Friday, October 13, 2023

မြေပုံ ခြေဖျား စကား အလင်္ကာ


 ❝ မြေပုံ ခြေဖျား စကား အလင်္ကာ ❞ 


ရန်ကုန် မှ ကော့သောင်းမြို့ သို့ ပျံသန်းမည့် ဂျက် လေယာဉ် ပေါ် ရောက်သည် အထိ ကျွန်တော် ကောင်မလေး ကို သတိ မထားမိသေးပါ ။ လေယာဉ် ခါးပတ်များ ကို ပတ်ထားရန် နှင့် အမြင့်ပေ မည်မျှ မှ ပျံသန်းမည် ဖြစ်ကြောင်း ၊ အသက်ရှု ကိရိယာများ တပ်ဆင်ပုံ သရုပ်ပြ နေသည့် အချိန် ကျ မှ ကျွန်တော့် မြင်ကွင်း ထဲ ကို ကောင်မလေး ဝင်လာခြင်း ဖြစ်သည် ။ ကျွန်တော် က ခရီး သွားလျှင် ဖာသိဖာသာ နေ တတ်သည် ။ ခရီးသည်ချင်း မေးမြန်း စပ်စု မိတ်ဆွေဖွဲ့လေ့ မရှိ ၊ လွတ်လွတ်လပ်လပ် တွေးတော လိုက်ပါ လိုခြင်းကြောင့် လည်း ဖြစ်တန်ရာသည် ။


လေယာဉ်ခါးပတ် စ ပတ်ပြီးသည့် အခါ မှာ တော့ ထိုင်ခုံ နောက်မှီ ပေါ် ခေါင်းတင် မှီကာ မျက်စေ့ ကို မှိတ်ထား မိ သည် ။ မကြာမီ လေယာဉ် စတင် ပျံသန်းတော့မည် ။ ကော့သောင်း ပြန် ရောက် လျှင် လုပ်ရမည့် အလုပ်တွေ တန်းစီ နေ သဖြင့် မည်သည့် ကိစ္စ ကို ဦးစားပေး လုပ်ရမည်နည်း ဟု စဉ်းစား တွေးတော နေ မိသည် ။


“ ဒီမှာ ... ဒီမှာ ... အစ်ကို ”


ခေါ်သံ ကြား သဖြင့် ကျွန်တော် မျက်စေ့ ဖွင့် ကြည့်လိုက် တော့ ... ကျွန်တော့ ဘေး မှ အသက် နှစ်ဆယ် ကျော် အရွယ် ကောင်မလေး တစ်ယောက် ။ ကျွန်တော့ ကို အကူအညီ တောင်းလို သည့် မျက်ဝန်း ဖြင့် ကြည့်နေသည် ။ ကျွန်တော် က ဘာကိစ္စ ဆိုပြီး မေးဆတ် ပြ လိုက်တော့ ။


“ ကျေးဇူးပြုပြီး ကျွန်မ ကို ကူညီပါ အစ်ကို ... ကျွန်မ ခါးပတ် မပတ်တတ်လို့ပါ ” 


သည်လောက် လွယ်ကူသည့် လေယာဉ် ခါးပတ် တတ်ဆင်ခြင်း ကို မပြုလုပ်တတ်ဘူး ဆိုတော့ လေယာဉ်စီး ခရီးအတွေ့ အကြုံ ရှိဟန် မတူပါ  ။ ကျွန်တော် က ရော သူမ ရဲ့ ခါးနား တဝိုက် နီးနီးကပ်ကပ် ကိုင်တွယ် တပ်ဆင်ပေးဖို့ သင့်ပါ ရဲ့လား ။ ကျွန်တော် အားတုံ့အားနာ နှင့် သူမ မျက်နှာ ကို မော့ ကြည့်တော့


“ အပန်း မကြီးဘူး ဆိုရင် ..”


ထပ်မံ ထွက်ပေါ်လာသော တောင်းပန် တိုးလျှိုးသံကလေး ကြောင့် ကူညီရန် ကျွန်တော် မှာ အဆင်သင့် ဖြစ်သွားရ လေသည် ။ ကျွန်တော် ခါးပတ် ကို တပ်ဆင် ပေး တော့ မဝံ့မရဲ မျက်နှာကလေး မှာ ရှက်သွေး ရဲရဲ ဖြန်း သွားသည် ကို အနီးကပ် တွေ့မြင် လိုက်ရသည် ။


“ ဒီက ညီမ တစ်ယောက် တည်း လား ... အဖော် မပါဘူးလား ”


“ ဟုတ်ကဲ့ တစ်ယောက်တည်း ပါ ”


မိန်းကလေးတွေ နှင့် ပတ်သက်၍ နှုတ်နည်း တတ်သော ကျွန်တော် ဘာကြောင့် ထို မေးခွန်းမျိုး မေးမိသည် မသိ ၊ ကိုယ့် ကိုယ် ကို ပင် နားမလည်နိုင် ။ ကော့သောင်း လို နယ်စပ်မြို့ သို့ ဘယ်လိုကိစ္စ ဘယ်လိုအကြောင်းတရား တွေ နှ င့်ပဲ လာလာ  တစ်ယောက် တည်း မလာသင့်ဘူး ဆိုတာ ဒီမိန်းကလေး မသိဘူးလား ။ မိန်းကလေး မသိလျှင် မိဘတွေ သိသင့်သည် ။ ကောင်မလေး ပုံစံ က ရန်ကုန် မှာ မြင်တွေ့ရသည့် ဆံပင်နီဝါကြား ၊ နှုတ်ခမ်းတွတ်တွတ်ရဲ ကိုယ်ကြပ်အင်္ကျီ စကပ်ကွဲ တို့ ကို ဆင်ယင်ခြင်း မရှိ ။ လုံလုံခြုံခြုံ အိန္ဒြေရရ ရှည်လျားသန်စွမ်းသော ဆံပင်များ ကို တစ်ဝက် အထက် မှာ စည်း၍ တစ်ဝက် ချ ထားသည် ။ လက်သည်းခြေသည်းများ ကို ဆေးဆိုး မထား ။ မျက်နှာ သည် မိတ်ကပ် နှုတ်ခမ်းနီ လိမ်းချယ်ခြင်း မရှိ ပကတိ ရှင်းပ သန့်စင်စွာ ။ ရုပ်ရည် က အချောအလှကြီး မဟုတ် သော်လည်း မချောမလှ လည်း မဟုတ် ။ အသား ညို သော်လည်း ခပ်ညက်ညက် ၊ အသံ က ကမ်းရိုးတန်းသံ လည်း မဟုတ် ၊ ရန်ကုန်သံ လည်း မဟုတ် ။ ကျွန်တော် သူမ အပေါ် အကဲ မရချင် ။ သူမ ပုံစံ က နယ်စပ်မြို့ ဆီ လာပြီး မဟုတ်က ဟုတ်က စီးပွား ရှာမည့် ပုံစံမျိုး မဟုတ်တာ တော့ သေချာသည် ။


လေယာဉ် စတင် ပျံသန်းပြီး အတော်ကြာကြာ အထိ သူမ ရော ကျွန်တော် ပါ ငြိမ်သက်စွာ လိုက်ပါ လာကြသည် ။ ကျွန်တော် က ပါ လာသည့် စာအုပ် ကို ထုတ်ဖတ်မည် စိတ်ကူး ပြီးမှ မဖတ် ဖြစ်တော့ဘဲ စိတ် ကို လျော့ကာ အနားယူမည် ဟုပဲ စိတ် ပိုင်းဖြတ် လိုက် တော့သည် ။ မျက်စေ့ ကို မည်မျှ ကြာကြာ မှိတ်ထား မိသည် မသိ ။


“ ကော်ဖီ သုံးဆောင်ရအောင်လား ရှင် ”


ဖြတ်ကနဲ မျက်စေ့ ဖွင့်တော့ လေယာဉ်မယ်ကလေး ကော်ဖီ နှင့် မုန့် လိုက်လံ ဝေငှနေသည် ။ ကျွန်တော် ကိုယ့် အတွက် ယူပြီး သူမ အတွက် ယူပေးဖို့ လှည့် ကြည့်တော့ သူမ ပုံစံ ကို ကြည့်ပြီး ကျွန်တော် အတော် စိတ်ပူ သွားသည် ။ လေယာဉ် စီးကျင့် မရှိသူ တို့ ဖြစ်တတ်သည့် သဘာဝ ၊ ကောင်မလေး အတော် မူးဝေ နေပါ လား ။ သူမ မျက်နှာ က မအီမသာ အော့အန်ချင်သည့် အနေအထား ။


“ ညီမလေး .. အရမ်း မူး နေလား .. ကိုယ် ဘာ ကူညီရမလဲ ” 


“ အန် .. အန်ချင်တယ် ”


ကျွန်တော် ထိုင်ခုံ ရှေ့ မှ ကျွတ်ကျွတ်အိတ် ထိုးခံ လိုက်တော့ လက်မတင်ကလေး အန်ချ လိုက်တာ ။


“ ဟင် .. အစ်ကို့ လက် ပေ ကုန်ပြီ ဒုက္ခပါပဲ အားနာစရာ ”


“ ရတယ် ရတယ် ကိစ္စမရှိဘူး .. ကိုယ် မရွံတတ်ဘူး ” 


“ ဘယ် ဟုတ်မလဲ ၊ ခဏနော် .. ကျွန်မ မှာ တစ်ရှုး ပါတယ် ” 


ကောင်မလေး က တစ်ရှူးတွေ နဲ့ ကျွန်တော့ လက် ကို သုတ် ပေး နေတာမို့ ကျွန်တော် က ပြန် အားနာ နေမိသည် ။


“ နေပါစေ ... ကိုယ့် ဖာသာ နေကောင်းအောင် နေ အန် တတ် ရင် မအန်တဲ့ ဆေးတွေ ကြို သောက်လာရတယ် ” 


“ ဟုတ်လား မသိပါဘူး ၊ ဒါတွေလည်း မတွေးမိဘူးလေ ။ လာချင်လွန်း လို့ သာ ထွက်လာတာ ၊ ဒီ ခရီး အတွက် ဘာမှ ကြိုတင် ပြင်ဆင်မှု မရှိဘူး ”


“ ကော်ဖီ နည်းနည်း သောက် မလား ” 


“ ဟင့်အင်း ကျွန်မ မသောက်ချင်ဘူး ”


“ ကော်ဖီ မသောက်ချင်ရင် ရေ တော့ သောက်လိုက် ၊ ကိုယ့် မှာ ရေသန့်ဗူး ပါတယ် ”


ကောင်မလေး ရေ သောက်ပြီး ပြန် မှိန်း သွားသည် ။ ကျွန်တော် လည်း အလကား ပဲတင်း သူနာပြု အလုပ် ရ နေတဲ့ ကိုယ့် ကိုယ် ကို ရယ်ချင် သွားသည် ။ တော်တော်လေး ကြာတော့ ရှုဆေးဗူး ရှာ ပြီး ပေးမိ ပြန်သည် ။


“ နေသာရဲ့လား .. ဒါလေး ရှုထား ၊ တစ်ရေး အိပ်ချင် အိပ်လိုက် ၊ ရောက်ဖို့ အချိန် လိုသေးတယ် ”


ကျွန်တော့် ပုံစံက လိုတာ ထက် ခင်မင်ဖော်ရွေ နေတာ ပုံမှန် မှ ဟုတ်ရဲ့လား ။ ကျွန်တော် သူမ ကို စိတ်ဝင်စား နေလို့ စေတနာ တွေ လွန် နေတာလား ။ သဒ္ဓါ လွန်တော့ ဆွမ်းတော်ရပ် တဲ့ ။ တော် သင့်ပြီ ။ ကျွန်တော် လည်း တရေး မှိန်းတာပဲ ကောင်းမည် ထင်သည် ။


“ မကြာမီ အချိန်အတွင်း မှာ ကော့သောင်းမြို့ သို့ ဆိုက်ရောက် ပါတော့မယ် ရှင် ”


ဟော .. ရောက်တော့မည် ဆိုပါလား ၊ ခရီးသည်တွေ လှုပ်လှုပ်ရှားရှား ဖြစ် လာသည် ။ ကောင်မလေး လည်း ဒယိမ်းဒယိုင် နှင့် ထသည် ။ ကျွန်တော် သူမ ကို မစောင့်တော့ လေယာဉ် ဆိုက်သည် နှင့် ရှေ့မှ တိုးဆင်း လာသည် ။ ပစ္စည်းတွေ ချရ ဦးမည် ။ ရွေးရ ဦးမည် ။ ကျွန်တော့ စိတ် က အလုပ်ခွင် သို့ ရောက်နေ သဖြင့် မြေ နင်းသည် နှင့် အလုပ် ကိစ္စတွေ အတွက် စိတ်စော နေမိပြန်သည် ။ 


“ အစ်ကို .. အစ်ကို ။ ကျွန်မ ကို တစ်ချက် လောက် ကူညီပါဦး ၊ ကျွန်မ ပစ္စည်း ဘယ်မှာ ရွေးရမယ် ဆိုတာ ”


ရော် ... ခက်လှချည့် ။ သည် ကလေးမ နှယ် ၊ ဖြစ်ရ ပြန်ပြီ ။ ခရီး မသွားဖူးမှန်း သိသာပါ ရဲ့ ။ စကားသံ က လည်း သေချာ သွားပြီ ။ သူ့ အသံ ရန်ကုန်သံ မဟုတ် မော်လမြိုင် အသံ ၊ မော်လမြိုင် ဘက် က လူတွေ တစ်ဆိတ် လောက် ကို တစ်ချက် လောက် ၊ အရမ်းကောင်း ကိုကောင်း မှ ကောင်း ၊ ဆိုရင် ... ကို ဆိုလို့ ရှိရင် သည်လို သုံးလေ့ ရှိသည် ။ ကိုယ် က နယ်တကာ နှံ့သူ ဆိုတော့ ဒါလောက်တော့ သိသည် ။


“ ပစ္စည်း ရွေးဖို့ ကပ်ပြား ကိုယ့် ကို ပေး ၊ တစ်ခါတည်း ရွေး ခဲ့မယ် ... ဒီမှာပဲ စောင့်နေ ”


ကဲ အေးရော မဟုတ်လား ၊ ပို့ မည့် ပို့ ကူးတို့ ရောက်အောင် ပို့ လိုက်တာပဲ ကောင်းပါသည် ။ ပစ္စည်းတွေ နှင့် ကား ပေါ် ရောက်တော့ ..


“ ကော့သောင်း မှာ ကိုယ့် ဆီ က အကူအညီ လိုချင်ရင် ဒီ လိပ်စာ အတိုင်း လာပေါ့ ”


ကျွန်တော် သဘောတွေ အရမ်း ကောင်း သွားပြီလား မသိ ။ ကား ပေါ် က ဆင်း ကျန်ရစ်တော့ မျက်နှာ နွမ်းနွမ်းကလေး နဲ့ ကား ပေါ် ဆက် ပါသွားသည့် သူမ မျက်နှာကလေး မြင်ယောင် နေသည် ။ ဟောဗျာ ... သူမ ရဲ့ နာမည်ကလေး တောင် မမေးလိုက်ရပါလား ...  ။


  •••••   •••••   •••••


ခရီး က ပြန်လာပြီး ဆေးရုံ နှင့် အပြင် ဓါတ်ခွဲခန်း လွန်းပျံ ပြေး နေရသည် နှင့် လေယာဉ် ပေါ် မှာ ခဏတာ တွေ့ဆုံခဲ့ရသူလေး ကို အမေ့မေ့ အလျော့လျော့ ဖြစ်သွားသည် ။ ကျွန်တော် ဘဝ ပေး ကို က ထို ကိစ္စများ မှာ အချိန် ပေးဖို့ ဇာတာ မပါခဲ့လေသည်လား မသိ ။ တစ်နေ့ ဓါတ်ခွဲခန်း ထဲ အဝင် အကူ ကောင်လေး က ... 


“  ဦးနိုင် .. အမျိုးသမီး တစ်ယောက် .. စာ တစ်စောင် လာ ပေး သွားတယ် ”


“ အမျိုးသမီး .. ဟုတ်လား ”


“ ဟုတ်တယ် ၊ ကျွန်တော် တော့ ဧည့်သည် ထင်တာပဲ ဆံပင်ရှည်ရှည် အသားညိုညို ခပ်ယဉ်ယဉ် ကောင်မလေး ” 


စာ ဖောက် ဖတ် လိုက်တော့ ..

     အစ်ကို

       ကျွန်မ အစ်ကို နဲ့ အေးအေး ဆေးဆေး စကား ပြော ချင်ပါတယ် ။ ညနေ ( ၅ ) နာရီ မှာ ဘုရင့်နောင် ရုပ်တု ရှေ့ လာ ခဲ့ပါနော် ။ ကျွန်မ ကို ကူညီပါဦး ။

        လေယာဉ် ပေါ် မှ ညီမ 

                         မိပန်သူ


လေယာဉ် ပေါ် မှ ညီမ ဆိုပါလား ။ သူမ နှင့် စ တွေ့ကတည်း က ကူညီပါဦး ကူညီပါဦး နှင့် ယခုလည်း ဘာ ကူညီရဦးမည် မသိ ။ အထက် ဘက် က လူ တွေ မြိတ် ၊ ကော့သောင်း ဆင်းပြီး အလု ပ်လုပ် ကြ ရာမှာ ကျောင်းဆရာမ ၊ သူနာပြုဆရာမ ၊ ကုမ္ပဏီဝန်ထမ်း ၊ အမျိုးမျိုးအစားစား ပါပဲ ။ အချို့ အလုပ်ခန့်စာ အော်ဒါ စာရွက် ကိုင် ပြီး လာသလို အချို့ ဒီ ရောက်မှ နီးစပ်ရာ အလုပ် ရှာကြတာ မျိုး လည်း ရှိသည် ။ ယခု သူမ မှာ ထို ကိစ္စမျိုး အကူအညီ တောင်းလို ဟန် တူသည် ။ အင်းလေ ... နိုင်သလောက် ၊ သိသလောက် ၊ လက်လှမ်း မီသလောက် ကူညီရတာပေါ့ ။ ကျွန်တော် တို့ ဒေသခံ တွေ မှ မကြိုဆို ရင် ဘယ်သူ တွေ က ကြိုဆို မှာလဲ ။


ညနေ ရောက်တော့ ကျွန်တော် ဆိုင်ကယ်လေး နဲ့ ဘုရင့်နောင် ရုပ်တု ဘက် ထွက်လာသည် ။ ရုပ်တု ရှိရာ ရင်ပြင် ဆီ ရောက်တော့ အဆီးအတားမဲ့ ပင်လယ်လေ ၏ ဆီးယူ ပွေ့ဖက်မှု ကို ခံလိုက် ရသည် ။ တစ်နေ့တာ ပင်ပန်းနွမ်းနယ် နေသော နေလုံးကြီး က အစွမ်းကုန် အတောက်ပဆုံး အပြုံး နှင့် နှုတ်ဆက် နေသဖြင့် ရင်ပြင် တစ်ခုလုံး ထင်လင်း ဝါရွှေ နေသည် ။


“  တစ်ပင်ရွှေထီး ၊ ရွှေဖောင်ကြီးနှင့် ၊ လှဲချီးအောင်ရပ် ၊ ခံ သည့်တပ်သို့ ၊ ကြီးကြပ်စီရင် ဆက်ရာတွင်၍ ကျော်ထင်နော်ရထာ ၊ ဗိုလ်ချုပ်များကို ၊ အရာချီးမြှင့် ၊ မြှောက်ထိုက်သင့်ဟု ၊ ဘုရင့်နောင် တော် ၊ ရွှေနှုတ်ဖော်၍ ၊ ခေါ်ဝေါ်ငြိမ့်လေး ၊ ဘွဲ့တော်ပေးကာ .. ” 


ကုန်းဘောင်ခေတ် လက်ဝဲသုန္ဒရ ၏  ဗျူဟာစက္ကိပျို့ တွင် ဖော်ပြ ထားသည့် မြန်မာ့သမိုင်း တွင် ဘုရင့်နောင် ဟူသော တစ်ကြိမ် သာ ချီးမြှင့်ပြီး တစ်ဦးတည်းသာ ရရှိခဲ့သူ ကျော်ထင်နော်ရထာ ၊ ချီးမြှင့်သူ ကား တပင်ရွှေထီး ။ တို့မြေ ကို တစ်လက်မ အထိ မခံ တို့ ကာကွယ်မည် ဆိုသော ဓားဆွဲသည့် ဟန် ပန်းပုဆရာကြီး ဦးဟန်တင် ၏ လက်ရာ ...


သည် ကုန်းမြေ သို့ ရောက် တိုင်း ကျွန်တော် ဇာတိမာန် ဖြန်းဖြန်း ထကာ မြို့ကလေး ကို ချစ်စိတ် အထွဋ်အထိပ် သို့ ရောက်မြဲ ။ ကျွန်တော် က “ ခြေဖျားမြို့ကလေး ရဲ့ သည်းပွတ် ” လို့ တင်စား ကာ ကဗျာ တစ်ပုဒ် စပ်ဖူးသည် ။


မြေပုံခြေဖျား က

မြို့ကလေး

ပါချန်မြစ် ရဲ့ နံဘေး 

အက်ဒမန်ပင်လယ် ဘေးမှာ 

ခပ်ကွေးကွေး အိပ်နေရာ က 

ဖီးနစ်ငှက် အလှ သဏ္ဍာန်မျိုး နဲ့ 

ရှင်သန် နိုးထ ခဲ့ပြီလေ ။ 

နိုင်ငံတော် ကို သာသနာပြု 

ဗိုလ်ထုထောင်ရာသောင်း 

ထီးဆောင်းမင်း အပေါင်း ဦးညွှတ် 

အောင်ပန်းခူးဆွတ် ဂုဏ်ဆောင်  

“ ဘုရင့်နောင် ” မင်း ရဲ့ ရုပ်တု 

ဂုဏ်ပြုစိုက်ထူရာအမှန် 

ဘူမိနက်သန်မြေ ဆိုတာလည်း

အားလုံးရဲ့ ရင်ထဲ နှလုံးသား ထဲ

စွဲမြဲ နေဆဲနော် ... 


ကြွေပြားတွေ ခင်း ထား သည့် စင်္ကြံပတ်လမ်း တစ်နေရာ မှာ တော့ ခေါင်း ကို ပြာလွင်လွင် ပုဝါ နှင့် စည်း ထားပြီး နေကာမျက်မှန် တပ် ထားသည့် သူမ မိပန်သူ ။


ဟိုနေ့ က လို ညှိုးရော်ရော် နွမ်းလျလျ မနေ ပကတိ လန်းဆန်း ကြည်လင် နေသည့် အနေအထား က သူမ ၏ ညိုယဉ်ယဉ် အလှ ကို စိုလွင် စေလေသည် ။


“ အစ်ကို လာမှ လာပါ့ မလားလို့ ”


“ အလုပ် မအားပေမယ့် အားကိုးတကြီး အကူအညီ လိုတယ် ဆိုတော့ လာရတာပေါ့ .. ဆို .. အစ်ကို ဘာ ကူညီရမလဲ ” 


သူမ က စကား မဆိုသေးဘဲ ပင်လယ်ပြင်ကြီး ဆီ ငေးရီ ကြည့်လျက် အတန်ငယ် ဆုတ်ဆိုင်း နေပြီးမှ


“ အစ်ကိုက ကဗျာဆရာ နိုင်တာရာ နော် ”


“ ဟင် ညီမ ဘယ်လို သိလဲ ၊ အစ်ကို့ လိပ်စာကဒ် မှာ ဦးယုနိုင် အမည်ရင်း ပဲ ပါတာ ”


“ ကျွန်မ မြို့နယ် စာနယ်ဇင်း က သတင်းထောက် ဦးအောင်သင် နဲ့ တွေ့ပြီး ပါပြီ ။ ဦးအောင်သင် က အစ်ကို့ ဆီ ညွှန် လိုက်လို့ပါ ။ ကျွန်မ လာရင်း ကိစ္စ က သတင်းထောက် ဦးအောင်သင် ဆီ ဦးတည် ပြီး လာ တာပါ ။ ဒီ ရောက်တော့ ဦးလေးအောင်သင် က ကျန်းမာရေး မကောင်းတာ ရယ် အသက် ကြီး သွား တာရယ် လိုအပ်တဲ့ အကြံဉာဏ်တွေ ကို အစ်ကို က ပိုပြီး ပေးနိုင်မယ် ယူဆပြီး လွှတ် လိုက် တာပါ ”


“ ကဲ ဆိုပါဦး အစ်ကို က ဘာ ကူညီရမလဲ ဆိုတာ ”


“ ဒီလိုပါ ... ညီမ ကော့သောင်း ကို လာတာ ပျောက်ဆုံး နေတဲ့ ဆွေမျိုးစုတွေ ကို ရှာဖွေဖို့ လာတာပါ ”


“ ပျောက်ဆုံးနေတဲ့ ဆွေမျိုးစု .. ဟုတ်လား ”


“ တကယ်တော့ ညီမ ဟာ မွန်နာမည် ယူထား ပေမယ့် ဆလုံ အမျိုးသမီး တစ်ယောက် ပါ အစ်ကို ။ ညီမ ရဲ့ မွေးစား အဖေ အဘ ရန်ရှင်း က တစ်ခါက မြိတ် - ကော့သောင်း တစ်ခွင် မှာ လှည့်လည် ကျက်စားတဲ့ ဝါးလက်လှေ ပိုင်ရှင် ပဲ့နင်းကြီး တစ်ယောက် ပေါ့ ။ တစ်ရက် တော့ အဘ တို့ လှေ ဟာ ဖမ်းမိ သမျှ ငါးတွေ ကို ဆားနယ် ၊ နေလှမ်းဖို့ ကျွန်း ဝင်ခိုတဲ့ အခါ ၊ ဒီ လူ မနေတဲ့ ကျွန်း မှာ ငို နေတဲ့ အသက် လေးနှစ် အရွယ် ကလေးမလေး တစ်ယောက် ကို ကောက်ယူ တွေ့ရှိ သတဲ့ ။ ကလေးမလေး က ဆလုံမလေး ဖြစ်တာမို့ မြန်မာ စကား လည်း မတတ်ဘူး တဲ့ ။ အဖေ အမေ နာမည် လည်း မေးလို့ မရဘူး တဲ့ ။ ဆလုံတွေ ဟာ ကလေးတွေ ကို စွန့်ပစ်ရိုး ထုံးစံ မရှိတော့ အဘ ရန်ရှင်း လည်း ရုတ်တရက် နားမလည်နိုင် ဘူးပေါ့ ။ နောက်တော့ တမင် စွန့်ပစ်တာ မဟုတ်ဘဲ ၊ လှေ အထွက် မှာ ကလေး ကျန်ခဲ့တာ မသိဘဲ ခရီး ဆက် သွားတာမို့ အဘ တို့ သာ ရောက် မလာရင် ကလေး ရဲ့ ကံကြမ္မာ ကို တွေးတောင် မတွေးဝံ့ ဖြစ်ခဲ့ကြတယ် ။


အဘ ရန်ရှင်း ဟာ ဒီနယ် တစ်ခွင် ကျင်လည်ကျက်စား တာ အလွယ်တကူ ဘဲ ဆလုံ ရှိတဲ့ ရွာတွေ ဆီ လက်လှမ်း တမှီ စုံစမ်း နိုင်ခဲ့ တယ် ။ ဒါပေမဲ့ ကလေး ရဲ့ မိဘ အမှန် ကို မတွေ့မသိရပဲ ဖြစ်နေ သတဲ့ ။ ဆလုံတွေ ဟာ အချို့က ရွာ မှာ အတည်တကျ နေပြီး ၊ အချို့က ယနေ့တိုင် ပင်လယ် ထဲ ကျင်လည် ကျက်စားတုံးပဲ တဲ့ ။ ဒါကြောင့် ရွာ မှာ အတည်တကျ နေသူတွေ မဟုတ်တဲ့ ကလေး မိဘတွေ နဲ့ အဆက် မရဘဲ နောက်ဆုံး သူ့ မိသားစု ရှိရာ မော်လမြိုင် ကို ခေါ်သွား ပြီး အပြီးအပိုင် မွေးစား လိုက်ရ သတဲ့ ။ အဲဒီ ကလေး ဟာ မိပန်သူ ဆိုတဲ့ ညီမ ပါပဲ ”


ပြောလို့သာ ကြားရ ... ကျွန်တော် က မယုံချင်လှပါ ။ ဘာကြောင့်ဆိုတော့ မိပန်သူ ဟာ ၊ ဆလုံမလေး နှင့် မတူလို့ ပါ ပဲ ၊ ဆလုံ တွေ က အရပ် ပြတ်ပြတ် ၊ ဆံပင် ကောက်ကွေး ၊ ရုပ်ရည် ချောမောပြေ ပြစ်သူ ရှားလှသည် ။ မိပန်သူ က ညိုညိုယဉ်ယဉ် အရပ် က လုံးတော် ရပ်တော် ။ အရှင် မွေးတော့ နေ့ချင်းကြီး ။ တံငါနားနီး တံငါ မုဆိုး နားနီး မုဆိုး ၊ မော်လမြိုင်မြို့ ပေါ် ကြီးတော့ တသွေးတမွေး လှသွေး ကြွယ် သွားလေ သလား ။


“ ညီမ ဟာ ဆလုံမလေး ဖြစ် ဦးတော့ မိဘဆွေမျိုး ကို ဘယ်လို အထောက်အထား နဲ့ ရှာမှာလဲ ၊ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် ကျော် က တောင် မတွေ့တာ အခုကော တွေ့ဖို့ လွယ်ပါ့မလား ” 


ကျွန်တော် စကား မှား သွားသည်လား မသိ ။ ကောင်မလေး မျက်နှာ မှိုင်းညို့ သွားသည် ။ ကျွန်တော့ စကား က သူမ ကို အားပေး သည့် စကားပဲ ဖြစ်သင့်သည် ။ အားငယ် စိတ်ဓါတ်ကျ စေသော စကား မျိုး မဖြစ်သင့်ပါ ။


“ လာ .. လာ .. ညီမ ဟောဒီ ကျောက်ပြားခင်း လှေခါး မှာ ပဲ ထိုင် လိုက်ကြရအောင် ၊ ဒီ စကားတွေ က ဆွေးနွေးစရာ ကျယ် ပြန့် လှတယ် ။ မိုးတိုးမတ်တပ် နဲ့ မဖြစ်ဘူး ”


ကျွန်တော် ညွှန်ပြရာ ကျောက်ပြား လှေခါးထစ်ကလေး မှာ ထိုင် မိတော့ သူမ ဟန်ပန်က အပြစ် ကင်းစင်သော ယုန်သူငယ်လေး လို တစ်မျိုး ချစ်ဖွယ် ကောင်း နေပြန်သည် ။ နဖူးပြေပြေ မှာ ဆံယဉ်စများ လေအဝေ့ မှာ တလူလူ လွင့်နေပုံက ဆည်းဆာ အလှ အောက် တွင် ယဉ်ကျေးနူးညံ့သော အမျိုးကောင်း သမီး တို့ ၏ တင့်တယ် ပြေပြစ်ခြင်း ကို ပြ နေသည် ။


“ အစ်ကို ... ဒါလေး ကို ကြည့် လိုက်ပါဦး ” 


သူမ လည်တိုင် မှာ ဆွဲ ထားသည့် ကြုတ်ဝိုင်းဝိုင်းကလေး ထဲ မှ အရာဝတ္ထု တစ်ခု ကို မြင် လိုက်ရတော့ ကျွန်တော် အံ့ဩသွား သည် ။ 


“ ဟင် ဒါဟာ ပုလဲနက် ပါ လား ။ သိပ် ရှားပါးတဲ့ ပုလဲနက် ”


ကျွန်တော် ပစ္စည်း ကို ကိုင် ကြည့်ကာ အလင်းရောင် မှာ ထောင် ကြည့်တော့ ပုလဲနက် ရဲ့ ပုံသဏ္ဍ န်က တင်ပလ္လင်ခွေ ထိုင်နေ သည့် ဘုရားဆင်းထုတော် တစ်ဆူ နှင့် တူ လှသည် ။ တကယ်တော့ ပုလဲနက် ဆိုသည် က မုတ်ကောင် ရဲ့ အလယ်ကျကျ မှာ မဟုတ်ဘဲ ဘေးအစွန်း အညိုရောင် အနက်ရောင်အရည် တို့ စုအုံဖွဲ့ရာ နေရာ မှာ သဲ သို့မဟုတ် ခဲလုံးငယ် တို့ ဝင်ရောက် တည် နေသည့်မှာ မုတ်ကောင် မှ ထွက်သည့် အနှစ်ရည်တွေ ဖုံးလွှမ်း ဖြစ်ပေါ်လာ သည့် အရာပါ ။ သဘာဝအလျောက် ဖြစ်ပေါ်လေ့ ရှိပြီး ဖြစ်တောင့် ဖြစ်ခဲ ရှားပါး အဖိုးတန် ပစ္စည်း လည်း ဖြစ်သည် ။ ပုလဲနက် ကို ရှေး ယခင် ဆလုံတွေ ဆီမှာ အများဆုံး ရ နိုင်သည် ။ ယခု ပုလဲနက် နှင့် ကောင်မလေး ဘယ်လို ဆပ်စပ် နေပါလိမ့် ။


“ ဒီ ပုလဲနက်လေး က ငယ်စဉ် ကတည်းက ကျွန်မ ရဲ့ လည်ပင်း မှာ ပါလာတဲ့ အရာပါ ။ အဘ ရန်ရှင်း က ဒီ ပုလဲနက် ကို ပြပြီး ခြေရာ ခံ လိုက်တော့ တစ်နေ့မှာ သဲလွန်စ ရပါတယ် ။ ဒီ ပုလဲနက် ကို ပိုင်ဆိုင် ဖူး သူ ဟာ ဆလုံ အမျိုးသမီးကြီး တစ်ယောက် တဲ့ ။ အဲဒီ အမျိုးသမီးကြီး နာမည် က “  ခီတားနု ” တဲ့ ”


“ ဟင် ... ဘာရယ် “ ခီတားနု ” ဟုတ်လား ”


“ ဟုတ်တယ် အစ်ကို ရဲ့ ခီတားနု တဲ့ ။ အဲဒီ ခီတားနု ဟာ ဆလုံ အမျိုးသမီး ပေမယ့် ရုပ်ရည် ချောမော လှပပြီး အတော် ကြည့်ပျော် ရှုပျော် ရှိတာမို့ အဲဒီခေတ် က ရန်ကုန် က ပြည်ထောင်စုပွဲတော် ကို တောင် ဖိတ်ကြားခြင်း ခံရသတဲ့ ။ ဒါပေမယ့် .. တကယ် စုံစမ်း လိုက်တော့ အဲဒီ ဆလုံမကြီး ဟာ မြိတ်မြို့ က နေပြီး ပင်လယ်ကျွန်း တောင်တွေ ဆီ ပြန်ဆင်း သွား သလိုလို ... သေဆုံးသွားပြီ လိုလို နဲ့ အဆက် ပြတ် သွား တော့တယ် ။ ကျွန်မ ဟာ ခီတားနု ရဲ့ အဆက်အနွယ် ထဲ က ဖြစ်ရမယ် လို့ ကျွန်မ ကိုယ် ကျွန်မ ယုံကြည် နေတယ် ။ အစ်ကို က ဆလုံတွေ နဲ့ နှံ့စပ် ကျွမ်းကျင်သူ မို့ ကျွန်မ ကို တတ်နိုင် သလောက် ကူညီပါဦး ”


ခီတားနု .. ဆလုံ ကို စိတ်ဝင်စားသူ တိုင်း ထို နာမည် ကို မသိသူ မရှိ ။ တစ်ခါက ရုပ်ရှင် လာရိုက်ရာ မင်းသမီး ခင်သန်းနု နေရာ တွင် ကိုယ်စား သရုပ်ဆောင် ဖူး သဖြင့် ဆလုံ အသံထွက် ခီတားနု တွင် သွားသူ တစ်ယောက် အကြောင်း က တော့ ပုံပြင် မဟုတ်သော ပြောစမှတ် တွင် ကျန်ရစ်ခဲ့ ဖူးသည့် အကြာင်း ပင် ဖြစ်သည် ။


ခီတားနု ဆိုသည် နှင့် ကျွန်တော် ကိုရာရှစ် မျက်နှာ ပြေး မြင်ကာ ဆွေမျိုး ပျောက်ရှာသူ ကလေး ကို ကတိတွေ ပေး နေမိသည် ။


“ အစ်ကို့ ကို အချိန် နည်းနည်း ပေးပါဦး ။ ညီမ ကို အကောင်းဆုံး အကြံဉာဏ်တွေ ပေးနိုင်မယ် လို့ ယုံကြည်ပါတယ် ။ ကဲ နေ လည်း ဝင်ပြီ ။ ညီမ ကို တည်းအိမ် ပြ န်ပို့ပေးမယ် အစ်ကို့ ဆိုင်ကယ် နဲ့ တစ်ခါတည်း လိုက်ခဲ့ပေတော့ ”

 

  •••••   •••••   •••••


ကမ်းခြေ ကို မျက်နှာ မူထားသော စားသောက်ဆိုင်ကလေး သည် နေ့လည်နေ့ခင်း ဖြစ်၍ လူသူ ကျဲပါး နေသည် ။ ညင်သာဖျော့ဖျော့ ပြေးဝင် လာသော လှိုင်းငယ်ကလေးတွေ က သောင်စပ် တစ်လျောက် ဖွေးဖွေး လှုပ် နေသည် ။ တိမ် ကြည်စင်သော ကောင်းကင် ပြာအောက် တွင် သည်နေ့ လည်း သူမ အလှကြီး လှ နေသည် ။ အသက် ၂၃ နှစ် အရွယ် ဘွဲ့ရ ပြီးစ မိန်းကလေး ၏ မျက်နှာ တွင် တက်ကြွ လန်းစင်မှု တွေ မြင်တွေ့ နေရသည် ။ 


ဆလုံတွေ ကို အခု “ မော်ကင်း ” လို့ ပြောင်းလဲ ခေါ်ဝေါ် ကုန်ကြပြီ ။ မော်ကင်း ဆိုတာ ရေ မှာ ကျွမ်းကျင်စွာ နေသူ လို့ အဓိပ္ပါယ် ရတယ် ။ သူတို့ ဟာ တို့ နိုင်ငံ မှာ သာ မဟုတ် ၊ တစ်ဖက် ယိုးဒယား ကမ်းခြေ မှာ လည်း ကျင်လည် ကျက်စား ကြတယ် ။ ယိုး ဒယားတွေ က သူတို့ ကို “ ချောင်နမ် ” ( ရေ မှာ မွေ့ပျော်သူ ) လို့ ခေါ်ကြတယ် ။


“ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက မော်ကင်းတွေ ဟာ မလေးကျွန်းဆွယ် မှာ နေထိုင်ခဲ့ကြပြီး မလေးလူမျိုး တွေ ဝင်ရောက် လာ တော့ ဇာတိဒေသ ကို စွန့်ခွာပြီး ပင်လယ်ကျွန်း တောင်တွေ ဆီ လှည့်လည် နေထိုင်ရင်း ယိုးဒယားနယ်စပ် နဲ့ မြန်မာ့ ပင်လယ်ပြင် ကို ရောက်ရှိ ခဲ့ကြတယ် ။ မလေးကျွန်းဆွယ် ခေတ်ဦး ၊ မလေးလူမျိုး တို့ မှာ တောင်တန်း တွေ အပေါ် မှာ ကျက်စား တဲ့ “  ဩရန်ဗူကက် ” နဲ့ ပင်လယ် မှာ နေထိုင် အသက်မွေးတဲ့ “ ဩရန်လောက် ” လူမျိုး များ ရှိတဲ့ အနက် ယခု မော်ကင်း တွေ ဟာ ဩရန်လောက် က ဆင်းသက် လာတယ်လို့ ယူဆကြတယ် ” 


ကျွန်တော် ပြောလက်စ စကား ကို ရပ်ပြီး ကောင်မလေး ကို အကဲခတ် လိုက်သည် ။ စိုလက်လက် မျက်ဝန်း အစုံဖြင့် ကျွန်တော့် ကို စိုက်ကြည့် နေသည် မှာ မျက်တောင်ခတ် ဖို့ ပင် မေ့ နေ သယောင် ။ ကျွန်တော် စကား ဆက် လိုက်သည် ။


“ မော်ကင်းတွေ မြန်မာပြည် တောင်ပိုင်း ပင်လယ်အ တွင်း ရောက်ရှိ နေထိုင်ခဲ့ကြောင်း ကို တော့ ၁၆၇၅ ခုနှစ် မှာ ရေးသား ခဲ့တဲ့ ဘောင်းရေး မှတ်တမ်း အရ သိရှိရတာပါ ။ အဲဒီမှာ အခြား လူမျိုးတွေ နဲ့ မရောနှောပဲ ဆင်းရဲ ပင်ပန်းစွာ အသက်မွေး ကြသူတွေ ရဲ့ အကြောင်း ကို အကျယ်တဝင့် ရေးသား ထားတယ် ။ အဲဒီ အချိန်က မြိတ် မှာ အင်္ဂလိပ်လူမျိုး ဘန်းတီး အုပ်ချုပ် ချိန် ၊ မြန်မာနိုင် ကို သာလွန်မင်းတရားကြီး ရဲ့ မြစ်တော် ညောင်ရမ်းဆက် မင်းရဲကျော် ထင်မင်း ၊ မြန်မာသက္ကရာဇ် ၁၀၃၄ - ၁၀၆၀ အုပ်ချုပ် တဲ့ ကာလ ပေါ့ ။ ဒါကြောင့် မြန်မာနိုင်ငံတော်ကြီး မတည်ထောင်မီ ကာလ ထက် များစွာ စောပြီး မြန်မာနိုင်ငံ မှာ မော်ကင်းတွေ အခြေချ နေထိုင်ခဲ့တယ် ဆိုတာ ထင်ရှား နေတာပါ ။


သူတို့ဟာ တစ်နေရာ တည်း မှာ အတည်တကျ မနေဘဲ ရင်ငန်းသား နဲ့ လုပ်တဲ့ ကဗန်းလှေ ပေါ် မှာ စားအိုးစားခွက် တွေ သားသမီး နဲ့ ခွေးပါ မကျန် တင်ပြီး ပင်လယ် တွင်း လှည့်လည် သွားလာ လေ့ ရှိတယ် ။ အသက်မွေးမှု က တော့ ပုလဲ ၊ ပင်လယ်မျှော့ ၊ ငါးကြီးအန်ဖတ် ၊ စတီ စတဲ့ ပင်လယ် ရေအောက် ရေပေါ် သယံဇာတတွေ ရှာဖွေ ပြီး ဆန် ၊ အခြား စားသောက်ဖွယ်ရာ တွေ နဲ့ လဲလှယ် ကြတယ် ။ မြိတ် က တရုတ်ကုန်သည် တွေ ဟာ မော်ကင်း တွေ ဆီ က ပင်လယ် ထွက်ကုန်တွေ ရဖို့ ဘိန်း ကို အသုံးပြု ခဲ့လို့ သူတို့ တတွေ ဘိန်းစွဲ ခဲ့ ကြသေးတယ် ။ ပင်လယ် ငှက်ဖျား နဲ့ ပွေးဝဲ စတဲ့ တစ်ကိုယ်ရေ မသန့်ရှင်း တဲ့ ရောဂါတွေ က လည်း သူတို့ ကို နှိပ်စက် သေးတယ် ။ ဒါကြောင့် ဆလုံတွေ ဟာ မွေးနှုန်း ထက် သေနှုန်း က များ ပြီး အခုဆို ရင် မော်ကင်း လူဦးရေ က စိုးရိမ်ဖွယ် ကျဆင်း နေပြီ ။


နိုင်ငံတော် အစိုးရ က မော်ကင်းတွေ ရဲ့ အနာဂတ် သာယာ တိုးတက် ကောင်းမွ န်ဖို့ အတွက် ကျွန်းတွေ မှာ အတည်တကျ နေနိုင် အောင် စီစဉ် ပေးနေပြီ ။ အရင်တုန်း က မြိတ်မြို့ ကမ်းနားလမ်း တစ်လျှောက် ကော့သောင်းကမ်းနား ၊ တစ်မိုင်သဲတန်း ၊ သုံးမိုင် ကမ်းခြေ ၊ ဘာဝါးကျွန်း တို့ မှာ တွေ့ ရတယ် ။ အခု မြိတ်ကျွန်းစု ဖြစ်တဲ့ ကတန်ကျွန်း ၊ ဒုံးကျွန်း ၊ မီစိမ်းကျွန်း ၊ ဝါးကျွန်း တို့ မှာ တွေ့ ရတယ် ။ ဘုတ်ပြင်း နဲ့ ကော့သောင်း မြို့နယ် ထဲ က လန်းပိကျွန်း ၊ ဇာဒက်ကြီးကျွန်း ၊ မကြုံဂလက်ကျွန်း တို့ မှာ တွေ့ရတယ် ။


မကြုံဂလက် ဆိုတာ က မကြုံဂလက် ဆိုတဲ့ မော်ကင်း အမျိုးသမီးကြီး တစ်ယောက် ရဲ့ အမည် ကို အစွဲပြု ခေါ်တာပါ ။ ဂလက် ဆိုတာ က အချိုင့်အဝှမ်း ကို ဆိုလိုတာပါ ။ အဲဒီ မကြုံဂလက်ရွာ မှာ သီးသန့် စာသင်ပေးနေပြီ ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ က ဘာသာရေး အဆုံးအမတွေ နဲ့ ယဉ်ကျေးအောင် ဆောင်ရွက် ပေးနေပြီ ။ တာဝန် ရှိ သူတွေ က လည်း အဝတ်အထည် နဲ့ စာအုပ်စာတမ်း တွေ ပေးပို့ လှူဒါန်းကြတယ် ။ ကလေးတွေ ပညာရေး အတွက် ရန်ကုန် က နေပြီး အနစ်နာခံ ရောက်ရှိ တာဝန် ထမ်း နေတဲ့ ဒေါ်ခင်ယုမေ လို ဆရာမမျိုး တွေ လည်း ပေါ်ပေါက် နေပြီ ။ အဲဒီ ရွာ က မော်ကင်းဆလုံ ကလေးတွေ နာမည် က အစ်ခိုင် ၊ နုင်းနင်း ၊ ဘာကစ် ၊ အူဒေး ၊ ဂျာလိ တဲ့ ချစ်စရာ မကောင်းဘူးလား ၊ ချောင်းကဖီးရွာ က ပညာထူးချွန် တဲ့ မော်ကင်း အလှမယ်လေး နာမည် က ‘ စီဒါး ’ တဲ့ ။ ကိုယ်တို့ ဟာ မော်ကင်း လူနေမှု မြင့်မားရေး အတွက် ကျွန်းရွာ တွေ ဆီ အခေါက်ခေါက် သွားရင်း သူတို့ တတွေ နဲ့ ရင်းနှီး ပွန်းတီးခဲ့ရတယ် ။


သူတို့ ဟာ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ယုံကြည် ပေမယ့် ရိုးရာ နတ် ကိုးကွယ်မှု ကိုတော့ မစွန့်လွှတ် ကြသေးဘူး ။ ကောင်းကျိုး ပေး တဲ့ တူဒါး ( TUDA ) နတ်ဘုရား နဲ့ ကောင်းကျိုး မပေး တဲ့ ကတွိုင်း ( KATWEI ) နတ်ဘုရား ကို တော့ ပူဇော် ပသကြ တုန်းပါပဲ ။ အရင်တုန်း က ဘာဝါကျွန်းနတ် ပူဇော်ပွဲတွေ ဟာ အလွန် စည်ကား ခဲ့တဲ့ ပွဲ တွေပေါ့ ။


ကိုယ် ဟာ မော်ကင်းဆလုံ တွေ ရဲ့ လူနေမှုဘဝ မြင့်မားဖို့ သက်ဆိုင်ရာ တာဝန် ရှိသူတွေ နဲ့ လိုက်ပါ ရင်း မကြုံဂလက်ရွာ က ကိုရာရှစ် နဲ့ သိကျွမ်း ခင်မင် ခဲ့ရတယ်  ။ ကိုရာရှစ် ဟာ တစ်ချိန် က ငှက်သိုက် ၊ ငါးဖောင်းဆန် ၊ ငါးကြီးအန်ဖတ် ၊ ငါးလိပ်ကြောက်အရေ ခွံ စတဲ့ ပင်လယ်ထွက်ကုန်တွေ ကို တစ်ဖက်နိုင်ငံ ပို့ပြီး ငွေကြေး အတန်အသင့် ချမ်းသာ လာတဲ့ မော်ကင်း လူလည် တစ်ယောက် ပါ ပဲ ။ ပုလဲနက် ပိုင်ရှင် ခီတားနု ဟာ အဲဒီ ကိုရာရှစ် ရဲ့ အမေ ပါ ။ ခီတားနု မှာ ကိုရာရှစ် အပြင် အခြား သားသမီးတွေ ရှိ - မရှိတော့ မသေချာဘူး ။ ညီမ ရဲ့ မိဘ အစစ်အမှန် ဟာ ဘယ်သူ ဆိုတာ ကိုရာရှစ် နဲ့ တွေ့တဲ့ အခါ အားလုံး ရှင်းသွား လိမ့်မယ် ”


“ ကျွန်မ .. ကျွန်မ ... ဝမ်းသာလိုက်တာ အစ်ကို ရယ် ။ ကျွန်မ ကော့သောင်း ရောက်ပြီး ဦးလေး ဦးအောင်သင် နဲ့ တွေ့တာ ၊ အစ်ကိုနဲ့ တွေ့ဆုံ ခင်မင်ခွင့် ရတာ နတ်လမ်းညွှန် လိုက်သလို ပါ ပဲ ။ ဘဘ ဦးရန်ရှင်း က ကျွန်မ ကို လူ ဖြစ်အောင် မွေး ပညာတွေ သင်ပေး ဘဝရပ်တည် ရှင်သန်မှု ကို ကိုယ်ပိုင် အရည်အချင်း နဲ့ တည်ဆောက် နိုင်အောင် လေ့ကျင့် ပျိုးထောင် ပေးခဲ့ပါပြီ ။ ကျေးဇူး ကြီးလှပါပေ တယ် ။ ဒါပေမယ့် လူ ဆိုတာ မိမိ ရဲ့ မူလ ဇစ်မြစ် ကို တန်ဖိုးထား လေးမြတ်စွာ သတ်မှတ် ယုံကြည်ချင်စိတ်တွေ တစ်သီးတစ်ခြား ရှိနေပါ သေးတယ် ။ ကျွန်မ ရဲ့ စွန့်စားမှု အပေါ် မှာတော့ ဘယ်တော့မှ နောင်တ ရ မှာ မဟုတ်ပါဘူး ။ ကျွန်မ ဟာ ဆလုံမျိုးနွယ် က ပင် ဖြစ်ပါ စေ ကိုယ့် အမျိုးအနွယ် ကိုယ် ရဲ့ ဇစ်မြစ် ကို အတိအကျ အခိုင်အလုံ သိချင် စိတ် ၊ မိဘရင်း ရင်ခွင် ဆီ ပြန် ဝင်ချင်စိတ်တွေ တား မရ နိုင်ခဲ့ ဘူး ။ ဒီ အတွက် အစ်ကို ဆက်လက် ကူညီပါဦးနော် ”


“ စိတ်ချ .. ညီမ ရေ .. ပို့မယ့် ပို့ ကူးတို့ ရောက်အောင် ပို့ .. အဲလေ မကြုံဂလက် ရောက်အောင် ပို့ ပေးပါ့မယ် .. မနက်ဖြန် လှေကြုံ ရှိတယ် အဆင်သင့် ပြင်ထားပါ ”


ကျွန်တော်တို့ နှစ်ယောက် ကမ်းခြေ စားသောက်ဆိုင်ကလေး ထဲ က ထွက် လာတော့ ကမ်းခြေ ကို ဆိုက်ကပ် တိုးဝင်လာတဲ့ တံငါလှေကလေး ကို တွေ့မြင် လိုက်ရတယ် ။ ဟိုး အဝေး က မှိုင်းပြာပြာ တောင်တန်းတွေ ရေပြင် မှာ အရိပ် ထင် နေပုံက ကျွန်တော် ရဲ့ ကဗျာ နှလုံးသား ကို လှုပ်နှိုး လိုက် ပြန်ပါပြီ ။


အတိတ်ကာလ ခရီးတစ်ခေတ်က

ဆီးဂျစ်ပဆီ ဆိုတဲ့

ဆလုံတို့ရဲ့ နေထိုင်ရာ

ရတနာတွေစုရုံး ၊ ခြေဖျားရဲ့ အစွန်ဆုံးမှာ

ငါးသုံးလုံးတောင်တန်းကြီးက မြို့ကလေးပေါ်မှာဖြန့်ကျက် 

ကွန်ယက်တစ်ခုလို

လှေများရဲ့ ရေပြင်ကို အရိပ်ထိုး

အုပ်မိုးနေလေရဲ့ ။


 •••••   •••••   •••••


ရေတက် နှင့် အတူ ကမ်း မှ ခွာ သွားသော မကြုံဂလက် သွား သည့် လှေကလေး ကို ကျွန်တော် မျက်စေ့ တစ်ဆုံး ရပ်ကြည့် နေမိ သည် ။ လှိုင်း မူးလျှင် သောက်ရန်ဆေး ၊ ရွာ ရောက် လျှင် အရေးပေါ် လိုအပ်လေ့ ရှိသည့် ဆေးဝါးများ ၊ လမ်း မှာ စားသောက်စရာ များ ကိုကမ်းပေးရင်း အသိတရား နှင့် ယှဉ်သော ခြေလှမ်းများ ဖြင့် လျှောက်လှမ်း စေရန် သတိပေးစကား ပြောကြား လေတော့ နား လည်ရန် ခက်သော မျက်ဝန်းများ ၏ အကြည့် ကို ကျွန်တော့ ရင်ထဲ စွဲငြိ နေတော့သည် ။


သွားပေဦးတော့ ... မိန်းကလေး ရယ် .. နိုင်ငံဝန်ထမ်း တစ်ဦး ရဲ့ စိတ် သွားတိုင်း ကိုယ်မပါတဲ့ အဖြစ် ကို နားလည်ပေးပါ လေ တော့ ။ ကိုယ်ရေး ကိုယ်တာ ထက် အရေးကြီး တဲ့ လုပ်ငန်းကိစ္စ တွေ ကြောင့် ရွာ အရောက် လိုက် မပို့ နိုင်တာ ကို တော့ ခွင့်လွှတ်နိုင် မယ် ထင်ပါတယ် ။ မိတ်ဆွေကြီး ကိုရာရှစ် ဆီ စာ တစ်စောင် ရေးပေး လိုက်တဲ့ အတွက် အစစအရာရာ အဆင်ပြေ ချောမွေ့မယ်လို့ ယုံကြည်ပါတယ် ။


ဘ ဝရဲ့ အစ နဲ့ အဆုံး ကြား မှာ ရှိတဲ့ မပြည့်စုံခြင်း ယာခင်း တွေ ကို အကြိမ်ကြိမ် ခူးဆွတ် ကြရတာက မင်း နဲ့ ကိုယ် အပါအဝင် လောကသား အားလုံးပါ ။ လူ ဆိုတာ တွေးထင် မျှော်လင့်တာတွေ ဖြစ် လာရင် ဝမ်းမြောက် ပျော်ရွှင်မယ် ၊ တွေးထင် မျှော်လင့်တာတွေ မဖြစ်လာရင် ဝမ်းနည်း ကြေကွဲမယ် ။ လောကဓံ ဒီလှိုင်း ရဲ့ အရိုက် အခတ် ၊ အတင် ကိုတော့ အနည်းနဲ့ အများ ခံကြရမှာပါ ။


မင်း ရဲ့ ဖွားအေ ဖြစ်နိုင် လောက် တဲ့ ခီတားနု အသက် ရှင် လျက် ရှိချင် လည်း ရှိမယ် ။ မရှိချင် လည်း မရှိတော့ဘူး ။ ပုလဲနက်ကလေး ကို ခြေရာ ခံပြီး ကိုရာရှစ် နဲ့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ ကာ မိဘရင်းခြာ နဲ့ ပျောက်ဆုံး နေတဲ့ မျိုးနွယ်စု ကို ရှာဖွေ တွေ့ ရှိပါစေ လို့ ကိုယ် လှိုက်လှိုက်လှဲလှဲ ဆုတောင်း ပေး လိုက်ပါရဲ့ကွယ် ။


အဲဒီ က မှ တဆင့် တက်ပြီး မင်း တတ်ကျွမ်းခဲ့တဲ့ ပညာ နဲ့ မော်ကင်းကလေး တွေ ရဲ့ အနာဂတ် ရောင်ခြည် အိပ်မက်တွေ ကို အကောင်းဆုံး အလှပန်း ဆင် ပေးမယ် ဆိုရင်တော့ ပင်လယ်ပျော် တွေ ရဲ့ ကိုယ်စား ဝမ်းမြောက်သော ပီတိ အဟုန် နဲ့ ကမ်းလင့် ကြိုဆို မိမှာ အမှန်ပါပဲ ။


မင်း ပျော်ရွှင်ကြည်နူး တဲ့ အခါ ဖြစ်စေ ၊ ဝမ်းနည်း အားငယ် တဲ့ အခါ ဖြစ်စေ မင်း ရဲ့ အမြဲတစေ အကူအညီ တွေ ပေးခဲ့တဲ့ လူ တစ်ယောက် ဟာ ဟောဒီ မြန်မာပြည် တောင်ဘက်စွန်းက ကျွန်းမြို့ကလေး ပေါ်မှာ အမြဲတန်း ရှိနေတယ် ဆိုတဲ့ အသိ ကို မင်း ရဲ့ ရင် ထဲ မှာ မပျောက်မပျက် စတမ်း သိမ်းဆည်း ထားချင်ရဲ့ ကွယ် ။ ဟော အစ်ကို .. ညီမလေး ကို နှောင်တွယ်စိတ် နဲ့ ရင် ထဲ က စကား လင်္ကာ တွေ ဖိတ်အံ ကျ လာ ပြန်ပြီ ... မိပန်သူရေ ။ 


အားလုံးရဲ့မှီခိုရာ 

ခြေဖျားမြို့ကလေးဟာ

မျှော်လင့်တာတွေကို ဖြစ်ပျက်စေခဲ့

မမျှော်လင့်တာတွေကို ဖြစ်ပျက်စေခဲ့ရင်းနဲ့

ငါတို့ သူတို့ နဲ့ အားလုံးတို့ရဲ့ 

နှလုံးသည်းပွတ် ခပ်နဲ့နဲ့ ကို

ခူးဆွတ်ကိုင်လှုပ်နေလေရဲ့ ။  ။


◾မိချမ်းဝေ


( ကော့သောင်းမြို့ မှ ဆလုံချစ်သူ ကဗျာဆရာ “  နိုင်တာရာ  ” သို့ အမှတ်တရ ) 


📖 ငါ မသေဘူး ဆိုတဲ့ လူ နှင့် ....


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment