ မြင်တွေ့ ၊ မြင်ယောင်လို့ မရနိုင်ဘူး ။ အဲဒါ ဘာကြောင့်လဲ ... စဉ်းစား ကြည့်ကြလေ ”
ဆရာ့ တင်ပြမှုကြောင့် ကျွန်တော်တို့ အရက်ဝိုင်း တစ်ခုလုံး ငြိမ် သွားသည် ။ ဆရာကြီးတွေ လည်း စကား မဆို ၊ အားလုံး အတွေး ကိုယ်စီ နှင့် ။
••••• ••••• •••••
ဤလိုနှင့် နှစ်တွေ ဟောင်းခဲ့သည် ၊ ပြောင်းခဲ့သည် ။ ဆရာ့ စာတွေ အားလုံး လိုလို ဖတ်ရသည် ။ ဆရာ့ ကို လည်း ကြုံခဲ့သည့်အခါ ကြုံရ သည် ။ ကြုံရသည့် အခါများဝယ် ဆရာ သောက်ခဲ့သည့် အချိန်များ ရှိ သလို အရက် ဖြတ် ထား၍ လုံးဝ မသောက်ခဲ့သည့် အခါများ လည်း ရှိသည် ။
မည်သို့ပင် ဖြစ်စေ ...
ဆရာ ပြောခဲ့သော ကြေးမုံမှန်ပြင် အတွေ့ အမြင် ကိစ္စ မှာ အမြဲသတိ ရနေသည် ။
အထူးသဖြင့် ကျွန်တော် ‘ မှန် ’ ကြည့်သော နေ့များ ၊ “ မှန် ” ရှေ့တွင် ရပ်ကာ ကြည့်သည် ။ နောက် မှန် မရှိပါဘဲ မိမိ ကိုယ် ကို ပြန်လည် မြင်ယောင် ကြည့်သည် ။ ဆရာ့ စကား အတိုင်း မှန်စွ ။
ဘာကြောင့်လဲ ၊ အဖြေရှာ၏ ၊ မရ ။
မရ၍ ရှာသည် ၊ မရ ။
ဤလိုနှင့် ဒီ အသက် ရောက်ခဲ့ပြီ ၊ ဘဝတွေ ပြောင်းခဲ့ပြီ ။ ဝန်ထမ်း ဘဝ ၊ ကိုယ်ပိုင် ကိုယ့် အလုပ် နှင့် ကိုယ် ၊ ယခုတော့ ရှေ့နေ ။
••••• ••••• •••••
ဘဝတွေ ပြောင်း ခဲ့ သော်လည်း စာရေးခြင်း ကတော့ မပြောင်း ။ ဝါသနာ ရှိရင်းစွဲ ကတော့ မြဲနေသည် ။ ရေးနိုင်သမျှ ရေးပါသည် ။ အောင်မြင်ထူးခြားခြင်း မဖြစ်သည် ကတော့ ကိုယ်တိုင် အသိ ။ သို့သော် ရေး နေရသည် ကို ပင် အကြည်နူးဆုံး ။
သည်လိုနှင့် ဆရာသော်တာဆွေ နှင့် အမှတ်ထင်ထင် တွေ့သည် ။ ( ၁၉၉၄ ခုနှစ် ကုန်လုလု ) ဗိုလ်အောင်ကျော်လမ်း မှာ ဖြစ်သည် ။ ( ရွှေမြိတ် သောင်းတင် ၊ မောင်ခေတ်ထွန်း ) တို့က ဦးသန်းညွန့် ၏ သား ရွှေစင် မဂ္ဂဇင်း ထုတ်ဝေစဉ် မှာ ပင် ။
ထိုနေ့ က ထို တိုက် သို့ ဆရာ ရောက်လာသည် ။ တပည့် ကိုပိုက် လည်း ပါသည် ။ ထိုင်ပြီး စကား ပြော နေကြတုန်း ကျွန်တော် က
“ ဆရာ တစ်ခါက ဆရာ ပြောခဲ့တဲ့ ' ကြေးမုံရိပ်မြင် ရုပ်သွင် ’ ကိစ္စလေး မှတ်မိ သေးသလား ။ နှစ် ၃၀ လောက် ရှိနေပြီလေ ။ ဟို ဖဆပလ က ကိုရွှေမောင်ကြီး တိုက်ခန်း မှာတုန်းကပေါ့ ... ”
“ ဟ ... မှတ်မိတာပေါ့ မောင်ဝင့်သူ ရ ။ ခု ... ဘာ ထူးခြားလို့လဲ ပြောစမ်းပါဦး ။ ငါ တောင် တစ်ခါတုန်း က စာ ရေးတော့ အဲဒီ အကြောင်း လေး ထည့်ရေး ဖူးသေးတယ် ။ ဘယ်သူကမှ မငြင်းပါဘူး ။ ကျိုးကြောင်း လည်း မရှင်းသေးပါဘူး ကွာ ”
“ မထူးပါဘူး ဆရာ ၊ ကျွန်တော် လည်း ‘ မှန် ’ ကြည့်တိုင်း လိုလို စဉ်းစား လာတော့ ခုဆို အနှစ် ၃၀ လောက် ရှိပြီ ထင်တယ် ။ တွေးရခက် ကြီးပါ ဆရာ ။ ဒါပေမဲ့ ဆရာ ပြောတဲ့ အတိုင်းပါပဲ ”
“ အေး .. ငါလည်း စဉ်းစားတာပဲကွ ။ ဆရာတော်ကြီးများ ဟော ပြောကြတဲ့ တို့ ရဲ့ အတ္တကြီးမှုလား ၊ လောဘ ၊ ဒေါသ ၊ မောဟတွေ ဖုံးလွှမ်း မှုကြောင့်လား ။ ဗုဒ္ဓတရား ရဲ့ အနှစ်သာရ တစ်ခု ပေါ့ကွာ ။ လူသား တစ်ယောက် အသိ နဲ့ ဆိုတော့ မင်း ပြောတဲ့ တွေးရခက်ကြီး ဖြစ်နေတယ်ဟေ့ ”
နောက်ပိုင်းတွင် ဆရာ့ ကို မတွေ့ ရတော့ပါ ။ ၄ - ၃ - ၉၅ ရက် တွင် မူ သူ ချစ်ခဲ့ရသော အသိုက်အဝန်း အားလုံး ကို စွန့်ခွာ သွားခဲ့ပါပြီ ။ ကျွန်တော့် တွင် မူ ဆရာ ပေး ခဲ့သော ကြေးမုံပြင် မှာ အရိပ် ထင်မြင်ရသည့် ဤကိစ္စ က အမှတ်ထင်ထင် ရှိနေဆဲဖြစ်ပါသည် ။
“ ကြေးမုံရိပ် ” မြင်
ကိုယ့် ရုပ်သွင် ကို
ပီပြင်ကျန
မြင်တွေ့ ရလည်း...
“ ကြေးမုံ ” မဲ့ကင်း
ကိုယ့် ရုပ်ဆင်း ကို... စဉ်းစားတွေးထင်
မြင်မိချင်သော် ...
ပီပြင်ကျန
မတွေ့ ကြနိုင်...
သဏ္ဌာန်ယိုင်နဲ့
ဆင်ခြင်ခဲ့က..
( ဆရာ ပြောခဲ့သော တွေးခေါ်မှု တစ်ခုမှ )
အမြဲ ထာဝရ လေးစားခြင်း ဖြင့်
◾ကျုံမငေး မောင်ဝင့်သူ
📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment