❝ ငွေငန်းဖြူ ❞
သူ့ ကို ရပ်ကွက် ထဲ က
အရက်သမား မို့ “ ငမူး ” လို့ ခေါ်ကြတယ် ။ နောက်ပြီး မိုးရွာရင် မြောင်း ထဲက အမှိုက် တွေ လိုက် ဆယ်တတ် လို့ “ အမှိုက် ” လို့ လည်း ခေါ် ကြတယ် ။ သူ့ နာမည်ရင်း က “ ကိုတင်မောင် ” တဲ့ ။ သူ့ အမေ ဒေါ်မေအောင် က တော့ သူ့ ကို “ ငမူး ” တို့ ၊ “ အမှိုက် ” တို့ ခေါ်တာ မကြိုက်ဘူး ။ “ ကျွန်မ သားကြီး ကို နာမည်ပြောင်တွေ မခေါ်ကြပါနဲ့ ။ ကျွန်မ သား က ရှင်တို့ အတွက် အဖိုး မတန်ပေမဲ့ ကျွန်မ အတွက်ကတော့ နေ့စဉ် ရွှေဥ တစ်လုံး ဥ ပေး နေတဲ့ ငန်းလေးပါ ” လို့ ပြော တတ်တယ် ။ အမေ ဆိုတော့ သား ကို အမွှမ်း တင်မှာပေါ့ ။
ဒါပေမဲ့ ကိုတင်မောင် က အရက် သမား ။ ရပ်ရေး ရွာရေး လည်း ဘာ မှ လုပ်တာ မဟုတ်ဘူး ။ အလုပ် လည်း လက်ကြော တင်းတာ မဟုတ် ဘူး ။ ဒါကြောင့် ကိုတင်မောင် ကို ကလေး က အစ အထင် မကြီးဘူး ။ မြင် ရင် စ , ချင် ၊ နောက်ချင် ကြတယ် လေ ။
ကိုတင်မောင် ကတော့ သူ့ ကို “ ငမူး ” ခေါ်ခေါ် ၊ “ အမှိုက် ” ပြောပြော စိတ်ဆိုးပုံ မရဘူး ။ “ ဗျာ ... ဗျ ” တောင် ထူး လိုက်သေးတယ် ။
ooooo ooooo ooooo
ဒေါ်မေအောင် က မင်္ဂလာရပ်ကွက် ကို ပြောင်း လာတာ ၃ နှစ် ကျော် လောက် ပဲ ရှိသေးတယ် ။ မန္တလေးမြို့ ထဲ က ပြောင်း လာတာ ။
ဒေါ်မေအောင့် ရုပ် က မပြောရဘဲ မင်းကတော် ရုပ် ၊ သူဌေးမ ရုပ်မှန်း သိသာတယ် ။ အရပ်မြင့်မြင့် ၊ အသားဖြူဖြူ ။ မျက်နှာ က ခပ်တင်းတင်း ရယ် ။ ရပ်ကွက် ထဲ မှာ ကိုသံချောင်း နဲ့ မသီသီ တို့ လင် မယား က လွဲ ပြီး ဘယ်သူနဲ့ မှ အဆက်အဆံ လုပ်တာ မတွေ့ ရဘူး ။ ဧည့်သည် ဝင်တာ ထွက်တာ လည်း မတွေ့ရ ဘူး ။ ဆင်ပိန် ကျွဲ ဆိုတော့ ဝင်းတံခါး ပိတ် ချိတ်လို့ နေကြသူတွေ ဖြစ်မယ် ။
ကိုသံချောင်း က ဆိုက်ကား နင်းတယ် ၊ လူပျိုကြီး ။ မသီသီ က ခေါင်းရွက် ဈေးသည် ဖြစ်တယ် ။ သူ့ ယောက်ျား ကိုဘကျော် က လက်သမား ဆရာ ဖြစ်တယ် ။ ဒေါ်မေအောင့် ဝင်း နဲ့ မျက်နှာချင်း ဆိုင် က ဝင်းထဲ က အိမ်တွေ မှာ အိမ်ငှား နေကြတယ် ။
ဒေါ်မေအောင် မြို့ထဲ သွားရင် ကိုသံချောင်း ဆိုက်ကား နဲ့ သွားတတ်တယ် ။ ဟင်းချက်စရာ ဝယ်စရာ ရှိရင် မသီသီ ဆီကပဲ ဝယ်တတ် တယ် ။
ဒေါ်မေအောင် ခင်ပွန်း က ဆည်မြောင်း အရာရှိကြီး
ဖြစ်တယ် ။ လွန်ခဲ့တဲ့ ၅ နှစ် လောက် က မှ ဆုံး သွားတာ ။ သား တစ်ယောက် က အရာရှိ ကြီး ၊ သမီး က သူဌေးကတော် တဲ့ ။ အဝေးမြို့တွေ မှာ တစ်ရွာ တစ်ကျီ ကျ နေကြပြီ ။ ဒါကြောင့် ဒေါ်မေအောင် နယူး စီဗီလိုင်း က ဝင်း နဲ့ တိုက် ကို ရောင်းပြီး သား နဲ့သမီး ကို အမွေတွေ ခွဲ ပေးလိုက်တယ် ။
ဒေါ်မေအောင် က တော့ မန္တလေး အရှေ့ဘက် က ဆင်ခြေဖုံးရပ် ဖြစ်တဲ့ မင်္ဂလာ ရပ်ကွက် မှာ ဝင်း ဝယ်ပြီး တစ်ထပ်နံကပ်လေး ဆောက် နေတယ် ။
သားသမီးတွေ လာတာ မတွေ့ရဘူး ။ ဒေါ်မေအောင် ကပဲ ဝင်း နဲ့ အိမ် ကို သော့ခတ် ပြီး သား နဲ့သမီး ဆီ ကို တစ်လှည့်စီ သွားနေတာ သိကြရ တယ် ။
“ မသီသီ ရေ အိမ် ကြည့် လိုက်ပါဦး ၊ သမီး ဆီ သွားစရာ ရှိလို့ ”
“ မသီသီရေ အိမ် ကို စောင့်ရှောက်လိုက်ပါဦး ၊ သား ဆီ သွားမလို့ ”
ခရီး သွားရင် မသီသီ ကို အိမ် ကြည့် ခိုင်းတတ်တယ် ။
အခု တော့ သား နဲ့ သမီး ဆီ မသွားတာ ကြာပြီ ။ တရှောင်ရှောင် နေမကောင်း ဖြစ်တော့လည်း မသီသီ က ...
“ ကြီးကြီးမေ သား နဲ့ သမီး ကို ဖုန်း နဲ့ ခေါ်ပေးမယ် လေ ” ပြောတော့ လက်ကာပြီး ငြင်းတယ် ။
“ နေပါစေ မသီသီ ရယ် ။ ကျွန်မ လည်း ဒီလောက် ဖြစ် နေတာ မဟုတ်ပါဘူး ။ သူတို့ လည်း အားကြမှာ မဟုတ်ပါဘူး ” လို့ ပြောတယ် ။
ကိုသံချောင်း ဆိုက်ကား နဲ့ ပဲ မြို့ထဲ သွားပြီး ဆေး ကု တယ် ။ နောက်ရက် ကျတော့ ကားဖြူလေး နဲ့ လာပြီး ဆရာဝန်မ လှလှလေး တစ်ယောက် က ဆေး လာ ထိုး ပေးတယ် ။
ရောဂါ ပျောက်ပေမဲ့ ဒေါ်မေအောင် ဘယ်မှ သွား တာ မတွေ့ရတော့ဘူး ။
ooooo ooooo ooooo
လွန်ခဲ့တဲ့ ၆ လ လောက် ကတော့ ဒေါ်မေအောင် အိမ် ထဲ လူစိမ်း တစ်ယောက် ဝင် သွားတာ တွေ့ရတယ် ။ အရပ် ရှည်ရှည် ၊ အသားညိုညို ၊ ဆံပင်ဖုတ်သို က် ၊ အင်္ကျီ ဘောင်းဘီ နွမ်းနွမ်း ဝတ်
ထားတယ် ။ မသင်္ကာ လို့ မသီသီ က ဒေါ်မေအောင့် အိမ် အကြောင်း ရှာ ဝင် သွားတယ် ။
ဧည့်ခန်း ထဲ က ဆက်တီ ကု,လားထိုင် ပေါ် ထိုင်ပြီး စကား ပြော နေကြတယ် ။ ဒေါ်မေအောင် က မျက်နှာ ပေါ် စီးကျ လာတဲ့ မျက်ရည်စ ကို သုတ် နေတယ် ။ မသီသီ က လူစိမ်း ကို အကဲခတ် ကြည့် လိုက်တယ် ။ မျက်နှာ မြင်တာနဲ့ အရက် သမားမှန်း သိ လိုက်တယ် ။ နီရဲ နေ တယ်လေ ။
“ မသီသီ ဘာလဲ ”
မသီသီ မြင် တော့ ဒေါ်မေအောင် လှမ်းမေး တယ် ။
“ ဟို ... မနက် ကျ ဘာ မှာ မှာလဲလို့ ”
“ ငါး ဝယ်ခဲ့ပါလား ”
ဒေါ်မေအောင် က မှာ တယ် ။
“ ဟင် ... ကြီးကြီးမေ ပဲ အရင် တစ်ခါ က ငါးအူ ဝယ်ပါ ဦး ဆိုတော့ မကြိုက်ဘူး ဆို ”
မသီသီ က အံ့သြစွာနဲ့ မေးတယ် ။
“ ကျွန်မ အတွ က် မဟုတ်ပါဘူး ၊ သားကြီး အတွက်ပါ ” လို့ ပြောတယ် ။
“ ဒါ ... ကြီးကြီးမေ သားလား ”
မသီသီ က အံ့သြစွာနဲ့ မေး လိုက်တယ် ။ ဒေါ်မေ
အောင် က အရပ်မြင့်မြင့် ၊ အသားဖြူဖြူ ။ ငမူး ပုံ ပေါက် နေတဲ့သူ က အသားညိုညို ။ အရပ်ရှည် တာပဲ တူတယ် ။
“ ဟုတ်တယ် ... ကိုတင်မောင် တဲ့ ”
“ သြ ” မသီသီ နှုတ် က ရေရွတ်ပြီး ပြန်ခဲ့တယ် ။ ရပ်ကွက် ထဲ မှာ လည်း လှည့် ပြောမိတယ် ။
“ ညည်း အရင်တုန်း က ပြောတော့ ဒေါ်မေအောင် သား က အရာရှိကြီး ဆို ၊ အခု ဘယ့်နှယ် အရက်သမား ဖြစ် နေတာလဲ ” လို့ မသီသီ ကို ဝိုင်း မေး ကြတယ် ။
“ သိ ပါ ဘူးတော် ၊ ကြီးကြီးမေ ပြောတုန်းက ကျုပ် များ နားကြား လွဲသွား သလား မသိတာ ” ဆိုပြီး စကား ကို လွှဲချလိုက်ရတယ် ။
ooooo ooooo ooooo
ကို တင် မောင် က ဒေါ်မေအောင် ဆီ ခဏပဲ လာတာ လို့ ထင်ကြတယ် ။ ဒါပေမဲ့ မဟုတ်ဘူး ။ အလုပ် ရှာပြီး အလုပ် လုပ်နေတယ် ။ အလုပ် ကြမ်းပေါ့ ။ အလုပ် က တော့ လုပ်တယ် ၊ ဒါပေမဲ့ အလုပ် မဖြစ်ဘူး ။ နေ့တစ် ဝက် ကျော်ရင် ခြေတုန် လက်တုန် နဲ့ အလုပ် မလုပ်တော့ ဘူး ။ ယင်း ထ , နေပြီ ။ နေ့ပိုင်း ဆို အလုပ် မဆင်းတော့ဘူး ။ အရက်ဆိုင် ရောက်နေပြီ ။ ဆရာ လုပ်သူ က မကြိုက်ဘူး ။ အလုပ် မတွင်ဘူး ။ ဒီတော့ ...
“ ကိုတင်မောင် အလုပ်ကို တစ်နေကုန် ဆင်းပါဗျာ ၊ နေ့ဝက် ဆိုတော့ အလုပ် မဖြစ် ဘူး ” လို့ ပြောတယ် ။
“ ကျွန်တော် က နေ့ တစ်ဝက် ပဲ အလုပ် လုပ်နိုင်လို့ နေ့ တစ်ဝက် ပဲ ဆင်းတာပေါ့ဗျာ ။ နေ့တစ်ဝက် ခ ပဲ ပေးပေါ့ ။ ဒါဆိုရင် အမေ့ အတွက် လောက် ပါတယ် ” လို့ပဲ ပြောတယ် ။ ဘယ်လို ပြောပြော နေ့ တစ်ဝက် ပဲ အလုပ် ဆင်းတယ် ။ နောက် သူ့ ကို မခေါ်ချင်ကြတော့ဘူး ။ မခေါ်ကြ တော့ဘူး ။
ဒီတော့ သူ က အိမ် ပေါက်စေ့ ရပ်ပြီး “ အလုပ် ရှိ သလား ” လို့ မေး တတ်တယ် ။ အလုပ် မရွေးဘူး ။ အုန်းပင် တက်တယ် ။ သစ်ပင် ချိုင်တယ် ။ အိမ်သာ ကျင်း တူးတယ် ။ ကျပန်း အလုပ် အကုန် လုပ်တယ် ။ နေ့ တစ်ဝက် ပဲ အလုပ် လုပ်တယ် ။ ဒါပေမဲ့ သက်သာတော့ သူ့ ကို ခိုင်းကြတယ် ။ ပေး သလောက် ယူတယ် ၊ ရတဲ့ ငွေကို သူ့ အမေ ကို အပ်တယ် ။ အမေ ဆီ ကို လက်ဝါး ပြန်ဖြန့် တောင်း တယ် ၊ အမေ ပေး
သလောက် ယူပြီး အရက်ဆိုင် သွားတယ် ။ အရက် သောက် တယ် ၊ ပြီး အိမ် ပြန်တယ် ။ အိမ် အပြန် မှာ သီချင်း ဆိုလိုက် ၊ က , လိုက်နဲ့ ဘယ်သူမှ ဂရု မစိုက်ဘူး ။ သူ့ နောက် မှာ ကလေးတွေ တရုန်းရုန်း ၊ ခွေး တွေ တဝုန်းဝုန်းပေါ့ ။
ooooo ooooo ooooo
မိုး ရွာတဲ့ ရက် တစ်ရက် မှာ ပုဆိုးတိုတို ၊ အင်္ကျီတုံးလုံး နဲ့ ကိုတင်မောင် ကို မြောင်း တွေ ထဲ က အမှိုက်တွေ လိုက် ဆယ်နေတာ တွေ့ရတယ် ။
မြောင်းဆယ်တယ် ဆိုတာက ပိုက်ဆံပေး ခိုင်းကြတာ ။ ဒီတော့ ..
“ အမူးသမား က အရက် ဖိုး ရအောင် လုပ်နေပြီ ၊ အအေး ပတ်ပြီး သေမှ ဒုက္ခ ” လို့ ပြော ကြတယ် ။
ဒါပေမဲ့ ကိုတင်မောင် က ဘယ်သူ့ အိမ်မှ ငွေ လိုက် မတောင်းဘူး ။ ဒါကြောင့် အရက်ဆိုင် မှာ ...
“ ဟေ့ ငမူး ၊ ဘာလို့ မိုးရွာထဲ မြောင်း လိုက်ဆယ် နေတာလဲ ” လို့ မေးကြတယ် ။ ကိုတင်မောင် ကတော့ “ မြောင်းဆိုတာ ရှင်သန် နေရမယ်လေ ၊ ပိတ်နေရင် ဖွင့် ပေးရမှာပေါ့ ” လို့ ခပ်အေးအေး ဖြေတယ် ။
နောက်တော့ မိုးရွာ ရင် ကိုတင်မောင် မြောင်းဆယ်
တာ ရိုး သွားတယ် ။ “ ငမူး ” ရာထူး ကနေ “ အမှိုက် ” ဆိုတဲ့ နာမည် တစ်ခု တိုး သွားတယ် ။
ooooo ooooo ooooo
ကိုတင်မောင် က ထောင် ထွက် တစ်ယောက် ဆို တဲ့ သတင်း ရပ်ကွက် ထဲ ကို ပျံ့ သွားတယ် ။ တချို့က ယုံတယ် ။ တချို့က မယုံကြ ဘူး ။
“ ဟုတ်လို့ လား သံချောင်း ရ ”
သံချောင်း ကို မေးကြ တယ် ။ ဒီသတင်း က သံချောင်း သယ် လာတာ လေ ။
“ ဟုတ်တယ်ကွ ၊ ငါ ဒီနေ့ မင်္ဂလာဈေး ရောက်တော့
ကိုတင်မောင် နဲ့ လူ တစ်ယောက် ရပ်ပြီး စကား ပြော နေကြတယ် ။ ငါ သူတို့ နား ရောက်နေတာ ကိုတင်မောင် မသိဘူး ။ ဟိုလူ က ခင်ဗျား ထောင် က လွတ်လာတာ ကြာ ပြီလားလို့ မေးတာကွ ”
ကိုသံချောင်း က သူ ကြားသမျှ ပြောပြတယ် ။
“ ဟုတ်တယ် ၊ ဒါကြောင့် ငမူး ရုပ် ကြည့်ရတာ ထောင် ထွက် ရုပ် နဲ့ တူနေတာ ။ ဘာမှု လဲ မသိဘူး ”
“ ခိုးမှု နေမှာပေါ့ ကွာ ၊ သူ့ ကြည့်ရတာ လက်ကြော မှ မတင်းဘဲ ”
“ သူခိုး ဆို ရင် တော့ သတိထား ရမယ်ကွ ”
ဒီသတင်း က ရပ်ကွက် ထဲ ပျံ့ သွားတယ် ။ ဒါကြောင့် ကိုတင်မောင် မြင်ရင် မယုံသင်္ကာ မျက်လုံး နဲ့ ကြည့် ကြ တယ် ။
အရက်ဆိုင် မှာ ခပ်မိုက်မိုက် တစ်ယောက် က ...
“ ဟေ့ ... ငမူး ၊ မင်း က ထောင်ထွက် ဆို ဘာမှုလဲ ။ ခိုးမှုလား ၊ အလစ်သုတ်မှု လား ၊ မုဒိမ်းမှုလား ”
လို့ ငေါက်ပြီး မေး တယ် ။ အရက်သောက်သူ တွေ က လည်း ကိုတင်မောင့် အဖြေ ကို ကြားချင်လို့ ဝိုင်း ကြည့် နေကြတယ် ။
ကိုတင်မောင် က သောက်လက်စ အရက်ခွက် ကို ကုန်အောင် မော့သောက် လိုက်တယ် ။ နောက် နေရာမှ ထ , ပြီး မေးတဲ့သူ နဲ့ မျက်နှာချင်းဆိုင် ရပ် လိုက်တယ် ။
“ လူသတ်မှု ”
“ ခွပ် ”
ပြောပြောဆိုဆို နဲ့ မေးတဲ့ လူ ပါးချိတ် ကို လက်သီး နဲ့ အားရပါးရ ထိုးပြီး နေရာ က ထွက်ခဲ့တယ် ။
ooooo ooooo ooooo
ထောင်ထွက် လူသတ်သမား ဆိုတော့ လူတွေ က သူ့ ကို မြင်တာ နဲ့ ခပ်လန့်လန့် ဖြစ် လာကြတယ် ။ အရက် အတူ မသောက်ကြတော့ ဘူး ။ လမ်း တွေ့ လည်း မေး ပြော ခေါ်ထူး မလုပ်ကြတော့ ဘူး ။ မမြင်ချင်ယောင် ဆောင် သွားကြတယ် ။
“ ဒီလူ ဒေါ်မေအောင့် သား ဆိုတာ မဟုတ်နိုင်ဘူး ။ ဒေါ်မေအောင် က အရာရှိ ကတော် ၊ သူ့ သား က အရာရှိ တဲ့ ။ ဒီ လူ က အရက်သမား ၊ ထောင် ထွက် ၊ လူသတ်သမား ။ ဒေါ်မေအောင့် အိမ် အကြံ နဲ့ လာ နေတာ နေမှာ ၊ ဒေါ်မေအောင် က လည်း ကြောက်လို့ လက်ခံထားတာ နေမှာ ” လို့ ရပ်ကွက် ထဲ မှာ အမျိုးသမီးတွေ က အတင်း ဆို ကြတယ် ။
“ မသီသီ ၊ ဒေါ်မေအောင် ကို သတိ ပေးထားဦး ။ တော် ကြာ လူ သတ်ပြီး ပစ္စည်းတွေ ယူသွားမှ အခက် ”
“ အေးပါ ၊ ငါ သတိပေး ထားပါ့ မယ် ။ နောက်ပြီး ကြီးကြီးမေ့ အိမ် ကို လည်း ငါတို့ လင်မယား မပြတ် ကြည့်ပြီး နားစွင့် နေတာပါ ။ လူမိုက် ဆိုတာ စည်း ရှိတာ မဟုတ်ဘူး ။ ငါတို့ အိမ် လာပြီး အနု ကြမ်းစီးမှ ဒုက္ခ ” လို့ မသီသီ က လည်း ပြောတယ် ။
နောက်တော့ သူတို့ ရှောင် ကြတယ် ။ မသင်္ကာ တဲ့ မျက်လုံး နဲ့ ပြောကြတယ် ။ ဒေါ်မေအောင် ကြားတော့ ...
“ ငါ့ သားကြီး က သူတော်ကောင်းပါ ” လို့ ပြော တယ် ။ မယုံကြဘူး ။ ကိုတင်မောင် ကို ကြည့်လေ ပိုပြီး မသင်္ကာလေ ဖြစ်လာကြ တယ် ။
ကိုတင်မောင် ကို ဘယ်သူမှ အလုပ် မခေါ်ကြတော့ ဘူး ။ အိမ်တွေ က လည်း သူ့ ကို မခိုင်းရဲကြတော့ဘူး ။ ဝင်းပေါက် ရှေ့ ရောက်တာနဲ့ အိမ် တံခါး ကို ပိတ် လိုက်ကြ တယ် ။ စကား တောင် မပြော ကြတော့ဘူး ။
ဒီတော့ သူ က မြို့ထဲ ထွက်ပြီး ကားဂိတ်တွေ မှာ ကုန် ထမ်းတယ် ။ အလုပ် မရှိ တဲ့ နေ့ ဆိုရင် အမှိုက်ပုံ မှာ ပလတ်စတစ် တို့ ၊ ရေသန့်ဘူး တို့ လိုက် ကောက်တယ် ။ သူ မြို့ ထဲ သွားပြီး ကျပန်းအလုပ် လုပ် တော့ လည်း ရပ်ကွက်ထဲ က သူ တွေ က
“ ဒီကောင် ငါတို့ ရိပ်မိ မှန်း သိလို့ မြို့ထဲ သွားပြီး ခွင် ရှာ နေတာနေမှာ ” လို့ ပြောကြ ပြန်ရော ။
ooooo ooooo ooooo
ဒေါ်မေအောင် နေ မကောင်းဘူး ကြားတော့ မသီသီ နဲ့ အိမ်နီးချင်းတွေ သတင်း သွားမေးကြတယ် ။
ဒေါ်မေအောင် ကို ကိုတင်မောင် က ခြေဆုပ် လက်နယ် ပြုစုနေတယ် ။
“ အမေ သက်သာလား ၊ ကျွန်တော် စု ကို သွား ခေါ် ထားတယ် ၊ အမေ ဘာမှ မဖြစ်စေရဘူး ” လို့ ငိုသံ ပါကြီး နဲ့ ပြော နေတယ် ။ မသီသီ တို့ သူ့ကို အံ့သြစွာ ငေးကြည့်နေတယ် ။
“ မင်း ညီ နဲ့ ညီမလေး ရော အကြောင်း ကြားထား လား ”
ဒေါ်မေအောင် က လေသံ သဲ့သဲ့တိုးတိုးလေး နဲ့ မေးတယ် ။
“ ဟုတ်ကဲ့ ၊ ရဲရင့်ကျော် နဲ့ ညီမလေး ဥမ္မာကျော် ဆီ ကျွန်တော် ဖုန်းဆက်ထားပါ တယ် အမေ ”
“ ဘာတဲ့လဲ ”
“ လာမယ်တဲ့ အမေ ”
ကိုတင်မောင့် အသံ က ခြောက်ကပ်ကပ် ၊ ဒေါ်မေအောင့် မျက်နှာ က ပို ညှိုးသွား သလိုပဲ ။
“ ကြီးကြီးမေ ဘာမှ မပူနဲ့ ၊ ကျွန်မတို့ ရှိပါတယ် ”
မသီသီ တို့က ဝိုင်း အား ပေးကြတယ် ။
ဝင်း ထဲ ကို ကားဖြူလေး မောင်း ဝင်လာတယ် ။ အိမ်ရှေ့ မှာ ကား ရပ်ပြီး ဖြူဖြူချော ချော အမျိုးသမီး တစ်ယောက် ဆင်း လာတယ် ။ ဒေါ်မေ
အောင် ကို ဆေး လာ ကုနေကျ ဆရာဝန်မလေး ၊ နာမည်က စုနန္ဒာ တဲ့ ။
ဆရာဝန်မလေး အိမ် ထဲ ဝင် လာတယ် ။ လူနာ ခုတင် နား ရောက်တော့ ဒေါ်မေအောင် ကို နှစ်ခြိုက်စွာ ပြုံးပြ တယ် ။
“ အန်တီမေ ဘယ်လိုနေ လဲ ” လို့ မေးတယ် ။
ဒေါ်မေအောင် က သူ ဖြစ်သမျှ ပြောပြတယ် ။ ဆရာဝန်မလေး က သေချာ နားထောင်တယ် ။ နောက် နားကြပ် နဲ့ ထောက်ကြည့် တယ် ။ သွေးပေါင် တိုင်း ကြည့်တယ် ။ ကိုတင်မောင် က ဆရာဝန်မလေး လှုပ်ရှား သမျှ လိုက်ကြည့်နေတယ် ။
“ အန်တီမေ စု ... ကိုမောင် နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် လုပ် ကြမယ်လေ ” လို့ ပြောတယ် ။
ကိုတင်မောင် ကို လှမ်း ကြည့်တယ် ။ ရိုးရိုး အကြည့် မဟုတ်ဘူး ။ နဂါးမလေး လို အကြည့် ၊ မျက်စောင်းလေး ခဲ လို့ ။
"ကိုမောင် ... ခဏ ”
ဆရာဝန်မလေး က ပြောပြီး အိမ် ပြင် ထွက်သွား တယ် ။ ကိုတင်မောင် က လည်း “ အမေ ခဏနော် ” ဆို ပြီး လိုက်သွားတယ် ။ မသီသီ က လည်း မသိမသာ အပြင် ထွက်ခဲ့တယ် ။ မနီး မဝေး မှာ ယောင်လည်လည် လုပ်နေတယ် ။
“ ကိုမောင် က စု ... ကို ပုန်းနေတာပေါ့လေ ”
“ မဟုတ်ပါဘူး စု ရယ် ၊ ထောင် က ထွက်ထွက်ချင်း ထောင်ထဲ မှာ ခင်မင်ခဲ့တဲ့ လူ နဲ့ ဖားကန့် ဘက် လိုက် သွားပြီး ကျောက်တူး နေတာပါ ”
“ ဒါဆို လောပန်း လောင်းပေါ့ ၊ သူဌေး ဖြစ်ခဲ့တာပေါ့ ”
ဆရာဝန်မလေး အသံ က စူး နင့်နင့် ၊ ကိုတင်မောင် အသံ က ကွဲ အက်အက် ။ ဘယ်လိုတွေ လဲ ။
“ မဖြစ်ပါဘူး စု ရယ် ၊ ငှက်ဖျား ဖြစ်လို့ အရက် သောက်ရင်း နဲ့ အရက် စွဲလာ တာပဲ အဖတ် တင်ပါတယ် ။ အခုလည်း အမေ တစ်ယောက် တည်း နေမကောင်း ဖြစ်နေ တယ် ဆိုလို့ အမေ့ ဆီ ပြန် လာ တာပါ
“ ရောက်ရောက်ချင်း ဘာလို့ လာမတွေ့တာလဲ ။ အန်တီမေ ကို စု ပဲ ကုပေးနေ တာပါ ”
“ အမေ က ပြောပါ
တယ် ”
“ အန်တီမေ နေမကောင်း မှ စု ကို လာ တွေ့တာပေါ့ ၊ ဟုတ်လား ”
“ ကဲပါ စုရယ် ၊ စကားနာ မထိုးပါနဲ့တော့ ။ အခု အမေ့ အတွက် က အရေးကြီး နေတာပါ ။ ဆေးရုံတင်မှ ဖြစ်မယ် မဟုတ်လား ”
“ ဟုတ်တယ် ၊ ဆေးရုံ တင် မှ ရောဂါတွေ စမ်းသပ် နိုင်မှာ ။ ဒီနေ့ စု ဝါ့ဒ်အလှည့် လေ တင်ရအောင် ”
“ ဒါပေမဲ့ အမေ က ညီလေး နဲ့ ညီမလေး လာမှ ဆေးရုံ တက် မယ်တဲ့ ”
“ ခေါ်ထားလား ”
“ ဖုန်းဆက် ခေါ်ထားတယ် ”
“ ဘယ်နေ့ ရောက်မှာလဲ
”
“ ညီလေး က သူ့ ယောက္ခမ နေမကောင်း လို့ ရန်ကုန် ရောက် နေတယ် တဲ့ ။ တစ်ပတ် နေမှ လာမယ်တဲ့ ”
“ ဥမ္မာကျော် ကရော ”
“ သူ့ သား အငယ်ကောင် နှာစေး နေလို့တဲ့ ၊ မလာနိုင် သေးဘူးတဲ့ ။ ဆေးရုံ တင်ရင် တင်လိုက် ၊ ငွေ ပို့လိုက်မယ် တဲ့ ”
“ ဟွန်း ... မောင်နှမ နှစ်ယောက် ကတော့ ခုချိန်ထိ ကိုမောင့် ကို ဒုက္ခ ပေးတုန်း ”
ဆရာဝန်မလေး က မကျေနပ်သံ နဲ့ ပြောတယ် ။ သူတို့ ကြည့်ရတာ တော်တော် ရင်းနှီး နေသလိုပဲ ။ တစ်ခုခု တော့ တစ်ခုခု ပဲ ။
“ ကဲပါ စုရယ် ၊ အမေ့ ကို ဆေးရုံ တက်အောင် စု ပဲ ညောင်း ဖျပေးပါ ။ အမေ က စု စကား ဆို နားထောင် ပါတယ် ”
“ အန်တီမေ က သာ စု စကား နားထောင်တာပါ ။ ကိုမောင် က စု စကား နား မထောင် ပါ ဘူးနော် ။ ဟွန်း ... ”
မျက်စောင်းလေး က လှ လိုက်တာ ။
နောက်တော့ ဒေါ်မေအောင် ကို ကားဖြူလေး နဲ့ တင်ပြီး ဆေးရုံ တင် လိုက်ကြ တယ် ။
ဒါပေမဲ့ တစ်ပတ် လောက် နေတော့ ဒေါ်မေအောင် ဆုံးရှာတယ် ။
ooooo ooooo ooooo
ဒေါ်မေအောင် အလောင်း ကို အိမ် ပြန်သယ် လာတယ် ။ ရပ်ကွက် ကပဲ ဝိုင်းကူ ပြီး အလောင်း ပြင်ကြ ၊ ယာယီမဏ္ဍပ် ထိုးပေးကြ တယ် ။ ကိုတင်မောင် ကတော့ သောက် ထားပုံ မရဘူး ။ တုန်တုန်ယင်ယင် နဲ့ ဘာမှ မလုပ် နိုင်ဘူး ။ ဆရာဝန်မလေး ရောက် ရောက်လာပြီး သူ့ ကို အား ပေး နေတယ် ။ ဆေးထိုး ပေးတယ် ။ သူ့ ညီ နဲ့ ညီမ အလာ စောင့်မယ် ဆိုပြီး အလောင်း ကို ၃ ရက် ထားတယ် ။ ဆရာဝန် မလေး က ပဲ ဖော်မလင်ဆေး ထိုးတဲ့ သူ ကို ခေါ်လာပေး တယ် ။
နာရေး ချမယ့် နေ့ ကျမှ ဒေါ်မေအောင် ရဲ့ သား နဲ့ သမီး က ကိုယ်ပိုင်ကား နဲ့ ရှေ့ဆင့် နောက်ဆင့် ရောက် လာကြ တယ် ။ ဖြူဖြူသန့်သန့်တွေ ၊ ဝတ်စားထားပုံ က အရာရှိ သူဌေးတွေ မှန်း သိသာ
တယ် ။
သား က အရင် ရောက် တယ် ။ ကိုတင်မောင် ကို တွေ့ တော့ ...
“ အမေ က ခက်တယ်ဗျ ။ ကျွန်တော့် ဆီ လာ နေသေးတယ် ။ ချွေးမ နဲ့ တည့်အောင် မနေနိုင်ဘူး ။ ပြန် သွားတယ် ။ ပြန် ခေါ်တော့ လည်း မလာ ဘူး ” လို့ ပြောတယ် ။
အမေ့ အလောင်း ကို ခဏ ကြည့် ပြီး ကုလားထိုင် တစ်လုံး မှာ ဝင် ထိုင်ပြီး ဖုန်း ဆက် နေတယ် ။
သမီး ရောက်တော့ အိမ် ထဲ ဝင် ဝင်ချင်း ...
“ အို ... အမေရဲ့ ၊ သမီး တို့ကို ပစ်သွားပြီလား ။ သမီး တို့ ဘယ်သူ့ ကို အားကိုးပြီး နေရမှာလဲ ” ဆိုပြီး ခုနှစ်သံချီ ဟစ် ငိုတယ် ။ နောက် ကိုတင်မောင် ဘက် လှည့်ပြီး ...
“ အစ်ကိုကြီး က ဖုန်း ဆက်တုန်းက အမေ ဒီ
လောက် ဖြစ်နေတာ ဘာလို့ မပြောရတာလဲ ။ အခုတော့ ကျွန်မ အမေ ရေတိမ် နစ်ပြီ ပေါ့ ”
လို့ ပတ်မကြီး ချ ငိုပြနေ တယ် ။ လူတွေ က ဝိုင်း ကြည့်လို့ပေါ့ ။ ကိုတင်မောင် က ဘာမှ မပြောဘူး ။ နိဗ္ဗာန် ယာဉ် ရောက်တော့ ဈာပန ချဖို့ စီစဉ်တယ် ။
ဆရာဝန်မလေး လည်း ကားဖြူလေးနဲ့ ရောက်လာ တယ် ။ ဆရာဝန်မလေး ကို ရဲရင့်ကျော် နဲ့ ဥမ္မာကျော် က နှုတ်ဆက်ကြတယ် ။
ဈာပန ချတော့ ပရိသတ် က အငှားကားတွေ ပေါ် တက် ကြတယ် ။ ရဲရင့်ကျော် နဲ့ ဥမ္မာကျော် ကလည်း သူတို့ ကားတွေ ပေါ် တက်ကြတယ် ။
“ ကိုမောင် ... စု ... ကား နဲ့ လိုက်ခဲ့လေ ”
ဆရာဝန် မလေး က ကိုတင်မောင် ကို ခေါ်တယ် ။
“ မလိုက်တော့ဘူး စု ၊ အမေ ရဲ့ နောက်ဆုံး ခရီး မှာ အမေ့ ကို စောင့်ရှောက်ရင်း လိုက်သွားချင်တယ် ”
လို့ ပြောပြီး နိဗ္ဗာန် ယာဉ် ကား ပေါ် တက် လိုက် သွားတယ် ။
ooooo ooooo ooooo
ဒေါ်မေအောင် ကို ၅ ရက် နဲ့ ရက်လည် လိုက်ကြတယ် ။ ရက်လည် ပြီးတော့ ရဲရင့်ကျော် နဲ့ ဥမ္မာကျော် က ပြန်သွား ကြတယ် ။ ကိုတင်မောင် လည်း ဘယ် ထွက် သွား မှန်း မသိဘူး ။ ဝင်း နဲ့ အိမ် က သော့ခတ် ထားတယ် ။
ဆရာဝန်မလေး က အိမ် ကို ခဏခဏ လာတယ် ။ ကိုတင်မောင် ကို မေးတယ် ။
“ မသိဘူး ဆရာမ ”
မသီသီ က ဖြေတယ် ။
“ ကိုမောင် ရောက်ရင် ကျွန်မ ဆီ အကြောင်းကြား ပေးကြပါ ရှင် ”
ဆိုပြီး ဖုန်းနံပါတ် ပေး သွားတယ် ။ ကိုတင်မောင် က တော့ ပေါ်မလာဘူး ။
တစ်လ လောက် ကြာတော့ ရဲရင့်ကျော် နဲ့ ဥမ္မာကျော် က ရပ်ကွက်ရုံး ကို ရောက် လာကြတယ် ။ ဒေါ်မေအောင် ဝယ်ထားတဲ့ မြေဝယ် စာချုပ်လေး ပြပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ကို ...
“ ကျွန်တော်တို့ အမွေ ခွဲ ချင်လို့ပါ ” လို့ ပြောတယ် ။
“ မောင်နှမ သုံးယောက် ဆိုတော့ သုံးပိုင်း ခွဲရမှာပေါ့ ၊ ကိုတင်မောင် ရောပါလား ” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး က မေးတယ် ။
“ သုံးပိုင်း မဟုတ်ဘူး ၊ နှစ်ပိုင်းပဲ ခွဲမှာ ။ ကိုတင်မောင် က မွေးစား သား ၊ သူ့ ကို ပေး စရာ မလိုဘူး ”
ဥမ္မာကျော် က မျက်နှာထား တင်းတင်း နဲ့ ပြောတယ် ။
မြေ နဲ့ အိမ် ကို ၂ ပိုင်း ခွဲပြီး နှစ်ယောက် စလုံး က အပြီး ရောင်း သွားကြတယ် ။
ooooo ooooo ooooo
မသီသီ ဆေးရုံ တက်တော့ ဆရာဝန်မလေး စုနန္ဒာ အဆောင် မှာ တက်ရတယ် ။ ဆရာဝန်မလေး က မသီသီ ကို ဖော်ဖော်ရွေရွေ ဆက်ဆံ တယ် ။ ကိုတင်မောင် အကြောင်း ခဏခဏ မေးတယ် ။
မသီသီ ဆေးရုံ ဆင်း တော့ စိတ် ထဲ မနေနိုင်တာ နဲ့ ဆရာဝန်မလေး အခန်း ရောက် သွားတယ် ။
“ မသီသီ ဒီနေ့ ဆေးရုံ က ဆင်းရမှာ မဟုတ်လား ”
“ ဟုတ်ပါတယ် ”
“ လာ နှုတ်ဆက်တာလား ”
“ ဟုတ်ပါတယ် ၊ ဒါပေမဲ့ သိချင်တာလေး မေးချင်လို့ပါ ”
မရဲတရဲ မေးလိုက် တယ် ။
“ မေးပါ ”
ဆရာဝန်မလေး လည်း ပေါ့ပေါ့ ပါးပါး ခွင့်ပြုတယ် ။
“ ကိုတင်မောင် က ဘာလို့ လူ သတ်တာလဲ ” လို့ မသီသီ က မေးလိုက်တယ် ။
မျှော်လင့် မထားတဲ့ အမေး ကြောင့် ဆရာဝန်မလေး ကြောင် သွားတယ် ။ မသီသီ ကို ငေးကြည့် နေ တယ် ။
“ ဟို ... ဟို ... ဒီလိုပါ ဆရာမ ၊ ဆရာမ နဲ့ ကိုတင်မောင် ဒီလောက် ရင်းနှီးနေ တာ မြင်တော့ ကိုတင်မောင် လူ သ,တ်ပြီး ထောင်ကျတယ် ဆိုတာ မယုံသလို ဖြစ်သွား လို့ပါ ”
မသီသီက ထစ်ထစ် ငါ့ငေါ့ ပြောတယ် ၊ ဆရာဝန် မလေး သက်ပြင်းချပြီး ...
“ ကို မောင် ... အဲ ... ကိုတင်မောင် က ကျွန်မ နဲ့ သိပ် ရင်းနှီးခဲ့တဲ့သူပါ ။ ဆေးကျောင်း လည်း အတူ တက်ခဲ့ တယ် ။ အလုပ်သင် ဆရာဝန် လည်း ဒီ ဆေးရုံကြီး မှာ အတူ ဆင်းခဲ့ကြတာပါ ”
“ ဘာ ... ကိုမူး ... အဲ .. ကိုတင်မောင် က အလုပ်သင် ဆရာဝန် ... ဟုတ်လား ... ”
မသီသီ မျက်လုံးပြူးကြီး နဲ့ မေးမိတယ် ။
“ ဟုတ်ပါတယ် ၊ သိပ် စာ တော် တဲ့ ၊ ထူးချွန်တဲ့ သမားတော် ဖြစ်ဖို့ မျှော်မှန်း ထားတဲ့ ဆရာဝန်လောင်း ပါ ”
“ ဒါဆို ဘယ်လိုကြောင့် လူသ,တ်မှု ဖြစ်တာလဲ ”
“ သူ့ ညီ နဲ့ ညီမ ကြောင့်ပေါ့ ”
“ ဟို ... အမွေတွေ ခွဲ သွားတဲ့ မောင်နှမ လား ”
“ ဟုတ်ပါတယ် ။ ကိုမောင် က မွေးစားသား ပါ ။ ဒါပေမဲ့ အမွေစား အမွေခံ မွေးစား ထားတာပါ ။ ကိုမောင် အလုပ်သင် ဆရာဝန် ဖြစ်တော့ ရဲရင့်ကျော် နဲ့ ဥမ္မာကျော် က ရတနာပုံ တက္ကသိုလ် တက်နေ ကြတယ် ။ သင်္ကြန် မှာ သူ တို့ မောင်နှမ သုံးယောက် ကား နဲ့ ရေပက်ခံ ထွက် ကြတယ် ။ အဲဒီမှာ ကောင်လေးတစ် ယောက် က ဥမ္မာကျော် ကို စ, နောက်လို့ ဆိုပြီး ရဲရင့်ကျော် နဲ့ စကား များကြတယ် ။ နောက် ရန်ဖြစ်ကြ ၊ ထိုးကြ ကြိတ်ကြတယ် ။ ကိုမောင် က ဝင်တားတယ် ။ သူ့ ညီ ကို ဆွဲ ထုတ်တယ် ။ သုံးယောက် သား လုံးထွေး သွားတယ် ။ နောက် ရဲရင့်ကျော် က ထွက် ပြေးတယ် ။ ကောင်လေး က ဓားထိုး ခံရလို့ လဲ ကျသွား တယ် ။ လူတွေ ဝိုင်းအုံလာ တယ် ။ ကိုမောင် က ကောင်လေး ကို ပွေ့ချီပြီး ဆေးရုံ ပို့ ပေမဲ့ အသက် က လမ်း မှာ ပဲ ပျောက် သွားပြီ ။ ဒီမှာ ကိုမောင် လူသတ်မှု နဲ့ အဖမ်း ခံ ရတော့တာပါပဲ ။ ရဲရင့်ကျော် က သူ မလုပ်ဘူး လို့ ငြင်း တယ် ။ ဒါနဲ့ ကိုမောင် ထောင် ခုနှစ်နှစ် ကျသွားတယ် ”
ဆ ရာ ဝန်မလေးက ပြောပြီး ငို ရှိုက်နေတယ် ။
မသီသီ လည်း အလိုက် သိစွာ နဲ့ နှုတ် မဆက်ဘဲ ထွက်ခဲ့တယ် ။
ooooo ooooo ooooo
ဘာလိုလိုနဲ့ ဒေါ်မေအောင် ဆုံးသွားတာ တစ်နှစ် ပြည့် တော့မယ် ။
မိုး ၃ ရက် ဆက်တိုက် ရွာတော့ မသီသီ ဈေးရောင်း မထွက်ဘူး ။ သူ့ ယောက်ျား လည်း အလုပ် မသွားနိုင်ဘူး ။ အိမ် ထဲ က နေပြီး မြောင်းရေ တွေ လျှံလို့ လမ်း ပေါ် ရေတက် လာတာ ကို ငေးကြည့် နေမိ သည် ။
“ ငမူးကြီး သတိရလိုက် တာကွာ ” လို့ ကိုဘကျော် က ပြောတယ် ။
“ ဟောတော့ ... ကိုမူးကြီး ”
မသီသီ က အလန့် တကြား အော်ပြောတယ် ။
“ ဘယ်မှာလဲ ”
မသီသီ ကြည့်နေတဲ့ နေရာ လိုက် ကြည့် တော့ “ ဟုတ်ပ ” ။ ခါတိုင်းလို ပုဆိုး တိုတို ၊ အင်္ကျီတုံးလုံးကြီး နဲ့ ။ ပေါက်ပြား တစ်လက် နဲ့ မြောင်းတွေ လိုက် ဆယ် နေတယ် ။ ဒါပေမဲ့ လူ က တောင့်တောင့် တင်းတင်း ။
“ ဟေး ... ကိုတင်မောင် ”
“ ဘယ်တုန်းက ရောက် တာလဲ ”
“ ဘယ်မှာ နေတာလဲ ”
“ နေကောင်းလား ”
အိမ် ထဲ က ထွက်ပြီး နှုတ်ဆက် ကြတယ် ။ သူ က လည်း ပြန် နှုတ်ဆက်တယ် ။ သူ့ အလုပ် သူ ဆက် လုပ် တယ် ။
မိုး တိတ်တော့ ထူးထူးဆန်းဆန်း ကိုတင်မောင် က ငွေဖလား တစ်လုံး နဲ့ အိမ်ပေါက်စေ့ လိုက်ပြီး အလှူခံ တယ် ။ ဘုမသိ ဘမသိ ဖြစ် ကြပေမဲ့ ငွေ ကို ကျေကျေနပ် နပ် နဲ့ ထည့်ကြတယ် ။ ကိုတင်မောင့် ရုပ် က ကြည်ကြည်လင်လင် ၊ လန်းလန်းဆန်း ဆန်း ဖြစ် နေတယ် ။
“ ဘာအတွက် အလှူခံ တာလဲဗျ ” လို့ မေးကြတယ် ။
“ အားလုံး ကုသိုလ်ရ အောင် ” လို့ပဲ ဖြေတယ် ။ ဒီ တော့လည်း ထွေထွေထူးထူး ထပ် မမေးကြတော့ပါဘူး ။ ကိုတင်မောင် အရက်ဆိုင် မသွားတာတော့ သေချာ တယ် ။
ooooo ooooo ooooo
ဒေါ်မေအောင် နှစ်ပတ်လည် နေ့မှာ ကိုတင်မောင် က ဓမ္မာရုံ မှာ ဘုန်းကြီး ၅ ပါး ပင့်ပြီး ဆွမ်း ကျွေးတယ် ။ တစ်ရပ်ကွက်လုံး ဖိတ်တယ် ။ ကိုတင်မောင် နဲ့ အတူ ဆရာဝန် မလေး လည်း ပါတယ် ။ ဆွမ်းကပ် ၊ တရားနာ ကြတယ် ။ ဒေါ်မေအောင် အတွက် ရေ စက်သွန်းချ အမျှ ဝေတယ် ။ မသီသီ တို့ က သာဓု ခေါ်ကြ တယ် ။
ကျွေးမွေးဧည့်ခံပြီး တော့ ကိုတင်မောင် က ကား ဖြူလေး နဲ့ ပြန် သွားတယ် ။
မသီသီ က တရိပ်ရိပ် ထွက်ခွာ သွားတဲ့ ကားဖြူ လေး ကို ကြည့်ရင်း ...
“ ဟင်း ... သားသမီး အရင်းတွေ က ဒီ အချိန်မှာ အမေ့ အတွက် ကုသိုလ်ကောင်းမှု လုပ်ကြပါ့ မလား ၊ သတိ မှ ရကြပါ့ မလား မသိ ဘူး ” လို့ မဆီမဆိုင် တွေးပူ နေမိတယ် ။
◾မင်းတင်ထွဏ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment