❝ ဂန္ဓာရုံ ၌ အမဲလိုက်ခြင်း ❞
( ၁ )
ကံ့ကော်တော ၏ နံနက်ခင်း တို့ မည်သည် လှပ သည် ချည်း ဖြစ်လေ၏ ။
တစ်နေ့ တာ ၏ အစ လည်း ဖြစ်လေသည် ။ တစ်လ တာ ၏ အစ လည်း ဖြစ်ပြန်သည် ။ ထို့ပြင် နံ့သာ ထုံပျံ့ ခြင်း ၏ အစ ၊ ပန်းရနံ့ ၏ အစ ပြုရာ လည်း ဖြစ်လေသည် ။ စာသင်ခန်း တွင်း ၌ အရောင်အသွေး ထွေပြားသော ၊ နှာညွန့် ကို ချူ တတ်သော မိန်းမလှကျွန်း ဆီ မှ ဥယျာဉ် တစ်ခု ရောက် နေလေ သလား ထင်မှား စရာ တည့် ။ စာသင်ဆောင် ဝရန်တာ တစ်လျှောက် ၊ အဆောင်ကူး စင်္ကြံ တစ်လျှောက် တွင် လည်း ထို ဥယျာဉ်မျိုးတွေ ရှိနေရော့သလား ထင် ရ၏ ။ ထိုမျှသာ မက မဟာလမ်းမကြီး ပေါ် တွင် ၊ လမ်းငယ်များ ပေါ် တွင် ၊ လမ်းသွယ်များ ပေါ် တွင် ပန်း တွေ က ရနံ့ များစွာ နှင့် တကွ ဝေ ၍ နေသည် ဟု ပင် ဆိုလောက်စွာ၏ ။
နေမြင့် လာသော အခါ ကံ့ကော်တော ၏ ရနံ့ သည် ရင့်လာသည် နှင့် အမျှ စွဲမက်ဖွယ် ကင်း ၍ လာ လေ၏ ။ ထို အချိန်မျိုး တွင် ယုဒသန် စင်္ကြံ တစ်လျှောက် သွားမိ သည် ရှိစေ ၊ အရှောင်အတိမ်းတွေ နှင့် ဖြစ်လာ စမြဲ ။ နောက်ကျော တစ်ခွင် မည်မျှပင် ကြည့်ချင်စရာ ကောင်းစေကာ မူ ကွေ့ဝိုက် ၍ ကျော်တက် သွားခဲ့သည် ချည်း ။ ရှေ့ တူရူ မှ မည်မျှပင် မျက်လုံး မခွာချင်နိုင် စေကာ မူ ခြေလှမ်း မြန်မြန် ဖြင့် ဖြတ်သွား ရသည် ပင် ။ အသက် အောင့် ထား ရသည် က များ လာတော့ နံနက်ခင်း တုန်း က တအား ရှူမိခဲ့သော အလှနံ့တွေ ပျောက် ကုန်ခဲ့ပြီ ဟု နှမြောရလေ၏ ။
မွန်းတည့် ပြီး ချိန် တွင် မိန်းမလှ တို့ ၏ နံ့သာ ရနံ့ ၊ ပန်း ရနံ့ အလုံးစုံ တို့ သည် ပျက်စီး လေ၏ ။ ချွေးနံ့ က ထို ရနံ့များ ကို ဝါးစား လိုက်ချေ၏ ။ ပဝါ တစ်ကမ်း လက် တစ်ကမ်း ပင် မနီး ချင် တော့ ။ တစ်နေကုန် ညဦး ကို ကူးချိန် အထိ ကိုယ်နံ့ သင်းသင်းပျံ့ပျံ့ ရှိ တတ်သော မိန်းကလေး မျိုးကား ရှားတောင့်ရှားပါး ။ သိရ သလောက် တော့ ညိုမာ တစ်ယောက် တည်း ဟု ကျွန်တော် ပြောချင်သည် ။
( ၂ )
“ ညိုမာ့ ပါး က သိပ် မွှေး တာပဲ ကွယ် ”
ရှက်ပြုံး ကို တွေ့ ရ ပြီး နောက် တစ်ခွန်း ပြန်ပြော သည် ။
“ နှုတ်ခမ်း က ကော ... ”
“ မွှေးတာပါပဲ ”
“ ဒါတင်ပဲလား ချစ် ရဲ့ ”
“ နဖူး က လည်း မွှေးတာပဲ ”
“ ပြီးတော့ ကော .. ”
“ ဆံစလေးတွေ က လည်း မွှေးတာ ပေါ့ ”
“ ကုန်ပြီလား ”
“ ဟင့်အင်း ... ပခုံးလေး က လည်း မွှေး လို့ ၊ လက်မောင်းလေး က လည်း မွှေး လို့ ...”
သူ ပြုံး လေ၏ ။ နံ့သာ အပြုံး ။ ပန်း အပြုံး ။ ကျွန်တော် က နောက်ကြောင်း တစ်ခု ကို ပြောပြ လိုက်သည် ။
“ ပြောရဦးမယ် ၊ မောင်တို့ မချစ်ကြခင် တုန်း က အကြောင်းပါ ”
“ ညိုမာ့ အရင် က ချစ် နဲ့ ကြိုက်ခဲ့ကြတဲ့ ရည်းစား သန်းခေါင် စာရင်း လား ”
နှုတ်ခမ်း ကို စေ့ ထားသည် ။ မျက်စောင်းဖွဖွ တစ် ချက် ရောက် လာလေ၏ ။
“ ဟုတ်ပါဘူး …. မောင် က အကောင်း ပြောပြ မလို့ပါ ၊ ဒီလိုဆို မပြောတော့ဘူး ”
ကျွန်တော် စိတ် ကောက် မည် ကို စိုးရိမ် သွားဟန် ရှိသည် ။ ခါး ကို နွဲ့၍ ကိုယ် ကို စောင်းပြီး မော့ ကြည့် သည် ။ မျက်လွှာ ချ ထားသော ကျွန်တော့် မျက်လုံး နှင့် ဆုံဖြစ် အောင် လိုက်၍ ကြည့် သည် ။ အကြည့်ချင်း ဆုံသော အခါ နှုတ်ခမ်း ကို စူပြီး ပြုံး ပြသည် ။ ကျွန်တော့် ဒူး ပေါ် သို့ လက်ဖဝါး နှစ်ဖက် တင်ကာ ဖြည်းဖြည်း လှုပ်သည် ။ လက်သည်း ရှည်လေးတွေ က ပန်းနုရောင် ။ ငွေမှုန်စတွေ တလဲ့လဲ့ ။
“ ချစ် ကို ကျီစား တာပါ ၊ ပြောပါ နားထောင်မယ် လေ ”
မျက်တောင် ကော့ကော့လေး တွေ ကို ငေး ၍ ကြည့် နေမိသည် ။ အပြာနုရောင် ငွေ့ ငွေ့ သန်း ထားသော မျက်ခွံ ကို ငေး၍ ကြည့် နေ မိသည် ။
“ ပြော လို့ ဆို ဈေးကိုင် ပြန်ပြီ ၊ အဲလိုဆို ညိုမာ စိတ် ဆိုးပစ် လိုက်မှာပဲ နော် ”
လက် နှစ်ဖက် ကို ရုပ် လိုက်သည် ။ ကိုယ် ကို မတ် လိုက်သည် ။ လက်ပိုက် ထားရင်း ပြောသည် ။
“ ဪ ... အဲဒီတုန်း က ညိုမာ သွားလေရာ ကို အရိပ် လို မောင် လိုက် ခဲ့တယ် လေ ”
အပြုံး က ပို၍ ပွင့် လာ သည် ။ သူ စိတ်ဆိုးမည် ဟု ကြေညာလိုက်သော ကြောင့် ကျွန်တော် ကမန်းကတန်း ပြောရပုံ ကို သဘောကျ ၍ လား မသိ ။ သို့မဟုတ် သူ့ နောက် သို့ သူ့ လိပ်ပြာ လို တဝဲဝဲ လိုက်ပါခဲ့ပုံတွေ ကို ပြန်လည် မြင်၍ လား မဆိုနိုင် ။
“ အရိပ် လို တော့ ဟုတ်ပါဘူး ၊ အရိပ် လို ဆိုရင် ညိုမာ နဲ့ နီးနီးလေး နေရမှာ ပေါ့ ။ ချစ် လိုက် တာတွေ က အဝေးကြီး ပါ ”
“ သိပ် နီး လို့တော့ ဘယ် ဖြစ်ပါ့မလဲ ။ ဘာမှလည်း ဖွင့် မပြောရသေးဘူး ၊ တစ်ယောက် နဲ့ တစ်ယောက် သိလည်း မသိ စကားတောင် မှ ပြောဖူးတာ လည်း မဟုတ် ဘဲ နဲ့ ”
ညိုမာ ခေါင်း ညိတ်သည် ။
“ ဒါပေမဲ့ ချစ် ကို ညိုမာ မျက်မှန်း တန်း မိနေပြီ လေ ”
“ မောင် သိသားပဲ ၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ တုန်း က လိမ္မော်ရည်ပုလင်း နဲ့ စမူဆာ နှစ်ခါ လာပေးတာ စ တာ မဟုတ်လား ”
“ အင်းပေါ့ …. သိပ်သိတာပဲ ၊ ညိုမာ တစ်ယောက် တည်း ကို ကွက်ပြီး ဖား တာကိုး ”
“ နောက်ပြီးတော့ ဆယ့်ခြောက်ကား ပေါ် မှာ နေရာ ဖယ် ပေးတာကော မှတ်မိလား ”
“ ကား ပျက်လို့ အိမ် က လာမကြိုတာ နဲ့ ဆယ့်ခြောက် စီးရတဲ့ နေ့ပေါ့ ၊ လူတွေ ကျပ် လိုက်တာ တအား ပဲ ။ ချစ် နား ရောက်တော့ မော့ ကြည့် ပြီး နေရာ ဖယ် ပေး တယ် လေ ။ ညိုမာ သိသားပဲ ။ ဒါကြောင့် ချစ် ကို ပြုံးပြ ခဲ့တာ ပေါ့ ”
“ ဒါဖြင့် မောင် နဲ့ စပြီး စကား ပြော ဖြစ်တဲ့ နေ့ ကို ကော မှတ်မိလား ”
မျက်ခုံး ပင့် ပစ် လိုက်သည် ။
“ ပြည်ထောင်စုအလံ ကျောင်း မှာ တစ်ည အိပ် လို့ ပွဲတော် လုပ်တဲ့ ည ညိုမာ့ သူငယ်ချင်း မေဇော် က မောင်မောင်ကျော် ဆိုတဲ့ ကောင်လေး နဲ့ မိတ်ဆက် ပေးမယ် ဆိုပြီး ခေါ် လာလို့ လိုက် လာတာလေ ”
“ မောင် မှန်း ကော ညိုမာ သိလို့လား ”
“ သိတာပေါ့ ၊ မောင့် သူငယ်ချင်းတွေ က ခေါ်တဲ့ နာမည် ကြားဖူးတာပဲ ဟာ ”
“ နာမည်တူ ဖြစ် နိုင်တာပဲ ”
“ မဖြစ်နိုင်ပါဘူး လေ ၊ မေဇော် က သူ့ သူငယ်ချင်း က သမိုင်း အဓိက တဲ့ ။ သဘော ကောင်းတယ် တဲ့ ။ ရုပ် က တော့ အချောကြီး ဟုတ်ဘူး တဲ့ ။ မင်း လို သွယ်သွယ်လျလျ တဲ့ ။ ပုံစံ က တော့ ‘ တိုက်ဂေါ ’ မှ တကယ့် တောဂိုက် အစစ် တဲ့ ။ ဒီထဲ က သိ လိုက် တာပဲ ။ ဟုတ်ဘူးလား ”
ကျွန်တော် က ရယ် ပစ် လိုက်မိချေ၏ ။ မှန် ကြည့် ရ သလိုပင် ။
“ မောင် က တော့ ညိုမာ့ ကို ဘာမှတ် ထားသလဲ ၊ သိလား ”
“ ဟင့်အင်း ”
“ မျက်စိ မှိတ် ထား တောင် ညိုမာ့ ကို ရွေးပြ နိုင်တယ် ။ နေသိပ် ပူ တဲ့ အချိန်မျိုး နာရီပြန် တစ်ချက် နှစ်ချက် လောက် မှာ ရေမွှေးနံ့တွေ မပျက်တဲ့ ကိုယ် ၊ ချွေးနံ့ နည်းနည်းလေး မှ မစို့တဲ့ ကိုယ် ၊ အဲဒါ ဆို ရင် ညိုမာ ပဲ ”
“ ဟင် ... ချစ် က လည်း မဟုတ်နိုင်တာ ”
“ သိပ် ဟုတ်တာပေါ့ ၊ တချို့ မိန်းကလေးတွေ ဆို အဲဒီလို ကိုယ်ငွေ့ ပျံတဲ့ အချိန် မှာ နှာခေါင်း မခံနိုင်ဘူး ။ ချွေးစော် ဟောင် လို့ ၊ ဂိုယာ တို့ ၊ ရယ်ဗလွန် တို့ က ချွေးနံ့ အောက် မှာ ပြား လို့ ။ ပေါင်ဒါနံ့ ရေမွှေးနံ့ က သတ်သတ် ၊ ညိုမာ က အဲသလို မဟုတ်ဘူး ။ ညိုမာ့ အနား က မောင် ဖြတ်သွား ဖြတ်လာ လုပ်တဲ့ အချိန် မှာ တိတ်တိတ်လေး ရှူချ လိုက် တာပဲ ”
ညိုမာ ရယ် လေသည် ။ ပြီးတော့ ...
“ ချစ် က အနံ့သူခိုးလေး ပေါ့ ”
“ ဟိုတုန်း က တော့ ဟုတ် တာပေါ့ ”
“ ဟင်း .. စကား က လည်း ... ”
“ ဟုတ်တယ်လေ ၊ လေ ထဲ က မွှေးရနံ့ ကို မွှေး ရတာ အား မရပါဘူး ။ ခုမှ ဟုတ်ဘူးလား ”
( ၃ )
လက်ထပ် ပြီး တော့ ညိုမာ့ ကို ပို၍ ချစ်ရ ပြန်သည် ။ သနားမိသည် မှာ လည်း အမှန်တကယ် ။ ကျွန်တော့် လက် ထဲတွင် ညိုမာ ဆင်းရဲမည် စိုးသည် ။ စိတ် ငယ်မည် လည်း စိုးသည် ။ ကျွန်တော့် ဖေဖေ နှင့် မေမေ တို့ က ညိုမာ့ ကို သိပ်ချစ်သည့် အတွက် ဝမ်းသာအားရ ဖြစ်သည် ။ ညိုမာ ကိုယ်တိုင် ကျွန်တော့် နည်းတူ ရှိမည် ထင်၏ ။ သူ မျက်နှာ မငယ်ရ အောင် တခမ်းတနား မင်္ဂလာ ဆောင် ခဲ့ သည် ။ သူ့ စိတ်တိုင်းကျ ချည်း ဖြစ်စေရန် ကျွန်တော် စီစဉ် ပေးခဲ့သည် ။ သွားစရာ ၊ လာစရာ ကား တစ်စီး မျှ မရှိသည် က လွဲ လျှင် အရာရာ တွင် သူ့ မိဘ အိမ် တွင်နေစဉ် က လို ဖြစ်ဖို့ ကျွန်တော် ကြိုးစား ခဲ့သည် ။ ကျောင်း မှ ဘွဲ့ ရ ပြီးပြီး ချင်း နှစ်ဖက် မိဘ ကောင်းမှု ကြောင့် လခ သုံးရာ ကျော် အလုပ် တစ်ခု စီ ရခဲ့ ကြသည် ။
“ တစ်ရုံးစီ ဆိုတော့ လွမ်းတယ် အချစ်ရယ် ”
ညိုမာ ဝမ်းနည်း စကား ဆိုသည် ။
“ မောင် လည်း ဒီလိုပါပဲ ကွာ ”
နှစ်သိမ့်စကား ဆို ရသည် ။ ရုံး ဆင်း လျှင် သူ့ ကို သွား ကြိုရသည် ။ ညိုမာ့ ကိုယ် မှ ရေမွှေးနံ့တွေ က ဦးစွာ လှမ်းယူ ပွေ့ဖက် ကြိုဆို စမြဲ ။ ချစ်သူ ဘဝ တုန်း က လို လမ်းလျှောက် ကြသည် ။ အအေးဆိုင် ထိုင် ကြသည် ။ ကော်ဖီဆိုင် ထိုင် ကြသည် ။ စနေနေ့ ဆို လျှင် ဗိုလ်ချုပ် ဈေး ၊ လေဟာပြင်ဈေး ၊ ရုပ်ရှင် ၊ အထည်ဆန်း ဝယ်ဖို့ ဈေး ထွက်ရသည် ကို ကျွန်တော် ပျော်သည် ။
“ ချစ်ရေ ... ဒီ အသား ကို ကြည့်စမ်းပါဦး ၊ အရောင် ကော ညိုမာ နဲ့ လိုက်ရဲ့လား ဟင် ”
ဖြေ ရသော စကား အတွက် ကျေနပ် မိသည် ။ ပခုံး ကို မထိတထိ နမ်း ရင်း ၊ ဆံစတွေ ကို မသိမသာ နမ်း ရင်း ၊ လမ်းလျှောက် ဖို့ ဖြင့် ယူဇနာ အရာအထောင် ဝေးပါစေ တော့ ။ ကျွန်တော့် အချစ် သည် ဘယ်အခါမှာ မှ မဟောင်း ။ မအို ။ မဆွေးမြည့် ။
နံ့သာ လိမ်းခြင်း ၊ ပန်း ပန်ခြင်း သည် နှလုံးသား ၏ နိုးထခြင်း အစ ၊ ဆုံးခန်း မတိုင်သော အစ ပေ တကား ။
( ၄ )
သားကြီး နာမည် က မောင်ခင်မောင်ကျော် ။ သမီးကြီး နာမည် က ညိုမီကျော် ။ သားလေး နာမည် က သော်သော် ။ သမီးလေး နာမည် က အိအိ ။
မောင်ခင်မောင်ကျော် က ခုနစ်နှစ် ။ အိအိ က ခြောက်လ ။ သော်သော် အဆိုးဆုံး ။ မှန်တင်ခုံ ပေါ် က မအေ့ ပစ္စည်းတွေ ကို ကျွမ်းထိုး မှောက်ခုံ တော့ အနည်းဆုံး လုပ်လေ့ ရှိသည် ။ သုံးနှစ်သား ပင် မပြည့် တတ် သေး သော် လည်း အတု ခိုးပြီး လိုက် လုပ်ရာ ၌ ကား ခြောက်နှစ် သမီး ညိုမီကျော် ပင် လိုက် မီနိုင်မည် မထင် ။ ရေမွှေးပုလင်း ကို တစ်ကိုယ်လုံး ဆွတ်ချင် ဆွတ် ပစ်သည် ။ မျက်ခွံဆိုးဆေး ကို လက်မောင်း တစ်လျှောက် သုတ်ချင် သုတ်ထား တတ်သည် ။ နှုတ်ခမ်းဆိုးဆေး ကို ပါး ပေါ် မှာ လိမ်းချင် လိမ်းပစ် တတ်သည် ။ မိတ်ကပ်တွေ ကို တုတ် နှင့် ထိုး၍ ခြစ်ထားခြင်း ကား ရိုး နေပြီ ။ သောက်ရေခွက် ထဲ တွင် ပေါင်ဒါမှုန့်တွေ ထည့် ပြီး မျက်ခုံးဆွဲခဲတံ နှင့် ဖျော်ချင် ဖျော်သည် ။ အဆိုးဆုံး ကား မျက်တောင်ကော့ဆေး တွေ ကို ယူ ပြီး အရုပ် ဆွဲခြင်း ပင် ဖြစ်လေသည် ။
အစတုန်း က တော့ ညိုမာ စိတ်ဆိုး သေးသည် ။ သား ကို လက်ဝါး ဖြင့် ရိုက်တတ် သေးသည် ။ နောင်တော့ ရယ်မော ရင်း ပါးစပ် က အော်ဟစ် တားမြစ်ပြီး သော်သော့် ရန် ကို ကာကွယ် လေသည် ။
“ ချစ် ရယ် .... ညိုမာ့ ကို ချစ် မှ ချစ်သေးရဲ့လား ၊ ကလေး လေးယောက် မအေ အဘွားကြီး ဖြစ် နေလို့ ၊ အလှ တွေ လျော့ နေလို့ အချစ် ပြယ် သွားပလား ကွယ် ”
ကျွန်တော် ဖြေ လိုက် ပါသည် ။
“ တွေးမှ တွေးတတ်ပလေ ညိုမာ ရယ် ”
ရင်ခွင် ထဲ သို့ သူ ဝင် လာသည် ။ နားသယ်စ ကို မွှေး လိုက်သည် ။ ချန်နယ် ရေမွှေးနံ့ သည် နှာဝ တွင် ဝေ့ဝေ့ဝိုက်ဝိုက် ။ ပါးချင်း ကပ် လာသည် ။ အေဗွန်စနိုးနံ့ သည် သည်းပွတ် ကို ချစ်စရာ အတိတ် ဆီ သို့ ပြန်လည် ခေါ် ဆောင် သွား လိုဟန် ရှိသည် ။ သူ့ ရင်ခွင် ထဲ သို့ တိုးဝင် လိုက်သည် ။ ဂိုယာနှင်းဆီနက် ပေါင်ဒါရနံ့ က နှစ်ပေါင်း များစွာ ပြန်လည် ငယ်ရွယ် သွားစေသည် ထင်၏ ။
သွေးဆောင်နိုင်စွမ်း လှသည် တည့် ။
( ၅ )
“ စစ်ပါတယ် ချစ် ရဲ့ ၊ ချန်နယ် က တစ်ရာ့ငါးဆယ် တည်း နဲ့ မောင် ရခဲ့တာ ။ ဈေး ချိုတာပေါ့ ”
“ အေဗွန် က တော့ တစ်ရာ့လေးဆယ် ဆိုတာ နည်းနည်းလေး များတယ် ၊ တစ်ဆယ် လောက် ပါ ”
“ အောက်ခံ လိမ်းတာ ကို တော့ ပန်ကရို က လွဲရင် တခြား ဘာမှ ညိုမာ မသုံးဖူးဘူး ။ လေးဆယ့်ငါးကျပ် ဆိုတာ သင့်သားပဲ ။ ဒီ ပေါင်ဒါ က လည်း ပန်ကရို ပဲနော် ။ ဒီ တစ်ခါ တော့ သော်သော့် ရန် ဝေး အောင် ဗီရို ထဲ ထည့် ထား မှ ... ”
“ ဒီ တစ်ခါ ဝယ်ရင် လိမ္မော်ရောင် ဝယ်ကွယ် ၊ နှုတ်ခမ်းဆိုးဆေး ချင်း တူ ရင် ရယ်ဗလွန် က မအက်ဘူး ၊ မကွာ ဘူးလေ ။ လေးဆယ့်လေး နဲ့ မောင် ရအောင် ဆစ် လာ တာ ကိုး ”
“ လက်သည်းဆိုးဆေး ကို ဒီ တစ်ခါ ရယ်ဗလွန် မဝယ် နဲ့ တော့ ၊ ပါးလ် ဝယ် သုံး ရအောင် ။ အစိတ်လောက် ပဲ ပေးရမယ် ထင်တယ် ချစ် ရဲ့ ”
“ မွှေး ကြည့်စမ်း ၊ ချစ် ကြိုက်တယ် နော် ”
ညိုမာ့ အသံတွေ လွင် နေ တော့ ပြုံး ၍ သာ ကြည့်မိ သည် ။ ညိုမာ သည် ကျွန်တော် ဝယ်သော အလှကုန် ပစ္စည်းတွေ ကို စက္ကူဘူး ထဲ သို့ ပြန် ထည့်ပြီး ကော်ဖီပန်းကန် ကို လှမ်း ယူသည် ။ ကျွန်တော့် ပခုံး ကို သူ့ပခုံး နှင့် ထိ ထားပြီး ...
“ အမောပြေ သောက် ထားဦး ၊ တော်ကြာ မှ ထမင်းပွဲ ပြင် မယ်နော် ”
ကော်ဖီနံ့ တသင်းသင်း ။ သူ့ ကိုယ်နံ့ တသင်းသင်း ။
“ သကြား နည်းနည်း လျှော့ ထားလို့ သိပ် အချိုပေါ့ နေလား ဟင် ၊ ဒါထက် ချစ် သကြား က မနေ့က ထက် နှစ်ကျပ် တောင် တက်လာ သေးတယ် ”
ကော်ဖီ သည် ကျွန်တော့် လျှာ ပေါ် တွင် ချိုလွန်း နေ သည် ဟု ထင်၏ ။
( ၆ )
ညိုမာ့ ကိုယ် မှ စွဲမက်ဖွယ် ရနံ့တို့ သည် မည်မျှ တန်ဖိုး ရှိကြောင်း ၊ ထို ရနံ့ တို့ ကို မည်သူက ဖန်တီး ပေး ကြောင်း ၊ ဖန်တီး ရာ တွင် မည်သို့ ကြီးလေး ပင်ပန်းလှ ကြောင်း ယခု မှ ပင် ကျွန်တော် သိ လေ၏ ။
◾ငြိမ်းကျော်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၇၅ ၊ ဧပြီလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment