Monday, October 2, 2023

အမှတ်တရပါ ဆရာ


 ❝ အမှတ်တရပါ ဆရာ ❞


“ ငါ ၏ စာအုပ် လစဉ်ထုတ် ၊ အဟုတ် ဖြစ်စေသော် ” ဟူသော ကာလ အချိန် က တစ်ကြိမ် ။ သည်တုန်း က တော့ ဆရာ မိုးဝေ ၊ ဆရာ မင်းရှင် ၊ ဆရာ သော်တာဆွေ ကျွန်တော်တို့ ပေါင်းမိခဲ့ သည့် အချိန် ။ ဆရာသော်တာဆွေ နှင့် ဆုံဖြစ်သော ပထမ ကာလ ။


ကျွန်တော်တို့ အဖွဲ့ တစ်ပတ် နှစ်ကြိမ် ခန့် မျှ ‘ သဟာယဘား ’ မှာ ဆုံ ဖြစ်တတ်ကြသည် ။ ‘ သဟာယဘား ’ မှာ ကမာရွတ် ၊ ချစ်တီးဘုရား ကျောင်း အနီး မှာ ယခင် က ရှိခဲ့ပါသည် ။


တစ်ခါတစ်ရံ ဆရာသန်းဆွေ ပါ လာ တတ်ပါသည် ။ ဆရာ သော်တာဆွေ ရှုမဝ မှာ စာမူခ ထုတ်ပြီး ရင် လည်းကောင်း ၊ ဆရာမိုးဝေ က ဟိုမှ သည်မှ စာမူခ ထုတ်ပြီး လည်းကောင်း ဆုံကြသည် က များသည် ။ 


‘ တင်မောင်ဆွေ ’ ဆိုလျှင် မိုးဝေ ကို သိသည် ။ “ အဟိ ” ဆိုလျှင် ဆရာသော်တာဆွေ ၊ အထူးသဖြင့် အဟိ စာအုပ် လှန် လိုက် လျှင် “ ငါ ၏ စာအုပ် လစဉ်ထုတ် ၊ အဟုတ် ဖြစ်စေသော် ” ဟူသော ဆရာ့ ဆောင်ပုဒ် လေး က လူတိုင်း ကို အမှတ် ရ စေခဲ့ပါသည် ။


ကျွန်တော် သည် ယနေ့ တိုင် အမှတ် ရ နေဆဲ ။


“ ဟိုကောင် ဘယ်မလဲ ရွှေမြိတ် ၊ ဒီနေ့ သူ့ စာအုပ် ထွက်တယ် မဟုတ်လား ”


“ ရောက်နေပါပြီ ဆရာ ၊ အဆင်သင့်ပါပဲ ”


ဘယ် ဘား က ထ လာသည် တော့ မသိ ၊ ရေချိန် မကိုက် တကိုက် ၊ သည်တုန်း က မြို့ထဲ တွင် စာရေးဆရာ အုပ်စု အထိုင် များသည် က ‘ တာ ဝါဘား ’ ၊ သည် ဘား တွင် လူ စုံသည် ။ ပြီးတော့ နာမည် ကြီးသော မဂ္ဂဇင်း တိုက်များ နှင့် နီးသည် ။


ရှုမဝတိုက် ၊ မြဝတီတိုက် ၊ သည် ဘား မှာ ဆုံဖြစ်ကြသည် ။ ကျွန်တော် က လည်း တစ်လတစ်ကြိမ် ၊ နှစ်လ တစ်ကြိမ် လုံးချင်းဝတ္ထုများ ထွက်ရှိပြီး ဝတ္ထု တစ်အုပ် ထွက် လျှင် သုံးရာကျပ် ရသည် ။ သည်တုန်း က သုံးရာ မှာ မိသားစု နည်း လျှင် သုံးလ ခရီး ကို ဆက်လို့ ရသည့် ငွေ ။ စာမူခ ရလျှင် ပျော်ပျော်ပါးပါး နှင့် စုံနေကြ ။


ဆရာမိုးဝေ က စုံထောက်မဂ္ဂဇင်း ဖောင်ပိတ်ပြီး အလာ ၊ စုံထောက် မဂ္ဂဇင်း က ( ယခင် ဘရုတ်ကင်းလမ်း ) ယခု ဘိုကလေးဈေးလမ်း ။ ဆရာနန္ဒမိတ် က လည်း မြဝတီ ကအပြန် ၊ ဆရာနန္ဒမိတ် ( တက္ကသိုလ် နန္ဒမိတ် ) ၊ ဆရာသန်းဆွေ နှင့် ဆရာသော်တာဆွေ တို့ က ရှုမဝ က အပြန် ဆုံ ကြရင်တော့ သိပ် မလွယ်လှ ။ 


မြို့ထဲ မှ တောပ်ဝါဘား ၊ ဘလူးစကိုင်း ၊ ဟောင်ကောင် ၊ အဲသည် မှ ပြီးလျှင် ကမာရွတ်ဘား တွေ ဖြစ်တဲ့ ကျွန်တော် ၊ ဆရာသန်းဆွေ ၊ ဆရာ မိုးဝေ ၊ ဆရာ သော်တာဆွေ တို့ က သဟာယဘား ကို ရောက်လာ တတ်ကြသည် ။


သည်ကား ယခင် အတိတ် အရိပ်များ ... ။


ရက်တွေ ၊ လတွေ ၊ နှစ်တွေ ညောင်းခဲ့သည့် အလျောက် အခြေ အနေများ က လည်း ပြောင်းလဲခဲ့သည် ။


ဆရာသန်းဆွေ ၊ ဆရာမိုးဝေ ၊ ဆရာမင်းရှင် ကွယ်လွန် သွားကြ တော့ ။


ကျွန်တော်တို့ မှာ လည်း အနေ ဝေး ခဲ့ကြသည် ။ နောက် ဆရာ နန္ဒမိတ် ဆုံး ပြန်သည် ။


ဪ .. အပွင့်တွေ ဝေ ပြီး လျှင် ကြွေ စမြဲ ပဲ ။


ဒုတိယအကြိမ် ဆရာသော်တာဆွေ နှင့် ပြန် ဆုံရခြင်း က ကိုပိုက် နှင့် ဆုံစည်းခဲ့ရခြင်း ပင် ။


ဆရာသော်တာဆွေ ၏ ဝတ္ထုဆောင်းပါးများ ထဲ တွင် ကိုပိုက် ပါ ပါ နေသည် ။ လူ ချင်းတော့ မတွေ့ မမြင်ဖူးသေး ။


တစ်နေ့ ကျွန်တော့် အလုပ်တိုက် ရှိ ရာ ( လုံမလေး မဂ္ဂဇင်း ၊ ဗိုလ် အောင်ကျော်လမ်း ) သို့ တေးသံရှင် ရာမည မြင့်စိုးသိန်း ရောက် လာပါ သည် ။


“ ဆရာ ၊ ဒါ ကျွန်တော့် မိတ်ဆွေ ကိုပိုက် (   ) ပါ ” 


“ ဪ .. ကိုပိုက် (   ) ဟုတ်ပါ့ ။ ဆရာ သော်တာဆွေ အတွဲ ပဲ ”


သည်နေ့ က ကိုပိုက် နှင့် စတင် ဆုံ ပြီးနောက် ကျွန်တော် လည်း အခြေအနေ အရပ်ရပ် ကြောင့် ကမာရွတ် မှ အင်းစိန် သို့ ရောက် သွား ရတော့ သည် ။


အင်းစိန် ပြောင်း တော့ ဆရာတင်မိုး နှင့် နီး သဖြင့် အားရလှပါ သည် ။ ကိုပိုက် နှင့် လည်း မဝေးတော့ ပို အဆင်ပြေခဲ့ပါ၏ ။

 

သည် မှ ဆရာသော်တာဆွေ ၊ ကျွန်တော် ၊ ကိုပိုက် တို့ နံနက်တိုင်း ဈေးဝယ်ရင်း ကိစ္စ ဆောင်ရွက်ရင်း တစ်ပေါင်းတစ်စည်း ဖြစ်ခဲ့ရသည် ။ 


ဆရာ သော်တာဆွေ က သူ့ အား လူငယ်များ က စုပေါင်း ကန်တော့ခြင်း ကိစ္စ ကို တဖွဖွ ပြောပါသည် ။


လူငယ် စာရေးဆရာ ကိုပိုက် တို့ ဦးဆောင်ပြီး သက်ကြီးစာရေး ဆရာ ၊ ဆရာသော်တာဆွေ ကို ကန်တော့သည့် ပွဲ ၊ လူငယ်စာရေးဆရာ မြင့်မောင်မောင် တို့ ဦးစီးပြီး ဆရာလင်းယုန်သစ်လွင် ကို ကန်တော့သည့် ကန်တော့ပွဲ ။


ရင်ထဲ ပီတိ ဖြစ်ရသည် မှာ ကန်တော့ခံ ဆရာများ ပင် မက ကြားရသူများ ရင်၌ ပီတိ လွှမ်းခဲ့ရသည် မဟုတ်ပါလား ။ 


တစ်နေ့ ကျွန်တော့် အိမ် မှာ ကိုပိုက် ၊ မင်းရွှေမင်း ( အင်းစိန် ) ၊ ကိုအောင်နိုင် ( စားဖျော် ) တို့ ဆုံ ကြရာ ဆရာသော်တာဆွေ ‘ ၇၃ ’ နှစ်မြောက် မွေးနေ့ ကျရောက်တော့မည့် အကြောင်း ၊ ဆရာ က တစ်ခု ခု ကျွေးမည့် အကြောင်း ကိုပိုက် က ပြောရာ ကျွန်တော်တို့ က ဆရာ့ ကို ကျွန်တော်တို့ ဂုဏ်ပြုမည် ဟု ဆုံးဖြတ်၍ ကျွန်တော်တို့ ဆရာ ၇၃ နှစ်မြောက် မွေးနေ့  ကို တတ်အားသမျှ ကျင်းပ ပေးခဲ့ပါသည် ။


ဆရာသော် ၏ ပီတိ အပြုံး နှစ်သက် အပြုံးများ ယနေ့ အထိ မျက်ဝန်း ထဲ က မထွက် ။


ဆရာ့ ကျန်းမာရေး ချို့တဲ့ လာ၍ သမီးများ ရှိရာ ပထမ ကိုကျော်လင်း ၊ မမေဘယ်လ်ဆွေ ၊ နောက်တော့ ပြည်ထောင်စုရိပ်သာရှိ ဦးစောဘဝင်း ၊ ဒေါ်ဒင်ပယ်လ်ဆွေ အိမ် သို့ ရောက် သွားတော့ ကျွန်တော်တို့ နှင့် အနည်းငယ် အလှမ်း ဝေး ခဲ့ရသည် ။


သို့သော် ကျွန်တော်တို့ က ဆရာ့ ဆီ မပြတ် ရောက် ခဲ့ပါသည် ။ သည်ကြား ကာလ ၌ ဆရာ စာများ ရေး နိုင်ခဲ့သေး၏ ။ ကျွန်တော် တာဝန် ယူ သော ‘ ချယ်ရီမဂ္ဂဇင်း ’ တွင် ဆရာ ရေးခဲ့နိုင်သေး၏ ။


ကျွန်တော် နှင့် ဒုတိယအကြိမ် ပြန်ဆုံခြင်း သည် ဆရာ ၏ နောက်ဆုံး အချိန် ဖြစ် နေချေပြီ တည်း ။ 


ဆရာ သည် မိမိ ကိုယ် မိမိ အားကိုးသူ အဖြစ် ကိုတော့ ကျွန်တော် ထာဝရ မှတ်မိနေမည် ဖြစ်ပါသည် ။


တသရင်းဖြင့်


◾ရွှေမြိတ်သောင်းတင်


📖 သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment